Monday, October 5, 2020

ကိုယ်ကျင့်တရားဆိုတာ ချိုနဲ့လားဟု မေးရမည့် မြန်မာပြည်မှ လူတချို့အကြောင်း

(၁)

 

ကျွန်ုပ်တို့တိုင်းပြည်တွင် ခိုးဝှက်စားခြင်းဖြင့် အသက်မွေးသူများ အတော် ပေါများလေ၏။ 

ဤ၌ ကျွန်ုပ်ဆိုလိုသည့် ခိုးခြင်းဆိုသည်မှာ ညဘက် သူများအိပ်ချိန်ကျမှ တက်ခိုးသည့် တကယ့် သူခိုးများကို ဆိုလိုခြင်း မဟုတ်ကြောင်း သည်လောက် ဒုံးမဝေးသည့် ကျွန်ုပ်မိတ်ဆွေများ သိပါသည်။

 

ကျွန်ုပ်ဆိုလိုသည့် သူခိုးများမှာ လူကြီးလူကောင်းဟန် ဆောင်ထားသည့် သူခိုးအကြီးစားများ ဖြစ်၏။

 

အဒိန္နာဒါနာ . . . . သမာဒိယာမိ . . . ဟု နေ့နေ့ညည ရွတ်ဆိုနေကြကုန်သူတို့သည် အခြားသူတစ်ယောက်ပိုင်သည့် ပစ္စည်းကိုသော်လည်းကောင်း၊ ပြည်သူပိုင်ပစ္စည်းကိုသော် လည်းကောင်း၊ နိုင်ငံပိုင် ပစ္စည်းကိုသော်လည်းကောင်း၊ လူမသိဘဲတစ်မျိုး၊ လူသိခံ၍တစ်မျိုး၊ ပေါ်တင်တမျိုး၊ ကွယ်ဝှက်၍တစ်မျိုး၊ နည်းမျိုးစုံဖြင့် ခိုးခြင်းအမှုကို အရှက်ကင်းမဲ့စွာ ပြုကြလေကုန်၏။

 

တစ်ချိန်တစ်ခါက ဤကဲ့သို့ခိုးခြင်းသည်ပင်လျှင် လူကြီးလူကောင်းတို့၏ အပြုအမူ၊ ဤကဲ့သို့ခိုးတတ်မှ တကယ့်လူလိမ္မာ၊ အများအားကျ အထင်ကြီးခြင်းခံရသူ ဖြစ်ခဲ့ဖူးလေ၏။ ပြည်သူပိုင်ပစ္စည်းကို ခိုးဝှက်ခြင်းဖြင့် ကြီးပွားသည်ကို ဂုဏ်တစ်ရပ် အဖြစ်ရှုမြင်ခဲ့ကြသည့် ယဉ်ကျေးမှုတစ်ခု မြန်မာပြည်တွင် နှစ်အတန်ကြာ ထွန်းကားခဲ့ဖူးလေသည်။

 

ထိုသူခိုးများသည်ပင်လျှင် ဘုရားကျောင်းကန်ကြီးများ အကြီးအကျယ် ဆောက်လုပ်လှူဒါန်းကာ ဘုရားဒါယကာ၊ ကျောင်းဒါယကာ အမည်ခံကြကုန်၏။ ၎င်းတို့ကတော်များ၏ လည်ပင်းမှ စိန်စီထားသည့် ဆွဲကြိုးကြီးကို အမျိုးသမီးတို့ သည် အားကျငေးမောကြကုန်၏။ မိမိတို့၏ လည်ပင်းကို စိန်စီဆွဲကြိုး ဆင်မပေးနိုင်သည့် လင်ယောက်ျားများကို သောက်သုံးမကျသူများအဖြစ် ရှုမြင်ကြလေကုန်၏။

 

၁၉၉၅ ခုနှစ် အခါ ကာလများဆီက နယ်တစ်ခုသို့ အစိုးရအရာရှိကြီးတစ်ယောက် လာလေရာ ၎င်းနှင့်အတူ ၎င်း၏ ကတော်ပါ ကပ် ပါလာ၏။ 

 

အရာရှိကြီးက ၎င်းမသိမတတ်သည်တို့ကို ဌာနများတွင် ရွှီးနေချိန်၊​ လိုအပ်သည်များကို မှာစားနေချိန်၌ ၎င်း၏ ကတော်မှာ ဒေသဆိုင်ရာ အရာရှိကတော်များကို ကုသိုလ်တော်များ ရကြစေခြင်းအလို့ငှာ အနီးအနားရှိမြို့ထဲသို့ ဈေးဝယ်ထွက်ရန် ကြွချီတော်မူ၏။ ထိုအခါ ဟိုကတော်၊ သည်ကတော်တို့မှာ ပိုက်ဆံအိတ်ကြီးများ ဖောင်းကားနေအောင် ထည့်လျက် ကျွန်ုပ်တို့တော၌ ရှင်လောင်းလှည့်သကဲ့သို့ နောက်မှတန်းစီကာ လိုက်ပါ ခစားတော်မူကြရလေ၏။ 

 

ကတော်ကြီးက ရှေ့မှ ရွရွကလေး ကြွချီတော်မူလျက် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ကာ မိမိလိုချင်သည့် ပစ္စည်းများကို လက်ညှိုးနှင့် ညွှန်ပြတော်မူသည်ဆို၏။ နောက်တော်ပါးမှ ခစားလျက် လိုက်ပါကြရကုန်သည့် အရာရှိကတော်များက ထိုပစ္စည်းများကို ကောက်သိမ်းကာ ပိုက်ဆံရှင်းပေးတော် မူကြရ၏။ 

 

၎င်းတို့၏ ဘုန်းကံကြီးမားပုံကိုကြည့်ကာ (ကျွတ်၊ ကျွတ်၊ ကျွတ်) ဟု သုံးကြိမ်တိုင်အောင် ကျွန်ုပ်မှာ စုပ်သပ်မိလေသည်။

 

ထို့ပြင်လည်း (ဟုတ်မဟုတ်တော့မသိ) ကျွန်ုပ်တို့ကြားသိရသည်မှာ အောက်ပါအတိုင်းဖြစ်၏။

 

မြန်မာသံရုံးသည် အလှူဒါန ပြုကြသူငါ ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားကာ မိမိတို့ပိုက်ဆံနှင့် မိမိတို့ ဒုက္ခခံကာ နိုင်ငံခြားသို့ထွက် အလုပ်လုပ်ကြရကုန်သော ရွှေမြန်မာ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ထံမှ ဝင်ငွေခွန်ဆိုကာ ဝပ်ပါမစ်ဆိုလျှင် တစ်လ ၄၀၊ S Pass/EP ဆိုလျှင် တစ်လ ၁၂၀ အခွန်တောင်းခံလေ၏။

 

၎င်းတို့က အခွန်ဟု အမည်ခံထားသော လစဉ် သန်းနှင့်ချီကာဝင်နေသည့် ထိုပိုက်ဆံများမှာ မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေ ထဲသို့မရောက် (ကျွန်ုပ် သေသေချာချာသိ၍ ပြောခြင်းမဟုတ်။ အခြားသူများ ပြောသံကြားတာ ဖြစ်ပါသည်။)။ အနှီ လူကြီးဆိုသူ၏ မယားအရင်း၊​ မယားတစ်ဝမ်းကွဲ၊ သားသမီး၊ မြေးမြစ်တီကျွတ်တို့ စင်ကာပူလာသည့်အခါ ကမြင်းကြော ထတော်မူကြရန် ဆောင်ထားရသည့် ပိုက်ဆံများဖြစ်သည် ဆို၏။

 

ဖော်ပြပါမျိုးမစစ်တို့မှာ အခြားသူများကဲ့သို့ သာမန်ဟော်တယ်တွင် တည်းရတာ ကျောယားလှသည်ဆိုသဖြင့် ကြယ် ၅ လုံး၊ ကြယ် ၆ လုံး၊ ကြယ် ၁၂ လုံး စသည့် ဈေးကြီးပေ့ဟူသည့် ဟော်တယ်များတွင်သာ တည်းခိုတော် မူကြလေသည်။ စင်ကာပူတွင် ဩချတ်ဟူသည် ကျွန်ုပ်တို့လို သာမန်လူများ ဈေးဝယ်ရာနေရာမဟုတ်။ အနှီ သားတော် သမီးတော်၊ မြေးမြစ်တီကျွတ်တော်တို့မှာ ဩချတ်မှ ဈေးကြီးလှပေ့ဆိုသည့် အဝတ်အစား၊ အသုံးအဆောင်များကိုသာ သုံးဆောင်တော် မူကြလေရာ နဖူးကချွေး ခြေမကျအောင် ရှာထားရသော ပိုက်ဆံများဖြင့် ဆောင်ထားသည့် အခွန်ဟူသော ပိုက်ဆံများမှာ ၎င်းတို့၏ အသုံးစရိတ်များအဖြစ် ရွှေ့ပြောင်း အသုံးတော်ခံရသည်ဟု ပြောသံကြားဖူးလေသည်။

 

ကျွန်ုပ်တို့ ရွှေပြည်ကြီးမှ အရာရှိကြီး ဆိုသူတို့မှာ မိမိတို့ဝင်ငွေမျှလောက်ဖြင့် ဤမျှကြီးကျယ်ခန်းနားသည့် စည်းစိမ်များကို မည်သည့်နည်းနှင့်မှ မရနိုင်ဟု မတွက်ဆတတ်ကုန်သည်ဖြစ်ရာ အနှီသကောင့်သားများမှာ အမှန်ပင် သနားစရာ သတ္တဝါများ ဖြစ်ကြလေကုန်၏။

 

အသိပညာ ဆိုသည်မှာ ဘွဲ့တွေရတာ၊ မရတာ၊ အသက်ကြီးတာ၊ ငယ်တာ၊ ရာထူးကြီးတာ ငယ်တာနှင့် လားလားမျှ မသက်ဆိုင်ကြောင်း ဤဖြစ်ရပ်များက သက်သေပြနေလေ၏။

 

(၂)

 

ကျွန်ုပ်တို့ရွာမှ ရွာသူရွာသားများကို ကျွန်ုပ် အတော်ချစ်၏။

အဘယ်ကြောင့်ချစ်ရသနည်းဟူမူ ၎င်းတို့၏ ရိုးသားသည့် စိတ်နေစိတ်ထား၊ ရိုးသားစွာနေထိုင် စားသောက်မှုတို့ကြောင့် ဖြစ်၏။

 

ခိုးရာတွင် အလွန်ဝါသနာပါလှသော ကျွန်ုပ်တို့ရွာမှ ညီအစ်ကိုတစ်သိုက်အကြောင်း မကြာသေးမီက ကျွန်ုပ် ပို့စ်တစ်ခု ရေးခဲ့ပါ၏။

သို့သော် ကျွန်ုပ်တို့ တစ်ရွာလုံး မည်သူကမှ ၎င်းတို့ကို လူရာမသွင်းဘဲ မထားကြ။ 

ထိုပို့စ်တွင် ကျွန်ုပ်ရေးခဲ့သလို ၎င်းတို့မှာ စားစရာမရှိလို့ ခိုးတာမဟုတ်။ ချမ်းသာချင်လို့ ခိုးတာမဟုတ်။ တခြားသူနစ်နာစေလို၍ ခိုးတာမဟုတ်။ ခိုးရတာ ဝါသနာပါလို့ ခိုးတာသာ ဖြစ်လေသည်။

သူတို့ခိုး၍လည်း မည်သူမှ သည်လောက် ထိခိုက်နစ်နာတာမဟုတ်။

သို့အတွက် သူတို့ကို မည်သူကမှ အငြိုးမထား၊ အမုန်းမပွား။

ကျွန်ုပ်တို့သည်လည်း မည်သည့်အခါမှ ၎င်းတို့ကို သူခိုးတွေဟု မလေးမစား မဖြစ်မိခဲ့။ အထင်မသေးမိခဲ့။

၎င်းတို့အကြောင်းများကို ကျွန်ုပ်တို့က ရှေးဖြစ်ဟောင်း၊ အောက်မေ့ဖွယ် ရီစရာအဖြစ်သာ ပြန်ပြောင်း စမြုံ့ပြန်တာ ဖြစ်ပါသည်။

 

ကျွန်ုပ်တို့ရွာတွင် ဘယ်သူကတော့ ဘယ်သူ့ကို လိမ်သွားလို့တဲ့ ဆိုသည့်သတင်းကို မကြားစဖူး။

ကျွန်ုပ်တို့ရွာတွင် လူသတ်မှုဆိုတာ ဆယ်နှစ်နေလို့ တစ်ခါဖြစ်တာမဟုတ်။

ကျွန်ုပ်တို့ရွာ၌ ဖဲထုပ်ဟုပြောပါက ဘာလဲဟဲ့။ ဖဲပြားတွေကို ထုပ်ထားတဲ့ အထုပ်လားဟု မေးကြပေလိမ့်မည်။

လောင်းကစားဆိုတာကို ဘာလဲ၊ သင်္ကြန်မှာ ရေနဲ့လောင်းပြီး ကစားတာကို ပြောတာလားဟု မေးကြလိမ့်မည်။

 

ကျွန်ုပ်တို့ရွာမှလူများသည် အလွန်ဆင်းရဲ၏။

သို့တိုင် သူတို့သည် မည်သူ့ပစ္စည်းကိုမှ ခိုးဝှက်၊ လိမ်ညာ မစားကြ။

မရှိ ရှိတာလေးနှင့် တင်းတိမ်ရောင့်ရဲကာ စားသောက်တတ်ကြ၊ ဝတ်ဆင်နေထိုင် တတ်ကြကုန်၏။ 

 

ထို့ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်တို့ရွာမှလူများကို တန်ဘိုးထား၏။ လေးစား၏။

၎င်းတို့သည် ပညာမတတ်။ ၎င်းတို့၌ ဥစ္စာမရှိ။

သို့သော် ၎င်းတို့၌ လူသား၏ အရည်အချင်းစစ်စစ်များ ရှိလေသည်။

၎င်းတို့သည် ကိုယ့်လုပ်အားနှင့်ကိုယ် ရိုးရိုးသားသား ရှာဖွေလုပ်ကိုင် စားသောက်ကြလေသည်။

 

ထို့ကြောင့် ကျွန်ုပ်မြန်မာပြည် ပြန်သည့်အခါ ကျွန်ုပ်တို့ရွာကိုပြန်ပြီး ၎င်းတို့ကို ရွာလုံးကျွတ် ထမင်းကျွေးပါသည်။

ကျွန်ုပ်ချမ်းသာလွန်းလှ၍ မဟုတ်။ 

၎င်းတို့ကို ချစ်၍၊ ၎င်းတို့၏ လူပီသမှုကို မြတ်နိုးတန်ဘိုးထား၍ ဖြစ်ပါသည်။

 

အထက်တွင် ဖော်ပြခဲ့သည့် စိန်ရွှေငွေများ သီးနေတော်မူထကုန်သော၊ တစ်အိမ်လုံးကို ရွှေချထားတော်မူကုန်သော အရာရှိကြီး ဆိုသူများမှာ လူသား၏ တန်ဘိုးနှင့်နှိုင်းစက်ကြည့်လိုက်လျှင် ကျွန်ုပ်တို့ရွာမှ အဆင်းရဲဆုံးဆိုသည့် မိသားစု၏ ဖင်ဖျားကိုပင် မမီပါချေ။

 

(၃)

 

ဟိုတစ်နေ့က မိတ်ဆွေတစ်ယောက်က ကျွန်ုပ်၏ ပိုက်ပြင်ပိုက်ဆက်စာအုပ်ကို ဤသည်မရွေး အကုန်ကူးချကာ သူရေးထားသကဲ့သို့ လုပ်နေသူတစ်ယောက်အကြောင်း screen shot များနှင့် ပြလာပါ၏။ သို့တိုင် ကျွန်ုပ်မှာ သိပ်တော့ မအံ့ဩမိပါ။ ဤသည်မှာ မြန်မာနိုင်ငံ၌ ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရပ်တစ်ခု ဖြစ်၍ ဖြစ်ပါသည်။

 

၎င်း၏နာမည်မှာ ရန်မျိုးအောင် ဖြစ်၏။ (၎င်း၏ပုံကို Screen shot ရိုက်ထားသည့် ပုံတွင်ကြည့်ပါ)




 

ထို ကျွန်ုပ်စာအုပ်ကို ကူးချကာ သူရေးသလို လုပ်နေသူက စာရေးသူ ကျွန်ုပ်သည်လည်း မူရင်းစာအုပ်များကို ခရက်ဒစ် မပေးဘဲ ဘာသာပြန်ထားတာဖြစ်ကြောင်း စွပ်စွဲထားလိုက်ပါသေး၏။ သူ့ထံတွင် မူရင်းစာအုပ်ရှိပါသည်။ လိုချင်လျှင် ပေးပါမည်ဟု ရေးလိုက်သေး၏။ (Screen shot) များတွင် ကြည့်ပါ။ 


 

အကယ်၍ ယခုစာကိုဖတ်နေသည့် အသင်သည် ထို ကိုရန်မျိုးအောင်နှင့် သိကျွမ်းသည်ဖြစ်အံ့။

 

၎င်းအား ကျွန်ုပ် ဦးအေးငြိမ်း (အေးငြိမ်း (လေးမျက်နှာ) အမည်ဖြင့် ပိုက်ပြင်ပိုက်ဆက်စာအုပ်ကို ရေးသားသူ)) က စိန်ခေါ်လိုက်ကြောင်း ပြောလိုက်ပါလေ။ 

 

သူပြောသလို ကျွန်ုပ်၏ ပိုက်ပြင်ပိုက်ဆက်စာအုပ်နှင့် အတိအကျတူညီသော အင်္ဂလိပ်မူရင်းစာအုပ်ကို ပြနိုင်လျှင် ရန်ကုန်တွင် ပွဲကျင်းပကာ ကျွန်ုပ်က သိန်းတစ်ထောင်ပေး၍ ဝယ်ပါမည်။ အကယ်၍ ၎င်းပြသည့် စာအုပ်သည် ကျွန်ုပ်စာအုပ်နှင့် အတိအကျမကိုက်ညီခဲ့ပါမူ ကျွန်ုပ်ကို စော်ကားသည့်အတွက် သိန်း ၁၀၀ ပေးရမည် ဟု ဤနေရာမှနေ၍ စိန်ခေါ်လိုက်ပါသည်။

 

ဤစာအုပ်မှ Development ပုံများမှာ AutoCAD နှင့် ကျွန်ုပ်ဆွဲထားတာ ဖြစ်၏။ ဓာတ်ပုံအတော်များများမှာလည်း Union Alloy ကုမ္ပဏီတွင် ကျွန်ုပ်လုပ်ခဲ့စဉ် ကျွန်ုပ်ကိုယ်တိုင် ရိုက်ခဲ့သောပုံများဖြစ်၏။ ကျွန်ုပ်စာအုပ်ကို ကြိုက်လွန်းလှ၍ နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အင်္ဂလိပ်လို ဘာသာပြန်လျှင်တော့ မပြောတတ်။ အကယ်၍ ၎င်းတို့ဘာသာပြန်သည် ဆိုလျှင်ပင် မည်သည့်စာအုပ်ကို ဘာသာပြန်မှန်း သေချာပေါက် ဖော်ပြမည်ဖြစ်၏။

 

ကျွန်ုပ်ရေးသည့်စာအုပ်တိုင်း၌ ကျွန်ုပ်ရည်ညွှန်းသည့် စာအုပ်စာရင်းကို ဖော်ပြလေ့ရှိ၏။ ယခု ကျွန်ုပ်လက်ထဲ၌မူ ပိုက်ပြင် ပိုက်ဆက်စာအုပ် မရှိပါ။ သို့သော် ကျွန်ုပ်မိတ်ဆွေလေးက ထိုရည်ညွှန်းစာအုပ်စာရင်းကို ဓာတ်ပုံရိုက်ကာ ပို့ပေးပါသည်။ (ပုံတွင်ရှု)



 


ထို့ကြောင့် ကျွန်ုပ်က မူရင်းစာအုပ်ကို ခရက်ဒစ်မပေးဘဲ ဘာသာပြန်ထားတာဆိုသည်မှာ တမင်သက်သက် စော်ကားတာ သာ ဖြစ်လေသည်။ 

 

ထိုမျှသာမကသေး။ ကျွန်ုပ်၏စာအုပ်ကို ၎င်း၏ အဖေထံမှ အလကားရထားသည့် အမွေအလား စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် pdf file ကို မျှဝေပေးနေပါသေး၏။ (ယခုတော့ ထို link ကို ဖျက်သွားပါပြီ။)

 

ကျွန်ုပ် ဤပို့စ်ကိုရေးရခြင်းမှာ ကျွန်ုပ်စာအုပ်ကို ခိုးသည့်အတွက်မဟုတ်။ ကျွန်ုပ်စာအုပ်ကိုလည်း ခိုးသေး။ ကျွန်ုပ်ကိုလည်း စော်ကားသေးသည့်အတွက် ဖြစ်၏။

 

၎င်း၏ လုပ်ရပ်မှာ အိမ်ပေါ်သို့တက်ခိုးပြီး အိမ်ရှင့်မျက်နှာကို သေးနှင့်ပန်းသွားသူကဲ့သို့ ဖြစ်၏။

 

ကျွန်ုပ်စာများအား ခိုးချထားသည့် ပို့စ်ကို ကျွန်ုပ် ချစ်မိတ်ဆွေလေးက screen shot ရိုက်ပြီး ပေးပို့ထားတာရှိသော်လည်း မဖော်ပြတော့ပါ။ 

 

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုံးကလည်း NLD အနိုင်ရစေရန် ဟိုလူတွေကို အသားကုန် ဆော်ပလော်တီးထားသည့် ပို့စ်တစ်ခုကို တစ်ယောက်က ခပ်တည်တည် copy & paste လုပ်ကာ တင်တာ ကြုံလိုက်ရပါသေးသည်။​ မိတ်ဆွေ တစ်ယောက်က ပြလာသည့်အတွက် မြင်လိုက်ရပါသည်။ သို့သော် ကျွန်ုပ်က ရီစရာ ဟာသတစ်ခုအနေနှင့် သူ့ပို့စ်ကို ဟဟသာ သွားပေးလိုက်ပါသည်။ ဘာမှ မပြောလိုက်ပါ။ ဩော် - သူကြိုက်လို့ ယူပေတာပဲဟု သည်လိုသာ သဘောထား လိုက်ပါသည်။

 

ယခု အနှီ (ရန်မျိုးအောင်) ဆိုသူသည်လည်း ကျွန်ုပ်စာအုပ်ကို ခိုးရုံခိုးသည်ဆိုလျှင် ဘာမှ ပြောမည်မဟုတ်ပါ။ ယခုက အသားလွတ်စော်ကားသည့်အတွက် စိန်ခေါ်လိုက်တာဖြစ်ပါသည်။

 

(၄)

 

များမကြာသေးမီကပင် သတင်းစာ၌ PE တံဆိပ်တုံးထုထားသည့် Drawing များကို ခိုးသုံးသည့်အတွက် သတင်းစာမှ လူသိထင်ရှား တောင်းပန်ခဲ့ရသော သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါသေးသည်။

 

ထို့ပြင်လည်း စင်ကာပူတွင် ရောက်နေသည်ဟု သိရသော PE တစ်ယောက်၏ ကဒ်ကို ဓာတ်ပုံများ၊ နာမည်များ ပြောင်းကာ ခပ်တည်တည် ယူသုံးနေသူတစ်ယောက်ကိုလည်း တွေ့လိုက်ရပါသေး၏။ 

 

ထိုကဲ့သို့သော အမှုများ မကြာခဏ ကြားသိရပါသည်။ 

သည့်အတွက်လည်း ကျွန်တော် အလွန် စိတ်ကုန်မိ၏။

ကျွန်ုပ်တို့ မြန်မာလူမျိုးများ သည်မျှပျက်စီးသွားခြင်းအပေါ် ကျွန်ုပ် အလွန် ဝမ်းနည်းမိလေသည်။

ယခု ကျွန်ုပ်တို့မှာ အသက် (၆၀) ထဲရောက်နေပါပြီ။ လူ့လောကတွင် နေရန်အချိန် သိပ်မကျန်တော့ပါ။

မြန်မာနိုင်ငံ၏ အနာဂတ်ကို ၎င်းတို့လက်ထဲ၌ ထားခဲ့ရမှာ ဖြစ်၏။

ဤကဲ့သို့သောသူများဖြင့် ဘယ်ပုံဆက် စခန်းသွားကြမည်နည်း။

 

မိတ်ဆွေများအား သိစေလိုသည်မှာ -

 

ကျွန်ုပ်သည် အလုပ်ချိန်များမှလွဲ၍ နေ့မအား၊ ညမနား စာဖတ်ပါသည်။ စာရေးပါသည်။

ကျွန်ုပ်စာရေးနေသည်မှာ ပိုက်ဆံကို လိုချင်၍ မဟုတ်။ 

ဆောင်းပါးတစ်စောင်အတွက် ရသော ကျပ်ငွေတစ်သောင်းသည် ကျွန်ုပ်သားစားသည့် WingStop တစ်ပွဲစာတောင် မရှိပါ။

အလုပ်တစ်ဖက်နှင့် ရေးရသည့်အတွက် စာတစ်အုပ်လျှင် ၉ လလောက်ကြာပါသည်။

နောက်ပြီး စာအုပ်တစ်အုပ်အတွက် ရသည့်ပိုက်ဆံမှာ ကျွန်ုပ်စာသင်၍ ရသော (၁၀) ရက်စာတောင် မရှိပါ။

သို့ဆိုလျှင် အဘယ်ကြောင့် ရေးသနည်း။

ရေးချင်လို့ရေးပါသည်။

 

ကျွန်ုပ်စာအုပ်များမှ စာများကို ခိုးချင်လျှင် လွတ်လွတ်လပ်လပ် ခိုးနိုင်ပါသည်။

သို့သော် မစော်ကားပါနှင့်။

စော်ကားလာလျှင်မူ ပြတ်ပြတ်သားသား တုံ့ပြန်မည်ဆိုသည်ကို သတိပေးလိုက်ပါသည်။

 

သမ္မာအာဇီဝ ဆိုသည့်စကားကို နားမလည်ကုန်သော အသင်တို့သည် ခိုးဝှက်စားခြင်းဖြင့်သာ အသက်မွေးကြပါကုန်လော့။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၅ အောက်တိုဘာ၊ ၂၀၂၀

No comments: