Saturday, January 14, 2017

စနစ်တစ်ခု ကျဆုံးခြင်း နှင့် ထိရောက်မှုကို ပြန်လည်သုံးသပ်ခြင်း

(System failure and Review of effectiveness)


(၁)

မန္တလေးကို စာလုံးမပေါင်းတတ်သော ငါးဘာသာဂုဏ်ထူးရှင် ကျွန်တော့်တူ ကိစ္စမှာ သာမန် ပေါ့သေးသေးကိစ္စ မဟုတ်ပါ။ သေသေချာချာ တွေးကြည့်လျှင် အတော်ရင်လေးစရာကောင်းသည့် ကိစ္စကြီးဖြစ်၏။

သူသည် မြန်မာပြည် ပညာရေးစနစ်မှ မွေးထုတ်ပေးလိုက်သော နိုင်ငံသား တစ်ဦးဖြစ်၏။ သူသည် မြန်မာပြည်၊ အခြေခံပညာ ကျောင်းများမှ မွေးထုတ်ပေးလိုက်သော ကျောင်းသားအများစုကို ကိုယ်စားပြုနေ၏။ အားလုံးမဟုတ်တောင် သူ့အရည်အချင်းကို ကြည့်ချင်းအားဖြင့် မြန်မာပြည်မှ ကျောင်းသားလူငယ်ကလေးများ၏ အရည်အသွေးကို ခန့်မှန်းနိုင်ပါသည်။

ထိုကလေးတို့သည် အနာဂတ်မြန်မာနိုင်ငံကို ထုဆစ်ပုံဖော်ကြမည့်သူများဖြစ်၏။ အနို့ သည်ကလေးတွေက မတည်ဆောက် ဟုဆိုလျှင် အဘယ်သူများက တည်ဆောက်လိမ့်မည်ဟု အသင်ထင်ပါသနည်း။

နိုင်ငံကို အုပ်ချုပ် မင်းလုပ်မည့်သူများမှာလည်း ၎င်းတို့အထဲမှပင် ထွက်ပေါ်ရမည် မုချဖြစ်၏။ အစိုးရ အမှုထမ်း၊ အရာထမ်း ဆိုသည်များမှာလည်း ၎င်းတို့ပင် ဖြစ်ရမည် မဟုတ်ပါလော။ ယခုလက်ရှိ လူကြီးများမှာ များမကြာမီသော ကာလတစ်ခု (အများဆုံး ဆယ်စုနှစ်နှစ်ခု) တွင် အဖိုးကြီးအဖွားကြီးများဖြစ်ကာ အနားယူရပေတော့မည်။ မယူချင်လို့မရ။ ဒါ သဘာဝ ဖြစ်၏။ ထို ပြိုသွားသော မြေအုတ်တို့ နေရာတွင် ကျောက်အုတ်တို့ဖြင့် တည်ဆောက်ရန် အရေးကြီး၏။ ကျွန်တော့်တူလို ကလေးမျိုး များနှင့်တော့ ကျောက်အုတ်ပဲ ဖြစ်မလား။ ရွှံ့အုတ်ပဲ ဖြစ်မလား။ ကျွန်ုပ်တို့ တပ်အပ်သေချာ မသိနိုင်။ သေချာသည်မှာ အခြေခံမကောင်းခဲ့သော ကလေးများကို ထူးချွန်ထက်မြက်လာဘို့ဆိုသည်မှာ အတော့်ကို လုပ်ယူရပေလိမ့်မည်။

(၂)

မန္တလေးကို စာလုံးမပေါင်းတတ်ခြင်းကြောင့် ကျွန်တော့်တူကို အတော်အသုံးမကျတဲ့ကောင် ဟု ကျွန်ုပ်က ဆဲလိမ့်မည်လို့ အသင်တို့ ထင်ပါသလား။ ဝေးစွ။ သူ မသိသေးသည်များကို သိလာအောင်လုပ်ဖို့ ကျွန်တော်ကြိုးစားနေပါသည်။ (သို့သော် စာမေးပွဲကာလဖြစ်၍ ယခု ခဏနားထားပါသည်။ စာမေးပွဲပြီးလျှင်တော့ အသားကုန် မောင်းရလိမ့်မည်။)

ဤသို့ဖြစ်နေရခြင်းမှာ ကလေးများ၏ အပြစ်မဟုတ်ကြောင်း ယခင်ဆောင်းပါးများတွင် ကျွန်တော် ရေးခဲ့ဖူးပါပြီ။ ကလေးများဟူသည် ရွှံ့ဖြစ်၏။ ရွှံ့ကို လိုချင်သောပုံစံရအောင် ပုံဖော်ယူရမည်မှာ လူကြီးများဖြစ်လေသည်။ ရွှံ့ကို လှပ သေသပ်သော မင်းသမီးရုပ်ကလေးဖြစ်အောင် ထုဆစ်ပါက ချစ်စဖွယ် မင်းသမီးရုပ်ကလေးရမည်။ နွားရုပ်လုပ်ပါက နွားဖြစ်မည်။ ခွေးရုပ်လုပ်ပါက ခွေးပဲဖြစ်မည်။ ဘီလူးရုပ်ထုပါက ဘီလူးရုပ်ဖြစ်မည်။ ကိုယ်ကိုယ်နှိုက်ကမှ မင်းသမီးရုပ် ဖြစ်အောင် ဘယ်လိုထုဆစ်ရမည်မှန်းမသိပါဘဲလျက် ရွှံ့ရုပ်ကိုသွားပြီး မင်းသမီးရုပ်မဖြစ်ရကောင်းလားဟု အပြစ်တင်နေသူသည် တစ်ခုခု လွဲနေသူသာ ဖြစ်ရမည်။ သို့မဟုတ် ကိုယ်ကိုယ်နှိုက်က ဘာလုပ်လို့ လုပ်နေမှန်း မသိသူသော်လည်း ဖြစ်ရမည်။

စဉ်ဆက်မပြတ် အကဲဖြတ် ပညာရေးနှင့်ပတ်သက်၍ The Voice က ပညာရေးဌာနမှ အရာရှိကြီးတစ်ဦးကို အင်တာဗျူး ထားတာ ဖတ်လိုက်ရပါသည်။ ထိုအင်တာဗျူးပါသော ဂျာနယ်ကို ညက လိုက်ရှာတာ သန်းခေါင်ကျော်လို့ တစ်ချက်သာ တီးသွားရော။ ရှာမတွေ့ခဲ့ပါ။ ထပ်ရှာပါဦးမည်။ ဆောင်းပါးရေးပြီး ဂျာနယ်ထဲ ထည့်ချင်လို့ဖြစ်ပါသည်။ (ဘယ်လလောက်က၊ ဘယ်ရက်လောက်က ပါတယ်ဆိုတာ မှတ်မိသူများ ကျေးဇူးပြုပြီး ပြောပေးကြပါ။ သူပြောတာကို ရည်ညွှန်းလို၍ ဖြစ်ပါသည်။)

ကျွန်တော်မှတ်မိသမျှ သူပြောတာကတော့ ဖြူးလို့။ သူတို့ချမှတ်ပေးထားသော စနစ်က ကောင်းပါသည်။ အောက်က အကောင် အထည်ဖော်တဲ့သူတွေ အသုံးမကျလို့ သည်လိုဖြစ်သွားရတာ ဟု အကြမ်းဖျဉ်းမှတ်မိပါသည်။

ဆိုတော့ ကျွန်တော်နည်းနည်း သုံးသပ်ပြပါမည်။

အောက်ပါတို့မှာ စီမံကိန်းတစ်ခုလုပ်ရာတွင် လိုက်နာရမည့် အဆင့်များ (အကြမ်းဖျဉ်း) ဖြစ်ပါသည်။

၁။ အလုပ်တစ်ခု (စီမံကိန်းတစ်ခု) စလုပ်တော့မည်ဆိုလျှင် ထိုအလုပ်နှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရပါမည်။
၂။ ထိုအလုပ် (စီမံကိန်း) ကို စနစ်ချကာ ပုံစံအသေး (prototype) လုပ်ကာ အကောင်အထည်ဖော်ကြည့်ရပါမည်။
၃။ ထိုပုံစံအသေးဖြင့် အကောင်အထည်ဖော်လုပ်ကြည့်ရာမှ တွေ့ရှိရသော အားနည်းချက် ချို့ယွင်းချက်များကို ပြန်လည် ပြင်ဆင်ရပါမည်။
၎။ အားလုံး စနစ်တကျဖြစ်ပြီ၊ အဆင်ချောပြီဆိုမှ လက်တွေ့ အကောင်အထည်ဖော်ရန် ဖြစ်၏။
၅။ အကောင်အထည်ဖော်ပြီးနောက် မိမိတို့ လုပ်ဆောင်ထားသည့် စီမံကိန်း အဆင်ပြေရဲ့လား။ အောင်မြင်ရဲ့လား။ တကယ်အလုပ်ဖြစ်ရဲ့လား ဆိုသည်ကို အမြဲမပြတ်စောင့်ကြည့် အကဲဖြတ်နေရန် လိုပါသည်။
၆။ အကယ်၍ မိမိတို့စီမံကိန်း မအောင်မြင်ဆိုပါက မိမိတို့လုပ်ခဲ့သော အမှားကို လက်ခံကာ ဇွတ်ရှေ့ဆက်မတိုးဘဲ ရပ်သင့်က ချက်ချင်း ရပ်လိုက်ရပါမည်။

(၃)

လူကြီးများက ကောင်းစေချင်သော စေတနာနှင့်လုပ်ခဲ့တာ မှန်ပါသည်။ သို့သော် လုပ်ပုံလုပ်နည်းတော့ မှန်ရပါလိမ့်မည်။

ပြောမှ သတိရမိတာလေးတစ်ခု ဖောက်သည်ချပါရစေဦး။

အခြားမဟုတ်ပါ။ ဆယ်စောင်တွဲ၌ မင်္ဂလာတရား (၃၈) ပါး ကို ရှင်းပြရာတွင် “အ-သေ၀နာစ ဗာလနံ” အတွက် ဥပမာ ကလေးကို သဘောကျမိ၍ ဖြစ်၏။ (ဆယ်စောင်တွဲဆိုတာရော သိကြရဲ့လား အမျိုးကောင်းသား၊ အမျိုးကောင်း သမီးကလေးတို့။)

“လူမိုက်ကို မပေါင်းသင်းရခြင်းသည်လည်း မင်္ဂလာတစ်ပါးဖြစ်၏” ဆိုသည်ကို အောက်ပါအတိုင်း ရှင်းပြထားပါသည်။

အဖေဖြစ်သူ၏ နဖူး၌ မှက်ကြီးတစ်ကောင်နားနေသည်ကို မှက်ကြီးအားသတ်အံ့ဟု ပုဆိန်နှင့်ပေါက်သောကြောင့် အဖေဖြစ်သူ သေပွဲဝင်ရသည်။ ဤသည်ကို လူမိုက်ဟု ခေါ်၏။

ဤတွင် အဖေအား မှက်ကိုက်နေ၍ မနာကျင်စေလိုသောကြောင့် သားဖြစ်သူက မှက်ကို သတ်သည်။ အဖေကို မနာကျင်စေလိုသော သား၏စေတနာကို ယုံမှားသံသယရှိစရာမလိုပါ။ သို့သော် စေတနာနှင့်လုပ်သည်ဆိုစေ အလုပ်မတတ်သောကြောင့် သူချစ်သော အဖေ သေရသည်။

သည်လိုဆိုလိုက်လို့ ထိုစနစ်ကို ရေးဆွဲကျင့်သုံးခဲ့သော လူကြီးမင်းများအား ဗာလနံ - လူမိုက်များဟု ကျွန်ုပ်က စွပ်စွဲသည်ဟု မမှတ်ယူကြပါလင့်။

လူကြီးများ၏ စေတနာကို လေးစားပါ၏။ သို့သော် မိမိတို့လုပ်တာ မှန်မမှန် မလေ့လာ၊ မစူးစမ်းဘဲ ရမ်းတုတ်ကြ လေသောကြောင့် ယခု သန်းပေါင်းများစွာသော လူအရင်းအမြစ်တို့ အလဟဿဖြစ်ရချေပြီ။

သူတို့စနစ်အရ ကျောင်းသားများ၏ အရည်အသွေးကို ဆရာ/ဆရာမများက အနီးကပ် စောင့်ကြည့်ကာ အကဲဖြတ်ရမည်။
သင်ခန်းစာများကို ကောင်းစွာမကျေညက်သော ကျောင်းသားကျောင်းသူများအား အချိန်ယူကာ ပြန်လည် သင်ကြားပေးရမည်။ ကျောင်းသားများ တကယ်တတ် မတတ်သိစေရန် လစဉ်အကဲဖြတ်နေမည်။
ဤသို့ဖြင့် စာသင်နှစ်တစ်နှစ်ကုန်သည့်အခါ ကျောင်းသားများမှာ သင်ခန်းစာအားလုံးကို ကောင်းစွာ ကျေညက်သွားလေတော့ သတည်း။

ဤသည်မှာ စာရွက်ပေါ်မှ သီအိုရီဖြစ်၏။

သို့သော် မြန်မာပြည်တွင် ဤစနစ်ကျင့်သုံး၍ ရပါမည်လော ဆိုသည်ကို ထည့်စဉ်းစားပါသလား။
ကျောင်းများ၏ အခြေအနေကို ကွင်းဆင်း လေ့လာပါသလား။
ကျောင်းဆရာနှင့်ကျောင်းသားအချိုး၊ ကျောင်းများရှိ သင်ထောက်ကူ ပစ္စည်းကိရိယာများ ပြည့်စုံမှု ရှိမရှိကို လေ့လာသုံးသပ် ပါသလား။
အချို့တောမှကျောင်းများတွင် ဆရာမလုံလောက်၍ all in one လုပ်နေကြရသည်။ (ဆရာ၊ ဆရာမတစ်ယောက်ထဲက ဘာသာစုံ သင်ပေးနေရခြင်းကို ဆိုလိုပါသည်။ အချို့ကျောင်းများဆိုလျှင် သုံးတန်းလောက်ပေါင်းကာ တောင်ပြေးမြောက်ပေး သင်ပေးနေရပေလေသေး၏။)

ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်နှင့် ဆရာ့ဆရာကြီး၊ ဆရာမကြီးများကို ဆရာမလုပ်လိုပါ။ သို့သော် လက်ရှိမှာတော့ ဤအတိုင်းပင် ဖြစ်နေပါသည်။

မိမိတို့ရေးဆွဲထားသော စီမံကိန်းကို စမ်းသပ်ကြည့်မည်ဆိုလျှင်ပင် ရန်ကုန်မြို့မှ စမ်းချောင်းအထက (၂) တွင် သွားစမ်းလို့ မရပါ။ ဟို့တောစွန်အုံဖျား၊ ဇနပုဒ်မှ ကျောင်းကလေးတွင် စမ်းသပ်ကြည့်ရပါမည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင် စမ်းချောင်း အထက (၂) ကဲ့သို့ကျောင်းများမှာ လက်ချိုးရေ၍ရသော အဆင့်၌ ရှိပြီး ဇနပုဒ်မှကျောင်းများမှာ ကျောင်းအားလုံး၏ ၈၀ ရာနှုန်းလောက် ဖြစ်နေနိုင်၍ ဖြစ်ပါသည်။

အကယ်၍ မိမိတို့စနစ်သည် ဇနပုဒ်မှ ကျောင်းတွင် အောင်မြင်ခဲ့သည်ဆိုအံ့။ အခြားကျောင်းများတွင် အောင်မြင်တော့မည်မှာ ဗေဒင်မေးစရာမလို။ အမှန်ပင် သေချာလှပေတော့၏။

ဤသည်မှာ system failure ဖြစ်၏။

ယခု သည်စနစ်ကို ဆက်လက်ကျင့်သုံးနေသေးသလားဆိုတာ ကျွန်တော်မသိပါ။
အကယ်၍ ဆက်လုပ်နေပါသေးသည်ဆိုလျှင် နိုင်ငံအတွက်လည်းအကျိုးမရှိ၊ မိဘများအတွက်လည်း အကျိုးမရှိ၊ အထူးသဖြင့် ကျောင်းသားကလေးငယ်များအတွက်လည်း အကျိုးမရှိ။

ဤလုပ်ရပ်သည် ကလေးငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေသည့်လုပ်ရပ်ဖြစ်သလို နိုင်ငံအတွက်လည်း အထူးပင် နစ်နာလှ ပေသောကြောင့် ယခုချက်ချင်း ရပ်တန့်ရန် လိုအပ်နေပြီဖြစ်ပါကြောင်းနှင့် ရပ်တန်းက ရပ်ကြပါရန် လူကြီးများကို အထူးမေတ္တာရပ်ခံလိုပါသည်။

ကျွန်တော်တို့ခေတ်တုံးကလို ပုံမှန်စာသင်။ ပထမအစမ်း၊ ဒုတိယအစမ်း၊ အစစ်ကြီး စသဖြင့် စာမေးပွဲ သုံးဆင့်ဖြေ။
အမှတ်မီလျှင် အအောင်ပေး။ မအောင်ဘူးလား ချပစ်။ သည်စနစ်ကိုသာ ပြန်ပြီးကျင့်သုံးပါ။

နိုင်ငံအတွက်လည်း ကောင်း။ ဆရာဆရာမတွေလည်း အလုပ်ရှုပ်သက်သာ၊ ငွေကုန်ကြေးကျလည်းနည်း။ မိဘတွေလည်း စိတ်ချမ်းသာ။ သားရွှေအိုးထမ်းသည့်ကိန်းဖြစ်၍ ခေါင်းမမာကြပါနှင့်ဟု တိုက်တွန်းလိုက်ရပါကြောင်း။


ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၄ ဇန္န၀ါရီ၊ ၂၀၁၇


No comments: