Monday, September 21, 2015

လာဘ်ပေး လာဘ်ယူ ဒို့ရန်သူ

မိတ်ဆွေတို့ သတိပြုမိကြပါလိမ့်မည်။
အခြားမဟုတ်ပါ။ ထီး၊ ဖိနပ်များပေးကာ မဲဆွယ်ခြင်း၊ ထရန်စဖော်မာများဆင်ပေးမည်ဆိုကာ မဲဆွယ်ခြင်း၊ ပိုက်ဆံ ၅၀၀၀ ပေးကာ မဲဆွယ်ခြင်း တို့ လုပ်နေကြခြင်းအကြောင်း ဖြစ်ပါ၏။

နိုင်ငံတစ်နိုင်ငံကို ဆင်းရဲနွံတွင်းကျစေသော၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားဖြစ်စေသော အရာများတွင် လာဘ်ပေး လာဘ်ယူမှုသည် ထိပ်ဆုံးကပါ၏။
လာဘ်ပေးလာဘ်ယူမြင့်မားသောတိုင်းပြည်တွင် အဘယ်ကဲ့သို့သော တရားဥပဒေစိုးမိုးရေးကို ထူထောင်နိုင်ပါမည်နည်း။
လူသတ်သူက တရားသူကြီးကို လာဘ်ပေးပြီး အရပ်ထဲတွင် ပေါ်ပေါ်ထင်ထင်နေနိုင်သည်။
ဓားမြဗိုလ်က မြို့မျက်နှာဖုံး ဖြစ်နိုင်သည်။
အနောက်ဘက်မှခိုးဝင်လာသူများက ဆယ်သိန်းမျှသောငွေပေးရုံဖြင့် ရန်ကုန်မြို့ကို ရောက်နိုင်သည်။
မြန်မာပြည်အရှေ့မြောက်ပိုင်းမှ မျက်ပေါက်ကျဉ်းများက မြန်မာပြည်ရှိ ရှိသမျှ သယံဇာတများကို သူတို့အဖိုးအေဆီမှ အမွေရထားသည့်အလား ပေါ်ပေါ်ထင်ထင် ကားကြီးကားငယ်များဖြင့် ထုတ်ယူသွားနိုင်သည်။
သစ်လုံးကားကြီးများဖြင့် အများပြည်သူမြင်ကွင်းမှ ထုတ်သွားသောကြောင့် လူမြင်ကောင်းရုံ အဖမ်းပြသည့်တိုင် ၈ ရက်မျှ လောက်နှင့် ပြန်လွတ်နိုင်သည်။
လာဘ်ပေးလာဘ်ယူစနစ်သာ ထွန်းကားနေပါက ဘာမဆို လုပ်လို့ရသည်။ ဘာမဆို ဖြစ်ချင်လို့ရသည်။ လာဘ်မပေးနိုင်သူ ပြည်သူလူထုမှာမူ ငရဲကြီး ၈ ထပ်မှ မဟာအ၀ီစိငရဲတွင် နေရသကဲ့သို့ ရှိပေလိမ့်မည်။

အသင့်တွင် ပိုက်ဆံများသာ ထားစရာမရှိအောင် ချမ်းသာသည်ဖြစ်အံ့။
သင့်အိမ်ထဲ၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဘီလျံနှင့်ချီမိသည့်တိုင် ဟေ၊ အဲဒါ ငါမသိရပါလားကွာ ဟုပြောနိုင်မည် ဖြစ်လေ၏။

ယခုလည်း ကြည့်ပါဦးခင်ဗျာ။
ရွေးကောက်ပွဲ မဲဆွယ်တာပါတဲ့။
ဘယ့်နဲ့ မဖြစ်ညစ်ကျယ်၊ ထီးကလေး၊ ယပ်တောင်ကလေးတွေနဲ့ လာဘ်ထိုးပြီး မဲဆွယ်ရတယ်လို့။
မသကာ တစ်အိမ်ထောင် မာစီးဒီးတစ်စီးလောက်ဆို ဟုတ်တုတ်တုတ်ရှိသေး။
အမိုက်အမဲကြီးတွေမို့ ဗွေမယူပါနှင့်ခင်ဗျာ။
နော်တို့က လာဘ်ပေးလာဘ်ယူလုပ်ငန်းလုပ်ရတာ အကျင့်ပါနေလို့ပါ။
အဲဒီတော့ မလုပ်ရမနေနိုင်လို့မို့ မဲဆွယ်တာမှာလည်း လာဘ်ပေး လာဘ်ယူလုပ်ပြီး မဲဆွယ်မိတာပါ။
အနို့ လာဘ်ပေးပြီး မဲဆွယ်ရုံကလွဲလို့ တခြားလည်း ဘာမှ မလုပ်တတ်ဘဲကိုးခင်ဗျ။

မိတ်ဆွေများခင်ဗျာ -
အနှီပုဂ္ဂိုလ်များ လာဘ်ပေးပြီးမဲဆွယ်ကတည်းကိုက ကျုပ်တို့သာနိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် တစ်နိုင်ငံလုံး လာဘ်ပေးလာဘ်ယူ စနစ် လှိုင်လှိုင်ကြီး ထွန်းကားစေရပါမယ်လို့ ကြေငြာနေတာနဲ့ မတူပေဘူးလားခင်ဗျာ။

သို့ကလိုဖြင့် ဖျား ဖျား -
မောင်မင်းကြီးသားတို့သာ နိုင်လို့ကတော့ -
ကျွန်ုပ်တို့ရွှေမြန်မာနိုင်ငံတော်ကြီးတွင် လာဘ်ပေးလာဘ်ယူကိစ္စများ ယခုထက် ပိုမိုထွန်းကားလာဖွယ်ရှိပေသည်။
လာဘ်ပေးလာဘ်ယူကိစ္စများ ပိုမိုထွန်းကားလေလေ မတရားမှုများ သည့်ထက်ပိုများလာလေလေ -
ပြည်သူတို့၏ ဘ၀များ အမိုက်တိုက်အတွင်း ပိုမိုကျဆင်းလေလေ -
ဘာမဆို လာဘ်ပေးလျှင် အောင်မြင်နိုင်သည့်အတွက် မည်သူမှ ရိုးရိုးသားသား ကြိုးစားဘို့ မစဉ်းစား -
မတရားသောနည်းဖြင့် ချမ်းသာဘို့သာ အားထုတ်ကြပေရော့မည်။
ဤမျှ ဗရုတ်သုတ်ခဖြစ်နေသော တိုင်းပြည်သို့ အဘယ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ လာပါတော့မည်နည်း။

ဤသည်မှာ အမှိုက်ကစ၊ ပြဿာဒ်မီးလောင်ခြင်းဖြစ်၏။
ဦးမြင့်လှိုင်အနေနှင့် ထီးတစ်ချောင်း၊ ယပ်တောင်တစ်ချောင်းပေးလိုက်ရတာ သူ့အနေနှင့် ဘာမှမထောင်းတာ။
သို့သော် ကျွန်ုပ်တို့ ပြည်သူများ၏ ကိုယ်ကျင့်စာရိတ္တကို ထိုမဖြစ်ညစ်ကျယ် ထီး၊ ယပ်တောင်ကလေးများနှင့် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်သည်။ ပြည်သူများအား လာဘ်ပေးလာဘ်ယူလိုစိတ်ကို မွေးမြူပေးလိုက်သည်။
ဦးမြင့်လှိုင်တစ်ဦးတည်းသာမဟုတ်။ ၎င်း၏ ပုလင်းတူ၊ ဘူးဆို့ အားလုံးသည်လည်း သည်ပုပ်ထဲကသည်ပဲ၊ အတူတူပင် မဟုတ်ပါလော။ ထိုနည်းအတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြသည်ချည်းဖြစ်လေ၏။
နိုင်ငံ့ထိပ်ဆုံးပိုင်းခေါင်းဆောင်ကြီးများကစ၍ လာဘ်ပေးလာဘ်ယူမှုကို စံနမူနာပြ လုပ်ကိုင်နေကြသည်ဖြစ်ရာ ၎င်းတို့၏ အောက်လက်ငယ်သားများမှာမူ အဘယ်ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း။

မိတ်ဆွေများခင်ဗျား -
၎င်းတို့ပေးသော ထီးနှင့်ယပ်တောင်သည် အဘယ်မျှ တန်ဘိုးရှိပါသနည်း။
ထိုထီးနှင့်ယပ်တောင်မျှလောက်ကို အသင်တို့မ၀ယ်နိုင်တော့ပြီလော။
အကယ်တန်တု၊ မ၀ယ်နိုင်သည်ဖြစ်အံ့။
ထိုထီးနှင့်ယပ်တောင်မရှိကာမျှဖြင့် သင်တို့ဘ၀မည်ကဲ့သို့ ယုတ်နိမ့်၊ ကျဆင်း၊ ဆုတ်ယုတ်သွားပါသနည်း။

ထို့ကြောင့် အသင်တို့သည် ၎င်းတို့ပေးသော ထီးနှင့်ယပ်တောင်ကို ဘယ့်အတွက် လက်ခံရပါမည်နည်း။
မိမိတို့၏ ကိုယ်ကျင့်သိက္ခာကို ပျက်စီးစေမည့် မည်သည့်လာဘ်ပဒ်သကာကိုမျှ လက်မခံကြပါနှင့်။
ဤပစ္စည်းတို့မှာ သင်တို့အတွက် အပင်းများဖြစ်သည်ဟု မှတ်ပါ။
ရတုံးယူမယ်ဆိုသော အချောင်သမားစိတ်ကို မမွေးကြပါနှင့်။
ထိုအချောင်သမားစိတ်များကြောင့်ပင် ကျွန်ုပ်တို့နိုင်ငံသည် ကမ္ဘာအလယ်မှာ မျက်နှာအငယ်ရဆုံးတိုင်းပြည် ဖြစ်နေရပြီ မဟုတ်လော။
မင်းတို့ပေးတာယူမကွာ၊ နောက်ပြီး ငါကြိုက်တဲ့ပါတီ ငါ မဲထည့်မပေါ့ကွ ဟုလည်း မလုပ်ပါလေနှင့်။
သူ့ပေးတာယူပြီး သူ့ကိုမထောက်ခံခြင်းသည် တစ်နည်းအားဖြင့် သစ္စာဖောက်ခြင်းမည်၏။ ကျေးစွပ်ခြင်းလည်း ဖြစ်၏။
ထိုကဲ့သို့သောစိတ်ဓာတ်များဖြင့် ကောင်းမွန်မြင့်မြတ်သော လူ့အဖွဲ့အစည်းကို မည်ကဲ့သို့တည်ဆောက်ပါမည်နည်း။

မိတ်ဆွေများခင်ဗျား -
ယခင်က မည်ကဲ့သို့ဖြစ်နေပါစေ။
ယခုပြောင်းလဲဘို့အချိန်တန်ပါပြီ။
ကောင်းမွန်လှပသော ကျွန်ုပ်တို့၏အနာဂတ်ကို ကျွန်ုပ်တို့ကိုယ်တိုင် တည်ဆောက်ကြပါစို့။
အသင်ကိုယ်တိုင်က မဟုတ်သည့်အလုပ်ကိုလုပ်နေလျှင် အသင့်မျိုးဆက်ကို အဘယ်ကဲ့သို့ ကိုယ်ကျင့်တရားကောင်းမွန်သော၊ အတွေးအခေါ်မြင့်မားသော တိုင်းပြည့်သားကောင်းဖြစ်အောင် ပျိုးထောင်ပါမည်နည်း။
ကျွန်ုပ်တို့၏မျိုးဆက်သစ်များကို လူကောင်းသူကောင်းများဖြစ်အောင် လေ့ကျင့်ပေးရန်မှာ ကျွန်ုပ်တို့ကိုယ်နှိုက်က လူကောင်း သူကောင်းများဖြစ်အောင် နေမှဖြစ်မည်။

လာဘ်ပေးပြီးမဲဆွယ်ခြင်းသည် အလွန်မှားယွင်းလှသော လုပ်ရပ်ဖြစ်၏။
ပြည်သူအပေါင်း၏ ကိုယ်ကျင့်တရားကို ဖျက်ဆီးခြင်းဖြစ်၏။

ထို့ကြောင့် မှားယွင်းသောလုပ်ရပ်ကို အားမပေးမိကြဘို့ -
လူကြီးလူမကောင်းများကို မရွေးချယ်မိကြစေဘို့ -
မိတ်ဆွေတို့ ပတ်ဝန်းကျင်ရှိ မိဘပြည်သူများခင်ဗျား (အဲလေ ယောင်လို့) ပြည်သူအပေါင်းကို ရှင်းလင်းပြောပြကြပါဟု တိုက်တွန်းလိုက်ရပါသည်။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နိုင်လို့ အစိုးရဖွဲ့နိုင်ရင် အဂတိလိုက်စားမှုကင်းတဲ့အစိုးရဖြစ်စေရမယ်လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျွန်ုပ်က နိုင်ငံသားတစ်ယောက်အနေနှင့် အလွန်ကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ။
ကျွန်တော်တို့လိုတာ ထီးမဟုတ်၊ ဖိနပ်မဟုတ်၊ ထရန်စဖော်မာမဟုတ်၊ မီးမဟုတ်၊ လမ်းမဟုတ်။

ကျွန်ုပ်တို့လိုတာ၊ အကျွန်ုပ်တို့မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံးလိုနေတာသည် ကောင်းမွန်သော၊ မှန်ကန်သော၊ အဂတိကင်းသော အစိုးရတစ်ရပ်သာ ဖြစ်ကြောင်းပါ။
အဓိကနှင့် သာမညကို ခွဲခြားနိုင်ကြပါစေ။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၁ စက်တင်ဘာ၊ ၂၀၁၅။ နေ့လည် ၁၂း၀၇ နာရီ 

Sunday, September 20, 2015

ယပက်လက်နှင့် ယုတ်သူများအကြောင်း

အားကလည်းမအား၊ ရေးကလည်း ရေးချင်ဆိုတော့ ခပ်တိုတိုရေးလိုက်ပါသည်။

ကော်မတီငှက်ကဌ (ဟုတ်ပေါင်) ဥက္ကဌကြီးက မဲစာရင်းများမှန်ဘို့ ၃၀% သာ အာမခံပါမည်ဟု ယခင်ကတည်းက နိမိတ်ဖတ်ထားခြင်းမှာ ငါတို့ မင်းတို့အတွက် တစ်နိုင်ငံလုံးက မဲစာရင်းတွေကို ၃၀%ပဲ အမှန်ထုတ်ပေးမယ်။ ကျန်တဲ့ ၇၀% ရာခိုင်နှုန်းကိုတော့ အကုန်အကြံအဖန်လုပ်ပြီး အမှားတွေချည်းဖြစ်အောင်လုပ်ပစ်မယ်ဟု တရားဝင် ကြေငြာ ထားသည့်သဘော ဖြစ်ပေမည်။ ဘာမှမလုပ်ခင်ကတည်းက အနှီပုဂ္ဂိုလ်က သည်လိုကြိုတွက်ထားခြင်းမှာ တမင် သက်သက် အကောက်ကြံခြင်းသာ ဖြစ်မည်ဟု ကျွန်တော်ထင်ပါ၏။ ဘယ်လိုနည်းနဲ့ပြိုင်ပြိုင် ငါတို့တော့ သေချာပေါက် ရှုံးမှာပဲ၊ အဲဒီတော့ ရှိသမျှနည်းပေါင်းစုံသုံးပြီး ညစ်နိုင်မှ တော်ကာကျမယ်ဟုတွက်ကာ ကြိုတင်ကြံစည်ခြင်း ဖြစ်ပါလိမ့်မည်။

အကယ်၍ထိုလူကြီးသည် သွေးရိုးသားရိုး အမှန်အကန်ပြောသည်ဆိုပါစို့။ သည်မျှ ညံ့ဖျင်းနုံချာသော၊ သည်မျှ အသုံးမကျသောသူကို အဘယ်ကြောင့် ဥက္ကဌ ခန့်ရပါမည်နည်း။ သည်ကိစ္စလုပ်တတ်သည့်သူ မြန်မာနိုင်ငံတွင် မရှိတော့ပြီလော။
(အောင်မယ်လေးဟဲ့၊ ဒါနဲ့များတောင် နောက်တစ်ခါလုပ်ခိုင်းရင် ဘယ်လိုနည်းနဲ့မှမလုပ်နိုင်တော့ပါဘူး လို့ ပြောလိုက်သေး။ အရှက်ကလည်း နည်းပါ့။ အခုမလုပ်နိုင်တော့ပါဘူး။ ထွက်ပါတော့မယ်ဆိုရင်တောင် ကျွန်ုပ်တို့က ၀မ်းသာလွန်းလို့ သာဓု ၆ ကြိမ်လောက် ခေါ်လိုက်ချင်ပါ၏။)

တစ်နိုင်ငံလုံးကလူတွေကို မဲစာရင်းအမှန်ရအောင်ကောက်ဘို့ဆိုတာ လွယ်ပါ့မလားကွာ - ဟုမေးသည်ဆိုအံ့။ ထိုသူသည် ဦးဏှောက်မရှိသော ခပ်ချာချာလူသာ ဖြစ်ပေလိမ့်မည်။ သည်ကိစ္စလောက်ကတော့ အများကြီး စာတတ်စရာမလို။ အနည်းငယ် ဦးဏှောက်သုံးတတ်သူပင် လုပ်တတ်သည်။

မြန်မာပြည်ဟူသည် တိုင်းနှင့်ပြည်နယ်များ စုစည်းထားတာ ဖြစ်၏။
တိုင်း/ပြည်နယ်ဟူသည် မြို့နယ်များ စုစည်းထားတာ ဖြစ်၏။
မြို့နယ်ဟူသည် ရပ်ကွက်အုပ်စုများ စုစည်းထားတာ ဖြစ်၏။
ရပ်ကွက်ဟူသည် အိမ်ထောင်စုများ စုစည်းထားတာဖြစ်၏။

ရပ်ကွက်တိုင်း ရာအိမ်မှူးရှိသည်။
ကျေးရွာအုပ်စုတိုင်း ကျေးရွာအုပ်စုကောင်စီ ဥက္ကဌရှိသည်။
မြို့နယ်တိုင်း မြို့နယ်ဥက္ကဌရှိသည်။
တိုင်း တိုင်း တိုင်းဥက္ကဌရှိသည်။

ရာအိမ်မှူးကသူ့ရပ်ကွက်မှာကောက်၊ အုပ်စုဥက္ကဌကိုပေး၊ အုပ်စုဥက္ကဌက မြို့နယ် --> တိုင်း --> ဗဟို။
ရာအိမ်မှူးတစ်ယောက်လျှင် အိမ်ခြေဘယ်လောက်ကောက်ရမည်နည်း။ အဲသည်ရပ်ကွက်မှာ ဘယ်သူတွေနေတယ် ဆိုတာ ရာအိမ်မှူး မသိပါသလော။ သေချာပေါက်သိရမည်သာဖြစ်၏။ အကယ်၍ ကိုယ့်ရပ်ကွက်ထဲ ဘယ်သူတွေနေတယ်ဆိုတာ ရာအိမ်မှူးမသိဟု ဆိုပါစို့။ ထိုရာအိမ်မှူးသည် ထိုရပ်ကွက်မှ မဟုတ်တန်ရာ။ ယခုခေတ်စားနေသည့် မိုးကျဒန်ကိုယ် (ဟုတ်ပေါင်) မိုးကျရွှေကိုယ် ရာအိမ်မှူးသာ ဖြစ်ရပေမည်။ ကိုယ့်ရပ်ကွက်ထဲ အိမ်ခြေဘယ်လောက်ရှိသည် ဆိုတာကိုမှမသိသော ရာအိမ်မှူးကို ဘာရာအိမ်မှူးဟု ခေါ်ပါမည်နည်း။
(အဲလေ၊ အပျင်းထူတဲ့ရာအိမ်မှူးမို့ တကယ်စာရင်းလိုက်မကောက်ဘဲ စိတ်ထဲထင်ရာတွေ လျှောက်ရေးပေးလိုက်တယ် ဆိုရင်တော့လည်း မပြောတတ်ပါ။ သို့သော် ဤမျှလောက်ထိ လုပ်လိမ့်မယ်မဟုတ်ဟု ထင်မိပါသည်။)
သဟာဆို ထိုရာအိမ်မှူးများကောက်ပေးသော စာရင်းသည် အဘယ်ကြောင့် မှားရပါမည်နည်း။ ထိုစာရင်းများနှင့် ပေါင်းစုထားသော မြန်မာတစ်နိုင်ငံလုံးမှ မဲစာရင်းများသည် အဘယ်ကြောင့် အသည်းအသန် မှားရပါမည်နည်း။ မှားသည်ဆိုလျှင်ပင် ခြေချော်လက်ချော် အနည်းငယ်မျှ မှားရမည်သာ ဖြစ်၏။
ယခုတော့ သေသူများ စာရင်းထဲပါလာသည်။ သည်ရပ်ကွက်ထဲ အနှစ် (၂၀) လောက်နေလာသူတွေကျ တစ်မိသားစုလုံးမပါ။ မွေးနေ့သက္ကရာဇ်များ အစုလိုက်အပုံလိုက် အတူတူဖြစ်နေသည် စသည့်ကိစ္စများကို မိတ်ဆွေတို့က ဘယ်လိုထင်ထင်။ ကျွန်တော်ကတော့ မတော်တဆ မှားယွင်းမှုဟု ဘယ်လိုမှ ထင်လို့မရပါ။ ဒါ တမင်သက်သက် လည်ဆည်မှုဟုသာ ထင်ပါသည်။

ဒီလောက်မှားရအောင် သည်ရွေးကောက်ပွဲအတွက်သုံးသည်ဆိုသော ဟို ကျပ်ငွေ ၆၈ ဘီလျံနှင့် အမေရိကန်ဒေါ်လာ သန်း ၂၀ က ဘယ်ရောက်သွားလို့ပါနည်း။ တကယ်လုပ်မည့်သူများကို သေသေချာချာ သင်ပေးထားပြီး လုပ်ခိုင်းလျှင် သည်လောက် မှားနိုင်ပါမည်လော။ သူတို့ဘယ်လိုတွေလုပ်နေတယ်ဆိုတာ ကျွန်တော်မသိပါ။

ကျွန်တော်ငယ်ငယ်က သည်လို အိမ်ထောင်စုစာရင်း လိုက်ကောက်ပေးသော အလုပ်များ မကြာခဏ လုပ်ပေးဖူး ပါသည်။ ကျွန်တော့်မရီးက သားဖွားဆရာမဆိုတော့ တစ်နိုင်ငံလုံး မွေး/သေစာရင်းကောက်တော့လည်း ကျွန်တော် ကောက်ပေးဖူးသည်သာ ဖြစ်၏။ အိမ်ထောင်စုစာရင်း ကောက်သည့်ကိစ္စကို အနည်းဆုံး ၃ ခါလောက် ကျွန်တော် လုပ်ဖူး၏။ အနို့ ကျွန်တော့်အဖေက ဟိုတုံးက ကောင်စီလူကြီးပေကိုး။

မဲပေးရအောင် ရန်ကုန်ပြန်ရကောင်းမလားဟု စဉ်းစားသေးသော်လည်း ယခု ကျွန်တော် မပြန်ဖြစ်တော့ပါ။ ကျွန်တော်တို့ထည့်မည့် ကြိုတင်မဲများ ဘယ်ရောက်သွားမည်၊ ဘာဖြစ်သွားမည်ဆိုသည်ကိုတော့ စိုးထိတ်လှပါသည်။

နတ်ပြည် ၆ ထပ်မှ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များခင်ဗျား။ ကျွန်ုပ်တို့၏ဒုက္ခကို လက်ပိုက်ကြည့်တော်မူ မနေကြပါနှင့်။ တခြားအချိန်တွေ မကူချင်နေ။ သည်တစ်ကြိမ်လောက်တော့ သည်းခံပြီး ကူညီမှိုင်းမကြပါဟု မေတ္တာရပ်ခံလိုက်ရပါသည်။

ရွေးကောက်ပွဲအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးသော မဲစာရင်းကိုမှ မှန်မှန်ကန်ကန် ထုတ်ပြန်မပေးလျှင် (သို့မဟုတ်) ထုတ်ပြန်မပေးနိုင်လျှင် . . . . .

အင်း . . .

ကျွန်တော်ကတော့ အတော်လေး ရင်တုန်လှပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၉ စက်တင်ဘာ၊ ၂၀၁၅။ ည ၁၁း၅၆ နာရီ

Tuesday, September 15, 2015

ကျွန်ုပ်တို့ အဘယ်ကြောင့် NLD ကို မဲထည့်သင့်သည် ဆိုခြင်းအကြောင်း

အမှန်က သည်အကြောင်းကို ကျွန်တော်မပြောလဲ မိတ်ဆွေတို့ သိပြီးဖြစ်ပါသည်။ သည်အကြောင်း ကျွန်တော်ပြောပေါင်း များလှ၍လည်း ချေးသပတ်လိုက်နေပြီ ဖြစ်ပါ၏။ သို့သော် မပြောမပြီး၊ မတီးမမည်မို့ ထပ်ခါပြောရပါဦးမည်။ အနို့ ရွေးကောက်ပွဲ က အတော်လေး နီးလာပြီ မဟုတ်ပါလား။

အခြားမဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံတွင် ထိုနိုင်ငံကိုအုပ်ချုပ်မင်းလုပ်သည့် အစိုးရ အရေးကြီးပုံအကြောင်း ဖြစ်၏။

အတော်များများက မြန်မာနိုင်ငံကြီး သည်ကဲ့သို့ဖြစ်ပျက်နေသည်ကို နိုင်ငံသားများအား အပြစ်ဖို့ကြသည်။ အမှိုက်ပစ်တာ၊ စည်းကမ်းမရှိတာ၊ ကားပေါ်က ကွမ်းတံတွေးထွေးချတာ စသည်။ ယုတ်စွအဆုံး ကလေးတွေ ဘွဲ့ရလာပြီး ပညာမတတ်တာကို ပင် အလကား သောက်သုံးမကျတဲ့ကောင်တွေဟု နှာခေါင်းရှုံ့၊ အ,မနာပ ပြောကြသည်။ ဒါဆို အဲဒီကလေးတွေ စာတစ်လုံးမှ မကျက်ဘဲ ဘွဲ့ရလာတာလား။ စာမကျက်ဘဲ ဘွဲ့ရလာသည်ပင်ဖြစ်စေ၊ စာလည်းမကျက်၊ ဘာမှလည်းမတတ်ပါဘဲလျက် ဘွဲ့ရလာသည်ဆိုလျင် ကလေးတွေအပြစ်လား၊ ဘွဲ့ပေးသူ အပြစ်လား။ အင်မတန်ရှင်းလှပါသည်။ ဂျပန်ရေချိုးသလို အင်မတန် ရှင်းလှပါလျက် တဆိတ်ရှိ ကလေးတွေကို လက်ညှိုးထိုးနေကြသည်အား ကျွန်တော်ကတော့ ဘာမှမပြောလိုတော့ပဲ မဲ့ပြုံးကလေးသာ ပြုံးလိုက်ချင်ပါတော့၏။

မနေ့က BCSS သင်တော့ လျှပ်စစ်ကြောင့်လောင်သောမီးအကြောင်း သင်ရသည်။ သည်အကြောင်းနှင့် ဆက်စပ်ပြီး မင်္ဂလာဈေးမီး၊ မန္တလေး ရတနာပုံဈေးမီး၊ မုံရွာချင်းတွင်းဈေးမီး၊ တောင်ကြီးဈေး၊ မော်လမြိုင်ဈေး စသည့် မြန်မာနိုင်ငံတွင် လောင်သော မီးများအကြောင်း ပြောဖြစ်ပါသည်။ သည်မီးလောင်သည့်အကြောင်းလည်း ကျွန်တော် နှစ်ခါပြန်သုံးခါပြန် ရေးပြီး ဖြစ်ပါ၏။ ၂၀၁၄ မေလ ၁ ရက်နေ့က UMFCCI တွင်လုပ်ခဲ့သော Seminar တွင်လည်း ပြောခဲ့ပါသည်။

မင်္ဂလာဈေးမီးမှာ လျှပ်စစ်ဝါယာရှော့ဖြစ်၍ လောင်သည်။ သို့ဆိုလျှင် ၀ါယာရှော့မဖြစ်အောင်၊ ၀ါယာရှော့ဖြစ်လျှင် မီးမလောင်အောင် အတားအဆီး၊ အစီအမံများ လုပ်မထားဘူးလား။ ကျွန်တော်တို့ဆီမှ ဈေးများ၊ အိမ်များ၊ ကျောင်း၊ ဆေးရုံ အားလုံးပင် စနစ်တကျ တပ်ဆင်ထားသော မီးကာကွယ်ရေး စနစ်မရှိ။ မီးကြိုးများရော၊ ဟင့်အင်း။ ရေပေးစနစ် - ဝေးလို့။ အိမ်သာစနစ် - ဒီလို တကျောင်းတဂါထာ တရွာတပုဒ်ဆန်း၊ တစ်အိမ်ကို အိမ်သာကျင်းတစ်ခု လုပ်လိုက်တာပဲ။

ကျွန်တော်တို့ အိမ်နားမှာ လှည်းတန်း ခုံးကျော်တံတားရှိသည်။ ခုံးကျော်တံတားက ရန်ကုန်-ပြည်လမ်းအတွက်သာ ဖြစ်၏။ ထိုလမ်းမှသွားသော လူများသာ အရေးကြီးသည်။ ရန်ကုန်-အင်းစိန်လမ်းမှ သွားသည့်သူများ ဘယ်လိုနေနေ။ နင်တို့ဟာနင်တို့ ဘယ်လောက် ကားပိတ်ပိတ် ငါတို့အကြောင်းမဟုတ်။ သည်တော့ ယခုတစ်ခေါက် ကျွန်တော် ရန်ကုန်မှ စင်ကာပူသို့ပြန်အလာ၊ လေယာဉ်ကွင်းကိုလာတော့ လှည်းတန်းမီးပွိုင့်တွင် ပိတ်နေသောကားတန်းကြီးမှာ ဟို့ - ဘာတာမှတ်တိုင်ထိ ရောက်သည်။ အားပါး။

ဟိုးအနောက်ဘက်က ခိုးဝင်လာတဲ့ကောင်တွေ။ ဘယ့်နှာကြောင့် သိန်းပေါင်းများစွာ မြန်မာပြည်ထဲ စိမ့်ဝင်နေရပါသနည်း။ ရခိုင်- တရုတ် ဓာတ်ငွေ့ပိုက်လိုင်းဆောက်တော့ ဘယ်သူတွေက ဘယ်လိုတွေ လုပ်သွားသနည်း။ ကိုယ့်နိုင်ငံထဲဝင်ပြီး ထင်သလိုကြဲသွားတာ ကျွန်ုပ်တို့က ဘယ့်နှာကြောင့် မျက်နှာငယ်ကလေးနှင့် ကြည့်နေလိုက်ရတာပါနည်း။

အဘယ်ကြောင့် မြန်မာစကားမတတ်သော မျက်ပေါက်ကျဉ်းများက မန္တလေးမြို့ကြီးကို သိမ်းပိုက်ထားဘိသနည်း။ မြန်မာတစ်နိုင်ငံလုံးက တောင်တွေ အဘယ်ကြောင့် တောင်ကတုံးတွေ ဖြစ်ကုန်သနည်း။ စင်ကာပူကအိမ်တွေမှာ မြန်မာအမျိုးကောင်းသမီးကလေးတွေ အဘယ့်ကြောင့် အနှိပ်စက် ခံနေရသနည်း။

မြန်မာပြည်တွင် ဖြစ်ပျက်နေသမျှကိုသာ အကုန်ချရေးရမည်ဆိုလျှင် ပိဋကဋ်သုံးပုံထက် သုံးဆလောက်ပိုများဖွယ်ရာ ရှိသည်။ ဤသည်မှာ system failure ကြောင့် ဖြစ်၏။ သို့ဆိုလျှင် ဤမျှ ပျက်စီးယိုယွင်းနေသည့် စနစ်ကြီးကို ပြန်လည်တည့်မတ်ဖို့ အဖတ်ဆယ်ဘို့ရာ ဘယ်လိုလုပ်ကြမည်နည်း။

သည်အရာမှာ ခင်ဗျားတို့ ကျွန်တော်တို့ အောက်ကလူတွေ မဖြစ်ညစ်ကျယ်လုပ်လို့ရသော အရာမဟုတ်။ သည်စနစ်ကြီးကို ပြန်ပြင်ဘို့ရာ နိုင်ငံ့အပေါ် တကယ်စေတနာရှိသော၊ တော်တည့်ထက်မြက်သော၊ ရိုးသားဖြောင့်မတ်သောသူများနှင့် ဖွဲ့စည်းထားသည့် အစိုးရတစ်ရပ် လိုသည်။ အစိုးရက ဦးဆောင်မလုပ်သရွေ့ ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင်။

စည်းကမ်းစနစ်ကျသော၊ ပညာတတ်သော၊ လူနေမှုအဆင့်မြင့်သော လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန် တင်းကျပ်သော စည်းမျဉ်းဥပဒေများဖြင့် အတင်းအကျပ် ထူထောင်ယူရမည် ဖြစ်၏။ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို ကိုယ်ကျင့်တရား၊ အတွေးအခေါ်၊ အယူအဆ၊ စည်းကမ်း စသည်တို့ပြန်လည်တည်ဆောက်ရန် ဆယ်စုနှစ်အတော်များများ အချိန်ယူရမည်။ သို့သော် စိတ်ဓာတ်ကျနေပြီး မလုပ်လို့မဖြစ်။ လုပ်ကိုလုပ်ရမည်။ ခုလုပ်မှ နောင်ကောင်းမည်။ နောင်ကောင်းဘို့အတွက် အစိုးရ ကောင်း လိုသည်။

လက်ရှိ အစိုးရအဖွဲ့ထဲမှ လူကြီးများအကြောင်းကိုတော့ မိတ်ဆွေတို့ သဘောပေါက်ပြီး ဖြစ်ပါသည်။ သူတို့ ဘာတွေ လုပ်နေသည်၊ ဘယ်လိုပြောကြသည်၊ ဘယ်လိုခိုးကြ၀ှက်ကြသည်၊ ဘယ်လိုအရည်အချင်းမဲ့ကြသည် စသည်ဖြင့်။

ထို့ကြောင့် -
ကျွန်ုပ်တို့မြန်မာပြည်ကြီးကို ပြန်လည်အဖတ်ဆည်ဘို့ရာ ကောင်းမွန်သော၊ မှန်ကန်သော၊ တော်တည့်ထက်မြက်သော၊ ရိုးသားသော အစိုးရတစ်ရပ် လိုသည်။ ထိုကဲ့သို့သော အစိုးရမျိုးရဘို့ရာ . . . . . . .

ကျွန်တော်တို့ NLD ကို မဲပေးရမည်။ ဘာမှ ယုံမှားသံသယရှိစရာမလို။ NLD မှတစ်ပါး အခြားမရှိပြီ။

NLD မှ ကိုယ်စားလှယ်လောင်းများခင်ဗျား -
ကျွန်ုပ်တို့က သင်တို့ကို ယုံကိုးပြီး ရွေးကောက်တင်မြှောက်ကြပါမည်။
အသင်တို့သည် ကျွန်ုပ်တို့မျှော်လင့်သည့်အတိုင်း ဖြစ်လာလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။

ချုပ်ရလျှင် -

မိတ်ဆွေအပေါင်းတို့အား -
NLD ကိုသာမဲပေးကြရန်နှင့် မိမိနှင့်နီးစပ်သူအားလုံးကိုလည်း NLD ကိုသာ မဲပေးကြရန် မဲဆွယ်ကြပါမည့်အကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါကြောင်း။

==================================

အူယားလာလို့ နည်းနည်းလောက် ထပ်ဖြည့်ပြောလိုက်ပရစေဦး။

MD ဦးကျော်လင်းက စစ်တပ်ကလာသူများဟာ ကြိုးစားကြကြောင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပြူတာပိုင်းမှာလည်းတော်ကြကြောင်း၊ အင်ဂျင်နီယာတွေနဲ့မတူတဲ့အချက်က အမြဲစာဖတ်ပြီး ကြိုးစားနေကြကြောင်း (သေဟဲ့) ၎င်း၏ ဧပြီလ ၂၂ ရက်နေ့က တင်ထားသော ၀ါးအစည်းပြေ၍မရပါ (၃) မှာ ဖော်ပြထားပါသည်။ ကျွန်ုပ်တို့ အင်ဂျင်နီယာများ၏ အားနည်းချက်ကို ထောက်ပြ ထား၍ ကျေးဇူးတင်ပါသည် MD ကြီးခင်ဗျား။

သို့သော် နည်းနည်းတော့ လွဲနေပါသည်။ စစ်သားဟူသည် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ကို ယူကြရမည့်သူများဖြစ်၏။ အကယ်၍သာ ထိုဗိုလ်ကြီး၊ ဗိုလ်မှုးတို့သည် နိုင်ငံတော်ကာကွယ်ရေးအတွက် တစ်ကမ္ဘာလုံးမှာရှိသမျှ စစ်ဗျူဟာများအကြောင်း လေ့လာကြ၊ အဆင့်မြင့်လက်နက်များ တီထွင်ထုတ်လုပ်ကြ၊ နိုင်ငံတော်လုံခြုံရေးအတွက် ပရိုဂရမ်တွေရေးကြ ဆိုလျှင်တော့ ကျွန်တော့်အနေနှင့် ၎င်းတို့ကို အလွန် အထင်ကြီးလေးစား တန်ဘိုးထားပါမည်။

သို့သော် ရေဒီယိုကောင်းကောင်းပြင်တတ်သော ဘုန်းကြီးကိုမူ ကျွန်တော့်အနေနှင့် ဘယ်လိုမှ အထင်မကြီးပါ ဟု ပြောချင်ပါသည်။ သိုးဆောင်းပုံပြင်လေးတစ်ခုကို ပြောပြစေ။

တရံရောအခါက လယ်သမားတစ်ဦးတွင် ခွေးတစ်ကောင်နှင့် မြင်းတစ်ကောင်ရှိလေသည်။ မြင်းသည် လယ်ထဲတွင် လယ်သမားနှင့် ဒိုးတူပေါင်ဖက် တစ်နေ့လုံးရုန်းကန်လုပ်ကိုင်ရ၏။ ခွေးမှာမူ ဘာအလုပ်မှမလုပ်ဘဲ လယ်ကန်သင်းရိုးပေါ်တွင် ပြေးလွှားနေလေသည်။

သို့သော် လယ်သမားကြီးက ခွေးကို အလွန်ချစ်၏။ ခွေးနှင့်အတူ လမ်းလျှောက်ထွက်၏။ ခွေးနှင့်အတူ တပူးတွဲတွဲနေ၏။ အလွန်အလုပ်လုပ်ရသော သူ့ကိုမူ အရေးမလုပ်ဘဲ ဘာမှအလုပ်မလုပ်သည့် ခွေးကိုသာ အရေးတယူပြုနေသည်ကို မြင်းကနားမလည်နိုင်။ သည်တော့ သူ့သခင်က သူ့ကို အရေးတယူလုပ်အောင် ဘယ်လိုလုပ်သလဲဟု ခွေး၏ နေပုံထိုင်ပုံကို အကဲခတ်နေလေ၏။

ခွေးသည် သူ့သခင် အပြင်မှပြန်လာလျှင် ဖက်တက်ပြီး ပါးလျက်နားလျက် လုပ်သည်၊ ဤသည်ကို သူ့သခင်က အလွန်သဘောကျသည်ကို မြင်းကတွေ့၏။ သို့နှင့် သူလည်း ခွေးကဲ့သို့ ပြုမူရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့ သခင်ဖြစ်သူ အပြင်မှ ပြန်အလာတွင် မြင်းသည် ခွေးလုပ်သကဲ့သို့ သူ့သခင်အပေါ် ဖက်တက်ကာ ပါးနားများ လျက်ရန် ကြိုးစားလေသည်။ သခင်ဖြစ်သူမှာ ဘုမသိဘမသိ မြင်း၏ အကန်အကျောက်ကို ခံလိုက်ရသောကြောင့် ဦးခေါင်း၊ လက်၊ ပခုံးစသည်တို့ ပေါက်ပြဲစုတ်ပြတ်ကာ နာကျင်လျှက် အတော်ဒေါသထွက်လေ၏။ ထို့ကြောင့် နံရံတွင် ချိတ်ထားသည့် နှင်တံကိုယူကာ မြင်းအား ရိုက်လေသည်။

MD ဦးကျော်လင်းက သူတို့ကို လူမှန်နေရာမှန် နေရာပေးရမယ်ဟု ဆိုသေးသည်။
ဟုတ်ကဲ့၊ သူတို့နေရာမှန်က စစ်တန်းလျားပါခင်ဗျား။ အင်ဂျင်နီယာဌာန မဟုတ်ပါ။
အင်ဂျင်နီယာဌာနလာပြီး စွမ်းစွမ်းတမံ ကြိုးစားပြနေလျှင်တော့ မြင်းအရိုက်ခံရသကဲ့သို့ အရိုက်ခံရပါလိမ့်မည်ဆိုတာ သတိပေးလိုက်ပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၄ စက်တင်ဘာ၊ ၂၀၁၅



အပ္ပမာဒတရား လက်ကိုင်ထားကြပါမည့်အကြောင်း

ကျွန်ုပ်တို့တောများတွင် အယူအဆတစ်ခုရှိသည်။ မိမိတို့ သားရတနာများကို သာသနာ့ဘောင်တွင်း သွတ်သွင်းရာတွင် အလှူမတိုင်မီရက်များ၌ မောင်ရှင်လောင်းများကို အထူးဂရုစိုက်ကြရန် သတိပေးကြ၏။ ကောင်းမှုလုပ်ရာတွင် မကောင်းသည့် မာရ်နတ်က ဖျက်ဆီးတတ်သဖြင့် ရှင်မပြုမီ မောင်ရှင်လောင်းများ တစ်ခုခုဖြစ်မှာစိုးသောကြောင့် ဖြစ်သည်။ ဟဲ့ ဟိုကောင်လေးတွေ သစ်ပင်တွေပေါ် မတက်ကြနဲ့။ ဟဲ့ ဟိုချောင်ကြိုမြောင်ကြားတွေ မသွားနဲ့။ နတ်ဖွက်တတ်တယ် စသဖြင့် မျက်ခြေပြတ်မခံ ဂရုစိုက်ကြသည်။

ယခု ဖေ့စ်ဘုတ်စာမျက်နှာတွင် NLD မှ လွှတ်တော်ကိုယ်စားလှယ်များသတင်းမှာ ကြိုင်သင်းလှပေ၏။ လူအများ၏ ထောက်ခံအားပေးမှုကိုလည်း တခဲနက် ရရှိနေပေသည်။ ဤသည်မှာ သင်တို့ကျွန်ုပ်တို့အတွက် ၀မ်းသာစရာ၊ ကောင်းသတင်း ဖြစ်သော်လည်း ပြိုင်ဘက်ပါတီအတွက် မျက်စိစပါးမွေးစူးစရာ ဖြစ်နေပေလိမ့်မည်။ ၎င်းတို့လူများထဲတွင်လည်း ဖေ့စ်ဘုတ်သုံးသူ အတော်များများရှိလေရာ သည်ကိစ္စကို သိကြလိမ့်မည် မချွတ်။ အာဏာရပြိုင်ဘက်ပါတီကြီး၏သတင်း မှေးမှိန်နေခြင်းမှာ သိပ်တော့မကောင်းလှ။ အသံတိတ်နေခြင်း၏ နောက်ကွယ်တွင် တစ်ခုခုရှိနေ/မနေ မည်သူမှ မသိနိုင်။

ပြိုင်သည်ဆိုရာတွင် သူတင်ကိုယ်တင် အပြိုင်ကြဲရမည်ဖြစ်၏။ NLD မှ လွှတ်တော်ကိုယ်စားလှယ်များကို တစ်ယောက်ပြီး တစ်ယောက်တင်နေချိန်တွင် သူတို့လည်း သူတို့လွှတ်တော်ကိုယ်စားလှယ်များတင်ကာ မည်သို့မည်ပုံကောင်းကြောင်း အားကျမခံ ပြန်တင်ရမည်။ စကားစစ်ထိုးရမည်။

စင်ကာပူတွင်လည်း ရွေးကောက်ပွဲကျုင်းပရန် ရက်ပိုင်းမျှလိုပေတော့ရာ ပြိုင်ဘက်ပါတီများ အပြိုင်အဆိုင် အပြင်းအထန် မဲဆွယ်နေကြ၏။ ငါတို့နိုင်ရင် ဘာလုပ်ပေးမယ်။ သူတို့ဘာတွေလုပ်နေလို့ ဘယ်လိုဖြစ်နေတယ် စသဖြင့် သတင်းစာ တစ်စောင်လုံး မဲဆွယ်စည်းရုံးဟောပြောပွဲများဖြင့် ပြည့်နှက်လျက်ရှိ၏။ သို့တိုင် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများ၊ ညစ်တီး ပတ်တတ်များ မတွေ့ရ။ The Straits Times, Today online, Channel News Asia စသည့် အင်တာနက်စာမျက်နှာများတွင် မဲဆွယ်စည်းရုံးသတင်းများကို အခမဲ့ဖတ်နိုင်သဖြင့် ဘာတွေပြောသည်ကို သည်တွင် ကျွန်တော် ရေးမပြတော့ပါ။ သူတို့အရေးထက် ကိုယ့်အရေးက ပိုအရေးကြီးနေသည် မဟုတ်ပါလား။

ယဉ်ကျေးသူ၊ ရိုးသားသူ၊ လူကြီးလူကောင်းဆန်သူတို့အဖို့ မိမိပြိုင်ဘက်ကို အနိုင်ယူရာတွင် မိမိ၏ပြိုင်ဘက်ထက် အရည်အချင်း ပိုမိုသာလွန်စေရန် ရိုးရိုးသားသား ကြိုးစားကြမည်သာ ဖြစ်၏။ မိမိပြိုင်ဘက်က အနိုင်ရသွားစေကာမူ သူက ကိုယ့်ထက်သာလို့ သာ နိုင်ပေတာပဲဟု နှလုံးသွင်းကာ မိမိအရှုံးကို ကြည်ကြည်ဖြူဖြူ လက်ခံကြပေသည်။ မိမိအား အနိုင်ယူသွားသူအပေါ် မည်သည့်အာဃာတ၊ အငြိုးမှမထားပဲ ပြိုင်ပွဲအပြီးတွင် လက်ဆွဲနှုတ်ဆက်ကာ အပြုံးချင်းဖလှယ်၍ သာသာကြည်ကြည်ပင် ပြန်လည်ထွက်ခွာသွား၏။ ဒါမှမကျေနပ်သေးလျှင် နောက်တစ်ချီ စိန်ခေါ်ကာ ထပ်ပြိုင်နိုင်သေးသည်။

သို့သော် . . . . သို့သော် . . . .

အရည်အချင်းမဲ့သူများကား ပြိုင်ရာတွင် သူ့ထက်သာအောင် ရိုးရိုးသားသားကြိုးစားမည်ဟု မကြံစည်။ မိမိ၏ အရည်အသွေးကို တက်အောင်လုပ်မည်ဟု မစဉ်းစား။ ဉာဏ်နီဉာဏ်နက်ရှိသမျှ အကုန်ထုတ်လျှက် ညစ်ပတ်စုတ်ပဲ့နည်းပေါင်း တစ်ရာ့တစ်မျိုး တို့ဖြင့် ဆင်ကြံကြံချင် ကြံကြလိမ့်မည်ဟု ကြိုတင်တွက်ဆထားရန် လို၏။

ထို့ကြောင့် မိတ်ဆွေတို့ ကြပ်ကြပ်သတိထားကြပါဘိ။ ကျွန်ုပ်တို့မှာ စေတောပရိယအဘိညာဉ်ရသူများမဟုတ်သဖြင့် ဘယ်သူတွေ ဘာကြံနေကြသည်ကို မသိနိုင်။ မတော်တခုခုလုပ်လိုက်မှ အကျိုးကြီးနည်းရချည့်။ မီးဆိုတာ မလောင်ခင်က ကြိုတားရသည်။

ထို့ကြောင့် NLD လွှတ်တော်ကိုယ်စားလှယ်များ (အထူးသဖြင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ) ကို အထူးဂရုစိုက်ကြ ပါမည့်အကြောင်း သတိပေးလိုက်ရပါသည်။ လွှတ်တော်ကိုယ်စားလှယ်များနှင့် နီးစပ်သူများခင်ဗျား။ သူတို့သွားရာနောက် တကောက်ကောက်လိုက်ကြပါ။ မျက်ခြေမပြတ် အနီးကပ် စောင့်ရှောက်ကြပါဘိ။ ကျွန်တော်ကတော့ သူတို့ ကိုယ့်အိမ်မှာကိုယ် အိပ်တာကိုပင် အစောင့်အရှောက် ထားစေချင်ပါသည်။ လူဆိုးဆိုတာ ချိုပါတာမဟုတ်။ လူများကိုယုံမှု၊ အစောင့်အရှောက် လုံလောက်စွာမထားမှုကြောင့်ပင် ဗိုလ်ချုပ်တို့ ကိုယ်ကျိုးနည်းခဲ့ရပြီ မဟုတ်ပါလော။

အခြားသူများကို လူယုတ်မာတွေဖြစ်သည်၊ မကောင်းကြံနေကြသည်ဟု ကျွန်ုပ်မစွပ်စွဲပါ။ သို့သော် နောက်ကြောင်းမကောင်းသူ များ ကို လွှတ်ပေးလိုက်သဖြင့် ရဲနှစ်ယောက် အချောင်သေခဲ့ရပြီ။ သို့ဆိုလျှင် ထို ဆန်ကုန်မြေလေးများအား ဘယ့်အတွက် အစုလိုက် အပြုံလိုက်လွှတ်ပေးရသနည်း။ စဉ်းစားကြပါဘိ။

ကျောင်းသားများဆန္ဒပြစဉ်က တာဝန်ဆိုသည့်လက်ပတ်နှင့် ထွက်လာသည့် စွမ်းအားရှင်ဆိုသူများ တစ်နေရာ၌ရှိနေသည်ကို မေ့မထားကြပါလင့်။ ထိုသူများကား အချက်ပြလိုက်သည်နှင့် လူကောင်းလူဆိုးရွေးနေမည်မဟုတ်။ အလွန်ကြောက်စရာ ကောင်းလှ၏။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ခင်မင်ရင်းနှီးသူ မိတ်ဆွေများခင်ဗျား။
ယခု ရွေးကောက်ပွဲကာလ နှစ်လအတွင်း သတိဝီရိယနှင့် နေကြပါ။ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအားလည်း အထူးဂရုစိုက်ကြပါရန် အဝေးတစ်နေရာမှနေ၍ မေတ္တာရပ်ခံလိုက်ရပါသည်။

(တွေးမိရင်း ကြက်သီးထသဗျာ။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၀ - ၉ - ၂၀၁၅။ ၀၀း၄၄ နာရီ

မျှော်လင့်ချက် မနက်ဖြန်

ကျွန်တော်တို့အိပ်မက်များ အကောင်အထည်ပေါ်မည့် အရိပ်အယောင်များ မြင်လာရသည့်အခါ ကျွန်တော့်မှာ အလွန် ၀မ်းသာ အားတက်မိရပါသည်။ ယူနီဖောင်းဝတ်များက ရာစုနှစ် ထက်ဝက်ခန့် အချိန်ယူ ဖျက်ဆီးခဲ့၍ ကျွန်စုပ်သည့် သရက်စေ့လို စုတ်ပြတ်သတ်နေသော တိုင်းပြည်ကြီးအား ပြန်လည်အဖတ်ဆယ်ရန် အရည်အချင်းရှိသည့် လူတော်လူကောင်းများ လိုပါသည်။

ယခု ဖေ့စ်ဘုတ်ပေါ်တက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြင်တွေ့ရသည့် အခါ ကျွန်တော် အလွန်အားရကျေနပ်မိ၏။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမည့် ထိုမိတ်ဆွေများအားလည်း ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါသည်။

လူတစ်ဦး၏ အရည်အချင်းကို ထိုသူပြောစကား၊ ထိုသူ၏ အတွေးအခေါ် အမြော်အမြင်၊ ထိုသူ၏လုပ်ရပ်၊ ထိုသူ၏ နေထိုင်ကျင့်ကြံမှု၊ ထိုသူ၏ ကိုယ်ကျင့်စာရိတ၊္တ ထိုသူ၏ လူသားများအပေါ်ထားရှိသည့် စေတနာ၊ အများကျိုး သယ်ပိုးတတ်မှု စသည်တို့နှင့် တိုင်းတာပါသည်။

လူတစ်ဦးတစ်ယောက်၏ပြောစကားသည် ၎င်း၏တွေးခေါ်မြော်မြင်နိုင်စွမ်း၊ ၎င်း၏ပညာအရည်အချင်းတို့ကို ဖော်ပြနေ၏။
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများကို အင်္ဂလိပ်လိုရော မြန်မာလိုပါ (အားလုံးမဟုတ်သည့်တိုင်) တော်တော်များများ ဂရုစိုက် နားထောင်ဖြစ်ပါသည်။ သူပြောသည့်စကားများကြားရလေ သူ့အပေါ် ကြည်ညိုလေးစား သက်ဝင် ယုံကြည်လေဖြစ်၏။

သို့သော် ပါတီတွင်းပြန်ကြည့်လိုက်ပြန်တော့ သိပ်အားမရ။ နိုင်ငံအုပ်ချုပ်မင်းလုပ်နိုင်မည့်သူ ဘယ်နှစ်ယောက်လောက် ရှိမည်နည်းဟု စာရင်းချကြည့်ကာ သက်ပြင်းမောကြီးများ ချနေမိပါတာ နှစ်ကာလအတန်ကြာကပင် ဖြစ်ပါ၏။

ဒေါ်အောင်ဆန်းစုကြည်သည် ကျွန်တော်တို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည်ဖြစ်၏။ သူသာလျှင် ယိုယွင်းနေသည့် တိုင်းပြည်ကြီးကို ကယ်တင်နိုင်မည်။ သူသာလျှင် နှစ်ပေါင်းများစွာဖြစ်နေသည့် ပြည်တွင်းစစ်မီးကို အဆုံးသတ် နိုင်မည်ဟု (ဘယ်သူမယုံယုံ) ကျွန်တော်ကတော့ သည်လိုပင် ယုံကြည်ပါသည်။ သို့တိုင် သူ့ကိုဝန်းရံပံ့ပိုးပေးမည့် အသိုင်းအ၀ိုင်းမှာမူ အတော်လေးအားနည်းနေသည်ဟု ကျွန်တော်ခံစားမိ၏။ သို့သော် ဒီချုပ်ပါတီဝင်များစွာ၏ အကြောင်း၊ ၎င်းတို့၏ အရည်အသွေးများကိုမူ ဂဃနဏ ကျွန်တော်မသိပါ။

အမှန်ပြောရလျှင် ယခု ကိုယ်စားလှယ်လောင်းများ ပေါ်ထွက်မလာမီကလေးက ဒီချုပ်၏ သတင်းများကြားရသည်နှင့် ကျွန်တော် အတော်လေး စိတ်ပျက်နေတာ ဖြစ်၏။ ဤသို့သောအခြေအနေတွင် ယခု ရွေးကောက်ပွဲကာလကျမှ ကျောက်ရိုင်းတုံး ကလေးများ တစ်တုံးပြီးတစ်တုံး လင်းလက်တောက်ပလာသည်ကို တွေ့ရသည့်အခါ ကျွန်တော့်မှာ အလွန်အားတက်မိ၊ ကျေနပ်ဝမ်းသာမိရပါသည်။ (သူတို့ ဘယ်လောက် အစွမ်းအစပြနိုင်သည်၊ ဘယ်လောက်အရည်အချင်းရှိသည်ကိုတော့ ရွေးကောက်ခံပြီး ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည်ကျမှ ဆန်းစစ်လို့ရမည်ပေါ့။ လောလောဆယ်တော့ ဟိုလူတွေထက်စာလျှင် အပုံကြီးတော်သည်ဟု ထင်ထားလိုက်ကြပါစို့။)

မြန်မာစကားပုံတွင် ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားက၊ နောက်နွားတစ်သိုက်၊ ဖြောင့်ဖြောင့်လိုက်၏ ဟူသော စကားရှိ၏။ တိုင်းသူပြည်သားများ၏ အခန်းကဏ္ဍ မည်မျှပင်အရေးကြီးသည်ဆိုစေ၊ တိုင်းပြည်တစ်ပြည်၏ တိုးတက်မှု ဆုတ်ယုတ်မှုမှာ ထိုတိုင်းပြည်ကို ဦးဆောင်ပေးမည့် ခေါင်းဆောင်တစ်ယောက်အပေါ်တွင် များစွာမူတည်နေပါသည်။ မြန်မာပြည်တွင် အရည်အချင်းရှိသော နိုင်ငံရေးခေါင်းဆောင်များ မည်မျှရှိခဲ့စေကာမူ ဗိုလ်ချုပ်အောင်ဆန်းပေါ်ထွက်လာသည့် အခါကျမှ လွတ်လပ်ရေးရခဲ့သည် မဟုတ်လော။ စင်ကာပူနိုင်ငံကို သည်အခြေအနေရောက်အောင် လီကွမ်ယုလုပ်ခဲ့တာ မဟုတ်ပါလော။
ဒီချုပ်ပါတီဝင်များ မည်သူဖြစ်သည်ဆိုစေ၊ လွှတ်တော်ကိုယ်စားလှယ်များကို မည်သူတို့အား ရွေးချယ်ထားသည်ဆိုစေ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် အားလုံးညီညီညွတ်ညွတ်ဖြင့် တိုင်းပြည်ကောင်းစားရေးအတွက် ကြိုးစား ကြလိမ့်မည်ဟု ကျွန်တော် တစ်ထစ်ချယုံပါသည်။ ကျွန်ုပ်တို့တိုင်းသူပြည်သားများ ဒေါ်အောင်ဆန်းစုကြည့်အပေါ်မည်မျှ ယုံကြည် အားထားကြသည်ကိုလည်း သူ့ဟောပြောပွဲသို့ တက်ရောက်လာသည့် ပရိသတ်က သက်သေပြနေပါသည်။

ကျုပ်တို့ကိုရွေးရင် ခင်ဗျားတို့ကို လမ်းတွေခင်းပေးမယ်၊ တံတားတွေဆောက်ပေးမယ် ဟု ပြောသံများကြားရသည့်အခါ အနှီ သတ္တ၀ါများအား ကျွန်ုပ် လွန်စွာမှပင် သနားကရုဏာ သက်မိသဖြင့် ကျွတ်ကျွတ်ကျွတ်ကျွတ်ဟု စုပ်သပ်မိပါသည်။ သူတို့ခမျာ ပြောတတ်သလောက်နဲ့ပြောပြီး မဲဆွယ်နေရတာပေကပဲ။ တံတားခင်းတာ လမ်းဖောက်တာထက်ပိုပြီး တခြား ဘာစကားမှ ပိုမပြောတတ်တော့။

လမ်းဖောက်တာ၊ တံတားဆောက်တာထက် တိုင်းပြည်၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့ကို စီမံခန့်ခွဲမှုက ပိုအရေးကြီးသည်ဆိုတာလောက်မှ အသိပညာမရှိသော အနှီသကောင့်သားများ၊ အလုပ်မရှိအလုပ်ရှာ ကသာသွား စီးချင်းထိုနေသူများအားဖယ်ရှား၍ တိုင်းပြည်အတွက် အမှန်တကယ်လုပ်ကိုင်ပေးနိုင်မည့် တတ်သိနားလည်သူများကို ရွေးကောက်တင်မြှောက်ရေးမှာ -

ခင်ဗျားတို့ ကျွန်တော်တို့ ပြည်သူအပေါင်း၏ သမိုင်းပေးတာဝန်ကြီးပင် ဖြစ်ပါတော့သတည်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်များကို မဲပေးမည့်သင်တို့အား ကျွန်ုပ်က အလွန်အထူး ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၉ - ၉ - ၂၀၁၅





























ဂုဏ်၊ သိက္ခာနှင့် လူကြီးလူကောင်း

(၁) သတ်ပုံမှားသော တိုင်းပြည်

စစ်ဗိုလ်များက မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို အတင်းအဓမ္မသိမ်းယူကာ ရာစုနှစ်တစ်ဝက်ကျော် တသွေး၊ တသံ၊ တမိန့် စနစ်ဖြင့်အုပ်ချုပ်ခဲ့ရာ ရလဒ်အဖြစ် အုပ်ချုပ်ရေးပိုင်းမှ စစ်ဗိုလ် သို့မဟုတ် စစ်ဗိုလ်လူထွက်များမှာ ဒီကမ္ဘာပေါ်မှာ ငါသာ အတတ်ဆုံး၊ ငါပြောတာသာအမှန်၊ ငါပြောတဲ့အတိုင်းပဲလုပ်ရမယ်၊ ဘာမှ အထွန့်ပြန်မတက်နဲ့ ဟူသည့် အတွေးအခေါ်များ ရင်ထဲတွင် သံမှိုနှက်သကဲ့သို့ စွဲမြဲသွားစေသည်။ သူတို့လုပ်တာဆိုလျှင် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ အားလုံး တရားသည်၊ မှန်သည်ချည်းဖြစ်၍ ဘယ်ခွေးမှ လူမထင်ဟူသော စရိုက်ဆိုးများ စွဲငြိနေခဲ့သည်မှာ ယခုဆိုလျှင် ၎င်းတို့မှာ ၎င်းတို့ လုပ်ခဲ့သောအမှားများကိုပင် အမှန်ထင်နေသည်ထိ ဖြစ်နေပေတော့၏။

၎င်းတို့လုပ်တာ ၎င်းတို့ပတ်ဝန်းကျင် ကွက်ကွက်ကလေးတွင်ဆို ဘာမှ မထောင်းတာပါ။ သို့သော် ၎င်းတို့၏ မောက်မာရိုင်းစိုင်း လှသော အမူအကျင့်များကို အများပြည်သူရှေ့မှောက်သို့ ယူဆောင်လာသည့်အခါ နုနယ်သေးသော၊ အတွေ့အကြုံ မရင့်ကျက်သေးသော လူငယ်များအား အတုယူလွဲမှားစေမည့် အန္တရာယ် ရှိလေသည်။ တစ်နည်းအားဖြင့် ပြည်နာလှပေ၏။

အမှန်ဆိုရပါမူ စစ်သားဟူသည် စစ်တိုက်ဘို့သာဖြစ်၍ အရပ်သားများအတွင်း စစ်ဝတ်စုံနှင့် ရောက်လာစရာ အကြောင်းမရှိ။ စစ်ဗိုလ်သည် သူ့စစ်တပ်အတွင်း၌ စစ်ဗိုလ်ဖြစ်ချင်ဖြစ်မည်။ အရပ်ဘက် လူမှုအသိုင်းအ၀ိုင်းသို့ရောက်လာသည့်အခါ စစ်ဗိုလ် မဟုတ်တော့။ သာမန်လူသာ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော သာမန် အရပ်ဘက် လူ့အဖွဲ့အစည်းသည် စစ်တပ် မဟုတ်သောကြောင့်တည်း။ စစ်တပ်မဟုတ်သည့်အတွက်လည်း ရပ်ကွက်အတွင်း ၀င်လာသည့် စစ်ဗိုလ်သည် သာမန်လူများ ကဲ့သို့သာ ပြောဆိုဆက်ဆံရပေမည်။ ရပ်ကွက်အတွင်းမှ သာမန်အရပ်သားများမှာ ၎င်းတို့၏ တပည့်သားမြေးများ၊ စစ်သားများ မဟုတ်။ မဟုတ်သည့်အတွက်လည်း အရပ်သားများကို အထက်စီးမှ စစ်ဗိုလ်လေသံဖြင့် ဆက်ဆံစရာအကြောင်း တစ်စက် ကလေးမှမရှိ။ နေရာတကာ ငါသိငါတတ်ချည်း လုပ်ချင်လို့မရ။

သင်တို့မှာ စစ်တိုက်သည့်ဘက်တွက် အကျွန်ုပ်တို့ထက် အပုံကြီး သာပေလိမ့်မည်။ သဟာ ဘာမှအဆန်းမဟုတ်။ သင်တို့၏ ပရော်ဖက်ရှင်နယ်ပေကိုး။ ဒါပေသိ safety နှင့်ပတ်သက်လာလျှင်တော့ အသင်တို့ထက် ကျွန်ုပ် အများကြီးတတ်သည်၊ သိသည်။ Safety ဘက်တွင် ကျွန်ုပ်ကို သင်တို့ ဆရာလာလုပ်လို့မရ။ (သည်းခံပါမိတ်ဆွေများခင်ဗျား။ ကျွန်တော်က safety ကို နမူနာပြ၍ တင်စားခြင်းမျှသာ ဖြစ်ပါသည်။ အခြား ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စသည့်ကဏ္ဍများမှာလည်း အလားတူပင် ဖြစ်ပါ၏။)

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သည့် မြန်မာနိုင်ငံသားအားလုံး မြန်မာပြည်၏ဥပဒေများကို လေးစားလိုက်နာ ရပေလိမ့်မည်။ ငါ ဘာကောင်မို့ဟူသော ချွင်းချက် လုံးဝမရှိစေရ။ All citizens are equal before the law. ဆိုသည် မဟုတ်လော။ စစ်ဗိုလ်ကလေးမျှကို မဆိုထားပါနှင့်။ သမ္မတသည်ပင် တည်ဆဲဥပဒေများကို ချိုးဖောက်ပါက ဥပဒေက သတ်မှတ်ထားသည့် အတိုင်း အရေးယူရပေလိမ့်မည်။ ထို့အတူ ၀န်ကြီးချုပ်၊ ညွှန်ချုပ်။ ဘာကောင်ကြီး ဖြစ်ပေစေ၊ အားလုံးသည် ဥပဒေ၏ ရှေ့မှောက်တွင် လမ်းဘေးက သူတောင်းစား၊ ကုန်စိမ်းသည်တို့နှင့် အတူတူပင်ဖြစ်၏။ ကုန်စိမ်းသည်ဆီမှာ ဆေးခြောက်ကလေး မဖြစ်ညစ်ကျယ်မိတာကျတော့ နှစ်ရှည်ထောင်ဒဏ်တွေချပြီး ဟို နာမည်ကြီး ဂုဏ်သရေရှိ သီရိမဟာ ဇောတိကဓဇ မဟာရဋ္ဌဂရုဆိုသူ လူကြီး၏ ခြံထဲမှာ မူးယစ်ဆေးဝါးတွေ ဘီလျံပေါင်းမြောက်များစွာ မိတာကျတော့ အဲဒါ ငါနဲ့မဆိုင်ဘူးလေကွာ ဆိုပြီး လက်သည်မပေါ်တာမျိုး လုံးဝမဖြစ်စေရ။ ဤကဲ့သို့ဖြစ်နေပြီ ဆိုပါမူ ထိုတိုင်းပြည်သည် သတ်ပုံမှားနေသောတိုင်းပြည်သာ ဖြစ်ပေလိမ့်မည်။

(၂) မိုက်လုံးထွားသူများ

ရန်ကုန်မြို့တွင် စည်းကမ်းမဲ့ ရပ်နားထားသောကား (9D/8823) ကိုကရိန်းဖြင့် ဆွဲရန်ပြင်ဆင်နေစဉ် အဆိုပါကားမှာ စစ်တပ်မှ
အရာရှိတစ်ဦး၏ကား ဖြစ်နေပြီး ရာထူးအရှိန်ဖြင့် အော်ဟောက်နေသောကြောင့် ရဲအရာရှိတစ်ဦးမှ ဝင်ရောက်ရှင်းလင်းပြီး စည်းကမ်းမဲ့ရပ်နားထားသောကားအား ကရိန်းဖြင့် မဆွဲတော့ပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။


ရန်ကုန်သတင်း/Online News
မန္တလေး သတင်း





တလုံးတပါဒမှ မပြင်ဘဲ မူရင်းစာသားများအတိုင်း ပြန်ဖော်ပြလိုက်ခြင်းဖြစ်ပါ၏။

ကိုယ်ကလည်း မဟုတ်တာလုပ်သေး။ စည်းကမ်းမလိုက်နာသဖြင့် လာဖမ်းသည်ကို တောင်းပန်ရမည့်အစား အော်ငေါက်ကာ တန်းခိုးအာဏာပြသည် ဆိုခြင်းမှာ တစ်ဆိတ်ကလေး မလွန်ပါသလော။ စစ်ဗိုလ်ဖြစ်ပြီဆိုလျှင် စည်းမဲ့ကမ်းမဲ့လုပ်ချင်ရာ လုပ်လို့ရပြီ။ ဘယ်ကောင့်မှ သောက်ဂရုစိုက်စရာမလိုဟု ၎င်းတို့ စစ်ကျောင်းမှ သင်ပေးလိုက်လေသလော။ အကျယ်အကျယ် မငြိမ်းဖွယ်ဖြစ်မှာစိုး၍ အရေးမယူဘဲ လွှတ်ပေးလိုက်သော ရဲအရာရှိများကို တရားဥပဒေ၏မျက်နှာကို မထောက်ဘဲ အရေးမယူရ ကောင်းလောဟု ကျွန်ုပ် ကဲ့ရဲ့သဂြိုဟ် အပြစ်မဆိုရက်ပါ။ ခွေးကောင်းသည် ခွေးရူးနှင့်ဖက်ကိုက်လျှင် လောကသဘာဝအရ ခွေးကောင်းသာနာသည့် ဓမ္မတာရှိရကား လူမိုက်များနှင့် အဘယ်ကြောင့် ဖက်ပြိုင်ကာ မိုက်နေရမည်နည်း။ လွှတ်ပေးလိုက်ကြပါဘိ။ တစ်နေ့ကျ သူ့ဘာသာသူ မိုက်ဇာတ်သိမ်းသွားပါလိမ့်မည်။ ၎င်းကဲ့သို့ မဖြစ်ညစ်ကျယ် ပမွှား စစ်ဗိုလ်ကလေးကို မဆိုထားဘိ။ အင်မတန် တန်ခိုးထွားလှချည့်ဆိုသော ဗိုလ်ချုပ်ကြီးခင်ညွန့်သည်ပင်လျှင် ဘုမသိ၊ ဘမသိ စားလိုက်အိပ်လိုက်နှင့် နှစ်ပေါင်းအတော်ကြာ စိတ်အေးလက်အေး နားနားနေနေ နေခဲ့ရပေလေသေးသည် မဟုတ်ပါလော။

(၃) ဂုဏ်၊ သိက္ခာနှင့် လူကြီးလူကောင်း

ကျွန်တော်ငယ်စဉ်က စစ်ဗိုလ်များကို အလွန်အထင်ကြီး အားကျခဲ့သည်။ စစ်ဗိုလ်ဆိုတာမှ တကယ့် လူကြီးလူကောင်းကွ၊ ဂုဏ်ရှိ သရေရှိကွ ဟု ထင်မှတ်ခဲ့သည်။ ယခုတော့ အထင်နှင့်အမြင် ပါစင်အောင် လွဲနေလေသည်။ သို့ဆိုလျှင် -
*       ဂုဏ်ဟူသည် အဘယ်နည်း။
*       သရေဟူသည် အဘယ်နည်း။
*       သိက္ခာဟူသည် အဘယ်နည်း။
*       လူကြီးလူကောင်းဟူသည် အဘယ်နည်း။

မစ္စတာအိုဘားမားကား ဘာတွေ အတွေးလွန်လာသည်မသိ။ ဟတ်စကီး စီးဘို့လာတော့ သူ့ကို အလေးပြုနေသည့် ရဲဘော်ကို ပြန်ပြီး အလေးမပြုမိ။ ရဟတ်ယာဉ်ပေါ်ရောက်မှ သတိထားမိသည်။ သည်တော့မှ ရဟတ်ယာဉ်ပေါ်က ပြန်ဆင်းလာကာ ပြန်ပြီး အလေးပြုရသည်။ ဆောရီးဆောရီး။

ဗိုလ်အောင်ဆန်းကား အလွန်မွဲလှသူဖြစ်၏။ ထမင်းဘိုးပေးစရာပင် ပိုက်ဆံမရှိ။ သို့သော် ငါစစ်ဗိုလ်ပဲဆိုပြီး သူများထမင်းကို နိုင့်ထက်စီးနင်း အလကားမစား။ ကဲ အဒေါ်ကြီး၊ ကျုပ်တော့ ထမင်းဘိုးပေးစရာ ပိုက်ဆံမရှိဘူး။ အဲဒီတော့ ပါးသာချတော့ဗျာ ဟု ပါးကိုထိုးပေးလေသည်။ (စစ်ဗိုလ်ဖြစ်နေပြီလား။ ကျောင်းသားဘ၀ကလား ကောင်းကောင်းမမှတ်မိတော့ပါ။ မှားလျှင်ပြင်ပေးကြပါခင်ဗျား။)

လူကြီးလူကောင်းဟူသည် မိမိ၏ဂုဏ်ပုဒ်နှင့် လျော်ညီစွာ ပြုမူသည်၊ ပြောဆိုသည်၊ ကြံစည်သည်။ မဟုတ်တာကို အဟုတ်မလုပ်။ မသိတာကို အသိမလုပ်။ မိမိမှားလျှင် တောင်းပန်သည်။ မိမိကိုယ်ကိုယ် နှိမ့်ချသည်။ လူတစ်ဖက်သားကို ဘယ်တော့မှ အထင်မသေး။ လူတိုင်းကို တန်ဘိုးထားသည်။ လေးလေးစားစားဆက်ဆံသည်။

စည်းကမ်းကို အခြားသူများထက် ပိုလိုက်နာသည်။ မိမိမှန်နေလျက်နှင့် မတရားအပြစ်ပေးခံရသည့်တိုင် ထိုအပြစ်ကို ကျေကျေ နပ်နပ် ခံယူတတ်သည်။

ဆိုကရေးတီးဆိုသူ ပညာရှိကြီးကား သူမဟုတ်တာ မလုပ်ပါဘဲလျက် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့က သူ့ကို အဓမ္မ တရားစွဲပြီး အဆိပ်သောက်ခိုင်းသည့်အခါ အဆိပ်ခွက်ကို ကိုကာကိုလာအမှတ်ဖြင့် မော့ခဲ့လေသည်။ ထွက်ပြေးရန် အခွင့်သာသည့်တိုင် ထွက်မပြေး။ သူ့သိက္ခာကို အသက်နှင့်လဲကာ ထိန်းသွားခဲ့သည်။

လူကြီးလူကောင်းဆိုသည်မှာ ဤကဲ့သို့သော လူမျိုးများကို ခေါ်၏။

စည်းမရှိကမ်းမရှိ လမ်းဘေးတွင်ကားရပ်ပြီး လာဖမ်းသူကိုပင် သဟောက်သဟာနှင့် အော်ငေါက်လွှတ်သော အနှီ စစ်ဗိုလ်မှာ လမ်းဘေးမှ ခွေးလှေးကြမ်းပိုးအကျင့်မျိုးကို ကျင့်ကြံသူဖြစ်၍ လူကြီးလူကောင်းတော့မဖြစ်နိုင်။ ဖြစ်ချင်းဖြစ် ကြောင်သူတော် ကြွက်သူခိုးသာ ဖြစ်ပေလိမ့်မည်။

ကျွန်တော့်မိတ်ဆွေများတွင် ကောင်းသော စစ်ဗိုလ်များလည်း ရှိပါ၏။ ကျွန်တော်လေးမျက်နှာတွင် နေခဲ့စဉ်က မ.၀.တ ဥက္ကဌ ဖြစ်ခဲ့သူ ဗိုလ်ကြီးသိန်းစိုး (ဆိုလား) ဆိုသူမှာ သိပ်မဆိုးလှ။ မဆိုးဆို သူက OTS မှလာသော စစ်ဗိုလ်ဖြစ်၏။ ယခုကိစ္စမှာ ငါးခုံးမတစ်ကောင်ကြောင့် တလှေလုံး ပုပ်ရခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် စစ်တပ်အနေနှင့်လည်း မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းရန် ထိုကဲ့သို့သော အရာရှိဆိုးများကို ဖော်ထုတ် အရေးယူသင့်လှပေ၏။

လူငယ်လူရွယ်၊ တူတူမအပေါင်းတို့ အတုခိုးမမှားကြပါလေနှင့်။
ထိုသူမျိုးများကို ဝေါင်ဝေါင်ရှေး၍ ဝေးဝေးကရှောင်ရှားကြစေလိုကြောင်း -
စေတနာအပေါင်းနှင့် ကြေငြာမောင်းခတ်လိုက်ရပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၃၁ သြဂုတ်လ၊ ၂၀၁၅။ ည ၁၁း၄၉ နာရီ