Saturday, September 28, 2013
လူသားအရင်းအမြစ်ကို ပျိုးထောင်ယူခြင်း
(၁) အရေးကြီးလှသော ပညာရေး
နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် သဘာဝသယံဇာတများအပေါ် မူမတည်။ လူသားအရင်းအမြစ်အပေါ်၌သာ မူတည်နေကြောင်း စင်ကာပူနိုင်ငံက သက်သေပြနေသည်။
            လူသားအရင်းအမြစ်များ ချို့တဲ့လျှင် မည်မျှသယံဇာတများပြားနေသည်ဖြစ်စေ။ နိုင်ငံသည် ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင် ဆိုသည်ကို သိပ်မဝေးလှသေးသော မြန်မာနိုင်ငံ၏ သမိုင်းကြောင်းက ပြောပြနေသည်။
ဤသည်ကိုကြည့်လျှင် နိုင်ငံတစ်ခုကို ထူထောင်ရာ၌ ပညာရေး မည်မျှအရေးကြီးကြောင်း သိနိုင်ပါသည်။ ဤနေရာ တွင် ကျွန်တော်တို့ သမားရိုးကျ လက်ခံယုံကြည်နေသည့် ပညာရေးဆိုသော အစွဲအလန်းကို ဖျောက်ပစ်ရန်လိုသည်။ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းကြီးတစ်ခုလုံးက လက်ခံယုံကြည်နေသည့် ‘ပညာရေး’ ဟူသည်မှာ ကျောင်းသွားတက်ပြီး ဘွဲ့လက်မှတ်တစ်ခုရရေး ဟူသော ရည်မှန်းချက်ထက် မပို။ ပညာသင်ကြားရခြင်းမှာ မိမိဘ၀ရပ်တည်ရေးအတွက် ထမင်းစား လက်မှတ်တစ်ခု ရရုံမျှသာ ဖြစ်သည်။ သည့်ထက်မပို။
ဤသည့်ရည်မှန်းချက် ရှိနေသရွေ့ကာလပတ်လုံး ကျွန်တော်တို့တိုင်းပြည်မှာ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရန် မလွယ်ကူလှသေးချေ။ ဘွဲ့လက်မှတ်တစ်ခုရရုံမျှဟူသော လွဲမှားသည့် ရည်ရွယ်ချက်ဖြင့် ကျောင်းတက်နေလျှင် တကယ် တတ်သိနားလည်သည့် ပညာတတ်များ အဘယ်ကဲ့သို့ ဖြစ်လာနိုင်ပါမည်နည်း။ ဤသည်မှာ ကျောင်းသားများဘက်က ဖြစ်၏။
သို့ဆိုလျှင် ကျောင်းများနှင့် ပညာရေးဌာနတွင်ရော၊ မည်သည့်တာဝန်ရှိပါသနည်း။ ကျောင်းများသည်လည်းကောင်း၊ ပညာရေးဌာနသည်လည်းကောင်း မိမိတာဝန်ရှိလို့သာ သင်လိုက်ရသည်၊ ကိုယ်ဘာသင်လို့ သင်လိုက်မှန်းမသိ။ မည်သည့် ရည်ရွယ်ချက်ဖြင့် ကျောင်းသားများကို စာသင်ပေးနေသည်မှန်းမသိ ဆိုလျှင်လျှင်လည်း ကျောင်းသင်ပညာရေး၏ ရည်မှန်းချက် များ လမ်းစပျောက်နေပေတော့မည်။ ဤသို့သောကျောင်းများမှ ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးဘို့ဆိုတာ လေထဲတိုက်အိမ်ဆောက်သော စိတ်ကူးယဉ်အိပ်မက်မျှသာ ဖြစ်နေပေလိမ့်မည်။
(၂) အမှားသိလျှင်၊ အမှန်ပြင်
            နိုင်ငံတစ်ခုကို အုပ်ချုပ်ရာတွင်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို စီမံခန့်ခွဲရာတွင်လည်းကောင်း၊ လူမှုရေး၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး စသည့်လုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်းကောင်း အရည်အသွေး ပြည့်ဝသူများက ဆောင်ရွက်မှသာ အောင်မြင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများ ဖြစ်နိုင်ပေလိမ့်မည်။ ဤကဲ့သို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ အောင်မြင်မှသာ တိုးတက်၊ အောင်မြင်သော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်နိုင်ပေလိမ့်မည်။
            အရည်အသွေးပြည့်ဝသူများဟူသည် ဘုရားပေးသော ဆုလာဘ်မဟုတ်။ ၎င်းတို့ကို ဖန်တီးယူ၍ရသည်။ သင်ကြား ပေး၍ ရသည်။ လေ့ကျင့်ပေးခြင်းဖြင့် မွေးမြူယူနိုင်သည်။ အရေးကြီးသည်မှာ ထို သင်ကြားနည်း၊ လေ့ကျင့်ပေးနည်းများ မှန်ကန်ရေးဖြစ်သည်။ ထို့ပြင်တ၀ နည်းလမ်းမှန်ကန်ရုံမျှဖြင့် မပြီးသေး။ စေတနာပါပါဖြင့် မလိမ်မညာဘဲ ရိုးသားစွာ အကောင် အထည်ဖော် ဆောင်ရွက်ကြရန်လည်း လိုပါသည်။
            ဤကဲ့သို့လုပ်ကိုင်ကြရာတွင် ကျွန်တော်တို့သည် အရှိကို အရှိအတိုင်းလက်ခံနိုင်ရန် အရေးကြီး၏။ မိမိ မသိလျှင်၊ မသိကြောင်း ၀န်ခံရမည်။ မှားနေလျှင် မှားနေကြောင်း ၀န်ခံရမည်။ အိပ်ချင်ယောင်ဆောင်နေသူကို အနှိုးရခက်ဘိသကဲ့သို့ မသိပါဘဲလျှက် သိချင်ယောင်ဆောင်နေသူအား အဘယ်ကဲ့သို့ သင်ကြားပြသပေးရပါမည်နည်း။ မှားမှန်းသိပါလျှက် အမှားကို ၀န်မခံလျှင် အဘယ်ကဲ့သို့ အမှန်ကို ရောက်နိုင်ပါမည်နည်း။
            သို့အတွက် ကျွန်ုပ်တို့သည် ကိုယ်မသိလျှင် မသိကြောင်း ရိုးသားစွာဝန်ခံလျှက် သိလာအောင် အားထုတ်ကြရပါမည်။ မှားနေသည့်လမ်းစဉ်ကို မမှန်ကြောင်းသိလျှင် ပြင်ရဲသည့် သတ္တိရှိဘို့လိုပါသည်။ မိမိသိသမျှကလေးနှင့် ရောင့်ရဲတင်းတိမ်နေပါ လျှင် မည်သည့်အခါမှ ထူးချွန်ထက်မြက်သူ ဖြစ်လာစရာ မရှိပါ။ သို့မို့ကြောင့် ကျွန်တော်တို့သည် မိမိမသိကြောင်း၊ မှားနေကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံလျှက် သိသူတတ်သူများထံ ချဉ်းကပ်မေးမြန်း၊ အကြံဉာဏ်များရယူကာ လမ်းမှန်၊ စနစ်မှန်ကို ဖော်ထုတ်ရပါမည်။
            မသိသည်ကို မသိဟု ၀န်ခံလျှင် သိဘို့ရန် လမ်းစပေါ်ပါပြီ။ ထိုအခါ သိရန်နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားမည်။ သိသူများ ဖြစ်လာသည့်အခါ အရည်အသွေးပြည့်ဝသူ၊ ကျွမ်းကျင်တတ်မြောက်သူများ ဖြစ်လာလိမ့်မည်တည်း။ လမ်းမှားနေသူ များကလည်း မိမိတို့၏ မှားယွင်းနေသော နည်းလမ်း၊ စနစ်ကြီးကို မိုက်မဲစွာ ဖက်တွယ်မထားဘဲ အပြီးအပိုင်စွန့်လွှတ်လျက် ပိုမိုကောင်းမွန်မှန်ကန်သော နည်းစနစ်များကို ဖော်ဆောင်ရပါမည်။ တာဝန်ရှိသူများ ချပေးထားသော နည်းမှန်လမ်းမှန်အတိုင်း ကျွန်ုပ်တို့ ပြည်သူပြည်သားများသည် အပတ်တကုတ် ကြိုးစားအားထုတ်ကြမည်ဆိုပါလျှင် မြန်မာနိုင်ငံတော်ကြီးသည် ရွှေရောင်လွှမ်းသည့်ခေတ်ကို သိပ်မကြာမတင်ကာလတွင် ရောက်နိုင်ပါလိမ့်မည်ဟု ရဲရဲကြီး ပြောလိုက်ပါ၏။
(၃) သက်ကြီးပညာရေး
            ပညာရေးတွင် လူငယ်ပိုင်းပညာရေး (Pedagogy) နှင့် လူကြီးပိုင်းပညာရေး (Andragody) ဟု နှစ်ပိုင်းရှိ၏။ လူငယ်ပိုင်းပညာရေးဟူသည် မူလတန်းမှသည် ဘွဲ့ရသည်ထိ စာသင်ကျောင်းများသို့သွားကာ သင်ကြားကြရသော ပညာရေး (PET - Pre-employment Training) ဖြစ်သည်။ လူကြီးပိုင်းပညာရေးဆိုသည်မှာ လုပ်ငန်းခွင်အတွင်း ၀င်ရောက်လုပ်ကိုင် နေသူများအနေနှင့် ၎င်းတို့၏ အသိပညာ၊ အတတ်ပညာစွမ်းရည်များကို မြှင့်တင်ရန် လေ့လာသင်ယူသော ပညာရေး (CET - Coininuing Education and Training) ဖြစ်သည်။
လူငယ်ပိုင်းပညာရေးနှင့် လူကြီးပိုင်းပညာရေးတို့ကွာခြားချက်
ပညာဟူသည် သင်ယူလို့ ကုန်ခမ်းနိုင်သောအရာမဟုတ်။ စာသင်ကျောင်းများ၌ သင်ကြားပေးလိုက်သည်များမှာ တကယ့်ပညာများကို သင်ကြားနိုင်ရေးအတွက် အခြေခံမျှသာ ဖြစ်သည်။ တကယ့်ပညာဆိုသည်မှာ လူ့လောကထဲ ရောက်လာမှ လက်တွေ့သင်ကြားကြရခြင်း ဖြစ်၏။
            ကျွန်ုပ်တို့သည် မိမိအလုပ်နှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပတ်သက်နေသည့် ပညာရပ်များကို မပြတ်ဆည်းပူးလေ့လာနေကြရသည်။ ဤသည်ကို စဉ်ဆက်မပြတ်ပညာရေး (continuing education) ဟုလည်းကောင်း၊ ဘ၀တက္ကသိုလ် (life long learning) ဟုလည်းကောင်း ခေါ်သည်။
            အရည်အသွေးပြည့်ဝသူများဖြစ်လာစေရေး၊ အရည်အသွေးပြည့်ဝသူများ မွေးထုတ်ပေးရေးအတွက် ဘ၀တက္ကသိုလ် များသည် အလွန်အရေးကြီး၏။ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုသော် ဘ၀တက္ကသိုလ်များဖွင့်လျှက် လုပ်သားများ၊ ၀န်ထမ်းများ၊ အရာရှိ၊ အရာခံများအား ထူးချွန်ထက်မြက်သူများ ဖြစ်လာအောင် လေ့ကျင့်ပေးရမည်။
            ဤနေရာတွင် တစ်ခုသတိပေးလိုပါသေးသည်။ ယခင်က ကျွန်ုပ်တို့ သာယာခဲ့သော ကိန်းဂဏန်းများဖြစ်၏။ တက္ကသိုလ် ဘယ်နှစ်ကျောင်းဖွင့်လိုက်သည်။ ဒေါက်တာဘွဲ့ ဘယ်နှစ်ယောက် မွေးထုတ်ပေးလိုက်သည်။ တစ်နိုင်ငံလုံး ဘွဲ့ရမည်မျှရှိသည်ဟူသော ကိန်းဂဏန်းများဖြစ်၏။ သို့သော် ထိုဘွဲ့ရ ထောင်ပေါင်းများစွာအနက် ဘယ်နှစ်ယောက်သည် ၎င်းတို့ကိုင်ဆောင်ထားသော ဘွဲ့လက်မှတ်နှင့် လျော်ညီသည့် အရည်အချင်းရှိပါရဲ့လား ဆိုတာဆန်းစစ်မိပါရဲ့လား။ 
            ကျောင်းဘယ်နှစ်ကျောင်းဖွင့်လိုက်သည် ဆိုတာထက် ထိုကျောင်းများသည် ၎င်းတို့နာမည်ခံထားသည့် အရည်အချင်း နှင့် လျော်ညီသလား၊ အနှီတက္ကသိုလ်များမှ မှိုလိုပေါက်နေသည့် ဆရာဆရာမများသည် တကယ့်အရည်အချင်းပြည့်ဝသော၊ တကယ်တတ်သိနားလည်သော ဆရာဆရာမများ ဖြစ်သလား၊ ထိုကျောင်းများတွင် ကျောင်းနှင့် တူတူတန်တန် စာကြည့်တိုက်များ ရှိသလား၊ သင်ကြားရေး အထောက်အကူပစ္စည်းများ ရှိသလား ဆိုတာက ပိုအရေးကြီးပါသည်။
            ယခု Continuing Education Centre များ၊ Life Long Learning Centre များ ဖွင့်ပါဟု အကြံပေးလိုက်ကာမှ ၎င်းကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချလျှက် လုပ်စားသွားကြမှာကိုလည်း စိုးရိမ်မိပါသေးသည်။ အမှန်အကန်မလုပ်ချင်ဘဲ၊ အကြံအဖန်လုပ်ချင်သည့် ကျွန်တော်တို့လူမျိုးများ၏ စိတ်ဓာတ်ကို အတော်ပြင်ယူရပါဦးမည်။ ယခု ကျွန်တော်ပြောသည့် စဉ်ဆက်မပြတ် ပညာရေးဟူသည် တကယ် တတ်သိနားလည်သည့် ပညာရှင်များ၊ လုပ်သားများ ပေါ်ထွက်လာရေးကို ဦးတည်ပါသည်။ သင်တန်းကျောင်းများဖွင့်လျှက် လူစားဖြင့်ကျောင်းတက်ခိုင်းကာ လက်မှတ်များ ဖောချင်းသောချင်း ရိုက်ထုတ်ကြမည်ဆိုလျှင်တော့ မဖွင့်ဘဲနေတာကမှ ပိုကောင်းပါလိမ့်ဦးမည်။
            လွန်ခဲ့သော ၁၃ နှစ်ခန့်က ဆယ်မိုင်ဘက်တွင်ဖွင့်ထားသော နယူးအေးရှဟူသည့် ကားမောင်းသင်တန်းတွင် ကျွန်တော် ကားမောင်းသင်တန်း သွားတက်ပါသည်။ စင်ကာပူပြန်ထွက်ရမည့်ကိစ္စရှိသဖြင့် ဆယ်ရက်အမြန်သင်တန်းဆိုတာကို ရွေးလိုက်၏။ သင်တန်းကြော်ငြာစာရွက်ထဲမတော့ ပျံလန်နေအောင် ရေးထားပါသည်။ သို့သော် ကျွန်တော် ဘာမှမတတ်ခဲ့ပါ။ စာတွေ့ဆိုတာ သင်ပေးသည်။ ရေရေရာရာ စာတွေ့မဟုတ်။
လက်တွေ့အမောင်းသင်တာကို စော်ဘွားကြီးကုန်းမှ လမ်းမကြီးတွင် သင်ပေးသည်။ ဓါတ်တိုင် နှစ်တိုင်စာလောက်ကို တစ်နေ့လျှင် အသွားအပြန် သုံးလေးခေါက်လောက် မောင်းပြသည်။ ကျွန်တော်တို့ကို မောင်းသူနေရာ ထိုင်ခိုင်းလျက် စတီယာရင်ကို ဟိုလှည့်သည်လှည့် လုပ်ခိုင်းတာကလွဲပြီး အမောင်းသင်ပေးသူကောင်လေးက သူ့ဟာသူ မောင်းပြသွားတာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ကားပျက်သည့်အခါတွင်မူ ကားတွန်းပြီးပြန်လာရ၏။
ကျွန်တော်တို့က ကားကို ကိုယ်တိုင်မောင်းချင်သည်။ သူက မောင်းခွင့်မပေး။ တစ်ခုခုဖြစ်မှာ ကြောက်နေသည်။ ဆီကုန်မှာလည်း စိုးသေးသည်။ သို့အတွက် ထို (နယူးအေးရှ) သင်တန်းတွင် တက်ခဲ့သော ဆယ်ရက် ကားမောင်းသင်တန်းမှာ ပိုက်ဆံကုန်၊ အချိန်ကုန်တာကလွဲ၍ ကျွန်တော်တို့အတွက် ဘာအကျိုးအမြတ်မှ မရခဲ့ပါ။
            ၎င်းတို့ပိုက်ဆံရရေးတစ်ခုတည်းကြည့်ကာ ပိုက်ဆံအကုန်ခံ၊ အချိန်ကုန်ခံ လာတက်သူသင်တန်းသားများအား အနည်းငယ်မှထည့်မတွက်သော သည်ကဲ့သို့သင်တန်းကျောင်းများမှာ မြန်မာနိုင်ငံထူထောင်ရေးအတွက် မလိုလားအပ်သော၊ အလျင်အမြန်ရှင်းပစ်ရမည့် အမှိုက်များသာ ဖြစ်ပါသည်။
(၄) အရည်အသွေး ပြည့်ဝသူ (Competent Person)
            နိုင်ငံတစ်ခုကို ထူထောင်ရာ၌ အရည်အသွေးပြည့်ဝသူများ လိုအပ်ကြောင်း ပြောခဲ့ပြီ။ သို့ဆိုလျှင် အဘယ်ကဲ့သို့သော လူမျိုးကို အရည်အသွေး ပြည့်ဝသူ (Competent Person) ဟု ခေါ်သနည်း။
            Competent Person ၏ အရည်အသွေးကို အင်္ဂလိပ်လို ASK ဟု အတိုကောက်မှတ်နိုင်ပါသည်။
  •                   A မှာ (Attitude) သို့မဟုတ် (Ability) ဖြစ်၏။ စိတ်နေသဘောထား၊ လုပ်လိုသည့်စေတနာ သို့မဟုတ်     
  •                      စွမ်းဆောင်နိုင်စွမ်း ဖြစ်သည်။ 
  • S မှာ (Skill) ဖြစ်ပြီး မိမိလုပ်ငန်းနှင့်ပတ်သက်၍ အောက်ခြေသိမ်း ပိုင်နိုင်ကျွမ်းကျင်မှု ဖြစ်၏။
  • K မှာ (Knowledge) ဖြစ်သည်။ မိမိလုပ်ငန်းနှင့် ပတ်သက်၍ စာတွေ့ဗဟုသုတ၊ သီအိုရီများကို တတ်သိနားလည်မှု -   
  •    ဖြစ်၏။
မြန်မာစကားတွင် လူတော်လူကောင်းဟု ရှိပါသည်။ Competent Person ကို လူတော်လူကောင်း ဟု ဘာသာပြန် လျှင် မမှားနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် S နှင့် K မှာ လူတော်တစ်ဦး၏ အရည်အချင်းဖြစ်ပြီး A မှာ လူကောင်း၏ အရည်အသွေးဖြစ်ပါသည်။ ထို့ကြောင့် ASK အရည်အသွေးများနှင့် ပြည့်ဝသူသည် လူတော်လူကောင်းဖြစ်ပေလိမ့်မည်။
            အထက်ပါ စဉ်ဆက်မပြတ်ပညာရေးစနစ်မှာ လူတော်လူကောင်းများ မွေးထုတ်ပေးရေး ပညာရေးစနစ်ဖြစ်၏။ ထို (ASK) အရည်အသွေးသုံးရပ်မှာ အလွန်ကျယ်ပြန့်လှသည့် ဘာသာရပ်ဖြစ်သောကြောင့် ဤဆောင်းပါးလောက်မျှဖြင့် အပြည့်အစုံ ဖော်ပြရန် မဖြစ်နိုင်ပါ။ ထိုအထဲတွင် soft skill, hard skill, interpersonal skill စသည်တို့ပါဝင်သည်။ ဤနေရာတွင် အကျဉ်းမျှ ဖော်ပြပါမည်။
စိတ်နေသဘောထား (Attitude)
            စိတ်နေသဘောထားတွင် စိတ်ခံစားမှု၊ အပြုအမူနှင့် တွေးခေါ်မြော်မြင်မှုဟူ၍ သုံးပိုင်းပါသည်။ ဤသည်မှာ ကိုယ်ရည်ကိုယ်သွေးနှင့် ဆက်စပ်နေသည်။ မိမိ၏ ပြောဆိုမှုများ လုပ်ကိုင်မှုများကို တာဝန်ယူမှု၊ မှန်ကန်စွာတွေးခေါ် မြော်မြင်တတ်မှု၊ မှန်ကန်စွာ ပြုမူတတ်မှု စသည်တို့ ပါဝင်သည်။ လူတစ်ဦးသည် မည်မျှတော်နေပါစေ သဘောထားဆိုးပါက ပတ်ဝန်းကျင်နှင့် အဆင်ပြေမည်မဟုတ်သကဲ့သို့ လူ့အဖွဲ့အစည်းကိုလည်း ကောင်းကျိုးပြုနိုင်စွမ်း နည်းပါလိမ့်မည်။ အကယ်၍ ၎င်း၏ အတွေးအခေါ်တို့ မှားယွင်းခဲ့ပါက ဆိုးကျိုးများပင် ဖြစ်စေလိမ့်ဦးမည် ဖြစ်ပါသည်။
ထို့ကြောင့် စိတ်နေသဘောထားသည် ပထမဦးဆုံး အရေးကြီးသော အရည်အသွေးတစ်ခုဖြစ်၏။ သို့သော် ဤသည်ကို သင်ကြားပေးလို့ရပါသည်။ မြန်မာလူ့အဖွဲ့ အစည်းအတွက် ပိုလွယ်ပေသေးသည်။ အဘယ်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏တရားတော်များ၌ လူ၏တွေးခေါ်မြော်မြင်မှုနှင့် စိတ်နေသဘောထားကို မှန်ကန်အောင် ထိန်းကျောင်းပဲ့ပြင်ပေးရမည့် နည်းလမ်းများ အပြည့်အစုံရှိနေသောကြောင့် ဖြစ်၏။ အများကြီးသင်စရာမလိုပါ။ ဓမ္မပဒကို ကျေညက်စွာနားလည် သဘောပေါက်လျှင်ပင် လုံလောက်ပါပြီ။
ဓမ္မပဒကို ကျေညက်စွာနားလည် သဘောပေါက်ရေးမှာ စာအုပ်ကြီးတစ်အုပ်လုံးကို အလွတ်ကျက်ဘို့ ပြောတာ မဟုတ်။ ထိုစာအုပ်ထဲမှ တရားတော်များကို သေသေချာချာ နားလည်သဘောပေါက်ပြီး လက်တွေ့လိုက်နာ ကျင့်သုံးကြဘို့ ဖြစ်ပါသည်။ အလွတ်တော့ ကျက်ထားပါရဲ့။ ရွတ်လည်းရွတ်ပါရဲ့။ သို့သော် ဘာကိုဆိုလိုမှန်းမသိ။ လက်တွေ့လည်း မကျင့်သုံး ဆိုလျှင်တော့ ဘာမှ တန်ဘိုးမရှိပါ။
ကျွမ်းကျင်မှု (Skill)
            ကျွမ်းကျင်မှုသည် နေရာတကာ အရေးကြီး၏။ လယ်သမားသည် လယ်လုပ်နည်းကို ကျွမ်းကျွမ်းကျင်ကျင်သိရမည်။ အုပ်ချုပ်ရေးပိုင်းမှ အရာရှိများသည် စီမံခန့်ခွဲမှုကို ကောင်းကောင်းနားလည်ရမည်။ ပန်းရံသမားသည်လည်းကောင်း၊ ကျောင်းဆရာ တစ်ဦးသည်လည်းကောင်း၊ စက်ပြင်ဆရာတစ်ဦးသည်လည်းကောင်း မိမိတို့၏ လုပ်ငန်းများကို သေသေချာချာ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရမည်။
            လူတစ်ဦးတစ်ယောက်သည် ထိုလုပ်ငန်း၌ မည်မျှ ကျွမ်းကျင်သည်ဆိုသည်မှာ ထိုသူသည် ၎င်း၏အလုပ်ကို မည်မျှ စိတ်ဝင်စားသနည်း ဆိုသည်နှင့်ဆိုင်ပါသည်။ ထမင်းစားစရာမရှိ၍သာ လုပ်နေရသည်။ အလုပ်အပေါ် နည်းနည်းမှ စိတ်မ၀င်စားသူသည် အဘယ်ကဲ့သို့ ကျွမ်းကျင်သူ ဖြစ်ပါမည်နည်း။ အဘယ်ကြောင့်ဆိုသော် မတတ်သာ၍သာ လုပ်နေရခြင်း ဖြစ်သဖြင့် လုပ်ငန်းအကြောင်း ဘာမှမလေ့လာဘဲ လုပ်သာရုံကလေးသာ လုပ်နေသောကြောင့် ဖြစ်ပေသည်။
            လုပ်ငန်းကျွမ်းကျင်မှုသည် လုပ်သက်၊ လုပ်ငန်းအတွေ့အကြုံနှင့်ဆိုင်သည်။ အချို့အရာများမှာ ကျောင်းတွင် စာနှင့် သင်ပေးလို့ရသည်မဟုတ်။ လက်တွေ့လုပ်ရင်းမှ သိနားလည်ရသည်များ ဖြစ်သည်။ ကြုံတွေ့လာရသော အခက်အခဲ၊ အကြပ် အတည်းများကို ဖြေရှင်းရင်းနှင့် သည်ကွေ့တွင် သည်တက်နှင့်လှော်ရမည်၊ ဟိုကွေ့တွင် ဟိုတက်နှင့်လှော်ရမည်ဟု သိလာခြင်း မှာ ကျွမ်းကျင်မှု ဖြစ်၏။
အသိပညာ၊ ဗဟုသုတရှိမှု (Knowledge)
            ထူးချွန်ထက်မြက်သူဖြစ်ဘို့ရာ လုပ်ငန်းကျွမ်းကျင်မှုတစ်ခုတည်းနှင့် မလုံလောက်ပါ။ မိမိလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတရှိဘို့လည်း လိုပါသည်။ ဥပမာပြရလျှင် တစ်သက်လုံးလယ်လုပ်လာသည့် လယ်သမားတစ်ဦးအနေနှင့် ကျွမ်းကျွမ်းကျင်ကျင် လယ်လုပ်တတ်မည်ကို သံသယရှိစရာမလိုပါ။ သို့သော် ၎င်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်၍ မည်မျှ ဗဟုသုတရှိပါသနည်း။
ထိုလယ်သမားသည် မြန်မာနိုင်ငံ၌ မြေအမျိုးအစား မည်မျှရှိသည်။ မိမိလယ်သည် မည်သည့်မြေအမျိုးအစား၌ ပါဝင်သည်။ မြန်မာနိုင်ငံ၌ စိုက်လို့ရသော စပါးမျိုးပေါင်း မည်မျှရှိသည်။ မိမိမြေအမျိုးအစားအတွက် မည်ကဲ့သို့သောစပါးမျိုး သည် အသင့်တော်ဆုံးဖြစ်သည်။ စပါးပင်အရွက်များဝါလာလျှင် မည်သည့်ရောဂါဖြစ်သည်။ မည်ကဲ့သို့ ကုစားရမည်။ မည်သည့် စပါးမျိုးသည် သက်တမ်းမည်မျှရှိသည်။ မည်သည့်စပါးကတော့ ရေငတ်ခံနိုင်သည်။ မည်သည့်စပါးမျိုးက စားလို့ကောင်းသည်။
ထို့ထက် မြန်မာနိုင်ငံမှ ဆန်စပါးများ ၀ယ်ယူနေသော နိုင်ငံများမှာ မည်သည့်နိုင်ငံများဖြစ်သည်။ နိုင်ငံခြားသို့ ရောင်းနေသော စပါးဈေးမှာ မည်မျှရှိသည်။ မိမိတို့စပါးဈေးမှာ နိုင်ငံတကာဈေးကွက်နှင့်ယှဉ်လိုက်လျှင် အဆင့်မည်မျှရှိသည်။ ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံးထုတ်လုပ်သော နိုင်ငံများမှာ မည်သည့်နိုင်ငံများဖြစ်သည်။ ၎င်းတို့ဈေးနှင့် မြန်မာနိုင်ငံမှ ဈေးများ မည်မျှကွာသည်။ မည်သည့်အကြောင်းကြောင့်ကွာသည်။ ထိုနိုင်ငံများသည် မည်သည့်စပါးမျိုးများ စိုက်ပျိုးထုတ်လုပ် နေသည် စသည်တို့ကို သိပါသလား။
            ကျွန်တော်တို့ဆီမှလယ်သမားများသိသော လယ်ယာစိုက်ပျိုးရေး အသိပညာသည် ဟိုးရှေးယခင် နှစ်ပေါင်း ၁၅၀၊ ၂၀၀ ခန့်က လယ်သမားများသိသောအသိနှင့် ဘာမှ သိပ်မကွာခြားလှသေးပါဟုဆိုလျှင် လွန်မည်မထင်ပါ။ ယခင်ခေတ်များ ဆီက စိုက်ပျိုးရေးပညာပေးစခန်းများ မြန်မာနိုင်ငံတစ်နံတစ်လျား အနှံ့အပြားရှိပါသည်။ ထိုစခန်းများရှိနေပါလျက် လယ်သမား များ ဘာမှမသိဆိုသည်မှာ မေးခွန်းထုတ်စရာ မဟုတ်ပါလား။ သို့ဆိုလျှင် ထိုစခန်းများရှိနေခြင်းသည် မည်သည့်အတွက် ပါနည်း။
            လယ်သမားတစ်ဦးတည်းမဟုတ်ပါ။ အသိပညာဟူသည် လူတိုင်းအတွက် အရေးကြီး၏။ အိမ်များတွင် မီးဆင်သူ၊ ရေပိုက်ဆင်သူ စသည်တို့ရော သူတို့အလုပ်နှင့် ပတ်သက်၍ သေချာကျနစွာ သိပါသလား။
            အရပ်ထဲတွင် အင်ဂျင်စက်များကို ပြင်သော စက်ပြင်ဆရာ အများအပြားရှိပါသည်။ ထိုစက်ပြင်ဆရာများသည် အင်ဂျင်တစ်လုံး အလုပ်လုပ်ပုံကို သေသေချာချာ သိပါသလား။ နော်ဇယ်က မည်သည့်အလုပ်လုပ်သည်။ အင်ဂျက်ရှင်းပန့်၏ တာဝန်က ဘာဖြစ်သည်။ စပါ့ပလပ်အကြောင်း၊ ကာဘရိုက်တာအကြောင်း၊ ချောဆီဘယ်နှစ်မျိုးရှိသည်။ မြန်မာနိုင်ငံ၌ မည်သည့်ချောဆီများသုံးသည်။ အဘယ်ကြောင့်သုံးရသည် အစရှိသည်များကို သေချာစွာ သိပါသလား။   
            သူများနောက်လိုက်ရင်း၊ သူများလုပ်တာကိုင်တာကြည့်ရင်းမှ တတ်လာရတာသည် စနစ်တကျတတ်တာ မဟုတ်ပါ။ ကျွမ်းကျင်လုပ်သားတစ်ဦးဖြစ်ဘို့ရာ သေချာကျနစွာ သင်ပေးဘို့လိုပါသည်။ ကျွမ်းကျင်လုပ်သားများဖြင့်သာ နိုင်ငံ တည်ဆောက်မှုကို အဆင့်မြှင့်နိုင်မည်ဖြစ်ရာ စဉ်ဆက်မပြတ်ပညာရေး အရေးကြီးကြောင်း ပြောရခြင်း ဖြစ်ပါသည်။
(၅) မိမိအလုပ်ကို ဂုဏ်ယူပါ
            အရည်အသွေးပြည့်ဝသည့် လုပ်သားကောင်းများဖြစ်စေရန် ကိုယ့်အလုပ်ကို ဂုဏ်ယူတတ်ဘို့ အရေးကြီးပါသည်။ ယုတ်စွအဆုံး အမှိုက်သိမ်းသမားသည်ပင်လျှင် သူသည် တာဝန်ကျေသော အမှိုက်သိမ်းသူဖြစ်ကြောင်း ဂုဏ်ယူတတ်ရပါမည်။ ဟေ့၊ ဒီလမ်းကို ငါတာဝန်ပြီး အမှိုက်သိမ်းနေတာကွ။ ဒီလမ်းမှာ အမှိုက်တစ်စမှ မရှိစေရဘူး ဟု ၀ံ့ကြွားတတ်ရပါမည်။
            ကျောင်းဆရာတစ်ဦးသည် လခနည်းသည့် ကျောင်းဆရာဖြစ်နေရခြင်းအပေါ် ဘာမှသိမ်ငယ်နေစရာမရှိ။ အနာဂတ်၏ မျိုးဆက်သစ်များအား ပဲ့ကိုင်နေသူအဖြစ် ဂုဏ်ယူတတ်ရပါမည်။ ကျောင်းဆရာဖြစ်နေရခြင်းကား ရှက်စရာမဟုတ်၊ ပထ၀ီ သင်သည့်ဆရာလုပ်နေပြီး အရှေ့အလယ်ပိုင်းဒေသ ဘယ်မှာရှိမှန်း မသိတာသာ ရှက်စရာဖြစ်ကြောင်း နားလည်ရမည်။ သမိုင်းသင်နေပြီး အနော်ရထာမင်းသည် ပုဂံမင်းဆက် ဘယ်နှစ်ဆက်မြောက်ဖြစ်ကြောင်း မပြောနိုင်တာသာ သိမ်ငယ်စရာ ဖြစ်လိမ့်မည်။ D Day အကြောင်းမေးလာလျှင် ပြန်မဖြေနိုင်ခြင်းကိုသာ ၀မ်းနည်းရပေလိမ့်မည်။
            မိမိယခုလုပ်နေသည့်အလုပ်သည် မိမိ၏မိသားစု စားဝတ်နေရေးကို ဖြေရှင်းပေးနေကြောင်း သိနားလည်လာလျှင် မိမိအလုပ်အပေါ် ဂုဏ်ယူတတ်လာမည်။ မည်သည့်အခါမှ မိမိအလုပ်အကြောင်း မကောင်းမပြောပါနှင့်။ ထိုအလုပ်ကို မကြိုက်လျှင် အလုပ်ပြောင်းပါ။ မည်သူမှတားနေမည် မဟုတ်။ မိမိအလုပ်ကို တန်ဘိုးမထားသူ၊ အထင်မကြီးသူသည် မည်သည့်အခါမှ ကောင်းစားလိမ့်မည် မဟုတ်ပါ။
            မိမိအလုပ်ကို တန်ဘိုးမထားသူများအတွက် တိုင်းပြည်မှာ နစ်နာလှသည်။ ကျွေးထားရတာမတန်၊ ပေးလိုက်ရသော လခနှင့်ထိုက်တန်အောင် ပြန်မရသည့်အတွက် နိုင်ငံမှာ အလွန်နစ်နာသည်။ မိမိအလုပ်ကိုတန်ဘိုးထားသူသည် မိမိအလုပ်နှင့် ပတ်သက်သည်များကို အစဉ်တစိုက်လေ့လာနေမည်၊ မိမိအရည် အသွေးတက်နေအောင် ကြိုးစားနေမည်ဖြစ်သဖြင့် ထိုသူမှာ အနှေးနှင့်အမြန် အရည်အသွေးပြည့်ဝသူ ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပါ။        
(၆) အချိန်ကို တန်ဘိုးရှိစွာအသုံးချပါ
            အတော်ရှည်သွားပြီဖြစ်သဖြင့် နိဂုံးချုပ်ပါမည်။
            ကျွန်တော် ၁၉၉၀ ပြည့်လွန်နှစ်များက ဖောင်ကြီးသင်တန်း တက်ခဲ့ပါသည်။ ပုံမှန်တက်ရသော သင်တန်းကတစ်ခု၊ တက္ကသိုလ် ဆရာဆရာမများ အထူးမွမ်းမံသင်တန်း ဆိုတာကတစ်ခု ဆိုတော့ နှစ်ခါပြန် တက်ခဲ့ရတာ ဖြစ်၏။ ကျွန်တော်တို့ ခေတ်တုံးက ၀န်ထမ်းဖြစ်သည်နှင့် ဖောင်ကြီးသင်တန်း တက်ကြရသည်။ ယခုတော့ မပြောတတ်ပါ။
            သည်သင်တန်းသို့ မဖြစ်မနေတက်ကြရမည် ဖြစ်သဖြင့် မည်သူမဆို သည်ကျောင်း၌ အချိန်ကာလတစ်ခုကို ကုန်လွန် စေရမှာ သေချာလှပါသည်။ လောကတွင် ပြန်မရနိုင်သည့်အရာများအနက် အချိန်သည် တန်ဘိုးအရှိဆုံးအရာတစ်ခု ဖြစ်၏။ သည်ကျောင်းလာတက်နေစဉ်အတွင်း ထိုဝန်ထမ်းများကို အချိန်ပြည့် လခပေးထားသည်။ ထို့ကြောင့် ကိုယ်လုပ်ရမည့် အလုပ်ကိုမလုပ်ဘဲ သည်နေရာလာပြီး သက်သက် အချိန်ဖြုန်းလိုက်သူများအနေနှင့် နိုင်ငံတော်ဘဏ္ဍာများကို အလဟဿ ဖြုန်းတီးပစ်နေကြောင်း သဘောပေါက် နားလည်ရန်လိုသည်။ နိုင်ငံတော်ဘဏ္ဍာကိုသာမက မိမိကိုယ်ပိုင်အချိန်များကိုလည်း ဖြုန်းတီးပစ်လိုက်ကြသည်။
            သင်တန်းအားလုံးပေါင်းလိုက်လျှင် သင်တန်း အမှတ်စဉ်တစ်ခု၌ သင်တန်းသား ၅၀၀ ရှိသည်ဆိုပါစို့။ အနှီ သင်တန်းသား ၅၀၀ အနက် ၂၅၀ သည် ဘာမှမလေ့လာဘဲ အချိန်ကို အလဟဿဖြုန်းတီးပစ်နေသည် ဆိုလျှင် သင်တန်း ကာလ သုံးလအတွက် မည်မျှဆုံးရှုံးမည်နည်း။ တစ်ရက်လျှင် အလုပ်လုပ်ချိန် ၈ နာရီ နှင့် တစ်ပတ်ကို ၅ ရက်လုပ်ပါက သင်တန်းသား ၂၅၀၊ သုံးလဆိုလျှင် အလုပ်ချိန်နာရီပေါင်း ၁၂၀၀၀ ဆုံးရှုံးသွားမည်။ ၂၅၀ ဆိုတာ ကျွန်တော်က လျှော့လျှော့ ပေါ့ပေါ့တွက်ခြင်းဖြစ်သည်။ လက်တွေ့တွင် သည်ထက်ပိုများနိုင်ပါသည်။
            ဤသည်ကိုကြည့်လျှင် တစ်နှစ်တစ်နှစ် လေလွင့်သွားသော လုပ်အားများ မည်မျှရှိသည်ကို ခန့်မှန်းနိုင်ပါပြီ။
            သည်သင်တန်းတွင် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးပါသည်။ သည်ဘာသာရပ်များမှာ ၀န်ထမ်းတိုင်းအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သိထားသင့်၊ တတ်ထားသင့်သော ပညာရပ်များဖြစ်၏။ သို့ဆိုလျှင် ထိုသူတို့သည် အဘယ်ကြောင့် ဤပညာရပ်များကို တန်ဘိုးမထားကြပါသနည်း။ ယခု ဤစာကို ဖတ်နေသူသည် သင်တန်းသားတစ်ဦးဖြစ်သည်ဆိုပါလျှင် “ငါဟာ နိုင်ငံတော်ဘဏ္ဍာကို အလဟဿ ဖြုန်းတီး ပစ်နေတာလား” ဆိုတာ မိမိကိုယ်မိမိ ပြန်မေးကြည့်ပါ။ သင်တန်းကာလတစ်လျှောက်လုံး အသင်သည် လခထုတ်နေ သည့်အတွက် ထိုထုတ်ယူနေသည့်လခနှင့် ထိုက်တန်စွာ လေ့လာသင်ယူရပါမည်။ မည်သူကမှ အတင်းတွန်းအားမပေးသည် ဖြစ်စေ လေ့လာသင်ယူဘို့ရာ အသင့်၌ တာဝန်ရှိသည်။ အကယ်၍ ထိုကဲ့သို့မဟုတ်။ အလကား အချိန်ဖြုန်းနေမည်ဆိုလျှင် သင်နေ့တိုင်းဘုရားရှေ့၌ ရွတ်နေသည့် ‘အဒိန္နာဒါနာ၊ ဝေရမဏိသိက္ခာပဒံ၊ သမာဒိယာမိ’ သည် အလကားသာ ဖြစ်ပါလိမ့်မည်။ ဘာမှ တန်ဘိုးရှိမှာ မဟုတ်ပါ။
            အကယ်၍ ဤသင်တန်းကျောင်းမှ သင်တန်းနည်းပြများသည် သင်တန်းသားများအား ကလေးများစာသင်သကဲ့သို့ သင်နေမည်ဆိုပါက သင်တန်းစအပြီး နာရီဝက်မပြည့်မီပင် သင်တန်းသားအတော်များများမှာ အိပ်မက်လှလှကလေးများ မြင်မက်နေကြပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။
            ထို့ကြောင့် ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သင်ကြားရေး စီမံခန့်ခွဲမှုအဖွဲ့သည် မိမိတို့သင်ကြားပုံနည်းစနစ်များ၊ သင်ရိုး ညွှန်းတမ်းများအား နှစ်စဉ် ပြန်လည် ဆန်းစစ်နေရန်လိုပါသည်။ ပို့ချသော သင်တန်းမှတ်စုများအားလည်း ပုံသေမထားပဲ တိုးတက်ပြောင်းလဲနေသော ခေတ်နှင့်အညီ အမြဲဆန်းသစ်နေရပါမည်။
            သင်ကြားရေးအထောက်အကူပစ္စည်းများကိုလည်း ဆွဲဆောင်မှုရှိသော (ဥပမာ ပရိုဂျက်တာဖြင့် သင်ကြားခြင်း၊ ဗီဒီယိုများ ပြသခြင်း) သင်ကြားနည်းများ ပြောင်းလဲရပါမည်။ သင်တန်းနည်းပြနှင့် သင်တန်းသား အချိုးကိုလည်း ပြန်လည် ဆန်းစစ်ရပါမည်။ စာချည်း တစ်ချိန်လုံးသင်မနေဘဲ မိမိပေးလိုသော အကြောင်းအရာကို သင်တန်းသားခေါင်းထဲ တိုက်ရိုက် ရောက်သွားစေမည့် နည်းစနစ်များအား ပြောင်းလဲကျင့်သုံးရပါမည်။ သို့မဟုတ်ပါက ပိုးသာ ကားနှစ်စီးတိုက်လောက် ကုန်၍ မောင်ပုံကလေး စောင်းတတ်မည် မဟုတ်ပါချေ။ ကျွန်တော်တို့တိုင်းပြည်တွင် ဤကဲ့သို့သော မောင်ပုံများ မည်မျှများပြား နေပါပြီနည်း။
            ထိုမျှသာမက မိမိတို့ သင်ကြားပေးလိုက်သည်များ တကယ်ထိရောက် အကျိုးရှိရဲ့လားဆိုတာ ပြန်လှန်စစ်ဆေး၊ သုံးသပ်နေဘို့ လိုပါသည်။ အကယ်၍ မထိရောက်၊ အကျိုးမရှိဟု တွေ့ရှိပါက မည်ကဲ့သို့ထိရောက် အကျိုးရှိအောင် လုပ်မည်နည်း ဆိုသည့်အဖြေကို ရှာရန်လိုပါသည်။ မဟုတ်လျှင် အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ ရှိချိမ့်မည်။
            နိုင်ငံတည်ဆောက်ရေးအတွက် မိမိစွမ်းအားရှိသမျှ အားလုံး အဖက်ဖက်မှဝိုင်းဝန်း ကြိုးပမ်းကြပါမည့်အကြောင်း အလေးအနက်တိုက်တွန်း လိုက်ပါသည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၈၊ ၉၊ ၂၀၁၃။ ညနေ ၆း၁၅ နာရီ
Friday, September 27, 2013
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၂)
၇၊ ၅။ လူအားဖြင့် ပစ္စည်းများကို သယ်ခြင်း၊ မ,ခြင်း (Mannual Handling)
ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လူအားဖြင့် ပစ္စည်းများကို မ,ခြင်း၊ တစ်နေရာမှ တစ်နေရာသို့သယ်ခြင်းများ မလွဲမသွေ ပြုလုပ်ရပေလိမ့်မည်။ ထိုသို့မ,ရာတွင် မ,ပုံ မ,နည်း မသိပါက ခါးနာတတ်သည်။ ခါးနာခြင်းသည် တစ်သက်လုံး ဒုက္ခပေးတတ် သည်။ ထို့ကြောင့် ပစ္စည်းများကို မ,ရာတွင် စနစ်တကျ မ,တတ်ရန် အရေးကြီးပါသည်။
ပစ္စည်းများကို မ,တော့မည်ဆိုလျှင် ထိုပစ္စည်းကို ကိုယ်တစ်ယောက်တည်း မ, နိုင်၊ မ မ, နိုင် ချင့်ချိန်တွက်ဆပါ။
  • ဒီပစ္စည်းကို ငါမ,နိုင်ပါ့မလား။
  • ဘယ်လောက်လေးသလဲ။
  • ဘယ်လောက်ဝေးဝေးထိ သယ်သွားရမလဲ။
  • နောက်အကူအညီတစ်ယောက်ယောက် ခေါ်ဘို့လိုမလား။
  • မ,စရာ တွန်းလှည်း၊ ထရော်လီ၊ ဖောက်ကလစ် စတာတွေရနိုင်မလား။
 သင် မ,ကို မ,ရတော့မည် ဆိုပါက အောက်ပါနည်းလမ်းအတိုင်း မ,ပါ။
မ,ပုံ မ,နည်းကို SMARTဟု အတိုကောက် မှတ်ထားနိုင်ပါသည်။
Size Up the load            : သယ်ရမည့်ဝန်၏ အရွယ်အစား၊ အလေးချိန်၊ ပုံသဏ္ဍာန်တို့ကို လေ့လာပါ။
                                    : မည်သည့်နေရာသို့ မည်သည့်လမ်းကြောင်းမှ သယ်ရမည်ကို လေ့လာပါ။ ၀န်ချီသွားမည့်
  လမ်းကြောင်းတစ်လျှောက် ရှင်းနေပါစေ။ ပိတ်ဆို့မနေပါစေနှင့်။ လမ်း၌ မည်သည့်ပစ္စည်းများ
  ရှိနေသည်ကို လေ့လာပါ။
                                    : ၀န်ချရမည့်နေရာကို ဦးစွာရှင်းလင်းထားပါ။
                                    : ၀န်မ,ရန် ထရော်လီ၊ လက်တွန်းလှည်းစသည်တို့ ရနိုင်မရနိုင် စုံစမ်းပါ။
Move the Load as close to the body as possible:
                                    : ၀န်သည် ခန္ဓာကိုယ်မှ ဝေးလေ ပိုလေးလေဖြစ်သည်။
                                    : ၀န်ကို ကိုယ်နှင့်ကပ်ပြီး မ,ပါ။
                                    : ၀န်ကို လက်နှစ်ဖက်ဖြင့် သေချာစွာ ဆုပ်ကိုင်ထားပါ။
Always bend your knees:
                                    : ၀န်ကို မျှခြေတွင်အမြဲရှိနေစေရန် ထိန်းထားပါ။
                                    : မ,သည့်အခါ သက်တောင့်သက်သာအနေအထားတွင် ခြေနှစ်ချောင်းကို ချဲထားပါ။
                                    : ခါးကုန်းပြီး ၀န်ကိုမ,ခြင်း တတ်နိုင်သမျှ မလုပ်ပါနှင့်။
: ၀န်နှင့်အနီးဆုံး နေရာယူပါ။
                                    : ဒူးများကို ကွေးပြီး မုဆိုးဒူးထောက်ထိုင်ချပါ။
Raise the load with your legs:
                                    : ၀န်ကို မ,ရာတွင် ခြေထောက်များအားကို သုံးပြီး မ,ပါ။ ခါးပေါ် အားမသက်ရောက်ပါစေနှင့်။
                                    : ၀န်ကို မ,ပြီး ထရာတွင် ခြေထောက်များကိုဆန့်ပြီး တည့်တည့်ထပါ။ ခါးကို မတ်မတ်ထားပါ။
Turn your feet in the direction that you want to move the load:
                                    : ၀န်ကိုချီမ,ထားစဉ် မကုန်းပါနှင့်။ ၀န်မ,ထားသော လက်ကို ဆန့်မထုတ်ပါနှင့်။
                                    : အကယ်၍ သွားနေစဉ် လှည့်ရန်လိုလျှင် ခြေထောက်များသုံးပြီး တစ်ကိုယ်လုံး လှည့်ပါ။ ခါးနှင့်
  မလှည့်ပါနှင့်။
                                    : ၀န်ကိုချမည့်နေရာရောက်လျှင် ချမည့်နေရာနှင့် အနီးဆုံးတွင်ရပ်ပါ။
                                    : ခါးကိုမကုန်းဘဲ ခြေထောက်များကို ကွေးပြီး မုဆိုးဒူးထောက် ထိုင်ချပါ။
                                    : ထို့နောက် ၀န်ကိုအောက်သို့သေချာကျနစွာ ချပါ။
                                    : ဤလှုပ်ရှားမှုအစဉ်တစ်လျှောက်လုံး ခြေထောက်နှင့် လက်များအားကိုသာသုံးပါ။ ခါးအားကို
  လုံးဝမသုံးမိပါစေနှင့်။
၇၊ ၅၊ ၁။ အဖွဲ့လိုက် မ,ခြင်း
            ကြီးမားလေးလံသည့် ၀န်ကို အဖွဲ့နှင့် မ,ရမည်ဆိုပါက အဖွဲ့ရှိလူအားလုံး တက်ညီလက်ညီ မ,ရန် အရေးကြီးပါသည်။ အဖွဲ့လိုက် စနစ်တကျ ညီညီညာညာ မ,နိုင်ရန် အောက်ပါအစီအစဉ်အတိုင်း လုပ်ကိုင်နိုင်ပါသည်။
  • -       အဖွဲ့ဝင်များကို အရပ်အမောင်းတူသူများအား ရွေးချယ်ပါ။ အရပ်တူသူများမရနိုင်လျှင် အရပ်ရှည်သူအား နောက်ဘက်၌ ထားပါ။
  • -       မည်ကဲ့သို့ မ,မည်၊ မည်သည့်လမ်းကြောင်းမှ သွားမည်၊ မည်သည့်နေရာတွင် မည်ကဲ့သို့ ချမည် စသည်ဖြင့် စီစဉ်နိုင်ရန် အဖွဲ့ခေါင်းဆောင်တစ်ဦး ရွေးချယ်ပါ။ အဖွဲ့ခေါင်းဆောင်သည် လိမ္မာပါးနပ်သူ၊ ကျွမ်းကျင်သူ ဖြစ်ရမည်။
  • -       အဖွဲ့ခေါင်းဆောင်က မိမိတို့ မ,မည့်အစီအစဉ်ကို အဖွဲ့ဝင်အားလုံးအား ရှင်းပြရမည်။ ရှင်းပြရာတွင် လိုရင်း၊ တိုရှင်း ရှင်းပြရမည်။
  • -       ခေါင်းဆောင်လုပ်သူသည် ၀န်၏အလေးချိန်၊ အရွယ်၊ ပမာဏ စသည်တို့ကို လေ့လာရမည်။
  • -       ထို့နောက် မည်သူက မည်သည့်နေရာတွင် နေရာယူမည်ကို သတ်မှတ်ပေးရမည်။
  • -       အားလုံးညီတူညာတူ မ, နိုင်ရန် အချက်ပေးမှုဖြင့် လှုပ်ရှားမည်။
  • -       အားလုံး ခါးဖြောင့်ကာ ထိုင်လျှက် ၀န်ကို သေချာခိုင်မြဲစွာ ကိုင်တွယ်မည်။
  • -       ထို့နောက် ၁၊ ၂၊ ၃၊ မ - ဟု တိုင်သံပေးလျှက် ညီတူညာတူ မ, မည်။
  • -       ၀န်ကိုသယ်သွားသည့် တစ်လျှောက်လုံး ခေါင်းဆောင်လုပ်သူက ဦးဆောင်သွားမည်။
  • -       ၀န်ကို ချသည့်အခါလည်း ၁၊ ၂၊ ၃၊ ထိုင် - ဟု တိုင်သံပေးလျှက် ညီညာစွာ ထိုင်မည်။ ထိုင်သည့်အခါလည်း ခါးမညွတ်စေဘဲ ထိုင်ချမည်။
  • -       ထို့နောက် ၁၊ ၂၊ ၃၊ ချ - ဟု တိုင်သံပေးကာ ညီညာစွာ ချမည်။
  • -       ၀န်ကို မ,စဉ်၊ သယ်စဉ်၊ ချစဉ် တစ်လျှောက်လုံး ခါးကို ဖြောင့်မတ်စွာထားမည်။
၇၊ ၅၊ ၂။ လူအားဖြင့် မ,ခြင်းအတွက် ကြုံတွေ့ရသော ယေဘူယျ ပြဿနာများ
  • -       သာမန်အားဖြင့် လူတို့သည် ခါးကုန်းကာ မ,တတ်သည်။ ခြေအားကို မသုံးဘဲ ခါးအားကိုသုံးကာ မ,ကြသည်။ ကျောရိုးကို အဆစ်များဖြင့် တည်ဆောက်ထား၏။ ပေါင်နှင့် ခြေသလုံးများ၌ ခိုင်မာတောင့်တင်းသော ကြွက်သားနှင့် အရိုးများရှိသည်။ ထို့ကြောင့် မ,သည့်နေရာတွင် ခြေထောက်အားကို အဓိကထား၍ မ,ပါ။
  • -       ၀န်အား ကိုယ်နှင့် အနီးဆုံးကပ်၍ ထားပါ။ ၀န်သည် ကိုယ်နှင့်ကွာသွားသည်နှင့်အမျှ အလေးချိန်ပိုလာသည်။ ၀န်ကို ထိန်းရလည်း ပိုခက်လာသည်။
  • -       ကြီးမားသော ၀န်ဖြစ်ပါက ရှေ့မြင်ကွင်းကို ကွယ်နေတတ်သည်။ ထိုအခါ ခလုတ်တိုက်လဲခြင်း၊ အခြားသူများ၊ အခြား အရာဝတ္ထုများနှင့် တိုးမိ၊ တိုက်မိတတ်သည်။ မည်သည့်အခါမှ မြင်ကွင်းကို ကွယ်မနေပါစေနှင့်။
  • -       အရာဝတ္ထုတစ်ခုကို လူ လေးငါးယောက် မ,သည့်အခါ ဦးဆောင်မည့်သူမရှိပါက တိုင်မင်မကိုက်သဖြင့် ၀န်ပိခြင်း၊ ပြုတ်ကျခြင်းများ ဖြစ်တတ်သည်။
  • -       ၀န်ကိုသယ်သွားစဉ် ကွေ့ရန် သို့မဟုတ် လှည့်ရန်လိုပါက ခြေထောက်အားသုံးပြီး တစ်ကိုယ်လုံး လှည့်ပါ။ မည်သည့်အခါမှ ခါးဖြင့် မလှည့်ပါနှင့်။ ခါးနာရောဂါရတတ်သည်။
  • -       ၀န်ကိုချသည့်အခါ ခါးကုန်းပြီး ချမိတတ်သည်။ ခါးမကုန်းမိစေရန် သတိထားပါ။ ခါးပေါ်တွင် ၀န်ပိလျှင် ခါးနာရောဂါ ရတတ်သည်။
  • -       ၀န်ကို ချီပြီးသွားလျှင် လမ်းကို အထူးဂရုစိုက် လျှောက်ပါ။ ၀န်သည်ဟန်ချက်မညီပါက မထိန်းနိုင်ဘဲ လဲကျခြင်းမျိုး ဖြစ်တတ်သည်။
  • -       ၀န်ချီထားစဉ် တက်၊ ဆင်းသည့်အခါ အထူးသတိထား တက်၊ ဆင်းပါ။ မည်သည့်အခါမှ ခုန်တက်၊ ခုန်ဆင်းခြင်း မပြုပါနှင့်။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၇၊ ၉၊ ၂၀၁၃။ နံနက် ၀၀း ၅၀ နာရီ
Monday, September 23, 2013
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက်မြန်မာများ တွေ့ဆုံခြင်း
(၁)
လှလိုက်သည့်ပွဲ။
လူ ၅၅၀၀ ကျော် ပရိသတ်ကို ဘာရုန်းရင်းဆန်ခတ်မှမဖြစ်ဘဲ စည်းကမ်းကျနစွာ သေသေသပ်သပ် ကျင်းပလိုက်နိုင်ခြင်း အတွက် ကျွန်တော် အလွန်ကျေနပ်မိပါသည်။ ဤကဲ့သို့ဖြစ်အောင် မအိပ်မနေကြိုးစားခဲ့သော မြန်မာကလပ်နှင့် ၎င်းတို့ကို ၀ိုင်းဝန်းပံ့ပိုးပေးကြသူ အားလုံးအားလည်း အထူးကျေးဇူးတင်ပါသည်။
အထူးသဖြင့် လူပင်ငယ်သော်လည်း ပွဲကြီးတစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲသွားနိုင်သည့် ကိုဖြိုးမင်းခိုင်နှင့် ကိုဝေယံမင်းထက် တို့ကို နာမည်ထုတ်ဖော်၍ မချီးကျူးဘဲ မနေနိုင်ပါ။ သို့သော်လည်းလေ လူပေပဲ၊ ဘယ့်နှယ် ခြောက်ပစ်ကင်း သဲလဲစင်တော့ ရပါမတုံး။ ချို့ယွင်းချက်၊ အားနည်းချက်များရှိသည်ပေါ့။ သို့သော် ဒါ အပြစ်မဟုတ်ပါ။ နောင် အချိန်မရွေးပြင်လို့ရသော အရာများ ဖြစ်ပါသည်။ ဤအကြောင်း နောက်ပိုင်းတွင် အသေးစိတ်ရေးပါမည်။
မနေ့က အစမ်းလေ့ကျင့်ရာသို့ ကျွန်တော်တို့ ရောက်သည်။ အားလုံးပြီးမှ ပြန်သည်။ ယနေ့ ပွဲမစမီ အစောကြီးကတည်းက ကျွန်တော်တို့ ကြိုရောက်ကာ စီစဉ်၊ နေရာချကြသည်။ နောက်ပြီး ပတ်စာခွါ၊ ဖျာသိမ်းမှ ပြန်လာသည်။ ပွဲအစအဆုံး (အဲလေ၊ ဟိုဆရာကြီး တစ်ချက် လျှာခလုတ်တိုက်သွားတာကလွဲလို့) ဘာမှ ထွေထွေထူးထူး ပြောစရာမရှိဘဲ အောင်အောင်မြင်မြင် ပြီးဆုံးသွားသည်။ ရထားစီးတာကစ လူအများကြီးဆိုသော်လည်း သူ့ဟာနှင့်သူ စည်းစနစ်တကျ တန်းစီစနစ်ဖြင့် အေးအေးဆေးဆေး စီးသွားကြတာဖြစ်သောကြောင့် ရုန်းရုန်း ရုန်းရုန်းမဟုတ်ဘဲ၊ ပီဘိ အေးအေးဆေးဆေး ဖြစ်၏။
CISCO ရဲက ခွင့်မပြုသဖြင့် ထီးများအပေါက်ဝတွင် ထားခဲ့ရသူများအတွက်တော့ စိတ်မကောင်းပါ။ ခေါက်ထီး အလက် ၅၀ လောက် (သည့်ထက်ပိုချင်ပိုပါမည်) အပေါက်ဝတွင် စုပုံနေပါသည်။ ပွဲအပြီးတွင် ပိုင်ရှင်များ ပြန်လာရွေးမရွေး မသိပါ။
(၂) 
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပေါင်းများစွာကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ကျွန်တော်နားထောင်ဖြစ်ပါသည်။ သူ့ခရီးစဉ် တော်တော်များများနှင့် လှုပ်ရှားမှုများကိုလည်း အခြားမြန်မာများကဲ့သို့ပင် ကျွန်တော် ဂရုတစိုက် စောင့်ကြည့် လေ့လာပါသည်။ သူ ဘာတွေလုပ်လဲ၊ ဘယ်သူတွေနဲ့ တွေ့ပြီး ဘာတွေပြောသလဲ စသည်။
ကျွန်တော့်စိတ်ထဲရှိတာ ရိုးရိုးသားသားပြောရလျှင် သည်ကနေ့မတိုင်မီအထိ သူမကို ကျွန်တော်တို့နိုင်ငံအား ဦးဆောင်မှု ပေးနိုင်တာ သေချာရဲ့လား ဆိုတာ မပြတ်သားပါ။ အင်း၊ ဖြစ်နိုင်မယ်ထင်ပါရဲ့ ဟု ၀ိုးတ၀ါးမျှသာ ဖြစ်ပါသည်။ ဤသည်မှာ သူမ ညံ့လို့ မဟုတ်။ သူမ ပြောဆို၊ ပြုမူ၊ လှုပ်ရှားဆောင်ရွက်နေတာတွေ မြင်နေပါရက်ကနဲ့ မဆုံးဖြတ်နိုင်သည့် ကျွန်တော့် ညံ့ဖျင်းမှုသာ ဖြစ်ပါသည်။
ယနေ့ သူပြောသွားသည်များကို တစ်လုံးမကျန် ကျွန်တော် သေသေချာချာ ဂရုစိုက် နားထောင်ခဲ့၏။ သူမ ပြောသည့်စကားများ က သူမ၏ ပညာထုထည်ပမာဏနှင့် ဆုံးဖြတ်နိုင်စွမ်းကို ဖော်ပြနေကြသည်။ မြန်မာနိုင်ငံအနေနှင့်ရော ကျွန်ုပ်တို့ နိုင်ငံသားများ အတွက်ပါ အလွန်တန်ဘိုးရှိလှသော စကားများ ဖြစ်ပါသည်။ (ထမင်းတစ်နပ်လျှော့စားပါလား)၊ (ဖယောင်းတိုင်ထွန်းပါလား)၊ (ငါသာ အသိဆုံးအတတ်ဆုံး) တို့နှင့် နှိုင်းစာလျှင်ကား နံ့သာဆီနှင့် အီး ပမာ ဖြစ်လေတော့၏။
သည်ကနေ့ သူမကိုယ်တိုင် ပြောတာကို နားနှင့်ဆတ်ဆတ်ကြားလိုက်ရတော့ ယခင် သံသယများ အားလုံး၊ ပိန်းကြာရွက်ပေါ် တင်နေသည့် ရေစက်ကဲ့သို့ လျှောကျ ပျောက်ကွယ်သွားသည်။ သူမသည်သာ ကျွန်တော်တို့နိုင်ငံကို ဦးဆောင်ထိုက်သူ၊ ဦးဆောင်မှု ပေးနိုင်မည့်သူဆိုတာ ကျွန်တော် သေချာသွားပါသည်။
ကျွန်တော်အကြိုက်ဆုံးမှာ သူမ၏ ရိုးသားမှု ဖြစ်၏။ သူ့မျက်နှာထား၊ လေသံ၊ ပြောဟန်ဆိုဟန်များမှာ ပကတိ ရိုးစင်းလှသည်။ သူက နိုင်ငံ့ခေါင်းဆောင်ကြီးတစ်ယောက် ဟန်ပန်၊ အလွန်ထယ်ဝါဟန်ဆောင်ထားကာ ပါးစပ်နှင့်မဆန့်သော စကားလုံး ထွားထွားကြီးများကို အလွတ်ကျက်လျှက် သူများကို စာချနေသည့်ပုံစံမျိုးမဟုတ်။
သူပြောနေပုံက ကွဲကွာနေသည့် ဆွေမျိုးသားချင်းများအား စကားပြောနေသည့် ပုံစံမျိုးဖြစ်သည်။ ကိုယ့်စိတ်ထဲရှိသည့် စေတနာအရင်းခံကို ပြောနေမှန်း သိသာထင်ရှားလှသည်။ မျက်နှာနေ၊ မျက်နှာထား၊ ပြောဟန်ဆိုဟန်၊ လေယူလေသိမ်း၊ သူသဘောကျသည့်အချက်များတွေ့လျှင် ရီလိုက်ပုံကအစ အားလုံး ပီဘိ သဘာဝအတိုင်း ဖြစ်၏။ ဘာဟန်ဆောင်မှုမှမပါ။ ဘယ်စာကိုမှ ကျက်ပြောနေတာမဟုတ်။ ကိုယ့်အယူအဆကို ကိုယ် တင်ပြသည်။ ကိုယ်ဖြစ်စေချင်တာကို ကိုယ်ပြောသည်။ ဒါပဲဖြစ်၏။
ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကို အဘယ်ကြောင့် အသည်းစွဲချစ်ကြသနည်း။ သူ့ရင်ထဲမှ စေတနာအရင်းခံကြောင့် ဖြစ်၏။ ဗိုလ်ချုပ်အောင်ဆန်းသည် စင်ပေါ်မှနေ၍ ကျွန်ုပ်တို့အား ဖာနိုင်ငံဖြစ်မှာဘဲ၊ ပြဲအောင်လုပ်နိုင်မှ စသဖြင့် အလွန် ရုန့်ရင်း ကြမ်းတမ်းလှသော စကားလုံးများဖြင့် ဆဲကာဆိုကာ ပြောသွားသည်ကို ကျွန်တော်တို့ နာနိုင်ကြပါသလား။ သူဤကဲ့သို့ ဆဲသဖြင့်ပင် အချစ်ပိုကြရသေး၏ မဟုတ်လော။ အကယ်၍ ဟိုလူကြီးများသာ ကျွန်တော်တို့ကို သည်လိုပြောကြည့်ပါလား။ သန်းခြောက်ဆယ်မျှသော တံတွေးခွက်တွင် ပက်လက်တစ်မျိုး၊ မှောက်ခုံတစ်သွယ်ဖြင့်ပင် ငုပ်ချည် ပေါ်ချည် ဖြစ်သွားလိမ့်ဦးမည်။
အဘယ်ကြောင့်နည်း။ စေတနာ ဖြစ်ပါသည်။ တိုင်းပြည်ကို ကောင်းစားစေချင်သည့် ရင်ထဲမှ စေတနာဖြစ်၏။
ယနေ့လည်း ဗိုလ်ချုပ်၏သမီးက ပြောပါသည်။ ကျမတော့ အနစ်နာခံရပါတယ်ဆိုတဲ့သူတွေကို သိပ်ကြောက်တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အနစ်နာခံရတာနဲ့ တန်အောင် ပြန်တောင်းမှာမို့လို့ပါ ဟု ရီကာမောကာ ပြောသွားပါသည်။ နောက်ပြီး ကျမ ပေးဆပ်လိုက်ရတာတွေအတွက် ဘယ်တော့မှ အနစ်နာခံရတယ်လို့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမ ရွေးခဲ့တဲ့လမ်း မို့လို့ပါ ဟု ပြောပါသည်။ ကျွန်တော်အလွန်ကြိုက်လှ၏။
နောက်ပြီး ကျွန်တော်တို့အားလုံး မပြတ်မသားဖြစ်နေသည့်၊ ကျွန်တော်တို့လုပ်ရမည့်လမ်းကိုလည်း ညွှန်ပြသွားပါသေးသည်။
သူ ကျောင်းသားလေးများအား မင်းတို့ မြန်မာပြည်ပြန်ကြဘို့ စိတ်ကူးရှိကြလား ဟု မေးကြည့်ရာတွင် သူတို့က အခြေအနေ ကောင်းရင် ပြန်မှာပါ ဟု ဖြေသည်ဆို၏။ သူမက အဲဒီအခြေအနေကောင်းဆိုတာကို သူများလုပ်ပေးတဲ့ထိ စောင့်မနေပါနဲ့၊ ကိုယ့်ဟာကိုယ် ဖန်တီးယူပါ။ ကိုယ့်ဟာကိုယ် ဖန်တီးနိုင်အောင် ကြိုးစားကြပါ ဟု တိုက်တွန်းပြောဆိုသွားလေသည်။
ဤသည်ကို ကျွန်တော် အလွန်သဘောကျပါသည်။ ကျွန်တော်တို့သည် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးရန် မကြိုးစားချင် ကြဘဲ အခြားသူများ လုပ်ပေးမှာကို ထိုင်စောင့်နေကြလေသည်။ စင်ကာပူတွင်တော့ spoon feed ဟု ခေါ်၏။ ဘာမှ ချက်စရာ၊ ပြုတ်စရာ၊ ခူးခပ်စားစရာမလိုဘဲ လူကြီးမိဘ ခွံ့အကျွေးကိုသာ အသာလင့်အသင့် စောင့်နေခြင်းကို ခေါ်သည်။ သူတို့အစိုးရက တိုင်းသူပြည်သားများကို အစစ အဆင်ပြေအောင် လိုက်လုပ်ပေးရာတွင် သုံးနှုန်းခြင်း ဖြစ်၏။
သူက သည်လိုပြောသည့်အတွက် သိပ်မပြတ်မသားဖြစ်နေသေးသော ကျွန်တော်တို့အား ဒါလုပ်ပါဟု မီးမောင်းထိုးပြလိုက် သလို ဖြစ်၏။
နောက်တစ်ချက်။ ကျောင်းသင်ပညာရေးနှင့် ပတ်သက်၍ သူ့အယူအဆနှင့် ကျွန်တော့်အယူအဆမှာ တစ်ထပ်တည်း ဖြစ်၏။ ပညာရေးအပေါ်ခံယူချက်နှင့် ပတ်သက်၍ ပညာသင်ကြားရခြင်း၏ အဓိကရည်ရွယ်ချက် ဟု ကျွန်တော် ရေးခဲ့ဖူးပါသည်။ ဤအကြောင်းကို လေးမျက်နှာနှင့် ကွင်းကောက်တို့တွင်လည်း ကျွန်တော် ဟောပြောပွဲလုပ်ခဲ့ပါသေး၏။ သည်တစ်ခေါက် ပြန်လျှင်လည်း လက်လှမ်းမီသမျှ ကျောင်းများသို့ သွားပြောပါဦးမည်။
သူက ကျောင်းတက်တာကို ထမင်းစားလက်မှတ်တစ်စောင်ရရုံမျှသာ သဘောမထားကြဘဲ တကယ့်ပညာဆိုတာကို ဆရာ၊ ဆရာမများကရော မိဘများကပါ ကောင်းစွာသဘောပေါက် နားလည်ပြီး သားသမီးများကို ဆိုဆုံးမကြဘို့ တိုက်တွန်းသွားပါ သည်။
နောက်ပြီး ဒေါ်စုက ယခုအခါ ယခင်ကာလများက သမိုင်းကြောင်းမကောင်းခဲ့သဖြင့် ကမ္ဘာ့အလယ်တွင် မျက်နှာပန်းမလှ ဖြစ်နေရသည့်  မြန်မာဟူသော ပုံရိပ်ကို အားလုံးက ၀ိုင်းဝန်းပြီး ပြန်လည်မြှင့်တင်ကြဘို့လည်း တိုက်တွန်းသွားပါသည်။ ဤသည်မှာ ခင်ဗျားတို့ ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိသည်။ သို့ဆိုလျှင် အဘယ်ကဲ့သို့ မြှင့်တင်မည်နည်း။ ဤသည်မှာ ခုနကပြောခဲ့သည့် ပညာရေးနှင့် ဆက်စပ်နေပါသည်။ ယခု ကျွန်တော်တို့ ရာထူးကြီးကြီးနေရာတွင် လခကောင်းကောင်း စားနေသည်မှာ တူအထုကောင်းလို့မဟုတ်။ ဂဟေ အဆော်ကောင်းလို့မဟုတ်၊ ကျောက်စက် အတိုက်ကောင်းလို့မဟုတ်။
အသိပညာကြောင့် ဖြစ်ပါသည်။ 
စင်ကာပူတွင် အခွင့်အလမ်းကောင်းများ လက်တစ်ကမ်းတွင်ရှိပါသည်။ ထိုအခွင့်အလမ်းများကို မည်ကဲ့သို့ရယူအသုံးချသနည်း ဆိုသည့်အပေါ်မူတည်ကာ မည်သည့်အဆင့်သို့ရောက်နေသည်ဆိုသည်ကို ဆုံးဖြတ်သွားတာ ဖြစ်ပါသည်။ မြန်မာဆိုတာ ခေတဲ့ကောင်တွေမဟုတ်ဘူးကွ ဟု အများအထင်ကြီးလာစေရန် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်ဘို့၊ အရည်အသွေး မြှင့်တင်ဘို့ လိုပါသည်။
ဤကဲ့သို့ အရည်အသွေးမြှင့်တင်သည်ဆိုရာတွင် အသိပညာတက်လာတာ၊ လက်မှတ်တွေများလာတာ မဟုတ်ကြောင်းကို လည်း ဒေါ်စုက ပြောသွားပါသေးသည်။ အသိပညာသည် ကိုယ်ရည်ကိုယ်သွေးအတွက် အလွန်သေးငယ်လှသော အချက်ကလေး တစ်ခုမျှသာ ဖြစ်လျှက် ထိုအသိပညာအပြင် ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ၊ အယူအဆ၊ တွေးခေါ်မြော်မြင်ပုံ၊ စိတ်ထားမြင့်မြတ်ပုံ အားလုံးနှင့် ဆက်စပ်ပတ်သက်နေသည်။
နောက်ပြီး မြစ်ဆုံကိစ္စမေးလာသည်ကို ပြန်ဖြေသွားတာလည်း အလွန်သဘောကျစရာကောင်းပါသည်။ သူတို့ ဘာတွေ စာချုပ် ထားမှန်း ကျမတို့ ဘာမှ မသိရပါဘူး။ ဒီစီမံကိန်းကိုရပ်လိုက်ရင် ဘယ်လောက်လျော်ကြေးပေးရမယ် စသဖြင့် ဘာမှ မသိတဲ့ အတွက်၊ ဘာမှ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ဘယ်လိုမှ မပြောနိုင်င်ပါဘူး။ ဒီစာချုပ်ကို လက်မှတ်ထိုးသွားတဲ့သူတွေ ကလည်း ဘာလို့ရှင်းမသွားတာလဲဆိုတာ သူမသိပါဘူး ဟု ဖြေသွားပါသည်။ သူပြောတာ မှန်ပါသည်။ ကိုယ်မသိတဲ့ကိစ္စကြီးကို ဘယ်လိုရှင်းရပါမတုံး။
နောက်ဆုံးပြောချင်သည်မှာ ဒီမိုကရေစီကိစ္စဖြစ်၏။ ဒီမိုကရေစီရေးအတွက် အရေးကြီးဆုံးအချက်ကား ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြောင်းလဲရေးဖြစ်သည် ဆိုပါသည်။ ဤသည်မှာလည်း သဘာဝကျပါသည်။ မှားယွင်းနေသော ကုထုံးဖြင့် အဘယ်ကဲ့သို့ လူနာကို ကုစားပါမည်နည်း။ လူနာ နလံထလာအောင် ကုထုံးကို ပြင်ရပါမည်။
အချိန်ယူပြီး မိန့်ခွန်းမူရင်းကို နားထောင်ကြည့်ပါ။
သူမ ယခု အသက် ၆၈ နှစ်ရှိပါပြီ။ မငယ်တော့ပါ။ ကျွန်တော့်အမေနှင့် ရွယ်တူနီးပါးဖြစ်၏။ အသက် ၇၀ နီးပါး အဖွားအိုတစ်ဦး အနေနှင့် သည်မျှ နေ့နေ့ညည မရပ်မနားလှုပ်ရှားနေရခြင်းအပေါ် စာနာသနားမိပါသည်။ ယခုပွဲအပြီး နောက်တစ်ပွဲဆက်ရ ဦးမည်။ ကျွန်တော်တို့ပွဲမပြီးခင်ပင် အပြင်မှာ လာစောင့်နေကြပြီ။
ကျွန်တော်တို့လျှောက်ရမည့်ခရီးကား ဝေးသေးသည်။ မြန်မာပြည်အတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် သူမ၌အင်အားများ လိုသည်။ ထိုအင်အားများကား ကျွန်ုပ်တို့၏ အပြုံးများ၊ ထောက်ခံမှုများ နှင့် ပံ့ပိုးမှုများဖြစ်သည်။ ကျွန်ုပ်တို့တိုင်းပြည်အတွက် သူမကို ၀ိုင်းရံကြပါစို့။ တစ်ယောက်တစ်လက် ကြိုးစားကြပါစို့ ဟု တိုက်တွန်းလိုက်ပါသည်။
ကျွန်တော် သူမကို အလွန်ချစ်ပါသည်။ ဤအတွက် ကျွန်တော် ယခင်ကထက် အလုပ်ပိုလုပ်ရပါလိမ့်မည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
(ယခု ဗုဒ္ဓဟူးနေ့တင်ရမည့် Assignment နှစ်ခုရှိသဖြင့် ပွဲဖြစ်မြောက်ရေးကြိုးပမ်းမှုအကြောင်း နောက်မှ သီးသန့်ရေးပါမည်။)
Thursday, September 12, 2013
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၁၁)
၇၊ ၃၊ ၉။ အသက်ရှူ အထောက်အကူပြုကိရိယာ (Dust Mask / Respirator)
            အလုပ်လုပ်နေသော လုပ်ငန်းခွင်တစ်ခု၌ ဖုံ၊ အမှုန်များ၊ မီးခိုးများ၊ ဆေးငွေ့များ စသည်တို့သည် လေထုအတွင်း ပျံ့နှံ့နေရာ အကာအကွယ်များသာ လုပ်ပေးမထားပါက ထိုပတ်ဝန်းကျင်၌ လုပ်ကိုင်နေရသော အလုပ်သမားများအား ရင်ကြပ်၊ ပန်းနာကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ရစေသည်။    
            ကျောက်စက်တိုက်ခြင်း၊ ကွန်ကရိကြမ်းခင်း၊ နံရံများအား ကော်ပတ်စားခြင်း၊ ကွန်ကရိခွဲခြင်း၊ ပလာစတာစပ်ခြင်း၊ မြေတူးခြင်း၊ အဆောက်အဦများ ဖြိုဖျက်ခြင်း၊ ဂဟေဆော်ခြင်း၊ ဆေးသုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စသည်တို့မှ ဖုန်၊ အမှုန်များထွက်သည်။ ဆေးငွေ့များ၊ ဓာတ်ငွေ့များထွက်သည်။ မီးစက်၊ အင်ဂျင်စသည်တို့မှ မီးခိုးငွေ့များ ထုတ်လွှတ်သည်။ ထို့ကြောင့် ထိုအလုပ်များလုပ်ကိုင်နေသူများကို အသက်ရှူလမ်းကြောင်း ကာကွယ်ရေးဆိုင်ရာ အစီအမံများ လုပ်ပေးထား ရသည်။ ဤအကြောင်းကို နောက်ပိုင်း အသက်ရှူလမ်းကြောင်း ကာကွယ်ရေးဆိုင်ရာ စီမံချက် (Respiratory Protection Programme) တွင် အသေးစိတ်ရေးပါမည်။
            ယခုမူ အသက်ရှူ အထောက်အကူပြုကိရိယာများအကြောင်း ဖော်ပြပါမည်။
            ထုတ်လုပ်သည့် ကုမ္ပဏီကိုလိုက်၍ ဒီဇိုင်း အမျိုးမျိုးပင် ကွဲသွားသော်ငြား အကြမ်းဖျဉ်းအားဖြင့် အသက်ရှူ အထောက်အကူပြုကိရိယာကို နှစ်မျိုးခွဲနိုင်၏။
  • နှာခေါင်းအကာ (Dust Mask)
  • အသက်ရှူ ထောက်ကူပြုကိရိယာ (Respirator)
၇၊ ၃၊ ၉၊ ၁။ နှာခေါင်းအကာ၊ ဖုံကာ (Dust Mask)
            သာမန်သန့်ရှင်းရေးလုပ်ခြင်း၊ ကွန်ကရိကြမ်းခင်းများအား ကျောက်စက်တိုက်ခြင်းကဲ့သို့ ဖုန်၊ အမှုန်ထွက်သည့် အလုပ် များအတွက် ဖုံကာများသုံးသည်။ ဖုံကာအမျိုးမျိုးရှိသလို ဈေးလည်းအစားစားရှိ၏။ စက္ကူဖြင့်လုပ်ထားသည့် ဖုံကာများမှာ တစ်ခါ နှစ်ခါလောက်သုံးပြီး ပစ်လိုက်ရသော်လည်း ပိုမိုကောင်းသည့် ဖုံကာများလည်းရှိသည်။ ဈေးပင်အနည်းငယ် ပိုကြီးစေကာမူ ထို ဖုံကာများက ပိုကောင်းပါသည်။
 နှာခေါင်းအကာတစ်ခုသည် သုံးသူကို ကောင်းစွာအကာအကွယ်ပေးနိုင်စေရန် ထိုနှာခေါင်းအကာများပေါ်တွင် ပုံနှိပ် ထားသည့် စာများကို သေချာစွာ စစ်ဆေးသင့်ပါသည်။ အထက်ပါပုံတွင် နှာခေါင်းအကာတစ်ခု၌ ရှိရမည့် စံသတ်မှတ်ချက်များ ကို ဖော်ပြထားသည်။
            နှာခေါင်းအကာပေါ်တွင် CE ဟူသောအမှတ်အသား ပါရမည်။ CE အမှတ်အသားမှာ ထိုနှာခေါင်းအကာဒီဇိုင်းအား သတ်မှတ်ထားသော စံနှုန်းများနှင့် ညီမညီ စစ်ဆေးပြီးကြောင်း အမှတ်အသားဖြစ်၏။ သုံးစွဲသူအား မည်မျှအကာအကွယ် ပေးနိုင်သည်ကို FFP ဖြင့်ပြ၏။ FFP1 မှာ ကာကွယ်မှုပေးနိုင်စွမ်း အနည်းဆုံး၊ FFP2 မှာ အလယ်အလတ် နှင့် FFP3 မှာ အများဆုံး အကာအကွယ်ပေးနိုင်သည်။
            တစ်ခါသုံးနှာခေါင်းအကာများအတွက် သတ်မှတ်ထားသောစံနှုန်းမှာ EN149: 2001 ဖြစ်သည်။
            နှာခေါင်းအကာ၏ မျက်နှာနှင့်ထိရမည့်ဘက်ကို လက်နှင့်မထိပါစေနှင့်။ လက်သည် ညစ်ပတ်နေနိုင်သဖြင့် လက်မှ ပါလာမည့် အမှုန်နှင့်ရောဂါပိုးများ ခန္ဓာကိုယ်အတွင်း ၀င်သွားနိုင်သောကြောင့် ဖြစ်သည်။ အောက်တွင် နှာခေါင်းအကာ တစ်ခု ကို စနစ်တကျဝတ်နည်းအား ပြသထား၏။
မသုံးသည့်အခါများတွင် နှာခေါင်းအကာကို အေးပြီးခြောက်သွေ့သည့်နေရာ၌ သေချာစွာ သိမ်းဆည်းထားပါ။ ဖုန်ထူ သောနေရာ၌ မထားပါနှင့်။ ဇစ်တပ် ပလတ်စတစ်အိတ်အတွင်း ထည့်သွင်းသိမ်းထားနိုင်ပါသည်။ သက်တမ်းမှာ တစ်လသာ ဖြစ်ပါသည်။
၇၊ ၃၊ ၉၊ ၂။ အသက်ရှူထောက်ကူပြုကိရိယာ (Respirator)
ဓာတုဆေးရည်များမှထွက်သော အငွေ့၊ ဓာတ်ငွေ့များသည့် လူတို့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်သည်။ အချို့ ဓာတ်ငွေ့များမှာ အသက်ဆုံးရှုံးနိုင်သည်ထိ အန္တရာယ်ရှိသည်။ ထို့ကြောင့် ထိုဓာတ်ငွေ့များနှင့်အလုပ်လုပ်နေရသူများ သို့မဟုတ် ထိုဓာတ်ငွေ့များရှိနေရာ ပတ်ဝန်းကျင်၌ အလုပ်လုပ်နေရသူများသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ထို ဓာတ်ငွေ့များမ၀င်နိုင်စေရန် အကာအကွယ်များ ၀တ်ဆင်ထားရသည်။
            အသက်ရှူလမ်းကြောင်းအတွင်းသို့ ဓာတ်ငွေ့များ ၀င်မလာနိုင်စေရန် ကာကွယ်ပေးသည့် ကိရိယာမှာ respirator ခေါ် အသက်ရှူအထောက်အကူပြု ကိရိယာဖြစ်သည်။ Respirator ဒီဇိုင်းအမျိုးမျိုးရှိသော်လည်း အခြေခံ အလုပ်လုပ်ပုံမှာ အတူတူ ပင်ဖြစ်ပါသည်။ 
            ၎င်းတွင် respirator ကိုယ်ထည်နှင့် လေစစ် (filter)ဟု နှစ်ပိုင်းပါသည်။ ကိုယ်ထည်မှာ ဆေးကြောပြီး ကျိုးပဲ့မသွား သည်ထိ အထပ်ထပ်ပြန်သုံးနိုင်သည်။ လေစစ်မှာ သတ်မှတ်ထားသော သက်တမ်းကုန်သွားလျှင် အသစ်ပြန်လဲရသည်။
            အသက်ရှူထောက်ကူပြုကိရိယာအတွက် စံနှုန်းမှာ ကိုယ်ထည် (mask) အတွက် EN140 ဖြစ်ပြီး လေစစ်အတွက် အစားစားရှိသည်။   
  • ဓာတ်ငွေ့စစ်အမျိုးအစား ၁၊ ၂ သို့မဟုတ် ၃ (gas filters of Class 1, 2 or 3) များအတွက် စံနှုန်းမှာ EN141 ဖြစ်သည်။
  • အမှုန်စစ်အမျိုးအစား P1, P2 သို့မဟုတ် P3 (particle filters of class P1, P2 or P3) များအတွက် စံနှုန်းမှာ EN143 ဖြစ်သည်။
  • ဆူမှတ်နိမ့်အော်ဂဲနစ်ဓာတ်ပစ္စည်းများ (Class Ax) အတွက် စံနှုန်းမှာ EN371 ဖြစ်သည်။
အသက်ရှူထောက်ကူပြုကိရိယာများတွင် မျက်နှာတစ်ဝက် နှင့် မျက်နှာပြည့်ဟု နှစ်မျိုးရှိသည်။ မျက်နှာအပြည့်က တစ်မျက်နှာလုံးကို ကာကွယ်ပေးသည်။ မျက်နှာတစ်ဝက်အမျိုးအစားကို အန္တရာယ်ကင်းမျက်မှန်နှင့် တွဲသုံးနိုင်ပါသည်။
လဲရသည့်လေစစ်မှအပ အသက်ရှူထောက်ကူပြုကိရိယာကို အမြဲသန့်ရှင်းရေးလုပ်နေရန် လိုပါသည်။ အဆို့ရှင်များ ကောင်းမကောင်း၊ မျက်နှာနှင့်ထိသည့်နေရာမှ ရာဘာလိုင်နာများ ပေါက်ပြဲနေမနေ၊ လေလုံမလုံ။ အထူးသဖြင့် အတွင်းပိုင်းကို လုံးဝသန့်ရှင်းနေအောင် ထားပါ။
ဝတ်သည့်အခါ မျှော့ကြိုးများကို မတင်းလွန်း၊ မလျော့လွန်းအနေအထားတွင် ချိန်တပ်ပါ။ တင်းလွန်းလျှင် မသက် မသာခံစားရပြီး လျော့လွန်းလျှင် လေမလုံတတ်ပါ။ ဦးခေါင်း၊ လည်ကုပ်တို့နှင့်ထိနေသည့် မျှော့ကြိုးများကို ရေလျှော်ရန် လိုပါသည်။ ၀တ်ပြီးသည့်အခါတိုင်း ဆေးကြောသန့်ရှင်းရန် အရေးကြီးပါသည်။
အသက်ရှူထောက်ကူပြုကိရိယာကို မ၀တ်မီ ကောင်းမကောင်းဦးစွာ စစ်ဆေးရပါမည်။ လေမလုံသည့် အသက်ရှူ ထောက်ကူပြုကိရိယာကို မသုံးပါနှင့်။ ၀တ်ရကျိုးမနပ်ပါ။ အဆိပ်အတောက်ရှိသော ဓာတ်ငွေ့များအန္တရာယ်မှ ကာကွယ်ပေး နိုင်လိမ့်မည် မဟုတ်ပါ။
အသက်ရှူထောက်ကူပြု ကိရိယာများဝယ်ယူသည့်အခါ ရောင်းသည့်ကုမ္ပဏီမှ အရောင်းကိုယ်စားလှယ်များလာကာ အသုံးပြုမည့်သူများကို Fit Test လုပ်ရပါသည်။ Fit Test လုပ်သည်ဆိုခြင်းမှာ အသက်ရှူ ထောက်ကူပြုကိရိယာကို ၀တ်လျှက် အနံ့ရသော ဓာတ်ငွေ့တစ်မျိုးဖြင့် ဖြန်းကာ အနံ့ရ-မရ စမ်းခြင်းဖြစ်၏။ အသက်ရှူ ထောက်ကူပြုကိရိယာသည် ၀တ်သူကို ရာနှုန်းပြည့် အကာအကွယ်ပေးရေး သေချာစေရန် စမ်းသပ်ခြင်းဖြစ်ပါသည်။
            အသက်ရှူထောက်ကူပြု ကိရိယာဝတ်ဆင်သည့်အခါတွင်လည်း Positive Check နှင့် Negative Check ကို အမြဲ လုပ်ရန် လိုပါသည်။ ၀တ်ဆင်ထားသော ကိရိယာသည် ကောင်းစွာလေလုံနေမှ ၀တ်ဆင်သူအား ရာနှုန်းပြည့် အကာအကွယ် ပေးနိုင်မှာ ဖြစ်ပါသည်။ အသက်ရှူထောက်ကူပြု ကိရိယာများ လေမလုံလျှင် အလွန်အန္တရာယ်များပါသည်။ အဆိပ်ငွေ့များကို ရှူမိမည်ဖြစ်သည့်အတွက် အသက်အန္တရာယ်ပင်ရှိပါသည်။
            အောက်တွင် အသက်ရှူထောက်ကူပြု ကိရိယာ ၀တ်ဆင်နည်း၊ စမ်းသပ်နည်းများကို ဖော်ပြထားပါသည်။ 
             လေစစ်ကို အသစ်လဲသည့်အခါ သတိထားရမည်မှာ အတွင်းအပြင် ပြောင်းပြန်မတပ်မိစေရန် ဖြစ်ပါသည်။ လေစစ်ဘူး အတွင်း၌ တပ်ပုံတပ်နည်းကို ဖော်ပြထား၏။ မသေချာလျှင် ထို အညွှန်းစာရွက်ကို သေချာစွာဖတ်ပြီးမှ တပ်ပါ။ နားမလည်လျှင် တတ်ကျွမ်းနားလည်သူကို ချဉ်းကပ်မေးမြန်းပါ။
            လေစစ်ကို မည်မျှကြာလျှင် လဲရမည်နည်းဟူသည်မှာ ပုံသေပြောရခက်ပါသည်။ အလုပ်လုပ်နေသည့် ပတ်ဝန်းကျင်မှ လေထုအတွင်း ဓာတ်ငွေ့ပါဝင်မှုပြင်းအား၊ ၀တ်ဆင်ရန် ကြာချိန်၊ လေထုစိုထိုင်းဆ၊ ထိုပစ္စည်းကို မည်မျှ ဂရုတစိုက်ကိုင်တွယ် သနည်း (သန့်ရှင်းရေးလုပ်ခြင်း၊ သေချာစွာသိမ်းဆည်းထားခြင်း စသည်) စသည်တို့အပေါ်များစွာ မူတည်နေပါသည်။
            ပျမ်းမျှခြင်းအားဖြင့် တစ်လခန့်ကြာလျှင် လဲသင့်ပါသည်။ သို့သော် အသက်ရှူထောက်ကူပြု ကိရိယာကို ၀တ်ဆင်ပြီး အလုပ်လုပ်နေစဉ် ဆေးနံ့ရလာလျှင်၊ ခေါင်းမူးလာလျှင်၊ မသက်မသာခံစားရလျှင် အချိန်မရွေးလဲသင့်ပါသည်။
အသက်ရှူထောက်ကူပြုကိရိယာကို ညစ်ပတ်နေသော လက်များနှင့်၊ အထူးသဖြင့် ကိရိယာ၏ အတွင်းပိုင်းကို မကိုင်ပါနှင့်။ အနံ့အသက်ရှိသည့်နေရာ၊ မီးခိုးများရှိသည့်နေရာ၊ အစိုဓာတ်များသည့်နေရာ၊ နေရောင်တိုက်ရိုက်ကျသည့်နေရာ၊ ဖုံထူသည့်နေရာ စသည့်နေရာများတွင် မသိမ်းဆည်းပါနှင့်။ ဇစ်တပ် ပလတ်စတစ်အိတ်အတွင်း၌ ထည့်သိမ်းထားရပါမည်။
            စင်ကာပူတွင် အသက်ရှူထောက်ကူပြုကိရိယာအတွက် သတ်မှတ်ထားသော စံနှုန်းမှာ SS 548 - Code of Practice for Selection, use, and maintenance of respiratory protective devices ဖြစ်ပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၁၂၊ ၉၊ ၂၀၁၃။ ည ၁၀း ၃၇ နာရီ