စင်ကာပူရောက်
မြန်မာကလေးငယ်များကို မြန်မာစာသင်တော့ ပြဿနာများစွာ ကြုံတွေ့ရ၏။
ပထမတစ်ခုက
သူတို့မှာ အင်္ဂလိပ်စကားပြောနိုင်ငံကို ရောက်နေ၍ အင်္ဂလိပ်လိုပဲ ပြောကြခြင်း ဖြစ်၏။ ကြာတော့
မြန်မာ စကားတွေကို မေ့ကုန်သည်။
“သူတို့ကိုသာ
မြန်မာလိုပြောခိုင်းလို့ကတော့ အသံကို ထွက်မလာတော့ဘူး။
အင်္ဂလိပ်လိုရှင်းကြစတမ်းဟေ့ဆိုရင်တော့ ဟာ - ဆူညံကို ပွက်လောရိုက်နေတာဘဲ” ဟု
မမော်ကြီးက ညည်းပါသည်။
ကလေးများမှာ
မြန်မာစကားပြောသည့် ပတ်ဝန်းကျင်တွင် မကြီးပြင်းရသည့်အတွက် ဝေါဟာရနှင့်
အသုံးအနှုန်းများကို မသိကြတော့။
နောက်တစ်ခုမှာ
သူတို့ကျင်လည်ရသည့် ပတ်ဝန်းကျင်က မြန်မာအသိုင်းအဝိုင်းမဟုတ်သည့်အတွက်
မြန်မာယဉ်ကျေးမှု တွေကို မသိကြတော့ခြင်းဖြစ်၏။
အချို့ကလေးများမှာ
သည့်ကလောက် နာမည်ကြီးသည့် သင်္ကြန်ကိုပင်မသိ။
မြန်မာနှစ်,
လ, တွေဆို ဝေလာဝေး။
မြန်မာရိုးရာပွဲများကို
မသိ။
ဆိုတော့
စာတစ်ပိုဒ်သင်သည့်အခါ သည်ကိစ္စတွေရှင်းနေရတာနှင့် တခြားဘာမှ မသင်ရသည့်အခါများ ရှိ၏။
သည်တော့
တော်တော်နှင့် ခရီးမရောက်။
ပို၍ဆိုးသည်မှာ
သူတို့က မြန်မာအခေါ်အဝေါ်တွေနှင့် မရင်းနှီးတော့ ရှင်းရတာ အင်မတန် လက်ဝင်သည်။
ဥပမာ
နည်းနည်းလောက် ပြပါရစေ။
အောက်ပါစာနှစ်ပိုဒ်ကို
သင်မည်ဆိုပါစို့။
========================
ဆိတ်နှင့်ကြက်
မွေးထားသည်။
ဆန်ကွဲတစ်အိတ်လိုချင်သည်။
အဖိတ်နေ့
လာယူပါမည်။
တစ်ဆိတ်ကူညီပါ။
စိတ်မရှိပါနှင့်။
ကိုဖိုးရိတ်
ကြိတ်ထိုးနေသည်။
အိမ်ရိပ်မှာ
စပါးပုံရှိ၏။
ဆန်
တစ်စိတ်လောက် ကြိတ်ပေးပါ။
ဖျင်အိတ်နှင့်
ထည့်ယူမည်လား။
မဖိတ်မစဉ်ပါစေနှင့်။
=========================
ပထမ
ဆန်ကွဲဆိုတာ ရှင်းပြရမည်။
နောက်ပြီး
ဆိတ်နှင့်ကြက် မွေးတာနှင့် ဆန်ကွဲဘယ်လိုဆက်စပ်နေတယ် ဆိုတာရှင်းရမည်။
နောက်ပြီး
အဖိတ်နေ့ -
အောင်မငီး၊
အဲဒါ ပြဿနာ။
အဖိတ်နေ့ဆိုတာကို
မြန်မာပြည်တွင်နေသည့် ကလေးငယ်များအားရှင်းရလျှင် သည်လောက် လက်ဝင်မည် မထင်။
သားတို့သမီးတို့
- ဟို သီလရှင်လေးတွေ ဆွမ်းဆန်စိမ်းခံလာတာ တွေ့တယ်မဟုတ်လား။ အဲဒီနေ့ဟာ အဖိတ်နေ့ပေါ့
လကွယ် . . ဆို ပြီးပြီ။
အဖိတ်နေ့ကို
ရှင်းမည်ဆိုလျှင် မြန်မာပြက္ခဒိန်အကြောင်း မပြောဘဲမရ။
မြန်မာပြက္ခဒိန်သည်
အင်္ဂလိပ်ပြက္ခဒိန်နှင့် မတူသည့်အကြောင်း။
မြန်မာ
၁၂ လသည် လထွက်လဝင်ကို အခြေခံထားကြောင်း။
ထို့ကြောင့်
မြန်မာတစ်လတွင် လပြည့်နှင့် လကွယ်ဆိုတာရှိကြောင်း။
လပြည့်ဆိုတာဘာ၊
လကွယ်ဆိုတာဘာ။
လပြည့်လကွယ်နေ့တွေကို
ဥပုသ်နေ့ခေါ်ကြောင်း။
ထိုနေ့များရှေ့မှ
နေ့များကိုမူ အဖိတ်နေ့ခေါ်ကြောင်း။
သည်မျှရှင်းလိုက်လျှင်
သူတို့ခေါင်းမှာ ချာလပတ်ရမ်းသွား၍ စိတ်ဝင်စားတော့မည်မဟုတ်ကြောင်း မိတ်ဆွေတို့
သိပါသည်။
အချို့မှာ
ငေးချင်ငေးနေမည်။
အချို့မှာ
ခေါင်းရမ်းချင် ရမ်းနေမည်။
အချို့မှာ
စိတ်ရှုပ်ကြောင်း ပြနေမည်။
သို့ဆိုလျှင်
အဖိတ်နေ့ကိစ္စကို ဘယ်လိုရှင်းမည်နည်း။
ကိုဖိုးရိတ်
ကြိတ်ထိုးနေသည် . . ဆိုရာတွင် . .
ကြိတ်
. . ဆိုတာ ဘာတုံးဆိုတာ ရှင်းဘို့အတွက် စပါးဆိုတာဘာလဲ ဆိုတာ အရင်ရှင်းရမည်။
နောက်ပြီးမှ
ကြိတ်ဆိုတာဘယ်လိုပုံစံရှိသည်။ ဘယ်ပုံအလုပ်လုပ်သည် စသည်တို့ကို ရှင်းရမည်။
ပြီးမှ
စပါးကို ဘာဖြစ်လို့ ကြိတ်ထိုးရသတုံးဆိုတာ ရှင်းရမည်။
(အဲလေ
ပြောသာပြောတာပါ။ မြန်မာပြည်က ကလေးတွေလည်း ကြိတ်ကို မြင်ဖူးကြတော့မည်မဟုတ်။
ကျွန်ုပ်တို့ရွာတွင်ပင် ကြိတ်ကို မသုံးကြတော့။ အကုန် ဆန်စက်တွေဖြစ်ကုန်ကြပြီ။)
ဆန်တစ်စိတ်ဆိုတာရှင်းဘို့
နို့ဆီဘူးက စရမည်။
တစ်စိတ်သာမက
တစ်ပြည်တို့၊ တစ်ခွဲတို့၊ တစ်တင်းတို့ပါ ပါလာမည်။
ကိုင်း
. . သည်မျှဆိုလျှင် ကျွန်ုပ်တို့၏ ဒွတ်ခကို လူကြီးမင်းတို့ သိလောက်ပါပြီ။
(မြန်မာပြည်က
ဆာမတွေတော့ ကြိတ်ကို ဘယ်လိုရှင်းသည် မပြောတတ်။ ကျွန်ုပ်မှာတော့ ကြိတ် ကိစ္စနှင့် အတော်
ခေါင်းစားခဲ့ဖူးလေပြီ။)
(အရေးတကြီးအလုပ်တစ်ခုကို
အသည်းအသန်လုပ်နေရလို့ စာမရေးဖြစ်တာဗျို့။ အခုက အာသာပြေ နည်းနည်း ကောက်
ရေးလိုက်တာ။ ဆက်လုပ်လိုက်အုံးမယ်။)
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂
မတ်လ၊ ၂၀၂၀
No comments:
Post a Comment