(၇-၁၁-၂၀၁၀)
နိဒါန်း
လမ်းသစ်ဂျာနယ်ထုတ်ဝေသူ ကိုကျော်ဝင်းမှ သူနောက်ထုတ်မည့် မဂ္ဂဇင်းအတွက် အခန်းဆက် ဆောင်းပါးများရေးပေးပါရန် ပြောထားသည်မှာ ကြာပါပြီ။ သို့သော် တော်တော်နှင့် ကျွန်တော်မစဖြစ်ပါ။ အကြောင်းမှာ လက်ရှိရေးနေသော ပိုက်ပြင်ပိုက်ဆက်လက်စွဲကို အောက်တိုဘာလလောက်တွင် ဆင်ဆာတင်မည်ဟု မှန်းထားသော်လည်း ယခု နိုဝင်ဘာရောက်သည့်တိုင် အဆုံးမသတ်နိုင်သေးသဖြင့် ဤစာအုပ်ကိုသာ အားစိုက်၍ ရေးနေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အခြားမည်သည့်စာမျှလည်း မရေးဖြစ်ပါ။ ထို့ပြင်လည်း အလုပ်လုပ်ရင်းတစ်ဖက် စာရေးရသဖြင့် ညဘက် ပြန်ရောက်မှ ရေးရသဖြင့် စာရေးချိန် အလွန်နည်းပါသည်။ တနင်္ဂနွေနေ့တွင်လည်း ပညာဒါန သင်တန်းများပို့ချနေသေးသည်ဖြစ်ရာ နားရက်တွင်လည်း အားစိုက်၍မရေးနိုင် ဖြစ်ရပါသည်။
သို့သော်လည်း သူက မဂ္ဂဇင်းကို ဒီဇင်ဘာတွင်ထုတ်မည် ဆိုသဖြင့် မရေး၍ မဖြစ်ချေတော့ပြီ။ သို့အတွက် မဖြစ်မနေ စ ရေးလိုက် ခြင်းဖြစ်ပါ၏။ မည်သည့်အကြောင်းရေးမည်နည်းဆိုသော် ယခင်ကတည်းက ရေးမည်မှန်းထားသော ကျွန်တော်၏ စင်ကာပူ အတွေ့အကြုံများ ဖြစ်ပါသည်။
ကျွန်တော်ငယ်စဉ်က အလွန်နှစ်သက်စွာ စွဲစွဲလန်းလန်းဖတ်ခဲ့သော စာများရှိပါသည်။ ထိုအထဲတွင် ငွေတာရီနှင့် မြ၀တီမဂ္ဂဇင်း များတွင်ပါသော “သခင်တင်မြ ၏ ဘုံဘ၀မှာဖြင့်” နှင့် ဆရာသော်တာဆွေ၏ “ကျွန်တော့်ဘ၀ဇာတ်ကြောင်း” တို့ ပါဝင်ပါသည်။ သူတို့၏ အရေးအသားနှင့် တင်ပြပုံများမှာ အလွန်ကောင်းပါသည်။ ဤဆောင်းပါးများကို အားကျကာ ယခု ကျွန်တော်လည်း စင်ကာပူရောက် ကျွန်တော့်ဘ၀ဇာတ်ကြောင်းကို အသေးစိတ်ချယ်မှုန်းပါမည်။ ဤဇာတ်ကြောင်း၏ တစ်စိတ်တစ်ဒေသဖြစ်သော “ပူလောအူလာမှ အီးစီစီဘ၀” ကို ယခုထုတ်နေသော လမ်းသစ်ဂျာနယ်တွင် လစဉ်ဖော်ပြနေပါသည်။
အဘယ်ကြောင့် ခရစ္စတိုဖာ ပေါက်ကျိုင်း ဟု အမည်ပေးရသနည်း ဆိုသော် (၁) ကမ္ဘာကြီး ဘယ်လောက်ကျယ်သတုံး ဟု နယ်ပယ်သစ်ရှာခဲ့သော ခရစ္စတိုဖာ ကိုလံဘတ် ကို ဂုဏ်ပြုလိုသဖြင့်တစ်ကြောင်း၊ (၂) ဘ၀ခါးခါး စာအုပ်ရေးစဉ်က ကိုဌေးဝင်းနိုင် က ခေတ်သစ် မောင်ပေါက်ကျိုင်း ရာဇ၀င် လို့ နာမည်ပေးပါလားဗျ ဟု ဆိုသည်ကို သတိရမိသည်ကြောင့် တစ်ကြောင်း၊ (၃) နောက်တစ်ကြောင်းမှာ မြန်မာပြည်တုံးက သာဂိ၊ အောင်ဘု၊ ဂွက်ထော်၊ ဘုတ်ဆုံ စသဖြင့် အဖေအမေများမှည့်ထားသော နာမည်ကို။ စင်ကာပူရောက်မှ Francis Ng၊ Albert Tan၊ Sharon Low၊ Serene Chua စသည့် ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်းနာမည်များကို အားကျလျှက် မိုက်ကယ်သာဂိ ဖြစ်လိုဖြစ်၊ သောမတ်စ်အောင်ဘု လုပ်လိုလုပ်၊ ထရေစီဂွက်ထော် မှည့်လိုမှည့်၊ မာဂရက်ဘုတ်ဆုံ ခေါ်လိုခေါ်။ ခေါ်နေကြသူများကို မြင်ပြင်းကပ်လှသည် တစ်ကြောင်း။ ဤသို့သော အကြောင်းကြောင်းများကြောင့် အင်္ဂလိပ်များ မစ္စတာ တပ်သည်ကို အားကျလျှက် ဟိုလူကလည်း မစ္စတာ၊ သည်လူကလည်း မစ္စတာ ဖြစ်ကုန်သည့် ဦးမြန်မာများအား ဆုံးမလို၍ ၀န်စာရေး ဦးကြီး၏ ချဉ်ပေါင်ရွက်သည် မောင်မှိုင်းကို မစ္စတာမောင်မှိုင်း လုပ်ဘိသကဲ့သို့ ကျွန်တော်သည်လည်း ခရစ္စတိုဖာ ပေါက်ကျိုင်း ဟု အမည်ပေး လိုက်ရပါကြောင်း။
- - - - - - - - - - - - - - - - - x - x - x - x - - - - - - - - - - - - - - - - - - - - -
ပထမပိုင်း (စင်ကာပူသွားရန် ပြင်ဆင်ခြင်း)
(၁) နိုင်ငံခြားထွက်ရန် တွန်းအားများ
ယခုဆိုလျှင် ကျွန်တော် စင်ကာပူရောက်တာ ဆယ်နှစ်ကျော်လို့ ၁၂ နှစ်ပင်ရှိခဲ့ပြီ။ ရခိုင်ရိုးမတောင်ခြေမှာ မွေးခဲ့သော တောသား အစုတ်အနုတ်ကလေး တစ်ဦးအနေနှင့် နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်ရလိမ့်မည်ဟု အိပ်မက်မျှပင် မမက်ခဲ့ဖူးပါ။ နေဘို့ အသာထား၊ နိုင်ငံခြား သွားရလိမ့်မည်ဟုပင် မတွေးထင်မိခဲ့။ ဤသည်မှာလည်း အကြောင်းရှိပါသည်။
ကျွန်တော်တို့ငယ်စဉ်က မဆလပါတီ အောက်တွင် ကြီးပြင်းခဲ့ရသည်။ ထိုစဉ်က ကျင့်သုံးခဲ့သော အစိုးရ၏ တံခါးပိတ်မူဝါဒ ကြောင့် မြန်မာပြည်သူအားလုံးမှာ မျက်စိပိတ်၊ နားပိတ်၊ ရှိသမျှ ဒွါရ ၇ ပေါက် အကုန်ပိတ်ခံခဲ့ရသည်။ နိုင်ငံခြားသတင်းကိုလည်း ဗိုလ်တထောင် နှင့် လုပ်သားပြည်သူ့နေ့စဉ် တည်းဟူသော အစိုးရ၏ သတင်းစာနှစ်စောင်တွင် ဖော်ပြထားသမျှကိုသာ ဖတ်ခဲ့ရသည်။ နိုင်ငံခြားခရီးဆိုသည်မှာ သာမန် သူလိုငါလို ပြည်သူများနှင့် လားလားမျှ မပတ်သက်သော အကြောင်းအရာဖြစ်သည်။ သတင်းစာမျက်နှာဖုံးတွင် (အနောက်တိုင်း မကောင်းကြောင်း တစ်ချိန်လုံးမကောင်းပြောနေသူများက) အနောက်တိုင်းဝတ်စုံကို အကျအန၀တ်လျှက် အနောက်တိုင်းခရီးမှ ပြန်ရောက် လာသဖြင့် လေယာဉ်ပေါ်မှ အခန့်သား ပြုံးပြုံးကြီး ဆင်းလာသည့် ပုံများကိုကြည့်ပြီး သြော်၊ နိုင်ငံခြားခရီးဆိုတာ ဒါပါလား ဟုသာ သိခွင့်ရခဲ့ သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကောင်းမှုပြုသူများအနေနှင့် တာဝတိံသာနတ်ပြည်ကမှ ရောက်ဖို့နီးစပ်သေးသည်။ နိုင်ငံခြားသွားဖို့ ဆိုတာ နတ်ပြည်ခရီးထက် ခက်သေးသည်။
ကျွန်တော်စက်မှုတက္ကသိုလ်တက်ပြီး ပဉ္စမနှစ်ရောက်တော့ နောက်နှစ်ဆို နောက်ဆုံးနှစ်ရောက်ပြီ။ ဒီနှစ်ကစပြီး ကျောင်းပြီးရင် ဘာ တွေလုပ်ရမလဲ လေ့လာထားမှ ဟု ဆိုကာ လျှောက် မေးမြန်းစုံစမ်းကြည့်တော့ 4 ticket တို့ CDC တို့၊ dock ဆင်းရမယ် တို့ စသည့် စကား လုံးများနှင့် ရင်းနှီးလာခဲ့ရသည်။ သို့သော် အမှန်ကိုပြောရလျှင် ထိုစကားလုံးများမှာ ဘာကိုဆိုလိုကြောင်း၊ ဘာ့ကြောင့် 4 ticket ဟု ခေါ်ကြောင်း၊ CDC ဆိုတာ ဘာ ဆိုတာတို့ကို ကျွန်တော်မသိခဲ့ပါ။ သူငယ်ချင်းများက သင်္ဘောလိုက်မည် ဆိုသောအခါ ငါလည်း လိုက်ရ ကောင်းမလား ဟု အနည်းငယ် နားယောင်မိတာသာ ရှိခဲ့ပါသည်။ သည့်ထက်မပိုပါ။
သို့သော် ကံကြမ္မာအလှည့်အပြောင်းကြောင့် ခေတ်စနစ်တို့ ပြောင်းသွားသည်။ မည်မျှကြီးမားသော အာဏာရှင်ဖြစ်စေ ဆင်းချိန် တန်တော့ ဆင်းပေးလိုက်ရသည်။ သို့နှင့် မြန်မာပြည်သူတို့အဖို့ နိုင်ငံခြား လမ်းစများပေါ်လာခဲ့သည်။ လမ်းစပေါ်ပြီဆိုကတည်းက သူသူငါငါ ထွက်နိုင်သောသူများ နိုင်ငံခြားသို့ အလျှိုလျှိုထွက်ကြသည်။ သို့သော် ကျွန်တော့်မှာ အိပ်မောကျနေဆဲဖြစ်၏။ ကံကောင်းသည် ဆိုမလား ကံဆိုးသည်ဆိုမလား။ အလွန်ခက်ခဲလှသည့် PSC ဆိုသော စာမေးပွဲကြီးကို မရကုတ်က အတင်းဖြေကာ ၁၉၉၀ ခုနှစ်၊ ဇူလိုင်လတွင် ကျွန်တော် အစိုးရအလုပ်တစ်ခုရသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် လက်ထောက်ကထိက အနေနှင့်ဖြစ်၏။ ကျောင်းများ ဖွင့်လာလိုက်၊ ပိတ်သွားလိုက်၊ တစ်ခါထပ်ဖွင့်လိုက်၊ ပြန်ပိတ်သွားလိုက်နှင့်ပင် ရေဆင်းတွင် ၇ နှစ်ခွဲကြာခဲ့သည်။
အရာရှိဆိုပေမင့် အရာပဲရှိသည်။ ပိုက်ဆံမရှိ။ ကျွန်တော်နှင့် ကျွန်တော့်အစ်မကြီးလည်း တတ်နိုင်သမျှ ၀မ်းရေးကို ပူးပေါင်းဖြေရှင်း ကြပါသည်။ မုံ့ဟင်းခါးရောင်းသည်၊ ကြက်မွေးသည်။ အစပိုင်းတော့ ဟုတ်တော့မလိုလို နှင့် နောက်ပိုင်း အဆင်မပြေ။ အဆင်မပြေရခြင်းမှာ ကျွန်တော်တို့ တစ်မိသားစုတည်းမဟုတ်။ တစ်နိုင်ငံလုံးဖြစ်သည်။ ကုန်ဈေးနှုံးတွေက တက်ပြီးရင်းတက်၊ လခက မတက် ဆိုတော့ ၀န်ထမ်း များသာ စုဝေးနေကြသော ရေဆင်းနယ်မြေမှာ စီးပွားရေးလုပ်ရတာ မကိုက်။ သည်တော့ လုပ်နေရင်းပင်ကြွေးတွေက တင်ပြီးရင်းတင်ရင်း ဖြစ်လာသည်။ လက်ထဲတွင် အကြွေးနှစ်သိန်းမျှ စုမိပြီ ဆိုသောအခါ ကျွန်တော် သည်အတိုင်းမှိန်းနေ၍မရတော့။ တစ်ခုခုလုပ်မှ ဖြစ်တော့မည်။ ထိုအခါက အမေရိကန် တစ်ဒေါ်လာမှ ၉၀ ကျပ်ဈေးမျှသာ ရှိသေးသည်။
နိုင်ငံခြားခရီးကို ကျွန်တော်စသွားဖူးသည်မှာ ၁၉၉၅ ခုနှစ်၊ အစိုးရ၀န်ထမ်းဘ၀နှင့် ဖြစ်သည်။ အသေးစားလယ်ယာသုံး စက်ကိရိယာများ လေ့လာရန် ထိုင်း သို့ နှစ်ပတ်ကြာမျှ သွားရသည်။ ၀န်ထမ်းဆိုတော့ ကိုယ်ဘာမှ သိပ်လုပ်စရာမလို။ သူတို့က ဒီပုံစံလေး ဖြည့်ပေးပါ ဆို ဖြည့်ပေးလိုက်။ ဒီမှာ လက်မှတ်ထိုးပါ ဆို ထိုးပေးလိုက်နှင့်။ အချိန်တန်တော့ သူတို့ပေးသော ၀တ်စုံစရိတ်ကလေး ယူကာ လေယာဉ်ပေါ်သို့ ကြွကြွလေးတက်သွားရုံသာ ဖြစ်သည်။ အစိုးရကိုယ်စားလှယ် အနေနှင့်သွားရတာ ဆိုတော့ ဘာမှ လိုလေသေးမရှိ။ ပို့မည့်သူ နှင့် လာကြိုမည့်သူနှင့်။ တည်းမည့်ဟိုတယ်က အဆင်သင့်။ ကျွေးမည့်မွေးမည့်သူက အဆင်သင့်။ အချိန်တန်တော့ လိုက်လံ ရှင်းပြမည့်သူ လာခေါ်သည့် ကားပေါ်တက်။ သူတို့ပြောတာ နားထောင်။ ကိုယ်သိချင်တာမေး။ ပြန်ချိန်တန်တော့လည်း သူတို့လိုက်ပို့။ ကိုယ့်မိသားစုက လေယာဉ်ကွင်းလာကြို။ အင်မတန် ဇိမ်ကျ၊ ဟန်ကျလှသည်။ ထိုအခါကျမှ သြော်၊ သူတို့ ကုလားထိုင်ကို အရအမိ ကုတ်ကပ်ဆွဲထားကြတာ ဒါကြောင့်ကိုး ဟု လက်တွေ့မျက်တွေ့ သဘောပေါက်ရပါတော့သတည်း။
(၂) နိုင်ငံခြားသို့ အလုပ်လုပ်သွားရန် ကြိုးပမ်းမှုများ
၁၉၉၆၊ ၁၉၉၇ ခုနှစ်များတွင် ကျွန်တော် M.Phil လုပ်သည်။ RIT မှာလုပ်တာဆိုတော့ ရန်ကုန်ကိုမကြာခဏ ရောက်ဖြစ်သည်။ သည်တော့ သူများတကာ တစ်ခြားထဲခြားနေသော နိုင်ငံခြားဆိုတာကြီးကို မြည်းကြည့်လိုသည်။ သူငယ်ချင်းများကို မေးကြည့်သည်။ ဘယ်လိုလုပ်ရသလဲ ပေါ့။ သူငယ်ချင်းများကလည်း ယောင်ဝါးဝါး။ သိသလိုလိုနှင့် တကယ် ဇစ်ဇစ်မြစ်မြစ် လိုက်မေးကြည့်တော့ ဘာမှ ရေရေ ရာရာ မသိရပါ။ သည့်တော့မှ အတ္ထာဟိ၊ အတ္ထနော။ နာထော လုပ်ကာ အေးဂျင့်တွေနား ချဉ်းကပ်သည်။
ပထမ ပုဇွန်တောင်မှ အေးဂျင့်။ သူငယ်ချင်းတစ်ယောက်က ဆက်ပေးတာပါပဲ။ သူ့နာမည်မှာ ဇော်ဇော် ဟူ၏။ သူက ပတ်စ်ပို့အရင် လုပ်ထားပါ ဆိုသဖြင့် သူ့အဆက်အသွယ်နှင့်ပင် ပတ်စ်ပို့ကို အေးဂျင့်နှင့်လုပ်ပါသည်။ ကိုရွှေအေးဂျင့်ကလည်း မမေးမစမ်းပဲ ပုံစံထဲ သူစိတ် ထင်ရာတွေလျှောက်ဖြည့်ရာ ကျွန်တော့်မှာ အလိုလိုနေရင်း သူများမွေးစားသား ဖြစ်ရသေးသည်။ ဆိုလိုသည်မှာ အဖေနာမည်၊ အမေနာမည် များမှာ ကျွန်တော့်မိဘများနာမည်မဟုတ်သလို ကျွန်တော့်မွေးရပ်ကိုလည်း ယခုနေသော ပျဉ်းမနား ဟု လုပ်ချလိုက်သည်။ အကျိုးဆက်အရ ယခုတိုင် ကျွန်တော်ပုံစံများဖြည့်ရသောအခါ ကျွန်တော့်မွေးရပ်ကို (လေးမျက်နှာမှာမွေးပါလျှက်) ပျဉ်းမနား ဟု သတိကြီးစွာထားလျှက် ဖြည့် နေရသည်။ ပတ်စ်ပို့ထဲတွင် ပျဉ်းမနားဟု ပါနေသဖြင့် ကျွန်တော်က လေးမျက်နှာ ဟုသာဖြည့်လိုက်လျှင် အလကားနေရင်း အလုပ်ရှုပ်စရာ တွေဖြစ်လာဦးမည်။ ပတ်စ်ပို့လုပ်တာ သုံးသောင်းနှစ်ထောင် ပေးရပါသည်။
သို့နှင့် M.Phil ပြီးသွားသော် ထွက်စာတင်ကာ ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်မှ အပြီးအပိုင်ထွက်ခဲ့သည်။ ထွက်စာတင်တာ ၁၉၉၇ ဒီဇင်ဘာ။ သို့သော် ထွက်စာက တော်တော်နှင့်ကျမလာ။ ကျွန်တော်လည်း သွားပါများခရီးရောက် ဟူသော မောင်ပေါက်ကျိုင်း ထုံး နှလုံးမူကာ ရန်ကုန်တစ်ခွင် ပြဲပြဲစင်အောင် အေးဂျင့်လေ့လာရေးခရီး လုပ်ရသည်။ ဘယ်အေးဂျင့်တွေက ဘယ်နိုင်ငံတွေကို ဘာအလုပ်တွေ နဲ့ ပို့နေသလဲ ပေါ့။ ထိုစဉ်က ယခုလောက် အေးဂျင့်မများသေးသလို လက်ရှိလုပ်ကိုင်နေသော အေးဂျင့်များသော်မှ ဆိုင်းဘုတ်မတင်၊ ကြော် ငြာများ မကပ်ပါ။ မည်သည့်အေးဂျင့်က အစစ်၊ မည်သူကတော့ဖြင့် အတု ဟု သိရန်လည်း မလွယ်ကူလှပါ။
ကျွန်တော်အလုပ်ထွက်ပြီ ဆိုတော့ မိသားစုပါ ရန်ကုန်ပြောင်းလာကာ ကိုယ်ကျွမ်းဝင်ရာ အာအိုင်တီဝင်းထဲမှ ၀န်ထမ်း ဘကြီးတင့် တို့အိမ်တွင် ကျပ်ကျပ်သပ်သပ် ငှားနေရသည်။ ရန်ကုန်တွင်နေပြီဆိုတော့ ပိုက်ဆံက မရှာလို့မရ။ နေ့တိုင်းစားနေသော ပါးစပ်ပေါက်များကို ဖြည့်တင်းဘို့ရာ အလုပ်လုပ်ရသည်။ ရေဆင်းသို့ ကွန်ပြူတာသင်တန်းများ လာပေးရင်း ကျွန်တော်သူ့ဆီ သင်တန်းသွားတက်ရာမှ သိကျွမ်းခဲ့သူ ကိုဖိုးခွားက အလုပ်ပေးပါသည်။ သူယခုမှ စတင်ထောင်သော သူ့ကွန်ပြူတာကုမ္ပဏီ မြန်မာဆီလီကွန်ဗဲလေး တွင် တစ်လ ၈၀၀၀ နှင့် လုပ်သည်။ ကျွန်တော်တို့က ကွန်ပြူတာသင်တန်းများပေးသည်။ ကွန်ပြူတာ ဆင်သည်။ Software install လုပ်ပေးသည်။ CD နှင့် ကွန်ပြူတာ စာအုပ်များရောင်းသည်။ လုပ်ရင်းလည်း နိုင်ငံခြားသတင်းပလင်း စုံစမ်းရသည်။
နိုင်ငံခြားသွားဘို့သာ လုပ်နေသည်။ နိုင်ငံခြားဆိုတာ ဖြူသလား၊ မဲသလား။ ဘယ်အလုပ်တွေ လုပ်ရသလဲ။ ဘာလုပ်ရင် ဘယ်လောက် လခရမလဲ။ ကျွန်တော်ဘာမှ မသိပါ။ ယခု ကျွန်တော်လျှောက်လုပ်နေသည်မှာ ကျွန်တော့်ဘွဲ့၊ ကျွန်တော့်ရာထူး၊ ကျွန်တော့် အဆင့်အတန်းနှင့် ထိုက်တန်သော အလုပ်နှင့် လခကို ရဘို့မဟုတ်။ နိုင်ငံခြားရောက်ရင်ပြီးရော။ ဟိုရောက်မှ ကျုပ်ကျက်လိမယ် ဟု ရှောက် ရမ်းနေခြင်းမျှသာ ဖြစ်ပါသည်။ (ကျွန်တော်၏ ဤခါးသီးလှသော အတွေ့အကြုံကြောင့် နိုင်ငံခြားသွားရေး ကြိုးပမ်းနေကြသည့် ကိုရွှေမြန်မာ ကလေးများ အနေနှင့် စင်ကာပူဆိုတာဘာလဲ ဟု သိနိုင်စေရန်၊ စင်ကာပူရောက်ရင် ဘာတွေလုပ်ပြီး လခ ဘယ်လောက်ရနိုင်မလဲ။ ဘာတွေ တက်လမ်းရှိနိုင်သလဲ ဆိုတာတွေ သိနိုင်ရန်အတွက် အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်းကို ရေးသားထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။)
လုပ်ရင်းလုပ်ရင်း အေးဂျင့်အတော်များများဆီ ရောက်ပါသည်။ တော်ကြာ အဲယားကွန်း တက်ခနစ်ရှန် ဆိုသဖြင့် သွားဗျူးလိုက်။ ဘာအင်ဂျင်နီယာဆိုလား သွားဗျူးလိုက်။ တစ်ခါတော့ အလုံဘက်မှ အေးဂျင့်တစ်ယောက်က ဒီကနေ့အင်တာဗျူးရှိတယ်၊ ယူအေအီးမှာ လုပ်ရမယ်။ လခ အမေရိကန်ဒေါ်လာ ဘယ်လောက်ရမယ် စသဖြင့်ပြောလာသဖြင့် ကျွန်တော်လည်း သွားပါသည်။ ကျွန်တော်နှင့်အတူ လေးငါးယောက်လောက် ရှိပါသည်။ ကျွန်တော်တို့တတွေ သွားသောအခါ သူက တယ်လီဖုံးနှင့် အင်တာဗျူးရမည် ဆိုသဖြင့် ကျွန်တော် တို့လည်း စောင့်နေပါသည်။ တစ်မနက်လုံး ကုန်သွားသည်။ ဘာမှ မထူး။ တော်ကြာ လွတ်သွားမည် စိုးသဖြင့် ကသုတ်ကရက် ထမင်း အတင်းပြေးဆင်းစားကာ နေ့လည်ပိုင်း ထပ်စောင့်ပြန်ပါသည်။ ထိုအေးဂျင့်မှ အလွန်ဂိုက်ကောင်းလှသော မန်နေဂျာလိုလို လူမှာ ခါးထောက် ကာ ဖုံးပြောလိုက် ဟိုလျှောက်လိုက်၊ သည်လျှောက်လိုက်နှင့်။ ကျွန်တော်တို့မှာ သူ့အရိပ်အခြည်သာ မပြတ်ကြည့်နေရပါသည်။ သို့နှင့် ညနေ ၄ နာရီလောက်ရှိသော် ဆောရီးပဲညီလေးတို့၊ ဒီနေ့ သူဌေးခရီးသွားလို့ အင်တာဗျူးမလုပ်ဖြစ်ဘူး ပြောတယ်။ နောက်နေ့မှ အစ်ကိုပြန် ဆက်သွယ်လိုက်မယ် ဟု ဆိုသဖြင့် ကျွန်တော်တို့လည်း သက်ပြင်းမောကြီးကို ဟင်း ကနဲချလိုက်ရင်း သူတို့ရုံးခန်းတည်ရှိရာ
သုံးထပ်တိုက်ပေါ်မှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း အောင်မြင်စွာ ဆုတ်ခွာခဲ့ရပါသည်။
သည်ကြားထဲ တင်ထားသောထွက်စာက တော်တော်နှင့်ကျမလာတော့ စိုက်ပျိုးရေးဝန်ကြီးရုံးသို့ သွားရသည်။ တော်ပါသေး၏။ အလုပ်ကိစ္စနှင့်ပင် စိုက်ပျိုးရေးဝန်ကြီးရုံးသို့ မကြာခဏ ကျွန်တော် ၀င်ထွက်သွားလာရရာ ထိုရုံးမှ ၀န်ထမ်းများနှင့် ခင်မင်ရင်းနှီးနေပါသည်။ ကျွန်တော်ကလည်း ကျွန်တော်အလုပ်ထွက်စာတင်ထားတာ ဘာကြောင့်မကျသေးသလဲ၊ သိချင်ပါသည်ဟု ဆိုကာ ယူလာသော မိတ္တူကိုပြလိုက်မှ သူတို့လည်း ရာပေါင်းများစွာသော ဖိုင်တွဲများအကြား လိုက်လံရှာဖွေပါသည်။ ရှာရင်းရှာရင်းနှင့်မှ နောက်ဆုံး ဟို့ ဘီရိုတစ်ခု အတွင်း အထပ်လိုက်သော ဖိုင်တွဲကြီးများအောက်တွင် ညပ်နေသော ကျွန်တော့်ကိုယ်ရေးဖိုင်ကလေးကို မျက်နှာငယ်စွာ သွားတွေ့လိုက်ရ ပါ၏။ မပျောက်မပျက်ပြန်တွေ့ရတာ ကံကောင်းပါပေ့ ဟု ကျွန်တော်လည်း ထိုအခါမှ ဘုရားတမိပါသည်။ သူတို့ကို မေတ္တာရပ်ခံကာ ထို ဖိုင်တွဲကို ကိုယ်တိုင်ကိုင်လျှက် လိုအပ်သောလူကြီးများထံ ကိုယ်တိုင်သွားလက်မှတ်ထိုးကာ လုပ်လိုက်မှ ၁၉၉၈ မတ်လတွင် ထွက်စာ ရပါတော့သည်။ မဟုတ်ပါက နိုင်ငံခြားသွားရေးတွင် အထစ်အငေါ့များ ကြုံရနိုင်သေးသည်။
ကျွန်တော်နိုင်ငံခြားသွားဘို့ ဤကဲ့သို့အေးဂျင့်ပေါင်းစုံထံ သွားနေသည်ကို ကျွန်တော့်တပည့်တစ်ဦးဖြစ်သူ စိုက်ပျိုးရေးကျောင်းသူ မနန်းခမ်းမြစိန် (ယခု သြစတေးလျ တွင်နေထိုင်) သိသွားသောအခါ သူက ကျွန်မအသိတစ်ယောက်လည်း စင်ကာပူ လူပို့တဲ့အလုပ် လုပ်နေ တယ်။ သူ ကျွန်မကို ကောင်းကောင်းသိတယ်။ ကျွန်မအဘိုးက ဦးထိန်ဝင်း ပါ။ (စကားဖြတ်၍ ပြောရလျှင် ဦးထိန်ဝင်းမှာ ရန်ကုန်မြို့ မျက်နှာဖုံး ဖြစ်ပါသည်။ လူကြီးပိုင်းတွင် မသိသူမရှိ။) ကျွန်မဆရာ ဆိုရင်တော့ သူ မဟုတ်တာ မလုပ်ရဲပါဘူး။ ဦးဖေကြည့်တူမ မီးငယ် လို့ပြောလိုက်ပါ။ သူ သေသေချာချာ လုပ်ပေးပါလိမ့်မယ် ဟု ပြောပြီး လိပ်စာပါ ပေးလိုက်ပါသည်။ ရန်ကုန်တစ်ခွင် ပြဲပြဲစင်အောင် မွှေနှောက်နေရသော ကျွန်တော်၏ အေးဂျင့်လေ့လာရေးခရီးစဉ်ကြီးလည်း ဤနံရောအခါမှ နိဂုံးကမ္မသတ်၊ အဆုံးသတ် သွားပါတော့သည်။
(၃) ပထမဆုံးနှင့် နောက်ဆုံးအကြိမ် အင်တာဗျူးရခြင်း
သူ့နာမည်မှာ ဒေါ်အိုင်းရစ်ဖြစ်ပါ၏။ သူ့အမျိုးသားက မလေးတရုတ် ဟု သိရပါသည်။ သူ့ဆီရောက်တော့ စရံတစ်သိန်း တောင်းပါ သည်။ မေးကြည့်တော့ အေးဂျင့်ဖီးက စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂၀၀ ပေးရမည် ဆိုပဲ။ အယ်မယ်လေးဗျာ။ ကျွန်တော့်မှာ လောလော ဆယ် ထမင်းစားဘို့တောင် မနည်းကြံဖန်နေရတာ ဒေါ်လာ ၂၀၀၀ ဝေးလို့။ ၂၀ တောင်မရှိ။ သည်တော့ အေးဂျင့်ဖီးပေးရန် ကြံရသည်။
ကျွန်တော် ဘန်ကောက်မှ ပြန်လာတော့ ပိုက်ဆံနည်းနည်းပါလာသည်။ ပါလာသည့်ပိုက်ဆံကလေး ပဲ့မှာစိုး၍ ပျဉ်းမနားမြို့ပြင်တွင် မြို့သစ်ဟု အကွက်ဖော်ထားသည်များထဲမှ တစ်ကွက်ကို စွန့်စွန့်စားစား ၆ သောင်းနှင့် ၀ယ်လိုက်ပါသည်။ ထိုမြေကွက်ဂရံတော့ ကျွန်တော့် လက်ထဲတွင် ရှိသည်။ (ဤနေရာတွင် အလျဉ်းသင့်သဖြင့် ကျွန်တော်၏ အလှူအကြောင်း မိတ်ဆွေများကို ကြွားလိုက်ချင်ပါသေးသည်။ စိုက်ပျိုးရေးတက္ကသိုလ်မှ ထွက်လာတော့ အဆိုပါ မြေကွက်ကို ရသည့်ဈေးနှင့်ရောင်းမည်ဟု လိုက်စပ်ပါသေး၏။ မထွက်ပါ။ ဘယ်လိုမှ မထွက်ပါ။ နောက်တော့လည်း ရေဆင်းတွင်ကျန်ခဲ့သည့် ညီမကို ၀ယ်မည့်သူရှိက ရောင်းမည် ဟု စကားထားခဲ့ရပါသည်။ နိုင်ငံတော်၏ ဘုန်းကံအရ ပျဉ်းမနားသည် နေပြည်တော်ပျဉ်းမနား ဘ၀သို့ နေ့ချင်းညချင်း ရာထူးတိုးသွားပြီးသကာလ ပျဉ်းမနားကို နေပြည်တော်နှင့် တူအောင် ပြုပြင်ပြောင်းလဲခြင်း၊ လမ်းများချဲ့ခြင်း၊ ဟော်တယ်မော်တယ်ကြီးများ ဆောက်ခြင်း စသည်တို့လုပ်လိုက်ရာ ကားလမ်းနှင့် သိပ် မဝေးလှသော ကျွန်တော့်မြေကွက်ကလေးမှာ ထို တိုးချဲ့သော တစ်ခုခုများအတွင်း စတေးခံလိုက်ရပါတော့သတည်း။ ပြီးခဲ့သည့်အခေါက် ၂၀၁၀ နှစ်ဆန်းပိုင်းက ရေဆင်းရောက်တော့ ကျွန်တော့်မြေကွက်ကလေးရှိမည့်နေရာသို့ ကားပေါ်မှ ငေးမိပါသေးသည်။ သို့သော် ပြုပြင် ပြောင်းလဲမှုများကြောင့် မည်သည့်နေရာတွင် ရှိမည်မှန်းကို မှန်းလို့မရနိုင်တော့ပါလေ။ မရှိမဲ့ ရှိမဲ့ ပိုက်ဆံကလေးနှင့် ၀ယ်ခြမ်းပြီး နိုင်ငံတော်ကို ပေးလှူလိုက်ရသော ကျွန်တော့်မဟာကောင်းမှုကို မိတ်ဆွေများအား အမျှအတန်းပေးဝေပါ၏။ သာဓု ၃ ကြိမ်ခေါ်နိုင်ပါစေခင်ဗျား။)
ပြန်ဆက်ရလျှင် နိုင်ငံခြားအရင်းအနှီးအတွက် ပိုက်ဆံရရာ ရကြောင်းများလိုက်ရှာရင်းနှင့် ကျွန်တော်တို့ရွာဘက်မှ ဗိုလ်မှူးကြီး ဟောင်း အန်ကယ်ကြီး ဦးအောင်မြင်ထံ သွားပါသည်။ သူက သူ့လက်ထဲတွင်တော့ ပိုက်ဆံသိပ်မရှိလို့ မချေးနိုင်။ သို့သော် ကျွန်တော့် မြေကွက်ဂရံကို ဘန်းပြကာ သူ့မိတ်ဆွေများထံမှ ပိုက်ဆံရအောင်ချေးပေးမည် ဟုဆိုသဖြင့် အားတက်ရပါ၏။ တိုတိုပြောရလျှင် ကျွန်တော် အေးဂျင့်ဘိုးပေးချေရမည့်ကာလတွင် ကျွန်တော်လိုအပ်သော ငွေပမာဏကို ရခဲ့ပါသည်။ အတိုးကတော့ ၆ ကျပ်တိုးထင်ပါသည်။ မမှတ်မိတော့ပါ။ ထို့ကြောင့် ကျွန်တော့်အခက်အခဲကို ကူညီခဲ့သော အန်ကယ်ကြီးအားလည်း အထူးကျေးဇူးတင်ပါသည်။
ပိုက်ဆံရတော့ ကျွန်တော် ဒေါ်အိုင်းရစ်ထံ စရံငွေ တစ်သိန်းသွားပေးပါသည်။ အန်ကယ်ကြီးက စိတ်မချ။ ကျွန်တော့်ကို စာချုပ်နှင့် လုပ်ခိုင်းပြီး သူပါလိုက်ခဲ့ပါသည်။ ဒေါ်အိုင်းရစ်က ထုံးစံမရှိဟု စိတ်ဆိုး၏။ သို့သော် အန်ကယ်ကြီးကိုတော့ လူကြီးမို့မငြင်းချင်တာနှင့် လက်မှတ်ထိုးပေး လိုက်ပါသည်။ နောင်တွင်စာချုပ်နှင့်ဆိုလျှင် မလုပ်တော့ဟုလည်း ၀မ်နင်ပေးလိုက်ပါသေး၏။
ဒေါ်အိုင်းရစ်ထံတွင် သိပ်ကြာကြာမစောင့်လိုက်ရ။ တစ်လလောက်ပဲကြာမည် ထင်ပါသည်။ အင်တာဗျူးလာပါ ဟု ခေါ်သည်။ ဘာရာထူးလဲ မေးတော့ အင်ဂျင်နီယာဆိုလား ပြောပါသည်။ သေသေချာချာ မသိရ။ လခလည်း မသိပါ။ အင်တာဗျူးကို ၈ မိုင်မီးပွိုင့်ရှိ ဘာတဲ့ ဒဂုံစင်တာဟော်တယ်လား ၊ အဲဒီမှာ လုပ်ပါသည်။ အင်တာဗျူးလာဖြေသည့်သူ အတော်များပါသည်။ ၃-၄၀ ခန့်ရှိသည်။ အင်တာဗျူးကို တစ်ဦးချင်းစီ ဖြေရတာမဟုတ်ပဲ အားလုံးဝင်ပြီး အားလုံးရှေ့မှာပင် မေးတာဖြစ်ပါသည်။ ကျွန်တော့်အလှည့်တွင် လုပ်ရမည့်အလုပ်ကို အကျဉ်းချုပ်ပြောပြပြီး လခကို ပြောပါ၏။ မှန်ရာပြောရလျှင် သူတို့ပြောတာတွေ သိသလိုလိုနှင့် သေသေချာချာ ကျွန်တော်နားမလည်ပါ။ သူတို့က ရွေးစရာနှစ်ခု (two options) ချပြပါသည်။ ကျွန်တော်လည်း တစ်ခုကို လက်နှင့်ထောက်ပြလိုက်၏။ နားလည်လို့တော့မဟုတ်။ ခပ်တည်တည်နှင့် ရမ်းတုတ်လိုက်ခြင်း ဖြစ်ပါသည်။
လခပြောပြီး သူတို့က ပုံတစ်ပုံပေးကာ စာရွက်အလွတ်တစ်ရွက်ပေးရင်း ဆွဲခိုင်းပါသည်။ ဆွဲ ဆွဲ ဆိုလို့ဆွဲရသည်။ ဘာကို ဆွဲခိုင်းမှန်း သဘောမပေါက်။ ပေးလာသည်က Iso Drawing တစ်ခုဖြစ်ပါ၏။ RIT ကျောင်းဆင်းပေကပဲ။ Iso Drawing လောက်ကတော့ ဘာမှုလိမ့်မတုံး။ ကျွန်တော်က front view, side view, plan view အားလုံးဆွဲပေးလိုက်၏။ ကျွန်တော်ဆွဲတာကြည့်ပြီး ဟို မျက်စိ တစ်ဖက် မှိတ်မှိတ်ပြသော တရုတ်ကြီးက စာရွက်ကို ဟိုဘက်စောင်းကြည့်လိုက်၊ ဒီဘက်ငဲ့ကြည့်လိုက် လုပ်နေပါသည်။
ကျွန်တော့်ဘေးမှ မျက်နှာလေးထောင့်နှင့် ပုဂ္ဂိုလ်မှာ ပုံဆွဲတာ တော်တော်နှင့် အဆင်မပြေ။ နောက် တစ်ယောက်ကလာတဲ့ပြီး အဲဒီ ပုံအတိုင်းသာ ကူးဆွဲပေးလိုက်ပါကွာ ဆိုတော့မှ ကျွန်တော်လည်း ခုနဆွဲခဲ့သောပုံအပြင် နောက်ထပ်စာရွက်တစ်ရွက်ထပ်တောင်းကာ ထို Iso ပုံအတိုင်း ၏သည်မရွေး ကူးဆွဲပေးလိုက်ပါသည်။ ထိုအခါမှ ခုနက ကျွန်တော့်ပုံကို ဖင်လှန်၊ ခေါင်းလှန်ကြည့်နေသော တရုတ်ကြီးမှာ နောက် ဆွဲထားသော ပုံအသစ်ကိုကြည့်ကာ ခေါင်းတညိတ်ညိတ်နှင့် ရှိပါတော့သတည်း။
မျက်စိတစ်ဖက် မှိတ်မှိတ်ပြသော ထိုတရုတ်ကြီးကို အင်တာဗျူးလာစဉ်က ဖိုမင်လား၊ စူပါဗိုက်ဆာလား၊ အင်ဂျင်နီယာလား ဟု ကျွန်တော်ထင်ခဲ့ပါသည်။ လား၊ လား။ စင်ကာပူရောက်တော့မှ ကျွန်တော်တို့ကို လစဉ် လခများထုတ်ပေးသော သူဌေးဖြစ်နေပါ၏။ ဤမျှ လူကဲခတ်ကောင်းသော ကျွန်ုပ်ပါတည်း။ (အဘယ်ကြောင့် အထင်မှားရသနည်းဆိုသော် သူ အင်တာလာဗျူးစဉ်က ရှိုးနှင့်မိုးနှင့် ၀တ်စားလာတာမဟုတ်ဘဲ ဘွိုင်လာစွပ် - overhall အဖြူကြီး ၀တ်လာသောကြောင့် ဖြစ်ပါ၏။) ကံဆိုးလိုက်ပုံများတော့ မပြောချင်ပါ။ စင်ကာပူတွင် အလုပ်လုပ်တော့ ကျွန်တော် သူနှင့်အတူ တစ်ခန်းထဲ ထိုင်ရပါသည်။ ကျွန်တော်က သည်ဘက်စားပွဲ။ သူက ဟိုဘက်စားပွဲ။ ကျွန်တော့်မှာ အမြီးပင်မခတ်ရဲပါ။
ကျွန်တော့်ဘေးမှ ပုံများကို ခက်ခက်ခဲခဲဆွဲနေသော မျက်နှာလေးထောင့်နှင့် ပုဂ္ဂိုလ်မှာမူ စင်ကာပူရောက်တော့ ကျွန်တော်နှင့် အလွန်ခင်မင်သွားသူ ကိုဇော်ဟိန်းထွန်း ဖြစ်လာပါသည်။ အလွန်ရိုးသားပြီး ခင်စရာကောင်းသော ပုဂ္ဂိုလ်ဖြစ်ပါ၏။
အင်တာဗျူးအပြီး ဘယ်သူတွေ စင်ကာပူမှာအလုပ်လုပ်ဖူးသလဲ ဟု မေးလိုက်သောအခါ ဟိုက်ရှားဘား။ ကျွန်တော်အပါအ၀င် သုံးလေးဦးမှလွဲ၍ အားလုံးမတ်တတ်ထရပ်သည်ကို တွေ့လိုက်ရ၍ အတော်ပင် ဖြုံသွားပါသည်။ မည်မျှ စေ့စေ့စပ်စပ် သေသေချာချာ စစ်လိုက်သနည်း ဆိုသော် ကျွန်တော်တို့အထဲမှ လူ ၂၀ ရွေးပြီး ကျန်သည့်သူများကို အပြင်ထွက်ခိုင်းလိုက်ပါသည်။ ဆိုလိုသည်မှာ သည် လူ ၂၀ ကိုရွေးလိုက်ပြီ ဆိုသည့်သဘော ဖြစ်ပါသည်။ ခုထိ ဘာရာထူးမှန်း၊ လခဘယ်လောက်မှန်း ကျွန်တော်နားမလည်သေးပါ။ သို့သော် စင်ကာပူရောက်ဖူးသူ ဆရာကြီးများက သေသေချာချာ ရှင်းပြပါသည်။ စားပြီးသောက်ပြီး တစ်လ ၃ သိန်းလောက်တော့ ရမည်ဟု အကြမ်းဖျဉ်း သိလိုက်ရသဖြင့် မဆိုးလှဟု ကိုယ့်ဟာကိုယ် ကျေနပ်မိပါသည်။ ကျွန်တော်တို့လည်း ၀မ်းသာအားရ ပြန်ခဲ့ကြပါ၏။
(၄) ရှက်ရှက်နှင့် အိမ်တစ်ခေါက်ပြန်ရခြင်း
ရွေးပြီဆိုတော့ အရေးကြီးသည်မှာ ပိုက်ဆံချေဘို့ဖြစ်ပါသည်။ စရံငွေတစ်သိန်းပေးပြီးပြီ ဆိုတော့ ကျန်သည့်ပိုက်ဆံချေရန် အပူတပြင်းတောင်းပါသည်။ ဘယ်လောက်ပေးရမလဲဆိုတော့ သူတို့က ၁၄၅ ကျပ်ဈေး (ထင်ပါသည်) နှင့်တွက်ကာ ချေခိုင်းပါသည်။ ကျွန်တော်လည်း ပိုက်ဆံအထုပ်ကြီး ပိုက်သွားပြီးမှ ၁၄၅ ကျပ်ဈေး ဆိုတော့ ထင့်သွားကာ မြန်မာငွေနှင့်မပေးဘဲ ဒေါ်လာနှင့်ပေးလျှင် ရမလားမေးတော့ ရသည်ဆို၏။ ခြစ်ခြစ်ခြုတ်ခြုတ် လုပ်ရသည်မို့ ပိုက်ဆံထုပ်ကြီးပြန်မ, လာကာ အမေရိကန်ဒေါ်လာကို သူငယ်ချင်းများ အဆက်အသွယ်နှင့် အပြင်မှဝယ်ပါသည်။ ဘာထူးသလဲဆိုတော့ တစ်ကျပ်တန်များဝယ်လျှင် ၁၀၀ တန်များဝယ်သည်ထက် တော်တော် များများ သက်သာပါသည်။ သို့နှင့် ကျွန်တော် ရနိုင်သမျှအနုတ်များဝယ်ကာ ကျန်သည့်ပိုက်ဆံကို ချေလိုက်ပါ၏။
ပြီးတော့ ထုံးစံအတိုင်း ဘောင်းဘီ၊ အင်္ကျီ၊ luggage, hand carry စသည့် ၀ယ်စရာရှိသည်များဝယ်။ ရန်ကုန်ရှိ လက်လှမ်းမီသမျှ တပည့်များကို ဖိတ်ကာ နှုတ်ဆက်ပွဲအဖြစ် မုံ့ဟင်းခါး စုချက်စားကြပါသည်။ နိုင်ငံဂျား သွားမည်ဆိုတော့ တပည့်များက ကြောင်လျှာသီးများ လက်ဆောင်ပေးလိုက်ကြ၏။ ကျွန်တော်လုပ်ရသည့်အလုပ်မှာ ကြောင်လျှာသီးနှင့် မနီးစပ်လေရကား ၎င်းတို့မှာ တစ်ခါမျှမဆွဲရပါဘဲလျှက် ယခုတိုင် ဘီရိုထဲတွင် သည်အတိုင်းရှိနေပါချေသေးသည်။
၁၉၉၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကျွန်တော်တို့ လူ ၂၀ ပါသောအသုတ် MAI လေယာဉ်ကြီးပေါ် တက်ခဲ့ကြပါသည်။ သူငယ်ချင်းဖြစ်သူ ကိုဌေးဝင်းက သူ့ ပါဘလေကာအဖြူကလေးနှင့် လိုက်ပို့ပါသည်။ မိုးကလေးကလည်း တစ်ဖွဲဖွဲကလေးကျလို့။ လွမ်းစရာကောင်း ကောင်းသေးတော့။
လိုက်ပို့သူများကို လက်တွေဘာတွေပြကာ လေယာဉ်ပေါ်တက်ခဲ့ပြီး လေယာဉ်အထွက်ကို ရင်တထိတ်ထိတ်နှင့် စောင့်နေကြပါ၏။ ကိုင်း၊ တစ်ခါဖြင့် နိုင်ငံခြားရောက်ပြီကွ ဟု။
လေယာဉ်ကြီးကလည်း ပူလိုက်အိုက်လိုက်သည်မှာ ပြောစရာမရှိ။ ၈ နာရီထွက်ရမည့်လေယာဉ်သည် ၈ နာရီခွဲလည်းမထွက်။ ၉ နာရီလည်း မထွက်။ နောက်တော့ လေယာဉ်မယ်ကလေး၏ ကြေငြာသံကြားရပါသည်။
“ခရီးသည်များရှင်၊ မိမိတို့ရဲ့ ပတ်စ်ပို့နဲ့တကွ အဖိုးတန်သောပစ္စည်းများ ထားခဲ့ကြပြီး လေယာဉ်အောက် ခေတ္တဆင်းပေးကြပါ။ စောင့်ဆိုင်းခန်း မှာ စောင့်နေပြီး လေယာဉ်ထွက်မဲ့အချိန်ကို ထပ်မံကြေငြာပါမယ် ရှင်” ဟူ၏။ ကျွန်တော့်မှာ အတန် ဇဝေဇ၀ါ ဖြစ်သွားပါ၏။ ဘယ့်နဲ့၊ အဖိုးတန်တဲ့ပစ္စည်း ယူသွားရမဲ့အစား ဘာ့ကြောင့်များ ထားခိုင်းနေရပါလိမ့် ဟု တွေးလျှက် ပတ်စ်ပို့မှတစ်ပါး လူမှလွဲ၍ ကျွန်တော့်တွင် ဘာမှအဖိုးတန်တာ မပါလာခဲ့သဖြင့် ပတ်စ်ပို့ကလေး လက်မှကိုင်ကာ အများနှင့်ရောယောင် ဆင်းခဲ့ပါသည်။
လေယာဉ်ကွင်းအပေါ်ထပ် စားသောက်ဆိုင်တွင် အတော်ကြာကြာ စောင့်နေရပါသည်။ နေ့လည် ၁၂ နာရီခန့်ရှိသော် ကော်ဖီနှင့် မုံ့အနည်းငယ် ကျွေးပါ၏။ လေယာဉ်ကား ဘယ်ဆီနေမှန်းမသိရသေး။ နာရီပြန်တစ်ချက်တီးခွဲလောက်ရောက်မှ ခရီးသည်များရှင်၊ လေယာဉ် စက်ချို့ယွင်းသဖြင့် သည်ကနေ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ နက်ဖြန်မှ လာခဲ့ကြပါ ဟု ကြေငြာပါသည်။ လိုက်ပို့သူများမှာကား အားလုံးပြန်ကုန်ကြပေပြီ။
သို့နှင့် ကျွန်န်ုပ်တို့လည်း ရှက်ရှက်နှင့် အိမ်ပြန်ခဲ့ကြရပါ၏။ ဘယ့်နှယ့်ဗျာ။ မနက်က ဟုတ်တိပတ်တိ လက်တွေဘာတွေ အသားကုန် ဝှေ့ရမ်းနှုတ်ဆက်ခဲ့ပြီးမှ ခု အိမ်ပြန် ဒီမျက်နှာပြရဦးမည်ဆိုတော့။ မနက်က မိုးဖွဲဖွဲကလေးကျနေသဖြင့် လွမ်းရမလား အောက်မေ့။ ယခုမှ တကယ် လွမ်းရပါတော့သည်။
ပထမဆုံးခရီးစဉ်တွင် ဤကဲ့သို့ကြုံလိုက်ရ၍ ကျွန်တော် MAI ကို အတော်လန့်သွားပါသည်။ တိုတိုပြောရလျှင် နောက်တစ်နေ့ဖြစ်သော ၁၉၉၈ ဇွန်လ ၁၃ ရက်နေ့တွင် စင်ကာပူသို့ တကယ်ထွက်ခဲ့ရပါတော့သတည်း။
- - - - - - - - - - - - - - - - - - - x - x - x - x - - - - - - - - - - - - - - - - -
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment