Monday, March 30, 2026

စစ်ကိုမုန်းသော ကျွန်ုပ်နှင့် ကျွန်ုပ် စစ်ကိုမုန်းသည် ဆိုခြင်းအကြောင်း

ဤဒွန္နယာကြီး၌ ကျွန်ုပ်လိုလူမျိုးချည်းသာဆိုလျင် စစ် ဆိုသည့်စကားလုံး ပေါ်လာစရာ အကြောင်းကို မရှိ။

စစ်ကိုမုန်းသူများထဲ၌ ကျွန်ုပ်သည် နံပါတ်ဝမ်း တစ်၊​ ဂဏန်း ၁ ထဲက ပါ၏။

 

အမှန်ကိုဆိုရလျင် ကျွန်ုပ်၏ သဘာဝမှာ အပင်လေးစိုက်၊ ပေါင်းမြက်လေးသုတ်သင်ရှင်းလင်း၊ သစ်ပင်ပန်းပင်လေးတွေ ရေလောင်းပြီး တောမှာအေးအေးဆေးဆေး နားအေးပါးအေး နေလိုခြင်းဖြစ်၏။ (ဘုန်းကြီးဝတ်ဘို့ လာမပြောပါနှင့်။ စိတ်မဝင်ဇားဘာစ်၊ အဟိ) ဘာတက်ခနော်လော်ဂျီမှ မလိုချင်။ မြေကြီးကို တူးဆွ၊ အပင်စိုက်၊ ကိုယ်စိုက်တာကိုယ်စားပြီး ရေနွေးကြမ်းလေးသောက် စာလေးဖတ်၊ သက်သောင့်သက်သာ နေလိုလှ၏။

 

ကျွန်ုပ်သာမဟုတ်ပါ။ များစွာသော အသင်တို့သည်လည်း ကျွန်ုပ်ကဲ့သို့ မရှိအေးအေး ရှိအေးအေး၊ ဘဝကို ခပ်အေးအေး အီးဇီးဂိုးရင်း သွားချင်သူများသာ ဖြစ်ပါလိမ့်မည်။

 

သဟာဆို ဤ ဒွန္နယာကြီးမှာ အဘယ်ကြောင့် စစ်ပွဲတို့ ဖြစ်ကြရပါသနည်း။

အမှန်ကို ဆိုရလျင် စစ်ပွဲကို ဖန်တီးသူများမှာ တောင်သူလယ်သမား၊ တိုင်းသူပြည်သားတို့မဟုတ်။ သူတို့ကိုယ်သူတို့ ဘုရင်ဟု ကြေငြာထားသူ၊ လူမိုက်ကြီးများသာ ဖြစ်ဘိ၏။

 

ထို ဘုရင်ဆိုသူများက နယ်မြေတိုးချဲ့လိုသဖြင့်သော် လည်းကောင်း၊ သူများပိုင်နက်ကို မတရားသဖြင့် သိမ်းပိုက်လို၍ သော် လည်းကောင်း၊ သူရို့တိုင်းပြည်က သယံဇာတများကို သွားရည်ယိုသောကြောင့်သော် လည်းကောင်း အစရှိသည့် လိုချင်လောဘများကြောင့် စစ်ပွဲကို ဖန်တီးကြတာ ဖြစ်၏။

 

အနှီ ဘုရင်ဆိုသူတို့၏ အလိုလောဘများကို ဖြည့်ဆည်းဘို့ရာ သာမန်တိုင်းသူပြည်သားများက အသက် အသေခံကာ တိုက်ခိုက်ပေးရခြင်းသာ ဖြစ်၏။

 

မယုံလျင် အသင်တို့သည် ရွာများကိုလိုက်ပြီး ယောက်ျားတစ်ယောက်ချင်းစီးကို စစ်တမ်းကောက်ကြည့်စမ်းပါ။

 

အသင်တို့သည် စစ်တိုက်လိုပါသလော။

အသင်သည် စစ်ပွဲမှာ သေနတ်နှင့်ပစ်၍ ကိုယ်နှင့်မသိသော တစ်ဖက်သားကို သေအောင်သတ်လိုပါသလော။

အသင်သည် ကိုယ်နှင့် ဘာရန်ကြွေးရန်စမှ မရှိသည့် လူတစ်ယောက်ကို အသားလွတ် ဓားနှင့်ပိုင်းလိုပါသလော။

 

အသင်သည် သားတကွဲ၊ မယားတကွဲနှင့် ဒုက္ခဆင်းရဲကြီးစွာ သေနတ်တွေ တဒိုင်းဒိုင်းနှင့်၊ စားကောင်းချင်း မစားရ။ အိပ်ကောင်းချင်း မအိပ်ရ နေလိုပါသလော။

အသင်သည် ကိုယ့်အိမ်ကိုယ့်ယာက အိပ်ယာထက်မှာ ဇိမ်ကျကျ အိပ်ရမည့်အစား တောတောင်ထဲမှာ ဖြုတ်အကိုက်ကိုက်၊ ခြင်အကိုက်ကိုက်နှင့် မြေကြီးပေါ်မှာ ခွေးလိုအိပ်ချင်ပါသလော။

အသင်သည် ထမင်းကို ကိုယ့်အိမ်က ထမင်းစားပွဲမှာ ကိုယ့်သားတွေသမီးတွေနှင့် ပျော်ပျော်ပါးပါး လက်ဆုံမစားဘဲ တောထဲမှာ ခွေးစားလို စားလိုပါသလော။

 

အသင်သည် အေးအေးဆေးဆေး ကိုယ့်အိမ်မှာကိုယ် (လူငယ်လေးတစ်ဦးပါ တေလေလေးလားဝိုင်းကဲ့ရဲ့တယ်) ဆိုသည့် သီချင်းလေးနားထောင်လိုက်၊ (ဆယ်နှစ်ကွ ဆယ်နှစ်) ဆိုသည့် ကျော်ဟိန်းကားလေး ကြည့်လိုက် လုပ်နေမည့်အစား တောထဲမှာ ငါ့များ ဘယ်သူက သေနတ်နဲ့ ပစ်လိုက်လေမလဲဟု ရင်တထိတ်ထိတ်နှင့် ခိုးကြောင်ခိုးဝှက် သွားနေလိုပါ သလော။

 

လိုက် မေးကြည့်စမ်းပါ။

သူတပါးကို သတ်ဘို့ မဆိုထားပါနှင့်။ ဘာမဟုတ် ညာမဟုတ်။ ဘာအကြောင်းကိစ္စမှ မရှိပါဘဲလျက် လမ်းပေါ်လျှောက် သွားနေသူတစ်ဦးကို အသားလွတ် တုတ်နှင့်ခေါင်းကို ရိုက်ဘို့ ကြိုးစားကြည့်စမ်းပါ။

 

စစ်ပွဲဆိုသည်မှာ . . .

 

ကိုယ်နှင့်လည်း လုံးဝမသိပါဘဲလျက် . . .

ကိုယ်နှင့်လည်း မည်သည့် ရန်ငြိုးရန်စတစ်ခုမှ မရှိပါဘဲလျက် . . .

သူသည်လည်း မည်သည့်အပြစ်တစုံတရာကိုမှ မကျူးလွန်ပါဘဲလျက် . . .

အနှီသူသည် မကောင်းမှုများ ကျူးလွန်နေသည့် လူဆိုးသူခိုးလည်း မဟုတ်ပါဘဲလျက် . . .

ထို အပြစ်ကင်းစင်သူတစ်ဦးအား . . .

 

အခြား သူနှင့်ဘာမှ မသက်ဆိုင်သူ . . .

သူနှင့်လည်း ဘာရန်သူမှမဟုတ်သူ . . .

သူ့ကို အသားလွတ် သတ်ဖြတ်ရန် ဘာအကြောင်းမှ မရှိသူတစ်ဦးက . . .

 

အသားလွတ် သေနတ်နှင့်ပစ်၊ လှံနှင့်ထိုး၊ ဓားနှင့် ခုတ်သတ်ရခြင်းပင် ဖြစ်သတည်း။

 

မည်မျှ တရားမဲ့လိုက်ပါသနည်း။

မည်မျှ မတရားလိုက်ပါဘိသနည်း။

မည်မျှ မိုက်မဲသည့်အလုပ်ကို လုပ်လိုက်ရတာပါနည်း။

 

စစ်ပွဲတွင် ပါဝင်ဆင်နွှဲလိုက်ရသူ စစ်သားတစ်ဦးအနေနှင့် သူ သေနတ်နှင့်ပစ်သတ်လိုက်သူတစ်ဦးကို အေဘေး၊ နင်တော့ သေပေရော့ဟူသည့် မုန်းတီးစိတ်နှင့် အာဃာတစိတ်နှင့် ပစ်သတ်လိုက်တာ မဟုတ်နိုင်ပါ။ သူသည် တစ်ဖက်ကလူ ဖြစ်နေသည့်အတွက် ကိုယ့်ရန်သူဟု သဘောထားကာသာ ပစ်သတ်လိုက်ရခြင်း ဖြစ်ပေသည်။ အနို့ သူက ပစ်မသတ်ရင် တစ်ဘက်လူက ကိုယ့်ကို ပစ်သတ်သွားမှာကိုး။ မပစ်ချင်လို့ကို မရ။ ပစ်ကိုပစ်ရပေမည်။ အနို့ စစ်ပွဲဟူသည် လူတဖက်သားကို ပစ်သတ်ဘို့အတွက် မဟုတ်ပါလော။

 

ဥပမာ - ယခု အမေရိကန်လေယာဉ်က အီရန်တစ်နေရာရာကို ဗုံးကျဲလိုက်သဖြင့် လူများ သေကြေပျက်စီးသွားသည် ဆိုကြပါစို့။ ထို အမေရိကန်လေယာဉ်မှူးသည် သူဗုံးကျဲချလိုက်သည့်နေရာက သေသူတွေသည် မည်သူတွေဖြစ်သည်ကို သိပါသလား။ သူဗုံးကျဲလိုက်သဖြင့် ဘယ်နှစ်ယောက် သေသည်ကိုပင် သိပါသလား။ ထိုသူတွေ သေကျေပျက်စီး သွားခြင်းဖြင့် သူ့အတွက် ဘာတွေ အကျိုးထူးသွားပါသနည်း။ သူသည် အထက်က အမိန့်တစ်ခုတည်းဖြင့် ဤနေရာကို ဗုံးကျဲချလိုက်ခြင်းသာ ဖြစ်၏။ ဘယ်သူတွေသေသည်၊ ဘယ်မျှသေသည်၊ သူဗုံးကျဲချလိုက်သဖြင့် ထိုမိသားစုများ မည်မျှ ဒုက္ခရောက်သွားနိုင်သည် စသည်တို့ကို စစ်ဆေးတွေးတောဘို့ရာ သူ့ကိစ္စမဟုတ်။​ သူ့အလုပ်က ဗုံးကျဲဆိုလျင် ကျဲချလိုက် ဘို့သာ ဖြစ်၏။

 

အမှန်စင်စစ် ထိုဗုံးကျဲသူသည် အထက်က စစ်ဗိုလ်ချုပ်ကြီး အမိန့်ပေးတာကို လုပ်လိုက်ရသည့် စက်ရုပ်တစ်ခုမျှသာ ဖြစ်ချေ၏။ အကယ်၍သာ ထိုဗုံးကျဲသူ လူသားသည် လူစင်စစ်ဖြစ်လျက် ငါသာဗုံးကျဲလိုက်ရင် လူတွေဘယ်လောက် သေကုန်မည်၊ သေသူထဲတွင် ဖခင်တစ်ဦးပါသွားပါက သူ့မိသားစုတစ်ခုလုံး ထိခိုက်သွားနိုင်သည်၊​ သူတို့အိမ်တွေ မီးလောင်ပျက်စီးကုန်ပါက အဘယ်မျှ ဒုက္ခရောက်မည် အစရှိသည်တို့ကို တွေးတောဆင်ခြင်နိုင်စွမ်းရှိသူဖြစ်အံ့။ ကိုယ်မလုပ်ချင်သည့် အလုပ်တစ်ခုကို မလုပ်ဘဲ နေနိုင်စွမ်းရှိသူတစ်ဦးဖြစ်အံ့။ ထိုသူသည် ထိုဗုံးကျဲသည့်ခလုတ်ကို နှိပ်ရဲလိမ့်မည်ဟု ကျွန်ုပ်ကတော့ မထင်ပါ။

 

အနှီလေသူရဲကို ဗုံးကျဲမိန့်ပေးသည့် စစ်ဗိုလ်ချုပ်ကြီးအနေနှင့်လည်း သူဗုံးကျဲခိုင်းလိုက်သည့် နေရာကလူတွေကို မုန်းတီးစိတ်၊ အာဃာတစိတ်၊ သေစေလိုသောစိတ်ဖြင့် ဗုံးကျဲခိုင်းတာဟု ကျွန်ုပ်မထင်။ သူသည်လည်း သူ့ဘုရင်ကြီးက ဟေ့ရောင်၊ အဲဒီနေရာကို ဗုံးကျဲလိုက်ကွဟု အမိန့်ပေးသဖြင့်သာ ဗုံးကျဲခိုင်းရတာ ဖြစ်၏။

 

ဤမျှ ကျွန်ုပ် လျှာရှည်သည်ကို ဖတ်ပြီးသည့်သကာလ အသင်တို့သည် စစ်ပွဲ ဘာကြောင့်ဖြစ်ရသည်ကို နည်းနည်းလောက် ရိပ်မိပါပြီ။

 

စစ်ဖြစ်သည်ဆိုခြင်းမှာ သူကငါ့ကို စော်ကားလို့။ သူက ငါ့ကို ဘာလုပ်လို့ စသဖြင့် အမုန်း အာဃာတကြောင့် တစ်ဦးနှင့် တစ်ဦး သတ်ပုတ်ကြခြင်းမဟုတ်ဘဲ ဟို့ ထိပ်ဆုံးက လူမိုက်ကြီးများ၏ မိုက်ရူးရဲဆန်မှုကြောင့်သာ ဖြစ်၏။ ထိပ်ဆုံးက လူမိုက်ကြီးများ၏ ဆိုးညစ်မိုက်မဲမှုကို အောက်ကလူများက လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လိုက်လုပ်ပေးနေကြရတာ ဖြစ်၏။

 

အတော်တော့ ဆိုးပါသည်။

 

ဤကဲ့သို့သော အကြောင်းများကြောင့် အကျွန်ုပ်သည် . . .

စစ်ကို မုန်းပါသည်။ စစ်ဖြစ်ရခြင်းကို ရွံပါသည်။

စစ်ဖြစ်အောင်လုပ်နေသူများကိုလည်း အော့နှလုံးနာပါသည်။

၎င်းတို့ အမြန်သေကြေပျက်စီးကြောင်းကိုလည်း တရံမလပ် ဆုတောင်းပါသည်။

ထိုသူများသည် သေကြေပျက်စီးပြီးနောက်ပိုင်း၌ မည်သည့်အခါမှ လူ့ပြည်ကို ပြန်လာခွင့်မကြုံတော့ဘဲ ထာဝရငရဲတွင် ကျခံကြရပါစေဟုလည်း ရင်ထဲအသည်းထဲ၊ နှလုံးထဲ ကျောက်ကပ်ထဲ၊​ ကလီစာပေါင်းစုံထဲမှ လှိုက်လှိုက်လှဲလှဲ ဆုတောင်း ပါသည်။

 

ထို့ကြောင့်ပင်လျင် . . .

အေးအေးချမ်းချမ်း နေရအောင် စီစဉ်ပေးထားသော စင်ကာပူအစိုးရကိုလည်း ကျေးဇူးအထပ်ထပ် တင်ရပါ၏။

 

ဤကမ္ဘာလောကကြီးသည် လူ့အန္ဓများကြောင့်ဖြစ်သော စစ်ပွဲများ ကင်းစင်လျက် ကမ္ဘာသူကမ္ဘာသား အားလုံးတို့သည် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေကြရပါစေကုန်သတည်း ဟု ဆုမွန်ကောင်း တောင်းလိုက်ပါ၏။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၀ မတ်လ၊ ၂၀၂၆

Monday, March 2, 2026

ကျွန်ုပ်နှင့် သေခြင်းတရား အကြောင်း

ကျွန်ုပ်အနေနှင့် သေခြင်းတရားအကြောင်း စာတစ်ပုဒ်လောက် ရေးထုတ်ဘို့ နှစ်အတန်ကြာကပင် စိတ်ကူးရှိခဲ့၏။ သို့သော် ဘာကြောင့်မှန်းမသိ။ မရေးဖြစ်ခဲ့။ (သေစကားပြောရမှာ ကြောက်လို့လည်း ဖြစ်နိုင်ပါသည်။)

 


ယနေ့သတင်း၌ ကမ္ဘာ့သတင်းများတွင် မကြာမကြာပေါ်ထွက်လာလေ့ရှိသူတစ်ဦး မာလကီးယားသွားသည့် သတင်းကို ဖတ်လိုက်ရတော့ သေခြင်းတရားအကြောင်း ခေါင်းထဲပေါ်လာပြန်၏။ သို့အတွက် ရင်ထဲ၌ ကျလိကျလိ ဖြစ်လာသည့် ထိုအကြောင်းကို ချမှ မရေးလိုက်ရလျင် ညနေ ဘီယာသောက်လို့ မြိန်မှာမဟုတ်သည့်အတွက် ရေးလိုက်ရပြန်ကြောင်းစ်။

 

ဗုဒ္ဓဘာသာစာပေများအရ သေခြင်း (၄) မျိုးရှိ၏။

၁။ သက်တမ်းကုန်၍သေခြင်း (ဥပမာ - အသက် ၉၈ နှစ်ရှိပြီး ရင့်မှည့်ကြွေကျသွားခြင်း) - အာယုက္ခယ မရဏ

၂။ ကံကုန်၍သေခြင်း (ဥပမာ - အသက်ငယ်ငယ်နှင့် ရောဂါတစ်ခုခုဖြစ်၍ သေခြင်း) - ကမ္မက္ခယ မရဏ

၃။ သက်တမ်းလည်းကုန်၊ ကံလည်းကုန်၍ သေခြင်း (ဥပမာ - အသက်ကလည်း ၈၅၊ ရောဂါကလည်းပေါင်းစုံနှင့် သေခြင်း) ဥဘယက္ခယ မရဏ

၄။ တစုံတခုသော ပယောဂဖြင့် သေခြင်း (ဥပမာ - ကားတိုက်၍သော်လည်းကောင်း၊​ မြွေကိုက်၍သော်လည်းကောင်း၊ ဓားနှင့် အခုတ်ခံရ၍သော်လည်းကောင်း သေခြင်း) - ဥပစ္ဆေဒက မရဏ

 

မည်သို့ပင် သေစေကာမူ ခြုံ၍ပြောရပါလျင် သေခြင်းနှစ်မျိုးသာ ရှိ၏။

 

၁။ ကောင်းသောလူများ၏ သေခြင်းနှင့်

၂။ မကောင်းသောလူများ၏ သေခြင်း တို့ ဖြစ်၏။

 

အချို့လူများသေဆုံးလျင် လူအများတို့မှာ မိမိနှင့် မသိကျွမ်းစေ၊ မသက်ဆိုင်စေကာမူ၊ မိမိနှင့် ဆွေမျိုးလည်းမဟုတ်၊ အပေါင်းအသင်း သူငယ်ချင်းလည်း မဟုတ်စေကာမူ၊ မိမိပင် မသိမမြင်လိုက်ရစေကာမူ ဝမ်းနည်းပူဆွေးကြရ၏။ နှမြောတသကြရ၏။ ယူကြုံးမရ ဖြစ်ကြရ၏။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ လုပ်ကြံခံရစဉ်က မြန်မာတစ်ပြည်လုံး ယူကြုံးမရ အပူလုံး ကြွကြ၏။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်လိုနေပါလိမ့်ဟု ကျွန်ုပ် မသိမီလိုက်သော်လည်း သူ့လုပ်ရပ်များ သူ့အကြောင်းများကြားရုံနှင့် ကျွန်ုပ်တို့မှာ ကြည်ညိုရ၏၊ လေးစားရ၏။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်အကြောင်းများ ဖတ်ရသည့်အခါတိုင်း ကျွန်ုပ်မှာ မျက်ရည်မဆည်နိုင် ဖြစ်ရ၏။

 

၎င်းတို့ကွယ်လွန်သည့်အခါ -

ကမ္ဘာမြေကြီးက ငိုကြွေးနေရမည့် -

လူ့ဘောင်လောကကြီးက တမ်းတနေရမည့် -

ကျွန်ုပ်တို့နှလုံးသားထဲ၌ ထာဝရ စွဲငြိနေမည့် -

သူတော်ကောင်း အပေါင်းတို့၊ လူချွန်လူကောင်း အပေါင်းတို့ မြန်မာနိုင်ငံ၌ အများအပြားရှိပါ၏။

 

သို့သော် မြန်မာနိုင်ငံသည် လူတော်လူကောင်းများကို လက်မခံတတ်သည့် တိုင်းပြည်ဆိုးတစ်ခုဖြစ်သဖြင့် တော်သည် ကောင်းသည်ဟု နည်းနည်းလောက် နာမည်ထွက်လာသည်နှင့် ရှင်းပစ်တတ်သည့် အစဉ်အလာမှာ ဟို့ယခင် ရှင်ဘုရင် များလက်ထက်ကတည်းက ဖြစ်၏။

 

ထို့ကြောင့်ပင်လျင် မြန်မာနိုင်ငံသည် ခေါင်းထောင်ထလာမည် ကြံလိုက်၊ အောက်ကို ဝုန်းကနဲ ပြုတ်ကျသွားလိုက် နှင့် ယခုထိတိုင် တစ်ခါမှ နလံမထူနိုင်ခဲ့ပဲ သူများအောက်ပိတ်ဆုံး ဘိတ်ချီးနိုင်ငံတစ်နိုင်အဖြစ် ရှိနေခဲ့ရလေ၏။

 

ယခုပင်လျင် ကောင်းသည့်၊ တော်သည့်မြန်မာနိုင်ငံသား လူရည်ချွန် အများအပြားမှာ တခြားတိုင်းပြည်များသို့ ထွက်ခွာကာ မိမိနှင့်တကွ မိမိတို့သားသမီးများ၏ ဘဝရှေ့ရေးအတွက် ရုန်းကန် လှုပ်ရှားနေကြရကုန်သည် မဟုတ်လော။

 

ပဌာန်း (၂၄) ပစ္စည်း၌ နတ္ထိပစ္စယော - မရှိခြင်းအားဖြင့် ကျေးဇူးပြုခြင်း ဆိုတာ ပါ၏။

ဥပမာ - အနာရောဂါတို့ ရှိခြင်းသည် မကောင်း။ ထိုအနာရောဂါတို့ မရှိခြင်းအားဖြင့် ကျန်းမာရေးကောင်း၏။ အနာရောဂါတို့သည် ၎င်းတို့မရှိခြင်းအားဖြင့် လူကို ကျေးဇူးပြု၏။

 

မြန်မာပြည်၌ “မရှိခြင်းအားဖြင့် ကျေးဇူးပြုရမည့်သူ” တို့ အတော်များ၏။

ဟိုခွေးမသားတစ်သိုက် မရှိလျင် မြန်မာနိုင်ငံကြီး အတော်ကောင်းသွားပေမည်။

ထိုABay တစ်သိုက်သည် မြန်မာပြည်အတွက် ကင်ဆာဖြစ်၏။

၎င်းတို့အကုန်သေကျေပျက်စီးကုန်မှ မြန်မာပြည် အကောင်းဘက်ကို ပြန် ဦးလှည့်နိုင်မည်။

၎င်းတို့မရှိလျင် မြန်မာပြည်ကြီး အတော် ကျေးဇူးများပေမည်။

ထို့ကြောင့် အသင် သပ္ပူရိသအနွယ်မဝင်၊ သူတော်မစင်အပေါင်းတို့သည် မရှိခြင်းအားဖြင့် (တစ်နည်း သေပေးခြင်း အားဖြင့်) မြန်မာပြည်ကြီးကို ကျေးဇူးပြုကြပါကုန်လော့။

 

အသင်တို့ မသာပေါ်လျင် မြန်မာပြည်သား လူအများတို့ သင်္ကြန်၌ ကခုန်မြူးတူးပျော်ပါးကြသကဲ့သို့ ပျော်ရပေလိမ့်မည်။ ထို့ကြောင့် အသင်တို့သည် လူအများတို့ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါစေကုန်လော့။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂ မတ်လ၊ ၂၀၂၆

(မြန်မာပြည်ကို ငရဲတွင်းအတွင်း သက်ဆင်းစေခဲ့သောနေ့)