Friday, May 20, 2011
ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၇)
တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၁
 (၂၁) စင်ကာပူသို့ နောက်တစ်ကြိမ် ပြန်ထွက်ရန် ကြိုးစားခြင်း
            လူ့ဘ၀ဟူသည် မရေမရာနိုင်လှ၏။ ဘယ်အချိန် ဘယ်သူနှင့်တွေ့မည်။ ဘာတွေဖြစ်မည်။ ဘယ်ရောက်မည်၊ နောက်ဆုံး ဘယ်နေ့တွင် ဘယ်လိုဖြစ်ပြီးသေမည် ဆိုသည်ကို မည်သူမျှမသိနိုင်။ ခုလောလောဆယ်ဖြစ်ခဲ့သည့် ဧရာဝတီတိုင်း မှ နာဂစ်၊ ရခိုင်မှ ဂီရိ နှင့် ဂျပန်မှ ငလျင်တို့ကိုကြည့်ပါ။ မကြာသေးမီကမှ ဖြစ်ပျက်ခဲ့သော ကျွန်တော့်သူငယ်ချင်းမိသားစု ကား မတော်တဆမှုဖြစ်ကာ မိသားတစ်စုလုံး တစ်ယောက်မကျန် သေကုန်သည်ကို ကြည့်ပါ။
            ဘယ်နေ့သေမည်မှန်း မသိနိုင်သဖြင့် ရုတ်တရက် ဗြုန်းဒိုင်းဆို သေသွားလျှင် အသေလှအောင် ကိုယ့်ဘ၀ကိုယ် ပြင်ဆင်ထားရန် လိုပါသည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်သည့်သူ သေလျှင် ကောင်းသည့်နေရာရောက်မည်။ မကောင်းတာလုပ်သည့်သူ သေလျှင် မကောင်းသည့် နေရာ ရောက်မည်။ အသေလှအောင် (အသေလှအောင် ဆိုသည်မှာ မသာလှအောင်ကို ပြောခြင်းမဟုတ်။) အသက်ရှင်နေ သခိုက် မကောင်းတာမလုပ်မိအောင် သတိထား ရှောင်ရှားကြရန် လိုပါသည်။ 
            ကျွန်တော်သည်လည်း ကံဇာတ်ဆရာကခိုင်းသကဲ့သို့ ကနေရသည်ဖြစ်ရာ ငိုစရာအခန်းများနှင့် ကြုံလိုက်၊ ရယ်စရာ အခန်းများတွင် ကပြလိုက်၊ တစ်ခါတစ်ရံ စိတ်ညစ်လွန်းသဖြင့် ခုနေသေသွားရင် အတော်ကောင်းမှာဘဲ ဟုတွေးမိသည့် အခါများပင် ရှိပါသည်။ မိတ်ဆွေတို့လည်း ကျွန်တော့်လိုပင် ကြုံဖူးမည်မှာ မလွဲပါ။ လူမှန်လျှင် တစ်နည်းမဟုတ် တစ်နည်း၊ ကြုံဖူးကြမည်သာတည်း။ မသေခင် အကောင်းဆုံးဖြစ်အောင် နေသွားကြပါဟု တိုက်တွန်းချင်ပါသည်။
            ယခုလည်း ကျွန်တော့်မှာ Union Alloy နှင့် အကြောင်းဆက်ရတော့မည် ဖြစ်သည်။ စင်ကာပူတွင် ဒုတိယအကြိမ် ကုမ္ပဏီပြောင်းခြင်း ဖြစ်၏။ သည်ကုမ္ပဏီတွင် မည်မျှကြာမည်။ မည်ကဲ့သို့သော သူများနှင့် ဆက်ဆံရမည်။ မည်သည့် အလုပ်များ လုပ်ရမည်။ နောင် မည်သည့်ကုမ္ပဏီများနှင့် နှစ်ပါးသွားရမည် မသိနိုင်ပါ။ ကြုံလာသမျှကို မီးစင်ကြည့် ကရမည် သာဖြစ်သည်။ ကုသိုလ်ကံကောင်းလျှင် လူကောင်းသူကောင်းများနှင့် ဆုံဆည်းရမည်။ အကုသိုလ်ကံ ဖိစီးလာလျှင်တော့ စိတ်သဘောထားဆိုးသူများနှင့် တွေ့ရမည်။ လူကောင်းများနှင့် ဆုံရလျှင် စိတ်ချမ်းသာ၊ လက်ချမ်းသာ အလုပ်လုပ်နိုင်မည်။ လူကြီးလူမကောင်းများနှင့် ဆုံရလျှင်တော့ စိတ်ဆင်းရဲစရာများနှင့် တွေ့ရမည်။
            ကျွန်တော်ငယ်စဉ်က ကျားသေကို အသက်သွင်းမိသောမင်းသား ပုံပြင်ကို ဖတ်ဖူးပါသည်။ ထိုစဉ်ကမူ ထို မင်းသားကို အင်မတန်မိုက်မဲတဲ့ မင်းသားဘဲ ဟု ပြစ်တင် ရှုပ်ချမိပါ၏။ သို့သော် တစ်နေ့တွင် ကျွန်တော်ကိုယ်တိုင် ထိုမင်းသား ဖြစ်လာလိမ့်မည်ကို စိုးစဉ်းမျှ မတွက်ခဲ့မိပါ။
            မသိသေးသူများအတွက် ထိုပုံပြင်ကလေးကို အကျဉ်းချုပ်ကာ ပြန်ပြောပြပါမည်။ သိပြီးသူများ သည်းခံတော်မူပါ။
            တရံရောအခါက တိုင်းပြည်တစ်ပြည်မှ မင်းသားကလေးတစ်ဦးသည် တက္ကသိုလ်ပြည်သို့သွားကာ သေသော သတ္တ၀ါများကို ပြန်ရှင်လာစေရန် အသက်သွင်းသော အတတ်ကို သင်ယူခဲ့သည် ဟူသတတ်။ ပညာစုံသောအခါ မိမိတိုင်းပြည်သို့ တောလမ်းမှ ဖြတ်ပြန်ခဲ့သည်။ လမ်းတွင် ကျားသေတစ်ကောင်တွေ့၏။ ထိုအခါ စက်ဘီးစီးတတ်ကာစ လူငယ်များသည် စက်ဘီးမြင်လျှင် စီးလိုသကဲ့သို့ အသက်သွင်းပညာတတ်ကာစ မင်းသားလေးမှာ မိမိပညာကို စမ်းလိုသည်နှင့် ကျားသေကို အသက်သွင်းလိုက်သည်။ ထိုကျား အသက်ရှင်လာသောအခါ မင်းသားလေးကို ခုန်အုပ်ကာ ကိုက်စား လိုက်တော့၏။
            မင်းသားကလေး မမိုက်မဲပါသလော။ ဟုတ်၏။ မိမိကို ကိုက်စားမည့်ကျားကို အသက်သွင်းခြင်းလောက် မိုက်မဲသော အမှု ဘယ်မှာရှိပါမည်နည်း။ သို့သော်လည်း မိတ်ဆွေများကိုယ်တိုင် ထို မင်းသားကလေးဖြစ်နေတတ်ပါသည်။ ကျွန်တော် ကိုယ်တိုင် ထိုမင်းသားကလေးဘ၀ ဘယ်ပုံရောက်သွားရသည်ကို နောက်ပိုင်းတွင် ဖော်ပြပါမည်။ သူများ မကောင်းကြောင်း ရေးရတာ အကုသိုလ်များလှပါသည်။ ထို့ကြောင့် သူများအကြောင်းထက် ကိုယ့်အားနည်းချက်၊ ချွတ်ယွင်းချက်များကိုသာ အဓိကထား ရေးသားပါမည်။ ကျွန်တော်ကဲ့သို့ မမိုက်မဲမိစေရန် သင်ခန်းစာယူကြပါကုန်။
            Tellus နှင့် အပြီးတိုင် လမ်းခွဲခဲ့ပြီး မိသားစုရှိရာသို့ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့တွင် ပြန်ခဲ့သည်။ Tellus တွင် ၂ နှစ်ကြာခဲ့၏။ ထို ၂ နှစ်အတွင်း အိုလံပတ်စ် ကင်မရာဝယ်တာ ၃၄၀။ မြန်မာသံရုံးသို့ အခွန်ဆောင်တာ ၉၀၀။ ပတ်စ်ပို့ သက်တမ်းတိုးတာ ၃၀၈ ကျပ်။ သွေးပေါင်ချိန်စက်ဝယ်တာ ၁၀၈ ကျပ် အပါအ၀င် အသုံးစရိတ် စုစုပေါင်းမှာ စင်ကာပူဒေါ်လာ ၅၅၇၄.၆၉ ဖြစ်၏။
အများဆုံးသုံးတာဆို၍ အိမ်ပြန်ခါနီး ညီမများဘို့ ငွေဆွဲကြိုးလေး ၀ယ်တာ။ ပါတိတ်လုံချည်များ ၀ယ်တာ။ ချောကလက်ဝယ်တာမျှ ဖြစ်ပါသည်။ ကျွန်တော့ကိုယ်ပိုင် အသုံးစရိတ်မှာ နှစ်နှစ်အတွင်း ၃၀၀၀ မျှပင်မပြည့်ပါ။ အိမ်ပြန်တော့ ပိုက်ဆံ ၂၃၅ ကျပ်ပဲ ကျန်တော့သည်။ Tellus တွင် နောက်ဆုံးထုတ်လစာ တစ်လစာ ကြွေးကျန်ခဲ့သည်။ တမင်သက်သက် မပေးဘဲ ချန်ထားတာ ဖြစ်၏။ သို့သော် နောက်တစ်ခေါက် စင်ကာပူ ပြန်ရောက်တော့ သွားတောင်းရာ အားလုံးပြန်ရခဲ့ပါသည်။ နှစ်ခါလောက်တော့ သွားလိုက်ရ၏။
            ထို ပထမ ၂ နှစ်အတွင်း ရသောဝင်ငွေမှာ ၂၁၇၈၂. ၀၉ ဖြစ်ပါသည်။ ထိုအချိန်က ပိုက်ဆံဈေးမှာ စင်ကာပူ တစ်ဒေါ်လာလျှင် ၁၈၈ ကျပ် (၁၉၉၉၊ ဇန္န၀ါရီ) မှ ၂၁၀ ကျပ် (၁၉၉၉၊ စက်တင်ဘာလ) ထိ ပေါက်၏။ အမြတ်မှာမူ ယခင်က ၀န်ထမ်းအိမ်ကလေးတွင် ကြပ်ကြပ်တည်းတည်း ငှားနေရသည်မှ တိုက်ခန်းတစ်ခု ငှားနေနိုင်လာပါသည်။ အိမ်တော့ မ၀ယ်နိုင် သေး။ ငှားနေသောတိုက်ခန်းမှာ နာနတ်တောလမ်းမှ ပြည်ရိပ်မွန်အိမ်ယာတွင် ဖြစ်၏။
            အိမ်ပိုင်ရှင်မှာ ရန်ကုန်တက္ကသိုလ်မှ ဆရာမကြီး ဖြစ်သည်။ အင်မတန် ခင်ဘို့ကောင်း၏။ သူ့တွေ့လိုက်လျှင် အမြဲ ပြုံးနေသည်။ ချမ်းလည်းချမ်းသာ၏။ သူတို့အိမ်က အာတီးယားလမ်း ထဲတွင် ဖြစ်သည်။ ယခုအိမ်ကို သူတို့ မိတ်ဆွေတစ်စု စု ၀ယ်ထားတာဆိုတော့ ရောင်းချပြီး ခွဲဝေယူကြချင်သည်။ သည်တော့ ကျွန်တော်ရန်ကုန်ပြန်ရောက်ခိုက် ဆရာမကြီးလာကာ သည်အိမ်ကိုဝယ်ဘို့ စကားစပ်ပါသည်။
            ကျွန်တော်က နောက်ကုမ္ပဏီတွင်ရမည့်လခနှင့် တွက်ချက်ကြည့်ရသည်။ ဒါတောင် ဘယ်တော့ ပြန်သွားရမည် မသိသေး။ နောက်တော့ နောက်အကျဆုံး ၂ လလောက်နေလျှင် သွားရလိမ့်မည်။ တစ်လ ဘယ်လောက်ရမည်။ ဘယ်လောက် သုံးမည်။ ဘယ်လောက်အိမ်ဘိုးပေးနိုင်မည်။ ဒါဆိုလျှင် ဘယ်လတော့ကျေမည် စသဖြင့် မမနှင့်နှစ်ယောက်သား ခေါင်းချင်းဆိုင် တိုင်ပင်ကြ၏။
              တွက်ချက်ပြီးတော့ ဆရာမကြီးကို မေတ္တာရပ်ခံရသည်။ လက်ထဲတွင် ပိုက်ဆံမရှိသေးသဖြင့် ခွဲပေးပြစေ။ ၂၀၀၀ ခု နှစ် အကုန်တွင် အကျေပေးပါမည် စသဖြင့်။ ဆရာမကြီးကလည်း ရပါတယ် ဆို၏။ သို့သော် ၂၀၀၀ ခုနှစ် ဒီဇင်ဘာလကုန် သည်ထိ ကြွေးမကျေပါ။ ၂၀၀၁ ခုနှစ် ဧပြီလကျမှ အကုန်ကျေသည်။ ထိုစဉ်က ဤတိုက်ခန်းတန်ဘိုးမှာ ၁၈ သိန်းမျှသာ ဖြစ်ပါ၏။ ခုတော့ သိန်း ၂၀၀ ခန့်ဖြစ်နေပါပြီ။
            စင်ကာပူတွင် အင်တာဗျူးပြီး၊ အလုပ်ရပြီးဖြစ်သဖြင့် ဘာမှပူစရာမလို။ စိတ်အေးလက်အေး မိသားစုနှင့် ပျော်ပျော်ပါးပါးပင် စားလိုက်သောက်လိုက်၊ သွားလိုက်လာလိုက်နှင့် စိတ်ချမ်းသာ လက်ချမ်းသာ။ ကျွန်တော်အလွန်ချစ်သော သမီးကလေးမှာလည်း မူကြိုစတက်နေပြီ။ သမီးနှင့်ကစားလိုက်။ သူ့ကို ကျောင်းလိုက်ပို့လိုက်နှင့် ပျော်ပျော်ကြီး နေခဲ့ပါသည်။
သို့သော် မြန်မာပြည်ပြန်ရောက်ပြီး တစ်လကျော်လာတော့ စိတ်က နည်းနည်းပူလာပြီ။ သူတို့ပြောတုံးက တစ်လ လောက်ကြာလျှင် ရမည်ဟုပြောလိုက်တာ။ ခုတော့ ဘာအဆက်အသွယ်မှ မရသေး။ မရဆို ဆက်သွယ်ရအောင်လည်း ကျွန်တော့်တွင် ဖုံးမရှိ။ သည်တော့ အနီးမှ ဖုံးရှိသောအိမ်တွင် ဈေးကြီးပေးကာ သွားသွား ဆက်မေးရသည်။ တော်ကြာ ဘာဖြစ်လို့ ခဏစောင့်ပါဦး။ နောက်တစ်ခေါက်ဆက်တော့ ဘာမရသေးလို့ ခဏစောင့်ပါဦးနှင့် တစ်လခွဲကျော်လာတော့ ရင်များပူလာတော့သည်။ ဘာများဖြစ်ပါလိမ့်။ ငါတို့ကြာနေလို့များ မစောင့်နိုင်လို့ သူများကို ခန့်လိုက်ပြီလား။ အဲဒါဆိုရင်တော့ ပြဿနာဘဲ ဟု စင်ကာပူကို မကြာခဏ လှမ်းလှမ်း ဖုံးဆက်ရသည်။
အနို့ စိတ်ပူဆို။ ကျွန်တော်တို့ စင်ကာပူမှ မပြန်ခင်ကတော့ သူတို့ဘဲ မင်းတို့မပြန်သေးဘူးလား။ ဘယ်တော့ ပြန်လာမလဲဟု လောဆော်နေတာ။ ခုကျမှ တစ်လကိုးသီတင်း စောင့်နေရပြီ ဆိုတော့ တစ်ခုခုလွဲနေပြီ ဟု ကျွန်တော် စိတ်ပူမိတာ မဆန်းပါ။
များမကြာမီ ကျွန်တော်တို့ထံ IPA (In Principal Approval) စာ ရောက်လာ၏။ သို့သော် Banker’s Guarantee မရောက်လာသေးသဖြင့် စောင့်နေရပြန်သည်။ ပထမ မိတ္တူရောက်လာသည်။ သို့သော် ဗီဇာယူရန် မူရင်းပြရသည်။ မိတ္တူနှင့် မရ။ သည့်အတွက် မူရင်းထပ်မှာ။
ဗီဇာသွားတင်တော့ အတော့်ကိုနောက်ကျနေပြီ။ ဗီဇာယူရန် လေယာဉ်လက်မှတ် အရင်သွားယူရသည်။ လေယာဉ် ထွက်မှာက နက်ဖြန်။ သည်နေ့ကျမှ ဗီဇာတင်ရသည်။ ဗီဇာဌာနမှ အမျိုးသမီးကို လေယာဉ်လက်မှတ်ပြကာ တောင်းတောင်း ပန်ပန်ပြောတော့ ညနေလာယူလှဲ့ ဟု ဆိုသည်။ သည်တုံးက ဗီဇာတင်တာ ယခုလို ၃ - ၄ ရက် စောင့်စရာ မလို။ သည်နေ့တင် နက်ဖြန်ရ။ သို့သော် ကျွန်တော်တို့မှာ လေယာဉ်က နက်ဖြန်ထွက်မှာမို့ မနက်တင်၊ ညနေ ထုတ်ပေးလိုက်ခြင်း ဖြစ်ပါသည်။
လက်မှတ်အားလုံး လက်ထဲရောက်တော့မှ ရင်ထဲက အလုံးကြီး ကျသွားသည်။ ပထမအခေါက်ကမူ အေးဂျင့်နှင့် သွားတာမို့ ကိုယ်ဘာမှ လုပ်စရာမလို။ အေးဂျင့်က အစအဆုံးလုပ်ပေးသည်။ ခုတော့ ကိုယ့်အားကိုယ်ကိုးရပြီ။ သို့သော်လည်း ပထမတစ်ခေါက် အတွေ့အကြုံရှိပြီးသားမို့ ဘာမှသိပ် မခဲယဉ်းတော့ပါ။
(၂၂) ဒုတိယအကြိမ် စင်ကာပူသို့ ထွက်ခွာခြင်း / Union Alloy နှင့် ပထမအကြိမ် ဖူးစာဆုံရခြင်း
            စင်ကာပူသို့ ဒုတိယအကြိမ်ထွက်လာတာ ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့။ ကျွန်တော်နှင့်အတူလာသူမှာ Tellus တွင်ရှိစဉ်က ကုတင်တစ်လုံးကို အပေါ်အောက် အိပ်ရသူ သူငယ်ချင်းဖြစ်၏။
စင်ကာပူထွက်သာလာခဲ့ရသည်။ ဘယ်မှာနေရမည်မှန်းမသိသေး။ ကျွန်တော်တို့မှာ ၀ပ်ပါမစ်ဟုပင် ဆိုသော်ငြား ကိုယ်ကစ ဆတ်ဆော့သည့် ကုမ္ပဏီဖြစ်သည်က တစ်ကြောင်း၊ ကုမ္ပဏီကလည်း စင်ကာပူအေးဂျင့်ကို ငှားလုပ်တာ တစ်ကြောင်း ဆိုတော့ သွားဘို့လာဘို့ကိစ္စ၊ လေယာဉ်လက်မှတ်ကိစ္စ၊ ဗီဇာကိစ္စ၊ နေဘို့ထိုင်ဘို့ကိစ္စ အစစ ကိုယ့်ဟာကိုယ် စီစဉ်ရသည်။ နေဘို့အတွက် Marine Parade က United Mension မှာ အခန်းရသည်။ ထိုကမှ ရုံးသို့သွားသည် ပေါ့။
            ထိုအိမ်တွင်နေသူ အများစုမှာ ဂျော်လော်ဂျစ်တွေ။ သူတို့ကြည့်ရတာတော့ ခပ်ပျော်ပျော်ပါဘဲ။ နေခ တစ်ယောက်၊ တစ်ရက်ကို ၇ ကျပ်ပေးရသည်။ စားတာတော့ အနီးရှိဆိုင်တစ်ဆိုင်ဆိုင်တွင် စားလိုက်ကြသည်။ ထိုအိမ်တွင် နှစ်ပတ်မျှ နေခဲ့ရ၏။
             ကျွန်တော်တို့ကို အင်တာဗျူးလိုက်သည့် Union Alloy မှ မန်နေဂျာနှစ်ဦးမှာ Derrick နှင့် Melvin ဟူ၏။ Melvin မှာ ယခုတိုင် ကျွန်ုပ်နှင့် လက်တွဲလုပ်နေလျှက်ရှိသေးသည်။ အင်မတန် သဘောသကာယကောင်းပြီး အင်မတန်လည်း ချစ်စရာ ကောင်း၏။ Derrick နှင့် ကျွန်တော်မှာ အသက်ချင်း မတိမ်းမယိမ်း။ Melvin ကတော့ ကျွန်တော့်ထက် သုံးနှစ်လောက် ငယ်သည်။
            Union Alloy ကုမ္ပဏီမှာ သိပ်မကြီးလှ။ သိပ်မကြီးဆိုတာထက် သေးသေးကလေးဟုပင် ပြောလို့ရပါသည်။ သူဌေးအပါအ၀င် ၀န်ထမ်း အင်အားစုစုပေါင်း ၂၀ ပင်မပြည့်။ သူဌေးမှာ လင်မယားနှစ်ယောက်လုံးဖြစ်၏။ သူဌေးမကြီးမှာ သဘောထားပြည့်လှသည်။ စားစရာများလည်း မကြာခဏ ၀ယ်လာပေး၏။
            သည် ၀န်ထမ်း ၂၀ ထဲမှာမှ ကျွန်တော်တို့နှင့် လက်တွဲလုပ်ရတာက လေးငါးဦးမျှသာ ဖြစ်၏။ မန်နေဂျာနှစ်ဦး၊ ပစ္စည်း အပို့အယူလုပ်သည့် ကုလားကြီးတစ်ဦး၊ မလေးကုလားလေးတစ်ဦး၊ စာရေးမတစ်ဦး။ သည်မျှသာ ဖြစ်သည်။ သူတို့က အလုပ်သမား ခန့်မထား။ လူလိုမှ ခေါ်လုပ်သည်။ စင်ကာပူမှာတော့ Manpower supply ဟုခေါ်သည်။
သူများအလုပ်သမားခေါ်လုပ်တော့ ၀န်ကင်းသည်။ အလုပ်ရှိတော့ခေါ်၊ အလုပ်ပြီးတော့ ပြန်လွှတ်။ ဘာမှ ခေါင်းစား စရာမလို။ ဈေးတော့များသည်ပေါ့။ သူတို့အဖို့ ၀န်ကင်းသော်လည်း ကျွန်တော်တို့မှာ မသက်သာ။ အလုပ်များလျှင်၊ လုပ်ငန်း ကြီးကြီးမားမားဆိုလျှင် လူခေါ်သော်လည်း အနည်းအကျဉ်းတော့ ဘယ်ခေါ်လိမ့်မတုံး။ ငါးတကာယိုတဲ့ချေး ပုဇွန်ဆိတ်ခေါင်းစု ဆိုသလို လူတကာက ဘာညာကွိကွကလေးလုပ်ချင်ပြီ ဆိုလျှင် ကျွန်တော်တို့ခေါင်းပေါ် ရောက်လာတော့သည်။
ကုမ္ပဏီမှာက လူမရှိတော့ ငြင်းလို့လည်း မဖြစ်။ ကိုင်း - ၀က်ဖြစ်မှတော့ ဟိုဒင်းကြောက်နေလို့ မဖြစ်ချေဘူးဟု ပေးအပ်လာသော တာဝန်မှန်သမျှ ဦးလည်မသုန် ထမ်းဆောင်ရတော့၏။ ဘာတွေလုပ်ရတယ် ဆိုတာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါလိမ့်မည်။
            ကျွန်တော်တို့ ရုံးရောက်သွားတော့ Derrick က ကျွန်တော်တို့လုပ်ရမည့် ပိုက်များ၊ ပိုက်ဆက်ပစ္စည်းများ၊ ပိုက်ထုတ် လုပ်ပုံ နည်းစနစ်များကို လေ့လာခိုင်းပါသည်။ စာအုပ်များပေးဖတ်သည်။ ဗီဒီယိုများ ကြည့်ခိုင်းသည်။ ထို့နောက် ထိုအကြောင်း ရှင်းပြသည်။ ကုမ္ပဏီ၏ Work Scope ကို ပြောပြသည်။ နောက်ပြီး သူတို့ရောင်းနေသော ပိုက်မဟုတ်သည့် အခြား ဖိုက်ဘာ ပစ္စည်းများအကြောင်းလည်း လေ့လာခိုင်းသည်။
            နောက်ပြီး သူပင်စာကြည့်တိုက်လိုက်ပို့၊ စာအုပ်ငှားကဒ်များလုပ်ပေး သည်။ Union Alloy မှ ကန်ထရိုက်ပေးလုပ်ခိုင်း သော Tuas ရှိ Audex ၀ပ်ရှော့သို့လည်း လိုက်ပြသည်။ Audex မှ မန်နေဂျာမှာ တန်တက်ယောင်း ဟူ၏။
သည်တွင် Union Alloy မှ လုပ်သော လုပ်ငန်းများအကြောင်း မိတ်ဆွေများသိအောင် ဗဟုသုတအနေနှင့် ပြောပြ ပါမည်။
            Union Alloy မှ အဓိကရောင်းသော ပစ္စည်းများမှာ ဖိုက်ဘာပစ္စည်းများ၊ ဂဟေပစ္စည်းများ နှင့် ရေစစ် (strainer) များ ဖြစ်သည်။ ဖိုက်ဘာပစ္စည်းကို ပိုက်နှင့် ပိုက်ဆက်ပစ္စည်း၊ အခြား ပိုက်မဟုတ်သောပစ္စည်းဟု နှစ်မျိုးထပ်မံခွဲနိုင်ပါသည်။
လူသုံး၊ စက်မှုလုပ်ငန်းသုံး ဖိုက်ဘာပစ္စည်းများကိုမူ အခြား sales man များက ရောင်းသည်။ ထိုပစ္စည်းများထဲတွင် အဆောက်အဦနံရံတွင်ကပ်သည့် အပြားများ၊ ကြမ်းခင်းများ၊ ကလေးကစားကွင်းတွင်ခင်းသည့် နိုင်လွန်ကဲ့သို့ အခင်းပြားများ၊ ကား၊ ရထားကြမ်းပြင်များတွင်ခင်းသည့် ဖယောင်းပုဆိုးများ၊ အိမ်ထောင်ပရိဘောဂများ လုပ်ရာတွင်သုံးသည့် ဖိုက်ဘာပြားများ၊ လျှပ်စစ်ဝါယာကြိုးများ ပြေးရာတွင် သုံးသည့် cable tray များ၊ ထောင်လိုက်လှေခါး၊ လှေခါးအစောင်းများ၊ သင်္ဘော၊ စက်ရုံ စသည်တို့တွင် သုံးသည့် ကြမ်းခင်း (Grating) ပြားများ စသည်တို့ ပါဝင်ပါသည်။
ဂဟေဆော်ရာတွင်သုံးသော ပစ္စည်းများအနက် ဂဟေလုပ်ငန်းသုံး လက်အိတ်များ၊ အင်္ကျီများ၊ ဂဟေချောင်းများ၊ ဂဟေခေါင်း (Electrode Holder) များ စသည်တို့ကို ရောင်းသည်။
ပိုက်နှင့်ဆက်နွယ်သော အခြားပစ္စည်းတစ်မျိုးဖြစ်သည့် ရေစစ် (strainer) များ၊ ၀န်ချီကြိုးများ (Lifting Belt and Slings) လည်း ရောင်းပါသေးသည်။
တစ်ခါတစ်ရံ ထိုပစ္စည်းများ တင်ဒါရလျှင် ပုံများ (drawing) နှင့်လာသည်။ ကျွန်တော်က ပုံကိုကြည့်ကာ ပစ္စည်း အရေအတွက် (Bill of Material) တွက်ပေးရသည်။ လိုအပ်ပါက site ထဲသွားကြည့်ရသည်။ ဓါတ်ပုံရိုက်တန်ရိုက်၊ ပေကြိုးဆွဲတန်ဆွဲ လုပ်ရသည်။ သို့သော်လည်း ဤပစ္စည်းများမှာ ရံဖန်ရံခါမှသာ လုပ်ရသည်ဖြစ်၍ ပင်တိုင်လုပ်ရသည်မှာ ပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ ပြုလုပ်တပ်ဆင်ခြင်း (fabrication and installation) ဖြစ်သည်။ ထို့ပြင်လည်း ယခင် ဆင်ပြီးသား လိုင်းအဟောင်းများကို ပျက်လျှင် ပြင်ရသည်။ ပြုပြင်ထိန်းသိမ်းမှု (maintenance and servicing) လုပ်ရသည်။  
            စင်ကာပူတွင် ဖိုက်ဘာပိုက် လုပ်သည့်ကုမ္ပဏီဟု သိပ်များများစားစားမရှိလှ။ Union Alloy နှင့် ၎င်း၏ပြိုင်ဘက် ဖြစ်သော Ameron နှစ်ခုသာရှိသည်။ ထိုပိုက်နှစ်မျိုးလုံးမှာ အမေရိကန်ပစ္စည်းများဖြစ်သည်။ သို့သော် Ameron က မလေးရှား တွင် စက်ရုံရှိသဖြင့် တပန်းသာသည်။ Union Alloy ကမူ ပစ္စည်းတစ်ခုခုလိုချင်လျှင် အမေရိကားသို့ လှမ်းမှာရသည်။ ထိုအခါ အချိန် ပိုကြာသလို၊ စရိတ်လည်းပိုကြီးသည်။ လေကြောင်းမှ ပစ္စည်းပို့သော Air Freight အကြောင်း သိသည့်သူများတော့ သိပါ လိမ့်မည်။ မသိသူများအတွက် ဗဟုသုတရစေရန် အနည်းငယ် ပြောပြပါမည်။
            Air Freight နှင့် ပစ္စည်းပို့ခြင်းကား အဆမတန် ဈေးကြီးလှပါသည်။ နမူနာပြရလျှင် ကျွန်တော်စင်ကာပူ ရောက်စက ပေါ်ပြူလာစာအုပ်ဆိုင်တွင် Around the World in Eighty Days, Tom Sawyer, Robinson Crusoe စသည့် Classic အင်္ဂလိပ်ဝတ္ထုများတွေ့၏။ ဈေးလည်းမများလှသောကြောင့် ဖတ်စေချင်သော စေတနာဖြင့် မိတ်ဆွေအပေါင်းအသင်းများထံ ၀ယ်ပြီးပို့သည်။ ၀တ္တုစာအုပ်တန်ဖိုးမှာ ၃ အုပ်မှ ၁၀ သာကျသည်။ ပို့ခမှာမူ တစ်အုပ်လျှင် ၁၂ ကျပ်ကျပါသည်။ ဒါတောင် ရိုးရိုး Air Mail ဖြစ်သည်။ တစ်ခါက အရေးကြီးသော စာရွက်စာတမ်းများကို အင်္ဂလန်သို့ DHL ဖြင့်ပို့ရာ စာအိတ်တစ်လုံးထဲ စင်ကာပူ ဒေါ်လာ ၅၀ ကျ၏။
မှတ်ချက်။            ။ ပစ္စည်းများကို စာတိုက်မှပို့လိုလျှင် စာတိုက်ရှိ S.A.M (Self-service Automated Machine) စက်များမှ မိမိဘာသာ ပို့၍ရပါသည်။ စက်သုံးပုံသုံးနည်း အသေးစိတ်ကို ကျွန်တော်ရေးသော “အနာဂတ်တစ်ခု ဖန်တီး တည်ဆောက်ခြင်း” တွင် ဖော်ပြထားပါသည်။
စက်မှ ကွန်ပြူတာဖန်သားပြင်ကို လက်နှင့်ထောက်ကာ ကိုယ်လိုချင်သည်ကို ရွေးရသည်။ ထို့နောက် ကျသင့်ငွေကို ဘဏ်ကဒ်ဖြင့်ဤစက်တွင်ပင် ပေးရသည်။ စက်က မည်သည့်နိုင်ငံသို့ပို့လျှင် မည်မျှကျသည်ကို တွက်ချက်ကာ ကျသင့်သည့် တန်ဖိုးရှိ တန်ဆိပ်ခေါင်းကို ထုတ်ပေးသည်။ ထိုတံဆိပ်ခေါင်းကို ပို့မည့်ပါဆယ်ထုပ်ပေါ်ကပ်ကာ အနီးရှိ စာတိုက်ပုံးထဲ ထည့်လိုက်ရုံသာ ဖြစ်၏။ အထုပ်ကြီးများထည့်နိုင်ရန် စာတိုက်ပုံးကြီးကြီးကို အပေါက်ကြီးကြီးနှင့် ထားပေးထားသည်။
လေကြောင်းမှပို့လျှင် မြန်သည်။ သို့သော် ဈေးကြီးသည်။ သင်္ဘောဖြင့်ပို့လျှင် ဈေးသက်သာသည်။ သို့သော် နှေးသည်။ မြန်မာပြည်သို့သင်္ဘောနှင့်ပို့လျှင် အနည်းဆုံး သုံးပတ်ကြာမည်။ သို့သော် ယခုအခါ မြန်မာများအဖို့မူ ဈေးလည်းသင့်။ မြန်လည်းမြန်သော ပင်နင်စူလာရှိ သပြေနုမှတစ်ဆင့် ပို့နိုင်ပါသည်။
သည်းခံပါခင်ဗျား။ ဘေးနည်းနည်းရောက်သွားသည်။ ပြန်ကောက်ပါမည်။
            Union Alloy အဓိက လုပ်ရသည့်နေရာများမှာ Jurong Island ရှိ SUT Sakara, SUT Saraya, Oil Tanking, စသော ရေနံချက်စက်ရုံ၊ ဓါတုဗေဒစက်ရုံများ။ Bukom ကျွန်းပေါ်ရှိ Shell ။ သူတို့ကတော့ Shell Bukom ဟု ခေါ်သည်။ ထို့နောက် Keppel, Keppel FELS, Jurong Shipyard, Sembawang Shipyard, Sing Marine စသော သင်္ဘောကျင်းများ။ တစ်ခါတလေ ကြားပေါက်အနေနှင့် ဟိုနားသည်နား စက်ရုံများတွင် အလုပ်ရတတ်သည်။ သို့သော် သိပ်များများစားစားတော့ မဟုတ်။
            ကျွန်တော်တို့ကတော့ Jurong Island မှာ ပိုက်လိုင်းပျက်လို့ သွားပြင်ချေဆိုပြင်။ တစ်ခါတစ်ရံ ပိုက်လိုင်းအသစ်ပြေးရ မည်ဆိုတော့လည်း လူငှားများခေါ်ကာ ကိုယ့်ဟာကိုယ်သွားလုပ်။ သင်္ဘောကျင်းသွားအုံးဆိုသွား။ ကျသည့်အလုပ်ကို ကြုံသလိုလုပ်ရသည်။ အလုပ်က ခပ်သေးသေးဆိုလျှင် ဘယ်လူ့မှ မငှား။ ကိုယ့်ဟာကိုယ် ကြဲရသည်။ ချေးများနေလို့ မဖြစ်။
            ခန့်တုံးကတော့ Project Coordinator ဆိုပြီး ခန့်သည်။ လက်တွေ့တွင် ဘာ ပရောဂျက်ကိုမှ ကိုသြဒိနိတ်မလုပ်ရ။ မထူးပါ။ စင်ကာပူမှ ကုမ္ပဏီများကား သည်အတိုင်းချည်းဖြစ်သတည်း။ ခန့်တော့ Project Coordinator။ သို့သော် Work Permit တင်တော့ welder ဟူသတတ်။ Project Coordinator ကို ၀ပ်ပါမစ်တင်လို့မရ။ သည်တော့ တင်လို့ရသည့်၊ ယခင် Tellus တွင်ရထားသည့် ရာထူးဖြစ်သည့် welder ဖြင့် ဆက်တင်လိုက်ခြင်းဖြစ်သည်။ welder နဲ့ထွက် welder နဲ့ဝင် ဆိုတော့ ဘာပြဿနာမှမရှိ။ လွယ်လွယ်ကူကူပင် ကျသည်။ အလုပ်လျှောက်တုံးက Project Coordinator ၊ ၀ပ်ပါမစ်ပေါ်မှာ welder ၊ လုပ်ရတော့ အစုံသုတ်။ ကိုယ့်ကိုယ်ကို ဘာတွေဖြစ်နေလို့ ဖြစ်နေမှန်းပင်မသိပါ။
            ပြောရလျှင် Union Alloy ရောက်ကာမှ နဖူးတွေ့ ဒူးတွေ့ ကိုယ်တိုင်ကိုယ်ကျ လုပ်ရတော့သည်။ ယခင်ကလို ကြော့ ကြော့လေး မနေရတော့။ Tellus မှာက လုပ်ရသည် ဆိုပေမင့် ဖိုမင်တွေကို ကိုယ်က ဒါ ဒါ လုပ်ဟု ပြောလိုက်ရုံသာ ဖြစ်သည်။ ကိုယ်တိုင်မလုပ်ရ။ သို့သော် ပြေးဟယ်၊ လွှားဟယ်နှင့် ဇယ်စက်သလို ဒေါက်ဒက်ခတ်အောင် လုပ်နေရ၍သာ အလွန်ပင်ပန်း ရခြင်း ဖြစ်သည်။
(၂၃) ဖိုက်ဘာဂလပ်စ်ပိုက် (Fibreglass Piping)
            ကျွန်တော်ရေးသော “ပိုက်ပြင်ပိုက်ဆက်လက်စွဲ” စာအုပ်တွင် ဖိုက်ဘာပိုက်များအကြောင်း အသေးစိတ် ရေးသား ထားပါသည်။ ဤနေရာတွင်မူ ဗဟုသုတအဖြစ် အနည်းအကျဉ်းမျှသာ ဖော်ပြပါမည်။
            ဖိုက်ဘာဂလပ်စ်ပိုက်ကို resin ဟုခေါ်သည့် ဓါတုဆေးရည်များနှင့် ဖန်မျှင်ကလေးများကို ပေါင်းစပ်ကာ ပြုလုပ်ထား ခြင်း ဖြစ်သည်။
            Fibreglass Pipe ကို အတိုကောက် FRP ပိုက်၊ GRP ပိုက် စသဖြင့် ခေါ်ပါသည်။ FRP ဟူသည်မှာ Fibreglass Reinforced Plastic (အချို့ကလည်း Fibre-glass Reinforced Pipe ဟုခေါ်၏။) ဖြစ်သည်။ GRP ဟူသည်မှာ Glass Reinforced Plastic ဖြစ်၏။
            ဖိုက်ဘာပိုက်ကို ပိုက်ထုတ်လုပ်သည့် ဓါတုပစ္စည်း အမျိုးအစားပေါ်လိုက်ကာ သုံးမျိုးထပ်မံခွဲနိုင်ပါသည်။ Epoxy Pipe, Polyester Pipe နှင့် Vinylester Pipe ဟူ၍ ဖြစ်သည်။ အရေးကြီးသည်မှာ ပိုက်နှင့်ပိုက်ဆက်ပစ္စည်း၊ ပိုက်ဆက်ရာတွင် သုံးသည့်ကော် စသည်တို့သည် ပစ္စည်းတစ်မျိုးတည်း ဖြစ်ရမည်။ ဥပမာ - အီပေါက်ဇီပိုက် သုံးပါက ပိုက်ဆက်ပစ္စည်းသည် လည်း အီပေါက်ဇီ၊ ကော်သည်လည်း အီပေါက်ဇီကော် ဖြစ်ရမည်။ အီပေါက်ဇီပိုက်ကို ပိုလီယက်စတာ ပိုက်ဆက်ပစ္စည်း။ ပိုလီယက်စတာကော်များနှင့် မသုံးရ။
            ပို၍အရေးကြီးသည်မှာ ပိုက်ဆက်စနစ်အတွက် သုံးသည့်ပစ္စည်းအားလုံးသည် ထုတ်လုပ်သူတစ်ဦးထည်းမှ ဖြစ်ရ ပါမည်။ Smith ကထုတ်သည့် ပစ္စည်းကို Bondstrand နှင့်တွဲသုံး၍ မရပါ။ ထို့အတူပင် Bondstrand ပိုက်ကို Smith မှ ကော်ဖြင့် မဆက်ရပါ။ အလွန်အရေးကြီးပါသည်။
            နောက်တစ်ခုမှာ လုပ်သားများ၏ ကျွမ်းကျင်မှုဖြစ်သည်။ ဖိုက်ဘာပိုက်လိုင်းများကို တပ်ဆင်ရန် သင်တန်းပေးရသည်။ လက်မှတ်ရ ပိုက်ဆင်သူများသာ ဆင်ခွင့်ရှိသည်။ ဤကဲ့သို့ သတ်မှတ်ထားသည်မှာလည်း အဓိပ္ပါယ်ရှိပါသည်။ အဘယ်ကြောင့် ဆိုသော် ဖိုက်ဘာပိုက်များမှာ ဈေးအလွန်ကြီးသည်။ အကြောင်းတစုံတရာကြောင့် ပိုက်များ မလုံ၊ ရေယိုပါက။ အထူးသဖြင့် ဓါတုဗေဒဆေးရည်များ ယိုစိမ့်ပါက ပိုက်ထုတ်လုပ်သူတွင် တာဝန် တစိတ်တပိုင်းရှိသလို သူ့ပိုက်များလည်း နာမည်ပျက်မည်။ ထို့ကြောင့် သင်တန်းတက်ပြီး၊ လက်မှတ်ရပြီးသူများကိုသာ ပိုက်လိုင်းဆင်ခွင့် ပြုခြင်းဖြစ်ပါသည်။
            ဖိုက်ဘာဂလပ်စ်ပိုက်များ၏ အားသာချက်မှာ သံချေးမတက်။ ရာသီဥတုဒါဏ်၊ အထူးသဖြင့် ပင်လယ်ထဲရှိ ရေနံတူးစင် ကဲ့သို့သော နေရာများတွင် သံပိုက်များကို သုံးပါက ပင်လယ်ဆားငံရေကြောင့် ချက်ခြင်း သံချေးတက်ကာ ပိုက်လိုင်းများ မကြာမီ ပေါက်နိုင်သည်။ သို့သော် ဖိုက်ဘာပိုက်များမှာမူ သံချေးမတက်သဖြင့် ကမ်းလွန်ရေနံ နှင့် သင်္ဘောများတွင် စိတ်ချစွာသုံးလို့ရသည်။  
            ထို့ပြင် ဖိုက်ဘာပိုက်များမှာ ဓါတုဗေဒဆေးရည်များ၏ အစားကိုခံနိုင်သည်။ မီးလောင်သည့်ဒဏ်ကို ခံနိုင်သည်။ FGS (Fibre Glass System) မှထုတ်သော ကျွန်တော်တို့ MOS (Marine Off Shore) ပိုက်များဆိုလျှင် Fire Endurance Test Level 3 ထိ အာမခံသည်။ ပိုက်အတွင်းရှိ အရည်၏ အပူချိန် ၁၁၀ ဒီဂရီစင်တီဂရိတ်ထိ ခံနိုင်စွမ်းသည်။ သာမန်ပိုက်များမှာ ဖိအား ၁၈ ဘားထိ ခံနိုင်သည်။ ဖိအားမြင့်ပိုက်များ လိုချင်လျှင်လည်း မှာယူနိုင်ပါသည်။
            မည်သည့်ဓါတုဗေဒဆေးရည်များ အစားခံနိုင်သည်ကိုမူ တစ်ခုချင်းပြော၍ မလွယ်ပါ။ ဇယားဖြင့် ဖော်ပြနိုင်ပါသည်။ သိလိုသူများ http://www.nov.com/FiberGlassSystems/Default.aspx တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ် ကျွန်တော့်ထံ အီးမေးပို့၍ တောင်းယူနိုင်ပါသည်။ ကျွန်တော့ အီးမေးလ် မှာ y_nyein@yahoo.com.sg ဖြစ်ပါသည်။
            Ground ချရန်လိုပါက conductive ပိုက်များလည်း ရနိုင်ပါသည်။ သတိထားရမည်မှာ ဆက်မည့်ကော် (Adhesive) ၏ သက်တမ်းဖြစ်သည်။ ကော်ဗူးများ၏ သက်တမ်းမှာ ၂ နှစ်ခန့် ဖြစ်သည်။ ဆိုလိုသည်မှာ စထုတ်လိုက်သည့်ရက်မှစ၍ ၂ နှစ် ကျော်သွားလျှင် သက်တမ်းကုန်ပြီဖြစ်သည်။ သုံး၍ မရတော့ပါ။ များသောအားဖြင့် ကော်ဗူးများပေါ်တွင် သက်တမ်းကုန်ရက်စွဲ (Expiry Date) ကို ရေးထားတတ် သည်။ သို့သော် အချို့ဗူးများမှာ ဗူးများပေါ်ထက် ကော်ဗူးများထည့်သည့် သေတ္တာများပေါ်တွင် ရေးထားတတ်သေးသည်။ ထိုအခါ ကော်ဗူးကို သေတ္တာအတွင်းမှ ထုတ်သည့်အခါ သက်တမ်းကို သတိထားကြည့်ရပါမည်။ ကော်ဗူးများကို နေရောင် တိုက်ရိုက်ထိသောနေရာ၊ ခေါင်းမိုးနှင့်နီးသော အလွန်ပူသည့်နေရာများတွင်ထားပါက သက်တမ်းပြည့် မခံပါ။ သတ်မှတ်ထားသော ရက်ထက်ပို၍ သက်တမ်းတိုပါသည်။ ထို့ကြောင့် ကော်ဗူးများကို သိုလှောင်ရာတွင် အေး၍ ခြောက်သွေ့သောနေရာတွင်ထားရန် လိုပါသည်။
            ပိုက်များမှာ ပျော့သည်။ ကွဲလွယ်သည်။ သို့အတွက် သယ်ယူရာတွင်လည်းကောင်း၊ သိုလှောင်ရာတွင်လည်းကောင်း အထူးသတိထားရန် လိုသည်။ ပိုက်ကို ဖောက်ကလစ်ဖြင့် တစ်ဖက်စွန်းထိပ်မှလျှိုပြီးမသယ်ရ။ ပိုက်၏အလေးချိန်ကြောင့် ပိုက်ညွတ်ကျသည် ဖြစ်ရာ ထိုဒဏ်ကြောင့် ပိုက်သားအတွင်းပျက်စီးတတ်သည်။ (၎င်းကို မျက်စိဖြင့်မြင်ရန် မလွယ်ပါ။) ပိုက်များကို မ ရာတွင် သံကြိုး၊ ချိန်းဘလောက် စသည်တို့မသုံးရ။ နိုင်လွန်ကြိုး၊ ချည်ကြိုး၊ အုန်းဆံကြိုးများသုံးနိုင်သည်။ ပိုက်များကို ချထားရာတွင် မြေကြီးပေါ်တွင် ဘာအခုမှမပါဘဲ သို့မဟုတ် စောင်းထက်သော အခုများ သို့မဟုတ် တစ်ခုနှင့် တစ်ခု အလွန်ဝေးသောတုံးများ၊ သို့မဟုတ် သံဘားတန်းများ စသည်တို့အပေါ်တွင် မထားရပါ။
            ပိုက်များကို သယ်လျှင် ကောင်းသည်မှာ စက်ရုံမှ ထုတ်ပေးလိုက်သည့်အတိုင်း အစည်းလိုက် သယ်ရပါမည်။ အကယ်၍ ခွဲထုတ်ကာ လုံးချင်းအလိုက်သယ်ရမည် ဆိုလျှင် သတိထားပါ။ ပိုက်ကို သစ်သားတန်းများပေါ်တွင်သာ ထားပါ။ အကယ်၍ သံဘားတန်းများပေါ်တွင် ထားရမည်ဆိုပါက သံမဟုတ်သော သစ်သား၊ ပလတ်စတစ် တစ်ခုခု ခံထားပါ။ ပိုက်များ၏ အစွန်းများကို ပိတ်ထားပါ။ အပွင့်အတိုင်းထားလျှင် မိမိမသိခင် ကြွက်၊ ခရု စသည်တို့အတွင်းတွင် ၀င်ခိုနေ တတ်သည်။ ထို့ပြင် ဖုံ၊ အမှုန်များ၊ ရွှံ့များလည်း ၀င်တတ်သည်။ ပိုက်ကို ဆင်တော့မည်ဆိုမှ ထို ထိပ်ပိတ်များကို ဖြုတ်ပါ။ ထို့ပြင် ဆင်ပြီးသားပိုက်များကိုလည်း ထိပ်များကို ပိတ်ထားပါ။
            ဖိုက်ဘာဂလပ်စ်ပိုက်ကို grinding တိုက်ရာမှ သို့မဟုတ် shaving လုပ်ရာမှထွက်လာသော အမှုန်များကား အလွန် ယားသည်။ ဖိုက်ဘာပိုက်နှင့် အလုပ်လုပ်စဉ် အင်္ကျီလက်တိုများတော့ ယောင်လို့မှ မ၀တ်မိလေနှင့်။ ညအိပ်လျှင် နောင်တ အကြီးအကျယ်ရလိမ့်မည်။ လက်တင်မဟုတ်ပါ။ ဦးထုပ်နှင့် အင်္ကျီအကြားလပ်နေသော ကုပ်ပိုးနှင့် လည်ပင်းနေရာတ၀ိုက် ကိုလည်း လုံအောင်အုပ်ထားရပါသည်။ ဖိုက်ဘာပိုက် ယားတာ ဘာနှင့်မျှ ဖျောက်လို့မရပါ။ ကောင်းတာကတော့ ဖိုက်ဘာဟေ့ ဆိုသည်နှင့် တစ်ကိုယ်လုံး အထူးလုံအောင် ၀တ်ဆင်ကာ အလုပ်လုပ်သင့်ပါသည်။ အင်္ကျီပါး၊ ဘောင်းဘီပါးများ မ၀တ်ပါနှင့်။ ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီ သို့မဟုတ် ဂဟေသမားများဝတ်သည့် နှစ်ထပ်ချုပ်ထားသော အင်္ကျီများဝတ်ပါ။
လက်အိတ်မပါဘဲ ပိုက် သို့မဟုတ် ပိုက်ဆက်ပစ္စည်းများကို ကိုင်လျှင် လက်သို့ ဖန်အပ်ကလေးများ စူးတတ်သည်။ ထို အပ်ကလေးများမှာ အလွန်သေးငယ်ရကား မြင်ရန်မလွယ်။ သို့သော် ထိုအပ်ကလေးများစူးပါက မြက်တက်၊ မြက်တက် နှင့် အလွန်ခံရခက်လှပါသည်။ မမြင်ရသဖြင့် ထွင်ထုတ်ဖို့ကလည်း မလွယ်။
            နှာခေါင်းအကာများလည်း အရေးကြီးပါသည်။ ထိုအမှုန်များ နှာခေါင်းအတွင်းမှ အဆုတ်အတွင်း ၀င်သွားပါပြီတဲ့။ မည်သည့်နည်းနှင့် ပြန်ထွက်ပါမည်နည်း။ ထို့ပြင် lamination အဆက်များဆိုလျှင် ဓါတုဗေဒဆေးရည်များကို ပယ်ပယ် နယ်နယ်ကိုင်ကာ လုပ်ရသည်ဖြစ်ရာ ထိုဆေးရည်အငွေ့၊ အနံ့များအန္တရာယ်မှ ကာကွယ်ရန် နှာခေါင်းစွပ် (respirator) များ ၀တ်ဆင်ရပါမည်။ အလုပ်လုပ်နေစဉ် ဆေးစက်များ မျက်လုံးအတွင်း မ၀င်နိုင်ရန် မျက်မှန် (safety glass) ကိုလည်း တပ်ထား ရန် လိုပါသည်။
            ဓါတုဆေးရည်များဖြစ်သဖြင့် သာမန်လက်အိတ်နှင့်မရပါ။ ရော်ဘာလက်အိတ် အထူများ ၀တ်ရပါမည်။ မိမိခန္ဓာကိုယ် အရေပြားပေါ်သို့ ဆေးရည်များမကျမိစေရန် အထူးသတိထားပါ။ ထိုဆေးများ အရေပြားပေါ်စင်ကျလျှင် မီးစနှင့်ထိုးသကဲ့သို့ ပူပါသည်။ ထို့ပြင် အလုပ်လုပ်ရာတွင်လည်း အလုံပိတ်အခန်းများတွင် မလုပ်ပါနှင့်။ လေတိုက်သောနေရာများတွင်သာ လုပ်ပါ။ အကယ်၍ မဖြစ်မနေ အလုံပိတ်အခန်းများတွင် လုပ်ရတော့မည် ဆိုလျှင် ပန်ကာအလုံအလောက်ဖြင့် လေမှုတ်ထားရန် လိုပါ သည်။ Lamination လုပ်ရာမှ ထွက်လာသော စတိုင်ရင်း ဓါတ်ငွေ့များကား အလွန်မွှန်လှသည်။ ထိုဓါတ်ငွေ့များနှင့် ကြာကြာ ထိတွေ့ပါက မကြာမီ မျက်စိမှုန်တတ်သည်။
            ထို့ပြင်လည်း မိမိကမ္ဘာမြေအတွက်ပါ ဂရုစိုက်ရန်လိုပါသည်။ ကြီးသော ဖိုက်ဘာဂလပ်စ်ပိုက်များကို laminate လုပ်ကာ ဆက်ပါသည်။ Laminate လုပ်သည်ဆိုခြင်းမှာ ဖိုက်ဘာအ၀တ်စများကို resin ဓါတုဆေးရည်များသုတ်ကာ ပိုက်များ ကို ဆက်ခြင်းဖြစ်ပါသည်။ ဤတွင် လုပ်ရင်းကိုင်ရင်း ဆေးများပိုတတ်ပါသည်။ ထိုအခါ ထိုဆေးများကို မြေကြီးပေါ် လောင်းမချ ပါနှင့်။ ဓါတုဗေဒပစ္စည်းဟူသည် သဘာဝအားဖြင့် လောင်ကျွမ်းဆွေးမြေ့ရန် အလွန်ခဲယဉ်းလေရကား ထိုဆေးရည်ထိသည့် မြေမှာ ပျက်စီးလေတော့သည်။ သို့အတွက် မည်သည့် ဓါတုဆေးရည်ကိုမဆို မြေကြီးပေါ်သို့လည်းကောင်း၊ ရေထဲသို့ လည်းကောင်း မသွန်မိစေရန်၊ မဖိတ်စဉ်မိစေရန် အထူးဂရုစိုက်ရပါမည်။ မိမိနေထိုင်နေသော ကမ္ဘာမြေကြီးကို ဖျက်ဆီး ခြင်းသည် မိမိကိုယ်မိမိ ဖျက်ဆီးခြင်း မည်၏။ 
            ဖိုက်ဘာပိုက်နှင့် အလုပ်လုပ်မည့်သူသည် မိမိလုပ်မည့် ပိုက်များအကြောင်း ကျကျနန နားလည်ထားရန် လိုပါသည်။ မိမိအတွက်သော်လည်းကောင်း၊ မိမိ လုပ်ဖော်ကိုင်ဘက်များအတွက်သော် လည်းကောင်း၊ မိမိအလုပ်လုပ်သည့် ပတ်ဝန်းကျင်ရှိ အခြားသူများအတွက်သော် လည်းကောင်း၊ ပတ်ဝန်းကျင်အတွက်သော်လည်းကောင်း ဂရုစိုက် ကိုင်တွယ်လုပ်ကိုင်ရပါမည်။ သို့မဟုတ်ပါက မိမိကိုယ်တိုင်အတွက်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်များပါသည်။  
(၂၄) Kallang Way မှာ လေးနှစ်ကြာ
            Derrick က ကျွန်တော်တို့နေစရာကို စီစဉ်ပေးသည်။ အထွေအထူးတော့မဟုတ်။ သူတို့ ၀ပ်ရှော့တွင် နေခိုင်းခြင်း ဖြစ်ပါသည်။ ယခင်က Union Alloy ရုံးခန်းမှာ ထို ၀ပ်ရှော့တွင် ဖြစ်သည်။ သို့အတွက် ရုံးခန်းများမှာ အဲယားကွန်းရှိသည်။ ဖုံးလိုင်း၊ ပလပ်ပေါက်များ စသည်တို့ရှိသည်။ မီးဖိုဆောင်ရှိသည်။ ထမင်းစားခန်းရှိသည်။ ရေချိုးခန်း၊ အိမ်သာများရှိသည်။ ကျွန်တော်တို့ ဘာမှအထွေအထူး လုပ်နေစရာမလို။ လူမနေတာ ကြာပြီဖြစ်သဖြင့် ဖုံများတက်နေတာကို သန့်ရှင်းရေးလုပ်ပြီး သည်အတိုင်း တက်နေရုံသာဖြစ်သည်။
            ထိုနေရာမှာ လူနေရပ်ကွက်မဟုတ်။ စက်မှုဇုံဖြစ်ပြီး စက်ရုံအလုပ်ရုံများချည်းဖြစ်သည်။ နေရတာ အင်မတန် လွတ်လပ်ပါသည်။ ကျွန်တော်တို့လိုပင် ၀ပ်ရှော့များတွင် နေထိုင်သူ အတော်များသည်။ ကျွန်တော်တို့ ၀ပ်ရှော့နောက် ကပ်လျှက်တွင်လည်း မြန်မာများနေထိုင်ပါသည်။ စနေ၊ တနင်္ဂနွေပိတ်ရက်များ၌ မြန်မာသီချင်းများ အကျယ်ကြီးဖွင့်ထားတာ တစ်ခါတစ်ရံ ကြားရတတ်သည်။
            ကျွန်တော်တို့နှင့် ဘေးကပ်လျှက်အခန်းတွင်မူ ကုလားများနေ၏။ ဆယ်ယောက်ခန့်ရှိသည်။ ညနေပိုင်း အလုပ်ပြီးချိန် သူတို့ ဟင်းများချက်ပြုတ်ကြသည့်အခါ ပျံ့လွင့်လာသော သူတို့ဟင်းနံ့မှာ အလွန်မွှေးသည်။ အနံ့ရသည်နှင့်ပင် ကျွန်တော့်မှာ ဗိုက်ဆာနေပါ၏။ ကျွန်တော်က ထမင်းချက်တာ အသုံးမကျ။ ကိုယ်ချက်သည့်ဟင်းကိုပင် ကိုယ်စားလို့ အဆင်မပြေ။ ထမင်းဟင်းချက်သည်ဆိုရာ၌ ကိုယ်တိုင်လည်း ၀ါသနာပါမှ။ စိတ်လည်းဝင်စားမှ။ ဘယ်ဟင်းနဲ့ ဘယ်ဟင်း တွဲရလျှင် စားလို့ကောင်းမည် စီစဉ်တတ်မှ။ ကျွန်တော့်ခေါင်းထဲတွင် အခြားကိစ္စများကိုသာ အရေးတကြီးတွေးချင်တွေးရမည်။ ဟင်းချက်ဖို့ကိုမူ တစ်ခါဖူးမျှ ကျကျနန တွေးတောစီစဉ်သည် မရှိခဲ့။ မြင်တာကောက်ဝယ်ပြီး ကြုံသလို ဖြစ်ကတတ်ဆန်း ချက်လိုက်တာသာ ဖြစ်သည်။ ပြောရလျှင် ဟင်းချက်ဖို့ကို အနည်းငယ်မှ စိတ်ဝင်စားလို့မရခဲ့။ သည့်အတွက် ကျွန်တော် ချက်သောဟင်းများ မကောင်းတာ ဘာမှမဆန်းပါ။
            NTUC တွင် ဟင်းချက်စရာများ အလွန်ပေါသော်လည်း ကျွန်တော်ဝယ်နေကျဟင်းအမယ်မှာ ဆယ်မျိုးထက် မပိုပါ။ ကြက်ဥ၊ ပဲသီး၊ ကန်စွန်းရွက်၊ မုံညင်း၊ မုံလာဥနီ၊ ကြက်သွန်ဖြူ၊ နီ။ ခရမ်းချဉ်သီး၊ ငြုပ်သီး။ သည်မျှသာဖြစ်သည်။ တစ်ခါတစ်ရံ ကြက်သား၊ ၀က်သား ၀ယ်သည်။ မချက်တတ်သည်နှင့် ဆိတ်သားကိုဝယ်လေ့မရှိ။ စားချင်လျှင် ဆိုင်၌ပင် ၀ယ်စားသည်။ မချက်တတ်သဖြင့် ငါးကိုလည်း တစ်ခါတစ်ရံမှသာ ၀ယ်ပါသည်။ ကျွန်တော်ချက်သော ငါးဟင်းကို သူများမပြောနှင့်။ ကိုယ်ကိုယ်တိုင်ပင်လျှင် ကုန်အောင်မစားနိုင်။ အလွန် ညှီသည်။ ဤမျှ အချက်အပြုတ်တော်သော ကျွန်ုပ်ပါတည်း။ 
            အတူနေသူ ကျွန်တော့်မိတ်ဆွေမှာ အချက်အပြုတ် ကျွမ်းကျင်ပါသည်။ သို့သော် အတူနေခဲ့သော လေးနှစ်တာ ကာလအတွင်း နေ့တိုင်းလိုလို ကျွန်တော်ချည်း ချက်သည်သာ ဖြစ်သည်။
            ကျွန်တော့်အဖို့ ဤတွင်နေရသည်ကို အလွန်သဘောကျသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် privacy ရှိသည်။ မည်သူမျှ နှောက်ယှက်မည့်သူ မရှိ။ အလကားနေရသည်။ ရေမီးအခမဲ့။ တယ်လီဖုံးလည်းပေးထားသည်။ ကျွန်တော်တို့ ရောက်ပြီး များမကြာမီ အင်တာနက်လိုင်းလည်း လာဆင်ပေးသည်။ ပိုက်ဆံတစ်ပြားမှ ကုန်စရာမလိုပဲ သည်မျှ နေရသည်ကို အဘယ်သကောင့်သားသည် သဘောမကျပဲ ရှိပါအံ့နည်း။
            ထိုမျှမကသေး။ အပြင်မထွက်ရပဲ ၀ပ်ရှော့၌ပင် လုပ်ရသည့်အခါများတွင် အိမ်ကအပေါ်၊ ၀ပ်ရှော့ကအောက် ဆိုတော့ အချိန်ကုန်စရာမလို။ လုပ်ခါနီးမှ ဆင်းသွား။ အလုပ်ပြီးသည်နှင့် အိမ်ရောက်နေပြီ ဖြစ်သဖြင့် အလွန်အဆင်ပြေလှသည်။ သို့သော်လည်းလေ၊ အကောင်းချည်းဆိုတာ မရှိနိုင်။ ကျွန်တော်တို့ ၀ပ်ရှော့တွင်ရှိနေသဖြင့် အချိန်မရှိ၊ အချိန်ရှိ။ ဟိုဟာလေး လုပ်ပေးထားပါ။ ဒီဟာတွေ ပြင်ထားပေးပါ ဆိုတာမျိုးတော့ ရှိသည်ပေါ့။ ကျွန်တော်တို့ မန်နေဂျာကြီးကလည်း ကျွန်တော်တို့ အပေါ် မည်သို့သဘောထားသည်မသိပါ။ ဒီနှစ်ကောင်ရှိနေတာပဲ ဟု ဆိုကာ ရှိရှိသမျှ အောက်ခြေသိမ်းအလုပ်တွေ အကုန်ခိုင်း တတ်သည်။ ထိုအခါများတွင်မတော့ ကျွန်တော် အလွန်စိတ်ပျက်မိပါသည်။ သို့သော် သြော်၊ ငါတို့ ဒီလိုနေရ၊ ဒီလောက်ရတာပဲ ဟု မနည်းစိတ်ကို ပြန်ဖြေရပါသည်။ ဘာတွေလုပ်ရသည်ဆိုတာ နောက်ပိုင်းတဖြည်းဖြည်း ပုံပေါ်လာပါလိမ့်မည်။
            ကျွန်တော်သဘောကျသည်မှာ တနင်္ဂနွေပိတ်ရက်များဖြစ်၏။ အိုဗာတိုင်မရှိဘဲ တနင်္ဂနွေနားရလျှင် အပြင်သိပ်ထွက် လေ့မရှိဘဲ ၀ပ်ရှော့တွင်ပင် နေလေ့ရှိပါသည်။ ထိုတနင်္ဂနွေနှင့် public holiday များတွင် ကျွန်တော်တို့ရပ်ကွက်မှာ စက်မှုဇုံရပ်ကွက်ဖြစ်သဖြင့် ဆူညံသံ ဟူ၍ ဘာမှမကြားရဘဲ တိတ်ဆိတ်နေလေ့ရှိသည်။ ကိုယ့်ဟာကိုယ် သီချင်းနားထောင် ချင်လျှင် နားထောင်၊ စာဖတ်ချင်လျှင် ဖတ်၊ အင်တာနက်ကြည့်ချင်လျှင်ကြည့်။ စာရေးချင်လျှင်ရေး။ တိတ်ဆိတ်နေသဖြင့် အလွန်အဆင်ပြေသည်။ တစ်ခါတစ်ရံထွက်ပေါ်လာတတ်သော သီချင်းသံမှလွဲ၍ ဘာအနှောက်အယှက်မှ မရှိပါ။
            သည်တော့ သည်လို တိတ်ဆိတ်နေသောရပ်ကွက်နှင့် အသားကျနေသော ကျွန်တော် ရန်ကုန်ပြန်တော့ စိတ်အနှောက်အယှက် ဖြစ်စရာများ တွေ့လာရတော့သည်။ နေ့လည် ထမင်းစားအပြီး မိသားစုနှင့် အေးအေးဆေးဆေး စကား စမြီပြောနေစဉ် သို့မဟုတ်ပါကလည်း စာဖတ်နေစဉ် သို့မဟုတ် တီဗီကြည့်နေစဉ်များတွင် အောက်မှလော်စပီကာနှင့် အသားကုန် အော်လိုက်သော အလှူခံသည့်အသံများ၊ ထီရောင်းသည့်အသံများ၊ ပုသိမ်ဟာလ၀ါရောင်းသည့်အသံများ ကြားလိုက်ရလျှင် စိတ်ထဲ အတော်လေး ကသိကအောက် ဖြစ်မိပါသည်။ ယခင်မြန်မာပြည်မှာ နေစဉ်ကလည်း သည်အသံများ ကို ကြားနေကျ။ သို့သော် ယခု သည်အသံများပြန်ကြားရသည့်အခါ တစ်မျိုးဖြစ်နေသည်။
            ထိုမျှသာမက။ ကျွန်တော်တို့ တိုက် ၆ နှင့် ကပ်လျှက် တိုက် ၅ ၏ မြေညီထပ်တွင် အခန်းတစ်ခန်းကို ရပ်ကွက်ဓမ္မာရုံ အဖြစ်လုပ်ထားသည်။ တရားပွဲများရှိသည့်အခါ သို့မဟုတ် အလှူတစ်ခုခုရှိသည့်အခါ သို့မဟုတ် ဆွမ်းလောင်းပွဲ ရှိသည့်အခါ များတွင် ကျွန်တော်တို့မှာ အဲလေ ကျွန်တော့်မှာ မစားသာပါ။ မနက် ၄ နာရီဆိုလျှင် သူတို့ထကာ နိဗ္ဗာန်ဆော်ပါသည်။ ထိုမှစ၍ တစ်နေ့ပတ်လုံး တစ်မိနစ်မှ မအားလပ်စေရပဲ ဟောလိုက်ပြောလိုက်သည်မှာ ည ၉ နာရီ ၁၀ နာရီ တိုင်ပါသည်။ တစ်ရက်လည်း မဟုတ်။ နှစ်ရက်လည်း မဟုတ်။ ကျွန်တော် တော်တော်စိတ်ညစ်ပါသည်။
            နင်တို့ အဲဒီအသံကြီး နေ့တိုင်းကြားနေရတာ ဘယ်လိုမှ မနေဘူးလား ဟု မမတို့ကို မေးကြည့်ပါသည်။ သို့သော် သူတို့ကတော့ နေသားကျနေပါပြီ။ မနေတတ်တော့ရော ဘာလုပ်လို့ရမလဲ။ ဘယ်သွားနေမလဲ ဟု မမက ပြန်ပြောပါသည်။ သူပြောတာလည်း ဟုတ်၏။ အကယ်၍ ကျွန်တော်ကသာ သူတို့ကို ဆူပါသည်သွားပြောလျှင် ကျွန်တော့်ကိုပင်လျှင် ဒိဌိ ဟု ၀ိုင်းဝန်းလက်ညှိုးထိုးကြ၊ ကဲ့ရဲ့သဂြိုဟ် အတင်းဆိုကြမှာ မြေကြီးလက်ခတ်မလွဲပါ။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်သကဲ့သို့ မြတ်ဗုဒ္ဓ၏ တရားတော်များကိုလည်း နှစ်နှစ်ခြိုက်ခြိုက် သက်ဝင်ယုံကြည်ပါသည်။ လေ့လည်း လေ့လာလိုက်စား ပါသည်။ သို့သော် ဤကဲ့သို့ လောက်စပီကာကြီးနှင့် နင်းကန်အော်နေတာကိုတော့ ဘယ်နည်းနှင့်မျှ သဘောမကျ လက်မခံနိုင်ပါ။ အများနှင့် တစ်ယောက်မို့သာ ဘာမှမပြောဘဲ အောင့်အည်း သည်းခံနေရခြင်းဖြစ်ပါသည်။
            မောင်သာရက သူစာရေးလျှင် သမ္မတဟိုတယ်၌ သွားပြီးရေးလေ့ရှိသည် ဟု အင်တာဗျူးတစ်ခုတွင် ပြန်ဖြေသည်ကို ငယ်ငယ်က ဖတ်ရစဉ် အတော်ဖင်ခေါင်းကျယ်တဲ့ ပုဂ္ဂိုလ်ပါလား ဟု ထင်မိခဲ့ပါသည်။ အရွယ်ကလေး နည်းနည်းရလာပြီး ကိုယ်တိုင်စာရေးသည့်အခါကျမှ မောင်သာရ အဘယ်ကြောင့် သမ္မတတွင်သွားရေးရသနည်း ဆိုသည်ကို သဘောပေါက်၊ ကိုယ်ချင်းစာ၊ နားလည်လာပါတော့သည်။ လူငယ်ဟူသည် လူကြီးပြောတာကို နားမလည်ဘဲ အတင်းငြင်းဘို့လောက်သာ သိသူဟု ကိုယ်ကိုယ်တိုင် လူကြီးဖြစ်လာမှ လက်တွေ့နှင့်ယှဉ်ကာ သဘောပေါက်လာ ရပါတော့သတည်း။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၀-၅-၂၀၁၁
Blk 134A, Kang Ching Road
#03-91
Singapore 619062
- - - - - - - - - - - - - - - - - - - - - - - x x x x x x x  - - - - - - - - - - - - - - - - - - - - -