ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင္ကာပူအေၾကာင္း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
Saturday, March 28, 2020
Monday, March 23, 2020
ကိုဗစ်၁၉ နှင့် သံသယ အကြောင်း
ယနေ့မနက် ကော်ဖီချိန်တွင် ပန်းကန်လုံးအတွင်း ကော်ဖီမစ်ဖောက်ထည့်ကာ ရေပူရေအေးစက်ရှိရာသို့ ကျွန်ုပ် သွား၏။ ဟိုရောက်မှ လက်အိတ်မေ့ကျန်ခဲ့မှန်းသတိရ၍ တစ်ခေါက် ပြန်ယူရ၏။ သည်ရေစက်မှ ရေထွက်အောင်နှိပ်သည့်ခလုတ် ကို လူပေါင်း သောင်းခြောက်ထောင်တို့ ကိုင်တွယ်သုံးစွဲလျက်ရှိရာ ကျွန်ုပ်မှာ သည်အတိုင်းကိုင်တွယ်ဘို့ရာ မယုံရဲ။
အဲသဟာပင် ကိုဗစ်၁၉ကပေးသော ဒုက္ခများစွာထဲမှ တစ်ခုဖြစ်တော့၏။
(၁)
ကျွန်ုပ်တို့ငယ်စဉ်က ကျောင်းသင်ခန်းစာတွင် ကဗျာကလေးတစ်ပုဒ်သင်ခဲ့ဖူးတာ ယခုတိုင် မှတ်မိနေပါသေးသည်။
“ကြည်ကြည်လင်လင် ရေကိုမြင်လျက်
ရေတွင်ဆိပ်ခိုး ပါလေနိုးနှင့်
စိုးရွံ့ မသောက်သာပြီတကား။”
ကဗျာနာမည်နှင့် ကဗျာဆရာအမည်ကို မေ့နေသဖြင့် ဂူဂဲတွင် ခေါက်လိုက်ရာ အရုဏ်ဦးစာကြည့်တိုက်၊ တောင်ကုတ်မြို့ FB တွင် သွားတွေ့၏။
ကဗျာအမည်က ‘သံသယ’ ဖြစ်ပြီး မောင်လင်းယုန် (ရှမ်းပြည်) ရေးစပ်ခဲ့တာ ဖြစ်ပါသည်။
သူ သည်ကဗျာလေးကို ရေးဖွဲ့ခဲ့တာ အနှစ် ၄၀ လောက်ရှိပါပြီ။ သို့သော် သည်ကဗျာလေးက ယနေ့ခေတ်ကို အပီအပြင် ထင်ဟပ်နေလေ၏။
(၂)
စင်ကာပူတွင် ကိုဗစ်၁၉ ကူးစက်ခံရမှု တိုးပွားလာသည်နှင့် အမျှ လူများ၏ စိုးရိမ်ကြောင့်ကြမှု ရေမှတ်တို့လည်း တိုးလာခဲ့၏။ ကျွန်ုပ်သည်လည်း လူထဲကလူတစ်ယောက်ပင် ဖြစ်လေရာ -
“ဟားဟား၊ ကိုယ်သာ ကိုယ်ခံအားကောင်းလို့ကတော့ မင်း ကိုဗစ်ကို ကြောက်စရာမလိုပါဘူးကွာ” ဟု ခေါင်းမာစွာ ခံယူထားသည်တို့ကို စွန့်လွှတ်လျက် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် ဂရုစိုက်လာရလေတော့သည် ဟူ၏။
သို့သော် ကျွန်ုပ်မှာ လူ့ခွစာဖြစ်လေရကား ဘယ်အရာမှ သူများနှင့်မတူလေ။
လူများ နှာခေါင်းကို mask များ စည်းထားသည်ကို ပေါကြောင်ကြောင် အလုပ်ဟု ယူဆသူဖြစ်၏။
ကျွန်ုပ်က စင်ကာပူအစိုးရနှင့် WHO ကို ယုံစားကာ ကိုကာကိုလာဗိုင်းရပ်စ်သည် လေထဲမှကူးသည့် ဗိုင်းရပ်စ်မဟုတ်။ လက်နှင့်ထိတွေ့ရာမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည် ဆိုသည်ကို ယုံသူဖြစ်၏။ ထို့ကြောင့်နှာဘူး (ဟုတ်ပေါင်) နှာခေါင်း အစား လက်ကိုသာ အဓိကထား ကာကွယ်လေသော ဟူသတတ်။
ပထမ ချည်လက်အိတ် ဝတ်ကြည့်၏။
သို့သော် ချည်လက်အိတ်က ဗိုင်းရပ်စ်တွေ ကပ်ပါမလာနိုင်ဘူးလား ဆိုကာ ရာဘာအခံပါသည့်လက်အိတ် ပြောင်းစွပ်၏။
သူက ရာဘာဆိုတော့ hand synthesizer နှင့် ဆေးလို့ရ၏။
သို့သော် ဘာကိစ္စ တစ်ချိန်လုံး ဝတ်ထားစရာလိုမည်နည်း။ တစ်ခုခုကို ကိုင်တော့မည်ဆိုမှ ကောက်စွပ်တာ ဖြစ်ပါသည်။
ပထမ latex လက်အိတ်သုံးဘို့ ကြံသေး၏။ သို့သော် သူက ချွတ်ရ၊ စွပ်ရတာမလွယ်၍ မသုံးဖြစ်။ ဈေးစုံစမ်းကြည့်တော့ ဝပ်ဆင်မှာ တစ်ဘူးကို ၁၀။ Fair Price မှာ ၃ ကျပ်ခွဲ ၄ ကျပ်တန် ဘူးများလည်း တွေ့၏။ သို့သော် မသုံးဖြစ်။
လှေခါးအတက်အဆင်းများတွင် ကျွန်တော်က လက်ရမ်းကို ကိုင်ပြီးမှ အတက်အဆင်း လုပ်တတ်ပါသည်။ သို့သော် ယခု အခါ လက်ရမ်းကို မကိုင်တော့ဘဲ သတိထားပြီး တက်/ဆင်း၏။ ဓာတ်လှေခါးခလုတ်ကို ထီးဖြင့်ထိုး၏။ (ဟေ့လူတွေ၊ ထီး ပြောတာနော်။ မိုးရွာရင်ဖွင့်ပြီး ဆောင်းတဲ့ထီး။ ပေါက်တတ်ကရတွေလည်း လျှောက်ဖတ်မနေနဲ့ဦး။)
နဂိုကမှအပြင်ထွက်ခဲသော ကျွန်ုပ်သည် ကိုဗစ်ကြောင့် လူစုလူဝေးကို ရှောင်ပါဟု အစိုးရက ကြေငြာပြီးသည့် သကာလ အလုပ်နှင့်အိမ်၊ အိမ်နှင့်အလုပ် (တခါတလေ သားဘို့ ညစာထွက်ဝယ်တာလောက်ကလွဲလျှင်) မှလွဲ၍ ဘယ်မှ မသွားဖြစ် တော့ပါလေ။
ယခုအခါ ကျွန်ုပ်တို့သည် တစ်ယောက်နှင့်တစ်ယောက် တွေ့သည်နှင့် သူ့မှာများ ဗိုင်းရပ်စ် ကပ်ပါလေမလား။ ငါ့မှာများ ဗိုင်းရပ်စ် ကပ်ပါလာလေမလား။ သည်ဟာတွေမှာများ ဗိုင်းရပ်စ် ကပ်နေလေမလားဟု သံသယမျက်လုံးများဖြင့် တွေးတော၊ ကြည့်ရှုကြလေကုန်၏။ အစဉ်အလာဖြစ်သော တစ်ယောက်နှင့်တစ်ယောက် လက်ဆွဲနှုတ်ဆက်တာကိုပင် မလုပ်ရဲလောက်အောင် ဖြစ်ကုန်ကြလေတော့သတည်း။
ကျွန်ုပ်တို့သည် ယခုအခါ မောင်လင်းယုန် ရှမ်းပြည်၏ ကဗျာထဲကလို သန့်သန့်စင်စင်၊ လေကိုလည်းခင်ပါလျက်၊ လေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊ စိုးရွံ့၍ မရှိုက်သာကြကုန်ပြီတကား။ (မရှိုက်ရဲလို့သာ mask တွေ တပ်ထားတာ မဟုတ်လားဗျာ။)
(၃)
ယနေ့ည Fair Price ကို ဈေးသွားဝယ်တော့ ငွေချေသည့်နေရာတွင် တစ်ဦးနှင့်တစ်ဦး ၁ မီတာအကွာ မျဉ်းများ တားထား တာ တွေ့ရ၏။ MWC သင်တန်းခန်းထဲတွင်လည်း ထိုင်ခုံများကို ချဲထား၏။ သင်တန်းကျောင်းအဝင်ဝတွင် အပူချိန် တိုင်းရ၏။ မနက်တစ်ခါ၊ ညနေပိုင်းတစ်ခါ တစ်နေ့လျှင် နှစ်ခါတိုင်းရ၏။ လက်သန့်ရှင်းရေးလုပ်ဖို့လည်း လက်ဆေးရည် (hand synthesizer) လည်း အဆင်သင့် ထားပေး၏။ ကျွန်ုပ်လည်း အသားကုန် သန့်ရှင်းလေ၏။
ဟိုတစ်နေ့က ပိုလီကလစ်နစ်တွင် ဆေးသွားစစ်တော့ ယခင်ကကောင်တာများထဲမှ တော်တော်များများကို ပိတ်ထားတာ တွေ့ရ၏။ ဆေးပေးသည့်ကောင်တာ၊ ငွေရှင်းသည့်ကောင်တာအားလုံး ပိတ်ထား၏။ ဆေးကို ယခင်ကလို ဆေးပေးသည့် နေရာတွင် သွားမယူရ၊ ဆရာဝန်ပြသည့်နေရာသို့ ယူလာကာ လူနာများကို ပေး၏။ ပိုက်ဆံကိုလည်း လက်ငင်းမပေးရ။ ဆေးခန်းသွားပြီး ၂ ရက်လောက်ကြာတော့မှ ငွေတောင်းခံလွှာပို့လာ၏။ ပိုက်ဆံကို အင်တာနက်ဘဏ်မှလည်းကောင်း၊ AXS Station မှလည်းကောင်း ပေးရ၏။
ဆေးခန်းမှ ဝန်ထမ်းအားလုံးမှာ မျက်လုံးမှလွဲ၍ အကုန်အုပ်ထား၏။ မျက်နှာကို N95 mask (surgical mask မဟုတ်) များ တပ်ထား၏။ ခေါင်းအပါအဝင် တစ်ကိုယ်လုံးကို အစိမ်းနုရောင် ဝတ်စုံအပြည့်ဝတ်ထား၏။ လက်တွင် ခုနင်က ကျွန်ုပ်ပြောခဲ့သည့် latex handglove ဝတ်ထား၏။
(၄)
တရုတ်မှ စ တီထွင်ထုတ်လုပ်လိုက်သည့် ကိုဗစ်သည် တစ်ကမ္ဘာလုံးသို့ အချိန်အနည်းငယ်အတွင်း ပျံ့နှံ့သွားလေ၏။ သို့သော် လေယာဉ်ခမတတ်နိုင်၍ မြန်မာနိုင်ငံသို့မူ မရောက်ဖြစ်လေ။ (ဟုတ်ပေါင်၊ မှားကုန်ပြီ။ ဆောရီး၊ မဆီမဆိုင် သွား ခလုတ်တိုက်မိပြန်ပြီ။)
သည်ဗိုင်းရပ်စ်မှာ အလကားဖြစ်လာတာမဟုတ်။ ဇီဝစစ်ပွဲအတွက် ဆိုလား သဲ့သဲ့ကြားလိုက်မိသေး၏။ ၁၉၈၁ က ထုတ်ခဲ့သည့် Dean Koontz ၏ The Eyes of Darkness စာအုပ်တွင်လည်း တရုတ်သည် အမေရိကန်ကို တိုက်ခိုက်ရန် ဝူဟန်မြို့ပြင်ရှိ RDNA ဓာတ်ခွဲခန်းတွင် Wuhan 400 ဗိုင်းရပ်စ်ပိုးကို ထုတ်လုပ်ခဲ့သည်။ ၂၀၂၀ တွင် တစ်ကမ္ဘာလုံး၌ လက်ရှိရှိနေသော ဆေးများဖြင့် ကုသ၍မရနိုင်သော နျူမိုးနီးယားသဏ္ဌာန် ရောဂါဆန်းတစ်မျိုး ပျံ့ပွားလိမ့်မည် စသည်ဖြင့် ရေးသားထားခဲ့လေ၏။
ဤသည်မှာ သိပ်တော့ဆန်းလှသည်မဟုတ်။
သိပ္ပံဝတ္ထုများကို စိတ်ကူးယဉ်ဝတ္ထုများဆိုပြီး လျှော့တွက်လို့မရ။
အမေရိကန်ကလူတွေ ဟောဒီနှစ် ဟောဒီလမှာ လပေါ် ခြေချမယ်ဆိုတာလည်း သိပ္ပံဝတ္ထုထဲကအတိုင်းပင် ဖြစ်ပါသည်။ တူသမှ ဝတ္ထုထဲတွင်ပါသည့် အာကာသယာဉ်မှူးအရေအတွက်ကစ တူသည်ဆို၏။
နောက်ပြီး ရေငုပ်သင်္ဘောဒီဇိုင်းမှာလည်း လီယိုနာဒိုဒါဗင်ချီ ရေးဆွဲခဲ့သည့်အတိုင်းပင် ဖြစ်၏။
(ကျွန်ုပ်တို့က လီယိုနာဒိုဒါဗင်ချီကို မိုနာလီဇာလောက်သာ သိသည်။ အမှန်မှာ သူရေးဆွဲခဲ့သည့် အင်ဂျင်နီယာ ဒီဇိုင်း ပုံများမှာ (ဟယ်လီကော်ပတာ အပါအဝင်) ရာနှင့်ချီရှိသည်။ ထိုပုံများကို Da Vinci’s Notebook စာအုပ်ထဲတွင် တွေ့နိုင်၏။)
စက်လှေခါးတို့၊ မိုးပျံလေသင်္ဘောတို့ဆိုသည်မှာလည်း သိပ္ပံစာရေးဆရာများ၏ စိတ်ကူးယဉ်များကို လက်တွေ့ အကောင်အထည်ဖော်ထားတာ ဖြစ်၏။
ဤသည်မှာ ကာနီနာဗိုင်းရပ်စ် (ဟုတ်ပေါင် - တရုတ်တွေဆဲတာနဲ့ မှားကုန်ပြီ) ကိုကာကိုလာဗိုင်းရပ်စ်အကြောင်း သောင်းပြောင်းထွေလာ ဖြစ်သတည်း။
(၅)
သံသယ
••••••••••
ကေသီလှိုင်
ကြည်ကြည်လင်လင်၊ ရေကိုမြင်လျက်
ရေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်
စိုးရွံ့မသောက်သာပြီတကား။
သန့်သန့်စင်စင်၊ လေကိုခင်လျက်၊
လေတွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်၊
စိုးရွံ့မရှိုက်သာပြီတကား။
ရွမ်းမှည့်ရွှင်ရွှင်၊ သစ်သီးမြင်လျက်
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်
စိုးရွံ့မစားသာပြီတကား။
ဖြူဖွေးလွင်လွင်၊ စံပယ်မြင်လျက်
သူ့တွင်ဆိပ်ခိုး၊ ပါလေနိုးနှင့်
စိုးရွံ့မနမ်းသာပြီတကား။
သြော် …လက်နက်ချင်းပြိုင်၊ ဂုဏ်ချင်းဆိုင်ကြ
နိုင်ငံကြီးသား၊ ထိုသူများက
စွမ်းအားရှိတိုင်း၊ အဆိပ်မှိုင်းနှင့်
ရှစ်တိုင်းကိုလွှမ်း၊ ဖောက်ခွဲစမ်း၍
ယမ်းငွေ့ယှက်ဖြာ၊ ဤကမ္ဘာဝယ်
အရာခပ်သိမ်း၊ ဆိပ်ငွေ့လိမ်းခဲ့
မတိမ်းရှောင်တတ်၊ ရွံ့စိတ်ဓာတ်နှင့်၊
မပြတ်သံသယဝင်သည်တကား။
ကေသီလှိုင်
[မောင်လင်းယုန်(ရှမ်းပြည်) ၏ ကလောင်ခွဲ]
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၃ မတ်လ၊ ၂၀၂၀။ ၁ နာရီ ၅ မိနစ်
Subscribe to:
Posts (Atom)