Tuesday, November 26, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၃၈)

၈၊ ၁၂။ အပူရှပ်ခြင်း၊ အပူလွန်ကဲခြင်း၊ အပူငုပ်ခြင်း (Heat Stress, Heat Stroke, Heat Cramp)

            ဆောက်လုပ်ရေးလုပ်ငန်း အတော်များများမှာ ပြင်ပနေပူထဲတွင် လုပ်ရခြင်းဖြစ်သည်။ နေပူထဲတွင်အလုပ်လုပ်ရသူများအနေနှင့် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသောရေဓာတ်ကြောင့် အပူမှဖြစ်သော ရောဂါဘယများ ဖြစ်တတ်သည်။ အခန့်မသင့်လျှင် အသက်ဆုံးသည်ထိ အန္တရာယ်များပါသည်။ ထို့ကြောင့် နေပူထဲ၌ အလုပ်လုပ်ရသူများအတွက် အပူရှပ်ခြင်း၊ အပူလွန်ကဲခြင်း၊ အပူငုပ်ခြင်းတို့ မဖြစ်ရလေအောင် အစီအမံများ ရေးဆွဲဆောင်ရွက်ရပါမည်။
            နေပူထဲတွင်အလုပ်လုပ်သူများ ဖြစ်တတ်သည့် အခြား ရောဂါလက္ခဏာများမှာ လက်ဖ၀ါးများမှ ချွေးစီးများထွက်ခြင်း၊ အန္တရာယ် ကင်းမျက်မှန်တွင် မြူမှုန်တို့ဖြင့် ၀ါးလာခြင်း၊ ခေါင်းမူးခြင်း စသည်တို့ဖြစ်သည်။ အသက်ကြီးသူများ၊ အလွန်ဝသူများ၊ သွေးဖိအားမြင့်ရောဂါ ရှိသူများ၊ နှလုံးရောဂါရှိသူများအနေနှင့် အပူဒဏ်ကို အခြားသူများထက် ပိုခံရသဖြင့် ပိုအန္တရာယ်ရှိသည်။ ထိုသူများကို အထူးဂရုစိုက်ရပါမည်။  

၈၊ ၁၂၊ ၁။ အပူကြောင့် သတိမေ့မြောခြင်း (Heat Stroke)

            နေပူလွန်ခြင်းကြောင့် ဖြစ်သောရောဂါများတွင် အများဆုံးမှာ အပူကြောင့် သတိမေ့မြောခြင်း (Heat Stroke) ဖြစ်ပြီး အန္တရာယ် အကြီးဆုံးလည်း ဖြစ်ပါသည်။ အပူကြောင့် ခန္ဓာကိုယ်သည် ၎င်း၏အပူချိန်ကို မထိန်းနိုင်တော့သောအခါ ကိုယ်အပူချိန် အလွန်လျှင်မြန်စွာ မြင့်တက်လာသည်။ ချွေးလည်းခန်းသွားသည်။ ချွေးမထွက်တော့သဖြင့် ခန္ဓာကိုယ်ကို အေးအောင်မလုပ်နိုင်တော့ပေ။ အချိန် ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်းမှာပင် ကိုယ်အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် သည့်ထက်ပိုမြင့်လာတတ်သည်။ အချိန်မီ ကုသမှုမပေးနိုင်လျှင် တစ်သက်စာ မသန်မစွမ်းဖြစ်နိုင်သလို အသက်ပင်ဆုံးရှုံးနိုင်ပါသည်။

ရောဂါလက္ခဏာများ

Ø ကိုယ် အလွန်ပူလာသည်။ အရေပြားများ ခြောက်သွေ့လာသည် သို့မဟုတ် အလွန်အမင်း ချွေးထွက်လာသည်။
Ø အာရုံများထွေပြားလာခြင်း
Ø ချမ်းတုန်လာခြင်း
Ø ခေါင်း တစ်ဒုတ်ဒုတ်ကိုက်ခဲခြင်း
Ø ကိုယ်အပူချိန် အလွန်မြင့်တက်လာခြင်း
Ø ခေါင်းမူးလာခြင်း၊ မျက်လုံးများ ပြာဝေလာခြင်း
Ø စကားကောင်းစွာ မပြောနိုင်တော့ခြင်း၊ စကားမပီတော့ခြင်း

ရှေးဦးသူနာပြုစုနည်းများ

Ø ဖုံးနံပါတ် ၁၉၉ ကိုနှိပ်ပြီး အရေးပေါ်ကားခေါ်ပါ။
Ø ထိုအလုပ်သမား၏ ကြီးကြပ်ရေးမှူးနှင့် မန်နေဂျာများကို အကြောင်းကြားပါ။
Ø အလုပ်သမားကို အရိပ်ထဲသို့ အမြန်ရွှေ့ပါ။
Ø တစ်ကိုယ်လုံးကို ရေဖြိုလောင်းချပါ။
Ø ရေများများမရနိုင်လျှင် အ၀တ်အစားအားလုံးကို ရေရွှဲရွှဲစိုသွားသည်ထိ လောင်းပေးပါ။
Ø ထို့နောက် ပန်ကာဖြင့်လေမှုတ်ပေးပါ။ ပန်ကာမရှိလျှင် ယပ်ခပ်ပေးပါ။
Ø လူနာအခြေအနေကိုကြည့်ပြီး အမြန်ဆုံးဆေးရုံပို့ပါ။

ရှောင်ရန်

Ø လူနာကို ဆားမပေးပါနှင့်။
Ø သက်သာသွားပြီဆိုပြီး ချက်ချင်း အလုပ်ထဲပြန်မသွားခိုင်းပါနှင့်။

၈၊ ၁၂၊ ၂။ အပူကြောင့် အလွန်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)

            နေအပူကြောင့် ခန္ဓာကိုယ်မှ ရေနှင့် ဆားဓာတ်အများအပြားဆုံးရှုံးသွားလျှင် ဖြစ်တတ်သည်။ အထူးသဖြင့် ချွေးအလွန်ထွက်တတ် သူများတွင် အဖြစ်များသည်။ အသက်ကြီးသူများ၊ အလွန်ဝသူများ၊ သွေးဖိအားမြင့်ရောဂါ ရှိသူများတွင် အဖြစ်ပိုများသည်။

ရောဂါလက္ခဏာများ

Ø အလွန်အမင်း ချွေးထွက်လာခြင်း
Ø အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
Ø ခေါင်းမူးလာခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးများ ပြာဝေလာခြင်း
Ø မအီမသာဖြစ်၊ ပျို့အန်ချင်လာခြင်း
Ø စိုထိုင်း၊ စေးထန်းလာခြင်း
Ø ဖြူဖတ်ဖြူလျော်ဖြစ်လာခြင်း
Ø အသက်ရှုနှုန်း အားနည်းပြီး မြန်လာခြင်း
Ø နှလုံးခုန်နှုန်း မြန်လာခြင်း
Ø ကိုယ်အပူချိန် အနည်းငယ်မြင့်တက်လာခြင်း
Ø ကြွက်တက်ခြင်း
Ø ဆီးအရောင်ညိုညစ်ညစ်ဖြစ်လာခြင်း (ခန္ဓာကိုယ်အတွင်း ရေခန်းခြောက်သည့်လက္ခဏာ)

ရှေးဦးသူနာပြုစုနည်းများ

Ø အလုပ်သမားကို အရိပ်ထဲသို့ အမြန်ရွှေ့ပါ။ အဲယားကွန်းရှိလျှင် အဲယားကွန်းခန်းတွင် နားနေပါစေ။
Ø အေပၚအက်ႌမ်ားကို ခြ်တ္ပါ။ တင်းကျပ်နေသော အ၀တ်အစားများ (အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်နှင့် ခါး) ကို လျှော့ပေးပါ။ ကြယ်သီးများဖြုတ်ပါ။
Ø အေးသော ရေ၊ အချိုရည်များကို နည်းနည်းချင်း၊ သောက်နိုင်သလောက် များများတိုက်ပါ။ (ကဖိန်းနှင့် အရက်ကိုမူ မတိုက်ရ။)
Ø ခေတ္တနားပြီး ခေါင်းမှဖြိုလောင်းကာ ရေချိုးပါစေ။
Ø ရနိုင်လျှင် ရေခဲအုပ်ထားသော အ၀တ်များဖြင့် အုံပေးပါ။
Ø ခြေထောက်ပိုင်းကို အနည်းငယ် မြှင့်ထားပါ။
Ø လူနာကိုထားပြီး တခြားထွက်မသွားပါနှင့်။

ပြန်လည်ကောင်းလာလျှင် ချက်ချင်း နေပူထဲထွက်လုပ်ခြင်းမှ ရှောင်ပါ။

၈၊ ၁၂၊ ၃။ အပူကြောင့် သွေးပေါင်ကျခြင်း၊ မူးမေ့ခြင်း (Heat Syncope)

            နေပူထဲတွင်အလုပ်လုပ်နေရသူများအဖို့ ကြာရှည်ထိုင်ရာမှ ရုတ်တရက်ထလျှင်၊ ကြာရှည်ရပ်နေရာမှ ရုတ်တရက်ထိုင်လျှင်၊ ကြာရှည်ထိုင်ရာမှ ရုတ်တရက်လဲလျောင်းလိုက်လျှင်၊ ကြာမြင့်စွာလျောင်းနေရာမှ ရုတ်တရက်ထထိုင်လိုက်လျှင် မူးကနဲ၊ မိုက်ကနဲ ဖြစ်သွားတတ်သည်။ အကြောင်းမှာ နေအပူရှိန်ကြောင့် ရေဓာတ်ခန်းခြောက်ခြင်းနှင့် ဆားဓာတ်လျော့နည်းခြင်းကြောင့်ဖြစ်၏။ 

ရောဂါလက္ခဏာများ

Ø မူးဝေမည်။
Ø ခေါင်းအနည်းငယ်ကိုက်မည်။
Ø အားနည်းကာ ဖြူဖျော့သွားမည်။

ရှေးဦးသူနာပြုစုနည်းများ

အထက်ပါရောဂါလက္ခဏာများပြပြီဆိုလျှင် ထိုအလုပ်သမားကို -
Ø အေးသောနေရာ၌ ထိုင်ခိုင်းထားပါ။ သို့မဟုတ် လျောင်းနေပါစေ။
Ø ရေ၊ အအေး၊ အချိုရည် စသည်တို့ကို ဖြည်းညင်းစွာတိုက်ပါ။

၈၊ ၁၂၊ ၄။ အပူကြောင့် ကြွက်တက်ခြင်း (Heat Cramps)

            အင်အားသုံးပြီးအလုပ်လုပ်ရသည့် အလုပ်သမားများတွင် အဖြစ်များသည်။ နေပူထဲတွင် အင်နှင့်အားနှင့်လုပ်ရခြင်းကြောင့် ချွေးထွက်လွန်ကာ ရေနှင့် ဆားဓာတ်များဆုံးရှုံးသွားသည်။ ထိုရေဓာတ်ကို အချိန်မီ အစားပြန်မထိုးနိုင်လျှင် ဆားဓာတ်ဆုံးရှုံးသောကြောင့် လက်မောင်း၊ ၀မ်းပိုက်၊ ခြေသလုံးကြွက်သားများ ကြွက်တက်ရခြင်းဖြစ်သည်။ ထို့ထက် ပိုပြင်းထန်လာပါက အပူကြောင့် သတိမေ့မျောခြင်း (heat stress) ပါ ဖြစ်သွားနိုင်သည်။

ရောဂါလက္ခဏာများ

လက်မောင်း၊ ၀မ်းပိုက်၊ ခြေသလုံးကြွက်သားများ နာကျင်သည်။ ကြွက်တက်သည်။

 ရှေးဦးသူနာပြုစုနည်းများ

Ø အလုပ်ကိုချက်ချင်းရပ်ပါ။ အေးသောအရိပ်ထဲတွင် ထိုင်ခိုင်းထားပါ။
Ø ရေ၊ အချိုရည်၊ သစ်သီးဖျော်ရည်၊ အအေး စသည်တို့ကို ၁၅ မိနစ်၊ မိနစ် ၂၀ ခြားတစ်ခါ တိုက်ပါ။
Ø ပြန်လည်ကောင်းလာသည့်တိုင် ချက်ချင်း အလုပ်ပြန်မလုပ်ခိုင်းပါနှင့်ဦး။
Ø အကယ်၍ အလုပ်သမားတွင် နှလုံး၊ ဆီးချို စသောရောဂါများရှိလျှင်၊ ကြွက်တက်ခြင်းသည် တစ်နာရီအတွင်း သက်သာမသွားလျှင် ဆရာဝန်ထံ ပြပါ။

၈၊ ၁၂၊ ၅။ အပူကြောင့် အင်ပြင်များထွက်ခြင်း (Heat Rash)

            အလွန်အမင်း ချွေးထွက်သဖြင့်သော်လည်းကောင်း၊ စိုထိုင်းသောရာသီဥတုတွင် ချွေးထွက်သဖြင့်သော်လည်းကောင်း အရေပြား ယားယံသဖြင့် ကုတ်ရာမှ အင်ပြင်ကဲ့သို့ အဖုအပိမ့်များထွက်လာတတ်သည်။

ရောဂါလက္ခဏာများ

လက်မောင်း၊ လည်ပင်း၊ ကုပ်ပိုး၊ ရင်ဘတ်အထက်ပိုင်း၊ တတောင်ဆစ်နားတစ်ဝိုက်တို့တွင် အနီရောင် အဖုအပိန့်များထွက်သည်။

ရှေးဦးသူနာပြုစုနည်းများ

ဤကဲ့သို့ လက္ခဏာများပြလာသည့် အလုပ်သမားများကို ပို၍အေးသောနေရာ၊ အရိပ်အောက်၊ စိုထိုင်းဆနည်းသည့်နေရာများသို့ ပြောင်းရွှေ့လုပ်ခိုင်းပါ။
အဖုအပိန့်များကို ခြောက်သွေ့သွားအောင် အ၀တ်စသန့်သန့်ဖြင့် သုတ်ပေးပါ။
ပေါင်ဒါမှုန့်ဖြူးပေးခြင်းဖြင့် အယားအယံသက်သာစေပါသည်။

အကြံပြုချက်များ

Ø နေပူထဲတွင် တောက်လျှောက်လုပ်နေမည့်အစား အရိပ်တွင်းဝင်၍ မကြာခဏ နားပေးပါ။ ဖြစ်နိုင်လျှင် အမိုးလုပ်ပေးပါ။
Ø ချည်ထည်များကို ၀တ်ပါ။ နိုင်လွန်ထည်များကို ရှောင်ပါ။
Ø အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့အ၀တ်များဝတ်ပြီး အနက်ရောင် သို့မဟုတ် အရောင်ရင့်ရင့်အ၀တ်များကို ရှောင်ပါ။
Ø တင်းကျပ်သော အ၀တ်များမ၀တ်ပါနှင့်။
Ø နှုတ်ခမ်းသားအပြားကြီးသော ဦးထုပ်များဆောင်းပါ။
Ø လုပ်ငန်းမစမီ ရေများများသောက်ပါ။
Ø အလုပ်လုပ်သည့်နေရာနှင့် မလှမ်းမကမ်းတွင် နားနေရန်နေရာများ လုပ်ပေးပါ။
Ø အင်အားသုံး၍လုပ်ရမည့် အလုပ်များကို နံနက်စောစော သို့မဟုတ် ညနေစောင်း နေအေးသည့်အချိန်များတွင် လုပ်ပါ။
Ø အင်အားသုံး၍လုပ်ရမည့် အလုပ်များတွင် လူအင်အားများများသုံးပြီးလုပ်ပါ။
Ø အလုပ်လုပ်သည့် အနီးအနားတွင် သောက်ရေဘူးများ ထားပေးပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ကြာတိုင်း ရေတစ်ခွက်သောက်ပါ။
Ø အရက်သောက်သုံးခြင်း၊ ကဖိန်းနှင့် ဆိုဒါ၊ အချိုရည်များများ သောက်သုံးခြင်းတို့မှ ရှောင်ကြဉ်ပါ။
Ø နားချိန်၊ ရေသောက်ချိန် သီးသန့်သတ်မှတ်ထားပေးပါ။
Ø အပူဒဏ်မခံနိုင်သည့်လုပ်သားများကို ဂရုတစိုက် စောင့်ကြည့်ပါ။
Ø နေပူထဲတွင် အလုပ်လုပ်ရမည့်သူများအား ဂရုစိုက်ရမည့် အချက်များကို သင်ကြားပေးပါ။
Ø အပူလွန်သူများအား မည်ကဲ့သို့ပြုစုရမည်ဟူသည့် ရှေးဦးသူနာပြုသင်တန်းများ ပေးပါ။
v အပူကြောင့်ဖြစ်နိုင်သည့် အန္တရာယ်
v ကာကွယ်ရမည့်နည်းများ
v အပူကြောင့်ရသော ရောဂါလက္ခဏာများ
v ရှေးဦးပြုစုနည်းများ


ရည်ညွှန်းစာအုပ်စာတမ်းများ

၁။ http://www.cdc.gov/niosh/
၃။ Association of Farmworker Opportunity Programs, USA - Heat Stress Trainer Guide
၎။ HSE UK – Heat Stress
၅။ HSE UK – Heat Stress in the Workplace
၆။ OSHA Fact Sheet – Protecting Workers from the Effects of Heat
၇။ OSHA 3154 – Heat Stress
၈။ Workers’ Compensation Board of B.C – Preventing Heat Stress at Work


ဆက်ပါဦးမည်။

အေးငြိမ်း

၂၆၊ ၁၁၊ ၂၀၁၃။ ည ၁၀း၄၀ နာရီ

စိတ်မရှည်ခြင်း

မနေ့က (၂၅-၁၁-၂၀၁၃) သင်တန်းသွားတော့ မိုးရွာနေသည်။ သည်းသည်းမည်းမည်း မဟုတ်တောင် အတော် ရွာနေတာဖြစ်၏။ လက်ပ်တော့ထည့်ထားသည့် ၅ ကီလိုလောက်လေးသည့် အိတ်ကတစ်ဖက်၊ သင်တန်းစာရွက်စာတမ်းများ ထည့်ထားသည့် ၃ ကီလိုလောက်လေးသည့် အထုပ်ကတစ်ဖက်၊ ထီးကတစ်ဖက်နှင့်ဆိုတော့ ကသီလင်တ နိုင်လှ၏။
            ၁၅ မိနစ်လောက် စောနေသေးတာတစ်ကြောင်း၊ မိုးရွာနေတာတစ်ကြောင်းကြောင့် ၃ - ၄ ယောက်မျှသာ ရောက် သေး၏။ သင်တန်းစရန် စောနေသေးသောကြောင့် ထွေရာလေးပါးများ ပြောကြသည်။
            သင်တန်းဆရာမဖြစ်သူ ကာလာက လူများစိတ်မရှည်နိုင်ပုံအကြောင်း ပြော၏။ သူပြောပြတာ ပြန်ပြောင်း ဖောက်သည်ချပါမည်။ (သည်အကြောင်း မိတ်ဆွေများသိပြီးဖြစ်ပါ၏။ သို့သော် ပြောချင်တာ မပြောလိုက်ရလျှင် ထမင်းစားပျက်တတ်သည့် ကျွန်ုပ်ဝါသနာကြောင့် ပြန်ပြောင်းပြောပြရခြင်းဖြစ်ပါ၏။)

            ခုလိုမိုးများရွာနေရင်ကွာ၊ လမ်းတွေပိတ်ပြီး အင်မတန် စိတ်ပျက်စရာကောင်းတာပဲ။ ပိုပြီးစိတ်ပျက်စရာ ကောင်းတာက လူတွေရဲ့ စိတ်မရှည်နိုင်မှုပဲ။
ဟိုတလောက ငါ အိမ်ပြန်တော့ မီးပွိုင့်တစ်ခုမှာ မီးနီမိတယ်။ ငါက ကွေ့မှာဆိုတော့ အတွင်းလမ်း ကစောင့်တာပေါ့။ မီးစိမ်းသွားတော့ ကွေ့ဘို့ကို ဟိုဘက်ကားတွေရှင်းအောင် စောင့်ရတယ်။ အဲဒီမှာ မျက်နှာချင်းဆိုင်ဘက်က လာနေတဲ့ ကားတစ်စီးက  ဖြည်းဖြည်းမောင်းလာတယ်။ အတင်းကွေ့မယ်ဆိုရင် ကွေ့လို့ရတဲ့အခြေအနေပဲ။ ဒါပေမဲ့ ငါက အဲဒီကား လွန်သွားတဲ့ထိ စောင့်တယ်။ အဲဒါကို စိတ်မရှည်နိုင်တဲ့ ငါ့နောက်က ကားက ဟွန်းတအားတီးတယ်။ နေပါဦးကွာ အဲဒီကား လွန်သွားတဲ့ထိ ဘယ်နှမိနစ်စောင့်ရမှာမို့လဲ။ အဲဒါလေးတောင် မစောင့်နိုင်ဘူးလား။
ငါ သူတို့ကို နောက်ကြည့်မှန်က နေ သေသေချာချာ ကြည့်မိတယ်။ ဘယ်လိုလူတွေလဲပေါ့ လို့။ ငါကြည့်နေတုံးပဲ ဟိုကားက ကျော်သွားတယ်။ အဲဒီတော့ သူတို့က ပို စိတ်မရှည်ဖြစ်လာပြီး ဟွန်းကို တအားတီးတော့တာပဲ။ ငါလဲနည်းနည်း ဘီးလှိမ့်လိုက်လို့ ထွက်စရာနေရာရသွားရော အဲဒီကားက ငါ့ကိုကျော်တက်ပြီး အတင်းရောကာရော မောင်းတာပဲ။ ဒါပေမဲ့ ရှေ့မီးပွိုင့်ကျတော့ သူနဲ့ငါ ဘေးချင်းယှဉ်ရက် ဖြစ်သွားပြန်တယ်။ အဲဒီမှာတင် သူတို့က မှန်ကိုချပြီး ငါ့ကို မနိုင့်ရင်ကာ ပြောတာပဲ။ နေပါဦး၊ အခုကော ဘာပိုထူးသွားသလဲ လို့ ငါလည်း ပြန်မေးလိုက်တယ်။ အောင်မယ်၊ သူတင်အားမရလို့ သူ့မိန်းမ ကပါ ခေါင်းထွက်လာပြီး အတင်းပြောပါရောလား။
ဟိုကားကို မစောင့်ဘဲ ငါအတင်းမောင်းထွက်ပါပြီတဲ့ကွာ၊ ဘယ်နှမိနစ် ပိုစောသွားမလဲတဲ့။ ထားပါတော့ကွာ။ အများဆုံးကြာ စက္ကန့် ၂၀ ပေါ့။ တကယ်ဆို စက္ကန့် ၂၀ တောင် မကြာဘူး။ ဒီစက္ကန့် ၂၀ စောသွားလို့ ဘာအကျိုးတွေ ပိုရလာ မလဲ။ ဒါပေမဲ့ ငါ အဲဒီလို အတင်းလုထွက်လို့ ဟိုဘက်က ကားနဲ့သာ ခေါင်းချင်းဝင်တိုက်ရင် ကားပျက်လို့ ကုန်လိုက်မဲ့ပိုက်ဆံ။ အဲဒီနေရာမှာတင် ရဲခေါ်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် အချေအတင်စကားများရမယ်၊ ကားကိုလည်း ကားပြင်ဆိုင် ပို့ရမယ်၊ အလုပ်တွေလည်းများ၊ ပိုက်ဆံနဲ့ အချိန်တွေလည်း အများကြီးကုန်မသွားပေဘူးလား။ သေချင်တောင် သေသွားနိုင် တယ်။ အဲဒီပိုက်ဆံတွေ၊ အချိန်တွေ၊ ရုံးရောက်ဂါတ်ရောက်ကိစ္စတွေ၊ စိတ်ညစ်ရမှုတွေကို ဒီ စက္ကန့် ၂၀ နဲ့ လဲမလား။ ငါ အဲဒီလူတွေကို နားကို မလည်နိုင်ဘူး။ ဒါပေမဲ့ ကားမောင်းတဲ့သူအများစုကတော့ အဲဒီအတိုင်းပဲ။ မီးနီခါနီးပြီဆို ကားကို အရှိန်မြှင့်ပြီ။ ဒီမီးနီသွားတာစောင့်လိုက်လို့ မင်း ဘယ်လောက် ပိုကြာသွားမလဲ။
            လမ်းလျှောက်တဲ့သူတွေကို သတိပေးလိုက်ပါကွာ။ ကားလေးဘီးလုံးမရပ်သရွေ့ လမ်းဖြတ်မကူးပါနဲ့လို့၊ အင်မတန် အန္တရာယ်များတယ်။

သည်တော့ ဓာတ်ဆီဆိုင်မန်နေဂျာဆိုသူ တရုတ်မကလေးက ဖြည့်စွက်ပြောပါသည်။   
            တခြားနေရာတွေမှာ စိတ်မရှည်ချင်နေပါ။ ဓာတ်ဆီဆိုင်လာရင်တော့ စိတ်ရှည်လက်ရှည် ကားကိုရပ်မှရမယ် ဟု ဆို၏။ ဘယ့်နှာကြောင့်များလဲကွယ် ဟု ၀ိုင်းဝန်းစပ်စုကြလေသော် သူက ဓာတ်ဆီဆိုင်ဟူသည် မီးပွားအနည်းငယ်မှ ထွက်လို့မရသည့်နေရာဖြစ်သည့်အတွက် ဘာပစ္စည်းနှင့်မှ မတိုက်မိစေရန် ဒဏ်ငွေကြီးကြီး ဆောင်ခိုင်းကြောင်း ပြောပြ ပါသည်။
             တစ်ခါက ကားတစ်စီး ချိတ်ကလေးတစ်ခုကို ၀င်ပွတ်သဖြင့် ချိတ်လိမ်သွားရာ ဒဏ်ငွေ ၃၀၀ ဆောင်လိုက်ရကြောင်း ပြောပြ၏။ ထိုအခါ ကာလာက ဟဲ့၊ ဆိုင်အပြင်မှာ ဒါတွေ ဒီလိုဖြစ်နေတာ မင်းတို့ ဘယ့်နှယ်သိသလဲဆိုလေသော် ငါတို့ဆိုင် ပတ်ပတ်လည်မှာ high resolution CCTV တွေ အပြည့်တပ်ထားတယ် ဆိုလေ၏။ မှတ်ကရော့။
            တစ်ခါကလည်း ဘေးနားမှ ကန်တင်းတွင် ထမင်းလာစားသော ကားတစ်စီး ဓာတ်ဆီဆိုင်အတွင်း ၀င်ရပ်ရာ လောကြီး ပြီးနောက်ဆုတ်ရာတွင် နောက်မှ သတိပေးဆိုင်းဘုတ်ကို ၀င်တိုက်မိ၍ ဆိုင်းဘုတ်ယိုင်သွားသဖြင့် ဒဏ်ငွေ ၆၀၀ ဆောင်ခဲ့ရဖူး ကြောင်း၊ ဆီထည့်သည့် နေရာမှ ဆိုင်းဘုတ်များဆိုလျှင် အလွန်အန္တရာယ်များကြောင်း၊ ဆိုင်းဘုတ်ကို ခြစ်မိလျှင် သူတို့က ဆိုင်းဘုတ်ကိုလဲတာမဟုတ်ဘဲ စတေရှင်ကြီးတစ်ခုလုံးလဲတာဖြစ်သဖြင့် ၃ သောင်းမှ ၈ သောင်းထိ ကျကြောင်း ပြောပြလေရာ ကျွန်ုပ်မှာ မဆီနှင့်မဆိုင် အဲဒါတွေကြောင့် ငါ ကားမ၀ယ်တာဘဲ ဟု (စိတ်ထဲတွင်) အသားလွတ် ကြိမ်းဝါးမိသောဟူ၏။

            ကျွန်တော်နည်းနည်းထပ်ဖြည့်ပါမည်။ လမ်းဖြတ်ကူးရန် ကျွန်တော်တို့မီးနီစောင့်နေစဉ် ကားများရပ်တာ သတိထားမိ ပါလိမ့်မည်။ အချို့ကားများမှာ မီးနီခါနီး အတင်းဖြတ်မောင်းလာသဖြင့် လူကူးသည့်မျဉ်းများပေါ်ကျော်လာကာ လူသွားလမ်းကို ကန့်လန့်ဖြတ် ဖြစ်သွားသည်။ လမ်းကူးသူများမှာ ထိုကားများကို ကွေ့သွားရသဖြင့် ကားလမ်းမပေါ် ရောက်သွားသည်။ ထိုသူများမှာ မီးစိမ်းသွားသည့်ဘက်မှ လမ်းနှင့်အပြိုင်ကူးရသဖြင့် မီးစိမ်းသွားသဖြင့် ဒရကြမ်းမောင်းလာသည့် ကားများ၏ အန္တရာယ်ကို ပွတ်ကာသီကာ ရှောင်တိမ်းသွားကြရသည်။
            ၎င်းတို့ လူသွားလမ်းပေါ် ကျော်ရပ်လိုက်ခြင်းဖြင့် မည်မျှ အကျိုးထူးပါသနည်း။ အများဆုံးရှိလှ ၄ မီတာပေါ့။ ထားပါ ၅ မီတာ။ ဘီးလေးငါးလိမ့်စာလောက်။ သည် ဘီးလေးငါးစီးစာလောက် ကျော်ရပ်လိုက်ခြင်းဖြင့် ၎င်းတို့၏အချိန်များ မည်မျှ သက်သာသွားပါသနည်း။
            သို့သော် ထိုကားများကို ရှောင်ကွင်းသွားရသဖြင့် လမ်းသွားလမ်းလာတစ်ဦးဦးကို တစ်ဖက်လမ်းမှကားက ၀င်ပွတ် သွားသည်ဆိုပါစို့။ ကိစ္စမများပါလား။ ကားတိုက်မှုဖြစ်ပြီဆိုကတည်းက အဘယ်မှာ ၄ - ၅ မိနစ်မျှနှင့် ပြီးပါမည်နည်း။ ဘာဒဏ်ရာမှ မရတောင် အနည်းဆုံးတော့ ရဲကိုခေါ်ရမည်။ အမှုဖွင့်ရမည်။ တိုက်သည့်ကားကို အခြားဘယ်နေရာသို့မျှ ရွှေ့လို့ မရသည့်အတွက် ကျန် ကားများအတွက်ပါ လမ်းပိတ်သွားလိမ့်မည်။
            ၂၀၁၂ ခုနှစ် မေလက စင်ကာပူတွင် ကားတိုက်မှုတစ်ခုဖြစ်သည်။ ဗစ်တိုးရီးယား လမ်းဆုံ (ဘူဂစ်စ် ဘူတာအနီး) တွင်ဖြစ်၏။ မွေးနေ့ လက်ဆောင်အဖြစ်ရထားသည့် အလွန်အင်မတန် ဈေးကြီးလှသော ဖာရာရီကိုမောင်းလာသော အသက် ၃၁ နှစ်ရှိ တရုတ်လူငယ်က မီးနီကို အတင်းဖြတ်အကူး တက္ကစီကို ၀င်တိုက်တာ ဖြစ်သည်။ ဘာမှအပြစ်မရှိသော တက္ကစီပေါ် ထိုင်လိုက်လာသူ အသက် ၄၁ နှစ်ရှိ ဂျပန်အမျိုးသမီးသေသွားသည်။ အရှိန်မည်မျှပြင်းသနည်းဆိုသော် တက္ကစီ၏အင်ဂျင်မှာ မီတာ ၃၀ လောက် အကွာသို့ပင် လွင့်စဉ်သွားခဲ့၏။
ကားနှစ်စီးလုံးမှ ကားမောင်းသူများကို စင်ကာပူမီးသတ်တပ်ဖွဲ့မှ အတင်း ဖြဲခွဲထုတ်ယူရသည် ဆို၏။ အသက် ၅၂ ရှိပြီဖြစ်သော တက္ကစီမောင်းသူမှာ ရုတ်တရက်သူ့ကိုယ်ပေါ် နတ်အ၀တ်အစားတွေ ရောက်လာတာကို ကျိုးကြည့်ကြောင်ကြည့် ဖြစ်ကာ ဟ- ဘာတွေဖြစ်ကုန်ပြီလဲဟ ဟု ရေရွတ်မိနေမည် ဖြစ်လေသည်။ ဘယ်က ကောင်မလေးမှန်းမသိကို ကားပေါ်တင် လာသူ တရုတ်မှာမူ အောင်မယ်လေး၊ ပူလှချည်ရဲ့ဗျ၊ ဒယ်အိုးထဲက အမြန်ထုတ်ပေးမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၄ သိန်း တန်တဲ့ ကျွန်တော့်ဖာရာရီကားရောင်းလို့ရသမျှ အကုန်ပေးပါ့မယ်ခင်ဗျ ဟု အာခေါင်ခြစ်ကာ အော်နေသဖြင့် အပေါ်မှ စောင့်နေသူ ငရဲသားက ဟဲ့အကောင်၊ ဘာခုမှကြောက်ပါပြီလဲ၊ တိတ်တိတ်နေစမ်း ဟု ခေါင်းကို တင်းပုတ်နှင့် ထုချလိုက်မှ ပုသွားလေတော့၏။
            သည်မီးနီမဖြတ်ဘဲ စောင့်လိုက်လျှင် မည်မျှနောက်ကျသွားမှာမို့ အတင်းရောကာရော ဖြတ်ရတာပါနည်း။ အမှန်က စောင့်၍ နောက်ကျမည့်အချိန်ကြောင့် ဟုတ်ချင်မှဟုတ်မည်ပေါ့။ ကားတိုက်ချိန်က မနက် ၄ နာရီဆိုတော့ ဒစ္စကိုတွင် အသားကုန်ကဲခဲ့တာ ဖြစ်ချင်ဖြစ်မည်။ ဘေးမှာကောင်မလေးကလည်း ပါလာတော့ ကြွားချင်တာလဲပါမည်။ ဟော်တယ်ကို ရောက်ချင်အလျင်လိုနေတာလည်း ဖြစ်ကောင်းဖြစ်မည်။ မည်သူသိနိုင်ပါမည်နည်း။

            မိတ်ဆွေများခင်ဗျား၊ ကားမောင်းသည့်အခါ စိတ်ရှည်ရှည်ဖြင့်မောင်းပါ။ ဘာကိုမှ အလျင်မလိုပါနှင့်။ အလျင်လို အနှေးဖြစ်တတ်ကြောင်း သတိထားကြစေလိုပါသည်။ မီးပွိုင့်တွင်လည်း လူကူးမီး မစိမ်းဘဲ မကူးပါနှင့်။ နှစ်မိနစ်၊ သုံးမိနစ် လောက်ကို မစောင့်နိုင်ပါက အထက်တွင်ပြောခဲ့သည့် တက္ကစီဒရိုင်ဘာကြီးလို ချက်ချင်းလက်ငင်း နတ်ဝတ်နတ်စားများ ကိုယ်ပေါ်ရောက်လာပါလိမ့်မည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၆ - ၁၁ - ၂၀၁၃။ ည ၉း၀၉ နာရီ

Sunday, November 24, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၃၇)

၈၊ ၁၁။ အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံ (Respiratory Protection Plan)

            ဆောက်လုပ်ရေးလုပ်ငန်းဟူသည် ယခုမှ အဆောက်အဦ စတင်ဆောက်လုပ်ခြင်းဖြစ်သဖြင့် မြေညှိခြင်း၊ မြေတူးခြင်း၊ မြေရှင်းခြင်း၊ အဆောက်အဦဟောင်းများကို ဖြိုဖျက်ရန်လိုပါက ကွန်ကရိခွဲခြင်း၊ နံရံ၊ ကြမ်းပြင်စသည်တို့ကို ဖြိုချခြင်း၊ ပိုင်ရိုက်ပြီးလျှင်လည်း ပိုင်ထိပ်ကို ဖြတ်ခြင်း၊ ခွဲခြင်း၊ ဘိလပ်မြေအိတ်များကို ဖောက်ခြင်း၊ ပလာစတာအဖြစ် ရောခြင်း၊ အမှိုက်သိမ်းခြင်း အစရှိသော လုပ်ငန်းများကို လုပ်ရ ပေရာ ထိုလုပ်ငန်းအားလုံးပင် ဖုန်၊ အမှုန်များထသော လုပ်ငန်းများဖြစ်၏။ ထိုအလုပ်များကို လုပ်ကိုင်နေရသော လုပ်သားများသည် ဖုံများကို ရှူရပေလိမ့်မည်။ သေချာစွာ အကာအကွယ်၊ အစီအမံများ လုပ်ပေးမထားပါက ကာလကြာလာသည့်အခါ ၎င်းတို့တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ အဆုတ်ရောဂါ၊ ပန်းနာရင်ကြပ်၊ ထို့ထက်ပိုဆိုးပါက အဆုပ်ကင်ဆာထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း မှ အလုပ်သမားများအတွက် အသက်ရှုလမ်းကြောင်းအန္တရာယ် ကာကွယ်ရေး အစီအမံများ ပြုလုပ်ပေးထားရန် လိုပါသည်။ လုပ်ငန်းခွင် အတွင်း လုပ်ကိုင်နေသူ ကန်ထရိုက်တာအားလုံးသည် ဤအစီအမံအတိုင်း လိုက်နာလုပ်ဆောင်ကြရန် လိုပါသည်။
            အလုပ်သမားများအနေနှင့် မိမိတို့အလုပ်လုပ်နေရသော ပတ်ဝန်းကျင်ရှိလေသည် မသန့်ရှင်း၊ ကျန်းမာရေးအတွက် ရှူရှိုက်ရန်
မသင့်တော်ဟု ယူဆပါက အသက်ရှူအထောက်အကူကိရိယာကို ၀တ်ဆင်ရန် အခွင့်အရေးရှိသည်။ ထိုလုပ်သားများအတွက် အလုပ်ရှင် သည် အသက်ရှူအထောက်အကူကိရိယာများ ထောက်ပံ့ပေးရမည်။

ထိရောက်သော အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံ အဆင့်ဆင့် အကောင်အထည်ဖော်ပုံ

၈၊ ၁၁၊ ၁။ အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံကို အကောင်အထည်ဖော်သူ ခန့်ထားခြင်း (Program Administrator)

အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံကို အကောင်အထည်ဖော်သူသည် ဤစီမံချက်အတွက် အဓိက တာဝန်ရှိသူ ဖြစ်သည်။ ၎င်းသည် အခြားသော အင်ဂျင်နီယာ၊ ကျန်းမာရေးအရာရှိ၊ ကြီးကြပ်ရေးမှုး စသည်တို့နှင့် တိုင်ပင်လျှက် ဤစီမံချက်ကို အကောင်အထည်ဖော်ရမည်။ ၎င်းသည် လုပ်ငန်းခွင်အတွင်းမှထွက်သော ဖုန်၊ အမှုန်များအကြောင်း ကောင်းစွာ နားလည်ရမည်။ မည်သည့်ဖုံများက သာမန်ဖုံများဖြစ်သည်။ အသက်ရှူလမ်းကြောင်းအတွက် သိပ်အန္တရာယ်မဖြစ်။ မည်သည့်ဖုံများ၊ မီးခိုးများက အဆုပ်ကင်ဆာ ဖြစ်စေနိုင်သည်။ မည်သည့် ဓာတုဆေးများက မည်သည့်ဓာတ်ငွေ့ ထုတ်ပေးပြီး ထိုဓာတ်ငွေ့က ကျန်းမာရေး အတွက် မည်မျှ အန္တရာယ်ရှိသည်။ ထို အန္တရာယ်ကို မည်ကဲ့သို့ကာကွယ်ရမည်၊ လုပ်ငန်းခွင်အတွင်းမှ ထွက်လာသည့် ဖုံ၊ အမှုန်၊ ဓာတ်ငွေ့များကို မည်သည့်နည်းများဖြင့် ထိန်းချုပ် နိုင်သည် အစရှိသည်တို့ကို သေသေချာချာ၊ ဂဃနဏ သိထားရန်လိုပါသည်။

၈၊ ၁၁၊ ၂။ ကြီးကြပ်ရေးမှူး၏ တာဝန်နှင့်ဝတ္တရားများ

            ကြီးကြပ်ရေးမှူးသည် မိမိတာဝန်ယူရသည့် လုပ်သားများ အသက်ရှူအထောက်အကူကိရိယာများအား သေချာစွာ ၀တ်မ၀တ်။ ထို ပစ္စည်းများ ကောင်းမကောင်း စစ်ဆေးရန်၊ မကောင်းသည့်၊ ကောင်းကောင်းအလုပ်မလုပ်တော့သည့် အသက်ရှူအထောက်အကူကိရိယာများ ကို အသစ်ဖြင့် အစားထိုးလဲလှယ်စေရန် ဆောင်ရွက်ပေးရပါမည်။ မိမိအလုပ်လုပ်နေသည့် နေရာတွင် မည်သည့် အသက်ရှူ အထောက်အကူ ကိရိယာ ၀တ်ဆင်ရန်သင့်တော်သည်ကိုလည်း အကဲဖြတ်တတ်ရမည်။ အစီအမံ အကောင်အထည်ဖော်သူ (program administrator) နှင့် တိုင်ပင်လျှက် လိုအပ်သည်တို့ကို ပံ့ပိုးပေးရမည်။

၈၊ ၁၁၊ ၃။ အလုပ်သမားများ တာဝန်နှင့်ဝတ္တရားများ

            အလုပ်ရှင်က ပံ့ပိုးပေးသော သင်တန်းနှင့် fit test ကို တက်ရောက်ကာ ကောင်းစွာနားလည်အောင် လေ့လာရမည်။ လိုအပ်သည့် နေရာများ၌ အသက်ရှူ အထောက်အကူကိရိယာကို ၀တ်ဆင်ရမည်။ အသက်ရှူ အထောက်အကူကိရိယာ မကောင်းတော့ပါက မိမိ၏ ကြီးကြပ်သူကို အကြောင်းကြားရမည်။ အကယ်၍ အသက်ရှူ အထောက်အကူကိရိယာဝတ်ထားစဉ် မသက်မသာခံစားလာရပါက မိမိ၏ ကြီးကြပ်သူကို ချက်ချင်း အကြောင်းကြားရမည်။ မိမိအား ထုတ်ပေးထားသော အသက်ရှူ အထောက်အကူကိရိယာကို ရိုရိုသေသေ သုံးစွဲပြီး နေ့စဉ် သန့်ရှင်းရေးလုပ်ရမည်။ ကောင်းမွန်စွာ သိုမှီးသိမ်းဆည်းထားရမည်။

၈၊ ၁၁၊ ၄။ အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေး အစီအမံတွင် အောက်ပါတို့ ပါဝင်ရမည်။

၁။ လုပ်ငန်းတစ်ခုချင်းအလိုက် ရေးဆွဲထားသော လုပ်ငန်းအစီအစဉ်များရှိရမည်။
၂။ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ အသက်ရှူ အထောက်အကူကိရိယာ ရွေးချယ်ခြင်း အစီအစဉ်
၃။ အသက်ရှူအထောက်အကူကိရိယာ ၀တ်ဆင်ပုံ သင်တန်းပေးခြင်း အစီအစဉ်
၎။ လေလုံမလုံ စမ်းခြင်း (Fit Test) အစီအစဉ်
၅။ အသက်ရှူအထောက်အကူကိရိယာကို စစ်ဆေးနည်း၊ သန့်ရှင်းရေးပြုလုပ်နည်း၊ ထိန်းသိမ်းနည်း၊ သိမ်းဆည်းနည်း အစီအစဉ်
၆။ လုပ်ငန်းမှ ထုတ်လွှတ်လိုက်သည့် အမှုန် သို့မဟုတ် ဓာတ်ငွေ့နှင့် သင့်တော်မည့် အသက်ရှူအထောက်အကူ ကိရိယာ ရွေးချယ် ၀တ်ဆင်ခြင်း အစီအစဉ်
၇။ အသက်ရှူအထောက်အကူကိရိယာ ၀တ်ဆင်ရသော လုပ်သားများ၏ ကျန်းမာရေးစစ်ဆေးချက် အစီအစဉ်
၈။ လုပ်ငန်းခွင်အတွင်းမှ လေသန့်စင်မှုကို တိုင်းတာခြင်း အစီအစဉ်
၉။ ဤအစီအမံ၏ ထိရောက်မှုအခြေအနေကို ပြန်လည် လေ့လာသုံးသပ်ချက် အစီအစဉ်

၈၊ ၁၁၊ ၅။ ဆောက်လုပ်ရေးလုပ်ငန်းမှထွက်လာသည့် ဖုန်၊ အမှုန်၊ ဓာတ်ငွေ့များကို အင်ဂျင်နီယာနည်းသုံး၍ ထိန်းချုပ်ခြင်း

အသက်ရှုလမ်းကြောင်းအန္တရာယ်ကာကွယ်ရေးတွင် အခြေခံအားဖြင့် အမှုန်မထွက်အောင် သို့မဟုတ် အမှုန်ထွက်ခြင်းနည်းအောင်၊  ဓာတ်ငွေ့ကိုရှုမိခြင်း နည်းနိုင်သမျှနည်းအောင် ဦးစွာစီမံရပါမည်။ ဤသို့ စီမံရာတွင် အင်ဂျင်နီယာနည်းဖြင့် စီမံနိုင်သည်။ ဥပမာ -
Ø ကွန်ကရိပိုင်တိုင်များကို ဖြတ်စက်ဖြင့်ဖြတ်သည့်အခါ အမှုန်များစွာထွက်သည်။ ထို့ကြောင့်ဖြတ်သည့်နေရာကို အမှုန်ထွက်မှု နည်းနိုင်သမျှနည်းအောင် ရေဖြန်းထားရမည်။
Ø သန့်ရှင်းရေးလုပ်ရာတွင် တံမြက်စည်းဖြင့်လှဲမည့်အစား ဖုံစုပ်စက်သုံးခြင်းဖြင့် အမှုန်ထွက် သက်သာစေသည်။
Ø ကွန်ဖိုင်းစပေ့စ်များအတွင် ဆေးသုတ်ရာတွင် ဆေးသုတ်သူကို ဆေးငွေ့ရှူမိခြင်းမှ သက်သာစေရန် ဆေးသုတ်သည့်အခန်းကို လေမှုတ်သွင်းပေး ထားရမည်။ တစ်ဖက်မှ လေမှုတ်သွင်းပေးထားသလို အခြားတစ်ဖက်မှလည်း ဓာတ်ငွေ့စုပ်ပန်ကာဖြင့် စုပ်ထုတ်ပေးနေရမည်။

၈၊ ၁၁၊ ၆။ အသက်ရှူအထောက်အကူကိရိယာ ရွေးချယ်ခြင်း

            အသက်ရှူအထောက်အကူကိရိယာရွေးချယ်ရာတွင် ယေဘူယျအားဖြင့် အလုပ်သမားများ မည်ကဲ့သို့သော ဖုံအမှုန်များကို ရှူရှိုက်နေရသည်၊ မည်သည့်အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်များနှင့် ရင်ဆိုင်နေရသည် ဆိုသည့်အပေါ် မူတည် ရွေးချယ်ရပါသည်။ အချို့သော အသက်ရှူအထောက်အကူကိရိယာများမှာ အောက်ဆီဂျင်နည်းပါးသောနေရာများနှင့် မသင့်တော်ပါ။ ဤသည်ကိုလည်း သိထားရန် လိုပါသည်။
သာမန်ဖုံများအတွက် ရိုးရိုးဖုံကာ (dust mask) ဆိုလျှင် လုံလောက်ပါသည်။ သို့သော် ဓာတုပစ္စည်းများမှထွက်သော ဖုံများအား သာမန် ဖုံကာ (dusk mask) ဖြင့် အကာအကွယ်မပေးနိုင်ပါ။ ထိုအခါ အသက်ရှူ အထောက်အကူကိရိယာ (respirator) ၀တ်ဆင်ရပါမည်။


 ၈၊ ၁၁၊ ၇။ အသက်ရှူအထောက်အကူကိရိယာများ ၀တ်ဆင်ရန် သင်တန်းပေးခြင်း

အလုပ်သမားများအနေနှင့် အသက်ရှူအထောက်အကူကိရိယာများကို စနစ်တကျ ၀တ်ဆင်တတ်စေရန် အသက်ရှူ အထောက်အကူပြု ကိရိယာများ ရောင်းချပေးသည့် ကုမ္ပဏီမှ အရောင်းကိုယ်စားလှယ်က လာရောက်သင်တန်းပေးရပါမည်။ လုပ်ငန်းခွင် အတွင်းရှိနေသူအားလုံးကို သင်တန်းပေးရမည်။ ကြီးကြပ်သူအားလုံးနှင့် အလုပ်သမားများအားလုံးသည် အသက်ရှူအထောက်အကူ ကိရိယာများကို မည်ကဲ့သို့ ရွေးချယ်ရမည်၊ မည်ကဲ့သို့ စနစ်တကျ ၀တ်ဆင်ရမည်၊ မည်ကဲ့သို့ ပြုပြင်ထိန်းသိမ်းရမည် စသည်တို့ကို ကောင်းစွာ သဘောပေါက် နားလည်သည်ထိ သင်ကြားပြသပေးရမည်။
            သင်တန်းပို့ချချက်များတွင် အောက်ပါတို့ ပါဝင်ရမည်။

Ø အဘယ်ကြောင့် အသက်ရှူအထောက်အကူကိရိယာကို ၀တ်ဆင်ရန် အရေးကြီးသည်
Ø အကယ်၍ အသက်ရှူအထောက်အကူကိရိယာကို စနစ်တကျမ၀တ်ဆင်၊ မပြုပြင်၊ မထိန်းသိမ်းပါက တွေ့ကြုံနိုင်သည့် အန္တရာယ်များ
Ø အဘယ်ကြောင့် ထို အသက်ရှူအထောက်အကူကိရိယာကိုအသုံးပြုရသည်
Ø ထို အသက်ရှူအထောက်အကူကိရိယာကိုဝတ်ဆင်ရာ၌ ကန့်သတ်ချက်များ
Ø အသက်ရှူအထောက်အကူကိရိယာကို ၀တ်ဆင်ခြင်း၊ ဖြုတ်ခြင်း၊ ကောင်းမကောင်း စမ်းသပ်စစ်ဆေးခြင်း
Ø အသက်ရှူအထောက်အကူကိရိယာကို သန့်စင်ရန်၊ စနစ်တကျ ပြုပြင်ထိန်းသိမ်းရန်၊ သိုလှောင်ရန် လိုအပ်ချက်များ
Ø အသက်ရှူအထောက်အကူကိရိယာ ကောင်းကောင်းအလုပ်မလုပ်လျှင် သိနိုင်သော လက္ခဏာများ

၈၊ ၁၁၊ ၈။ လေလုံမလုံ စမ်းခြင်း (Fit Test)

            Fit Test အကြောင်း ၇၊ ၃၊ ၉ တွင် အပြည့်အစုံဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
အသက်ရှူအထောက်အကူကိရိယာကို စနစ်တကျဝတ်ဆင်နိုင်ရန် မျက်နှာမှ အမွေးအမှင်များ (မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး) စသည်တို့ကို ပြောင်စင်အောင် ရိပ်ထားရန် လိုပါသည်။ အသက်ရှူအထောက်အကူကိရိယာမှ ရာဘာ (seal) များသည် မျက်နှာမှ အသားနှင့် ထိတွေ့နေရန် အရေးကြီးပါသည်။ ဤသည်ကို အလုပ်သမားများ နားလည်အောင် ရှင်းပြထားရမည်။ Fit test အား အလုပ်သမားအားလုံးကို လုပ်ပေးရန် လိုပြီး လုပ်ထားကြောင်းမှတ်တမ်းလည်း ယူထားရန်လိုပါသည်။  
            ဤသို့စမ်းရာတွင် qualitative fit testing နှင့် Quantitative fit testing ဟု နှစ်မျိုးရှိ၏။ နှစ်မျိုးလုံးသည် အသက်ရှူ အထောက်အကူ ကိရိယာကို မှန်ကန်စွာ၊ အန္တရာယ်ကင်းစွာ ၀တ်ဆင်ရေးအတွက် အရေးကြီး၏။

၈၊ ၁၁၊ ၉။ အသက်ရှူအထောက်အကူကိရိယာများအား ထိန်းသိမ်းခြင်း

            အသက်ရှူ အထောက်အကူကိရိယာကို နေ့စဉ်အသုံးပြုပြီးတိုင်း ဆပ်ပြာ၊ ရေတို့သုံးလျှက် ဆေးကြော သန့်စင်ရမည်။ ထို့နောက် ဖုန်မထူသော၊ အေး၍ခြောက်သွေ့သော၊ နေရောင်တိုက်ရိုက်မကျသော၊ မပူလွန်းသော၊ အင်ဂျင်အိတ်ဇောများနှင့် ဝေးသော၊ ဓာတုပစ္စည်းများ မရှိသော၊ ရေငွေ့မများသော နေရာများ၌ ကျကျနန သိမ်းဆည်းထားရပါမည်။ ထုတ်ပေးစဉ်က ပါလာသည့် အသက်ရှူ အထောက်အကူ ကိရိယာ ထည့်သည့် အိတ်ကို လွှင့်မပစ်ပါနှင့်။ ထိုအိတ်အတွင်း ထည့်သွင်း သိမ်းဆည်းနိုင်ပါသည်။

၈၊ ၁၁၊ ၁၀။ အောက်ပါအခြေအနေများတွင် ထိုနေရာမှ ချက်ချင်းထွက်ခွါပါ။

Ø အသက်ရှူ အထောက်အကူကိရိယာသည် ကောင်းစွာအလုပ်မလုပ်ကြောင်း တွေ့ရလျှင်
Ø အသက်ရှူ အထောက်အကူကိရိယာမှ လေယိုစိမ့်နေလျှင်
Ø အသက်ရှူရ ခက်ခဲလာလျှင်
Ø ပုံမှန်မဟုတ်သော အနံ့အသက်များရလာလျှင်
Ø မသက်မသာခံစားလာရလျှင်
Ø ခေါင်းမူးခြင်း၊ မျက်ရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အော့အန်ခြင်း၊ ချမ်းတုန်ခြင်း စသည်တို့ ခံစားလာရလျှင်

ရည်ညွှန်းစာအုပ်စာတမ်းများ

၁။ Sustainable Workplace Alliance – Sample Respiratory Protection Program for Spray Polyurethane Foam Applications
၂။ Envionmental Health & Safety, Iowa State University - Respiratory Protection Program; 2006
၃။ OSHA 3079, 2002(Revised) – Rewpiratory Protection
၎။ University of Toronto – Respiratory Protection Program
၅။ Stanford University – Respiratory Protection Program

ဆက်ပါဦးမည်။

အေးငြိမ်း
၂၄၊ ၁၁၊ ၂၀၁၃။ ည ၉း၀၄ နာရီ