“ဦးအောင်ဇေယျ အတ္ထုပ္ပတ္တိ စာတမ်း” ကို မည်သူသည် မည်သည့်အတွက် ရေးသနည်းဟု ကျွန်ုပ် လိုက်လံ စေ့ငုမိ၏။ ပထမ ရေးသူအကြောင်းကို စပ်စုမိသော် ရေးသူအကြောင်းမပြောမီ ကျမ်းပြီးသက္ကရာဇ်ကို ဖတ်မိ။
ဆရာကြီး၏ ကျမ်းပြီးသက္ကရာဇ်ကို ခေတ်လူသားများ ဖတ်တတ်မည်မထင်။
ထို့ကြောင့် ကျွန်ုပ်သည် တတ်သည့်ပညာ မနေသာသည့်အဆုံး ပညာခန်း ပြလိုက်ရပြန်လေ၏။
ကျမ်းပြီးသက္ကရာဇ်
ဤစာပြီးလစ်၊ သက္ကရာဇ်မူ၊ တွက်စစ်သင်္ချာ၊ နဝါအဋ္ဌ၊ ဒွေးဧကဟု၊ ရအပ်သင်္ချာ၊ နှစ်ကောဇာတည့်၊ ဝေါဟာသက္ကရာဇ်၊ ရှာတုံလစ်သော်၊ ထိုနှစ်မာသ၊ ခါသမယကား၊ ဒွါဒသခွင်၊ စက်အပြင်ဝယ်၊ မိန်တွင်ဟိရဏ်၊ ကြွက်မင်းစံ၍၊ ဟိုင်းပျံနာဂါ၊ ဆင်ရာဇာမူ၊ ရာသီပြိဿ၊ ကုန်းဌာန၌၊ စံပမွေ့လျော်၊ နှစ်ခြိုက်ပျော်၏၊ တေဇော်ထန်ပြင်း၊ နဂါးမင်းမူ၊ စက်တွင်ဗြိစ္ဆာ၊ နန်းသိင်္ဂါ၌၊ ရောက်လှာထက်ကြိုက်၊ မွေ့လျှော်ခိုက်တွင်၊ ရောက်ဆိုက်ဘောမ၊ ဗျဂ္ဃရာဇာ၊ မင်းနှစ်ဖြာတို့၊ သဟာယပြု၊ နန်းဓနု၌၊ ပျော်မျှအတူ၊ နှစ်နန်းမူသား၊ ပူးဖြူသောကြာ၊ ဂြိုဟ်ရာဇာလည်း၊ မကာရနန်း၊ စံပျော်မြန်း၍၊ ကုံနန်းသဘင်၊ ရာသီခွင်ဝယ်၊ မာတင်ဆဒ္ဒန်၊ ရွှေသုဗဏ်တို့၊ ချစ်ဟန်မကွဲး၊ ရွှေလည်တွဲ၍၊ စံမြဲအခါ၊ ချိန်တာရာလည်း၊ ရတနာယုန်၊ စန်းနိတုံကို၊ ခိုလှုံတုပ်ကွ၊ ရိုညွတ်ခသား၊ မာဃသံကောက်၊ ရောင်စုံထောက်က၊ ဖြိုးမောက်ရီရီ၊ မိုးလုံးချီ၍၊ ဟိရီကျောရောင်၊ ငွေနှင်းဆောင်သော်၊ တောင်လည်းဆိုင်းဆိုင်း၊ တောမှိုင်းမှိုင်းတွင်၊ ပျံ့လှိုင်စံပယ်၊ နံ့ကြွယ်ပုန်းညက်၊ ကရမက်ချယား၊ ပန်းစကားတို့၊ လွှားလွှားပွင့်ချပ်၊ ဆင့်ဆင့်ထပ်၍၊ မြိုင်ရပ်ကြက်သရေ၊ ရွှန်းရွှန်းဝေသော်၊ အောင်ဇေယျတု၊ ငါလျှင်ပြုသား၊ ယခုဤစာ၊ ပြီးမြောက်လာသည်။ ဗြဟ္မာကျူးရင့် ဆုနှင်းသောဝ်။
ဤသည်မှာ သူ့ မူရင်း လင်္ကာဖြစ်၏။ ကျမ်းပြီးနှစ်ကို ပိဋကသင်္ချာဖြင့် လည်းကောင်း၊ ကျမ်းပြီးချိန်ကို ဇာတာဖြင့်လည်း ကောင်း ဖော်ပြထား၏။ ထို့အတွက် ပိဋကသင်္ချာနှင့် ဇာတာတို့အကြောင်း မတတ်ကျွမ်းသူတို့ နားလည်ရန် မလွယ်ကူ။
ဤလင်္ကာကို အဓိပ္ပာယ် ပြန်ပြရသော် -
နဝါအဋ္ဌ è ၈၉
ဒွေးဧက è ၁၂
နှစ်ကောဇာ è ထိုနှစ်သည် ၁၂၈၉ ခုနှစ် ဖြစ်၏။ (၁၉၂၇)
ထိုနှစ်မာသ è အဲဒီနှစ်မှာရှိတဲ့ လ (တန်ခူး၊ ကဆုန်စသည့်လ)
ဒွါဒသခွင်၊ စက်အပြင်ဝယ် è ၁၂ ရာသီစက်ဝန်းမှာ
မိန်တွင်ဟိရဏ်၊ ကြွက်မင်းစံ၍ è မိန်ရာသီတွင် ကြာသပတေးဂြိုဟ်
ဟိုင်းပျံနာဂါ၊ ဆင်ရာဇာမူ၊ ရာသီပြိဿ၊ ကုန်းဌာန၌၊ စံပမွေ့လျော်၊ နှစ်ခြိုက်ပျော်၏ è ပြိဿရာသီတွင် ရာဟုဂြိုဟ်
တေဇော်ထန်ပြင်း၊ နဂါးမင်းမူ၊ စက်တွင်ဗြိစ္ဆာ၊ နန်းသိင်္ဂါ၌၊ ရောက်လှာထက်ကြိုက်၊ မွေ့လျှော်ခိုက်တွင် è ဗြိစ္ဆာရာသီတွင် စနေဂြိုဟ်
ရောက်ဆိုက်ဘောမ၊ ဗျဂ္ဃရာဇာ၊ မင်းနှစ်ဖြာတို့၊ သဟာယပြု၊ နန်းဓနု၌၊ ပျော်မျှအတူ è ဓနုရာသီတွင် အင်္ဂါနှင့်တနင်္လာဂြိုဟ်
ပူးဖြူသောကြာ၊ ဂြိုဟ်ရာဇာလည်း၊ မကာရနန်း၊ စံပျော်မြန်း၍ è မကာရရာသီတွင် သောကြာဂြိုဟ်
ကုံနန်းသဘင်၊ ရာသီခွင်ဝယ်၊ မာတင်ဆဒ္ဒန်၊ ရွှေသုဗဏ်တို့၊ ချစ်ဟန်မကွဲး၊ ရွှေလည်တွဲ၍ è ကုမ်ရာသီတွင် ဗုဒ္ဓဟူးဂြိုဟ်
စံမြဲအခါ၊ ချိန်တာရာလည်း è တာရာမှာ ချိန်ခွင်တာရာ
ရတနာယုန်၊ စန်းနိတုံကို၊ ခိုလှုံတုပ်ကွ၊ ရိုညွတ်ခသား è စန်းယှဉ်တာရာမှာ ချိန်ခွင်တာရာ ဖြစ်၏။
တောမှိုင်းမှိုင်းတွင်၊ ပျံ့လှိုင်စံပယ်၊ နံ့ကြွယ်ပုန်းညက်၊ ကရမက်ချယား၊ ပန်းစကားတို့၊ လွှားလွှားပွင့်ချပ်၊ ဆင့်ဆင့်ထပ်၍၊ မြိုင်ရပ်ကြက်သရေ၊ ရွှန်းရွှန်းဝေသော် èတောတောင်တို့အတွင်း၌ စံပယ်ပန်း၊ ပုန်းညက်၊ ကရမက်၊ ချယား၊ စကားပန်း စသည်တို့ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်သော အခါကာလ (ချယားဟူသည် ခရေပန်းဖြစ်၏။)
နောက်တစ်ခုမှာ ဤလင်္ကာတွင် တနင်္ဂနွေဂြိုဟ်၏ တည်နေရာကို မတွေ့မိပါ။ တနင်္ဂနွေဂြိုဟ်၏ နေရာကိုသိမှ ရာသီ/လ ကို သိမည်ဖြစ်၏။ လင်္ကာထဲ၌ ရာသီပန်းကိုလည်း တိတိပပ ရေးမထားဘဲ စံပယ်ပန်း၊ ပုန်းညက်၊ ကရမက်၊ ချယား၊ စကားပန်း ဟု ရောရေးထားသဖြင့် ကဆုန်၊ နယုန်၊ ဝါဆို သုံးလဖြစ်နေ၏။ မည်သည့်လမှန်း ကျွန်ုပ်မရေရာပါ။
မိန်တွင် “ဟိရဏ်”၊ ရွှေသုဘဏ်တို့ . . မှ “ဟိရဏ်” နှင့် “သုဘဏ်” ဆိုသည်ကို ကျွန်ုပ်မသိပါ။ သိသူတို့ ပြောပြကြပါ ကုန်လော့။
ကျမ်းပြုဆရာ
ကျမ်းပြုဆရာကား ဟုတ်မလိုလိုနှင့် အတော်ဖင်ခေါင်းကျယ်သူ ဖြစ်၏။ ၎င်း၏မျိုးရိုးကိုပြဆိုရာတွင် ယိုးဒယားကို အောင်နိုင်သူ မြန်မာရှင်ဘုရင်နှင့် စသဖြင့် အော်၊ ဘုရင် ဒါမှမဟုတ် မူးမတ်မျိုးရိုးများလားဟု အထင်ကြီးမိမည်မှ မကြံရသေး၊ ဒဂုံမြို့စားသည် ၎င်း၏ အဆွေအမျိုးများကို သံလျင်ဘက်သို့ ပို့ထားရာ ထိုအထဲမှ ယွန်းရှမ်းတသိုက်မှာ ၎င်း၏ အဆက်အနွယ်များဖြစ်၏ဟု ဆိုလိုက်လေရာ ကျွန်ုပ်မှာ မဆတ်တငံ့ကြီး ဖြစ်သွားရလေသော ဟူ၏။
ခပ်တိုတိုဆိုရလျှင် ၁၂၃၅ ခု၊ ကဆုန်လဖွား၊ တနင်္ဂနွေသား ဖြစ်၏။
ဤစာတမ်းပြုစုရခြင်း ရည်ရွယ်ချက်မှာ ကောင်းပါသည်။ ဤခေတ်မှာ အင်္ဂလိပ်တို့လက်အောက်၌ နေရသည့်ခေတ် ဖြစ်သဖြင့် မြန်မာအမျိုးသားတို့ စည်းလုံးညီညွတ်စေရန်၊ စည်းလုံးမှုအင်အားဖြင့် ဦးအောင်ဇေယျသည် ယိုးဒယားကိုပင် အောင်မြင်ခဲ့သည်ဟူသော နမူနာကို ပြသရန် ရည်သန် ရေးသားခဲ့၏။
ဆရာစောသည် ကျမ်းပြုနိဂုံး၌ ဤကျမ်းကို ၁၂၈၉ ခုနှစ်တွင် ရေးသားပြီးစီးခဲ့သည် ဆိုငြားသော်လည်း စာအုပ်မှ နိဒါန်းတွင် ၁၃၀၀ ပြည့်နှစ်ဟု ဖော်ပြပါရှိလေရာ ရေးပြီးပြီးချင်း စာအုပ်မထွက်နိုင်ကြောင်း သိရ၏။
ဆရာစောက မှန်နန်းရာဇဝင်ကြီး၌ အလောင်းမင်းတရားကြီး အထွတ်အမြတ်သို့ရောက်ကြောင်းကိုသာ ရေးထားပြီး ငယ်စဉ်ဘဝမှစကာ အထွတ်အမြတ်ရောက်သည်ထိ အကြောင်းတရားများ မပါရှိသဖြင့် ၎င်းကရေးသားရကြောင်း ဆို၏။ (စာ - ၇) သို့တိုင် ထိုအကြောင်းအရာများကို မည်သည့်နေရာက ရယူထားသည်ဟု ဖော်ပြမထားချေ။
ဦးစော၏ စာအုပ်တွင် -
‘အလောင်းမင်းတရားမည်၊ ဦးအောင်ဇေယျကား၊ သက္ကရာဇ် တထောင့်ဆယ့်ခြောက် (၁၀၇၆) ခုနှစ်၊ တော်သလင်း လပြည့်ကျော် တရက်၊ သောကြာနေ့ည တချက်တီးကျော်၊ ဓနသိဒ္ဓနက္ခတ်မွန်းတည့်၊ ပြိဿလဂ်၊ ကုမ်စန်း၊ သိဟ်ရာသီ တွင် တနင်္ဂနွေ၊ စနေ၊ ကန်ရာသီတွင် ဗုဒ္ဓဟူး၊ သောကြာ၊ မိဿရာသီတွင် ကြာသပဘေး၊ ကရကဋ်ရာသီတွင် အင်္ဂါ၊ ဗြိစ္ဆာရာသီတွင် ရာဟု၊ စဉ် နက္ခတ် ၂၄-လုံး၊ နှစ်ပါဒ်၊ ဗီဇနာပြည့်၊ ခရာပြည့် ကောင်းမြတ်သောအခါ မင်္ဂလာ ဩဘာတော် တို့နှင့် ယှဉ်၍ ဘွားမြင်တော်မူသည်။’
ကျွန်ုပ်၌ရှိသော ဇာတာတော်ပုံရာဇဝင်မှ အလောင်းဘုရား၏ ဇာတာနှင့်တိုက်ကြည့်ရာတွင် ထပ်တူထပ်မျှဖြစ်ကြောင်း ဝမ်းမြောက်စွာ တွေ့ရှိရပါ၏။ စာနှင့် ရေးသားဖော်ပြထားတာပင် မှန်သော်လည်း ဆရာစောစာအုပ်ပါ ဇာတာပုံမှာ မှားနေပါသည်။ အင်္ဂါနှင့် ရာဟုတို့မှာ စာပါ ရာသီအိမ်၌မရှိ။
ဦးဖိုးကျား၏ ခေတ်မီ မြန်မာရာဇဝင်အကျဉ်းတွင်မူ အလောင်းဘုရား၏ မွေးခုနှစ်ကို ၁၁၂၂ ဟု ဖော်ပြထား၏။
ဟဲဟဲစ်၊ သိတော်မူကြသည့်အတိုင်း ဘုန်းကြီးသည့် လူတစ်ဦးဦး ဘွားမြင်သည့်အခါတိုင်း ငလျင်လှုပ်တာတို့၊ တော်လဲ မြည်တယ်တို့၊ ဥက္ကာတွေပျံတယ်တို့ ထည့်ရေးထားသပေါ့ဗျာ။ အနို့ ဟို့ လွန်ခဲ့တဲ့အနှစ် ၃၀၀ လောက်ကကိစ္စ၊ ဟုတ် မဟုတ် ဘယ်သူသိတာမှတ်လို့။ ချ ချ
တင်ထွေး၏ ‘အလောင်းမင်းတရား ဦးအောင်ဇေယျ’ စာအုပ်တွင် အမိအမည်ကို မဟာဒေဝီ စောငြိမ်းဦးဟု ဖော်ပြထားပြီး ဦးစောကမူ မဒါလီ ဟု ဆို၏။ အောင်ဇေယျအမည်တွင်လာပုံကို ဦးစော ပြဆိုထားပုံမှာ ပုံပြင်ဆန်လှပါသည်။ တင်ထွေး စာအုပ်ပါ အကြောင်းပြချက်ကမှ ဟုတ်တုတ်တုတ်ရှိသေးသည်။ တင်ထွေးစာအုပ်ပါ ကျမ်းကိုးစာရင်းပါ စာအုပ် ၉ အုပ်၌မူ ဆရာစော၏ စာအုပ် မပါပါ။ သူကိုးကားသည့်စာအုပ် ၉ အုပ်မှာ ပညာရှင်များ ပြုစုထားသည့် စာအုပ်များ ဖြစ်၍ ဆရာစော၏ စာအုပ်ထက် အထောက်အထား ပိုမိုခိုင်လုံသည်ဟု ပြောနိုင်ပါသည်။
ထို့ပြင် အလောင်းဘုရား၏ မိခင်မှာ ရခိုင်ဘုရင်၏ မိဖုရားဖြစ်ကြောင်း ရခိုင်ဆရာတော်က မိန့်ဆိုကြောင်း ရေးသားထား လေသေးရာ မနှစ်မြို့ဘွယ်ပင် ဖြစ်၏။
သေသေချာချာ ဖတ်ကြည့်သောအခါ ဦးစော၏ စာအုပ်မှာ ကြားဖူးနားဝနှင့် မှန်းတုတ်ထားသော စာအုပ်ဖြစ်မည်ဟု ခန့်မှန်းနိုင်ပါသည်။ ထိုစာအုပ် စာမျက်နှာ ၁၈ နှင့် ၁၉ ပါ အကြောင်းအရာများမှာ ယုတ္တိမတန်။
ပြူစောထီးကိုလည်း သက္ကရာဇ် ၈၀၉ ဟု ဖော်ပြထားရာ မှားနေပါသည်။ ထိုအချိန်က ပုဂံပြည်သုံး သက္ကရာဇ်များမှာ သာသနာသက္ကရာဇ်များ ဖြစ်၏။ ပြူစောထီးထက် များစွာနောက်ကျသည့် စုက္ကတေးမင်းသည်ပင် သက္ကရာဇ် ၃၅၃ မျှသာရှိသေး၏။ ဦးကုလားရာဇဝင်ကြီးတွင် ပြူစောထီး နန်းတက်သည့်နှစ်ကို သက္ကရာဇ် ၈၉ ဟု ဖော်ပြထား၏။ ဦးစောစာအုပ်မှ ၈၀၉ မှာ ဂဏန်းနှင့်သာမဟုတ်။ စာဖြင့်လည်း သက္ကရာဇ် ရှစ်ရာ့ကိုး (၈၀၉) ဖော်ပြထားပေလေသေးရာ ပမာဒလေခ၍ မှားခြင်းမဟုတ်ကြောင်း သိသာလှ၏။
စာမျက်နှာ ၂၁ ပါ မြန်မာနိုင်ငံသို့ သာသနာရောက်လာပုံ အချက်အလက်များမှာလည်း မှားနေပါသည်။ ထို့ပြင် မနုသာရ ဓမ္မသတ်မှာ ထိုစဉ်ကတည်းက မြန်မာဘာသာနှင့် ရှိနေသည်ဟု ရေးထားသည်မှာလည်း အခြေအမြစ်မရှိပါ။ ဗြိတိသျှ ပြတိုက်ရှိ မနုသာရဓမ္မသတ် ပေမူ၌ ဖော်ပြထားသည့် သက္ကရာဇ်မှာ ၁၁၄၄ ခုနှစ် ဖြစ်၏။
စာမျက်နှာ ၂၂ တွင်လည်း ပုဂံမင်းဆက်များကို အကျော်ကျော်အနင်းနင်း ဖော်ပြထားသည်မှာ ပုံမကျလှပါ။ ပိုဆိုးသည်မှာ စာမျက်နှာ ၂၃ ၌ ပုဂံမင်းဆက်များကို ပေါက်တတ်ကရနာမည်များ ပေးထားခြင်း ဖြစ်၏။
ဤစာမျိုးသည် အဘယ်ကြောင့် စာအုပ်အဖြစ် ထွက်ရှိလာပါသနည်း။
စိတ်ပျက်စရာကောင်းလှ၏။
ပါဠိဆရာကြီးဦးစောကို ကျွန်ုပ် ကျေးဇူးတင်မိရခြင်း အကြောင်း
ဦးအောင်ဇေယျကို မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သည် ဆိုခြင်းနှင့် ပတ်သက်၍ ထိုအဆိုကို ချေဖျက်ရန် ကျွန်ုပ် ကျမ်းစာအုပ်များကို လိုက်လံရှာဖွေ ဖတ်ရှု၏။ သူ ဖျာလိပ်ခဲ့ (ဟုတ်ပေါင်) ဗျာဒိတ်ထားခဲ့သည် ဆိုသည့်အခန်းမှာ ဂေါတမမြတ်စွာဘုရား ပလလဲတော၌ သီတင်းသုံးနေစဉ်ကာလ ဖြစ်၏။
ပလလဲဆင်ကြီး မြတ်စွာဘုရားကို ပြုစုလုပ်ကျွေးသည့်အကြောင်း မိတ်ဆွေတို့ သိပြီးဖြစ်ကြပါလိမ့်မည်။ သို့ဆိုလျှင် ဦးစောရေးထားသည်များ မှန်မမှန်ကို တိုက်ကြည့်ရန် အကောင်းဆုံးကျမ်းစာအုပ်များမှာ မဟာဗုဒ္ဓဝင်နှင့် ဇိနတ္ထပကာသနီ ကျမ်းစာအုပ်ကြီးများပင် မဟုတ်ပါလော။
မင်းကွန်းဆရာတော်ဘုရားကြီး ပြုစုတော်မူခဲ့သော မဟာဗုဒ္ဓဝင်ကို အသင်တို့ မဖတ်မိသေး ဆိုလျှင် ဖတ်ကြည့်ကြပါ ကုန်လော့။ ဆရာတော်ကြီးကား မြတ်စွာဘရား၏ ဖြစ်တော်စဉ်ကို အသေးစိတ် ချယ်မှုန်းထားတာ ဖြစ်၏။ သာမန် ဝတ္ထုများထက်ပင် ပိုပြီး ဖတ်လို့ကောင်းပါသေးသည်။
ကျွန်ုပ်က ညီတော်အာနန္ဒာ တစ်သက်တာမှတ်တမ်း၊ ကျီးသဲလေးထပ်ဆရာတော်ကြီး၏ ဇိနတ္ထပကာသနီနှင့် မဟာဗုဒ္ဓဝင် စတုတ္ထတွဲ တို့ကို ဖတ်၏။
ကိုယ့်ဘာသာကိုယ် ဆိုလျှင် ထိုစာအုပ်ကြီးများကို ဖတ်မိဘို့ရာမလွယ်ကူ။ ယခုမှ ဦးစောနှောက်သဖြင့် ထိုစာအုပ်ကြီးများ ကို လှန်လှော ဖတ်ရှုမိသည်ဖြစ်ရာ ကျွန်ုပ်သည် ဦးစောကို အထူး ကျေးဇူးတင်မိလေသော ဟူသတတ်၃။
ဦးစော၏ ဂျင်း
ဦးစောကား ဦးအောင်ဇေယျစာအုပ်ကို ထုတ်လျက် ဘုရားကိုတောင် ပြန် ဂျင်းထည့်လိုက်ပေသေး၏။ မြတ်စွာဘုရားသာ သက်ရှိထင်ရှားရှိနေသေးပါက ဂျင်းထည့်ခြင်း အတတ်ပညာ၌ ဦးစောကို ဧတဒဂ် ပေးလေမည်လား မပြောတတ်။
မြတ်စွာဘုရား ပါလိလေယျကတောသို့ ထွက်လာခြင်းမှာ ရဟန်းတို့ မသင့်မမြတ်ဖြစ်၍ သာမန်ရဟန်းတစ်ပါးအနေနှင့် ထွက်လာခဲ့ခြင်း ဖြစ်၏။ ဤတောကို စောင့်ရှောက်ရန် တာဝန်ကျနေသော တောအုပ်ကြီးကပင်လျှင် ဘုရားမှန်းမသိ၍ ဦးဇင်းကြီး၊ ဘာကိစ္စ ဒီတောထဲ ဝင်ချင်ရတာတုံး၊ ဘယ်မလဲ တောဝင်ခွင့်ပါမစ် ဟု အတင်းတားလေရာ အရှင်အနုရုဒ္ဓါ မထေရ်မြတ်က လာပြီး ပါမစ်ကိုပြ (ဟုတ်ပေါင်) လာရှင်းမှ တောထဲသို့ ဝင်ခွင့်ရလေ၏။
တိုတိုပြောရလျှင် ဘုရားရှင်သည် ပလလဲတောထဲ၌ မည်သူ့အကူအညီ အစောင့်အရှောက်ကိုမှ မယူဘဲ တစ်ပါးတည်း သီတင်းသုံးနေခြင်းဖြစ်၏။ ထို့နောက်မှ ပလလဲဆင်ကြီးလာကာ မြတ်စွာဘုရားကို အလုပ်အကျွေးပြု၏။ ဤသည်ကို အားကျ၍ မျောက်တစ်ကောင်ကလည်း ဘုရားရှင်ကို ပျားလဘို့တစ်ခု လာကပ်၏။ မြတ်စွာဘုရားရှင်သည် ပလလဲတော၌ ဝါတွင်း ၃ လတို့ကာလပတ်လုံး ပလလဲဆင်ကြီးမှလွဲ၍ မည်သူ့အကူအညီမှ မပါဘဲ သီတင်းသုံးတော်မူ၏။
အနာထပိဏ်သူဌေးကြီးနှင့် ဝိသာခါ ကျောင်းအမကြီးတို့၏ လျှောက်ထားမှုဖြင့် အရှင်အာနန္ဒာမထေရ်မြတ်သည် သီတင်း ဝါလ ကင်းလွတ်သော် ဘုရားရှင်ကို ပလလဲတော၌ လာ၍ ပင့်၏။ ထိုအခါ မြတ်စွာဘုရားသည် လာပင့်သော ရဟန်းတော် များနှင့်အတူ ပြန်လိုက်၏။ ဘုရားရှင်တို့ တောမှထွက်သော် ပလလဲဆင်ကြီးသည် ရင်ကွဲနာကျသေကာ တာဝတိံသာ နတ်ပြည်၌ နတ်သားသွားဖြစ်၏။
ဤသည်မှာ မဟာဗုဒ္ဓဝင်၊ စတုတ္ထတွဲ၊ စာမျက်နှာ ၆ မှ ၃၀ ထိ ဖော်ပြထားချက်ဖြစ်၏။
ကျီးသဲလေးထပ်ဆရာတော်၏ ဇိနတ္ထပကာသနီကျမ်း စာမျက်နှာ ၄၅၅ မှ ၄၅၈ ၌လည်း ဤအတိုင်းပင် ရေးသားထား၏။ ဗုဒ္ဓဝင်၌ ဆင်ကကြာပန်းကပ်တာ၊ ကျေးမင်းကသရက်သီးကပ်တာတွေ၊ ကြွက်က မြေကြီးကပ်တာတွေမှ တစ်ခုမှမပါ။ နောက်ပြီး အရှင်အာနန္ဒာကလည်း ဘုရားရှင် တောကထွက်ခါနီးမှ ရောက်လာတာ ဖြစ်၏။
ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းတွင်လည်း ပလလဲတောမှာ သူ ဘုရားရှင်ကို လုပ်ကျွေးပြုစုရပါသည် ဆိုတာ မပါ။
ဤသည်ကို ဆရာစောက -
ငင့် - ဘုရားဖြစ်ပြီး တစ်ပါးတည်း သီတင်းသုံးတော်မူရတာ ပျင်းစရာကောင်းထှာ။ နည်းနည်းလောက်တော့ ကြည့်ကောင်းအောင် ကျုပ်ကျက်လိအုံးမှပါ ဟု အတွေးပေါက်လျက် -
ပလလဲဆင်က ဘုရားကို ကြာပန်းဆက်ကပ်၊ ဘုရားက အဟိ လို့ပြုံး၊ အရှင်အာနန္ဒာက မေးတော့ ဖျာလိပ်ပေး (ဟုတ်ပေါင်) ဘာမင်းကြီးဖြစ်မယ်လို့ ဗျာဒိတ်ပေး။
နောက်တော့ အာ - ဆင်တစ်ကောင်တည်း အားမရပါဘူး ဆိုပြီး ကျေးမင်းက သရက်သီးလှူ၊ ဘုရားက ဖျာလိပ် (ဟုတ်ပေါင်၊ ငါ့နှယ် မကြာခဏကို မှားနေတော့တာပဲ၊ အဖေ့ဘုတ်ကြည့်တာ လျှော့ဦးမှ) ဘာမင်းကြီးဖြစ်မယ်လို့ ဗျာဒိတ်ပေး။
အို - ကျမ်း၊ မေ့တော့မလို့၊ ဟို ငပုတင်လေး သနားပါတယ်၊ ထပ်ထည့်ဦးမှဆိုကာ -
ကြွက်ကို ဘုရားကို မြေကြီးအတင်းကပ်ခိုင်း၊ ကြွက်ကလည်း ဘုမသိဘမသိ၊ ယောင်တောင်ပေါင်တောင်နှင့် မြေကြီးကို ကပ်၊ ဆရာစောလည်း ဘုရားကို အတင်း ဗျာဒိတ်ပေးခိုင်း။
ဘုရားရှင်လည်း အင်း၊ သူက ပါဠိဆရာကြီးဆိုတော့ မကောင်းပါဘူးလေ ဟု အားနာပါးနာ ဗျာဒိတ်များကို ပေး။
(ဆရာစောစာအုပ် စာ ၄၆, ၄၇, ၄၈)
ထိုမျှသာမကသေး။ ဆရာစောက အလောင်းဘုရားကို ‘ရင့်မာတစ်ကျိပ် ဗျာဒိတ်ခံဝင်’ ဟု ဆိုထားသေး၏။ (စာ - ၄၉) ဦးစောသည် ရင့်မာတစ်ကျိပ်ဟူသော စကားကိုပင်နားမလည်။ ရင့်မာတစ်ကျိပ်ဟူသည် တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ ကို ခေါ်သည်။ ဘာ အလောင်းဘုရားမှ မဟုတ်။
ဤသည်ကား မြန်မာ့ရဋ္ဌမဟာဘိသက္က ပဏ္ဍိတဘွဲ့ခံ ပါဠိဆရာကြီး ဦးစောရေးသော ရွှေပြည်သိမ်းခန်း စာနိဒါန်း (ခေါ်) ဦးအောင်ဇေယျ အတ္ထုပ္ပတ္တိ အကြောင်း တစေ့ တစောင်း ဖြစ်၏။
ဇာတ်တော်ကို ပေါင်းလိုက်သော် ဦးစော၏ ဂျင်းမှာ ဂျင်းအစစ်မဟုတ်။ ပလတ်စတစ်ကို ဂျင်းအစစ်နှင့်တူအောင် AI နည်းပညာဖြင့် ပြုလုပ်ထားသည်ဖြစ်၍ ဂျင်းအစစ်နှင့်မှားကာ ဘုရားကိုပင် ဂျင်းထည့်နိုင်သည်ဆိုကာ ဘုရားရှင်က ဦးစောကို ဂျင်းထည့်ခြင်းအရာ၌ ဧတဒဂ်ဘွဲ့ကို ပေးသနားတော် မူလေသတည်း။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဟို သောက်ပုမှာ ငှက်ပျောမှန်းမသိ၊ ချေးမှန်းမသိ၊ မြှောက်ပေးလျှင် ဂွေးတက်အောင်ကမည့် လူ့ အူကြောင်ကြားဖြစ်ကြောင်း အသင်တို့ ခန့်မှန်းမိလောက်ပါပြီ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၁ မတ်လ၊ ၂၀၂၅
စလုံးစံတော်ချိန် ည ၈း၁၈ နာရီ