Saturday, October 31, 2015

ရွေးကောက်ပွဲ သရုပ်ပြ

https://www.facebook.com/aye.nyein.393/videos/986802858032128/?pnref=story

အမျိုးသားးဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒရှင်ပြည်သူများသို့ ပန်ကြားချက်

https://www.facebook.com/aye.nyein.393/videos/986790604700020/?pnref=story

မဲပေးနည်း အဆင့်ဆင့် သရုပ်ပြ ဗီဒီယို


ကျွန်ုပ် ၀မ်းသာအူမြူးရခြင်းအကြောင်း

ဖေ့စ်ဘုတ်ကို မပြတ်ဖတ်လျှက် ကျွန်ုပ်မှာ တစ်ကိုယ်တည်းကြိတ်၍ ၀မ်းသာအူမြူးလျက် ရှိသတည်း။
အကြောင်းကား အခြားမဟုတ်။
ဖေ့စ်ဘုတ်ကို ဖွင့်လိုက်တိုင်း အချိန်တိုင်းလိုလို ရဲရဲတောက်လျက် အနီရောင်များဖြင့် လွှမ်းခြုံနေသောကြောင့် ဖြစ်၏။

အခြားသူများကို မပုတ်ခတ်လိုသည့်တိုင် ၅၀၀၀ ပေးမယ်ပြောပြီး ၄၅၀၀ ပဲပေးလို့ မကျေနပ်သူများနှင့် ဟေ့၊ ကားပေါ်ထိုင်ရုံ ထိုင်လိုက်တာတောင် ၄၅၀၀ ပေးတာ၊ မလိုက်ချင်နေကွာ ဟု ကသာသွား၍ စီးချင်းထိုးသူကြီးက ပြောသည်များ ကြားရ (အဲလေ) ဖတ်ရသည့်အခါ အဟိကနဲ အသံထွက်အောင်ပင် ပြုံးမိပါ၏။ (ဟားဟား၊ သူကအဲသလိုပြောလိုက်တော့ သူတို့မဲဆွယ်ပွဲလာဘို့ တစ်ယောက် ၄၅၀၀ ပေးတယ်ဆိုတာ ပိုသေချာသွားသပေါ့။ ကျေးဇူးပါ ကိုဘူးလက်။ ခင်ဗျားဗျာ။ လူကြီးလုပ်နေပြီး။ စကားကို ဆင်ဆင်ခြင်ခြင် ပြောရတယ်ဗျ။ မဟုတ်ရင် ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်တတ်တယ်။)

မညစ်ပတ်ဘူးဆိုလျှင် ကျွန်ုပ်တို့ တိုင်းသူပြည်သားများ အောင်ပွဲခံရမည်မှာ ရာနှုန်းပြည့်ရုံမက ဟိုဘက်တောင် နှစ်ဘူတာလောက် လွန်နေချေသေး၏။

ဟေ့ကောင်၊ မင်းက ဖေ့စ်ဘုတ်လေးလောက် ကြည့်ပြောမနေနဲ့။ ဖေ့စ်ဘုတ်နဲ့အလှမ်းမနီးတဲ့ ရွာတွေ အများကြီးရှိသေးတယ် ဟု တစုံတယောက်သူက ဆိုလာပါအံ့။ ကျွန်ုပ်တို့ရွာဘက်ကို တစ်ချက်လောက် လှမ်းကြည့်စမ်းပါ။

ယနေ့မနက် ကျွန်တော် မမဆီလှမ်းဖုံးဆက်သည်။
ဟဲ့၊ နင့်ခြေထောက် ဘယ့်နှယ်နေသေးလဲ။ လမ်းကောင်းကောင်းလျှောက်လို့ ရပြီလား။
(သူက ချော်လဲသဖြင့် ခြေချောင်းလေး ကျိုးထားရာ လမ်းကောင်းကောင်း မလျှောက်နိုင်။)
အေး၊ သွားလို့တော့ ရပါတယ်။ နည်းနည်းတော့ နာတာပေါ့။ ဘာဖြစ်လို့လဲ။
ဟဲ့၊ ရထားထွက်ဘို့ တစ်ပတ်ပဲလိုတော့တယ်။ အဲဒီတော့ နင့်ကို ငါတို့ရွာတွေဘက်သွားပြီး မဲဆွယ်ခိုင်းမလို့။ အထွေအထူးလုပ်စရာ မလိုဘူး။ ငါရေးထားတာတွေ သေသေချာချာဖတ်ပြီး သူတို့ကို ပြန်ပြောပြရုံပဲ။
(အမှန်ဆိုရလျှင် ကျွန်တော်ကိုယ်တိုင်ပြန်ပြီး မဲဆွယ်ဟောပြောပွဲများ လုပ်ချင်တာဖြစ်ပါသည်။ သို့သော် အခြေအနေမပေးသဖြင့် မချင့်မရဲဖြင့် အောင့်အည်းသည်းခံနေရတာ ဖြစ်၏။)

ကျွန်တော်က ဤသို့ဆိုလေသော် မမက ကျွန်တော်တို့ရွာဘက်က အခြေအနေကို အားရပါးရ ပြောပြပါ၏။

ဟဲ့၊ အဲဒီအတွက်တော့ နင်ဘာမှ မပူလေနဲ့။ ငါတို့ဘက်က ဟင်္သာတတစ်နယ်လုံး အနီပဲလွှမ်းစေရမယ် တဲ့။ ဒေါ်အောင်ဆန်းစုကြည်တို့ ဂွ ဘက်က ပြန်လာတော့ ဟိုင်းဝေးလမ်းမကြီးမှာ လူတွေဆိုတာ နင့်များ ပြလိုက်ချင်ရဲ့။ (အေးပါ၊ ငါ ဖေ့စ်ဘုတ်မှာ ကြည့်လိုက်ရပါတယ်။)
အခု ယဉ်ဝေလွင် (ကျွန်တော့်တူမ တစ်ဝမ်းကွဲ) ရန်ကုန်ရောက်နေတယ်။ သူကပြောတယ်။
ကြီးကြီး၊ သမီးတို့တစ်ရွာလုံးက (လေးငါးခြောက်ယောက်လောက်က လွဲလို့) NLD ပဲထည့်မှာ။ တခြားရွာတွေလဲ အတူတူပဲ။ ဟိုတလောက ကုလားကို ဦးကျော်ဝင်းနိုင်က မဲဆွယ်ဘို့ စာရွက်တွေပေးလိုက်လို့ သူလိုက်ပြောတယ်။
(ကုလားမှာ ကျွန်တော့်တူ တစ်ဝမ်းကွဲဖြစ်ပြီး ဦးကျော်ဝင်းနိုင် ဆိုသူမှာ ကျွန်တော်နှင့် ကိုးတန်း၊ ဆယ်တန်းအတူတက်ခဲ့သည့် ကျွန်တော့်နှစ်မ၀မ်းကွဲ၏လင်၊ ကျွန်တော့်ယောက္ဖ ၀မ်းကွဲ ဖြစ်၏။ ကြံ့ဖွတ်သို့ဝင်ပြီး ယခု ဧရာဝတီတိုင်းတွင် စည်ပင်ဆိုလား၊ ၀န်ကြီးဖြစ်နေ၏။ တစ်မြို့တည်းနေ၊ တစ်တန်းတည်းအတူတက်ခဲ့သူ ဖြစ်သဖြင့် သူ့အရည်အချင်း ဘယ်လိုဆိုတာ ကျွန်တော် သိသည့်တိုင် သူများမကောင်းကြောင်း ပြောစရာမလိုပါ။)

ပြောမှာပေါ့။ ကုလားရဲ့ညီကို ဦးကျော်ဝင်းနိုင်တို့က အလုပ်သွင်းပေးထားတာကိုး။ နောက်ပြီး သူကပြောသေးတယ်။ နင်တို့ ကြံ့ဖွတ်ကို မဲမထည့်ရင် လမ်းခင်းမပေးဘူးတဲ့။ အဲဒီတော့ သမီးတို့ရွာသားတွေက ပြန်ပြောလိုက်တယ်။
ဟဲ့၊ သောက်ကျိုးနဲ။ နင်တို့ခင်းပေးမှ ငါတို့သွားရတော့မှာလား။ ငါတို့မွေးကတည်းက သွားလာတဲ့လမ်း။ နင်တို့ခင်းမပေးလဲ ငါတို့ တစ်အိမ်ထောင် ကျောက်ခဲတစ်ကျင်းနဲ့ခင်းရင်တောင် နင်တို့လမ်းထက် ကောင်းတယ် လို့ ပြန်တုတ်လိုက်တော့ သူတို့ တစ်ခါတည်း ပန်လန်လက်ပြီး ပက်လက်လန်သွားတယ်။
ဟိုတလောကလည်း ဘာတဲ့၊ မဲဆွယ်ဟောပြောပွဲဆိုပြီး လိုက်ဖိတ်တယ်။ ဘယ်သူမှ မသွားကြဘူး။ ဒါနဲ့ သမီးတို့က မကောင်းတတ်လို့ လေးငါးဆယ်ယောက်လောက် ခေါ်ပြီး သွားထိုင်ပေးလိုက်ရတယ်။

သမီးတို့တစ်ရွာလုံး NLD ပဲ မဲထည့်မှာ ကြီးကြီး။ ဘာမှ မပူနဲ့။ မဲခိုးလို့မရအောင်လည်း စီစဉ်ထားကြတယ်။ ဒါလောက် အင်အားတောင့်နေတာ သူတို့ မဟုတ်တာ မလုပ်ရဲဘူး။ စိတ်သာချ တဲ့။

ကျွန်ုပ်မှာ မမနှင့်ဖုံးပြောနေရင်းမှ ၀မ်းသာအူမြူးလှသဖြင့် ကြက်သီးမွေးညင်းများထကာ လက်သီးလက်မောင်း တန်းမိလေ၏။
သို့တိုင် ကျွန်ုပ်ရေးထားသည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ဆောင်းပါးတိုကလေးများကို အီးမေးပို့ကာ ပရင့်ထုတ်၊ ကော်ပီကူးခိုင်းပြီး ယဉ်ဝေလွင်အပြန် မပျက်မကွက် ထည့်ပေးလိုက်ရန် မှာလိုက်ရသေး၏။

ရွာတွေဆိုပြီး အထင်မသေးပါနှင့်။ နိုင်ငံတော်အစိုးရကောင်းမှုဖြင့် ဆက်သွယ်ရေးစနစ်များ ထွန်းကားနေပြီဖြစ်ရာ ရွာများတွင်လည်း ထိုက်သင့်အားလျော်စွာ ဗဟုသုတများ ရှိနေပြီဖြစ်ပါ၏။ (ကျေးဇူးတင်ပါသည် အစိုးရမင်းများခင်ဗျား။ ကျေးဇူးတင်သည် ဆိုသောကြောင့် ခင်ဗျားတို့ကို မဲထည့်လိမ့်မည်ဟုတော့ မယူဆပါလင့်။ ခင်ဗျားတို့သာမရှိရင် သည့်ထက်ပိုကောင်းအောင် လုပ်လို့ ရသည်မှတ်ပါ။)

ထို့ကြောင့် ရွာများတွင်လည်း ဒေသအတော်များများတွင် အနီရောင်ကသာ အနိုင်ရပါလိမ့်မည်။ ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများတွင် နေကြသူများမှာလည်း သန်းဂဏန်းအတော်များများ ရှိသဖြင့် တနည်းအားဖြင့် ပူစရာမလိုပါလေ။

မိတ်ဆွေများခင်ဗျား -

ကျွန်ုပ်တို့၏အပြောင်းအလဲကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်တီးယူကြရပေမည်။
ဤကဲ့သို့ ဖန်တီးနိုင်မည့် အခွင့်အရေးကား လက်တကမ်းမျှသာ လိုတော့သည်။

ရုပ်ရှင်ကားများထဲကအတိုင်း -
အစပိုင်းတွင် လူဆိုးများက မည်မျှပင် အားကောင်းမောင်းသန်ဖြင့် ညစ်ပြနေသည်ဆိုစေ -
ဇာတ်သိမ်းတွင် ရွှေဘ နိုင်ရစမမြဲ မဟုတ်ပါလော။
သိပ်မဝေးလှသောအချိန်တွင် ရွှေဘအနိုင်ရတော့မည်ကို ကျွန်ုပ်တို့ အားရပါးရ ရှုစားကြရတော့မည်။

အနာဂတ်ကာလမှနှစ်များသည် ဆုလာဘ်ကတိအပြည့်နှင့် ၀င်းဝင်းတောက်လျက် အသံတကြော်ကြော်ဖြင့်လည်း ဖိတ်ခေါ်လျက်ရှိ၏။
(ယောနသံစင်ယော် - ဦးဘသန်း (ဓမ္မိက) ဘာသာပြန်)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၉ အောက်တိုဘာ၊ ၂၀၁၅ 

Monday, October 19, 2015

စင်ကာပူတွင် မဲပေးခြင်း

(၁) လုပ်ငန်းကျွမ်းကျင်မှု အရေးကြီးခြင်း

မည်သည့်အရာကိုလုပ်သည်ဖြစ်စေ တတ်မြောက်ကျွမ်းကျင်သူများက စေတနာပါပါဖြင့် လုပ်ပေးမှ အလုပ်ကောင်းဖြစ်မည်။ သပ်ယပ်လှပသော အလုပ်တစ်ခု ပြီးမြောက်မည်။ လုပ်ကိုင်သူများသည် မိမိတို့လုပ်မည့်အလုပ်ကို သေသေချာချာ နားလည်ဘို့၊ လုပ်တတ်ကိုင်တတ်ဖို့လိုသည်။ ထို့ထက် ထိုအလုပ်ကို ဦးစီးဦးဆောင်လုပ်မည့်သူ၏ စီမံခန့်ခွဲမှုက ပိုလို့ အရေးကြီးသေးသည်။

တတ်မြောက်ကျွမ်းကျင်မှုမရှိသော လုပ်သားများနှင့် စီမံခန့်ခွဲမှုညံ့ဖျင်းသော ဦးဆောင်သူများလုပ်သည့် အလုပ်တိုင်းသည် အမှားမှား အယွင်းယွင်း၊ အလွဲလွဲ အချော်ချော်များနှင့် ပြည့်နှက်နေမည်။ ညံ့ဖျင်းသော ခေါင်းဆောင်သည် တာဝန်ယူမှုမရှိ။ မိမိအမှားကိုမိမိ ၀န်မခံ။ မိမိကြောင့် မှားသည့်အမှားကို အခြားသူများအား လွှဲချသည်။ အခြားသူများအား အပြစ်ဖို့သည်။ ပြဿနာတစ်ခုတွေ့ပါက ထိုပြဿနာကို ဘယ်လိုဖြေရှင်းမလဲ စဉ်းစားရမည့်အစား ခေါင်းရှောင်တတ်လေသည်။ ထိုမျှသာမက ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများကိုလည်း မကြံဆတတ်။ ကြံဆတတ်ရန်လည်း မကြိုးစား။ စကားကိုသာ အမျိုးမျိုး လှီးလွှဲပြောဆိုတတ်ကြကုန်၏။

(၂) သရုပ်ပျက်လှသော မဲစာရင်းများ

မြန်မာပြည်သား လူအများတို့အတွက် အလွန်အင်မတန်မှ အရေးကြီးလှသော ရွေးကောက်ပွဲမဲစာရင်းများကား အမှားအယွင်း၊ အလွဲအချော်များဖြင့် ပြည့်နှက်လို့နေသည်။ ဤကဲ့သို့ဖြစ်ရသည်မှာ နှစ်ခုဖြစ်နိုင်၏။

တစ်ခုမှာ မတော်တဆမှားယွင်းမှု၊ ထိုရွေးကောက်ပွဲကိစ္စကို ကြီးကြပ်သူ၏ စီမံခန့်ခွဲရေး ညံ့ဖျင်းမှု၊ ပါဝင်လုပ်ကိုင်ဆောင်ရွက်နေသူ များအား သေချာစွာလေ့ကျင့်ပေးမထားမှု၊ စာရင်းဇယား မနိုင်နင်းမှုတို့ဖြစ်၏။ ဒုတိယ ဖြစ်နိုင်ချေရှိသည့်တစ်ခုမှာ တမင်သက်သက် အမှားများအောင် လုပ်ကိုင်ဆောင်ရွက်မှု ဖြစ်၏။ ကျွန်တော်ကတော့ ဒုတိယတစ်ခု မဟုတ်ပါစေနှင့်ဟု ဆုတောင်းပါသည်။

ရွေးကောက်ပွဲတွင် မဲစာရင်းသည် အသက်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရွေးကောက်ပွဲရလဒ်ကို ရရှိသော ထောက်ခံမဲစာရင်းဖြင့် သာ ဆုံးဖြတ်၍ ဖြစ်သည်။ သို့ဆိုလျှင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်စေဘို့ အရေးတကြီးထား စီစဉ်ရမည်။ ပေးထားသည့်မဲများ မှန်မှန်ကန်ကန်ဖြစ်စေဘို့မှာ ဒုတိယပိုင်းဖြစ်၏။ မဲပေးပိုင်ခွင့်ရှိသူ ၁၀၀၀ ရှိသည်ဆိုပါစို့။ မဲပေးခွင့်ရှိသူမှာ ၆၀၀ သာရှိပါက မဲမပေးလိုက်ရသော ကျန်သည့် ၄၀၀ က မည်ကဲ့သို့ဆုံးဖြတ်မည်ကို မသိနိုင်။ ထို ၄၀၀ သာမဲပေးခွင့်ရလျှင် ရလဒ်မှာ ပြောင်းပြန် ဖြစ်သွားနိုင်သည်။ ထို့ကြောင့် မဲစာရင်းသာမမှန်ကန်ပါက ရွေးကောက်ပွဲရလဒ် အကြီးအကျယ် ပြောင်းလဲသွားနိုင်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပထမဆုံးထုတ်ပြန်လိုက်သည့် မဲစာရင်းတွင်ပင် အမှားအယွင်းပေါင်း မြောက်များစွာ ပါလာသည်။ ရပ်ကွက် အတွင်း အနှစ် (၂၀) လောက်နေသူများက အိမ်ထောင်စုလိုက် မဲစာရင်းထဲပါမလာ။ သို့သော် ကွယ်လွန်သူများ၏ နာမည်များမှာ မဲစာရင်းထဲ ပါနေသည်။ အထက်အောက် နာမည်စာရင်းတွင် မွေးနေ့ပေါင်းတော်တော်များများ တူနေသည်။ နာမည်များမှားသည်။ မှတ်ပုံတင်နံပါတ်မှားသည်။ အဖေနာမည်၊ အမေနာမည် မှားသည်။ မဲထည့်ရမည့်သူ စာရင်းထဲတွင် လမ်းနာမည်များလည်းပါသည်။

ထိုအမှားအယွင်းများကို ပြန်လည်ပြင်ဆင်ပြီး ဒုတိယအကြိမ်ထုတ်ပြန်လိုက်သည့်အခါ ပိုလို့ပင် ဆိုးသေးသည်။ ဤသည်မှာ အလွန်ရုပ်ဆိုးလှ၏။ ဒါတောင် မဲစာရင်းက ကွန်ပြူတာပရိုဂရမ်မှားလို့ပါ ဆိုသေး။ မဲစာရင်းလုပ်တာလောက်တော့ မည်မျှ ရှုပ်ထွေးသည့် ပရိုဂရမ်များ လိုရပါမည်နည်း။ ဘာပရိုဂရမ်မှမလိုပါ။ Microsoft Excel တစ်ခုနှင့် ပြီးသည်။ ဘာမှ မှားစရာမရှိ။ လူနာမည် ထပ်စရာမရှိ။ မွေးနေ့ ထပ်စရာမရှိ။ Microsoft Excel လောက်တော့ ဒီခေတ်မှာ လူတော်တော်များများ သုံးတတ်သည်။

ပြည်ပရောက်မြန်မာများ၏ မဲစာရင်းမှန်ကန်ဘို့အတွက် မြန်မာပြည်မှထုတ်ပြန်သော မဲစာရင်း မှန်ကန်ဘို့လိုသည်။

အခြေခံအားဖြင့် ရပ်ကွက်တိုင်း၏ အုပ်ချုပ်ရေးရုံးတွင် ထိုရပ်ကွက်နေသူများ၏ အိမ်ထောင်စုစာရင်းများ အတိအကျရှိနေရပါမည်။ လ.၀.ကတွင် သန်းခေါင်းစာရင်းများရှိသည် ဆိုစေကာမူ ထိုစာရင်းများကို အားကိုးလို့မရနိုင်။ ထိုစာရင်းများမှာ နှစ်စဉ်နှစ်တိုင်း ပြန်လည်ပြင်ဆင်ဖြည့်စွက်နေတာ မဟုတ်။ ထိုသန်းခေါင်စာရင်းများထက် ရပ်ကွက်မှ လူဦးရေစာရင်းက လက်တွေ့နှင့် ပိုပြီး နီးစပ်သည်။ ရပ်ကွက်များ၌ အမြဲ လူအ၀င်အထွက်ရှိနေသည်ဖြစ်ရာ လူအ၀င်/အထွက်စာရင်းကို လ.၀.က ရုံးချုပ်သို့ အမြဲပို့ နေဘို့ဆိုသည်မှာ မြန်မာနိုင်ငံ၏လက်ရှိအခြေအနေအတွက် စိတ်ကူးယဉ်လုပ်ငန်းတစ်ခုမျှသာ ဖြစ်သည်။

သို့အတွက် ရပ်ကွက်မှစာရင်းများကို အခြေခံကာ မဲစာရင်းပြုစုလျှင် သည်မျှမမှားနိုင်။ သည်ရပ်ကွက်အတွင်း အိမ်ထောင်စုစာရင်းများ ရှိမနေပါဟု ဆိုလျှင်ဖြင့် ကျွန်တော့်မှာ အလွန်အံ့သြရပေမည်။ ထားပါ။ ယခင်ကမရှိခဲ့၍ ယခုမှ ကောက်လျင်ပင် မည်မျှ ကြာပါ မည်နည်း။ သို့သော် လူတိုင်းကတော့ သေသေချာချာ တကယ်အလုပ်လုပ်ဖို့ လိုသည်ပေါ့။ သည်နေရာတွင်လည်း စီမံခန့်ခွှဲမှု အရေးကြီးပါသည်။ ရပ်ကွက်တစ်ခုကို အပိုင်းများခွဲကာ အပိုင်းတစ်ခုလျှင် အဖွဲ့တစ်ခုစီ တာဝန်ပေးစေခိုင်းလိုက်က တစ်ပတ်မျှပင် မကြာနိုင်။ အပြန်ပြန်အလှန်လှန် အသေးစိတ် စစ်ဆေးလျှင်ပင် ဆယ်ရက်၊ အလွန်ဆုံး လ၀က်အတွင်း အားလုံးပြီးနိုင်၏။ အလွန် အခြေခံကျလှသော အိမ်ထောင်စုစာရင်းကိုသော်မှ မပြုစုနိုင်ပါဟုလျှင် ထိုအုပ်ချုပ်ရေးရုံး၏ တာဝန်နှင့်ဝတ္တရားသည် အဘယ်နည်းဟု မေးခွန်းထုတ်စရာ ရှိပါသည်။

(၃) ပြည်ပ မဲစာရင်းများ၏ ချို့ယွင်းချက်များ

ပြည်ပရောက် မြန်မာများမဲပေးခြင်းတွင် အတန်ငယ် အဆင့်များ၏။ ပထမဦးစွာ မိမိနေထိုင်သည့်ရပ်ကွက်မှ မဲစာရင်းတွင် မိမိနာမည် ပါရမည်။ အကယ်၍ မပါခဲ့လျှင် ပုံစံ (၃) ဖြင့် ပြန်တင်ရမည်။ အကယ်၍ မိမိနာမည် အခြားရပ်ကွက်တွင်ပါနေပါက ပုံစံ (၄) ဖြင့် ပြန်နှုတ်ရမည်။ အကယ်၍ မဲစာရင်းတွင် အချက်အလက်များမှားယွင်းနေပါက ပုံစံ (၄ ဂ) ဖြင့် ပြင်ရမည်။ ထိုအပိုင်းမှာ ပြည်တွင်းတွင် မဲပေးမည့်သူများနှင့် အတူတူပင်ဖြစ်၏။

မြန်မာပြည်ပြည်ပတွင်နေထိုင်သူတစ်ဦးသည် မိမိရောက်ရှိရာနိုင်ငံတွင် မဲပေးနိုင်ရန် မိမိအမည်သည် မိမိနေထိုင်ရာ ရပ်ကွက်မဲစာရင်း တွင် ပါနေပြီဆိုပါက မိမိရောက်ရှိရာနိုင်ငံရှိ မြန်မာသံရုံးသို့ ပုံစံ (၁၅)  ကို သတ်မှတ်ရက်အတွင်း တင်ရန်လိုသည်။

လျှောက်ထားလာသော ပုံစံ (၁၅) များကို မြန်မာသံရုံးက မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ရသည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့မည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထိုစာရင်းကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်သို့ပို့၊ ထိုမှတဆင့် ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်များထံ ဆက်ပို့မည်။ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်များက ပြည်ပရောက် မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ပြုစု၍ မိတ္တူကို မြို့နယ်ကော်မရှင်ထံသို့ပို့ရမည်။ မြို့နယ်ကော်မရှင်က ထိုစာရင်းနှင့်တကွ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုကော်မရှင်သို့။ ပြည်ထောင်စုကော်မရှင်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့။ နိုင်ငံခြားရေးဝန်ကြီးဌာနကမှ သံရုံးများသို့ဆက်ပို့သည်။
(ရည်ညွှန်း။       ။ ရွေးကောက်ပွဲနည်းဥပဒေ၊ ၅၇ (က)(ခ)(ဂ)။ ၅၈ (က)(၂) (ခ)

အကယ်၍ မြန်မာနိုင်ငံတွင်သာ အီလက်ထရောနစ်၊ ကွန်ပြူတာစနစ် ထွန်းကားနေသည်ဆိုပါက သည်ကိစ္စ၊ သည်လောက်ခက်ခဲ စရာရှိမည်မဟုတ်။ ယခုတော့ အားလုံးလက်နှင့်လုပ်ကြရတာဆိုတော့ အမှားအယွင်း၊ အကျအပေါက် များလှသည်။

၁။ ပထမဆုံးသော စိတ်ပျက်စရာကောင်းသည့်အချက်မှာ ကမ္ဘာပေါ်ရှိနိုင်ငံပေါင်းစုံကို မဲစာရင်းစာရွက်တစ်ခုတည်းတွင် စုပြုံ ထည့်ထားတာ ဖြစ်သည်။ ဤသည်ကို ရွေးကောက်ပဲကော်မရှင်ကလည်း ညွှန်ကြားထားဟန်မတူ။ ညွှန်ကြားမထားသည့်တိုင် ရပ်/ကျေးကော်မရှင်များအနေနှင့် သိဘို့ကောင်းသည်။ ထို့အပြင် မဲစာရင်းကလည်း မှားနေလိုက်သေး၏။ စင်ကာပူတွင် အလုပ်လုပ် နေသူကို ကိုးရီးယားဟု ရေးထားသည်။ ဂျပန်ရောက်နေသူကို စင်ကာပူ ဟု ဖော်ပြထား၏။

အကျိုးဆက်မှာ တစုံတယောက်၏နာမည်ကိုရှာလိုလျှင် မူးနောက်နေအောင် ရှာရသည်။ နောက်တစ်ခါ နိုင်ငံမှားနေလျှင် သံရုံးက ၎င်းတို့ထံတွင် သူ့အတွက် မဲလက်မှတ် ပါမလာ ဟုဆိုကာ မဲပေးခွင့်ကို ငြင်းပယ်သည်။ သို့အတွက် မိမိလည်း အမှားမလုပ်ပါဘဲလျက် မဲပေးခွင့် ဆုံးရှုံးရသည်။ နိုင်ငံပေါင်းစုံကိုလိုက်ကြည့်လိုက်လျှင် ဤကဲ့သို့ မဲပေးခွင့်ဆုံးရှုံးသူ မည်မျှတောင် ရှိသည်မသိ။ မနည်းတာတော့ သေချာပါသည်။

၂။ နောက်တစ်ချက်မှာ မဲစာရင်းစာရွက်များကို scan ဆွဲရာတွင် သေချာစွာမဆွဲမှု၊ သို့မဟုတ် စက်ချို့ယွင်းမှု ဖြစ်၏။ အောက်ပါတို့မှာ မဲစာရင်းစာရွက်များ၏ အပြစ်အနာအဆာများဖြစ်သည်။

၁။ အစင်းရာများဖြင့် ပြည့်နှက်နေပြီး စာလုံးများ ပါမလာခြင်း
၂။ စာသားများ တပိုင်းပြတ်ကျန်ခဲ့ခြင်း၊ တ၀က်တပျက်သာ ပါလာခြင်း
၃။ စာမျက်နှာတစ်ခြမ်းသာ ဖတ်ရပြီး လူနာမည်ပါသည့် အခြမ်းကို ဖတ်မရခြင်း
၎။ စာမျက်နှာတစ်ခုလုံး စာတစ်လုံးမှမပါဘဲ ခဲရောင်သာ ဖြစ်နေခြင်း
၅။ လက်ရေးဖြင့်ရေးထားသော်လည်း ဘာရေးထားမှန်း သေသေချာချာ မမြင်ရခြင်း

Scan ဆွဲပြီးနောက် မိမိတို့၏ scan copy များ ကောင်းမကောင်းကို ကော်မရှင်အဖွဲ့ဝင်များအနေနှင့် ပြန်စစ်သင့်လှ၏။ ယခုတော့ တာဝန်မဲ့လှသည်။ ကိုယ်လုပ်သည့်အလုပ်ကို ကိုယ် တာဝန်မယူ။ ငါ့လက်ကလွတ် ဗြွတ် ဟု လုပ်လိုက်ကြသည်။ အကျိုးဆက်မှာ ထို ဖတ်မရသော စာမျက်နှာတွင်ပါသည့် မဲဆန္ဒရှင်များမှာ မဲပေးခွင့်မရတော့။ မည်မျှ ဆိုးလိုက်ပါသနည်း။ ဤမဲဆန္ဒရှင် အရေအတွက်မှာ လည်း မနည်းလှပါ။

၃။ နောက်တစ်ချက်မှာ ပိုလို့ဆိုးသေးသည်။ ရပ်ကွက်တစ်ခုလုံး မဲစာရင်းမှ ပျောက်နေခြင်းဖြစ်၏။ တာမွေ၊ ပျားရည်ကုန်းရပ်ကွက် အတွက် မြန်မာပြည်ဘက်တွင် ပြည်ပသို့ပို့လိုက်သော မဲစာရင်းရှိသည်။ သို့သော် စင်ကာပူသို့ မရောက်လာခဲ့။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မြို့နယ်ကော်မရှင်မှ ပုဂ္ဂိုလ်များ စနစ်တကျ မလုပ်တတ် မကိုင်တတ်တာကို ဖော်ပြနေပါသည်။

ဤတွင် မည်ကဲ့သို့လုပ်ရမည်ကို နမူနာပြထားပါသည်။

- - - မြို့နယ်
 
 






- - - - - -  - - - မြို့နယ်
စဉ်
ရပ်ကွက်/ကျေးရွာအုပ်စု
စင်ကာပူ
တောင်ကိုးရီးယား
ဂျပန်
အမေရိကန်
ထိုင်း
မလေးရှား
ယူအေအီး
က ရပ်ကွက်
၁၀
၁၂
ခ ရပ်ကွက်
၂၉
ဂ ရပ်ကွက်
င ရပ်ကွက်
စ ကျေးရွာအုပ်စု
ဆ ကျေးရွာအုပ်စု
ည ကျေးရွာအုပ်စု

စုစုပေါင်း
၁၉
၁၀
၃၃
၂၇

ဤကဲ့သို့သာ မြို့နယ်အလိုက် စာရင်းပေါင်းချုပ် လုပ်ပေးလိုက်လျှင် ရပ်ကွက်ကျန်ခြင်းပြဿနာ အလိုလို ရှင်းပြီး ဖြစ်သွားပါလိမ့်မည်။ မဲစာရင်းလုပ်ရာတွင်လည်း စင်ကာပူကို မဲစာရင်းစာရွက်တစ်ခု၊ ဂျပန်အတွက် မဲစာရင်းစာရွက်တစ်ခု စသဖြင့် နိုင်ငံတစ်ခုလျှင် မဲစာရင်းတစ်ခု ထုတ်ပြန်ပေးသွားပါက နိုင်ငံလွဲချော်သည့် ပြဿနာ နည်းသွားမည်ဖြစ်သလို မိမိမြို့နယ်အတွင်း မည်သည့်နိုင်ငံတွင် မည်မျှ ရောက်နေကြောင်းလည်း အလိုလို မှတ်တမ်းတင်ပြီး ဖြစ်သွားပါလိမ့်မည်။

၎။ အခြားတစ်ချက်မှာ မိမိအမည်သည် မိမိနေထိုင်ရာ ရပ်ကွက်မဲဆန္ဒရှင်စာရင်းတွင်ပါသည်။ သက်ဆိုင်ရာနိုင်ငံသံရုံးသို့လည်း ပုံစံ (၁၅) ပေးပို့ထားသည်။ သို့သော် သံရုံးကထုတ်ပြန်သည့် မဲစာရင်းတွင် မိမိအမည် ပါမလာခြင်းဖြစ်၏။ ဤပြဿနာမှာလည်း အတော် များပါသည်။ ဤပြဿနာမှာ အီလက်ထရောနစ်စနစ်ကို ကျကျနန မသုံးတတ်ခြင်း၏ ရလဒ်ဖြစ်၏။

မြန်မာနိုင်ငံတွင် အီးဂါးဘားမင့်စနစ် ကျင့်သုံးမည်ဟု လက်သီးလက်မောင်းတန်းနေသည်မှာ ကာလအတန်ကြာကပင် ဖြစ်၏။ သို့တိုင် ဌာနများတွင် ကောင်းကောင်းအလုပ်လုပ်သော ကွန်ပြူတာများ မရှိသေး။ ကွန်ပြူတာကိုင်တတ်သည့် ၀န်ထမ်းအရေအတွက် မှာလည်း လက်ချိုးရေလို့ ရနေသေးသည်။ ၀န်ကြီးဌာန website များကို ကြည့်လိုက်လျှင်ပင် ချာတူးလန်လှ၏။ ၀န်ကြီးဌာန တော်တော်များများ website များမှာ ဖွင့်လို့တောင်မရပါ။
ဤသည်ကို အပြစ်မဆိုပါ။ သို့သော် ယခု မဲပေးသည့်ကိစ္စတွင်မူ စနစ်တစ်ခုရှိထားသင့်၏။ ကျေးလက်တောရွာများ၊ နယ်မြို့နယ်များ၌ အင်တာနက် ရရမည်ဟု မဆိုလိုပါ။ ကျေးလက်နှင့် နယ်မြို့နယ်များတွင် ပြည်ပထွက် အလုပ်လုပ်သူများမှာ ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများမှ ပြည်ပထွက်အလုပ်လုပ်သူဦးရေနှင့် ယှဉ်လိုက်လျှင် ပြောပလောက်အောင် မများလှပါ။ သို့အတွက် ကွန်ပြူတာစနစ်မရှိပဲ လက်နှင့်ပင် စနစ်တကျ လုပ်နိုင်ပါသည်။

သို့သော် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်၊ မကွေး၊ တောင်ကြီး စသော မြို့ကြီးများတွင်မူ အင်တာနက် ရလိမ့်မည်ဟု ခန့်မှန်းရပါ သည်။ ကွန်ပြူတာဆိုင်နှင့် မိတ္တူ၊ scan ဆွဲသော ၀န်ဆောင်မှုများမှာလည်း အလွန်ခဲယဉ်းလှလိမ့်မည် မဟုတ်ပါ။

စင်ကာပူမှ ပုံစံ (၁၅) တင်သော မဲဆန္ဒရှင်များစာရင်းကို Excel ဖိုင်များဖြင့်ပြင်ပြီး ပို့သည်ဆို၏။ အကယ်၍သာ ပုံစံ (၁၅) အားလုံးကို excel file များဖြင့် ပြင်ပါက မြို့နယ်ခွဲရတာ ဘာမှ မခဲယဉ်းပါ။ ထိုဖိုင်များကို သံရုံးမှ နိုင်ငံခြားရေးဝန်ကြီးဌာနသို့၊ ထိုမှတဆင့် ပြည်ထောင်စုကော်မရှင်၊ မြို့နယ်ကော်မရှင် ဆက်ပို့သွားရုံဖြစ်သည်။ ဟောဒါ စင်ကာပူကလာတဲ့ ပုံစံ (၁၅) စာရင်း၊ ဟောဒါ ဂျပန်ကလာတဲ့ ပုံစံ (၁၅) စာရင်း စသဖြင့် သက်ဆိုင်ရာ မြို့နယ်များက ခွဲ။ ဒီလူတွေကတော့ ဘယ်ရပ်ကွက်ကဟု ထပ်မံခွဲကာ ထိုစာရင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ပို့လိုက်လျှင် ကိစ္စပြီးသည်။

သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများက စင်ကာပူစာရင်းကို သပ်သပ်၊ ကိုးရီးယားစာရင်းကို သပ်သပ် ပြင်ပေးလိုက်။ ပီဘိ ရှင်းရှင်းကလေးဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် သည်မျှမှားနေရသနည်း။ မလုပ်တတ်သောကြောင့် မှားသည်။

(၄) မဲပေးရန် စီမံမှု၏ ချို့ယွင်းချက်များ

စင်ကာပူတွင် လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာဦးရေ သိန်းနှင့်ချီရှိမည်ဟု ခန့်မှန်းရပါသည်။ သို့သော် မဲပေးရန် ပုံစံ (၁၅) တင်သူ ဦးရေမှာမူ ၂၂၀၀၀ မျှသာ ရှိသည်ဟုလည်း သိရ၏။

မြန်မာသံရုံး (စင်ကာပူ) က စင်ကာပူရောက် မြန်မာနိုင်ငံသားများ မဲပေးရမည့်ရက်ကို -
v  ၁၆/၁၀/၁၅ ရက်နေ့ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီခွဲ၊
v  ၁၇/၁၀/၁၅ ရက်နေ့ မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ၊
v  ၁၆/၁၀/၁၅ ရက်နေ့ မနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ ဟု ကြေငြာခဲ့၏။

မဲပေးမည့်နေရာကို မြန်မာသံရုံးဝင်းအတွင်း ဟု ဆိုသည်။

ထို့ကြောင့် မဲပေးမည့်နာရီကိုတွက်ကြည့်ပါက ပထမနေ့ ၃ နာရီခွဲ၊ ဒုတိယနေ့ ၇ နာရီ၊ တတိယနေ့ ၇ နာရီ၊ စုစုပေါင်းမှ ၁၇ နာရီခွဲ သာရှိသည်။ ၁၇ နာရီခွဲအတွင်း အလွန်ကျဉ်းမြောင်းလှသော သံရုံးအတွင်း လူနှစ်သောင်းကျော်ကုန်အောင် မဲပေးနိုင်ပါမည်လား။ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။ သင်္ချာနည်းဖြင့် တွက်ကြည့်လျှင်ပင် တစ်နာရီလျှင် လူ ၁၃၀၀ နီးပါး။ တစ်မိနစ်လျှင် လူ ၂၀ ကျော်။

သည်ကိစ္စ သံရုံးမှတာဝန်ရှိသူများ အစောကြီးကတည်းက ကြိုစဉ်းစား၊ တိုင်ပင်ဆွေးနွေးထားကြဘို့ကောင်းသည်။ ပါးစပ်ထဲရှိတာ ကောက်ကက်ပြောလိုက်တာမျိုး လုံးဝမဖြစ်သင့်။ 

အကယ်တန်တု မဲပေးတာ ဘာမှ မခဲယဉ်းပါ။
မြန်မာပြည်ဘက်က ပို့လာသည့် မဲစာရင်းများကို တိုင်း/ပြည်နယ်အလိုက်၊ မြို့နယ်အလိုက်ခွဲ။ ထိုမဲစာရင်းအလိုက် မဲလက်မှတ်များခွဲ၊ မဲပုံးများပြင်ထား။ မဲဆန္ဒရှင်များအား ထိုမဲစာရင်းအလိုက် မဲလက်မှတ်များထုတ်ပေး။ သူတို့က မဲပေး။ ပုံးထဲထည့်။ နောက်ပြီး မဲပုံးများ ပြန်သိမ်း။ အလွန်အင်မတန် ရိုးရှင်းလှသည်။

သို့ဆိုလျှင် အဘယ်ကြောင့် မဲပေးသည့်နေရာကို သံရုံးတစ်ခုတည်း ကန့်သတ်ထားရပါသနည်း။
စင်ကာပူနိုင်ငံအာဏာပိုင်များနှင့်ညှိ၍ စင်ကာပူအ၀ှမ်း မဲပေးရမည့်နေရာကို အနည်းဆုံး ၅ နေရာလောက်ခွဲပါ။ ဥပမာ -
မြန်မာသံရုံးတွင် ရန်ကုန်တိုင်း
Jurong တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း
Yishun တွင် ပြည်နယ်အားလုံး၊ နေပြည်တော်
Aljunied တွင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း
Toa Payoh တွင် မန္တလေးတိုင်း၊ တနင်္သာရီတိုင်း

မဲပေးမည့်နေရာများတွင် လုံခြုံရေးအတွက် Cesco ရဲများ ငှားလို့ရပါသည်။ များများငှားစရာမလိုပါ။ တစ်နေရာ နှစ်ယောက် လောက်ဆို ရပါသည်။ မဲပေးခြင်းအတွက်လည်း လူအင်အား အများကြီး သုံးစရာမလိုပါ။ မဲရုံမှုးတစ်ဦး၊ မဲစာရင်းစစ်မည့်သူ တစ်ဦး သို့မဟုတ် နှစ်ဦး၊ မဲလက်မှတ်ထုတ်ပေးမည့်သူ တစ်ဦး သို့မဟုတ် နှစ်ဦး၊ ဆန္ဒမဲပေးမည့်နေရာတွင် အစောင့်ထားလိုပါက တစ်ဦး။
မဲပုံးနေရာတွင် အစောင့်ထားလိုပါက တစ်ဦး။ သည်မျှသာ လိုသည်။ မဲရုံမှူးကို သံရုံးအမှုထမ်းကို ခန့်လို့ရသည်။ ကျန်သည့်သူများကို နေ့စားငှားလိုကငှား၊ လုပ်အားပေး ခေါ်လိုကခေါ်။ ဒါမှ အင်အားပြလိုလျှင် အပို ၃ - ၄ ယောက်ခေါ်လိုက်ပါဦး။ ဘာမှ မခဲယဉ်းပါ။

အကယ်၍ စင်ကာပူနိုင်ငံအာဏာပိုင်များက ဤသို့လုပ်ရန် ခွင့်မပြုဟု ဆိုပါစို့။ မြန်မာပြည်ဘက်မှ ပြန်ပို့လာသော မဲစာရင်းအရ မည်သည့်တိုင်းနှင့် ပြည်နယ်များတွင် မဲပေးမည့်သူ မည်မျှရှိသည်ကို တွက်ပါ။ ထိုဦးရေအရ တစ်ရက်လျှင် ပြီးနိုင်သော ပြည်နယ်၊ တိုင်းအလိုက် ရက်များ သတ်မှတ်ပါ။ ဥပမာ -
၁၅/၁၀/၁၅ - ကချင်၊ ကယား၊ ကရင်၊ ချင်း
၁၆/၁၀/၁၅ - မွန်၊ ရခိုင်၊ ရှမ်း
၁၇/၁၀/၁၅ - စစ်ကိုင်း၊ မန္တလေး၊ မကွေး
၁၈/၁၀/၁၅ - ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီ
၁၉/၁၀/၁၅ - ရန်ကုန်

ပို၍ အသေးစိတ်လိုသေးလျှင် ၁၅/၁၀/၁၅ ရက်နေ့ နံနက်ပိုင်း - ကချင် နှင့် ကယား နေ့လည်ပိုင်း - ကရင် နှင့် ချင်း ဟု ထပ်ခွဲပါ။ ဤကဲ့သို့သာ စနစ်တကျ လုပ်လိုက်ပါက သည်မျှ ရုတ်ရုတ်သဲသဲ ဖြစ်စရာအကြောင်းမရှိ။ မဲပေးမည့်သူများလည်း ညအိပ်ညနေ လာတန်းစီစရာ အကြောင်းမရှိ။ မိမိအလှည့်မရောက်မှာကို လည်ပင်း တရှည်ရှည်နှင့် စောင့်စရာအကြောင်းမရှိ။

အကယ်၍ သတ်မှတ်ထားသည့်အချိန်အတွင်း မပြီးဆိုပါစို့။ မဲမပေးလိုက်ရသူများအတွက် ဘယ်နေ့ပြန်လာပါဟု ရက်ထပ်ချိန်း လိုက်ပါ။ ပီဘိ လွယ်လွယ်ကလေး ဖြစ်ပါသည်။

သို့ဆို၍ တစ်နိုင်ငံလုံးမှလာသော မဲစာရင်းများကို ပြည်နယ်/တိုင်းအလိုက် လူအင်အားစစ်ရန်၊ ပြန်ခွဲရန် သံရုံး၌ လူအင်အားနှင့်အချိန် မလုံလောက်ဟု ဆိုပါစို့။ ကျွန်ုပ်တို့ စင်ကာပူရောက် ရွှေမြန်မာများမှာ ၎င်းတို့အား ကူညီချင်လွန်းလှ၍ လက်ယားနေကြသူများ ဖြစ်၏။ ၎င်းတို့ခေါ်စရာပင် မလိုပါ။ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး ထောက်ကူပြုအဖွဲ့သားများက ဆန္ဒမဲပေးခြင်းအတွက် သံရုံးကို ကူပါမည်ဆိုတာကို သူတို့က လက်မခံခြင်းဖြစ်သည်။ ကိုးရီးယားရှိ မြန်မာသံရုံးကမူ မဲလက်မှတ်များအား ရေတွက်စစ်ဆေးရာတွင် ကိုးရီးယားသမ္မတနိုင်ငံရှိ မြန်မာလူမှုရေးအသင်းအဖွဲ့များ၏ အကူအညီကို ရယူခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပါသည်။ သို့ဆိုလျှင် စင်ကာပူရှိ မြန်မာသံရုံးက အဘယ်ကြောင့် လက်မခံနိုင်ရပါသနည်း။ သံရုံးတစ်ခုနှင့်တစ်ခု မူဝါဒခြင်းမတူ၍လော။ ကျွန်တော် မသိပါ။

(၅) သရုပ်ပျက်လှသော မြန်မာသံရုံး (စင်ကာပူ) ၏ မဲပေးစနစ်

စင်ကာပူတွင် ကျွန်ုပ်တို့မြန်မာများ မဲပေးကြရပုံကား အလွန် ဗရုတ်သုက္ခနိုင်လှ၏။ အထက်တွင်ဖော်ပြသကဲ့သို့ သောင်းနှင့်ချီသော မဲပေးသူများအတွက် မည်သို့မှ စီမံမထားသဖြင့် မဲပေးလိုသူတို့မှာ ကိုယ့်အစီအစဉ်နှင့်ကိုယ် တန်းသွားစီကြရသည်။ မဲစပေးရမည့် အချိန်ကို နံနက် ၉ နာရီခွဲဟု သတ်မှတ်ထားသည်မှာလည်း နောက်ကျလွန်းလှ၏။ မဲပေးသူများမှာ ညကတည်းက သွားတန်းစီ ကြသည်။ နောက်ပြီး မိမိအလှည့်ရောက်ရန် တစ်နေ့လုံးလိုလို စောင့်ဆိုင်းနေကြရ၏။

သိသူများအတွက်မူ မထောင်းတာ။ သံရုံးမှထုတ်ပြန်ထားသော မဲစာရင်းတွင် မိမိနာမည်ပါသောစာရွက်ကို ပရင့်ထုတ်ယူသွား။ မိမိ မဲထည့်ရမည့်ဒေသမှ ကိုယ်စားလှယ်လောင်းများအား မှတ်သားထား။ ထိုအခါ မဲလက်မှတ်ထုတ်ရာတွင် နာမည်ရှာရ လွယ်သွား သည်။ မိမိရလာသော မဲလက်မှတ် မှန်မမှန်ကို ချက်ချင်း လွယ်ကူစွာ စစ်ဆေးနိုင်သည်။ သို့သော် ဤကဲ့သို့ လူတိုင်း လုပ်နိုင်ပါမည် လော။ ထိုအခါ မဲလက်မှတ်ထုတ်သည့်နေရာတွင် နာမည်ရှာနေရတာနှင့် မဲလက်မှတ်ရှာနေရတာနှင့် အတော်အချိန်ကုန်လှ၏။ တစ်ကမ္ဘာလုံးအတွက် ပြင်ထားသော မဲစာရင်းတွင် စင်ကာပူမှ လူတစ်ယောက်အတွက် ရှာနေရသည်မှာ သမုဒ္ဒရာထဲ ကျသွားသည့် အပ်ကိုလိုက်ရှာရသည့်နှယ် ဖြစ်နေသည်။

မဲဆန္ဒကဒ်ပြားပေါ်တွင် အမှန်ခြစ် ခြစ်ရတာ ဘာမှ မခဲယဉ်းပါ။ ကြာလည်းမကြာပါ။ သို့သော် မဲအိတ်ကို ကော်ကပ်မည်ဆိုတော့ တော်တော်နှင့် ကပ်လို့မရ။ ကပ်လိုက်ကွာလိုက်။ ကွာလိုက်ကပ်လိုက်နှင့်။ သုံးခါလောက်ပြန်ကပ်ရသည်။ သည်နေရာတွင် အချိန် ထပ်စားပြန်သည်။

သို့သော် သံရုံးဝင်းထဲစ၀င်သည်မှ မဲပေးပြီး ပြန်ထွက်လာသည်ထိ ၃၅ မိနစ်ခန့်သာ ကြာပါသည်။ ကြာသည်မှာ သံရုံးအပြင်ဘက် တွင် ထောင်ပေါင်းများစွာသောလူများအကြား သံရုံးရှေ့ထိရောက်ရန် စောင့်ရသောအချိန်ဖြစ်၏။

ပထမဆုံးနေ့ (၁၅/၁၀/၂၀၁၅) တွင် သိပ်မဆိုးလှ။ ကြာသပတေးနေ့ဖြစ်၍ လူတိုင်းအလုပ်ဆင်းနေကြသည်။ သို့အတွက် မဲပေးသူ အလွန်မများလှ။ မများလှဆိုတာတောင် စတန်းစီသည်မှ မဲပေးပြီးသည်ထိ ၄ နာရီကျော်ကြာသည်။

ဒုတိယနေ့တွင်မူ အတန်ငယ်များလာသည်။ ကျွန်တော် ပထမဆုံးထွက်သည့်ရထားကိုမမီလိုက်သဖြင့် ဒုတိယရထားနှင့်လိုက်၏။ (မနက် ၅း၄၀ နာရီ) တန်းစီမည့်နေရာရောက်တော့ မနက် ၆း၁၀ နာရီ။ ကျွန်တော့်ရှေ့တွင် လူမည်မျှရှိနေသည်ကို သိလိုသဖြင့် လိုက်ရေကြည့်ရာ ၅၀၅ ရှိကြောင်းတွေ့ရ၏။

သို့သော် လုပ်အားပေးများက ဒီဘက်မှာနေပူတယ်၊ ဟိုဘက်လမ်းကို ပြောင်းကြရအောင်ဟု ထိုလူတန်းကြီးအား မူလတန်းစီရာ နေရာမှ ဆန့်ကျင်ဘက်လမ်းသို့ ပြောင်းခိုင်း၏။ ထိုလူတန်းကြီးတစ်ခုလုံး ပြောင်းအပြီး နေရာအသစ်သို့ရောက်သော် မသင်္ကာသဖြင့် ကျွန်တော် ထပ်ရေကြည့်သည်။ မူလက ၅၀၅ ယောက်သာ ရှိသောလူများမှာ ယခု ၆၀၀ ဖြစ်နေသည်။ အတန်း အရွှေ့အပြောင်းတွင် လူ ၁၀၀ တိတိ ကျွန်တော်တို့ရှေ့မှ ကြားဖြတ်ဝင်သွားချေပြီ။

ကျွန်တော် သံရုံးအတွင်းဝင်တော့ နေ့မွန်းတည့် ၁၂ နာရီတိတိ။ ကျွန်တော်မဲပေးပြီး သံရုံးအတွင်းမှ ပြန်ထွက်လာတော့ ၁၂း၃၇ နာရီ။ ဆိုတော့ မိနစ် ၄၀ နီးပါးကြာသည်။

တတိယနေ့သည်ကား စနေနေ့ဖြစ်သဖြင့် လူပိုများ၏။ ဖေ့စ်ဘွတ်တွင် တက်လာသည့် သတင်းများကြည့်ရသည်မှာ စိတ်မချမ်းသာ စရာ။ မနက်မိုးမလင်းမီကပင် တန်းစီနေသော မဲဆန္ဒရှင်များမှာ လူ ၂၀၀၀ ခန့်ဖြစ်နေပြီ။ ယမန်နေ့က မဲပေးရန် မမီလိုက်သူများက မပြန်တော့ဘဲ ဆက်တန်းစီနေခြင်းဖြစ်သည်။ လမ်းပေါ်မှာပင် ညအိပ်ကြ၏။ အနီးတွင် ရဲကားက ညလုံးပေါက် ကင်းလှည့်နေသည်။

နေမြင့်လေ လူများလေဖြစ်ရကား မဲပေးရန် စောင့်ဆိုင်းနေသော လူတန်းကြီးမှာ မြင်မကောင်းအောင် ရှည်လျားလှပေသည်။ သံရုံးမှ သည် ရှန်ဂရီလာဟော်တယ်ရှေ့ထိ ဖြစ်၏။ အကွာအဝေးအားဖြင့် မီတာ ၁၀၀၀ ခန့်ရှိသည်။ ဤကမ္ဘာပေါ်တွင် ဤမျှ သရုပ်ပျက်လှ သော မဲပေးသည့်စနစ်ကား မြန်မာသံရုံး (စင်ကာပူ) ၌သာ ရှိချေသည်။ အခြားမည်သည့်တိုင်းပြည်များတွင်မှ မကြားစဖူး။

နေ့လည် ၁၁ နာရီကျော်တွင် ယနေ့ (စနေနေ့) မဲပေးရမည့်သူများအတွက် တိုကင်များစဝေသည်။ စုစုပေါင်း ၃၀၀၀ ဖြစ်၏။ ထို့နောက် ညနေ ၄ နာရီခန့်တွင် တနင်္ဂနွေနေ့အတွက် တိုကင် ၃၀၀၀ ဝေသည်။ ည ၈ နာရီခွဲတွင် တနင်္လာနေ့အတွက် နောက်ထပ် တိုကင် ၃၀၀၀ ဝေပြန်သည်။ တိုကင်များရတော့ တန်းစီနေသူများ အသီးသီးအသကအသက ပြန်သွားကြသည်။ သည်တော့မှ လမ်း တစ်လျှောက် တန်းစီနေသော လူတန်းကြီးလည်း ရှင်းသွားလေတော့သတည်း။

နံနက် ၄ နာရီခွဲလောက်က တန်းစီရန် ရောက်လာသူများမှာ ညနေ ၆ နာရီခွဲလောက်ကျမှ သံရုံးအပေါက်ဝရောက်သည်။ သူတို့ မဲပေးပြီး ပြန်ထွက်လာတော့ ည ၇ နာရီတီးပြီ။ ဒါတောင် သူတို့နောက် တန်းစီနေသူများမှာ စိန့်မာတင်ဒရိုက် လမ်းထိပ်ထိ ရှိနေသေး ၏။ မဲရုံဝန်ထမ်းများလည်း မသက်သာလှ။ အနည်းဆုံး ၈ နာရီလောက်မှ လူကုန်မည်။ လူကုန်တော့မှ စာရွက်စာတမ်းများ သိမ်းဆည်း၊ မဲပုံးများဖွင့်ကာ မဲစာအိတ်များ သိမ်းဆည်း။ စာရွက်စာတမ်းများ ပြင်ဆင်နှင့် ၉ နာရီကျော်လောက်မှ အိမ်ပြန်ကြရလိမ့် မည်။ သည်ကနေ့မဲပေးခွင့်ရသူများမှာ အတော်များ၏။ ၃၆၀၀ လောက်ရှိသည်ဟု ဆိုသည်။

သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်ပါသူများနှင့် အိမ်အကူမိန်းကလေးများကိုမူ ဦးစားပေးအနေနှင့် အခြား သူများနှင့်ရောကာ တန်းမစီရပဲ လူတန်း၏ အခြားဆန့်ကျင်ဘက်တွင် သီးသန့် တန်းစီစေလေသည်။

(၆) စေတနာရှင်များ၏ အလှူဒါန

မည်သို့ဆိုစေ။ ကျွန်ုပ်တို့မြန်မာများသည်ကား သည်းခံခြင်းတရားနှင့် အသားကျနေပြီဖြစ်သဖြင့် လမ်းဘေးတွင်ပင်အိပ်၊ လမ်းဘေး တွင်ပင်စား၊ လမ်းဘေး၌ပင် တစ်နေ့လုံး ဖြစ်သလို နေနေရသည့်တိုင် နည်းနည်းကလေးမှ မညည်းညူ။ မည်သူ့ကိုမှ ပြဿနာမရှာ။ မိမိအလှည့်ရောက်ရန်ကိုသာ စိတ်ရှည်လက်ရှည် စောင့်စားနေကြလေသည်။ မြန်မာပြည်ကြီး ပြောင်းလဲရေးအတွက် မိမိ၏ မဲတစ်ပြားမှာ အလွန်အရေးပါကြောင်း လူတိုင်းက ခံယူထားသည်။ မြန်မာပြည်ပြောင်းလဲရန် ကျွန်ုပ်တို့ မည်မျှအရေးကြီးနေကြောင်း ကျွန်ုပ်တို့၏ ရင်တွင်းမှဆန္ဒများကို သည်မဲပြားများဖြင့် ထုတ်ဖော်လိုလှသည်။

သို့တိုင် လွှတ်တော်ကိုယ်စားလှယ် (၃) ဦးအတွက် ဆန္ဒမဲ (၃) ခု ရရမည်ကို နှစ်ခုသာရသူ၊ တစ်ခုဖြင့် ကျေနပ်လိုက်ရသူများလည်း မနည်းလှပါပေ။ ကျွန်တော့်ရှေ့မှ တိုင်းရင်းသူကလေးသည်ပင် ယောင်တီးယောင်နဖြစ်နေသဖြင့် ကွန်တော်က သေသေချာချာ ရှင်းပြ လိုက်ရသေး၏။ သူရထားသည့် မဲလက်မှတ်များအနက် တစ်ခု၌ နောက်ကျောတွင် ကော်မရှင်တံဆိပ်တုံးမပါ။ ကော်မရှင်တံဆိပ်တုံး မှာလည်း ဘုရားစူးရပါစေ့။ ပီဘိ မြင်ရရုံကလေး ဖြစ်သည်။

အဆိုးထဲမှအကောင်းမှာ မြန်မာတို့၏ စေတနာဖြစ်၏။ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့သားများက မဲပေးရန်တန်းစီနေသူများအား မည်ကဲ့သို့မဲပေးရမည်။ အမှန်ခြစ်ကို အကောက်မပါအောင်ခြစ်ပါ။ ပယ်မဲမဖြစ်အောင် မည်သည်တို့ကို သတိပြုပါ။ မိမိတို့၏ မဲဆန္ဒနယ်မှာ မည်သည်ဖြစ်သည်။ ကောင်တာနံပါတ်က ဘယ်လောက် စသည်တို့ကို လူတန်းကြီးတစ်လျှောက် စုံရေဆန်ရေ ရှင်းပြ နေကြသည်။ ထို့ပြင် ရေနှင့် အစားအသောက်များကိုလည်း ဝေသေး၏။

အခြားအလှူရှင်များလည်း တဖွဲဖွဲရောက်လာကာ သကြားလုံးများ၊ အအေးများ၊ ငှက်ပျောသီးများ၊ ယပ်တောင်များ၊ ကောက်ညှင်းပေါင်းများ ဝေကြပါသည်။ မြန်မာတို့ စေတနာကောင်းလိုက်သည်မှာ နေရာဒေသမရွေး။ မြင်ရသူများအဖို့ အလွန် ကြည်နူးဖွယ် ဖြစ်၏။ သည်မြင်ကွင်းမှာ မြန်မာမဟုတ်သူများအဖို့ အလွန်ထူးဆန်း နေပေသည်။

ရေဘူးနှင့်အစားအသောက် ဝေရုံတင်မကသေး။ စားသောက်ပြီးသော ရေဘူးခွံနှင့် အမှိုက်သရိုက်များ လမ်းပေါ်တွင် ပျံ့ကြဲမနေစေရန် အမှိုက်အိတ်များကိုယ်စီကိုင်လျှက် အမှိုက်များ လိုက်စုလိုက်ကြသေး၏။ ၎င်းတို့ကြောင့်ပင် ထောင်ပေါင်းများစွာသော လူများ လမ်းဘေးတွင် တန်းစီနေလင့်ကစား အမှိုက်တမှုန်မှ မရှိ။ ယခင် ဆီးဂိမ်းတွင် အမှိုက်ရှင်းခြင်းဖြင့် နာမည်ရခဲ့သော မြန်မာပရိသတ်မှာ ယခုလည်း မိမိဂုဏ်သိက္ခာကို မိမိတို့ ထိန်းလိုက်ပြန်ချေပြီ။ ထိုမြန်မာ့ဂုဏ်ဆောင် လုပ်အားပေး လူငယ်၊ လုံမငယ်တို့အား ကျွန်ုပ်တို့ စင်ကာပူရောက် မြန်မာများမှ အလွန်ကျေးဇူးတင်ပါသည်။

(၇)

ဆန္ဒ၀တော ကိံနာမ ကမ္မံ နသိဇ္ဈတိ - ပြင်းပြသောဆန္ဒရှိသူ၌ မပြီးမြောက်သောအမှုဟူသည် အဘယ်မှာရှိအံ့နည်း။
ကျွန်ုပ်တို့၏ဆန္ဒများ မည်မျှပြင်းပြလှကြောင်း စင်ကာပူရှိ မြန်မာမဲဆန္ဒရှင်များက သက်သေထူခဲ့ကြပြီ။
မည်သူတို့ မည်ကဲ့သို့ လုပ်နေသည်ဖြစ်စေ သည်မျှပြင်းပြလှသော ကျွန်ုပ်တို့၏ ရင်တွင်းမှ ဆန္ဒများကို အဘယ်သူသည် အံတုဝံ့အံ့နည်း။

ကျွန်ုပ်တို့ကား အစွမ်းကုန် တာဝန်ကျေခဲ့ပြီ။
ကျွန်ုပ်တို့ ကြိုးစားလိုက်သော အသီးအပွင့်ကို များမကြာမီ မြင်ကြရလိမ့်မည်ဟု မျှော်လင့်ပါသည်။
တရားကို နတ်စောင့်ပါစေသတည်း။

အေးငြိမ်း (လေးမျက်နှာ)

၁၈ အောက်တိုဘာ၊ ၂၀၁၅