Sunday, March 7, 2010

နေ့တိုင်းကို နေမင်းကြီးကပဲ ပိုင်တယ်

(ဗီယက်နမ် ၀တ္ထုတို)
(The Day Always Belongs To The Sun by Tran Thanh Ha)

(၁)

နောက်ဆုံးတစ်နေ့မှာတော့ ရွာကနေ ၁၅ ကီလိုမီတာလောက်ဝေးတဲ့ အလယ်တန်းကျောင်းလေးတစ်ကျောင်းမှာ ကျောင်းဆရာမ အလုပ်ကို ရခဲ့တယ်။ အိမ်နဲ့ကျောင်း အကွာအဝေးဟာ ကျွန်မတို့ရွာနဲ့မြို့ အကွာအဝေးလောက် ရှိတယ်။
“ဘာ၊ နင် ဒီအလုပ်ကို လက်ခံလိုက်ပြီ။”
ဒေါ်လေးသန်းက အံ့သြတကြီးနဲ့ မေးလိုက်တယ်။

“ဒီအလုပ်ကိုမှ မလုပ်ရင် တခြားဘယ်အလုပ်ကိုများ လုပ်ရဦးမှာလဲ ဒေါ်လေးရယ်။”
ဒေါ်လေးကို ကျွန်မပြန်ဖြေလိုက်တယ်။

ကျွန်မဆုံးဖြတ်ချက်အကြောင်း ကျွန်မချစ်သူကို ပြောပြတော့ သူမအံ့သြတော့ပါဘူး။
“ကိုယ်သိပါတယ်။ ကိုယ်တို့ဘ၀ တစ်လျှောက်လုံး ဒီလိုမျိုးအိမ်မက်ကို မျှော်လင့်ခဲ့ကြရတာ မဟုတ်လား။” သူကပြောလိုက်တယ်။ ကျွန်မ စိတ်ဆိုးသွားမိပေမဲ့ သူကတော့ ပြုံးပြလိုက်တယ်။
“ကျွန်မအလုပ်လုပ်ချင်သေးတယ်။ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ပေါ့။ ကျွန်မတို့ ကျွမ်းကျွမ်း ကျင်ကျင် လုပ်နိုင် ကိုင်နိုင်ပြီဆိုရင် လက်ထပ်ကြတာပေါ့။”
“ဘာရယ်၊ သုခမိန်တစ်ယောက်ဖြစ်ဖို့လား။”
ဒေါ်လေးက လှောင်လိုက်တယ်။
“နင်က နင့်သမားဂုဏ်တွေ ပြချင်တယ်ပေါ့၊ ဟုတ်လား။”
ဒေါ်လေး စိတ်နာမယ်ဆိုလည်း နာလောက်ပါတယ်လေ။ ဘာလို့လည်း ဆိုတော့ သူစပ်ပေးတဲ့ နိုင်ငံခြားကုမ္ပဏီက လခကောင်းတဲ့ အလုပ်ကို ကျွန်မက စွန့်လွှတ်ခဲ့သမို့လား။

“မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်မဖြစ်ချင်တာက - - - -“ ကျွန်မ စကားစရုံရှိသေး၊
“ရှိပါစေတော်၊ ရှိပါစေ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ဘ၀က စောစောစီးစီး သင်ပေးလိုက်ပါလိမ့်မယ်။ ဒါပေမဲ့ နင့်ချစ်သူကရော၊ သူ့သဘောထားက ဘယ်လိုရှိလဲ။”
“ခုချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်ခွဲနေကြရဦးမှာပဲ။ နှစ်ယောက်လုံး အိမ်ထောင်ပြုဘို့ အားလုံး အဆင့်သင့်ဖြစ်ပြီ ဆိုတော့မှ အတူနေကြရတော့မှာပဲ။”
ကျွန်မ ပြန်ဖြေလိုက်တယ်။

“တယ်လဲ ချစ်မေတ္တာတွေနဲ့ ပြည့်ဝနေလိုက်ပါလား”
ကျွန်မတို့ ရှေ့ဆက်ရင် ရန်ဖြစ်တော့မှာမို့ ဒီမှာပဲ စကားစဖြတ်လိုက်ပြီး ကျွန်မ ထွက်လာခဲ့တယ်။ ကျွန်မ ဘယ်လိုရှင်းပြ၊ ရှင်းပြ။ ဒေါ်လေး နားမ၀င်တာကိုတော့ ကျွန်မ ၀မ်းနည်းလို့ မဆုံးဘူး။

(၂)

ဒေါ်လေးသန်းက ဦးလေးဟန်ရဲ့အောက် အမေရဲ့ ညီမ အငယ်ဆုံးပါ။ အမေကချစ်ဖို့ကောင်းပြီး ဒေါ်လေးကတော့ အရမ်း လှတယ်။ ဒေါ်လေးရဲ့ နှာတံလေးတွေဟာ စင်းနေပြီး မျက်လုံးနက်နက်ကလေးတွေကလည်း မဟူရာကျောက် ကလေးတွေ အတိုင်းပဲ။ အသားလေးတွေက ဖြူနုနေပြီး နှုတ်ခမ်းလေးတွေဆို ရဲနေတာပဲ။ ဒါပေမဲ့ ဒေါ်လေးက မွေးရာပါ ခြေမသန်ခဲ့ဘူး။ အဲဒီအချက်ဟာ သူ့ရဲ့အဓိက အားနည်းချက် တစ်ရပ်ဖြစ်စေခဲ့တယ်။ ဒေါ်လေးဟာ သင်္ချာသိပ်တော်တယ် လို့ မေမေပြောပြခဲ့ ဖူးတယ်။ တိုင်းလုံးဆိုင်ရာ သင်္ချာရည်ချွန်ဆု ပြိုင်ပွဲမှာ သူပထမ ရခဲ့တယ်။ သူတို့ကျောင်းက ကလေးတွေက သူ့ကို “အချဲ့မ” လို့ လှောင်ခေါ်ကြတယ်။ သူဟာ သိပ်ဉာဏ်ကောင်းပေမဲ့ အဲဒီအချက်က သူ ခြေမသန်တာကို ဖုံးလွှမ်းမပေးနိုင်ခဲ့ဘူး။ သူ့ခမျာ မကြာခဏ နာနာကျည်းကျည်း ငိုကြွေးခဲ့ရတယ်။

“လာ၊ မြေးလေး။ နောက်ကို ဘယ်တော့မှ ကျောင်းကိုမသွားနဲ့တော့။ ဖွားဖွားနဲ့ပဲ အိမ်မှာနေ။”
အဖွားက ဒေါ်လေးကို ပြောလိုက်တယ်။
“မဟုတ်ဘူးအဖွား။ ခု ကျွန်မ ခြေမသန်ဘူး။ နောက်ထပ် စာပါမတတ်ဘူးဆိုရင် ပိုဆိုးတော့မပေါ့။ ကျွန်မတစ်ဘ၀လုံး လူတကာရဲ့ အထင်သေး၊ အမြင်သေးနဲ့ ကြည့်တာကို ခံရတော့မယ်။”
အဲဒီလိုနဲ့ ဒေါ်လေးဟာ ကျောင်းမှာ အထူးချွန်ဆုံး ဖြစ်အောင် လုပ်ခဲ့တယ်။ သူအထက်တန်းကို ဂုဏ်ထူးတွေ တစ်သီကြီးနဲ့အောင်ပြီးနောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေတော့ အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တယ်။ ဒါပေမဲ့ တက္ကသိုလ်က သူ့ကို ခြေမသန်ဘူးဆိုပြီး လက်မခံခဲ့ဘူး။
အဲဒါနဲ့ပဲ ဒေါ်လေးဟာ အိမ်မှာ အမျိုးသမီးလက်ကိုင်အိတ်တွေ၊ ပိုက်ဆံအိတ်တွေကို ရွှေခြည်၊ ငွေခြည် ထိုးတဲ့အလုပ်လုပ်ရင်း တစ်နှစ်လုံးလုံး အချိန်ကုန်ခဲ့တယ်။ ဦးလေးဟန်ဟာ မြို့မှာ သူ လက်ထပ်ဖို့အတွက် အိမ်ဆောက်တာတွေ၊ အိပ်ယာခမ်းနား ပြင်ဆင်တာတွေ အားလုံးလုပ်ပြီးတဲ့ အချိန်မှာ ဒေါ်လေးက ပြောတယ်။
“အစ်ကို၊ ငါနင်နဲ့ မြို့ကို အတူလိုက်နေပါရစေဟယ်။ ငါ နင့်ကလေးတွေကို ကြည့်ပေးပါ့မယ်။”
အစ်ကိုက သဘောတူတဲ့အတွက် ဒေါ်လေးဟာ အစ်ကိုနဲ့အတူ မြို့မှာလိုက်နေတယ်။
“သူ မြို့မှာ ပျော်မှာ မဟုတ်ဘူး။”
အဖွားက ပြောတယ်။
“သူလုပ်ချင်တာ လုပ်ပါစေ အမေရယ်” လို့ အမေက ပြောလိုက်တယ်။

(၃)

နေ့လယ်နေ့ခင်း ဇာပန်းလေးဘာလေး ထိုးတာကလွဲလို့ ဘာမှ အလုပ်မရှိတော့ မြို့မှာနေရတာကို ဒေါ်လေးအရမ်း ပျင်းလာ တယ်။ ဒါကြောင့် အနားမှာရှိတဲ့ ကုန်စုံဆိုင်ကို သွားပြီး နာရီအတော်ကြာကြာ လည်နေမိတယ်။ ဒေါ်လေးလာနေတဲ့ အချိန်မှာ ဆိုင်မှာ ၀ယ်သူတွေ သိသိသာသာကြီးကို တိုးလာခဲ့တယ်။ အဲဒီတော့ ဆိုင်ရှင်က ဒေါ်လေးကို သူ့ဆိုင်မှာ အလုပ်လုပ်ဖို့ ပြောတယ်။ ဒီလိုနဲ့ ဒေါ်လေး အရောင်းစာရေးမလေး ဖြစ်လာတာပေါ့။ ဆိုင်ရှေ့ကို ဖြတ်သွားတဲ့သူတွေဟာ အထူးသဖြင့် လူငယ် တွေပေါ့။ ဆိုင်ထဲကို မ၀င်ဘဲ မနေနိုင်ဘူး။ သူတို့ဘို့ အသုံးတည့်တည့် မတည့်တည့် တစ်ခုခု ၀င်ဝယ်သွားလေ့ရှိတယ်။
“သမီး၊ ခုချိန်ဟာ ညည်းအတွက် အိမ်ထောင်ပြုဘို့ အကောင်းဆုံး အချိန်ပဲ။”
အဖွားက ဒေါ်လေးကို ပြောတယ်။
“ဒါပေမဲ့ အဖွားရယ်။” ဒေါ်လေးက ပြန်ပြောတယ်။
“သူတို့အထဲက ၁၀ ယောက်မှာ ၉ ယောက်ဟာ၊ ကျွန်မ ခန္ဓကိုယ် အပေါ်ပိုင်းကိုသာ သဘောကျ ကြတာပါ။ အောက်ပိုင်းကို နှစ်သက်ကြတာ မဟုတ်ပါဘူး။”

နောက်ကျတော့ ဦးလေးဟန်ဟာ သူ့အိမ်ရှေ့မှာ ဒေါ်လေးအတွက် ဆိုင်လေးတစ်ဆိုင်ဖွင့်ပေးလိုက်တယ်။ သူလဲဆိုင်ဖွင့်လိုက် ရော ၀ယ်တဲ့သူတွေဟာ ဟို ဆိုင်ဟောင်းကို မသွားကြတော့ပဲ သူ့ဆိုင်ကိုပဲ စုပြုံလာကြတော့တယ်။ နှစ်တွေတစ်နှစ်ပြီး တစ်နှစ် ကုန်လာတာနဲ့အမျှ ဒေါ်လေးမှာ ဈေးရောင်းလို့ရတဲ့ အမြတ်တွေ တော်တော်လေး စုမိလာတယ်။
“ငါ့မျှော်မှန်းချက်ကတော့ သူ အိမ်ထောင် မြန်မြန်ပြုဘို့အရေးပဲ။ ဒါပေမဲ့ ဖြစ်လာဦးမှာ မဟုတ်ပါဘူးလေ။”
အဖွားက သက်ပြင်းမောကြီးကို မှုတ်ထုတ်လိုက် ရင်း ငြီးလိုက်တယ်။ ဒေါ်လေးကတော့ ပြုံးရုံကလေး ပြုံးလိုက်တယ်။ ဖောက်သည်တွေဟာလည်း သူ့ဆိုင်မှာ များသထက် များလာခဲ့တယ်။

(၄)

အဲဒီအချိန်မှာ ကျွန်မဟာ ကောလိပ်ကို စတက်နေပါပြီ။ ဒေါ်လေးဟာ သူ့အတွက် သူ့ဖာသာသူ အိမ်တစ်လုံးဆောက်တယ်။ အရမ်းကြီးမကောင်းပေမဲ့ အိမ်လေးက လှလှပပ သပ်သပ်ယပ်ယပ် ရှိပါတယ်။ အဖေနဲ့ အမေက စားအိုးကြီးတာရယ်၊ ဆင်းရဲ တာရယ်ကြောင့် ကျွန်မရဲ့ လေးနှစ်တာ ကျောင်းတက်တဲ့ ကုန်ကျစရိတ်အားလုံးလိုလိုကို ဒေါ်လေးကပဲ ထောက်ပံ့ပေးခဲ့တာပါ။ ဒေါ်လေးသန်းဟာ ငယ်ပါသေးတယ်။ ကျွန်မကတော့ အပျိုကြီးဖားဖား ဖြစ်လာခဲ့ပြီးပေါ့။ ကျွန်မဟာ အမေနဲ့စာရင် ဒေါ်လေးနဲ့ပဲ ပိုပြီး နီးနီးစပ်စပ်နေခဲ့ရပါတယ်။ ကျွန်မဟာ ဒေါ်လေးဆီကို မကြာခဏ ရောက်ဖြစ်ခဲ့တယ်။ အထူးသဖြင့် ကျောင်းပိတ်ရက်တွေ မှာပေါ့။ ကျောင်းနဲ့မြို့ကလည်း အတော်လေးလှမ်းတယ်။ ကျွန်မ ဒေါ်လေးရဲ့ရင်ခွင်ထဲ မျက်နှာအပ်ပြီး ငိုခဲ့ရတဲ့ အကြိမ်ပေါင်း လည်း မနည်းတော့ပါဘူး။
“ဒီပြဿနာအားလုံးဟာ သမီး ရည်းစားရလာပြီးမှ ဖြစ်ခဲ့တာတွေပဲ။”
ဒေါ်လေးက ပြောတယ်။
“ခံစားရသမျှ အားရအောင်သာ ငိုချလိုက်။ ဒါပေမဲ့ စိတ်တော့မပျက်ပါနဲ့ကွယ်။”

အဲန် နဲ့ ကျွန်မတွဲပြီး အပြင်ထွက်တာကို ဒေါ်လေးမတားပါဘူး။
“ခု သမီးမှာ ရည်းစားရှိလာပြီ။ အဲဒီကောင်းမွေ ဆိုးမွေကိုတော့ သမီးပဲ ခံရမှာပဲ။” လို့ပဲ မှာပါတယ်။
မေမေက ကျွန်မတို့ကို နည်းနည်းမှ သဘောတူတာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော အဲန် ဟာ သူ့မိဘများရှိတဲ့ ဒီကနေ ဟို့ ကီလိုမီတာ တစ်ထောင်လောက်ဝေးတဲ့ နေရာမှာ အလုပ်လုပ်နေရလို့ပဲ။ မေမေကတော့ သူတို့ကို လေပွဲစားတွေလို့ပဲ ထင်နေပါတယ်။ ဒေါ်လေးသန်းက ကျွန်မကို ပြောတယ်။ သူ့မှာလဲ ချစ်ရမဲ့သူ ရှိနေပြီ ဆိုပဲ။ ဒါကို ကြားလိုက်ရတော့ ကျွန်မ အရမ်းဝမ်းသာသွားတယ်။

“ဒေါ်လေးတို့ ဘယ်တော့လက်ထပ်ကြမှာလဲ။”
“ဘယ်တော့မှ လက်ထပ်ဖြစ်မှာ မဟုတ်ပါဘူးကွယ်။”
ဒေါ်လေးရဲ့ အဖြေကို ကြားရတော့ ကျွန်မ အရမ်းအံ့သြသွားတယ်။ ဒေါ်လေးကို ကျွန်မအနားကပ်ပြီး သေသေချာချာ ကြည့်မိတယ်။ အသက် ၃၀ ရှိနေပြီ ဖြစ်တာတောင် သူဟာ အရမ်းကိုလှပြီး ဆွဲဆောင်မှု အပြည့်ရှိနေသေးတယ်။ ဒီလောက်လှတဲ့ အမျိုးသမီးကို တစ်ဦး တစ်ယောက်ကမှ မချစ်ဘူး ဆိုရင် ဒီလောကကြီး ဘယ်တရားပါ့မလဲ။ တကယ်လို့သာ ကျွန်မဟာ အမေနဲ့မတူဘဲ ဒေါ်လေးနဲ့ နည်းနည်းလေးပဲ ဖြစ်ဖြစ် တူရင် အရမ်းကို ထူးခြားသွားမှာ။ ခုတော့ ကျွန်မမှာ အသားကခပ်ညိုညို၊ အဖေ့အမွေကိုရလို့ မျက်လုံးက စွေနေလိုက်သေးတယ်။

“ဒေါ်လေးရယ်။ သမီးကို ဒေါ်လေးရဲ့ချစ်သူအကြောင်း မပြောပြနိုင်ဘူးလားဟင်။”
ကျွန်မကပူဆာလိုက်တော့ ဒေါ်လေးက အသိရခက်တဲ့ အပြုံးကို လှစ်ခနဲပြုံးလိုက်ပြီး ပြောပြတယ်။
“သူဟာ အိမ်ထောင်သည် တစ်ဦးပါကွယ်။ သာမန်လူတွေလိုပဲ သူ့မိသားစုနဲ့ ကလေးတွေနဲ့ အတူနေတာပါ။” “အိမ်ထောင်သည်!!!!”
ကျွန်မ ပင့်သက်ရှိုက်ပြီး အထိတ်တလန့် ရေရွတ်လိုက်မိ တယ်။
“ငါ့ဆန္ဒကိုဆန့်ကျင်ပြီး ဘယ်သူမှ အတင်းအကျပ် နားချလို့ရမှာမဟုတ်ဘူး။”
ဒေါ်လေးက ထပ်ဖြည့်ပြောလိုက်တယ်။ ကျွန်မအဖို့တော့ ဟို အိမ်ထောင်သည်လူကြီးကိုပဲ မကောင်းမြင်မိတော့တယ်။

ကျွန်မကတော့ ကိုယ်မကျေနပ်တာကို မြုံမနေနိုင်ဘူး။
“သူက ဒေါ်လေးကိုချစ်တယ်။ ဟုတ်လား။ သူ သူ့မိန်းမကိုတော့ ဘယ်ကွာနိုင်လိမ့်မလဲ။ သေချင်းဆိုး”
ကျွန်မ မကျေမနပ်နဲ့ ရေရွတ်လိုက်တော့ ဒေါ်လေးရယ် ခေါင်းငိုက်စိုက်ချပြီး ခဏ ငြိမ်နေ တယ်။ နောက်တော့မှ
“သူ့ရဲ့ သနားစရာဘ၀က ငါ သူ့ကို ချစ်မိစေတာပဲလို့ ထင်တယ်။ တခါတလေကျတော့ ချစ်တာနဲ့ ကရုဏာဟာ သီးသန့်ဖြစ် နေပေမဲ့ တစ်ခါတစ်ခါကျတော့ တွဲလျှက် ဖြစ်နေတတ်တယ်။ ငါ့အဖို့တော့ မေတ္တာငတ်နေတာနဲ့ သူ့ကို ချစ်မိသွားတာ ထင်တယ်။”

အဲလိုကြားလိုက်ရတော့ ကျွန်မပိုဒေါသထွက် သွားတယ်။ ကျွန်မဟာ ဒေါ်လေးကို စိတ်လဲဆိုး၊ သနားလဲ သနားသွားမိတယ်။ တကယ်တော့ ဒေါ်လေးဟာ ဘယ်အရာမဆို လက်တွေ့ကျကျ စဉ်းစဉ်းစားစား လုပ်တတ်တဲ့ အမျိုးသမီးတစ်ဦးပါ။ ဒါပေမဲ့ ခုကိစ္စမှာတော့ သူ နှလုံးသားရဲ့ အလိုဆန္ဒကို မလွန်ဆန်နိုင်တော့ဘူးထင်တယ်။

(၅)

ဒီစနေမှာတော့ ကျွန်မ မြို့ထဲကို စက်ဘီးစီးပြီးထွက်ခဲ့တယ်။ ကျွန်မတို့ကိစ္စကို ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချရအောင် သူရှိရာကို ချက်ခြင်းလာဘို့ အဲန်ရဲ့စာကို မကြာသေးမီကမှ ကျွန်မရခဲ့တယ်။ သူ့ဆီကို လိုက်သွားရမလား၊ ဒါမှမဟုတ် တစ်ခုခုကို စောင့်နေ ရဦးမလား လို့ ကျွန်မ စိတ်နှစ်ခွ ဖြစ်နေခဲ့တယ်။ အချိန်က မိုးတွင်းကြီးပေမဲ့ အဲဒီနေ့မှာတော့ ရာသီဥတုက သာတောင့်သာယာ ရှိနေပါတယ်။ ကောင်းကင်ပြာကြီးက ဒီညမှာ မိုးမရွာဘူးလို့ ကြေငြာနေတယ်။

ကျွန်မမြို့ကိုရောက်တော့ ကြယ်တွေတောင် ထွက်နေပြီ။ ကျွန်မ မီးမှိန်မှိန်အောက်မှာ ဟိုဟိုဒီဒီ သွားလာနေတဲ့ ဆိုင်ကယ်တွေ၊ တန်ဘိုးကြီးစက်ဘီးတွေရဲ့ အကြားမှာ ရှောင်ကွေ့နင်းလာခဲ့တယ်။ သူတို့အားလုံးကြည့်ရတာ ပြုံးလို့ပျော်လို့။ ကျွန်မရဲ့ အထီးကျန်ပြီး ခြောက်သွေ့လွန်းလှတဲ့ ဘ၀ကို တွေးရင်း ၀မ်းနည်းလာမိတယ်။ ကျောင်းပြီးတဲ့နောက် ကျွန်မ အဲန်နဲ့ တောင်ပိုင်းကို လိုက်သွားရမလား။ ဒေါ်လေးသန်းရှာပေးတဲ့ အလုပ်ကို လက်ခံလိုက်ရမလား လို့ ရွေးစရာ ဖြစ်လာတယ်။ ကျွန်မ ဘာကိုမှ မရွေးဖြစ်ဘူး။ ကျွန်မပိုင် ပစ္စည်းလေးတွေယူပြီး ခေါင်လှတဲ့ဒေသက အလယ်တန်းကျောင်းကို ဆရာမအဖြစ်နဲ့ ကျွန်မ လာခဲ့တယ်။ ယုံကြည်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ရင်း ကျေးလက်ဒေသကို အလင်းရောင်ပေးဘို့ ရောက်လာခဲ့တယ်။

တစ်နှစ်ကျော်လာပြီးတဲ့ အချိန်မှာတော့ ကျွန်မမျှော်လင့်ထားတာတွေနဲ့ လက်တွေ့ဖြစ်ရပ်တွေဟာ ကပြောင်းပြိ ကပြောင်းပြန် တွေ ပါလားဆိုတာ သိလာခဲ့ရတယ်။ ကျွန်မရဲ့ ကျန်းမာရေးသာ ပိုဆိုးလာခဲ့တယ်။ ကျွန်မရောက်လာခြင်းအားဖြင့် ဒီဒေသဟာ အရင်ကထက်ပိုပြီး သိသိသာသာ ထူးထူးခြားခြား ပြောင်းလဲလာပါသလား။ ကျွန်မကိုယ်ကျွန်မ မေးခွန်းတွေ ထုတ်နေမိတယ်။ ကျွန်မရဲ့ ပြိုပျက်သွားတဲ့ အိပ်မက်တွေအတွက် စိတ်ပျက်ရတဲ့အပြင် နောက်တစ်ခုက ကျွန်မတို့ အချစ်တွေ မရည်ရွယ်တဲ့ဆီ ဦးတည်ချက်ပြောင်းသွားပြီလားလို့လဲ နှလုံးသားမှာ နာကျင်ခဲ့ရတယ်။

“သမီးရယ်၊ စာသင်ရတဲ့အပေါ် ဘာလို့ဒီလောက် စိတ်ကုန်နေရတာလဲ။ ဒီလာပြီး ဟောဒီဒေါ်လေးရဲ့ဆိုင်ကိုယူရင်ယူ။ ဒါမှမဟုတ် ဒီ့ထက် ပိုကောင်းတဲ့အလုပ်တစ်ခုကို ရနိုင်သားပဲ။”
ဒေါ်လေးသန်းကပြောတယ်။ အခု ကျွန်မ ဒေါ်လေးပြောတဲ့ အလုပ်ကို လက်ခံလိုက်ဖို့ အချိန်ကျလာပြီလား။
တံခါးက သော့ပိတ်ထားတယ်။ ကံကောင်းလို့ ကျွန်မမှာ ဒေါ်လေးပေးထားတဲ့ သော့အပို တစ်ချောင်းပါလာတယ်။ တံခါးဖွင့်ပြီး ၀င်လိုက်တော့ စားပွဲပေါ်မှာ ကျွန်မဘို့ စာတစ်စောင်တွေ့လိုက်ရတယ်။
“စားစရာတွေ ရေခဲသေတ္တာထဲမှာ ရှိတယ်။ ပိုက်ဆံလို ရင် ဘီရိုထဲမှာ။ ဒေါ်လေး အိမ်ပြန်နောက်ကျမယ်။”
ညစာကို ကိုယ့်ဟာကိုယ်ပဲချက်စားလိုက်တယ်။ နောက်ပြီး တီဗီကြည့်ရင်း အဲန် ရေးလိုက်တဲ့စာကို ဖတ်တယ်။
“ငါ ကိုယ့်ဟာကို အမြဲပြန်မေးမိတယ်။ ငါတို့တကယ်ချစ်ကြတယ်ဆိုရင် ဘယ်အရာကိုမဆို ရင်ဆိုင်ရဲရမှာပဲ။ သူ့အလိုလိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားသင့်တယ်။ တစ်ဖက်နဲ့တစ်ဖက်မှာ ရှိနေတဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းဘို့ ကြောက်နေလို့ မဖြစ်ဘူး။” လို့ စာထဲမှာ ရေးထားတယ်။

အပြင်ဘက်က ဆူဆူညံညံအသံတွေကြားလို့ ပြူတင်းတံခါးခန်းဆီးကို လှစ်ပြီး အပြင်ကို ကြည့်လိုက်တယ်။ ဒေါ်လေးဟာ အိမ်တံစက်မြိတ်မှာ မတ်တပ်ရပ်နေတယ်။ သူ့ဘေးမှာတော့ ဂျိုင်းထောက်ကို အားပြုရပ်နေတဲ့ အရပ်ရှည်ရှည် လူတစ်ယောက်။ အချိန်က ည ၁၁ နာရီတောင် ထိုးနေပြီ။ သူတို့တိုးတိုးပြောနေသံကို အိမ်ထဲကနေပြီး ကျွန်မ ကြားဖြစ်အောင် ကြားလိုက်သေး တယ်။
“နက်ဖြန်ဒီကို လာခဲ့နော်။ အို၊ မဟုတ်ဘူး။ သဘက်ခါဆို ပိုကောင်းတယ်။ ဒါမှမဟုတ် ကျွန်မရှင့်ကို လမ်းဆုံတွေမှာ တွေ့မယ်။” သူတို့ဟာ လရောင်အောက်မှာ တစ်ယောက်နဲ့တစ်ယောက် ဘေးချင်းယှဉ်ရပ်နေတယ်။ ဒေါ်လေးဟာ နှင်းဆီရောင် အပေါ်အင်္ကျီကို ၀တ်ထားပြီး သူ့ဆံပင်ရှည်ကြီးတွေကတော့ ပုခုံးပေါ် လျှောကျနေတယ်။

တော်တော်ကြာတော့မှ -
“ခင်၊ လမင်းကြီးကို တွေ့တယ် မဟုတ်လား။”
တိတ်ဆိတ်ခြင်းကို ဖြိုခွဲပြီး လူကြီးက မေးလိုက်တယ်။
“တွေ့တာပေါ့။”
ဒေါ်လေးက လူကြီးရဲ့ ရင်ခွင်ထဲ ခေါင်းမှီပြီး ပြောလိုက်တယ်။
“ကျွန်မကို နမ်းပါလားဟင်။”
လူကြီးက သူ့ချိုင်းထောက်ကို ချိုင်းအောက်ကို သေသေချာချာ ပြင်ပြီးထောက်တယ်။ ဒေါ်လေးကလည်း ကိုယ်ကို ဆန့်နိုင်သမျှ မတ်မတ် ဆန့်ပေးတယ်။ အို - သူတို့ အကြာကြီး နမ်းနေတာပါလား။ အဲဒီအနမ်းထဲမှာ သူတို့ရဲ့ ပျော်ရွှင်မှုတွေ၊ မျှော်လင့်စောင့်စားနေရမှု တွေ၊ သူတို့ခံစားချက်တွေ အို၊ အကုန်ပါမှာပါလေ။

သန်းခေါင်ကျော်သွားတော့ ကွန်ကရစ်ကြမ်းခင်းပေါ်ကို တစ်ဒေါက်ဒေါက် စည်းချက်ကျကျ ကျနေတဲ့အသံကို ကျယ်ရာကနေ ဟိုးအဝေးကြီး ရောက်သွားလို့ တဖြည်းဖြည်း တိုးသွားတဲ့ထိ ကျွန်မကြားရတယ်။

(၆)

ဒေါ်လေးဟာ ကျွန်မဘေးကို ၀င်အိပ်လိုက်ရင်း ကျွန်မလက်တွေကို ဆုပ်ယူပြီး သူ့ရင်ဘတ်ပေါ် တင်ထားလိုက်တယ်။ “ဒေါ်လေးမှာ ရင်သွေးလေးရတော့မယ် သမီး။”
သူ လေသံလေးနဲ့ ပြောလိုက်ပေမဲ့ ကျွန်မ အထိတ်တလန့်ဖြစ်သွားမိတယ်။
“ငါ ဘယ်တော့မှ သားသမီးရတော့မယ် မဟုတ်ဘူး ထင်ထားတာ။ ခု ရတော့မယ်။ သေချာတယ်။”
“ဒေါ်လေး အရမ်းပျော်နေတယ်မဟုတ်လား။”
“ဒါပေါ့သမီးရယ်။”
“သူ ဒေါ်လေးကိုတကယ်ချစ်တယ်လို့ ဒေါ်လေးထင်နေလား။”
“ဒါ သေချာတယ်။ အကယ်၍ ဒီလိုမဟုတ်ခဲ့ရင်တောင်မှ ဒေါ်လေးအတွက် ပိုပြီး ထူးမသွားပါဘူးကွယ်။ အရေးကြီးတာက ဒေါ်လေးနံဘေးမှာ ဒေါ်လေးချစ်တဲ့သူတစ်ယောက် ရှိနေဘို့ပဲ မဟုတ်လား။”
“ခံစားရမဲ့ ဒုက္ခ၊ သုက္ခတွေ ဒေါ်လေးမကြောက်ဖူးလား။”
“ဒါတွေကို မင်း ကြောက်နေရင် မချစ်နဲ့ပေါ့။ ဒါပဲ ရှိတာပဲ။” လို့ပြောပြီး ကျွန်မကို ကျောပေးအိပ်လိုက်တယ်။ မကြာခင်မှာပဲ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတယ်။
အဲဒီည တစ်ညလုံး ဘယ်လူးလိုက်၊ ညာလှိမ့်လိုက်နဲ့ ကျွန်မ အိပ်မပျော်ခဲ့ဘူး။ နောက်နေ့မနက် အစောကြီးထပြီး ကျွန်မ ပစ္စည်းပစ္စယတွေ ထုပ်ပိုးပြီး ခရီးရှည်ကြီးထွက်ဖို့ ပြင်နေလိုက်တယ်။ ဒေါ်လေးနိုးလာတော့ ကျွန်မ အထုပ်အပိုးတွေကို ကြည့်ပြီး တအံ့တသြဖြစ်နေတယ်။
“ကျွန်မ အဲန်တို့အိမ်ကို သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီ ဒေါ်လေး။”
ဒေါ်လေး ကျွန်မကို တင်းတင်းကျပ်ကျပ် ဖက်ပြီး ငိုတယ်။
“သမီး ဟိုမှာ အဆင်ပြေပြေနေနိုင်မယ် ထင်လားဟင်။”
“သမီးမပြောတတ်ဘူး ဒေါ်လေး။ ချစ်ခြင်းအားဖြင့် အရာရာကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ သမီးယူဆပါတယ်။”
“အေး၊ ဟုတ်တယ်။ အခက်အခဲ အကြပ်အတည်းတွေရှိရင် ဒေါ်လေးဆီ စာရေးလိုက်။ ဒါပေမဲ့ သမီးတို့ ပျော်ပျော်ရွှင်ရွှင် အတူတူ နေရလိမ့်မယ်လို့ ဒေါ်လေး ယုံကြည်ပါတယ်ကွယ်။”

အာရုဏ်ကျင်းလာပြီ။ အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှာ ပုစွန်ဆီရောင်သမ်းလာတာကို ကြည့်ခြင်းအားဖြင့် ကျွန်မရဲ့အနာဂါတ် ဟာ ပိုပြီးတောက်ပ ကောင်းမွန်လာမယ်ဆိုတာ ကတိပေးနေသလိုပဲ။
ဒေါ်လေးဟာ ကျွန်မလက်ကိုဆွဲပြီး အိမ်ရှေ့ဝရန်တာကို ထွက်လာတယ်။ သူက ထွက်ပြူလာစ နေမင်းကြီးကို ညွှန်ပြပြီး -

“ကြည့်စမ်းသမီး။ ဒါဘာလဲ သိလား။ နေ့တိုင်းကို နေမင်းကြီးကပဲ ပိုင်ပါတယ်ကွယ်။”

နေရောင်ခြည်ရဲ့ ရောင်ပြန်တွေနဲ့အတူ ဒေါ်လေးရဲ့ မျက်လုံးတွေဟာ တစ်ဖျပ်ဖျပ် တောက်ပလို့နေပါတော့တယ်။

----××××----

No comments: