(၁) ရောမရောက်ရင် ရောမလိုကျင့်
မင်းဆွေ၏ “ဓား” တွင် ပါသော “အိမ်ရှင်ကို ဧည့်သည်မစော်ကားရ” ဟူသည့် စကားလေးကို ကျွန်ုပ် အလွန်ကြိုက်မိ၏။
ယခင်က ကျွန်ုပ်သည် အင်္ဂလိပ်များကို အလွန်အထင်ကြီးမိ၏။ ၎င်းတို့သည် စည်းစခန်း အလွန်ကြီးကြသူများ ဖြစ်၏။ ကိန်းကြီးခန်းကြီးလည်း အလွန်နိုင်၏။ ထမင်းစားပွဲပေါ် ဇွန်းခရင်းထားတာကစ ဘယ်ညာ မမှားစေရ။
ကမ္ဘာ့မြေပုံပေါ်တွင် ဇီးရွက်လောက်သာရှိသည့် နိုင်ငံငယ်ကလေးက နေမဝင်အင်ပါယာ ထူထောင်နိုင်ခြင်းမှာ ထို စည်းစနစ် ကျနမှုတို့ကြောင့်ပင်ဖြစ်သည်ဟု ကျွန်ုပ်ထင်၏။ ယခုထိတိုင် နိုင်ငံများစွာတို့သည် (အထူးသဖြင့် အင်္ဂလိပ် ကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများ) အင်္ဂလိပ်တို့၏ ဥပဒေများ၊ စံနှုန်းများကို လက်ခံ ကျင့်သုံးနေကြဆဲ ဖြစ်၏။
သို့သော် အနှီကဲ့သို့သော အင်္ဂလိပ်သခင်ကြီးများက ဘုရားပေါ် ဖိနပ်စီးတက်သည့် သမိုင်းကို ဖတ်ရှုလေ့လာ သင်ကြား ရသည့်အခါတွင်မူ ၎င်းတို့အပေါ် ရှိခဲ့သော ကျွန်ုပ်၏ အထင်ကြီးမှုမှာ ထက်ဝက်မက လျော့ကျသွားခဲ့လေ၏။
ဤသည်မှာ အိမ်ရှင်ကို ဧည့်သည်က စော်ကားခြင်းဖြစ်၏။ ဒေသန္တရ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို မလေးစားသည့် ၎င်းတို့ကို နိုင်ငံကြီးသားဟု ခေါ်နိုင်ပါမည်လော။
မြန်မာစကားတွင် “ရောမရောက်ရင် ရောမလိုကျင့်ရမယ်” ဆိုသော စကားသည်ရှိ၏။
အသင်တို့သည် အသင်တို့တိုင်းပြည်တွင် ကြိုက်သလို နေနိုင်၏။
သင်တို့ဘာသာ မူးပဲရမ်းရမ်း၊ လမ်းဘေးပဲအိပ်အိပ်။ ရပ်ကွက်ထဲမှာပဲ အော်ဟစ်ဆဲဆို သောင်းကြမ်းကြမ်း။
အသံချဲ့စက် အလုံး ၅၀ လောက်ဖွင့်ကာ စကြာဝဠာကွဲမတတ်ပဲ ဖွင့်ဖွင့်။
ငါတို့ဗမာပြည် ငါတို့ကြိုက်သလိုနေမယ်။ ဘယ်ခွေးမှ လူမထင်ဘူးကွပဲ အော်အော်။
ဘာပြဿနာမှ မရှိ။
သို့သော် စင်ကာပူရောက်ပြီဆိုလျှင် စင်ကာပူ၏ အလေ့အထများကို လိုက်နာရမည်။ သူတို့ ဓလေ့ထုံးစံနှင့် စည်းမျဉ်း စည်းကမ်းများကို လေးစားရမည်။ ကိုယ်နေချင်သလို နေလို့မရ။
အိမ်ရှင်ကို ဧည့်သည် မစော်ကားရ။
(၂) SIP သင်တန်း
နိုင်ငံခြားက ဝင်လာသည့် နိုင်ငံခြားသား အလုပ်သမားများကို စင်ကာပူနိုင်ငံ၌ မည်သို့နေရထိုင်ရမည်၊ ဘယ်လိုဥပဒေ စည်းမျဉ်းတွေရှိပြီး ထို ဥပဒေစည်းမျဉ်းများကို ချိုးဖောက်လျှင် မည်ကဲ့သို့ အရေးယူခံရမည် အစရှိသည်တို့ကို အားလုံး သင်ကြားပေးလိုက်ပြီး ဖြစ်၏။ ထိုသင်တန်းကို FWSIP (Foreign Worker Settling-in Programme) ဟု ခေါ်၏။ စင်ကာပူဝင်လာသည့် မည်သည့် နိုင်ငံခြားသား ဝပ်ပါမစ်အလုပ်သမားမဆို ဤသင်တန်းကို တက်ကြရ၏။ ထိုသင်တန်း တက်ပြီးမှ ထိုသင်တန်းကရသည့် သင်တန်းဆင်းလက်မှတ်နှင့် ဝပ်ပါမစ် လျှောက်ရတာဖြစ်၏။
ထိုသင်တန်းတွင် -
§ စင်ကာပူ၌ မည်သည့်လူမျိုးများနေသည်၊ မည်ကဲ့သို့သော စကားများ ပြောဆိုကြသည်၊ မည်ကဲ့သို့သော ဓလေ့ထုံးတမ်းများ ရှိသည်၊ မည်ကဲ့သို့ နေရထိုင်ရမည်၊ တခြားလူမျိုးနှင့်ဘာသာတွေကို မည်ကဲ့သို့ လေးစား လိုက်နာရမည်။
§ လမ်းဖြတ်ကူးလျင် မည်ကဲ့သို့ ဖြတ်ကူးရမည်။
§ စက်ဘီးစီးလျင် အန္တရာယ်ကင်းအောင် မည်ကဲ့သို့စီးရမည်။
§ ရေကို မည်ကဲ့သို့ ချွေတာ သုံးစွဲရမည်။
§ စင်ကာပူမှာရှိသော အပန်းဖြေစခန်းများနှင့် ထိုနေရာများ၌ မည်ကဲ့သို့ အပန်းဖြေ အနားယူမည်။
§ ပိုက်ဆံကို မည်ကဲ့သို့ စနစ်တကျ သုံးစွဲရမည်။ တရားမဝင် ငွေချေးသူများနှင့် မည်ကဲ့သို့ ဝေါင်ဝေါင်ရှေးရမည်။
§ ကိုဗစ်ဖြစ်လျင် မည်ကဲ့သို့ နှာခေါင်းထဲ ထိုးစမ်းမည်။
§ Primary Care Plan ဟူသည် အဘယ်နည်း။
§ အလုပ်သမားတွေမှာ မရှိမဖြစ် ရှိထားရမည့် mobile apps များက အဘယ်ဖြစ်သည်။
§ စင်ကာပူမှာ အလုပ်လုပ်နေသည့် ဝပ်ပါမစ် အလုပ်သမားများ လိုက်နာရမည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ မှာ အဘယ်တို့ ဖြစ်သည်။ ၎င်းတို့ကို ချိုးဖောက်ခဲ့လျင် မည်ကဲ့သို့ အပြစ်ပေး အရေးယူတာ ခံရမည်။
§ စင်ကာပူမှာ အလုပ်လုပ်နေသည့် ဝပ်ပါမစ် အလုပ်သမားများ ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများမှာ အဘယ်တို့ ဖြစ်လျက် ထိုအခွင့်အရေးများကို ချိုးဖောက်ခံရလျင် မည်သည့်နေရာများ၌ အကူအညီတောင်းနိုင်သည်။ အလုပ်သမားများကို အကူအညီပေးနေသည့် အဖွဲ့များက မည်သည်တို့ဖြစ်သည်။
§ MWC ဟူသည် အဘယ်နည်း။ MWC က ဘာတွေလုပ်ပေးသနည်း . . .
- အစရှိသည်တို့ကို နမူနာဖြစ်ရပ်များနှင့်တကွ ရှင်းလင်းသင်ကြား ပေး၏။
ဤသင်တန်း၌ သင်ကြားပေးသည်များကို အနှီသကောင့်သားများ မည်မျှ စိတ်ဝင်တစား ရှိလိုက်ကြပါသနည်း။
စ နေရာယူပါပြီဆိုကတည်းက ဟို့ . . . . . . . . . . . . . . . . နောက်ဆုံးတန်းမှာ နေရာယူ၏။ ဒါတောင် နံရံခံနေလို့။ နံရံများ မရှိလျင် လမ်းနံဘေးသွားထိုင်နေမည်လား မပြောတတ်။ အကယ်၍ လူနည်းနေပါက နောက်ဆုံးတန်းဆိုတာတောင် အလယ်မှာမထိုင်။ နောက်ဆုံးတန်း၏ ဒေါင့်ဆုံးခုံမှာ ထိုင်သည်။ လူအနည်းငယ်များပြီး ရှေ့ရောက်လာပြီ ဆိုပါကလည်း တီဗီကင်မရာနှင့် ကွယ်ရာမှာ ထိုင်သည်။
ဝတ်စားလာတာလည်း ကြည့်လိုက်အုံး။ တချို့ဆို စွပ်ကျယ်လက်ပြတ်နှင့်၊ ဘောင်းဘီတိုနှင့်။ ထိုင်ပြီဆို ကုလားထိုင်ကို အသားကုန်နောက်လှန်ပြီး ခြေနှစ်ချာင်း ကားယားကြီး ရှေ့ဆန့်ထိုင်သူ ရှိသည်။
အားလုံးကိုတော့ မဆိုလိုပါ။ သို့သော် သင်နေသည်ကို စိတ်ဝင်တစားနှင့် လေ့လာမှတ်သားသူ နည်းလှ၏။ ဪ - ငါတို့ သူများတိုင်းပြည် လာလုပ်ရတာ လေ့လာမဟဲ့၊ မှတ်သားလိုက်မဟဲ့လို့ မရှိ။ အိပ်ငိုက်နေမည်၊ တချိန်လုံး ဖုန်းပွတ်နေမည်၊ နောက်ဆုံးခုံမှာ နေရာယူတာ အလကားယူတာ မဟုတ်။ အချင်းချင်း ပွစိပွစိနှင့် တွတ်ထိုးဘို့ ဖြစ်၏။ သမီးရည်းစားလည်း မဟုတ်ပါဘဲနှင့် ဘာတွေများ သည်လောက် ပြောစရာတွေ ရှိရပါသနည်း။
အရင်တုံးကတော့ ရှေ့လာထိုင်ကြ၊ ပြောတာနားထောင်ကြ၊ ဟိုကောင် ဘာလုပ်နေတာလဲ စသဖြင့် ကျွန်ုပ် ပြောသေး၏။ သို့သော် ခုတော့ မပြောတော့ပါ။ သူတို့ကို မကြည့်ချင်လျင် သူတို့ screen ကို သေးသေးကလေး လုပ်ထားလို့ရ၏။ MWC membership နှင့် Feedback, မေးခွန်းတွေ ဖြေတာလောက်ပဲ အနီးကပ် ပြောပြ၏။
သူတို့ safety သင်တန်းလာတက်တော့ ၎င်းတို့ကို SIP သင်တန်းတုံးက ဟာတွေ မေးစမ်းကြည့်၏။ ၃ ခွန်းတောင် မှန်အောင် မဖြေနိုင်။
(၃) ကိုယ့်အကြောင်းကိုယ်သိ
ဖေ့စ်ဘုတ်ပေါ်တွင် MOM က ထုတ်လိုက်သည့်စာတစ်စောင်နှင့် ပတ်သက်၍ ဆူညံပွက်လောရိုက်နေတာတွေ့၍ ကျွန်ုပ် လည်း MOM website တွင် သွားကြည့်၏။ အဟုတ် တကယ်ထုတ်တာ ဖြစ်၏။
အပေါ်ပိုင်း ဗလာကျင်းလျက် ဆေးမင်ကြောင်နှင့် သီချင်းဟဲနေတာတွေ၊ လူတွေ သွားဘို့လာဘို့လုပ်ပေးထားသည့် underpass မှာ ရွာဘုရားပွဲကျင်းပနေသည် အောက်မေ့လျက် ရွာက အဆွေအမျိုးအားလုံး ပျော်ပွဲစား ထွက်နေကြတာ တွေ တွေ့ကတည်းက အင်း - ဒုက္ခနဲ့ လှလှနဲ့တော့ တိုးပြီဟု အောက်မေ့မိပါ၏။
တနင်္ဂနွေ တစ်ရက်ပဲ နားရက်ရတာမို့ နားကြပါ။ သို့သော် ကိုယ့်ကြောင့် တခြားသူတွေ အနှောက်အယှက် မဖြစ်ပါစေနှင့်။ ဒါ ကိုယ့်တိုင်းပြည်မဟုတ်။ သူတို့ မကြိုက်လို့ ကွန်ပလိန်းလုပ်လျင် အစိုးရက ကြည့်နေမှာမဟုတ်။ ငါတို့ ဘာကြောင့် စင်ကာပူလာကြရသလဲ ဆိုတာ မေ့မထားပါနှင့်။ သူတို့မကြိုက်လို့ ပြန်လွှတ်ပြီဆိုမှ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း ဖြစ်နေမည်။ ကိုယ့်အကြောင်းကိုယ် သိထားကြပါ။
အဲသည်ဟာတွေ မကြိုက်ကြောင်း၊ မလုပ်သင့်ကြောင်း ပြောသည့် မြန်မာများလည်း ဖေ့စ်ဘုတ်မှာ တွေ့ပါသည်။ သို့သော် ဤကဲ့သို့ ပြောသူများကိုပင် အဆဲအဆိုကလေးများနှင့် တုန့်ပြန်လေသေး၏။ ဤကဲ့သို့သော လူမျိုးများမှာ ဘာလူမျိုးများ ပါနည်း။
ကျွန်ုပ်ကတော့ ဟို အေရိုးများကိုပင် ဖင်ပိတ်ကန်ချင်မိပါ၏။
ဤသည်မှာ အဲသည့် သောက်ရူးများ ဗမာပြည်ကို အုပ်ချုပ်ပြီးဖျက်ဆီးနေ၍ ဖြစ်၏။
မြန်မာပြည်တွင် နေ့ခင်းကြီးကြောင်တောင် ဓားပြဝင်တိုက်သွားတာကို တွေ့ရ၏။
လူရှေ့သူရှေ့၌ ပေါ်တင်ပင် စိလုပ်မယားလုပ်မလားဟု အိမ်ထဲထိဝင်ကာ စည်းရုံးနေတာ တွေ့ရ၏။
ခိုးတာဝှက်တာလောက်တော့ ပြောမနေနှင့်တော့။
မြန်မာပြည်ကြီး တရားမရှိ၊ ဓားမရှိ ဤမျှစည်းမဲ့ကမ်းမဲ့ ပျက်စီးနေသည်မှာ အဘယ်ကြောင့်နည်း။
ကျွန်ုပ်ပြောစရာမလိုပါ။ လူတိုင်းသိပါသည်။
ကျွန်ုပ်တို့သည် လူကြီးသူမများ၏ ဆိုဆုံးမမှုများဖြင့် လူလားမြောက်ခဲ့ကြရ၏။ ကျွန်ုပ်တို့တိုင်းပြည်၌ နီတိ၊ ဆုံးမစာ မြောက်များစွာ ရှိ၏။ စကားပြေနှင့်ရှိ၏။ လင်္ကာများနှင့် ရှိ၏။ လောကသာရပျို့၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ ဆုံးမစာ အများကြီးရှိ၏။
ရှေးမြန်မာကြီးများသည် ကိုယ်ကျင့်တရားကောင်းလျက် သီလသမာဓိဖြင့် နေခဲ့ကြတာ ဖြစ်၏။
ကျွန်ုပ်တို့တောရွာများတွင် အိမ်များ၌ တံခါးတောင် ထားတာမဟုတ်။
မိဘများကလည်း သားသမီးများကို ဆုံးမ၏။
အစ်ကိုကြီး၊ အစ်မကြီးရှိလျှင် အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ ထားလျက် ရိုသေလေးစားကြ၏။
စားဦးစားဖျားကို လူကြီးမိဘများကို ဦးချပြီးမှ စားကြ၏။
လူကြီးများရှေ့သွားသည့်အခါ ခေါင်းငုံ့လျက် အရိုအသေပေး သွားကြ၏။
မတော်တဆ တိုက်မိလျင် ကန်တော့ ကန်တော့ဟု ဆိုကြကုန်၏။
လူကြီးသူမရှေ့၌ လုံချည်ကိုပင် ဖြန့်မဝတ်။
ထမင်းစားသည့်အခါ လက်၌ ထမင်းလုံးများ ပေမနေစေရ၊ ဟင်းရည်သောက်သည့်အခါ တပျတ်ပျတ် မမြည်စေရ။
သူများထမင်းစားနေသည့်နေရာအနီး၌ ချွဲဟပ်တာ၊ နှပ်ညှစ်တာ မလုပ်ရ။
သူများအိပ်နေလျင် စကားတိုးတိုးပြောရမည်၊ ကြမ်းကို ပြင်းပြင်း မနင်းရ။
စကားကို ပွာလောင်ပွာလောင် မပြောရ။ ဟီလာတိုက်မနေရ။
ကိုယ့်ကို ဆုံးမလာလျင် ရိုသေစွာ ခံယူကြ၏။
ယခု ထိုတန်ဘိုးများ ပျောက်ဆုံးကုန်ကြပြီ။ မြန်မာ့ယဉ်ကျေးမှုများ ပျောက်ကွယ်ကုန်ကြပြီ။
ကိုယ်ကျင့်တရားဆိုတာ ဂျိုနဲ့လားဟု မေးရမည့်အချိန် ရောက်နေပြီ။
ကိုယ်ကျင့်တရားဆိုသောအရာမှာ မြန်မာ့မြေပေါ်မှ ပြေးခွာလျက် အိုက်စလန်တို့ နယူးဇီလန်တို့ဆီကို မိုက်ဂရိတ် လုပ်သွားတာ ကြာလှပြီ။
ဝမ်းနည်းဖွယ် ကောင်းလေစွ။
အို - အသင် ကိုရွှေမြန်မာ အမျိုးကောင်းသား/အမျိုးကောင်းသမီး အပေါင်းတို့ -
သင်တို့သည် ကိုယ့်ကိုယ်ကိုယ် တန်ဘိုးထားကြပါကုန်လော့။
မြန်မာဟူသည့်ဂုဏ်ကို ထိန်းသိမ်းကြပါကုန်လော့။
မင်းတို့မြန်မာတွေကိုကကွာ . . . ဟု အပြောခံရမှာကို ရှက်ကြပါကုန်လော့။
တစ်နည်းအားဖြင့်လည်း အသင်တို့ကို သက်တမ်းတိုးမပေးဘဲ ပြန်လွှတ်ပါက မြန်မာပြည်တွင် အသင်တို့ကို ဆွဲစားမည့် မြေနိုးများသည် ပါးစပ်ကြီးဟကာ စောင့်နေသည်ကို သတိရကြပါကုန်လော့။
ကျွန်ုပ်လည်း ဤမျှသာ တတ်နိုင်ပါသည်။
ဝမ်းနည်းစွာဖြင့် -
အေးငြိမ်း
၅ ဖေဖော်ဝါရီ၊ ၂၀၂၅