Friday, December 12, 2025

ကျွန်ုပ်၏ ခြင်္သေ့မြို့တော်အပေါ် ကိုပီတာ သဘောထားပုံ


 

သည်ကနေ့ ကျွန်ုပ် သင်တန်းသွားတော့ ကျွန်ုပ်၏ ခြင်္သေ့မြို့တော်စာအုပ်ကြီးကိုပါ သယ်သွား၏။

အခန့်သင့်ပင် မစ္စတာကိုပီတာနှင့်တွေ့။

 

ဆြာပီတာ ဟောသည်မှာ ကျွန်တော့် ခြင်္သေ့မြို့တော်စာအုပ်၊ မြည်းစမ်းကြည့်ပါအုံးဟု ပေး။

သူက စာအုပ်ကြီးကို လှန်လှောကြည့်ပြီး မျက်လုံးပြူး မျက်ဆံပြူးနှင့် -

 

အောင်မလေးကိုအေးငြိမ်း၊ ခင်ဗျား ဘယ်လိုများ ရေးလိုက်တာတုံး ဟု တအံ့တဩဆို။

ကျွန်ုပ်လည်း စာအုပ်ကို လှန်လျက် ဒီဟာက ဒီလိုရှိတယ်၊ ဟိုဟာက ဟိုလိုရှိတယ်နှင့် စာတစ်အုပ်လုံး ခြုံမိ ငုံမိ ဖြစ်အောင် အကျဉ်းချုပ် ရှင်းပြ။

 

တစ်အုပ် ဘယ်လောက်တုံး ဆိုတော့ ၃၀ ပါ ခင်ညာ ဟု ညောင်နာနာ အသံဖြင့် ကျွန်ုပ် ပြန်ဖြေ။

 

စာသင်နေတုံး တောင် တောင် နှင့် မတ်စိသံလာလို့ ကြည့်လိုက်တော့ အဲ့ငယ် - ကိုယ့်လူက ၅၀ လွှဲထားပါကလား။

 

သို့နှင့်ကျွန်ုပ်လည်း တိတ်ဘရီးတွင် သူ့ဆီသွားပြီး ကိုပီစ်တာ . . စာအုပ်ဘိုးက ၃၀ ခင်ဗျ။ ခင်ဗျား ၅၀ လို့ မှားလွှဲထားလို့ လာပြောတာ။

 

ဒီလိုရှိတယ် ကိုအေးငြိမ်းရဲ့ . . ဟု သူကရှင်းပြ၏။

ခင်ဗျားတို့ ကျွန်တော်တို့ဆိုတာ မိုးလင်းက မိုးချုပ် ဗလွတ်လွတ်လွတ် ဗလွတ်လွတ်လွတ် နဲ့ တချိန်လုံး စာသင်နေကြရတာ။ အားချိန် နားချိန်ရယ်လို့ ဘယ်ရှိလို့တုံး။

အဲသလို မအားတဲ့ကြားထဲက ဒီလောက် ပြည့်စုံပြီး ဒီလောက်ကောင်းတဲ့စာအုပ်ကြီးကို ခင်ဗျားမို့လို့ ရေးနိုင်တာ။

အဲဒါ ခင်ဗျားကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်က တမင် ၅၀ လွှဲပေးလိုက်တာဗျ။

 

ကျေးဇူးပါ ကိုပီတာခင်ဗျာ။

ကျွန်တော့်စာအုပ်အပေါ် အခုလိုသဘောထားလို့ ဝမ်းလည်း သာမိပါရဲ့။ ကျေးဇူးလည်း တင်ပါရဲ့။

 

သို့ပေသိ ကိုရင်ပီတာခင်ဗျ -

ခင်ဗျားက ကျွန်တော့်စာအုပ်ကို ဒီလို အားပေးပေမယ့် . . .

ကျွန်တော် တပင်တပန်း နှစ်နဲ့ချီ ပြုစုထားတဲ့ အဲသည်စာအုပ်ကို ဝိုင်တစ်ပုလင်းလောက်မှ တန်ဘိုးမထားသူတွေလည်း ရှိပါသေးကြောင်းခင်ဗျာ။

 

ဂဟေဆက်နည်း အတတ်ပညာစာအုပ်ကို ရှေ့ပဲဆက်ရကောင်းနိုး၊ ရပ်ပဲရပ်လိုက်ရကောင်းနိုး ချီတုံချတုံ ဖြစ်နေသေးသူ

 

အေးငြိမ်း

၁၂ ဒီဇင်ဘာလ၊ ၂၀၂၅