(၁)
ဦးသန့်ရေးသည့် မြန်မာနိုင်ငံမှ ကလေးကြီးများအကြောင်းကို တစ်ခါက ကျွန်ုပ်ဖတ်ဖူးခဲ့၏။ စာအုပ်လား၊ ဆောင်းပါးလား၊မည်သည့်စာအုပ်တွင်ဖြစ်သည် ဆိုသည်တို့ကိုမူ မမှတ်မိတော့ပါချေ။
ထိုဆောင်းပါးတွင် ဦးသန့်က မြန်မာနိုင်ငံမှ လူများသည် အသက်ကြီးလာသည့်တိုင် လူကြီးများဖြစ်မလာ (ရင့်ကျက်မလာ) ကြဘဲ ကလေးများတွင်ရှိသည့် စိတ်ဓာတ်မျိုးသာ ဆက်လက်ရှိနေကြသေးကြောင်း၊ ၎င်းတို့သည် လူကြီးလူကောင်း ဆန်ဆန် ပြုမူရကောင်းမှန်းမသိကြဘဲ ကလေးများ တစ်ယောက်နှင့်တစ်ယောက် ရန်ဖြစ်ပါက ပေးထားသည့် အရုပ်ကို ပြန်တောင်းသကဲ့သို့ အလွန် ကလေးကလားနိုင်သည့် အလုပ်များကို လုပ်ကြကြောင်း၊ ၎င်းတို့သည် လူကြီးများမဟုတ်၊ အသက်ကြီးနေသည့် ကလေးကြီးများသာဖြစ်ကြောင်း စသည်တို့ဖြစ်၏။ ဥပမာ တစ်ယောက်နှင့် တစ်ယောက် စိတ်အခန့် မသင့်လျှင် Facebook မှ Unfriend လုပ်ပစ်တာမျိုးဖြစ်၏။
မြန်မာပြည်မှ ကလေးဆိုးကြီးများအကြောင်း ကျွန်တော် ဥပမာအနည်းငယ်ပြပါမည်။
တချိန်က လျှမ်းလျှမ်းတောက်ခဲ့သည့် အလွန်အာဏာပါဝါပြင်းသူ တစ်ယောက်သည် ၎င်း၏ ရွှေခေတ်များတွင် ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေချခြင်း၊ ဘာဆက်ကပ်ခြင်း၊ ညာဆက်ကပ်ခြင်း စသည်တို့ကို ကြီးကျယ်ခမ်းနားစွာ ပြုကာ ၎င်းလုပ်ခဲ့သည့် အလှူတော်မြတ်ကြီးများအား လူတစ်ရပ်စာလောက် ဓာတ်ပုံကြီးများဖြင့် တန်ဆောင်းများတွင် ချိတ်ဆွဲ မှတ်တမ်းတင်ခဲ့၏။
မှန်ကင်းတလှည့်၊ ထင်းတလှည့်ဟူသော စကားအရ ထိုအထင်ကရ ပုဂ္ဂိုလ်ကြီးမှာ မှန်ကင်းဘဝမှ ထင်းဘဝသို့ ဗြုန်းစားကြီး နေ့ချင်းညချင်း ပြောင်းသွားလေ၏။
ထိုအခါ မှန်ကင်းဘဝကပြုခဲ့သော ၎င်း၏ လူတစ်ရပ်စာလောက်ရှိသည့် အလှူမှတ်တမ်း ဓာတ်ပုံကြီးများမှာ ထင်းအဖြစ်သို့ သခင်နှင့်အတူ ဘဝပြောင်းလျက် ဖြုတ်ချသိမ်းဆည်းခြင်း ခံခဲ့ရလေ၏။
၎င်းကဲ့သို့ပင် အာဏာပြင်းသူ လူကြီးတစ်ယောက်သည်လည်း မြန်မာပြည်အလယ်ပိုင်းမှ အထင်ကရ တက္ကသိုလ်ကြီး တစ်ခုတွင် ဓမ္မာရုံကြီးဆောက်လုပ်လှူဒါန်းကာ ၎င်း၏အလှူကို ကမ္ဗည်းကျောက်စာတိုင် စိုက်ထူ မှတ်တမ်းတင်ခဲ့၏။
အဆိုပါအရာရှိကြီးမှာလည်း အထက်တွင်ဖော်ပြခဲ့သော ပုဂ္ဂိုလ်ကြီးကဲ့သို့ပင် မထင်မှတ်ဘဲ ဗြုန်းဒိုင်းဆိုသလို ထင်းဘဝသို့ ပြောင်းရွှေ့စံမြန်းတော် မူရပြန်လေရာ ၎င်းစိုက်ထူခဲ့သော အဆိုပါကျောက်စာတိုင်ကြီးမှာလည်း ၎င်း၏သခင်ကဲ့သို့ပင် ချက်ချင်းလက်ငင်း ဖယ်ရှားခံခဲ့ရလေ၏။
၂၀၁၇ ခုနှစ်ကထင်ပါသည်။ ကိုစံပွင့်၏ ဖိတ်ခေါ်မှုကြောင့် တနင်္သာရီတိုင်း ရေဖြူသို့ ကျွန်ုပ်ရောက်ခဲ့၏။ ကိုစံပွင့်က ရေဖြူမှ အထင်ကရ နေရာများသို့လိုက်ပို့၏။
“ဟောဒါကတော့ ဘာလူကြီးလာတုံးက တည်းသွားတဲ့ တဲ။ အဲဒီတဲကို ဘယ်သူမှ မထိရဲလို့ ဒီအတိုင်း ထားရတယ် (. . . . ဆိုလား၊ မေ့နေပြီ။ သေသေချာချာ မမှတ်မိတော့။ အဲဒီသဘော ဆန်ဆန်ပါဘဲ။)
နောက်ပြီးတော့ ရောင်ခြည်တော်လွှတ်သည် ဆိုသည့်ဘုရားသို့ လိုက်ပို့၏။
ထိုဘုရားတွင် ဘုရားသို့တက်သော စင်္ကြံလှေခါး၌ အလှူရှင်များကို ကမ္ဗည်းတင်ထား၏။
ဘုရားရောက်ခါနီးတိုင် ၂ လုံး၊ ၃ လုံးတွင် ကမ္ဗည်းများကို ခွာထားသည်။
ဤ လပ်နေသည့် ကမ္ဗည်းနေရာတို့မှာ အနှစ် ၂၀ ကျော်မျှသော ကာလအတွင်း မြန်မာနိုင်ငံကြီးကို ထိပ်သီးမှ ဘိတ်ချီးဖြစ်အောင် သမသွားတော်မူထသော မြန်မာ့စွမ်းဆောင်ရှင် ရွှေတံဆိပ်ဆုရ ဦးနေဝင်း၏ သားသမီးများ အလှူဖြစ်ကြောင်း၊ ယခု ထိုကမ္ဗည်းတို့မှာလည်း ၎င်းတို့၏ သခင်များနှင့်အတူ မြောင်းအတွင်း သက်ဆင်းကုန်ကြတာ ဖြစ်ကြောင်း ကိုစံပွင့်က ရှင်းပြ၏။ (ကြံကြံဖန်ဖန်လည်း သိတတ်တဲ့သူပဗျာ။)
ကျွန်ုပ်၏ အတ္ထနောမတိအရ ပြောရပါမူ ဤသည်တို့မှာ ကလေးများ ရန်ဖြစ်၍ အရုပ်ပြန်တောင်းသည့် လုပ်ရပ်များနှင့် အတူတူပင်ဖြစ်၏။
အဲလေ၊ ဤသည်မှာ မြန်မာနိုင်ငံက ကလေးကြီးများတင် မဟုတ်ပါ။
သူတို့ကိုယ်သူတို့ ဂျင်းတဲလ်မင်းဟု ထင်မှတ်နေကြသည့် အနောက်နိုင်ငံမှ လူကြီးဆိုသူများလည်း ထိုနည်းနှင်နှင်ပင် ဖြစ်၏။
များမကြာသေးမီက အနောက်ဖက်တလွှားမှ နိုင်ငံများသည် မည်သူကမှလည်း မတိုက်တွန်းရပါဘဲလျက်၊ မည်သူကမှလည်း မတောင်းဆိုရပါဘဲလျက် သူတို့သဘောနှင့်သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို ဘွဲ့ထူးဂုဏ်ထူးများ အသီးသီး အသက အသက ပေးအပ်ကြကုန်၏။ လူတစ်ကိုယ်စာမျှရှိသည့် ပန်းချီကားကြီးများကို ခန်းမကြီးများအတွင်း ချိတ်ဆွဲကြလေကုန်၏။
သို့သော် ပိုက်ဆံချမ်းသာကြကုန်သော။ ဟိုအဖွဲ့ သည်အဖွဲ့ကြီးများကို ရံပုံငွေများများ ထည့်ဝင်ကာ ထိုအဖွဲ့ကြီးများကို ချယ်လှယ်ချင်သလို ဝင်ရောက်ချယ်လှယ်ကြကုန်သော သူဌေးနိုင်ငံများက သူတို့၏မယားပါသားများနှင့် လင်ပါ သမီးများကို မြန်မာနိုင်ငံက ဂျီနိုဆိုက်နေပါသည်ဟု စွပ်စွဲချက်များကို သံယောင်လိုက်လျက် သခင်အားရ ကျွန်ဒဏ်ဝ ဆိုသလို ၎င်းတို့ စိတ်လိုလက်ရပေးအပ်ထားသည့် အနှီ ဂုဏ်ထူး၊ ဘွဲ့ထူးကြီးများကို ပြန်လည်ရုပ်သိမ်း၊ ရုပ်ပုံကားချပ်များ ကို ပြန်လည်ဖြုတ်ချ . . စသဖြင့် အင်မတန် ကလေးကလားနိုင်လှသည့် လုပ်ရပ်များကို တွေ့ရလေသည့်အခါ ကျွန်ုပ်မှာ ရီချင်ပက်ကျိဖြစ်မိလေ၏။ ထို့ပြင်တဝလည်း ငယ်စဉ်အခါ ကာလများဆီက ဘုမသိ၊ ဘမသိ အနောက်နိုင်ငံများကို စွပ်စက် အထင်ကြီးနေခဲ့မိသည့် ကိုယ့်ကိုယ်ကိုယ်လည်း သွားချီးယိုးဒယားကသည်ထိ ပါးချချင်မိလေ၏။
ထိုမျှသာမက ဆရာမြသန်းတင့်၏ “တောင်သမန် ရွှေအင်းက လေညင်းဆော်တော့” ကို ဖတ်ရပြန်သည့်အခါ အနှီ ဗြိတိသျှတည်းဟူသောလူမျိုးများ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို အတော်ပင် အထင်သေးခဲ့လေပြီ။ Viking ထဲတွင် သားဖြစ်သူ စစ်ထွက်တိုက်နေစဉ် ကိုယ့်သား၏မယား (ကိုယ့်ချွေးမ) ကို ပြန်ပြီး နသားပါးယားလုပ်သည့် ဘုရင်ကြီးကို တွေ့ရသည့်အခါ (ဟုတ်သည်မဟုတ်သည် အပထား) ၎င်းတို့အား အော့နှလုံးနာမိသည့် ကျွန်ုပ်ကို အသင်တို့ အပြစ်ဆိုပါ မည်လား။
(၂)
မြန်မာနိုင်ငံ၏ရှေ့ရေးကို အဆုံးအဖြတ်ပေးမည့် ပွဲကြီးအား ဝိုင်းဝန်းကူညီကြရန် ကျွန်ုပ်၏ ချစ်မိတ်ဆွေတစ်ဦးက Whatsapp group တစ်ခုထူထောင်ကာ လုပ်အားပေးမည့်သူများကို ထည့်၏။ ကျွန်ုပ်နာမည်မှာလည်း ထိပ်ဆုံးက ပါလာ လေရာ ထို group အတွင်းရောက်လာသမျှ message များကို ကျွန်ုပ်မှာ ဖတ်မိလေ၏။
ထိုအခါ ကျွန်ုပ်မှာ အရှင်လတ်လတ် သီရိမင်္ဂလာဈေးသို့ ကျသွားဘိသကဲ့သို့ ခံစားမိလေ၏။
၎င်းတို့၏ ပြောစကားများကို ကျွန်ုပ်က သီရိမင်္ဂလာဈေး ဘာသာစကားအဖြစ် ပြောင်းကြည့်ရာ အောက်ပါအတိုင်း တွေ့ရ၏။
အစ်မရေ ဟိုအသီးတွေရှိသေးလား။
မရှိတော့ဘူး၊ ကုန်ပြီ။
ဟင် - ငါ့ဘို့ချန်ထားပါ ပြောထားရက်နဲ့ အကုန်ရောင်းရသလားဟဲ့၊ ဗိုင်းဒါမ။
အဒေါ်ကြီး ဒီအရွက်တွေက ဘယ်ဈေးလဲ။
(အခြားတစ်ယောက်) တစ်ပုံကို ၈၀၀။
ဟဲ့ - နင့်ကိုမေးတာမဟုတ်ဘဲ ဘာကိစ္စဝင်ပါရသလဲ။ ဆိုင်ရှင်ဖြေလိမ့်မယ်။ နင့်အပေါက်ကို ပိတ်ထား။
(ဆိုင်ရှင်) နင့်ပုံပန်းနဲ့ တကယ်ဝယ်နိုင်မှာကြောင့် မေးနေတာလား။
အောင်မာ လူကိုများ အထင်သေးလို့ . . .
. . . . . . . . .
. . . . . . . . .
. . . . . . . . .
၎င်းတို့၏ message များကို ဖတ်ပြီး ကျွန်ုပ်မှာ အတော် စိတ်ကုန်မိ၏။
၎င်းတို့သည် စင်ကာပူသို့ လာရောက်အလုပ်လုပ်နေသူများဖြစ်၍ တစုံတရာသောအဆင့်တွင် ရှိလိမ့်မည် (သို့) ရှိသင့်သည်ဟု ကျွန်ုပ်ထင်ပါသည်။
အဘယ်ကြောင့် ဤကဲ့သို့ဖြစ်ရသည် ဆိုခြင်းကိုမူကား ကျွန်ုပ် မတွေးတတ်ပါ။ ကျွန်ုပ်စိတ်ထဲတွင် တစ်ခုခုတော့ လွဲနေသလို ခံစားမိပါသည်။
(၃)
ဟိုး . . . . တလောဆီက (ယခင်) အာဏာရပါတီကြီးက ပုဂ္ဂိုလ်ကြီးများသည် လက်ကြီးများကို ဘယ်ဘက်သို့ ဆန့်သူကဆန့်၊ ညာဘက်သို့ ဆန့်သူကဆန့်ဖြင့် အလွန်ပေါချာချာနိုင်လှသည့် ပါဖောမင့်များကို လုပ်ပြလေရာ ကျွန်ုပ်မှာ အံ့ဩကုန်နိုင်ဘွယ်ပါတကား။ ထူးပေဆန်းပေလှတကား။ မဖြစ်စဖူး ထူးကဲပေစွတကား ဟု မြည်တမ်းမိလေသော ဟူသတတ်။
အသက်များသာ ၄ - ၅ - ၆၀ ဖြစ်လာသည်။ ယခုထိ ကလေးစိတ်မကုန်သေး။ အလွန်ပေါလှသည့် လုပ်ရပ်များကို လုပ်နေသူ ထိုလူကြီးများလက်ထဲသို့ ကျွန်ုပ်တို့သည် အဘယ်ကဲ့သို့နိုင်ငံ့အာဏာကို ထည့်ရပါမည်နည်း။
ထိုကဲ့သို့သော ပေါချာချာလုပ်ရပ်များကို ထိုပါတီကြီးမှ ထိုလူကြီးများသာ လုပ်သည်ဟု ကျွန်ုပ်ထင်ခဲ့မိ၏။
ကျွန်ုပ်ကား ကျွန်ုပ်တို့တိုင်းပြည်မှ လူကြီးဆိုသူများအပေါ် အလွန် အထင်ကြီးလွန်းလေစွ တကား။
ဟိုတစ်နေ့က အပြာရောင် ပါတီတစ်ခုမှ လူများသည်လည်း ထိုကဲ့သို့ပင် ပေါချာချာဖြင့် အာထရာမင်းဆန်ဆန် လက်ကြီးများထောင်လျက် ပါဖောမင့် လုပ်ပြပြန်လေရာ ကျွန်ုပ်အတွက် ထိုပါတီအား မဲမထည့်ရေး ပို သေချာသွားစေ လေတော့၏။ (နဂိုတည်းကလည်း ထည့်မယ် စဉ်းစားမထားပါဘူးနော့။)
အသက်ကြီးသည့်တိုင် ယခုကဲ့သို့ ပေါချာချာများလုပ်နေသူများကို မဲထည့်မည်ဆိုလျှင် သင်တို့လောက် မိုက်မဲသူ ဤလောက၌ ရှိမည်မဟုတ်တော့ချေ။
နောက်ပြီး သူတို့ပါတီထဲမှပင် တစ်ယောက်ကလည်း “မြန်မာနိုင်ငံတော်၏ အိမ်ဦးခန်းတွင် အောင်အတိတ်၊ အောင်နိမိတ်နှင့် အောင်တော်မူစေတီကြီးအား (.....) ဖြင့် မဟာစေတီတော်ကြီး တည်ထားကိုးကွယ် ပူဇော်ပါမည်။” တဲ့။
အင်းအင်း . . အဲသလောက် မြင့်မားလှတဲ့ ရည်မှန်းချက်ကြီးရှိသူအား မဲထည့်ကြပါကုန်လော့။
ပါတီဝင် ၆ သန်းလောက်ရှိသည်ဆိုသည့် ဟိုပါတီတစ်ခုကလည်း 'မြန်မာနိုင်ငံသားများအားလုံး တစ်နှစ်ဝင်ငွေ ကျပ် ၃၆ သိန်း၊ တစ်ရက်ဝင်ငွေ ကျပ်တစ်သောင်း ရရှိစေရမည်'၊ 'အာဏာရပါက ၅ နှစ်အတွင်း စင်ကာပူနိုင်ငံထက်သာစေရမည်'၊ 'ရွာတိုင်းကတ္တရာလမ်းခင်းပေးမည်' လို့ ကြွေးကြော်တယ်ဆိုပါလား။ ဘာတဲ့၊ သူတို့ကြွေးကြော်သံတွေကြိုက်လို့ ပါတီဝင်ခဲ့တာပါ ဆိုတဲ့သူတောင် ရှိသေး။
၎င်းတို့လုပ်ကိုင်၊ ပြောဆိုနေပုံများမှာ အရပ်ထဲ၌ ကလေးများ အပျော်တမ်း ကစားခုန်စားနေသည်ထက်မပိုဟု ကျွန်ုပ်ကတော့ မြင်ပါသည်။
အနှီပုဂ္ဂိုလ်ဂျီးများမှာ မြန်မာနိုင်ငံကို အုပ်ချုပ်မင်းလုပ်ရန် ကြံစည်နေကြသူများ ဖြစ်၏။
အံ့ဩကုန်နိုင်စွတကား။
မြန်မာပြည်ကြီးအတွက် ကျွန်ုပ်မှာ အလွန်အင်မတန်လှပင် ရင်တုန်ပန်းတုန် ရှိလှချေ၏။
အဲလေ၊ အဲသလိုလူတွေအုပ်ချုပ်ခဲ့ကြလို့လည်း မြန်မာနိုင်ငံကြီး သည်အခြေဆိုက်နေတာ ဆန်းတော့ မဆန်းလှပါ။
ရွေးကောက်ပွဲရက်မှာ နီးသထက် နီးလာချေပြီ။
မိတ်ဆွေများခင်ဗျား။ ရွေးကောက်ပွဲဆိုသည်မှာ မြန်မာပြည်၏ အနာဂတ်ကို ပုံဖော်ရန် အလွန်အရေးကြီးလှသည့် ကိစ္စ တစ်ခု ဖြစ်၏။
ဘယ်လိုလူတွေလက်ထဲကို အာဏာထည့်မည်ဆိုတာ သင်တို့ ရွေးချယ်ပိုင်ခွင့်ဖြစ်ပါသည်။
အသင်တို့ လူရွေးမမှားပါကုန်လင့်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၅ စက်တင်ဘာလ၊ ၂၀၂၀