Saturday, November 22, 2014

လုပ်ငန်းကျွမ်းကျင်မှု

ရန်ကုန်ကမိတ်ဆွေလှမ်းမှာလို့ စာအုပ်တစ်အုပ် သွားဝယ်ပါတယ်။


ကျွန်တော် အင်တာနက်မှာလျှောက်ရှာတော့ ပေါ်ပြူလာမှာရောင်းတယ်လို့ တွေ့တာနဲ့ ဂျူရောင်းပွိုင့်က ပေါ်ပြူလာမှာ သွားရှာတယ်။ စာအုပ်တွေက အများကြီးဆိုတော့ တော်တော်နဲ့ရှာမတွေ့ဘူး။ ဒါနဲ့ စာအုပ်စာရင်းတွေလုပ်နေတဲ့ အဖွားကြီးတစ်ယောက်ကို ဟောဒီစာအုပ်ဘယ်မှာရှိသလဲကွယ် လို့ သွားမေးတော့ သူက ချက်ချင်းပဲ စာအုပ်ရှိတဲ့ဆီ တန်းသွားပြီး ပြတယ်။ ကံမကောင်းချင်တော့ စာအုပ်က display စာအုပ်တွေပဲ ရှိတော့တယ်။ တော်တော်လေး စုတ်နေပြီ။
နင်ဒီစာအုပ်တွေတော့ ၀ယ်မသွားနဲ့။
ဘယ်ဆိုင်တွေမှာရှိသလဲ ငါရှာပေးမယ် လာဆိုပြီး ကွန်ပြူတာထဲမှာ ရှာပေးတယ်။
ငါတို့ဆိုင်မှာ ၄ အုပ်ကျန်သေးတယ်လို့ပြနေတယ်။ ဒါ စာရင်းကို update မလုပ်ရသေးတာ။ ဟောသည်မှာ ကလီမင်တီဆိုင်မှာ အုပ် ၂၀ ကျန်သေးတယ်လို့ စာရင်းတွေ့တယ်။ နင်အဲဒီကိုသွားချေ။ ရောင်းရတယ်ဆိုရင်တောင် အနည်းဆုံး လေးငါးဆယ်အုပ်တော့ ကျန်အုံးမှာပဲလို့ပြောတယ်။

အဲဒါနဲ့ ဒီနေ့ညနေ အလုပ်ကအပြန် ကလီမင်တီ ၅ ထပ်က ပေါ်ပြူလာဆိုင်မှာ စာအုပ်သွားရှာတယ်။ စာအုပ်နာမည်က Mini Science Encyclopedia. ဘယ်နေရာမှာရှိသလဲဆိုတာ ခန့်မှန်းမိတာနဲ့ ရှာကြည့်တယ်။ ဒါပေမဲ့ တော်တော်နဲ့ မတွေ့ဘူး။
ဒီတော့ လွယ်အောင်၊ မြန်အောင်ဆိုပြီး အနားက အရောင်းစာရေးမလေး တစ်ယောက်ကို မေးတယ်။ ဖုံးထဲကဓာတ်ပုံပြပြီး ဟောဒီစာအုပ် ရှာပေးပါပေါ့။ အဲဒီကောင်မလေး ထွက်သွားပြီး တော်တော်နဲ့ ပြန်မလာတော့ နောက်တစ်ယောက်ကို ထပ်မေးတယ်။ ဟောဒီစာအုပ် ရှာပေးစမ်းပါ။

သူ စာအုပ်ပုံကို အတော်ကြာကြာကြည့်နေပြီး ကွန်ပြူတာဆီသွားရှာတယ်။
Mini Science Encyclopedia ဆိုပြီးစာအုပ်စာရင်းတွေ တန်းစီပေါ်လာတော့ ခေါင်းကုတ်၊ မျက်မှောင်ကျုပ်ပြီး အဲဒီ စာအုပ် ငါတို့ဆီမှာကုန်နေပြီ တဲ့။

အဲဒီစာအုပ် မင်းတို့ဆိုင်မှာ အနည်းဆုံး ၁၀ အုပ်လောက်ရှိသေးတယ် လို့ ကျွန်တော်က အပ်ချမတ်ချပြောလိုက်တော့ သူအံ့သြသွားတယ်။ အဲဒါကြောင့် သူ့ကို ဂျူရောင်းပွိုင့်က စတိုရီကို ပြန်ပြောပြလိုက်တော့ သူ တစ်ခါ ထပ်ကြည့် ပြန်တယ်။ နောက်ပြီးတော့ google ကိုဖွင့်၊ စာအုပ်နာမည်ရိုက်ထည့်ပြီး ရှာတယ်။ သူဘာတွေလုပ်နေသလဲဆိုတာ ကျွန်တော် စောင့်ကြည့်နေတယ်။
နောက်တော့ သူတစ်နေရာသွားတယ်။ Primary စာအုပ်တွေ ထားတဲ့နေရာ။ အင်း၊ google ကနေ သိပံ္ပစာအုပ်ဆိုတာ ရိပ်မိလို့ သိပ္ပံစာအုပ်တွေဆီ လာရှာတာပဲ လို့ ကျွန်တော်တွေးလိုက်တယ်။ နည်းနည်း စိတ်တိုလာပြီ။

ဟောဒီမယ် သူငယ်မ၊ အဲဒီစာအုပ်မျိုး ဟောဒီနေရာမှာ မရှိဘူးဆိုတာ မင်းသိရဲ့လား လို့ ဟောက်လိုက်တော့ ဟုတ်ဘူး၊ ငါတို့က စာအုပ်တွေ နေရာပြောင်းထားတာ လို့ ပြန်ပြီး ကွန်ပလိန်းတက်တော့ ကျွန်တော်က Primary 3 ဆိုတဲ့ စာအုပ်တစ်အုပ်ယူပြီး သူ့မျက်နှာရှေ့ ထိုးပြလိုက်တယ်။ နောက်ပြီးတော့ အင်ဆိုက်ကလိုပီးဒီးယားဆိုတာ ဘယ်လိုစာအုပ်မျိုးဆိုတာ မင်းသိရဲ့လား လို့မေးလိုက်တော့ -
သူ စိတ်ညစ်သွားပြီး ကျွန်တော် ၀င်လာခါစက ရှာခဲ့တဲ့ စာအုပ်စင်တန်းဆီသွားတယ်။ အဲဒီစာအုပ်မျိုးဆိုတာ ဟောသည်လိုနေရာမှာဘဲ ရှိရမှာပေါ့ကွ လို့ ကျွန်တော်သူ့ကို ပြောလိုက်တယ်။

သူ နောက်ဘက်လှည့်ထွက်သွားပြီး ခေါင်းပြောင်ပြောင်နဲ့ လူကြီးတစ်ယောက် ခေါ်ချလာတယ်။ သူတို့ရောက်လာတော့ ကျွန်တော်က စာအုပ်ကို ရှာတွေ့ပြီးနေပြီ။ 
မင်းတို့ system သိပ်ညံ့တယ်။ ဘယ်စာအုပ်အမျိုးအစား ဘယ်နေရာမှာရှိတယ်ဆိုတာ သူတို့ကို သင်ပေးထား သင့်တယ်။ နောက်ပြီး ကွန်ပြူတာထဲက စာအုပ်စာရင်းမှာလည်း စာအုပ်နေရာပါ ပြထားသင့်တယ် လို့ ကျွန်တော် ကွန်ပလိန်းတက်တော့ ဟိုလူကြီးက ဆောရီးပဲကွာ၊ ငါတို့ဆီမှာ နေရာအလုံအလောက်မရှိတော့ စုပြုံထားရတာလို့ ယုတ္တိမတန်တဲ့ ဆင်ခြေပေးတယ်။ (မိတ်ဆွေတို့ ပေါ်ပြူလာစာအုပ်ဆိုင်ကို သွားကြည့်စမ်းပါ။ စာအုပ်စင်တွေဘေးကပ်ပြီး အထဲမှာ ဘောလုံးကန်ရင်တောင် ရတယ်။)

အဲဒီဖြစ်ရပ်နှစ်ခုကို မိတ်ဆွေတို့ ယှဉ်ကြည့်ပါ။
ဂျူရောင်းပွိုင့်က အဘွားကြီးကို အနားမှာ လူမရှိလို့သာသွားမေးတာ။ ကျွန်တော် သိပ်ယုံလှတာ မဟုတ်ဘူး။ ဒီစာအုပ်မျိုး ဒီ အဘွားကြီး သိချင်မှ သိမှာပါ ဆိုတဲ့စိတ်ရှိနေတယ်။ အကြောင်းမသိဘဲနဲ့ သူတစ်ပါးကို အထင်သေးတာ။ တကယ်လဲ သွားမေးလိုက်ရော အံ့သြစရာကောင်းလောက်အောင် အဘွားကြီးက စာအုပ်ရှိတဲ့ဆီ တစ်ခါတည်း တန်းသွားပြနိုင်တယ်။ စာအုပ်လက်ကျန်မရှိတော့ဘူး ဆိုတာလည်း သိနေတယ်။ ကြည့်အုံး။
ဒါပေမဲ့ ကလီမင်တီက ဟိုကောင်မလေးတွေကျတော့ (တစ်ယောက်တည်း မဟုတ်ဘူး၊ နှစ်ယောက်လုံး) စာအုပ်ရှိတဲ့နေရာ အသာထားလို့ ဒီစာအုပ်မျိုးဟာ ဘယ်လိုစာအုပ်မျိုးလဲဆိုတာတောင် မခွဲခြားတတ်ဘူး။ မခွဲတတ်လို့သာ ကျောင်းစာအုပ်တွေဆီ သွားရှာတာပေါ့။

ဟိုးအရင်တုံးက ရန်ကုန်က စာအုပ်ရောင်းတဲ့သူတွေဆို သွားမေးကြည့်စမ်းပါ။ ခင်ဗျားမေးတဲ့စာအုပ်အကြောင်း သူတို့ စာမြည်းပါ ပြောပြလိမ့်မယ်။ ဟောဒီစာအုပ်က ဒါ ဘယ်နှစ်ကြိမ်ထပ်ရိုက်ထားတာ။ ပထမအကြိမ်တုံးက ဘယ်လို၊ နောက် ဘာညာ စသဖြင့်။ (ခုတော့ မသိဘူးပေါ့နော)။ အဲဒါ ဘာလည်းဆိုတော့ သူတို့ရဲ့ စာပေအပေါ် စိတ်ဝင်စားမှု။ ဆိုလိုတာက လခရဘို့တစ်ခုတည်း အလုပ်လုပ်တာမဟုတ်ဘဲ သူတို့လုပ်နေတဲ့ အလုပ်အပေါ် စိတ်ဝင်စားလို့ဘဲ။
စာအုပ်ဆိုင်မှာ လုပ်နေရင် စာအုပ်အားလုံးကို မသိနိုင်ရင်တောင် စာအုပ်အမျိုးအစား၊ ဘယ်လိုစာအုပ်မျိုး ဘယ်နေရာမှာ ရှိတတ်တယ် ဆိုတာလောက်တော့ သိမထားသင့်ပါလား။ Fiction, Non-fiction, Biography, School Text Books စသဖြင့်။
ညီ၊ ညီမ၊ တူ၊ တူမများကိုလည်း ကိုယ့်အလုပ်ကို အကုန်မဟုတ်တောင် တီးမိခေါက်မိရှိအောင် လေ့လာထားကြပါလို့ တိုက်တွန်းလိုပါတယ်။ မဟုတ်ရင် သူများ အထင်သေးခံရမယ်။ တိုးတက်လမ်းမရှိဘူး။

အေးငြိမ်း
၈ အောက်တိုဘာ၊ ၂၀၁၄။ ည ၁၀း၅၀ နာရီ

အံ့သြလွန်းလို့ သေတော့မယ်

(ဆရာကောင်းဆက်နိုင်၊ ခင်ဗျားစကားလုံးက သိပ်အသုံးတည့်သဗျာ။)
ကျွန်တော် အရမ်းရောကာရော အလုပ်ရှုပ်နေလို့ စာမရေးနိုင်ပါ။ ဒါပေမဲ့ သေချင်စရာကောင်းလောက်အောင် အံ့သြစရာများ တွေ့လာပြန်တော့ အဲလေ ကြားခဲ့ရပြန်တော့ မိတ်ဆွေများကို ပြန်ပြီးဖောက်သည်ချချင်လာပြန်ရောဗျ။ (ကျုပ်တို့မျိုးကိုက အတင်းပြောဝါသနာပါတဲ့မျိုးပေကိုးဗျာ။ ပြောစရာမရှိ ကိုယ့်အိမ်သားအတင်းကိုယ် ပြန်ပြောနေကြတာကလား။)

မအားတဲ့အတွက် ကသုတ်ကရက် အတိုချုပ်ပဲရေးလိုက်နိုင်တာ ခွင့်လွှတ်။
မြန်မာပြည်က တူတော်မောင် စင်ကာပူပိုလီဝင်ခွင့်ဖြေရအောင်လာတော့ သူတို့တည်းတဲ့အိမ် လိုက်သွားတယ်။ အဲဒီက အိမ်ရှင်အစ်မကြီးနဲ့ စကားကောင်းကြရာက သူပြန်ပြောပြလို့ သိရတာပါ။
သူတို့က စင်ကာပူရောက်တာ အနှစ် ၂၀ ကျော်ပြီဆိုတော့ သားတွေသမီးတွေကို စင်ကာပူမှာပဲ ကျောင်းထားတယ်။ ဒါပေမဲ့ မြန်မာပြည်က အတန်းလေးလည်းလိုချင်သေးဆိုတော့ သံရုံးက လုပ်ပေးတဲ့ မြန်မာပြည်က ကျောင်းတွေရဲ့ အတန်းစာမေးပွဲ တွေဝင်ဖြေခိုင်းတယ်။
ရှင်ပဲစဉ်းစားကြည့်လေ၊ မြန်မာပြည်က နိုင်ငံခြားသံရုံးတွေက သူတို့သားသမီးတွေအတွက် ကျောင်းတွေလုပ်ပေးထားတယ်။ International School တက်ပြီး GCE O တို့ GCE A တို့ ဖြေနိုင်တယ်လေ။ ကျမတို့သားသမီးတွေအတွက် တက်စရာ ဘယ်မှာလဲ မြန်မာကျောင်း၊ စင်ကာပူမှာ။ သူတို့က ကျမတို့ကို လုံးဝဂရုစိုက်တာမဟုတ်ဘူး။ အဲဒီတော့ ကျမတို့က ကိုယ့်ဘာသာ ကြံရဖန်ရတာကိုး။
ကလေးတွေကို စင်ကာပူမှာ မြန်မာအတန်းကျောင်းစာမေးပွဲဖြေနိုင်အောင် မြန်မာသံရုံးကို ပြောတော့ သံရုံးက မြန်မာပြည်ကနေ မေးခွန်းတွေ ယူပေးတယ်။
ဘယ်ဟုတ်ပါ့မလဲရှင်။ အကုန် ကျမတို့ပဲ စီစဉ်ရတာ။ စာမေးပွဲဖြေဘို့ အခန်းကိုယ့်ဘာသာကိုယ် ငှားရတယ်။ မေးခွန်းကိုယ့်ဘာသာကိုယ်ယူလာပြီး ကိုယ့်ဘာသာကိုယ် ဖြေပေါ့။ ဘယ်မှာ စာမေးပွဲအခန်းစောင့်တွေ ဘာတွေရမလဲ။
ရှင်၊ ဘယ့်နယ်။ သြော်၊ ရှင့်နှယ်။ ဒီက ကလေးတွေက မြန်မာကျောင်းက စာတွေမှမသင်ရတာ၊ ဘယ့်နှယ်လုပ် စာမေးပွဲဖြေတတ်မလဲ။ လူငှားဖြေရတာပေါ့။ တစ်နာရီကို ၅ ကျပ်ပေးရတယ်။ အခန်းထဲမှာ အကုန်စာအုပ်ဖွင့်ဖြေကြတာပေါ့။ လူငှားတွေက စာအုပ်ထဲကဟာတွေ ကူးရေးပေးတယ်။ ဒါပေမဲ့ ဘယ်မေးခွန်းကို ဘယ်ဟာဖြေရမလဲဆိုတာသိတဲ့လူ ရှာငှားရတာပေါ့။
အဲဒီတော့ ဆယ်တန်းမှာ ၅ ဘာသာတို့၊ ၆ ဘာသာတို့ ရကုန်တာပေါ့။ အဲသလို ဒီကသံရုံးမှာဖြေ။ ၆ ဘာသာဂုဏ်ထူး ရတော့ မြန်မာပြည်ပြန် ဆေးတက္ကသိုလ် တက်ကြတာပေါ့။ ဒါပေမဲ့ မြန်မာစာတော့ သူတို့မရဘူး။ မနည်းလုပ်ယူရမယ်။ မြန်မာစာက ပိုခက်တာကိုး။
အရင်တုံးက မြန်မာ ဆယ်တန်းအောင်ရင် ဘယ်လိုအောင်အောင် ပိုလီအသာလေးတက်လို့ရတယ်။ အဲသလို သံရုံးမှာ ဖြေတဲ့သူတွေ ဂုဏ်ထူးတွေ တသီကြီးထွက်တာ စလုံးအစိုးရသိတော့ ပိုလီဝင်ဘို့လည်း ကြပ်သွားတယ်။ လက်မခံတော့ဘူး။
ကျွန်တော်ပြောတာ မဟုတ်ပါ။ သူပြောပြတာ ပြန်ရေးပြချင်းဖြစ်ပါသည်။
သူပြောတာနားထောင်ရင်း ကျွန်တော့်မှာ အံ့သြလွန်းလို့ ထွက်ခါနီးဖြစ်နေသော အသက်ကို မနည်းပြန် အောင့်သွင်းလိုက်ရသော ဟူသတတ်။
ဟို့ လေးမျက်နှာက ညစာသင်ဝိုင်းတွေဖွင့်၊ ပိုက်ဆံစုပြီး မီးစက်ငှား။ ပိုက်ဆံတစ်ပြားမှ အပိုမရပါဘဲလျက် စာမေးပွဲနားနီးပြီဆို ည ဆယ်နာရီ ဆယ့်တစ်နာရီထိ သင်ပေးနေကြတဲ့ ဆရာဦးမြင့်သိန်းတို့၊ ဆရာဦးဝင်းကြိုင်တို့သာ သိရင် . . . .
ကျွန်တော်မျိုးကြီး သေသင့်ပါတယ် . . . လို့ လော်ကြီးနဲ့ အသံကုန်သာ ဟစ်ဘို့ကောင်းတော့ပါကြောင်း။

ထူးဆန်းပါပေ့ ဆတွတ်ရယ်။

(ဘာလဲခင်ဗျားက မယုံလို့လား။ ကိုယ်တိုင်ကြားရမှ ယုံမယ်ဆို ကျုပ်ဆီလာခဲ့ဗျာ။ သူ့ဆီလိုက်ပို့မယ်။ နောက်ပြီး ဗီဒီယိုရိုက်ပြီး ယူကျုသာ တင်ပေတော့။)


အေးငြိမ်း
၁၅ - ၁၀ - ၂၀၁၄။ ည ၁၁း၂၉ နာရီ

Aerostat နှင့် သန်းခြောက်ထောင်

(၁) Aerostat


ထိုအရာသည် ဟီလီယမ်ဓာတ်ငွေ့ဖြည့်ထားသော ရေစက်ပုံသဏ္ဍာန်ရှိ မိုးပျံဘူဘောင်းဖြစ်၏။ အလျား ၅၅ မီတာ ရှည်သည်။ အမြင့် ၆၁၀ မီတာရှိ စင်ကာပူလေထုထဲ၌ ၀ဲပျံနေမည်။ ထိုအမြင့်သည် စင်ကာပူ၏ အမြင့်ဆုံးအဆောက်အဦဖြစ်သော UOB Plaza1 ထက် နှစ်ဆအမြင့်ဖြစ်၏။ ကီလိုမီတာ ၂၀၀ အကွာမှ အကြမ်းဖက်သမားတို့၏ လှုပ်ရှားမှုများကို စုံစမ်းထောက်လှမ်းနိုင် မည်။ ထိုအကွာအဝေးမှာ စင်ကာပူနိုင်ငံတွင် လက်ရှိတပ်ဆင်ထားသော မြေပြင်ထောက်လှမ်းရေး ရေဒါများ ထောက်လှမ်းနိုင် သည့် အကွာအဝေး၏ နှစ်ဆ ဖြစ်သည်။
ထိုမိုးပျံဘူဘောင်းကို Aerostat ဟုခေါ်ပြီး နောက်နှစ်အစောပိုင်းတွင် လွှတ်တင်မည်။ ၎င်း၌တပ်ဆင်ထားသည့် ရေဒါများမှာ မြေပြင်ရေဒါများထက် သုံးဆပိုပြီး အားကောင်းသည်။ ဘောလုံးဟု ဆိုသော်လည်း တော်ရုံတန်ရုံထိရုံမျှနှင့် မပေါက်နိုင်။ ၎င်းကို မြေပြင်မှ ကြိုးဖြင့်ချည်ထားပြီး မိုးကြိုးဒဏ်၊ ဟာရီကိန်း အငယ်စားများဒဏ်ကိုပင် ခံနိုင်သည်ဆို၏။
ဤနည်းပညာသည် အသစ်အဆန်းမဟုတ်။ အမေရိကန်ရှိ နည်းပညာကုမ္ပဏီ TCOM က ၁၉၈၀ မှစတင်ကာ ကမ္ဘာတစ်ဝှမ်း၌ တပ်ဆင်ပေးနေတာ ဖြစ်ပါသည်။
၂၀၀၈ ခုနှစ်က အိန္ဒိယပြည် မွန်ဘိုင်းတိုက်ခိုက်မှု နှင့် မင်ဟတ်တန်ရှိ မိုးပျံတိုက်ညီနောင်ကို တိုက်ခိုက်ခဲ့သည့် 9/11 တို့ကို လူတိုင်းမှတ်မိကြလိမ့်ဦးမည် ထင်ပါသည်။ ထိုငရဲသားများ ဤကမ္ဘာပေါ်တွင် ရှိနေသရွေ့ကာလပတ်လုံး ဘယ်နေ့ ဘယ်နေရာမှာ ဗုံးကွဲလိမ့်မလဲ ဟု ကမ္ဘာသားတို့မှာ အမြဲရင်ထိတ်နေရသည်။ ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်အတွက် ၎င်းတို့ကို တတ်နိုင်သမျှကာကွယ်ရေးမှာ အစိုးရမင်းများ၏ တာဝန်ဖြစ်ပေသည်။

(၂) သန်း ၆၀၀၀

ဗိုလ်ရှုခံစင်မြင့်ဆောက်ဘို့ သန်း ၆၀၀၀ တောင်းသည်ဆိုတော့ ကျွန်တော့်မှာ သည်တချီ အံ့သြလွန်းလို့ မသေနိုင်တော့ဘဲ ကျွတ် . . ကျွတ် . . ကျွတ် . . ကျွတ် . . ဟု စုပ်သပ်ကာ ခေါင်းကိုသာ တွင်တွင် ရမ်းမိပါသည်။
ဤမျှတန်ကြေးကြီးသော ဗိုလ်ရှုခံစင်မြင့်ဆောက်ရန် အကြံပေါ်သူမှာ မည်သူနည်းဆိုတာ သိလိုလှပါဘိ။ အဘယ်ကြောင့် ဆိုသော် အနှီမောင်မင်းကြီးသားကို အမေရိကန်ပို့ကာ ဦးခေါင်းခွံကို လေးစိတ်ခွဲလျှက် အတွင်း၌ မည်သည့်အရာများရှိသည်ကို စစ်ဆေးကြည့်ရှုလိုသောကြောင့် ဖြစ်၏။
မြန်မာပြည်ကြီး၌ အရာရာမပြည့်စုံ၊ ပြည်သူတို့ ဆင်းရဲနွမ်းပါးနေသည်ကို (ဒါက မင်းအထင်ကိုးကွ။ မင်း - ရန်ကုန်ရောက်ရင် မာဆတ်တို့၊ ကောင်းကောင်းဟော့ပေါ့တို့၊ စားပွဲတစ်ဝိုင်းကို တစ်သိန်းခွဲလောက်ရှင်းရတဲ့ ဟော်တယ်တွေ သွားကြည့်စမ်းပါကွာ၊ ထိုင်စရာတောင် နေရာမရဘူး။)(အဲဒီနေရာတွေဟာ ကျွန်တော်နဲ့ အလွန်အင်မတန် အလှမ်းဝေးတဲ့အတွက် မသိပါခင်ဗျာ။) သိလျက် - သည် ဘုံမဟုတ်၊ ပတ်မဟုတ်ကြီးကို သည်မျှပိုက်ဆံအကုန်ခံကာ ဘယ့်အတွက် ဆောက်ချင်ရပါသနည်း။
ထို သန်းပေါင်း ၆၀၀၀ တန် ဗိုလ်ရှုခံစင်မြင့်ကြီးသည် ပြည်သူတို့၏ အကျိုးစီးပွားနှင့် မည်ကဲ့သို့ ပတ်သက်နေပါသနည်း။ ပြည်သူတို့၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ပေးရေးတွင် မည်မျှ အရာရောက်ပါသနည်း။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မည်ကဲ့သို့ အထောက်အကူပြုပါသနည်း။ မြန်မာပြည်သား ကလေးသူငယ်များ၏ ပညာရေးနှင့် မည်ကဲ့သို့ ဆက်စပ်ပါသနည်း။ အချုပ်ဆိုရလျှင် မြန်မာပြည်အတွက် ဘာကောင်းပါသနည်း။
ဟို နေပြည်တော်ဆိုတာကြီးကို တည်ရာတွင် ပိုက်ဆံ ဘီလျံမည်မျှ ကုန်သွားပါသနည်း။ သည်နေပြည်တော်ကြီး ဖြစ်ထွန်းလာခြင်းအားဖြင့် မြန်မာပြည်သားတို့၏ GDP အဘယ်မျှ တိုးတက်သွားပါသနည်း။ အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် မည်မျှပိုမို ထိရောက် မြန်ဆန်သွားပါသနည်း။
သာမန်ပြည်သူပြည်သားတို့နှင့် လားလားမှ မပတ်သက်သော၊ ဘာမှ အသုံးမတည့်ပါဘဲလျက် လျှပ်စစ်များကို အလဟဿဖြုန်းတီးနေသော၊ ၈ လမ်းသွား၊ ၁၀ လမ်းသွားကြီးများ အပေါ်တွင် ကားတစ်စီးမှ မရှိသော၊ ၀န်ထမ်းများကိုယ်တိုင် မဖြစ်၍သာ နေနေရေသော်လည်း အနည်းငယ်မှ မနေချင်သော၊ စီးပွားရေး လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများ လုပ်ရာတွင် အလွန်ခက်ခဲလှသော (ကျွန်တော့်မိတ်ဆွေ ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှာ စာရွက်ကလေးတစ်ရွက် အတွက် နေပြည်တော် တက် တက်နေရတာကို ငြီးလိုက်သည်မှာ ချူသံပါ နေပါသည်။) -
အနှီ နေပြည်တော် ဆိုတာကြီးသည် မည်သူ့အား ကောင်းကျိုးပြုပါသနည်း။
မည်မျှ ယုတ်မာလိုက်သနည်းဟူမူ ရန်ကုန်မှ ပျဉ်းမနားသို့ထွက်သော ရထားမှာ နေပြည်တော်ထိ သွား၏။ နေပြည်တော် ဟူသည် လူတို့နေသောအရပ် မဟုတ်ချေရကား (ဟုတ်ပေါင် - သာမန်အရပ်သူအရပ်သားတို့နေသော အရပ်မဟုတ်ရကား) ထိုရထားနှင့်လိုက်ပါလာကြသော ခရီးသည်အပေါင်းမှာ ပျဉ်းမနားဘူတာတွင် အားလုံးဆင်းကုန်ကြလေ၏။ ထိုအခါ ပျဉ်းမနားနှင့် နေပြည်တော်အကြား ရထားပေါ်၌ ခရီးသည် တစ်ဦးမှ မကျန်တော့။
ဤသည်ကို ဟိုလူကြီးများသိတော့ ပျဉ်းမနားဘူတာကို ပိတ်လိုက်သည်။ ပိတ်သည်ဆိုခြင်းမှာ ရိုးရိုးပိတ်တာ မဟုတ်ပါ။ ဘူတာတစ်ဝိုက် လူများ ကျော်မတက်နိုင်စေရန် သံဆူးကြိုးများချသည်။ နံရံကြီးများဖြင့်ကာသည်။ ထိုအနားတွင် ရထားအရှိန်လျှော့လို့မရ။ သည်တော့ ပျဉ်းမနားတွင် ဆင်းလိုသူများမှာ မလိုအပ်ပါဘဲလျက် နေပြည်တော်ဘူတာထိ လိုက်ရသည်။ နေပြည်တော်ဘူတာရောက်မှ ကားဖြင့် ပျဉ်းမနားသို့ ပြန်လာကြရသည်။
(နေပါဦးကွယ်၊ ပျဉ်းမနားဘူတာမှာ လူတွေဆင်းကုန်ပြီး နေပြည်တော်ဘက် ဘယ်သူမှ ပါမလာတာနဲ့ နင့်ဂျီးဒေါ် ဟ၀ှာဖြစ်သွားရော့လား။ နေပြည်တော်ကို ဘယ်သူမှ လိုက်မလာတာ ဘာကိစ္စ အလကားနေရင်း အူတိုနေရတာလဲ။ နင့် ဂဲဖရင့် ပျဉ်းမနားမှာဆင်းသွားတယ်ဆိုရင်လဲ ကားနဲ့ လိုက်ကြိုခိုင်းပေါ့လကွာ။) ဤသူများကိုမှ လူယုတ်မာဟု မခေါ်လျှင် မည်သူ့သွားခေါ်ရပါမည်နည်း။
လုပ်ငန်းရှင်များမှာ ထိုနေပြည်တော်မှ သိန်း ၁၀၀၀ တန် အဆောက်အဦများကို မ၀ယ်မနေရ ၀ယ်ရသည်။ ထိုအဆောက်အဦ များမှာ သဲနှင့်ထုံး စပ်ဆောက်ထားခြင်းဖြစ်၍ မဆောက်မီက ပြိုနှင့်ပြီ။ ၀န်ထမ်းများမှာ နေပြည်တော်တစ်ခေါက်ဆင်းလိုက်ရပြီ ဆိုလျင် တစ်လစာအသုံးစရိတ်ကို ထက်ဝက် ဒါမှမဟုတ် အကုန်လျှော့ချလိုက်ရ၏။ (ကျွန်တော့်ထက် ကိုယ်တိုင် ခံစားရသော ကျွန်တော့်သူငယ်ချင်းများ ပိုသိပါမည်။)
ယခုလည်း လုပ်ပြန်ပြီ။ ဗိုလ်ရှုခံ တဲ့။ (နေပါဦးကွယ်၊ အလျင်တုံးက တက် မတ်တပ်ရပ်ကြတဲ့စင်ကြီးက ဘယ်ရောက် သွားလို့လဲ၊ အဲဒီစင်လည်း တန်ကြေးမသေးလောက်ဘူးနော။)
ကျွန်ုပ်တို့ မြန်မာပြည်တွင် ဤကဲ့သို့ အရာမနံသည့်ကိစ္စများနှင့် ပိုက်ဆံများကို အလဟဿဖြုန်းတီးနေသည်မှာ သည်တစ်နေရာထဲ မဟုတ်ပါ။ နေရာတိုင်းလိုလိုဖြစ်၏။
ပရောဂျက်ဆိုသည့်အရာမှာ လူများအလွန် သွားရေကျသော ပတ္တမြားတွင်းကြီး ဖြစ်၏။ ပရောဂျက်တစ်ခုရလိုက်လျင် ထိုပရောဂျက်နှင့် ပတ်သက်ဆက်နွယ်နေသည့် အရာရှိကြီးများမှာ (ပရောဂျက်တန်ဘိုးကိုလိုက်လျက်) ဆွေးခုနစ်ဆက်၊ မျိုးခုနစ်ဆက် ချမ်းသာတတ်ကြသည်ဖြစ်ရာ ယခုလည်း ဗိုလ်ရှုခံစင်မြင့် ဆောက်ချင်တာတော်တော်။ ခွင်ဖန်ချင်တာများများဟု ယူဆမိပါသည်။ ဟုတ်မဟုတ်တော့ ကာယကံရှင်များမှသာ သိပါလိမ့်မည်။
ချုပ်ရလျှင် -
ဤအရာတို့မှာ လူတစ်ဦးတစ်ယောက် (သို့မဟုတ် လူတစ်စု) ၏ ရူးသွပ်မှု၊ မိုက်မဲမှု၊ ပညာမဲ့မှု၊ အသိဉာဏ်ပညာနည်းပါးမှု၊ အတွေးအခေါ် အမြော်အမြင် ခေါင်းပါးမှု၊ အာဏာကို ကမ္ဘာတည်သရွေ့ လက်ဝါးကြီးအုပ်ထားလိုမှုများကြောင့်ပင် မဟုတ်ပါလော။
သည်ကဲ့သို့ မဟုတ်ကဟုတ်က သောက်တလွဲများလုပ်ပြီး ပိုက်ဆံကို သူ့ယောက္ခမအိတ်ထဲက ရသည့်အတိုင်း ဖြုန်းနေသူများအား မြန်မာပြည်ကြီးက အဘယ်ကြောင့် ထိပ်ပေါ်တင် ရွက်ထားရပါသနည်း။ ၀န်လေးလှပါဘိ။

(၃)
သူများတိုင်းပြည်က ခေါင်းဆောင်တွေ ကိုယ့်ပြည်သူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြံရေးအတွက် အမျိုးမျိုး ကြံစည် စိတ်ကူးနေစဉ် -
ကျွန်ုပ်တို့တိုင်းပြည်မှ လူကြီးများက ပေါက်တတ်ကရ စီမံကိန်းများ တင်ပြကာ ဉာတကာနဉ္စ သင်္ဂဟော လုပ်ရန် ကြံစည်နေခြင်းကို ကျွန်ုပ်မှာ အလွန်တရာမှပင် စိတ်ပျက်မိပါတော့သတည်း။

(ပြည်သူပြည်သားအားလုံးရဲ့ကိုယ်စား ကျေးဇူးအထူးတင်ကြောင်း ပြောလိုပါတယ် ဒေါ်စန္ဒာမင်းခင်ဗျာ။ ခင်ဗျားတို့သာလျင် ကျွန်တော်တို့ပြည်သူများရဲ့ ကိုယ်စားလှယ် အစစ်အမှန် ဖြစ်ပါတယ်။)

အေးငြိမ်း
၁ နိုဝင်ဘာ၊ ၂၀၁၄။ နေ့လည် ၃း၁၇ နာရီ

Accident Vs Incident





ECO (Environmental Control Officer)

() အချီး

ကွန်ပြူတာပျက်သွားသဖြင့် ရှိသမျှ စာရွက်စာတမ်းများ အကုန်ပါသွားသောကြောင့် ကျွန်ုပ်မှာ ဒုက္ခနှင့်လှလှနှင့် တိုးလျက်ရှိသတည်း။

ယခုဆိုလျှင် တစ်လနီးပါးရှိတော့မည်။ ဒေတာများပြန်ရရေးအတွက် စက်ကို Singapore Data Recovery Centre သို အပ်ထားရာ နှစ်ပတ်ရှိသည့်တိုင် မရသေး။ ဟာ့ဒစ်မှာ အတော်ဆိုးဆိုးရွားရွားပျက်သွားသဖြင့် မနည်းပြန်အဖတ်ဆယ်နေ ရသည်ဟု အကြောင်းပြန်သည်။ ကြာတာအကြောင်းမဟုတ်။ ပြန်ရလျှင်ပဲ တော်လှပြီ။

စာရွက်စာတမ်းများမရှိတော့ သင်တန်းအတွက် MOM ကို တင်ရမည့်ဟာများ မတင်နိုင်သောကြောင့် ရက်အတော်များများ လွန်သွားလေပြီ။ သည့်အတွက် MOM က သတိပေးစာများ ပို့တော့၏။ ဘယ်နေ့အပြီးတင်ရမည် ပေါ့။ သည်တော့ စက်ကို စောင့်မနေနိုင်တော့ဘဲ (လုပ်ရန် စိတ်မပါတော့သည့်တိုင်) အတင်းဖြစ်ညှစ်လုပ်နေရသော ဟူသတတ်။ စိတ်မပါသည့် နောက်တော့ ဘယ်မှာလျှင် အလုပ်တွင်ပါမည်နည်း။ ထို့ကြောင့် ဘာစာမှလည်း မရေးအား။

အခုတော့ အဲသဟာတွေချည်းလုပ်နေရတာ ခေါင်းနောက်လာလို့ စာတစ်ပုဒ်လောက် ရေးထုတ်လိုက်ပါသည်။
မိတ်ဆွေတစ်ယောက်က ECO (Environmental Control Officer) က ဘာတွေလုပ်ရသတုံး ဟု မေးလာသောကြောင့် ဖြစ်၏။ သို့သော် လုပ်စရာများရှိသေးသဖြင့် ခရေစေ့တွင်းကျ မရေးတော့ပါ။ သိသာရုံလောက် အကျဉ်းချုံးရေးပါမည်။ အသေးစိတ် သိလိုသူများ http://app2.nea.gov.sg/data/cmsresource/20091026433417663697.pdf တွင် ဖတ်နိုင်ပါသည်။

() ECO တစ်ဦး၏ တာဝန်ဝတ္တရားများ

စင်ကာပူတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၌ ECO ခန့်ထားရန် ဥပဒေဖြင့် ပြဌာန်းထားသည်။ ဆောက်လုပ်ရေး လုပ်ငန်းတန်ဘိုး ၁၀ သန်းအောက်ဆိုလျှင်တော့ ECO မလိုပါ။ သို့သော် ပရောဂျက်တန်ဘိုး ၁၀ သန်းမှ သန်း ၅၀ ဆိုလျှင် အချိန်ပိုင်း ECO ခန့်ထားရမည်။ ပရောဂျက်တန်ဘိုး သန်း ၅၀ အထက်ဆိုလျှင် အချိန်ပြည့် ECO ခန့်ထားရန်လို၏။

သို့ဆိုလျှင် ဘယ့်အတွက် ECO ခန့်ရပါသနည်း။ ခပ်ရှင်းရှင်းပြောရလျှင် ရေထု၊ လေထု၊ မြေထု ညစ်ညမ်းမှုကို ကာကွယ်ရေး အတွက် ဖြစ်ပါသည်။ ထိုမျှသာမက အလုပ်သမားများ၏ ကျန်းမာရေး (Environmental Health) အတွက်လည်း ပါသည်။ အတိုချုပ်ပြောရလျှင် အချက် () ချက်ဖြစ်၏။

  •   Air pollution control
  •       Earth pollution control
  •   Water pollution control
  •   Pest control
  •   Hazardous material control - - တို့ဖြစ်၏။


လေထုညစ်ညမ်းမှု ထိန်းသိမ်းရေး (Air pollution control)

လေထုကိုညစ်ညမ်းစေသည့် အဓိကလက်သည်မှာ ဖုန်နှင့် မီးခိုးများဖြစ်သတည်း။ သည်တော့ ဆောက်လုပ်ရေးလုပ်ငန်းမှ ဖုန်ထွက်သည့်လုပ်ငန်းများကို တတ်နိုင်သမျှ ထိန်းပါ။ မည်ကဲ့သို့ ထိန်းမည်နည်း။ ဖုန်ထွက်သည့်နေရာကို ရေနှင့်ဖြန်းရမည်။ ဥပမာ - ပိုင်တိုင်ကို ကျောက်စက်ကြီးများဖြင့် ဖြတ်ရာတွင် ဖုန်အလွန်ထွက်သည်။ ထိုအခါ ဖြတ်သည့်နေရာတည့်တည့်ကို ရေနှင့်ဖြန်းပါ။ ဖုန်ထွက် သက်သာမည်။ အဆောက်အဦများဖျက်ရာတွင် ဘရိတ်ကာစက်ကြီးများဖြင့် ကွန်ကရိနံရံ၊ ကြမ်းခင်းများကို ခွဲရ၏။ ထိုအခါ ဖုံအလွန်ထွက်သည်။ ယခုစက်ကြီးများတွင် ထိုဘရိတ်ကာများ၌ ရေပန်းများပါ တပ်ဆင်ထားသည်။

နောက်တစ်ခုက အင်ဂျင်များမှထွက်သော မီးခိုးဖြစ်သည်။ မည်သည့်အင်ဂျင်ဖြစ်စေ မီးခိုးမဲများမထွက်စေရ။ မီးခိုးထွက်လာပြီ ဆိုလျှင် စက်ငှားသူကို အကြောင်းကြားပါ။

မြေထုညစ်ညမ်းမှု ထိန်းသိမ်းရေး (Earth pollution control)

မြေထုကိုညစ်ညမ်းစေသည်မှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီ၊ ချောဆီ၊ ဓာတုဗေဒပစ္စည်းများ စသည်တို့ ဖြစ်၏။ ထို့ကြောင့် ထိုပစ္စည်းများ မြေကြီးပေါ်ဖိတ်စဉ်မကျစေရန် ထိန်းသိမ်းရမည်။ အင်ဂျင်များ၊ မီးစက်များအောက်တွင် ဆီခံခွက် (drip tray) ထားပေးရမည်။ စက်များပြင်သည့်အခါ ဆီများ ဖိတ်စဉ်မကျစေရန် အောက်၌ သံပြား၊ သုံးထပ်သား စသည်တို့ ခင်းထားရမည်။ ဆီသုံးရသော (ဥပမာ - အအေးခံဆီသုံးသော ဖောက်စက်၊ အရစ်ဖော်စက်) စသည်တို့အောက်တွင် ဆီခံခွက် ထားပေးရမည်။

နောက်တစ်ခုက လူများ၏ စည်းကမ်းမဲ့မှု ဖြစ်သည်။ ဥပမာ - ဆေးသုတ်ပြီးသောအခါ ဆေးပုံးများ၊ စုတ်တံများဆေးခြင်း၊ မိမိတို့ အ၀တ်အစားများကို လျှော်ခြင်း စသည်တို့မှ ထွက်လာသည့် ရေညစ်များကို မြေကြီးပေါ် သည်အတိုင်းလောင်းခြင်း၊ တာပင်တိုင် နှင့် အခြား ဓာတုဆေးရည်လက်ကျန်များကို လူမမြင်ကွယ်ရာ၌ မြေကြီးပေါ်သွန်ပစ်ခြင်း။ ဤသည်ကို ထိန်းရန်လည်း ECO တာဝန်ရှိသည်။ 

ရေထုညစ်ညမ်းမှု ထိန်းသိမ်းရေး (Water pollution control)

ရေကိုညစ်ညမ်းစေသည်မှာ ရေဆိုးရေညစ်၊ ဆီများ၊ ဓာတုဆေးများနှင့် ရွှံ့ရေတို့ဖြစ်၏။ ရေဆိုးရေညစ်၊ ဆီများ၊ ဓာတုဆေးတို့ မှာ သိပ်မများလှသဖြင့် ထိန်းရလွယ်သည်။ ပြဿနာမှာ ရွှံ့ရေများဖြစ်၏။ ဆောက်လုပ်ရေးလုပ်ငန်းအစတွင် မြေကြီးတူးရသည်။ ပိုင်ရိုက်ရသည်။ သည်လုပ်ငန်းများမှ ရွှံ့ရေများထွက်၏။ နောက်ပြီး မြေကြီးပေါ်တက်နင်းလာသော ကားဘီးမှ ရွှံ့များ ဖြစ်သည်။
အရှင်းဆုံးပြောရလျှင် စင်ကာပူနိုင်ငံ၌ မည်သည့်ဆောက်လုပ်ရေးလုပ်ငန်းမဆို လုပ်ငန်းခွင်မှထွက်သည့် ရေတစ်စက်ကမှ အစိုးရပိုင်ရေမြောင်းများအတွင်းသို့ သည်အတိုင်း ဖွင့်ချခွင့်မပြု။

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှထွက်သော ရေအားလုံးကို စက်ဖြင့် စစ်ထုတ်ရသည်။ ခပ်လွယ်လွယ် ECM (Earth Control Measure) machine ဟု ခေါ်သည်။ စက်မှထွက်လာသည့်ရေသည် အများဆုံး TSS (Total Suspended Solid) 50 ppm  သာ ရှိရမည်။ ဤရေအရည်အသွေးရှိမရှိ မည်ကဲ့သို့သိနိုင်သနည်း။

စက်မှထွက်လာသည့်ရေများကို ရေမြောင်းအတွင်း မလွှတ်မီ ရေအရည်အသွေးတိုင်းသည့်စက်အတွင်း ဦးစွာ ဖြတ်စေရသည်။ ထိုစက်က ရေအရည်အသွေးကိုတိုင်းပေးသည်။ ရလဒ်ကို online မှ (real time) ဖတ်လို့ရသည်။ ထိုမျှသာမကသေး ရေမြောင်းအတွင်းသို့ ရေ၀င်သည့်နေရာတွင် CCTV တပ်ထားရသည်။ ထို CCTV က မိနစ်ခြားတစ်ခါ ရောင်စုံဓာတ်ပုံ ရိုက်ပေးရသည်။




မိတ်ဆွေများခင်ဗျား -

သည်အကြောင်းက လွယ်လယ်လေးမဟုတ်ပါ။ ဆောင်းပါးရှည်ကြီးတစ်ပုဒ်စာလောက် ရှိပါသည်။ နောင်အားသည့်အခါမှ ထပ်ရေးပါဦးမည်။ ခုတော့ သည်မျှနှင့် နှစ်သိမ့်တော်မူကြပါ။

မလုပ်ချင်ဘူးလား။ ရပါတယ်။ ဒဏ်ငွေလေးတော့ ဆောင်ထားပေါ့။ သိပ်မများပါဘူး။ လေးငါးသောင်းလောက်ပါ။
အဘယ်ကြောင့်သည်လောက်တောင် အကဲပါနေရသနည်းဟု စပ်စုလိုသူများ စင်ကာပူကရေဆိုပြီး ကျွန်တော့် ဘလော့တွင်ရေးထားပါသည်။ ရှာဖွေဖတ်ကြည့်ကြပါခင်ဗျား။

အန္တရာယ်ရှိသော ပစ္စည်းများ ထိန်းသိမ်းရေး (Hazardous material control)

အန္တရာယ်ရှိသော ပစ္စည်းများဟူသည် ဒီဇယ်၊ ဓာတ်ဆီ၊ တာပင်တိုင် စသည်တို့နှင့် ဓာတုဆေးများဖြစ်ပါသည်။ ဒီဇယ်၊ ဓာတ်ဆီတို့သည် မီးလောင်နိုင်၏။ ဓာတုဆေးများကား လူ၊ တိရစ္ဆာန်၊ သဘာဝပတ်ဝန်းကျင်ကို ကောင်းကောင်း ဒုက္ခပေး၏။ မည်ကဲ့သို့ ထိန်းရသနည်းသိလိုလျှင် သင်တန်းသွားတက်ပါ။ Manage Hazardous Substance Course ဟူ၏။ သင်တန်းချိန် နာရီ ၄၀။ သင်တန်းကြေး ၆၈၀။ သည်သင်တန်းတက်ရန် ဓာတုဗေဒဘာသာ သင်ဖူးရမည်။ မဟုတ်လျှင်တော့ ချောင်တစ်ခုခုတွင် လူမသိသူမသိ ငိုနေရလိမ့်မည်။ သို့သော် ECO များကတော့ သိရမည်ပေါ့။ သိအောင် ECO သင်တန်းတွင် သင်ပေးလိုက်သည်။ ယခုတော့ အရှည်မရေးတော့ပါ။ နောက် အလျဉ်းသင့်မှ ဆောင်းပါးတစ်ပုဒ် ထပ်ရေးပါမည်။

ပိုးမွှားကောင်များ ထိန်းသိမ်းရေး (Pest pollution control)

ECO လုပ်ငန်းတာဝန်များ၏ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟပ် စသည့် အကောင်ပလောင်များ ထိန်းသိမ်းရေးလည်း ပါ၏။ ခြင်မပေါက်စေရန် ရေမ၀ပ်အောင်လုပ်ပါ။ ၀ပ်သည့်ရေများကို ဆေးဖြန်းပါ။ ထိုအလုပ်အတွက် သင့်ဘော့စ်ကို pest control ငှားခိုင်းပါ။ သူတို့က ပုံမှန်ဆေးဖြန်းခြင်း စသည် လုပ်ပေးပါလိမ့်မည်။ ယင်မလာအောင် အစားအသောက်အကြွင်းအကျန် များကို နေ့စဉ်စွန့်ပစ်ပါ။ အမှိုက်ပုံးများကို အမြဲဖုံးထားပါ။ ကြွက်တွင်းများ၊ ကြွက်လမ်းများရှိမရှိ အမြဲစစ်ဆေးပါ။ တွေ့လျှင် pest control ကိုအကြောင်းကြားပြီး ရှင်းပါ။ (ကိုယ့်ဘာသာ ကြွက်မိလျှင်တော့ အရေဆုတ်၊ ရင်ခွဲ၊ ဆားနယ်၊ မီးကင်ပြီး ဘီယာနှင့် မြီးနိုင်ပါသည်။)

အလုပ်သမားများ၏ ကျန်းမာရေး (Environmental Health)

ထိုအထဲတွင် အလုပ်သမားများ၏ နေရာထိုင်ခင်း၊ ခြင်ယင်ပေါက်ဖွားမှု၊ အစားအသောက် ချက်ပြုတ်ခြင်း၊ ထားသိုခြင်း၊ ပြင်ဆင်ခြင်း၊ အိမ်သာစသည်တို့ပါသည်။ ထို့အတွက် ပြဌာန်းထားသော လမ်းညွှန်ချက်မှာ Code Of Practice On Environmental Health ဖြစ်၏။ NEA website download လုပ ဖတ်ကြပါခင်ဗျား။ ဘယ်လိုရှာရမှန်းမသိလျှင်တော့ ကျွန်တော့်ကို လက်တို့လိုက်ပါ။

အထက်တွင် ကျွန်တော်အကျဉ်းမျှရေးထားသည်များကို သေသေချာချာလေ့လာလိုလျှင် ဥပဒေနှင့် နည်းဥပဒေများ ရှိပါသည်။ ဥပဒေမှာ Environmental Protection And Management Act ဖြစ်ပြီး နည်းဥပဒေများမှာ အတန်များပါသည်။ နောက် အချိန်ရလျှင် ထပ်ရေးပါဦးမည်။ စိတ်ဝင်စားသူများ စင်ကာပူ NEA (National Environment Agency) website နှင့် PUB (Public Utility Board) များတွင် ဆက်လက်လေ့လာနိုင်ပါသည်။

တော်ပြီဗျို့။ ၁၀ နာရီကျော်သွားပြီ။ အလုပ်လုပ်လိုက်အုံးမယ်။

အေးငြိမ်း

၂၀ နိုဝင်ဘာ၊ ၂၀၁၄။ ၁၀း၀၉ နာရီ