(၁) Training Partners Gateway
“ဟယ်၊ နင့် လက်ပ်တော့ကလည်း ကွန်ပြူတာလိုပဲနော်”
“မြတ်ချွာဖျား”
စင်ကာပူအစိုးရက အမြဲဆန်းသစ်နေရတာကို သဘောကျလေတော့ အခု ဘာတဲ့ . . ဒစ်ဂျစ်တိုက်ဇေးရှင်းဆိုလား။ ဒစ်ဂျစ်တယ်လိုက်ဇေးရှင်းဆိုလား၊ ကျွတ်တို့တော့ နားမလည်ဘောင်။
ဆိုတော့ ထလိန်နင်စင်တာတွေကို ပေပါလက်စ်စနစ်သို့ အတင်းအဓမ္မပြောင်း၏။
အတန်းတက်သည့်လက်မှတ် (attendance) အတွက် သူတို့ (TPGateway) က QR Code ပို့ပေး၏။ သင်တန်းသားများက ထို QR Code ကို scan ဖတ်လျက် ကိုယ့်နာမည်၊ email, FIN No. စတာတွေဖြည့်ပြီး တင်ရ၏။
ဘယ့်နှယ်ဗျာ။ အလုပ်သမားတွေပါဆိုမှ ဘယ့်နှာလုပ် အီးမေးတွေ အက်ဖ်မေးတွေ ရှိဘာမဒုံး။ သူတို့ system က email နှင့်မှ ဝင်လို့ရ၏။ ဆိုတော့ ကျွန်ုပ်မှာ တစ်နေ့တစ်နေ့ သူတို့ဘို့ အီးမေးဖွင့်ပေးရတာနှင့်ပင် လက်မလည်နိုင်။
နောက်ပြီး သင်တန်းတစ်ခုအတွက် အနည်းဆုံး (၃) ရက်ကြိုပြီး register လုပ်ရ၏။ သင်တန်း register လုပ်ပြီးနောက် သင်တန်းသား စာရင်းတွေကို သပ်သပ် ထပ်တင်ရ၏။ သင်တန်းသား/သင်တန်းဆရာ အပြောင်းအလဲကို နောက်မှ ပြန်ပြင်၊ အခု ရှိတဲ့သူနဲ့ အရင်လုပ်ထား။
တင်တော့လည်း ရိုးရိုးတင်ရတာမဟုတ်။ ကင်းမြီးကောက်ထောင် တင်ရ (ဟုတ်ပေါင်) Code no. တွေ အများကြီး ဖြည့်ရ၏။ သင်တန်းအတွက် Course Reference code, Skill code, သင်တန်းတစ်ခုချင်းအတွက် Course Run Number, (Attendance အတွက် attendance code) စသဖြင့်ဖြစ်၏။
စာမေးပွဲဖြေပြီးတော့လည်း Assessment record ကို သူတို့ system ထဲသို့ ၁၄ ရက်အတွင်း upload လုပ်ရ၏။
နောက်ပြီး သူတို့ system ကလည်း ၆တလွဲခင်ဗျ။
တခါတလေ ဘာမှ မမှားပါဘဲလျက် သင်တန်း register လုပ်လို့မရ။ Assessment record တွေ တင်လို့မရ။ Error တွေ ပြနေ၏။ သင်တန်းတစ်ခုတည်းမှာတောင် ပုံစံဖြည့်တာချင်းအတူတူ ၃ ယောက်တင်တယ်ဆိုပါစို့။ တစ်ယောက်ပဲ ရပြီး ၂ ယောက်မရတာမျိုးတွေ ရှိ၏။
ဆိုတော့ သွက်သွက်လက်လက် မဟုတ်သူ။ ခပ်ထိုင်းထိုင်းသမားတွေဆို လုပ်တတ်ဘို့ရာ မလွယ်။
အထူးသဖြင့် ကွန်ပြူတာကို ကောင်းကောင်းမွန်မွန် ကိုင်တတ်ဘို့လို၏။ Microsoft Office ကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်ဘို့ လို၏။
ကွန်ပြူတာကို မကိုင်တတ်ဘဲ၊ အင်တာနက်ကို သေသေချာချာ မသုံးတတ်ဘဲ သည်ဟာတွေလုပ်ဖို့ရာမဖြစ်နိုင်။
ပထမ ကုလားမလေးတစ်ယောက် ရောက်လာ၏။
သူ့မိဘတွေက ဟိုအမွေးမီးမလောင်၊ ဒီအမွေးမီးမလောင် (ဟို = ခြေ၊ ဒီ = လက်) ထား၏။
နောက်တော့ သူဌေးနှင့်ပေးစားလိုက်၏။ သူဌေးကလည်း မယားချောလေးကို ဖူးဖူးမှုတ်ထားဟန်တူ၏။ ကျောင်းပြီးလို့ ယောက်ျားရပြီး ခလေးတစ်ယောက်မွေးသည့်တိုင် ထမင်းကို ကိုယ့်ဘာသာ ခူးစားရကောင်းမှန်း သိမည် မဟုတ်ချေ။
“တစ်နေ့တော့ စာရွက်ညှပ်တဲ့ကလစ် ယူလာပြီး ဒါနဲ့ စာရွက်ကို ဘယ်လိုညှပ်ရမလဲ လို့ လာမေးတယ်။ သမီးဖြင့် လက်ရော၊ ခြေရော အကုန်လန်တာပဲ” ဟု သူဇာက ပြော၏။
သူက ကွန်ပြူတာဆိုတာကို တီဗီနှင့် လက်နှိပ်စက် ပေါင်းထားသည့်အရာဟုသာ နားလည်လေတော့ ဘာမှ သုံးလို့ စားလို့ မရ။
ဆိုတော့ သိပ်ကြာကြာမခံလိုက်။ နောက်တစ်ယောက် ရောက်လာ၏။
သူဟာအဖြူဆို ကိုယ်ဟာအမဲ။
သူက စိနတိုင်းသူ။ ပထမတစ်ယောက်နှင့် ပြောင်းပြန်။
အသားအရေတင် ပြောင်းပြန်ဖြစ်တာမဟုတ်။ အမူအရာမှာလည်း ပီဘိ ပြောင်းပြန်ဖြစ်လေ၏။
ပထမတစ်ယောက်က ရေခဲတုံးပေါ် ဖင်ခုထိုင်နေသူကဲ့သို့ဖြစ်ပြီး သူက - င် ထဲ ပဒတ်ဝင်နေသလို ဖြစ်၏။
ပထမတစ်ယောက်က တစ်နေ့လုံးနေလို့ (၃) ခါပြည့်အောင် ကုလားထိုင်ပေါ်က ထသူမဟုတ်။ သူကတော့ ရုံးထဲ စဝင်လာ ကတည်းက နောက်က လူလိုက်လာသလို ဟိုဟာလုပ်ပါအုံး၊ ဒီဟာကြည့်ပေးပါအုံးနှင့် အမြဲအလုပ်ရှုပ်နေလေ၏။
သို့သော် ရှေးလူကြီးများ ပြောသလို ‘ပြာသာပြာတယ်၊ ဖွဲမထွက်ဘူး’ ဆိုသကဲ့သို့ဖြစ်၏။
(ဤစကားပုံကို ခုခေတ်ကလေးများ နားလည်နိုင်စရာမရှိ။ ယခုခေတ်မှာ ဆန်ပြာတယ်ဆိုတာ မကြားဖူးတော့ပြီ။ သည်တော့ ဖွဲထွက်တယ်ဆိုတာကိုလည်း နားမလည်နိုင်။)
တစ်နေ့လုံးပျာယာသာခတ်နေသည်။ ဘာတစ်ခုမှ လက်ညှိုးထိုးပြနိုင်လောက်အောင် အလုပ်ပြီးတယ်ရယ်လို့ မရှိ။
သည်တော့ သူလည်း ကြာကြာမခံ။
သည်တစ်ခါတော့ ကျွန်ုပ်က ကြိုမှာထား၏။
ဆြာလေး၊ သူတို့ကို ဒီအတိုင်းလွှတ်ထားလို့မဖြစ်ဘူးဗျ။
ဒီတစ်ခါလာရင် ကိုယ့်ဆီလွှတ်လိုက်။ ကိုယ် တစ်ပတ်၊ ဆယ်ရက်လောက် အချိန်ယူ သင်ပေးမယ်။
သို့နှင့် တမြန်မနေ့က တစ်ယောက် ထပ်ရောက်လာ၏။
‘ကိုင်း - မမ ဒီဘက်ကြွ’ ဟု ဆိုကာ ကျွန်ုပ်က ပန်းသီးကလေးကိုထုတ်လျက် သင်တန်းစမည် ဟန်ပြင်၏။
ထိုအခါ ကျွန်ုပ်၏ ပန်းသီးကလေးကို ကြည့်ကာ အနှီမမကြီးက ဟို့ . . . အစမှာ ရေးပြထားသလို ပဋိသန္တာရ ပြုလိုက်ခြင်း ဖြစ်၏။ ကျွန်ုပ်မှာမူကား ‘အို မိုးနတ်မင်းကြီး၊ အကျွန်ုပ်ကို သေဘို့ခွန်အား ပေးသနားတော်မူပါ’ ဟုသာ ညည်းမိပါတော့ သတည်း။
(၂) မိဘမကောင်း သားသမီးခေါင်း
ကျွန်ုပ်တို့ မြန်မာစကားပုံ၌ ‘သားသမီးမကောင်း မိဘခေါင်း’ ဟုသာ စကားရှိ၏။
မိဘမကောင်း သားသမီးခေါင်း ဟူသည့် ဆိုရိုးမရှိချေ။
အမှန်စင်စစ် မိဘမကောင်းသဖြင့် ဒုက္ခများကြရကုန်သော သားသမီးအပေါင်းမှာ မနည်းလှဟုဆိုရမည်။
မန်လည်ဆရာတော်ဘုရားကြီး ရေးစပ်သီကုံးတော်မူသည့် “မဃဒေဝ လင်္ကာသစ်” ပိုဒ်ရေ ၃၁၆ ၌ “အတတ်ပညာ၊ အလိမ္မာကို၊ ငယ်ခါကလျှင်၊ မသင်စေငြား၊ မိဘများကား၊ သား၏ရန်သူ၊ မည်သော့ဟူရှင့်” ဟု လည်းကောင်း၊ “သားသမီး ငယ်၊ အရွယ်တော်က၊ မဆုံးမလျှင်၊ မိဘတလည်၊ ရန်သူမည်၏” ဟု လည်းကောင်း ပုတ္တောဝါဒခန်းတွင် ဖော်ပြထား၏။
သည်နေရာ၌ ‘အတတ်ပညာ၊ အလိမ္မာ’ ဟူသည် ကျောင်းထားပေးတာတစ်ခုတည်းကို ဆိုလိုတာမဟုတ်။
ဘဝ နေနည်းထိုင်နည်းများပါ ပါသည်ဆိုတာ ဒုံးမဝေးသော ကျွန်ုပ်မိတ်ဆွေများ သိပါသည်။
‘လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုပ္ဗာစရိယ၊ မိနှင့်ဘ’ ဆိုသည်မှာ ဟဲ့၊ သည်လိုမနေနဲ့၊ သည်လိုမထိုင်နဲ့။ ဟောသဟာကို အနှီလိုလုပ်ရတယ် စသဖြင့် ကလေးများအား အစစ အရာရာ သွန်သင်ဆုံးမပေးရန် မိဘတို့မှာ တာဝန်ရှိကြောင်း ညွှန်ပြ ထားတာဖြစ်၏။
မိဘတို့သည် မိမိတို့သားသမီးများကို လူမှန်းသိတတ်စကတည်းက နေတတ်၊ ထိုင်တတ်၊ ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်း ဆက်ဆံတတ်အောင် သင်ပေးရ၏။
‘သား . . . လမ်းသွားတဲ့အခါ အမှုမဲ့၊ အမှတ်မဲ့ မသွားရဘူးကွဲ့။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ကြည့်ထားရတယ်။ အဲဒီ တော့မှ လိုတဲ့အခါ အလွယ်တကူ ရှာလို့ရတယ်’ ဟု ပြောရ၏။
ကျွန်ုပ်တို့အိမ်၌ သောင်တင်နေသော မယားဘက်မှ တူတစ်ယောက်သည် ရှိ၏။ တစ်နေ့ ဘဏ်ကိစ္စ အရေးကြီးသည့် စာတစ်စောင်ထည့်ရန် ခိုင်းစေမိ၏။ ‘မင်း - ဂျူရောင်းပွိုင့်က စာတိုက်ကို သိသလား’ ဆိုတော့ ဘယ်နေရာမှာလဲ ဟု မေး၏။ အကျွန်ုပ် ၎င်းကို ဘယ့်နှာလုပ် စိတ်ချလက်ချ ခိုင်းလို့ရပါမည်နည်း။ မတော် အမှိုက်ပုံးကို စာတိုက်ပုံးမှတ်ပြီး ထည့်လိုက်ပါက ဒွတ်ခ။
အနှီငနဲ သည်နေရာမှာနေတာ (၅) နှစ်ရှိပြီ။ ဂျူရောင်းပွိုင့်ကိုသွားတာ အခေါက်ပေါင်း ၅ သိန်း ၅ သောင်း ၅ ထောင် ၅ ရာ ၅ ဆယ် ၅ ခေါက်လောက်ရှိပြီ။ POSB ဆိုတာ လူတစ်ရပ်စာလောက် ရှိသည့် စာလုံးကြီးတွေနှင့်ဂျူရောင်းပွိုင့် အပြင်နား တွင် ရှိ၏။ ၎င်းမှာ POSB ဘယ်နားနေမှန်းမသိ။
တစ်ခါကလည်း သားဖုန်း screen ကွဲသွားလို့ ပြန်လဲဘို့ခိုင်းတာ ဖုန်းပြင်သည့်ဆိုင် ဘယ်နားရှိမှန်းမသိ။
မိဘတို့သည် မိမိတို့သားသမီးကို ကိုယ့်တာဝန် ကိုယ်ယူတတ်အောင် သင်ပေးရ၏။
အမှိုက်ကို တွေ့ကရာ မပစ်ဘို့။
ပစ္စည်းတွေကို ယူသုံးပြီး နေရာတကျ ပြန်ထားဘို့။
သပ်သပ်ခပ်ခပ် နေတတ်ဘို့။ ဖြစ်ကတတ်ဆန်း မနေဘို့။ အိမ်သာတက်ပြီး ရေဆွဲချခဲ့ဘို့ကအစ။
အစာစားသည့်အခါ သေသေသပ်သပ် စားတတ်ဘို့။ အစားအသောက်ကို မကုန်နိုင်ရင်ကာထည့်ပြီး လွှင့်ပစ်တာမျိုး မလုပ်ဖို့။
အားလုံးပါသည်။
ကျွန်ုပ်တို့ မြန်မာမိဘတွေကတော့ လွန်ကိုလွန်လွန်းပါသည်။
ကျောင်းဆင်းချိန်တွင် မိဘတွေက ကားကြီးကားငယ်အသွယ်သွယ်နှင့် ထမင်းဘူးတွေ၊ ရေဘူးတွေ၊ ဘာညာသာရကာ တွေယူပြီး ကျောင်းရှေ့မှာ လာစောင့်နေကြတာ မိတ်ဆွေတို့ တွေ့ဖူးပါလိမ့်မည်။ ၎င်းတို့ကြောင့် အများပြည်သူ သွားလာနေသည့် ကားလမ်းကြောင်းများ ပိတ်ကုန်၏။ ငါတို့ကြောင့် တခြားသူတွေ အနှောင့်အယှက်ဖြစ်ရတယ် ဟု နည်းနည်းမှ ထည့်မတွေး။ ကိုယ့်ဘို့ တစ်ဘို့တည်းသာသိသည့် အလွန်အတ္တကြီးသူများ ဖြစ်ကြ၏။
ကျွန်ုပ်တို့အိမ်နားက ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း အဝမှာဆို မမြင်ချင်မှ အဆုံး။
အဲသလောက်ထိ လုပ်ပေးဘို့ရာ လိုပါသလား။
သား ကျောင်းဆင်းလျှင် သူ့အမေက ကားဂိတ်မှာ သွား သွား ကြိုနေတတ်၏။ သားက နည်းနည်းမှ မကြိုက်။ ကျွန်ုပ်လည်း ပြောပါ၏။ ပြောလို့မရ။ သူသွားမကြိုတော့ရော ဘာဖြစ်မှာတုံး။
သူအဲသလို သွားကြိုမည့်အချိန် တခြားအိမ်အလုပ်တွေ လုပ်လို့ရသည်။ အနည်းဆုံးတော့ သားအခန်းကို လှည်းကျင်းလို့ ရသည်။
မိဘတွေက နေရာတကာ အကုန်လိုက်လုပ်ပေးနေသည့်အခါ သားသမီးများမှာ ကိုယ့်ဘာသာကိုယ် မလုပ်တတ်တော့။
ဟိုဟာဆိုလည်းမသိ၊ ဒါဆိုလည်း မလုပ်တတ်။ အဝတ်လည်း မလျှော်တတ်။ မီးပူလည်း မတိုက်တတ်။ ထမင်းချက်တတ်ဘို့ဆိုတာ ဝေလာဝေး။ သန့်ရှင်းရေးလုပ်ဘို့ဆိုတာ သူတို့နှင့် လားလားမှ မပတ်သက်။
ထိုအခါ ထိုကလေးများမှာ လူ့လောကတွင် မဝင်ဆံ့တော့။
အကယ်၍ ထိုကလေးသည် မိဘနှင့်ဝေးရာ အခြားနေရာသွားနေရပြီဆိုပါက ဘာမှမလုပ်တတ်တာနှင့်ပင် စိတ်ကျရောဂါ ရနိုင်လေသည်။
ဤသည်မှာ သားသမီးကိုချစ်ရာ မရောက်၊ နှစ်ရာရောက်၏။
(၃) နိဂုံး
အစောပိုင်းက ပြဆိုခဲ့သော ကုလားမကလေးမှာ ထိုအစားထဲက ဖြစ်၏။
သူ ဘာလုပ်တတ်သနည်း။
ဘာဆိုဘာမှ မလုပ်တတ်ပါ။
ထိုအခါ စောစီးစွာပင် ညောင်းသွားရရှာလေသည်။
ဤသည်မှာ သည်တစ်နေရာတည်းတင် မဟုတ်။ ဘယ်သွားသွား အဆင်ပြေစရာအကြောင်း မရှိပါ။
အနို့ ဘာမှသုံးစားမရသူတစ်ယောက်ကို အဘယ်သူသည် အလကား လခပေးထားပါမည်နည်း။
ဤသည်မှာ သူ့အပြစ်မဟုတ်။ သူ့ကိုထိန်းကျောင်းခဲ့သည့်သူများ အပြစ်ဖြစ်၏။
သူ့ကို ဘာမှ မလုပ်တတ်အောင် သူတို့လုပ်ခဲ့သည်။
တကယ်ခံစားရတော့ သူဖြစ်၏။
ဘာမှ မလုပ်တတ်တော့ သူ့ခမျာ နေ့စဉ်နှင့်အမျှ စိတ်ညစ်နေရရှာလေသည်။
ကိုယ့်သားသမီးကိုချစ်လျှင် သူတို့ကို အကုန်လုပ်ခိုင်းပါ။ အိမ်သာကအစ ဆေးခိုင်းပါ။ တံမြက်စည်းလှည်းတာကအစ သင်ပေးထားပါ။
သူတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ပိုင်ပိုင်နိုင်နိုင်ရပ်နိုင်သည်ဆိုလျှင်၊ ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်သည်ဆိုလျှင် သင်သည် မိဘတာဝန် ကျေသူဖြစ်ပြီ။
အသင်တို့သည် ကိုယ့်သားသမီးကို ချစ်တတ်ပါစေ။ မနှစ်ပါလေနှင့်။
သားသမီးအရင်း၊ နှိပ်ကွပ်ခြင်း၊ ကင်းရှင်းကြပါစေ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၃၁ ဒီဇင်ဘာ၊ ၂၀၂၀
No comments:
Post a Comment