(၁) ကျွန်ုပ်အဘယ်ကြောင့် အဝေးသင်တက္ကသိုလ် တက်ရသနည်း ဆိုခြင်းအကြောင်း
ပညာသင်ယူခြင်းဟူသည် ရပ်တန့်ထားလို့ ရစကောင်းသော အရာမဟုတ်။
အသက်ရှင်နေသရွေ့ ပညာဆည်းပူးနေရန် လိုသည်။ ဤသည်ကို Life Long Learning ဟုခေါ်၏။ မိမိအရည်အသွေးကို
အစဉ်အမြဲမြှင့်တင်နေလိုသူတို့အဖို့ ပညာကို သေသည်ထိ မနားတမ်း ရှာမှီးနေရမည်သာ ဖြစ်လေသည်။
ကျွန်တော် ယခု အသက် (၅၅) နှစ်ရှိပါပြီ။ အလုပ်လည်းလုပ်နေပါပြီ။
ဝင်ငွေနှင့် နေသားထိုင်သားကျသွားပြီဆိုတော့ မိမိ သင်ယူလေ့လာလိုသည့် ပညာရပ်များကို သင်ယူလေ့လာရန်
အခွင့်အရေးရလာပြီ။ သို့အတွက် ကျွန်တော်ဆက် လေ့လာလိုသေးသော မြန်မာစာသင်တန်းကို ယခုလို
တက်ရောက်သင်ကြားရခြင်းဖြစ်ပါ၏။
အဘယ်ကြောင့် မြန်မာစာသင်တန်းကို တက်ရောက်လေ့လာဆည်းပူးရပါသနည်း။
ကျွန်ုပ်တို့ငယ်စဉ်က မြန်မာစာကို မူလတန်းမှသည် အနည်းဆုံး ဆယ်တန်းအောင်သည်ထိ (အချို့လည်းဘွဲ့ရသည်ထိ)
သင်ကြားကြရခဲ့သည်ကို အထွေအထူး ပြောစရာမလိုပါ။ သို့တိုင် ကျောင်းသားဟူသည် ကျောင်းကိုသွားမည်။
သင်သမျှစာများကို ကျက်မှတ်မည်။ သို့သော် ဤကဲ့သို့ ကျက်မှတ်လိုက်ခြင်းဖြင့် ထိုပညာများကို
တတ်မြောက်ပါရဲ့လားဆိုတာကတော့ မေးစရာဖြစ်သည်။
ကျွန်တော့်အနေနှင့်ပြောရပါမူ အခြေခံပညာအတန်းတွေတုံးက သင်ခဲ့ရသည့်မြန်မာစာကို
ခပ်ရေးရေးသာ မှတ်မိတော့သည်။ ကိုယ့်ကိုယ်ကိုယ် သေချာဂဏစွာ တတ်မြောက်ကျွမ်းကျင်ပြီလားဟု
မေးလာခဲ့လျှင် တတ်ပါပြီ ဟု ပြတ်ပြတ်သားသား ဖြေနိုင် သောအဆင့်တွင် မရှိပါ။ ဤသည့်အခြေအနေကို
ကျွန်တော်မကျေနပ်။ ထို့ကြောင့် မြန်မာစာကို သေချာစွာလေ့လာလိုသေး သဖြင့် ဤ အဝေးသင်တက္ကသိုလ်ကို
တက်ရောက်သင်ကြားခြင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတော် အစိုးရကို အထူးကျေးဇူးတင်ရပါမည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ကဲ့သို့ အလုပ်လုပ် နေရင်း ပညာဆက်လက် ဆည်းပူးလိုသူများအတွက်
ကျောင်းတက်ရန်မလိုဘဲ ပညာဆည်းပူးနိုင်ခွင့်ရရန် ဖန်တီးပေးထား၍ ဖြစ်၏။ ဤသည်မှာ အဝေးသင်တက္ကသိုလ်
ဖြစ်သည်။ ဤသည်မှာ အခွင့်အရေးတစ်ရပ်ဖြစ်၏။ ဘာသာရပ်တစ်ခုနှင့် ဘွဲ့ရ သွားသည့်တိုင် အလုပ်အကိုင်လည်းမပျက်စေရဘဲ
အဝေးသင်တက္ကသိုလ်ကိုတက်၍ မိမိစိတ်ဝင်စားသည့် အခြားဘာသာရပ် တစ်ခုကို လေ့လာဆည်းပူးခွင့်
ရပေသည်။
သို့သော် ဤကဲ့သို့ အခွင့်အရေးပေးထားသည်ကိုတော့ တလွဲ အသုံးချရန်မသင့်။
ဘွဲ့တစ်ခုရရုံ အနီးကပ် တပွဲတိုးကျက်ဖြေသူ များကား မိမိကိုယ်ကိုယ် ဖျက်ဆီးသူများသာ ဖြစ်ချေသည်။
ဘွဲ့လက်မှတ်ဟူသည် ပီဘိ စာရွက်ကလေးတစ်ခုမျှသာ ဖြစ်၏။ မိမိတွင် ထိုဘွဲ့လက်မှတ်နှင့်ထိုက်တန်သည့်
အရည်အသွေးရှိမှသာ ငါ ဘာဘွဲ့ရကွဟု ဂုဏ်ယူဝံ့ကြွားနိုင်သည်။ မြန်မာစာနှင့်သာ ဘွဲ့ရလာသည်
မွန်ပညာရှိ အမတ်ကြီး ဗညားဒလအကြောင်းတောင်မှ မကြားဖူးပါ ဆိုလျှင်တော့ ထိုဘွဲ့ရကို ဘာဘွဲ့ရဟု
ခေါ်မည်နည်း။
ကျွန်တော် အဝေးသင်တက္ကသိုလ်တက်သည်မှာ ဘွဲ့ကြောင့်မဟုတ်။ မြန်မာစာကို
လေ့လာကျက်မှတ်လို၍၊ မြန်မာစာကို တကယ် တတ်ကျွမ်းလို၍ လာတက်တာသာ ဖြစ်ပါသည်။
ဤကား ကျွန်ုပ် အဘယ်ကြောင့် အဝေးသင်တက္ကသိုလ်တက်ရသနည်း ဆိုသော
အကြောင်း ဖြစ်ပေသည် တမုံ့။
----------------------------------------
၂၀၁၆ ခုနှစ်၊ ရန်ကုန် အဝေးသင်တက္ကသိုလ်၊ ပထမနှစ်မြန်မာစာ၊
အင်္ဂလိပ်စာ ဘာသာရပ်မေးခွန်းတွင် “သင် ဘာကြောင့် အဝေးသင်တက္ကသိုလ် တက်ရသနည်း” ခေါင်းစဉ်ဖြင့်
စာစီစာကုံးတစ်ပုဒ်ပါပါသည်။
အထက်ပါ စာပိုဒ်မှာ ထိုစာစီစာကုံးအတွက် ကျွန်တော်ရေးခဲ့တာကို
မြန်မာလိုချောအောင် ပြန်ရေးထားတာ ဖြစ်၏။ ဤသည်မှာ ကျွန်တော် လည်ဆည်၍ ရေးခြင်းမဟုတ်။
ကျွန်တော် အဝေးသင်တက်ရသော တကယ့်အစစ်အမှန်ရည်ရွယ်ချက်ကို ပြန်ရေးချ ပြခြင်း ဖြစ်သတည်း။
(၂) နည်းနည်းလေးတော့ လွဲနေသည့် မြန်မာစာ ပထမနှစ် ပြဌာန်းစာအုပ်
ကျွန်တော် မြန်မာစာကို သေချာဂဏစွာ နားလည်တတ်ကျွမ်းနိုင်ရန်
သင်တန်းတစ်ခုခုတက်ဘို့ ကာလအတန်ကြာကတည်းက စိတ်ကူးထားခဲ့တာ ဖြစ်ပါသည်။ သို့သော် အကြောင်းအပေါင်းမသင့်နိုင်သေးသဖြင့်
မတက်ဖြစ်ခဲ့တာ ဖြစ်၏။ အမှန်က မနှစ်ကတည်းက တက်ဘို့ကြိုးစားခဲ့တာဖြစ်သည်။ သို့သော် ကျောင်းသားမှတ်ပုံတင်ခြင်းအပိုင်းတွင်
ဘာတွေလွဲချော်သည် မသိ။ တက်ခွင့်မရလိုက်။ သည်နှစ်ကျမှ ရတာ ဖြစ်၏။ သို့တိုင် ပြဌာန်းစာအုပ်များမရသေး။
ကုန်နေလို့ဆိုလား။ ခုံနံပါတ်လည်း မသိရသေး။ ဟုတ်ပါ့ဟုတ်ပါ့မလား ဟု ကျွန်တော့်မှာ ရင်တထိတ်ထိတ်။
သို့နှင့် မမတို့ကို ဟဲ့ - လုပ်ပါဦးဟဲ့။ အဝေးသင်ဌာန သွားမေးပါဦးဟဲ့။ မောင်အေးငြိမ်းဆိုတဲ့နာမည်နဲ့
ကျောင်းအပ်ထားတာ အတည်ဖြစ်ရဲ့လား။ ဘာဖြစ်လို့ ခုံနံပါတ်နဲ့ စာအုပ်တွေ မရသေးသလဲ ဟု အပူကပ်ရ၏။
မမတို့သွားမေးတော့ ဟုတ်ပါတယ်။ အပ်ထားပါတယ်။ ခုံနံပါတ်ထွက်ပါလိမ့်မယ်။ စာအုပ်တွေကလည်း
ပြတ်နေလို့ မရသေးပါဘူး ဟု ပြန်ပြောသည်ဆို၏။
သို့နှင့် သြဂုတ်လ၊ ကျွန်တော် Train The Trainer သင်တန်းပေးရအောင်ပြန်တော့
ကျွန်တော့်တူထံမှ စာအုပ်များ ယူလာခဲ့ သည်။ သူက ကျွန်တော်နှင့်အတူ မြန်မာစာ ပထမနှစ်တက်တာဖြစ်၏။
တူတော်မောင်မှာ ပြဌာန်းစာအုပ်များကို ယောင်လို့ တောင် လှန်ကြည့်ဖော်မရ။ စိမ်းကားလွန်းလှ၏။
စင်ကာပူပြန်ရောက်တော့ ပြဌာန်းစာအုပ်များကို အစအဆုံး နည်းနည်းချင်း
ဖတ်ကြည့်သည်။ ဘယ်ကဲ့သို့ ဖတ်ရသနည်းဟူမူ ခရီးသွားရင်း ကားရထားပေါ်မှာ ဖတ်ရတာဖြစ်သည်။
နောက်ပြီး စာအုပ်များကို scan ဆွဲကာ ဖုံးထဲထည့်ထားပြီး ကားစောင့်လည်းဖတ်၊ အိမ်သာတက်လည်းဖတ်၊
အားတိုင်းယားတိုင်း ဖတ်။ ဖတ်ရတာ ဖြစ်၏။ အနို့ သူ့ချည်းသီးသန့်ဖတ်ဖို့ အချိန်မရ။
ပြဌာန်းစာအုပ်များကိုကြည့်ပြီး ကျွန်တော် အတော်စိတ်ပျက်မိ၏။
ပထမတစ်ခုမှာ စာအုပ် အရည်အသွေးဖြစ်ပါသည်။ အချို့စာအုပ်များတွင်
စာလေးငါးပုဒ်လောက် ကျန်ခဲ့သည်။ အချို့စာအုပ် များတွင် စာနှစ်လုံးထပ် စာမျက်နှာများ
ပါသည်။ အချို့စာအုပ်များတွင် စာလုံးတွေက မထင်။ သေသေချာချာ ဖတ်လို့မရ။ ချုပ်ထားတာကလည်း
ဖြစ်ကတတ်ဆန်း။
ကျွန်တော်စိတ်အပျက်ဆုံးကား စာလုံးပေါင်းများမှားတာ။ အဖြတ်အတောက်များမှားတာ။
အဓိပ္ပာယ်ဖွင့်ဆိုချက်များ မှားတာ။ ဖွင့်ဆိုရှင်းပြချက်များ ဟန်မကျတာ။ အရေးအသား ချာတူးလန်တာတို့
ဖြစ်ပါသည်။
နောက်ပြီး စာအုပ်မျက်နှာဖုံးပြင်ထားတာလည်း ကြည့်လိုက်ဦး။
အင်္ဂလိပ်စာအုပ်မို့ အင်္ဂလိပ်လိုရေးချင်သည်ဆိုလျှင် ဘာမှ ပြောစရာမရှိပါ။ ခုတော့ အတွင်းစာသားများမှာလည်း
တစ်လုံးကမှ အင်္ဂလိပ်လိုမပါ။ သင်တာကလည်း အကုန် မြန်မာစာပေ အကြောင်း သင်တာချည်းဖြစ်သည့်တိုင်
အဖုံးကိုတော့ အဘယ်ကြောင့် ခေတ်ရှေ့ပြေးပြီး ဘိုလို ခေါင်းစဉ်တပ်ချင်ရပါသနည်း ဆိုသည်ကို
ကျွန်တော် မေးကြည့်ချင်လှပါဘိ။ အဘယ်သကောင့်သား၏ ညွှန်ကြားချက်ဖြင့် ဤကဲ့သို့ ခေတ်ဆန်ချင်
ရပါသနည်း ဆိုသည်ကိုလည်း သိလိုလှပါဘိ။
အတွင်းစာသားများကိုမူ မြန်မာလို ရိုက်ထားပါသည်။ မျက်နှာဖုံးကို
မြန်မာလို ဖော်ပြလိုက်လျှင် သိက္ခာကျသွားမှာ မို့လား။
နောက်ပြီး ပြန်စရာ မြန်မာစကားလုံးရှာမရသဖြင့် သည်အတိုင်း
Module, Code No. စသဖြင့် ထည့်ရတာ ဖြစ်ပေလိမ့်မည်။ သည့်အတွက် အလွန်ဆင်းရဲလှသော ကျွန်ုပ်တို့
မြန်မာစကားကိုသာ အပြစ်ဖို့ရတော့မည်ကဲ့သို့ ရှိချေ၏။
၎င်းတို့လုပ်ပေါက်ကိုကြည့်ပြီး University ကို တက္ကသိုလ် ဟု ဘာသာပြန်ခွင့်ရရေး
အင်္ဂလိပ်များနှင့် နပန်းလုံးခဲ့ရသော ဆရာကြီး ဦးဖေမောင်တင်ကိုသာ အားနာမိပါတော့သည်။
အကြမ်းဖျဉ်းပြောရလျှင် စာလုံးပေါင်းများ မချိမဆန့် မှားသည်။
အဖြတ်အတောက်များ ကမ်းကုန်အောင် မှားသည်။ အဓိပ္ပာယ် ဖွင့်ရန်မလိုသော အရာများကို အဓိပ္ပာယ်ဖွင့်ပြီး
အဓိပ္ပာယ်ဖွင့်ရမည့်အရာများကို မသိချင်ယောင်ဆောင်ကာ မေ့ထားခဲ့သည်။ အသေးစိတ်ကိုတော့ ဂျာနယ်ထဲထည့်မည့်
ဆောင်းပါးကျမှ ဖတ်တော်မူကြပါ။
ထိုပြဌာန်းစာအုပ်အားလုံးကို ကျွန်တော် အစအဆုံးသေသေချာချာ
အချိန်ယူပြန်ဖတ်ပြီး ရှိသမျှအမှားများဆွဲထုတ်ကာ ဂျာနယ်တစ်စောင်တွင် ဆောင်းပါးရှည်ကြီး
ရေးထည့်ရန် စိတ်ကူးထားပါသည်။ နောက်ပြီး မိတ္တူကို အဝေးသင်တက္ကသိုလ် ပါမောက္ခထံ ပို့မည်။
သက်ဆိုင်ရာ လူကြီးများထံလည်းပို့မည် ဟု စိတ်ကူးထားပါသည်။
ထို့ထက် ကျောင်းသုံးပြဌာန်းစာအုပ်များ
ဖြစ်ပါလျက် အဘယ်ကြောင့် သည်မျှ ဆိုးဆိုးရွားရွား ဖြစ်ရသနည်းဆိုသည်ကို သိချင်သည်။ သည်ကိစ္စ
အဓိကတာဝန်ရှိသူမှာ မည်သူဖြစ်ပါသလဲ ဆိုတာ သိချင်သည်။ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်
မလုပ်ဘဲ အဘယ်ကြောင့် မျက်နှာလွှဲ ခဲပစ်လုပ်ရသလဲဆိုတာ စေ့ငုချင်သည်။
ဟိုတလောက The Voice တွင် မြန်မာနိုင်ငံ စာစစ်ဌာန ညွှန်ကြားရေးမှုးဆိုလား၊
ညွှန်ချုပ်ဆိုသူလားနှင့် အင်တာဗျူးတာ ဖတ်လိုက်ရသည်။ ‘မေးခွန်းတွေ ဘာကြောင့်မှားတာပါလဲ’
လို့ မေးတော့ ‘မှားမှာပေါ့ဗျ။ ကွန်ပြူတာ စာရိုက်တဲ့သူက ကီးဘုတ်ကိုလည်း မကြည့်။ ကွန်ပြူတာ
မျက်နှာပြင်လည်းမကြည့်။ လျှောက်ရိုက်နေတော့မှ မှားပြီပေါ့ဗျ’ တဲ့။ သူဖြေတာ ဖတ်ပြီး
ကျွန်တော့်မှာ ရေမရှိတဲ့ချောင်း၊ နှာခေါင်းဖော်ပြီးတော့သာ သေလိုက်ချင်ပါတော့သည်။
(၃) စာမေးပွဲဖြေခြင်း
အတန်းတင် စာမေးပွဲက နိုဝင်ဘာလ ၁၇ ရက်ကနေ ၂၃ ရက်နေ့ထိ ဖြစ်၏။
ဆိုတော့ ၁၇ ရက်နေ့ မနက် ၇ နာရီခွဲထွက်မည့် Tiger Airway လက်မှတ်ကို ၀ယ်သည်။ ရန်ကုန်ကို
မနက် ၈း၄၅ ဆိုက်မည်ဆိုတော့ ကိစ္စမရှိ။ အိမ်ဝင် ရေမိုးချိုး၊ အ၀တ်အစားလဲ။ (ဟဲ့၊ အနောက်ပိုင်း
တက္ကသိုလ်က ဘောင်းဘီဝတ်လို့မရဘူးလို့ပြောတယ်။ ပုဆိုးဝင်လဲသွားအုံး ဟု ညီမဖြစ်သူက ကြိုမှာထား၏။)
နောက်ပြီး တက္ကစီနှင့် သွားလျှင် အနည်းဆုံး ကျောင်းသို့ တစ်နာရီလောက် စောရောက်နေနိုင်
သည်။
ပြန်မည့်ရက်တွင်လည်း စာမေးပွဲက ၄ နာရီပြီးမှာဆိုတော့ ည ၇
နာရီခွဲထွက်မည့် Jetstar လက်မှတ်ကို ၀ယ်။ စာမေးပွဲပြီးတာနဲ့ လေယာဉ်ကွင်းတန်းဆင်း။ အနို့
လစာမဲ့ခွင့်ဆိုတော့ တစ်ရက်မှ အပဲ့မခံနိုင်။ ချစ်စရာကောင်းသော ရုံးက တစ်နေ့ပျက်လျှင်
၂၀၀ ကျော်ဖြတ်သည်။ မြန်မာငွေနဲ့ဆို ၂ သိန်းနီးပါးလောက်ရှိ၏။
ပြောရလျှင် အနယ်နယ်အရပ်ရပ်မှ အဝေးသင်တက္ကသိုလ် လာဖြေကြသူများ၌
ကျွန်တော် ဈေးအကြီးဆုံးဖြစ်ပါလိမ့်မည်။
စာမေးပွဲဖြေလို့ လစာမဲ့ခွင့်ယူသည့်အတွက် ၄ ရက်စာ ဖြတ်တာ စင်ကာပူဒေါ်လာ
၈၂၃။
လေယာဉ်လက်မှတ် (ရန်ကုန်သို့အသွား) (Tiger Air) -
S$132.92
လေယာဉ်လက်မှတ် (ရန်ကုန်မှအပြန်) (Jetstar) - S$160.28
(Sub Total SGD 1116 x 910 = 10,15560)
စာမေးပွဲဖြေရန် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အသွားအပြန် တက္ကစီခ
= တစ်ရက် ၂ သောင်းနှင့် ၆ ရက် တစ်သိန်း ၂ သောင်း
လေဆိပ်သို့ အသွားအပြန် နှစ်ခေါက် = ၂ သောင်း
တခြား ဘာစရိတ်မှမပါဘဲ ထိုအခကြေးငွေချည်း သီးသီးပင် ၁၁ သိန်းနှင့်
၅ သောင်းကျော်ရှိ၏။ (Kyats 11,55560)
တစ်နှစ်လုံးကျောင်းတက်လျှင်ပင် သည်မျှကျပါမည်လားမသိ။
++++++++++++++++++++
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် စာမေးပွဲဖြေဘို့ စင်ကာပူက
ပြန်လာခဲ့သည်။ အစောဆုံးထွက်သော Tiger Air နှင့် လိုက်ခဲ့၏။ လေယာဉ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ မနက် ၈ နာရီ မိနစ် ၄၀ မှာ ဆိုက်သည်။ လေဆိပ်အပြင် ထွက်လာတော့ ကိုးနာရီစွန်းစွန်း။
ကျွန်ုပ်တို့တိုင်းပြည်တွင် လုပ်လိုက်သမျှ အကုန် မှတ်သားလောက်စရာချည်း
ဖြစ်၏။ ဘာတဲ့၊ ဟိုတလောက ထုတ်လိုက်တဲ့ ဥပဒေ။ လူမပါဘဲ တက္ကစီတွေ လမ်းပေါ်လျှောက်မောင်းနေရင်
ဖမ်းမယ်ဆိုပါလား။ မြတ်စွာဖျား။ သည်ပုံဆိုရင်ဖြင့် တက္ကစီမောင်းသူက သူ့ဖုံးနံပါတ်နှင့်
အိမ်လိပ်စာကို တက္ကစီငှားစီးမည့်သူများကိုပေးထား။ စီးချင်သူတွေက သူ့အိမ်ရောက် အောင်
သွားစီး။ သို့မဟုတ်ပါကလည်း တက္ကစီကို ရှေ့တစ်ယောက်၊ နောက်တစ်ယောက် ဦးပဲ့ထမ်းကာ ရန်ကုန်အနှံ့
လျှောက်သွား။ ငှားမည့်လူပေါ်မှ ချမောင်းပေါ့။ အဘယ်ကဲ့သို့များ ရွှေဉာဏ်တော် စူးရောက်လိုက်သည်မသိ။
ယခုလည်း လေဆိပ်ရှေ့တွင် တက္ကစီမရပ်ရဆိုသဖြင့် ကျွန်တော့်ကို
လာကြိုသည့်တက္ကစီမှာ ဟို့ . . . . . . . ကားပါကင်ထဲ သွားရပ်ထားရသည်။ လေယာဉ်ဆိုက်တော့
မမက သူ့ကို ဖုံးဆက်ပြီးလှမ်းခေါ်၏။ ကျွန်တော်က စာမေးပွဲရှိသဖြင့် ခပ်မြန်မြန် ပြန်လိုလှပြီ။
ကိုယ်တော်က တော်တော်နှင့် ရောက်မလာ။ နောက်မှ သူပြောပြသည်မှာ သည်ရှေ့ရောက်ပြီး ရပ်စောင့်မယ်
ကြံတိုင်း ရဲက အတင်းနှင်လွှတ်လို့ ဟိုးဘက်ကို တစ်ပတ်ပတ်မောင်းနေရတယ် ဆို၏။ ထူးဆန်းပါပေ့
ဆတွတ်ရယ်။
ကျွန်ုပ်တို့ကို အုပ်ချုပ်နေသည့် လူကြီးမင်းများကား လေဆိပ်သို့
အများပြည်သူသွားလာဘို့ ဘတ်စ်ကားကလေး၊ ရထားကလေး များ စီစဉ်ပေးဘို့ မစဉ်းစား။ စီးရမည့်တက္ကစီကိုပင်
အဆင်ပြေပြေ မစီးနိုင်စေရန် လုပ်ထားရက်အားကြပါပေသည်။ (သောက်ကျိုးနဲ။ ကားပိုင်မရှိသူများ
လေယာဉ်ကွင်းသို့မလာရ ဟု အမိန့်တော် ထုတ်မထားတာကိုပင် ကြံဖန်ကျေးဇူးတင် နေရပေ လေသေးသည်။
ကျုပ်များ တိုတိုပေါက်ရင် လမ်ဘိုဂီနီဝယ်ပြီး တဗြဲဗြဲနဲ့ကို လာမောင်းပစ်လိုက်ဦးမည်။
ဤကား စကားချပ်။)
လေယာဉ်ကွင်းကလည်း ထွက်ရော မြန်မာပြည်သူလူထုတို့ နေ့တဓူဝ ကြုံတွေ့နေရသည့်
ဒုက္ခနှင့် စတင်မိတ်ဆက်ပေးပြန်ပါ လေ၏။ လေဆိပ်အ၀င်လမ်းနှင့် ပြည်လမ်းဆုံရာမီးပွိုင့်တွင်
ကားပိတ်နေသည်မှာ နာရီဝက်နီးပါးလောက် ကြာမည် ထင်သည်။ ကျွန်ုပ်မှာကား ဟ၀ှာထဲ ပတတ်ဝင်နေသကဲ့သို့
ရှိလေတော့၏။
နောက် ၈ မိုင်တွင် အတော်ကြာလိုက်၊ အေဒီလမ်းမီးပွိုင့်တွင်
အတော်ကြာလိုက်နှင့် ၁၅ မိနစ်စာခရီးကို တစ်နာရီကျော်အောင် မောင်းရလေသည်။ စောင့်ချိန်များတွင်
စာဖတ်ပါ ဟု ကျွန်တော် သူများတွေကို ဆရာကြီးလုပ်ကာ မနေ့ကပဲ ရေးခဲ့သေးသည်။ သို့သော်
(ကိုယ့်အလှည့်ကျတော့) သည်အခြေအနေမျိုးတွင် စာထဲ စိတ်မ၀င်စားနိုင်။ စာတစ်ကြောင်းလောက်ဖတ်လိုက်၊
ရှေ့မျှော်နောက်မျှော် မျှော်လိုက်။ ရနေပါဦးမယ် စာကြီး။ ဝေးပါသေး။
အိမ်ရောက်တော့ ဆယ်နာရီစွန်းနေပြီ။ ကျောင်းကိုလည်း တစ်ခါမှ
မရောက်ဖူးသေးတော့ စာမေးပွဲဖြေမည့် အခန်းကို ရှာရဦးမည်ဖြစ်၍ အနည်းဆုံး (၁) နာရီလောက်
စောရောက်နေမှ ဖြစ်မည်။ နောက်ပြီး ရန်ကုန်မြို့ ဆိုသည်က ဘယ်လမ်း၊ ဘယ်ခရီးကို ဘယ်လောက်ကြာမည်ဟု
မည်သူမျှ ကံသေကံမ မပြောနိုင်။ ယခုပင် လေဆိပ်နှင့် အိမ်၊ ၁၅ မိနစ်စာခရီးကို တစ်နာရီကျော်
ကြာခဲ့ပြီ။ ထို့ကြောင့် စာမေးပွဲက နေ့ခင်း ၁ နာရီမှ ဖြေရမည်ဖြစ်သည့်တိုင် အိမ်ကနေ နောက်အကျဆုံး
၁၀ နာရီခွဲလောက် ထွက်မှ ဖြစ်ပေလိမ့်မည်။
သို့မို့ကြောင့် ကသုတ်ကရက် ရေချိုး။ ကပျာကယာ အ၀တ်အစားလဲ။
နေ့လည်စာထမင်းကို ထိုးသိပ်ထည့်ကာ ဆယ်နာရီမခွဲခင် ထွက်ခဲ့၏။ သည်တခါတော့ ကားပေါ်တွင် စာကျက်လိုက်သွားပါသည်။
တစ်နာရီနှင့် ၁၅ မိနစ်လောက် မောင်းရသည်။ နေကလည်း ပူလိုက်တာ မပြောပါနှင့်။ ကျွန်တော်ကလည်း
ဦးထုပ်ကလေးဘာလေး ယူမလာမိ။
ကျောင်းထဲသို့ တက္ကစီမ၀င်ရသဖြင့် (ခင်ဗျားတို့တိုင်းပြည်ကလည်း
စည်းကမ်းကလနားတွေ များလိုက်တာဗျာ) ကျောင်းပေါက်ဝမှ ပင်မအဆောက်အအုံဟု ယူဆရသည့် ဘစ်လဒင်ကြီးတစ်ခုဆီ
လျှောက်လာခဲ့သည်။ ကျောင်းအောက် ရောက်တော့ ဟိုဟိုသည်သည်လျှောက်ကြည့်ရာ ကျောင်းသားကျောင်းသူများ
ဝိုင်းအုံကြည့်နေသည့် ခုံနံပါတ်စာရင်း သင်ပုန်းကြီးကိုတွေ့၍ သွားကြည့်။ သိပ်မရှာလိုက်ရပါ။
ကျွန်တော်ဖြေရမည့်အခန်းမှာ ၇၁၃ ဖြစ်ကြောင်း သိရလေ၏။ အနီးမှ ကျောင်းသားတစ်ဦးကို အခန်းအမှတ်
(၇၁၃) ဆိုတာ ဘယ်နားမှာလဲကွဲ့ ဟုမေးရာ ကျွန်တော်တို့လည်း မသိသေးဘူး ဦးလေး ဟု ဖြေလေ၏။
ခဏစောင့်နေသော် ၀န်ထမ်းအ၀တ်အစားများနှင့် အမျိုးသမီးနှစ်ဦး လျှောက်လာသဖြင့် မေးပြန်၏။
မ,ဂဏန်း အဆောင်တွေက ဟိုးဘက်မှာ ဟု လက်ညှိုးထိုးပြသည်။ လမ်းကိုတော့ အတိအကျမညွှန်လိုက်။
ညွှန်စရာဆိုလို့ကလည်း မြက်ပင်၊ ပေါင်းပင်၊ သစ်ပင်များနှင့်ပြည့်နေသည့်အတွက် မည်ကဲ့သို့
ညွှန်ပါမည်နည်း။
ကျွန်တော်လည်း သူပြောသည့် ဟို့ဘက်သို့ မှန်းကာ လျှောက်လာလေသော်
အဆောင်များကို တန်းစီတွေ့ရသည်။ လမ်းတွင် ဖြတ်သွားဖြတ်လာများကို မေးပြန်သော် ဟိုဘက်မှာ
ဆို၍ ဆက်လျှောက်။ သူတို့ပြောသည့် ဟိုဘက်ကိုရောက်တော့ ကလေးမလေးတစ်ဦးကို မေး၏။ အခန်းအမှတ်
(၇၁၃) ဆိုတာ ဘယ်နားတုံးကွဲ့။ အဲ၊ အဲဒီအခန်းက သမီးတို့ဖြေရမဲ့ ၇၁၂ နဲ့ ကပ်လျက်ပဲ။ သမီးနဲ့လိုက်ခဲ့
ဟု ဆိုတော့မှ အတန်ရင်အေးသွားရလေတော့သည်။
သူ့နောက်က အသာကပ်လိုက်ခဲ့ရာ အဆောင်ဝအရောက်တွင် ဖုံးဝင်လာသဖြင့်
ဟိုဘက်မှာဟု ညွှန်ပြပြီး တစ်ဖက်သို့ ထွက်သွား ပြန်လေ၏။ အခန်းနံပါတ်များလျှောက်ကြည့်တော့
၇၀၁၊ ၇၀၂ စသဖြင့်တွေ့လေရာ ဧကန္တ ၇၁၃ ဆိုတာ အပေါ်က အခန်းကိုခေါ်တာဖြစ်မယ်ဟုမှန်းပြီး အပေါ်ထပ်တက်လာတော့မှ
၇၁၃ ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့လေတော့သည်။ အခန်း ရှေ့တွင်ကပ်ထားသော ခုံနံပါတ်များကိုကြည့်ရာ
ကျွန်တော့်မှာ ဘယ်ဘက်ဆုံး၊ ရှေ့ဆုံးခုံတွင် ဖြစ်လေ၏။ ကိုယ်ကသော် လည်းကောင်း၊ ကိုယ့်ကိုသော်လည်းကောင်း
မည်သူ့ကိုမှ ကြည့်လို့မရသည့်နေရာဖြစ်၍ ကျွန်တော့်အတွက်တော့ စိတ်ကြိုက် နေရာပင်ဖြစ်သည်။
နေရာတွေ့ပြီဆိုတော့ စိတ်အေးလက်အေး စာကျက်တော့မည်ဟု အခန်းရှေ့
စင်္ကြန်ကြမ်းပြင်ပေါ်တွင် ထိုင်ကာ စာအုပ်ဖွင့် ဖတ်၏။ ဟိုနားသည်နားမှ ကျောင်းသားကျောင်းသူများလည်း
ကျွန်တော့်ကို ကွက်ကြည့်၊ ကွက်ကြည့်လုပ်၏။ သည်တော့မှ ကျွန်ုပ်လည်း ဦးထုပ်ဆောင်းမလာခဲ့မိသည်ကို
နောင်တရလေတော့သည်။ ကျွန်တော့်ဆံပင်များမှာ တစ်ခေါင်းလုံး ဖွေးဖွေးလှုပ်လျှက် လူမှာလည်း
အိုစာလိုက်သည်မှာ ၅၅ နှစ်နှင့်တောင်မတူ။ အသက် ၆၀ ကျော်လောက် ထင်ရ၏။
၁၅ မိနစ်လောက်ကြာတော့ အသက် ၃၀ ခန့် အမျိုးသမီးတစ်ယောက် ကျွန်တော့်အနား
မရဲတရဲနှင့် လာထိုင်သည်။ ကျွန်တော်လည်း သူ့ကိုကြည့်လျှက် ဟဲဟဲ ဟု ပဋိသန္ဓာရပြု၏။ ထိုအခါကျမှ
သူလည်း ရဲတင်းလာကာ ဘကြီးက စာမေးပွဲ ဖြေမလို့လား ဟု မေး၏။ ဟိုက်ရော။
ဟုတ်ပါတယ်ခင်ဗျ။ စာမေးပွဲ ဖြေမလို့ပါ ဟု ပြန်ဖြေသော် အင်း၊
တော်ပါသေးရဲ့။ ကိုယ့်ကိုယ်ကိုယ် အတော် အသက်ကြီးလှပြီ ထင်နေတာ ဟု သူခိုးသေဖော် ညှိလေသည်။
ထို့နောက်ဆက်၍ နေပါဦး၊ ဘာဖြစ်လို့ ခုမှဖြေတာလဲ ဟု မေးပြန်၏။ သည်ကဲ့သို့ မေးလာသူများအား
မည်သို့ပြန်ဖြေမည်ကို စင်ကာပူမှာကတည်းက စဉ်းစားလာခဲ့သော ကျွန်ုပ်မှာ အခက်အခဲမရှိ ပြန်ဖြေလိုက်နိုင်လေရာ
ကိုယ့်ကိုယ်ကိုယ် အတော်ပင်ဂုဏ်ယူမိလေသည်။ ကျွန်တော် မည်ကဲ့သို့ဖြေမည် သင်ထင်ပါသနည်း။
ငယ်ငယ်တုံးက ကျောင်းတက်ဖို့ မေ့နေခဲ့လို့ပါကွယ်။
ဟိုသူငယ်မမှာ ဟက်ကနဲရယ်ချင်စိတ်ကို မနိုင့်ရင်ကာ သိမ်းဆည်းလျှက်
စာများကို လှိမ့်ကျက်နေလေ၏။ အတန်ကြာသော် ကျွန်တော်သူ့ကိုလှမ်းစပ်စုပြန်သည်။
ဘာလဲ၊ စာတွေကို အလွတ်ကျက်နေတာလား။
သူ ခေါင်းငြိမ့်ပြ၏။
စာတွေကို ဘုရားရှိခိုးစာတွေလို အကုန်အလွတ်ကျက်နေလို့ ဘယ်လိုလုပ်မှတ်မိမတုံးကွဲ့။
အချက်အလက်တွေမှတ်ထားပြီး ပြန်ရေးမှပေါ့ - ဟု သူများကို နည်းနည်းလောက်မှ ဆရာမလုပ်ရလျှင်
မနေနိုင်သောဉာဉ်ကြောင့် ဆရာလုပ်မိပြန်လေသည်။
သူကမူ ဘာမှပြန်မပြောဘဲ စာများကိုသာ ဆီမန်းမန်းသလို တတွတ်တွတ်
ရွတ်နေလေသည်။
သည်လိုနှင့်ပင် ၁ နာရီတီးဘို့ ဆယ်မိနစ်လောက်အလိုတွင် ကဲ၊
ကဲ အခန်းထဲဝင်ကြမယ် ဟု အခန်းစောင့်ဆရာမအော်သံကို ကြား၍ အခန်းထဲ ၀င်လာခဲ့၏။
ကဲ အားလုံးပဲ၊ စာမေးပွဲစည်းကမ်းတွေကိုပြောပြမှာမို့ သေသေချာချာ
နားထောင်မယ်။
ဖုံးတွေကို ပိတ်ထားပါ။ ဆိုင်းလင့်မုဒ် လုပ်မထားပါနဲ့။ ပါဝါကို
လုံးဝပိတ်ပြီး နှစ်ယောက်ကြားမှာ မှောက်ချထားပါ။ အိမ်သာသွားချင်ရင် ခုကတည်းက သွားထားပါ။
စာမေးပွဲဖြေနေချိန်မှာ အိမ်သာလုံးဝသွားခွင့်မပြုဘူး။ အခန်းထဲရောက်ပြီ။ တစ်ယောက်နဲ့တစ်ယောက်
လုံးဝ စကားမပြောပါနဲ့။ တစ်ယောက်နဲ့တစ်ယောက် မကြည့်ပါနဲ့။
ခိုးချတာတွေ့ရင် ကျောင်းနေခွင့် တစ်နှစ်ပိတ်ပါမယ်။
အခန်းစောင့်ဆရာဆရာမကို မချေမငံပြန်ပြောရင် ကျောင်းနေခွင့်
( ) နှစ်ပိတ်မယ်။
အဖြေလွှာစာအုပ်လဲတာတွေ့ရင် ကျောင်းနေခွင့် (၄) နှစ်ပိတ်မယ်။
ခုံနံပါတ်ကို ဟောသည် တြိဂံပုံလေးထဲ ၀င်အောင်ရေးမယ်။ ဖျက်တာ၊
နှစ်ထပ်ရေးတာ၊ ပြင်တာ လုံးဝလက်မခံဘူး။ တစ်ခါတည်း ထင်ထင်ရှားရှားရေးပါ။
. . . . . . . . . . . . . . . . . .
ဆရာမကြီး စည်းကမ်းချက်တွေနားထောင်ရတာ ကျွန်တော်ဖြင့် ကျောတောင်
ချမ်းလာ၏။ ၁ နာရီ ဒေါင်ကနည်းတီးသည်နှင့် မေးခွန်းစာရွက်များ ဝေပါသည်။
ကျွန်တော်က အချက်အလက်များမှတ်ထားပြီး ကိုယ့်အာဘော်နှင့်ကိုယ်
ဖြေတာမို့ ဘာမှ မခဲယဉ်းပါ။ အလွယ်တကူပင် ဖြေနိုင်ပါသည်။ ၃ နာရီဖြေရမည့်မေးခွန်းကို ၂
နာရီနှင့်လက်စသပ်ပြီး ထွက်လာခဲ့သည်။ အခြားသူများကတော့ အင်း၊ ဟိုအဘိုးကြီး သနားပါတယ်၊
သူ့ခမျာ မဖြေနိုင်ဘူးထင်ပါရဲ့။ အစောကြီးထွက်သွားရရှာတယ် ဟုများ တွေးနေမည်လား မပြောတတ်။
မစိမ့်ကတော့ ဦးအေးငြိမ်းအဖြေလွှာကို စစ်မဲ့ဆရာမတော့ အတော်ဒုက္ခရောက်လိမ့်မယ်။ ဘယ်လို
အမှတ် ပေးရပါ့မလဲ လို့ ခေါင်းခဲနေတော့မှာပဲ ဟု ဆိုလေ၏။
မေးခွန်းတွင် သူ့မှာတမ်းကဗျာ ပါလာလေရာ ကွန်ုပ်အကြိုက်ဖြစ်တော့၏။
ကျွန်တော်လည်း ခံစားချက်အပြည့်ဖြင့် ရေးချလိုက်လေရာ ကျွန်တော့်အဖြေလွှာကိုစစ်သူ ဆရာမ
မျက်ရည်မကျပါဆိုလျှင်ဖြင့် အနှီဆရာမမှာ အလွန် အသည်းမာလှသော ဆရာမသာ ဖြစ်ပေလိမ့်မည်။
(အလဲ့၊ တယ်စာတဲ့ဆိုပါလား။)
စာမေးပွဲက (၃) ရက်ဖြေပြီး တနင်္ဂနွေတစ်ရက် နားသည်။ တနင်္လာနေ့လည်းကျရော
အကြီးအကျယ် ပြဿနာတက်ပြန်၏။
ကျွန်တော်တို့က ဘုရင့်နောင်လမ်းက လာခဲ့ရာ ဘုရင့်နောင်တွင်
ကုန်ကားများနှင့်ပိတ်နေ၍ တော်တော်နှင့် နေရာက မရွေ့နိုင်။ ရှေ့တိုးမရ၊ နောက်ဆုတ်မရနှင့်
အတော်ဒုက္ခများလေသည်။ ဘုရင့်နောင် မိုးပျံတံတားအောက်ရောက်တော့ ၁၂း၂၀ ရှိနေပြီ။ ကိုင်း၊
ကိုယ့်လူရေ မိနစ် (၄၀)ပဲလိုတော့တယ်။ မီပါအုံးမလားဟု မေးမိ။ ဘုရင့်နောင်က လွတ်လာတော့
၁၂း၂၅။ မတတ်နိုင်ဘူး အစ်ကိုရေ အတင်းကျော်ခွ တုတ်ရတော့မှာပဲ ဟု လှမျိုးက ဆို၏။ ဆိုသည့်အတိုင်းလည်း
အသားကုန် မောင်းလာခဲ့ရာ ကျောင်းပေါက်ဝသို့ရောက်တော့ ၁၂း၄၅ နာရီ။ တော်ပါသေး၏။ ကျွန်တော်လည်း
ခပ်သုတ်သုတ် လှမ်းလာခဲ့သည်။ ခါတိုင်း စည်ကားနေကျ လမ်းမှာတောင် တစ်ယောက်မှ မရှိတော့။
ကျွန်တော် အခန်းရှေ့ရောက်တော့ စ၀င်နေကြပြီ။ သည်တော့မှ ကျွန်တော်လည်း သက်မမောကြီးကို
ဝှူးကနဲ မှုတ်ထုတ်လိုက်နိုင်လေတော့သတည်း။
နောက်ဆုံးနေ့တွင်ဖြေရသော Aspects of Myanmar တွင်လည်း မြန်မာ့ဂီတအနုပညာအကြောင်း
သို့မဟုတ် လွတ်လပ်ရေးခေတ် ပညာရေးအကြောင်းကို ဆွေးနွေးရေးသားပါ။ ဟု မေးထား၏။ ပြဌာန်းစာအုပ်ထဲတွင်
မြန်မာ့ဂီတအနုပညာ အကြောင်းကို မတွေ့မိပါ။ ပြဌာန်းစာအုပ်ထဲမပါတာကိုမေးခြင်းက ကျွန်ုပ်၏ဗဟုသုတကို
စမ်းသပ်တာပေဘဲဟု သဘောထား လျှက် ကျွန်ုပ်ဖတ်မိမှတ်မိသည်များထဲမှ ဂီတအနုပညာဆိုင်ရာများကို
ရေးထည့်လိုက်သော ဟူ၏။
စာမေးပွဲခန်းထဲမှ ၃း၁၅ နာရီထွင်ထွက်လာ။ အချိန်ရသေးသည်နှင့်
အိမ်တွင် ခဏ အဆာပြေ စားသောက်။ ရေမိုးချိုး။ အ၀တ်အစားလဲကာ လေယာဉ်ကွင်းသို့ ဆင်းခဲ့ပါတော့၏။
နောက်နှစ်ကျ စာမေးပွဲဖြေဘို့ နင့် ခွင့်တွေချန်ထားဦးဟဲ့
ဟု မမက သတိပေးလိုက်သည်။
ဤကား ကျွန်တော် မနေနိုင်မထိုင်နိုင် ကိုယ့်ဒုက္ခ ကိုယ်ရှာခြင်းအား
မိတ်ဆွေများ သိစေရန် ဝေမျှလိုက်ခြင်း ဖြစ်ပါကြောင်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၇ နိုဝင်ဘာ၊ ၂၀၁၆။ ၀၂း၂၈ နာရီ