ကျောင်းပိတ်သည့်အခါ
အဆောင်နေကျောင်းသားများသည် အဆောင်မှ ထွက်ပေးကြရ၏။ နောက်ပြီး အဆောင်မှာ ဘာမှ
ထားခဲ့လို့မရ။ ကိုယ့်ပစ္စည်းကိုယ် သယ်လျက် မိမိ အသိမိတ်ဆွေ၊ အဆွေအမျိုးများထံ
သွားထားကြရ၏။
ကျွန်တော့်မှာ
ရန်ကုန်တွင် ဆွေမျိုးဆိုတာ မူးလို့တောင် ရှူစရာမရှိသည့်အတွက် တတိယနှစ်စာမေးပွဲပြီးတော့
စမ်းချောင်းမှ အသိဦးပဉ္စင်းတစ်ပါးနေသည့် ကျောင်းတွင် ချမ်းသာသမျှ ဘောဂဥစ္စာအားလုံး
ထည့်ထားသည့် ကျွန်တော့် ကျွန်းသေတ္တာကြီး ကို သွားအပ်၏။ ဦးဇင်းကလည်း ရတယ်
မောင်အေးငြိမ်း၊ စိတ်သာချထားခဲ့ ဆို၏။
စတုတ္ထနှစ်တက်ဘို့
အဆောင်ပြန်ဝင်တော့ ထိုကျွန်းသေတ္တာကြီးကို ကျွန်ုပ်သွားယူ၏။ အဲဗျ၊ ကျွန်တော့်အသိ
ဦးဇင်းမှာ ထိုကျောင်းတွင် မရှိတော့ပြီ။ ကျွန်တော်လည်း ထိုကျောင်းမှ
ဦးဇင်းတစ်ပါးကို ကျွန်တော့်သေတ္တာအပ်ထားတာ ပြန်ယူမည့် အကြောင်းပြော၏။ ‘ရန်ကုန်မှာ
ဒီလောက် လူလိမ်တွေပေါတာ၊ မင်းသေတ္တာဆိုရုံနဲ့ ငါက ပြန်ပေးရမလားကွ’ ဟု ဦးဇင်းက
လူမိုက်စကား ပြောလေ၏။ ကျွန်တော်က တပည့်တော်မှာ သော့ပါတယ်ဘုရား၊ ဒီသော့နဲ့
တပည့်တော် ဖွင့်ပြမယ်။ အထဲမှာ ဘာတွေပါတယ်ပါတယ်ဆိုတာ ပြောပြနိုင်ပါတယ် ဆိုတာလည်း
လက်မခံ။
ကျွန်တော်
အတော်ဂွကျနေစဉ် ဦးဇင်းတစ်ပါး ရောက်ချလာ၏။ ထိုဦးဇင်းက ကျွန်တော့်ကိုမှတ်မိလို့
တော်ပါသေးသည်။ ဟုတ်တယ်ဦးဇင်း၊ သူသေတ္တာလာထားတုံးက တပည့်တော်ရှိတယ် ဆိုတော့မှ
ကိစ္စပြီးလေ၏။ ဖြစ်ရပုံများ မပြောချင်ပါ။
ထို့နောက်တော့
ဘယ်သူက မိတ်ဆက်ပေးသည်မသိ။ ကျွန်တော် ဦးညွန့်မောင်တို့ မိသားစုနှင့် မိတ်ဆွေဖြစ်
သွားလေ၏။ ဦးညွန့်မောင်က ကျွန်တော်တို့ ရွာဘက်က အဆက်တွေဖြစ်၏။ သူတို့မိသားစုက ဘာတာရှိ
အစိုးရတိုက်ခန်းများတွင် နေ၏။ ထိုအခါကျမှ ကျွန်တော်၏ တစ်ခုတည်းသော
ကိုယ်ပိုင်ပစ္စည်းဖြစ်သည့် ကျွန်းသေတ္တာကြီး ထားရမည့်အရေးကို စိတ်အေးရ လေတော့၏။
ကျောင်းပိတ်တော့ လေးဘီးငှားကာ ကျွန်တော်သူတို့ဆီ ကျွန်းသေတ္တာကြီးနှင့် ရောက်သွား၏။
သေတ္တာကြီးကို ထမ်းပြီး ၃ ထပ်တိုက်ပေါ် တက်မည်လုပ်တော့ ဦးညွန့်မောင်က ရတယ်လူလေး၊
ဘကြီးထမ်းမယ်ဆိုကာ ကျွန်တော့် သေတ္တာ ကြီးကို အတင်းထမ်းတက် သွားလေရာ ကျွန်တော့်မှာ
အားတောင့်အားနာနှင့် ပါးစပ်ကြီး ပြဲလျက် ကျန်ခဲ့လေသော ဟူ၏။
ပဉ္စမနှစ်နှင့်
နောက်ဆုံးနှစ်များတွင် ကျောင်းဝင်းထဲရှိ အဆောင်များသို့
ပြောင်းရွှေ့နေထိုင်ရသဖြင့် သွားရလာရသည့် ဒုက္ခမှ ကင်းဝေးသွား၏။ ကျောင်းဝင်းထဲမှ
အဆောင်များမှာ A, B, C, D, E, F, G ဟု ၇ ဆောင်ရှိပြီး F ဆောင်၌ ဆရာများကို ထား၏။
ကျောင်းသားဆောင်များမှာ A, B, C, D, E ဆောင်များဖြစ်ပြီး G Hall တွင်
ကျောင်းသူများကို ထား၏။ ကျောင်းနှင့် အဆောင်များကို အမိုးပါသည့် စင်္ကြန်များဖြင့်
ဆက်ပေးထားသဖြင့်လည်း ထီးယူစရာမလို။ အဆောင်များမှာ တစ်ခုနှင့်တစ်ခု ဆက်နေသဖြင့်
အကြောင်းကိစ္စရှိ၍ မိမိသူငယ်ချင်းများကို အသိပေး အကြောင်းကြားလိုပါက
အချိန်တိုအတွင်း အသိပေးနိုင်၏။
စက်မှုတက္ကသိုလ်ကျောင်းကြီးမှာ
ရုရှားက ဆောက်ပေးခဲ့သော ကျောင်းကြီးဖြစ်၍ အလွန် ခန့်ငြားထည်ဝါလှပေ၏။
သည်မျှခန့်ငြားလှသော ကျောင်းကြီးမှာ ပညာတက်ရောက် သင်ကြားရမှာ ရင်ခုန်စရာ
ကောင်းလှပါသည်။ သည် ကျောင်းကြီး မှာ ငါတို့ ၄ နှစ်တောင် တက်ရမှာပါလားဟူသည့် အသိက
လူကို မြောက်ကြွမြောက်ကြွ ဖြစ်စေ၏။
ပင်မကျောင်းဆောင်ကြီးမှာ
အကြီးကြီးဖြစ်၍ ပါမောက္ခချုပ်ရုံး၊ မော်ကွန်းထိန်းရုံး၊ ကျောင်းသားရေးရာ စသည့်
အုပ်ချုပ်ရေး ဌာနများ၊ စာကြည့်တိုက်၊ စည်းဝေးခန်းမ စသည်တို့အားလုံး
ပင်မကျောင်းဆောင်ကြီး၌ပင် ရှိ၏။ မြေညီထပ်တွင် စက်မှုကျောင်းသားများ လက်တွေ့လုပ်ရန်
စက်ကြီးများနှင့် လက်တွေ့ခန်းများ ရှိ၏။
Building
1 ၏ စင်္ကြန်ဆင်ခြေလျှောများမှာ မိုးရွာပြီး မိုးရေများနှင့် စိုရွှဲနေသည့်အခါ
အလွန် ချောပါသည်။ အမှုမဲ့အမှတ်မဲ့ လျှောက်သွားလျှင် ချော်လဲနိုင်သည့်အတွက်
အထူးသတိထား သွားရ၏။ အင်ဂျင်နီယာကျောင်းဖြစ်နေပြီး ကြမ်းပြင်ချော နေသည့်
အန္တရာယ်ကို မည်သူတစ်ဦးတစ်ယောက်ကမှ ဂရုမစိုက်ဘဲ လစ်လျူရှုထားသည်မှာ အင်မတန်
အံ့ဩစရာ ကိစ္စတစ်ရပ် လည်း ဖြစ်ချေ၏။
နောက်ပြီး
ကျောင်းပလက်ဖောင်းများတွင် နာရီများ ချိတ်ဆွဲထား၏။ နာရီကြီးများမှာ ရှေ့နောက်
နှစ်ဘက်လုံး ကြည့်လို့ရ၏။ စက်မှုတက္ကသိုလ်ကြီးမှာ ဟော်တယ်များကဲ့သို့
အချိန်များကို အမျိုးမျိုးပြလိုသောကြောင့်လားမသိ။ စင်္ကြန်များရှိ နာရီများ၌
ရှေ့ဘက်မှအချိန်မှာ မော်စကိုက အချိန်ဖြစ်ပြီး နောက်ဘက်
မျက်နှာတွင်ပြနေသည့်အချိန်မှာ ဝါရှင်တန်က အချိန် ဖြစ်နေ တတ်၍ ကျောင်းသားများက
ကာတွန်းဆွဲကာ လှောင်ပြောင်ကြ၏။ “မောင့်အချစ်က တည်တံ့ပါတယ်ကွယ်၊ ကျောင်းက
နာရီကြီးတွေလို ရှေ့တစ်မျိုး နောက်တစ်မျိုး မဟုတ်ပါဘူး” ဟူ၏။ (ခုများတော့
မပြောစ်ဒတ်)
ကျောင်းဆောင်များကို
Building 1, Building 2 စသဖြင့် ခွဲထားရာ Building 1, 2, 3 တို့မှာ ဆက်နေ၏။ Building
5, 6, 7, 8 တို့မှာ
နှစ်ထပ်ကျောင်းဆောင်များ ဖြစ်၏။ ကျွန်တော်တို့မှာ မိမိတို့အတန်းရှိရာ
ထိုကျောင်းဆောင်များတွင် လှည့်လည် ပညာသင်ကြားကြရ၏။ အိပ်ငိုက်ချိန်တောင် မရ။
ပင်မကျောင်းဆောင်ကြီးကို
အလယ်ဗဟို၌ ကွက်လပ်ချန်ထားရာ ထို အလယ်ကွက်လပ်တွင် အခမ်းအနားများ ကျင်းပနိုင်၏။
(သို့သော် ကျွန်တော်ကျောင်းတက်ခဲ့သည့် ၅ နှစ်အတွင်းတွင်မူ ထိုကွက်လပ်၌
မည်သည့်အခန်းအနားမှ ကျင်းပတာ မတွေ့ခဲ့ရပါ။) ရှေးယခင်ကာလများဆီက ဘွဲ့နှင်းသဘင်ကို
ထိုကွက်လပ်ကြီး၌ ကျင်းပ၏။ ကွင်း အလယ်တည့်တည့်တွင် လမ်းဖောက်ထားရာ ထိုလမ်းကို ဩဘာလမ်းဟု
အမည်သညာ ပေးထား၏။ အကြောင်းကား တစ်ဦးတစ်ယောက်သည် မသိသောကြောင့် ထိုလမ်းပေါ်သို့
ဖြတ်လျှောက်မိသည်ရှိသော် ဘေးဘက် အဆောင် ဝရံတာများတွင် ကျောင်းသားများ ပေါ်ထွက်လာကာ
အရူး၊ အပေါ စသည်ဖြင့် အော်ဟစ်လှောင်ပြောင်ခြင်း ခံရသောကြောင့်တည်း။
ထိုလမ်းကလေး၌
ဘွဲ့ယူမည့်သူများသာ လျှောက်ကြပြီး သာမန်လူများ မလျှောက်ကြသောကြောင့် ဘွဲ့ယူမည့်သူ
မဟုတ်သည့် သာမန်လူများ လျှောက်သည့်အခါ လှောင်ပြောင်ရယ်မောရာမှ ထိုအလေ့ ဖြစ်လာသည်ဟု
ထင်ပါသည်။
ကျောင်း၏
နောက်ဘက်တွင် လက်သမားစသည် လက်တွေ့လုပ်ရသော အလုပ်ရုံကြီးတစ်ခုရှိ၏။
ကျွန်တော့်အနေနှင့်မူ လက်တွေ့လုပ်ရသည့် အချိန်၌သာရောက်ပြီး တော်ရုံ ရောက်ခဲပါသည်။
ကျောင်းစားသောက်ဆိုင်တန်းမှာလည်း
ဈေးသင့်တင့်ပြီး အစားအသောက်များ ကောင်း၏။ မော်လမြိုင်ဆိုင်ဆိုလျှင် ထမင်းကြော်၊
ခေါက်ဆွဲကြော် အလွန်ကောင်း၏။ တစ်ပွဲလျှင် ၆ ကျပ်ခွဲဖြစ်ပြီး အပြင်မှပင် လာစားကြ၏။
ကျွန်တော်တို့ သူငယ်ချင်းများလည်း ကျောင်းမှာ အခန်းအနားတစ်ခုခုလုပ်ပြီးပြီဆိုလျှင်
မော်လမြိုင်ဆိုင်၌ စုပြီး စားကြသောက်ကြ၏။ အအေးဆိုင်ဆိုလျှင် ‘နွေးအေး’ မှာ
နာမည်လေးကလည်းလှ၊ ဈေးသင့်ပြီး အပူ၊ အအေးနှစ်မျိုးစလုံးရ၏။ ထောပတ်သီး ဖျော်ရည်မှာ
ကျွန်တော် အကြိုက်ဆုံးဖျော်ရည် ဖြစ်၏။ အသီးဖျော်ရည်တစ်ပွဲမှာ ၃ ကျပ် ထင်ပါသည်။
စာမေးပွဲနားနီးပြီ ဆိုလျှင် ကျွန်တော်တို့က ညဉ့်နက်ခံ စာကြည့်ပြီး စာကြည့်ရတာ
ညောင်းလာလျှင် သံပုရာသီး ခြမ်းထည့်ထားသည့် ဘလက်ကော်ဖီ သွားသောက်ကြ၏။ နောက်ပြီး
ဗိုက်ဆာလျှင် ထမင်းဆီဆမ်း၊ ကြက်ဥကြော်လေးတင်လျက် စားနိုင်ပါသေး၏။
မန္တလေးသား
ကိုမင်းမင်းဦး ဆွဲဆောင်မှုဖြင့် ကျွန်တော် စက်မှုတက္ကသိုလ်၊ ဗုဒ္ဓဘာသာမိသားစုတွင်
အဖွဲ့ဝင်ဖြစ်လာလျက် သူတို့လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်၏။
ဗုဒ္ဓဘာသာမိသားစု၌ ဥက္ကဌဆရာကြီးမှာ ဆရာဒေါက်တာသိန်းလှိုင် ဖြစ်၏။ အသက်ဘယ်လောက်မှန်း
သေသေချာချာ မသိပေမင့် ၄၀ ကျော်တာသေချာပါသည်။ လူပျိုကြီးဖြစ်၏။ ကျွန်တော်တို့
ကျောင်းသားဘဝတင်ပင် မင်္ဂလာဆောင်၏။ မင်္ဂလာဆောင်တော့ မောင်တပ်ခေါ်ရလည်း အခက်၊
ဦးတပ်ခေါ်လို့လည်း မသင့်တော်၊ တော်ပါသေးသည်၊ ရှေ့က ဒေါက်တာပါနေသဖြင့် ထို
ဦးနှင့်မောင် ပြဿနာကို အလိုလိုရှင်းပြီးသား ဖြစ်သွား လေ၏။ သတို့သား
ဒေါက်တာသိန်းလှိုင် နှင့် သတို့သမီး blah blah blah ပေါ့ဗျာ။ အဟက်စ်
ဆရာဦးစိုးမြင့်၊
ဆရာဦးခင်မောင်အေး၊ ဆရာဦးမြသွင်တို့လည်း ဗုဒ္ဓဘာသာမိသားစု၌ ပါ၏။ ဆပ်ကော်မတီများအားလုံး
မမှတ်မိတော့ပါ။ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်ခဲ့သော
ဆပ်ကော်မတီများမှာ ဗုဒ္ဓစာပေပြန့်ပွားရေး ဆပ်ကော်မတီ၊ အာစရိယပူဇော်ပွဲ
ဖြစ်မြောက်ရေး ဆပ်ကော်မတီတို့ ဖြစ်၏။ ထို့ပြင် အဆောင်များ၌ အပတ်စဉ် စုပေါင်း ဝတ်ရွတ်ပွဲများ၊
စုပေါင်းသွေးလှူပွဲများလည်း လုပ်ကြ၏။ ရွှေတိဂုံဘုရား တပေါင်းပွဲ၌ ဈေးရောင်းလျက်
ရံပုံငွေရှာကြကာ ရသမျှ အမြတ်ငွေများကို ရွှေတိဂုံစေတီတော်ကြီးတွင် ရွှေသင်္ကန်း
ကပ်လှူပူဇော်ကြ၏။ ဗုဒ္ဓစာပေဟောပြောပွဲများကိုလည်း အခါအားလျော်စွာ ကျင်းပခဲ့ကြရာ
ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ကိုလည်း ဖိတ်ကြားခဲ့တာ မှတ်မိနေပါသေး၏။
ဆရာနန္ဒာသိန်းဇံလည်း ပါသည်ထင်ပါသည်။
အာစရိယပူဇော်ပွဲအတွက်
ဆရာ/ဆရာမကြီးများထံက ဩဝါဒများတောင်းခံလျက် ဖယောင်းဖောက်၊ စာကူးစက်နှင့် လှည့်။
ကျွန်တော်ပင် အဖုံးဒီဇိုင်းဆွဲကာ စာအုပ်ကလေးများချုပ်ကြ၏။ အခမ်းအနားအပြင်အဆင်
နောက်ခံစာလုံးကိုလည်း ကျွန်တော်တို့ပင် ညလုံးပေါက် စာလုံးဖောက်ကာ ပြင်ကြဆင်ကြ၏။ ၁၉၈၄
လား၊ ၈၅ လားမသိ။ ခုနှစ်ကို မမှတ်မိတော့။ အာစရိယပူဇော်ပွဲ
နောက်ခံပန်းချီကားဖြစ်သည့် ယမင်းပျိုလေး စောင်းတီးနေပုံမှာ ထို assembly hall
ကြီးအတွင်း မီးများ ထွန်းလျက် ကျွန်တော် တစ်ညလုံးဆွဲခဲ့တာ ဖြစ်၏။ ထိုစဉ်က မေခလာ၏ ပြန်ပေတော့
မစဉ်းစားနဲ့ ဟူသည့်သီချင်းလည်း ပေါ်နေလေရာ ထိုသီချင်းကို အကျယ်ကြီးဖွင့်လျက် ကျွန်တော်တို့
ဗိုက်ဆာလျှင် ထမင်းကြော်စား၊ လဖက်ရည်ဆင်း သောက်လိုက်၊ ပြန်တက်လာပြီး
ဆွဲလိုက်နှင့်၊ အတော်ပျော်စရာ ကောင်းပါသည်။
အာစရိယပူဇော်ပွဲကို
တစ်ကျောင်းလုံးစာ ပေါင်း လုပ်ကြသည်ဖြစ်ရာ အလွန်အလုပ်ရှုပ်လျက် အလွန်လည်း
ပင်ပန်းပါသည်။ သို့သော် ကျွန်တော်တို့မှာ မောရပန်းရမှန်းမသိ၊ အလွန်ပျော်ပါသည်။
ကျောင်းလည်းပျက် စာများလည်း မလိုက်နိုင်တော့ပဲ အလွန်အရေးကြီးသည့် ပဉ္စမနှစ်တွင် ကျွန်တော်
ကျပါတော့သည်။
ကျွန်တော်တို့
အတန်းတင်စာမေးပွဲကြီးဖြေကြရသည်မှာ Building 1 အပေါ်ထပ်မှ Assembly hall ကြီးထဲ၌
ဖြစ်၏။ ဆရာ ဦးဘောင်းဘီကျော်စိန်သင်သော Dynamics of Machinery ဘာသာရပ်ကိုဖြေသည့်အခါ
ကျွန်တော့်မှာ ဘာကို ဖြေလို့ ဖြေရ မှန်းမသိ။ တစ်လုံးမှ မဖြေနိုင်။
ကျွန်တော့်တစ်ကိုယ်လုံး ဇောချွေးများဖြင့် တုပ်တုပ်ကျနေ၏။ ချွေးများမှာ
ပုဆိုးတစ်ပိုင်းလုံးပင် ရွှဲလို့နေပါသည်။ သည်ကတည်းက ငါတော့ သွားပြီ ဟု သိလိုက်၏။
(ဆရာဦးကျော်စိန်နှစ်ယောက်ရှိရာ တစ်ဦးမှာ အသားဖြူဖြူ စတိုင်ကောင်းကောင်း
ဦးကျော်စိန် ဖြစ်၏။ ဘောင်းဘီကိုသာ အမြဲဝတ်လေ့ရှိသဖြင့် ကျွန်တော်တို့က
ဘောင်းဘီဦးကျော်စိန်ဟု ခေါ်၏။ နောက်တစ်ဦးမှာ ခပ်ဝဝ၊ မျက်လုံးပြူးပြူး၊ အသား
ခပ်ညိုညို၊ တိုက်ပုံဝတ်သော ပြုံးပြုံး ပြုံးပြုံးနှင့် ဒေါက်တာကျော်စိန် ဖြစ်၏။
ဒေါက်တာကျော်စိန်က စကားပြောလျင် လေအေးကလေးနှင့် ပြော၏။ ဘောင်းဘီဦးကျော်စိန်က
Dynamic and control သင်ပြီး ဒေါက်တာကျော်စိန်က Design သင်ပါသည်။)
လူတို့သဘာဝအတိုင်း
မဖြစ်နိုင်မှန်းသိလျက်သားနှင့် မျှော်လင့်ချက်ကလေးတော့ ထားမိပါသေး၏။ သို့သော်
ကျွန်တော် ရွာ၌ ရှိနေစဉ် ဥက္ကာကြီးထံမှ စာ ရောက်လာ၏။ သူငယ်ချင်းရယ်၊ စိတ်တော့
မကောင်းမဖြစ်ပါနဲ့။ နင် ကျတယ်။ ငါလည်း ကျတယ် ဟူ၏။ ထိုစဉ်က မကြီးမငယ်နှင့် ကျွန်ုပ်
ငိုလိုက်သည်မှာ တစ်ရွာလုံး ပွက်လောညံသွားလေသတည်း။
ငယ်ငယ်ကတည်းက
စာမေးပွဲကျဘို့ကိုမဆိုထားပါနှင့်။ ဒုတိယနေရာတောင် တစ်ခါမှ မဆင်းစဖူးခဲ့သော
ကျွန်ုပ်ခံစားချက်ကို မိတ်ဆွေတို့ ကိုယ်ချင်းစာမိပါလိမ့်မည်။ ဤမျှပေးဆပ်လိုက်ရခြင်းအတွက်
အကြီးအကျယ် နောင်တရကာ နောင်နှစ်တွင် ဘာ လူမှုရေးတစ်ခုမှ မလုပ်တော့ဘဲ စာကိုချည်း
အသည်းအသန် ကြုံးရုံးလုပ်လေရာ နောက်ဆုံးနှစ်တွင် ထိပ်ဆုံးနားထိ ပြန်ရောက်လာပါသည်။ သို့သော်လည်းပေါ့လေ
ကိုမြင့်ဇော် (မျက်မှန်) ပြောသလို ဆိုင်းသံကြားရင် ကချင်တယ်ဗျ ဆိုပြီး နောက်ဆုံးနှစ်၌
ဗုဒ္ဓဘာသာအသင်းတွင် ပြန်ပါလာလျက် အာစရိယပူဇော်ပွဲ ဆပ်ကော်မတီ ငှက်ကထ (ဟုတ်ပေါင်)
ဥက္ကဌ ဖြစ်ရပြန်လေ၏။
တက္ကသိုလ်များတွင်
စာမေးပွဲကျသူများကို အဆောင်မှထုတ်ပစ်လေ့ရှိရာ ကျွန်ုပ်မှာ စာမေးပွဲကျသည့်အတွက်
ကျောင်းဆောင် များမှ စုတေပြီး အရှေ့ကြို့ကုန်းထဲမှ ပုဂ္ဂလိကအဆောင်တစ်ခုတွင်
ကျပ်ကျပ်တည်းတည်း ကျောတစ်နေရာစာ ငှားနေရလေ ၏။ အဆောင်ကလေးမှာ မြေစိုက် အဆောက်အဦလေး
ဖြစ်၏။ အခင်းမှာ မြေကြီး၊ အကာမှာ ဝါးထရံ။ မြေကြီးပေါ်တွင် တစ်ယောက်အိပ်သာရုံ
ကုတင်လေးများ ချထား၏။ တစ်ခန်းကို နှစ်ယောက်နေရ၏။
အဆောင်မှူးမှာ
ဘကြီးထွန်းဖြစ်၏။ သဘောကောင်းပါ၏။ ကိုဟန်းငွေနှင့် သိပ်သဟဇာတ မဖြစ်။ ဘာသာရေးကိစ္စနှင့်
ပတ်သက်၍ အငြင်းပွားကြသေး၏။ မောင်တင်ဦးက သာယာဝတီက ထင်ပါသည်။ ပြောင်ချော်ချော်၊
နှုတ်ခမ်းမွေးစစနှင့်။ စိုင်းထီးဆိုင့်သီချင်းကို ဂစ်တာတီးကာ သီချင်းဆို၏။ ထိုအဆောင်လေးနားတွင်
အိမ်တစ်အိမ်ရှေ့၌ စားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်ထားရာ ညတိုင်လျင် ကျွန်တော်တို့
ပဲထမင်းသွားစားက၊ ဘလက်ကော်ဖီ သွားသောက်ကြ၏။
စက်မှုတက္ကသိုလ်တွင်
၄ နှစ် သင်ကြားခဲ့ရသည်ဖြစ်ရာ သင်ကြားခဲ့ရသော ဘာသာရပ်များနှင့် ဆရာ၊ ဆရာမများကို
ဖော်ပြ ရလျင် အောက်ပါအတိုင်း ဖြစ်ပါ၏။ သို့သော် ကျွန်တော်မှတ်မိသမျှသာ ရေးရတာဖြစ်၍
အချို့ဆရာ/ဆရာမများ နာမည် ကျန်ကောင်း ကျန်နေနိုင်ပါသေးသည်။
တတိယနှစ်
|
စဉ်
|
ဘာသာရပ်
|
ဆရာ/ဆရာမများ
|
မှတ်ချက်
|
၁
|
နိုင်ငံရေးသိပ္ပံ
|
ဦးသန်းထွန်း
|
သိပ်မသေချာပါ။
|
၂
|
English
|
ဒေါ်ဒိုရင်းသောင်း၊
ဒေါ်နီလာကျော်မြင့် + ၁
|
|
၃
|
Calculus
I
Introductory
Mathematics
|
ဒေါက်တာသန်းဝင်း
ဒေါ်မြင့်မြင့်ခိုင်
|
အာဇာနည်
မန်းဘခိုင်၏ သမီး
|
၄
|
Engineering
Materials
|
ဦးဝင်းကျော်
|
|
|
Basic
Civil Engineering
|
ဦးဝင်းမောင်
|
|
၅
|
Workshop
Technology
|
ဦးတင်မောင်ဦး
ဦးကျင်ဆွေ
|
|
၆
|
Engineering
Drawing
|
ဦးသိန်းထွန်းအောင်
ဦးကျော်စိန်
|
|
၇
|
Engineering
Mechanics
|
ဦးမောင်မောင်ဦး
|
|
|
|
|
|
စတုတ္ထနှစ်
|
စဉ်
|
ဘာသာရပ်
|
ဆရာ/ဆရာမများ
|
မှတ်ချက်
|
၁
|
နိုင်ငံရေးသိပ္ပံ
|
ဦးသန်းထွန်း
|
|
၂
|
Calculus
II
|
ဒေါ်မြင့်မြင့်ခိုင်
ဒေါ်ချစ်စု
|
|
၃
|
Engineering
Mathematics
|
ဒေါက်တာသောင်းမြင့်
ဦးအောင်ဘွား
|
|
၄
|
Principles
of Electrical Engineering
|
ဒေါ်ခင်အေးဝင်း
ဦးကရမက်
|
|
|
Mechanics
of Solids
|
ဦးစိုးလွင်
|
|
၅
|
Engineering
Thermodynamics
|
ဒေါက်တာချမ်းငြိမ်း
|
|
၆
|
Mechanics
of Machinery
|
ဦးခင်မောင်
|
|
၇
|
Machine
Drawing
|
ဦးဟန်ထွန်း
|
|
|
|
|
|
ပဉ္စမနှစ်
|
စဉ်
|
ဘာသာရပ်
|
ဆရာ/ဆရာမများ
|
မှတ်ချက်
|
၁
|
Political
Science
|
ဦးသာဒင်
ဒေါ်ခင်ဌေးမူ
|
|
၂
|
Engineering
Mathematics II
|
ဒေါ်မြင့်မြင့်ခိုင်
ဒေါ်ချစ်စု၊
ဦးလှမြင့်
|
|
၃
|
Discrete
Mathematics
|
ဦးတင်လှိုင်
ဦးရွှေလှိုင်
|
|
၄
|
Engineering
Thermodynamics
|
ဒေါက်တာတင်လှိုင်
ဒေါက်တာချမ်းငြိမ်း
ဦးတင်မြင့်
|
|
၅
|
Mechanics
of Solids
|
ဦးဘသန်း
ဦးစိုးလွင်၊
ဦးတင်မြင့်
|
|
၆
|
Dynamics
of Machinery
|
ဦးကျော်စိန်
ဦးခင်မောင်အေး
ဦးတင်ဇော်အေး
|
|
၇
|
Fluid
Mechanics
|
ဦးဝင်း
ဦးခင်မောင်အေး
|
|
၈
|
Industrial
Management
|
ဦးလင်း
|
|
|
|
|
|
နောက်ဆုံးနှစ်
|
၁
|
Political
Science
|
ဦးသာဒင်
|
|
၂
|
Production
Technology
|
ဦး
S.Kyaw Aye
|
|
၃
|
Fluid
Mechanics
|
ဒေါက်တာတင်လှိုင်
ဦးလူအေး
|
|
၄
|
Refrigeration
and Air Conditioning
|
ဦးကျင်စိုး
ဦးခင်စိန်
|
|
၅
|
Machine
Design
|
ဒေါက်တာကျော်စိန်
|
|
၆
|
Internal
Combustion Engine
|
ဦးလေးအောင်
ဦးကျင်ဟုတ်
|
|
၇
|
Dynamics
and Control
|
ဦးဝင်း
ဦးသန်းဌေး
|
|
ဆရာဒေါက်တာချမ်းငြိမ်းက
Thermodynamics သင်ပြီး ဆရာဦးကျင်စိုးက Air Cond သင်၏။ ထိုဘာသာရပ်များကို
ကျွန်တော် အထူးစိတ်ဝင်စား၏။ ကျွန်တော် Heat Changer များအကြောင်းလေ့လာတုံးက Thermodynamics
လေ့လာခဲ့ ဖူးသည့် ဗဟုသုတများကြောင့် အခက်အခဲမရှိ အလွယ်တကူ နားလည်နိုင်ခဲ့ပါသည်။
အမှန်ဆို Heat Changer အကြောင်း စာအုပ်တစ်အုပ်ရေးရန် စာအုပ်များ
စုဆောင်းထားခဲ့ပါသည်။ သို့တိုင် ယခုထိ မရေးဖြစ်သေး။
ဆရာဦးလင်းက
absolute zero ကို ရှင်းပြရာ၌ ပေါင်မုန့်စားပြီး အားလုံးကုန်သွားခြင်းသည် absolute
zero မဟုတ်။ လက်မှာ ပေါင်မုန့် အစအနများ ကျန်နေနိုင်သေးသည်။ ပိုက်ဆံ ၁၀ ရှိပြီး ၁၀
လုံးကုန်သွားခြင်းသည်သာ နောက်ထပ် တစ်ပြားမှ ထပ်သုံးလို့မရတော့သောကြောင့် absolute
zero ဖြစ်သည် ဟု ဥပမာပေးတာ ခုထိ မှတ်မိပါသေး၏။
ဆရာမကြီး
ဒေါ်မြင့်မြင့်ခင်စာသင်သည်ကို (ညောင်ကျိုးကလားမသိ) ဆံပင်လိမ်လိမ်နှင့်
ကိုအုန်းသန်းက ရေဒီယိုက သတင်းကြေငြာနေတာနှင့်တူသည် ဟု ဆို၏။ ဆရာမကြီးက
စဝင်လာကတည်းက သင်ပုန်းပေါ်တွင် ရေးလိုက် ရှင်းပြလိုက်နှင့်။ သူ့လေသံမှာ
အတက်အကျမရှိ။ စဝင်ကတည်းက အချိန်ကုန်သွားသည်ထိ tone တစ်မျိုးတည်း ဖြစ်၏။ လက်ရေးကလေးကလည်း
အလွန်လှ၏။ ဆရာမကြီးမှာ ချောလည်းချော၊ ခန့်လည်းခန့်၏။
သူသင်သည့်
သင်္ချာဘာသာမှ တချို့ညီမျှခြင်းများဆိုလျှင် စာတစ်ကြောင်းတည်းမလောက်လို့
နောက်တစ်ကြောင်းထိ ဆက်ရသေး၏။ ကျွန်ုပ်က ထိုသင်္ချာညီမျှခြင်းများကို
ကျွန်ုပ်ညီမကိုပြရာ သူက အဲဒါတွေ ဘယ်နားသွားသုံးလို့ရမလဲ ဟု မေးလေရာ ကျွန်ုပ်မှာ
အတော် ဂွကျခဲ့ဖူး၏။ အဲလေ သူမေးသလို အဲသည် သင်္ချာတွေကို လက်တွေ့ဘဝ၌ ကျွန်ုပ်
တစ်ခါဖူးမျှ အသုံးမချခဲ့ရစဖူးပါ။
အဲလေ
ပြောကြစတမ်းဆို တကယ့်လက်တွေ့ဘဝ၌ အနှီ အင်ဂျင်နီယာကျောင်းတော်ကြီးက သင်ပေးခဲ့သမျှ
ပညာရပ် အားလုံး၏ ၁၀% ပြည့်အောင်တောင် ကျွန်ုပ် အသုံးမချခဲ့စဖူးပါဟု ပြောလျှင်
အသင်တို့ လွန်သည် မထင်ပါနှင့်။ သို့သော် ထိုပညာရပ်များ၏ အခြေခံမှာ နောက်ထပ်
အင်ဂျင်နီယာပညာရပ်များကို လေ့လာရာတွင် အလွန်အသုံးတည့်ကြောင်း ထပ်မံ လေ့လာဖူးသူများ
သိပါသည်။ ကျောင်းပြီးသွားသည့်အခါ အင်ဂျင်နီယာပညာရပ်များကိုလည်း ထပ်မံ မလေ့လာ။
အင်ဂျင်နီယာ အလုပ်ကိုလည်း မလုပ်ကြသူများအဖို့ ထိုကျောင်းတော်ကြီးမှ
သင်ပေးသမျှပညာအားလုံး သဲထဲကို သွန်လိုက်သည့် ရေအလား ဖြစ်သွားပါသည် (ဟု
ကျွန်ုပ်ကဆိုလျှင် အသင်တို့ မဆဲပါနှင့်။ ကျွန်ုပ်က အရှိကိုအရှိအတိုင်း၊ အမှန်ကို
အမှန်အတိုင်း ပြောတာ ဖြစ်ပါသည်။)။
ပဉ္စမနှစ်တွင်
တစ်နှစ်ကျသဖြင့် ကျွန်တော် စက်မှုတက္ကသိုလ်ကို ၅ နှစ်တက်ခဲ့ရပါသည်။ သို့အတွက်
တကယ်ပြောကြစတမ်း ဆို ကျွန်တော်တို့ field ဆင်းခဲ့တာတွေ၊ အဆောင်မှာ နေခဲ့ရသည့်
ဘဝတွေ၊ ကျောင်းတက်တုံးက အတွေ့အကြုံတွေ အများကြီးပြောစရာ ကျန်ပါသေးသည်။ သို့သော်လည်း
ယခုပင် စာမျက်နှာ အတော်စားသွားပြီဖြစ်၍ ဤမျှနှင့်ရပ်ပါတော့မည်။
ဖတ်ရှုအားပေးသူအားလုံးကို
ကျေးဇူးအထူးတင်ပါသည်။
အေးငြိမ်း
(လေးမျက်နှာ)
၁၆ ဩဂုတ်လ၊ ၂၀၂၅