Sunday, April 24, 2016

မြန်မာပြည် ခရီးတထောက် (၃)

(၇) လူတို့၏ လောဘ

အဲဒီမှာ မြင်နေရတဲ့ တိုက်အမြင့်ကြီးတွေက လူတွေနေဘို့ဆောက်ထားတာ မဟုတ်ဘူး ဆရာရဲ့ဟု ကိုနိုင်ဝင်းက ပြောလေ သော် ကျွန်ုပ်မှာ အလွန်အံ့သြရ၏။ အနို့ လူတွေနေဘို့မဟုတ်တော့ နတ်တွေနေဘို့လား ကိုယ့်လူရယ် ဟု ကျွန်ုပ်လည်း ဂွစကားကို ဆိုလေ၏။   

ထိုအခါ ကိုနိုင်ဝင်းက ဒီလိုဆရာရဲ့။ ငှက်သိုက်ဆိုတာ ဆရာကြားဖူးမှာပေါ့။ အဲဒီငှက်သိုက်က တပိဿာကို သိန်း ၄၀ လောက် ရတယ်။ ဟောဒီ အနီးတ၀ိုက်မှာ ဇီဝဇိုးငှက်တွေရှိတယ်။ သူ့သဘာဝအလျောက်ဆိုရင်တော့ ကျွန်းတွေပေါ်မှာ အသိုက် ဆောက်တာပေါ့။

ဒါပေမဲ့ လူတွေက ကျွန်းကိုမသွားတော့ဘူးလေ။ ငှက်သိုက်ကို လိုက်ရှာရတာ ဒုက္ခများတယ် မဟုတ်လား။ အဲဒီတော့ ငှက်တွေကို ကိုယ့်ဆီရောက်လာအောင် လုပ်တယ်။ ဟောဟိုမှာ မြင်နေရတဲ့ အပေါက်မဲမဲကလေးတွေက ငှက်တွေ ၀င်လာ အောင် လုပ်ထားတာ။ ညနေပိုင်းဆို ငှက်အော်သံအတုတွေကို ဆောင်းဘောက်နဲ့ ဖွင့်ပေးတယ်။ ငှက်တွေလာအောင် မြှုတာ ပေါ့။ ငှက်တွေ အဲဒီ အပေါက်ထဲဝင်၊ အသိုက်လုပ်တော့မှ အဲဒီအသိုက်ကို အသာလေး ခွာရောင်းကြတာ။ ဆိုတော့ တခြား ဘာအလုပ်မှ လုပ်စရာမလိုတော့ဘဲ ငှက်သိုက်ခွာရောင်းတာနဲ့တင် စီးပွားဖြစ်ကြတယ်။


ဟိုက် - ရှားဘား။ တတ်လဲ တတ်နိုင်ကြပါပေ့။ အလွန်ရက်စက်သော လူသားများပါတည်း။ ငွေရဘို့အတွက်ဆို ဘာမှလုပ်ရန် ၀န်မလေးကြ။ ညနေပိုင်း ကျွန်တော်လေဆိပ်ဆင်းခါနီး လဖက်ရည်ဆိုင်ထိုင်တော့ ထိုဆိုင်အနီး ငှက်အိမ်မှ ငှက်အော်သံအတု များကို ကြားခဲ့ရပါသည်။ ဇီဝဇိုးငှက်ကလေးများကို မတရားလုပ်ခြင်းဖြစ်၏။ သည်မြင်ကွင်းကိုကြည့်ရတာ ကျွန်တော် စိတ်မချမ်း သာပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများ လက်ပိုက်ကြည့်မနေကြပါနှင့်။ ၎င်းတို့စီးပွားရေးပင် ဖြစ်သော်လည်း အရေးတယူ ဆောင်ရွက်တော်မူကြပါ ခင်ဗျား။


ဇီဝဇိုးဆိုတာ ဇီဝ = အသက်။ ဇိုး = စိုး = ဇီဝကိုအစိုးရသောငှက် တစ်နည်းအားဖြင့် အသက်ကို အစိုးရတဲ့ငှက်လို့ အဓိပ္ပာယ် ရတယ်။ ငှက်သိုက်စားရင် ကျန်းမာရေးကောင်းတယ်၊ အသက်ရှည်ကြတယ်လို့ ယုံကြည်ကြတော့ လူတွေက ငှက်သိုက်ကို တန်ဘိုးထား စားသောက်ကြတာကိုး ဟု ဆိုလေသည်။

မိတ်ဆွေများခင်ဗျာ။ ကျွန်ုပ်တို့ ရွာပေါက်စနကလေးမှာတောင် အသက် ၇၀ ကျော် အဘိုးကြီး အဘွားကြီး ၃၀ လောက်ရှိသည်။ အသက် ၈၀ ကျော် ၁၅ ယောက်လောက်ရှိသည်။ ကိုဘိုးအောင်အမေ၊ အမေမယ်ညိုဆို အခု အသက် ၁၀၀ ပြည့်တော့မည်။ ၎င်းတို့မှာ ငှက်သိုက်ဆိုလျှင် စာဗူးတောင်းသိုက်လောက်သာ မြင်ဖူးကြသူများဖြစ်၏။ တော်တော်များများမှာ ဘာရောဂါ ကြီးကြီးမားမားမှ ရှိသူများမဟုတ်။ ဦးကြီးထွန်းလှိုင်ဆိုလျှင် အသက်ကြီးလို့ မသွားနိုင်သာ ရှိရမည်။ ၀က်သားဆို အဆီမှ ကြိုက်၏။ သို့ဆိုလျှင် ငှက်သိုက်မသောက်ပါဘဲလျက် ထိုအဘိုးကြီး အဘွားကြီးများ အဘယ်ကြောင့် အသက်ရှည်ကြသနည်း။ အဘယ်ကြောင့် ကျန်းမာရေး ကောင်းကြသနည်း။

ထိုငှက်သိုက်သောက်သူများ အသက် ၁၂၀ ရှည်ပါသလော။ ဘာရောဂါမှ မရှိတော့ပြီလော။ ကျွန်တော့်ကိုလည်း မမတို့က ငှက်သိုက်များဝယ်ပေးကာ သောက်ခိုင်းပါသည်။ သူတို့စိတ်ချမ်းသာအောင် သောက်သည်မှလွဲ၍ ငှက်သိုက်သောက်ခြင်းဖြင့် သက်ရှည်ကျန်းမာသည်ဆိုသည့် အယူအဆကို ကျွန်တော်လက်မခံပါ။ ငှက်သိုက်သောက်ခြင်းအားဖြင့် ရောဂါမဖြစ်ဆိုလျှင် ဆေးကုမ္ပဏီများသည် ငှက်သိုက်ကို မထုတ်ဘဲ အဘယ်ကြောင့် ဆေးများထုတ်နေပါရသနည်း။

ကျန်းမာရေးကောင်းဘို့ဆိုတာ စားတာ၊ ၀တ်တာ၊ နေ့စဉ်နေထိုင်မှုဘ၀ သမမျှတဘို့လိုသည်။ စိတ်ထားတတ်ရမည်။ ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတများရှိရမည်။ မကျန်းမာစေမည့် အစားအသောက် အနေအထိုင်များကို ဝေါင်ဝေါင် ရှေး၊ ဝေးဝေးရှောင်။ သဟာဆို ကျန်းမာမည်။ ဘာငှက်သိုက်မှ သောက်စရာမလို။ ကျွန်တော့်အဖေမှာ ယခု အသက် ၈၀ ရှိပြီ။ ဘာရောဂါမှ ကြီးကြီးမားမားရှိတာမဟုတ်။ စားချိန်တန် စားသည်။ အိပ်ချိန်တန် အိပ်သည်။ တရားထိုင်ရမည့်အချိန် တရားထိုင် သည်။ ကျန်သည့်အချိန်များတွက် မောင်မောင်ကြီး၊ တင်တင်မြ၊ မာမာအေး စသည့် သီချင်းများကို မမောမပန်း နားထောင် သည်။ ဟန့်ကို ကျလို့။ ဘာငှက်သိုက်မှ သောက်စရာမလို။

ဤသည်မှာ ကျွန်တော်၏ အလွန် ခွကျလှသော အယူအဆဖြစ်၏။ မိတ်ဆွေများ လက်ခံရမည်ဟု မဆိုလို။ သင်တို့ သဘော မတူလျှင်လည်း အကျွန်ုပ်ကို ဘာမှထိခိုက်စရာ အကြောင်းမရှိပါ။

သြော် - သည်တွင် စကားစပ်၍ပြောရလျှင် ကျွန်တော် ၂၀၀၅ ခုနှစ်လောက်ကစပြီး ဆီးချိုဖြစ်သည်။ ကျွန်တော့်မှာ ဆီးချိုဖြစ်ပြီ ဆိုတော့ မမတို့လည်း ပြူးပြူးပြာပြာနှင့် ဆီးချိုရောဂါကို ဘာဆေးသောက်ရင်ပျောက်မလဲ ဟု စုံစမ်း၏။ ထိုကာလက မိတ်ဆွေများ အဆွယ်ကောင်းမှုကြောင့် မမက ရှိုင်းဟုတ်တွင် ဟိုလိုလို သည်လိုလို ပရိုမုတ်တာလုပ်နေသော ကာလဖြစ်၏။ သို့နှင့် သူလည်း ကျွန်တော်တားနေသည့်ကြားမှ လင်ဇီးဆေးတောင့်များ ၀ယ်ပို့သည်။ တစ်ခါပို့လျှင် ၂ သိန်းဘိုးလောက် ရှိ၏။ လင်ဇီးဆေး တစ်တောင့်လျှင် စင်းဒေါ်လာ ၁ ကျပ်လောက် တန်သည်။ ဆေးတစ်ဘူးလျှင် အလုံးအစိတ်လား ပါသည်။

သူ့ညွှန်ကြားချက်ဖြင့် ကျွန်တော်လည်း လင်ဇီးဆေးတောင့်ကို မနက် ၅ တောင့်။ ည ၅ တောင့် သောက်လေ၏။

ဆေးဘိုးသာ ဆယ်သိန်း ကုန်သွားသည်။ ကျွန်တော့်ဆီးချိုမှာ တိုးပြီး အခြေအနေထူးမလာ။ ထူးမလာသည့်အတွက်ပင် ယခုထိ ဆေးထိုးဆေးသောက်နေရတာ ဖြစ်၏။ နောက်တော့ ကျွန်တော်လည်း မမကို လင်ဇီး ဆေးတောင့်များ မ၀ယ်ရန် အကျောက်အကန် ငြင်းဆန်ရလေသည်။ နင့်ဟာနင် ပိုက်ဆံအကုန်ခံပြီး ပို့ချင်ပို့။ ငါကတော့ မသောက်ပဲ အကုန်လွှင့်ပစ်မယ် ဟု ကြိမ်းဝါးလေမှ အ၀ယ်ရပ်တော့သတည်း။ လင်ဇီးဆေးဖြင့် ကင်ဆာပျောက်သည်ဆိုသူများ ကြည့်ကျက် ပျောက်ကြပါကုန်။ ရောဂါနှင့်အသက် နှစ်ခုရှိသည့်အနက် ရောဂါမပျောက်ပဲ အသက်ပျောက်ဖို့ များပါသည်။

(၈) ငါတို့ ဘာလို့ကျောင်းတက်ကြသလဲ

ထို့နောက် အချိန်နီးနေပြီဖြစ်၍ ဘုံတိုက်စိမ်းခန်းမသို့ ချီတက်ခဲ့ကြ၏။ ဟိုရောက်တော့ ကျောင်းသားကျောင်းသူများ တဖွဲဖွဲ လာနေသည်ကို တွေ့ရ၏။ ၉ နာရီကျော်သော် “ငါတို့ဘာလို့ကျောင်းတက်ရသလဲ” ဟောပြောပွဲ အခမ်းအနား စသည်။ ကိုမျိုးကျော်က အဖွင့်စကား အနည်းငယ်ပြော၏။ ထို့နောက် ကျွန်တော်ဆက်ပြောသည်။

ကျောင်းသားကျောင်းသူများ ပါဝင်ဆွေးနွေးခွင့်ရစေရန် ကျွန်တော်ကပြောရင်း သူတို့ကို မေးခွန်းများမေး၏။ ပထမ မည်သူမှ မဖြေကြ။ အလေ့အကျင့်မရှိကြတော့ လူကြားထဲထဖြေရန် မ၀ံ့မရဲ။ သည်တော့ ကျွန်တော်နည်းလမ်းရှာရသည်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဖြေတဲ့သူကို စာအုပ်တစ်အုပ် လက်ဆောင်ပေးမည်ဟု ကြေငြာလိုက်၏။ သည်တော့မှ တစ်ယောက် ထ လာသည်။




ကျွန်တော် ပထမဆုံးမေးသောမေးခွန်းမှာ ပညာဆိုတာဘာလဲဟု ဖြစ်၏။ ဖြေရန်ပင် မ၀ံ့မရဲဖြစ်နေသော်လည်း ထဖြေသော ကျောင်းသူလေးမှာ မှန်အောင်ဖြေနိုင်သည်ကို တွေ့ရပါသည်။ အခြားသူများလည်း ဖြေနိုင်ပါလိမ့်မည်။ လူကြားထဲမထရဲလို့သာ ဖြစ်မည်။
 

နောက်မေးခွန်းတစ်ခုမှာ သရက်နှင့်အိုး၊ ကြွက်နှင့်မိုးသို့ မှ သရက်လေးမျိုး၊ ကြွက်လေးမျိုး၊ အိုးလေးမျိုး နှင့် မိုးလေးမျိုး ဖြစ်၏။
သူလည်း မှန်အောင် ဖြေနိုင်ပါသည်။ သရက်နှင့်အိုး၊ ကြွက်နှင့်မိုးမှာ ကျောင်းစာထဲတွင် မပါသော်လည်း စာရိတ္တတွင် ပါသည် ဆို၏။


နောက်တစ်ခု သီလဆိုတာဘာလဲ မေးတော့ အကျင့်စာရိတ္တ ဟု ဖြေ၏။ အကျင့်စာရိတ္တကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုသည်ကို ကျွန်တော် တိတိကျကျမသိပါ။ သီလဆိုတာ ကိုယ်နှင့်နှုတ်ကို ကောင်းစွာစောင့်ထိန်းခြင်းဖြစ်သည့်အတွက် အကျင့်စာရိတ္တနှင့် အတော်နီးစပ်ပါသည်။ သို့အတွက် ထိုကျောင်းသူအားလည်း စာအုပ်ဆုချလိုက်ပါသည်။


လူတော်လူကောင်းဆိုတာ ဘာလဲ။ လူတော်လူကောင်းဖြစ်အောင် ဘယ်လိုကျင့်ကြံကြိုးကုတ် အားထုတ်ရမလဲ။ မြန်မာနိုင်ငံ ကို ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ရအောင် ဘယ်လိုလုပ်ကြမလဲ။ အဲသလိုလုပ်ရာမှာ ကျောင်းသားကျောင်းသူတွေရဲ့ အခန်း ကဏ္ဍက ဘာလဲ။ နောက်ဆုံး ဘာဖြစ်လို့ ကျောင်းတက်ကြရသလဲ။ ကျောင်းတက်ရာမှာ ထားရှိရမဲ့ ခံယူချက်နဲ့ သဘောထား စသည်များကို စုံတကာစေ့အောင် ပြောပြလိုက်ပါသည်။

ကျွန်တော်ပြောတာ ၁ နာရီနှင့် ၂၄ မိနစ် ကြာ၏။ နောက်ပြီး သူတို့ကို အပြန်အလှန်ဆွေးနွေး၊ မေးမြန်းခိုင်းသည်။ မည်သူမှ မဆွေးနွေး၊ မမေးမြန်းကြ။ ထို့နောက် ဦးအောင်မျိုးလတ်က ကျေးဇူးတင်စကားပြောကြားပြီး လက်ဆောင်ပစ္စည်းပေးအပ်သည်။

နောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။








(၉) ဘိုင့်ဘိုင် မြိတ်

ဟောပြောပွဲပြီးတော့ ယိုးဒယားစတိုင် ဆိုင်တစ်ဆိုင်တွင် နေ့လည်စာ တည်ခင်းဧည့်ခံသည်။ ခရုဖင်ရှည်ကလေးများကို ငြုပ်သီး နှင့် ချက်ထား၏။ စားလို့ကောင်းပါသည်။ ကျွန်တော်က အစပ်ကြိုက်သူဆိုတော့ ယိုးဒယား ချဉ်ငံစပ်ဟင်းများကို ကြိုက်နှစ် သက်သည်။

ထိုဆိုင်မှခုံကြီးများမှာလည်း ကောင်းလှ၏။ ထိုင်ခုံများမှာ ဘာသား ဆိုပါလိမ့်။ လေးတစ်နေ၏။ အလေးချိန်တွက်လျှင် ရိုးရိုး သစ်သား၏ သိပ်သည်းကိန်းနှင့် တွက်လို့မရနိုင်။ ကျွန်တော် ထိုင်ခုံတစ်လုံးကို မ,ကြည့်ရာ မနည်း မ,ရသည်။ ဈေးနည်းလှမည် မဟုတ်။




ထို့နောက် လဖက်ရည်ဆိုင် ထိုင်ကြသည်။ စားရင်းသောက်ရင်း စကားစနေပြောကြ။ သူတို့က မြိတ် သွားရေစာများဖြင့် ဧည့်ခံ ၏။ နာမည်တွေတော့ မေ့နေပြီ။ စားလို့ကောင်းပါ၏။

နေ့ခင်းပိုင်းတွင် MFD ၌ ထိုင်းမှ လုပ်ငန်းရှင်များ၌ တွေ့ဆုံဆွေးနွေးမည်ဆို၍ သွားရောက်လေ့လာနားထောင်၏။ ထို့နောက် hard drive တောင်းကာ ကျွန်တော့်ဆီမှ စာအုပ်များကို ကူးထည့်ပေးသည်။ သို့သော် အချိန်မရ၍ အားလုံးထည့်မပေးလိုက် နိုင်။ လေယာဉ်ကွင်း ဆင်းခါနီးထိ ရသလောက်ကူးပေးလိုက်၏။

ကျွန်တော်ရေးထားသည်များထဲမှ ကောင်းနိုးရာရာများကို ရွေးချယ်စုစည်းကာ memory stick ထဲ၌ စုစည်းပေးပြီး ပရင့်ထုတ်။ မိတ္တူဆွဲလျက် စာအုပ်ချုပ်ကာ ကျောင်းစာကြည့်တိုက် စသည်တို့၌ ထားပေးရန်လည်း မှာခဲ့ပါသည်။

သူတို့က ဟောပြောပွဲမျှနှင့် မရောင့်ရဲနိုင်။ သင်တန်းပေးရန်ပါ ပြော၏။ ကျွန်တော်လည်း သင်တန်းဖြစ်အောင်သာ စီစဉ်လိုက်ပါ။  ရက်ရှည်ပိတ်ရက်များတွင် လာခဲ့ပါမည်။ လာမည့်ရက်ကို ကြိုတင်အကြောင်းကြားပါမည်ဟု ကတိပေးလိုက်၏။ ခွင့်ရက်က အကန့်အသတ်နှင့်ဆိုတော့ ပိတ်ရက်ရှည်နှင့် ခွင့်ရက်ကို ပေါင်းလိုက်လျှင် ဖြစ်နိုင်ပါလိမ့်မည်။

အပြန်ခရီးကျတော့ ဘုန်းမောင်တစ်ယောက်တည်း။ မိုးကလေးကလည်း တဖွဲဖွဲ။ လွမ်းစရာကောင်း ကောင်းသေးတော့။ အကောက်ခွန်က ကျွန်တော့်သေတ္တာကြီးကို ဖွင့်ပြခိုင်းသည်။ သြော - Safety harness ကြီးက X-Ray ထဲ ဘာလိုလိုကြီး သွားပေါ်နေတာကိုး။

လေယာဉ်က ထားဝယ်အများပိုင်လေကြောင်းလိုင်း။ ဆိုတော့ ခပ်နွမ်းနွမ်း။ ထိုင်ခုံကလည်း ကိုယ်ကြိုက်သလို ၀င်ထိုင်လို့ ရသည်။ ကြမ်းပြင်များမှာ စွန်းထင်းလျက်။ ရာသီဥတုကလည်း မှုန်မှိုင်းမှိုင်း။ အပြင်မှာ မိုးတွေရွာနေသလို လေလည်းတိုက် နေသည်။ ရင်ထဲခပ်ထိတ်ထိတ်။ မြိတ်ကနေ တော်တော်လေးဝေးလာမှ ရာသီဥတု ပြန်ကြည်လင်သွားသည်။






မြိတ်က ညနေ ၆း၁၀ နာရီထွက်။ ရန်ကုန်သို့ ၇း၄၀ နာရီရောက်။ ရောက်တော့ တက္ကစီငှားပြီး ပြန်ခဲ့၏။ မနက်ဖြန်တစ်ရက် နေပြီး ၂၉ ရက်နေ့ စင်ကာပူပြန်ရပေဦးမည်။

သည်လိုနှင့်ပင် စင်ကာပူကို ကိုယ့်အိမ်ယာမှတ်လျှက် သွားအလုပ်လုပ်လိုက်။ ကိုယ့်ဇာတိ မြန်မာပြည်ကိုတော့ ဧည့်သည် အဖြစ် ပြန်လာလိုက်နှင့် သည်သံသရာ ဘယ်တော့မှ ဆုံးမည်မသိ။ ကလေးကလည်း စင်ကာပူမှာ ကျောင်းတက်မည် ဆိုတော့ မြန်မာပြည်ပြန်လုပ်မည်ဟု မက်ထားသော အိပ်မက်ကလေး ကွဲကျေရပြီ။ ဆိုတော့ အလုပ်က အနားယူတော့မှ မြန်မာပြည် ပြန်နေဖြစ်တော့မည် ထင်၏။ သို့သော် အလုပ်လုပ်ချိန်လည်း သိပ်မကျန်တော့ပါ။ အသက် ၆၅ ထိ လုပ်မည်ဆိုလျှင်ပင် ၁၀ နှစ်မျှသာ ကျန်ပါတော့သည်။

သည်ကြားထဲတော့ သည်လိုပင် သွားလိုက်ပြန်လိုက် လုပ်နေရလိမ့်ဦးမည်သာတည်း။

မတ်လ၊ ၂၀၁၆ မြန်မာပြည်ခရီးစဉ် ဤတွင် ပြီးပါပြီ။

ဖတ်ရှုအားပေးသော မိတ်ဆွေအပေါင်းကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း။

အေးငြိမ်း
၂၄ ဧပြီ၊ ၂၀၁၆။ ည ၁၀း၀၂ နာရီ

မြန်မာပြည် ခရီးတထောက် (၂)

(၄) မြိတ် ခရီးစဉ်

ကိုနိုင်ဝင်းက သူတို့မြိတ်ကိုလည်း Safety အကြောင်းလာပြောပါဦးဟု ဖိတ်ခေါ်သဖြင့် ကျွန်တော်က မတ်လ ၂၆၊ ၂၇ ကို ရက်ရွေးလိုက်၏။ ၂၆ ရက်နေ့တွင် Safety အကြောင်းပြောပြီး ၂၇ ရက်နေ့တွင် ကျောင်းသားကျောင်းသူများကို ပညာရေး အကြောင်း ပြောမည်ဖြစ်ပါသည်။ ဖိတ်ကြားသည့်အဖွဲ့မှာ မြိတ်မြို့မှ အင်ဂျင်နီယာလူငယ်အများစု ပါဝင်ဖွဲ့စည်းထားသည့် မြိတ် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတက် (မြိတ်မြို့) - MFD (Myeik Future Development Public Co. Ltd.) ဖြစ်၏။

မတ်လ ၂၅ ရက်နေ့တွင် ကိုနိုင်ဝင်း စင်ကာပူမှ ပြန်လာသည်။ ကျွန်တော်နှင့် မနက်ဖြန်မနက် လေယာဉ်ကွင်းမှာတွေ့ဘို့ အချိန်းအချက်လုပ်ကြ၏။ လေယာဉ်က ၇ နာရီဆိုတော့ Check-in လုပ်ရန် လေယာဉ်ကွင်းမှာ ၅ နာရီခွဲ တွေ့ကြမည်ဟု ချိန်းဆိုလိုက်သည်။

ကျွန်တော်ကတော့ ၅ နာရီခွဲဆို ၅ နာရီခွဲရောက်လာမှ ကြိုက်သည်။ သည့်အတွက် ကျွန်တော် လေယာဉ်ကွင်းရောက်တော့ ၅ နာရီခွဲ။ ၁၅ မိနစ်လောက်ကြာတော့ ကိုနိုင်ဝင်းရောက်လာသည်။ သို့သော် အတူသွားမည့် ကိုမျိုးကျော်က ၆ နာရီကျော်သည် ထိ ရောက်မလာသေး။ Check-in လုပ်သည့်နေရာတွင် ဘယ်သူမှမရှိတော့။ ကျွန်တော်က ကိုနိုင်ဝင်းကိုလောဆော်သည်။ လာနေပြီ၊ လာနေပြီဆိုပြီး တော်တော်နှင့်ရောက်မလာ။ အချိန်ကို မလေးစားရကောင်းလားဟု ကျွန်တော် အတော်ဒေါသထွက် လာသည်။ ကိုနိုင်ဝင်းကတော့ သူတို့က မြိတ်ကိုအမြဲသွားနေကျဆိုတော့ မြိတ်လေယာဉ်အထာသိလို့ အေးအေးဆေးဆေး လုပ်နေတာဟု ဆို၏။

သူရောက်လာတော့ အားလုံးပေါင်းပြီး Check-in လုပ်သည်။ ကျွန်တော်တို့ နောက်ဆုံးဖြစ်၏။ မောင်မင်းကြီးသားက အေးအေး ဆေးဆေးပင်။ နောက်တော့ အပေါ်ထပ်တက်ကာ မုံ့စား၊ လက်ဖက်ရည်သောက်ရင်း လေယာဉ်စောင့်ကြ၏။

လေယာဉ်ကလည်း အချိန်မှန်ပါသည်။ မနက် ၇ နာရီတွင် လေယာဉ်ထွက်၏။ Myanmar National Airline ဖြစ်ပြီး အမြင့်ပေ တစ်သောင်းခြောက်ထောင်မှပျံသည်။ ရန်ကုန်မှ မြိတ်သို့ တစ်နာရီခွဲကြာ၏။ ဂျက်လေယာဉ်ဆိုရင်တော့ မိနစ် ၅၀ ပဲကြာတယ် ဟု ကိုနိုင်ဝင်းကပြော၏။ လေယာဉ်ခရီးစဉ်အမှတ် UB305 ဖြစ်ပြီး အစားအသောက်များလည်း ကျွေးပါသည်။ မဆိုးပါ။ လေယာဉ်လက်မှတ်ခ ၈ သောင်း သုံးထောင် ဖြစ်၏။ (အပြန်လေယာဉ်မှာမူ Apex Airline ခေါ် ထားဝယ်အများပိုင် လေကြောင်း ဖြစ်ပြီး လေယာဉ်လက်မှတ်ခမှာလည်း ၆ သောင်း ၈ ထောင်မျှသာ ကျသင့်ပါသည်။) ကိုမျိုးကျော်ကတော့ တစ်ချိန်လုံး အိပ်လိုက်လာသည်။ သူက ၀၀ဖိုင့်ဖိုင့်ကြီး။ သူ့ဘေးနားကျသူမှာ ပိန်ပိန်သေးသေး ကလေးမလေးကြောင့်သာ တော်တော့သည်။

မနက် ၈ နာရီခွဲခန့်တွင် မြိတ်မြို့သို့ လေယာဉ်ဆိုက်၏။ ကျွန်တော့်အတွက်တော့ အရာရာ အသစ်အဆန်းချည်း ဖြစ်၏။ တောမြို့ လေယာဉ်ကွင်းကိုလည်း တွေ့ဖူးရသည်ပေါ့။ ထို့နောက် ကျွန်တော်တို့ကို မြိတ်ကတ်ကျေးကိုက် လိုက်ကျွေးကြသည်။ ကတ်ကျေးကိုက်ဆိုသော်လည်း စားပွဲပေါ်လာချပေးသည်မှာ အတော် အမယ်စုံသည်။ ကျွန်တော်လည်း ဘာကို ဘယ်ကစ စားရမှန်းမသိ၍ သူတို့အရိပ်အချည် ကြည့်နေရ၏။ နောက်တော့ သူတို့စားသလို လိုက်စားသည်။

ဟိုဟိုသည်သည်လျှောက်ကြည့်ရင်း အောက်ထပ်ကို တိုင်များလွှတ်ထားကာ အပေါ်ထပ်ကို ကွန်ကရိလောင်းထားတာ တွေ့ရ၍ အံ့သြမိသေး၏။ သည်လိုနေရာမျိုးဆို စင်ကာပူတွင် post tensioning ဆွဲမည်။ သည်မှာတော့ ဘာရလိမ့်မတုံး။

စားသောက်ပြီးနောက် ဘုရားသို့လိုက်ပို့သည်။ ကျွန်တော်က သူတို့လုပ်ကိုင်နေသည်များကို ကြည့်ချင်သေးသဖြင့် လုပ်ငန်းခွင် ထဲသွားချင်သည်ဆိုတော့ လိုက်ပို့ကြသည်။ လုပ်ငန်းခွင်မှာ အတော်ကျယ်၏။ အိမ်ယာသစ်များ ဆောက်နေတာဖြစ်ပါသည်။ အောက်ဆင်းကြည့်တော့ Unsafe Act and condition တချို့ တွေ့ရ၍ ဓာတ်ပုံရိုက်ယူခဲ့၏။ ဟောပြောပွဲတွင် ပြသရန်ဖြစ်ပါ သည်။







(၅) လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဟောပြောပွဲ


ထို့နောက် တည်းခိုမည့်ဟော်တယ်သို့လိုက်ပို့သည်။ ဟော်တယ်မှာ တော်တော်လေးကောင်းပါသည်။ များသောအားဖြင့် ထိုင်းက ဧည့်သည်တွေလာကြတယ်ဟု ကိုနိုင်ဝင်းက ရှင်းပြ၏။ နောက် ရေမိုးချိုးပြီး ခဏနားသည်။ အင်တာနက်ရသော်လည်း နှေးလှ၏။ ပြောရမည်များကို တစ်ခေါက်ပြန်ဖတ်သည်။ ဟောပြောပွဲက ညနေ ၃ နာရီမှဆိုတော့ အချိန်ရပါသည်။ ၂ နာရီခွဲ လောက်တွင် ကိုနိုင်ဝင်းတို့လာခေါ်၏။ ဟောပြောပွဲလုပ်သည့်နေရာမှာ မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှ ဘုံတိုက်စိမ်း မင်္ဂလာခန်းမ ဖြစ်ပါသည်။ အခန်းက အတော်ကျယ်၏။ စင်မြင့်လည်းရှိသည်။ ပရိုဂျက်တာ နှစ်လုံး ဆင်ထား သည်။ လူ ၃ - ၄၀၀ လောက်တော့ အသာလေး ဆန့်သည်။ အဲယားကွန်းလည်း တပ်ဆင်ထား၏။ အခန်းငှားခက တစ်နာရီကို တစ်သိန်းမှန်း နောက်မှသိရ၏။ ဆိုတော့ ကျွန်တော်တို့ဟောပြောပွဲလုပ်သည့် ၆ နာရီစာလောက်အတွက် အခန်းငှားခချည်း ၆ သိန်းလောက် ကျသည်။ သိပ်တော့မနည်းလှပါချေ။













ကျွန်တော်က အခန်းငှားခ ဈေးကြီးလှကြောင်းပြောရာ ကိုနိုင်ဝင်းက ဒါကို သူတို့လည်း တွက်မိပါသည်။ သို့သော် သည်အခန်းက ကျယ်လည်းကျယ်သည်။ အဲယားကွန်းလည်းရှိသည်ဆိုတော့ နားထောင်သူများ သက်တောင့်သက်သာ ရှိစေရန် ရွေးလိုက်ကြောင်း ပြော၏။ ချွေးတလုံးလုံးနှင့်ဆိုလျှင် ပြောသည့်အထဲ စိတ်ပါဝင်စားမှုနည်းမှာစိုး၍ ဈေးကြီးသည့်တိုင် အဲယားကွန်းခန်းကို ရွေးလိုက်သည့် သူတို့၏ စေတနာကို ကျွန်တော့်မှာ မလေးစားပဲ မနေနိုင်ပါချေ။

လိုချင်သူများဝယ်နိုင်စေရန် ကျွန်တော်ရေးသည့်စာအုပ်များကို ယူသွားရာ တော်တော်များများ ရောင်းရသည်ကို တွေ့ရပါသည်။ ကျောင်းစာကြည့်တိုက်များနှင့် နည်းပညာတက္ကသိုလ်တို့အတွက် စာအုပ်တစ်စုံစီ လှူလိုက်သည်။

ဟောပြောပွဲတက်ရောက်လာကြသူများမှာ တစ်သုတ်ပြီးတစ်သုတ် တဖွဲဖွဲရောက်လာနေရာ များမကြာမီပင် ခန်းမကြီးတစ်ခုလုံး ပြည့်သွားပါတော့၏။ ဟောပြောပွဲလာသူများကို ကိုနိုင်ဝင်းက မိတ်ဆက်ပေး၍ သူတို့နှင့် စကားစနေပြော၏။ ကျွန်တော်တို့ ဟောပြောပွဲသို့ ရန်ကုန်စက်မှုတက္ကသိုလ် ဒုပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာလွင်အောင်က ဘုန်းကြီးဝတ်နှင့် ရောက်လာသည်။ ကျွန်တော်ကျောင်းသားဘ၀က ဆရာတို့ကျောင်းမှာရှိပါသေးသည်။ ယခုတော့ အသက်ကြီးလှပြီ။

ခဏနေတော့ အခန်းအနားစ၏။ ဦးပဉ္စင်း (ဒေါက်တာလွင်အောင်) က အဖွင့်အမှာစကား နည်းနည်းပြော၏။ ထို့နောက် ကျွန်တော် စပြောသည်။

တက်ရောက်လာသူများမှာ အလွှာစုံမှ ဖြစ်၏။ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများလည်းပါသည်။ MFD မှ အင်ဂျင်နီယာများအပါအ၀င် ၀န်ထမ်းအားလုံး၊ အလုပ်သမားများ၊ စိတ်ဝင်စားသူများနှင့်ဆိုတော့ ကျွန်တော်လည်း အားရပါးရ ပြောအားရှိသည်။ လူလေး ၂ ယောက် တစ်ပိုင်းလောက်ပြောရသည့်ပွဲများတွင် ကျွန်တော့မှာ အသံပင်မထွက်တတ်။

ကျွန်တော့်အတွက် ၂ နာရီပေးထားသဖြင့် အေးအေးဆေးဆေး ပြောလို့ရပါသည်။ ကျွန်တော်က ဆိုဒ်ထဲမှ ရိုက်လာသော ဓာတ်ပုံများကိုပါပြ၍ ရှင်းလင်းပြောပြ၏။ သူတို့အားလုံး စိတ်ဝင်တစား နားထောင်ကြပါသည်။ ကျွန်တော်က လုပ်ငန်းခွင် မတော်တဆမှု ဗီဒီယိုအပိုင်းကလေးများပြရာ accident ဖြစ်သည့်နေရာများ၌ ဟင်ကနဲ၊ ဟာကနဲ အသံများကြားရ၏။ ယူသွားသော safety harness, safety glasses, rubber gloves, respirator စသည်တို့အပြင် သူတို့၌ရှိသော safety shoe, handgloves များပါ ယူလာပေးသဖြင့် လက်တွေ့ပြရာ၌ အထောက်အကူ များစွာရပါသည်။

ကျွန်တော်လည်း ရောက်သည့်နေရာတိုင်းတွင် ပြနေကျဖြစ်သော လူအားဖြင့် ပစ္စည်းမ,ခြင်းကိုလည်း သရုပ်ပြလိုက်ပါသေး သည်။ ဆိုတော့ စုစုပေါင်း ၂ နာရီလောက်ကြာ၏။ မေးခွန်းမေးပါဆိုတော့ သိပ်မမေးကြ။ မေးနေမကျ၍တကြောင်း၊ သည်ဘာသာရပ်က သူတို့အတွက် အသစ်ဖြစ်နေသေး၍ တကြောင်းတို့ကြောင့် ဖြစ်ပါလိမ့်မည်။

ကျွန်တော်ပြောပြီးတော့ အစားအသောက်များဖြင့် တည်ခင်းဧည့်ခံသည်။ စားသောက်ပြီးတော့ တော်တော်များများ ပြန်သွား၏။ နောက်ပြောမည့်အကြောင်းအရာက Electrical Design ဆိုတော့ အင်ဂျင်နီယာများလောက်ပဲ ကျန်သည်။ အခန်းတစ်ဝက်ပင် မပြည့်ချင်။ သို့သော် ကိုမျိုးကျော်ကတော့ အားပါးရ စုံရေဆန်ရေ ပြောပါသည်။

သူတို့ပြောပြသည့်အတွက် မြိတ်တွင် သည်လိုဟောပြောပွဲလုပ်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရ၏။ ကျွန်ုပ်လည်း ကိုယ့်ဘာသာကိုယ် လက်မထောင်မိလေ၏။ နောက်ထပ် ဟောပြောပွဲများလုပ်ချင်လျှင်လည်း ကြိုပြီးအကြောင်းကြားလိုက်ပါ။ ကျွန်တော် ကြိုးစားလာခဲ့ပါမည်ဟု ပြောသော် သူတို့က ဟောပြောပွဲထက် ရက်တိုသင်တန်းပေးစေချင်ကြောင်း ပြောကြ၏။ ကျွန်တော်လည်း စဉ်းစဉ်းစားစားနှင့် အချိန်ရရင်တော့ လာခဲ့ပါမယ် ဟု မယုတ်မလွန် ပြောခဲ့ရ၏။ အနို့ ကိုယ်က သူများဆီမှာ လခစားအလုပ် လုပ်နေရတော့ ကိုယ့်ကိုယ်ကိုယ်မှ မပိုင်ဘဲကိုး။ ဘယ့်နှာ တရားသေပြောလို့ဖြစ်ပါမတုံး။

ဟောပြောပွဲပြီးတော့ သူတို့က ညနေစာ ထမင်းလိုက်ကျွေးသည်။ တကယ့်ကို အလျှံပယ်ပါ။ ကျွန်တော်က သိပ်လည်း စားနိုင်သူ မဟုတ်လေတော့ ဟိုဟာနည်းနည်း၊ သည်ဟာနည်းနည်း စားရင်းနှင့်ပင် ဘိုက်ပြည့်တော့၏။ ဘီယာသောက်ရတာ ကို ကြိုက်နှစ်သက်သော်လည်း တမင်ပင် ရှောင်လိုက်ပါသည်။ စင်ကာပူမှာလည်း သည်လိုပင် သွားရေတမြားမြားနှင့် မသောက်ဖြစ်အောင် ကြိုးစားခဲ့သည် မဟုတ်ပါလား။

အားလုံးစားသောက်ပြီး ပြန်ခဲ့တော့ ည ဆယ်နာရီတောင်ခွဲနေပြီ။ ရေမိုးချိုးပြီး ကိုမျိုးကျော်လာအုံးမလား စောင့်နေသေးသော် လည်း မပေါ်လာသည်နှင့် ၁၁ နာရီခန့်တွင် အိပ်ယာဝင်ခဲ့ပါတော့၏။

(၆) သာယာလှပသော မြိတ်မြို့

မနက် ၆ နာရီခွဲလောက်တွင် ကိုနိုင်ဝင်းလာခေါ်ပြီး ဘုရားလိုက်ပို့သည်။ စေတီတော်ကို ရွှေသင်္ကန်းကပ်ရန် ၀ါးငြမ်းများ ကိုယ်လုံးပြည့် ဆင်ထားသည်ကို တွေ့ရသည်။ ဘုရားကို ငြမ်းဆင်ရာတွင် သံငြမ်းထက် ၀ါးငြမ်းက ပိုမိုသင့်တော်သည်။ ၀ါးက ကွေးလို့ရသဖြင့် ဘုရားကိုယ်လုံးပုံစံအတိုင်း လိုက်ကွေးကာ ဆင်လို့ရသည်။ ယခင် ဘိုးဘွားအဆက်ဆက်က ငြမ်းဆင်နည်း အတတ်ပညာကို သင်ယူလာခဲ့သဖြင့် ကျွမ်းကျင်နေပြီ။ ဘာ Method Statement မှ မလို။

ရင်ပြင်တော်ပေါ်တွင် ဂြိုဟ်တိုင်များနှင့် ပန်းတင်ခုံများကို သန့်ရှင်းရေးလုပ်နေသော လူငယ်များကို တွေ့ရ၏။ မြန်မာတို့၏ ချစ်စရာကောင်းသော အလေ့အထပင်။ အချို့မှာ အေးအေးဆေးဆေး ဘုရားဝတ်ပြုနေကြသည်။ ဘုရားပရ၀ုဏ်အတွင်း ရောက်သွားပါက လူတိုင်း စိတ်၏ငြိမ်းချမ်းခြင်းအရသာကို ခံစားကြရပါလိမ့်မည်။ အိမ်မှာနေသည်ထက် ဘုရားလာခြင်းက ဘုရားကို ပိုပြီးအာရုံပြုလို့ကောင်းသည်။ ပတ်ဝန်းကျင်၊ တိတ်ဆိတ်ငြိမ်သက်ခြင်း၊ ခေါင်းလောင်းသံ၊ ကြေးစည်သံ၊ အမျှဝေသံ စသည်တို့က ကုသိုလ်စိတ်ကို တိုးပွားစေသည်။ တန်ဆောင်းထဲတွင် တရားထိုင်နေသူများကို တစ်ယောက်စ နှစ်ယောက်စ တွေ့ရ၏။













စေတီတော်ကို ကုန်းမြင့်ပေါ်တွင်တည်ထား၍ မြို့ကို အပေါ်စီးမှ မြင်နေရသည်။ ရှုခင်းမှာ သာယာလှပါဘိ။
မြိတ်ကို မီးက ဒုက္ခပေးတယ်ဆရာ။ မြို့လေးစည်ပြီးတက်လာမယ်ကြံလိုက်၊ မီးက ထ လောင်လိုက် ဖြစ်နေတယ်။ ကျွန်တော် မှတ်မိတာတင် မြိတ်မှာ မီးလောင်တာ ၃ ကြိမ်မကတော့ဘူး ဟု ကိုနိုင်ဝင်းကပြောသည်။ ကျွန်တော်က အပေါ်စီးမှ မြင်နေရသော မြို့၏ တည်ဆောက်ပုံကိုပြလျှက် မီးဘေးအလွန်စိုးရိမ်ရကြောင်း ရှင်းပြ၏။ အရေးအကြောင်းဆို မီးသတ်ကား ၀င်လို့ မရသောနေရာတွေ များစွာရှိသည်။ အထူးသဖြင့် မြို့မဈေးကြီးဖြစ်၏။ ဆိုင်အားကို တစ်နေရာတည်းတွင် စုပြုံ ဆောက်ထားသောကြောင့် မီးဟေ့ဆိုလျှင် တစ်ဈေးလုံးပြာကျရန် အလွန်လွယ်လှသည်။ အလွယ်တကူ မီးမကူးစေရန် ဈေးကို လေးစိတ်ပိုင်းထားသင့်ကြောင့် ထိုအလယ်လမ်းကိုလည်း မီးသတ်ကားဝင်လို့ရနိုင်ရန် စီမံထားသင့်ကြောင်းများ ရှင်းပြ၏။ သို့သော် ကိုနိုင်ဝင်းကိုပြောရုံဖြင့် ဘာအကျိုးထူးပါမည်နည်း။ မြို့ပြစည်ပင်သာယာရေးအဖွဲ့ စသည့် အရာရောက်သူများက သေသေချာချာ နားလည်သဘောပေါက်ပြီး လုပ်ကြမှ ဖြစ်မည်။

ဟိုး ခပ်လှမ်းလှမ်းတွင်မတော့ ကျွန်းညီနောင်ကို တွေ့ရ၏။ လမ်းမပေါ်တွင် လူအများမှာ ၀မ်းရေးအတွက် တစ်နေ့တာလုပ်ငန်း စရန် လှုပ်ရှားသွားလာနေကြပြီ။

ခဏနေသော် ပြန်ဆင်းခဲ့ပြီး ဟော်တယ်ဝင်ကာ မနက်စာစားကြ၏။ သူတို့ဒေသထွက်မုံ့များမှာ စားလို့ကောင်းပါသည်။ မုံ့တစ်ခုကိုပြကာ ကိုနိုင်ဝင်းက ဟောသည်မုံ့ကို မီဒီယာသမားတစ်ယောက်က သူ့ဟာသူဆွဲတွေးပြီး အမျိုးသမီးပစ္စည်း နာမည်တပ်လိုက်လို့ ကျွန်တော်တို့မှာ စားဘို့တောင် ပါးစပ်မရဲဘူးဖြစ်ရသေးတယ် ဟု ရယ်မောကာ ပြောပြ၏။

ကိုမျိုးကျော်က ကျွန်တော်က အင်ဂျင်ကြီးတော့ လောင်စာများများလိုတယ် ဟု ဆိုကာ အသားကုန် တုပ်လေ၏။ စားသောက်ခန်းကို ဟော်တယ်အပေါ်ဆုံးထပ်မှာလုပ်ထားရာ သဘာဝရှုမြော်ခင်းများကို ကြည့်ရင်း နံနက်စာကို အရသာခံ စားသုံးနိုင်လေသည်။

ဟောပြောပွဲက ၉ နာရီမှစမှာဆိုတော့ အချိန်ရသေးသည်နှင့် ကမ်းနားဘက်လိုက်ပြပါသည်။ ဆိပ်ခံတံတားနှင့် ဆီများ အရောင်းအ၀ယ်လုပ်နေသည်ကို တွေ့ရ၏။ ကလေးလုပ်သမားများလည်း ပါသပေါ့။ ဟောဒီလက်ရမ်းပေါ်တက်ထိုင်တာ လက်ရမ်းကျိုးကျပြီး ကိုးတန်းကျောင်းသားတစ်ယောက် သေဖူးတယ် ဟု ကိုနိုင်ဝင်းက ပြောပြပါသည်။ ယခင်က လက်ရမ်းများ မှာ ခနော်ခနဲ့။ ယခုမူ သံဘောင်များဖြင့်ပြုလုပ်ထားပြီးဖြစ်၏။

အဲဒီလှေတွေက ကင်းမွန်ငါးဖမ်းလှေတွေ။ ကင်းမွန်ငါးတွေက ညဘက်မီးရောင်ရှိတဲ့ဆီကို လာကြတော့ ၀ါးလုံးတန်းတွေမှာ မီးသီးလေးတွေထွန်းထားတာ။
ကမ်းခြေလမ်းတလျှောက် အမှိုက်ပုံးများကို ကြိုကြားကြိုကြားတွေ့ရသည့်တိုင် ပင်လယ်တွင်းသို့ အမှိုက်များ ပစ်ချထားသည်ကို တွေ့ရပါသေးသည်။ သို့သော် ကမ်းခြေအရှည်နှင့်စာလျှင် မပြောပလောက်ပါ။ အချို့အမှိုက်များမှာ အင်ဂျင်ကိုင်ရာမှ ထွက်လာသည့် engine oil filter, air cleaner element စသည့် ပစ္စည်းများဖြစ်သဖြင့် ရေနေသတ္တ၀ါများအား ဒုက္ခ ကောင်းကောင်းပေးမည့် အမှိုက်များ ဖြစ်၏။

ကျွန်တော်တို့မြို့မှာ အမှိုက်ကောက်တဲ့ ပရဟိတအဖွဲ့ ရှိတယ်။ ခုလောက်သန့်ရှင်းနေတာ သူတို့ရှင်းထားလို့။ ဒါပေမဲ့ သူတို့က တစ်ဖွဲ့တည်းဆိုတော့ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို မနိုင်ဘူး။

ဟောဟိုကဟာ အမြန်ရေယာဉ်တွေပေါ့ ဆိုသဖြင့် လှမ်းကြည့်တော့ စင်ကာပူက ပင်ဂွင်ဘုတ်များနှင့် တူတူသေးတော့။ အဲဒီ speed boat လေးတွေက အင်ဒိုနီးရှားကိုပြေးတဲ့ စင်ကာပူကဘုတ်တွေနဲ့ တူသကွဲ့ ဆိုတော့ အဲဒါတွေက မလေးရှား၊ ပီနန်က မှာထားတာတွေ။ ဒီနေရာနဲ့ ပီနန်နဲ့ကသိပ်မဝေးတော့ စီးပွားရေး အဆက်အစပ်ရှိတယ် ဟု ကိုနိုင်ဝင်းက ရှင်းပြ၏။ တဆက်တည်း တွေးမိသည်မှာ သည်ကဲ့သို့သော အမြန်ရေယာဉ်များ ကျွန်ုပ်တို့ အဘယ်ကြောင့် မလုပ်နိုင်ရပါမည်နည်း။

မြန်မာပြည်တွင် ရေကြောင်းခရီးသွားလာမှုမှာ မနည်းလှပါ။ မြစ်ကြီးနားမှသည် ကော့သောင်းထိ၊ ရခိုင်ကမ်းရိုးတမ်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ စသည်တို့တွင် ရေလမ်းခရီးသွားလာမှုကို တွင်တွင်ကျယ်ကျယ် သုံးကြပါသည်။ သို့အတွက် သည်ကဲ့သို့ အမြန်ရေယာဉ်တည်ဆောက်သော သင်္ဘောကျင်းများ မြန်မာနိုင်ငံတွင် ပေါ်ထွက်လာစေချင်လှသည်။ ကျွန်တော် ၂၀၀၅၊ ၂၀၀၆ ခုနှစ်များက စင်ကာပူနိုင်ငံ Marintecknik သင်္ဘောကျင်းတွင် လုပ်ခဲ့ဖူး၏။ ထိုသင်္ဘောကျင်းမှာ အမြန်ရေယာဉ်များ တည်ဆောက်ရေးကိုသာ တွင်တွင်လုပ်သော သင်္ဘောကျင်း ဖြစ်ပေသည်။ သူဌေးက ထိုင်ဝမ်မှဖြစ်ပြီး ရေယာဉ်မှာယူသူ ရှိလျှင်ဖြစ်စေ၊ အမှာမရှိဘဲ ကိုယ်တိုင်တည်ဆောက်ကာ ရောင်းရန်ဖြစ်စေ စင်ကာပူတွင် အမြန်ရေယာဉ်များ တည်ဆောက်၏။ ကျွန်ုပ်သူငယ်ချင်း ကိုရေချမ်းတို့ပင် ထိုရေယာဉ်တည်ဆောက်ရေးတွင် လုပ်ခဲ့ဖူးသေးသည်။

ကျွန်တော်သည်ပင် သည်လို အမြန်ရေယာဉ် တစ်ပတ်နွမ်းများဝယ်ကာ ဧရာဝတီမြစ်ကြောင်းတွင် ပြေးဆွဲရန် ကြံခဲ့ဖူးသေး၏။ သို့သော် ရေယာဉ်၏တန်ဘိုးမှာ အင်ဂျင်ချည်းပဲ အမေရိကန်ဒေါ်လာ တစ်သန်းခန့်တန်ပေရာ ကျွန်ုပ်အနေနှင့်ဆိုလျှင် ဘီလ်ဂိတ်၏သမီးကို အပိုင်ချိုင်မှ ဖြစ်နိုင်မည်ဖြစ်သောကြောင့် အားမတန်၍ မာန်လျှော့လိုက်ရလေသော ဟူသတတ်။

တဖက်တွင်မြင်နေရသော ကျွန်းနှစ်ကျွန်းကို လည်ချင့်စဖွယ် ပြင်ဆင်လိုက်လျှင် ကမ္ဘာလှည့်ခရီးသွားများ ပိုမိုလာရောက်နိုင် ကြောင်း စီးပွားရေးအမြော်အမြင် နည်းနည်းမှမရှိသော ကျွန်ုပ်က ဆရာကြီးလုပ်ကာ အကြံပေးပြန်၏။

 ဆက်ပါဦးမည်။

အေးငြိမ်း
၂၄ ဧပြီ၊ ၂၀၁၆။ ည ၁၀း၁၇ နာရီ

မြန်မာပြည် ခရီးတထောက် (၁)

(၁) ထူးမခြားနားရန်ကုန်

ကျွန်တော်တစ်နှစ်ကို နှစ်ခေါက်လောက် မြန်မာပြည် အလည်ပြန်ပါသည်။ စင်ကာပူမှာက တစ်နှစ်လျှင် ခွင့် (၁၄) ရက်သာရ၏။ ကိုယ်ရေးကိုယ်တာကိစ္စတွေကလည်း ရှိသေးတော့ သည် ခွင့် (၁၄) ရက်ကို မြန်မာပြည်ပြန်ဘို့အတွက် အပြည့်အ၀ အသုံး မချနိုင်။ တော်ကြာ သား စာမေးပွဲဖြေဘို့။ တော်ကြာ ဘယ်သူဘို့ ဘာလျှောက်လွှာ သွားတင်ဘို့။ တော်ကြာ ဘာကိစ္စ ညာကိစ္စ စသဖြင့် ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်စကားအတိုင်း ကိစ္စတွေများလှသည်။

ဧပြီလ ၁၁ ရက်တွင် သားတို့ဖြေထားသော စာမေးပွဲအောင်စာရင်းထွက်မည်။ အောင်လျှင် ဧပြီ ၁၂ ရက်နေ့တွင် ကျောင်းအပ် ခြင်း၊ ကျောင်းစတက်ခြင်းတို့လုပ်ရမည်ဖြစ်၍ မအားလပ်တော့။ ထို့ကြောင့် အောင်စာရင်းမထွက်မီ မြန်မာပြည်အလည်သွားရန် ကြံသည်။ တွက်ချက်ပြီး ခွင့် ၈ ရက်ယူကာ မတ်လ ၁၉ ရက်နေ့သွား ၂၉ ရက်နေ့ ပြန်လာရန် စီစဉ်၏။

မြန်မာပြည်သွားမည်ဆိုတော့ ထုံးစံအတိုင်း မိတ်ဆွေများနှင့် ချိတ်ဆက်၍ သင်တန်း၊ ဟောပြောပွဲများကို စီစဉ်ရာ အောက်ပါ အတိုင်းဖြစ်၏။

20/3/16             - Fibreglass Piping: Engineering and Design @ MES
23-24/3/16        - Work At Height training @ AK Safety Training Centre
26-27/3/16        - Safety Seminar @ Myeik

ပထမတော့ မတ်လ ၂၁ ရက်နေ့တွင် ခရမ်းသို့အလည်သွားရင်း တောင်သူတွေကို Farm Safety အကြောင်းပြောမည်ဟု ကြံသေးသည်။ သို့သော် ခရမ်းမှကိုဇော်ဝင်းဖုံးက ဘယ်လိုမှ ဆက်လို့မရ။ အမြဲတမ်းဖုံးပိတ်ထားသည်နှင့်သာ ကြုံနေရ၏။ ဖုံးနံပါတ်ပြောင်းသွားတာလားမသိ။ သို့နှင့် ခရမ်းခရီးစဉ်ကို ဖျက်လိုက်ရသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း၌ PE, RSE များအတွက် PDP hr (Professional Development Programme) ရဘို့ တက်ရသော သင်တန်းများတွင် Professional ခေါင်းစဉ်အောက်မှ (၂) နာရီစာတစ်ချိန် ပြောခွင့်ရ၏။ ပထမတော့ Formwork Safety အကြောင်းပြောဘို့ စီစဉ်ထားတာ။ သူတို့က ယခုတက်မည့်သူများမှာ စက်မှုအင်ဂျင်နီယာများဖြစ်သဖြင့် စက်မှုနှင့် ဆိုင်သော ဘာသာရပ်အကြောင်း ပြောပါဆိုလာသဖြင့် ကျွန်တော်လည်း Fibreglass Piping: Engineering and Design ဟု ခေါင်းစဉ်ပြောင်းလိုက်ရခြင်း ဖြစ်၏။ မြိတ်တွင် ၂၆၊ ၂၇ ဟောပြောပွဲရှိကြောင်း ကိုနိုင်ဝင်းက မကြာခဏလှမ်းသတိပေး၏။

မတ်လ ၁၉ ရက်နေ့မနက်တွင် ဒုတိယအစောဆုံးထွက်သောရထားနှင့် သားအမိသားအဖသုံးယောက် လေဆိပ်သို့လာခဲ့ကြ၏။ လေဆိပ်၊ Check-in counter နားသို့ ၇ နာရီ ကျော်ကျော်လောက်ရောက်သော် လူကြီးတစ်ယောက်က လာလာ ဟုဆိုကာ ကိုယ့်ဘာသာ Check-in လုပ်ရသည့်နေရာသို့ ခေါ်သွားသည်။ သည်နေရာ (Row 2) ကို ယခင်တစ်ခေါက်ကလည်း သတိပြုမိ၏။ သို့သော် Self Check-in မှန်းမသိခဲ့။ ယခုမှ သိခြင်းဖြစ်၏။

ဘာမှမခဲယဉ်းပါ။ လေယာဉ်လက်မှတ်ပေါ်မှ ဘားကုဒ်ကို စက်သို့ပြလိုက်သည်နှင့် လေယာဉ် boarding ticket သုံးစောင် ထုတ်ပေးလေသည်။ ထို့နောက် နောက်ဘက်တွင်ရှိသော ကတ္တားပေါ်တင်၊ စက်ကချိန်ပေးပြီး စတစ်ကာများ ထုတ်ပေး၏။ စတစ်ကာများကို ကိုယ့်သေတ္တာတွင်ကိုယ်ချည်။ ထို့နောက် ခါးပတ်ပေါ်တင်ပေးလိုက်။ ကိစ္စပြီး၏။ တန်းစီစရာမလိုသော ကြောင့် ခဏလေးနှင့် ပြီးသွား၏။ အဆင်ပြေလိုက်ပါဘိခြင်း။

လေယာဉ်ကလည်း Jetstar ဆိုပေမင့် အချိန်မှန်ပါသည်။ အဲလေ စားစရာတော့ ကိုယ့်ဘာသာသယ်သွားပေါ့။ ကျွန်တော်တို့ ကတော့ ကောက်ညှင်းပေါင်းယူသွားသည်။ ရေတော့ waiting room ထဲရောက်မှ ယူသွားသည့် ရေပုလင်းထဲ ဖြည့်သွားသည်။ ကိုင်း၊ ဘာလိုသေးတုံး။ မဟုတ်လို့ကတော့ လေယာဉ်ပေါ်မှာ ဗိုက်ဆာလို့ သူတို့ရောင်းတာ ၀ယ်စား/သောက်ရရင် တစ်ခါမော့ ရေတစ်ပုလင်းကို ၄ ကျပ်။ မဖြစ်ညစ်ကျယ် ကြက်ဆီထမင်းတပွဲ ၁၂ ကျပ်။ အာပါး။

ရန်ကုန်လေဆိပ်တွင် ယခင်အခါ ကာလများကကဲ့သို့ ဒုက္ခသိပ်မများတော့။ အတော်ကြီးကို အဆင်ပြေနေပြီ ဖြစ်ပါသည်။ ယခင်တုံးကဆို ခွင့်စာတင်ပါဦးဟဲ့။ အခွန်ပြေစာပြဦးဟဲ့။ အဆင်ပြေအောင် ချောဆီလေးကလည်းထိုးဦးမှ စသဖြင့် ကိစ္စများလှ၏။ မြန်မာပြည်ပြန်တော့မယ်ဆို သံရုံးသွား အခွန်ဆောင်ရတာကလည်း တဒုက္ခ။

နောင်ကျရင်တော့ စင်ကာပူမှာလို လ.၀.ကတောင် ဖြတ်စရာမလိုတော့ဘဲ Automated Clearance စနစ်ဖြင့် ၀င်/ထွက်နိုင်ဘို့ မျှော်လင့်ပါ၏။ စင်ကာပူအသွားအပြန်အတွက်လည်း ဗီဇာမလိုတော့သည့်ခေတ်ကို မနှေးအမြန်ရောက်တော့မည်ဟုလည်း အိပ်မက် မက်မိပါသည်။

ရန်ကုန်မြို့ကြီးကတော့ ထုံးစံအတိုင်း ကားကြပ်ခြင်းဖြင့် ဆီးကြိုနေ၏။ လေဆိပ်မှ ပုံမှန် ၁၅ မိနစ်လောက်မောင်းရသည့် ကျွန်တော်တို့အိမ်ကို ၄၅ မိနစ်လောက် မောင်းရသည်။ ပူလိုက်တာကလည်း နံပြားဖိုထဲဝင်ပြီး မီးလှုံနေရသလား အောက်မေ့၏။ နေ့လည်ပိုင်းတွင် ဖုံးစာအုပ်ဖွင့်ကာ အသိမိတ်ဆွေများဆီ ဖုံးခေါ်ပြီး နှုတ်ဆက်။ ကိုနေမျိုးမောင်ဆီ ဖုံးဆက်။ သူက ဒီနေ့ MES တွင် သင်တန်းပေးရသည်။ နက်ဖြန်ခါမနက် ၈ နာရီကျော်လောက် လာခေါ်မည်ဆို၏။ ဟေ့လူ၊ မစောလွန်းဘူးလားဗျ။ ကျွန်တော်က ဆယ်နာရီခွဲမှလေဗျာ ဆိုတော့ ဒီလိုဗျ။ ဒီသင်တန်းအတွက် ကျွန်တော် တာဝန်ယူထားရတယ်။ နောက်ပြီး သူတို့ပို့ချတာတွေ ခင်ဗျားကို နားထောင်စေချင်သေးတယ် ဆိုတော့မှ ဒီလိုဆိုလည်း ကောင်းပါလေ့ဗျာ။ ကျွန်တော် ၈ နာရီ လောက် အဆင်သင့်စောင့်နေမယ် ဟု ချိန်းလိုက်သည်။

(၂) Effective Communication ဆိုတာ

သူများအတင်းလည်း မတုပ်ချင်ပါ။ သို့သော် မတုပ်ဘဲလဲ မနေနိုင်သည့်အတွက် နည်းနည်းလောက်တော့ ကလိပါရစေဦး။
ကိုနေမျိုးမောင်နှင့်အတူ MES (မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း) ရောက်တော့ မနက်၈ နာရီခွဲလောက်။ သင်ကြားပို့ချမည့် သူရော၊ သင်တန်းသားများပါ အတော်စုံနေကြပြီ။ ထို့နောက်တော့ အစီအစဉ်အတိုင်း တစ်ယောက်ပြီးတစ်ယောက် ပို့ချကြ၏။ ကျွန်တော့် ကျောင်းနေဘက်သူငယ်ချင်းများလည်း ပါသည်။ ကျွန်တော့်အရင်နှစ်ယောက် ပို့ချသွားသည်။




အင့်ဟင်။ တစ်ခုခုတော့ လွဲနေပေါ့။

သူတို့က စင်ပေါ်တက်ပြီး ဆလိုက်တွင်ပါသည့်စာများကို ဖတ်ပြသွားသည်။ သင်တန်းသားများဘက် လုံးဝလှည့်မကြည့်။ စာဟောစင်နောက်မှာ သည်အတိုင်း အတောင့်လိုက်ရပ်လျက်။ ဘယ်မှမရွေ့။ အဲလေ တစ်ခုတော့ကောင်းသပေါ့။ ကွန်ပြူတာ နား ကပ်နေတော့ အသံဖမ်းသည့်အခါ ပီပီသသ ပြတ်ပြတ်သားသားကြားရသည်ပေါ့။

သည်အကြောင်း ကျွန်တော့်သူငယ်ချင်း သင်တန်းဆရာတစ်ယောက်ကို ပြောခဲ့ဖူးပါသည်။ မင်းတို့ဟာက training နဲ့ teaching ကို မကွဲဘူးဖြစ်နေသကွ ဟု။

အကြောင်းအပေါင်းသင့်လာသောကြောင့် နည်းနည်းလေရှည်ပြစေ။

ယခု ကလေးတွေကို မင်းတို့ ဘွဲ့သာရလာတယ်၊ ဘာမှလည်းတတ်တာမဟုတ်ဘူး ဟု အပြစ်သာတင်နေသည်။ ထိုကလေးများကို မည်ကဲ့သို့ သင်ပေးနေကြသနည်းဆိုတာ ဘယ်သူများ ဆန်းစစ်သတုံး။ ပေးသူကတကယ်ပေးတတ်မှသာ အပေးခံရသူများမှာ ပေးသလောက်ရကြမည်။ ပေးကားပေး၏ မရဆိုလျှင်တော့ ဘယ့်နှာလုပ် ကလေးတွေ စာတတ်မှာတဲ့တုံး ခင်ဗျာ။ ၎င်းကို effective comminication ဟု ခေါ်သည်။ တကယ်ထိရောက်သော စာသင်နည်းဖြစ်၏။ ကလေးတွေ တကယ် စာတတ်ဘို့ရာ ထိရောက်သောစာသင်နည်းတွေကို ဆရာ၊ ဆရာမများ တတ်မြောက်ထားရန် လိုသည်။ ဒါကကျောင်းမှာ။


ဒါဆို လူကြီးတွေကို သင်ပေးနေတဲ့ training centre တွေမှာရော။ အတူတူပါပဲ။ သူမသာကိုယ်အသုဘ ဖြစ်၏။ 

ကျွန်တော် BCSS (Building Construction Supervisor Safety Course) သင်တော့ ကျွန်တော့် သင်တန်းသားတွေကို အမြဲ ရှင်းပြလေ့ရှိပါသည်။

  • What is the difference between student and trainee?
  • What is the difference between school and training centre?
  • What is the difference between teacher and trainer?
  • What is the difference between teaching and training?
  • What is the difference between examination and assessment?


ကျောင်းသားဆိုတာ ဘာအပူအပင်မှမရှိ။ မိဘဆီက ပိုက်ဆံကို လက်ဖြန့်တောင်းမည်။ သူ့တာဝန်ဝတ္တရားအရကိုက ကျောင်းတက်ရမည်။ ကျောင်းတက်တာသည် သူ့အဓိကအလုပ်။ အိမ်ပြန်ရောက်လျှင် ထမင်းက အဆင်သင့်။ ညဆို ဘာမှလုပ်စရာမလို တီဗီကြည့်မည်။ စာကျက်မည်။

သို့သော် သင်တန်းသားဆိုသည်မှာ အလုပ်ထဲက လာကြသူတွေဖြစ်သည်။ သူတို့မှာ အတိုင်းအတာတစ်ခုထိ ပညာရေး ရှိထားသလို လုပ်ငန်းအတွေ့အကြုံတွေလည်း ရှိထားသည်။ ထို့ပြင် သူတို့က ပိုက်ဆံရှာနေသူတွေဖြစ်၏။ မိသားစုနှင့် ဖြစ်၏။ အလုပ်ထဲမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ကြုံချင်ကြုံနေရမည်။ ငွေရေးကြေးရေး ပြဿနာတွေ ရှိချင် ရှိနေမည်။ မိန်းမလုပ်သူနှင့် အမေလုပ်သူနှင့် မတည့်သည့် ပြဿနာများ ရှိနေနိုင်သည်။ ကလေးက ကျန်းမာရေးမကောင်းသဖြင့် အမြဲ ဆေးခန်းပြနေရသောကြောင့် ပူပန်သောကရောက်နေရသူတွေ ရှိမည်။ နောက်ပြီး သူတို့က လူကြီးတွေ ဖြစ်နေပြီ။ စာကျက်ဘို့ သိပ် အဆင်မပြေတော့။ ဘယ်လောက်ပဲ စာကျက်နေသည့်တိုင် ကလေးတွေလောက်တော့ မမှတ်မိနိုင်။

ထို့ကြောင့် သင်တန်းသားတွေကို ကလေးတွေလို စာသင်လို့မရ။ သည့်အတွက် ထိုသင်တန်းသားများကို သင်ကြားပို့ချမည့် သင်တန်းဆရာများကို သေချာကျနစွာ လေ့ကျင့်ပေးရန် လိုသည်။ သို့မဟုတ်ပါက ထိုသင်တန်းမှထွက်လာသူများမှာ သင်တန်း မတက်မီကနှင့် သင်တန်းတက်ပြီးသွားသည့်နောက်ပိုင်း ဘာမှ တိုးထူးလာမှာမဟုတ်။ လက်မှတ်တစ်စောင်တော့ ရမည်။ သို့သော် ထိုလက်မှတ်နှင့်ထိုက်တန်သော အသိပညာ၊ ဗဟုသုတ ထိုက်ထိုက်တန်တန် မရနိုင်။

သည်အကြောင်းက စာလေးငါးကြောင်းလောက်မျှနှင့် ရှင်းပြလို့ ရနိုင်စကောင်းသော အရာမဟုတ်။ အကြောင်းအပေါင်းသင့်က ကျွန်တော် ရန်ကုန်တွင် Train The Trainer သင်တန်း၊ ၄ - ၅ ရက်လောက် ပေးချင်ပါသည်။ စင်ကာပူတွင် ကျွန်တော် လေ့လာခဲ့သည်တို့ကို ပြန်လည် ဝေမျှပေးပါရစေ။

ပြန်ကောက်ရလျှင် အထက်ပါ ကျွန်တော့်မိတ်ဆွေများ ပို့ချသွားသည်များကို အောက်ကသင်တန်းသားများ သေသေချာချာ ရသွားပါသလား။ သူတို့ရမည်မှာ PDP hour သာ ဖြစ်ပါလိမ့်မည်။ သို့ဆိုလျှင် သည်မှာ လာထိုင်နေရသည့် နာရီများကို နှမြောဘို့ ကောင်းလေစွ။ သင်တန်းကြေးပေးလိုက်ရသော ပိုက်ဆံများကို နှမြောစရာ ကောင်းလေစွ။ PE, RE, RSE များ အတွက် သတ်မှတ်ထားသော နာရီသာပြည့်သွားမည်။ မောင်ပုံကတော့ စောင်းတတ်မှာ မဟုတ်ပါချေ။ ကျွန်ုပ်တို့သည် သည်ကဲ့သို့သောနာရီပေါင်းမည်မျှ လွှင့်ပစ်ခဲ့ပြီးပါပြီနည်း။

သင်တန်း သို့မဟုတ် ဟောပြောပို့ချခြင်း ဆိုသည်မှာ သင်တန်းဆရာ သို့မဟုတ် ဟောပြောပို့ချသူက သူပေးချင်သော အကြောင်းအရာကို သင်တန်းသားများသို့ ပေးနိုင်မှသာ သင်တန်းဖွင့်ရကျိုးနပ်မည်။ ဟောပြောရကျိုးနပ်မည်။ သို့အတွက် မြန်မာ့ပညာရေးလောကကို အဆင့်မြှင့်ချင်ပါသည်ဆိုလျှင် ကျောင်းဆရာဆရာမများ၊ သင်တန်းဆရာများကို တကယ်သင်ကြား ပို့ချတတ်သူများဖြစ်လာအောင် အထူးလေ့ကျင့်ပေးဘို့ လိုပါကြောင်း ဤနေရာမှနေ၍ စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ရပါကြောင်း။

သူများအကြောင်းသာပြောနေတာ။ ကျွန်တော့်အလှည့်ကျတော့ လေပန်းတာ များသွားသည်နှင့် ပေးထားသော ၂ နာရီ အချိန်စေ့သည့်တိုင် ပြောစရာရှိသည်များ အကုန်မပြောလိုက်ရ။ အရေးကြီးသော ဒီဇိုင်းပိုင်းကို တက်သုတ်ရိုက် ပြီးလိုက်ရ၏။ စိတ်ဝင်တစား ဆွေးနွေးမေးမြန်းကြသူအားလုံးကို ကျေးဇူးတင်ပါသည်။

(၃) Work At Height သင်တန်း

ကျွန်တော်လောဆော်သောကြောင့် ကျွန်တော့် Safety Handbook စာအုပ် အချိန်မီထွက်လာခဲ့သည်။ သည့်အတွက် Myanmar Heritage ကို ကျေးဇူးအထူးတင်ပါ၏။

နောက်နေ့တွင် Work At Height သင်တန်းအတွက် ပြင်ဆင်ထားသည်များကို ကြည့်လိုပါသည်ဟု ကျွန်တော်ဖုံးဆက်သော ကြောင့်  ကိုအောင်ကိုးက လာခေါ်သည်။ သူတို့သင်တန်းရှေ့တွင်က နေရာကျဉ်းသောကြောင့် ဖော့ကန်ရှိ သူတို့ခြံထဲတွင် ငြမ်းစင် ဆင်ထား၏။ ပစ္စည်းကိရိယာမစုံသောကြောင့် အကောင်းကြီးမဟုတ်တောင် သူတို့ အတတ်နိုင်ဆုံး ကောင်းအောင် ဆင်ပေးထားပါသည်။ ကျေးဇူးတင်ပါသည် ဆရာဦးအောင်ကိုးနှင့် အဖွဲ့ ခင်ဗျား။








Work At Height သင်တန်းကို AK Safety ၌ မတ်လ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ပို့ချ၏။ တက်ရောက်လာသူအားလုံး စိတ်ဝင်တစား ရှိကြပါသည်။ စုစုပေါင်း ၂၉ ယောက်။ ပူတော့ပူသဗျို့။ အားနာလို့ ဘာမှမပြောသာသော်လည်း ကျွန်တော်တို့မှာ ဘွိုင်လာအိုးထဲ ထည့်ပြုတ်ထားသကဲ့သို့ ရှိလေ၏။ Safety ပစ္စည်းများရောင်းသည့် ပန်ဂိုလင်းကလည်း လာတက်သည်။ သင်တန်းအတွက် ကျွန်တော် စင်ကာပူက Safety harness, lifeline sample, fall arrester, Karabina စသည်တို့ ယူသွား၏။ သို့သော် တကယ်ဆို သင်တန်းအတွက် သည်ပစ္စည်းမျှလောက်နှင့် မလောက်ပါ။


ပန်ဂိုလင်းက Work positioning system, full body harness, SRL (Self Retracting Lifeline), Anchor point စသည်တို့ ယူလာပေး၏။ ကိုမိုးကြည်ဖြူကလည်း သူတို့ site ထဲမှ SRL နှင့် အခြား PPE များ ယူလာပေးပါသည်။ ကျေးဇူးအထူးတင်ပါ သည် ပန်ဂိုလင်း နှင့် ကိုမိုးကြည်ဖြူခင်ဗျား။ သူတို့ယူလာပေးတော့ ကျွန်တော်ပြောပြရသက်သာသွားတာပေါ့။ အနို့ Seeing is believing. ဆို မဟုတ်လား။

လက်တွေ့ပြမှ သေသေချာချာ နားလည်သဘောပေါက်မှာမို့ ကျွန်တော်က သူတို့အားလုံးကို Full body harness လက်တွေ့ ၀တ်ကြည့်စေခိုင်းသည်။ ကိုအောင်ကိုးကတော်က မုန့်ဟင်းခါး၊ ရွှေတောင်ခေါက်ဆွဲ စသည်တို့ ချက်ပြုတ်ကျွေးမွေးပါသည်။ ကျေးဇူးအထူးတင်ပါသည်ခင်ဗျား။ ကျွန်တော်အတွက် မုန့်များကတော့ စားတောင်မစားလိုက်ရ။ ဟိုလူလာမေး၊ ဒီလူလာမေး နှင့် မုန့်စားခန်းကို မရောက်လိုက်။ မုန့်က ဘယ်အချိန်စားစား စားလို့ရသည်။ သူတို့က ဒီတစ်ချိန်ပဲ ကျွန်တော်နှင့်တွေ့ရတာ ဆိုတော့ မုန့်ထက် သူတို့ကို ပိုဦးစားပေးရပေမပေါ့။

ပထမနေ့တွင် စာတွေ့သဘောတရားများသင်ပြီး နောက်နေ့တွင် လက်တွေ့လုပ်ကြ၏။ လက်တွေ့လုပ်တော့လည်း နေပူလှ သည်။ အားလုံးနေပူထဲတွင် ကြံ့ကြံ့ခံပြီး ငြမ်းစင်ပေါ် တက်လိုက်ဆင်းလိုက် လုပ်ကြ၏။ ကျွန်တော်က Suspension station ပါလုပ်ကာ ပြုတ်ကျရင်ဘယ်လိုလုပ်ရမလဲ ဟုပါ ပြလိုက်သေး၏။ လက်တွေ့လုပ်ကြည့်တော့ လက်တွေ့သိသပေါ့။ မနက်ပိုင်း လက်တွေ့လုပ်ပြီး နေ့ခင်းပိုင်း အကဲဖြတ်စာမေးပွဲဖြေသည်။ သူတို့ဘယ်လောက်ရသွားသလဲဆိုတာသိအောင် လုပ်တာပါ။ ၂၉ ယောက်ဖြေတာ ၅ ယောက်ရှုံးသည်။ ရှုံးသူများကို မွမ်းမံသင်တန်းတက်ပြီးမှ လက်မှတ်ထုတ်ပေးမည် ဖြစ်၏။ သူတို့ရှုံးတာ ညံ့လို့မဟုတ်ပါ။ အင်္ဂလိပ်စာ အားနည်းလို့ကတကြောင်း၊ safety စကားလုံးတွေက အသစ်အဆန်းတွေ ဖြစ်နေ၍ ဘာဆိုလိုမှန်း မသိတာတကြောင်းကြောင့် ဖြစ်၏။

သင်တန်းအားလုံးထဲတွင်မှ ထူးခြားသူမှာ ကိုတေဇာလင်းဖြစ်၏။ သည်သင်တန်းတက်ဘို့ ညာတာပါတေးနှင့် ဆေးခွင့်ယူလာရ သည် ဆို၏။ တောင်ငူကတောင် လာရတာ ဖြစ်သည်။ အောင်မယ်လေးကိုယ့်လူရယ်၊ ဟောဒီကသင်လိုက်တာတွေဟာ ကိုရင့်အိမ်မှာ အသုံးမတည့်ပါဘူးကွယ်။ ဘယ့်နှာကြောင့် နေမကောင်းတာလည်း မဟုတ်ပါဘဲ ဆေးခွင့်တင်ရသတုံး။ အလုပ်ထဲမှာသုံးဘို့အတွက်လို့ ကိုရင့် ဘောစိကို ပွင့်ပွင့်လင်းလင်း ပြောလာရောပေါ့ ဟု ကျွန်ုပ်လည်း သူရို့ကုမ္ပဏီအကြောင်း အဆိုးအကောင်း အကျိုးအကြောင်း မသိပါဘဲလျက် ဆရာကြီးလုပ်လေ၏။ သူကတော့ မချိသွားဖြဲလုပ်နေသည်။ ဆေးခွင့်ယူရတာ အကြောင်းရှိမှာပေါ့။ ဘယ်သူကတော့ ယူချင်ပါလိမ့်မတုံး . . . နော။

ကျွန်တော်တစ်ယောက်ထဲ ဘယ့်နှာလုပ် မြန်မာပြည်တလွှားလျှောက်သွားပြီး သင်တန်းတွေပေးနေနိုင်မှာတုံး။ ယခု လာတက်သူများကို သူတို့အလုပ် သို့မဟုတ် ဒေသတွင် ပြန်လည်သင်ကြားပို့ချပေးကြဘို့ မှာလိုက်ပါသည်။ ကျွန်တော့် training material မူရင်းများလည်း ပေးလိုက်၏။ သည်ဆလိုက်တွေက ကျွန်တော် ကိုယ့်ဘာသာပြင်ထားတာမို့ ဘယ် ကော်ပီရိုက်မှ ကြောက်စရာမလို။ အကြောင်းကိစ္စရှိက၊ မေးစရာမြန်းစရာရှိက လှမ်းမေးကြရန်။ စာအုပ်များ အလိုရှိကလည်း တောင်းကြရန်ပါ မှာလိုက်ပါသည်။ တော်တော်များများကမူ သည်မှာတင် memory stick များနှင့် တခါတည်း ကူးသွားကြ သည်။ ကျွန်တော်လည်း ကွန်ပြူတာထဲပါလာသမျှ အကုန်ပေးလိုက်၏။

ဒုတိယနေ့ လက်တွေ့သင်တန်းအပြီး ဖော့ကန်မှ ပြန်လာတော့ အားပါး။ လမ်းပိတ်သဖြင့် ကားတွေတန်းစီနေတာကို မျက်စိတဆုံး မြင်ရသည်။ ရှေ့ဘက်တွင်လည်း အစမမြင်၊ နောက်ဘက်တွင်လည်း အဆုံးမထင်။ နေ့ခင်းကတည်းက ပိတ်နေသော ထိုကားတန်းကြီးမှာ ညနေ သင်တန်းအပြီး ကျွန်တော် ပြန်သည်အထိ မကုန်သေး။ ကိုအောင်ကိုးက ဟိုးဘက် အင်းစိန်လမ်းမဘက်က လှည့်ပို့သည်။ သို့တိုင် အင်းစိန်လမ်းရောက်အောင် မနည်းသွားနေရ၍ တစ်နာရီလောက်ကြာသေး သည်။

ကားပိတ်တာ သည်တစ်နေရာထဲမဟုတ်ပါ။ ရန်ကုန်ရှိလမ်းအားလုံး ကားမပိတ်သောလမ်း ဘယ်လမ်းရှိသနည်း။ လမ်းပိတ် နေသောကြောင့် လူတစ်ယောက်ကို တစ်နာရီပဲ လမ်းမှာ အချိန်ကုန်သည်ထား။ ကားလမ်းပိတ်သောကြောင့် ကားပေါ်တွင် သောင်တင်နေသူမှာ တစ်သောင်းမကနိုင်ပါ။ ထားပါ လူတစ်သောင်း။ တစ်ယောက်တစ်နာရီနှင့် လူတစ်သောင်းဆို နာရီ တစ်သောင်း ဆုံးရှုံးသွားပြီ။

ကားပိတ်သဖြင့် ဆုံးရှုံးရတာ လုပ်အားနာရီ (man-hour) များသာမကပါ။ ကိုအောင်ကိုးအမျိုးသမီး အိမ်ပြန်တာ အချိန်မီ ပြန်မရောက်လို့ နေ့လည်စာကို သူ့သားတွေ ခေါက်ဆွဲပြုတ်နှင့် ဖြစ်သလိုစခန်းသွားလိုက်ရသည်။ ကားပိတ်လို့ အချိန်မီ မရောက်နိုင်တော့ လူတွေ စိတ်ညစ်ညူးရသည်။ စိတ်မရှည်နိုင်သည့်ကားသမားများကတော့ အတင်းရောအဓမ္မပါ ကျော်တက် သည်။ လမ်းပြောင်းပြန်မောင်းသည်။ လမ်းပြောင်းပြန်မောင်းတော့ ဟိုဘက်ကလာသည့် ကားများနှင့် မျက်နှာချင်းဆိုင် တိုးကာ ထပ်ပိတ်သည်။ လမ်းပိတ်သဖြင့် စိတ်တိုနေတော့ ဆဲသည်၊ ဆိုသည်၊ အော်သည်၊ ငေါက်သည်။ ဟိုဘက်က စိတ်တိုနေသည့် လူနှင့်တွေ့တော့ ရန်ဖြစ်သည်။ တုတ်တပြက်၊ ဓားတပြက်တွေဖြစ်မည်။ ရုံးရောက်၊ ဂါတ်ရောက်တွေဖြစ်မည်။ ဒါတွေက လမ်းပိတ်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများဖြစ်၏။ ဒါ တစ်နေ့လည်းမဟုတ်။ တစ်လလည်းမဟုတ်။

မြန်မာပြည်၏ ဖွံ့ဖြိုးမှုကို အဓိက အတားအဆီးပြုနေသော အရာများတွင် သည် လမ်းပမ်းဆက်သွယ်ရေးသည်လည်း တစ်ခု အပါအ၀င် ဖြစ်ပါသည်။ အရေးကြီးသည်မှာ ထိရောက်သော စီမံခန့်ခွဲမှုဖြစ်၏။ တတ်သိကျွမ်းကျင်သူများက ကိုင်တွယ်ဖြေရှင်းမှ ရပါမည်။ ယခု ခေတ်ပြောင်းပြီဆိုတော့ သည်ရန်ကုန်သယ်ယူပို့ဆောင်ရေးစနစ်ကို မနှေးအမြန် ကိုင်တွယ်ဖြေရှင်းကြလိမ့်မည် ဟု ယူဆပါသည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၂၄ ဧပြီ၊ ၂၀၁၆။ ည ၁၀း၁၇ နာရီ