Friday, April 26, 2013

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးမိတ်ဆက်သင်တန်း မှတ်စု (ဆောက်လုပ်ရေး) (၃)


၃။ အမြင့်မှပြုတ်ကျလာလျှင် ဖမ်းထားသည့်စနစ် (Fall Arrest System)

            ထိုစနစ်သည် မတော်တဆအမြင့်မှ ပြုတ်ကျလာပါက အောက်သို့ကျမသွားစေရန် ဖမ်းထားသည့်စနစ် ဖြစ်၏။ ပြုတ်ကျသည့်အခါမှ တုံ့ပြန်သောစနစ်ဖြစ်သည်။ ဤစနစ်အတွက် သင့်တော်သည့် ကိရိယာများကို ရွေးချယ်အသုံးပြုရမည်။ ပြုတ်ကျလာသူသည် အဆုံးထိ ပြုတ်ကျသွားသည့်တိုင် အောက်ဖက်ကြမ်းပြင်နှင့် အနည်းဆုံး ၁ မီတာ လွတ်နေစေရန် အရေးကြီး၏။ ပြုတ်ကျလာသူအား ကယ်ဆယ်သည့်စနစ် (Rescue/Retrieval method) ကိုလည်း လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းအပြည့်အစုံနှင့် အရံသင့်ထားရှိရမည်။ ကယ်ဆယ်ရေးလုပ်သားများကိုလည်း အမြင့်မှပြုတ်ကျလာသူ အား ကယ်ဆယ်ခြင်း သင်တန်း ပေးထားရမည်။
            ထိုစနစ်တွင် -
v  တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်း - အန္တရာယ်ကင်းကိုယ်သိုင်းကြိုး (Full Body Harness)
v  အဆက်မျှော့ကြိုး (Shock-Absorbing Lanyard)
v  အသက်ကယ်ကြိုး ချိတ်မည့်နေရာ (Eye Bolt / Beam)

ပြုတ်ကျခြင်းဟူသည် မြေဆွဲအားအရှိန်နှင့် ပြုတ်ကျခြင်းဖြစ်ရာ လူခန္ဓာကိုယ်ပေါ်သက်ရောက်သည့် ဒဏ်အားကို သက်သာနိုင်သမျှ သက်သာစေရန် ပြုတ်ကျခြင်းကြောင့် ဖြစ်ပေါ်သည့်အားကို အန္တရာယ်ကင်းကိုယ်သိုင်းကြိုးမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို မျှခံစေရမည်ဖြစ်သည်။ သို့မဟုတ်ဘဲ ခန္ဓာကိုယ်တစ်နေရာထဲသို့ အားသက်ရောက်လျှင် ထိုအစိတ် အပိုင်း အတွင်းကြေခြင်း၊ ဆိုးဝါးစွာစုတ်ပြတ်ခြင်းများ ဖြစ်စေနိုင်သည်။
ထိုမျှသာမက ချိတ်ကိုဖမ်းထားသည့်နေရာသည်လည်း ပြုတ်ကျသည့်ဒဏ်ကို ခံနိုင်စေရမည်ဖြစ်သည်။ ပြုတ်ကျ လာသူအား ဖမ်းထားသည့် အထိန်းကြိုးကို ချည်ထားသည့်နေရာ (Anchor point) သည် အနည်းဆုံး ၁၅ ကီလိုနျူတန် (15 kN) သို့မဟုတ် ၁၅၀၀ ကီလိုဂရမ် (1500 kg) အား ရှိရမည်။
အမြင့်၌ အလုပ်လုပ်ရန်အတွက် အမြင့်တွင်အလုပ်လုပ်ခြင်းသင်တန်း တက်ထားရမည်။ သို့သော် ယခုတက်ရမည့် နှစ်ရက် Enhanced CSOC တက်ပြီးပါကမူ ထို အမြင့်တွင်အလုပ်လုပ်ခြင်းသင်တန်း (Working At Height Safety Course) ကို တက်ရန်မလိုတော့ပါ။

၆၊ ၅၊ ၃။ လွတ်လွတ်လပ်လပ်ပြုတ်ကျနိုင်သော အနည်းဆုံးလွတ်ကင်းအမြင့် (Minimum Free Fall Height)

            ခြေထောက်နင်းထားသော ကြမ်းပြင်တွင် ချိတ်ကို ချိတ်ထားသူအတွက် ပြုတ်ကျလျှင် အနည်းဆုံးရှိရမည့် လွတ်ကင်း အမြင့်မှာ ၆.၅၅ မီတာဖြစ်သည်။ သို့သော်လည်း အချို့ကတော့ ၅.၆ မီတာဟု တွက်ပါသည်။ ထိုလွတ်ကင်းအမြင့်ကို အောက်ပါ အတိုင်း တွက်နိုင်ပါသည်။


လင်းယတ်ကြိုးနှင့်အဆက်များ၏ အရှည် (Landyard + Connectors) = ၂ မီတာ (၆ ပေ)
စန့်ထွက်လာမည့် မျှော့ကြိုး အရှည် (Energy Absorber extension) = ၁.၇၅ မီတာ (၃.၅ ပေ)
လူအရပ် (Man height from harness attachment to feet) = ၁.၈ မီတာ (၆ ပေ)
ကြမ်းပြင်မှ အနည်းဆုံး အန္တရာယ်ကင်းအမြင့် (Minimum clearance from floor) = ၁ မီတာ (၃ ပေ)
ထို့ကြောင့် အနည်းဆုံးရှိရမည့် လွတ်ကင်းအမြင့် စုစုပေါင်း (Total Minimum Free Fall distance) = ၆.၅၅ မီတာ

၆၊ ၅၊ ၄။ ထိန်းချုပ်ကြိုး တည်နေရာကို ဒီဇိုင်းဆွဲခြင်း

ü  ထိန်းချုပ်ကြိုးကို ချိတ်ရမည့်နေရာ (Anchor point) သည် ကြမ်းပြင်အစွန်းမှ ဝေးရာတွင်ဖြစ်ရမည်။
ü  ရေပြင်ညီ အသက်ကယ်ကြိုးကို အဆောက်အဦ၏တိုင်များအကြားတွင် တန်းထားရမည်။
ü  အကယ်၍ အဆောက်အဦပြင်ပတွင်ရှိသော ငြမ်းစင်ပေါ်တွင် အလုပ်လုပ်သူဆိုပါက အဆောက်အဦနံရံဘက်တွင် ချိတ်ကို ချိတ်ရပါမည်။


၆၊ ၆။ ပြုတ်ကျခြင်းမှ ကာကွယ်သည့်စနစ် (Fall Prevention System)

            အမြင့်တစ်နေရာမှ လူတစ်ဦးတစ်ယောက် ပြုတ်မကျနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ထားသော ပစ္စည်း၊ ကိရိယာ၊ နည်းလမ်းနှင့် စနစ်တို့ကို ပြုတ်ကျခြင်းမှကာကွယ်သည့်စနစ် (Fall Prevention System) ဟု ခေါ်သည်။ ၎င်းတို့တွင် ငြမ်းစင်၊ အကာအရံတန်းများ၊ လက်ရမ်းတမ်းများ၊ ဆစ်ဆာလစ်ဖ်(Scissor Lift)၊ ဘွမ်းလစ်ဖ် (Boom Lift)၊ ဂွန်ဒိုလာ (Gondola) စသည်တို့ပါဝင်သည်။
            WSH (Construction) Regulation အရ -
၁။ လူတစ်ဦးသည် ၂ မီတာထက်မြင့်သောနေရာမှ ပြုတ်ကျနိုင်သည့် အန္တရာယ်ရှိပါက ပိုင်ရှင်သည် ထိုနေရာမှ ပြုတ်မကျနိုင် ရန် ကာရံပေးရမည့် တာဝန်ရှိသည်။
၂။ ထိုသို့ပြုတ်မကျစေရန် ကာရံပေးခြင်းကို အကာအရံတန်းများ၊ လက်ရမ်းများ သို့မဟုတ် ၎င်းနှင့်ညီမျှသော အခြား ထိရောက်  သည့် အကာအရံများ ပြုလုပ်ပေးရမည်။
၃။ ထိုအကာအရံတန်းများသည် ခိုင်မာတောင့်တင်းသော၊ လုံလောက်သော၊ ပြုတ်ကျလာသည့် ဒဏ်ကို ခံနိုင်ရည်ရှိသော တန်းများဖြစ်ရမည်။
၎။ ထိုတန်းများကို မတော်တဆ ပြုတ်ထွက်မသွားနိုင်စေရန် အတွင်းဘက်၌ စိုက်ထူထားရမည်။
၅။ ထိုတန်းများသည် မည်သူ့ကိုမဆို ပြုတ်ကျခြင်းမှ ကာကွယ်ပေးနိုင်ရမည်။



၆။ အကယ်၍ လုပ်ငန်းအတွက်လိုအပ်လျှင် ထိုအကာအရံတန်းများကို ဖြုတ်နိုင်သည်။ သို့သော် အလုပ်ပြီးသွားလျှင် မူလ အတိုင်း ချက်ချင်း ပြန်တပ်ပေးရမည်။

ကြမ်းပြင်အစွန်းများကို ကာရံပေးခြင်း



ကြမ်းပြင်အစွန်းများကို အပွင့်အတိုင်းမထားရ။ ခိုင်ခံ့စွာ ကာရံထားရမည်။






၇။ အကာအရံတန်းများသည် အနည်းဆုံး ၁.၁မီတာ အမြင့်ရှိရမည်။ အလယ်တန်းတစ်တန်း ဆင်ရန်လည်းလိုပြီး ထိုအလယ်တန်း၏ အမြင့်မှာ ၆၀၀ မီလီမီတာ အမြင့်၌ ရှိရမည်။ ခြေကာပြား (တိုးဘုတ်- Toe Board) များလည်း တပ်ဆင်ရန်လိုပြီး ခြေကာပြား၏ အမြင့်မှာ ၉၀ မီလီမီတာ ရှိရမည်။


ဆောင်ရန် ရှောင်ရန်များ



ကြမ်းပြင်မှအပေါက်အားလုံးကို အဖုံးပိတ်ထားရမည်။





၆၊ ၆၊ ၁။ ငြမ်းစင် (Scaffold)

            ၁။ ၀င်ပေါက်ထွက်ပေါက်၊ အတက်အဆင်းများအဖြစ်လည်းကောင်း
၂။ အမြင့်၌ အလုပ်လုပ်ရန်အတွက် လည်းကောင်း - ငြမ်းစင်ကို သုံးနိုင်သည်။


ငြမ်းစင်ကို အန္တရာယ်ကင်းစွာ အသုံးပြုခြင်း

၁။ အသုံးပြုရန် အန္တရာယ်ကင်းကြောင်း စစ်ဆေးချက်ကဒ်ပြားကိုတွေ့ပါက ထိုငြမ်းစင်အား အသုံးပြုနိုင်သည်။
၂။ ဤငြမ်းစင်အား မသုံးပါနှင့်။ အန္တရာယ်ရှိသည် ဟူသော ကဒ်ပြားချိတ်ဆွဲထားပါက ထိုငြမ်းစင်ကို မသုံးပါနှင့်။
၃။ ၄ မီတာထက်မြင့်သော ငြမ်းစင်များ ဆင်ခြင်း၊ ဖျက်ခြင်း၊ ပြင်ခြင်းစသည်တို့ကို ငြမ်းစင်ထိုးခွင့် ခွင့်ပြုမိန့်လက်မှတ် ထုတ်ပေးထားသူ (Approved scaffold contractors) များသာ ပြုလုပ်နိုင်၏။ 
၎။ ငြမ်းစင်များ ဆင်ခြင်း၊ ဖျက်ခြင်း၊ ပြင်ခြင်းစသည်တို့ကို ပြုလုပ်ရာတွင် လက်မှတ်ရ၊ ကျွမ်းကျင်ပြီး၊ အတွေ့အကြုံရှိသူ ငြမ်းစင် ကြီးကြပ်သူ၏ အနီးကပ်ကြီးကြပ်ခြင်းဖြင့်သာ ပြုလုပ်ရမည်။
၅။ ငြမ်းစင်ကို ညီညာပြီးမာကြောသော မြေပြင်ပေါ်တွင်သာ တည်ဆောက်ရမည်။
၆။ ငြမ်းစင်ပေါ် အတက်အဆင်းလုပ်ရန် သင့်တော်သည့် အန္တရာယ်ကင်းသောလှေခါး တပ်ဆင်ပေးထားရမည်။
၇။ ငြမ်းစင်အခင်း ပတ်ပတ်လည်၌ ခြေကာပြားများ (Toe Board) တပ်ဆင်ထားရမည်။
၈။ ငြမ်းစင်ပေါ်တွင် ပစ္စည်းများတင်ထားခြင်းဖြင့် ၀န်ပို မပိစေရ။ (Do not overload)
၉။ အသုံးမပြုမီ ငြမ်းစင်အား စစ်ဆေးရမည်။
၁၀။ ငြမ်းစင်ပေါ်၌ အလုပ်လုပ်နေစဉ်အတွင်း အန္တရာယ်ကင်းကိုယ်သိုင်းကြိုး (Safety Harness) ကို ၀တ်ဆင်ထားရမည်။












ရွေ့လျားငြမ်းစင်တည်ဆောက်ရမည့် အချိုးအစားမှာ ငြမ်းစင်၏ အမြင့်သည် အတိုဆုံးအနားထက် သုံးဆရှိရမည်။ အကယ်၍ ငြမ်းစင်သည် ၄ မီတာထက်ပိုမြင့်ပါက လက်မှတ်ရငြမ်းဆင်သည့် ကုမ္ပဏီမှသာ ဆင်ခွင့်ရှိသည်။ ငြမ်းဆင်ရာတွင် လည်း လက်မှတ်ရ ငြမ်းဆင်ကြီးကြပ်သူမှ အနီးကပ်ကြီးကြပ်ရမည်။
ရွေ့လျားငြမ်းစင်ကို သုံးနေစဉ်အချိန်တိုင်း၌ ဘီးကို ဘရိတ်ဖမ်းထားရမည်။

MEWP (Mobile Elevated Work Platform)



MEWP တွင် Scissor Lift, Boom Lift, Euro Lift, ချယ်ရီပစ်ကာ စသည်တို့ပါဝင်၏။ MEWP ကို လေ့ကျင့်သင်ကြား ပေးထားသော သူများသာလျှင် မောင်းနှင်ခွင့်ရှိသည်။




v  နေ့စဉ် MEWP ကို အသုံးမပြုမီ ကောင်းစွာ စစ်ဆေးပါ။
v  MEWP သုံးတော့မည်ဆိုလျှင် မြေပြင်အခြေအနေကို လေ့လာပါ။ (ဆင်ခြေလျှောလား၊ မြေပျော့လား၊ မြေမာလား)
v  မညီညာသောမြေ၊ ပျော့နေသောမြေ၊ စောင်းနေသောမျက်နှာပြင်သည် MEWP ၏ တည်ငြိမ်မှုကို ပျက်ပြားစေသည်။
v  အန္တရာယ်ကင်း ကိုယ်သိုင်းကြိုးကို ၀တ်ဆင်ပါ။
v  ကိုယ်သိုင်းကြိုးကို သတ်မှတ်ထားသောနေရာ၌ ချိတ်ပါ။
v  မည်သည့်အခါမှ လက်ရမ်းများပေါ် တက်မရပ်ရ။
v  သတ်မှတ်ထားသော လူအရေအတွက် သို့မဟုတ် ၀န်အားထက် မပိုစေရ။
v  မြေညီညာချောမွေ့ပြီး ကျင်းချိုင့်၊ ဆင်ခြေလျှောတို့ ကင်းလွတ်သောမျက်နှာပြင်မှ အပ MEWP ၏ ပလက်ဖောင်းကို အနိမ့်ဆုံး ထိ နှိမ့်ချပြီးမှ တစ်နေရာမှ တစ်နေရာသို့ မောင်းနှင်ပါ။
v  ဘေးတိုက် ၃ ဒီဂရီထက် ပိုစောင်းသည့်နေရာတွင် MEWP ကို ပလက်ဖောင်းမြှင့်ပြီး မမောင်းနှင်ပါနှင့်။ မှောက်တတ်သည်။


v  MEWP ကို လုပ်ရမည့်နေရာနှင့် အနီးဆုံးသို့ ရွှေ့ပါ။
v  မိမိအလုပ်လုပ်သည့်နေရာကို အခြားသူများဝင်မလာနိုင်စေရန် ကြိုးဖြင့် စည်းဝိုင်းခတ်ထားပါ။
v  MEWP ၏ လက်တန်းများမှ အပြင်သို့ ကိုယ်ကိုကိုင်းပြီး မထွက်ပါနှင့်။
v  အလုပ်လုပ်ရန် MEWP ကို ရပ်မည့်နေရာသည် ညီညာပြီး မာကျောသည့်နေရာ ဖြစ်ပါစေ။
v  အရေးပေါ်ရပ်ရမည့် ခလုတ်ကို သိထားပါ။
v  လက်သုံးကိရိယာများကို ပုံးများ၊ သေတ္တာများနှင့် ထည့်ထားပါ။
v  မည်သည့်ပစ္စည်းကိုမှ MEWP ပေါ်မှ ပစ်မချပါနှင့်။
v  အဆောက်အဦကြမ်းပြင်ပေါ်မှ MEWP ပေါ်သို့လည်းကောင်း၊ MEWP ပေါ်မှ အဆောက်အဦကြမ်းပြင် ပေါ်သို့လည်းကောင်း ခုန်ကူးခြင်း မည်သည့်အခါမှ မလုပ်ပါနှင့်။
v  ကိုယ်သိုင်းကြိုးမှ ချိတ်ကို MEWP ပေါ်မှ သတ်မှတ်ထားသည့်နေရာတွင်သာ ချိတ်ပါ။ ပြင်ပမှ တန်းများပေါ်သို့ လှမ်းချိတ်ခြင်း လုံးဝမလုပ်ရ။
v  အလုပ်ပြီးသောအခါ MEWP ပေါ်မှ အမှိုက်များကို အားလုံးစင်အောင် ရှင်းခဲ့ပါ။












Thursday, April 25, 2013

Panel Discussion (PD)


(၁)

မိတ်ဆွေအချို့က PD တွင် သူတို့လည်း တင်ပြလိုပါသည်ဆိုလာသောကြောင့် PD နှင့်ပတ်သက်၍ အနည်းငယ် ပြောလိုပါ၏။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်ပရောက် မြန်မာ တတ်/သိပညာရှင်များအနေနှင့် ဘာတွေကို ဘယ်ပုံလုပ်ပေး နိုင်သနည်းဆိုတာနှင့်ပတ်သက်၍ မြန်မာပြည်ဘက်မှ အစိုးရအရာရှိများကိုဖိတ်ခေါ်ကာ မျက်နှာချင်းဆိုင် ပြောဆိုကြရန် PD ကို လုပ်ပါသည်။
သည်ပွဲတွင် ပြည်ပရောက်မြန်မာများက ဘာတွေလုပ်ပေးနိုင်သည်ကို တင်ပြပြီး မြန်မာပြည်အစိုးရဘက်မှ ထိုသူများ အား မည်ကဲ့သို့ပါဝင်လာနိုင်ကြောင်း လမ်းကြောင်းပေးရန် ဖြစ်၏။
သည်တွင် မိတ်ဆွေများကို ပြောလိုသည်မှာ တင်ပြပုံတင်ပြနည်းနှင့် ပတ်သက်၍ ဖြစ်ပါသည်။
ယခုပြောမည်မှာ တစ်နိုင်ငံလုံးဖြစ်နေသည့်ကိစ္စကို ခြုံပြောမည်ဖြစ်သဖြင့် အသေးစိတ်၊ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို ထည့်ပြောလို့မဖြစ်ပါ။ နည်းပညာပိုင်းများကို မိမိတို့ဘာသာ ဟောပြောပွဲများ (ဥပမာ - ဆောက်လုပ်ရေး သမားက ဆောက်လုပ်ရေးနည်းပညာဆိုင်ရာ ဟောပြောပွဲ၊ safety သမားက safety ဆိုင်ရာ ဟောပြောပွဲ) ကို လုပ်သွားရန် ဖြစ်၏။
ဆောက်လုပ်ရေးဟောပြောပွဲသို့ ဆောက်လုပ်ရေးနှင့်ပတ်သက်သူများသာ လာမည်။ ထို့ကြောင့်လည်း သူတို့တွင် ဆောက်လုပ်ရေးနှင့်ပတ်သက်သည့် ဗဟုသုတများ အတော်အတန်ရှိထားသူများဖြစ်သည်။ ပြောသူက ဘာပြောသည်ကို သူတို့နားလည်နိုင်မည်။ ထို့အတူ အခြားဘာသာရပ်များလည်း ထိုနည်းအတိုင်း ဖြစ်၏။
သို့သော် ယခုလာမည်မှာ ဆောက်လုပ်ရေးသမား၊ safety သမား၊ ကျန်းမာရေးဝန်ထမ်းများ မဟုတ်ပါ။ အုပ်ချုပ်ရေး ပိုင်းမှ ဖြစ်ပါသည်။ ဤအချက်ကို ကျွန်ုပ်တို့ ကောင်းစွာသဘောပေါက် နားလည်ရန်လို၏။
သို့မဟုတ်ပါက ကျွန်ုပ်တို့ PD မှာ ခါးတောင်းကျိုက်တလွဲ၊ - င်တလွဲ ဖြစ်နေမည် ဖြစ်၏။ ပိုးသာ လှည်းနှစ်စီးတိုက် လောက်ကုန်၍ မောင်ပုံကလေး စောင်းတတ်မည် မဟုတ်ချေ။

(၂)

မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသမျှ ဒုက္ခအ၀၀မှာ စနစ်ချို့ယွင်းခြင်း (Lack of System) ကြောင့်ဖြစ်၏။
တောင်ကြီး၌ ငြမ်းစင်ပြို၍ လူ ၇ ဦးသေခြင်းသည်လည်းကောင်း၊ စက်ဆန်းတွင် မီးလောင်ပေါက်ကွဲ၍ မီးသတ်ရဲဘော် ၅ ဦးအပါအ၀င် လူအများအပြား သေဆုံးဒဏ်ရာရခြင်းသည် လည်းကောင်း၊ ရေနွေးအိုးကြိုရာမှ မင်္ဂလာဈေး တစ်ဈေးလုံး မီးလောင်ပြာကျ၍ ငွေကျပ်သန်းပေါင်း နှစ်သောင်းကျော် ဆုံးရှုံးရခြင်းသည်လည်းကောင်း -
ထိုကိစ္စအားလုံးမှာ စနစ်ချို့ယွင်းခြင်းကြောင့် ဖြစ်သတည်း။
ဤသည်ကို ကျွန်ုပ်တို့လူကြီးများ သိမြင်နားလည်လာစေရန် ထောက်ပြရမည်ဖြစ်၏။
ကျွန်ုပ်တို့က လူကြီးများအား -
(မြေအနက် ၁မီတာခွဲထက်ကျော်ပြီးတူးလျှင် မြေအကာပြားများ ထောက်ပံ့ပေးရမည်။ မြေအနက် ၄ မီတာထက်ပိုပြီး တူးလျှင် အင်ဂျင်နီယာက ဒီဇိုင်းဆွဲထားသော မြေကာပြားများအတိုင်း ထောက်ရမည်။ ငြမ်းစင် ၄ မီတာထက်ပိုမြင့်လျှင် လက်မှတ်ရ ငြမ်းဆင်သူအားသာ ဆင်ခိုင်းစေသင့်သည်) -
- စသည့်စသည့် ကိစ္စများ ပြောမည်ဆိုပါက ဘာနှင့်တူမည်နည်းဆိုလျှင် -
(ဟိုဘက်အိမ်က ငအေး၊ ဒို့အိမ်ကကြက်မကြီးလာခိုးတာ လွှတ်တော်မှာ တင်ပြဆွေးနွေးရမယ်) ဆိုတာမျိုး ဖြစ်၏။

            ကျွန်ုပ်တို့က လူကြီးများအား -
(ငြမ်းစင်ပြိုသဖြင့် အင်ဂျင်နီယာကို အပြစ်ပေး၊ အရေးယူရုံမျှနှင့် နောက်ထပ် ငြမ်းစင်ပြိုမှုများကို တားဆီးနိုင်မည် မဟုတ်ကြောင်း၊ မီးလောင်သဖြင့် ပိုင်ရှင်ကို အရေးယူရုံမျှဖြင့် နောက်ထပ်မီးလောင်မှုများကို မည်သည့်နည်းနှင့်မှ တားဆီးနိုင်မည် မဟုတ်ကြောင်း။
တကယ်လုပ်ရမည်မှာ ငြမ်းဆင်သည့်အခါ မည်ကဲ့သို့ငြမ်းဆင်ရမည်၊ မည်သူက မည်ကဲ့သို့ဆင်ရမည်၊ ထိုငြမ်းသည် မည်သည့်အချက်အလက်များနှင့် ပြည့်စုံရမည်၊ ထိုငြမ်းစင်အား စိတ်ချလက်ချသုံးနိုင်ကြောင်း မည်သူကတာဝန်ယူရမည် စသည်တို့ကို ဖော်ပြထားသော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း) -
ထောက်ပြပြောဆိုရန် ဖြစ်၏။

မိတ်ဆွေများခင်ဗျား -
ယခု PD ၌ စာတမ်းတင်လိုသူ အတော်များများရှိသည်ဟု သိရသဖြင့် ၀မ်းလည်းသာ၊ ကျေးဇူးလည်းတင်ပါသည်။ သို့သော် အချိန်အကန့်အသတ်ရှိသဖြင့် အားလုံးကို လက်ခံလို့မဖြစ်ပါ။ ယခုပင်လျှင် ၁၁ ဖွဲ့ ရှိပါသည်။ သို့သော်လည်း စိတ်မပျက်ပါနှင့်။ ဤပွဲမျိုးများ နောက်ထပ်ကျင်းပနိုင်ရန် ဆက်လက်ကြိုးစားကြပါမည်။
အရေးကြီးသည်မှာ “ပွဲပြီးမီးသေ” ဖြစ်မသွားဘို့ ဖြစ်၏။ သည့်အတွက် သည်ပွဲပြီးလျှင် ဘာဆက်လုပ်မည်နည်း ဆိုသည့် Follow up action လိုပါသည်။ သို့မဟုတ်ပါက ဘာမှ အကျိုးရှိမည်မဟုတ်ပါ။

            ပြောလိုသူမိတ်ဆွေများ ကြိုတင်ပြင်ဆင်ထားကြပါ။ စိတ်တူကိုယ်တူ၊ စေတနာတူ၊ ဘာသာတူသူများ (ဟိုးထားဆရာ၊ ဘာသာတူဆိုတာ ဗုဒ္ဓဘာသာကိုပြောတာမဟုတ်ဘူးဗျ) စုစည်းပြီး အဖွဲ့ဖွဲ့ကြပါ။ မိမိတို့အချင်းချင်း ကြိုတင်ညှိနှိုင်းပြီး ဘာတွေ ပြောမယ်၊ ဘာတွေလုပ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေးကြပါလို့ တိုက်တွန်းပါ၏။

ကျေးဇူးတင်ပါ၏။

အေးငြိမ်း
၂၅၊ ၄၊ ၁၃

ရေခဲသေတ္တာထဲမှာ အနံ့အသက်ပျောက်အောင် လုပ်တဲ့နည်း


ခုတလော ကျွန်တော်အရမ်းအလုပ်များနေလို့ စာမရေးနိုင်ပါ။

ဘလော့ကိုခုမှဖွင့်ဖြစ်လို့ cbox မှာ မေးထားတာလေး ကသုတ်ကရက်ဖြေလိုက်ပါတယ်။

ရေခဲသေတ္တာထဲမှာ နံနေရင် -

၁။ ရေခဲသေတ္တာရဲ့ မီးခလုတ်ကို ပိတ်ပြီး ပလပ်ကိုချွတ်ပါ။

၂။ အထဲမှာရှိတဲ့ အစားအသောက်အားလုံးကို ထုတ်လိုက်ပါ။

၃။ ရေခဲသေတ္တာထဲက စင်တွေ၊ အောက်ဆုံးက အသီးအရွက်ထည့်တဲ့ ဇလားတွေ ကို အပြင်ထုတ်လိုက်ပါ။

၎။ ဆပ်ပြာမှုံ့ကို ရေခပ်နွေးနွေးနဲ့ ဖျော်ပြီး မျက်နှာသုတ်ပုဝါသေးသေးလို ပျော့ပြောင်းနူးညံ့တဲ့ အ၀တ်စမှာဆွတ်။

၅။ ရေခဲသေတ္တာ အတွင်းပိုင်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ပါ။ အထူးသဖြင့် အသားငါးတွေ၊ အအေးတွေက ကျနေတဲ့ အရည်တွေကို သေသေချာချာ လုံးဝပြောင်သွားတဲ့ထိ သုတ်ပါ။

၆။ အားလုံးပြီးသွားရင် အနံ့ပျောက်စေတဲ့ အောက်ပါ ပစ္စည်းတစ်မျိုးမျိုးကို ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပိတ်ထားပါ။ အနံ့ပျောက်ပြီဆိုမှ ထုတ်ပြီး အစားအသောက်တွေ ပြန်ထည့်ပါ။

က) မီးသွေးသန့်သန့်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
ခ) ကွေကာအုတ်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
ဂ) ကော်ဖီမှုန့်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
ဃ) ရှာလကာရည်ကို ပန်းကန်ထဲထည့်ပြီး ရေခဲသေတ္တာအပေါ်ထပ်အောက်ထပ်မှာ ထည့်ပါ။
င) ဘိတ်ကင်းဆိုဒါ (Baking Soda) နဲ့ ရေခဲသေတ္တာအတွင်းပိုင်းကို ဖြူးပေးပါ။ နောက်ပြီး ဆိုဒါ အထုပ်လိုက်ထည့်ထားပါ။

မှတ်ချက်။            ။ ရေခဲသေတ္တာကို ဘယ်လိုထိန်းသိမ်းရမယ်။ အစားအသောက်တွေ ဘယ်လိုထည့်ရမယ်ဆိုတာကို ရေခဲသေတ္တာ စနစ်တကျအသုံးပြုနည်းနှင့် ထိန်းသိမ်းနည်း (Dec, 2011 post) မှာ ဖတ်ကြည့်ပါခင်ဗျား။

ကျေးဇူးတင်ပါတယ်။

အေးငြိမ်း
၂၅၊ ၄၊ ၁၃ နံက် ၁၀း၃၇
(အလုပ်ထဲကနေ အလီဘာဘာလုပ်ရေးလိုက်တာ)

Monday, April 22, 2013

မြန်မာ့အပြောင်းအလဲနှင့် စင်ကာပူရောက်မြန်မာပညာရှင်များ၏ အခန်းကဏ္ဍ စကားဝိုင်း



မြန်မာ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့် စင်ကာပူရောက်မြန်မာတတ်သိပညာရှင်၊ ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍ (Updated Version)


(Myanmar Transition and Role of Myanmar Professionals in Singapore)

(၁)



ယခုအခါ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော အခြေအနေများအရ နိုင်ငံပြုပြင်တည်ဆောက်ရေးတွင် မြန်မာပြည်သူ ပြည်သားအပေါင်းတို့ မိမိတို့စွမ်းနိုင်သမျှ ၀ိုင်းဝန်းကြိုးပမ်းနေကြသော အချိန်ဖြစ်ပေသည်။ ဤသို့ ကြိုးပမ်းကြရာတွင် မြန်မာပြည်တွင်းမှ အဖွဲ့များသာမက ပြည်ပရောက် မြန်မာများကလည်း တစ်ဦးချင်းသော် လည်းကောင်း၊ အစုအဖွဲ့လိုက်သော် လည်းကောင်း လူမှုရေးကိစ္စတွင်ဖြစ်စေ၊ ပညာရေးကိစ္စတွင် ဖြစ်စေ၊ အများပြည်သူကျန်းမာရေး လုပ်ငန်းများတွင်ဖြစ်စေ၊ အမျိုး ဘာသာ သာသနာထွန်းကားရေး ကိစ္စများတွင်ဖြစ်စေ ကိုယ့်နည်းကိုယ့်ဟန်နှင့် ဆောင်ရွက်နေကြ၏။
ပြည်ပရောက်မြန်မာများအနေနှင့် နိုင်ငံတကာအသိုင်းအ၀န်း၊ ခေတ်မီနည်းပညာ၊ အတတ်ပညာများနှင့် နေ့စဉ်ထိတွေ့ လုပ်ကိုင်နေကြသည်ဖြစ်ရာ မိမိ မိသားစုအတွက် ၀င်ငွေရှာရင်းမှ တစ်ဖက်တွင်လည်း အလုပ်လုပ်ရင်း ခေတ်မီနည်းပညာများ ကိုလေ့လာသင်ယူပြီး ဖြစ်နေတော့သည်။ ထို့ကြောင့် ပြည်ပရောက်မြန်မာများမှာ မြန်မာနိုင်ငံပြန်လည် ထူထောင်ရေးတွင် ကောင်းစွာအသုံးချနိုင်မည့် အလွန်တန်ဘိုးကြီးမားသည့် လူအရင်းအမြစ်ကြီးပင် ဖြစ်တော့၏။
ထို့ပြင်တ၀ မြန်မာ့နိုင်ငံရေးအခြေအနေ ပွင့်လင်းလာသည်နှင့်အမျှ အခြားနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုများပြုမည်ဖြစ်လေရာ ၎င်းတို့နှင့်အတူ ခေတ်မီစက်ကိရိယာ၊ နည်းပညာများ ပါလာမည်မုချဖြစ်၏။ ထို့အတူ ၎င်းတို့နှင့်အတူပါလာမည့် နိုင်ငံခြားသား အလုပ်သမားများမှာလည်း ကျွမ်းကျင်သူ၊ အရည်အသွေးပြည့်ဝသူများ ဖြစ်ပေမည်။ ၂၀၁၅ တွင် အာဆီယံနိုင်ငံများအတွင်း လွတ်လပ်စွာကုန်သွယ်ရေး (AFTA)၊ အာဆီယံစီးပွားရေးအသိုက်အ၀န်း (AEC) တို့ စတင် အသက်ဝင်လာမည်ဖြစ်ရာ AEC နှင့် အတူ လွတ်လပ်စွာရင်းနှီးမြှုပ်နှံခွင့် (free flow investment) နှင့် ကျွမ်းကျင် လုပ်သားများ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့် (free flow of skill labour) လည်း ကပ်ပါလာမည် ဖြစ်ပေသည်။
ထိုအခါ မြန်မာနိုင်ငံသား လုပ်သားများသည် အခြားနိုင်ငံသားများထက် စွမ်းရည်နိမ့်ကျနေလျှင် နိုင်ငံခြားကုမ္ပဏီများ ၏ ခွဲခြားဆက်ဆံခြင်း၊ လုပ်ခနှိမ်ခြင်း၊ မြန်မာနိုင်ငံသား အလုပ်သမားများကို မခန့်လိုခြင်း စသည်တို့ ပေါ်ပေါက်လာနိုင်ပေရာ မြန်မာနိုင်ငံသား လုပ်သားများအဖို့ ကြီးစွာသော စိန်ခေါ်မှုတစ်ရပ်ဖြစ်၏။
ယခုပင်လျှင် ၂၀၁၃ ခုနှစ်သို့ ရောက်လာပြီဖြစ်ရာ များစွာမကျန်တော့သောအချိန်အတွင်း မြန်မာနိုင်ငံအနေနှင့် ပြင်ပမှ ၀င်ရောက်လာမည့် စီးပွားရေးကုမ္ပဏီကြီးများသည် မိမိတို့၏ ချို့ယွင်းချက်အားနည်းချက်များကို အခွင့်ကောင်းယူကာ ၎င်းတို့ ထင်ရာမစိုင်းနိုင်ရေးအတွက် အရေးတကြီး ပြင်ဆင်ရမည့်အချိန်သို့ရောက်နေလေပြီ။
ဤသို့ပြင်ဆင်ရာတွင် အရေးကြီးဆုံးမှာ တိကျခိုင်မာသည့် မြန်မာပြည်အကျိုးစီးပွား၊ မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အစရှိသည်တို့ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော် အစိုးရအနေနှင့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲနေပြီဖြစ်၏။ ဤသို့ရေးဆွဲရာတွင် သက်ဆိုင်ရာ လုပ်ငန်းအလိုက် တတ်မြောက်၊ ကျွမ်းကျင်နားလည်သည့် ပညာရှင်များပါဝင်ရန် သို့မဟုတ် ၎င်းတို့၏ အကြံဉာဏ်များ ရယူရန်လည်း လိုပေသည်။ 
အကြောင်းကြောင်းကြောင့် နိုင်ငံရပ်ခြားရောက်ရှိ နေထိုင်လုပ်ကိုင်သူများတွင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ၌ ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကျွမ်းဝင်သူ၊ နားလည်တတ်ကျွမ်းသူ အများအပြားရှိပါသည်။ မြန်မာနိုင်ငံ၌ ဥပဒေများရေးဆွဲရာတွင် ထို ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၏ လုပ်ထုံးလုပ်နည်းများကို နမူနာယူ၊ မှီငြမ်းအသုံးချနိုင် ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေနှင့် ထိုနိုင်ငံခြားရောက်ပညာရှင်များကိုသာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများရေးဆွဲရာတွင် လိမ္မာပါးနပ်စွာ အသုံးချတတ်မည်ဆိုပါက ပိုမိုကောင်းမွန်သော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများရရှိမည်မှာ မုချအမှန်ဖြစ်၏။
(၂)

စင်ကာပူတွင် လုပ်ငန်းအမျိုးမျိုး၌ များစွာသောမြန်မာနိုင်ငံသားများသည် အထွေထွေလုပ်သား၊ ကြီးကြပ်ရေးမှူး၊ အင်ဂျင်နီယာ၊ ကျူစီ၊ မန်နေဂျာ စသည်ဖြင့် အဆင့်အမျိုးမျိုးတွင် ပါဝင်လုပ်ကိုင်နေကြ၏။ စင်ကာပူနိုင်ငံ၌ ဆယ်စုနှစ် တစ်ခုကျော်မျှလုပ်ကိုင်နေသည့် လုပ်သက်ရင့် အင်ဂျင်နီယာ၊ မန်နေဂျာများလည်း မနည်းလှပေ။ ဤအဆင့်ရောက်လာရန် ၎င်းတို့သည် ကျောင်းများစွာ၊ သင်တန်းများစွာတက်လျှက် စင်ကာပူနိုင်ငံသားများနှင့်အပြိုင် အရည်အသွေးပြည့်ဝလာစေရန် မိမိတို့ဘာသာ  မိမိတို့ ကိုယ့်စားရိတ်နှင့်ကိုယ် သင်ယူလေ့လာခဲ့ကြ၏။ 




လုပ်ငန်းလိုအပ်ချက်အရ အရာရှိပိုင်းမျှသာ မကဘဲ ကြီးကြပ်ရေးမှူးနှင့် လုပ်သားများသည်လည်း ခေတ်မီနည်းပညာများနှင့် မစိမ်းသူ၊ ခေတ်မီ စက်ကိရိယာများနှင့် အကျွမ်းဝင်ကြသူများ ဖြစ်ကြ၏။ ၎င်းတို့ကား အထက်တွင် ဖော်ပြခဲ့သည့် FDI (Foreign Direct Investment) နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများဝင်လာပါက အဆင်သင့် လက်တင်သုံး နိုင်သည့် အရည်အသွေးပြည့် လူသားရင်းမြစ်ကြီးပင် ဖြစ်တော့၏။ ၎င်းတို့အား ခေတ်မီ စက်ကိရိယာများ ကိုင်တွယ်ဘို့ရာ နိုင်ငံခြားကုမ္ပဏီများ သယ်ဆောင်လာ မည့် နည်းစနစ်၊ စံနှုန်းများနှင့် ကျွမ်းဝင်စေဘို့ရာ သီးသန့်လေ့ကျင့်ပေးနေစရာ မလိုတော့ပါ။
            အားသာချက်မှာ ၎င်းတို့နှင့်အတူ မြန်မာနိုင်ငံ အတွင်းရှိ လုပ်သားများကို ပူးတွဲခန့်ထားခြင်းဖြင့် အလုပ်လုပ်ရင်း သင်ယူလေ့လာစေနိုင်ခြင်းပင်ဖြစ်လေသည်။ မြန်မာ အများစု မှာ တစ်မိုက်ပြလျှင် တစ်ထွာမြင်တတ်ကြသူများဖြစ်ရာ သီးသန့်သင်တန်းများ ပေးစရာမလိုတော့ဘဲ တတ်ကျွမ်းသူများ  လုပ်ကိုင်သည်ကိုကြည့်ကာ အလုပ်လုပ်ရင်းတတ်မြောက်နိုင်မည်ဖြစ်၏။
            စင်ကာပူရောက်မြန်မာများအနေနှင့် မှတ်ပုံတင်၍သော်လည်းကောင်း၊ မှတ်ပုံမတင်ပဲ သော်လည်းကောင်း မိမိတို့ နီးစပ်ပတ်သက်ရာ အဖွဲ့ကလေးများ ဖွဲ့စည်းလှုပ်ရှားနေရာ ထိုအထဲတွင် ဂျီတီအိုင်ကျောင်းသားဟောင်းများအဖွဲ့၊ မြို့ပြ အင်ဂျင်နီယာများအဖွဲ့၊ ဘူမိဗေဒအဖွဲ့၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအဖွဲ့ စသည့် အတတ်ပညာပိုင်းဆိုင်ရာအဖွဲ့များလည်း အများအပြားရှိ၏။
            ထိုအဖွဲ့အားလုံး၏ တူညီသောရည်ရွယ်ချက်မှာ မိမိတို့တတ်စွမ်းနိုင်သမျှ အမိမြန်မာနိုင်ငံတော်ကို ပြန်လည်လုပ်ကျွေး သမှုပြုရေးပင်ဖြစ်၏။ လူမှုရေးအဖွဲ့များက အဖွဲ့ဝင်များထံမှ အလှူငွေများဖြင့် ကျောင်းဆောက်ခြင်း၊ ကျောင်းများ ပြန်လည် ပြုပြင်ပေးခြင်း။ စာအုပ်စာတမ်းများထောက်ပံ့ခြင်း။ ဆေးရုံဆေးခန်းများသို့ လှူဒါန်းခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး စသည့် သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါ အ၀တ်အထည်၊ အစားအစာ၊ ငွေကြေးစသည်တို့ လှူဒါန်းခြင်းများ ပြုလုပ်ကြသည်။
            စင်ကာပူရောက် မြန်မာမြို့ပြအင်ဂျင်နီယာများအသင်း (Society of Myanmar Civil Engineers (Singapore) – SMCES) က လုပ်ငန်းခွင်အတွေ့အကြုံနှင့် နည်းပညာဆိုင်ရာ ဆွေးနွေးတင်ပြမှုနှင့် နှီးနှောဖလှယ်ပွဲများကို ၂၀၁၀ ခုနှစ်မှစတင်ကာ စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တို့တွင် နှစ်စဉ်စီစဉ်ကျင်းပပေးခြင်း။ Myanmar Geologists Society Singapore (MGSS) ကို ၂၀၁၀ ခုနှစ်တွင် မှတ်ပုံတင်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်ကျင်းပလျှက် စင်ကာပူရှိအဖွဲ့ဝင်များက မိမိတို့လေ့လာဆည်းပူးခဲ့သော ပညာရပ်များနှင့် လုပ်ငန်းအတွေ့အကြုံ များကို အလှည့်ကျဟောပြောခြင်း။ MGSS အဖွဲ့ဝင်များ မြန်မာပြည်သို့ အလည်ပြန်သည့် အခါများ၌လည်း အခါအားလျော်စွာ ဟောပြောပွဲများ ကျင်းပပေးခြင်း အစရှိသည်တို့ကို မိမိတို့တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်လျှက်ရှိ၏။  
            ဤကဲ့သို့ဆောင်ရွက်ချက်များမှာ ကောင်းပင်ကောင်းသော်ငြားလည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြည့်မည် ဆိုလျှင် ခရီးပေါက်ရောက်မှု အလွန်နည်းပါသည်။ အဘယ်ကြောင့်ဆိုခြင်းကို လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ဥပမာ ပေးပါမည်။




မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်ထိခိုက်မှု၊ သေဆုံးမှုဦးရေမှာ တရားဝင်စာရင်းဇယားများ အရ ရော၊ လူမသိသူမသိ ထိခိုက်သေဆုံးမှုများပါ အလွန် များပါသည်။ ဤသည်ကို တတ်နိုင်သမျှ အကူအညီ ပေးရန် စင်ကာပူ၌ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအဖွဲ့ဖွဲ့ကာ လှုပ်ရှားရန် ကြိုးပမ်းနေ ပါသည်။ သို့သော် ထို လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအဖွဲ့အနေနှင့် မည်သည်တို့ လုပ်ပေး နိုင်ပါမည်နည်း။ ဟောပြောပွဲများ ကျင်းပပေးမည်။ သရုပ်ပြပွဲများလုပ်ပေးမည်။ စာအုပ်စာတမ်းများ ရိုက်နှိပ်ဖြန့်ချိမည်။ သင်တန်းများ ပို့ချပေးနိုင်ပါမည်။
            သို့သော် ဤသို့လုပ်ခြင်းဖြင့် လူအများ၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အသိပညာ၊ ဗဟုသုတကိုသာ တိုးပွားလာစေရန် တတ်နိုင်ပါမည်။ အမှန်တကယ် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက်မူ အစိုးရမှ စနစ်ဘောင်တစ်ခု (Frame Work) ချမှတ်အကောင်အထည် ဖော်ရ မည်ဖြစ်၏။ လူများဗဟုသုတရနေရုံမျှနှင့်တော့ အန္တရာယ်ကင်းသော လုပ်ငန်းခွင်တစ်ခု ဖြစ်လာနိုင်စရာမရှိပါ။ အစိုးရမှ ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ကာ လိုက်နာရမည့်စနစ်နှင့် စံနှုံးများကို သေချာစွာချမှတ်ပြဌာန်းပြီး မလိုက်နာသူများကို ထိရောက်စွာ အပြစ်ပေး၊ အရေးယူပါမှ ဖြစ်နိုင်ပါမည်။
            သို့အတွက် အထက်ဖော်ပြပါအဖွဲ့များမှလည်း မိမိတို့တတ်နိုင်သည်များကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သလို တပြိုင်နက်တည်းမှာပင် အစိုးရကလည်း မူဝါဒ၊ စည်းဘောင်များချမှတ် အကောင်အထည်ဖော်ရမည်ဖြစ်၏။
            ဤကဲ့သို့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ မူဝါဒ၊ စည်းဘောင်များရေးဆွဲရာတွင် ဥပဒေ ပိုင်းမှ ပုဂ္ဂိုလ်များ၊ အစိုးရပိုင်းမှ ပုဂ္ဂိုလ်များသာမက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်၌ စာတွေ့ရော၊ လက်တွေ့ပါ အမှန်တကယ် တတ်မြောက်ကျွမ်းကျင်သူ ပညာရှင်များ မဖြစ်မနေပါဝင်ရန်လို၏။ သို့မှသာ လက်တွေ့နှင့်လည်းကိုက်ညီ၊ အမှန်တကယ် လည်းထိရောက်အသုံးတည့်၊ လူများအတွက်လည်းအကျိုးရှိ၊ နိုင်ငံတည်ဆောက်ရေးအတွက်လည်း အသုံးဝင်သည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများ ဖြစ်လာနိုင်ပါလိမ့်မည်။
            ယခု မြန်မာနိုင်ငံတွင် လုပ်ငန်းအသီးသီး၌ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ များစွာရေးဆွဲရန် လိုနေပါ သေးသည်။ ထိုသို့ရေးဆွဲရာတွင် နိုင်ငံခြားရောက် မြန်မာအသိပညာရှင်၊ အတတ်ပညာရှင်များသည်လည်း မိမိတို့၏ အသိပညာ အတတ်ပညာ၊ နိုင်ငံတကာအတွေ့အကြုံများကိုအသုံးချလျှက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ပါလိမ့်မည်။

(၃)

            စင်ကာပူနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်လျှက်ရှိသော မြန်မာတတ်သိပညာရှင်များ၊ လုပ်ငန်းကျွမ်းကျင်သူများသည် မိမိတို့၏ အသိပညာ၊ အတတ်ပညာများဖြင့် မြန်မာပြည်တည်ဆောက်ရေးတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ပါဝင် ဆောင်ရွက်ကြရန် ( ၁၃ - ၁၁ - ၁၂) နေ့က National Library ရှိ Hanis Café တွင် စတင်ဆွေးနွေးခဲ့ကြပါသည်။ ဤသို့ ဆွေးနွေးရာ၌ မြန်မာပြည်အစိုးရပိုင်းမှရော၊ အစိုးရအဖွဲ့အတွင်းမှ မဟုတ်သူများကိုပါ ဖိတ်ကြားကာ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် မည်ကဲ့သို့လုပ်ကိုင် ဆောင်ရွက်သင့်သည်ကို စင်ကာပူရောက် မြန်မာအသိပညာရှင်၊ အတတ်ပညာရှင် များနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးအဖြေရှာကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။
            ဤစကားဝိုင်း (SPDE - Singapore Panel Discussion Event) သို့ မြန်မာနိုင်ငံဘက်မှ ဖိတ်ကြားမည့်သူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

v  ဦးလှမောင်ရွှေ (နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့)
v  ဒေါက်တာတင်လှိုင် (စာရေးဆရာ ဘိုးလှိုင်)
v  ကိုကိုကြီး (၈၈မျိုးဆက် ကျောင်းသားများအဖွဲ့)
v  ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) 




စကားဝိုင်းသို့ မြန်မာနိုင်ငံ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားပေးပါမည်။
စင်္ကာပူဘက်မှ ဆွေးနွေးမည့်အကြောင်းအရာနှင့် အဖွဲ့များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

1. “Safety Food for Local and Global Consumption” (Ma Saint)
2.  “Setting up Emergency Lives Saving System in Myanmar” (Nursing Family)
3.
  “Migration Policy for Domestic Workers” (U Tin Maung Win)
4.
  “Regulation of Pharmaceuticals : Control of Over-the-counter Drugs” (Dr Wint Maw Thinn)
5.
  “Data for Health Policy Making” (Dr Thein Than Win)
6.
  “Anti-Corruption : Mission Possible” (U Minn Thu)
7.
  “Building A Safety Culture in Myanmar” (Safety Team)
8.
  “The Supportive Chapter of Myanmar Geologists Society, Singapore (MGSS) Conjunction with Techno-Bridging Process” (Geologist Team)
9.
  “Enlarge the Pie – Building Win-Win Negotiation Culture to Create Peaceful, Prosperous and Democratic Myanmar” (Ko Naing Moe Aung)  
10.
“Quality Control System on Buildings in Myanmar” (Civil Engineers)

ပြောဆို ဆွေးနွေးမည့်အကြောင်းအရာများကို မော်ဒရေတာတစ်ယောက်ထားပြီး ဆက်သွယ်ပြောဆိုပါမည်။
အခန်းအနားကို မေလ ၁ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ SCCCI Building, 47 Hill Street, Singapore 179365 ၌ ကျင်းပပြုလုပ်ပါမည်။ ထိုအဆောက်အအုံမှာ ပင်နီဆူလာ ပလာဇာ၏ နောက်ဘက်၌ ရှိ၏။
ဤစကားဝိုင်းပြုလုပ်ရခြင်း အဓိကရည်ရွယ်ချက်မှာ စင်ကာပူရောက် မြန်မာ တတ်/သိပညာရှင်များအနေနှင့် မြန်မာ နိုင်ငံတည်ဆောက်ရေးတွင် လက်တွေ့ကျကျ ပါဝင်ဆောင်ရွက်ပေးနိုင်မည့် လမ်းစများ၊ အသိအမြင်များရရှိသွားစေရန်။ နိုင်ငံတော်နှင့် လွှတ်တော်၊ အကြံပေးအဖွဲ့စသည် တက်ရောက်သူများအား စင်ကာပူရှိမြန်မာ တတ်/သိပညာရှင်များအကြောင်း နှင့် ၎င်းတို့၏ မြန်မာနိုင်ငံအတွက် ပါဝင်ဆောင်ရွက်ပေးလိုသော စိတ်ဆန္ဒများကို သေသေချာချာ သိရှိသွားစေရန် ဖြစ်ပါသည်။
ဆွေးနွေးမည့်အကြောင်းအရာများမှာ အတတ်ပညာပိုင်းဆိုင်ရာ အကြောင်းအရာများသာဖြစ်ပြီး အခြားကိစ္စ ရပ်များကို မဆွေးနွေးရန် တင်းတင်းကြပ်ကြပ်တားမြစ်ထားပါသည်။ အတတ်ပညာပိုင်းဆိုင်ရာများ ဆွေးနွေးမည်ဆိုသော်လည်း အသေးစိတ်အချက်အလက်များကို ချန်လှပ်လျှက် အစိုးရတစ်ရပ် အနေနှင့် မဖြစ်မနေ ဦးစွာချမှတ်ဆောင်ရွက်ရန်လိုသော အချက်များကိုသာ ဦးစားပေးဆွေးနွေးသွားမည် ဖြစ်ပါသည်။
ပိုမိုရှင်းလင်းစေရန် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို ဥပမာထား၍ ဖော်ပြပါမည်။
ဆောက်လုပ်ရေးလုပ်ငန်း၌ ငြမ်းဆင်သည့်အခါ ၂ မီတာထက်မြင့်လျှင် လက်မှတ်ရ ငြမ်းဆင်လုပ်သားသာ ဆင်ရ မည်။ ငြမ်းစင်၏ ခံနိုင်ဝန်အားမှာ ၂၂၀ kN/m2 ဖြစ်ရမည် စသည့်အသေးစိတ် အချက်များမပါစေဘဲ ဆောက်လုပ်ရေးလုပ်ငန်း အတွက် မရှိမဖြစ်ရေးဆွဲချမှတ်ရမည့် နည်းဥပဒေများမှာ လုပ်ငန်းခွင်အတွင်း ၀န်ချီခြင်းလုပ်ငန်းများအတွက် ကရိန်းများ မောင်းနှင်ခြင်း နည်းဥပဒေ၊ ငြမ်းဆင်ခြင်းအတွက် ငြမ်းဆင်ခြင်းနည်းဥပဒေ၊ ဆူညံသံထိန်းချုပ်ရေးအတွက် ဆူညံသံ ထိန်းချုပ်ရေး နည်းဥပဒေ စသည်တို့လိုအပ်သည်။ ထို့အတူ ထိုနည်းဥပဒေများကို အကောင်အထည်ဖော်ရာတွင် လိုက်နာရန် မည်ကဲ့သို့သော လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဌာန်းသင့်သည်။ ဥပမာ - လုပ်ငန်းခွင်သုံး အန္တရာယ်ကင်းခမောက်အတွက် လုပ်ငန်းလမ်းညွှန်။ တာဝါကရိန်းများအား အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်၊ မီးသတ်ရေ ပိုက်ခေါင်းများအတွက် လုပ်ငန်းလမ်းညွှန် စသည်။
ထို့အတူ ထို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များရေးဆွဲရာတွင် မည်သူတို့ပါသင့်သည်။ မည်သည်တို့ကို ရည်ညွှန်းကိုးကားသင့်သည်။ မြန်မာနိုင်ငံနှင့်သင့်လျော်အောင် မည်ကဲ့သို့ရေးဆွဲသင့်သည်။ ဤ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်များ၌ မည်သည့်အခန်းများပါသင့်သည်။ ပြည်သူများကို မည်ကဲ့သို့ အသိပညာပေးသင့်သည်။
ဤဥပဒေများကို လက်တွေ့အကောင်အထည်ဖော်ရာ၌ မည်ကဲ့သို့လုပ်သင့်သည်။ မည်ကဲ့သို့သော သင်တန်းကျောင်း များရှိသင့်သည်။ သင်တန်းဆရာများကို မည်ကဲ့သို့လေ့ကျင့်သင့်၊ ရယူသင့်သည်။ စင်ကာပူတွင် Workplace Safety and Health Council ကဲ့သို့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ရှိသော အဖွဲ့များကို မည်ကဲ့သို့ဖွဲ့သင့်သည်။ မည်သူများပါဝင်သင့်ပြီး မည်သည့်တာဝန်များ ထမ်းဆောင်ရမည်။ မြန်မာပြည်အတွင်းရှိ လူငယ်လုပ်သားထု အရည်အသွေးမြင့်မားလာစေရန် ပြည်ပရောက် တတ်သိပညာရှင်များအနေနှင့် ဆောင်ရွက်ပေးနိုင်သည်များ။ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေး မြင့်မား လာစေရန် ရှိသင့်သောစံနှုံးများရေးဆွဲ ချမှတ်ခြင်းများ၊ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်လာသောအခါ မြန်မာနိုင်ငံသား လုပ်သားများအား နိုင်ငံခြားသားများနှင့် တန်းတူခံစားခွင့်ရရန် လုပ်ကိုင်ဆောင်ရွက်ရမည့် နည်းလမ်းများ (ဥပမာ - ဘာသာစကားနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းများပေးခြင်း) စသည်တို့ ဖြစ်ပါသည်။
အထူးကား မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပရောက် မြန်မာတတ်သိပညာရှင်များနှင့် မြန်မာနိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ အစိုးရမဟုတ်သော အဖွဲ့များ (ဥပမာ ၈၈ကျောင်းသားများအဖွဲ့) နှင့် ပူးပေါင်းဆောင်ရွက်ရန်။ ဤကဲ့သို့ ဆက်သွယ်ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လုပ်ပုံလုပ်နည်းများကို အဓိကထားဆွေးနွေးကြမည် ဖြစ်ပါ သည်။
စကားဝိုင်း၏အပြင်အဆင်မှာ စင်မြင့်ပေါ်၌ အထက်ပါဖိတ်ကြားထားသော ဧည့်သည်တော်လေးယောက်နှင့် မော်ဒရေတာတစ်ယောက် ရှိပါမည်။ မော်ဒရေတာက တတ်/သိ ပညာရှင် အဖွဲ့အသီးသီးမှ ပေးထားသည့်မေးခွန်းများ၊  ဆွေးနွေးချက်များကို တတ်သိပညာရှင်များကိုယ်စား မေးမြန်းပြောဆိုသည်ကို ဖိတ်ကြားထားသည့် ဒေါက်တာအေးမောင် စသူတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးမည်ဖြစ်ပါသည်။
ပထမဦးစွာ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံတည်ဆောက်ရေးတွင် ပြည်ပရောက် တတ်သိ ပညာရှင်များပူးပေါင်းပါဝင်ရေးနှင့်ပတ်သက်၍ အဖွင့်မိန့်ခွန်း ပြောကြားပါမည်။ ထို့နောက် တက်ရောက်လာသည့်အဖွဲ့ ၁၀ ဖွဲ့မှ မိမိတို့အဖွဲ့များ၏ အကြောင်းကို တစ်ဖွဲ့လျှင် ၈ မိနစ်နှင့် ၁၀ ဖွဲ့ (မိနစ် ၈၀) တင်ပြပါမည်။ ထို့နောက် အားလပ်ချိန် မိနစ် ၂၀ ပေးပါမည်။
ဒုတိယပိုင်းမှာ Panel Discussion ဖြစ်ပြီး panelist လေးဦးမှ တစ်ဦးလျှင် မိနစ် ၂၀ ဖြင့် ဆွေးနွေးပါမည်။ ထို့နောက် အမေးအဖြေကဏ္ဍဖြစ်ပြီး panelist လေးဦးနှင့် စင်ကာပူမှ ဆွေးနွေးထားသူများ မေးကြဖြေကြပါမည်။

(၄)



အင်အားကြီးမားလှသော ပြည်ပရောက် လူသား အရင်းအမြစ်ကြီးကို မြန်မာနိုင်ငံတည်ဆောက်ရေး၌သာ ထိထိရောက်ရောက် အသုံးချနိုင်မည်ဆိုပါက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးများလှသော အထောက် အကူရမည် ဖြစ်၏။ စက်ပစ္စည်း၊ အဆောက်အဦ စသည့် ရုပ်ဝတ္တုတို့မှာ ငွေရှိလျှင် ၀ယ်ယူတင်သွင်းနိုင်မည် မှန်သော်လည်း ကျွမ်းကျင်သည့် လူသား အရင်းအမြစ်ကိုမူ ၀ယ်ယူတင်သွင်းဘို့ရာ မဖြစ်နိုင်ပါ။ နိုင်ငံခြားမှ ကျွမ်းကျင်သူပညာရှင်များကို ငှားရမ်း၍ ရနိုင်သည် မှန်သော်လည်း အလွန်ကြီးမားလှသော အခကြေးငွေ ပေးရပါလိမ့်မည်။ ထို့ပြင် မြန်မာလုပ်သားများနှင့် ဆက်ဆံရာတွင် ဘာသာစကားအခက်အခဲ၊ မိမိဌာနေသို့ မကြာခဏပြန်လိုခြင်း။ အလွန်ဈေးကြီးလှသည့် ထိခိုက်မှုအာမခံ၊ အသက်အာမခံများထားပေးရခြင်း။ ယုတ်စွအဆုံး ၎င်းတို့နေရေးစားရေးအတွက် အဆင်ပြေအောင်စီစဉ်ပေးရခြင်း အစရှိသည့် ကန့်သတ်ချက်အများအပြားလည်း ရှိပါလိမ့်မည်။
            မြန်မာနိုင်ငံအတွက် အားသာချက်မှာ ယခင်နိုင်ငံရေးစနစ်ဟောင်းကြောင့် ပြည်ပသို့ မြန်မာအများအပြား ထွက်ခွါ အလုပ်လုပ်နေကြသည်ဖြစ်ရာ ထိုသူများမှာ နိုင်ငံတကာအတွေ့အကြုံရသည်သာမက ထိုနိုင်ငံများမှ အတတ်ပညာ၊ ခေတ်မီ နည်းပညာများကိုလည်း အလုပ်လုပ်ရင်းနှင့် သင်ကြားတတ်မြောက်ပြီးနေသူများ ဖြစ်ကြပါသည်။
            ထိုမျှတန်ဘိုးကြီးမားလှသော အင်အားစုကြီးကို မြန်မာနိုင်ငံတည်ဆောက်ရေးတွင် စနစ်တကျအသုံးချတတ်ရန် လိုပါသည်။ နိုင်ငံတော်အစိုးရအနေနှင့် ပြည်ပရောက်မြန်မာများကို ပြန်လည်ဖိတ်ခေါ်နေသည်မှန်သော်လည်း အခြေအနေ အကြောင်းကြောင့် ပြည်တော်မပြန်နိုင်ဖြစ်နေသော မြန်မာများမှာ ကမ္ဘာအနှံ့ဒုနှင့်ဒေးရှိပါသည်။ ထိုအခါ ထိုသူများ၏ အသိပညာစွမ်းရည်နှင့် အတတ်ပညာစွမ်းအားတို့ကို လိမ္မာပါးနပ်စွာ ရယူအသုံးချနိုင်ရေးမှာ မြန်မာနိုင်ငံတော် အစိုးရအနေနှင့် စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပါသည်။
            ယခု ဤ “မြန်မာပြည်အကူးအပြောင်း၌ ပံ့ပိုးရေး၊ ပညာရှင်များနှင့်စကားဝိုင်း” သည် ပြည်ပရောက် မြန်မာအင်အားစု ကြီးကို မြန်မာနိုင်ငံတည်ဆောက်ရေးတွင် အသုံးချနိုင်ရေးအတွက် လမ်းစပင်ဖြစ်ပါသည်။ ဤကဲ့သို့သော စကားဝိုင်းမှာ တစ်ချိန်တည်း၊ တစ်နေရာတည်းတွင် တစ်ခါတည်းလုပ်ကာ လုပ်ပြီးပြီးပြီးပျောက်ပျောက်ထားလို့ ရစကောင်းသောအရာ မဟုတ်။
            ထိုစကားဝိုင်းမှရလာမည့် ဆွေးနွေးပွဲရလဒ်များကို လက်တွေ့ဆက်လက် အကောင်အထည်ဖော်ရန်၊ ဤပွဲပြီးသည်နှင့် ရပ်တန့်မသွားဘဲ ဆက်လက်လှုပ်ရှား ဆောင်ရွက်နေရန်လိုပါသည်။ စင်ကာပူတစ်နိုင်ငံထဲသာမက မလေးရှား၊ သြစတေးလျား၊ အမေရိကန်၊ ကနေဒါစသည့် အခြားနိုင်ငံများတွင်လည်း ဤစကားဝိုင်းမျိုးများ ကျင်းပသင့်ပေသည်။
            ထို့ကြောင့် ဤကဲ့သို့သော စကားဝိုင်းမျိုးများ နောင်ထပ်မံပြုလုပ်သည့်အခါတွင် လွယ်ကူစေရန်အတွက်သော် လည်းကောင်း၊ မြန်မာပြည်သို့ နည်းပညာပံ့ပိုးပေးရေးအပိုင်းတွင် စင်ကာပူရှိ တတ်/သိပညာရှင်အဖွဲ့များ အချင်းချင်း ချိတ်ဆက် လှုပ်ရှားနိုင်ရန်အတွက်သော်လည်းကောင်း အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ်များပါဝင်သည့် စုပေါင်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် လိုပါ မည်။
ဤအဖွဲ့ကို Myanmar Transitional Platform (MTP) ဟု အမည်ပေးပါမည်။

အဖွဲ့၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

v  ယနေ့လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ပြည်ပရောက်မြန်မာများ (စင်္ကာပူရောက် မြန်မာများ) အနေနှင့် မိမိတို့လက်တွေ့လုပ်ကိုင်ရရှိထားသော ပြည်ပအတွေ့အကြုံ၊ နည်းပညာများဖြင့် နိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် တတ်နိုင်သည့်နေရာမှ ချိတ်ဆက်ပူးပေါင်းနိုင်မည့် အခြေအနေ၊ အခွင့်အလမ်းများကို ၀ိုင်းဝန်း ရှာဖွေကြရန်

v  နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စုလွှတ်တော် နှင့် ပြည်သူလူထုတို့အကြားတွင် အပြန်အလှန် ရင်းရင်းနှီးနှီး ထိတွေ့ ဆက်ဆံခြင်းအားဖြင့် တစ်ဦးနှင့်တစ်ဦး လိုအပ်ချက်၊ အားသာချက်၊ အားနည်းချက်များကို ပိုမိုခံစားနားလည်နိုင်ပြီး နိုင်ငံရေးရာများကို အတူတကွဖြေရှင်းကြသည့် နိုင်ငံရေးယဉ်ကျေးမှုကို ရှင်သန်စေရန်

အဖွဲ့တွင် စင်ကာပူနိုင်ငံ၌ ရောက်ရှိလုပ်ကိုင်နေသော မြန်မာတတ်သိပညာရှင်အားလုံး ပါဝင်လာရန် ဖိတ်ခေါ်သွားမည် ဖြစ်၏။ ဘူမိဗေဒအဖွဲ့ကဲ့သို့သော ရှိနှင့်ပြီးအဖွဲ့များအနေနှင့်လည်း မိမိတို့အဖွဲ့လိုက် ပူးပေါင်းပါဝင်ကြရန် ဖြစ်ပါသည်။ အဖွဲ့ ဖွဲ့ပြီးသားမရှိသေးသူများအနေနှင့်လည်း မိမိတို့ကျွမ်းကျင်ရာ လုပ်ငန်းအလိုက်၊ ဘာသာရပ်အလိုက် အဖွဲ့များဖွဲ့ရန် အကြံပေးခြင်း၊ သို့မဟုတ်ပါကလည်း ပုဂ္ဂလဓိဌာန် တစ်ဦးချင်းအလိုက်ပါဝင်လာစေရန် စည်းရုံးခြင်းများ ပြုလုပ်ပါမည်။
            အဖွဲ့၌ အလုပ်အမှုဆောင်ကော်မတီ (Executive Committee) ဖွဲ့စည်းထားပြီး ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းကိုင်၊ ဆက်သွယ်ရေးနှင့်ပြန်ကြားရေး၊ နည်းပညာအဖွဲ့ စသည်ဖြင့်ခန့်အပ် ဆောင်ရွက်ပါမည်။ နည်းပညာအဖွဲ့တွင် စင်ကာပူရှိအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ပါမည်။ ၎င်းတို့က MTP အဖွဲ့မှ ဆောင်ရွက်ချက်၊ သတင်း စသည်တို့ကို မိမိတို့အဖွဲ့သို့ လက်ဆင့်ကမ်းကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ဖြစ်ပါသည်။ သို့သော် မူရင်းအဖွဲ့များအနေနှင့် သီးခြားတည်ရှိနေမည်သာဖြစ်ပြီး MTP အဖွဲ့၏ လက်အောက်ခံမဟုတ်ပဲ အချင်းချင်း ဆက်သွယ် ဆောင်ရွက်ခြင်းမျှသာ ဖြစ်ပါမည်။

(၅)

            ဤ “မြန်မာပြည်အကူးအပြောင်း၌ ပံ့ပိုးရေး။ ပညာရှင်များနှင့်စကားဝိုင်း” သည် ပြည်ပရောက် မြန်မာ အတတ်ပညာရှင်များနှင့် မြန်မာအစိုးရအဖွဲ့ကို ပေါင်းကူးပေးမည့် လမ်းစဖြစ်၏။ ဤစကားဝိုင်း၏ အောင်မြင်မှု အတိုင်းအတာပေါ်မူတည်၍ မြန်မာနိုင်ငံပြင်ပမှ တတ်/သိပညာရှင်များအား မြန်မာနိုင်ငံတည်ဆောက်ရေးတွင် အကျိုးရှိစွာ ထိထိရောက်ရောက် အသုံးချနိုင်မည် ဖြစ်ပါသည်။
            မြန်မာနိုင်ငံပြင်ပတွင် ရှိနေသည့် မြန်မာ အသိပညာရှင်၊ အတတ်ပညာရှင် အင်အားမှာ မသေးလှပါ။ စင်ကာပူနိုင်ငံမှ  မြန်မာတတ်/သိပညာရှင်များ၏ ယခုစကားဝိုင်းကို နမူနာယူ၍ အခြားတိုင်းပြည်များရှိ မြန်မာများကလည်း လုပ်ကြမည်ဆိုပါက အမိမြန်မာနိုင်ငံတော်ကြီးအတွက် တစ်အားပင်ဖြစ်ပါသည်။ ဤကဲ့သို့ လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့ဆန္ဒရှိသော မြန်မာပြည်အကျိုးကို သယ်ပိုးပြီးဖြစ်သည့်ပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း များစွာ အထောက်အကူပြုမည် ဖြစ်၏။
            ထို့ကြောင့် ဤကဲ့သို့စကားဝိုင်းများ အခြားနိုင်ငံများတွင်လည်း ပေါ်ပေါက်လာပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။

အေးငြိမ်း
၂၁ - ၄ - ၂၀၁၃

--------------------- +++++++++++ ---------------------