ဖြစ်ရပ် (၁)
၂၀၀၈ ခုနှစ်၏ တစ်ခုသော ညနေ၊ ကျွန်ုပ် အလုပ်ကအပြန် Lake Side MRT မှ လမ်းလျှောက်လာစဉ် အထုပ်အပိုးများ မနိုင်မနင်းဆွဲလျက် တုံ့နှေးတုံ့နှေး သွားနေသော အဖွားအိုတစ်ဦးကို တွေ့ရလေ၏။ အသက်ကကြီး၊ ခါးကကုန်း၊ အထုပ်အပိုးတွေနဲ့ ဆိုတော့ သူ့ကြည့်ရတာ မသက်သာ။
ထိုစဉ်က ကျွန်ုပ်မှာ အိမ်မဝယ်ရသေး။ ပေါချောင်ကောင်းရသော Kang Ching Road ရှိ United Premas ၏ one room, one hall အခန်းလေးကို ငှားလျက် ဇိမ်ကျနေချိန် ဖြစ်၏။ အဘယ်ကြောင့် ဇိမ်ကျသည်ဟု ဆိုရပါသနည်း။ ထို one room ကို ကျွန်ုပ်က ပြန်ငှားစားလျက် ကျွန်ုပ်မူ one hall ၌ ကုတင်ချကာ အိပ်လေသောကြောင့် ငှားလို့ရသည့် အိမ်ငှားခကို အခန်းခအဖြစ် ရှင်းပေးလေရာ ပတ်ချံ ဒဗြားမှ မကုန်ပဲ တယ်တူနိမ်ခတ်နေနိုင်သောကြောင့် ဖြစ်သတည်း။ (ထူးဆန်းပါပေ့ ဆတွတ်ရယ်)
ကျွန်ုပ်သာ မဟုတ်ပါ။ ထို ဝင်းထဲ၌ United Premas ၏ အဆောင် ၄ ဆောင် ရှိရာ ထိုအခန်းများကို ငှားလျက် အိမ်လုပ်နေသူ အတော်များလေ၏။ သူက ဈေးသက်သာသလို United Premas ကနေ တိုက်ရိုက်ငှားနေတာ ဖြစ်၍ ဘယ်အိမ်ရှင်မှမရှိ၊ လွတ်လပ်စွာနေနိုင်၏။ ယခုတော့ ထို အဆောက်အဦများကို ဖျက်လျက် Lakeside View HDB block များ ဆောက်နေပြီ ဖြစ်ပါသည်။
ကျွန်ုပ်မှာ ထိုအချိန်က ပူလောအူလာ ရှိ ECC Project ၌ လုပ်ကိုင်နေသည်ဖြစ်ရာ အလုပ်ပြန် နောက်ကျတတ်၏။ အလုပ်က ငိုက်စိုက်ငိုက်စိုက်နှင့် ပြန်အလာ အနှီ နှေးတုံ့နှေးတုံ့ သွားနေသော အဖွားကြီးနှင့်တွေ့။ ကျွန်ုပ်လည်း မနေနိုင်။ တား အထုပ်တွေ ကူဆွဲပါရစေ ဆို၏။ အဖွားကြီးက နားမလည်။ သို့နှင့် universal language သုံးကာ သူ့အထုပ်များ ကူဆွဲလျက် သူတို့တိုက်နားထိ လိုက်ပို့ပေးလိုက်၏။
သူ့အထုပ်များမှာ အတော်များ၏။ ဆန်အိတ်တောင် ပါသည်ထင်ပါသည်။ အဖွားကြီးက တုန်ချိတုန်ချိ (ဒချိဒချိမဟုတ်😁) နှင့် ကျွန်ုပ်ကို ကျေးဇူးတင်စကားပြော၏။ ကျွန်ုပ်လည်း အဖွားကြီးကို ကူညီလိုက်ရသည့်အတွက် အတော်လေး ဝမ်းသာ ပီတိ ဖြစ်မိပါ၏။
ဖြစ်ရပ် (၂)
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က ကျွန်ုပ်တို့ စင်ကာပူနိုင်ငံ မြောက်ဖျားသို့ ကိစ္စတစ်ခုနှင့် သွားရ၏။ ပြန်လာတော့ ဘတ်စ်ကားမှတ်တိုင်က ထိုင်ခုံမှာ ကော်ဖီများ ဖိတ်စဉ်လျက် ပေပွနေတာ တွေ့ရ၏။ ကျွန်ုပ်လည်း မနေနိုင်။ မဟေသီဆီက သောက်ရေနှင့် တစ်သျှူးတောင်းပြီး ခုံပေါ် ရေလောင်းချကာ သန့်ရှင်းရေးလုပ်၏။ (သူ့ အိတ်ထဲမှာ ရေဘူး၊ တစ်သျှူး၊ ထီး၊ ကျွန်ုပ်ဆီးချိုကျလျင် စားဘို့မုန့် အစုံပါ၏။ ကျွန်ုပ်ထံ၌မူ ဘဏ်ကတ်တစ်ခု၊ ဖုန်းတစ်လုံးနှင့် ရွှေပြည်တော် မျှော်တိုင်းဝေး စာအုပ်ကြီးတစ်အုပ်မျှသာ ပါ၏။)
ခုံက ထိုင်ခုံရှည် (bench) ဆိုတော့ ရေအတော်များများ၊ တစ်သျှူးအတော်များများ လို၏။ ထိုစဉ် ကျွန်ုပ်အနားသို့ အမျိုးသမီးကြီးတစ်ဦး ချဉ်းကပ်လာကာ တစ်သျှူးတစ်ထပ်လာပေး၏။ ထိုအခါကျမှ ကျွန်ုပ်လည်း ခုံကို လုံးဝ ပြောင်စင်သွားအောင် သုတ်လိုက်နိုင်တော့၏။
ကျွန်ုပ်သုတ်သင်ရှင်းလင်းပြီး များမကြာမီပင် ခရီးသည်များ ရောက်လာကာ ထိုထိုင်ခုံ၌ ထိုင်ကြလေ၏။ ကျွန်ုပ်လည်း ကိုယ့်လုပ်ရပ်အတွက် အတော် နှစ်သက်ဝမ်းမြောက်မိလေသော ဟူ၏။
အိမ်ပြန်ရောက်တော့ ထိုအကြောင်း သားကို ပြောပြကာ အမြင်မတော်တာ တစ်ခုခုတွေ့လျင် မျက်နှာလွှဲမသွားဘဲ လုပ်သင့်တာလုပ်ဖို့ ပြောပြရ၏။
ဖြစ်ရပ် (၃)
စားသောက်ဆိုင်တစ်ခု၌ အလုပ်လုပ်ရသည့် မြန်မာအလုပ်သမားလေးတစ်ဦးမှာ အလုပ်လုပ်နေရင်း ထိခိုက်ဒဏ်ရာရ၏။
ဖြစ်ပုံမှာ သူက ကျွက်ကျွက်ဆူနေသည့် ဆီပူအိုးကြီးကို သယ်လာ၏။ သယ်လာသည့်လမ်းအနီး ပန်းကန်ဆေးရေစင်၌ အလုပ်သမားတစ်ယောက်က ပန်းကန်ခွက်ယောက်များကို ဆေးနေ၏။ ဆေးနေသည့် ရေစက်များစင်ကာ ဆီပူအိုးထဲ ကျ၏။ ထိုအခါ ကျွက်ကျွက်ဆူနေသည့် ဆီဖြစ်သည့်အတွက် ဆီများပွက်ကာ မီးထလောင်၏။ ဆီအိုးသယ်လာသည့် ကောင်ကလေးလည်း ဆီပူအိုးကြီးကို လွှတ်ချမိလေ၏။ အောင်မငီး
ထိုအခါ ကြမ်းပြင်ပေါ် ဆီများအားလုံးဖိတ်ကျ၊ သူလည်းချော်လဲ။ ခြေလက်များ ဆီပူလောင်ကာ အရေပြားများ မချိမဆန့် လောင်ကျွမ်းကုန်လေ၏။ ဆေးရုံကို ရက်အတော်ကြာကြာ တက်ရ၏။
လူစိတ်မရှိသော သူဌေးက ဘယ်သူ့မှမပြောဘို့၊ တိုးတိုးတိတ်တိတ်နေဘို့ သူ့ကို ကြိတ်မှာထား၏။ သူဆေးရုံကဆင်းလာတော့ (ဆိုပါတော့) ဟိုမေးသည်မေးနှင့် ကျွန်ုပ်ဆီ ရောက်လာ၏။
ကျွန်ုပ်လည်း သူ့ကိုကူညီ၍ သူ့ထိခိုက်ဒဏ်ရာရမှုကို MOM သို့ report လုပ်ပေး၏။
MOM ကလည်း မင်းကသူနဲ့ဘာတော်လို့လဲ၊ ဘယ်လိုသူနဲ့သိသလဲ စသဖြင့် မေးလေ၏။
ငါက SIP သင်နေတာလကွ ဟယောင်ရ။ အဲတော့ သူတို့ပြဿနာတက်ရင် ဆက်သွယ်ဘို့ ငါ့ ဖုန်းပေးထားသပေါ့ကွ။
SIP ထလိန်နာတစ်ယောက်အနေနဲ့ ကူညီဘို့ ငါ့မှာ တာဝန်ရှိသပေါ့ကွ ဆိုတော့မှ အေခို အေခို နှင့် လုပ်သွားလေ၏။
အတိုချုပ်ရလျှင် အနှီသကောင့်သားကလေး နစ်နာကြေး ၈ သောင်းကျော်ရကာ ပြန်သွားလေ၏။
ဖြစ်ရပ် (၄)
စင်ကာပူမှာ ဆောက်လုပ်ရေးလုပ်သားမှန်သမျှ ဆေ့ဖတိသင်တန်း တက်ကြရ၏။ အောင်ကြရ၏။
ပြဿနာက CSOC_Recertification ဆိုသည်မှာ ဘာသင်တန်းမှ မတက်ရဘဲ စာမေးပွဲဖြေကြရတာဖြစ်၏။ သည်တော့ အယောက် ၂၀ လောက်ဖြေမှ ၃ - ၄ ယောက်လောက် အောင်၏။
သကောင့်သားလေး ၆ ယောက်မှာ သူရို့ကုမ္ပဏီက ဟေ့ယောင်တွေ၊ မင်းတို့ကျတာ ငါ ဘာမှလုပ်မပေးနိုင်ဘူး။ ကွကိုယ် လုပ်ကြ ဟု မျက်နှာကိုလွှဲကာ ခဲနှင့်ပစ်လေ၏။ ကောင်လေးတွေက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဆိုတော့ ထုံးစံအတိုင်း ကျုပ်ဆီရောက်လာကြ၏။ ကျွန်ုပ်လည်း စာက တစ်နေ့လုံး သင်ရတာတဖက်၊ ပြန်လာတော့ သူတို့ ကိစ္စတွေ လိုက်ရှင်းပေးရတာတဖက်ဆိုတော့ အတော်လေး စိတ်တိုလေ၏။
သို့နှင့် သူတို့ကို Ever Safe မှာ register လုပ်ပေး၏။ တက်လို့မရသေး။ Ever Safe က Micro Learning ဆိုတာကြီးကို တက်ခိုင်း၏။ ဆိုတော့ သူတို့ကို SCAL မှာ Micro Learning တက်ဘို့ register လုပ်ပေးရပြန်၏။
Micro Learning ဆိုတာ online တက်ရတာဖြစ်၏။
အေဘေးလေးတွေက ယင်းဂလစ်ရှ်လိုလည်း တစ်လုံးမှနားမလည်တော့ ဟိုက အပြည့်အစုံ လမ်းညွှန်ထားတာတောင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။
ကျွန်ုပ်လည်း screen shot များ တစ်ခုပြီးတစ်ခုရိုက်ကာ သူတို့ဆီ ပို့ပေး၏။ ဒါလည်း အဆင်မပြေ။
ဆိုတော့ နောက်ဆုံး SCAL ကို သွားခိုင်းလိုက်၏။ SCAL မှာ ကိုယ့်မိတ်ဆွေရှိတော့ ဟကောင်ရာ၊ ဒီဒုက္ခသည်လေးတွေ ကျုပ်ကျက်လိပေးပါအုံးကွာ အကူအညီတောင်းရ၏။
ကိုယ်ကအားတာမဟုတ်။
လက်တွေ့လုပ်ရသည့်အချိန်များမှအပ စာသင်တယ်ဆိုတာ ပါးစပ်က အမြှုပ်တစီစီထွက်အောင် ဗလွတ် ဗလွတ်နှင့် တချိန်လုံး ပြောနေရတာ ဖြစ်၏။ ဒီကြားထဲ ကောင်လေးတွေက မလုပ်တတ် မကိုင်တတ်နှင့် ဖုန်းတဂွမ်ဂွမ် ဆက်တော့ ကျွန်ုပ်လည်း စိတ်အတော် တိုမိ၏။ အော်မိ၏။
ဆိုပါတော့။ သည်လိုနှင့် နောက်ဆုံး မနိုင့်ရင်ကာနှင့် စာမေးပွဲအောင်ကြရ၏။ ဒါတောင် အကုန်မဟုတ် တချို့ကျသည် ဆို၏။ ဘယ်သူတွေကျသလဲ ကျွန်ုပ်လည်း ထပ်မမေးတော့။
ဖူးစ်
ခညားတို့ ကျော့် စတိုရီအရှည်ကြီးတွေဖတ်ရတာ ပျင်းမှာစိုးလို့ အခု နောက်ဆုံးတစ်ခုဆီ ကျော်သွားပါမည်။
ဖြစ်ရပ် (၅)
ပြီးခဲ့သည့် အင်္ဂါနေ့ (04/11/2025) က Ever Safe က သင်တန်းပြီးလို့ ပြန်အလာ Upper Jurong Road ပေါ်၌ စက်ဘီး တွန်းသွားနေသည့် အနဲတစ်ယောက်ကို တွေ့။ ဘာဖြစ်တာတုံး ငါ့လူ ဆိုတော့ ဘီးပေါက်သကွာ ဟု ညည်း၏။ အောင်မယ်ကွယ်၊ ဘီးပေါက်တာများ ဘာခက်လို့တုံး၊ လာ ဟု သူ့ကို အနီးရှိ ဘတ်စ်ကားမှတ်တိုင်သို့ ခေါ်သွား။ သူ့ကို ထိုင်ခိုင်းပြီး ကျွန်ုပ်၏ ဘီးဖာသည့်ကိရိယာများ ထုတ်ကာ သူ့ဘီးကို ဖာပေးလေ၏။
အာလာမာ့
ဖာပြီးလို့ လေလည်းထိုးလိုက်ရော ဖရူးဆိုပြီး ကော်များ အကုန်ကွာကုန်လေ၏။
သူက ကူပြီး သေသေချာချာ ကော်ပတ်စားပေးထားတာဖြစ်သလို ကျွန်ုပ် ကော်ကလည်း tube အသစ်ကို ဖောက်ထားတာ ဖြစ်၏။ ကတောက်စ်ခ်
ကျွန်ုပ်လည်း မကျေနပ်သည်နှင့် သူ့ကို အသေအချာ ကော်ပတ်ထပ်စားခိုင်းကာ ထပ်ဖာပြန်လေ၏။
ဖာပြီး လေထိုးလိုက်တော့လည်း တဖြည်းဖြည်း ရှူးသွားပြန်လေ၏။
ကျွန်ုပ်လည်း အတော်လေး စိတ်လေသွားပြီး ပြန်စစ်ကြည့်တော့မှ သကောင့်သား၏ စက်ဘီးခွေက ကွဲနေကာ အစလေးများ ထွက်နေ၍ လေလုံး (tube) ကို သွားဒုက္ခပေးနေမှန်း တွေ့ရတော့၏။
ကိုင်း ကိုယ့်လူ ဒီမှာတွေ့လား၊ မင်းဟာ ခွေကိုလဲမှရမယ် ဆိုပြီး လက်လျှော့လိုက်ရ၏။ စက်ဘီးပြင်ဆိုင်က အတော်ဝေးသေးသည်။ အနည်းဆုံး မိနစ် ၂၀ လောက်လျှောက်ရမည်။ ဘာမှ မတတ်နိုင်။ သူလည်း စက်ဘီးတွန်းကာ ထွက်သွားလေ၏။
နိဂုံး
ဘယ်အတန်းလဲတော့ မမှတ်မိ။
ကျွန်ုပ်တို့ ငယ်စဉ် မူလတန်းကျောင်းသားဘဝက “ကောင်းမှုတစ်ခု နေ့စဉ်ပြု” ဆိုတာကို ကျောင်းဖတ်စာအုပ်ထဲ၌ သင်ခဲ့ရ၏။ (လက်လှမ်းမီသမျှ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် စတုတ္ထတန်း ဖတ်စာအုပ်များထဲ၌ လိုက်ရှာတာ မတွေ့။ ဖြုတ်ပစ်လိုက်ပြီ ထင်ပါသည်။ လူတွေ ကောင်းမှုပြုတာတွေ များနေသဖြင့် မလိုတော့လို့ ဖြုတ်ပစ်လိုက်တာ ဖြစ်မည်။ အဟိစ်)
ကျွန်ုပ်တို့သည် ကောင်းမှုတစ်ခုလောက်ကို နေ့စဉ် ပြုမိကြပါရဲ့လား။
ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့် လူ့အသိုက်အဝန်းအတွက်၊ ကိုယ့်နိုင်ငံအတွက် စသဖြင့်
ကောင်းမှုပြုရန် ပိုက်ဆံအများကြီးမလိုပါ။ ကြီးကြီးကျယ်ကျယ် အင်အားတွေလည်း စိုက်ထုတ်နေစရာမလိုပါ။
ကိုယ်လုပ်ချင်သပဆို လုပ်လို့ရတာတွေ ကိုယ့်ပတ်ဝန်းကျင်မှာ အများကြီးရှိသည်။ သတိမထားသည့်အတွက် သတိမမူမိတာ ဖြစ်၏။ နှုတ်ဖြင့် ကောင်းမှုလုပ်လို့ ရ၏။ လက်ဖြင့် ကောင်းမှုလုပ်လို့ရ၏။
အဲလေ အရေးကြီးသည်မှာ ကောင်းမှုပြုသည်ဆိုရာ၌ အတ္တကင်းဘို့လို၏။ ငါကောင်းစားဘို့ ဆိုတာ မပါဘို့လို၏။
ငါ့အတွက်ကျန်ဘို့၊ ငါ ကုသိုလ်ရဘို့၊ နောင်ဘဝကောင်းဘို့၊ နိဗ္ဗာန်နတ်ရွာအတွက် အထောက်အကူပြုဘို့ ဆိုလျင်တော့ မလုပ်ပါနှင့် ဟု တိုက်တွန်းပါသည်။ မလုပ်တာကမှ ကောင်းဦးမည်။
ကူညီချင်တယ်ဆို ရှင်းရှင်းလင်းလင်း ကူညီလိုက်ပါ။ ဘာမှ ပြန်မလိုချင်ပါနှင့်။
အဲဒါမှ တကယ် ကူညီရာရောက်သည်။ တကယ်ကောင်းမှုပြုတာ မည်သည်။
ကိုင်း အတော်လည်း ရှည်သွားပြီမို့ ဒီမျှနှင့် ရပ်ပါမည်။
ကောင်းမှုတစ်ခု နေ့တိုင်းပြုကြပါစို့။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၇ နိုဝင်ဘာလ၊ ၂၀၂၅