(Myanmar
Transition and Role of Myanmar Professionals in Singapore)
(၁)
ယခုအခါ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော အခြေအနေများအရ နိုင်ငံပြုပြင်တည်ဆောက်ရေးတွင်
မြန်မာပြည်သူ ပြည်သားအပေါင်းတို့ မိမိတို့စွမ်းနိုင်သမျှ ၀ိုင်းဝန်းကြိုးပမ်းနေကြသော
အချိန်ဖြစ်ပေသည်။ ဤသို့ ကြိုးပမ်းကြရာတွင် မြန်မာပြည်တွင်းမှ အဖွဲ့များသာမက ပြည်ပရောက်
မြန်မာများကလည်း တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့လိုက်သော် လည်းကောင်း လူမှုရေးကိစ္စတွင်ဖြစ်စေ၊
ပညာရေးကိစ္စတွင် ဖြစ်စေ၊ အများပြည်သူကျန်းမာရေး လုပ်ငန်းများတွင်ဖြစ်စေ၊ အမျိုး ဘာသာ
သာသနာထွန်းကားရေး ကိစ္စများတွင်ဖြစ်စေ ကိုယ့်နည်းကိုယ့်ဟန်နှင့် ဆောင်ရွက်နေကြ၏။
ပြည်ပရောက်မြန်မာများအနေနှင့် နိုင်ငံတကာအသိုင်းအ၀န်း၊ ခေတ်မီနည်းပညာ၊ အတတ်ပညာများနှင့်
နေ့စဉ်ထိတွေ့ လုပ်ကိုင်နေကြသည်ဖြစ်ရာ မိမိ မိသားစုအတွက် ၀င်ငွေရှာရင်းမှ တစ်ဖက်တွင်လည်း
အလုပ်လုပ်ရင်း ခေတ်မီနည်းပညာများ ကိုလေ့လာသင်ယူပြီး ဖြစ်နေတော့သည်။ ထို့ကြောင့် ပြည်ပရောက်မြန်မာများမှာ
မြန်မာနိုင်ငံပြန်လည် ထူထောင်ရေးတွင် ကောင်းစွာအသုံးချနိုင်မည့် အလွန်တန်ဘိုးကြီးမားသည့်
လူအရင်းအမြစ်ကြီးပင် ဖြစ်တော့၏။
ထို့ပြင်တ၀ မြန်မာ့နိုင်ငံရေးအခြေအနေ ပွင့်လင်းလာသည်နှင့်အမျှ အခြားနိုင်ငံများမှ
မြန်မာနိုင်ငံအတွင်း ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုများပြုမည်ဖြစ်လေရာ ၎င်းတို့နှင့်အတူ
ခေတ်မီစက်ကိရိယာ၊ နည်းပညာများ ပါလာမည်မုချဖြစ်၏။ ထို့အတူ ၎င်းတို့နှင့်အတူပါလာမည့် နိုင်ငံခြားသား
အလုပ်သမားများမှာလည်း ကျွမ်းကျင်သူ၊ အရည်အသွေးပြည့်ဝသူများ ဖြစ်ပေမည်။ ၂၀၁၅ တွင် အာဆီယံနိုင်ငံများအတွင်း
လွတ်လပ်စွာကုန်သွယ်ရေး (AFTA)၊ အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) တို့ စတင် အသက်ဝင်လာမည်ဖြစ်ရာ
AEC နှင့် အတူ လွတ်လပ်စွာရင်းနှီးမြှုပ်နှံခွင့် (free flow investment) နှင့် ကျွမ်းကျင်
လုပ်သားများ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့် (free flow of skill labour) လည်း ကပ်ပါလာမည်
ဖြစ်ပေသည်။
ထိုအခါ မြန်မာနိုင်ငံသား လုပ်သားများသည် အခြားနိုင်ငံသားများထက် စွမ်းရည်နိမ့်ကျနေလျှင်
နိုင်ငံခြားကုမ္ပဏီများ ၏ ခွဲခြားဆက်ဆံခြင်း၊ လုပ်ခနှိမ်ခြင်း၊ မြန်မာနိုင်ငံသား အလုပ်သမားများကို
မခန့်လိုခြင်း စသည်တို့ ပေါ်ပေါက်လာနိုင်ပေရာ မြန်မာနိုင်ငံသား လုပ်သားများအဖို့ ကြီးစွာသော
စိန်ခေါ်မှုတစ်ရပ်ဖြစ်၏။
ယခုပင်လျှင် ၂၀၁၃ ခုနှစ်သို့ ရောက်လာပြီဖြစ်ရာ များစွာမကျန်တော့သောအချိန်အတွင်း
မြန်မာနိုင်ငံအနေနှင့် ပြင်ပမှ ၀င်ရောက်လာမည့် စီးပွားရေးကုမ္ပဏီကြီးများသည် မိမိတို့၏
ချို့ယွင်းချက်အားနည်းချက်များကို အခွင့်ကောင်းယူကာ ၎င်းတို့ ထင်ရာမစိုင်းနိုင်ရေးအတွက်
အရေးတကြီး ပြင်ဆင်ရမည့်အချိန်သို့ရောက်နေလေပြီ။
ဤသို့ပြင်ဆင်ရာတွင် အရေးကြီးဆုံးမှာ တိကျခိုင်မာသည့် မြန်မာပြည်အကျိုးစီးပွား၊
မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း
အစရှိသည်တို့ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော် အစိုးရအနေနှင့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို
ရေးဆွဲနေပြီဖြစ်၏။ ဤသို့ရေးဆွဲရာတွင် သက်ဆိုင်ရာ လုပ်ငန်းအလိုက် တတ်မြောက်၊ ကျွမ်းကျင်နားလည်သည့်
ပညာရှင်များပါဝင်ရန် သို့မဟုတ် ၎င်းတို့၏ အကြံဉာဏ်များ ရယူရန်လည်း လိုပေသည်။
အကြောင်းကြောင်းကြောင့် နိုင်ငံရပ်ခြားရောက်ရှိ နေထိုင်လုပ်ကိုင်သူများတွင်
ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ၌ ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်
ကျွမ်းဝင်သူ၊ နားလည်တတ်ကျွမ်းသူ အများအပြားရှိပါသည်။ မြန်မာနိုင်ငံ၌ ဥပဒေများရေးဆွဲရာတွင်
ထို ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ လုပ်ထုံးလုပ်နည်းများကို နမူနာယူ၊ မှီငြမ်းအသုံးချနိုင်
ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေနှင့် ထိုနိုင်ငံခြားရောက်ပညာရှင်များကိုသာ
ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများရေးဆွဲရာတွင် လိမ္မာပါးနပ်စွာ အသုံးချတတ်မည်ဆိုပါက
ပိုမိုကောင်းမွန်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများရရှိမည်မှာ မုချအမှန်ဖြစ်၏။
(၂)
စင်ကာပူတွင် လုပ်ငန်းအမျိုးမျိုး၌ များစွာသောမြန်မာနိုင်ငံသားများသည် အထွေထွေလုပ်သား၊
ကြီးကြပ်ရေးမှူး၊ အင်ဂျင်နီယာ၊ ကျူစီ၊ မန်နေဂျာ စသည်ဖြင့် အဆင့်အမျိုးမျိုးတွင် ပါဝင်လုပ်ကိုင်နေကြ၏။
စင်ကာပူနိုင်ငံ၌ ဆယ်စုနှစ် တစ်ခုကျော်မျှလုပ်ကိုင်နေသည့် လုပ်သက်ရင့် အင်ဂျင်နီယာ၊
မန်နေဂျာများလည်း မနည်းလှပေ။ ဤအဆင့်ရောက်လာရန် ၎င်းတို့သည် ကျောင်းများစွာ၊ သင်တန်းများစွာတက်လျှက်
စင်ကာပူနိုင်ငံသားများနှင့်အပြိုင် အရည်အသွေးပြည့်ဝလာစေရန် မိမိတို့ဘာသာ မိမိတို့ ကိုယ့်စားရိတ်နှင့်ကိုယ် သင်ယူလေ့လာခဲ့ကြ၏။
လုပ်ငန်းလိုအပ်ချက်အရ အရာရှိပိုင်းမျှသာ မကဘဲ ကြီးကြပ်ရေးမှူးနှင့် လုပ်သားများသည်လည်း
ခေတ်မီနည်းပညာများနှင့် မစိမ်းသူ၊ ခေတ်မီ စက်ကိရိယာများနှင့် အကျွမ်းဝင်ကြသူများ ဖြစ်ကြ၏။
၎င်းတို့ကား အထက်တွင် ဖော်ပြခဲ့သည့် FDI (Foreign Direct Investment) နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု
ကုမ္ပဏီကြီးများဝင်လာပါက အဆင်သင့် လက်တင်သုံး နိုင်သည့် အရည်အသွေးပြည့် လူသားရင်းမြစ်ကြီးပင်
ဖြစ်တော့၏။ ၎င်းတို့အား ခေတ်မီ စက်ကိရိယာများ ကိုင်တွယ်ဘို့ရာ နိုင်ငံခြားကုမ္ပဏီများ သယ်ဆောင်လာ
မည့် နည်းစနစ်၊ စံနှုန်းများနှင့် ကျွမ်းဝင်စေဘို့ရာ သီးသန့်လေ့ကျင့်ပေးနေစရာ မလိုတော့ပါ။
အားသာချက်မှာ ၎င်းတို့နှင့်အတူ မြန်မာနိုင်ငံ
အတွင်းရှိ လုပ်သားများကို ပူးတွဲခန့်ထားခြင်းဖြင့် အလုပ်လုပ်ရင်း သင်ယူလေ့လာစေနိုင်ခြင်းပင်ဖြစ်လေသည်။
မြန်မာ အများစု မှာ တစ်မိုက်ပြလျှင် တစ်ထွာမြင်တတ်ကြသူများဖြစ်ရာ သီးသန့်သင်တန်းများ
ပေးစရာမလိုတော့ဘဲ တတ်ကျွမ်းသူများ လုပ်ကိုင်သည်ကိုကြည့်ကာ
အလုပ်လုပ်ရင်းတတ်မြောက်နိုင်မည်ဖြစ်၏။
စင်ကာပူရောက်မြန်မာများအနေနှင့် မှတ်ပုံတင်၍သော်လည်းကောင်း၊
မှတ်ပုံမတင်ပဲ သော်လည်းကောင်း မိမိတို့ နီးစပ်ပတ်သက်ရာ အဖွဲ့ကလေးများ ဖွဲ့စည်းလှုပ်ရှားနေရာ
ထိုအထဲတွင် ဂျီတီအိုင်ကျောင်းသားဟောင်းများအဖွဲ့၊ မြို့ပြ အင်ဂျင်နီယာများအဖွဲ့၊ ဘူမိဗေဒအဖွဲ့၊
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအဖွဲ့ စသည့် အတတ်ပညာပိုင်းဆိုင်ရာအဖွဲ့များလည်း အများအပြားရှိ၏။
ထိုအဖွဲ့အားလုံး၏ တူညီသောရည်ရွယ်ချက်မှာ
မိမိတို့တတ်စွမ်းနိုင်သမျှ အမိမြန်မာနိုင်ငံတော်ကို ပြန်လည်လုပ်ကျွေး သမှုပြုရေးပင်ဖြစ်၏။
လူမှုရေးအဖွဲ့များက အဖွဲ့ဝင်များထံမှ အလှူငွေများဖြင့် ကျောင်းဆောက်ခြင်း၊ ကျောင်းများ
ပြန်လည် ပြုပြင်ပေးခြင်း။ စာအုပ်စာတမ်းများထောက်ပံ့ခြင်း။ ဆေးရုံဆေးခန်းများသို့ လှူဒါန်းခြင်း၊
မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါ အ၀တ်အထည်၊ အစားအစာ၊
ငွေကြေးစသည်တို့ လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။
စင်ကာပူရောက် မြန်မာမြို့ပြအင်ဂျင်နီယာများအသင်း
(Society of Myanmar Civil Engineers (Singapore) – SMCES) က လုပ်ငန်းခွင်အတွေ့အကြုံနှင့်
နည်းပညာဆိုင်ရာ ဆွေးနွေးတင်ပြမှုနှင့် နှီးနှောဖလှယ်ပွဲများကို ၂၀၁၀ ခုနှစ်မှစတင်ကာ
စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တို့တွင် နှစ်စဉ်စီစဉ်ကျင်းပပေးခြင်း။
Myanmar Geologists Society Singapore (MGSS) ကို ၂၀၁၀ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ပြီး
ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ကျင်းပလျှက် စင်ကာပူရှိအဖွဲ့ဝင်များက
မိမိတို့လေ့လာဆည်းပူးခဲ့သော ပညာရပ်များနှင့် လုပ်ငန်းအတွေ့အကြုံ များကို အလှည့်ကျဟောပြောခြင်း။
MGSS အဖွဲ့ဝင်များ မြန်မာပြည်သို့ အလည်ပြန်သည့် အခါများ၌လည်း အခါအားလျော်စွာ ဟောပြောပွဲများ
ကျင်းပပေးခြင်း အစရှိသည်တို့ကို မိမိတို့တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်လျှက်ရှိ၏။
ဤကဲ့သို့ဆောင်ရွက်ချက်များမှာ ကောင်းပင်ကောင်းသော်ငြားလည်း
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြည့်မည် ဆိုလျှင် ခရီးပေါက်ရောက်မှု အလွန်နည်းပါသည်။
အဘယ်ကြောင့်ဆိုခြင်းကို လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ဥပမာ ပေးပါမည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်ထိခိုက်မှု၊ သေဆုံးမှုဦးရေမှာ တရားဝင်စာရင်းဇယားများ
အရ ရော၊ လူမသိသူမသိ ထိခိုက်သေဆုံးမှုများပါ အလွန် များပါသည်။ ဤသည်ကို တတ်နိုင်သမျှ အကူအညီ
ပေးရန် စင်ကာပူ၌ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအဖွဲ့ဖွဲ့ကာ လှုပ်ရှားရန် ကြိုးပမ်းနေ
ပါသည်။ သို့သော် ထို လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအဖွဲ့အနေနှင့် မည်သည်တို့ လုပ်ပေး
နိုင်ပါမည်နည်း။ ဟောပြောပွဲများ ကျင်းပပေးမည်။ သရုပ်ပြပွဲများလုပ်ပေးမည်။ စာအုပ်စာတမ်းများ
ရိုက်နှိပ်ဖြန့်ချိမည်။ သင်တန်းများ ပို့ချပေးနိုင်ပါမည်။
သို့သော် ဤသို့လုပ်ခြင်းဖြင့် လူအများ၏
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အသိပညာ၊ ဗဟုသုတကိုသာ တိုးပွားလာစေရန် တတ်နိုင်ပါမည်။
အမှန်တကယ် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက်မူ အစိုးရမှ စနစ်ဘောင်တစ်ခု (Frame
Work) ချမှတ်အကောင်အထည် ဖော်ရ မည်ဖြစ်၏။ လူများဗဟုသုတရနေရုံမျှနှင့်တော့ အန္တရာယ်ကင်းသော
လုပ်ငန်းခွင်တစ်ခု ဖြစ်လာနိုင်စရာမရှိပါ။ အစိုးရမှ ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ကာ လိုက်နာရမည့်စနစ်နှင့်
စံနှုံးများကို သေချာစွာချမှတ်ပြဌာန်းပြီး မလိုက်နာသူများကို ထိရောက်စွာ အပြစ်ပေး၊ အရေးယူပါမှ
ဖြစ်နိုင်ပါမည်။
သို့အတွက် အထက်ဖော်ပြပါအဖွဲ့များမှလည်း
မိမိတို့တတ်နိုင်သည်များကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သလို တပြိုင်နက်တည်းမှာပင် အစိုးရကလည်း
မူဝါဒ၊ စည်းဘောင်များချမှတ် အကောင်အထည်ဖော်ရမည်ဖြစ်၏။
ဤကဲ့သို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊
စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ စည်းဘောင်များရေးဆွဲရာတွင် ဥပဒေ ပိုင်းမှ ပုဂ္ဂိုလ်များ၊
အစိုးရပိုင်းမှ ပုဂ္ဂိုလ်များသာမက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်၌ စာတွေ့ရော၊ လက်တွေ့ပါ အမှန်တကယ်
တတ်မြောက်ကျွမ်းကျင်သူ ပညာရှင်များ မဖြစ်မနေပါဝင်ရန်လို၏။ သို့မှသာ လက်တွေ့နှင့်လည်းကိုက်ညီ၊
အမှန်တကယ် လည်းထိရောက်အသုံးတည့်၊ လူများအတွက်လည်းအကျိုးရှိ၊ နိုင်ငံတည်ဆောက်ရေးအတွက်လည်း
အသုံးဝင်သည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများ ဖြစ်လာနိုင်ပါလိမ့်မည်။
ယခု မြန်မာနိုင်ငံတွင် လုပ်ငန်းအသီးသီး၌
ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ များစွာရေးဆွဲရန် လိုနေပါ သေးသည်။ ထိုသို့ရေးဆွဲရာတွင်
နိုင်ငံခြားရောက် မြန်မာအသိပညာရှင်၊ အတတ်ပညာရှင်များသည်လည်း မိမိတို့၏ အသိပညာ အတတ်ပညာ၊
နိုင်ငံတကာအတွေ့အကြုံများကိုအသုံးချလျှက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ပါလိမ့်မည်။
(၃)
စင်ကာပူနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်လျှက်ရှိသော
မြန်မာတတ်သိပညာရှင်များ၊ လုပ်ငန်းကျွမ်းကျင်သူများသည် မိမိတို့၏ အသိပညာ၊ အတတ်ပညာများဖြင့်
မြန်မာပြည်တည်ဆောက်ရေးတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ပါဝင် ဆောင်ရွက်ကြရန် ( ၁၃
- ၁၁ - ၁၂) နေ့က National Library ရှိ Hanis Café တွင် စတင်ဆွေးနွေးခဲ့ကြပါသည်။ ဤသို့
ဆွေးနွေးရာ၌ မြန်မာပြည်အစိုးရပိုင်းမှရော၊ အစိုးရအဖွဲ့အတွင်းမှ မဟုတ်သူများကိုပါ ဖိတ်ကြားကာ
မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် မည်ကဲ့သို့လုပ်ကိုင် ဆောင်ရွက်သင့်သည်ကို စင်ကာပူရောက်
မြန်မာအသိပညာရှင်၊ အတတ်ပညာရှင် များနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးအဖြေရှာကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ဤစကားဝိုင်း (SPDE - Singapore Panel Discussion
Event) သို့ မြန်မာနိုင်ငံဘက်မှ ဖိတ်ကြားမည့်သူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
v ဦးလှမောင်ရွှေ (နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့)
v ဒေါက်တာတင်လှိုင် (စာရေးဆရာ ဘိုးလှိုင်)
v ကိုကိုကြီး (၈၈မျိုးဆက် ကျောင်းသားများအဖွဲ့)
v ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
စကားဝိုင်းသို့ မြန်မာနိုင်ငံ
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားပေးပါမည်။
စင်္ကာပူဘက်မှ ဆွေးနွေးမည့်အကြောင်းအရာနှင့် အဖွဲ့များမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်။
1. “Safety Food for Local and Global
Consumption” (Ma Saint)
2. “Setting
up Emergency Lives Saving System in Myanmar” (Nursing Family)
3. “Migration Policy for Domestic Workers” (U Tin Maung Win)
4. “Regulation
of Pharmaceuticals : Control of Over-the-counter Drugs” (Dr Wint Maw Thinn)
5. “Data for
Health Policy Making” (Dr Thein Than Win)
6. “Anti-Corruption : Mission Possible” (U Minn Thu)
7. “Building
A Safety Culture in Myanmar” (Safety Team)
8. “The
Supportive Chapter of Myanmar Geologists Society, Singapore (MGSS) Conjunction
with Techno-Bridging Process” (Geologist Team)
9. “Enlarge the Pie – Building Win-Win Negotiation Culture to
Create Peaceful, Prosperous and Democratic Myanmar” (Ko Naing Moe Aung)
10. “Quality Control System on Buildings in Myanmar” (Civil
Engineers)
ပြောဆို ဆွေးနွေးမည့်အကြောင်းအရာများကို မော်ဒရေတာတစ်ယောက်ထားပြီး
ဆက်သွယ်ပြောဆိုပါမည်။
အခန်းအနားကို မေလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ SCCCI Building, 47
Hill Street, Singapore 179365 ၌ ကျင်းပပြုလုပ်ပါမည်။ ထိုအဆောက်အအုံမှာ ပင်နီဆူလာ ပလာဇာ၏
နောက်ဘက်၌ ရှိ၏။
ဤစကားဝိုင်းပြုလုပ်ရခြင်း အဓိကရည်ရွယ်ချက်မှာ စင်ကာပူရောက် မြန်မာ တတ်/သိပညာရှင်များအနေနှင့်
မြန်မာ နိုင်ငံတည်ဆောက်ရေးတွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်ပေးနိုင်မည့် လမ်းစများ၊
အသိအမြင်များရရှိသွားစေရန်။ နိုင်ငံတော်နှင့် လွှတ်တော်၊ အကြံပေးအဖွဲ့စသည် တက်ရောက်သူများအား
စင်ကာပူရှိမြန်မာ တတ်/သိပညာရှင်များအကြောင်း နှင့် ၎င်းတို့၏ မြန်မာနိုင်ငံအတွက် ပါဝင်ဆောင်ရွက်ပေးလိုသော
စိတ်ဆန္ဒများကို သေသေချာချာ သိရှိသွားစေရန် ဖြစ်ပါသည်။
ဆွေးနွေးမည့်အကြောင်းအရာများမှာ အတတ်ပညာပိုင်းဆိုင်ရာ အကြောင်းအရာများသာဖြစ်ပြီး
အခြားကိစ္စ ရပ်များကို မဆွေးနွေးရန် တင်းတင်းကြပ်ကြပ်တားမြစ်ထားပါသည်။ အတတ်ပညာပိုင်းဆိုင်ရာများ
ဆွေးနွေးမည်ဆိုသော်လည်း အသေးစိတ်အချက်အလက်များကို ချန်လှပ်လျှက် အစိုးရတစ်ရပ် အနေနှင့်
မဖြစ်မနေ ဦးစွာချမှတ်ဆောင်ရွက်ရန်လိုသော အချက်များကိုသာ ဦးစားပေးဆွေးနွေးသွားမည်
ဖြစ်ပါသည်။
ပိုမိုရှင်းလင်းစေရန် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ဥပမာထား၍ ဖော်ပြပါမည်။
ဆောက်လုပ်ရေးလုပ်ငန်း၌ ငြမ်းဆင်သည့်အခါ ၂ မီတာထက်မြင့်လျှင် လက်မှတ်ရ ငြမ်းဆင်လုပ်သားသာ
ဆင်ရ မည်။ ငြမ်းစင်၏ ခံနိုင်ဝန်အားမှာ ၂၂၀ kN/m2 ဖြစ်ရမည် စသည့်အသေးစိတ် အချက်များမပါစေဘဲ ဆောက်လုပ်ရေးလုပ်ငန်း
အတွက် မရှိမဖြစ်ရေးဆွဲချမှတ်ရမည့် နည်းဥပဒေများမှာ လုပ်ငန်းခွင်အတွင်း ၀န်ချီခြင်းလုပ်ငန်းများအတွက်
ကရိန်းများ မောင်းနှင်ခြင်း နည်းဥပဒေ၊ ငြမ်းဆင်ခြင်းအတွက် ငြမ်းဆင်ခြင်းနည်းဥပဒေ၊ ဆူညံသံထိန်းချုပ်ရေးအတွက်
ဆူညံသံ ထိန်းချုပ်ရေး နည်းဥပဒေ စသည်တို့လိုအပ်သည်။ ထို့အတူ ထိုနည်းဥပဒေများကို အကောင်အထည်ဖော်ရာတွင်
လိုက်နာရန် မည်ကဲ့သို့သော လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်းသင့်သည်။ ဥပမာ - လုပ်ငန်းခွင်သုံး
အန္တရာယ်ကင်းခမောက်အတွက် လုပ်ငန်းလမ်းညွှန်။ တာဝါကရိန်းများအား အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက်
လုပ်ငန်းလမ်းညွှန်၊ မီးသတ်ရေ ပိုက်ခေါင်းများအတွက် လုပ်ငန်းလမ်းညွှန် စသည်။
ထို့အတူ ထို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များရေးဆွဲရာတွင် မည်သူတို့ပါသင့်သည်။
မည်သည်တို့ကို ရည်ညွှန်းကိုးကားသင့်သည်။ မြန်မာနိုင်ငံနှင့်သင့်လျော်အောင် မည်ကဲ့သို့ရေးဆွဲသင့်သည်။
ဤ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်များ၌ မည်သည့်အခန်းများပါသင့်သည်။ ပြည်သူများကို
မည်ကဲ့သို့ အသိပညာပေးသင့်သည်။
ဤဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ရာ၌ မည်ကဲ့သို့လုပ်သင့်သည်။ မည်ကဲ့သို့သော
သင်တန်းကျောင်း များရှိသင့်သည်။ သင်တန်းဆရာများကို မည်ကဲ့သို့လေ့ကျင့်သင့်၊ ရယူသင့်သည်။
စင်ကာပူတွင် Workplace Safety and Health Council ကဲ့သို့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ရှိသော
အဖွဲ့များကို မည်ကဲ့သို့ဖွဲ့သင့်သည်။ မည်သူများပါဝင်သင့်ပြီး မည်သည့်တာဝန်များ ထမ်းဆောင်ရမည်။
မြန်မာပြည်အတွင်းရှိ လူငယ်လုပ်သားထု အရည်အသွေးမြင့်မားလာစေရန် ပြည်ပရောက် တတ်သိပညာရှင်များအနေနှင့်
ဆောင်ရွက်ပေးနိုင်သည်များ။ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေး မြင့်မား လာစေရန် ရှိသင့်သောစံနှုံးများရေးဆွဲ
ချမှတ်ခြင်းများ၊ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်လာသောအခါ မြန်မာနိုင်ငံသား လုပ်သားများအား
နိုင်ငံခြားသားများနှင့် တန်းတူခံစားခွင့်ရရန် လုပ်ကိုင်ဆောင်ရွက်ရမည့် နည်းလမ်းများ
(ဥပမာ - ဘာသာစကားနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းများပေးခြင်း) စသည်တို့ ဖြစ်ပါသည်။
အထူးကား မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပရောက် မြန်မာတတ်သိပညာရှင်များနှင့်
မြန်မာနိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ အစိုးရမဟုတ်သော အဖွဲ့များ (ဥပမာ ၈၈ကျောင်းသားများအဖွဲ့)
နှင့် ပူးပေါင်းဆောင်ရွက်ရန်။ ဤကဲ့သို့ ဆက်သွယ်ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊
လုပ်ပုံလုပ်နည်းများကို အဓိကထားဆွေးနွေးကြမည် ဖြစ်ပါ သည်။
စကားဝိုင်း၏အပြင်အဆင်မှာ စင်မြင့်ပေါ်၌ အထက်ပါဖိတ်ကြားထားသော ဧည့်သည်တော်လေးယောက်နှင့်
မော်ဒရေတာတစ်ယောက် ရှိပါမည်။ မော်ဒရေတာက တတ်/သိ ပညာရှင် အဖွဲ့အသီးသီးမှ ပေးထားသည့်မေးခွန်းများ၊ ဆွေးနွေးချက်များကို တတ်သိပညာရှင်များကိုယ်စား မေးမြန်းပြောဆိုသည်ကို
ဖိတ်ကြားထားသည့် ဒေါက်တာအေးမောင် စသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးမည်ဖြစ်ပါသည်။
ပထမဦးစွာ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံတည်ဆောက်ရေးတွင်
ပြည်ပရောက် တတ်သိ ပညာရှင်များပူးပေါင်းပါဝင်ရေးနှင့်ပတ်သက်၍ အဖွင့်မိန့်ခွန်း ပြောကြားပါမည်။
ထို့နောက် တက်ရောက်လာသည့်အဖွဲ့ ၁၀ ဖွဲ့မှ မိမိတို့အဖွဲ့များ၏ အကြောင်းကို တစ်ဖွဲ့လျှင်
၈ မိနစ်နှင့် ၁၀ ဖွဲ့ (မိနစ် ၈၀) တင်ပြပါမည်။ ထို့နောက် အားလပ်ချိန် မိနစ် ၂၀ ပေးပါမည်။
ဒုတိယပိုင်းမှာ Panel Discussion ဖြစ်ပြီး panelist လေးဦးမှ တစ်ဦးလျှင် မိနစ်
၂၀ ဖြင့် ဆွေးနွေးပါမည်။ ထို့နောက် အမေးအဖြေကဏ္ဍဖြစ်ပြီး panelist လေးဦးနှင့် စင်ကာပူမှ
ဆွေးနွေးထားသူများ မေးကြဖြေကြပါမည်။
(၄)
အင်အားကြီးမားလှသော
ပြည်ပရောက် လူသား အရင်းအမြစ်ကြီးကို မြန်မာနိုင်ငံတည်ဆောက်ရေး၌သာ ထိထိရောက်ရောက် အသုံးချနိုင်မည်ဆိုပါက
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးများလှသော အထောက် အကူရမည် ဖြစ်၏။ စက်ပစ္စည်း၊
အဆောက်အဦ စသည့် ရုပ်ဝတ္တုတို့မှာ ငွေရှိလျှင် ၀ယ်ယူတင်သွင်းနိုင်မည် မှန်သော်လည်း ကျွမ်းကျင်သည့်
လူသား အရင်းအမြစ်ကိုမူ ၀ယ်ယူတင်သွင်းဘို့ရာ မဖြစ်နိုင်ပါ။ နိုင်ငံခြားမှ ကျွမ်းကျင်သူပညာရှင်များကို
ငှားရမ်း၍ ရနိုင်သည် မှန်သော်လည်း အလွန်ကြီးမားလှသော အခကြေးငွေ ပေးရပါလိမ့်မည်။ ထို့ပြင်
မြန်မာလုပ်သားများနှင့် ဆက်ဆံရာတွင် ဘာသာစကားအခက်အခဲ၊ မိမိဌာနေသို့ မကြာခဏပြန်လိုခြင်း။
အလွန်ဈေးကြီးလှသည့် ထိခိုက်မှုအာမခံ၊ အသက်အာမခံများထားပေးရခြင်း။ ယုတ်စွအဆုံး ၎င်းတို့နေရေးစားရေးအတွက်
အဆင်ပြေအောင်စီစဉ်ပေးရခြင်း အစရှိသည့် ကန့်သတ်ချက်အများအပြားလည်း ရှိပါလိမ့်မည်။
မြန်မာနိုင်ငံအတွက် အားသာချက်မှာ ယခင်နိုင်ငံရေးစနစ်ဟောင်းကြောင့်
ပြည်ပသို့ မြန်မာအများအပြား ထွက်ခွါ အလုပ်လုပ်နေကြသည်ဖြစ်ရာ ထိုသူများမှာ နိုင်ငံတကာအတွေ့အကြုံရသည်သာမက
ထိုနိုင်ငံများမှ အတတ်ပညာ၊ ခေတ်မီ နည်းပညာများကိုလည်း အလုပ်လုပ်ရင်းနှင့် သင်ကြားတတ်မြောက်ပြီးနေသူများ
ဖြစ်ကြပါသည်။
ထိုမျှတန်ဘိုးကြီးမားလှသော အင်အားစုကြီးကို
မြန်မာနိုင်ငံတည်ဆောက်ရေးတွင် စနစ်တကျအသုံးချတတ်ရန် လိုပါသည်။ နိုင်ငံတော်အစိုးရအနေနှင့်
ပြည်ပရောက်မြန်မာများကို ပြန်လည်ဖိတ်ခေါ်နေသည်မှန်သော်လည်း အခြေအနေ အကြောင်းကြောင့်
ပြည်တော်မပြန်နိုင်ဖြစ်နေသော မြန်မာများမှာ ကမ္ဘာအနှံ့ဒုနှင့်ဒေးရှိပါသည်။ ထိုအခါ ထိုသူများ၏
အသိပညာစွမ်းရည်နှင့် အတတ်ပညာစွမ်းအားတို့ကို လိမ္မာပါးနပ်စွာ ရယူအသုံးချနိုင်ရေးမှာ
မြန်မာနိုင်ငံတော် အစိုးရအနေနှင့် စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါသည်။
ယခု ဤ “မြန်မာပြည်အကူးအပြောင်း၌ ပံ့ပိုးရေး၊
ပညာရှင်များနှင့်စကားဝိုင်း” သည် ပြည်ပရောက် မြန်မာအင်အားစု ကြီးကို မြန်မာနိုင်ငံတည်ဆောက်ရေးတွင်
အသုံးချနိုင်ရေးအတွက် လမ်းစပင်ဖြစ်ပါသည်။ ဤကဲ့သို့သော စကားဝိုင်းမှာ တစ်ချိန်တည်း၊
တစ်နေရာတည်းတွင် တစ်ခါတည်းလုပ်ကာ လုပ်ပြီးပြီးပြီးပျောက်ပျောက်ထားလို့ ရစကောင်းသောအရာ
မဟုတ်။
ထိုစကားဝိုင်းမှရလာမည့် ဆွေးနွေးပွဲရလဒ်များကို
လက်တွေ့ဆက်လက် အကောင်အထည်ဖော်ရန်၊ ဤပွဲပြီးသည်နှင့် ရပ်တန့်မသွားဘဲ ဆက်လက်လှုပ်ရှား
ဆောင်ရွက်နေရန်လိုပါသည်။ စင်ကာပူတစ်နိုင်ငံထဲသာမက မလေးရှား၊ သြစတေးလျား၊ အမေရိကန်၊
ကနေဒါစသည့် အခြားနိုင်ငံများတွင်လည်း ဤစကားဝိုင်းမျိုးများ ကျင်းပသင့်ပေသည်။
ထို့ကြောင့် ဤကဲ့သို့သော စကားဝိုင်းမျိုးများ
နောင်ထပ်မံပြုလုပ်သည့်အခါတွင် လွယ်ကူစေရန်အတွက်သော် လည်းကောင်း၊ မြန်မာပြည်သို့ နည်းပညာပံ့ပိုးပေးရေးအပိုင်းတွင်
စင်ကာပူရှိ တတ်/သိပညာရှင်အဖွဲ့များ အချင်းချင်း ချိတ်ဆက် လှုပ်ရှားနိုင်ရန်အတွက်သော်လည်းကောင်း
အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များပါဝင်သည့် စုပေါင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် လိုပါ
မည်။
ဤအဖွဲ့ကို Myanmar Transitional Platform (MTP) ဟု အမည်ပေးပါမည်။
အဖွဲ့၏ ရည်ရွယ်ချက်မှာ
အောက်ပါအတိုင်း ဖြစ်ပါသည်။
v ယနေ့လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင်
ပြည်ပရောက်မြန်မာများ (စင်္ကာပူရောက် မြန်မာများ) အနေနှင့် မိမိတို့လက်တွေ့လုပ်ကိုင်ရရှိထားသော
ပြည်ပအတွေ့အကြုံ၊ နည်းပညာများဖြင့် နိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် တတ်နိုင်သည့်နေရာမှ
ချိတ်ဆက်ပူးပေါင်းနိုင်မည့် အခြေအနေ၊ အခွင့်အလမ်းများကို ၀ိုင်းဝန်း ရှာဖွေကြရန်
v နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော် နှင့် ပြည်သူလူထုတို့အကြားတွင်
အပြန်အလှန် ရင်းရင်းနှီးနှီး ထိတွေ့ ဆက်ဆံခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး လိုအပ်ချက်၊
အားသာချက်၊ အားနည်းချက်များကို ပိုမိုခံစားနားလည်နိုင်ပြီး နိုင်ငံရေးရာများကို အတူတကွဖြေရှင်းကြသည့်
နိုင်ငံရေးယဉ်ကျေးမှုကို ရှင်သန်စေရန်
အဖွဲ့တွင် စင်ကာပူနိုင်ငံ၌ ရောက်ရှိလုပ်ကိုင်နေသော မြန်မာတတ်သိပညာရှင်အားလုံး
ပါဝင်လာရန် ဖိတ်ခေါ်သွားမည် ဖြစ်၏။ ဘူမိဗေဒအဖွဲ့ကဲ့သို့သော ရှိနှင့်ပြီးအဖွဲ့များအနေနှင့်လည်း
မိမိတို့အဖွဲ့လိုက် ပူးပေါင်းပါဝင်ကြရန် ဖြစ်ပါသည်။ အဖွဲ့ ဖွဲ့ပြီးသားမရှိသေးသူများအနေနှင့်လည်း
မိမိတို့ကျွမ်းကျင်ရာ လုပ်ငန်းအလိုက်၊ ဘာသာရပ်အလိုက် အဖွဲ့များဖွဲ့ရန် အကြံပေးခြင်း၊
သို့မဟုတ်ပါကလည်း ပုဂ္ဂလဓိဌာန် တစ်ဦးချင်းအလိုက်ပါဝင်လာစေရန် စည်းရုံးခြင်းများ ပြုလုပ်ပါမည်။
အဖွဲ့၌ အလုပ်အမှုဆောင်ကော်မတီ
(Executive Committee) ဖွဲ့စည်းထားပြီး ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းကိုင်၊
ဆက်သွယ်ရေးနှင့်ပြန်ကြားရေး၊ နည်းပညာအဖွဲ့ စသည်ဖြင့်ခန့်အပ် ဆောင်ရွက်ပါမည်။ နည်းပညာအဖွဲ့တွင်
စင်ကာပူရှိအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ပါမည်။ ၎င်းတို့က MTP အဖွဲ့မှ ဆောင်ရွက်ချက်၊
သတင်း စသည်တို့ကို မိမိတို့အဖွဲ့သို့ လက်ဆင့်ကမ်းကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်
ဖြစ်ပါသည်။ သို့သော် မူရင်းအဖွဲ့များအနေနှင့် သီးခြားတည်ရှိနေမည်သာဖြစ်ပြီး MTP အဖွဲ့၏
လက်အောက်ခံမဟုတ်ပဲ အချင်းချင်း ဆက်သွယ် ဆောင်ရွက်ခြင်းမျှသာ ဖြစ်ပါမည်။
(၅)
ဤ “မြန်မာပြည်အကူးအပြောင်း၌ ပံ့ပိုးရေး။
ပညာရှင်များနှင့်စကားဝိုင်း” သည် ပြည်ပရောက် မြန်မာ အတတ်ပညာရှင်များနှင့် မြန်မာအစိုးရအဖွဲ့ကို
ပေါင်းကူးပေးမည့် လမ်းစဖြစ်၏။ ဤစကားဝိုင်း၏ အောင်မြင်မှု အတိုင်းအတာပေါ်မူတည်၍ မြန်မာနိုင်ငံပြင်ပမှ
တတ်/သိပညာရှင်များအား မြန်မာနိုင်ငံတည်ဆောက်ရေးတွင် အကျိုးရှိစွာ ထိထိရောက်ရောက် အသုံးချနိုင်မည်
ဖြစ်ပါသည်။
မြန်မာနိုင်ငံပြင်ပတွင် ရှိနေသည့် မြန်မာ
အသိပညာရှင်၊ အတတ်ပညာရှင် အင်အားမှာ မသေးလှပါ။ စင်ကာပူနိုင်ငံမှ မြန်မာတတ်/သိပညာရှင်များ၏ ယခုစကားဝိုင်းကို နမူနာယူ၍
အခြားတိုင်းပြည်များရှိ မြန်မာများကလည်း လုပ်ကြမည်ဆိုပါက အမိမြန်မာနိုင်ငံတော်ကြီးအတွက်
တစ်အားပင်ဖြစ်ပါသည်။ ဤကဲ့သို့ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ အစိုးရအဖွဲ့အစည်းများနှင့်
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ဆန္ဒရှိသော မြန်မာပြည်အကျိုးကို သယ်ပိုးပြီးဖြစ်သည့်ပြင်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း များစွာ အထောက်အကူပြုမည် ဖြစ်၏။
ထို့ကြောင့် ဤကဲ့သို့စကားဝိုင်းများ အခြားနိုင်ငံများတွင်လည်း
ပေါ်ပေါက်လာပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။
အေးငြိမ်း
၂၁ - ၄ - ၂၀၁၃
---------------------
+++++++++++ ---------------------