Tuesday, April 16, 2024

၁ ရက်ကြတ်၊ ၂ ရက်ကြတ်သည် ဆိုခြင်းအကြောင်း

ထိကပါး ရိကပါးများ ရေးသည့်အတွက် ကျွန်ုပ်ကို ဖွဘုတ်က သောက်မြင်ကပ်လှချည့်ဆိုပြီး ကျွန်ုပ်၏ Main FB Account ကို ပိတ်ထားတာ တစ်ပတ်ကျော်ပါပြီ။ အခုထိ ဘယ်လိုမှ လုပ်မရ၍ ကျွန်ုပ်လည်း စိတ်ကုန်လျက် ဘာစာမှ မရေးဖြစ်။ ဖွဘုတ်လည်း ဝင်မကြည့်ဖြစ်။

 

ညကတော့ FB link တစ်ခု ဆရာဟန်ပို့ပေးလာလို့ ဖွင့်ကြည့်ဖြစ်။

တခြားမဟုတ်ပါ။

သင်္ကြန်နားနီးပြီဆို တွေ့ရတတ်သော သင်္ကြန်နှင့် ပတ်သက်သည့် ပေါက်တတ်ကရများ အကြောင်း ဖြစ်၏။

 

https://www.facebook.com/share/p/eDhoqCMDRxVxSbmm/?mibextid=xfxF2i

 

သူက ဆရာကြီးဟန်ပန်နှင့် “ဒီနှစ်သင်္ကြန်မှာ အကြတ် (၁) ရက်လား (၂) ရက်လား သိစေဖို့ ဖတ်ကြည့်ပါ” ဆိုပြီး ရေးထား၏။ 

 

အောင်မယ် - 

ပေါ့သေးသေးတော့ မဟုတ်ဘူးခင်ဗျ။

သူ့ပို့စ်မှာ like က 3.4k, 47 comments, 650 share ခည။

 

ထားပါတော့။ ဒါ ကျွန်ုပ်နဲ့မဆိုင်ပါ။

 

မြန်မာပြက္ခဒိန်အကြောင်း ဂဃနဏမသိကြလို့ ကျွန်ုပ် “မြန်မာပြက္ခဒိန်” ဆိုပြီး စာအုပ် ရေးထုတ်ခဲ့ပါ၏။ သို့သော် စိတ်ဝင်စားသူ နည်းလှ၏။

 

ယခု ကျွန်ုပ်က ကျွန်ုပ်၏ မြန်မာပြက္ခဒိန်စာအုပ်တွင် ဖော်ပြထားသည်ကို မိတ်ဆွေတို့ ဗဟုသုတရစေရန် အကျဉ်းမျှ ရေးသားပြပါမည်။ သို့သော် နက္ခတ္တဗေဒ/ဗေဒင် ဗဟုသုတ မရှိသူများ နားလည်ရန် ခဲယဉ်းပါလိမ့်မည်။

 

သင်္ကြန်ကာလ

 

မိဿရာသီသို့ ဖုဋတနင်္ဂနွေဂြိုဟ်ဝင်ချိန်မှာ သင်္ကြန်ကျချိန် ဖြစ်၍ မိဿရာသီသို့ မဓျတနင်္ဂနွေဂြိုဟ် ဝင်ချိန်သည် သင်္ကြန်တက်ချိန်ဖြစ်၏။ သင်္ကြန်ကာလဟူသည် ဖုဋတနင်္ဂနွေဂြိုဟ်စင် မိဿရာသီသို့ စတင်ဝင်ချိန်မှ မဓျတနင်္ဂနွေဂြိုဟ် မိဿရာသီဝင်ချိန်တိုင်အောင် သွားခဲ့ရသော ဖုဋတနင်္ဂနွေဂြိုဟ်၏ ခရီးတာကာလ ဖြစ်၏။ တနည်းအားဖြင့် တနင်္ဂနွေမန္ဒဥစ်၏ ရာသီ၊ အံသာသည် သင်္ကြန်ကာလဖြစ်၏။

 

မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့မှ သင်္ကြန်ကာလကို ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ ၄၁ စက္ကန့် ဟု သတ်မှတ်၏။ ထို့ကြောင့် သင်္ကြန်ကာလမှာ ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ ၄၁ စက္ကန့် ဖြစ်၏။

သင်္ကြန်ကျချိန်၌ ၂ ရက်၊ ၄ နာရီ၊ ၄ မိနစ်၊ ၄၁ စက္ကန့် ထည့်ပေါင်းလိုက်လျှင် သင်္ကြန်တက်ချိန်ရ၏။

 

ထို့ကြောင့် သင်္ကြန်ကျချိန်သည် ည ၇ နာရီ ၅၅ မိနစ် ၂၀ စက္ကန့်ထက်နောက်ကျလျှင် ၂ ရက် ကြတ်မည်။

သင်္ကြန်ကျချိန်သည် ည ၇ နာရီ ၅၅ မိနစ် ၂၀ စက္ကန့်ထက်စောလျှင် ၁ ရက် ကြတ်မည်။

 




ယခုနှစ်တွင် သင်္ကြန်ကျချိန်သည် ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ နံနက် ၀၀ နာရီ ၂၄ မိနစ် ၄၅ စက္ကန့် အချိန်ဖြစ်၏။ ထို့ကြောင့် သင်္ကြန် တစ်ရက်သာ ကြတ်မည်။

 

နက္ခတ္တဗေဒအကြောင်း နားမလည်ပါက ဤ၌ ရှင်းပြထားသည်ကိုလည်း သင်တို့ နားမလည်နိုင်ပါ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၆ ဧပြီလ၊ ၂၀၂၄

No comments: