ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (28)
- Emergency handbook (7)
- Engineering (18)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (258)
- Greenery Singapore (2)
- Health (7)
- IOSS (3)
- ISO 45001 (8)
- ISO 9001 (3)
- Knowledge sharing sessions (4)
- Life (9)
- Living in Singapore (72)
- My Articles (614)
- Myanmar (67)
- Myanmar Culture (16)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (155)
- Tire Safety (5)
- Welding Technology (7)
- Working in Singapore (55)
- ကဗ်ာမ်ား (27)
- စင္ကာပူအေၾကာင္း (108)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော် (2)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (12)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Friday, February 13, 2026
ကျွန်ုပ် ညည်းချင်း
Saturday, January 24, 2026
ဝေါင်ဝေါင်ရှေးလို့ ဝေးဝေးက ရှောင်ရမည့် eDream အကြောင်း
ဤဝိပ္ပတ္တိခေတ်ကြီး၌ လူလိမ်များ၊ လူညာများ၊ လူ့ဘရုတ်သုက္ခများ ပေါများလှသည်ဖြစ်ရာ လိမ်နည်းညာနည်း ဖျံကျနည်း များသည်လည်း ပေါင်းစုံလှတော့၏။
လူလိမ်အခံရဆုံးသူများ၌ ကျွန်ုပ်သည် ထိပ်ဆုံးက ပါသည်ဆိုက မှားအံ့မထင်။
ဗီယက်နမ်ကို အလည်သွားမည်ဆိုတော့ လိမ်ဗျံလက်မှတ်ဝယ်ရ၏။ ဟော်တယ်လည်း ဘွတ်စ်ကင် လုပ်ရ၏။
ဈေးများကို လိုက် စနည်းနာတော့ eDream က ရောင်းသည့် လေယာဉ်လက်မှတ်မှာ ဈေးသက်သာသဖြင့် ၎င်းကို ရွေးလိုက်၏။ သူက လေယာဉ်လက်မှတ်သာမဟုတ်။ ဟိုတယ်ကိုပါ တပါတည်း ဘွတ်ကင်လုပ်လို့ရ၏။
ဆိုရလျှင် ထို eDream ၌ လေယာဉ်လက်မှတ်အသွားအပြန်နှင့် ဟိုတယ်ခကို ပိုက်ဆံချေလိုက်၏။
၃ ယောက်စာ သွား/ပြန် လေယာဉ်လက်မှတ်နှင့် ၃ ယောက်စာ ဟိုတယ် ၈ ရက်အတွက် ဘွတ်ကင်လုပ်တာ စလုံး ၁၈၀၀ ပဲ ဆိုတော့ အတော် သက်သာသည် ဆိုရပါမည်။
လက်မှတ်ဝယ်တာ ဟနွိုင်သွားတာ၊ ဟော်တယ်မှာတည်းတာ ဘာပြဿနာမှ မရှိ။
အပြန် လေယာဉ်စီးတော့ ပြဿနာတက်တော့၏။
အပြန်ခရီးအတွက် လေယာဉ်ချိန်ကို နေ့ခင်း ၁း၅၅ နာရီဟု ပြထား၏။
ကျွန်ုပ်တို့လည်း မနက် ၉ နာရီလောက်တွင် လေယာဉ်ကွင်း လာခဲ့၏။
သို့သော် လေယာဉ်ချိန်က နေ့ခင်းမဟုတ်ဘဲ မနက် ၁၀း၃၀ ဖြစ်နေ၏။
လေယာဉ်ချိန်ပြောင်းတာကို eDream သည် ကျွန်ုပ်ကို အကြောင်းမကြား။
ကျွန်ုပ်က ဗီယက်နမ်လေကြောင်းကို သွားပြောတော့ ဒါ ငါတို့ဆီက ဝယ်ထားတဲ့လက်မှတ်မဟုတ်တဲ့အတွက် ငါတို့နဲ့ မဆိုင်ဘူး။ နင်တို့ အေးဂျင့်ပဲ သွားပြောပါ ဆို၏။ သူတို့ပြောတာ သဘာဝကျပါသည်။
သို့နှင့် ထိုနေ့လေယာဉ်လွတ်သွားပြီး နောက်နေ့ကျမှ ပြန်ခဲ့ရတော့၏။ ဟိုတယ် တစ်ရက်စာနှင့် လေယာဉ်လက်မှတ် တစ်ကြောင်းစာ အပိုထွက်သွား၏။
ကျွန်ုပ်လည်း eDream ကို အတော် ဒေါသထွက်လေ၏။
စင်ကာပူပြန်ရောက်တော့ eDream ကို ဖုန်းဆက်ကာ ပိုက်ဆံပြန်တောင်းမည် ကြံ၏။
ပြန်ဖြေသည့် အမျိုးသမီးလေသံမှာ စလုံးလေသံမဟုတ်၊ အနောက်တိုင်းသူတစ်ဦး ဖြစ်၏။
သူက ဘယ်နေ့က ဘွတ်ကင်လုပ်သလဲမေးသဖြင့် ကျွန်ုပ်လည်း ဘွတ်ကင်လုပ်သည့်နေ့ကို ပြော၏။
အဲဒီနေ့က ဘွတ်ကင်လုပ်ထားတာ မရှိဘူးဟု သူက ငြင်း၏။
နေပါအုံးကွယ်၊ နင်က ငါ့နာမည်လည်း မမေး၊ Booking reference လည်း မမေးဘဲနဲ့ ဘယ့်နှာလုပ် အရမ်းရော ကာရော ငြင်းနေရတာတုံး ဆိုတော့ သူက ဘွတ်ကင်မလုပ်ထားဘူးပဲ ဇွတ်အတင်း ငြင်းပါ၏။
ကျွန်ုပ်လည်း ဆက်မပြောတော့ပါ။
ပြဿနာက ဒီမှာတင် ရပ်မနေ။ eDream သည် နိုဝင်ဘာလ ၁၀ ရက် (လေယာဉ်လက်မှတ်ဝယ်သည့်နေ့) က ကျွန်ုပ် account ထဲမှ $14.38 ဖြတ်ထားသေး၏။ DBS ကို ဖုန်းဆက်တော့ နင် သူတို့ဆီက တစ်ခုခုဝယ်ထားသလား ဆိုတော့ ဟုတ်တယ်၊ လေယာဉ်လက်မှတ်ဝယ်တယ် ဆိုတော့ အဲဒါကြောင့် သူတို့က သူတို့အဖွဲ့ အသင်းဝင်ကြေးအနေနဲ့ ဖြတ်တာ ဟု ပြော၏။ ငင့် - ငါလည်း အသင်းမဝင်ပါဘဲနဲ့ သူတို့ဘာသာ အတင်းဝင်ခိုင်း၊ အတင်းဖြတ်တာ။
အဲဒါဆို ဘယ်လိုလုပ်ရမလဲ ဆိုတော့ သူတို့ website သွားပြီး unsubscribe လုပ်လိုက်ပါ ဆို၏။
ဖုန်းပြောပြီးပြီးချင်း ကျွန်ုပ်လည်း eDream ကို unsubscribe လုပ်လိုက်၏။ ပြီးတော့ Succefully unsubscribe ကို screen shot ပါ ယူထားလိုက်၏။
ပြဿနာက ဒီမှာတင် ရပ်မနေ။ သောက်ဂမြင်းမ eDream သည် အခု ဇန္နဝါရီလ ၃ ရက်နေ့ကလည်း $14.38 ထပ် ဖြတ်ပြန်၏။ ကျွန်ုပ်လည်း DBS ကို ဖုန်းဆက်ရပြန်၏။ သူတို့က ဘဏ်ကတ်အသစ်ထုတ်ပေးပါမည် ဆို၏။
အမှန်က ကွန်ပြူတာစာစီသူသည် စာရိုက်ရာ၌ eDream ၏ ရှေ့စာလုံးများ ပြုတ်ကျန်ခဲ့တာ ဖြစ်ပါလိမ့်မည်။
၎င်းတို့၏ နာမည်အမှန်မှာ YeeDream သော်လည်းကောင်း၊ CheeDream သော်လည်းကောင်း ဖြစ်ပါလိမ့်မည်။
အဲသဟာပါဘဲ ခညာ။
အသင် သပ္ပူရိသနွယ်ဝင် သူတော်စင် အပေါင်းတို့သည် eDream ဆို ယောင်လို့မှ အနားမသီမိပါစေနှင့် ဆိုသည့် အကြောင်း စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ရပြန်ပါကြောင်း။
အောက်မှာသူတို့ FB နဲ့ website link.
https://www.facebook.com/eDreams
https://sg.edreams.com/
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
23/01/2026; 16:17 pm
Thursday, January 15, 2026
ကျွန်ုပ်နှင့် ဆယ်စောင်တွဲအကြောင်း
ကျွန်ုပ် ငယ်စဉ်က ဆယ်စောင်တွဲစာအုပ်ကလေးကို အတော် သဘောကျခဲ့၏။
ပြောရလျှင် ဆယ်စောင်တွဲစာအုပ်သည် ကျွန်ုပ်ထံ၌ အမြဲရှိနေခဲ့တာ ဖြစ်၏။
ယခုလည်း ဆယ်စောင်တွဲကို version အမျိုးမျိုးဖြင့် စုဆောင်းထားကာ ရှိ၏။
အမှန်ဆို မြန်မာနိုင်ငံပညာရေးကို ဘုန်းတော်ကြီးသင် ပညာရေးဖြင့် စခဲ့တာဖြစ်၏။
တိုင်းသူပြည်သားတို့၏ ပညာရေးကို ဘုန်းတော်ကြီးကျောင်းများက တာဝန်ယူ သင်ကြားပေး၏။
ရှင်ဘုရင့်သားတော် မင်းညီမင်းသားများက အစ ဟို့ တောစွန်အုံဖျား ဇနပုဒ်သားများအဆုံး ဘုန်းတော်ကြီးသင် ပညာရေးကိုသာ အားကိုးကြရ၏။
ယခင် မြန်မာ့လူ့အဖွဲ့အစည်းတွင် သားယောက်ျားလေးများကိုသာ ပညာသင်ကြားစေလျက် မိန်းကလေးများ စာတတ်စရာမလို ဟူသော အယူအဆ အစွဲအလန်းသည် ထူးဆန်းစွာရှိခဲ့၏။ မိန်းကလေးများ စာရေးစာဖတ်တတ်လျင် ရည်းစားစာရေးလိမ့်မည် ဟူသည့် အယူအဆသည် ရှေးမြန်မာ လူ့အဖွဲ့အစည်းအတွင်း အရိုးစွဲခဲ့၏။ အဲလေ မြန်မာ တွင်သာ မဟုတ်။ အခြားတိုင်းပြည်များတွင်လည်း ရှေးယခင်အခါ ကာလများက သည်အတိုင်းပင် ရှိခဲ့လိမ့်မည် ထင်ပါသည်။ မိန်းမများ ပညာမတတ်ရ။ မိန်းမများ ပညာတတ်စရာ မလို။
ဘုန်းတော်ကြီးကျောင်းများ၌ မည်သည်တို့ကို သင်ရမည်ဟု သင်ရိုး သီးသန့်သတ်မှတ် သင်ကြားကြလိမ့်မည် မထင်ပါ။
ဘုန်းတော်ကြီးများက အလျဉ်းသင့်သလို ကောင်းနိုးရာရာများကို သင်ကြားပေးကြတာဖြစ်၍ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း သင်ကြတာ ဖြစ်ပါလိမ့်မည်။
ဆင်စီးမြင်းစီး၊ ဓားခုတ်လှံထိုး အတတ်ပညာများပါသည့် အဋ္ဌာရသ (၁၈) ရပ် ဟူသည့်ပညာရပ်များမှာ သာမန်လူတို့ အတွက် မဟုတ်။ မင်းညီမင်းသားများအတွက်သာ ဖြစ်တန်ရာ ပါသည်။ မူးကြီးမတ်ရာများလည်း ပါချင် ပါပါလိမ့်မည်။
သာမန်ပြည်သူလူထုအတွက်မူ ဘုန်းတော်ကြီးသင် ပညာရေးဆို လုံလောက်ပါပြီ။
ပုဂံခေတ် ပညာသင်ကြားကြရာတွင် ပွဲကျောင်းနှင့် တဲကျောင်း နှစ်မျိုးရှိသည်ဟု မှတ်ခဲ့ဖူးပါသည်။
ပွဲကျောင်းဘုန်းကြီးများမှာ ရှောင်လင်ဘုန်းကြီးများကဲ့သို့ ဖြစ်ပါလိမ့်မည်။
မင်းညီမင်းသားများကို ပွဲကျောင်းဘုန်းကြီးများက ဆင်စီးမြင်းစီး၊ ဓားခုတ်လှံထိုး အတတ်ပညာများကို သင်ပေးပြီး
တဲကျောင်းက ပိဋကတ်စာပေများကို သင်ပေးသည်ဆို၏။
ဘုန်းတော်ကြီးသင် ပညာရေး၌ အခြေခံကို သင်ပုန်းကြီးက စ၏။
သို့သော် ရှေးယခင်က သင်ကြားခဲ့သည့် မြန်မာသင်ပုန်းကြီး၌ မလိုအပ်သည်တို့ များစွာ ပါနေ၏။ မြန်မာသင်ပုန်းကြီး၌ ပါသည့်စာလုံးပေါင်းများ၏ ၈၀ ရာနှုန်းလောက်မှာ မည်သည့်နေရာမှာမှ သုံးလို့မရ။
ဥပမာ ပြပါမည်။
ယပင်းဟထိုး၊ ရရစ်ဟထိုး သတ်ပုံ
ငြှောင့်း
မြှောင့်း
ဝဆွဲးသတ်ပုံ
ဃွယ့်း
ရရစ်ဝဆွဲးသတ်ပုံ
ဗြွယ့်း
အနှီစာလုံးများကို မည်သည့်နေရာ၌ သုံးပါမည်နည်း။ အဲလေ သုံးဘို့ထားလို့ အသံတောင် ဘယ်လိုထွက်ရမှန်း မသိပါ။
ဤတွင် ကျွန်ုပ်က ဆရာတင်မိုး၏ ကဗျာလေးကို သွားသတိရမိပါသည်။
ဘိုးသာယာ ကျောင်းမှာတုန်းဆီက
သင်ပုန်းကုန် ကျွတ်အောင် မတတ်သော်လည်း
ဆရာတင်မိုး၏အမေ သင်ပုန်းကြီးကုန်အောင် မတတ်ခဲ့တာ အဲသဟာတွေကြောင့် ဖြစ်မည် ထင်ပါသည်။
သင်ပုန်းကြီးပြီးသည့် ကျောင်းသားတို့အတွက် နောက်တဆင့်တက်ရသည်မှာ ‘ဆယ်စောင်တွဲ’ ဖြစ်၏။
ပြောရလျင် ဆယ်စောင်တွဲသည် ဘုန်းကြီးကျောင်းပညာရေး၏ ပြဌာန်းစာအုပ် ဖြစ်၏။
ဘုန်းတော်ကြီးများသည် ဆယ်စောင်တွဲစာအုပ်ကို ကိုင်ကာ ကျောင်းသားများကို သင်ပေး၏။
ဆယ်စောင်တွဲစာအုပ် မည်သည့်အချိန်က စတင်ပေါ်ပေါက်ခဲ့သည်၊ မည်သူက ပြုစုခဲ့သည်တို့ကို ကျွန်ုပ် မသိပါ။
ခေတ်မီစာရွက်နှင့် စာရေးကိရိယာများ မပေါ်ပေါက်ခင်က ဆယ်စောင်တွဲကို ပေရွက်များပေါ်၌ ရေးသား သင်ကြားခဲ့ကြ သည်ဆို၏။ သို့ဆိုလျင် ဆယ်စောင်တွဲသည် ကုန်းဘောင်ခေတ်ကတည်းက ရှိနေခဲ့တာ ဖြစ်ပါလိမ့်မည်။ သို့တိုင် ဆယ်စောင်တွဲ၌ စတုရင်္ဂဗလ အမတ်ကြီး၏ လောကနီတိလည်း ပါသည်ဖြစ်ရာ ပင်းယခေတ်ထက်တော့ မစောနိုင်ဟု ခန့်မှန်းလို့ရပါသည်။
သဟာဆို အဘယ်ကြောင့် ဆယ်စောင်တွဲဟု ခေါ်ပါသနည်း။
စာ ဆယ်စောင်ကို တွဲထားသည့်အတွက် ဆယ်စောင်တွဲဟု ခေါ်ပါသည်။
ထို စာဆယ်စောင်မှာ -
၁။ မင်္ဂလသုတ်
၂။ အပြင်အောင်ခြင်း
၃။ အတွင်းအောင်ခြင်း
၄။ ရတနာရွှေချိုင့်
၅။ နမက္ကာရ
၆။ လောကနီတိ
၇။ ပရိတ်ကြီး
၈။ ရှင်မဟာသီလဝံသ ဆုံးမစာ
၉။ ရှင်မဟာရဋ္ဌသာရ ဆုံးမစာ
၁၀။ စကားကြီး ၁၀ မျိုး
အချို့ ဆယ်စောင်တွဲများ၌ ကောင်းနိုးရာရာများ ထပ်ဖြည့်ကာ ၁၂ စောင်တွဲ၊ ၁၅ စောင်တွဲဟုလည်း ထုတ်ဝေကြပါ သေးသည်။
၁။ မင်္ဂလသုတ်မှာ မင်္ဂလာတရား ၃၈ ပါး ဖြစ်၏။
၂။ အပြင်အောင်ခြင်း - မာရ်နတ်၊ အာဠာဝက၊ အင်္ဂုလိမာလ စသူတို့ကို အောင်မြင်ခြင်း အကြောင်း
၃။ အတွင်းအောင်ခြင်း - မြတ်စွာဘုရား ကိုယ်တော်တွင်းမှ အဝိဇ္ဇာ၊ မောဟ အစရှိသည့် ကိလေသာရန်သူတို့ကို အောင်မြင်ခြင်း အကြောင်း
၄။ ရတနာရွှေချိုင့် - ရတနာသုံးပါးကို ရွှေချိုင့်သဖွယ် အကာအရံပြုထားခြင်း အကြောင်း
၅။ နမက္ကာရ - မြတ်စွာဘရား၏ ဂုဏ်ကျေးဇူးတော်များကို ကြည်ညိုဖွယ်ရာ ဖွဲ့ဆိုထားသည့် ဘုရားရှိခိုး
၆။ လောကနီတိ - လူသားများအတွက် အကျိုးရှိရာရှိကြောင်း ဆုံးမစာ
၇။ ပရိတ်ကြီး - ဘေးရန်တို့မှာ ကာကွယ်စောင့်ရှောက်ပေးသည့် တရား
၈။ ရှင်မဟာသီလဝံသ ဆုံးမစာ - တိလောကဟု၊ မရနှိုင်းတူ၊ ဘက်မပြူသည် အစချီ ဆုံးမစာ
၉။ ရှင်မဟာရဋ္ဌသာရ ဆုံးမစာ - လက်သစ်တောင်တာ၊ ယူဇနာပေါင်း၊ တာပြန်လောင်းသော် အစချီ ဆုံးမစာ
၁၀။ စကားကြီး ၁၀ မျိုး - ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး စသည့် စကားပြောနည်း ၁၀ မျိုး
ဆယ်စောင်တွဲကို ကျေညက်စွာ တတ်မြောက် နားလည်သွားပါက လူ့လောက၌ နေထိုင်နည်းကို အထိုက်အလျောက် နားလည်သွားနိုင်မည် ဖြစ်ပါသည်။ သို့သော်လည်း ပညာဆိုသည်မှာ လက်ခံသူရော ပေးဝေသူပါ အထိုက်အလျောက် အရည်အသွေး ပြည့်ဝရမည်။
ပေးသူကလည်း ဖြစ်ဖြစ်မြောက်မြောက် မပေးတတ်။ လက်ခံသူကလည်း မတတ်သာလို့သာ သင်နေရသည်။ ယူလိုစိတ် မရှိ ဆိုပါက သင်သည့်တိုင် ဘာမှ အကျိုးရှိနိုင်မည် မဟုတ်။
ဘုန်းကြီးကျောင်းပညာရေးနှင့် ဝေးကွာသွားသည့် သည်ဘက်ခေတ်၌ ဆယ်စောင်တွဲဆိုတာကို ကြားဖူးချင်မှတောင် ကြားဖူးကြပါတော့မည်။ ကြားဖူးသည့်တောင် ဘာတွေမှန်း သိနိုင်မှာမဟုတ်။
တခြားဟာတွေ မသိတောင် လောကနီတိလောက်တော့ ဖတ်ဖို့ကောင်းလှ၏။ လောကနီတိသည် လူတို့ကို ပဲ့ပြင်ဆုံးမ ထားသည့် စာများဖြစ်သဖြင့် ယူမယ်ဆို ယူစရာတွေ အများကြီးရှိ၏။ ကျွန်ုပ်ငယ်စဉ်က လောကနီတိ စာပိုဒ်အတော် များများကို အလွတ်ရ၏။ ခုတော့ အတော်များများကို မေ့ကုန်ပါပြီ။
အမှန်ဆို ကျွန်ုပ်ထံ၌ ဆယ်စောင်တွဲအကြောင်း ပြောစရာ အတော်များများ ရှိ၏။
သို့သော်လည်း ယခုပင်လျင် အတော်ရှည်သွားပြီမို့ သည်မျှနှင့် နားပါမည်။
သည်တစ်ခါတော့ ခပ်ရိုးရိုးပဲ ဆုတောင်းလိုက်ပါသည်။
၇ ရက်သားသမီးအပေါင်းတို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၄ ဇန္နဝါရီလ၊ ၂၀၂၆
Sunday, January 4, 2026
၂၀၂၆ ခုနှစ် နှစ်ဦး အတွေး
ယခုဆိုလျင် ၂၀၂၅ ကုန်၍ ၂၀၂၆ ထဲသို့ ဝင်လာခဲ့ပြီ။
ဆိုလိုသည်မှာ သေဘို့ တစ်နှစ်နီးလာပြီ။
(သေမဲ့ရက် နီးလာတာတောင် Happy New Year လုပ်နေလိုက်ကြသေး။ ငင့်)
တစ်နေကွယ် သေနယ်သို့တစ်ခါကူး
မေ့လို့ကွယ် သေဘူးထင်လိုက်ပါနဲ့
နေကွယ်တာအချိန်များရင်လ
သေနယ်ရွာ တစ်ခါလားရမယ်
တားမရဘူး။
မင်းကွန်းတိပိဋက ဆရာတော်ကြီးက တစ်နေကုန်လျင် သေရွာသို့ တစ်ရက်နီးလာပြီ။ နေကွယ်ချိန်တွေ များလာသည့် တစ်နေ့ အမှန်ပင် သေမည့်နေ့သို့ မလွဲမသွေရောက်ရမည် ဆို၏။
ဤသည်မှာ အမှန်ဖြစ်၏။
ထင်ပေါ်ကြော်ကြားသူလည်း သေမည်။ မထင်ပေါ် မကြော်ကြားသူလည်းသေမည်။
သာမန်လူလည်းသေမည်။ သူဌေးလည်းသေမည်။
ဘူဇွာ၊ ခရိုနီ၊ ခရိုဝါ၊ ခရိုပြာ၊ ခရိုနက်များလည်း အကုန် မသာပေါ်မည်။
ရိုးသားသည်ဆိုသူလည်း သေမည်။ နိုင်ငံ့ဥစ္စာမှန်သမျှ အကုန်ခိုးထားသည့် သူခိုးကြီးများလည်း ခိုးထားသည့် အစာများ စားပိုးနင့်ကာ ရောဂါပေါင်းစုံကို အနှစ် ၃၀ လောက်ခံစားရပြီး မချိမဆန့်သေမည်။ (ကတောက်စ်၊ တုတ်လိုက်ရတာ အရသာရှိလိုက်တာ)
ဘာသောက်လုပ်မှ မလုပ်ဘဲ အချောင်ထိုင်စားနေသူများလည်း သေမည်။ အားကြိုးမာန်တက် ကြိုးစားရုန်းကန် နေသူများ လည်း သေမည်။
ရုပ်ချောသူများလည်း သေမည်။ အရုပ်ဆိုးသူများလည်း သေမည်။
ဘာဆေးမှ မမှီဝဲရသူများလည်း သေမည်။ သေမှာကြောက်လို့ ဆရာဝန်အကောင်းစားကြီးတွေ ခန့်ကာ သူတို့ ညွန်ကြားချက်များအတိုင်း စားသောက်နေထိုင်၊ ဆေးတွေစစ်ခဲ့သည့် မိုက်ကယ်ဂျက်ဆင်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေသည်။
အင်မတန် ပညာရှိပါသည်ဆိုသူများလည်း သေမည်၊ ဘာစာတစ်လုံးမှ မတတ်သည့် သူများလည်း သေမည်။
အဘယ်ကြောင့်သေရပါသနည်း။ မွေးလာသည့်အတွက် သေရပါသည်။
သေခြင်း၏အစကား မွေးခြင်း ဖြစ်သတည်း။
သို့အတွက် သိဒ္ဓတ္ထမင်းသားက နောက်ထပ် ထပ်ပြီး မမွေးရလေတော့အောင် မည်ကဲ့သို့လုပ်ရမည်နည်းဟူသည့် လမ်းကို အပြင်းအထန် ရှာ၏။ မွေးသေသံသရာ ဖြတ်နိုင်သည့်နည်းကို ရှာ၏။ အပြင်းအထန် အားထုတ်၏။ လေ့ကျင့်၏။
သို့နှင့် အသက် ၃၅ နှစ်မှာ မသေဆေးကို ရှာတွေ့တော့ အခြားသူများကိုလည်း ဆင်းရဲဒုက္ခအပေါင်းတို့ စုဝေးရာ မြန်မာပြည်ကြီး၌ (ဟုတ်ပေါင် မွှားကုန်ပြီ ယခွမ်း) ဆင်းရဲဒုက္ခအပေါင်းတို့ စုဝေးရာ ဤလူ့ဘောင်ကြီးသို့ (ဘယ်သူ ပြောတာတုံး၊ လူ့ဘုံက မြတ်တယ် ဆိုတာ။) နောက်ထပ်တဖန် ပြန်ရောက်မလာရလေအောင် လူအများကို စေတနာ အမှန်ဖြင့် အားကြိုးမာန်တက် သင်ကြားပြသပေးလေ၏။
ကျုပ်တို့က ထေရဝါဒ ဗုဒ္ဓဘာသာအစစ် ဆိုပြီး ဂုဏ်ယူဝင့်ကြွားကာ ဟစ်ကြွေးနေကြသူများသည် မြတ်စွာဘုရား ဘာတရားတွေ ဟောခဲ့သည်ကို စိတ်မဝင်စား။ မြတ်စွာဘုရား ဘာကြောင့် သည်တရားတွေ သင်ကြားပြသပေးနေ သည်ကို နည်းနည်းကလေးမှ ဂရုစိုက်ဖော်မရ။
ကွန်ကရိဖြင့် ခြေရာအကြီးကြီးပုံလုပ်ပြီး မြတ်စွာဘုရားခြေတော်ရာဆိုပြီး ဂျင်းထည့်လိုထည့် (ခညားတို့ဟာက ဘုရားပွင့်တုံးက ကွန်ကရိပေါ်နေပြီလား ဆိုတာလည်း မစဉ်းစားတတ်။ အဲသလောက် ခြေရာရှိတဲ့ဘုရားသာဆို တစ်နေ့တစ်နေ့ ဆွမ်းကပ်ရတာနဲ့တင် မွဲရချည့်လို့လည်း မတွေးတတ် ဆိုတော့ ခေါင်းထဲမှာ ဘာတွေများ ထည့်ထားကြတာတုံး ကွယ်ရို့။ ယခွမ်းဒဲ့မှ)
မြတ်စွာဘုရားက သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ စသည့် မဂ္ဂင် ၈ ပါးကို ရှင်းရှင်းလင်းလင်း ပြထားခဲ့၏။ သောက်ကျိုးစ်နဲ၊ ဂျင်းဆရာတော်ကြီးများက တရားထိုင်တာ မဂ္ဂင် ၈ ပါးနဲ့ ဘယ်လိုကိုက်ညီကြောင်း အတင်းဆွဲညှိကြကုန်၏။ ကျွန်ုပ် ငယ်စဉ်က ကွင်းကောက်တွင် ဘုန်းကြီးတစ်ပါးက အဲသလိုဟောတော့ အဲ့ငယ်၊ တရားထိုင်တာနဲ့ ဘာကိစ္စ သမ္မာအာဇီဝ ဖြစ်ရပြန်တာတုံးဟု ဇဝေဇဝါ ဖြစ်ခဲ့မိသော ဟူသတတ်။ ဆယ်ကျော်သက်အရွယ်ဆိုတော့ ကောင်းကောင်း မတွေးတတ် သေး။
အဲလေ၊ ပြောရင်းနဲ့ ဟုတ်တာတွေ ပါကုန်ပြီ။
အရေးကြီးသည်မှာ လက်ရှိအချိန်ကို အကောင်းဆုံး အသုံးချဘို့၊ အပြစ်ကင်းအောင်နေဘို့ပဲ မဟုတ်ပါလားခင်ဗျာ။
မိနစ်တိုင်း အပြစ်ကင်းလျင် နာရီတိုင်း အပြစ်ကင်းမည်။
နာရီတိုင်း အပြစ်ကင်းလျင် နေ့တိုင်း အပြစ်ကင်းမည်။
နေ့တိုင်း အပြစ်ကင်းလျင် နှစ်တိုင်း အပြစ်ကင်းမည်။
နှစ်တိုင်း အပြစ်ကင်းလျင် တစ်ဘဝလုံး အပြစ်ကင်းမည်။
အလွန်ရှင်းလှ၏။
သူ့ထက်ရှင်းတာတောင် သူ့လောက်မရှင်း။
နောက်ပြီး ဘုရားရှင် သွန်သင်ခဲ့သည့် ပြန်မမွေးနိုင်သည့်နည်းလမ်းကို လိုက်နာကျင့်ကြံ။ အပတ်တကုတ် အားထုတ်။
ပြီးပြီ။
ဒါနဲ့များတောင် မဟုတ်က မဟတ်ကတွေနှင့် အချိန်ဖြုန်းနေ . . . နေ
အဲ . . . အဲ . . . ရပ်မှ
တော်ကြာ ချောင်းအရိုက်ခံနေရမှာ ဟုတ်စ်ပေ့ ဖစ်နေအုံးမယ် . . .
ကျွန်ုပ်တို့သည် အဓိပ္ပာယ်ရှိသည့်အရာများ လုပ်ခြင်းဖြင့် လက်ရှိအချိန်ကို အကောင်းဆုံး အသုံးချကြပါစို့။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
