နိဒါန်း
(ယခုရေးမည်မှာ ကျွန်ုပ်တို့
သားအဖအကြောင်းဖြစ်၍ စိတ်ဝင်စားစရာမရှိဟု ထင်သူများ မဖတ်ဘဲ နေနိုင်ပါသည်။ ဤကား
စကားချပ်။)
ဘာသာပြန်ကိစ္စနှင့်ပတ်သက်၍
ကျွန်ုပ်၌ မိတ်ဆွေများကို ဝေမျှစရာ အတော်များများ ရှိပါသည်။ သို့သော်လည်းပေ့ါလေ၊
အရာရာကို ထောက်ထားပြီး ရေးချင်တိုင်း ရေးလို့မရတာတွေလည်း ရှိသပေ့ါ။ ကျုပ်သာ
စိတ်ရှိလက်ရှိ ထုံးစံအတိုင်း ရိသလိုသဲ့သလို ပိဿာလေးနှင့် ဘေးပစ်သလို
ရေးထည့်လိုက်လျှင် ရန်ကုန်အပြန် ချောင်းရိုက်ခံရကိန်းရှိသည်။ ထို့အပြင်
မိတ်ပျက်စရာတွေလည်း ဖြစ်ကုန်မည်။ အနို့ စိုသောလက်ကို မခြောက်စေနှင့် ဟူသော
စကားလည်း ရှိသည် မဟုတ်ပါ လော။ သို့တိုင် ခရစ္စတိုဖာပေါက်ကျိုင်းတွင်တော့
အကုန်ပါမည်သာ မှတ်လေ။
၂၀၁၉၊ အောက်တိုဘာလ ၁ ရက်နေ့မှစကာ
ဘာသာပြန်စရာ အလုပ်တစ်ခုရသဖြင့်၊ ရက်ကလည်း သိပ်မရ၊ အကန့်အသတ်နှင့်ဆိုတော့
ကျွန်ုပ်မှာ အချိန်မီပြီးအောင် မနည်း အသည်းအသန် လုပ်ရလေ၏။ စာကလည်း မနက် ၈ နာရီ ကနေ
ညနေ ၇ နာရီလောက်ထိ နေ့တိုင်းလိုလို သင်နေရသေးတာဆိုတော့ တစ်ညကို ၅ နာရီသာအိပ်ကာ ချရ၏။
တချို့ညတွေဆို ည ၂ နာရီမှအိပ်၊ မနက် ၆ နာရီ ၁၅ ထ ဆိုတော့ ၄
နာရီလောက်ပဲအိပ်ရတာတွေတောင်ရှိ၏။ တခြားဗာဟီရကိစ္စတွေ ဘာဆို ဘာမှ မလုပ်နိုင်။
နေ့စဉ်ဝတ်မပျက်လုပ်ရသည့် ဖေ့စ်ဘွတ်ကြည့်ခြင်းအလုပ်ကိုပင် လမ်းသွားချိန်၊
အိမ်သာတက်ချိန်လောက်သာ လုပ်နိုင်လေသည်။
ဖေ့စ်ဘွတ်ကလည်း မကြည့်လို့မရ။
ဖေ့စ်ဘွတ်ကြည့်မှသာလျှင် စကားကိုလက်လွတ်စပယ် ပြောပြီး လူပုံအလယ်မှာ
ပြန်တောင်းပန်ရသည်ဆိုသည့် အတင်း (ဟုတ်ပေါင်) သတင်း၊ ကျမသားလေးတွေ
စိတ်မကောင်းဖစ်လို့ဆိုလား မစစ်ပါနဲ့ ဆိုသည့် သတင်း စတာတွေသိရမည် ဖြစ်လေသည်။
အဲသည်ဘာသာပြန် ဆိုတာကြီးကို
ပြီးခဲ့သည့် တနင်္ဂနွေနေ့ည ၁၁ နာရီ ၃၅ မိနစ်တွင် အဆုံးသတ်ပြီးနောက် လူလည်း
ဖွတ်စာဖတ်စာတက် ကျန်ခဲ့လေသတည်း။
အဲသဟာနှင့် တမြန်မနေ့ညကတော့
Maleficent နှင့် The Book of Eli ရုပ်ရှင်နှစ်ကား ကြည့်၏။ မယ်လီဖီးဆင့်ကြည့်ရတာ
ပုံပြင်တစ်ပုဒ် ဖတ်နေရသကဲ့သို့ ဖြစ်၏။ ပုံပြင်လေးက လှပါသည်။
၂၀၁၀ က ထွက်ခဲ့သည့် The Book of
Eli မှာလည်း အတော် ကြည့်ကောင်းလေသည်။ Avatar ပြီးနောက် အမေရိကားတွင် ဒုတိယ ဝင်ငွေအကောင်းဆုံးကား
ဖြစ်၏။ တတိယကမ္ဘာစစ်အပြီး ကျန်ခဲ့သည့် တစ်အုပ်တည်းသော ဘိုင်ဘယ်စာအုပ်ကို
အနောက်ဘက်အမေရိကားသို့ အသက်စွန့်ကာ သယ်သွားပုံအကြောင်း ရိုက်ထားတာဖြစ်၏။
(၁) အလုပ်ရှုပ်လှသော ကျွန်ုပ်သားအကြောင်း
-------------------------------------------------------
ကျွန်ုပ် အသက် ၄၅ နှစ်၌
သားကိုမွေး၏။
သားတစ်ယောက်ရှိသည့်အတွက်
ကျွန်ုပ်မှာ အတော် အလုပ်ရှုပ်လေသည်။ ပိုက်ဆံလည်း အတော်ကုန်လှ၏။
(တစ်ယောက်မို့လို့ပဲ။
နှစ်ယောက်များဆို ပုဆိုးဝတ်ချိန်တောင်ရမှာမဟုတ်။ ခါးပတ်နှင့် ပတ်ထားရကိန်းရှိ၏။)
သူက Youtube ကြည့်ကာ တော်ကြာ
ပုရွက်ဆိတ်တွေ မွေးချင်ပြန်ပြီ၊ တော်ကြာ ဟိုအပင်စိုက်ချင်လို့ စသည်ဖြင့်
လုပ်ချင်တာတွေ များလှ၏။ သူလုပ်ချင်တာမှန်သမျှ ဖအေလုပ်သူတို့၏ တာဝန်ဝတ္တရားအရ
ကျွန်ုပ်မှာ ဖြည့်ဆည်း ပေးရလေ၏။
သို့သော် သူလုပ်ချင်တာက
ကောက်ရိုးမီးလို ခဏသာ ဖြစ်ပြီး နောက်ပိုင်းဇာတ်လမ်းမှာ အကုန်
ကျွန်ုပ်တာဝန်များချည်း ဖြစ်လေသည်။
သူက ပုရွက်ဆိတ်မွေးချင်သပဆိုတော့
ကျွန်ုပ်မှာ တိုက်အောက်ဆင်းကာ ပုရွက်ဆိတ်များ သွားသည့်လမ်းကြောင်း တစ်လျှောက်
ထောက်လှမ်းရေးလုပ်ရ၏။ သူလိုချင်တာက ပုရွက်ဆိတ် ဘုရင်မ။ သူ့အပြောအရ
ပုရွက်ဆိတ်ဘုရင်မက ဘယ်မှမထွက်ဘဲ တွင်းထဲ၌သာ အောင်းနေသည် ဆို၏။
တခြားလုပ်သားပုရွက်ဆိတ်များက သူ့ကို အစာရှာကျွေးရ၏။
ပုရွက်ဆိတ်တွင်းရှာရန် ကျွန်ုပ်
ပုရွက်ဆိတ်များနောက် ခြေရာခံကြည့်ပါသည်။ ပုရွက်ဆိတ်များမှာ အက်ကြောင်းများ အတွင်း
ဝင်သွားတာများ၍ ကျွန်ုပ် ပုရွက်ဆိတ်တွင်းရှာခြင်းအလုပ်မှာ မအောင်မြင်။
လက်လျှော့လိုက်ရ၏။
သူက ကနေဒါမှ ပုရွက်ဆိတ်ချစ်သူများ
(ဆိုပါတော့) အဖွဲ့၏ အဖွဲ့ဝင်တစ်ယောက် စင်ကာပူတွင်ရှိသည်။ သူ့ဆီမှာ
ပုရွက်ဆိတ်ဘုရင်မ ဝယ်လို့ရသည်ဆိုတော့ အနှီငနဲကို လှမ်း ဖုန်းဆက်ရ၏။
တိုတိုပြောရလျှင် သူ့ဆီမှာ ပုရွက်ဆိတ် ဘုရင်မ တစ်ကောင်ကို စင်းဒေါ်လာ ၂၆ (မြန်မာငွေ
သုံးသောင်းနီးပါး) ပေးကာ ဝယ်လိုက်၏။ ဘုရင်မဆိုတော့ ဒီအတိုင်းထားလို့မရ။ ပလတ်စတစ်ပုံး
တစ်ခုကို သူ့အတွက် အဆောင်အယောင်များနှင့် နန်းတော် (ဟုတ်ပေါင် - မှားကုန်ပြီ)
ရွှံ့များနှင့် နေစရာအိမ်လုပ်၊ အစာနှင့် လေပိုက်၊ ရေပိုက်စသည်တို့ ဆင်ပေးရ၏။
နောက်ပြီး ဘုရင်မက အလင်းရောင်မကြိုက် ဆိုသဖြင့် မှောင်ထဲမှာ ထားရ၏။
သူက မွေးသာမွေးချင်တာ။ ကျန်တာအကုန်
ကျွန်ုပ်လုပ်ရတာသာ ဖြစ်၏။ နောက်တော့ ကျွန်ုပ်လည်း ကိုယ့်အလုပ်နှင့် ကိုယ်၊ အမေ့မေ့
အလျော့လျော့နှင့် ဘုရင်မကို ပစ်ထားမိရာ (သူက မှောင်ထဲမှာထားရတာဆိုတော့ မမြင်ကွယ်ရာ
ရောက်နေတာလည်း ပါသပေါ့။) သတိရလို့လည်း ကြည့်လိုက်ရော ဘုရင်မှခမျာ ပျောက်ချင်းမလှ
ပျောက်သွားလေပြီ။
ကျွန်ုပ်သိသမျှ ပုရွက်ဆိတ်မှာ
အမဲနှင့် အနီ နှစ်မျိုးသာရှိ၏။ ပုရွက်ဆိတ်အမဲက အိမ်တွေပေါ်မှာ နေတတ်၏။
အချိုကြိုက်၏။ လူကို မကိုက်တတ်။ ပုရွက်ဆိတ်အနီက အိမ်တွေပေါ် တက်မလာတတ်။
မြေကြီးထဲမှာသာ နေ၏။ ကိုက်လျှင် အတော်နာ၏။
သားပြောတော့မှ
ပုရွက်ဆိတ်အမျိုးပေါင်း များစွာရှိမှန်း သိရ၏။ သူတို့သဘာဝ၊ နေပုံထိုင်ပုံများကို
သားကရှင်းပြ သည့်တိုင် ယင်္ဂလိပ်လိုချည်းဆိုတော့ ကျွန်ုပ်နားမလည်နိုင်။
နောက်ပြီး ရွှေငါးလေးတွေ
မွေးချင်သပဆိုပြီး ငါးကန်ဝယ်၊ ရွှေငါးတွေဝယ်။ မွေးသေးသည်။ ဘာဖြစ်သည်မသိ။ ဝယ်ထည့်
သမျှငါးလေးတွေမှာ ကြာကြာမခံ။ အကုန် မာလကီးယားကုန်သည်။ တစ်ကောင်သေလိုက်
ထပ်ဝယ်လိုက်နှင့် အဲသည်တုံး ကလည်း ကျွန်ုပ်မှာ ငါးတွေလိုက်ရှာ ဝယ်ရတာ၊
ငါးကန်ရေလှယ်ရတာ အလုပ်တစ်ခုဖြစ်၏။ ဒါလည်း သိပ်မကြာပါ။ လေးငါးလလောက်သာ ကြာမည်
ထင်ပါသည်။ နောက်တော့ သားရယ်၊ မင်းဟာက ငါးလေးတွေ ခေါ်သတ်သလိုဖြစ်နေ တယ်။ မမွေးပါနဲ့တော့ဟု
မနည်း တောင်းတောင်းပန်ပန် ပြောကာ ငါးကန်ပုန်းကြီးကို ချောင်ထဲ ထိုးထားလိုက်ရ၏။
နောက်ပြီး သူတို့ကျောင်းက
အကောင်လေးတွေ၏ ဘဝသံသရာကို လေ့လာရအောင်ဆိုကာ ပိုးတောင့်တဲ ၄၊ ၅ ကောင် ပေးလိုက်၏။ ထမင်းဝယ်လျှင်
ထည့်ပေးသည့် ပလတ်စတစ်ဘူးကို အပ်နှင့် အောက်ခြေတွင် အပေါက်ကလေးများ ဖောက်။
(သူပြောတာ ကတော့ ထိုအပေါက်မှနေ၍ ဥများအောက်ကို ကျမည်။ အောက်တွင်
နောက်ဘူးတစ်ခုနှင့်ခံကာ နောက်မျိုးဆက်ကို ဆက်မွေး စသဖြင့် ဖြစ်၏။) အထဲတွင်
ကွေကာအုတ်များထည့်။ လေရအောင် ဘူး၌ အပေါက် ကလေးများ ဖောက်။ သူတို့ စားဘို့
ပန်းသီးကို စိတ်ကာ ထည့်ပေးထားရ၏။ ၃ - ၄ ရက်တစ်ခါ ပန်းသီးကို လဲပေးရ၏။
ရက်အတန်ကြာတော့
ပိုးတောင့်တဲကလေးများမှာ ပိုးတုံးလုံးကလေးများ ဖြစ်သွားသည်။ နောက်တော့ အကောင်ပေါက်
လာပြီး အတောင်မာ၊ မည်းမည်းများနှင့် ပိုးကောင်ကြီးများ ဖြစ်လာလေသည်။
များမကြာမီပင် ထိုအကောင်များ တစ်ကောင်နှင့်တစ်ကောင် နသားပါးယားလုပ်ကြပြီး နောက်ထပ်
ပိုးတောင့်တဲကလေးများ ထပ်ပေါက်လာပြန်သတည်း။
သူတို့စာမေးပွဲကြီးပြီးလို့
ဒီဇင်ဘာလ ရန်ကုန်ပြန်ကြသည့်အခါ ထိုအကောင်များကို သည်အတိုင်းထားခဲ့ရ၏။ ပြန်လာတော့ .
. . . အဘားလေး . . . . .
ရန်ကုန်ပြန်သည့် သုံးပတ်လောက်
အတောအတွင်း အကောင်ဦးရေ အတော် တိုးပွားနေလေ၏။
ပိုးကောင် မည်းမည်းများမှာ
မနည်းလှသလို ပိုးတောင့်တဲများမှာလည်း အနည်းဆုံး အကောင် ၃၀ လောက် (ထို့ထက်
ပိုချင်ပိုပါမည်) ရှိလေသည်။
သားက သူ့အကောင်များကို
လွှတ်မပစ်ချင်။ သို့သော် ထိုအကောင်များကို ကျွန်ုပ် ဘာလုပ်ရပါမည်နည်း။
ဒီအကောင်တွေ မွေးရတဲ့ရည်ရွယ်ချက်က
မင်း သူတို့ဘဝသံသရာအကြောင်း သိဘို့ပဲ မဟုတ်လားကွာ။ အခု သူတို့
မျိုးဆက်တစ်ခုအကြောင်း မင်း ကောင်းကောင်းသိသွားမှဘဲ။ ဆက်ထားစရာမလိုတော့ပါဘူး ဟု
အတင်းအကြပ်ပြောကာ မြေကြီးပေါ်ဆင်းလျက် ထိုအကောင်များကို ပန်းခြုံများအတွင်း၌
လွှတ်လိုက်၏။
(၂) အပင်များနှင့်ပတ်သက်၍ ကျွန်ုပ်
အတော် ဒုံးဝေးပုံအကြောင်း
------------------------------------------------------------------------------
နောက် သူဓာတ်ကျသည်မှာ အပင်များ
ဖြစ်၏။ ဟိုအပင်၊ ဒီအပင်လေးများလိုချင်သည်ဆိုတော့ စိုက်ပျိုးရေးမိတ်ဆွေ ဖြစ်သည့်
မအေးအေးမွန်ကို အပူကပ်ရ၏။ သူက ပန်းအိုးပေါက်စနလေး လေးလုံးနှင့် အပင်လေးများ
လာပေးသည်။ အပင်လေးများ ရလာတော့ သားမှာ အတော်ပျော်လေ၏။ ထုံးစံအတိုင်းပင်
ထိုအပင်လေးများကို ရေလောင်း၊ ပေါင်းသင် လုပ်ရသည်မှာတော့ ကျွန်ုပ်ပင် မဟုတ်ပါလော။
လပေါင်းအတန်ကြာတော့
ပန်းပင်ကလေးများမှာ အနွယ်များတက်လျက် အတော် စည်ကားလာလေသည်။ သားက သူ့ အပင်များကို
နေရောင်ရသည့်ဘက် ရွှေ့ပေးပါဆိုတော့ နေရောင်ရသည့်ဘက်သို့ ရွှေ့လိုက်၏။ ရက်အနည်းငယ်
အကြာ တွင် ပန်းနွယ်မှ အရွက်များမှာ ဝါလာသည်။ အဝါရောင်ရှိသည့်ဘက်တွင်
ဖြည်းဖြည်းချင်း ခြောက်လိုက်လာ၏။ (ပုံ ၁၊ ၂)
ထိုကဲ့သို့ အရွက်များ
အတော်များလာတော့ ဒါ သာမန်မဟုတ်ဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ ဟု ထိုအရွက်များကို
ဓာတ်ပုံရိုက်ကာ မအေးအေးမွန်ဆီ လှမ်းမေးတော့ သူက ဒါ အရမ်းပူလို့ဖြစ်တာ။ အပင်တွေကို
နေမထိစေနဲ့။ အရိပ်ထဲမှာ ထားပါ ဆို၏။
ငမ် - ကျွန်ုပ်တို့ငယ်စဉ်က သိပ္ပံ
ဆိုတာကြီးထဲတွင် အပင်များ အစာချက်ပုံမှာ နေရောင်ခြည်မှ သစ်ရွက်ကိုထိကာ
ကလိုရိုဖီးထုတ်ကာ ချက်သည် ဆိုလား သင်ခဲ့ရ၏။ ထိုသီအိုရီမှာ အပင်အားလုံးအတွက်
မှန်သည်ဟု ကျွန်ုပ်က ထင်ထားလေရာ ယခုမှ မှားမှန်းသိသည်။ (ကျွန်ုပ်မှာ
ထိုအယူအဆမှားကြီးကို တစ်သက်တာ ကာလပတ်လုံး ကိုင်စွဲလာခဲ့ ကြောင်း ယခုမှ ဝမ်းနည်းစွာ
သိရလေသည်။) မအေးအေးမွန်က money plant များကို နေထိလို့မရ၊ အရိပ်ထဲတွင်သာ ထားရသည်
ဆို၏။
အချို့အနွယ်များမှာ ၄ - ၅
မီတာမျှပင် ရှိနေပြီဖြစ်ရာ သည်အပင်များကို နေမထိအောင် ဘယ်နား သွားထားရပါလိမ့်ဟု
ကျွန်ုပ်မှာ အတော် ဦးဏှောက်ခြောက်အောင် စဉ်းစားရလေသည်။ နောက်တော့ မိုးရေဆင်းသည့် ၆
လက်မပိုက်ကြီးကို ပတ်ကာ အပေါ် ပတ်တင်ပေးလိုက်၏။ အောင်မယ်၊ အတော်လေး စည်စည်ကားကား
ဖြစ်သွားတော့ တယ်ဟုတ်တဲ့ ငါပါလားဟု ကိုယ့်ကိုယ်ကိုယ်တောင် သွေး
နားထင်ရောက်မိလေသေး၏။ You are a good gardener. ဟု သားက ချီးမွမ်း၏။
ပြောတော့ လွယ်လွယ်လေးခင်ဗျား။
တစ်ပင်နှင့်တစ်ပင် လိမ်ယှက်နေသည့် ထိုအပင်များကို ရှင်းထုတ်ရတာ အတော်
အချိန်ကုန်လေသည်။
အပင်များကို ပိုက်ပေါ်ပတ်တင်ပြီး
မကြာမတင်မီပင် နောက်ပြဿနာတစ်ခု တက်ပြန်လေ၏။
အရွက်တော်တော်များများမှာ လှီလာကာ
ဖြော့တော့ ညှိုးခြောက်လာကြကုန်၏။ (ပုံ ၃၊ ၄)
ကျွန်ုပ်က မြေဩဇာများကို
ရေနှင့်ဖျော်ကာ ဖြန်းပေး၏။
မထူး။
သို့နှင့် ထုံးစံအတွင်း
အရွက်များကို ဓာတ်ပုံရိုက်ကာ မအေးအေးမွန်ကို လှမ်းမေးရပြန်၏။
သူက အပင်များမှာ အိုးကသေးနေပြီး
အမြစ်များ ကြပ်သိပ်နေကြောင်း၊ အိုးကို အိုးကြီးနှင့် လဲကာ အမြစ်အချို့ကို
ဖြတ်ထုတ်ပစ်ရန်၊ သိပ်ရှည်လွန်းနေသည့် အပင်များကို ဖြတ်ပစ်ရန်။
(တော်ချက်အေ၊ အရွက်တွေမြင်တာနဲ့
ဘာဖြစ်နေတယ်ဆိုတာ သိတယ်။)
ကျွန်ုပ်က မြေဩဇာများကို
ရေနှင့်ဖျော်ကာ ဖြန်းပေးသည်ဆိုတော့ သူက OMG ဟု အာမေဋိတ်ပြုလေ၏။
အနို့ သိမှမသိဘဲကိုး။
ကျွန်ုပ်တွေးသည်မှာ ရေဖျော်လောင်းလိုက်လျှင် မြေဩဇာများ မြေကြီးအတွင်း
စိမ့်ဝင်သွားမည် ဟု ဖြစ်၏။ သူက မြေဩဇာကို လဖက်ရည်ဇွန်းနှင့် တစ်ဇွန်းလောက်
ဖြူးပေးကာ ရေများများလောင်းရန် ပြော၏။
ပထမ ကျွန်ုပ်က
အပင်ကလေးများကိုနှုတ်ကာ အိုးသစ်တွင် ပြောင်းထည့်စိုက်ရန် ကြံ၏။ သို့သော်
အပင်များမှာ နှုတ်လို့ မရ။ သို့နှင့် အိုးလေးများကို ခွဲထုတ်လိုက်သော် . .
အာဘားလေး . . . .
အထဲမှာ မြေကြီးဟူ၍ သိပ်မရှိတော့ဘဲ
အမြစ်များ လိမ်ခွေ ကြပ်သိပ်နေတာ တွေ့ရလေ၏။ အပင်များ၏ အမြစ်များမှာ လိမ်ရှုပ်ပြီး
ကြပ်ထုပ်နေလေရာ ဘယ်လိုမှ ခွဲထုတ်ဘို့ မဖြစ်နိုင်။ ကျွန်ုပ်လည်း
အမြစ်တော်တော်များများကို ဖြတ်ထုတ်ပြီး ရနိုင်သလောက် ခွဲထုတ်ရ၏။ ထို့နောက်
ပလတ်စတစ် ခွက်ကြီးများအတွင်း ပြောင်းထည့်လိုက်၏။
ယခင်က Boonlay Place ဈေးတွင်
အပင်လေးများ၊ မြေကြီး၊ မြေဩဇာများရောင်းသဖြင့် သွားရှာရာ ယခု မရှိတော့ပြီ။
ကျွန်ုပ်လည်း
ဈေးတစ်ခုလုံးပတ်ရှာပါ၏။ သို့သော် ဘယ်မှာမှ မြေကြီးရှာလို့မရ။ အဲဒါမှ ဒွတ်ခ။
ဂျူရောင်းပွိုင့်မှ Fairprice
Extra တွင်လည်း မရှိ။
(ကျွတ်တို့ရွာမှာဆို ရွာပြင်ထွက် ပေါက်တူးနဲ့တစ်ချက်ပေါက်၊
ယူပါလေ့၊ ကြိုက်သလောက်။)
သည်ကြားထဲ ဘာသာပြန်ကိစ္စပေါ်လာတော့
တော်တော်နှင့် မြေကြီးထပ်မထည့်နိုင်။
အပင်လေးများမှာ တဖြည်းဖြည်း
ညှိုးလာလေပြီ။ ကျွန်ုပ်မှာ ရေကိုသာ တွင်တွင်လောင်းရလေ၏။
တစ်နေ့ Joo Koon ၌ သင်တန်းပေးအပြီး
ပြန်အလာ Pioneer MRT နားတွင် Nursery ခင်းတစ်ခုတွေ့မိ၍ ဒီမှာတော့ ကျိန်းသေ
မြေကြီးရမည်ဟု အတော် စိတ်အေးသွားရသည်။
ဘာသာပြန်ကိစ္စကြီးပြီးသွားတော့မှ
မြေကြီးသွားဝယ်ရ၏။
ဈေးမှာလည်း အတော်သက်သာလေသည်။
စူပါမားကက်များရှိဈေးနှုန်းထက် ၅၀% မျှသာ ပေးရ၏။
ထိုအခါကျမှ အပင်ကလေးများကို
ဖြဲခွဲကာ သေသေချာချာ မြေကြီးထည့်ရသည်။
(၃) စကိတ်ဘုတ်
----------------------
ကျွန်ုပ်ဘာသာပြန်ကိစ္စနှင့်
အသည်းအသန် အလုပ်ရှုပ်နေစဉ် ကိုယ်တော်က စကိတ်ဘုတ် ဝယ်ပေးရန် အတင်းအဓမ္မ
ပူဆာပြန်လေတော့၏။ သူ့ဝသီမှာ တစ်ခုခုလိုချင်လျှင် အသည်းအသန် နေ့မဆိုင်း၊ ညမဆိုင်း၊
နာရီမျှပင်မဆိုင်းပဲ အခုချက်ချင်းလိုချင်တာ ဖြစ်၏။
သူ ၉ လသားအရွယ်လောက်က ထင်ပါသည်။
ကိုရေချမ်းတို့နှင့်အတူ မြို့ထဲမှ ပြန်လာစဉ် ရထားပေါ်သို့ ကလေးမလေး တစ်ယောက်
ပူပေါင်းကိုင်ကာ တက်လာ၏။ ထိုအခါ ကိုယ်တော်ချောက ပူပေါင်းပူဆာ၏။
သား - ရထားပေါ်မှာ ဘယ့်နှာလုပ်
ပူပေါင်းရမတုံးကွ။ ဘူတာရောက်ရင် ဖေဖေဝယ်ပေးမယ်ဆိုတာမရ။ အသည်းအသန် ငိုလေ၏။ ငိုသမှ
ရထားတစ်စီးလုံး ဆူညံပွက်လောရိုက်လေသတည်း။
ဘေးမှလူများလည်း
အရုပ်များပေးသူပေး၊ သကြားလုံးပေးသူပေး၊ ဝိုင်းချော့ကြ၏။
မရ၊ မရ၊ ဘယ်လိုမှ မရ။
ကိုရေချမ်းမှာ ကျွန်ုပ်ကို
ခမီးခမက်တော်လိုစိတ် တစ်ခါတည်း ကုန်ခမ်းသွားလေသော ဟူသတတ်။
သို့နှင့် တစ်လမ်းလုံး
သောင်းကျန်းလာရာ ကလီမင်တီဘူတာရောက်သော် ကျွန်ုပ်လည်း သူ့ကို ပုခုံးပေါ်တင်ကာ
Fairprice သို့ အသားကုန် သုတ်ချေတင်ရ၏။
ဟိုရောက်လို့ ပူစီပေါင်း
လက်ထဲရောက်တော့မှ အငိုတိတ်လေသတည်း။
သူ့အကြောင်းသိသော ကျွန်ုပ်လည်း
ပန်းသီးကလေး အိတ်ထဲထည့်ကာ ဩချတ်လိုက်ပို့ရ၏။ တော်ပါသေး၏။ ထိုင်ခုံရသဖြင့် လမ်း၌
စာရေးသွားလို့ရသည်။ စကိတ်ဘိုး SGD 99.00.
သည်မျှသာမက
သူစကိတ်စီးနေသည့်အနား၌လည်း လိုက်ထိုင်နေရသေး၏။
စကိတ်ပေါ်ကပြုတ်ကျ
ခြေထောက်နာတော့လည်း ပရုပ်ဆီလိမ်းကာ နှိပ်နယ် ပေးရသေး၏။
နောက်ပြီး စကိတ်စီးတော့
ခြေကျင်းဝတ်က နာသည်ဆို၏။
လွန်ခဲ့သည့် ၃ ရက်လောက်က
စကိတ်ဘီးလဲချင်သည်ဆို၍ လိုက်ဝယ်ပေးရပြန်၏။
စကိတ်ဘီး ၄ လုံး၊ ဘယ်ရာရင်
(bearing) ၄ ခုကို စင်းဒေါ်လာ ၁၀၉၊ အောင်မငီး။
ခြေကျင်းဝတ်နာသည့်ကိစ္စ
ဆိုင်ကလူကြီးကို မေးကြည့်တော့ သူက သူစည်းထားသည့် ခြေကျင်းဝတ်ပတ် (ankle wrap)
ကိုပြကာ ဝယ်စည်းဘို့ အကြံပြု၏။ ဘွန်လေးပြန်ရောက်တော့ ဝပ်ဆင်တွင် ankle wrap
သွားဝယ်ရာ ၃၈ ကျပ် ပေးရ လေသည်။ ပိုက်ဆံများ ဆက်တိုက်ကုန်နေတော့ ကျွန်ုပ်လည်း အတော်
စိတ်တိုလာ၏။
အိမ်ပြန်ရောက်တော့ ကျွန်ုပ်
စိတ်တိုနေမှန်းသိ၍ ဘီးများကို သူ့ဘာသာသူ လဲ၏။
ကျွန်ုပ်က ဘေးကနေ
ကြည့်ပေးရုံဖြစ်၏။
ဘီးလဲပြီး အောက်ဆင်း၏။ ဒဏ်ရာတွေနဲ့
ပြန်တက်မလာနဲ့နော် ဟု ကျွန်ုပ်မှာဖြစ်အောင် မှာလိုက်ပါ၏။
မကြာပါ။ စကိတ်ဘုတ်ကိုပိုက်ကာ
ထော့နဲ့၊ ထော့နဲ့ ပြန်တက်လာ၏။
သည်တစ်ခါလဲတာ
အတော်များသည်ထင်ပါသည်။ အိပ်ရာမှမထနိုင်။
ကျွန်ုပ်လည်း ပရုပ်ဆီလိမ်း
ပတ်တီးစည်းပေး၏။ မသက်သာ။
နောက်နေ့ ဂျူရောင်းပွိုင့်မှ
ဆေးခန်းများ လိုက်ကြည့်ရာ ဒီပါဝလီနေ့ဖြစ်၍ တစ်ဆိုင်မှ မဖွင့်။
နောက်နေ့ကျမှ ထပ်ပြရသည်။ အိတ်စရေးရိုက်ကြည့်တော့
အရိုးအက်တာဘာညာ ဘာမှမဖြစ် ဆို၏။ တော်ပါသေးရဲ့။
ဆရာဝန်က အိမ်မှာ အကိုက်အခဲပျောက်ဆေး
ဘာရှိသလဲ၊ ဘာဆေးယူအုံးလဲဆိုတော့ ငါ့မှာ
ပါရာဆီတမော့ရှိတယ်။ ဘာမှ မယူတော့ဘူးဆိုကာ ပြန်ခဲ့၏။ ဆေးခန်းပြတာ SGD 158.00.
နိဂုံး
-----
ပိုက်ဆံကုန်တာကတော့ မေးမနေပါနှင့်။
ကျွန်ုပ်မှာ အလွန်ကပ်စီးနဲသူ
ဖြစ်သဖြင့် ထမင်းတောင် ဈေးအပေါဆုံးထမင်းကို ရွေးစားတာ ဖြစ်၏။
ကပ်စီးနဲလှသဖြင့် တစ်ဘူးကို ၂ ကျပ်
၂၀ သာပေးရသည့် ဘီယာကို ၃ လမှ တစ်ဘူးလောက်သာ အာသာပြေသောက်တာ ဖြစ်၏။
ကျွန်ုပ်ကပ်စီးနဲခဲ့သမျှ သားနှင့်ကျမှ
သူ့ဘို့ချည်း ဖြစ်လေတော့သည်။
စင်ကာပူကျောင်း (အစိုးရကျောင်း)
များမှာ ကျောင်းလခ ဈေးကြီးလှ၏။
မူလတန်းကျောင်းလခမှာ
နိုင်ငံခြားသားဆို တစ်လ စင်းဒေါ်လာ ၇၁၃ (မြန်မာငွေ ၇ သိန်းကျော်)။
အာဆီယံနိုင်ငံများမှဖြစ်လျှင် ၂၆၀
လျှော့ပေး၏။
ဆိုတော့ သားအတွက် ကျောင်းလခမှာ
တစ်လကို SGD 453.
ကျူရှင်လခက တစ်ချိန်လျှင် SGD 30 ပေးရ၏။
ဆိုတော့ တစ်လကို ၄၅၀ မှ ၅၀၀။
Art Class ပန်းချီသင်တန်းက တစ်လ
၂၀၀။
တခြား ဘာကိစ္စမှ မပါသေးဘဲ သည်လခများတင်
တစ်လကို ၁၁၀၀ ကျော်ကုန်၏။
ဂျီးဆပ်စ်ခရိုက်စ်
တော်ကြာ ခါးပတ်ကြီး ဝယ်ပေးပါအုံး။
S$520
ဆက်သည့် စက်ရုပ်အရုပ်ကလေးများ
(Gundam robots) ဆိုတာ ဘီရိုတစ်လုံးအပြည့်။ တစ်ရုပ်ကို အနည်းဆုံး ၅၀ မှ ၇၅ ကျပ်ထိ
ပေးရသည်။
ညနေစာကို အပြင်မှာ ဝယ်ကျွေးသည်။
အနည်ဆုံး ၅ ကျပ်မှသည် ၈ ကျပ်ခွဲ။ တစ်ခါတလေ ၁၂ ကျပ်။
Your mouth is so expensive. ဟု ကျွန်ုပ်က
ပြော၏။
ဆိုတော့ သားအတွက် တစ်လ တစ်လ ဘယ်လောက်ကုန်မည်မှန်း
မိတ်ဆွေတို့ မှန်းဆနိုင်ပါပြီ။
ဤသည်ပင်လျှင် ကျွန်ုပ်
ပြည်တော်မပြန်နိုင်ရခြင်း အကြောင်းတစ်ခု ဖြစ်ပေတော့သတည်း။
ဖတ်ရှုအားပေးသူအပေါင်းအား
ကျေးဇူးအထူး တင်ရှိပါကြောင်း။
အေးငြိမ်း
၃၀ အောက်တိုဘာ၊ ၂၀၁၉