Friday, January 30, 2015

စာအုပ်များ ဝေမျှခြင်း

ယနေ့ မိတ်ဆွေတို့အတွက် အထူးလက်ဆောင်။ သူငယ်ချင်းတွေကိုလည်း ပြန်ရှယ်ပေးပေါ့ဗျာ။

ကျွန်တော်ပြင်ထားတဲ့ SIC (Safety Induction Course) Slide Presentation ပါ။ ကျွန်တော်တို့ဆိုဒ်ထဲ လူသစ်တွေရောက်လာတိုင်း ရှင်းပြတာပေါ့။ နည်းနည်းပါးပါးပြင်ပျက်သုံးပေါ့ဗျာ။

Safety Induction Course


Piping Engineer နှင့် Pipe Fitter များအတွက် မေတ္တာလက်ဆောင်
Pipe Fitter’sBlue Book_1 
Pipe Fitter’s Blue Book_2
Pipe Fitter’s Blue Book_3
(ဒေါင်းရလွယ်အောင် ခွဲတင်ပေးလိုက်တာ။)

Tuesday, January 20, 2015

ငယ်စဉ်က ကျွန်ုပ်အလွန်မှားခဲ့သည် ဆိုခြင်းအကြောင်း

Training material များ ပြင်နေရသောကြောင့် ကျွန်တော် သိပ်မအားပါ။ သို့သော် ပြောစရာလေးရှိလာသဖြင့် ရေးလိုက်ခြင်း ဖြစ်ပါသည်။

ကိုသောင်းတန်က တွေ့ရအောင် ခဏလာပါဦးဆိုသဖြင့် မနေ့က ဘွန်လေးရှိကော်ဖီဆိုင်တွင် ထိုင်ပြီး ထွေရာလေးပါး ပြောကြ၏။ ကျွန်တော်ရေးထားသည့် ရေဖြူမှ ရောင်ခြည်တော်လွှတ်သည်ဆိုသော ဘုရားအကြောင်း စပ်စုခြင်းဖြစ်သည်။ သူက နေပါဦး၊ ခင်ဗျား အရင်တုံးက ဒါမျိုးတွေ အယုံအကြည်မရှိပါဘူးဗျ ဟု ဆို၏။ ကျွန်တော်ကလည်း ယုံတယ်လို့ပြောတာ မဟုတ်ပါဘူးဗျာ။ ဒါပေမဲ့ ငယ်ငယ်တုံးကလိုတော့ တယူသန်မဟုတ်တော့ဘူးဗျ။ ဒီလောကမှာ ကျွန်တော်တို့မသိနိုင်တဲ့၊ ဉာဏ်မမီနိုင်တဲ့ အရာတွေ အများကြီးရှိတယ်။ အထူးသဖြင့် သဘာဝလွန် (super natural) ဟာမျိုးတွေရှိတယ်ဆိုတာ သဘောမတူရင်တောင် အကျောက်အကန် မငြင်းသင့်ဘူးလို့ သိလာတာပေါ့။ အသက်က စကားပြောလာတာပေါ့ဗျာ ဟု ရှင်းပြရသည်။

ကျွန်တော်ငယ်စဉ်က အလွန်ခေါင်းမာသူ ဖြစ်၏။ တနည်းအားဖြင့် စာလေး မတောက်တစ်ခေါက်ဖတ်၊ အင်ဂျင်နီယာဘွဲ့ကလေး ကလည်းရထား ဆိုတော့ အင်မတန် ပညာမာန်တက်သူဖြစ်၏။ အရာရာကို ကိုယ်သိထားတာလေးတွေနှင့် ချိန်ထိုးကာ ငါမှငါ၊ ငါတွေးတာမှ အမှန်ဟု တဖက်သတ်၊ တယူသန်ခဲ့လေသည်။

အသက် ၄၅ နှစ်နောက်ပိုင်းမှစကာ တဖြည်းဖြည်း ပြောင်းလာခဲ့သည်။ အသက် ၅၀ ကျော်လာတော့ ငယ်ငယ်ကအယူအဆ အတွေးအခေါ်များမှာ အတော်များများ မှားယွင်းနေကြောင်း သိလာတော့၏။ ကျွန်တော်မှားခဲ့၊ မိုက်ခဲ့မိသလို ငယ်ရွယ်သူများ လည်း မမှားကြပါစေရန် နမူနာအချို့ ပြောပြပါအံ့။

ကျွန်တော် RIT ကျောင်းသားဘ၀ နောက်ဆုံးနှစ်လောက်က ကျောင်းပိတ်၍ ရွာပြန်သွားစဉ် ရွာမှ အိမ်တစ်အိမ်တွင် ပုဏ္ဏက တိုက်သည်ဆို၏။ ပုဏ္ဏကတိုက်သည်ဆိုခြင်းမှာ မည်သည့်အရပ်က လာမှန်းမသိသောခဲများ အိမ်ကို ဘက်စုံထောင့်စုံမှ ပစ်နေခြင်း ဖြစ်သည်။ ဤသည်ကို ကျွန်တော် နည်းနည်းမှ မယုံ။ လှိမ့်လုံးတွေဟုသာ ထင်၏။ ကိုင်း၊ အဲဒီ ပုဏ္ဏကဆိုသဟာကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်သကွာ ဟု ဆိုကာ ကျွန်တော်တို့ မောင်နှမတစ်သိုက် ထိုအိမ်သို့သွားကြ၏။ အခြား ရွာသူရွာသားများမှာ အိမ်နားတောင်မကပ်ရဲ။ ကျွန်တော်တို့က အိမ်ထဲဝင်ထိုင်ကာ ပေါက်စမ်းဟေ့၊ ငါတို့မင်းကိုကြည့်ချင်လို့။ ကွယ်ရာကတော့ မပေါက်နဲ့။ ကိုယ်ထင်ပြလကွ ဟု ချဲလင်း လုပ်ပါသည်။

ကျွန်တော်တို့ အတော်ကြာကြာထိုင်နေတာတောင် ခဲတစ်လုံးမှ ကျမလာပါ။ ရွာသားများကမူ ထိုအိမ်ရှင်များမှာ ခဲမိုးရွာသဖြင့် မနေရဲသောကြောင့် အခြားအိမ် ပြောင်းနေရကြောင်း ပြောသည်။ သို့တိုင် ကျွန်တော်က ရွာသားများကို ကဲ၊ တွေ့တယ် မဟုတ်လား။ ဘယ်ကခဲကျလို့တုံး။ တကယ်ပစ်တယ်ဆို အခုပစ်ပါလား၊ အလကား၊ ညာတာ ဟု အကျောက်အကန် ငြင်း၏။

ထိုအိမ်နေသူများမှာ အကြောင်းကိစ္စ တစုံတရာမရှိဘဲနှင့်တော့ ကိုယ့်အိမ်ကိုပစ်လျက် သူများအိမ် ကပ်မနေတန်ရာ။ ကျေးလက်တောရွာမှ အိမ်များမှာ အိမ်ကြီးရခိုင်ဆိုတာ ခပ်ရှားရှားဖြစ်ပြီး များသောအားဖြင့် တစ်မိသားစု နေသာရုံ ဆောက်ထားကြတာဖြစ်ပါသည်။ သူတစ်ပါးအိမ်တွင် ထမင်းချက်၊ ရေချိုး၊ အိပ်တာကအစ ကျဉ်းကျဉ်းကျုပ်ကျုပ် နေရသဖြင့် အဆင်ပြေမည် မဟုတ်ပါ။ သူတို့တကယ် မနေရဲသောကြောင့် သွားနေခြင်း ဖြစ်ပါလိမ့်မည်။

ထိုစဉ်က အကြောင်းရင်းကို သေချာဂဏစွာ မစုံစမ်းခဲ့ဘဲ ကျွန်တော် ထိုသူများအား လှောင်ပြောင်သရော်ခဲ့သည်။ တကယ်ဆိုလျင် ထိုအိမ်သို့ လေးငါးရက်တန်သည် ကိုယ်တိုင်ညအိပ်ညနေ သွားနေပြီး မစုံစမ်းသင့်ပါသလော။ သူများကို လှောင်ပြောင်ခဲ့သည့် ကျွန်တော်ကိုယ်တိုင် ခဲပေါက်ပါသည်ဆိုသော ထိုအိမ်၌ ညအိပ်ရဲပါမည်လော။

နောက် ကျွန်တော့်အကျင့်ဆိုးတစ်ခုက နတ်များနှင့် ၎င်းတို့ကို ကိုးကွယ်နေသူများအား အလွန်အကျူးကဲ့ရဲ့ခြင်းဖြစ်၏။ နတ်ကို မယုံသာရှိရမည်။ နတ်ပွဲကိုတော့ သွားကြည့်တတ်၏။ ကြည့်တာတောင် ကြိုက်လို့မဟုတ်။ သူတို့ကတာက ဘယ်ပုံ၊ နတ်ပူးတာက ဘယ်နည်း။ နတ်ကတော်များက ဘယ်သို့ စသဖြင့် ကဲ့ရဲ့ရန်ကြည့်ခြင်းမျှသာ ဖြစ်၏။ သို့သော်လည်း နတ်ပွဲကျေးဇူးကြောင့် ရလာသည့် ၀က်သားဟင်းကိုမူ မြိန်ရေရှက်ရေ စားတတ်လေသည်။

ကျွန်တော်တို့အိမ်တွင်လည်း အစ်မကြီး (ကျွန်တော်တို့အမေ) ရှိစဉ်က အိမ်တွင်းနတ် ပူဇော်ပွဲများ လုပ်သည်။ သိပ် အထွေအထူးတော့ မဟုတ်ပါ။ ကြက်အဖိုအမနှစ်ကောင်ကိုသတ်၊ ရေနွေးဖျော၊ အမွေးနှုတ်ကာ လင်ပန်းအတွင်းထည့်၍ ပူဇော်ရခြင်းဖြစ်၏။ အိမ်အတွင်းပိုင်း ခေါင်းရင်းထရံ၌လည်း ၀ါးနှင့်လုပ်ထားသည့် နတ်အိုး ထိုးသည်။ နတ်အိုးအတွင်း၌ နတ်ပန်း (ဇော်စိမ်းပန်းများကဲ့သို့) ထိုးစိုက်ထား၏။ ထိုနတ်အိုးများရှေ့တွင် လုံးတီး ကြက်အဖိုအမနှစ်ကောင်ထည့်ထားသည့် လင်ပန်းချကာ အရှင်ကြီးတို့ စားကြပါ၊ သောက်ကြပါဟု ပူဇော် ပ,သရခြင်းဖြစ်၏။ ထိုစဉ်က ကျွန်တော့်မှာ အသက် ဆယ်နှစ်သားခန့်သာရှိသေးသဖြင့် ကောင်း၏၊ ဆိုး၏ မဝေခွဲနိုင်သေး။ ကျွန်တော်သိသည်မှာ နတ်တင်လျှင် ကြက်သားဟင်း စားရမည် ဆိုသည်သာ ဖြစ်၏။ (ကျွန်တော် အသက် ၁၃ နှစ်သားတွင် အမေဆုံးသွားပြီး နောက်ပိုင်း နတ်တင်တာ မတွေ့ရတော့ပါ။)

ကျွန်တော်တို့တောကလူများမှာ နေထိုင်မကောင်းဖြစ်လျှင် နတ်က တတ်သည်။ သူတို့ကတော့ သူတို့ကိုးကွယ်သည့် နတ်များ ကို စောင့်ရှောက်ပါစေရန် ရည်သန်၍ ကခြင်းဖြစ်သည်။ ဤသည်ကို ကျွန်တော်က အလွန်ကဲ့ရဲ့၏။ နေမကောင်းတာနဲ့ နတ်နဲ့ ဘာဆိုင်လို့တုံးဗျာ။ နေမကောင်းရင် ဆေးဆရာခေါ်၊ ဆေးရုံတက်ရမှာ မဟုတ်လား ဟု ကွန်ပလိန်းတက်၏။ ကျွန်ုပ်အဖို့တော့ သူရို့ကိုးကွယ်နေသောနတ်များမှာ အရုပ်တစ်ရုပ်ထက်မပို။ နတ်များကို စင်များနှင့် တခန်းတနား ကိုးကွယ်ကြသည့် ရန်ကုန်မှ အသိမိတ်ဆွေများကိုတွေ့သောအခါ ၎င်းတို့အား ကျွန်တော်က အလွန်အထင်သေးတတ်သည်။

သူ့ဘာသာသူ သူ့ယုံကြည်မှုနှင့်သူ နတ်ကတာ၊ နတ်ကိုးကွယ်တာ ကျွန်ုပ်နှင့် ဘာဆိုင်ပါသနည်း။ ကျွန်ုပ်၏ အကျိုးစီးပွားကို ဘာများထိခိုက်သွားပါသနည်း။ ကိုယ်နှင့်လည်း ဘာမှမဆိုင်ပါဘဲလျက် အလကားနေရင်း အူတိုနေတာသာ ဖြစ်၏။ အမှန်ဆိုလျင် အလွန် ဟင်းကြွေးရှားပါးလှသည့်တော၌ နတ်ကသည့်အတွက်ကြောင့် ကြက်သား၊ ၀က်သား စသည်တို့ စားရသည်ဖြစ်ရာ ထိုဟင်းများကို မြိန်ရေရှက်ရေစားခဲ့သည့် ကျွန်တော့်အပေါ် နတ်၏ကျေးဇူးပင် မကင်းပါ။ ထို့ကြောင့်ပင် ကျွန်တော်နတ်များကို သရော်မော်ကားပြောခဲ့ခြင်းမှာ နတ်များအား ကျေးဇူးကန်းခြင်း မဟုတ်ပါလော။

ကျွန်တော်၏ နောက်ထပ်မိုက်မဲမှုတစ်ခုအကြောင်း ပြန်ပြောင်းဖောက်သည်ချပါရစေဦး။
ကျွန်တော်ကျောင်းပြီးတော့ တော်တော်နှင့် အလုပ်မရ။ သည်တော့ ကြုံရာကျပန်း အကုန်လုပ်ရသည်။ မမတို့က ရှိသမျှ ရွှေတို ငွေစကလေးများရောင်းချကာ ဗီဒီယိုထောင်သည်။ သည်တော့ ကျွန်တော် အနယ်နယ်အရပ်ရပ်လှည့်ကာ ဗီဒီယိုလိုက်ပြရ၏။ ၁၉၈၇ ခုနှစ်က ဖြစ်ပါသည်။

ကျွန်တော်က စက်မှုတက္ကသိုလ်မှ ဘွဲ့ရထားတာဆိုတော့ တော်ရုံလူကို လူမထင်။ လူများနှင့် ပေါင်းခဲသည်။ နယ်တကာ လှည့်ကာ ဗီဒီယိုလိုက်ပြနေရငြား နေ့လည်နေ့ခင်း ဗီဒီယိုမပြရသည့်အချိန်များတွင် မည်သူနှင့်မှ ရောရောနှောနှောမနေဘဲ စာအုပ်တစ်အုပ်နှင့် အချိန်ကုန်၏။ သို့နှင့် ဆီဆုံကုန်းမည်သော ရွာတစ်ရွာသို့ရောက်လေသော် ကျွန်တော်တည်းနေသည့် အိမ်သို့ ဗေဒင်ဆရာတစ်ယောက် ရောက်လာသည်။ လူများတရုန်းရုန်းနှင့်။

ထိုအချိန်က ကျွန်တော် နက္ခတ္တဗေဒပညာကို အသည်းအသန် လေ့လာလိုက်စားနေချိန်ဖြစ်သည်။ ကျွန်တော့်သဘာဝမှာ ပညာရပ်တစ်ခုကို လိုက်စားရာ၌ ရှိသမျှစာအုပ်စာတမ်းများဝယ်၊ ဖတ်၊ ကျက်၊ တွက်။ ထမင်းမေ့ ဟင်းမေ့။ မီးကုန်ယမ်းကုန် လုပ်တတ်လေရာ ဗေဒင်ပညာ၌ အတော်အတန် တီးမိခေါက်မိသည့် အခြေအနေရှိ၏။ ထို့ကြောင့် ဗေဒင်ဆရာများတွေ့ပါက ဟင်း၊ အလကားကောင်တွေ၊ ဗြို့ဟဇ်ဇာတက တစ်အုပ်လောက်တောင် မဖတ်ဖူးပဲနဲ့ ညာဝါးတုပ်နေတာ ဟု အထင်သေး လေတော့၏။

အထက်ပါဗေဒင်ဆရာမှာ မဖိတ်ခေါ်ပါဘဲလျက် ကျွန်တော်ထိုင်နေသည့်အနား ရောက်လာကာ လူများကို ဗေဒင်ဟောလေရာ လူများမှာလည်း အလွန်သဘောကျလျက်ရှိလေ၏။ သူ့အရပ်နဲ့သူ့ဇာတ် ဟုတ်လို့၊ ကျွန်တော်နှင့် ဘာဆိုင်ပါသနည်း။ မကြည့်ချင် ဟိုဘက်လှည့်နေပေါ့။ အခုတော့ အဲသလိုမဟုတ်။

ဟိတ်တလုံးဟန်တလုံးနှင့် ဟောကိန်းထုတ်နေသည့် ဗေဒင်ဆရာအနား တိုးသွားကာ သူ ဘယ်နည်းတွေနဲ့များ တွက်ချက် ဟောနေသနည်း ဟု စပ်စု၏။ ဘာတွက်နည်းနဲ့ တွက်တာမှ မဟုတ်ပါ။ ကျောက်သင်ပုန်းတစ်ချပ်ပေါ်တွင် ဟိုခြစ်သည်ခြစ် ခြစ်ကာ ပါးစပ်ထဲတွေ့ရာ ရှောက်ပြောနေခြင်းသာ ဖြစ်လေသည်။

ကျွန်တော်လည်း ၎င်းလုပ်နေပုံကို အူယားလာသည်ဖြစ်၍ နေပါအုံး ဦးဟိုဒင်းရဲ့။ ခင်ဗျားက ဗေဒင် ဟောတယ်ဆိုတော့ ကျွန်တော့်ကို နက္ခတ် (၂၇) လုံး ရွတ်ပြစမ်းပါ။ အကုန်မှန်အောင် ရွတ်ပြနိုင်တယ်ဆိုရင်တော့ ခင်ဗျားကို ဗေဒင်ဆရာအဖြစ် သတ်မှတ်ရတာပေါ့ ဟု မဆီနှင့်မဆိုင်၊ လက်ပံသား ဒါးနှင့်ချိုင်လေ၏။

လူအများရှေ့တွင် ပညာစမ်းခံရတာဆိုတော့ ဟိုဗေဒင်ဆရာမှာ ရှူးရှူးရှားရှားဖြစ်လျက် မင်းတော့လား၊ ငါတို့ဘက် လာကြည့်အုံး ပေါ့ကွာ ဟု ဒါးကြိမ်းကြိမ်းကာ လွယ်အိတ်ဆွဲ ထွက်သွားလေတော့၏။ ၀ိုင်းကြည့်နေကြသော ဗေဒင်မေးရန်လာသည့် လူအပေါင်းမှာ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့လေသည်။ ကျွန်တော့်မှာမူ ကိုယ်မှားတာကို မှားမှန်းမသိ။ အလကား လူညာ၊ ပါးစပ်ထဲတွေ့ရာတွေ လျှောက်ပြောနေတာ ဟုပင် မကျေမချမ်းပြောလိုက်ချေသေးသည်။

ထိုဗေဒင်ဆရာမှာ ထိုအရပ်မှ ဟုတ်ဟန်မတူ။ အကယ်၍သာ ထိုရွာသားဖြစ်ချေက ကျွန်တော့်မှာ ချောင်းရိုက်ခံရကိန်း ရှိ၏။ ထိုအကြောင်းပြန်ပြောပြတော့ မမက ဆူသည်။ နင် အဲသလိုတွေ လျှောက်မလုပ်ရဘူး။ တော်ကြာ သူများရိုက်လို့ သေနေမယ် ဟု ပွမ်လေသည်။ မောင်နှမ ခြောက်ယောက်အနက် တစ်ဦးတည်းသော မောင်ဖြစ်သဖြင့် မမက ကျွန်တော့်ကို အလွန်ချစ်၏။

ကျွန်တော့်ဘ၀တစ်လျှောက်တွင် သည်လိုကိစ္စမျိုး အတော်များများ ဖြစ်ခဲ့ဖူး၏။

ဘယ်ဘုရားက ရောင်ခြည်တော်လွှတ်လို့၊ ဘယ်ဘုန်းကြီးကတော့ ရဟန္တာတဲ့၊ ဘယ်ဘုန်းကြီးက ရေမန်းပေးတာ ဘာရောဂါတွေ ပျောက်သတဲ့ဟူသော သတင်းများကို ကျွန်တော်က နည်းနည်းမှ အယုံအကြည်ရှိတာမဟုတ်။ ကိုယ်မယုံတာကို မယုံသည့်အတိုင်းမနေ။ အခြားသူများကိုပါ ထိုသူများမှာ လူလိမ်များဖြစ်ကြောင်း လျှောက်ပြောလေသည်။

၁၉၈၄ ခုနှစ်လောက်က ထင်ပါသည်။ လေးမျက်နှာတစ်ဖက်ကမ်းရှိ ရေကြည်ကုန်းတွင် ဘုန်းကြီး ရေမန်းပေးတာ ရောဂါများ ပျောက်သည်ဟု အုတ်အော်သောင်းတင်း ဖြစ်ဖူး၏။ လူတွေကလည်း လူတွေဘဲ။ ကြည့်ပါဦးဗျာ။ ဘုန်းကြီးရေမန်းသတင်းမှာ တစ်ခဏအတွင်း ပျံ့နှံ့သွားလေသည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဒုက္ခသည်များ ရောက်လာကြကုန်၏။

ပထမတော့ ဘုန်းကြီးက တစ်ဦးချင်း ရေမန်းပေးသည်။ လူများလာတော့ တစ်ဦးစီမတတ်နိုင်တော့။ ရေပုလင်းများကို တန်းစီချကာ မန်းပေးသည်။ သို့သော် လူအုပ်နှင့် ရေပုလင်းက မမျှ။ သည်တော့ လူအများကို တန်းစီထိုင်ခိုင်းကာ ရေပုလင်းများကို လက်နှင့်ထိသွားရသည် ဆို၏။ ဒါလည်း မရ။ လူများ များလွန်းမက များလာလေရကား ဘုန်းကြီးမှာ မတတ်နိုင်သည့်အဆုံး ရေတွင်းကို မန်းပေးထားရလေသည် ဟူသတတ်။ သူများပြောတာ ပြန်ကြားရတာ ဖြစ်ပါသည်။ ဤနေရာမျိုးများကို ကျွန်တော် သွားလေ့မရှိပါ။ ကျောင်းနှင့်လူအုပ်မဆန့်၍ ကျောင်းအပြင်တွင် မဏ္ဍပ်ကြီး ထိုးပေးထားရလေ သော ဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

ကျွန်တော်လည်း ထိုသူများအား အရူးများဟု ကောင်းချီးတွင်တွင် ပေးသတည်း။ သို့ဆိုလျင် ကျွန်ုပ်ရော မရူးတော့ပြီလော။ အမှန်ပင် ရူးခဲ့၏။ ၁၉၈၆ ခုနှစ် ကျောင်းပြီးတော့ အလုပ်မရှိသည့်အတွက် သုဝဏ္ဏတိုက်ခန်းများဆောက်သည့် လုပ်ငန်းခွင်တွင် သံချည်သံကွေးဝင်လုပ်သည်။ အလုပ်ကြမ်းလုပ်ရသည့်အတွက် နေ့စားခ မဖြစ်စလောက်သာရ၏။ ထိုရသည့် ပိုက်ဆံ ကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် လမ်းဘေးမှ အပေါဆုံးထမင်းဆိုင်တွင်စားပြီး သိပ်မဝေးသော ခရီးများကို ခြေလျင်လျှောက်ကာ ကျန်သည့်ပိုက်ဆံအားလုံးကို စာအုပ်ဝယ်သည်။ ထိုအချိန်က ကျွန်တော် ဗေဒင်ကို အရူအမူးလိုက်စား နေစဉ်ကာလဖြစ်၍ မြို့ထဲကဆိုင်မှန်သမျှ မွှေနှောက်ကာ ဝေဒမဂ္ဂဇင်းများကို စီးရီးလိုက်ဝယ်သည်။ လက်ထဲတွင် ပိုက်ဆံ တစ်ပြားမှ ချန်မထား။ ဤသည်ကိုမှ ရူးသည်မခေါ် ဘယ်သင်းကို ခေါ်ပါမည်နည်း။

နောက်ပြီး လူများမှာ တရားပွဲတွေသာ တချိမ်းချိမ်းကျင်းပပြီး မပြတ်သာ တရားနာရမည်။ ကိုယ့်ဗုဒ္ဓဘာသာအကြောင်း နားလည်အောင် ကျကျနန မလေ့ပါဘဲလျက် အခြားသူများပြောသည်ကို စွပ်ယုံ၊ စွပ်ပြောနေကြသည်များကို ကျွန်တော် အလွန် မြင်ပြင်းကပ်လှ၏။ ပိုဆိုးသည်မှာ ထို မျက်စိမှိတ်ယုံသူများတွင် ဘွဲ့လက်မှတ် အကြီးကြီးတွေကိုင်ထားပြီး နိုင်ငံခြားသွားကာ အထက်တန်းပညာရပ်များ လေ့လာ ဆည်းပူးနေသူများ ပါဝင်နေခြင်းပင်တည်း။ မမကတော့ ဟဲ့၊ သူ့ဟာသူယုံတာ နင်နဲ့ ဘာဆိုင်သလဲ။ သူများ သောက်မြင်ကပ်တယ်၊ မပြောနဲ့ ဟု မကြာခဏ သတိပေးပါ၏။ ဤသို့ဖြင့် ကျွန်တော့်မှာ အလိုလိုနေရင်း လူ့ခွစာဖြစ်မှန်းမသိ ဖြစ်လာရလေသည်။

ထို့ပြင် ကျွန်တော်ငယ်ငယ်က ကိုယ့်ကိုဝေဘန်သည်ကို နည်းနည်းမှ သည်းမခံနိုင်။ ငါသာမှန်တယ် ဟူသော အစွဲကို တရားသေ ကိုင်စွဲထားတာဖြစ်၏။ သို့တိုင် သူများမှန်ပြီး၊ ကျွန်တော်မှားခဲ့သည်များ အများအပြားကို လက်တွေ့မျက်မြင် ကြုံတွေ့ခဲ့ရပါ၏။ ထိုအခါများတွင် မှားပြီးမှ “ငါ၏စိတ်တွင်၊ ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း၊ ဟုတ်တည်းဧကန်၊ အာမသန်နှင့်၊ မှန်သည်တစေ၊ မရှိချေ” ဟူသော ရှင်မဟာရဋ္ဌသာရ၏ ကဗျာလေးကို အကြိမ်ကြိမ် အဖန်ဖန် ရွတ်ဆိုမိရသည်။

ယခုမူ ကျွန်တော်ထိုအကျင့်ကို ပြင်လိုက်ပါပြီ။ ကျွန်တော်မှားနေသည်များကို ထောက်ပြကြပါ။ အမှားဟူသည် ကိုယ်တိုင်ထက် တခြားသူကမှ ပိုမြင်နိုင်သည်။ အမှားကိုထောက်ပြမှ အမှန်ပြင်နိုင်မည်ဟု သဘောထားတတ်နေပြီ ဖြစ်ပါ၏။ (သို့တိုင် တစ်ခါတရံ စိတ်တိုတတ်သေးသည်။ အကျင့်ဆိုတာ ဖျောက်ရခက်သားကလား။) ကျွန်တော်မှားနေသည်ဟု ထောက်ပြသူများရှိလာပါက ကျွန်တော်သတိရမိသူမှာ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ဖြစ်ပါသည်။

အခါတစ်ပါးတွင် မြတ်စွာဘုရား၏ လက်ျာရံ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီး ကြွအလာ ကိုရင်ကလေးက အရှင်ဘုရား၊ သင်္ကန်းအောက်စမညီပါ ဟု ထောက်ပြသည်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးက ကိုရင်ကလေးထောက်ပြသည်ကို နာယူကာ သင်္ကန်းအား ကျကျနန ပြန်ဝတ်လျက် သင်္ကန်းညီပါပြီလားင့ါရှင်ဟု တလေးတစား ပြန်မေးသည် ဆို၏။ ဤအဖြစ်အပျက်မှာ ဖတ်ပြီး မေ့မေ့ပျောက်ပျောက် ထားရမည့်အရာမဟုတ်။ ကျွန်ုပ်တို့၏ နေ့စဉ် လူနေမှုဘ၀တွင် လိုက်နာကျင့်ကြံရမည့် စံနမူနာများ ဖြစ်ပေသည်။

ယခုပြောခဲ့သည်များမှာ နမူနာ အနည်းငယ်မျှဖြစ်၍ များစွာကျန်ပါသေးသည်။ ကျွန်တော့်ဘလော့ကို ဖတ်သူများတော့ ကျွန်တော်ဘယ်လိုလူဆိုတာ ရိပ်မိပါလိမ့်မည်။ ကျွန်တော်ကား ယခင်က အတော့်ကို ခွကျသောသူဖြစ်ခဲ့၏။

သို့သော် ဤသည်များကို အချိန်က ကုစားပေးသွားပါသည်။ အသက် ၅၀ ၏ သည်မှာဘက်တွင် ကျွန်တော်သည် ယခင်က ကျွန်တော် မဟုတ်တော့။ အတော်လေး ပြောင်းလဲလာကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပြုမိ၏။ ကိုယ်မကြိုက်လျင်သော်မှ သြော်၊ လောကကြီးမှာ ဒါမျိုးလည်း ရှိသေးသကိုး ဟု ဖြေတွေးတတ် လာပါသည်။ လူများ၏ သဘောသဘာဝကို အတန်ငယ် ရိပ်စားမိလာ၏။ သူများသာ အပြစ်တင်တတ်သည်။ နေပါဦး၊ နင်ကရော ဘယ့်ကလောက်များ ကောင်းနေလို့လဲ ဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးတတ်လာသည်။ ကိုယ်မယုံလျင်သော်မှ အင်း၊ ပြောလို့မရဘူး၊ ဟုတ်ချင်လဲ ဟုတ်နိုင်တာဘဲ ဟု တွေးတတ်လာသည်။ ယခင်ကလို ထစ်ကနဲရှိ ဗျစ်ကနဲ လုပ်တတ်သည့်အကျင့်များ အတော်အတန် ပျောက်သွားပြီ ဆိုနိုင်ပါသည်။ လုံးဝ ပျောက်သွားတာတော့လည်း မဟုတ်လောက်သေး။

ဤသည်မှာ ကိုသောင်းတန်က ကျွန်တော့်ကို ရေဖြူမှဘုရား ရောင်ခြည်တော်လွှတ်ခြင်းနှင့်ပတ်သက်၍ စပ်စုရာမှ ရလာသော အတွေးများ ဖြစ်ပါသည်။

လူငယ်ဟူသည် အတက်ပိုင်းဖြစ်ရကား အရာရာ တက်ကြွထောင်လွှားတတ်သည်။ မဟုတ်သော တလွဲမာနများ ရှိတတ်သည်။ လူကြီးများပြောတာ နားမ၀င်တတ်။ ငါလုပ်တာ အမှန်ဟု တယူသန်တတ်သည်။

ယခုကျွန်တော်က ကိုယ်မှားခဲ့သည့် သင်ခန်းစာများကို ကိုယ်တွေ့နှင့်ယှဉ်ကာ ရေးသားလိုက်ပါသည်။ ဤစာကိုဖတ်မိသည့် တူ၊ တူမ၊ ညီ၊ ညီမငယ်များသည်လည်း ဆင်ခြင်နိုင်ကြပါစေကုန်သတည်း။


အေးငြိမ်း
၁၉ - ၁ - ၂၀၁၅ ။ ည ၁၁း၃၄ နာရီ 

Sunday, January 18, 2015

မြန်မာပြည်သို့ အလည်ပြန်ခြင်း (ဒီဇင်ဘာ၊ ၂၀၁၄) (၃)

(၈) ပုသိမ်

ပုသိမ်ဝင်ကာ ရွှေမုဋ္ဌောဘုရားဖူးပြီးမှ ထမင်းစားကြမည်ဟု ဘုရားသို့ဦးစွာ သွားကြ၏။ ပုသိမ်ဝင်ပြီဆိုကတည်းက ဘုရားကို ဘယ်လို သွားရသလဲ ဟု လမ်းပေါ်တွေ့သူများကို မေး၏။ နာရီစင်ကြီးတွေ့ရင် ဘယ်ဘက်ချိုးလိုက် ဟု ဖြေသည်။ တော်တော်ဝေးဝေး ရောက်သည့်တိုင် နာရီစင်မတွေ့။ သို့နှင့် ထပ်မေးရပြန်၏။ ရွှေမုဋ္ဌောဘုရားကို ဘယ်လမ်းကသွားတုံးဗျ။ နာရီစင်ကြီးတွေ့ရင် ဘယ်ဘက်ချိုးလိုက်။ အင်း၊ ဟုတ်တော့ ဟုတ်နေပြီ။ သို့နှင့် ဘယ်မှ မကွေ့ပဲ တည့်တည့်မောင်းလာခဲ့ပြန်၏။ အတော် ခပ်လှမ်းလှမ်း ရောက်ပြန်တော့ မေးပြန်၏။ ရွှေမုဋ္ဌောဘုရားကို ဘယ်လမ်းကသွားတုံးဗျ။ နာရီစင်ကြီးတွေ့ရင် ဘယ်ဘက်ချိုးလိုက်။


ဤသို့ လေးငါးခါလောက် မေးပြီးတော့မှ နာရီစင်ကို တွေ့တော့သည်။ နာရီစင်နှင့် ဘုရားမှာ မဝေးလှ။ ဘုရားမျက်နှာစာမှာ လမ်းမကြီး တန်းဖြစ်လေရာ ဆိုင်ခန်းများနှင့် ရှုပ်ရှက်ခပ်နေ၍ သိပ် မပေါ်လွင်လှ။ ကျွန်ုပ်တို့မှာ စေတီတော်မုခ်ဦးမှ စာကိုဖတ်မိတော့မှ သေချာပြီဟ ဟု စိတ်ဒုံးဒုံးချနိုင်လေ၏။




ဘုရားကို လှည့်ပတ်ဖူးပြီးနောက် အနီးရှိထမင်းဆိုင်တွင် ထမင်းစားကြ၏။ ထမင်းဆိုင်နာမည်မှာ ခခခွေး ထင်ပါသည်။ သိပ်မမှတ်မိ။ ကျွန်တော်တို့ရောက်သွားချိန်တွင် ဘုရားဖူးကားတစ်စီးဆိုက်လာသဖြင့် ဆိုင်မှာ ပြည့်ကျပ်ညပ်ကာ ဆူညံပွက်လောရိုက် နေလေ၏။ ကျွန်တော်တို့လည်း စားပွဲလွတ်တစ်ခုတွင် နေရာယူ၏။ စားပွဲထိုးကလေးများမှာ အလွန်အလုပ်ရှုပ်လျက်ရှိ၏။ ကျွန်တော်တို့ ထမင်းမှာဘို့ခေါ်တာ တော်တော်နှင့် ရောက်မလာ။ နောက်တော့ ကိုဝင်းနိုင်အောင်က ဟင်းပွဲများ သူ့ဘာသာသူ သွားယူချလာသည်။

ကျွန်တော်တို့ ငယ်ငယ်က ပုသိမ်ဆန်မှာ အလွန်နာမည်ကြီးသည်။ ပုသိမ်မှ ထမင်းဆိုင်ဆိုလျှင် မည်သည့်ဆိုင် ၀င်စားစား၊ ထမင်း ကောင်းသည်ချည်း။ ယခုလည်း ကျွန်တော် ထမင်းကို သတိထားကြည့်ရာ မဆိုးပါ။ အတော်ကောင်းသေးသည်ကို တွေ့ရ၏။ ဟင်းများမှာလည်း မဆိုးလှပါ။ စားလို့ကောင်းပါသည်။

သိပ်မကြာလိုက်ပါ။ ဘုရားဖူးကားမှ ခရီးသည်များမှာ စားသောက်ပြီး အကုန်ပြန်ထွက်သွားကြတော့ ဆိုင်ရှင်းသွားပါသည်။ ထိုအခါမှ ဆိုင်ရှင်အဒေါ်ကြီးထင်၏။ ကျွန်တော်တို့အနား လာထိုင်ကာ စကားစနေပြောသည်။ ဖောက်သည်တွေများသဖြင့် စုံစေ့အောင် လုပ်မပေးနိုင်တာ အားနာပါကြောင်း လာပြောတာ ဖြစ်ပါသည်။ ကျွန်တော်ကလည်း ရပါတယ်ဗျာ။ ကျွန်တော်တို့က အလျင်မလိုပါဘူး။ သူတို့က အများနဲ့ဆိုတော့ အချိန်မီမှဖြစ်မှာ။ သူတို့ကို ဦးစားပေးရမှာပေါ့ ဟု ပြန်ဖြေလိုက်ပါသည်။ 

အမှန်မှာ မစီမံတတ်တာ ဖြစ်ပါသည်။ စာပွဲဝိုင်းနံပါတ်များတပ်ထားပြီး စားပွဲတစ်ခုလျှင် တစ်ယောက်၊ စာရွက်ကလေးနှင့် ဘောပင်နှင့် သူတို့မှာချင်သည်များမှတ်။ ဟင်းထည့်သည့်သူက ဟင်းများကို ဗန်းများနှင့်ပြင်ကာ စားပွဲနံပါတ်တပ်ထား။ စားပွဲထိုးများက စားပွဲနံပါတ် အလိုက် လိုက်ချပေးလိုက်ပါက သည်မျှ ရှုပ်ရှက်ခတ်နေတော့မည် မဟုတ်ပါ။ သူတို့ဆိုင်တွင် ၀န်ထမ်းအတော်များများ ခန့်ထားတာ တွေ့ရပါသည်။ သို့တိုင် ထောင့်မစေ့။ တချို့စားပွဲများတွင် စားပွဲထိုး နှစ်ယောက်သုံးယောက် ပြုံနေတတ်သည်။ တချို့စားပွဲကျတော့ တစ်ယောက်မှ မရှိ။ ထိုစားပွဲထိုးကလေးများကို မင်းက စားပွဲနံပါတ် ဘယ်လောက်၊ ဘယ်လောက်ကို တာဝန်ယူ။ မင်းက ဘယ်စားပွဲတွေကို တာဝန်ယူ။ မင်းက ပိုက်ဆံလိုက်သိမ်း စသဖြင့် တာဝန်ခွဲပေးထားလျှင် ပြီးပါ၏။ ဆိုင်ရှင်လုပ်သူက အပေါ်မှ အားလုံးကို ခြုံကြည့်နေကာ မည်သည့် စားပွဲများ လစ်ဟာနေသည်ကို ထောက်ပြရမည် ဖြစ်သည်။ ယခုတော့ လူများပြီး ပွဲမစည်။

အပြန်လမ်းတွင် ပုသိမ်ထွက် ဟာလ၀ါ၊ ငါးပိ၊ ကျောက်ဖရုံယို စသည်တို့ ၀ယ်ခဲ့သည်။ ပုသိမ်ဟာလ၀ါ မည်မျှရောင်းကောင်းသနည်း ဟူမူ ပထမဆိုင်ကြီးတစ်ဆိုင်ဝင်ရာ ကုန်နေပြီ ဆို၏။ နောက်တစ်ဆိုင် ထပ်ဝင်ရာ ရတော့ရပါသည်။ သို့သော် အဖုံးမဖုံးပါနှင့်ဦး။ ယခုမှ ဖိုပေါ်က ချထားတာမို့ ပူနေသေးလို့ အဖုံးဖွင့်သွားပါ ဟူ၏။

ရန်ကုန်မြို့၏ အငွေ့အသက်များကိုမူ မြို့ထဲမ၀င်မီ လှိုင်သာယာသို့ အ၀င်ကတည်းက တွေ့ရ၏။ ကားများမှာ သူ့ငါကျော်၊ ငါ့သူခွ။ ဘတ်စ်ကားကြီးများမှာ လမ်းလယ်တွင်ရပ်လျက် လူအတင်အချ လုပ်လိုလုပ်၊ လမ်းကြားထဲက ထွက်လာသော ကားကလည်း လမ်းမကြီးပေါ်တွင် ကားများလာနေပါလျက် အတင်းဝင်တိုး။ လမ်းအခြေအနေကြည့်ကာ ယာဉ်ကြောပြောင်းပြန် မောင်းသော ကားများကိုမူ မကြာမကြာ တွေ့ရလေ၏။ သူ့အရပ်နှင့် သူ့ဇာတ်ပေမို့ သည်မြင်ကွင်းများကိုကြည့်ပြီး ကျွန်တော် စိတ်မပျက်တော့ပါ။

ဟိုးအရင် ၁၉၉၅ ခုနှစ်လောက်က ကျွန်တော် ထိုင်းကို လေ့လာရေးခရီးသွားတော့ မဲဆောက်သို့ လိုက်ပို့သည်။ မဲဆောက်အသွား တပ်ခရိုင်ကို ဖြတ်သွားရ၏။ ထိုင်းမှ လမ်းများမှာ အတော်ကောင်းသည်။ လေးလမ်းသွားဟု မှတ်မိ၏။ လမ်းတစ်လျှောက်လည်း ဆီဆိုင်များကို ဟိုဟိုသည်သည် တွေ့ရလေရာ ငါတို့ဆီမှာလည်း အဲသည်လိုဆို ကောင်းလေစွဟု တောင့်တမိ၏။

ယခု ငွေဆောင်သို့အသွားလမ်းတွင် ဓာတ်ဆီဆိုင်များကို ဟိုနားတစ်ဆိုင်၊ သည်နားတစ်ဆိုင်၊ နာမည်ပေါင်းစုံနှင့် တွေ့ရလေရာ လွန်ခဲ့သည့် အနှစ် ၂၀ လောက်က ကျွန်တော်ဖြစ်ချင်သည်များ ဖြစ်လာသဖြင့် ၀မ်းသာရပါ၏။

(၉) ဒေတာများနှင့် နပန်းလုံးရပြန်ခြင်း

ကိုအောင်မြတ်ကျော်က သူ့စာအုပ်များ အကုန်ပေးလိုက်မည်ဆိုသဖြင့် ကျွန်တော်လည်း 2TB hard drive အသစ်တစ်လုံး ၀ယ်သွားသည်။ သူစုဆောင်းထားသည်များမှာ အများဆိုမှ အများကြီးဖြစ်၏။ စာအုပ်ဝါသနာအိုးဖြစ်သော ကျွန်တော့်ထံမှာပင် သူ့လောက်မများ။ ကျေးဇူးအထူးတင်ပါတယ် ကိုအောင်မြတ်ကျော်ခင်ဗျား။

ကျွန်တော့်စာအုပ်များမှာ နောက် hard drive တစ်ခုထဲတွင် ရှိသည်။ ထို disk မှာလည်း 2TB ပင်ဖြစ်၏။ မြန်မာစာအုပ် ၅၀၀၀ ကျော် နှင့် အင်္ဂလိပ် (နည်းပညာ) စာအုပ် ၃၀၀၀ လောက် ရှိ၏။

ကျွန်တော်က ကိုမျိုးမင်းကျော်ကို ထိုစာအုပ်အားလုံး ကော်ပီကူးရန် hard disk ပေးခဲ့သည်။ ကိုယ်တော်က တော်တော်နှင့်မပြီး။ ပြန်မည့်ရက်မတိုင်မီညကျတော့ သူ့ဆီသွားယူသည်။ သူလည်း ကူးပြီးသမျှနှင့် ရပ်ကာ ပြန်ပေးလိုက်၏။ အိမ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ - မြတ်စွာဘုရား၊ အထဲမှာ ဘာမှမကျန်တော့။ ဖိုင်တစ်ခုတွေ့သည်။ သို့သော် အထဲတွင် ဘာမှမရှိ။ ကျွန်တော် အကြီးအကျယ် မျက်လုံးပြူးရ၏။  

ကျွန်တော့်ရှိစုမဲ့စု ဒေတာအားလုံးမှာ သည် hard disk ထဲ အကုန်စုပြုံထည့်ထားတာ ဖြစ်၏။ မြန်မာပြည် မပြန်ခင်ကလေးကမှ ကွန်ပြူတာ ဒုက္ခပေးသဖြင့် စက်ထဲရှိသမျှ အကုန်ကုန်ခဲ့ပြီးပြီ။ ယခုတစ်ဖန်ထပ်ကုန်ပြန်လျှင်ဖြင့် သေသေရချည့်။

ဒါ safe to remove hardware ကိုသေသေချာချာ မလုပ်လို့ဖြစ်တာဟု ကျွန်တော်ထင်သည်။ ဘာပဲပြောပြော သူ့စက်နှင့်တော့ ဖွင့်လို့ ရနိုင်သေး၏။ သူ့စက်နှင့်ပြန်ဖွင့်ကာ နောက် hard disk တစ်ခုထဲ အကုန်ကူးထည့်မှဖြစ်မည်။ ထို့ကြောင့် ကိုမျိုးမင်းကျော်ထံ အသည်းအသန်ဖုံးဆက်ကာ အကျိုးအကြောင်း ပြောပြ၏။ သူက မအားသဖြင့် ညနေမှ လာခဲ့မည်ဆို၏။ ညနေ ၇ နာရီလောက်မှ ရောက်လာသည်။ ထို hard disk ကို သူ့စက်နှင့်ဖွင့်ကာ နောက်တစ်ခုထဲ ကူးထည့်ပေး၏။ ဖိုင်များမှာ သောင်းဂဏန်း တော်တော် များများ ရှိလေရာ တော်တော်နှင့်မပြီး။ စုစုပေါင်း 1.6 TB ရှိသည်။ မနည်းလှ။

သူ သန်းခေါင်ထိ ထိုင်လုပ်သည်။ သို့သော် မပြီး။ သို့နှင့် အိမ်ပြန်သယ်သွားကာ ဆက်လုပ်သည်။ ကျွန်တော့်မှာမူ လေယာဉ်ကွင်းသို့ ၆ နာရီလောက် အရောက်သွားရမည်ဖြစ်၍ သိပ်နောက်ကျလို့မဖြစ်။ မနက် ၅ နာရီခွဲ၊ လေဆိပ်မဆင်းမီ သူရောက်အောင် လာခဲ့ပါမည် ဟု မှာသွားသည်။

မနက် ကျွန်တော် လေယာဉ်ကွင်းဆင်းရန် ကားထွက်ခါနီးမှ သူရောက်ချလာသည်။ တစ်ညလုံးကူးနေတာတောင် ခုထိမပြီးသေး။ ကိုင်း၊ ကိုယ့်လူ ပြီးသမျှနဲ့ ရပ်လိုက်တော့ဆိုကာ ယူခဲ့ရလေ၏။ သူကလည်း ကျွန်တော့်ကို အားနာ။ ကျွန်တော်ကလည်း သူ့ကို အတော် အားနာသွားရလေ၏။ ဖြစ်ပုံ။

စင်ကာပူပြန်ရောက်လို့ ကိုအောင်နိုင်စိုးကိုခေါ်လုပ်ခိုင်းတော့ ဒါ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာအစ်ကို ဟု ပျောက်နေသော ဖိုင်များကို ပြန်ဖော်ပေးသည်။ သို့တိုင် လေးပုံ သုံးပုံလောက်သာ ပြန်ပေါ်သည်။ ကျန်သည့်ဖိုင်များမှာ ဖိုလ်ဒါနာမည်သာတွေ့ရပြီး အထဲမှာ ဘာမှ မရှိ။ သည်မျှများသောဖိုင်များအနက် မည်သည့်ဖိုင်ပျောက်သွားမှန်း မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ နောက်လိုလို့ ပြန်ရှာ၊ မတွေ့တော့မှ ပျောက်သွားပြီဟု သိနိုင်မည်ဖြစ်လေသည်။

ဤဒွန္နယာကြီးတွင် ဤကဲ့သို့သော ယုတ်မာသူများ ရှိနေသရွေ့ကာလပတ်လုံး ကျွန်ုပ်တို့မှာ ဒုက္ခနှင့်မတိုးချင်ဘဲ တိုးနေရဦးမည်သာ ဖြစ်လေ၏။ ကိုအောင်နိုင်စိုးရေ၊ ကျွန်တော်ကတော့ ဒီဗိုင်းရပ်စ်ထွင်တဲ့သူတွေကို သံသယရှိသဗျ။ အဲဒီဗိုင်းရပ်စ်ပရိုဂရမ်ရေးတဲ့ သူတွေဟာ Anti-virus ထုတ်တဲ့သူတွေများ ဖြစ်နေမလား လို့။ ဗိုင်းရပ်စ်က များများဒုက္ခပေးလေလေ သူရို့ Anti-virus များများ ရောင်းရလေ မဟုတ်လား။ ဟုတ်ချင်မှလဲ ဟုတ်မှာပေါ့ ကျွန်တော်တွေးတာ - ဟု ပြောမိ၏။ 

ယခုတော့ ကျွန်တော် အရေးကြီးသော ဒေတာများကို နေရာများစွာ၌ save လုပ်ထားသည်။ ကျွန်တော့်တွင် gmail account လေးခုနှင့် yahoo account တစ်ခုရှိရာ ထို အီးမေးများသို့ တစ်ခုနှင့်တစ်ခု အပြန်အလှန် ပို့ထားခြင်း၍သော်လည်းကောင်း၊ google drive တွင်သော်လည်းကောင်း၊ drop box တွင်သော်လည်းကောင်း၊ hard drive သုံးလုံးထဲတွင် သော်လည်းကောင်း၊ စီဒီများဖြင့် သော်လည်းကောင်း။ သိပ်အရေးမကြီးတာတွေတော့လည်း hard drive တစ်ခုနဲ့ laptop ထဲမှာပဲ ထားလိုက်တာပေါ့။ မှတ်ကရော့။

MOM မှ ပြန်ပို့လာသော comments များအတွက် training maerial များ ပြန်ပြင်လိုက်ပါဦးမည်။ ထို ကိစ္စ၀ိစ္စများပြီးသွားလျှင်တော့ ဂဟေဆက်နည်းစာအုပ်ကို ဇောက်ချရေးတော့မည် ဖြစ်ပါကြောင်း။


မြန်မာပြည်ခရီးစဉ်အကြောင်း ဤတွင်ပြီးပါပြီ။
ဖတ်ရှုအားပေးသော မိတ်ဆွေအပေါင်းကို အထူးကျေးဇူးတင်ပါ၏။


အေးငြိမ်း
၁၇ ဇန်န၀ါရီ ၂၀၁၅။ နေ့လည် ၂း၂၆ နာရီ

Friday, January 16, 2015

မြန်မာပြည်သို့ အလည်ပြန်ခြင်း (ဒီဇင်ဘာ၊ ၂၀၁၄) (၂)

(၅) ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒို့ပိုင်တဲ့မြေ

စာအုပ်မိတ်ဆက်ပွဲအကြောင်းကိုမူ ရေးခဲ့ပြီးပါပြီ။ ပွဲဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီခဲ့ကြသော ကိုမေယာနှင့် ကိုအောင်ကိုးတို့ အဖွဲ့အား အထူးကျေးဇူးတင်ရှိပါ၏။ တက်ရောက်လာသော မိတ်ဆွေအပေါင်းကိုလည်း ကျေးဇူးတင်ပါကြောင်း။ အခမ်းအနား စီစဉ်ရ တာတစ်ဖက်နှင့်မို့ ကြွရောက်လာသည့် ပရိသတ်အားလုံးကို လူစေ့အောင် နှုတ်မဆက်နိုင်ခြင်းအပေါ် နားလည်ခွင့်လွှတ်ကြပါမည့် အကြောင်းလည်း တောင်းပန်ပါ၏။

စာအုပ်မိတ်ဆက်ပွဲပြီးတော့ ကိုစံပွင့်ဖိတ်ခေါ်ရာ တနင်္သာရီတိုင်း၊ ရေဖြူသို့သွား၏။ ရေဖြူခရီးစဉ်ကား စိတ်ဝင်စားစရာ အပြည့်။
ရွာများသို့သွားတော့ လမ်းတွင် ရော်ဘာခြံများတွေ့သည်။ ကျွန်တော်လည်း စိတ်ဝင်စားသဖြင့် ရော်ဘာခြံတွေကို ဘယ်သူတွေ ပိုင်တာတုံး။ တစ်ယောက်ကို ဘယ်နှစ်ဧကလောက် ပိုင်သတုံး။ တစ်ဧကကို ရော်ဘာ ဘယ်လောက်ထွက်သတုံး။ ဈေးက ဘယ်လောက်ရှိသတုံးဟု အကုန်စပ်စုလေ၏။ ကိုစံပွင့်ကလည်း လမ်းတစ်လျှောက် မညည်းမညူ ရှင်းပြလာသည်။

ဟောဒီ ရော်ဘာခြံတွေက ဘယ်သူတွေပိုင်တာပေါ့။ အောင်မယ်၊ အဲဒီရော်ဘာခြံတွေမှာလည်း ဇာတ်လမ်းလေးတွေနဲ့ ခင်ဗျ။
ကျွန်တော် ဒီကိုရောက်ပြီး သိပ်မကြာခင် တိုင်းမှူး ဗိုလ်မှူးမောင်ဘို ဆိုတာ ရောက်လာတယ်။ သူက ဒီမှာ သူ့အစ်ကိုရှိတယ်။ အဲဒါ သူနဲ့ တွေ့ချင်တယ် လို့ ပြောတယ်။

တိုင်းမှူးကတွေ့ချင်တယ်ဆိုတော့ ဒီကလူတွေလဲ ပြာပြာသလဲ ဖြစ်ကုန်တာပေါ့။ ဖြစ်ဆို တိုင်းမှူးဆိုတာ ဟို့ မိုးပေါ်က ဦးမာဃထက် ဘုန်းကြီးတာကိုး။ ဆိုတော့ ဟဲ့၊ ဘယ်သူရဲ့ အဲဒီ ဦးဘယ်သူဆိုတာ ဘယ်မှာနေတာတုံး၊ လိုက်ရှာပါအုံးဟဲ့ နဲ့ တစ်နယ်လုံးအနှံ့ ပိုက်စိပ်တိုက် လိုက်ရှာတော့ တွေ့တယ်။ ဟိုက အဖိုးကြီးက တောသား။ သူ့ဘာသာသူ အေးအေးဆေးဆေး ယာလေးလုပ်ပြီး နေ နေတာ။

အဲဒီတော့ အဲဒီအဖိုးကြီးကို အုပ်ချုပ်ရေးကလူတွေက အတင်းသွားခေါ်တယ်။ အဖိုးကြီးမလဲ ဘုမသိဘမသိနဲ့ ကန့်လန့် ကန့်လန့် ပါလာတယ်။ ဟိုက တောသားဆိုတော့ အင်္ကျီတောင် ကပ်တာမဟုတ်ဘူး။ အဲဒါကို အတင်း အင်္ကျီတွေ ပုဆိုးတွေ ၀ယ်ဆင်။ အဖိုးကြီးက ရိုးရိုးကြီးဆိုတော့ သူ့ခမျာ ဒီ အ၀တ်သစ်၊ အစားသစ်တွေနဲ့ ဘယ်နေတတ်မတုံး။ နောက်ပြီး သူတို့ ဘာတွေ လုပ်နေမှန်းလည်း နားမလည်ရှာဘူး။ သူတို့က အဖိုးကြီးကို ကုတင်တွေ၊ မွေ့ရာတွေနဲ့ ကျကျနန ထားတယ်။ ဒါပေမဲ့ အဖိုးကြီးက မင်းတို့ဟာ၊ ပူကပူသနဲ့ကွာဆိုပြီး ခွေးကတက် သွားအိပ်နေတယ်။

ဆိုပါတော့။ တိုင်းမှူးလည်း ရောက်လာရော အစ်ကိုကြီး၊ ဘာလိုချင်သလဲ။ လိုချင်တာ တောင်းပါ၊ သူလုပ်ပေးမယ် ပေါ့။ မေးတယ်။ အဖိုးကြီးက - ဘာကွ၊ အောင်မယ်။ အစ်ကိုကြီးတဲ့လား - မင်းက။ တော်ပါကွာ၊ တစ်သက်လုံးက အစ်ကိုမှန်းဘာမှန်းမသိခဲ့ဘဲ ခုမှ သောက်ကျိုးနည်း။ မင်းဆီက ဘာမှ မလိုချင်ဘူးဟေ့၊ ငါ့ ယာထဲသာ အမြန်ဆုံးပြန်ပို့ ဆိုတော့ တိုင်းမှူးဆိုတဲ့ပုဂ္ဂိုလ်လည်း ပက်လက်လန်သွားတယ်။

အဖိုးကြီးက ဘာမှမတောင်းပေမဲ့ တောင်းဘို့လို့ အခွင့်ချောင်းနေတဲ့သူတွေက ၀ိုင်းဝိုင်းလည်နေတယ်ခင်ဗျ။ အဲဒီတော့ ဟိုလူက ဒီမြေကွက်လေးပေးပါ။ ယူစေဗျား။ ဒီလူက ဟိုမြေကွက်လေးလိုချင်တယ်။ ယူစေဗျား နဲ့ ဟောဒီတစ်နယ်လုံးကို သူ အကုန် ဝေခြမ်းပေး လိုက်တယ်။

ဤတွင် ကျွန်တော်လည်း နားမလည်၍ နေပါဦးကိုပွင့်ရယ်။ ကိုရင့်တိုင်းမှူးဆိုတာက ဟောဒီမြေတွေကို မင်းက ဘယ်လောက်ယူ၊ မင်းက ဘယ်လောက်ယူနဲ့ သူ့စိတ်ကြိုက် မုံ့ဝေသလို ဝေပေးနေရအောင် အဲဒါတွေက သူ့အဖိုးအေ အမွေပေးခဲ့တာလား ဟု မေးမိ၏။ 

ကျွန်တော် တကယ်မသိရိုး အမှန်ပါခင်ဗျာ။ ကျွန်တော်တို့ကျောင်းသားဘ၀က နေ့တိုင်းအော်ဆိုခဲ့ရသော နိုင်ငံတော်သီချင်းထဲမှ ဒါဒို့ပြေ၊ ဒါဒို့မြေ၊ ဒို့ပိုင်တဲ့မြေ ဆိုသည့် သီချင်းထဲက ဒို့ ဆိုသည်မှာ မြန်မာပြည်သားအပေါင်းကို ရည်ညွှန်းတာမဟုတ်။ စစ်တပ်ကို ရည်ညွှန်းတာဟု သူရို့က တစ်ဖက်သတ် မှတ်ယူထားဟန် တူပါသည်။ ထို့ကြောင့်သာ သူတို့ သူတို့ရွှေဘောတော်ကျလျှင် ဘယ်သူ့မျက်နှာမှ မထောက်ဘဲ မြေများကို တရားမရှိ၊ ဒါးမရှိ သိမ်းပိုင်ခွင့်ရှိသည်ဟု ယူဆထားခြင်း ဖြစ်ပါလိမ့်မည်။  ယခု ဗိုလ်မှူးကလည်း ဤမြေများကို သူ့စိတ်ကြိုက် စီမံခန့်ခွဲနိုင်သည်မှာ ဤကဲ့သို့ မှတ်ယူထားသောကြောင့် ဖြစ်ပါလိမ့်မည်။

မည်သို့ဆိုစေ။ ကျွန်တော့်မှာ အနှီဗိုလ်မှူးအား မဆီမဆိုင် အလွန်ကျေးဇူးတင်မိသေး၏။ အဘယ်ကြောင့်ဆိုသော် လက်ညှိုးညွှန်ရာ ရွှေဖြစ်နေသော ၎င်းတို့ခေတ်တွင် ဤမြေများကို သိပ်မဝေးလှသည့် နယ်စပ်မှ ထိုင်းများခေါ်လာကာ လက်ညှိုးထိုးရောင်းစားလိုက်ပါက အကျိုးကြီး မနည်းရပါလော။  ယခုတောင် ကိုရင်ပွင့်ပြောစကားအရ ကလိန်အောင်နားမှ ဖားချောင်းအင်းကမ်းခြေအနီး မြေများကို စိန့်တိုင်းသားတို့အား ရောင်းချပြီးပြီဟု သိရ၏။

တော်နေမှ ဟဲ့ကောင်လေ၊ နင်ရို့အိမ်တွေ အကုန်ဖယ်ပေး။ အဲလီမြေတွေ ၀တို့ အားလုံးပိုင်လယ် ဆိုမှ ဒုက္ခ။ ယခုပင်လျှင် လက်ပံတောင်းတောင် အရေးနှင့် တရုတ်သံရုံးရှေ့ ဆန္ဒပြမိသူများမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရပြီ။ (နေပါဦးဗျ။ ဘယ်နိုင်ငံကို အကြည်ညို ပျက်စေတာလဲ။ မြန်မာနိုင်ငံကိုလား၊ တရုတ်နိုင်ငံကိုလား။) ဒီမြေတွေ ၀ တို့ ပိုင်တယ် ဟု ဆိုလာခဲ့လျှင် ထိုအိမ်များကို ဘူဒိုဇာနှင့်ထိုးကော်မပစ်ဟု မည်သူပြောနိုင်ပါမည်နည်း။ မယုံသူများ လက်ပံတောင်းတောင်မှ ဗီဒီယိုများ ရှာဖွေကြည့်ပါ။ ထန်းပင်များကို ဘူဒိုဇာဖြင့် ကော်လှဲနေသည်ကို အတိုင်းသား တွေ့ရပါလိမ့်မည်။ ငါတို့ တိုင်းသူပြည်သားတွေကို ငါတို့လုပ်ချင်တိုင်း လုပ်လို့ရတယ်။ ငါတို့ ပထွေးတော်တွေ ရွှေစိတ်တော်မညိုစေဘို့က ပိုအရေးကြီးတယ် ဟူသော သဘောတရားကို အသေကိုင်စွဲထားကြောင်း မိတ်ဆွေတို့ ရိပ်မိပါလိမ့်မည်။

(၆) ငွေဆောင်သို့ အပန်းဖြေခရီး

အမျိုးသမီးက ငွေဆောင်သွားမည်ဟု ကျွန်တော်မပြန်ခင်ကတည်းက လှမ်းဘွတ်ကင်လုပ်သောကြောင့် ကျွန်တော်လည်း လိုက်လျောလိုက်၏။ မြန်မာပြည်ပြန်တိုင်း နယ်တကာလှည့်ကာ ဟောပြောပွဲများ လုပ်နေရသဖြင့် မိသားစုနှင့် သည်လိုမသွားရတာ ကြာပြီ။ လူပြောများလှသည့် ငွေဆောင်သို့ ကျွန်တော်လည်း တစ်ခေါက်မှ မရောက်စဖူး။ သည်တော့ မရောက်ဖူးသေးသည့် မိတ်ဆွေများအတွက် သွားရေယိုစေရန် ဖောက်သည်ချပါအံ့။

နိုင်ငံတော်အပေါ်ထားရှိသော တပ်မတော်အစိုးရ၏ စေတနာများကြောင့် ယခုအခါ ဧရာဝတီတိုင်းသို့ ကားဖြင့် အချိန်မရွေး သွားနိုင် ပေပြီ။ မောင်မင်းကြီးသားများ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ အနာမျိုး ၉၆ ပါး ကင်းပါစေ။ (ဟိုးအရင်တုံးကရှိတဲ့ ၉၆ ပါးပဲပြောတာ နော်၊ နောက်ပေါ် ကင်ဆာတို့၊ ဆီးချိုတို့၊ AIDS တို့၊ SARS တို့၊ Dengue Fever တို့၊ အီဘိုလာတို့ မပါဘူး။)

ရန်ကုန်မှ မနက် ၈ နာရီလောက် ထွက်လာခဲ့ရာ လမ်း၌ နေ့လည်စာစား။ ထို့နောက် ဆက်လာ။ ပုသိမ်မှ ငွေဆောင်သို့ လမ်းပိုင်းကား အလွန်အန္တရာယ်များလှ၏။ ကားလမ်းမှာ မြေပြန့်နှင့် ကမ်းခြေကို ပိုင်းခြားထားသော မနိမ့်မမြင့် တောင်တန်းကလေးများကို ကန့်လန့် ဖြတ်ကာ ဖောက်ထားသဖြင့် တောင်ဆင်းတောင်တက်၊ အကွေ့အကောက် များလှသည်။ ဂငယ်ကွေ့များ အများအပြားရှိသကဲ့သို့ တောင်ကို ရုတ်တရက်တက်ပြီး ရုတ်တရက်ဆင်းသော လမ်းပိုင်းလည်း အတော်များပါသည်။

ကားလမ်းမှာ နှစ်လမ်းသွားမျှသာ ရှိ၏။ လမ်းလယ်မျဉ်းမရှိ။ မည်သည့်အချက်ပြမှတ်တိုင်မှ မရှိ။ ချောက်များဘက်၌ အကာအရံ တိုင်များ စိုက်ထားခြင်းမရှိ။ ကုန်းကိုတက်သည့်ဘက်၌ တောင်ကွယ်နေသဖြင့် တစ်ဘက်မှလာသည့် ကားကို မမြင်ရ။ တောင်ပေါ်ရောက်မှ ဘွားကနဲ တွေ့ရတာ ဖြစ်သည်။ ထို့ကြောင့် ကားလမ်းပေါ်တွင် အနည်းငယ်လမ်းလွဲသွား (out of the lane) ပါက တစ်ဖက်မှကားနှင့် မျက်နှာချင်းဆိုင် ၀င်တိုးမိမည်ဖြစ်ရာ ကျွန်တော့်မှာ တောင်ထိပ်ရောက်တိုင်း အသည်းအေး အေး သွားရ၏။ ထို့ပြင် ဂငယ်ကွေ့များ၌လည်း မည်သည့်အချက်ပြမှ မရှိ။ ကျွန်တော်ကတော့ ထိုနေရာများ၌ တစ်ဖက်မှလာသည့် ကားကို မြင်နိုင်သည့် သံမဏိကြေးမုံပြင်ကြီးများ တပ်ဆင်ပေးထားစေလိုပါသည်။ ထို့ကြောင့် ကားမောင်းသည့် ကိုဝင်းနိုင်အောင်ကို အကွေ့များ၌ ဟွန်းတီးရန် တစ်ချိန်လုံး သတိပေးနေရ၏။

ချောက်ကမ်းပါးရှိသည့် ဘက်၌လည်း ကွန်ကရိ အကာတိုင်များ စိုက်ထူပေးထားရပါမည်။ အဆိုးဆုံးမှာကား လမ်းလယ်မျဉ်းမရှိခြင်း ဖြစ်၏။ လမ်းမှာ ကျဉ်းသဖြင့် အသွားလမ်း၊ အပြန်လမ်းခွဲပေးထားသင့်ပါသည်။ သို့မဟုတ်ပါက လမ်းပြောင်းပြန်မောင်းလာသည့် စည်းကမ်းမဲ့ကားနှင့်ရင်ဆိုင် တိုးမိပါက အကျိုးနည်းရချည့်။ ဤကိစ္စကို တာဝန်ရှိသူများ အရေးတယူဆောင်ရွက်သင့်ပါသည်။

ကျွန်တော် ရှမ်းပြည်၊ ရခိုင်ပြည်၊ ချင်းပြည်နှင့် ကချင်ပြည်နယ်များမှလွဲ၍ မြန်မာနိုင်ငံ၏ ဒေသအတော်များများသို့ ရောက်ဖူးပါသည်။ လမ်းသွားသည့်အခါ ကျွန်တော် မည်သည့်အခါမှ အမှတ်မဲ့မသွား။ မည်သည့်နေရာ၌ မည်သည့်အရာများရှိသည်၊ မည်သူတို့ မည်သည့်အလုပ်များ လုပ်နေကြသည် အစရှိသည်တို့ကို စူးစမ်းသွားတတ်၏။ ဤတွင် ကျွန်တော်သတိထားမိသည်မှာ ကျွန်တော် ရောက်ခဲ့သည့်နေရာအားလုံးလိုလိုပင် သစ်တော၊ ၀ါးတောကြီးများ လုံးဝမတွေ့ရဘဲ နောက်ပေါက် အပင်လတ်များကိုသာ တွေ့ရခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်စဉ်က ရွာမှ တစ်မနက်ခရီးလောက် လျှောက်လိုက်လျင်ပင် စိမ်းညို့နေသော သစ်တောကြီးသို့ ရောက်နိုင်ပါသည်။ ယခုမူ ယခင်က စိမ်းစိုညိုမှိုင်းခဲ့သော သစ်တောကြီးများ ပျောက်ချင်းမလှ ပျောက်သွားသည်မှာ အလွန် ၀မ်းနည်းဖွယ် ကောင်းပါသည်။ အလယ်ရိုးမ၊ အနောက်ရိုးမ မည်သည့်ရိုးမမှ သစ်ကြီးဝါးကြီးများ မရှိတော့ပါ။ လေယာဉ်ပေါ်မှ ကြည့်လျှင် ပိုသိသာပါသည်။ 


တနင်္သာရီတိုင်းသွားတော့ အပင်လတ်များသာ တွေ့ခဲ့ရသည်။ ယခု ပုသိမ်မှ ကမ်းနားဘက်သွားတော့လည်း တောင်အားလုံးမှာ အပင်လတ် သို့မဟုတ် အပင်ငယ်လေးများသာ တွေ့ခဲ့ရပါသည်။ ရော်ဘာခြံတော်တော်များများကိုလည်း လမ်းတလျှောက် တွေ့ခဲ့ရ သေးသည်။



(၇) Hotel Ace

ငွေဆောင်သို့ နေ့လည် ၁ နာရီခွဲလောက် ရောက်၏။ သူတို့က Hotel Ace တွင် ငှားထားသည်။ အပြင်က ကြည့်လိုက်လျှင်တော့ သိပ်မဆိုးလှပါ။ ကျွန်တော်တို့ကို အခန်း ၃၀၃ တွင် နေရာချထားပေး၏။ ဆိုင်ကယ်စီးလာသည့် ကောင်လေးတစ်ယောက်လာကာ အခန်းဖွင့်ပေးပြီး လိုအပ်လျှင် သူ့ကိုခေါ်နိုင်ကြောင်းပြောကာ ပြန်ထွက်သွား၏။

ဖုံး နှင့် သား၏ Tablet ကို အားသွင်းမလို့ မီးဖွင့်ကြည့်တော့ မီးမလာ။ သို့နှင့် မိန်းများချထားတာလား ဟိုဟိုသည်သည်ကြည့်တော့ ကုတင်ခေါင်းရင်း မီးတိုင်အနီးတွင် ပလတ်စတစ်လောင်းထားသည့် စာရွက်တွေ့၍ ယူဖတ်ကြည့်၏။ အလို မနက် ၆ နာရီမှ ညနေ ၆ နာရီထိ မီးမပေးပါ ဆိုပါလား။ ဟိုက်ရော။


ရှိစေပေါ့။ တစ်ရက်ထဲဆိုတော့ သည်းခံရပေမည်။ ထို့နောက် အ၀တ်အစားများလဲကာ ကမ်းခြေသို့ ထွက်ခဲ့၏။ ကမ်းခြေသို့ လှိုင်းလုံးများ တ၀ုန်းဝုန်းရိုက်နေသည်။ လူများမှာ ပြေးလွှား ဆော့ကစားနေကြ၏။ အလို ဟိုက စိမ်းတိမ်းတိမ်းဟာ ဘာပါလိမ့်။ အောင်မယ်၊ လက်စသပ်တော့ မနေ့ကတီဗီမှာ ကြည့်ခဲ့တဲ့ အခန်းဆက်ဇာတ်လမ်းထဲက ရေသူမကြီးပါလား။ သားက ကျွန်းပေါ်သွားရအောင် ဟု ဆိုသဖြင့် အနီးအနား၌ စုံစမ်းကြည့်သည်။





ရေတက်နေချိန်ဖြစ်သဖြင့် ကျွန်းသို့ စက်လှေဖြင့် သွားရသည်။ အနီးမှတစ်ယောက်က ထိုကျွန်းကို ချစ်သူများကျွန်းဟု ခေါ်ကြောင်း၊ တစ်ယောက် ၅၀၀ ဖြင့် စက်လှေစီးသွားနိုင်ကြောင်း ပြောသဖြင့် ကျွန်တော်တို့လည်း အများနည်းတူ စက်လှေ စောင့်ကြ၏။ စက်လှေသို့ ရေဒူးခေါင်းလောက်ထိဆင်းပြီး သွားရသည်။ သားက ရေအလွန်ကြောက်တတ်သူဖြစ်သဖြင့် မပူပါနဲ့။ ဖေဖေရှိပါတယ်ကွဟု မနည်းအားပေးပြီး ခေါ်ခဲ့ရသည်။ စက်လှေပေါ်၌ ဂျပန် သို့မဟုတ် ကိုးရီးယားတစ်သိုက် ပါလာ၏။

 ရေထဲကျမည်စိုးသောကြောင့် ကင်မရာထားခဲ့၍ ကျွန်းတွင် ဓာတ်ပုံမရိုက်ခဲ့ရ။

လက်ရာခပ်ကြမ်းကြမ်း ရေသူမနှင့် ရှင်ဥပဂုတ်မှလွဲ၍ ကျွန်းပေါ်၌ ဘာမှမရှိ။ အနည်းဆုံး ထိုင်စရာခုံလေး ဘာလေးတောင်မရှိ။ သဘာဝအတိုင်းရှိနေသည့် ကျောက်တုံးများပေါ်တွင် ထိုင်ရသည်။ တောင်ပေါ်သို့တက်ရန်မှာလည်း ခြေသွားလမ်းကလေးသာရှိပြီး အတက်အဆင်းလုပ်ရန် အန္တရာယ်များလှ၏။ တောင်ထိပ်တွင်လည်း လူများနင်းထားသဖြင့် ကွက်လပ်ဖြစ်နေသည်မှအပ ဘာမှမရှိ။ အဲလေ ကျွန်းသို့လာသူများ ပစ်သွားသည့် အမှိုက်များတော့ ရှိပါသည်။

ကျွန်တော်တို့လူများမှာ ပိုက်ဆံမရှာတတ်။ ကျွန်းပတ်ပတ်လည်တွင် ခုံကလေးများလုပ်ထားလျှင်၊ တောင်ပေါ်တွင် တဲကလေးများနှင့် စားစရာ သောက်စရာလေးများနှင့်၊ View Point နှင့်၊ ဓာတ်ပုံရိုက်ရန် နေရာနှင့် လုပ်ပေးထားလျှင် ပိုက်ဆံမရပါလော။ ပရင်တာလေး တစ်လုံးနှင့် ဒစ်ဂျစ်တယ်ကင်မရာလေးတစ်လုံးချကာ ဓာတ်ပုံဆိုင်ဖွင့်ထားလျှင်ပင် အလုပ်ဖြစ်လောက်သည်။ ဘာမှ မရှိသဖြင့် ကျွန်တော်တို့လည်း ခဏသာနေပြီး ပြန်ခဲ့သည်။


နေ့လည်ပိုင်းကိုတော့ ဟိုတယ်ရှိ ရေကူးကန်၌ပင် အချိန်ဖြုန်းကြသည်။ သားက ရေမကူးတတ်သဖြင့် ရေကူးသင်ပေးရ၏။ သို့သော် သူက ရေကြောက်တတ်သဖြင့် ရေနက်သို့ မသွားရဲ။ ကလေးများအတွက် လုပ်ပေးထားသည့် ရေတိမ်တွင်ပင် ကူးရသည်။  ကျွန်တော်က အအေးခံလို့မရ။ ရေထဲဆင်းပြီး ၁၄ - ၅ မိနစ်လောက်ကြာလျင်ပင် နှာများ တဖြီးဖြီးချေကာ နှာရည်များ ကျလာပါတော့ သည်။ ထို့ကြောင့် ပြန်တက်ခဲ့ပြီး သူ့အမေကို တလှည့်သွားခိုင်းရ၏။ အတန်ကြာသည့်တိုင် ကိုယ်တော်က မတက်ချင်သေးသဖြင့် မနိုင့်ရင်ကာ ဆွဲတင်ကာ ပြန်ခဲ့ရသည်။ ရေမိုးချိုး၊ အ၀တ်အစားလဲပြီးတော့ နေတောင် အတော်စောင်းနေပြီ။





ဟိုတယ်က မနက်စာသာကျွေးသည်။ နေ့လည်စာနှင့် ညစာမကျွေး။ ထို့ကြောင့် အနီးအနားရှိ ဆိုင်ကလေးများတွင် ကိုယ့်ဘာသာ ၀ယ်စားရသည်။ မေးရင်းစမ်းရင်း ဆိုင်ကလေးများရှိရာ ရောက်လာ၏။ ဆိုင်ရောက်တော့ အတော် မှောင်နေပြီ။ မီးစက်မောင်းကာ မီးထွန်းထား၏။ စားပွဲဝိုင်းနှစ်ခု၌ နိုင်ငံခြားသား စုံတွဲနှစ်တွဲ နေရာယူထားသည်။ စားပွဲနှင့် ထိုင်ခုံများမှာ စုတ်လှ၏။ ထို့ပြင် သူတို့က သဘာဝအတိုင်း ထိုင်ခုံနှင့် စားပွဲများကို သဲပြင်ပေါ် သည်အတိုင်း ချထားတာဖြစ်သည်။ လွတ်နေသည့် ကျန်စားပွဲဝိုင်းတစ်ခုတွင် ကျွန်တော်တို့ နေရာယူလိုက်သည်။

ကျွန်တော်တို့ရောက်တော့ အနားမှ နိုင်ငံခြားသားများက ဟင်းမှာနေတာ တွေ့ရ၏။ ဆိုင်ရှင်များမှာ အင်္ဂလိပ်လို မပြောတတ်။ သို့နှင့် နောက်ဘက်ပြေးကာ ငါးများ၊ ဂဏန်းများ ယူလာသည်။ ကျွန်တော်က မနေနိုင်။ သူတို့ဆီမှာ ဘာဟင်းတွေရနိုင်သလဲမေးပြီး ဒီမှာ ဘာဟင်းတွေမှာလို့ရတယ် ဘာနဲ့စားချင်သလဲဟု ၀င်ရှင်းပေးလိုက်မှ ကိစ္စပြီးသွားသည်။ နို့မို့မလွယ်။

 ကျွန်တော်တို့လည်း ရနိုင်တတ်သမျှသောဟင်းများမှာကာ စားလိုက်ကြသည်။ ဟင်းကတော့ သိပ်မဆိုးလှပါ။ ဆိုးသည်မှာ ခြင် အလွန်ကိုက်ခြင်းဖြစ်၏။ ကျွန်တော်က သားကို ခြင်ကိုက်မည်စိုးသဖြင့် လူပေါ်ထိုင်ခိုင်းကာ ခြေထောက်များကို ပုဆိုးဖြင့် ပတ်ပေးထား သည်။ သို့သော် ကျွန်တော်က ညှက်ညှက်၊ သူကထွားထွားဆိုတော့ မဆန့်မပြဲဖြစ်နေလေ၏။ 

စားလို့မှမပြီးသေးခင် သားက ဖေဖေ၊ ဟိုမှာ ပြဿနာတက်နေတယ်၊ သွားရှင်းပေးလိုက်ဦး ဆိုမှ လှည့်ကြည်မိသည်။ နောက်တစ်ဝိုင်းမှ နိုင်ငံခြားသားများမှာ စားသောက်ပြီး၍ ပိုက်ဆံရှင်းရန် ကြိုးစားနေသည်။ Chicken and Duck ဆိုတော့ အဆင်မပြေ။ ကျွန်တော်လည်း ကိုင်းကိုင်း၊ ခလေးမ၊ စာရွက်အလွတ်တစ်ခုနဲ့ ဘောပင်နဲ့ယူခဲ့ ဆိုကာ ရှင်းပေးရ၏။ အရင်တုံးက သူတို့ ဘယ်လိုများ ရှင်းခဲ့ပါလိမ့်။ နောင်များလည်း ဘယ်လိုများ ရှင်းကြဦးမှာပါလိမ့်။ ရင်များလည်း မောပါရဲ့။

ညကျတော့ ခပ်စောစောအိပ်ယာဝင်ခဲ့ကြသည်။ ကျွန်တော်က အကြာကြီးအိပ်တတ်သူမဟုတ်သမို့ ခပ်စောစောကတည်းက နိုးနေ၏။ နိုးတော့ ပလုပ်ကျင်း၊ သွားတိုက် လုပ်မယ်ကြံတော့ ရေကမလာ။ မနက် ၆ နာရီလောက်မှ ပြန်လာသည်။ သူရို့ဟာကလည်း နေ့ခင်းပိုင်း မီးပိတ်၊ ညပိုင်း ရေပိတ်။ အဆင်မပြေပါ။ ဒါတောင် တော်တော် ဈေးကြီးကြီးပေး ငှားထားရတာ ဖြစ်၏။ ထမင်းလည်း အနားကဆိုင်တွေမှာ ဖြစ်သလိုစားရသည်။ ဟော်တယ်တဲ့ ကြည့်အုံး။

ပင်လယ်လေလည်းရှူရင်း၊ အရုဏ်တက် အလှအပလည်းခံစားရင်း ကပြင်ထွက်ထိုင်မည်ဟု အပြင်ထွက်လိုက်တော့ ကပ်လျက်အခန်း ကပြင်တွင် ညက စားသောက်ထားသည့် အစားအသောက် အကြွင်းအကျန်များ ပြန့်ကျဲနေတာကို တွေ့ရသည်။ နည်းနည်းနောနော မဟုတ်။ ဘီယာပုလင်းများ၊ အမြည်းပန်းကန်များ၊ ခေါက်ဆွဲကြော်နှင့်တူသည့် ပန်းကန်များ၊ ဇွန်းခက်ရင်းများ၊ တူများ၊ အချဉ်ခွက်၊ ဆေးလိပ်ခွက်။ ဆေးလိပ်တို၊ တစ်ရှူးအစအနများ။

အစားအသောက်ဆိုသည်မှာ မစားခင်နှင့် စားနေစဉ်သာ အမြင်တင့်တယ်သည်။ သို့သော် စားသောက်ပြီးသည့် အကြွင်းအကျန်များမှာ အလွန်ရွံရှာဖွယ်ဖြစ်၏။ ဤလိုမျိုးပေပွနေတာမပြောနှင့်။ ကျွန်တော်က ကိုယ့်အိမ်က လက်ဆေးကန်ထဲ ထမင်းလုံးကျန်တာကိုပင် မနှစ်မြို့တတ်။ အမှိုက်တောင်းကို သူများပြောရတာ ပါးစပ်ညောင်း၊ လေကုန်လှသဖြင့် မအိပ်မီ၊ ည ၁၁ ခွဲလောက်ဆို အမြဲသွားပစ်ပြီး အမှိုက်တောင်းကိုလည်း ရေဆေးလေ့ရှိသည်။ စကားစပ်၍ပြောရလျှင် အစားအသောက် အကြွင်းအကျန်များကို ၂၄ နာရီမကျော်မီ ပစ်ရသည်။ အစားအသောက် အကြွင်းအကျန်ဟူသည် ပိုးဟပ်၊ ပုရွက်ဆိတ်နှင့် ဘက်တီးရီးယားများ ပျော်မွေ့သည့် နေရာဖြစ်ပေရာ အလွန်ရောဂါဖြစ်၍ကောင်းသော နေရာပါတည်း။ ထို့ကြောင့် မည်သည့်အကြောင်းနှင့်မှ စားကြွင်းစားကျန်များကို ညသိပ် မထားပါလေနှင့်။

မနက်စောစောစီးစီး ဤမနှစ်မြို့ဘွယ်ရာ မြင်ကွင်းကို မြင်လိုက်ရ၍ ကျွန်တော့်မနက်ခင်းလေးမှာ တစ်စစီကြေကွဲသွားလေသည်။ သို့နှင့် စိတ်ပျက်လက်ပျက် အခန်းတွင်းပြန်ဝင်လာ။ ကုတင်ကို ကန့်လတ်ဖြတ် အိပ်နေသော သားတော်မောင် ခန္ဓာကိုယ်ကြီးကို မနိုင့်ရင်ကာ မ။ နေရာပြန်ချကာ ခဏပြန်လှဲနေရလေ၏။ မလှဲလို့ကလည်း မဖြစ်။ အထဲမှာ ထိုင်စရာဆိုလို့ ဘာမှမရှိ။ စာဖတ်ရအောင်ကလည်း မီးက လင်းလင်းချင်းချင်း ရှိတာမဟုတ်။ ညအိပ်မီလုံး ခပ်မှိန်မှိန်သာ ထွန်းထားသည်။ တကယ့်ကို ဘုရားစူးရပါစေ့ ဟော်တယ် ပါတည်း။

မနက် ၇ နာရီတွင် မနက်စာကျွေးသည်ဆိုတော့ ကျွန်တော်တို့က ၆ နာရီခွဲလောက်ကတည်းက ရောက်နေသည်။ အခြား မည်သူမှ မရောက်သေး။ ကျွန်တော်တို့ရောက်တော့ မနက်စာက အဆင်သင့်ဖြစ်နေပြီ။ စားလို့ရပြီလားဟု မေးတော့ ရပါပြီ ဆို၏။ မနက်စာကို ဘူဖေးပုံစံပြင်ထားသည်။ ထမင်းကြော်၊ ကြာဇံကြော်၊ ပေါင်မုံ့ယိုသုတ်၊ ရေခဲမုန့် စသည်တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိပါ၏။ မည်သူမှ မရှိသဖြင့် ကျွန်တော်တို့လည်း အစားအသောက်များကို စိတ်တိုင်းကျရွေးကာ စားသောက်ကြ၏။ ကျွန်တော်တို့ စားပြီးခါနီးမှ တဖွဲဖွဲရောက်လာကြသည်။ 

စားသောက်ပြီးတော့ ကမ်းခြေဘက်သို့ထွက်ခဲ့ကာ လမ်းလျှောက်ကြ၊ ခရုများကောက်ကြ၏။ မနေ့က စက်လှေစီး၍ ကျွန်တော်တို့ သွားခဲ့သော ချစ်သူများကျွန်းမှာ ရေကျနေပြီဖြစ်သဖြင့် ခြေလျင်လျှောက်သွားလို့ရသည်။ ကျွန်တော်တို့လည်း မကျေပွဲ နွှဲသည့်အနေဖြင့် တစ်ခေါက် လျှောက်လိုက်သေး၏။ မလှမပ ရေသူမကား အလွန်မျက်နှာပွင့်ချေသည်။ မည်သည့်အချိန် ကြည့်လိုက် ကြည့်လိုက်။ သူ့အနားမှာ ဓာတ်ပုံရိုက်သူများဖြင့် ၀ိုင်းဝိုင်းလည်နေတတ်၏။

ကျွန်တော်တို့ ကမ်းခြေတစ်လျှောက် အတော်ဝေးဝေးထိ လျှောက်ကြည့်ကြ၏။ ကမ်းခြေတွင် လမ်းလျှောက်ရင်း ကျွန်တော်က သောင်ပြင်ပေါ်တွင် စာများရေးကာ သား၏ အခြေအနေကို စုံစမ်းကြည့်သည်။ သင်္ချာလည်း ရေရေရာရာ မတွက်တတ်။ မြန်မာစာလည်း သွက်သွက်လက်လက် မဖတ်တတ်။ အင်္ဂလိပ်စာတော့ သိပ်မဆိုးလှ။ စိတ်ပျက်စရာ ကောင်းလှ၏။ သူ အခု P2 တက်နေတာဖြစ်သည်။ သူ့အမေက ကျူရှင်ဆရာမ ခေါ်ပေးထားသည်။ ဘာသာစုံဆိုလျှင် တစ်လသုံးသိန်းကျ၏။ သို့ဆိုလျှင် ထိုကျူရှင်ဆရာမတွေက ကလေးကို ဘာတွေများ သင်နေတာပါနည်း။ သူရို့ကိုယ်တိုင်တောင် ကျကျနန တတ်ပါလေရဲ့လား ဟု ကျွန်တော်ကတော့ သံသယရှိပါသည်။ ကျွန်တော်ပြန်လာတော့ သူ့အမေက ကျူရှင်အားလုံး နားထားသဖြင့် သူတို့နှင့် ဆုံခွင့် မရခဲ့။

ကျူရှင်ထားပါဦး။ သုံးလကျောင်းစရိတ်ဘိုး ဆယ်သိန်းတောင်းသည့် PISM ကရော တစ်နေ့တစ်နေ့ ဘာတွေသင်နေတာပါနည်း။ ထိုကျောင်း၌ သင်နေသည့် ဆရာဆရာမများအား မည်သည့်နေရာတွင် လေ့ကျင့်ထားပါသနည်း။ အနှီဆရာဆရာမများ ထို စင်ကာပူသင်ရိုးကို သေသေချာချာ နားလည်သဘောပေါက်သည်။ ကျကျနန သင်တတ်သည်ဟု မည်သူက အာမခံထားပါသနည်း။ ထိုကျောင်းထွက် ကလေးများ၏ အရည်အသွေးကို မည်သည့်ပေတံနှင့် တိုင်းပါသနည်း။ သည်အကြောင်းများ ကျွန်တော် ဘာမှ မသိချင်ပါ။

သို့သော် သားက အင်္ဂလိပ်လိုတော့ ကောင်းကောင်းပြောတတ်သည်။ ဖုံးဆက်သည့်အခါ တစ်ခါတရံ ကျွန်တော်တို့သားအဖ အီးလို မှုတ်ကြသည်။ သားက ဘိုလို ရွှတ်ရှက်၊ ဒွတ်ဒက်တွေလုပ်တတ်တော့ သူတို့ သဘောကျသည်ပေါ့။ အင်္ဂလိပ်လိုပြောတတ်လျင်ပဲ ပညာတွေ တတ်ကုန်ပြီလိုလို။ ဒါ သူတို့တင်မကပါ။ မြန်မာပြည်မှ မိဘများများ ဤကဲ့သို့ ခံယူထားသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့ဖူးပါ၏။ သောက်ကျိုးနည်း၊ ဘိုလိုပြောတတ်ရုံဖြင့် ပညာအလိုလိုတတ်ရမည်ဆို အနောက်တိုင်းမှ အင်္ဂလိပ်စကားပြော နိုင်ငံများတွင် ဘာကျောင်းမှတောင် ဖွင့်စရာလိုတော့မည် မဟုတ်။ အမေ့ဗိုက်ထဲက အူဝဲ(စ်) ဟု အော်လိုက်ကတည်းက ဘွဲ့ခမောက်  ကြီးစွပ်ပေးလိုက်ဘို့ ရှိတော့သည်။

သားကိုကျောင်းထားမည်ဆိုတော့ ကျွန်တော်က အစိုးရကျောင်းမှာသာ ထားစေချင်သည်။ သို့သော် အဖေတစ်ယောက်လုံး စင်ကာပူမှာ ရှိနေတာတောင် သားကို စင်ကာပူခေါ်မထားချင်ဘူးလားဟု သူ့အမေနှင့်အသိုင်းအ၀ိုင်းက ပူညံပူညံလုပ်သောကြောင့် ကျွန်တော်လည်း ဘာမှမပြောတော့။ စိတ်ချမ်းသာသလိုလုပ်ကြ ဟု မေ့ထားလိုက်ပါသည်။ ကျွန်တော်တို့လို ရိုးမတောင်ခြေမှာမွေးပြီး ငါးပိချက်စားကြီးလာသူများနှင့်တော့ သူတို့အယူအဆကို ခံတွင်းမတွေ့ပါ။

သူများအတင်းမပြောချင်သော်လည်း အကြောင်းအပေါင်းသင့်လာသဖြင့် နည်းနည်းတော့ တုပ်လိုက်ပါရစေဦး။
မိတ်ဆွေတို့ အင်တာနေရှင်နယ်စကူး ဆိုတာကြီး ကြားဖူးကြပါလိမ့်မည်။ မြန်မာပြည်တွင်တော့ အတော်နာမည်ကြီးပြီး ထိုကျောင်းတွင် တက်သည့်ကျောင်းသားမှာ အလိုလိုနေရင်း ဂုဏ်တက်နေလေ၏။ မအေလုပ်သူများကလည်း သားက အင်တာနေရှင်နယ်စကူးမှာ ထားတာလေဟု ဆေးဆိုးထားသော နှုတ်ခမ်းတစ်ဖက်ကိုရွဲ့ကာ မကြားတကြား ကြွားပြပါလိမ့်မည်။

၎င်းတို့ အင်တာနေရှင်နယ်စကူးကို အထင်ကြီးကြသည်မှာ ထိုကျောင်းမှ သင်ရိုးများ ကောင်းလွန်း၍သော်လည်းကောင်း၊ ဆရာများ စာသင်ကောင်း၍သော်လည်းကောင်း၊ ထိုကျောင်းမှ ထွက်လာသည့်ကျောင်းသားများမှာ ကျောင်းမှထွက်လျင် ၀န်ကြီးတစ်နေရာတော့ အသာလေးလျာထားလို့ ရလောက်အောင် တော်လွန်းနေသဖြင့်လည်းကောင်း - တစ်ခုမှ မဟုတ်ပါ။ အင်္ဂလိပ်လိုပြောပြီး အင်္ဂလိပ် သင်ရိုးများနှင့် အင်္ဂလိပ်လို သင်သောကြောင့် ဖြစ်ပါသည်။ ထိုကျောင်းမှ ထွက်လာပါက မြန်မာပြည်မြေပုံပေါ်တွင် ရန်ကုန် ဘယ်နား နေမှန်းသာ ထောက်မပြနိုင် ရှိရမည်။ အင်တာနေရှင်နယ်ဆိုသည်နှင့် အလိုလို ဂုဏ်တက်ပြီးသားဖြစ်တော့၏။

ထိုကျောင်းမှ ကျောင်းသားများအခြေအနေ၊ စာသင်သည့် ဆရာများအခြေအနေများသိလိုလျှင် ကျွန်တော့်ထံ ဖုံးဆက်လိုက်ပါ။ (ဖုံးနံပါတ် - ၉၇၃၀ ၃၀၂၇)။ ထိုကျောင်းတွင်လုပ်ခဲ့ပြီး စိတ်ကုန်လှသဖြင့် ထွက်လာခဲ့သော ကျွန်တော့်မိတ်ဆွေ ဆရာမတစ်ဦး ရှိပါသည်။ ၎င်းနှင့်ဆက်ပြီး အင်တာဗျူးပေးပါမည်။

ကျွန်တော်ကတော့ အကုန် ဒီပုပ်ထဲက ဒီပဲချည်းမို့ (စနစ်ကလွဲ၍) အခြား မည်သူ့ကိုမှ အပြစ်မတင်ချင်တော့ပါ။ ကိုယ်လည်း ဘာမှလုပ်လို့မရ။ နောင်နှစ် ကျွန်တော့်ဆီခေါ်ထားတော့မှ သေသေချာချာ အနီးကပ် သင်ပေးရတော့မည်။

နေအတော်လေးမြင့်လာတော့ သားက ရေဆော့ချင်ပြန်၏။ ထို့ကြောင့် ကျွန်တော်တို့ ရေကန်ထဲဆင်းကြသည်။ သို့သော် ကျွန်တော် ကတော့ အအေးပတ်တတ်သောကြောင့် ကြာကြာနေလို့မဖြစ်သည်နှင့် သူ့အမေကို တလှည့်ဆင်းခိုင်းရသည်။

နေ့လည်စာကိုမူ သည်တွင် မစားတော့ပါ။ ပုသိမ်ရောက်မှ စားကြရန် တိုင်ပင်ကြ၏။ သို့နှင့် နေ့လည် ၁၂ နာရီကျော်ကျော်တွင် ပြန်ခဲ့ကြ၏။ နေရစ်တော့ ငွေဆောင်။



 ဆက်ပါဦးမည်။


အေးငြိမ်း
၁၆ ဇန်န၀ါရီ။ ၂၀၁၅။ ည ၉း၃၄ နာရီ

မြန်မာပြည်သို့ အလည်ပြန်ခြင်း (ဒီဇင်ဘာ၊ ၂၀၁၄) (၁)

(၁) လက်မှတ်များနှင့် စင်ကာပူ

စင်ကာပူသည်ကား လက်မှတ်အလွန်လိုသော နိုင်ငံဖြစ်၏။ ငြမ်းဆင်ရန် ငြမ်းဆင်သည့် အလုပ်သမားများမှာ လက်မှတ်လိုသည်။ ထိုအလုပ်သမားများအား ကြီးကြပ်သည့် စူပါဗိုက်ဆာမှာ လက်မှတ်လိုသည်။ ထိုငြမ်းဆင်လုပ်ငန်း ကြီးကြပ်သူ လက်မှတ်ရ သင်တန်း တက်ရန် ငြမ်းဆင်လုပ်သား လက်မှတ်ရှိရန်လိုသည်။ ထို့ကြောင့် ငြမ်းလုပ်ငန်းကြီးကြပ်သူတွင် အနည်းဆုံး လက်မှတ်နှစ်ခု ရှိသည်။ ပစ္စည်းများအား ကရိန်းဖြင့် မ,ရန် ကရိန်းမောင်းသူ၊ ၀န်ချီလုပ်ငန်းကြီးကြပ်သူ၊ ကြိုးချည်သူ၊ အချက်ပြသူ အားလုံး လက်မှတ်ရှိရသည်။ ထိုသူများမှအပ အခြားသူများအား ၀န်ချီလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခွင့်မပြု။ ၀န်ချီလုပ်ငန်းကြီးကြပ်သူဖြစ်ရန် ကြိုးချည်သူ၊ အချက်ပြသူလက်မှတ်ရှိရမည်။ ထို့ကြောင့် ၀န်ချီလုပ်ငန်းကြီးကြပ်သူတစ်ဦးတွင် အနည်းဆုံး လက်မှတ် သုံးစောင်ရှိရသည်။ အခြား လုပ်ငန်းများတွင်လည်း အလားတူပင်ဖြစ်၏။

ကျွန်တော်တို့ လုပ်ငန်းခွင်အန္တရာယ်ကင်းရေး သင်တန်းကျောင်းဖွင့်မည်ဆိုတော့ သင်တန်းဆရာလုပ်မည့် ကျွန်ုပ်မှာ လိုအပ်သော သင်တန်းများ သွားတက်ရ၏။ သင်တန်းဆရာဖြစ်ရန် အနည်းဆုံး အခြေခံလက်မှတ် ၆ ခု (ACTA CU1, CU2, CU3, CU4, CU5, CU6) လိုသည်။ ထိုမျှသာမက Work At Height Supervisor သင်တန်း ပေးလိုပါက Work At Height Supervisor လက်မှတ် ရှိရသည်။ Work At Height Assessor သင်တန်းဆရာ လုပ်မည်ဆိုလျှင် Work At Height Assesssor သင်တန်းဆင်းလက်မှတ် ရှိရသည်။ ထို့ပြင် ထိုသင်တန်းအတွင် နောက်ထပ် Work At Height Train-The-Trainer လက်မှတ်လည်း လိုသေး၏။ စူပါဗိုက်ဆာများအားသင်ရန် WSH Level C လက်မှတ်လည်း မဖြစ်မနေ ရှိရသည်။ 

ကျွန်တော်က ထိုသင်တန်းများကို ကုမ္ပဏီစပွန်စာဖြင့် မတက်လို။ ကျွန်တော့်ကိုယ်ပိုင်လုပ်ငန်းဖြစ်သဖြင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် တက်သည်။ သည်တော့ သည်သင်တန်းများတက်ရန် ခွင့်ယူရသည်။ (ဒါတောင် ရုံးက မင်းက ဘာဖြစ်လို့ ကုမ္ပဏီက စပွန်စာ မလိုချင်ရတာလည်း လှမ်းမေးနေသေး၏။ ကျွန်တော်ကလည်း မယူချင်လို့ပေါ့ကွာ ဟု ပြန်ဖြေလိုက်၏။)

ခွင့်က တစ်နှစ်မှ ၁၄ ရက်သာရလေရာ ဒီဇင်ဘာရောက်တော့ ကျွန်တော့်မှာ ခွင့်လက်ကျန် ၂ ရက်ခွဲသာ ကျန်တော့သည်။ ကျွန်ုပ်တို့မှာ စနေနေ့တွင် နေ့ဝက်သာ အလုပ်ဆင်းရသော်လည်း ခွင့်ယူလျှင်မူ တစ်ရက်စာ ဖြတ်သည်။ ထို့ကြောင့် ဒီဇင်ဘာ ၁၈ ရက်မှ ဇန္န၀ါရီ ၁ ရက်ထိ ခွင့်ယူသည်ကို ၈ ရက်ခွဲစာ လခမရ။ လခဖြတ်တာလည်း ကြည့်လိုက်ဦး။ ထို ၈ ရက်ခွဲစာကို ၁၇၀၀ တောင်ဖြတ်သည်။ လစာစလစ်ရတော့ ကျွန်တော် အတော်ဒေါကန်၏။ လခမှာ ကျန်ကောင်းကျန်ရာသာ ကျန်တော့သည်။ ပထမ ရုံးသွားပြီး ပူညံပူညံ လုပ်ဦးမလို့ စဉ်းစားသေးသော်လည်း နောက်တော့ စိတ်လျှော့လိုက်ပါသည်။ မကြိုက်လျှင် ကုမ္ပဏီပြောင်းပေါ့။

ပထမတော့ ဒီဇင်ဘာ ၂၁ ရက်မှ ပြန်မည်စဉ်းစားသေး၏။ သို့သော် ရေဖြူသို့ ၃ ရက်သွားရဦးမည်ဖြစ်ရာ ခဏလေးပြန်လာတာတောင် ဟိုသွားဒီသွားနဲ့ ဟု သားက ကွန်ပလိန်းတက်သဖြင့် ထိုအစား ၃ ရက် ရှေ့တိုးလိုက်ရခြင်းဖြစ်၏။

(၂) ကိုယ့်ကြောင့် သူတစ်ပါးကို မထိခိုက်စေနဲ့

ပြန်မည့်ရက်သေချာပြီဆိုတော့ လေယာဉ်လက်မှတ်ဝယ်၏။ မြန်မာပြည်သို့ရောက်သော လေကြောင်းလိုင်းအားလုံးအနက် မည်သည့် လိုင်း ဈေးအသက်သာဆုံးနည်း ဟု အင်တာနက်တွင် မွှေနှောက်ရှာရာ ကျွန်တော်ပြန်မည့်ရက်အတွက် MAI မှာ ဈေးအချိုဆုံး ဖြစ်သည်ကို တွေ့ရ၏။ အသွားအပြန် စင်းဒေါ်လာ ၄၄၇ ကျပ် ပေးရသည်။ ကီလို ၂၀ နှင့် လက်ဆွဲ ရသည်ပေါ့။

ပြန်တော့မည်ဆိုကတည်းက ဘာတွေယူရမည်ကို checklist လုပ်သည်။ ပြန်မည့်နေ့ညကျတော့ စာရွက်ကြီးတကိုင်ကိုင်နှင့် ဟိုဟာ ထည့်ပြီးပြီ၊ ဒီဟာ လက်ကကိုင်သွားရမည်နှင့် အလုပ်ရှုပ်၏။ checklist နှင့် လုပ်တော့ ပစ္စည်းမေ့ကျန်ခဲ့မှာ မပူရ။

ကီလိုမပိုစေရန် ခရီးဆောင်သေတ္တာထဲ ပစ္စည်းများထည့်ပြီးသည့်အခါ ကျွန်တော်က အမြဲချိန်ကြည့်လေ့ရှိ၏။ အများဆုံးပိုလှ ကီလိုဝက်၊ သည့်ထက်မပို။ Check in counter ၌တန်းစီနေစဉ် ကောင်လေးတစ်ယောက်မှာ ကီလိုပိုနေသဖြင့် ကိစ္စများလျက်ရှိ၏။ မြန်မာစကားပြောသည့် ၀န်ထမ်းအမျိုးသမီးတစ်ယောက် ရောက်လာကာ ကီလိုအတော်များများ ပိုနေကြောင်း၊ အနည်းအကျဉ်း ပိုတာကို လုပ်ပေးလို့ရသော်လည်း သည်မျှပိုနေသည်ကိုမူ ဘယ်လိုမှလုပ်ပေးလို့မရကြောင်း ပြောပြနေ၏။ ကောင်လေးက ကျွန်တော် က အပြီးပြန်တာ။ ဒီပစ္စည်းတွေက ထားခဲ့လို့မဖြစ်ဘူး စသဖြင့် အချေအတင်ပြောလျက်ရှိသည်။ ထိုစဉ်မှာပင် ကျွန်တော်လည်း ကိုယ့်အလှည့်ရောက်လာသဖြင့် နောက်ပိုင်း ဘာဆက်ဖြစ်သလဲ မသိတော့။

လေယာဉ်ပေါ်တက်ရန် စောင့်သည့်အခန်းထဲဝင်ရန် တန်းစီနေစဉ် ကျွန်တော့်ရှေ့ မလှမ်းမကမ်းမှ ဟော့ရှော့ ကောင်လေး၊  ကောင်မလေးများမှာ လက်ပံပင်ဆက်ရက်ကျသကဲ့သို့ ဆူညံပွက်လောရိုက်လျက်ရှိ၏။ ပစ္စည်းများစစ်သည့် နေရာသို့ရောက်သော် မိန်းကလေးတစ်ဦးမှာ စီးလာသည့် ဒေါက်ဖိနပ်များ ချွတ်လျက် scan စက်ဖြတ်သည့် ခါးပတ်ပေါ် တင်ပေးလိုက်ရသည်ကို တွေ့လိုက်ရသည်။ ဤသည်ကိုမြင်တော့ လွန်ခဲ့သော ၃ နှစ်ခန့်က သတင်းကလေးတစ်ခုကို သွားသတိရမိ၏။

စင်ကာပူရီယမ်အမျိုးသမီး သားအမိမှာ မလေးရှားသွားရန် check point တွင် ယခုကဲ့သို့ပင် အစစ်ခံရ၏။ ထိုအခါ စစ်ဆေးရေး အရာရှိက အမျိုးသမီး စီးလာသည့်ဒေါက်မြင့်ဖိနပ်ကို စစ်ဆေးရန် ချွတ်ခိုင်းသည်။ (ထိုကာလက 9/11 ကိစ္စဖြင့် တစ်ကမ္ဘာလုံး အထိတ်တလန့် ဖြစ်နေချိန်ဖြစ်၏။) ထိုအခါ အနှီမမမှာ ရွှေဒေါတော် ဖောင်းလေ၏။ အနီးတွင် စောင့်ကြည့်နေသည့် သမီးကလေးက “မေမေ ဘာဖြစ်လို့ ဖိနပ်ချွတ်ရတာလဲဟင်” ဟု စပ်စု၏။ ထိုအခါ ဒေါကန်နေသည့် မမက “ဖိနပ်ထဲမှာ ဗုံးဖွက်ထားတယ် မှတ်လို့ဟေ့” ဟု အငေါ်တူးလိုက်၏။  

ထိုအခါ စစ်ဆေးရေးအရာရှိက အနားကပ်လာကာ “ဘာကွဲ့၊ ပြန်ပြောစမ်းပါအုံး၊ ဘယ်လိုပြောလိုက်တယ်။”
“ဖိနပ်ထဲ ဗုံးဖွက်ထားတယ်အောက်မေ့လို့ ဖိနပ်ချွတ်ရှာတာ လို့ပြောတယ်”
“ဒီမယ်၊ မင်း ဗုံးလို့ပြောတာ နှစ်ခါရှိပြီ။ ခဏလိုက်ခဲ့ပါ” ဟု ဆိုကာ အထက်အရာရှိထံ ခေါ်သွား၏။
ဟိုရောက်တော့ ဟိုအရာရှိက ထပ်မေးပြန်၏။ “မင်း ဘယ်လိုပြောလိုက်တာလဲ။”
“နင်ရို့ ငါ့ကို အဲသလို မလိမ့်တပတ်နဲ့မေးပြီး နှစ်ခါရှိပြီ၊ သုံးခါရှိပြီဆိုပြီး ထောင်ချမလို့လား” ဟု ပြန်သုတ်လေ၏။
ဤသို့ဖြင့် ထိုသားအမိမှာ ထိုနေ့က မလေးရှားမသွားဖြစ်တော့။ ထိုသတင်းမှာ စင်ကာပူတစ်လွှား ဟိုးလေးတကျော် ဖြစ်သွား၏။

ခွေးသား၊ ၀က်မြေး၊ ကြွက်ယောက်ဖများ၏ ပယောဂဖြင့် ကျွန်ုပ်တို့မှာ လေယာဉ်စီးလျှင် ရေဘူး၊ ရေမွှေး၊ ခေါင်းလျှော်ရည် စသည့် အရည်များ သယ်လို့မရ၊ လက်နက်နဲ့တူတာဆို ကလေးကစားသည့် သေနတ်တောင် ယူလို့မရ။ ချွန်တာဆို ပုံဆွဲသည့် ထောက်စူးတောင် ခွင့်မပြု။ (ဟိုတလောက မာလာတို့သားအမိ စင်ကာပူလာတော့ တူတော်မောင်က အပြန်တွင် ထောက်စူးလှလှလေး ၀ယ်သွားသည်။ သူက ထိုထောက်စူးကလေးကို ကျောပိုးအိတ်ထဲထည့်သွားတော့ စစ်ဆေးရေးဂိတ်တွင် ထားခဲ့ရသဖြင့် ကျွန်တော် ပြန်ယူခဲ့ရ၏။)

ဆိုခဲ့သည့် အနှီ ဟော့ရှော့ကလေးများကြည့်ရသည်မှာ စင်ကာပူတွင်မွေးပြီး စင်ကာပူတွင် ကြီးပြင်းလာသည့် ကလေးများဖြစ်ဟန် တူ၏။ ကောင်မလေးများမှာ ဟိုဟိုသည်သည်တို့တွင် တက်တူးများထိုးထား၏။ သည်ပစ္စည်းလေးများကို စူးစမ်းနေစဉ် ဆရာ၊ ပြန်မလို့လား ဟု လာနှုတ်ဆက်သော် ဟိုက်၊ သူခိုးလူမိပဟ ဟု အလန့်တကြားဖြစ်သွား၏။ ဟီးဟီး ဟုတ် ဟုတ်ကဲ့ ဟု ကယောင်ကတမ်း ပြန်ဖြေမိ။ (လူသိများတိုင်းလည်း ကောင်းတာမဟုတ်ဘူးနော့။)

လေယာဉ်ပေါ်တက်ပြီး အတန်ကြာသည့်တိုင် လေယာဉ်မထွက်သေး။ အတန်ကြာသော် ကြေငြာသံတစ်ခုကြားရသည်။ နီလာနိုင် နဲ့ သောမတ်စ်တို့များ ရှိပါသလား ဟု နှစ်ခါသုံးခါ ကြေငြာသည်။ အတန်ကြာပြန်သော် လေယာဉ်မှူးက ၀မ်းနည်းပါတယ်ခင်ဗျာ။ ခရီးသည်နှစ်ဦးရောက်မလာသေးလို့ နောက်ကျနေတာ ဖြစ်ပါတယ်။ အခု သူတို့အထုပ်တွေ ပြန်ချခဲ့ရမှာမို့ ခဏစောင့်ပါ။ အထုပ်တွေ ချပြီးတာနဲ့ လေယာဉ်ထွက်ပါမယ် ဟု ကြေငြာသံကြားရလေသော် ကျွန်ုပ်မှာ အနှီသောကြာသားနှင့် စနေသမီးကို ဖနောင့်နှင့် ပေါက်ချင်မိလေ၏။ သူတို့နှစ်ယောက်အတွက် လေယာဉ်ပေါ်က ခရီးသည်အားလုံး အနှောက်အယှက်ဖြစ်ရသည်။

(၃) ထူးမခြားနား ရန်ကုန်

စင်ကာပူရောက်စ နှစ်များက နှစ်နှစ်မှ တစ်ခါ ပြန်သည်။ သို့သော် ၂၀၀၇ နောက်ပိုင်း သားကလေးရလာတော့ တစ်နှစ်ကို နှစ်ခါလောက် ပြန်ဖြစ်သည်။ တစ်ခါတလေ ကျွန်တော် မပြန်ဖြစ်လျှင် သူတို့လာသည်။ သို့သော် ၂ နှစ်ကြာမှ တစ်ခါပြန်ပြန်၊ ၆ လကို တစ်ခါပြန်ပြန်။ ရန်ကုန်ကတော့ တိုးထူးလာတာ သိပ်မတွေ့ရပါ။ ခုံးကျော်တံတားများ ဆောက်သည့်တိုင် ကားလမ်းများမှာ ကြပ်မြဲ၊ ပလက်ဖောင်းများမှာ စုတ်မြဲ၊ သားမွေးစကတည်းက ဆောက်နေသည့် အိမ်နားက ကွန်ဒိုကြီးမှာ ယခုထိ မပြီးသေးသဖြင့်  ထုသံ ရိုက်သံများဖြင့် ဆူညံမြဲ။ လူကြီးလူကောင်း ဆိုသူများကလည်း မဟုတ်က မဟတ်ကများ လုပ်ဆဲ။ 
ပြန်ရောက်တာက ၁၈ ရက်နေ့၊ စာအုပ်မိတ်ဆက်ပွဲလုပ်မှာက ၂၁ ရက်နေ့၊ ၂၀ ရက်နေ့မှာလည်း မြွေဆိပ်ဖြေဆေး လှူဒါန်းပွဲ ရှိသေးသည် ဆိုတော့ ကြားထဲမှာ တစ်ရက်ပဲအချိန်ရ၏။ ထို့ကြောင့် ကျွန်တော့်မှာ စာအုပ်မိတ်ဆက်ပွဲအတွက် ပြန်ရောက်ရောက်ချင်း တယ်လီဖုံး အနားချကာ ဟိုဟိုဒီဒီ ဖုံးတဂွမ်ဂွမ်ဆက်ရသည်။ ကျွန်တော်ပြန်ရောက်ပြီဆိုတော့ ဟိုမှသည်မှ ဖုံးများလည်း လာ၏။ ကိုယ်ကဆက်လိုက်၊ သူတို့ခေါ်လာတာ ပြန်ဖြေလိုက်နှင့် ကျွန်တော့်မှာ ဖုံးပြောရတာနှင့်ပင် ပါးစပ်မလည်နိုင်။ ဧည့်သည်များလာလျှင်လည်း ဧည့်ခံလိုက်ရသေး၏။ ထို့နောက် လိုအပ်သော စာရွက်စာတမ်းကိစ္စများ လုပ်ရသည်။ ပြောမှာတွေ ပြန်ဖတ်ရသည်။

ညကျတော့ မနက်ဖြန်ဝေမည့် စာရွက်စာတမ်းများ ပရင့်ထုတ်ရန် လှည်းတန်းမှ အင်တာနက်ဆိုင် သွား၏။ အီးမေးမှ attached file ကို ပရင့်ထုတ်ရန်ဖြစ်သည်။ ဤတွင် မြန်မာပြည်မှ အင်တာနှေး၏ ဒုက္ခပေးမှုကို လက်တွေ့မျက်တွေ့ ခံစားရတော့၏။ အတန်တန် ကြိုးစားသည့်တိုင် attached file များကို ဖွင့်လို့မရ။ သည်နေရာတွင်ပင် အတန်ကြာနေတော့ ထုံးစံအတိုင်း သားက ဂျီကျ၏။ ကျွန်တော်လည်း စိတ်မရှည်တော့သဖြင့် ပြန်ခဲ့တော့သည်။ သည်ပုံဖြင့် မိုးကြီးချုပ်လိမ့်မည်။ ထိုဆိုင်အတွင်း အင်တာနက် သုံးနေသူ တော်တော်များများ တွေ့ခဲ့ရာ ကျွန်တော် သူတို့အတွက် စိတ်မကောင်းပါ။ သူတို့ခမျာ တခြား ရွေးစရာလမ်းမရှိသဖြင့် အောင့်အည်း သည်းခံ သုံးနေကြရ ရှာပေလိမ့်မည်။

မနက်ကျမှ ကိုအောင်ကိုးက စီးတီးစတားနှင့် မျက်စောင်းထိုးရှိ ဆိုင်သို့လိုက်ပို့၏။ ထိုဆိုင်တွင်မတော့ အတော်မြန်ပါသည်။

လှည်းတန်းနှင့် နာနတ်တောလမ်းရှိ ကျွန်တော်တို့အိမ်မှာ ဝေးပင်မဝေးသော်လည်း မနီးလှပါ။ အတော်လျှောက်ယူရ၏။ ကျွန်တော်တို့ ကျောင်းသားဘ၀တုံးက ယခု ကျွန်တော်တို့ အိမ်နေရာတွင် လိုင်းပေါက်မှတ်တိုင် ရှိသည်။ သို့သော် န၀တအစိုးရ တက်လာတော့ ဤမှတ်တိုင်ကို ဖျက်ပစ်လိုက်သည်။ နာနတ်တောလမ်းအတွင်း နေထိုင်သူဦးရေမှာ မနည်းလှပါ။ ထိုသူများအားလုံးမှာ ဘတ်စ်ကား စီးလိုလျှင် စိုက်ပျိုးရေးမှတ်တိုင် သို့မဟုတ် လှည်းတန်းသို့ သွားစီးရလေသည်။ ပြည်လမ်းနှင့် ဗဟိုလမ်းတစ်လျှောက် ပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်း အတော်များပါသည်။ သို့သော် နာနတ်တောလမ်းမကြီးပေါ် ဖြတ်ပြေးသည့် ဘတ်စ်ကား တစ်စီးမှမရှိပါ။

မိတ်ဆွေများခင်ဗျား။ စိုက်ပျိုးရေး သို့မဟုတ် လှည်းတန်းမှတ်တိုင်ဆိုတာ အဝေးကြီး ဖြစ်ပါသည်။ အထူးသဖြင့် အထုပ်အပိုးများ သယ်လာလျှင် သေချင်စော်နံလောက်အောင် လျှောက်ရသည်။ နေပူပူမှာ သို့မဟုတ် မိုးရွာထဲမှာ လျှောက်နေရသည့် ကျွန်ုပ်တို့ ဒုက္ခကို ဘီအမ်ဒဘလျူ ကားအကောင်းစားကြီးများ စီးနေသည့် လူကြီးမင်းတို့ ကိုယ်ချင်းစာကြည့်ပါ။

လိုင်းပေါက်မှတ်တိုင် ပြန်ထားပေးဘို့ သတင်းစာထဲမှနေကာ ပြည်သူတို့ အသံပြာနေသည်ထိ အော်ခဲ့ဖူးပါပြီ။ သို့သော် အစိုးရ အရာရှိမင်းများမှာ သေနတ်ပစ်ရဖန်များသဖြင့် နားပင်းနေကြသောကြောင့် ကြားဟန်မတူ။ သို့မဟုတ် ပြည်ရိပ်မွန် နေသူအပေါင်းကို သူဌေးများချည်းအောက်မေ့ကာ တစ်အိမ်ထောင် အနည်းဆုံး ကားတစ်စီးတော့ရှိမှာဘဲဟု တွက်ကာ လိုင်းကား ထားမပေးလေရော့ သလား မသိ။ အိမ်ပြန်ရောက်ပြီဆိုတော့လည်း မောမောနှင့် ပစ်ထိုင်ချလိုက်မည် မကြံပါနှင့်ဦး။ ရန်ကုန် မြို့တော်သူ မြို့တော်သား များအား ကျန်းမာရေးနှင့် ညီညွတ်စေရန် တိုက်များတွင် ဓာတ်လှေခါးများ တပ်ဆင်မထားသည်ဖြစ်၍ ၆ ထပ်တွင်နေသည့် ကျွန်ုပ်တို့မှာ နေပူထဲမှ မောမောနှင့် အိမ်ရောက်သည့်တိုင် လှေခါးထစ်များကို ရေတွက်ကာ တက်ရပေလေသေး၏။ ထို့ကြောင့် ကျွန်တော့်မှာ မိတ်ဆွေများ အထူးသဖြင့် အသက်ကြီးသူများအား အိမ်သို့ဖိတ်ခေါ်ရမှာ အလွန်အားနာမိရသည်။

တစ်ရက်တွင် ကျွန်တော်လှည်းတမ်းသို့ ပြည်လမ်းမှ လာခဲ့၏။ ထိုလမ်းတစ်လျှောက်တွင် လူများလမ်းလျှောက်ရန်ပလက်ဖောင်းဟူ၍ သေသေချာချာမရှိ။ လမ်းလျှောက်သူအပေါင်းမှာ ပလက်ဖောင်းကိုဖျောက်ကာ လုပ်ထားသည့် ကားပါကင်များတွင် ရပ်ထားသော ကားများအား ကွေ့ပတ် ရှောင်ကွင်းသွားကြရကုန်၏။ ထို့ပြင် ဂုံးကျော်ဟု လုပ်လိုက်သဖြင့် ရန်ကုန်အင်းစိန်လမ်းမှာ ဂုံးတစ်ဖက် တစ်ချက်တွင် ၂ လမ်းသာရှိတော့သည်။ လူကြီးမင်းတို့တိုင်းပြည်မှ လူများကား သူများတွေ ဘယ်လိုနေနေ ငါအဆင်ပြေပြီးရောဟု သဘောထားကြလေရကား ထို ၂ လမ်းအနက် တစ်လမ်းပေါ်တွင် ကားကို ရပ်ထားလိုက်ကြသေးရာ လမ်းသွားလမ်းလာများမှာ ကားများ တ၀ီဝီသွားနေသည့် လမ်းပေါ် ဆင်းလျှောက်ကြရလေသည်။ ကျွန်တော်လည်း စိတ်တိုလာသည်နှင့် ထိုရပ်ထားသော ကားအား ဓာတ်ပုံရိုက်ယူလိုက်သည်။ ကျွန်တော်ဓာတ်ပုံရိုက်တာမြင်မှ ကားမှာ မောင်းထွက်သွားသည်။




ထို့ပြင်တ၀ သင်္ဃန်းကျွန်းဘက်မှ လမ်းများတွင်လည်း လူများ လမ်းလျှောက်ရန် ပလက်ဖောင်းများ လုပ်ပေးထားတာ မတွေ့ရ။ အိုဗျာ၊ ကျွန်တော် မရောက်ဖြစ်လို့နေမှာပါ။ ပလက်ဖောင်းမရှိသော ကားလမ်းများ ရန်ကုန်တွင် အတော်များပါလိမ့်မည်။ ကျွန်တော်တို့ တိုင်းပြည်တွင် လူကို လူလိုတန်ဘိုးထားရကောင်းမှန်း မသိပါ။ သေတာတောင် ကံမကောင်းလို့သေတာ လုပ်လိုက်ပါသေးသည်။ လူအသုံးမကျတာတော့ ထည့်မတွက်။

သည်အခြေအနေမှာ ကျွန်တော်ပြန်တိုင်း တွေ့နေရသည့် မရိုးနိုင်သော မြင်ကွင်းများ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သည်မင်း၊ သည်စိုး၊ သည်သူခိုးများလက်က မည်သည့်အခါမှ လွတ်ပါမည်နည်း။

(၄) မြွေဆိပ်ဖြေဆေး လှူဒါန်းပွဲ

မြန်မာပြည်မှ တောင်သူများအတွက် စင်ကာပူရှိ ပရဟိတအဖွဲ့များ စုပေါင်းကာ မြွေဆိပ်ဖြေဆေးလှူဒါန်းတာ ယခုဆို ၅ ကြိမ်ရှိပါပြီ။ တစ်ခါလှူလျှင် စင်းဒေါ်လာ တစ်သောင်းကျော် ရ၏။ ယခုတစ်ကြိမ်တွင် စင်ကာပူမှ ကောက်ခံရရှိငွေ စင်းဒေါ်လာ ၁၂၃၇၆ (မြန်မာငွေ ကျပ် ၉၈ သိန်း ၅ သောင်း ၇ ထောင် ၈ ရာ) ရပါသည်။ မြန်မာနိုင်ငံတွင်လည်း ထည့်ဝင်လှူဒါန်းကြရာ ဒီဇင်ဘာ ၁၉ ရက်နေ့ထိ အလှူငွေ ၂၃ သိန်းခွဲ ရပါသည်။ ထို့ပြင် မြွေဆိပ်ဖြေဆေးလှူဒါန်းသည့်နေ့တွင်ပင် နောက်ထပ် ထည့်ဝင်လှူဒါန်းငွေ ၁၂ သိန်းခွဲနီးပါး ထပ်မံ ရရှိပါသေးသည်။ အားတက်သရော ပါဝင်လှူဒါန်းသူအားလုံးကို အထူးကျေးဇူးတင်ပါသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလှူအတန်းရက်ရောသည့်နေရာ၌ ထိပ်ဆုံးနားက ပါနေသည်မဟုတ်လော။

အရေးထဲ ဆေးက ပြဿနာတက်နေရသေးသည်။ လှူမှာက တနင်္ဂနွေ၊ ဆေးက အင်္ဂါနေ့မှရောက်မည် ဆို၏။ ထို့ကြောင့် ကျွန်တော်က လှူမည့်ရက်ကို ပြောင်းခိုင်းလိုက်သည်။ သို့တိုင် ကိုစိုးသိန်းတို့က အချိန်မီဆေးရရန် ကြိုးပမ်းပေးသောကြောင့် တနင်္ဂနွေတွင်ပင် လှူဖြစ်ပါသည်။ သုံးလေးနေရာမှအပ အလှူခံထားသော နေရာများ စုံစုံလင်လင် တက်ရောက်လာကြပါသည်။ တက်လာသူများထဲမှ တစ်ဦးက ဆေးလှူသဖြင့် မည်မျှအကျိုးရှိကြောင်း သူတို့ကိုယ်တွေ့နှင့် ယှဉ်ပြောပြသွားလေရာ ကျွန်ုပ်မှာ အလွန်ဝမ်းသာပီတိ ဖြစ်ရပါ၏။ အနို့ မြွေကိုက်ခံရ၍ သေဘို့သေချာနေသူကို မြွေဆိပ်ဖြေဆေးဖြင့် သေတွင်းမှဆွဲထုတ်နိုင်လေရာ ကျွန်ုပ်တို့လှူလိုက်သော ဆေးဖြင့် လူတစ်ဦးတစ်ယောက် မျက်မြင်ဒိဋ္ဌ အသက်ရှင်သွားခြင်းထက် ကောင်းမြတ်သောအလုပ် မည်သည့်အလုပ် ရှိပါဦးမည်နည်း။

ထို့ပြင်တစ်ဝ မြွေကိုက်ခံရသူမှာ မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူ ဖြစ်ရကား ၎င်းအသက်မသေခြင်းသည် သူ့မိသားစုအတွက်ပါ များစွာ အကျိုးသက်ရောက်မှုရှိလေသည်။ လုပ်သားတစ်ဦး၏ အသက်ကိုကယ်လိုက်နိုင်ခြင်းသည် မြန်မာပြည် ကုန်ထုတ်တိုးရေး အတွက်ပါ အထောက်အကူပြုခြင်း မဟုတ်ပါလော။ (သာသာထိုးထိုးလေးရေးမှ၊ ဒါမှ နောက်နှစ်လဲ လှူချင်အောင်။)

တစ်နေရာလျှင် ဆေး ၂၃ လုံး၊ ၂၄ လုံးစီဖြင့် စုစုပေါင်း ၃၃ နေရာသို့ ဆေးလုံးရေ ၇၆၆ လုံး လှူလိုက်နိုင်ပါသည်။ ဒါတောင် နောက်တိုး အလှူငွေများ မပါသေးပါ။ မြွေကိုက်ခံရသူတစ်ဦးကို ဆေး ၄ လုံးပဲထားပါဦး။ အနည်းဆုံး လူ ၁၉၀ လောက်အတွက် ကောင်းကောင်း လောက်သည်။ ဆိုလိုသည်မှာ ယခု လှူဒါန်းလိုက်သောဆေးဖြင့် လူ ၁၉၀ ၏ အသက်ကို ကယ်နိုင်ပါလိမ့်မည်။ မနည်းလှပါ။ 










သည်စာရင်းထဲတွင် စင်ကာပူတုံးက မြန်မာငွေကျပ်တစ်သောင်း လှူလိုက်သော U Hayne San+Daw Hla Yin မပါပါ။ ကျွန်တော် မေ့နေသောကြောင့် ဖြစ်ပါသည်။ ပြန်ခါနီးမှ ကိုစိုးသိန်းကို လာယူဘို့ ဖုံးဆက်ရသည်။ အလုပ်ရှုပ်သွားသဖြင့် မေ့သွားတာ ခွင့်လွှတ်ပါ ခင်ဗျား။ လက်ကျန်အလှူငွေများနှင့် ပေါင်းထည့်လိုက်ပါသည်။

အကျွေးအမွေးဖြင့် ဧည့်ခံရေးကို မသိင်္ဂီတို့ Save The Aged အဖွဲ့မှ တာဝန်ယူပါသည်။








မြွေဆိပ်ဖြေဆေးလှူဒါန်းပွဲပြီးတော့ ကျွန်တော်တို့မိတ်ဆွေတစ်သိုက် လမ်းထိပ်မှ လဖက်ရည်ဆိုင်တွင် စားကြ သောက်ကြ၊ ပြောကြ ဆိုကြ၊ ရယ်ကြမောကြနှင့် ပျော်စရာကောင်းလှပါ၏။



ဆက်ပါဦးမည်။

အေးငြိမ်း
၁၆ ဇန်န၀ါရီ။ ၂၀၁၅။ ည ၉း၃၄ နာရီ