ဟိုတစ်နေ့က ဒေါက်တာညီညီ တင်ထားသည့် ပို့စ်အတိုလေးကို ဖတ်မိရာမှ ရင်ထဲ ကျလိကျလိဖြစ်လာ၍ ရေးလိုက်ရပြန်ပါကြောင်း။
(၁) Specific Gravity (Sp. Gr.)
ပစ္စည်းတိုင်းတွင် ကိုယ်ပိုင် အလေးချိန်ရှိ၏။ ပစ္စည်းတစ်ခုနှင့်တစ်ခု အလေးချိန်ချင်းမတူ။
ပစ္စည်းတစ်ခုတည်းပင်လျှင် အခြေအနေနှင့် အချိန်အခါကိုလိုက်၍ အလေးချိန်၊ အလျား၊ ထုထည် စသည်တို့ ပြောင်းသွားတတ်၏။
ပစ္စည်းတို့၏ အလေးချိန်ကို နှိုင်းရအလေးချိန် (Specific Gravity (Sp. Gr.)) ဖြင့် ဖော်ပြ၏။
ရေ၏ နှိုင်းရအလေးချိန်မှာ ၁ ဖြစ်၏။ သာမန် လေထုအပူချိန်နှင့် ဖိအားတွင် ရေ ၁ ကုဗမီတာသည် ၁ တန် လေး၏။ ရေ ၁ လီတာသည် ၁ ကီလိုဂရမ် လေး၏။
ပစ္စည်းများ၏ အလေးချိန်ကို ရေ၏ အလေးချိန်ဖြင့် နှိုင်းယှဉ် တွက်ချက်၏။
ပစ္စည်းအချို့၏ Sp. Gr. ကို နမူနာဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်၏။
ဒန် - ၂.၇
ကြေးဝါ - ၈.၄၈
ကြေးနီ - ၈.၉၆
သံ - ၇.၈၇
ခဲ - ၁၁.၃၅
သွပ် - ၇.၁၂
ပင်လယ်ရေ - ၁.၀၂
ရေ၏ နှိုင်းရအလေးချိန်မှာ ၁ ဖြစ်ကြောင်း အထက်တွင် ဆိုခဲ့ပြီ။
သို့အတွက် ဒန် ၁ ကုဗမီတာသည် ၂.၇ တန် လေး၏။
သံ ၁ ကုဗမီတာသည် ၇.၈၇ တန် လေးသည် ဟု အလွယ်တကူ သိနိုင်ပေပြီ။
ယခုပြောမည့်အကြောင်းမှာ စပါးဖြစ်၏။
သီးနှံတိုင်းတွင်လည်း စံအလေးချိန်ရှိ၏။ သို့သော် မည်မျှလေးသည်ဆိုခြင်းကို သီးနှံ၏ အခြေအနေပေါ် မူတည် တွက်ရမည်။ စပါးသီးနှံအတွက်မူ ၁) စပါးမျိုးစိတ် နှင့် ၂) ရေငွေ့ပါဝင်နှုန်းသည် အဓိကအချက်ဖြစ်မည်။
စပါးမျိုးစိတ်တစ်ခုတည်းပင်လျှင် ရေငွေ့ပါဝင်မှုအပေါ်မူတည်ကာ အလေးချိန်ပြောင်းနိုင်သေး၏။
ဆန်၏ အလေးချိန်မှာ 1.452 g/ml ဖြစ်ပြီး လုံးဝန်းသောစပါး အလေးချိန်မှာ 1.182 g/ml နှင့် အခြားစပါးမျိုးများမှာ 1.224g/ml ဖြစ်သည်ဟု https://onlinelibrary.wiley.com/doi/abs/10.1002/jsfa.2740230204 ၌ ဖော်ပြထား၏။
သို့သော် ဤသည်မှာ ဆန်/စပါးအားလုံးအတွက်ဖြစ်ပြီး ဆန်/စပါးမျိုးကွဲတစ်ခုချင်းအလိုက်ဆိုလျှင် kg/m3 ဟု ဖော်ပြပါက ပိုပြီးနားလည်ရလွယ်ပေမည်။
မြန်မာနိုင်ငံတွင် ကောက်ပဲသီးနှံများကို ရောင်းဝယ်သည့်အခါ ရှေးအခါ ကာလများကတည်းက ပြည်တောင်း၊ စိတ်တောင်း၊ တင်းတောင်းတို့ကိုသာ သုံးခဲ့၏။ ထိုပြည်တောင်းစသည်တို့၏ အရွယ်အစားအကြီးအသေးကို အောက်ပါ အတိုင်း တိုင်းတာ၏။
၂ လမြူ = ၁ လမျက်
၂ လမျက် = ၁ လမယ်
၂ လမယ် = ၁ စလယ်
၂ စလယ် = ၁ ခွက်
၂ ခွက် = ၁ ပြည်
၄ ပြည် = ၁ စိတ်
၂ စိတ် = ၁ ခွဲ
၂ ခွဲ = ၁ တင်း
ယခုခေတ်တွင်မူ လမြူ၊ လမျက်၊ လမယ်၊ စလယ်၊ ခွက် စသည့်အသုံးများပျောက်ခါ ၎င်းတို့နေရာ၌ နို့ဆီဘူးကို အစားထိုး သုံးစွဲလိုက်၏။ ၁ လမြူ ဆိုသည့်ပမာဏမှာ မည်သည်ကို အခြေခံ၍သတ်မှတ်သည်ကို ကျွန်ုပ်မသိပါ။ သင်တို့လည်း သိမည်မထင်ပါ။ သို့သော် နို့ဆီဘူးတစ်ဘူး၏ ပမာဏကိုမူ လူတိုင်း အလွယ်တကူ သိနိုင်၏။
ယခု ပြဿနာမှာ စပါးမျိုးမတူသည့်အလိုက် ကွာခြားသွားသော ထုထည်များအကြောင်း ဖြစ်၏။
(၂)
ဒေါက်တာညီညီက The Commerce Journal တွင်ပါသည့် ဆောင်းပါးကို ရည်ညွှန်းကာ -
“ဘာ့ကြောင့်များ တစ်တင်းရဲ့ထုထည်ဖြစ်တဲ့ကုဗပေက ပြောင်းလဲနေရသလဲ?” ဟု မေးခွန်းထုတ်ထား၏။
Ref:
၂၀၁၈ ဇွန်လ ၁၁ ရက်နေ့ထုတ် စီးပွားရေးသတင်းဂျာနယ်၊ အတွဲ ၁၈၊ အမှတ် ၂၃၊ စာမျက်နှာ ၁၇ ၌ DOCA (Domestic) ၏ “မြန်မာ့ပေါ်ဆန်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အလားအလာ မျှော်မှန်းချက်” ဆောင်းပါးတွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကို (ပုံတွင်ရှု) ဒေါက်တာညီညီက မေးခွန်းထုတ်ထားတာ ဖြစ်၏။
သူ့ပို့စ်အောက်တွင် ဆွေးနွေးထားသည့် ဆွေးနွေးချက်များမှာ ပညာရသလို စိတ်ဝင်စားစရာလည်း ကောင်း၏။
ဆောင်းပါး၌ စပါးအရွယ်အစားနှင့်ပုံသဏ္ဌာန်မတူသည့်အတွက် volume နဲ့ ချိန်တွယ်ရင် (volume ကလည်း ဘာသာပြန်စရာ မြန်မာစကားလုံးမရှိဘူးနဲ့တူပါရဲ့။ ဒါမှမဟုတ် ထုထည်ဆိုရင် မြန်မာတွေနားမလည်မှာစိုးလို့ ယင်းဂလစ်ရှ်လို မှုတ်လိုက်ရတာလည်း ဖြစ်နိုင်ပါ၏။) ကွဲပြားသည် ဆို၏။
မှားပါသည်။
သူပြောသည့် volume ဆိုတာ ထုထည်ဖြစ်၏။ ထုထည်ကို ချိန်လို့မရပါ။ ချင်လို့သာရပါသည်။ (မြန်မာစကားလည်း ဘာသုံးလို့ သုံးရမှန်းမသိ။)
ထုထည်သည် ထုထည်သာဖြစ်၍ ကွဲစရာအကြောင်းကို မရှိပါ။ တစ်တင်းသည် တစ်တင်းထုထည်သာရှိ၏။ တစ်ပြည်သည် တစ်ပြည် ထုထည်သာရှိ၏။ ဘာကမှ ကွဲစရာမရှိ။
သူက ၄၆ ပေါင်ကိုက် စပါးတစ်တင်း၌ ငစိန်ဆိုရင် ဘလား ဘလား ကုဗပေ၊ ရွှေဝါထွန်းဆိုရင် ဘလား ဘလား ကုဗပေ၊ ငကျွဲဆိုရင် ဘလား ဘလား ကုဗပေ စသဖြင့် တွက်ချက်သုတေသနပြုထား၏။
ယခင်တစ်ခါကလည်း ဆရာမကြီးတစ်ဦးက ဝူဟန်နှင့် မြန်မာပြည်မှာ မိုင် ၂၀၀၀ ကျော်ဝေးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောက်မလာတာဖြစ်ကြောင်း ညပေါင်းများစွာ အိပ်ရေးပျက်ခံကာ သုတေသနလုပ်ပြီး တင်ပြခဲ့လေရာ ကျွန်ုပ်မှာ ကျွတ်စ်၊ ကျွတ်စ်၊ ကျွတ်စ် ဟု သုံးကြိမ်တိုင်တိုင် ကျွတ်စ်ထိုးမိခဲ့၏။
ယခုလည်း ကျွန်တော်တို့ဌာနက လေ့လာတွေ့ရှိရပါတယ် ဟု ရေးပြီး ၎င်းတို့ လေ့လာတွေ့ရှိချက်များကို ဤဆောင်းပါး၌ ဖော်ပြထားလေရာ ကျွန်ုပ်မှာ နောက်တစ်ဖန် ကျွတ်စ်သုံးကြိမ် ထိုးမိပြန်လေ၏။
ဤသည်တို့မှာ ချစ်တီးခေါင်း သန်းရှာသည့် အလုပ်များဖြစ်ပြီး သူတို့အတွက်၊ (၇) ရက်သားသမီးတို့အတွက်၊ တိုင်းပြည် အတွက်၊ မည်သူ့အတွက်မှ အကျိုးမများပါ။
သူက ၄၆ ပေါင်ကိုက် စပါးတစ်တင်း ဟု ဆိုထားရာ ဤသည်ကိုက လွဲနေပါသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ၆တလွဲအသုံးကြီးကို ၂၁ ရာစုထိတိုင် မပြင်။ သည်အတိုင်း ဆက်သုံးနေသေးသည်မှာ လွန်စွာ ဝမ်းနည်းဘွယ်ရာ ဖြစ်တော့၏။
စပါးမျိုးကိုလိုက်၍ နှိုင်းရအလေးချိန်ကွာသွားပါသည်။ သို့အတွက် ၄၆ ပေါင်ဟု ပုံသေသတ်မှတ်မည်ဆိုလျှင် စပါးမျိုးကို လိုက်ပြီး တစ်တင်းထက် ပိုချင်ပိုနိုင်သလို လျော့ချင်လည်း လျော့နိုင်ပါသည်။ အကယ်၍ တစ်တင်းကို ပုံသေသတ်မှတ် မည်ဆိုလျှင် စပါးမျိုးကိုလိုက်ပြီး ၄၆ ပေါင်ထက် ပိုချင်ပိုမည်၊ လျော့ချင် လျော့မည်။
ကျွန်ုပ်ကတော့ ၎င်းတို့ရေးထားတာကို နံနံဂျားကလူတွေ မဖတ်မိပါစေနဲ့ဟု ဆုတောင်းပါသည်။ အလွန်ရှက်စရာ ကောင်းလှ၏။
ထိုဂျာနယ် စာမျက်နှာ ၁၅ တွင်လည်း အတိုင်းအတာ အချင်အတွယ်များနှင့် ပတ်သက်၍ အလောင်းစည်သူမင်းက အမိန့် ထုတ်ပြန်ခဲ့သည်ဟု ဖော်ပြထား၏။ ကျွန်ုပ်အမှတ်မမှားဘူးဆိုလျှင် အလောင်းစည်သူမင်း မဟုတ်ပါ။ သာလွန်မင်းတရား ကြီး ဖြစ်ပါသည်။ ထိုဆောင်းပါး၌ပင် တစ်တင်းကို စံထားချင်တွယ်မှုကြောင့် အစိုဓာတ်ကိုလိုက်၍ ပေါင် ၄၀ မှ ၅၅ ပေါင် ထိ ဖြစ်နေကြောင်းကိုလည်း ပြဆိုထားပါသေး၏။ သို့ပါလျက်နှင့် ၄၆ ပေါင် တစ်တင်းဟု ပြောဆိုရေးသား၊ သုံးနှုန်း လက်တွေ့ကျင့်သုံးနေကြသည်ကို ကျွန်ုပ်အနေနှင့် နားမလည်နိုင် ဖြစ်မိ၏။
မြန်မာပြည်၌သုံးနေကြသည့် အလေးချိန်ခွင် တင်းတောင်းများ မှန်မမှန်၊ အဘယ်သကောင့်သားသည် ဂရုစိုက်ပြီး တိုင်းတာပါသနည်း။ မြန်မာပြည်၌သုံးနေကြသည့် အလေးချိန်ခွင် တင်းတောင်းများအတွက် စံ အလေးချိန်ခွင် တင်းတောင်းများကို အဘယ်ဌာန၌ ထားရှိပါသနည်း။ ထို အလေးချိန်ခွင် တင်းတောင်းများ မှန်ကန်ရေး ချိန်ကိုက် (calibration) ရန် မည်သူ စဉ်းစားပါသနည်း။ (အသက်ကလည်း မငယ်တော့ဘူးဆိုတော့ ရိုင်းပြတဲ့ အသုံးအနှုန်းတွေကို အတော် ထိန်းချုပ်ထားရသဗျို။)
မိတ်ဆွေတို့ (အဲလေ) ဂေါ်ဇီလာလောက်ကြီးသည့် အသင် ကိုလူကြီးတို့ -
ခညားတို့ပြောနေသည့် ၄၆ ပေါင်ကိုက်တစ်တင်း ဆိုသည့် မဟုတ်က၊ မဟတ်ကကြီးကို သည်ကနေ့မှစ၍ အားမနာ ပါးမနာ လွှင့်ပစ်လိုက်ကြပါ။
ကောက်ပဲသီးနှံများကို ကန်စွန်းဥ၊ ပဲသီး၊ မုန်လာဥနီ၊ ခွေးလယားသီး (ဟုတ်ပေါင်၊ လက်လွန်ကုန်ပြီ) စသည်အားလုံးကို အလေးချိန် - တစ်ကီလိုလျှင်ဘယ်လောက် စသဖြင့်သာ ရောင်းဝယ်ကြပါကုန်လော့။
အသင်တို့သည် ဒွတ္တဘောင်မင်းလက်ထက်က ခေတ်ဆွေး၊ စနစ်ဆွေးကြီးထဲ၌ အိပ်ပျော်နေရာမှ နိုးထကြကုန်လော့။
ပြောင်းမည်ဆိုပြီး စနစ်ကိုပြောင်းဘို့ စိတ်မကူး။ အိမ်ကမိန်းမကို အသစ်ပြောင်းဘို့ စိတ်ကူးနေသည်များကို စွန့်လွှတ်ကြပါ ကုန်လော့။
သည်အကြောင်းကို ကျွန်တော် ရေးခဲ့၊ ပြောခဲ့တာ တစ်ခါနှစ်ခါ မကတော့ပါ။
ဘာတဲ့၊ ကမ္ဘာ့စံချိန်စံညွှန်းများနေ့ ဆိုလား။ အဲသမှာလည်း ပြောခဲ့၏။ အဲလေ၊ ပြောခဲ့သည်ဆိုတာထက် ကလိခဲ့သည် ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ ကျွန်ုပ်မေးခွန်းကို အိ အ နှင့် တိတိပပ ဘာမှ ပြန်မဖြေနိုင်။
နောက်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှာလည်း ဟောပြောပွဲလုပ်ပြီး ပြောခဲ့ဖူး၏။
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၃ ရက် နေ့စွဲဖြင့် တင်ထားသည့် ကျွန်တော့် ဘလောက်ပို့စ်မှာလည်း ဖတ်ကြည့်နိုင်ပါ၏။ ဟို့အရင် ၂၀၀၈ ခုနှစ်လောက်ကလည်း ရေးခဲ့ဖူးပါသည်။
Ref:
သို့သော် ဘာတစ်ခုမှ အရာမထင်ခဲ့ပါ။
ဤကဲ့သို့သော အကျိုးမရှိသည့် အလုပ်များကို လုပ်ခဲ့သည်တို့မှာ ကျွန်ုပ်၏ မိုက်မဲမှုများစွာတို့အနက်မှ တစ်ခုသာ ဖြစ်ပါသည်။ ယခု သင်္ချိုင်းကုန်းနှင့် သိပ်မဝေးလှတော့သည့် အချိန်များတွင်မူ ထိုကဲ့သို့သော မိုက်မဲသည့်အလုပ်များကို မလုပ်တော့ပါ။ ယခုပို့စ်ကို အချိန်ကုန်ခံ ရေးရခြင်းမှာ အသင် လုံကလေး၊ လုံမကလေး၊ လုံကကြီး၊ လုံမကကြီးတို့ အတွေးတစ်စဖြင့် ရစကောင်းစေရဲ့ဟု (အကျိုးပင် သိပ်မများလှသော်လည်း) အချိန်ကုန်ခံကာ ရေးလိုက်ခြင်း ဖြစ်ပါသတည်း။
ဒွတ္တပေါင်အတွင်း၊ အိပ်နေခြင်း၊ ကင်းရှင်းကြပါစေ
အေးငြိမ်း
၂၆ နိုဝင်ဘာလ၊ ၂၀၂၀
No comments:
Post a Comment