(၁) ပိတ်ရက်ကလေးရတုံး ခွင့်ယူကာ ပြန်ခဲ့ခြင်း
ထုံးစံအားဖြင့် ဒီဇင်ဘာလတွင် ကျွန်တော်ပြန်လေ့ရှိ၏။ သို့သော်
ယခုနှစ်တွင် စင်ကာပူ နှစ် (၅၀) ပြည့်အထိမ်းအမှတ်အဖြစ် သြဂုတ်လ (၇) ရက်နေ့ကို ပိတ်ပေးသည်ဖြစ်ရာ
စင်ကာပူအမျိုးသားနေ့ (သြဂုတ်လ ၉ ရက်) နှင့်ဆက်လျှက် ပိတ်ရက် ၃ ရက် ရသောကြောင့် ကျန်သမျှခွင့်အားလုံးကိုယူကာ
ပြန်ခဲ့သည်။ သားကလည်းနောက်နှစ်တွင် စင်ကာပူ၌ ကျောင်းတက်မည်ဖြစ်ရာ ကျောင်းဝင်ခွင့်
(AEIS Test) ဖြေဘို့ လာစရာရှိသည်နှင့် သူတို့သားအမိကိုခေါ်ရင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်
ပြန်ခဲ့ခြင်းဖြစ်၏။
ရန်ကုန်ပြန်မည်ဆိုတော့ ထုံးစံအတိုင်း seminar များလုပ်ရန်
လှမ်းချိတ်၏။
ပထမ UMFCCI တွင် အခန်းစုံစမ်းသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်
အလုပ်ရှုပ်နေသည့်တိုင် ဦးလှမောင်ရွှေက အခန်း စီစဉ် ပေးသည်။ ဦးလှထွန်းခိုင်က UMFCCI
က အခန်းမှာ ပညာရပ်ဆိုင်ရာဟောပြောပွဲများအတွက် လစဉ် ပထမပတ် စနေနေ့ကို အခန်းပေးထားသဖြင့်
သြဂုတ်လ ၁ ရက်နေ့ ဖြစ်နိုင်မလား ဟု မေး၏။ ကျွန်တော်ကလည်း ခွင့်က ရက်အကန့်အသတ်နှင့်မို့
၁ ရက်နေ့တော့ မဖြစ်နိုင်ပါကြောင်း အကြောင်းပြန်လိုက်သည်။ ထို့ကြောင့် သူတို့က ၈ ရက်နေ့ကို
ရအောင် စီစဉ်ပေးသည်။ ထို့အတွက် ဦးလှမောင်ရွှေနှင့် ဦးလှထွန်းခိုင်ကို အထူးကျေးဇူးတင်ပါ၏။
(သူရို့နာမည်များမှာ ရခိုင်နာမည်နှင့် ဆင်တူသည့်တိုင် သူတို့နှစ်ဦးစလုံး ရခိုင်များမဟုတ်ကြပါ။)
အစပိုင်းက ဘယ်မှမသွားတော့ဟု ဆုံးဖြတ်ထားသော်လည်း လေယာဉ်နဲ့ဆို
မန္တလေးသွားပြောရကောင်းမယ်ဟု တွေးမိသော ကြောင့် ကိုခင်မောင်စိုးကို မန္တလေးမှာလုပ်ရင်
အဆင်ပြေမလားဟု လှမ်းစုံစမ်း။ ကိုခင်မောင်စိုးကလည်း ၀မ်းသာအားရပင် ရပါတယ်၊ ဖြစ်အောင်
သူစီစဉ်ပေးပါမယ်ဟု အကြောင်းပြန်၏။ သို့နှင့် သြဂုတ်လ ၉ ရက်နေ့တွင် မန္တလေး၌ ဟောပြောပွဲလုပ်ရန်
စီစဉ်လိုက်ကြ၏။
ကျွန်တော်က ရောက်တုံးရောက်ခိုက် National Competency
Standard အကြောင်းပါ ပြောလိုက်ချင်သေး၏။ ဤအကြောင်းကိုမူ
ထိုကိစ္စနှင့် တိုက်ရိုက်ပတ်သက်နေသော အင်ဂျင်နီယာအသင်း၌ ပြောရန်စိတ်ကူးမိသောကြောင့်
ကိုနေမျိုးမောင်ကို လှမ်းဆက်သည်။ ကိုနေမျိုးမောင်မှာ မြန်မာပြည်ကောင်းစားရေးဆိုလျှင်
ထမင်းမေ့ဟင်းမေ့လုပ်တတ်သူ ဖြစ်သောကြောင့် သူ့အားထုတ်မှုဖြင့်ပင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၌လည်း
ဟောပြောပွဲလုပ်ဖို့ သေချာသွားလေတော့၏။
ထို့ပြင် Global Enchanting မှ ဂျူးစ်က အရေးပေါ်ကယ်ဆယ်ရေး
၁ ရက်သင်တန်းပေးနိုင်မလား ဆိုတော့ ကျွန်တော်က မီးသတ်၊ ကြက်ခြေနီများနှင့်တိုင်ပင်ကြည့်ပါ။
သူတို့နှင့်ပေါင်းလုပ်လိုပါသည်ဟု အကြောင်းပြန်လိုက်၏။ တစ်ရက်နှစ်ရက်နေတော့ သူက ကြက်ခြေနီမှတစ်ဦးနှင့်
ပေါင်းလုပ်ရန် ပြောပါသည်။ ကြက်ခြေနီက အရေးပေါ်ကယ်ဆယ်ရေးအကြောင်း ပို့ချမည်ဆိုတော့ ကျွန်တော်က
ပြန်လည်နေရာချထားရေးအကြောင်း ပြောရမည်ပေါ့။ သို့သော် ကျွန်တော်က တဲဆောက်တာ၊ လမ်းဖောက်တာ၊
အိမ်သာကျင်းတူးတာ စသည်တို့ကိုမပြောပဲ စီမံခန့်ခွဲမှုအကြောင်း ဦးစားပေးပြောမှာ ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် တဲဆောက်တာ၊ အိမ်သာကျင်းတူးတာက လူတိုင်းလုပ်တတ်သည်။ အရေးကြီးသည်မှာ
ထိုတဲထိုးသူ၊ စသူတို့အား စီမံခန့်ခွဲ တတ်ရန် ဖြစ်၏။
Seminar လုပ်မည်ဆိုတော့ slide presentation များ၊ လက်ကမ်းစာစောင်များ
ပြင်ရသည်။ သင်တန်းတွင်ဝေရန် ကိုအောင်ကိုး အား အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးစာစောင်ကို
ကော်ပီကူးဝေရန် အစောင် ၁၀၀ လောက် ပြင်ခိုင်း လိုက်၏။ သူက အစောင် ၂၀၀ လောက် သူ့စရိတ်နှင့်သူ
ပြင်ထားပေးသည်။ ကျေးဇူးပါကိုအောင်ကိုးခင်ဗျား။
(၂) UMFCCI ဟောပြောပွဲ (၈ သြဂုတ်၊ ၂၀၁၅)
သို့နှင့် သြဂုတ်လ ၇ ရက်နေ့တွင် ပြန်ခဲ့၏။ ကီလိုဝယ်ကာ ရေဘေးဒုက္ခသည်များအတွက်
တပတ်နွမ်းအ၀တ်အစားများ သယ်သွားသည်။ (မိန်းမ၀တ် ပေါက်ကရကြီးတွေတော့ အကုန်လွှင့်ပစ်လိုက်၏။
အဲဒါကြီးတွေကို တောကလူတွေ ဘယ့်နှာလုပ် ၀တ်ရပါ့မတုံး၊ ငါ့နှယ်။) ကိုယ့်အတွက်ကတော့ အ၀တ်တစ်ထည်၊
ကိုယ်တစ်ခု။ လက်ပ်တော့နှင့် external hardisk တစ်လုံး။ နောက်ပြီး အိမ်နှင့် ဆွေမျိုးသားချင်းများဘို့
သွားရေစာနည်းနည်းပါးပါး။ ပထမတော့ မဂ္ဂဇင်းစာအုပ်တွေ သယ်သွားဦးမလို့။ သို့သော် စာအုပ်များမှာ
အလွန်လေးလှသဖြင့် ကီလိုများစွာပိုနေသောကြောင့် ပြန်ထုတ်ခဲ့ရသည်။
ရန်ကုန်ရောက်တော့ ဟိုလူ့ဖုံးဆက်၊ ဒီလူ့ဖုံးဆက်။ ဗီဒီယိုရိုက်ဖို့လှမ်းဖုံးဆက်တော့
ဆက်လို့မရ။ ဟောပြောပွဲ evaluation form နှင့် မေးခွန်းများ မိတ္တူကူး။ မနက်ဖြန် အဖေကြီးမွေးနေ့
လုပ်မှာဆိုတော့ တောကအဆွေအမျိုးတွေ ရောက်နေသည်နှင့် ထွေရာလေးပါးများ ပြော။ မန္တလေးက ကိုခင်မောင်စိုးဆီ
ဖုံးဆက်တော့ အားလုံးအဆင်သင့်ပါပဲ၊ မန္တလေးတိုင်း ၀န်ကြီးချုပ်လည်း တက်လိမ့်မယ်ထင်တယ်
ဟု ဆို၏။ နောက်နေ့မနက်တွင် အဖေကြီးမွေးနေ့ကိုလာသည့် မိတ်ဆွေအပေါင်းအသင်းများအား ဧည့်ခံရသည်နှင့်
လက်မလည်နိုင်အောင် ရှိ၏။
အမှန်က စာအုပ်တွေလည်းရောင်းရင်း၊ မိတ်ဆွေများနှင့်လည်း တွေ့ဆုံစကားပြောရင်း
ဟောပြောပွဲကို စောစောလေး သွားချင်တာ။ သို့တိုင် ဧည့်သည်များမှာ တဖွဲဖွဲလာနေသည်နှင့်
မချိသွားဖြဲလုပ်ကာ စကားရောဖောရော လုပ်နေရလေ၏။ နေ့လည် ၁ နာရီတီးတော့ ကိုင်း ကိုင်း၊
သွားကြမှဖြစ်မယ် ဟု အတင်းဖြတ်ကာ ထွက်ခဲ့ရသည်။ သိတော်မူကြသည့်အတိုင်း လမ်းကလည်း နည်းနည်းလေးတော့
ပိတ်လိုက်ရမှ။ မြေနီကုန်းတွင် ကားများတသီကြီး တန်းစီနေရသည့်အတွက် ကျွန်ုပ်မှာ အင်း၊
သည်းခံ သည်းခံ ဟု တိုနေသောစိတ်ကို မနည်းဆုံးမထားရလေ၏။
UMFCCI ရောက်တော့ လူတောင် အတော်လေးစုံနေပြီ။ ပါလာသောစာအုပ်များကို
ကပျာကသီခင်းကျင်း၊ လက်ကမ်းစာစောင် များ၊ ကျွန်တော့် Name card များပါ နေရာချ။ မှာစရာရှိတာမှာပြီး
မစိမ့်၊ ကိုမောင်မောင်ကျော်သာ၊ ကိုမိုးကြည်ဖြူတို့စုံတွဲ စသည့် အသိမိတ်ဆွေများကို ခဏတဖြုတ်တွေ့ဆုံနှုတ်ဆက်ပြီးသကာလ
ဟောပြောမည့်စင်မြင့်သို့လာခဲ့၏။ စက်များဆင်ပြီးသော် Skynet က အင်တာလာဗျူးသည်။ (ကျွန်တော်တို့အိမ်မှာ
skynet မရှိသဖြင့် ဘယ်အချိန်လွှင့်သွားမှန်းတောင် မသိလိုက်ရ။)
မှတ်ချက်။ ။ လုပ်ငန်းခွင်မတော်တဆမှုတွေကို
ဘယ်လိုလျှော့ချမလဲ ခေါင်းစဉ်ဖြင့် သီးသန့်ဆောင်းပါးတစ်ပုဒ်ရေးပါမည်။
မိတ်ဆွေ အတော်များများ တက်ရောက်လာတာ တွေ့ရ၏။ ကျွန်တော်ပြောတာ
တစ်နာရီခွဲကြာသည်။ ထို့နောက် အမေးအဖြေ ကဏ္ဍ။ စိတ်ဝင်တစား မေးကြ၊ ပါဝင်ဆွေးနွေးကြသော ကိုမောင်မောင်ကျော်သာ၊
မသန္တာ၊ ကိုအောင်မြင့်မြတ်တို့နှင့် အခြား မိတ်ဆွေများအား (စုစုပေါင်း ၇ ယောက် ထင်ပါသည်။)
ကျေးဇူးအထူးတင်ပါသည်ခင်ဗျား။
ထို့နောက် ဦးအေးလွင်က ဤဟောပြောပွဲနှင့် ၎င်းတို့လုပ်ကိုင်ဆောင်ရွက်နေပုံများအကြောင်း
အားရပါးရပြော၏။ ကျွန်တော်က စင်ကာပူတွင် အလုပ်လုပ်နေသူဖြစ်သဖြင့် စွပ်ကယ်၊ စွပ်ကယ်ပြန်မလာနိုင်။
ထို့ကြောင့် သင်တန်းများကိုလည်း တစ်ခုချင်းစီ သီးသန့်ပေးနိုင်ဘို့ရာ မလွယ်။ အကယ်၍သာ
၎င်းတို့စီစဉ်ပေးနိုင်မည်ဆိုလျှင် ကျွန်တော့်အနေနှင့် သင်တန်းဆရာဖြစ်သင်တန်း (Train
the Trainer) များ လာရောက်ပို့ချပေးနိုင်ပါကြောင်း။ တနင်္ဂနွေနေ့များတွင် သင်ပေးနိုင်ကြောင်းများ
ပြောခဲ့၏။ စနေနေ့ညနေ လာ။ တနင်္ဂနွေ ညနေ ပြန်ပေါ့။ သင်တန်းဆရာဖြစ်သင်တန်းကတော့ တစ်ရက်နှစ်ရက်နှင့်မရ။
အနည်းဆုံး ၇ ရက် စာလောက် သင်ရမည်။ နောက်ပြီး အခြေခံရှိသူများ (လုပ်ငန်းအတွေ့အကြုံနှင့်
safety knowledge ရှိသူများ) ဖြစ်ရမည်။
အားလုံးပြီးတော့ ကမာရွတ် မီဒီယာမှ အင်တာဗျူး၏။ ထို့နောက်
မိတ်ဆွေများ လာရောက်နှုတ်ဆက်၊ စကားစနေပြော။ မိတ်ဆွေအသစ်များကလည်း လာရောက်မိတ်ဆက်ကြ၏။
မစိမ့်တော့ ဘယ်အချိန်ပြန်သွားမှန်းတောင် မသိလိုက်ရ။ စုစုပေါင်း ၂ နာရီခွဲကျော်ကြာသည်။
(၃) မန္တလေး ဟောပြောပွဲ (၉၊ ၁၀ သြဂုတ်၊ ၂၀၁၅)
နောက်နေ့မနက်တွင် မန္တလေးသို့ လေယာဉ်ဖြင့် ခရီးထွက်ခဲ့သည်။
Golden Myanmar Airline ဖြင့်ဖြစ်၏။ မည်သည့် လေကြောင်းလိုင်းဖြင့် မည်သည့်မြို့များသို့လိုက်ပါမည့်
ခရီးသည်များ မည်သည့်ဂိတ်သို့လာပါ စသည်ဖြင့် ကြေငြာနေ၏။ သို့သော် သူတို့ကြေငြာနေတာက ခပ်ဝါးဝါး၊ အသံကို သဲသဲကွဲကွဲမကြားရ။
ပြောတာကလည်း ပလုံးပထွေး။ ခုကြေငြာတာ ဘာလေကြောင်းလဲဗျ ဟု ဘေးကလူကိုမေးတော့လည်း သေသေချာချာ
မသိ။ ဆိုတော့ သေချာအောင် အခု ဘယ်လေကြောင်း ပါလိမ့် ဟု ဂိတ်ပေါက်သို့ သွားမေးရ၏။ လူအများနားလည်အောင်
ဘာလို့ပြတ်ပြတ်သားသား ကြေငြာမပေးတာလဲဆိုတာကို နားမလည်နိုင်။ နောက်ပြီး ကြော်ငြာဆိုင်းဘုတ်လည်း
ထိုးပေးမထား။ တီဗီတစ်ခုတော့ ပြနေ၏။
လေယာဉ်ကတော့ အချိန်မှန်ပါသည်။ မနက် ၇ နာရီတွင် လေယာဉ်ထွက်၏။
လေယာဉ်မောင်းချိန် ၁ နာရီ မိနစ် ၂၀။ မန္တလေး လေဆိပ်တွင် ကိုခင်မောင်စိုးတို့ အဆင်သင့်စောင့်နေ၏။
လမ်းမှာ ဆရာ့လေယာဉ်ဆိုက်လာတာတွေ့လို့ အသည်းအသန် မောင်းခဲ့ရတယ် ဟု ဆို၏။ မန္တလေးလေဆိပ်သည်ကား
ခပ်ခြောက်ခြောက်။ ခရီးသွားဟူ၍ သိပ်မရှိလှ။ လေဆိပ်ကြီးကား အတော် ကြီးပါသည်။
မန္တလေး (သို့မဟုတ်) တံတားဦးလေဆိပ်ဟုသာ ဆိုရသည်။ မြို့နှင့်လေဆိပ်မှာ
အဝေးကြီးဖြစ်၏။ ကား တစ်နာရီကျော်လောက် မောင်းရသည်။ သို့ဆိုလျှင် လေယာဉ်စီးခရီးသည်များအတွက်
သွားလာရေးကလေးများ စဉ်းစားပေးထားသလား။ ဟင့်အင်း။ မတွေ့မိပါ။ ဒါဆိုဘယ်လိုများ သွားကြသတုံး။
ဒီလိုပဲ ကျုပ်ကျက်လိ ကြတာပေါ့ဗျာ။ သြော - ဒါ ခင်ဗျားတို့ မြန်မာစတင်းဒတ်လား။ အိုဗျာ
ခင်ဗျားနှယ်။ မန္တလေးထားလို့၊ ခင်ဗျားတို့ မဟာရန်ကုန်က အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှာရော
အများပြည်သူ သွားလာရေးအတွက် ဘာရှိသတုံးဗျာ။ ရှိပါတယ်ဗျ။ တက္ကစီတွေဆိုတာ ပေါလွန်းလို့။
ခင်ဗျားတို့လို လေယာဉ်စီးတဲ့သူတွေအဖို့ ကားငှားခလောက်တော့ လူတိုင်းတတ်နိုင်ပါတယ်ဗျာ။
အဆင့်မြင့်မြင့် သွားရတာပေါ့။ ဟုတ်ဘူးလား။ သြော - ဂလိုလား။ အင်း - စေတနာတွေပေါ့။
လမ်းတွင် အေးအေးဆေးဆေး စားသောက်ကြပြီးမှ တည်းခိုရာ
Mandalay Hill Resort ဟော်တယ်သို့ သွားကြသည်။ ကျွန်တော်က ကိုခင်မောင်စိုးကို ဟော်တယ်မှာမဟုတ်လည်း
တစ်နေရာရာမှာ တည်းလို့ရပါတယ်။ အိပ်လို့ရပြီးရော ဟု ဆိုသည့်တိုင် သူက သူ့အမျိုးသမီးက
ဟော်တယ်ဝန်ထမ်းဖြစ်သည်က တကြောင်း၊ နောက်ပြီး ထို ဟော်တယ်က ယခင်အခါ ကာလများကလည်း သည်ကဲ့သို့ပင်
အကူအညီပေးခဲ့ဖူးကြောင်း၊ ယခု ကျွန်တော်လာခြင်းမှာ စီးပွားရေးကိစ္စအတွက်မဟုတ်ဘဲ လူအများအကျိုးအတွက်ဖြစ်သဖြင့်
ဟော်တယ်မန်နေဂျာကလည်း သူတို့ဆီတွင် FOC (Free Of Charge - အခမဲ့) တည်းဘို့ သဘောတူပါသည်ဆိုသဖြင့်
ကျွန်တော့်မှာ အားနာပါးနာတည်းလိုက်ရလေ၏။
ရေမိုးချိုး အဆင်သင့်ပြင်ဆင်ပြီးသကာလ နေ့လည် ၁၁ နာရီခွဲလောက်တွင်
သူတို့လာခေါ်သည်။ အောင်မလေးဗျို့။ တော်တော် ခမ်းခမ်းနားနားကို ပြင်ထားပါကလား။ လျှောက်လမ်းကို
ကော်ဇောတွေများခင်းလို့။ ကျွန်တော်ကတော့ သိပ် ကိန်းကြီးခန်းကြီး တွေကို နှစ်မြို့လှသူ
မဟုတ်။ သို့သော် မန္တလေးတိုင်း ၀န်ကြီးချုပ်လာမည်လိုလို ဆိုတော့ သူတို့အတွက် လုပ်ရတာ
ဖြစ်မည်။ နောက်ပြီး ခန်းမကြီးထဲတွင် ဧည့်ခံ၏။ (နောက်တော့ ၀န်ကြီးချုပ်မှာ ရေဘေးအတွက်
ရန်ကုန်က ပြည်ထောင်စုဝန်ကြီးတွေ လာမည် (ဆိုလား) ကြောင့် မအား၍ မလာဖြစ်တော့ပါ ဟု ဆို၏။)
အိန္ဒိယသံရုံးမှ သံမှူးဆိုလား ကောင်စစ်ဝန်ဆိုလား လည်း လာသည်။
လူရွယ်လေးဖြစ်၏။ အတော်သွက်သည်။ နောက်ပြီး ရှေ့နေချုပ်ဆိုလား လည်း လာ၏။ သူတို့နှင့်
ရောက်တတ်ရာရာ စကားစနေပြောကြသည်။ လွှတ်တော်အတွင်း ပို့လိုသည့်စာများ (ဥပဒေဆိုင်ရာ အကြံပြုချက်များ)
ပေးလိုပါက သူကူညီနိုင်ပါကြောင်း ရှေ့နေချုပ်က ပြော၏။
သူတို့က ဘယ်ကဘယ်လူတွေကို ဘယ်လောက်ဖိတ်ထားကြောင်းပြောသဖြင့်လည်း
ဝမ်းသာရပါ၏။ ဆောက်လုပ်ရေးလုပ်ငန်း ထဲမှ အတော်များများပါသည်။ ကိုနေမျိုးမောင်က စားပွဲချကာ
ကျွန်တော်ယူလာသော စာအုပ်များရောင်း၏။ ၂ နာရီကျော်သော် အခန်းအနား စသည်။
ပထမ MRCCI ဥက္ကဌက လိုရင်းတိုရှင်းပြော၏။ ကောင်းလေစွ။ ထို့နောက်
ရှေ့နေချုပ် ပြောသည်။ သူကတော့ နည်းနည်း ရှည်သည်။ အားလုံးပြီးတော့ ကျွန်တော် ပြော၏။
မနေ့က UMFCCI တွင် ပြောခဲ့သော လုပ်ငန်းခွင်မတော်တဆမှုတွေကို ဘယ်လို လျှော့ချမလဲ ဆိုသည့်
အကြောင်းဖြစ်၏။
ပြောပြီး မေးခွန်းတွေ မေးကြပါဆိုတော့ တစ်ယောက်က မန္တလေးမှာ
ဖောင်ဝပ်ပြိုရတာ ဘာဖြစ်လို့လဲ ဟု မေး၏။ နောက်တစ်ယောက်ပြောတာတော့ သိပ်မမှတ်မိ။ သူက အခုလိုသိရတဲ့အတွက်
ကျေးဇူးတင်ပါတယ်။ နောင်လည်း ဒီလိုမျိုး အသိပညာမျှဝေတာတွေ လုပ်ပေးစေချင်ပါတယ် ဟု ပြောတာ
ထင်ပါသည်။ ကျွန်တော့်စိတ်ထဲတွင် ရန်ကုန်ပရိသတ်နှင့် မန္တလေး ပရိသတ်၊ အတော်ကွာသည်ဟု ခံစားမိ၏။
သူတို့ အလေ့အကျင့်မရှိတာလည်း ပါပါလိမ့်မည်။ နောက်ထပ် ဘာမေးခွန်းမှ မလာတော့သည်နှင့်
ပွဲကို ရုပ်သိမ်းလိုက်သည်။
သည်ကြားထဲ ဟောပြောပွဲအပြီး အမေးအဖြေကဏ္ဍ စမည်ဆိုတော့ ချိတ်လုံချည်များ
ညီတူညာတူဝတ်ထားသည့် အမျိုးသမီးကြီးများ ထွက်သွားကာ မလှမ်းမကမ်းတွင် ဆူညံပွက်လောရိုက်နေလေ၏။
ပထမတော့ ကျွန်တော် လှမ်းပြောဦးမလို့၊ နောက်တော့ မပြောတာကောင်းပါတယ်လေဟုတွေးကာ အသာနေလိုက်သည်။
ပွဲမပြီးသေးမှန်းသိလျက်နှင့် သည်လို ဆူဆူညံညံ လုပ်ဖို့မသင့် ဆိုတာကို နားမလည်။ ကိုယ်ဝတ်ထားသည့်
ဝတ်ကောင်းစားလှများကိုမှ အားမနာ။
ထိုမျှမကသေး၊ အစားအသောက်များ ပေးသည့်နေရာတွင်လည်း ဆူညံပူညံလုပ်ကြပြန်၏။
ထိုနေရာမှာ ဟောပြောပွဲ အခန်းတွင်း ၌ပင် ရှိသလို သိပ်လည်းမဝေးလှသည့်အတွက် ကိုင်း၊ စားစရာတွေယူပြီး
အပြင်သွားစကားပြောကြပါ။ ဒီအထဲမှာတော့ မဆူကြဘို့ မေတ္တာရပ်ခံပြစေဟု လှမ်းအော်လိုက်တော့မှ
အသံများတိတ်သွားသည်။ ဘယ်လိုလူတွေပါလိမ့်။ ပြောရင်လည်း နာကြလိမ့်ဦး မည်။
ထို့နောက်တော့ MRTV မှ အင်တာဗျူး၏။ ထို့နောက် ပရိသတ်များ
လာရောက်နှုတ်ဆက်၊ စကားစနေပြောကြသည်။ ထိုအထဲတွင် ကျောင်းသားဘ၀ သူငယ်ချင်း ကိုမင်းမင်းဦးလည်း
ပါလာ၏။ မတွေ့ရတာ နှစ်အစိတ်ကျော်ပြီဆိုတော့ ရုတ်တရက် မမှတ်မိ။ နောက်မှ အလို ဒါ ကိုမင်းမင်းဦးပဲဟုသတိရကာ
လိုက်ရှာတော့ မတွေ့တော့။ ပြန်သွားပြီထင်၏။ ငါ့တောင် ဖော်ဖော်ရွေရွေမရှိဘူး။ အင်မတန်ကြီးကျယ်တဲ့ကောင်
ဟု ထင်သွားပေရော့မည်။
မိုးကလည်း စိုစိစိုစက်နှင့်။ ပြန်ရောက်တော့ ရေမိုးချိုး။
နောက်တော့ အေးမေတ္တာဆိုလား တွင် ညစာစားကြသည်။ မိုက်ကယ်နှင့် ကိုဝင်းဇော်ဦးတို့လည်း
ပါ၏။ စားလို့သောက်လို့လည်းကောင်း၊ ပြောလို့ဆိုလို့လည်း ကောင်းပါ၏။ ကိုခင်မောင်စိုးက
နက်ဖြန် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဟောပြောပွဲ အတွက်တော့ ဟော်တယ်မှ
staff များနှင့် အင်ဂျင်နီယာ များကို စီစဉ်ထားသည်ဆိုသဖြင့် ကျွန်တော်က ခေါင်းစဉ်ပြောင်းရ၏။
သူတို့ကို အရေးပေါ်အခြေအနေ နှင့် ပြန်လည်နေရာ ချထားရေးတွင် အရေးထားလုပ်ရမည့် စီမံခန့်ခွဲရေးအကြောင်း
ဦစားပေးပြောမည်ဟု စဉ်းစားလိုက်၏။
ဆရာကိုအောင်သန်းက မနက် ၅ နာရီခွဲလောက် သူလာခေါ်မည်။ ဘုရားကြီးလိုက်ပို့မည်။
ထို့နောက် မနက်စာ စားကြမည် ဆိုသဖြင့် ည ခပ်စောစောအိပ်၏။ ဟော်တယ်၌ အင်တာနက်ရသည့်တိုင်
သိပ်အဆင်မပြေလှ။
မနက် ၅ နာရီတွင် အိပ်ယာထတော့ ထနေကျမဟုတ်သဖြင့် အတော်အိပ်ချင်နေသေး၏။
မိုးကလည်း ဖွဲဖွဲကျနေသည်။ ၅ နာရီ ခွဲတော့ ကိုအောင်သန်းရောက်လာသည်နှင့် ဘုရားကြီးသို့
ထွက်ခဲ့ကြ၏။ အငြိမ်မနေတတ်သော မျက်လုံးများက ဘုရားကြီး၌ ကားပါကင် သီးသန့်မရှိသည်ကို
မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ သို့သော် တစ်စီးဝင်၊ တစ်စီးထွက် သူ့ဟာနှင့်သူတော့ အဆင်ပြေနေပါ၏။
အတော်စောသေးသည့်တိုင် ဘုရားကြီး၌ ဘုရားရှိခိုးသူ၊ တရားထိုင်နေကြသူများ
အတော်များများ တွေ့ရ၏။ ရွှေဆိုင်းများဝယ်ပြီး ချခဲ့သေး၏။ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကိုရွှေချရင်း
အနီးကပ် သေသေချာချာ ကြည့်ခဲ့၏။ ရွှေချထားသဖြင့် ကိုယ်လုံးတော်မှာ ရွှေတုံးများဖြင့် ဖုထစ်နေလျှက်
မူရင်းကိုယ်လုံးတော် ပျောက်လျက်ရှိနေချေပြီ။ အမှန်ဆိုရလျှင် ကျွန်တော်က ဤသည်ကို မကြိုက်ပါ။
မူရင်းအတိုင်းသာ ဖူးလိုပါသည်။ ဘုရားကို ကြည်ညိုတာ ကြည်ညိုတာ တစ်ပိုင်း။ သို့သော် ကြည်ညိုလွန်းကြတော့
ဘုရားကြီးမှာ မူရင်းပျောက်သွားတော့၏။
ဘုရားကြီးကပြန်လာတော့ ကိုအောင်သန်းက သူတို့အိမ်ခေါ်သွားကာ
သူထုတ်ထားသော ဆရာမင်းနိုင်၏ လောကီပညာ ပဒေသာ စာအုပ်များကို အတွဲလိုက်ပေးသည်။ ကျေးဇူးပါ
ဆရာကိုအောင်သန်းခင်ဗျား။ ထို့နောက် သူတို့မိသားစုနှင့် မနက်စာ သွားစားကြသည်။ သူက ဘာစားမလဲမေးတော့
ကျွန်တော်က တိုဟူးနွေးဟု ပြောလိုက်၏။ မန္တလေးတွင် တခြားအစားအစာများ ထက် တိုဟူးနွေးကို
ကျွန်တော်ပိုနှစ်သက်ပါသည်။ သူကဆိုင်တစ်ဆိုင်သို့ခေါ်သွားပြီး ဟောဒီဆိုင်က တိုဟူးကို
စားတော်ပဲနဲ့ လုပ်တာ။ မန္တလေးတစ်မြို့လုံးမှာ သူ့တစ်ဆိုင်ပဲရှိတယ်ဟု ဆို၏။ စားလို့ ကောင်းပါသည်။
မိုးကလည်း ရွာနေ၏။ တိုဟူးနွေးစားပြီး လဖက်ရည်သွားသောက်ကြသည်။
ဟော်တယ်ပြန်ရောက်၊ ခဏနားပြီး ၉ နာရီတီးတော့ ဟောပြောပွဲစသည်။
ဟော်တယ်ဝန်ထမ်းများ ၃၀ လောက်ရှိမည်။ ကျွန်တော်က အရေးပေါ်ကိစ္စမှာသာမဟုတ်။ မည်သည့်အရာမဆို
စီမံခန့်ခွဲမှုနှင့် စနစ်တကျလုပ်ကိုင်တတ်မှုမှာ အလွန်အရေးကြီး ကြောင်း၊ စနစ်တကျ မစီမံတတ်ပါက
အားလုံး ကဖျဲကရုန်းနှင့် ဖြစ်သလိုစခန်းသွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးပေါ်
ကဲ့သို့ကိစ္စမျိုးများ ကြုံလာလျှင် မည်ကဲ့သို့ စီမံရမည်ဆိုသည့်အကြောင်းများ ပြော၏။ တစ်နာရီလောက်ကြာသည်။
သိချင်တာ၊ မေးချင်တာများရှိလျှင် မေးကြပါဆိုသည့်တိုင် မည်သူမှ မေးဖော်မရ။
ဟောပြောပွဲပြီးတော့ ကျွန်တော် ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
လိုက်ပို့မယ် ဟု ဆို၏။ ပထမတော့ ဒီကျောင်းနာမည် ကြားဖူးပါတယ် ဟု ထင်နေမိသည်။ နောက်မှ
ဖေ့စ်ဘုတ်တွင် ကျောင်းသားကလေးများ self study နှင့် သင်ပုံ အကြောင်း တင်ထားသည့်ဗီဒီယို
ကြည့်ဖူးကြောင်း မှတ်မိတော့၏။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆို၍ အထင်မစမောလိုက်ပါနှင့်။
ကျောင်းသား ၆၀၀၀ ကျော်ရှိသော ဧရာမကျောင်းကြီး ဖြစ်၏။ ကျောင်းတွင် စာသင်ဆောင်များ၊ လက်တွေ့ခန်းများအပြင်
ကျောင်းသားများနေသော အဆောင်များ၊ ဆေးခန်း၊ သက်မွေးဝမ်းကျောင်းပညာသင်ပေးသည့် အစီအစဉ်များ
စသဖြင့် အတော် ပြည့်စုံစွာရှိသည်။
(ဖောင်တော်ဦးကျောင်းအကြောင်း သီးသန့်ရေးပါမည်။)
ကျောင်းကိုတ၀ကြီးလိုက်လံကြည့်ရှု၊ မေးမြန်းစုံစမ်းကြပြီးသကာလ
နေ့လည်စာအတွက် ဒေါင်းလန်းကြီးသို့ သွားကြ၏။ ဒေါင်းလန်းကြီးကလည်း ဟင်းချက်ကောင်းပါ၏။
အရံဟင်းများနှင့်ဆိုတော့ မနည်းလှပါ။ ကျွန်တော်လည်း အားနာစွာနှင့် အသားကုန် လွေးလိုက်၏။
ဒေါင်းလန်းကြီး၏ အပြင်အဆင်မှာ တမူထူးခြား၏။ တဲကလေးများထဲတွင်
မြန်မာထမင်းစားပွဲခုံချကာ ထိုအပေါ်တွင်မှ ဒေါင်းလန်း တင်လျက် ဒေါင်းလန်းပေါ်တွင် ဟင်းခွက်များတင်ထား၏။
မူရင်း မြန်မာဒေါင်းလန်းကတော့ ဟင်းခွက်ပါမည် မထင်ပါ။ ဒေါင်းလန်းပေါ်တွင် ထမင်းဟင်းများပုံပြီး
သည်အတိုင်း စားတာဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လက်ရည်တပြင်တည်း ဟူသည် ဒေါင်းလန်းပေါ်
ထမင်းဟင်းများပုံစားရာ သူ့ဘက်ငါ့ဘက်မှ ဟင်းရည်များ ဒေါင်းလန်းမျက်နှာပြင်တစ်ခုလုံးပျံ့လျက်
အားလုံးတပြင်တည်းဖြစ်နေသည် ဟု ဆိုလိုသောကြောင့် ဖြစ်၏။ (ယခုခေတ်သစ်ဒေါင်းလန်းကဲ့သို့
ဟင်းခွက်များနှင့်ထည့်စားလျှင် လက်ရည်တပြင်တည်း ဖြစ်စရာအကြောင်းမရှိပါ။) သို့သော် လက်ရည်တပြင်တည်း
အလေ့အထသည် ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် personal hygiene နှင့် မညီညွတ်။
စားသောက်ပြီး သိပ်အထွေအထူးမရှိတော့သဖြင့် ဟော်တယ်ပြန်၊ ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီး
လေဆိပ်သို့ ၄ နာရီလောက် တွင် ထွက်ခဲ့၏။ သည်တစ်ခါတွင်တော့ ကိုဇော်မိုးအောင်နှင့် ကိုဝင်းဇော်ဦးတို့
လေဆိပ်လိုက်ပို့သည်။ လေဆိပ်ထဲတွင် ကော်ဖီ သောက်ရင်း စကားစနေပြော။ လူသိပ်မရှိသဖြင့်
ကော်ဖီဆိုင်မှာ စောစောသိမ်းသွားသည်။ တစ်ယောက်ကလာပြီး ကျွန်တော်တို့ ဆိုင်ပိတ်ပါတော့မယ်။
ဒါပေမဲ့ အစ်ကိုတို့ဆက်ထိုင်လို့ ရပါသေးတယ် ဆို၏။ အတန်ကြာသော် ကျွန်တော် လေဆိပ်ထဲ ၀င်လာခဲ့သည်။
လေဆိပ်ဆောက်ပြီးတာ ဘယ်လောက်ကြာပြီမသိ။ လေဆိပ်အတွင်း ခရီးသည်များစောင့်ဆိုင်းခန်းမှ
ထိုင်ခုံဆိုဖာများမှာ တစ်ခုမှ အကောင်းမရှိ။ ပဲ့တာပဲ့။ ရွဲ့တာရွဲ့၊ ပြုတ်တာပြုတ်။ ထိုင်သူများအတွက်
အန္တရာယ်ပင် ရှိသေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ပထမထိုင်လိုက်သောခုံမှာ ညစ်ပတ်နံစော်နေသဖြင့်
အနည်းငယ် သန့်သယောင်ရှိသည့်ခုံကို ပြောင်းထိုင်လိုက်ရာ ခုံမှာ အောက်မှ မူလီများပြုတ်နေပြီး
ဟန်ပြတင်ထားတာ ဖြစ်သောကြောင့် လိမ့်ကျတော့မည်ကဲ့သို့ ဖြစ်သွားသေး၏။ ပြုတ်နေသည့် ခုံကို
ပြန်မပြင်ပဲ အဘယ်ကြောင့် သည်အတိုင်း ဟန်ပြတင်ထားကြသည်ကို ကျွန်တော်နားမလည်နိုင်။
လေယာဉ်ကတော့ အချိန်မှန်ပါသည်။ ည ၇း၁၀ နာရီတွင် လေယာဉ်ထွက်၏။
ပြင်ပလောကတွင် အမှောင်ထုက ကြီးစိုးနေပြီ။ လေယာဉ်ပေါ်မှကြည့်လိုက်တော့ ဟိုတစ်ကွက် သည်တစ်ကွက်
မီးကလေးများ လက်နေတာ တွေ့ရ၏။ ကျွန်တော်က ဒုတိယတန်း ထိုင်ခုံမှာဖြစ်ပြီး ကျွန်တော့်ရှေ့ကထိုင်ခုံတန်းမှာ
ဘုန်းတော်ကြီး ၅ ပါး လိုက်ပါလာသည်။ ကိုယ်တော်က ဘယ်ကျောင်းကလဲ၊ ဘာလာလုပ်တာလဲ စသဖြင့်
တစ်ပါးကိုတစ်ပါး မေးမြန်းစပ်စုနေသံများ ကြားရ၏။ ရန်ကုန်ရောက်တော့ မိုးရွာနေသည်။ မိုးအေးနေသဖြင့်
ဘာမှမလုပ်တော့ဘဲ ခပ်စောစော အိပ်ယာဝင်ခဲ့တော့၏။
နည်းနည်းကျန်သွားလို့ပါ။
အတတ်ပညာမဲ့သူများ၏ စည်းမရှိကမ်းမရှိ၊ စိတ်ထင်ရာ ကရမ်းကသတ်လုပ်မှုများကြောင့်
ရန်ကုန်မြို့ကြီးကား အဖတ်ဆယ် မရအောင် ပျက်စီးသွားခဲ့ချေပြီ။ ဤလူရမ်းကားများ ပြုတ်ပြုတ်ပြုန်းသွားသည့်တိုင်
နောက်လူများအနေနှင့် ပြန်လည်ပြုပြင်ဘို့ရာ မလွယ်တော့ပါ။ ၀မ်းနည်းဖွယ် အခြေအနေဖြစ်၏။
သွားရင်းလာရင်း ဟိုဟိုသည်သည်ကြည့်မိတော့ မန္တလေး၏ ပြကတေ့အခြေအနေကို
တွေ့ရသည်။ မန္တလေးမြို့ကား သိပ်မပျက်စီး သေး။ တူတူတန်တန် မြို့ပြတစ်ခုဖြစ်လာအောင် ပြန်လည်ပြုပြင်မည်ဆိုလျှင်
ပြင်လို့ရသေး၏။ မန္တလေးမှလမ်းများမှာ စနစ်တကျ မရှိသေး။ လူသွားလမ်းများလည်း ကောင်းကောင်းမွန်မွန်မရှိသေး။
မီးပွိုင့်ကောင်းကောင်းလည်းမရှိသေး။ ရေစနစ်၊ မီးစနစ် စသည်တို့ ကျကျနန မရှိသေး။ ကိုယ်မလုပ်တတ်လျှင်
သည်အတိုင်းထားပါ။ မဖျက်ဆီးကြပါနှင့်။ တတ်သူများ လုပ်ကြပါလိမ့်မည်။
(၄) MES ဟောပြောပွဲ (၁၄ သြဂုတ်၊ ၂၀၁၅)
ရန်ကုန်ပြန်ရောက်တော့ ဂျူးတို့သင်တန်းကျောင်းကို သွားသည်။
သူက အစ်ကို၊ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းက လူ ၁၀၀ လောက်ရှိနေပြီ။ ကျမတို့အခန်းနဲ့ မရတော့ဘူး။
နေရာထပ်ရှာလိုက်ဦးမယ် ဆို၏။ နောက်ပြီး ဆောက်လုပ်ရေးသင်တန်းကျောင်း ကလည်း သူတို့ဆီမှာသင်နေတဲ့
ကရိန်းမောင်းတဲ့သူတွေကို crane safety တစ်ချိန်လောက်ဝင်ပေးစေချင်တယ်လို့ ပြောတယ်။ ကျွန်တော်ကလည်း
ခေါ်သူသာရှိလို့ကတော့ သွားမယ်ဆိုတာချည်း ဖြစ်သောကြောင့် ဘယ်အချိန်လည်း မေးလေသော် မပြန်ခင်
တစ်ရက် သြဂုတ်လ ၁၇ ရက်နေ့၊ မနက် ၉ နာရီကနေ ၁၀ နာရီခွဲဟု ပြော၏။ သိပ်အထွေအထူးလုပ်စရာမရှိသောကြောင့်
ကျွန်တော်လည်း လက်ခံလိုက်သည်။
ကြိုတင်စီစဉ်ထားသည့်အတိုင်း သြဂုတ်လ ၁၄ ရက်၊ နေ့လည် ၂ နာရီတွင်
MES ၌ လုပ်ငန်းကျွမ်းကျင်မှုစံနှုန်းများအကြောင်း အဘယ်ကြောင့် အရေးကြီးရကြောင်း ဟောပြော၏။
သည်တစ်ခါတော့ ဟိုတစ်နေ့ကို မဖြစ်ရအောင် အိမ်က ၁၂ခွဲလောက် ထွက်ခဲ့၏။ ဟိုရောက်တော့ စာအုပ်များခင်းကျင်းရောင်းချ၏။
အတော်လေးရောင်းရပါသည်။ မမက လာတဲ့သူတွေဟာ အင်ဂျင်နီယာတွေ ဖြစ်တာကတစ်ကြောင်း၊ နောက်ပြီး
အလုပ်လုပ်နေကြတာဆိုတော့ ငွေကြေးအတွက် သိပ်စဉ်းစားစရာမလိုတဲ့ သူတွေဖြစ်လို့ စာအုပ်တွေဝယ်နိုင်တာဖြစ်မယ်ဟု
သုံးသပ်၏။ ယူလာသော ဘ၀ခါးခါးစာအုပ်များ မထင်မှတ်ဘဲ အားလုံးကုန်သွား၏။ အမျိုးသမီးကို
နောက်ထပ် အိမ်ပြန်ယူခိုင်းလိုက်ရသည်။ မြန်မာပြက္ခဒိန်စာအုပ်လေးမှာမူ မျက်နှာငယ်ရ၏။ တစ်အုပ်မှ
မရောင်းရ၊ အနည်းအကျဉ်းလှန်ကြည့်ပြီး နားမလည်ဘူးဆိုကာ ပြန်ချသွားသည်ချည်း ဖြစ်၏။ တာယာအန္တရာယ်ကင်းဝေးရေး
စာအုပ်လည်း အတော်ရောင်းရသည်။
ဟောပြောပွဲလာသူများမှာ မှတ်ပုံတင်ကောင်တာမှ ပုံစံများယူပြီး
ဖြည့်စွက်နေတာ တွေ့ရ၏။ CPD 3 hr သည်လည်း အရေးကြီး သည်မဟုတ်ပါလော။ ထို့နောက် ရောက်လာသူများထဲမှ
အသိမိတ်ဆွေများနှင့် စကားစနေပြော။ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒေါ်မြ၀င်းလည်း လာသည်။ ကျွန်တော့်
ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရေးစာအုပ်ကြီး ထုတ်မယ်လုပ်ပြီးမှ မထုတ်ဖြစ်တော့သည့်အကြောင်းများ
ပြောဖြစ်ကြ၏။ MES မှ ဆရာများနှင့်လည်း ပြောဆို။ ဓာတ်ပုံရိုက်ကြ။
ဆရာဦးလင်းက ထမင်းပြန်စားလိုက်ဦးမယ်လို့ပြောတယ်။ သူရောက်မှ
စကြတာပေါ့ဆိုသဖြင့် ကျွန်တော်လည်း စက်များပြင်ဆင် ထားပြီး ဟိုလူနှင့်ဟိုဟာပြောလိုက်၊
ဒီလူနှင့် ဒီဟာပြောလိုက်နှင့် အချိန်ဖြုန်းရ၏။ သို့နှင့် ၂း၁၅ လောက်မှ အခန်းအနား စသည်။
ဆရာလင်းကြည့်ရတာ အတော်ပင်ပန်းနေပုံ ပေါက်နေ၏။
စိတ်ရှိလက်ရှိပြောလိုက်တာ ၁ နာရီ၁၅မိနစ်လောက် ကြာသွားသည်။
အမေးအဖြေကဏ္ဍတွင် တစ်ယောက်က မန္တလေးဖောင်ဝပ် ဘာဖြစ်လို့ပြိုရပါသလဲ ဟု မေး၏။ ထို့နောက်
MES မှ ဆရာက ၎င်းတို့ National Competency Standard နှင့်ပတ်သက်၍ လုပ်ကိုင်နေပုံများအကြောင်း
ပြောပြ၏။ သူလည်းပြောပြီးရော အခန်းအနားကို အလျင်စလိုသိမ်းလိုက်သည်။
အမှန်က ကျွန်တော် National Competency Standard နှင့်ပတ်သက်၍
အင်ဂျင်နီယာကြီး/ငယ်များထံမှ မေးခွန်း တော်တော်များများကို မျှော်လင့်ထားတာ ဖြစ်၏။
သူတို့သိလိုသမျှလည်း ကျွန်တော်သိသလောက် ပြန်ဖြေပေးမှာ ဖြစ်ပါသည်။ ယခုကဲ့သို့ မည်သူမှ
ပါးစပ်မဟရသေးမီ ချက်ချင်းကြီးပွဲသိမ်းလိုက်တော့ ကျွန်တော့်မှာ အတော်မကျေမချမ်းဖြစ်မိ၏။
အနို့သူရို့ပဲ ၂ နာရီကနေ ၅ နာရီ ထိ ကြေငြာထားပြီး CPD ၃ နာရီပေးမည်ဆိုထားတာ မဟုတ်ပါလား။
ထားပါ။ ၅ နာရီထိမဟုတ်တောင် မေးချင်သူတို့ကို မေးခွင့် မပေးသင့်ပါသလော။ အားလုံးမေးပြီးတော့
ဘယ်သူမေးချင်သေးသလဲ ၃ ခါလောက်မေးပြီး ဘယ်သူမှမမေးတာ သေချာတော့မှ သိမ်းဘို့ကောင်းပါသည်။
ဒါ သင်ခန်းစာပေါ့။ နောက်ကျရင်တော့ မေးချင်သူ၊ ဆွေးနွေးချင်သူတို့ကို လွတ်လွတ်လပ် မေးခွင့်၊
ဆွေးနွေးခွင့်ပြုပြီးမှ သိမ်းဘို့ ပြောထားရလိမ့်မည်။
နောက်တစ်ခု။ “မြန်မာနိုင်ငံ အင်ဂျင်နီယာများအသင်း” ဆိုတော့
နာမည်ဂုဏ်ရှိန် အတော်ကြီးပေသည်။ သို့အတွက် မိမိဂုဏ်နှင့် ထိုက်တန်အောင် မိမိတို့အဆောက်အဦကိုလည်း
ထိန်းသိမ်းထားသင့်သည်ဟု ကျွန်တော်ကတော့ သည်လိုပဲ မြင်ပါသည်။ ယခုတော့ အိမ်သာကလည်း အလွန်ညစ်ပတ်လှသည်။
မမပြောတော့ အမျိုးသမီးအိမ်သာတံခါးက ပိတ်လို့မရ။ လက်ဆေးမည် ဆိုတော့ ရေကမရှိ ဟု ပြောသည်။
ကျွန်တော်က ဟောပြောပွဲ evaluation form နှင့် မေးခွန်းစာရွက်များ ကော်ပီကူးချင်လို့
မေးတော့ သူတို့ဆီက မိတ္တူကူးစက်ပျက်နေလို့ပါ ဆို၏။
နောက်တစ်ခု မမထောက်ပြတာက စားသောက်ဆိုင်တန်းဖြစ်၏။ MICT
Park, MES, ပညာရေးဝန်ကြီးဌာနအောက်က အမှတ်စာရင်းထုတ်သည့်ဌာန စသဖြင့် လူအများလာရောက်ကြသော
နေရာဖြစ်သည့်တိုင် အနီးအနားမှာ စားသောက်ဆိုင်ဆိုလို့ တစ်ခုမှ တူတူတန်တန် မတွေ့ရ။ ညစ်တီးပတ်တတ်ရောင်းချနေသော
လမ်းဘေးဈေးသည်များထံတွင် ၀ယ်ယူစားသောက်ကြရ သည်။ ကျွန်တော်တို့ သြဂုတ်လ ၁၇ ရက်နေ့က
သည်နေရာတွင်ပင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး သင်တန်းဖွင့်ပါသေးသည်။ သင်တန်းအားလပ်ချိန်ပေးလိုက်သောအခါ
သင်တန်းသား ၁၀၀ လောက်မှာ ဘယ်သွားစားလိုက် သောက်လိုက်ရမှန်းမသိ။ ဖြစ်သလို စခန်းသွားလိုက်ကြရသည်။
ဤသည်မှာ management ညံ့ဖျင်းမှု ဖြစ်၏။
အမှတ်စာရင်းထုတ်သည့်နေရာလည်း ကြည့်လိုက်ဦး။ နားနေစရာ ဘာမှလုပ်ပေးမထား။
လူအများမှာ လမ်းဘေး၌ ဟိုစုစု၊ သည်စုစု။ သည်လိုပဲ ဖြစ်သလို ထိုင်သူကထိုင်၊ ရပ်သူကရပ်။
နေကြရသည်။ လမ်းတစ်ဘက်ခြမ်း၌ ခြံပုတ်များနှင့် ပြည့်နေသည့် ကွက်လပ်ကြီးရှိရာ ထိုခြုံများကိုရှင်းလင်းလျှက်
စားသောက်ဆိုင်တန်းလုပ်ပေးလိုက်လျှင် မည်မျှ အဆင်ပြေပါမည်နည်း။ လူကြီးမင်းတို့၏ စီမံခန့်ခွဲပုံညံ့ဖျင်းမှုအား
ကျွန်တော့်မှာ သြချရပါပေသည်။ အကယ်၍ ပညာရေးဝန်ကြီးဌာနက ထိုနေရာတွင် အဆောက်အဦ တစ်ခုဆောက်ကာ
စားသောက်ဆိုင်၊ တခြား တိုလီမုတ်စဆိုင်ကလေးများ ငှားရမ်းထားပါက ထိုင်နေရင်း ၀င်ငွေမရပါသလော။
နောက်ပြီး အခန်းက နည်းနည်းကျဉ်း၏။ လူဘယ်လောက်လာသည်ကိုမူ သေသေချာချာ
ကျွန်တော်မသိပါ။ အလယ်လမ်းတွင် ခုံများ အပြည့်ချပေးထားသည့်တိုင် အခန်းနှင့်မဆန့်၍ အပြင်ထွက်နေကြရသည်။
ကျမတို့က ဟိုးအဝေးကြီးက လာရတာ။ အခု နေရာမရလို့ အပြင်ကပဲနေရမယ်ဆိုတော့ လာမောကြီးဖြစ်တာပေါ့။
အခု ဟိုကပြောတာ ဘာမှမကြားရဘူး ဟု ဟောပြောပွဲ လာသူ အမျိုးသမီးတစ်ဦးက မမကို ပြောသည်ဆို၏။
ကျွန်တော့်မှာ သူရို့အတွက် စိတ်မကောင်းဖြစ်ရသည်။ ပြောမည့်ခေါင်းစဉ်ကို စိတ်ဝင်စားလို့လား၊
CPD တန်ခိုးလားတော့ မပြောတတ်။ ရွှေပွဲလာပရိသတ်မှာ အတော်များပါသည်။ ဟောပြောပွဲပြီးခါနီးမှ
ကသုတ်ကရက် ဖောင်လာဖြည့်/တင်သွားသူများလည်း ရှိသည်ဟု သိရ၏။
(၅) MES တွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
သင်တန်းပေးခြင်း (၁၆ သြဂုတ်၊ ၂၀၁၅)
အမှန်တကယ် လက်တွေ့မျက်တွေ့သင်ပေးရပါမည်ဆိုလျှင် သည်သင်တန်းမျိုးက
၃ ရက်လောက်မှ ရမည်။ အရေးကြီးတာက စီမံခန့်ခွဲမှု ဖြစ်၏။ စနစ်တကျ အစီအစဉ်ဆွဲပြီး လုပ်သောအလုပ်
နှင့် ဘာအစီအစဉ်မှမရှိပဲ ကြုံသလိုတည့်သလို ကောက်ကက် လုပ်သောအလုပ် အလွန်ကွာသည်။ ဤကဲ့သို့
စနစ်တကျအစီအစဉ်ဆွဲပြီး လုပ်တတ်စေရန် သေသေချာချာ လေ့ကျင့်ပေးမှ ရမည်။
နောက်တစ်ခုက အဖွဲ့နှင့်လုပ်တတ်ရေး ဖြစ်၏။ အဖွဲ့နှင့် လုပ်တတ်ခြင်းဆိုသည်မှာ
ထိုင်းဘောလုံးသမားများ ဘောလုံးကစား သွားသကဲ့သို့ ဖြစ်၏။ အဖွဲ့တွင်ပါဝင်သူတိုင်းသည်
မိမိကျရာနေရာမှ ကိုယ်လုပ်ရမည့်အလုပ်ကို တာဝန်ကျေကျေ လုပ်လိုက်သော အခါ လူလည်းမပင်ပန်း၊
ဂိုးလည်းများများရ၏။ ဤသည်ကို ထိထိရောက်ရောက်လုပ်တတ်သည်ဟု ခေါ်သည်။
မလိုအပ်သည့်နေရာတွင် လူများစုပြုံနေခြင်း၊ ကိုယ်ဘာလုပ်ရမှန်းမသိသဖြင့်
ယောင်တိပေါင်တောင် ဖြစ်နေခြင်း၊ လူများသည့်တိုင် အလုပ်မပြီးဘဲ လစ်ဟာမှုများရှိခြင်း
စသည့် လူများပြီးပွဲမစည်မှုများမှာ အဖွဲ့နှင့် မလုပ်တတ်ခြင်း၊ အဖွဲ့ခေါင်းဆောင်က စနစ်တကျ
စီမံခန့်ခွဲမှု မတတ်ခြင်းတို့ကြောင့် ဖြစ်၏။
အရေးပေါ် (မီးအရေးပေါ်၊ မုန်တိုင်းအရေးပေါ်၊ ရေအရေးပေါ် စသည်)
ကိစ္စများအတွက် ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် စနစ်တကျ စီမံချက်ရေးပြီးလုပ်မှု မရှိသလောက်ရှားလိမ့်မည်
ထင်ပါ၏။ ထို့ပြင် ကြိုတင် ဇာတ်တိုက်ထားမှုလည်း ရှိမည်မထင်။ ဤကဲ့သို့ လုပ်လျှင်ပင် နှုတ်ခမ်းမဲ့သူများပါလိမ့်မည်။
ပွဲမ၀င်ခင် အပြင်ကကျင်းပ ဟူသောစကားသည် ရှိ၏။ ဘာဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ပြီးမှ စနစ်တကျလုပ်လျှင်
ပျက်စီးဆုံးရှုံးမှု၊ သေကြေပျက်စီးမှု နည်းပါလိမ့်မည်။ လုပ်သမျှအလုပ်တိုင်းလည်း ပိုမိုထိရောက်ပါလိမ့်မည်။
သည်တွင် မန္တလေး၌ ကျွန်တော်ပြောခဲ့သည်ကို အကျဉ်းချုပ်၍ နည်းနည်းပြန်ပြောပြပါမည်။
သည်းခံဖတ်တော်မူကြပါ။
မီးအရေးပေါ်ကိစ္စအတွက် ကြိုတင်စီစဉ်ကြမယ် ဆိုကြပါစို့။
မီးသတ်တပ်ဖွဲ့ရှိပြီးသားပဲ။ ငါတို့လုပ်စရာလိုသလားလို့ မတွေးပါနဲ့။
မန္တလေးတစ်မြို့လုံးကို ကာကွယ်ဘို့အတွက် မီးသတ်တပ်ဖွဲ့
ကိုချည်း အားကိုးလို့မရပါဘူး။ ပြည်သူများကလည်း ပူးပေါင်းပါဝင်ကြဘို့ လိုပါတယ်။ နောက်ပြီး
မီးဆိုတာ လောင်ပြီဆိုရင် အနည်းနဲ့အများ ဆုံးရှုံးမှာပါဘဲ။ ဒီတော့ မလောင်အောင် ကြိုတင်တားဆီးဘို့
လိုပါတယ်။ အဲဒီလို မီးကိုကြိုတင်ကာကွယ်ဘို့ ပြည်သူများရဲ့ ပူးပေါင်းပါဝင်မှု အင်မတန်မှ
အရေးကြီးပါတယ်။
ပထမ မန္တလေးကို အရှေ့၊ အနောက်၊ တောင်၊ မြောက် ၄ စိတ် စိတ်လိုက်ပါ။
မန္တလေး အရှေ့ကော်မတီ၊ မန္တလေး အနောက် ကော်မတီ စသဖြင့် တစ်စိတ်ကို ကော်မတီတစ်ခု ဖွဲ့ပါ။
သေသေချာချာ တတ်ကျွမ်းနားလည်တဲ့သူ၊ အများအကျိုးလုပ်ဖို့ စေတနာ တကယ်ပါတဲ့သူကို ခေါင်းဆောင်ခန့်ပါ။
သူ့ခေါင်းဆောင်မှုအောက်မှာ အတွင်းရေးမှူး၊ စာရင်းကိုင်၊ ဘဏ္ဍာရေးမှူး၊ အဖွဲ့ဝင်စသဖြင့် ခန့်ပါ။
ဖွဲ့စည်းပုံ (Organization Chart) ဆွဲပါ။ ရပ်ကွက်အလိုက် ကိုယ်စားလှယ်များ ပါပါစေ။ ဖွဲ့စည်းပုံမှာ
ဆက်သွယ်ရမဲ့ ဖုံးနံပါတ်နဲ့ နေရပ်လိပ်စာတွေ ပါပါစေ။
အဲဒီနောက် ဘယ်သူက ဘာတာဝန်ယူရမယ် စသဖြင့် သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို
တိတိကျကျ သတ်မှတ်ပေးပါ။ ရပ်ကွက် ကိုယ်စားလှယ်တွေက မိမိရပ်ကွက်အတွင်းက တက်ကြွတဲ့လူငယ်တွေပါတဲ့
အဖွဲ့တစ်ခု ဖွဲ့ရပါမယ်။
နောက်ပြီး အရှေ့ဘက်မှာ ဘယ်မြို့နယ်တွေ၊ အနောက်ဘက်မှာ ဘယ်မြို့နယ်တွေ
ပါမယ်ဆိုတာ သတ်မှတ်ပါ။ မြို့နယ်တွေရဲ့ မြေပုံတွေပါ ရယူထားပါ။ အဲဒီမြို့နယ်က ရပ်ကွက်တွေအကြောင်း၊
အိမ်ခြေ ဘယ်လောက်ရှိတယ်၊ အိမ်ယာကွက်တွေရဲ့ ဖွဲ့စည်းထားပုံ၊ လမ်းတွေတည်ဆောက်ထားပုံ၊
မီးသတ်ရေကန်ရှိမှု၊ မီးသတ်ကား ၀င်ထွက်နိုင်တဲ့အခြေအနေ၊ ရပ်ကွက်အတွင်း လောင်စာတွေ (ဥပမာ
- ဓာတ်ဆီဆိုင်၊ စူပါမားကက်များ) ရှိမှုအခြေအနေ၊ မီးလောင်ခဲ့တဲ့မှတ်တမ်း စတဲ့ အချက်အလက်တွေ
ကောက်ယူပါ။
အဲဒီနောက် အဲဒီအဖွဲ့ကို အရေးပေါ်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့
Emergency Preparedness သင်တန်းပေးပါ။ အဲဒီအထဲမှာ ရှေးဦးသူနာပြုစုနည်း၊ မီးအန္တရာယ်ကာကွယ်ရေး
စတာတွေလည်း ပါပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် အန္တရာယ်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေလည်း
ပါမယ်။
နောက်ပြီးတော့ အရေးပေါ်စီမံချက် ရေးရမယ်။ မီးလောင်ရင်ဘယ်လိုလုပ်မယ်။
ရေကြီးရင် ဘယ်လိုလုပ်မယ် စသဖြင့်။ နောက်ပြီး အဲဒီရေးထားတဲ့စီမံချက်အတိုင်း ဇာတ်တိုက်ဖို့လိုပါတယ်။
ကိုယ်ရေးထားတဲ့စီမံချက်ဟာ တကယ်အလုပ်ဖြစ်မဖြစ် လက်တွေ့ စမ်းသပ်ကြည့်တာပေါ့။ အဲဒီလိုလက်တွေ့လုပ်ကြည့်ရင်းနဲ့မှ
အားနည်းချက်တွေရှိရင် ပိုကောင်းအောင် ပြန်ပြင်လို့ ရမယ်။
နောက်ပြီးတော့ လိုတဲ့ပစ္စည်းကိရိယာတွေ စုဆောင်းထားဘို့လိုမယ်။
အဲဒီအထဲမှာ ရှေးဦးသူနာပြုသေတ္တာ၊ လက်နှိပ်ဓာတ်မီး၊ အသက်ကယ်ကြိုး၊ လှေခါး၊ မီးသတ်ဘူး
စသည်တို့ပါ ပါမယ်။
အဲဒီအဖွဲ့ရဲ့ဦးဆောင်မှုနဲ့ ပြည်သူလူထုကို ပညာရေးဟောပြောပွဲတွေ၊
မီးသတ်သင်တန်းတွေ၊ လက်ကမ်းစာစောင်ဝေတာတွေ၊ ပိုစတာကပ်တာတွေ လုပ်ပေးရပါမယ်။ ရပ်ကွက်ထဲမှာဖွဲ့ထားတဲ့
အဖွဲ့ခွဲတွေကိုလည်း လေ့ကျင့်ပညာပေးတာတွေ လုပ်ရမယ်။
အရှေ့အနောက်၊ တောင်မြောက် အဖွဲ့တွေဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်ထားရပါမယ်။
တစ်ဖွဲ့က ဘာတွေလုပ်နေတယ်ဆိုတာ ကျန်တဲ့အဖွဲ့တွေကို အသိပေးရပါမယ်။ အဲဒီအဖွဲ့တွေစုပြီး
ရှေ့ဘာတွေလုပ်မယ်၊ ဘာတွေလုပ်ပြီးပြီ စသဖြင့် ၃ လတစ်ခါဆိုသလို ဆွေးနွေးပွဲတွေ လုပ်ပေးရပါမယ်။
ဒါမှ အဖွဲ့တွေဟာ သက်ဝင်လှုပ်ရှား ရှင်သန်နေမယ်။ ဒါမှထပ်ချဲ့ချင်သေးတယ်ဆိုရင် မန္တလေးမှာ
အတော်အထာကျသွားပြီးတဲ့အခါ အနီးအနားကမြို့တွေကိုပါ စည်းရုံးလှုပ်ရှားလို့ရပါတယ်။ သူတို့ကို
သင်တန်းတွေပြန်ပေးမယ်။ အဖွဲ့တွေဖွဲ့ခိုင်းမယ်။ ဟောပြောပွဲလေးတွေ လုပ်ပေးမယ် စသဖြင့်ပေါ့။
အဲသလိုသာ စနစ်တကျလုပ်နိုင်ရင် မဖြစ်တန်တာ မဖြစ်ရအောင် ကာကွယ်နိုင်မယ်။
ဖြစ်လာရင်တောင်မှ အပျက်အစီး၊ အသေအပျောက် အနည်းဆုံးဖြစ်အောင် လုပ်ပေးနိုင်မယ်။
MES တွင်ပေးခဲ့သော သင်တန်းတွင်မူ သတင်းပို့ခြင်း၊ လူအားဖြင့်
ပစ္စည်းမ,ခြင်း၊ CPR လုပ်နည်းများပါ လက်တွေ့လုပ်ပြခဲ့သည်။ သို့ရာတွင် အချိန်အကန့်အသတ်ရှိသဖြင့်
သတင်းပို့ခြင်းကို game ကစားသလောက်သာ လုပ်ပေးနိုင်ခဲ့သည်။ အမှန်တကယ် သတင်းပို့နည်းအတွက်မူ
အချိန်လိုသည်၊ နေရာလိုသည်။
သတင်းပို့ရာတွင် ထိထိရောက်ရောက်ဖြစ်ရန် အရေးကြီး၏။ ထို့အတွက်
မိမိပေးလိုသည့် သတင်းကို ရှင်းလင်းပြတ်သားစွာ ရေးတတ်ရမည်။ မလိုတာတွေ မပါစေရ။ ဖြစ်နိုင်လျှင်
ဝါကျအတိုများသာသုံးပါ။ ပြောမည့်အကြောင်းအရာတိုင်းအတွက် 5W+1H ကို အခြေခံရေးနိုင်ပါသည်။
မြန်မာလို ဘ ၆ လုံး ဖြစ်၏။
Who, When, Where, What, Why and How
ဘယ်သူ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်အရာ၊ ဘာကြောင့်၊ ဘယ်လို
သတင်းပို့တာတင်မဟုတ်ပါ။ လူအားဖြင့် ပစ္စည်းမ,ခြင်း၊ CPR တို့ကိုလည်း
ကိုယ်တိုင်လုပ်ကြည့်စေချင်ပါသည်။ လက်တွေ့လုပ်မှ သဘောပေါက်မှာမဟုတ်ပါလား။
သင်တန်းသားများမှာ စိတ်ဝင်တစား ဖတ်မှတ်လေ့လာကြပါ၏။ သို့သော်
အချိန်ကုန်သွားတော့ သည်မျှနှင့်ရပ်လိုက်ရ၏။
သင်တန်းပြီးတော့ မသင်းသင်းအေးတို့က ခေါက်ဆွဲကြော်များဝယ်လာပေးသည်။
သို့သော် ကျွန်တော်က အိမ်မှာပြန်စားမှာ ဖြစ်သဖြင့် ပါဆယ် ၂ ထုပ် သားစားဘို့ ယူပြီးပြန်ခဲ့တော့၏။
(၆) ဆောက်လုပ်ရေးသင်တန်းကျောင်းတွင် အန္တရာယ်ကင်းစွာ ၀န်ချီခြင်းအကြောင်း
ပြောခြင်း (၁၇ သြဂုတ်၊ ၂၀၁၅)
ခရီးလွန်နေတဲ့အတွက် ကျွန်တော့်ဟောပြောပွဲတွေမတက်လိုက်ရလို့ဆိုကာ
ဦးလှရွှေက အင်းစိန်သင်တန်းသို့လိုက်ရန် စောစောစီးစီး ရောက်နေ၏။ အင်းစိန်သွားရန် ကျွန်တော့်ကိုလာကြိုမည့်
Global မှဆရာလေးက အချိန်မီရောက်မလာ။ သူ့ဖုံးနံပါတ်လည်း ကျွန်တော့်ဆီမှာ မရှိ။ ဂျူးဖုံးကလည်း
ခေါ်လို့မရ။ သည်တော့ အကြံအဖန်လုပ်ရသည်။ ကိုအောင်ကိုးကို ဖုံးခေါ်၊ နောက်ပြီး ဒေါ်သင်းသင်းအေးတို့ကို
ကျွန်တော်သွားနှင့်ပြီ။ လာကြိုသူနှင့် အင်းစိန်ကျမှဆုံမည်ဆိုတာ ပြောပေးစမ်းပါ ဟု အပူကပ်ရ၏။
ထို့နောက် ဦးလှရွှေနှင့် အင်းစိန်သို့ထွက်ခဲ့၏။ အင်းစိန် GTI ကျောင်းရှေ့ရောက်သော်
ဆောက်လုပ်ရေး သင်တန်းကျောင်းက ဘယ်နားတုံးဗျ ဟု ဆင်းမေးတော့ ဟောဟိုလမ်းထဲဝင်သွား ဆိုသဖြင့်
ခပ်ဖြည်းဖြည်းမောင်းဝင်လာ။ အတန်ကြာသည့်တိုင်မတွေ့သဖြင့် ထပ်ဆင်းမေးပြန်ရ။ အမေးခံရသည့်ဂျီးဒေါ်က
ဟိုဘေးကဟာပေါ့တော် ဆိုသဖြင့် လှည့်ကြည့်လိုက်ရာ ဟုတ်ပါ့၊ ကျောင်းရှေ့တည့်တည့်မှာ ရပ်မိလျက်သား
ဖြစ်နေလေ၏။ ဆိုင်းဘုတ်က နောက်ရောက်နေသဖြင့် ရုတ်တရက် မမြင်ရခြင်းဖြစ်သည်။
ခဏနေတော့ ကိုနေမျိုးမောင်၊ ဒေါ်မြ၀င်း၊ ဒေါ်သင်းသင်းအေးတို့ရောက်လာ၏။
သူတို့ရောက်လာပြီး သိပ်မကြာမီ သင်တန်းစ၏။
အန္တရာယ်ကင်းစွာ ၀န်ချီခြင်းအကြောင်းကို ၁ နာရီခွဲစာ ပြောရမည်ဆိုတော့
ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေလိမ့်မည်။ သို့သော် ရသလောက်အချိန်နှင့် သူတို့နားလည်အောင်
ကြိုးစားပြောရမည်ပေါ့။ နောက်တစ်ခုက သင်တန်းသားများ၏ နောက်ခံသမိုင်း ကြောင်း (back
ground knowledge)၊ သူတို့ safety အကြောင်း ဘယ်လောက်နားလည်ထားသလဲ၊ ကရိန်းနဲ့ပတ်သက်လို့
ဘယ်လောက်သိထားသလဲ၊ ၀န်ချီခြင်းဆိုသည်ကို ဘယ်လောက်သိသလဲ။
ဒေါ်မြ၀င်းကတော့ သူတို့ဟာ လုပ်ငန်းခွင်ထဲမှာ တကယ်လုပ်နေတဲ့သူတွေပါဟု
ပြော၏။ သို့သော် သူတို့ကို ဘယ်လို train လုပ်ထားသလဲ။ စနစ်တကျ သင်ပေးထားတာဟုတ်သလား။
ရှေ့လူက နောက်လူကို လက်ဆင့်ကမ်းသင်ပေးတာမျိုးလား။ ကျွန်တော်ဘာမှ မသိပါ။ သိဘို့အချိန်လည်း
မရပါ။ သူတို့ကတော့ ကရိန်းမောင်းသူများသာ မကပဲ excavator မောင်းသူ စသဖြင့် အစုံပါသည်ဟု
ဆို၏။ ဘယ်သူတွေပါလို့ ဘယ်သူတွေ ဘယ်လောက်တတ်မှန်းသိရလျှင် ကျွန်တော်ပြောရတာ ပိုအကျိုးရှိပါ
လိမ့်မည်။
ကျွန်တော်ကတော့ ရောရာသောင်းပြောင်း မလုပ်စေချင်။ အကယ်၍ နောက်တစ်ခါ
ကျွန်တော့်ကိုဖိတ်လျှင်တော့ သေသေချာချာ လေ့လာစုံစမ်းပြီး သူတို့နှင့်တိုင်တိုင်ပင်ပင်လုပ်မှ
ဖြစ်မည်။ ကိုနေမျိုးမောင်ကတော့ ကျွန်တော်တို့က မေးခွန်းကိုမဖတ်ဘဲ ကိုယ်ပြောချင်တာချည်း
လျှောက်ပြောနေတယ်။ ဟိုတစ်ဖက်သား နားလည်မှန်းမသိ၊ လိုချင်မှန်းမသိ၊ အသုံးတည့်မှန်းမသိ
ဟု ဆို၏။ သူပြောတာအမှန်ဖြစ်သည်။ သူတို့ဘာသိထားသလဲ။ ဘာသိချင်သလဲ။ ကိုယ်ပေးတာကို နားလည်နိုင်စွမ်း
လက်ခံနိုင်စွမ်း ရှိသလား စသဖြင့် သေသေချာချာလေ့လာပြီး သူတို့လိုချင်တာ၊ လိုအပ်တာ၊ လက်ခံနိုင်တာကိုပေးနိုင်မှ
ပို အကျိုးရှိပေမည်။ မဟုတ်လို့ ခါးတောင်းကျိုက်တလွဲ၊ - င်တလွဲဖြစ်နေလျှင် ပိုးသာကုန်ပြီး
မောင်ပုံကတော့ စောင်းတတ်လိမ့်မည်မဟုတ်။
ယခု ကျွန်တော်တို့အဖြစ်က ဤကဲ့သို့ ဖြစ်နေသည်။
ကျွန်တော်က စင်ကာပူဥပဒေကို အခြေခံပြီးရှင်းပြ၏။
Ø ကရိန်းဟာ ဘယ်လိုအကြောင်းနဲ့မှ အများပြည်သူ သွားလာနေတဲ့လမ်းပေါ်၊
လူတွေနေတဲ့ အဆောက်အဦတွေပေါ် ဖြတ်ပြီး ၀န်သယ်တာမျိုး မလုပ်ရ။
Ø ကရိန်းမှာပါတဲ့ ကိရိယာတွေ၊ ပစ္စည်းတွေ၊ ခလုတ်တွေကို ကိုယ့်သဘောနဲ့ကိုယ်
ဖြုတ်တာ၊ တပ်တာ၊ ထပ်ထည့်တာ၊ ပြင်တာ မလုပ်ရ။
Ø ကရိန်းက safety device တွေကို ဘယ်တော့မှ by pass မလုပ်ရ။
Ø ကရိန်းကို အခွင့်အာဏာရသူ၊ ကရိန်းငှားသူ၊ ကရိန်းဆင်သူကသာ ပြင်ဆင်ခွင့်ရှိသည်။
Ø ကရိန်းကို၊ ၀န်ချီကြိုးများ၊ ၀န်ချီခြင်းဆိုင်ရာ ကိရိယာများကို
အခွင့်အာဏာရသူမှ တစ်နှစ်တစ်ခါ စစ်ဆေးရမည်။
Ø ၀န်ချီခြင်းလုပ်ငန်းကို အခွင့်အာဏာပေးထားသည့် ၀န်ချီလုပ်ငန်းကြီးကြပ်သူ၊
ကြိုးချည်သူ၊ အချက်ပြသူများကသာ လုပ်ရမည်။ အခြားသူများ ၀င်ရောက်စွက်ဖက်ခွင့်မရှိ။
Ø ၀န်ချီခြင်းလုပ်ငန်းအတွက် ဘယ်လိုအန္တရာယ်တွေဖြစ်တတ်သည်၊ ထိုအန္တရာယ်များမဖြစ်အောင်
ဘယ်လို ကြိုတင် ကာကွယ်ရမည် စသည် စသည် စသည် . . . .
ကိုနေမျိုးမောင်က သူတို့ခံယူရမည့်သဘောထားများကို သီအိုရီများနှင့်
ရှင်းလင်းသွား၏။
ထို့နောက် ဆောက်လုပ်ရေးမှ ဆရာတစ်ယောက်က ပြောသည်။
ဦးအေးငြိမ်းကတော့ ကရိန်းကို ကရိန်းဆင်တဲ့သူကပဲ ပြင်ရမယ်။
မောင်းတဲ့သူက မပြင်ရဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာတော့ မောင်းတဲ့သူတွေကိုပဲ
ပြင်ခိုင်းနေရတယ်။ အများပြည်သူသွားလာနေတဲ့လမ်းပေါ် ဖြတ်ပြီး ၀န်မချီရဘူးဆိုပေမဲ့ ကျွန်တော်တို့မှာ
အဲသလိုလုပ်နေရတယ်။ နောက်ပြီး Bypass တွေလည်း အဲသလို ဖြတ်ပြီး သုံးနေရတယ် - ဟု ဆို၏။
ဆိုတော့ ကျွန်တော်မလုပ်ပါနဲ့ပြောသမျှ အကုန်သူတို့လုပ်နေရသည့်သဘော
ဖြစ်လေ၏။ ကျွန်တော် ဘာမှပြန်မပြောပါ။ သူတို့အခြေအနေကိုသာ သေသေချာချာ သိချင်နေမိပါသည်။
တကယ်လို့သာ သူတို့က ကျွန်တော့်ကို အကြံပေးဘို့ လိုလိုလားလား ခေါ်ချင်ပါသည်ဆိုလျင်တော့
သွားချင်ပါသေးသည်။ သို့သော် ဒီကိစ္စက တစ်ရက်နှစ်ရက်နှင့် မဖြစ်နိုင်။ သူတို့ဆိုဒ်ထဲသွားကာ
တစ်လကိုးသီတင်းနေပြီး လေ့လာမှ ဖြစ်ပါလိမ့်မည်။ ဖြစ်နိုင်လျှင် ကျွန်တော်ကတော့ မြန်မာပြည်မှ
ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို သွားရောက်လေ့လာချင်ပါ၏။
သို့တိုင် သည်ကိစ္စက အစိုးရပေါ်လစီနှင့် တိုက်ရိုက်ပတ်သက်နေတာဖြစ်သဖြင့်
ကျွန်တော်သွားကြည့်လည်း မောင်ကြည့်ပဲ ဖြစ်ပါလိမ့်မည်။ ဘာမှလုပ်လို့ရမှာမဟုတ်။ အရေးကြီးသည်မှာ
အစိုးရကဦးဆောင်၍ အကောင်အထည်ဖော်ရေး ဖြစ်၏။
သင်တန်းချိန်ကို ၁၀နာရီခွဲထိသာ ပေးထားသော်လည်း ကျွန်တော်တို့တတွေ
ပြောကြဆိုကြ ဆွေးနွေးကြနှင့်ဆိုတော့ နေ့လည် ၁၂ နာရီတီးခါနီးထိ ဖြစ်သွားသည်။ နေ့လည်စာစားချိန်
ရောက်နေပြီမို့ သိပ်မဝေးလှသော တစ်နေရာရှိ ထမင်းဆိုင်သို့ သွားစားကြသည်။
ဒါ့ထက်ဆိုးတာရှိသေးတယ်ဗျာ။ အမျိုးတူ၊ ဒီဇိုင်းတူ၊ မော်ဒယ်တူစက်နှစ်လုံးမှာတာတောင်
တစ်လုံးနဲ့တစ်လုံး မတူဘူး။ စက်အပို ပစ္စည်းတွေမှာရင် စက်ရဲ့မော်ဒယ်ပြောပြီးမှာလို့မရဘူး။
အဲဒီပစ္စည်းကို ဖြုတ်ပြီး အလုံးလိုက်ပို့မှာရတယ် ဟု ဆိုလေ၏။ နောက်ပြီး ပို့လိုက်တဲ့စက်တွေ
ကြည့်လိုက်အုံး။ မူလီစုပ်ရမဲ့နေရာမှာ သံချောင်းထည့်ပြီး ဂဟေဆော်ထားတယ်။
ကျွန်တော့်မှာ ကြားရကြားရ၊ နားဝမသက်သာ ဖြစ်မိ၏။ စိနတိုင်းပြည်ကား
ကျွန်ုပ်တို့တိုင်းပြည်ကို အလုံးလိုက်ထည့်နေလေပြီ။
တရုတ်တွေတင် ကျွန်မတို့ကို အချဉ်ထင်တာမဟုတ်ဘူးရှင့်။ နိုင်ငံခြားကလာတဲ့ကုမ္ပဏီ
အကုန်လုံးပဲ။ တစ်ခါက ကျွန်မတို့ စက်ရုံတစ်ခုကိုသွားစစ်တော့ (ဂျာမဏီဆိုလား) နိုင်ငံခြားသားက
မင်းတို့ဆီမှာ ဘာဥပဒေမှ မရှိပဲနဲ့ ဘယ်လိုလုပ်လိုက်နာမလဲ၊ ဘာလဲစသဖြင့် ပြောတယ်။ ကျွန်မက
ငါတို့မှာ Factory Act 1951 ရှိတယ်။ ငါတို့ဆီလာရင် ငါတို့စည်းကမ်းလိုက်နာရမယ်။ မလိုက်နာနိုင်ရင်
ပြန်ပါ ဆိုလိုက်လို့ အဲဒီကောင် ပြန်သွားရတယ် ဟု ဒေါ်မြ၀င်းက ပြော၏။ ကျွန်ုပ်တို့မှာ
အဖေက ကလေကချေမို့ သားသမီးမျက်နှာငယ်ရသည့်အလား ဟိုလူကလှီးချင်၊ ဒီလူကဖဲ့ချင်နှင့် ဗိုလ်ချုပ်
ကြိုတင်နမိတ်ဖတ်ခဲ့သည့် ဟိုနိုင်ငံ ဖြစ်နေချေလေပြီ။
ကိုအေးငြိမ်းကလည်း မြန်မာပြည်ထဲဝင်လာတဲ့ကောင်မှန်သမျှ မြန်မာဆို
ဘယ်သူမှ အရေးလုပ်ခန့်ချင်တာမဟုတ်ဘူး။ ဗီယက်နမ် ကုမ္ပဏီဆို သူတို့ဗီယက်နမ်တွေ ခေါ်လာတယ်။
ထိုင်းကုမ္ပဏီဆို ထိုင်းတွေခေါ်လာတယ်။ တရုတ်ဆိုတာတော့ ပြောမနေနဲ့တော့ ဟု ကိုနေမျိုးမောင်က
ထောက်ပေး၏။
သူတို့ပြောတာ အတော်များ၏။ ကျွန်တော်အကုန်မမှတ်မိတော့ပါ။ သူတို့ပြောတာကြားရတာ
ကျွန်ုပ် အသည်းနာလိုက်ပါဘိ။ ဤသည်ကို ပြန်လည်အဖတ်ဆယ်ရန် ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိပါသည်။
သူများလုပ်တိုင်း ခံမနေရစေရန် ကျွန်ုပ်တို့ လူမျိုးများ၏ ပညာရေး၊ အကျင့်စာရိတ္တ၊ အတွေးအခေါ်၊
လူနေမှုအဆင့်အတန်း စသည်တို့ကို မြှင့်တင်ကြရမည်။ အစိုးရမှာ အဓိက တာဝန်ရှိသည့်တိုင် ကျွန်ုပ်တို့ကလည်း
တစ်ဖက်တလမ်းမှ ပါဝင်ဆောင်ရွက်ကြပါစို့။
ထို့နောက် ကိုလှရွှေနှင့်ပင် ပြန်ခဲ့သည်။ မနက်ဖြန်ပြန်ရမှာဆိုတော့
အထုပ်အပိုးတွေ ပြင်ဘို့ဆင်ဘို့ကလည်း ရှိသေးမဟုတ်ပါလား။ သားတို့သားအမိကို စင်ကာပူ အပြီးခေါ်မှာဖြစ်သဖြင့်
ရှိသမျှပစ္စည်းတွေ ထုပ်တန်တာထုပ်၊ ပစ်သင့်တာပစ်၊ သူများ ပေးသင့်တာ ပေး လုပ်ရသည်။
ထုပ်လိုက်၊ ချိန်ကြည့်လိုက်၊ နှုတ်လိုက်။ ထည့်လိုက်နှင့် တော်တော်ညဥ့်နက်မှ
အိပ်ရသည်။ ဟိုတွေး၊ ဒီတွေး တွေးပြီး တော်တော်နှင့် အိပ်မပျော်။ ကျွန်တော်တွေးနေမိသည်မှာ
ကိုယ့်အတွက် မဟုတ်ပါ။ နေ့ခင်းက စကားဝိုင်းတွင် ပြောခဲ့ဆိုခဲ့ ကြသည်များကို တွေးနေမိ၍
ဖြစ်၏။
ကျွန်ုပ်တို့မှာ ကိုယ့်တိုင်းပြည်ကိုယ် မပိုင်သည့်ဘ၀ရောက်နေရပြီလော။
နိုင်ငံခြားသားတွေ ကျွန်ုပ်တို့တိုင်းပြည်မှ မြေများ၊ အိုးအိမ်တိုက်တာများကို အတိုင်းအဆမရှိ
ထင်သလိုဝယ်နေကြသည်အား သည်အတိုင်းလက်ပိုက်ကြည့်နေကြလေရာ သိပ်မဝေးလှသော တစ်ချိန်တွင်
အကြီးအကျယ် ပြဿနာတက်လာနိုင်ဖွယ်ရှိပေသည်။ မိုင်ပေါင်းများစွာ ဝေးကွာလှသော တောင်တရုတ်ပင်လယ်မှ
ကျွန်းကိုပင် တခြားသူပိုင်မှန်းသိလျက်နှင့် ငါတို့ကျွန်းဟု အတင်းရောအဓမ္မ လုပ်နေပေသေးရာ
ယခုလို ပိုက်ဆံအမြောက်အများ ပေးဝယ်ထားသည့်မြေများကို အလွယ်တကူ လက်လွတ်ခံပါမည်လား။ သတိရလို့
ထကြည့်လိုက်မှ တစ်နိုင်ငံလုံး သူတို့မြေချည်း ဖြစ်နေပေလိမ့်မည်။
ယခုလည်း အီလက်ထရောနစ်ပစ္စည်း၊ စားသောက်ကုန်၊ လူသုံးပစ္စည်းမှန်သမျှ
အပေါဆုံး၊ အညံ့ဆုံးပစ္စည်းများသုံးလျက် ထုတ်လုပ်ပြီး ကျွန်ုပ်တို့တိုင်းပြည်အတွင်းသို့
အတိုင်းအဆမရှိတင်သွင်းနေသည်မှာ လူမျိုးတုံးအောင် တမင်တကာ လုပ်နေသည်လားဟုပင် ထင်မှတ်ရပေ၏။
ကျွန်ုပ်တို့မှာ အလုံးလိုက်ထည့်နေတာတောင် ထည့်မှန်းမသိသေး။ ကြောက်လို့ကောင်းတုန်း ရှိသေးသည်။
တွေးရင်းတွေးရင်း သူတို့မကောင်းကြောင်း တွေးရပါမလားဟု မျက်နှာပေါက်ကျဉ်းကျဉ်း၊
ဗလကောင်းကောင်း လူနှစ်ယောက်က ကျွန်ုပ်လည်ပင်းကို အတင်းညှစ်လေရာ အတင်းရောအဓမ္မပါ ရုန်းထွက်။
သက်သာရာရလို့ ကြည့်လိုက်တော့မှ သားခြေထောက် လည်ပင်းပေါ်ဖြတ်တင်နေတာ သိရသဖြင့် ဟင်း၊
တော်ပါသေးရဲ့ဟု သက်မကြီး ချနိုင်လေတော့သတည်း။
အားလုံးကို ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၇ သြဂုတ်၊ ၂၀၁၅။ ၀၀း၃၉ နာရီ