Friday, March 7, 2025

ဝပ်ပါမစ်သမားတို့ ဝမ်းမြောက်ဖွယ်

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစကာ စင်ကာပူ၌ အလုပ်လုပ်နေသည့် ဝပ်ပါမစ်သမားများသည် မသေမချင်း (ဟုတ်ပေါင်) နှစ် အကန့်အသတ်မရှိ အလုပ်လုပ်နိုင်မည် ဟု လုပ်သားအင်အား ဝန်ကြီး မစ္စတာ တန်စီလင်းက ပါလီမန်၌ မတ်လ ၆ ရက်နေ့က ပြောကြားလိုက်၏။ (သို့သော် အိမ်အကူများမပါ။)

 

ယခုလက်ရှိတွင် အခြေခံကျွမ်းကျင်နှင့် လုပ်နေသူများမှာ ၁၄ နှစ်ထိ လုပ်ခွင့်ရပြီး အဆင့်မြင့်ကျွမ်းကျင် လုပ်သားများမှာ ၂၆ နှစ်ထိ လုပ်ခွင့်ရ၏။ 

 

ထို့ပြင် အလုပ်လုပ်ခွင့်ပြုသည့် အသက်ကိုလည်း ၆၀ မှ ၆၃ နှစ်ထိ တိုးမြှင့်သတ်မှတ်လိုက်ပါသည်။ အသက် ၆၁ နှစ်ရှိသူ အဖိုးကြီးများသည်လည်း ဝပ်ပါမစ် လျှောက်နိုင်ပါပြီ။ (လက်ရှိတွင် မလေးရှားမဟုတ်သူ နိုင်ငံခြားသားများသည် ဝပ်ပါမစ် လျှောက်ချိန်၌ အသက် ၅၀ အများဆုံးရှိရမည် ဖြစ်၏။)

 

အဘယ်ကြောင့် အလုပ်လုပ်ခွင့်နှစ်ကို တိုးပေးရသနည်း။ လက်ရှိလုပ်နေသည့် အလုပ်သမားများမှာ လုပ်ငန်း အတွေ့အကြုံ ရင့်ကျက်နေပြီဖြစ်သဖြင့် ထိုသူများသာ ဆက်အလုပ်လုပ်ခွင့်ရလျှင် ကုန်ထုတ်တိုးရေးကို များစွာ အထောက်အကူပြုမည် ဖြစ်သောကြောင့် ဖြစ်၏။ 

 

ယခုအခါ ဝပ်ပါမစ်အလုပ်သမားဦးရေကို ကိုဗစ်မတိုင်မီ ကာလများကထက် ၁၇%​ ပိုမို ခန့်ထားခွင့် ပြုထား၏။

 

ထိုမျှသာမကသေး။ လက်ရှိတွင် Manufacturing and Service ၌ ခန့်ထားခွင့်ပြုသည့် အလုပ်အကိုင် အမျိုးအစား ၉ မျိုး ကိုလည်း ပိုမိုတိုးချဲ့ ခွင့်ပြုသွားမည်။

 

ယန္တယားကြီးများမောင်းနှင်ခြင်း နှင့် ကုန်ထုတ်စက်များ မောင်းနှင်သည့် အလုပ်အကိုင်များကိုလည်း ဝပ်ပါမစ် အမျိုးအစားတွင် ထည့်သွင်းမည်။

 

အချက်အပြုတ်လုပ်ငန်းအတွက် လက်ရှိတွင် အိန္ဒိယလုပ်သား တစ်မျိုးကိုသာ ခွင့်ပြုထားသော်လည်း နောင်တွင် ပိုမို တိုးချဲ့သွားရန် အစီအစဉ် ရှိပါသည်။ 

 

လက်ရှိတွင် NTS (Non-Traditional Source) အလုပ်သမားများကို မြန်မာ၊ ထိုင်း၊​ အိန္ဒိယ၊ ဘန်းဂလား၊ ဖိလစ်ပိုင်၊​ သီရိလင်္ကာ တို့မှ ခေါ်၏။ ထို NTS အလုပ်သမားများကိုလည်း ၂၀၂၅ ဇွန်လ ၁ ရက်နေ့က စကာ ဘူတန်၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့မှလည်း ခေါ်သွားမည်။

 

Manufacturing နှင့် Service မှ အလုပ်ရှင်များသည် တိုင်ဝမ်၊ တောင်ကိုးရီးယား၊ မကာအို၊ ဟောင်ကောင်၊ မလေးရှားနှင့် တရုတ်နိုင်ငံတို့မှ အလုပ်သမားများကိုသာ အခန့်များလေ့ရှိ၏။

 

ဘဏ္ဍာရေးကဏ္ဍမှလွဲ၍ S Pass လုပ်သားများ၏ အနိမ့်ဆုံးလခမှာ ၂၀၂၅ စက်တင်ဘာလ ၁ ရက်နေ့မှစကာ ၃၃၀၀ ဖြစ်၏။ ထိုလခမှာ အသက်အလိုက် တိုးသွားမည် ဖြစ်ပြီး အသက် ၄၅ နှစ်နှင့်အထက်ဆိုလျှင် လခ ၄၈၀၀ ဖြစ်၏။ အသေးစိတ်ကို MOM website တွင် ကြည့်နိုင်ပါသည်။ 

 

အပြည့်အစုံကို အောက်ပါသတင်းတွင် ဖတ်ပါ။

 

https://www.straitstimes.com/singapore/politics/work-permit-holders-can-stay-employed-in-spore-for-longer-as-mom-tweaks-foreign-worker-rules?utm_source=emarsys&utm_medium=email&utm_campaign=ST_Newsletter_AM&utm_term=Work+permit+holders+can+stay+employed+in+S%E2%80%99pore+for+longer&utm_content=07%2F03%2F2025

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၇ မတ်လ ၂၀၂၅

နေ့လယ် ၁၂း၀၄ နာရီ

No comments: