Tuesday, February 11, 2014

ခရီးတွင်လို့ ရွာစဉ်မသိ

(၁)

ယခုတလော နေရထိုင်ရသည်မှာ အဆင်မပြေ။ တစ်ခုခုလိုနေသလို ခံစားနေရသည်။ စိတ်ထဲမရှင်းတော့ စာရေးရတာလည်း ခရီးမတွင်။ ယခု ကျွန်တော် PPE (Personal Protective Equipment) အကြောင်း ရေးနေပါသည်။  ရေးစရာရှိသဖြင့် မနည်းအားစိုက်ရေးနေရသော်လည်း စိတ်မပါသဖြင့် ခရီးမရောက်။ သည်အကြောင်း စာရေးသူများ၊ ပန်းချီဆွဲသူများ သိပါလိမ့်မည်။
            စာရေးခြင်း ပန်းချီဆွဲခြင်းဆိုသည့်အရာများမှာ စိတ်ခံစားချက်နှင့်တိုက်ရိုက်ပတ်သက်နေသဖြင့် စိတ်မပါပါဘဲလျက် မဆွဲချင့်ဆွဲချင် အတင်းဆွဲနေရလျှင် ပန်းချီကားကောင်းတစ်ချပ် ဖြစ်မလာနိုင်။ စေတနာထားမရေးဘဲ၊ စိတ်ပါလက်ပါမဟုတ်ဘဲ စာကောင်းတစ်ပုဒ် ဖြစ်မည်မဟုတ်။
            သည်ကိစ္စနှင့်ပတ်သက်၍ ပြောစရာအနည်းငယ် ပေါ်လာပါသည်။
            ကျွန်တော် ဖောင်ကြီးသင်တန်းတက်စဉ် ၁၉၉၁ ခုနှစ်လောက်က။ စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် အပြင်ထွက်ခွင့် ရသည်။ ရန်ကုန်မှလာသူများက ရန်ကုန်ပြန်သည်။ ကျွန်တော်က ပျဉ်းမနားက လာတာ။ နောက်ပြီး ရန်ကုန်တွင်လည်း ပြောရ လောက်အောင် ဆွေမျိုးမိသင်္ဂဟရှိတာမဟုတ်သဖြင့် ပိတ်ရက်များတွင် စာဖတ်ရုံမှလွဲ၍ ဘယ်မှမသွား။
            တစ်ခုသော ပိတ်ရက်တွင် ကျွန်တော်နှင့်သင်တန်းတစ်ပတ်တည်း၊ တစ်ဆောင်တည်းအတူနေသူ ကိုဆန်းထွန်းနီက သူတို့အိမ်လိုက်လည်ရန် ခေါ်သဖြင့် ကျွန်တော်လိုက်သွားသည်။ သူတို့အိမ်က အင်းစိန်မှာ။ စနေနေ့ညနေသွား။ တနင်္ဂနွေ နေ့ခင်း ပြန်လာ။ သူတို့အိမ်တွင် ကိုဆန်းထွန်းနီ အမေကို တွေ့သည်။ (အမေလား၊ အဖွားလား၊ သိပ်မမှတ်မိတော့ပါ။ အမေထင်ပါသည်။) အမေကြီးမှာ အတော် အသက်ကြီးလှပြီ။ ၈၀ လောက်ပင်ရှိမည်ထင်၏။ မမှတ်မိတော့။
            အသက်ကြီးပြီဆိုတော့ ပါးရေနားရေတွေတွန့်ကာ ဆံပင်ဖြူများမှာလည်း ကျိုးတိုးကျဲတဲ၊ တွန့်လိမ်ကောက်ကွေး။ ရှိစုမဲ့စု ဆံပင်ကလေးများကို စုကာ ဆံထုံးတော်ကြီး တမာသီးလုပ်ထားသည်။ 
            ပန်းချီဆွဲရာတွင် အလွန်ရုပ်ဆိုးသူများ၊ ပါးရေနားရေတွန့်နေသည့် အဖိုးကြီးအဖွားကြီးများမှာ အလွန်ပန်းချီဆွဲလို့ကောင်းကြောင်း ပုံဆွဲဖူးသူတိုင်း သိပါသည်။ အင်မတန်လှသော မိန်းကလေး၊ အင်မတန် ဆွဲရခက်သည်။ မျက်နှာက ပြောင်ချောနေတော့ သရုပ်ဖော်စရာ မျဉ်းမပါ။ နှာတံကလေးစင်းနေတာ အပြင်မှာသာ ကြည့်လို့ကောင်းသည်။ ပန်းချီဆွဲရာမှာတော့ သည်နှာခေါင်းမျိုးသည် အတော် ဒုက္ခပေးသော နှာခေါင်းဖြစ်၏။ ဘာအရေးအကြောင်းမှမပါသော သည်နှာခေါင်းကို စက္ကူပေါ်မှာ ကြွတက်လာအောင် ဆွဲဘို့ရာ အင်မတန် မလွယ်သည့် အလုပ်ဖြစ်သည်။  
            အဖွားကြီးက ကုတင်ပေါ်တွင်ထိုင်နေသည်။ ကိုဆန်းထွန်းနီက သူ့အမေနှင့်မိတ်ဆက်ပေး၏။ ကျွန်တော် ကိုဆန်းထွန်းနီ အမေကြီးကိုကြည့်ကာ ပန်းချီဆွဲချင်စိတ်များ တဖွားဖွားပေါ်လာသည်။ သို့နှင့် -
ကိုင်း၊ ကိုဆန်းထွန်းနီ၊ စက္ကူဖြူ အလွတ်တစ်ရွက်လောက်နဲ့ ခဲတံတစ်ချောင်းလောက် ရနိုင်မလားဗျာ။
ဟာ၊ ရပါတယ်။ ဘာလုပ်ဖို့တုံး။
ကျွန်တော် ကိုဆန်းထွန်းနီ့အမေကို ပုံတူဆွဲပေးမယ်။
အဲဗျ။ ကျွန်တော့်မှာ ပုံဆွဲတဲ့စက္ကူတို့ခဲတံတို့မရှိဘူးဗျ။
မလိုပါဘူးဗျာ။ ဖူးစကက်ပေပါ နဲ့ ရိုးရိုးခဲတံ ရှိတယ်မဟုတ်လား။
အင်း၊ အဲဒါတော့ရှိတယ်။ ဖြစ်ပါ့မလားဗျ။ ဖူးစကက်ပေပါက ပြောင်ချော်ချော်နဲ့။
ရပါတယ်ဗျာ။ ဘာလို့မဖြစ်ရမှာတုံး။
ကိုင်း၊ အမေကြီး ကျွန်တော် အမေကြီးကို ပုံတူဆွဲပေးမယ်။ သက်တောင့်သက်သာ၊ နေတတ်သလိုသာနေ။
            ကျွန်တော်ဆွဲတာ နာရီဝက်မကြာပါ။ အများဆုံးကြာ မိနစ် ၂၀ မျှသာဖြစ်သည်။ ကျွန်တော် mood အပြည့်နှင့်ဆွဲရ သဖြင့် ပုံမှာ အလွန်ကောင်းလှသည်။ ကိုဆန်းထွန်းနီမှာ ပါးစပ်ကြီးအပြဲသားနှင့် တအံ့တသြကြည့်နေလေသည်။ သို့သော် ထိုခေတ်က မိတ္တူကူးစက်တို့၊ ကင်မရာတို့ဆိုတာ ပေါပေါသီသီသုံးနိုင်သေးသည့် ခေတ်မဟုတ်သဖြင့် ထိုပုံ မိတ္တူကို ကူးမထားနိုင်ခဲ့ပါ။ ထိုခေတ်က မိတ္တူကူးစက်ပင် မပေါ်သေးဟု ထင်ပါသည်။ ကျွန်တော် ကျောင်းမှာစာသင်တော့ ဖယောင်း စက္ကူတွေကို လက်နှင့်ဖောက်ကာ ဂက်စတင်နာနှင့်လှိမ့်ရတုံး ရှိပါသေးသည်။
            နောက်တစ်ပုံမှာ ကျွန်တော်တို့နှင့် အတူနေသူ အရီးဖြစ်ပါသည်။ ကျွန်တော်လည်း အရီးပုံကို စိတ်လိုလက်ရ တစ်ပုံဆွဲဖြစ်ပါသည်။ ၁၉၉၀ ပြည့်လွန်နှစ်များက ရေဆင်းမှာရှိစဉ်ဆွဲတာဖြစ်သည်။ ထိုပုံမှာလည်း အတော်လေးကောင်း၏။ သို့သော် အိမ်အပြောင်းအရွှေ့များတွင် ဘယ်ရောက်သွားသည်မသိတော့ပါ။ ပုံကောင်းကလေးများဖြစ်သဖြင့် အလွန်နှမြော လှ၏။
            စာရေးရာတွင်ပင် တစ်ခါတစ်ခါ အသည်းအသန်စာရေးချင်စိတ်က ကားပေါ်၊ ရထားပေါ် သို့မဟုတ် တစ်နေရာရာမှာ ရှိစဉ် စသဖြင့် ဖြစ်တတ်သည်။ သို့သော် အခါအခွင့်မသင့်သဖြင့် ချက်ချင်းချရေးလိုက်လို့မရ။ နောက် အားမှ ပြန်ရေးသည့်အခါ ယခင် စိတ်ကူးရစဉ်ကလောက် လက်မပါတော့။
            စင်ကာပူရောက်မှ ပန်းချီဆွဲတာ၊ ကာတွန်းဆွဲတာ၊ ကဗျာစပ်တာများ မလုပ်ဖြစ်တော့။ သို့သော် အင်တာနက်မှ ပန်းချီကားနှင့် ကာတွန်းများကိုမူ စုမိပါသည်။ လုပ်ချင်တာများ မလုပ်ရသည့်အတွက် စိတ်ထဲ မကောင်းလှ။
            နေပါအုံး။ ဘယ်ရောက်သွားပါလိမ့်။ သြော် - စိတ်မပါရင် ဘာလုပ်လုပ် မကောင်းဘူးဆိုတဲ့အကြောင်း ပြောပါတယ်။

(၂)

            ယခုလည်း စိတ်ထဲ ဟာတာတာဖြစ်နေပါသည်။ ဖြစ်ရသည်မှာ အကြောင်းရှိ၏။ ကျွန်တော်က အင်မတန် စိတ်မြန်၊ ကိုယ်မြန်လုပ်ချင်သူဖြစ်သည်။ အလုပ်တစ်ခုကို မလုပ်ခင်က ပြီးချင်နေသည်။ သည်တော့ ကျွန်တော့်စာအုပ်များ (၃ အုပ် လောက်) ကို ထုတ်ဝေသူများက နေ့ရွှေ့၊ ညရွှေ့နှင့် လပေါင်းများစွာ အချိန်ဖြုန်းနေသည်ကို သည်းမခံနိုင်။ သည်အခါ ငါ ဒီလောက် အသည်းအသန် အားထုတ်ရေးနေတာ ဟုတ်ရောဟုတ်သေးရဲ့လား ဟု ကိုယ့်ဘာသာကိုယ် ဇဝေဇ၀ါဖြစ်လာသည်။ သူများတွေလို အလုပ်ကလေးသွားလုပ်လိုက်၊ ပြန်လာ တီဗီလေးကြည့်လိုက်၊ သူငယ်ချင်းတွေနှင့် east coast သွားပြီး ဘီယာလေးသောက်လိုက်၊ ပျော်လိုက်ပါးလိုက်နှင့် နေရတာ ပိုကောင်းလိမ့်မည်ဟု တွေးလာသည်။
            သည်အထဲတွင် ဘူးလေးရာ ဖရုံဆင့်လာသည့်ကိစ္စက MTP မှလုပ်မည့် Panel Discussion ကိစ္စဖြစ်၏။ လက်သည်က အတင်းတွန်းချနေသလောက် ဗိုက်ကြီးသည်ကတော့ နေသာသပ၊ လေညာက ဖြစ်နေသည်။ နည်းနည်းလေးမှ ညှစ်ပေးဖော်မရ။
            ကျွန်တော်တို့က သည်ကိစ္စ အားစိုက်လုပ်နေသည့်တိုင် ဟိုဘက်ကတော့ ဘာမှ ဆီမလာ၊ ပျားမလာ။ သည်တော့ ကိုယ်လုပ်နေသည့်ကိစ္စ၊ ကိုယ့်ဟာကိုယ် သံသယ၀င်လာသည်။
            ငါတို့လုပ်နေတာ ဟုတ်ရောဟုတ်ရဲ့လား။
            သည်တော့ မိတ်ဆွေများခင်ဗျား။
            ခင်ဗျားတို့ ကျွန်တော်တို့ဟာ အထက်တန်းပညာများ သင်ယူထားကြသူများ ဖြစ်၏။ သည်တော့ အများယောင်လို့ ယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိ လုပ်နေလို့မဖြစ်။ သည်ကိစ္စ နည်းနည်းလောက် သုံးသပ်ကြည့်ကြပါစို့။
            စင်ကာပူရောက် မြန်မာပညာရှင်များစုကာ Myanmar Transitional Platform ဟု ဖွဲ့၍ မြန်မာနိုင်ငံပြန်လည် ထူထောင်ရေးတွင် ကိုယ်တတ်နိုင်သလောက် တစ်ဖက်တစ်လမ်းမှ ၀ိုင်းဝန်းဆောင်ရွက်ပေးကြရန် ကြိုးပမ်းကြ၏။

            မိတ်ဆွေတို့သိတော်မူကြသည့်အတိုင်း မြန်မာနိုင်ငံဘက်မှ ၀န်ကြီးတစ်ပါးအပါအ၀င် အခြားအရာရှိများ၊ ပညာရှင်ကြီးများ ဖိတ်ကာ ၂၀၁၂ မေလ ၁ ရက်နေ့က စင်ကာပူတွင် Panel Discussion လုပ်ကြသည်။ လုပ်တုံးကတော့ အတော့်ကို အားကြိုးမာန်တက်၊ တက်တက်ကြွကြွ လုပ်ကြ၊ ပြောကြတာဖြစ်၏။ တက်ရောက်လာသူများလည်း မနည်းပါ။ သည်တုံးကတော့ သည်ပွဲကို အတော်အောင်မြင်ခဲ့သည် ဟု ထင်မိခဲ့သည်။



သို့သော် - (ကျောင်းသားဘ၀က ကျက်ခဲ့တာဆိုတော့ ပါဠိလိုမေ့နေပြီ၊ မြန်မာလိုတော့မှတ်မိပါသေး၏။)
စားလိုက်တဲ့အစာကို စားနေတုံး ကောင်းလိုက်တာလို့ မချီးမွမ်းပါနဲ့။ လုံးဝ အစာကျေညက်သွားပြီဆိုတော့မှ ချီးမွမ်းပါ တဲ့။
မယားဖြစ်သူကိုလည်း အရွယ်ကောင်းတုံး ငါ့မိန်းမ ငါ့အပေါ်သစ္စာရှိလိုက်တာလို့ မချီးမွမ်းပါနဲ့။ အရွယ်လွန်လို့ အိုမင်းမစွမ်း ဖြစ်ပြီဆိုတော့မှ ချီးမွမ်းပါ တဲ့။
           
            အဲသည် စကားပုံအတိုင်းပြောရရင် ခင်ဗျားတို့ ပင်နယ်ဒစ်စကပ်ရှင်းကြီးကိုလည်း ပြောချင်တာတွေ ပြောလိုက်ရလို့၊ လူကြီးတွေလည်း လာနားထောင်လို့၊ ပရိသတ်တွေကလည်း ၀က်ဝက်ကွဲ အားပေးကြလို့ အောင်မြင်လှချည်ရဲ့လို့ မချီးမွမ်း လိုက်ပါနဲ့ခင်ဗျား။
            ကျွန်တော်တို့ပြောလိုက်တာတွေကို အစိုးရဘက်၊ သို့မဟုတ် တစ်စုံတစ်ယောက်သော ပေါက်မြောက်သူက အကောင်အထည်ဖော်၊ ဆောင်ရွက်၊ အောင်မြင်လာပြီဆိုတော့မှ ငါတို့ panel discussion တော့ အောင်မြင်သယ်ဟေ့ လို့ ချီးမွမ်းလိုက်ပါ ခင်ဗျား။
            သည်တော့ မိတ်ဆွေတို့လည်း သိပါသည်။ စင်ကာပူမှာ တစ်ခုခုလုပ်ပြီဆိုရင် အဲဒါ အောင်မြင်သလား၊ မအောင်မြင် ဘူးလား၊ ဘယ်လောက်ထိရောက်သလဲ၊ မထိရောက်ဘူးလား၊ မအောင်မြင်ဘူးဆိုရင် ဘာတွေချို့ယွင်း၊ အားနည်းနေလို့လဲ လို့ သုံးသပ်ကြ၊ ဆန်းစစ်ကြပါတယ်။
            ကျွန်တော်တို့ရော၊ ကျွန်တော်တို့လုပ်ခဲ့တာတွေ ဘယ်လောက် ထိရောက်၊ အကျိုးရှိသလဲ ပြန်လည်သုံးသပ်၊ ဆန်းစစ် ဘို့၊ မထိရောက်၊ မအောင်မြင်ဘူးဆိုရင် ဘာလို့လဲ။ ထိရောက်အောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာ အဖြေရှာဘို့ မလိုပါလော။ လို၏။
            ကျွန်တော်တို့ panel discussion ပြီး ဘာတွေဆက်လုပ်ဖြစ်ပါသနည်း။ သည် PD ကတင်ပြလိုက်တာတွေ ဘာတွေများ အကောင်အထည် ပေါ်လာပါသနည်း။ သူတို့ (အစိုးရ) ဘက်က ဘယ်ဟာတွေတော့ဖြင့် ကောင်းလိုက်တာဟေ့၊ အဲဒါလေး အကောင်အထည်ဖော်လိုက်ရအောင် လို့ စ,လိုက်တာများ ရှိပါသလား။ Follow up action အနေနဲ့ ဘာတွေ စီစဉ် ထားတာများ ရှိပါသလဲ။
            သည်ကြားထဲမှာ မစိမ့်တို့၊ ကိုဘိုတို့ ရန်ကုန်မှာ ထပ်လုပ်ကြပါသေးသည်။ ထိုပွဲများကရော ဘာရလဒ်ကောင်းများ ပေါ်ထွက်လာပါသနည်း။
            အခု ကျွန်တော်တို့ ကိုယ့်စရိတ်နှင့်ကိုယ် ကြီးတော့်နွား၊ သွားကျောင်းကြပါဦးမည်။ ကျွန်တော်က စနေနေ့တစ်ဝက် အလုပ်ဆင်းရတော့ ထိုနေ့ကို ခွင့်ယူရမည်။ နေ့ဝက်သာအလုပ်ဆင်းရသည်ဆိုသော်လည်း ခွင့်ယူလျှင် တစ်ရက်စာ ဖြတ်သည်။ မနှစ်ကလည်း တစ်ရက်ခွဲ ခွင့်ပိုယူထားသည်ဆိုကာ ပိုက်ဆံ ၃၀၀ ဖြတ်လိုက်သေး၏။
            သည်တော့ သည်လောက်ရင်းနှီးပြီး တပင်တပန်းလုပ်ရတာ၊ သွားပြောပြီးပြန်လာ။ ဟိုဘက်ကလူတွေကလည်း မကောင်းတတ်လို့ လာနားထောင်။ အခန်းထဲကလည်းထွက်၊ အကုန်လုံးမေ့ ဆိုလျှင် ပေးဆပ်ရတာနှင့် မတန်လှဟု ကျွန်တော်ကတော့ သည်အတိုင်းမြင်ပါသည်။
            ခေါ်ပြောလိုက်ကြ။ သွားပြောလိုက်ကြ။ ပြီးရင် မေ့သွားလိုက်ကြနှင့် သည်အတိုင်းဆက်သွားမည်ဆိုလျှင်တော့ သိပ်မဟန်လှသေးဟု ထင်ပါသည်။
ကျွန်တော်မှားလျှင် ပြင်ပေးပါခင်ဗျား။
            သည်တော့ -

(၃)

            မိတ်ဆွေများဆီက တစ်စုံတစ်ခုပြန်ကြားရလိမ့်မည်၊ အကြံကောင်း၊ ဉာဏ်ကောင်းများ ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
            စာရေးဘို့ စိတ်မပါသည့်အတွက် -
            ခုညတော့ စာမရေးဘဲ ရုပ်ရှင်ကြည့်လိုက်ဦးမည်။

     “BABYLON A.D”

            ကျွန်တော် ကိုယ့်စရိတ်နဲ့ကိုယ် မြန်မာပြည်အနှံ့လျှောက်သွား၊ သူများနားထောင်ချင်မှန်း၊ မထောင်ချင်မှန်းမသိ၊ အရမ်းကာရောပြော၊ မိတ်ဆွေတွေဆီက ပိုက်ဆံတွေ အလှူခံ၊ စာအုပ်တွေရိုက်ထုတ် လုပ်နေတာတွေရော၊ ဘယ်လောက် အကျိုးရှိသလဲဆိုတာ ပြန်လည် ဝေဖန်ဆန်းစစ်ရပါဦးမည်။
            ပိုးသာကုန်၊ မောင်ပုံစောင်းမတတ်ဆိုလျှင်တော့ သားနဲ့ဘဲ အေးအေးဆေးဆေး လျှောက်လည်တာ ပိုကောင်းပါ လိမ့်မည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၁၊ ၂၊ ၂၀၁၃။ ည ၉း၂၁ နာရီ

1 comment:

ko 9 said...

လူအများနဲ့ဆိုတော့ ပထမဦးဆုံးအရွေ့ ကအင်မတန်ခက်ပါသည်။ အထူးသဖြင့် မြန်မာပြည်လို နောက်ကလက်မဲကြီးရှိနေသောနိုင်ငံတွင်
ပိုခက်ပါ၏။
ဆက်လက်လှုပ်ရှားပါခင်ဗျာ...
ဦးအေးငြိမ်း၏စေတနာ ကိုနားလည်ကြပါ၏။