(၁)
ဒသမတန်း ပင်ရင်းမြန်မာစာ အပိုင်း (၃) အရေးသင်ခန်းစာ နောက်ဆုံးပိုင်း၌ “အလင်္ကာ နှင့် ရသ” အကြောင်းပါ၏။ “အလင်္ကာ” အကြောင်းသိသာရုံမျှ ဖော်ပြထားပြီး “ရသ” ကို သင်ကြားရန်အတွက်လည်း စာမျက်နှာ နှစ်မျက်နှာခွဲမျှ မဖြစ်ညစ်ကျယ် ထည့်ထားတာ တွေ့ရ၏။
ဆယ်တန်းတွင် အမြည်းသဘောမျှ သင်ပေးပြီး ၁၁ တန်းနှင့် ၁၂ တန်းရောက်တော့မှ အသေးစိတ်သင်ပေးမည် ဆိုလျှင် တော့လည်း မပြောတတ်ပါ။ ကျွန်တော့်ထံတွင် ၁၁ တန်း နှင့် ၁၂ တန်းစာအုပ်များ မရှိပါ။ အကယ်၍ ‘အလင်္ကာနှင့် ရသ’ ကို ဆယ်တန်း တစ်ခုတည်း၌သာ မဖြစ်ညစ်ကျယ်သင်ပြီး နောက် ဆက်ရန်မရှိတော့ဆိုလျှင်မူ အလွန်ဝမ်းနည်းစရာ ကောင်းပေမည်။
သည်တော့ ကျွန်တော် “ရသ” အကြောင်း နည်းနည်းပြောချင်ပါသည်။
“ရသ” နှင့်ပတ်သက်၍ ဆရာ ပါရဂူ၏ စာပဒေသာ စာအုပ်တွင် “အရှေ့တိုင်း ရသ” ဟု ဆောင်းပါးတစ်ပုဒ်ပါ၏။
ဆောင်းပါးက တော်တော်လေး ကောင်းပါသည်။ မိတ်ဆွေတို့ဖတ်ရှုနိုင်ရန် ကျွန်တော် ဆောင်းပါးကို ပူးတွဲပြထား၏။
ရသစာပေတွင် “ရသ” သည် အသက်ဖြစ်၏။
“ရသ” ၏သဘောမှာ ‘ဘာဖြစ်လို့ ဘာရသမြောက်ပါသည်’ ဟု ချရေးလိုက်ရုံနှင့် မပြီး။
တကယ့်ရသဆိုသည်မှာ စာ/ကဗျာကိုဖတ်ပြီး ရင်ထဲအသည်းထဲ နှလုံးထဲက တကယ်ခံစားရမှသာ ရသ မြောက်၏။
ယောအတွင်းဝန်က ရသ၏ သဘောကို “ပျားရည်၊ ထောပတ်တို့ကို စားသောအခါ နှစ်သက်သာယာသကဲ့သို့ စိတ်ထဲတွင် နှစ်သက်သာယာသည့် သဘော” ဟု ပြဆိုထား၏။ တနည်းအားဖြင့် ပျားရည်ထောပတ်စားရသောအခါ လျှာမှာအရသာ ပေါ်ပြီး နှစ်သက် သာယာသွားသကဲ့သို့ စာပေအရေးအဖွဲ့ တစ်ခုကို ဖတ်လိုက်ရသောအခါ စိတ်ထဲမှာ နှစ်သက်သာယာ သွားခြင်းသည် ရသ၏သဘော ဖြစ်၏။
သို့ဖြစ်လေရာ ‘ရသ’ ၏ သဘောမှာ အလွန်ရှင်းပါသည်။
စာ/ကဗျာတစ်ပုဒ်ကို ဖတ်လိုက်၍ ‘အရသာ’ ပေါ်မှ ‘ရသမြောက်စာပေ’ ဖြစ်၏။
လူများပြောမှ ဟောဒါဖြစ်လို့ ဒီရသမြောက်တယ်ဆိုတာ သိလျှင်မူ ဘာမှတန်ဘိုးမရှိပါ။ ဘာရသမှ မမြောက်ပါ။
တစ်နည်းအားဖြင့် ဆိုရလျှင် ကျောင်းသင်ခန်းစာထဲမှာပါ၍ ဆရာဆရာမက ရေးပေးသမျှ ကူးရေးနေရုံမျှဖြင့် ဘာ’ရသ’ကိုမှ ခံစားနိုင်လိမ့်မည်မဟုတ်။ သင်ရသည့် ရည်ရွယ်ချက်လည်း အထမမြောက်နိုင်။
သာဓက
လရောင်ကား ခြံထောင့်ရှိ သရက်ပင်အရွက်များကိုဖောက်ထွင်း၍ မကျရောက်နိုင်သဖြင့် မလေး၏ ဝင်းပပ ရွှေမျက်နှာကို သဲကွဲစွာမမြင်နိုင်သော်လည်း တစ်ဦး၏အသက်ရှူသံကိုမူ တစ်ဦး ကြားနေရ၏။
ကိုရင် ကျုပ်ကို ဘယ်တော့လာတောင်းမလဲဟင်။ မိန်းကလေးကချည်း စပြောနေရတာ ကျုပ် ရှက်တောင်လာပြီ သိရဲ့လား။
မလေး၏လက်ဖဝါးအစုံကို ယုယစွာဆုပ်ကိုင်ထားသော ကိုရင်မောင် လက်ကြမ်းကြီးတွေက ရုတ်တရက် လျှောကျသွားသည်။
(မိချော၏ စပါးပေါ်ချိန်)
ဤသည့်အဖွဲ့သည် မည်သည့်ရသမြောက်သနည်း။
ထိုအခါ ကျောင်းသား/သူက ဆရာ/ဆရာမ ရေးပေးထားသည်ကို အောက်ပါအတိုင်း ကူးရေးမည်။
- “မိချော၏ စပါးပေါ်ချိန် မှ အထက်ဖော်ပြပါ အဖွဲ့သည် ကိုရင်မောင်နှင့် မလေးတို့၏ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားသဖြင့် သိင်္ဂါရရသမြောက်ပါသည်”။
‘မိချော’ ၏ ‘စပါးပေါ်ချိန်’ ဝတ္ထုတစ်ပုဒ်လုံးကို မဖတ်ဖူးပါဘဲလျက်၊ တကယ်လည်း ခံစားရသည် မဟုတ်ပါဘဲလျက် ကျူရှင်စာအုပ်ထဲမှ သို့မဟုတ် ဆရာ/ဆရာမက ရေးပေးသည်ကို ကူးရေးထားသည့် အနှီ ကျောင်းသား/သူ၏ စာသည် ဘာမှ တန်ဘိုးမရှိပါ။ အမှန်ကိုဆိုရလျှင် ထို အမောင် ကျောင်းသား/သူ ကလေးများသည် သူဘာရေးလိုက်သည်ကိုပင် နားလည်ချင်မှ နားလည်ပါလိမ့်မည်။
ဤကဲ့သို့ရေးထားသည့် အနှီ ကျောင်းသား/သူ၏ စာမှာ ဘာနှင့်တူသလဲဆိုလျှင် သတင်းစာထဲ၌ပါသည့် ဝမ်းနည်းကြောင်း ကြော်ငြာကဲ့သို့ ဖြစ်၏။
“ကျွန်ုပ်တို့၏မိတ်ဆွေ ဦးဘယ်သူ၏ ချစ်လှစွာသော မိခင်ကြီး ဒေါ်ဘယ်သူကွယ်လွန်သွားသည့်အတွက် ကျွန်ုပ်တို့က အထူးဝမ်းနည်းကြေကွဲမိပါကြောင်း . . . “ စသည့်ကြော်ငြာမှာ လူမှုရေးအရ သို့မဟုတ် မကင်းရာမကင်းကြောင်းရှိ၍သာ ကြော်ငြာထည့်ကြခြင်း ဖြစ်၏။ တကယ်ဝမ်းနည်းလို့မဟုတ်။ တချို့ တကယ်ဝမ်းနည်းသူများ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ဝမ်းနည်းကြောင်း ကြော်ငြာ ၁၀၀၀ လျှင် တကယ်ဝမ်းနည်းသူ တစ်ယောက်ပါဘို့ ခဲယဉ်းပါလိမ့်မည်။
ထို့ပြင်တဝ ရသခံစားဘို့ဆိုသည်မှာ စာလေးတစ်ပိုဒ်ထဲဖတ်ပြီး ခံစားဘို့မဖြစ်နိုင်။ ဝတ္ထုတစ်ပုဒ်လုံး၊ တစ်အုပ်လုံးကို ဖတ်ပြီးမှ တစိမ့်စိမ့်ခံစားရတာမျိုးဖြစ်၏။ စာလေးတစ်ပိုဒ်လောက်ဖတ်ကြီး ဪ - သဟာကတော့ ဘာ’ရသ’ပေကပဲ ဟု ပြောလျှင်မူ ၎င်းမှာ အထက်၌ ကျွန်ုပ်ဖော်ပြခဲ့သည့် နာရေးကြော်ငြာထက် မပိုပါ။
နောက်ပြီး ရသစာပေကို ဖတ်တတ်၊ ခံစားတတ်ဘို့ဆိုတာ ကျောင်းမှာ နာရီအနည်းငယ်မျှ မဖြစ်ညစ်ကျယ် သင်ပေးရုံနှင့် မဖြစ်နိုင်။ ကျောင်းသား/ကျောင်းသူများကို တကယ့်ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာများ ဖတ်စေကာ ထိုဝတ္ထုများကပေးသည့် တကယ့် အရသာကို ခံစားစေမှသာလျှင် ဖြစ်နိုင်ပေမည်။
ထိုမျှသာမကသေး။ အလင်္ကာကိုသာ သင်ပေးလို့ ရချင်ရမည်။ ရသစာပေခံစားမှုကို ကျောင်းတွင် သင်ပေးလို့မရနိုင်။ ဤသည်မှာ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ခံစားမှုပေါ် မူတည်၏။ ကျွန်တော့်အထင်ပြောရလျှင် ကဗျာဖတ်ပြီး ခံစားနိုင်တာ လူတိုင်း ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ ကဗျာကိုဖတ်ပြီး ခံစားနိုင်တာ လူအားလုံး၏ ၅၀% ပင်မရှိနိုင်ပါ ဟု ကျွန်ုပ်ပြောလျှင် လွန်မည်မထင်ပါ။
(၂)
ချစ်ရွှင်သနား၊ တည်ကြားကြမ်းကြုတ်၊ စက်ဆုပ်ကြောက်ရွံ့ စသဖြင့် ရသ အမျိုးအစား (၉) မျိုးရှိကြောင်း စာပေများက ဆို၏။ သို့သော် ကျွန်ုပ်ကတော့ သိပ်သဘောမကျပါ။
သိင်္ဂါရရသ ဆိုပါစို့။ မောင်နှင့်မယ်တို့၏ ချစ်ခြင်းမေတ္တာအကြောင်းကို ရေးထားသည့် အဖွဲ့ကို သိင်္ဂါရရသ ခေါ်သည် ဆို၏။ တစ်နည်းအားဖြင့် သမီးရည်းစားချစ်၊ လင်မယားချစ်လိုဟာမျိုးကို သိင်္ဂါရရသ ခေါ်၏။
သဟာဖြင့် သမီးရည်းစားချစ်နှင့် လင်မယားချစ် တူပါသလား။
မတူပါခင်ဗျား။ မတူရေးချ မတူပါ။
အဘယ်ကဲ့သို့ မတူသနည်းဆိုသည်ကို ကျွန်တော် ရှင်းမပြတတ်ပါ။ အိမ်ထောင်ကျပြီးသူတိုင်း (မကျသေးသူများလည်း ဖြစ်နိုင်) သိပါသည်။
နောက်တစ်ခု မောင်နှမချစ်၊ ဆရာနှင့်တပည့်ချစ်ကို ဝစ္ဆလရသ မြောက်သည် ဆို၏။
သည်တော့ မောင်နှင့်နှမချစ်တာ၊ မိဘနှင့်သားသမီးချစ်တာ၊ ဆရာနှင့်တပည့်ချစ်တာ၊ သူငယ်ချင်း အချင်းချင်းချစ်တာ စသည်အားလုံးကို ဝစ္ဆလရသထဲ ထည့်ပါမည်လား။ ကျွန်တော်ကတော့ ထိုအချစ်များမှာလည်း တစ်မျိုးတစ်ဘာသာ ကွဲပါသည်။ မတူပါဟု ဆိုပါမည်။
သို့တိုင် ကျောင်းသင် ရသများထဲမတော့ ဝစ္ဆလရသပင် မပါပါ။
ကျွန်တော့သားကလေး ငယ်စဉ်က တခွီးခွီးနှင့် နှာခေါင်းပိတ်နေတော့ သူ့နှာခေါင်းထဲ ပိတ်နေသည့် နှပ်နှင့် နှပ်ချေးများကို ကျွန်တော် ပါးစပ်နှင့် စုပ်ထုပ်ပေးလိုက်ပါသည်။ သားကလေးနှာခေါင်းပွင့်ပြီး အသက်ကောင်းကောင်း ရှူနိုင်တာကြည့်လျက် ကျွန်တော့်မှာ ပီတိဖြစ်လို့မဆုံး။
သို့သော် ကျွန်တော့်တပည့်တစ်ယောက်ကို ဤကဲ့သို့ လုပ်ပေးနိုင်ပါမည်လား။
အောင်မငီး . . . ဝေါ့ စ်
သို့သော်လည်း ဤသည်တို့ကိုသာ အသေးစိတ်လိုက်ဖွဲ့နေရလျှင် ကိစ္စပြီးတော့မည်မဟုတ်။ သို့မို့ကြောင့် ပညာရှိတို့က တူရာတူရာစုပြီး ချစ်ခင်တာ+နှစ်သက်တာ = သိင်္ဂါရရသ လုပ်လိုက်ရဟန်တူပါသည်။
(၃)
ကျွန်တော် လယ်တွင်းသားစောချစ် ၏ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးကို ဖတ်ရတော့ မျက်ရည်များထွက်ခဲ့၏။
ကျွန်တော် လယ်တီဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာကို ဖတ်ရတော့ အသတ်ခံရခါနီး နွားကြီးများကို မျက်စိထဲ မြင်ယောင်ကာ ရင်နှင့်မဆန့်အောင် တနင့်တပိုး ခံစားခဲ့ရ၏။ ထို့နောက် အမဲသားကို ယတိပြတ် ဖြတ်ခဲ့၏။
(ဤတွင် ကြားဖြတ်၍ ပြောရလျှင် ကျွန်တော် ဒေသကောလိပ်ကို ဟင်္သာတတွင် တက်ခဲ့စဉ်က မိုးကောင်းကျောင်းတွင် တည်းခဲ့၏။ မိုးကောင်းကျောင်းတိုက်က ရေကာတာကြီး၏ တစ်ဖက်တွင်ရှိပြီး ထိုရေကာတာကြီး၏ ဟိုမှာဘက်တွင် မတော့ သားသတ်ရုံရှိ၏။ ထိုသားသတ်ရုံသို့ နွားများကို စီတန်း ဆွဲလာတာကိုလည်း မကြာခဏ တွေ့ရလေ့ရှိ၏။)
ဆရာတင်မိုး၏ . .
“မောင်မောင်ရယ် ဘယ်ခါညှိုးပါဘု
မြတ်နိုးရင် ပန်ချင်ပန်လေ့
မပန်ချင် တွင်တွင်ငြင်းရင်လဲ
တသင်းသင်း နေမယ်နော် . . . . “ ကိုရွတ်ပြီး ဘယ်ကောင်မလေးကို လွမ်းသလိုလို ဖြစ်မိ၏။
ကျွန်တော် ကျောင်းသားဘဝက ငြိမ်းကျော်၊ နွမ်ဂျာသိုင်း၊ တက္ကသိုလ်ဘုန်းနိုင် တို့၏ ဝတ္ထုများကို ဖတ်ပြီး ချစ်ခြင်း၏ အရသာကို တမြိန့်မြိန့် ခံစားခဲ့ဖူး၏။ (ဝတ္ထုဖတ်ခါ ခံစားပေသည့် လက်တွေ့တွင်မူ ရည်းစားတစ်ယောက်ကမှ မရှိခဲ့လေ။)
နုနုရည် (အင်းဝ) ၏ “လဝန်းစက်ဝိုင်း ထက်ပိုင်းပြတ်ကြွေ” ကို ဖတ်ရတော့ လူတောင် ဘယ်နေရမှန်းမသိ။
ကလျာ (ဝိဇ္ဇာသိပ္ပံ) ၏ “စိတ္တဇ လပြည့်ည” ကို တစ်ယောက်တည်း မဖတ်ရဲ။
ဆရာကြီးမင်းသုဝဏ်၏ “တောစံပယ်ဖြူ၊ ဝတ်မှုန်ကျင်းတဲ့ သင်းကြူကြူကို၊ လေချူလို့လွှင့်၊ ပန်းထုံတဲ့ လေချိုမှာ၊ ရွှေချိုးပျို ကူသံဆင့်ပေလိမ့်၊ . . .” ကို ဖတ်ပြီး ရွာကို အလွန်လွမ်းခဲ့ရ၏။
ကြူမွှေး၏ “မမှားတဲ့ဖိတ်စာ” ကိုတော့ လူရှေ့တွင် မဖတ်ရဲ။ လူမရှိသည့်နေရာတွင်ဖတ်ကာ တခွီးခွီး တဟားဟားနှင့် ဘာအိမ်သရေ၊ ကျောင်းသရေမှ ထိန်းစရာမလိုဘဲ လွတ်လွတ်လပ်လပ် ခွီးနိုင်လေ၏။
မင်းဆွေ ၏ “ဓား” ကိုဖတ်ပြီး ဟို အင်္ဂလိပ်ကောင်တွေကို အခုပင် ငှက်ကြီးတောင်ဓားနှင့် ထပိုင်းလိုက်ချင်စိတ်တွေ ပေါက်ခဲ့မိ၏။
နောက်ပြီး ကျွန်ုပ်၏ အတ္ထနောမတိအရ ပြောရလျှင် ရသများထဲ၌ ခံစားလို့ ထင်သာမြင်သာ အရှိဆုံးရသမှာ ‘ဟဿရသ” ဖြစ်၏။
ကျွန်တော်ကတော့ စာပေများတွင် ဦးပုည၏ စာများကို အလွန်နှစ်သက်၏။ သူ့စာများက ဖတ်လိုက်လျှင် ပြစ်ပြစ်နှစ်နှစ်၊ တလုံးတခဲတည်း ရှိလှ၏။ ကျိတ်၍လည်း ပြုံးရ၏။ ကျွန်ုပ်အဖို့ ဦးပုည၏စာများမှာ ဘယ်နှစ်ခါဖတ်ဖတ် မရိုးနိုင်။
မီးတွင်းမိန်းမ၊ နို့မရ၍၊
သားကတစာစာ၊ မာတာကြုံလှီ၊
နို့ရည်မလိုက်၊ ရှိသည်ခိုက်တွင်၊
ပြောလိုက်မည်အပြီး၊ သည်နွားမြီးကို၊
မီးဖုတ်ချက်ခြင်း၊ တောက်တောက်စဉ်း၍၊
ဟင်းခါးလည်းချက်၊ ကြောင်ပန်းရွက်နှင့်၊
နို့ပျက်မိန်းမ၊ သောက်လိုက်ရလျှင်၊ နို့လုံးရွှင်သည်၊
သူ့လင်စို့တော့မကုန်တည်း။
ဦးပုည - နွားတစ်ကောင်လုံး အသုံးချနည်း
အို-ဟဲဟရို့၊ ခွေးနီပါးတို့၊ ရဲကျားတို့၊ ကြန်စုံမတို့၊ ဂုတ်မတို့၊ ၊နင်တို့သခင်၊ စေတ,မည်ရှိ၊ စွမ်းသတ္တိနှင့်၊ လေးကြီးရှင်မှာ၊ ခုပင်ယနေ့၊ အခင်းတွေ့ပြီ၊ ရှေ့တပ်ဦးက၊ မင်းရဲလှနှင့်၊ ဂုတ်မသမက်၊ မင်းအောင်နက် တို့၊ မကရ်းကွက်စစ်ဆင်၍၊ တပ်လုလင် ခွေးမိုးမှောင်၊ နံဘေးချင်းမြှောင်၊ အယ်အောင်ကြီးမပူးစေနှင့်၊ တပ်ဦးယခုချီတက်စေ။
တောခွေးနှင့်သားကျသည့်၊ မိကြောင်မတူ၊ ခွေးလက်ဖြူကို၊ အရည်တူရွေး၍၊ ဗိုလ်တပ်ရေး နာခံခန့်။
လင်သေလင်ကွာနေရာမကျ၊ မုဆိုးမခွေးမအို၊ မုဆိုးဖိုသက်ကျား၊ စွယ်သွားမချွန်၊ အရွယ်လွန်နှင့်၊ ကိုယ်ဝန်ဆောင်တချို့၊ နို့စို့နှင့်တကွ၊ ခွေးမကြီးငယ်၊ မီးယပ်သယ်များကို၊ တနယ်တရွာ၊ တပ်ချီရာသို့၊ မပါမလိုက်ကြစေနှင့်။ ။ အနေကျကျ၊ အိမ်ဝအိမ်နောက်၊ ခြံပေါက်ခြံတွင်း၊ ထမင်းအိုးစင်၊ ရေအိုးစင်နှင့်၊ ယုန်ကင်ကြက်ပေါင်၊ ချိုးကောင်ထားရာ၊ ဘဏ္ဍာတော်များ၊ မတိမ်းပါးရအောင်၊ ချပ်ပြားလုံးရေ၊ အသေအချာ၊ လက်မှတ်စာနှင့်၊ ခွေးနီလာ ခွေးကြောင်တို့က၊ လုံအောင်ထိန်းချုပ်၊ တစ်အုပ်တစ်စည်း၊ သိမ်းဆည်းစိတ်တူ၊ ဖြူဖြူဖြောင့်ဖြောင့်၊ ရန်မနှောင့်ရအောင်၊ အိမ်စောင့်ခန့်ထား ခဲ့ရမည်။”
ဦးပုည - ဝေသန္တရာပြဇာတ်
နောက်ပြီး မရိုးနိုင်၊ မအီနိုင်ဘဲ ကျွန်တော် ထပ်ကာထပ်ကာ ဖတ်မိသော ဝတ္ထုကလေးလည်း ရှိ၏။ ၎င်းမှာ မောင်ထင် ၏ “ထားဝယ်လုံချည်” ဖြစ်၏။ ‘ထားဝယ်လုံချည်’ က ပေးသော ရသများကိုမူ မိတ်ဆွေတို့ကိုယ်တိုင် ရှာဖွေ ခံစားကြည့်ကြ ပါဘိ။
ကျွန်တော် ဖတ်ပြီးခံစားရခဲ့သမျှကိုသာ စစ်စစ်ပေါက်ပေါက် ရေးထုတ်လိုက်ရလျှင် ကျွန်ုပ်စာကို အသင်တို့ ဖတ်ပြီး မျက်ရည်တွေကျလိုက်၊ ရွှတ်ကနဲ နှပ်သုတ်လိုက်၊ တဟားဟား နှင့် ပွဲကျလိုက်၊ ကျိတ်ပြီး နှာခေါင်းရှုံ့လိုက်နှင့် ရှိချေမည်။ သို့ကြောင့် သင် မိတ်ဆွေတို့ကို အားနာသောအားဖြင့် ကျွန်ုပ်၏ ‘ရသ’ အကြောင်း ဤတွင် ရပ်နားပါတော့မည်။
အားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ။ (ဟိုဘက်ရွာက မေဘေးတွေ မပါ)
အေးငြိမ်း (စတုဂီရိ)
၂၉ ဧပြီလ၊ ၂၀၂၂