Friday, March 29, 2013

OHSAS 18001 (အိုရှား အိတ်တီးန်သောင်ဇင်ဝမ်း) ၎


၈၊ ၅။ စစ်ဆေးခြင်း

၈၊ ၅၊ ၁။ စွမ်းဆောင်ရည် တိုင်းတာခြင်း နှင့် စောင့်ကြည့်ခြင်း

            အဖွဲ့အစည်းသည် မိမိတို့လုပ်ငန်းရှိ ပုံမှန်လုပ်ငန်းများအပေါ်မူတည်ကာ လအကစွမ်းဆောင်ချက်များကို တိုင်းတာခြင်း အတွက် အစီအမံများရေးဆွဲချမှတ်၊ ကျင့်သုံးကာ ထိန်းသိမ်းထားရမည်။ ထိုအစီအမံများ၌ အောက်ပါတို့ ပါဝင်ရမည်။
က) အဖွဲ့အစည်းနှင့်ကိုက်ညီသည့် အရေအတွက် နှင့် အရည်အချင်းကို တိုင်းတာမှု
ခ) လအကရည်မှန်းချက်များနှင့် ကိုက်ညီသလား ဟု လအကစအတွင်း ပါဝင်မှုများကို စောင့်ကြည့်စစ်ဆေးခြင်း
ဂ) ထိန်းချုပ်မှုများသည် ထိရောက်မှုရှိမရှိ စောင့်ကြည့်စစ်ဆေးခြင်း
ဃ) လအကစီမံချက်၊ ထိန်းချုပ်မှုများနှင့် လုပ်ငန်းလည်ပတ်မှု အချက်အလက်များနှင့် ကိုက်ညီမညီကို တင်ကြိုစောင့်ကြည့်  မည့် စွမ်းဆောင်နည်းများ
င) လအကစွမ်းဆောင်ချက်များကို ကျဆင်းစေသည့် အတိတ်မှ ဖြစ်ရပ်များ၊ မတော်တဆမှု၊ ထိခိုက်မှုများ၊ မမာမကျန်းဖြစ်မှု များ စသည်တို့အပေါ် အရေးယူဆောင်ရွက်သည့် နည်းလမ်းများ
စ) ပြန်လည်ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းများအား လေ့လာသုံးသပ်မှုအပေါ် အချက်အလက်များနှင့် ရလဒ်များကို မှတ်တမ်း တင်ထားခြင်း။

            အကယ်၍ ကိရိယာများသည် ပြန်လည်ချိန်ညှိရန် (calibration) လိုအပ်ပါက ပုံမှန်ပြန်လည် ချိန်ညှိခြင်းရှိမရှိ စောင့်ကြည့်သည့် အစီအမံများအား ရေးဆွဲထားရမည်။ ထိုကဲ့သို့ပြန်လည်ချိန်ညှိသည့် မှတ်တမ်းများကိုလည်း သိမ်းဆည်းထားရမည်။  

            ဥပမာအားဖြင့် - အမြင့်မှ လိမ့်မကျစေရန် ကြမ်းပြင်အစွန်းများကို ကာရံထားရမည် ဟု လအကစနစ်တွင် ဖော်ပြထားပါက လုပ်ငန်းခွင်အတွင်း၌ တကယ်ကာရံခြင်းရှိမရှိ။ ကာရံထားပါကလည်း ပြုတ်ကျနိုင်မည့်အန္တရာယ်မှ ကာကွယ်ပေးနိုင်၊ မပေးနိုင် စသည်တို့ကို စစ်ဆေးရန် လိုပါသည်။ ဖိအားပြမီတာ၊ ကတ္တား စသည့်ကိရိယာများသည် အလေးချိန်နှင့်ဖိအားကို ပြသည့် အတွက် ထိုကိရိယာများပြသော ဂဏန်းများသည် မှန်မှန်ကန်ကန်ပြသစေရန် အမြဲ ပြန်လည်ချိန်ညှိပေးနေရန် လိုပါသည်။ မည်သည့်နေ့က မည်သည့်ကုမ္ပဏီက ချိန်ညှိပေးသည်။ ဤချိန်ညှိခြင်းသည် မည်သည့်နေ့ရက်ထိသာ အာမခံသည် စသည့် ပြန်လည်ချိန်ညှိခြင်း မှတ်တမ်းများကိုလည်း သိမ်းဆည်းထားရပါမည်။

၈၊ ၅၊ ၂။ ဥပဒေများအား လေးစားလိုက်နာခြင်းရှိမရှိ ဆန်းစစ်ခြင်း

            မိမိတို့၏ လအက စနစ်သည် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုရှိမရှိ ပုံမှန် ပြန်လည် ဆန်းစစ်နေရန် လိုပါမည်။ ဆန်းစစ်သည့်အချိန်ကာလကိုမူ ၆လ၊ တစ်နှစ်စသဖြင့် မိမိတို့ဘာသာ သတ်မှတ်နိုင်ပါသည်။ ဤကဲ့သို့ဆန်းစစ်ပြီးသောအခါလည်း ဆန်းစစ်ချက်မှတ်တမ်းများ၊ ပြန်လည်ပြုပြင်ခြင်းများကို မှတ်တမ်းတင်ထားရပါမည်။

၈၊ ၅၊ ၃။ မတော်တဆမှု စုံစမ်းစစ်ဆေးခြင်း၊ ဥပဒေနှင့် မညီညွတ်မှု၊ ပြန်လည်ပြင်ဆင်မှု၊ ကာကွယ်မှု

၈၊ ၅၊ ၃၊ ၁။ မတော်တဆမှု စုံစမ်းစစ်ဆေးခြင်း

            မိမိတို့အဖွဲ့အစည်းအတွင်း မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ပါက စုံစမ်းစစ်ဆေးရပါမည်။ ဤသို့စုံစမ်းစစ်ဆေးရာတွင် အောက်ပါအချက်များ ပါဝင်ရမည်။
က) ဤကဲ့သို့ မတော်တဆမှုဖြစ်ရခြင်းသည် မိမိတို့ရေးဆွဲထားသော လအကစနစ်မှ မည်သည့်အချက်များ လိုအပ်၊ ချို့ယွင်း နေသောကြောင့်ဖြစ်သည်ကို ရှာဖွေဖော်ထုတ်ခြင်း
ခ) ပြန်လည်ပြင်ဆင်ရန်လိုအပ်ချက်များကို ဖော်ထုတ်ခြင်း
ဂ) ကြိုတင်ကာကွယ်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရန်
ဃ) စဉ်ဆက်မပြတ်တိုးတက်စေနိုင်မည့် အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရန်
င) စုံစမ်းဖော်ထုတ်၍ရသော ရလဒ်များကို အားလုံးအား ပြန်လည်ဖြန့်ဝေရန်

             စုံစမ်းစစ်ဆေးစစ်မှုကို အချိန်မီပြုလုပ်ရမည်ဖြစ်၏။ စုံစမ်းစစ်ဆေးမှုရလဒ်များကို စာရွက်စာတမ်းဖြင့် မှတ်တမ်း တင်ထားရမည်။

၈၊ ၅၊ ၃၊ ၂။ ဥပဒေနှင့် မညီညွတ်မှု၊ ပြန်လည်ပြင်ဆင်မှု၊ ကာကွယ်မှု

            အဖွဲ့အစည်းသည် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ကွဲလွဲနေချက်များ၊ ကွဲလွဲနိုင်ချေရှိသည်များကို ပြင်ဆင်ရန်၊ နောင်ဤကဲ့သို့မဖြစ်အောင် ကာကွယ်ရန်နည်းလမ်းများ စသည်တို့အတွက် အစီအစဉ်များ ချမှတ်ထားရမည်။ ထိုအစီအစဉ်၌ အောက်ပါတို့ ပါသင့်၏။
က) ဥပဒေနှင့်မကိုက်ညီသည့်အချက်များကို ဖော်ထုတ်ကာ ထိုအချက်များကြောင့် လအကစနစ်အပေါ် သက်ရောက်စေမည့် ဆိုးကျိုးများ လျော့ပါးစေရန် ပြင်ဆင်မှု၊ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း
ခ)  ဥပဒေနှင့်မကိုက်ညီသည့်အချက်များကို ဖော်ထုတ်ကာ အဘယ်ကြောင့်ထိုကဲ့သို့ဖြစ်ရသည့် အကြောင်းရင်းကို ရှာလျှက် နောင် ဤကဲ့သို့ထပ်မံမဖြစ်စေရေး အရေးယူဆောင်ရွက်ရန်
ဂ) ဥပဒေနှင့်မကိုက်ညီခြင်းများကို ကာကွယ်ရန် အရေးယူဆောင်ရွက်ရေး လိုအပ်ချက်များအား အကဲဖြတ်လျှက် နောင် ထပ်မံ မဖြစ်စေရန် သင့်တော်သလိုရေးဆွဲထားသော ပုံစံများအား လိုက်နာကျင့်သုံးကြစေရန်
ဃ) ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်း စသည့် အရေးယူဆောင်ရွက်ချက်မှ ရလဒ်များကို ဖြန့်ဝေရန်နှင့် မှတ်တမ်းတင်ထားရန်
င) ပြင်ဆင်ခြင်း နှင့် ကာကွယ်ခြင်းများ မည်မျှ ထိရောက်ကြောင်း ပြန်လည် ဆန်းစစ်နေရန်

            ဤနေရာ၌ ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းများကို လုပ်ငန်းပြောင်းသည့်အခါတိုင်း၊ အန္တရာယ်အသစ်တွေ့သည့်အခါတိုင်း ပြန်လည် ဆန်းစစ်လျှက် ပြင်ဆင်နေရပါမည်။ ဘေးအန္တရာယ်အကဲဖြတ်ခြင်းများမှတစ်ဆင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သင့်သည်ကို ကြိုတင်ရေးဆွဲလျှက် ချမှတ်ကျင့်သုံးရပါမည်။ ပြင်ဆင်ခြင်း၊ ကာကွယ်ခြင်းများအား ပြန်လည်ပြုပြင် မှုများကို စာရွက်စာတမ်းဖြင့် မှတ်တမ်းတင်ထားရပါမည်။

၈၊ ၅၊ ၄။ မှတ်တမ်းများကို ထိန်းသိမ်းခြင်း

            မိမိတို့အဖွဲ့အစည်းရှိ လအကဆိုင်ရာမှတ်တမ်းများကို သေချာစွာ သိမ်းဆည်းထားရပါမည်။ ထိုမှတ်တမ်းများအား အလိုရှိသည့်အခါ အလွယ်တကူရနိုင်စေရန်၊ အလွယ်တကူ ရှာဖွေတွေ့နိုင်စေရန် စနစ်တကျ သိမ်းထားရမည်။ သို့အတွက် သိုလှောင်သည့်နေရာတွင် စာတမ်းများထိုးထားခြင်း၊ မျိုးတူရာအလိုက်စုထားခြင်း၊ ရာသီဥတု၊ ပိုးမွှားဒဏ်များမခံရစေရန် စီမံခြင်း စသည်တို့ ပြုလုပ်ထားရမည်။

၈၊ ၅၊ ၅။ ဌာနတွင်း စာရင်းစစ်ခြင်း

            အဖွဲ့အစည်းသည် လအကစနစ်ကို သတ်မှတ်ထားသည့်အချိန်၌ ဌာနတွင်းစာရင်းစစ်ရန် သေချာစေရမည်။ ထို စာရင်းစစ်ခြင်းမှ -
က) လအကစနစ်သည် အောက်ပါတို့နှင့် ကိုက်ညီမညီ ဖော်ထုတ်ရမည်။
၁) အိုရှားစနစ်၏ လိုအပ်ချက်များပါဝင်သည့် လအကစနစ်အတွက် အစီအမံများပြုလုပ်ထားခြင်း
၂) စနစ်တကျ အကောင်အထည်ဖော်ခြင်းနှင့် ထိမ်းသိမ်းထားခြင်း
၃) အဖွဲ့အစည်း၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှု

ခ) လုပ်ငန်းစစ်ခြင်းမှ ရလဒ်များ၊ သတင်းအချက်အလက်များကို စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြခြင်း

အဖွဲ့အစည်း၏ လှုပ်ရှားမှုများအတွက် ရေးဆွဲထားသည့် အန္တရာယ်အကဲဖြတ်မှတ်တမ်း၊ ယခင်က ပြုလုပ်ခဲ့ သော လုပ်ငန်းစစ်ဆေးခြင်းမှ ရလဒ်များအပေါ်အခြေခံကာ ယခု လုပ်ငန်းစစ်ဆေးခြင်း အစီအစဉ်ကို ရေးဆွဲခြင်း၊ ကျင့်သုံးခြင်း၊ ထိန်းသိမ်းခြင်းများ ပြုလုပ်ရပါမည်။

            လုပ်ငန်းစစ်အဖွဲ့၏ အစီအစဉ်များကို အောက်ပါတို့အပေါ်မူတည်ကာ ရေးဆွဲခြင်း၊ ချမှတ်ကျင့်သုံးခြင်း နှင့် ထိန်းသိမ်းခြင်းများ ပြုလုပ်ရမည်။
            က) တာဝန်ဝတ္တရားများ၊ ကျွမ်းကျင်မှု၊ စီမံချက်အတွက် လိုအပ်ချက်၊ လုပ်ငန်းစစ်ဆေးခြင်း၊ ရလဒ်များကို အစီရင်
                 ခံခြင်း၊ ဆက်နွယ်နေသော ရလဒ်များကိုလည်း ထိန်းသိမ်းထားခြင်း
            ခ) လုပ်ငန်းစစ်စံနှုန်းများ၊ နယ်ပယ်၊ ကြိမ်နှုန်း နှင့် လုပ်နည်းလုပ်ဟန်များအား ရှာဖွေခြင်း

၈၊ ၆။ စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသည်ချက်

            ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့သည် မိမိတို့ လအကစ စနစ်ကို မိမိတို့အဖွဲ့အစည်းနှင့် အမြဲကိုက်ညီနေစေရန်၊ ပြည့်စုံ လုံလောက်စေရန် နှင့် ထိထိရောက်ရောက်ဖြစ်စေရန် စီစဉ်ထားသော ကာလအပိုင်းအခြားအလိုက် ပြန်လည်သုံးသပ်နေရန် လိုပါသည်။  သုံးသပ်ချက်၌ မိမိတို့ ချမှတ်ထားသော လအကမူဝါဒနှင့် ရည်မှန်းချက်များကို ပိုမိုကောင်းမွန်အောင် ပြုပြင်ရန် လည်းပါဝင်၏။ စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက်မှတ်တမ်းများကို သိမ်းဆည်းထားရမည်။
            စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက်တွင် အောက်ပါတို့ ပါဝင်ရမည်။
က) ဌာနတွင်း စာရင်းစစ်ခြင်းမှ ရလဒ်များ၊ တည်ဆဲဥပဒေနှင့် အခြားနည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု ဆန်းစစ်ချက်။
ခ) ၈၊ ၄၊ ၃ တွင်ပြထားသည့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် အကြံပြုမှု ရလဒ်များ
ဂ) အခြား ပြင်ပအဖွဲ့များနှင့် ဆက်သွယ်မှု (တိုင်တန်းချက်များအပါအ၀င်)
ဃ) အဖွဲ့အစည်း၏ လအကဆိုင်ရာ စွမ်းဆောင်ရည်များ
င) ရည်မှန်းချက်ကို မည်မျှထိ အောင်မြင်သနည်း
စ) မတော်တဆမှု စုံစမ်းစစ်ဆေးမှုအခြေအနေ၊ ပြန်လည်ပြင်ဆင်မှု၊ ကာကွယ်ထားမှု၊
ဆ) ယခင်က စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်မှု
ဇ) လအကနှင့် ပတ်သက်သည့် အခြေအနေ၊ တိုးတက်လာသော ဥပဒေ၊ နည်းဥပဒေများ
ဈ) ပိုမိုတိုးတက်စေမည့် နည်းလမ်းများ

            စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက်ရလဒ်တွင် အဖွဲ့အစည်း၏ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အမြဲတိုးတက်ကောင်းမွန်နေစေရေးကို အုပ်ချုပ်ရေးအဖွဲ့မှ မည်မျှအလေးထားကြောင်း ပါဝင်ရမည်။  အောက်ပါ အပြောင်းအလဲများအတွက် ဆုံးဖြတ်ခြင်းနှင့် အရေးယူဆောင်ရွက်မှုတို့လည်း ပါဝင်သင့်သည်။
က) လအကစွမ်းဆောင်ရည်
ခ) လအကမူဝါဒနှင့်ရည်မှန်းချက်
ဂ) အရင်းအမြစ်များ
ဃ) လအကစနစ်၏ အခြား အစိတ်အပိုင်းများ

            ထို စီမံခန့်ခွဲရေးအဖွဲ့၏ ပြန်လည်သုံးသပ်ချက်ရလဒ်များအား ထုတ်ပြန်ရန်နှင့် အကြံပြုရန်အတွက် အလွယ်တကူ ရနိုင်စေရမည်။

=============== ++++++++++++++++ ===============

နိဂုံး

            ယခု ကျွန်တော် အိုရှားအိတ်တီးန်သောင်ဇင်ဝမ်း (OSHAS 18001) အကြောင်း အကျဉ်းမျှ ရေးခဲ့ပြီးပါပြီ။ သို့သော် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Workplace Safety and Health) အကြောင်း တော်တော် ထဲထဲဝင်ဝင် မလေ့လာဘဲ၊ လက်တွေ့မလုပ်ဖူးဘဲနှင့် ဤစာများကို နားလည်မည်မဟုတ်ပါ။
            ယခုရေးလက်စ (စင်ကာပူစိမ်းလန်းစိုပြည်ရေး) ကို ခဏထားလျှက် စင်ကာပူ၌အလုပ်လုပ်နေကြသော ၀ပ်ပါမစ် သမားများ၊ မြန်မာပြည်မှ စင်ကာပူသို့ ၀ပ်ပါမစ်ဖြင့် အလုပ်လာလုပ်ရန် စိုင်းပြင်းနေကြသူများအတွက် ယခု စင်ကာပူအစိုးရမှ ပြောင်းလိုက်သည့် CSOC နှစ်ရက်သင်တန်းအတွက် အခက်အခဲမရှိရလေအောင် Enhanced CSOC လက်စွဲစာအုပ် ရေးထုတ် ပါမည်။ ပြီးသမျှကိုလည်း ယခုကဲ့သို့ပင် ဖေ့စ်ဘွတ်တွင်လည်းကောင်း၊ ကျွန်တော့်ဘလော့တွင်လည်းကောင်း တင်သွားပါမည်။ အလိုရှိသူများအား ပြန်လည် ဝေငှကြရန် ဖြစ်ပါ၏။
မြန်မာပြည်အတွက် ဤ အိုရှားအိတ်တီးန်သောင်ဇင်ဝမ်း (OSHAS 18001) ကိုလည်း စာတစ်အုပ်အဖြစ် ရေးထုတ်ရန် ရည်မှန်းထားပါသည်။ သို့သော် ငွေရေးကြေးရေးအရ တွက်ခြေကိုက်မည့်စာအုပ်မဟုတ်သဖြင့် ဖြည်းဖြည်းမှ ရေးပါမည်။


အားလုံးကို ကျေးဇူးတင်ပါသည်ခင်ဗျား။

အေးငြိမ်း
၂၉ - ၃ - ၂၀၁၃။ သန်းခေါင်ကျော် ၀၀ နာရီ ၄၀ မိနစ်

Thursday, March 28, 2013

OHSAS 18001 (အိုရှား အိတ်တီးန်သောင်ဇင်ဝမ်း) ၃


၈၊ ၃၊ ၃။ ရည်မှန်းချက်နှင့် စီမံချက်များ

            အဖွဲ့အစည်းတစ်ခုသည် ၎င်းတို့၏ လုပ်ငန်းများ၊ အဆင့်များနှင့် သက်ဆိုင်သော လအက ရည်မှန်းချက်နှင့် စီမံချက်များ ရေးဆွဲချမှတ်ထားရမည်။ လိုက်နာကျင့်သုံးရမည်။ ထိန်းသိမ်းထားရမည်။
            ထို လအကရည်မှန်းချက်သည် တိုင်းတာနိုင်ရမည်။ လက်တွေ့ကျရမည်။ လအက မူဝါဒနှင့်လည်း ကိုက်ညီရမည်။ ဥပဒေ၊ နည်းဥပဒေများ၊ အခြားလိုအပ်ချက်များနှင့်လည်း အကြုံးဝင်ရမည်။ ၀န်ထမ်းများ၏ ကျန်းမာရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရေးကို အကာအကွယ်ပေးနိုင်ရမည်။
            ရည်မှန်းချက်ချမှတ်ရာတွင် နည်းပညာပံ့ပိုးနိုင်မှု၊ ဘဏ္ဍာရေးအခြေအနေ၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် လုပ်ငန်းလိုအပ် ချက်၊ မိမိနှင့်ပတ်သက်ဆက်နွယ်နေသော အခြားကုမ္ပဏီများ၏ အမြင်များကိုပါ ထည့်သွင်းစဉ်းစားရမည်။ အချိန်သတ်မှတ် ချက်ပါ ပါဝင်ရန်လို၏။
            အောက်တွင် လအကရည်မှန်းချက် နမူနာကို ဖော်ပြထားပါသည်။


၈၊ ၄။ အကောင်အထည်ဖော်ခြင်း

၈၊ ၄၊ ၁။ အရင်းအမြစ်များ၊ အဆင့်အတန်း၊ တာဝန်ဝတ္တရား၊ တာဝန်ခံမှု နှင့် အခွင့်အာဏာ

            လအကစ အတွက်တာဝန်အရှိဆုံးမှာ ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့ ဖြစ်သည်။ ထို့ကြောင့် ထိပ်ပိုင်းစီမံခန့်ခွဲရေးအဖွဲ့သည် လအကစနစ်ကို အကောင်အထည်ဖော်ရန် အရင်းအမြစ်များ ရှာဖွေရေး၊ ရာထူးအဆင့်ဆင့်ခန့်ထားရေး၊ တာဝန်ဝတ္တရားများ သတ်သတ်မှတ်မှတ် ပြဌာန်းပေးရေး။ တာဝန်နှင့် အခွင့်အာဏာများ သတ်မှတ်ပေးရေးတို့ ပြုလုပ်ရပါမည်။ ထိုအရာများကို ရေးဆွဲပြဌာန်းပြီး စာရွက်စာတမ်းဖြင့်မှတ်တမ်းတင်ထားရမည်။ မိမိတာဝန်ပေးလိုက်သည့် ၀န်ထမ်းအားလည်း ၎င်းတို့အဆင့် နှင့် တာဝန်ဝတ္တရားများကို နားလည်အောင် ကျကျနန ရှင်းပြရန်လိုပါသည်။
            ဤနေရာတွင် အရင်းအမြစ်ဟူသည် လူသားအရင်းအမြစ်ရော၊ ပစ္စည်းနှင့် စက်ကိရိယာအရင်းအမြစ်များ အားလုံးကို ဆိုလိုပါသည်။
            ဥပမာ - ၀န်ချီခြင်းလုပ်ငန်းအတွက် ၀န်ချီသည့်စက်ကိရိယာများ၊ ၀န်ချီခြင်းကို တာဝန်ယူဆောင်ရွက်မည့် ၀န်ထမ်းများသည် လိုအပ်သော အရင်းအမြစ်များဖြစ်၏။ ၀န်ချီသည့်ကိရိယာများတွင် ကရိန်းများ၊ ၀န်ချီကြိုးများ စသည်တို့ ပါသည်။ ဤကရိန်းနှင့် ၀န်ချီကြိုးများအားလည်း သုံးစွဲရန်အန္တရာယ်ကင်းကြောင်း စစ်ဆေးပြီး စစ်ဆေးထားကြောင်း အထောက်အထားများကို သိမ်းထားရမည်။ ၀န်ချီခြင်းလုပ်ငန်းအတွက် ၀န်ချီအဖွဲ့ခေါင်းဆောင်၊ ကြိုးချည်သူ နှင့် အချက်ပြသူ၊ ကရိန်းမောင်းသူများပါသည်။ ထိုသူများအားလုံးသည်လည်း လက်မှတ်ရ ကျွမ်းကျင်သူများ ဖြစ်ရမည်။ ၎င်းတို့၏ လက်မှတ်များ ကိုလည်း မှတ်တမ်းတင်ထားရမည်။
            အင်ဂျင်နီယာ၊ လုပ်သားအဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်သူ၊ စသဖြင့် အဆင့်ဆင့် ခန့်ထားပြီး ထိုအဆင့်အလိုက် တာဝန်များ သတ်မှတ်ပေးထားရပါမည်။ ပေးထားသောတာဝန်နှင့် လိုက်လျောညီထွေဖြစ်မည့် လုပ်ပိုင်ခွင့်အာဏာကိုပါ အပ်နှင်းထားရမည်။

အောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအတွက် နမူနာပြထားပါသည်။ (နမူနာမျှသာဖြစ်ပါသည်။ အပြည့်အစုံမဟုတ်ပါ)


အင်ဂျင်နီယာ၏ လုပ်ငန်းတာဝန်များ (နမူနာမျှသာဖြစ်ပါသည်။ အပြည့်အစုံမဟုတ်ပါ)

၁။ မိမိနှင့်သက်ဆိုင်သည့် လုပ်ငန်း၌သုံးမည့် စက်ကိရိယာ၊ လက်သုံးကိရိယာအရေအတွက်သည် လုပ်ငန်းအတွက် အလုံ အလောက်ရှိကြောင်း သေချာစေရမည်။
၂။ မိမိနှင့်သက်ဆိုင်သည့် လုပ်ငန်း၌သုံးမည့် စက်ကိရိယာ၊ လက်သုံးကိရိယာအားလုံးသည် အန္တရာယ်ကင်းစွာ အသုံးပြုနိုင် ကြောင်း သေချာစေရမည်။
၃။ အလုပ်သမားများသည် ပြဌာန်းထားသည့် အန္တရာယ်ကင်းစွာ အလုပ်လုပ်ရေးအစီအစဉ် (Safe Work Procedure) အတိုင်း လုပ်နေကြောင်း သေချာစေရမည်။
၎။ လအကစည်းဝေးပွဲများသို့ မပျက်မကွက်တက်ရောက်ရမည်။
၅။ လုပ်ငန်းခွင်အတွင်း၌ အန္တရာယ်မကင်းသည့်အခြေအနေတွေ့ပါက ချက်ချင်းအလုပ်ရပ်ပြီး အန္တရာယ်ကင်းသည်ထိ ပြင်ဆင်ရမည်။ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ကြောင်း စိတ်ချရပြီဆိုမှ လုပ်ငန်းပြန်စရမည်။ - - - စသည်။

            အဆင့်တိုင်းအတွက် တာဝန်ဝတ္တရားများ ပြဌာန်းပေးထားပြီး ထိုတာဝန်ဝတ္တရားများအတိုင်း လိုက်နာခြင်းရှိမရှိ အမြဲစောင့်ကြည့် လေ့လာနေရပါမည်။
            စင်ကာပူ၌မူ လအက အရာရှိ၏ တာဝန်နှင့်ဝတ္တရားများကို Workplace Safety and Health Act (Workplace Safety and Health Officer Regulation) ဟု ဥပဒေဖြင့် ပြဌာန်းထားပါသည်။ ထိုဥပဒေအရ စီမံကိန်းတန်ဘိုး စင်ကာပူ ဒေါ်လာ ၁၀ သန်းနှင့် အထက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်း၊ ၀န်ထမ်း ၁၀၀ ထက်ပိုများသော စက်ရုံ၊ သင်္ဘောကျင်း မှန်သမျှ မည်သည့်သင်္ဘောကျင်းမဆို၊ ရေနံဓါတုစက်ရုံအားလုံး အတွက် လအကအရာရှိ ခန့်ထားဆောင်ရွက်ရန်လိုသည်။ မခန့်လျှင်ဒဏ်ရိုက်မည်။

၈၊ ၄၊ ၂။ ကျွမ်းကျင်မှု၊ သင်တန်းနှင့် နားလည်သဘောပေါက်မှု

            အဖွဲ့အစည်းသည် လုပ်ငန်းခွင်၌ ၀င်ရောက်လုပ်ကိုင်နေသူအားလုံးအား ၎င်းတို့လုပ်ကိုင်နေသည့် အလုပ်အကိုင် နှင့် ပတ်သက်၍ ကျွမ်းကျင်မှုရှိစေရန် သက်ဆိုင်ရာ သင်တန်းများသို့ စေလွှတ်ပေးရမည်။ လုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင် နိုင်မှသာလျှင် လုပ်ငန်းခွင်အန္တရာယ်များအား မည်ကဲ့သို့ ထိန်းချုပ်ရမည်ကို နားလည်သဘောပေါက်နိုင်လိမ့်မည်။           လုပ်သားများ၏လုပ်သက်၊ ကျွမ်းကျင်မှု၊ တက်ရောက်ထားသော သင်တန်းစသည်တို့ကို မှတ်တမ်းမှတ်ရာဖြင့် သိမ်းဆည်းထားရမည်။ လိုအပ်လျှင် မွမ်းမံသင်တန်းများသို့ စေလွှတ်လေ့လာခိုင်းရမည်။
            စင်ကာပူတွင် မည်သည့်အလုပ်လုပ်လျှင် မည်သည့်သင်တန်းတက်ရမည်ကို Factories (Safety Training Courses) Order ဖြင့် ပြဌာန်းထား၏။ ဥပမာ - အမြင့်တွင် အလုပ်လုပ်လိုသူသည် အမြင့်တွင်အလုပ်လုပ်ခြင်းအတွက် အန္တရာယ်ကင်းရေး သင်တန်း (Work At Height Safety Course)။ မီးနှင့်အလုပ်လုပ်သူသည် မီးနှင့် အလုပ်လုပ်ခြင်းအတွက် အန္တရာယ်ကင်းရေး သင်တန်း (Hot Work Safety Course)။ ရေနံဓါတုစက်ရုံတွင် အလုပ်လုပ်သူသည် (Safety Course for Oil and Petrol Chemical) သင်တန်း စသဖြင့်တက်ရသည်။
            သင်တန်းတွင်လည်း အလုပ်သမားများအတွက်၊ စူပါဗိုက်ဆာများအတွက်၊ မန်နေဂျာများအတွက်၊ အန္တရာယ်ကင်းရေး ၀န်ထမ်းများအတွက် စသဖြင့် အမျိုးမျိုးခွဲထားပါသည်။ မိမိနှင့်သက်ဆိုင်ရာသင်တန်းကို တက်ရပါသည်။

၈၊ ၄၊ ၃။ သတင်းဖြန့်ဝေခြင်း၊ ပါဝင်လုပ်ကိုင်ခြင်းနှင့် အကြံပေးခြင်း

၈၊ ၄၊ ၃၊ ၁။ သတင်းဖြန့်ဝေခြင်း

            လအကဆိုင်ရာ အန္တရာယ်၊ စီမံခန့်ခွဲမှုစနစ်စသည်တို့ကို မိမိတို့အဖွဲ့အစည်းအတွင်းသော်လည်းကောင်း၊ မိမိတို့နှင့် ပတ်သက်ဆက်နွယ်နေသော အခြားအဖွဲ့များသို့သော်လည်းကောင်း သတင်းစကား ဖြန့်ဝေပေးရမည်။
            ဤသို့ဖြန့်ရာ၌ နည်းမျိုးစုံရှိ၏။ စင်ကာပူတွင် နံနက်တိုင်း အလုပ်မစမီ ယနေ့ ဘာလုပ်မည်၊ ထိုလုပ်ငန်းများအတွက် မည်သည့် အန္တရာယ်များရှိနိုင်သည်။ ထိုအန္တရာယ်များကို မည်ကဲ့သို့ ကာကွယ်ရမည် စသည်တို့ကို ပြောပြရသော (Tool Box Meeting) ရှိသည်။ ထို (Tool Box Meeting) သို့ လူတိုင်းတက်ရသည်။ ထို့ပြင် အပတ်စဉ် Safety Coordination Meeting, လစဉ် Monthly Safety Committee Meeting, ကန်ထရိုက်တာအသစ် လုပ်ငန်းထဲဝင်လာလျှင် လုပ်ငန်းမစမီပေးရသော Safety Induction Course စသဖြင့် နည်းလမ်းများစွာ ရှိပါသည်။ ထို့ပြင် အခါအားလျော်စွာ သင်တန်းများပေးခြင်း၊ ကြော်ငြာ သင်ပုန်းတွင် ကြော်ငြာကပ်ခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း စသည်တို့လည်း လုပ်ရပါသည်။
              
၈၊ ၄၊ ၃၊ ၂။ ပါဝင်လုပ်ကိုင်ခြင်းနှင့် အကြံပေးခြင်း

            အဖွဲ့အစည်းသည် လုပ်ငန်းခွင် အန္တရာယ်များ ရှာဖွေဖော်ထုတ်ခြင်း၊ ထိုအန္တရာယ်များအား ထိန်းချုပ်ခြင်းများ၌ အလုပ်သမားများ ပါဝင်ဆောင်ရွက်လာစေရန် အစီအစဉ်များ ချမှတ်ထားရမည်။ ထို့ပြင် မိမိတို့လုပ်ငန်းခွင်၌ လုပ်ကိုင်နေသော အခြား ကန်ထရိုက်တာအားလုံးလည်း လအက လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လာစေရန် အစီအစဉ်များ ရေးဆွဲထားရမည်။

၈၊ ၄၊ ၄။ မှတ်တမ်းများထားရှိခြင်း

            လအကစ စနစ်၏ မှတ်တမ်းမှတ်ရာများတွင် အောက်ပါတို့ပါဝင်ရမည်။
၁) လအက မူဝါဒ နှင့် ရည်မှန်းချက်
၂) လအကစ အကျိုးသက်ရောက်ရာ နယ်ပယ်အား ဖော်ပြချက်
၃) လအကစ တွင်ပါဝင်သော အခန်းများ၊ အချင်းချင်းဆက်နွယ်မှု၊ ရည်ညွှန်းကိုးကား စာအုပ်စာတမ်းများ
၎) သင်တန်း၊ လက်မှတ်၊ စည်းဝေးပွဲမှတ်တမ်း စသည့် မှတ်တမ်းမှတ်ရာများ
၅) လအကစနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ချက်များ၊ အစီအစဉ်များ၊ အန္တရာယ်ထိန်းချုပ်မှုအစီအမံများ စသည်

မှတ်ချက်။            ။ ၀န်ထမ်းအဆင့်ဆင့်၏ ကျွမ်းကျင်မှုဆိုင်ရာ မှတ်တမ်းမှတ်ရာများ၊ အန္တရာယ်နှင့် ထိန်းချုပ်သည့် နည်းလမ်းများ၊ အစီအစဉ်များ၏ ထိရောက်မှု နှင့် စွမ်းရည် စသည်တို့ကို သေသေချာချာ မှတ်တမ်းတင်ထားရပါမည်။

            စင်ကာပူ၌ အလုပ်သမားများ၏ CSOC (Construction Safety Orientation Course) လက်မှတ်များနှင့် ထိုလက်မှတ်များ သက်တမ်းကုန်မည့်ရက်စွဲ၊ သက်ဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ် - ဥပမာ၊ ၀န်ချီခြင်းအတွက် ကြိုးချည်သူ လက်မှတ်၊ အချက်ပြသူလက်မှတ်။ စူပါဗိုက်ဆာများအတွက် ကျင်း၊ ကတုတ်၊ မြောင်းများအတွင်း အလုပ်လုပ်ခြင်းအတွက် Supervisor Safety Course (Manhole) စသည်တို့ဖြစ်၏။ ထိုလက်မှတ်များကို ဆောက်လုပ်ရေးစီမံကိန်းပြီးသွားသည်မှ နောက်သုံးနှစ်အထိ သိမ်းထားရသည်။ အသံဆူညံမှုမှတ်တမ်းကိုမူ ၁၀ နှစ်ထိ သိမ်းထားရန်လိုပါသည်။

၈၊ ၄၊ ၅။  စာရွက်စာတမ်းများအား ကန့်သတ်ထိန်းချုပ်ခြင်း

            ဤအိုးရှားစနစ်အရ လအက စနစ်အတွက်လိုအပ်သည့် စာရွက်စာတမ်းများကို ကန့်သတ်ထိန်းချုပ်ထားရမည်။ အထူး လိုအပ်သည့် မှတ်တမ်းမှတ်ရာများကို ၈၊ ၅၊ ၄ တွင်ဖော်ပြထားသည့်အတိုင်း ကန့်သတ်ထားရန် လိုပါသည်။
            အဖွဲ့အစည်းသည် အောက်ပါအတိုင်း ချမှတ်ကျင့်သုံးရမည်။
က) စာရွက်စာတမ်းများကို မထုတ်ပြန်မီ အတည်ပြုပေးရမည်။ ထုတ်ပြန်ချက်များသည် လုံလောက်ရမည်။
ခ) အတည်ပြုထားချက်များကို လိုအပ်သလို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်ရမည်။
ဂ) လက်ရှိအသုံးပြုနေသော စာရွက်စာတမ်း၌ မည်သည်တို့ ပြင်ဆင်ထားကြောင်း၊ ပြင်ဆင်ချက်အမှတ် မည်မျှဖြစ်ကြောင်း ဖော်ပြရမည်။
ဃ) သုံးမည့်နေရာ၌ နောက်ဆုံးထုတ်ပြန်ထားသော သင့်တော်သည့်စာရွက်စာတမ်းကို လက်လှမ်းတမီ ရနိုင်စေရမည်။
င) စာရွက်စာတမ်းသည် တရားဝင်ဖြစ်ရမည်။  လွယ်ကူစွာ ကြည့်ရှုနိုင်ရမည်။
စ) အဖွဲ့အစည်း၏ လအကစအတွက်လိုအပ်မည့် ပြင်ပမှ စာရွက်စာတမ်းများကို ရှာဖွေစုဆောင်းပြီး ဖြန့်ဝေသည့်နေရာတွင် ကန့်သတ် ထိန်းချုပ်ထားရမည်။
ဆ) ပယ်ဖျက်လိုက်သော စာရွက်စာတမ်းများကို သိမ်းထားရန်လိုသေးလျှင် သင့်တော်သော အမှတ်အသားပြုထားရမည်။ ၎င်းတို့ကို မှားယွင်းကာ ပြန်လည်အသုံးမပြုနိုင်စေရေးအတွက် ကာကွယ်ထားရမည်။

ရှင်းလင်းချက်။

            ပြောင်းလဲနေသော အခြေအနေနှင့် ဥပဒေ၊ နည်းဥပဒေများအလိုက် မိမိတို့ရေးဆွဲထားသော စီမံချက်၊ စည်းကမ်း၊ နည်းလမ်းများကို အချိန်နှင့်အမျှ ပြန်လည်ပြုပြင်နေရန် လိုပါလိမ့်မည်။ စာရွက်စာတမ်းတစ်ခု (ဆိုပါစို့ - Drawing တစ်ခု) ကို ပြန်လည်ပြင်ဆင်လိုက်ပါက ဤပုံ၏ မည်သည့်အစိတ်အပိုင်းကို မည်သည့်နေ့၌ မည်သူက ပြင်လိုက်ကြောင်း ပုံပေါ်တွင် ဖော်ပြ ထားရမည်။ ထင်သာမြင်သာရှိစေရန်လည်း ထိုပြင်ထားသောနေရာကို ကွင်းခတ်ထားရမည်။ ပြင်ဆင်ချက်အမှတ်မည်မျှ ဖြစ်ကြောင်း (Revision no.) ကိုလည်းဖော်ပြထားရမည်။ ဤကဲ့သို့ပင် မိမိတို့ချမှတ်ထားသော စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များကို ပြင်ဆင်ပါက မည်သည့်နေ့ရက်တွင် မည်သည့်အကြောင်းအရာကို ပြင်ဆင်လိုက်ကြောင်း၊ ယခုစာရွက်စာတမ်းမှာ ပြင်ဆင်ချက်အမှတ် မည်မျှဖြစ်ကြောင်း စသည်တို့ဖော်ပြရမည်။

၈၊ ၄၊ ၆။ လုပ်ငန်းလည်ပတ်ခြင်း၌ ထိန်းချုပ်ခြင်း

            အန္တရာယ်ရှိသော လုပ်ငန်းများနှင့် လှုပ်ရှားမှုများအတွက် ထိုအန္တရာယ်များကို ကန့်သတ်ထိန်းချုပ်ရန်လိုပါက ထိုလုပ်ငန်းများသည် မည်သည့်လုပ်ငန်းများဖြစ်ကြောင်း၊ ထိုလုပ်ငန်းခွင်အန္တရာယ်များကို မည်ကဲ့သို့ စီမံခန့်ခွဲမည်ဖြစ်ကြောင်း သတ်မှတ်ဖော်ပြထားရမည်။
            ဤကဲ့သို့သော လုပ်ငန်းနှင့် လှုပ်ရှားမှုများအတွက် အဖွဲ့အစည်းသည် အောက်ပါအတိုင်း ချမှတ်ကျင့်သုံးရမည်၊ ထိန်းသိမ်းထားရမည်။

က) လုပ်ငန်းလည်ပတ်မှုထိန်းချုပ်ခြင်းသည် မိမိတို့ဌာန၊ လုပ်ငန်းများအတွက် အသုံးတည့်ရမည်။ လုပ်ငန်းလည်ပတ်မှု ထိန်းချုပ်ခြင်းအားလုံး ပေါင်းစုကာ မိမိတို့ဌာန၏ လအကစ စနစ်အတွင်း ထည့်သွင်းဖော်ပြထားရမည်။
ခ) ၀န်ဆောင်မှု၊ ပစ္စည်းကိရိယာ၊ စက်ပစ္စည်း စသည်တို့ဝယ်ယူခြင်းအတွက် ထိန်းချုပ်မှုပါဝင်ရမည်။
ဂ) မိမိတို့လုပ်ငန်းခွင်အတွင်း ၀င်ရောက်လာမည့် ကန်ထရိုက်တာများနှင့် ဧည့်သည်တော်များအား ထိန်းချုပ်ထားရမည်။
ဃ) လအကမူဝါဒ၊ ရည်မှန်းချက်များနှင့် သွေဖီသွားနိုင်သော အခြေအနေများအား အစီအစဉ်များရေးကာ မှတ်တမ်းတင်ထားရမည်။
င) လအကမူဝါဒ၊ ရည်မှန်းချက်များနှင့် သွေဖီသွားနိုင်သော လုပ်ငန်းအချက်အလက်များအား အစီအစဉ်များရေးကာ မှတ်တမ်းတင်ထားရမည်။

ရှင်းလင်းချက်။

            ဥပမာအားဖြင့် ပရောဂျက်၌ အသုံးပြုမည့်ပစ္စည်းကိရိယာများကို ကြိုတင်တွက်ဆကာ ၀ယ်ယူရေးဌာနသို့ ပို့ပေးပြီး ပစ္စည်းဝယ်မည်ဆိုလျှင် မန်နေဂျာ၏ အတည်ပြုချက်ရယူရမည်။ အဆောက်အဦဆောက်လုပ်ခြင်းအတွက် ကွန်ကရိလောင်း ရာတွင် မည်မျှကျယ်သည့်နေရာကိုလောင်းရန် ကွန်ကရိ ကုဗမီတာမည်မျှလိုသည် တွက်ချက်ပြီး အနည်းငယ်ဆောင်းကာ မှာသည်။ ဤသို့စနစ်တကျတွက်ချက်မှာယူခြင်းဖြင့် ပစ္စည်းအလေအလွင့်နည်းစေသည်။ မလိုအပ်ပဲ ငွေကုန်ကြေးကျများမှုကို ရှောင်ရှားနိုင်သည်။
            လုပ်ငန်းခွင်အတွင်း ၀င်သူထွက်သူများကို ထိန်းချုပ်ရန်အတွက် ၀င်လာသူအားလုံးကို နာမည်၊ မှတ်ပုံတင်နံပါတ်၊ ဆက်သွယ်ရန်နံပါတ်၊ ၀င်သည့်အချိန်၊ ပြန်ထွက်သွားသည့်အချိန်၊ မည်သူ့ကိုတွေ့ရန် ၀င်သည်၊ မည်သည့်လုပ်ငန်းအတွက် ၀င်သည် စသည်ဖြင့် ဂိတ်ဝရှိ လုံခြုံရေးစခန်း၌ မှတ်တမ်းတင်ထားရမည်။

၈၊ ၄၊ ၇။ အရေးပေါ်အခြေအနေစီမံချက်နှင့် တုန့်ပြန်မှု

            အဖွဲ့အစည်းသည် အောက်ပါတို့အတွက် အစီအစဉ်များ ချမှတ်ရေးဆွဲခြင်း၊ ကျင့်သုံးခြင်း၊ ထိန်းသိမ်းထားခြင်းတို့ ပြုလုပ်ရမည်။

က) ဖြစ်နိုင်ချေရှိသော အရေးပေါ်အခြေအနေများအား ဖော်ထုတ်ရန်
ခ) အကယ်၍ ဤကဲ့သို့ အရေးပေါ်အခြေအနေများဖြစ်လာခဲ့ပါက တုံ့ပြန်ရန်

            အဖွဲ့အစည်းသည် လက်တွေ့အရေးပေါ်အခြေအနေများအား တုံ့ပြန်ကာ ထိုအရေးပေါ်အခြေအနေနှင့် ဆက်စပ်လျှက် ပြင်းထန်သော လအက နောက်ဆက်တွဲပြဿနာများ မဖြစ်ပွားစေရန် ကာကွယ်ထားရမည်။ ဤကဲ့သို့ အစီအမံများရေးဆွဲရာ၌ အရေးပေါ်အခြေအနေနှင့် ပတ်သက်နေသည့် အခြားအဖွဲ့အစည်းများ (ဥပမာ - မီးသတ်၊ ကြက်ခြေနီ၊ အရေးပေါ်ယာဉ်၊ မိမိတို့အိမ်နီးနားချင်း စသည်) အားလည်း ထည့်သွင်းစဉ်းစားရမည်။
            မိမိတို့ ရေးဆွဲထားသည့် အရေးပေါ်အခြေအနေစီမံချက်ကို တကယ်ဖြစ်လာခဲ့ပါက အဆင်သင့်ဖြစ်နေစေရန် ပုံမှန် အစမ်းလေ့ကျင့်ထားရမည်။ မိမိတို့၏ အရေးပေါ်အခြေအနေစီမံချက်ကို ပုံမှန် အမြဲပြန်လည်သုံးသပ်ကာ လိုအပ်ပါက ပြန်လည် ပြင်ဆင်၊ ဖြည့်စွက်ရမည်။

ရှင်းလင်းချက်။

ဥပမာ - ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု၌ ဖြစ်နိုင်သော အရေးပေါ်အခြေအနေများမှာ -
-       မီးလောင်ခြင်း
-       အလုပ်သမားများ အမြင့်မှလိမ့်ကျခြင်း
-       ပစ္စည်းများ အမြင့်မှ ပြုတ်ကျခြင်း
-       ပစ္စည်းမ,ရာတွင် ကြိုးပြတ်ကျခြင်း
-       ပစ္စည်းမရာ၌ ကရိန်းပြိုလဲခြင်း
-       စက်ကိရိယာများဖြင့် ညပ်မိခြင်း၊ ထုမိခြင်း၊ ဖြတ်မိခြင်း
-       ကွန်ကရိလောင်းနေစဉ် ငြမ်းပြိုကျခြင်း
-       မြေကျင်းတူးရာမှ မြေပြိုကျခြင်း - စသည်တို့ဖြစ်သည်။

ဖြစ်နိုင်သမျှသော အရေးပေါ်အခြေအနေများအတွက် အရေးပေါ်အခြေအနေစီမံချက် ရေးဆွဲထားရသည်။ ထိုကဲ့သို့ ရေးဆွဲထားမှုသည် လက်တွေ့ကျ၊ မကျ စမ်းသပ်လေ့ကျင့်ကြည့်ရမည်။
ဥပမာ - မီးလောင်ခြင်းအတွက် စမ်းသည်မည်ဆိုပါစို့။
          မီးလောင်ခြင်းအတွက် အချက်ပေးခေါင်းလောင်းရှိရမည်။ အရေးပေါ်ထွက်ပေါက်များ သတ်မှတ်ပေးထားရမည်။ ပြေးလမ်းများကိုလည်း အားလုံးရှင်းထားရမည်။ အရေးပေါ်ထွက်ပေါက်သို့ သွားရာလမ်းညွှန်မြေပုံကိုလည်း ကပ်ထားရမည်။ စုရပ်ကို နဂိုကတည်းက သတ်မှတ်ထားရမည်။ မီးအရေးပေါ် ခေါင်းဆောင်များ (Fire Warden) ခန့်ထားရမည်။ မီးလောင်လျှင် မည်ကဲ့သို့လုပ်ရမည်ကို အလုပ်ထဲရှိလူအားလုံးကို မှာကြားထားရမည်။
            လိုအပ်သည်များအားလုံးစုံတော့မှ တကယ်မီးလောင်လျှင် မည်ကဲ့သို့လုပ်ရမည်ဆိုသည့်အတိုင်း အစမ်းလေ့ကျင့်ကြ ရသည်။
            ထိုလေ့ကျင့်မှုအားလုံးကို မှတ်တမ်းယူထားရသည်။ ထိုလေ့ကျင့်မှုမှ ချို့ယွင်းချက်၊ အားနည်းချက်များကို ဖော်ထုတ် ကာ တကယ်မီးလောင်လျှင် ပြုပြင်နိုင်ရန် ပြင်ဆင်ရသည်။
            ထိုလေ့ကျင့်မှုမျိုးကို ၆ လ တစ်ကြိမ် အမြဲပုံမှန် လုပ်ပေးနေရသည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၂၇ - ၃ - ၂၀၁၃။ ည ၁၀ နာရီ ၂၇ မိနစ်




Wednesday, March 27, 2013

HOME


စင်ကာပူတွင် လာရောက်လုပ်ကိုင်နေသူ ထောင်ပေါင်းများစွာ ရှိသည့်အနက် အလွှာစုံ၊ အတန်းအစားမျိုးစုံ၊ စရိုက်မျိုးစုံ ရှိ၏။

ထိုက်သင့်အားလျော်စွာ ပညာအရည်အချင်းရှိပြီး ထိုက်သင့်သောအလုပ်၌ ထိုက်သင့်သောလခ ရနေသူများအဖို့ မထောင်းတာပါ။ ထို့ပြင် ပညာအရည်အချင်းနောက်ခံရှိသဖြင့် ပြဿနာတစုံတရာဖြစ်လာပါကလည်း ကိုယ့်ဘာသာ ဖြေရှင်းရန်၊ သို့မဟုတ် ကိုယ်မစွမ်းလျှင်သော်မှ မည်ကဲ့သို့ရှင်းရမည်ကို နည်းလမ်းရှာတတ်၊ အဆက်အသွယ် ရှာတတ်ကြသဖြင့် တော်ပါသေး၏။
ဆိုးသည်မှာ ၀ပ်ပါမစ်သမားများနှင့် ပိုဆိုးသည်မှာ အိမ်ဖော်များ ဖြစ်ပါ၏။ အိမ်ဖော်ဆိုတော့ အလုပ်သဘာဝအရ အိမ်မှာနေပြီး အိမ်အလုပ်လုပ်နေရတာဖြစ်သဖြင့် အချိန်ပြည့်အလုပ်ထဲမှာ ရှိနေတာဖြစ်သည်။ အလုပ်ရှင်မျက်စေ့အောက် တောက်လျှောက်နေရတာ ဖြစ်၏။ ထို့ကြောင့် ကံကောင်းထောက်မစွာ သဘောမနောကောင်းသော အိမ်ရှင်များ နှင့် တွေ့ပါက မထောင်းတာလှသော်လည်း သဘောထားဆိုးသည့်၊ စိတ်တိုတတ်သည့်၊ ကိုယ်ချင်း မစာတတ်သည့် အိမ်ရှင်များထံရောက်သူများအဖို့ အရှင်လတ်လတ် ငရဲကျခြင်းပင် ဖြစ်တော့၏။
ဘ၀ခါးခါး စာအုပ်ရေးစဉ်က ကျွန်တော် အိမ်ဖော်သုံးဦးနှင့်တွေ့ဆုံ အင်တာဗျူးခဲ့ပါသည်။ သို့သော် သူတို့မှာ မြန်မာ မိန်းကလေးများဖြစ်သဖြင့် သိပ်ပွင့်ပွင့်လင်းလင်း မသိခဲ့ရပါ။ မခင်လေးဆိုသူ မြန်မာ-တရုတ်အမျိုးသမီးတစ်ဦးကမူ ခရေစေ့တွင်းကျ ပြောပြပါသည်။ ထို့ပြင်ကျွန်တော်ကိုယ်နှိုက်လည်း ဒုက္ခရောက်လွန်းလှသဖြင့် ထွက်ပြေးလာသူ မိန်းကလေးတစ်ဦးကို လိုက်ကူညီဖူးသဖြင့် သူတို့ဘ၀အကြောင်း အနည်းငယ်သိရပါသည်။ စင်ကာပူရောက် ထောင်ဂဏန်းခပ်များများရှိသော မြန်မာ အိမ်ဖော်များမှာ အဆင်ပြေသူများရှိသလို၊ အဆင်မပြေသူများလည်း မနည်းလှပါ။
အဆင်မပြေဟုဆိုရာတွင် နှစ်မျိုးရှိ၏။
ပထမတစ်မျိုးမှာ သဘောထားဆိုးသော အိမ်ရှင်များက မတရားသဖြင့် ခိုင်းသဖြင့် ဒုက္ခရောက်ရခြင်းဖြစ်ပြီး-
နောက်တစ်မျိုးမှာ အိမ်ဖော်လုပ်သူကိုယ်နှိုက်က အင်္ဂလိပ်လိုမပြောတတ်၊ တရုတ်လိုလည်း မပြောတတ်၊ ပို၍ဆိုးသည်မှာ တောမှလာသူများဖြစ်သဖြင့် မြို့ပြမှ ဇိမ်ခံပစ္စည်း၊ လျှပ်စစ်ပစ္စည်း အသုံးအဆောင်များကို မသုံးတတ်၊ အချို့ဆို လုံးဝမသုံးတတ်၊ ကလေးများကို မည်ကဲ့သို့ ပြုစုရမှန်းမသိ၊ သက်ကြီးရွယ်အိုများအား မည်ကဲ့သို့စောင့်ရှောက်ရမည် မသိခြင်းဖြစ်၏။
အဆုံးမတော့ ပြဿနာပေါင်းသောင်းခြောက်ထောင်နှင့် ကြုံတွေ့ရလေတော့၏။
ဆိုးသည်မှာ နယ်မှရန်ကုန်ပို့၊ ရန်ကုန်မှစင်ကာပူသို့ ဆက်၍ပို့။ သူများပို့လိုက်လို့သာ စင်ကာပူရောက်လာရတာ ဖြစ်သဖြင့် ဘယ့်နှယ် အသိမိတ်ဆွေ၊ အဆက်အသွယ်ဆိုတာ ဘာရှိပါလိမ့်မတုံး။ ဘယ်မှာ ဘယ်သူ့ကို ဆက်သွယ်ရမှန်း ဘယ့်နှယ်လုပ် သိပါလိမ့်မတုံး။ သည်တော့ ဒုက္ခဖြစ်တော့ကျိတ်ခံ။ မခံနိုင်သည့်အဆုံး ၈ ထပ်တိုက်ပေါ်မှ ခုန်ချသည့်ကိစ္စများ ပေါ်လာတော့၏။ ခုန်မချရဲသူများကတော့ ဖြစ်ချင်ရာဖြစ်ဟု အရဲကိုးကာ ခြေဦးနှင့် ဒူးတည့်ရာ ထွက်ပြေးလာကြသူများလည်းရှိ၏။
အိမ်ရှင်များကိုလည်း အဆိုးမဆိုပါနှင့်ခင်ဗျား။ သူတို့လည်း အိမ်ဖော်တစ်ယောက်ခေါ်ဘို့ရာ ခံဝန်ကတိပေါင်းများစွာနှင့် ဖြစ်ပါသည်။ MOM Website တွင် ၀င်ဖတ်ကြည့်ပါ။ များလှစွာသော requirement များ တွေ့ရပါလိမ့်မည်။ အိမ်ဖော်များမှာ လခ ၃၀၀ - ၃၅၀ မျှသာ ရကြသော်လည်း အိမ်ဖော်တစ်ဦးအတွက် အိမ်ရှင်ကုန်ကျရသည်မှာ ထိုနှစ်ဆမျှ ရှိပါသည်။ နောက်ပြီး သဘောထားဆိုးသည့် အိမ်ဖော်များနှင့်တွေ့ရလျှင်လည်း အိမ်ရှင်များခမျာ မစားသာပါ။ အရွယ်မရောက်သေးသည့် မိမိသားသမီးများ၊ ဘာမှမလုပ်နိုင်တော့သည့် အိုမင်းမစွမ်းမိဘများကို မိမိတို့အလုပ်သွားနေတုံး အိမ်ဖော်များလက် ၀,ကွက် အပ်ခဲ့ရတာဖြစ်ပါသည်။
အသင်၏ ၁ နှစ်ကျော်သားကလေးကို ကိုယ်အလုပ်သွားနေတုံး အိမ်ဖော်က ဗိုက်လိမ်ဆွဲထားလျှင် အသင်မည်ကဲ့သို့ ခံစားရပါမည်နည်း။
တမြန်မနှစ်က သူမ၏အိမ်ဖော်ကို စင်ကာပူဒေါ်လာ ၄ သန်းကျော် အမွေပေးသွားခဲ့သော စလုံးဆရာဝန်မကြီးအကြောင်း မိတ်ဆွေတို့ ကြားဖူးကြပါလိမ့်မည်။ ဤကဲ့သို့သော အိမ်ရှင်နှင့် အိမ်ဖော်ဆိုလျှင်တော့ လူသာဓုခေါ်၊ နတ်သာဓုခေါ်မှာ မြေကြီးလက်ခတ် မလွဲပါ။ သို့သော် လူသည်လူမျှသာဖြစ်သဖြင့် ကောင်းသည့်အိမ်ရှင်၊ ဆိုးသည့် အိမ်ရှင်ရှိသလို ကောင်းသည့် အိမ်ဖော်။ မကောင်းသည့် အိမ်ဖော်ရှိပါသည်။
ယခု ဤစာရေးရခြင်းမှာ အိမ်ဖော်များအကြောင်း ရှောမွေးကို ဗာရာဏသီ ချဲ့လိုခြင်းကြောင့်မဟုတ်။ ကောင်းသတင်း ပေးလိုသောကြောင့် ဖြစ်သတည်း။
ဒုက္ခနှင့် လှလှနှင့် နပန်းလုံးကြရသော အနှီ ကံမကောင်းအကြောင်းမလှသူ ကိုကံဆိုး၊ မကံဆိုးကလေးများအား ကူရန်၊ ကယ်ရန် စင်ကာပူ၌ အဖွဲ့တစ်ဖွဲ့ရှိပါသည်။ TWC2 ဖြစ်၏။ ကျွန်တော်သူတို့အကြောင်း အကျယ်မချဲ့တော့ပါ။ အောက်ပါ link ၌ ဖတ်ကြည့်နိုင် ပါသည်။ အတိုချုပ်ပြောရလျှင် မတရားအလုပ်ခံရသူ အလုပ်သမား၊ အိမ်ဖော်များ ဘက်မှ ရပ်တည်ဆောင်ရွက်ပေးနေသော လူမှုရေး အဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။


ထို့အတွက် ကိုဝပ်ပါမစ်များ၊ မမိတ်များနှင့် သိကျွမ်းခင်မင်ရင်းနှီးမျက်မှန်းတမ်းမိသူများ သူတို့အကြောင်း သတင်းကောင်း ပါးလိုက်ပါလေ။
နောက်တစ်ချက် -
TWC2 ကဲ့သို့ပင် နောက်ထပ် ကိုဒုက္ခိတ၊ မယ်ကာကတို့ကို ကူညီစောင့်ရှောက်မည့် အဖွဲ့တစ်ဖွဲ့လည်း ရှိပါသေး၏။ HOME ဟု ခေါ်၏။ သူတို့ကိုလည်း ဆက်သွယ်လို့ရပါသည်။ HOME ဟူသည် Humanitarian Organization for Migration Economics ဖြစ်၏။ အောက်ပါ အင်တာနက်စာမျက်နှာတွင် ဖတ်ကြည့်နိုင်ပါသည်။


မင်းနှယ့်ကွယ်။ အင်းဂလိပ်စကားမတတ်ပါဘူးဆိုမှ ဟု အပြစ်တင်မစောပါနှင့် ခင်ဗျား။ ဗမာလိုလည်း ပြောလို့ရပါကြောင်း သတင်းကောင်းပါးလိုပါသည်။
ဒုက္ခနှင့်လှလှနှင့် ကြုံတွေ့နေရသူများ အောက်ပါလိပ်စာနှင့် ဖုံးနံပါတ်များသို့ ဆက်သွယ်ခိုင်းလိုက်ပါ။ ၎င်းတို့ ဆက်လက် ဆောင်ရွက်ပေးသွားပါလိမ့်မည်။

ဦးတင်မောင်ဝင်း    ဖုံး - 9757 7641
ဦးအေးငြိမ်း          ဖုံး - 9730 3027
Elsie                   ဖုံး - 8611 4840
ဓါတ်တော်တိုက်    ဖုံး - ၆၇၄၈ ၇၃၅၂ / ၆၈၄၁ ၄၅၄၀ (ဤနံပါတ်မှာ ၂၄ နာရီဖွင့်ထားသဖြင့် အချိန်မရွေး ခေါ်နိုင်ပါသည်။)


များမကြာမီ စင်ကာပူတွင် အိမ်ဖော် (maid) လုပ်မည့်သူများ သိသင့်သိထိုက်သည်များကို စာတစ်ပုဒ် ရေးထုတ်ပါမည်ခင်ဗျား။

ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၆၊ ၃၊ ၂၀၁၃ ည သန်းခေါင်ကျော် ၀၀း၃၅ နာရီ

Friday, March 22, 2013

ကျွန်ုပ်တို့ ၀က်အူတစ်ရစ် ထပ်အကြပ်ခံရခြင်း


New Enhanced CSOC from 1 May 2013
(၂၂ မတ်လ၊ ၂၀၁၃)

စင်ကာပူနိုင်ငံသားများ ပူညံပူညံလုပ်မှု၊ အလုပ်သမားပါတီ၏ နိုင်ငံခြားသားဟူသမျှ တစ်ယောက်မှ မသွင်းရေး မူဝါဒ စသည်တို့ကြောင့် စင်ကာပူအစိုးရသည် စင်ကာပူနိုင်ငံအတွင်းရှိ နိုင်ငံခြားသားများကို နည်းမျိုးစုံဖြင့် တင်းကြပ်လျှက်ရှိရာ ယခု တစ်ရစ်ထပ်ကြပ်လိုက်သော ၀က်အူမှာ ၀ပ်ပါမစ် (Work Permit) သမားများအတွက် အကြပ်ရိုက်စရာများ ဖြစ်သွားလေမလား စဉ်းစားစရာ တစ်ချက်ဖြစ်ပါသည်။
များမကြာမီ ကာလများက ၀ပ်ပါမစ်များအတွက် လဲဗီးကြေးများတိုးမြှင့်ခြင်း၊ S Pass နှင့် EP များအတွက် လစာများ တိုးမြှင့်ခြင်းများအပြင် S Pass များ ခန့်ထားရေး Quota ကိုပါလျှော့ချခဲ့၏။ ထို့ပြင် S Pass များသည် လခ ၄၅၀၀ မပြနိုင်လျှင် မိမိမိသားစုကို မခေါ်နိုင်တော့။
            ယခင်က စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်ရန်ဝင်လာသမျှသော ၀ပ်ပါမစ်များအားလုံး အလုပ်စတင်မလုပ်မီ SOC (Safety Orientation Course) အောင်ရသည်။ ၂၀၀၉ ခုနှစ်မှစကာ ထိုသင်တန်းကို စာမေးပွဲသုံးခါကျလျှင် စင်ကာပူတွင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ထုတ်မပေးတော့။ သို့သော် ထိုစဉ်က ထိုသင်တန်းမှာ တစ်ရက်သင်တန်းသာ ဖြစ်ပြီး စာမေးပွဲ မေးခွန်းမှာလည်း မှားမှန်ရောထွေး၊ အမှန်ရွေး (MCQ – Multiple Choice Question) သာဖြစ်သဖြင့် သိပ် အခက်အခဲမရှိလှ။ ဒါတောင် သုံးခါစလုံးမအောင်လို့ ပြန်သွားရသူတွေ ရှိသေး၏။

            စင်ကာပူအပါအ၀င် ကမ္ဘာ့နိုင်ငံအတော်များများ၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လူအသေအပျောက် အများဆုံးလုပ်ငန်းမှာ အမြင့်၌အလုပ်လုပ်ခြင်း ဖြစ်၏။ ထို့ကြောင့် စင်ကာပူအစိုးရသည် ၎င်းတို့ရည်မှန်းချက်ဖြစ်သည့် ၂၀၁၈ ခုနှစ်တွင် လူအသေအပျောက်နှုန်းကို လူတစ်သိန်းလျှင် ၁.၈ ထိ လျှော့ချနိုင်ရေးအတွက် အမြင့်၌အလုပ်လုပ်ခြင်းအတွက် သင်တန်းအမျိုးမျိုးပေး၊ ဥပဒေအမျိုးထုတ်လျှက်ရှိရာ ယခုနောက်ဆုံးထုတ်လိုက်သော ဥပဒေမှာ “Working At Height Regulation” ဖြစ်ပြီး များမကြာမီ (၂၀၁၃ ဧပြီလ ၁ ရက်နေ့မှစတင်) အသက်ဝင်လာတော့မည့် ဖြစ်၏။
            ထိုဥပဒေကို အထောက်အကူဖြစ်စေရန် လုပ်သမားများတက်သည့်သင်တန်းကိုလည်း အဆင့်မြှင့်လိုက်၏။ ဤသည်မှာ အခြားမဟုတ်။
            ယခင်က တက်နေကျ CSOC (Construction Safety Orientation Course) အား တစ်ရက်အစား နှစ်ရက်သို့ တိုးမြှင့်လိုက်ကာ စာမေးပွဲမှာလည်း မဖြစ်ညစ်ကျယ် MCQ ကလေးမျှသာမက လက်တွေ့ပါဖြေရတော့မည် ဖြစ်သတည်း။
            ဤဥပဒေမှာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်ကာ အသက်ဝင်မည်ဖြစ်၏။
            သင်ရိုးတွင် ယခင်က ဆောက်လုပ်ရေးလုပ်ငန်းအန္တရာယ်ကင်းရေးသာမက အမြင့်တွင် အလုပ်လုပ်ခြင်းအကြောင်း ကိုပါ ထည့်သွင်းသင်ကြားမည်။
            စင်ကာပူသို့ရောက်လာသည့် အလုပ်သမားအသစ်များသည် စင်ကာပူမြေသို့ ခြေချမိသည်မှ ၁၄ ရက်အတွင်း ထိုသင်တန်းကို တက်ရမည်။ သင်တန်းစာမေးပွဲ မအောင်မချင်း ၀ပ်ပါမစ်ကဒ်ပြား ထုတ်ပေးမည်မဟုတ်ပါ။ ထိုစာမေးပွဲကို ၃ လအတွင်း သုံးကြိမ်ဖြေသည့်တိုင် မအောင်ပါက ဘိုင့်ဘိုင်။ စင်ကာပူတွင် အလုပ်လုပ်ရန် မသင့်တော်သေး။ ပြန်ပေဦးတော့။
            ထိုသင်တန်းအောင်သူများအား CSOC လက်မှတ်ထုတ်ပေးမည်။ လက်မှတ်သက်တမ်းမှာ (အလုပ်စလုပ်သည့် ၆ နှစ် သက်တမ်းအတွင်း) ၂ နှစ် ဖြစ်ကာ (လုပ်သက် ၆ နှစ်နှင့်အထက်ရှိသူများအတွက်) ၄ နှစ်ဖြစ်၏။
            သင်တန်းကြေးမှာလည်း တစ်ရက်သင်တန်းတုံးက ၃၇ ကျပ်ခွဲမျှသာ ဖြစ်သော်လည်း ယခု နှစ်ရက်သင်တန်းအတွက် တစ်ဦးလျှင် ၁၂၀ ဖြစ်သတည်း။ သင်တန်းမတက်ဘဲ စာမေးပွဲသာဖြေမည်ဆိုပါက တစ်ဦးလျှင် ၆၀ ဖြစ်ပါသည်။
            အချို့ဝပ်ပါမစ်သမားများမှာ BCSS (Building Construction Supervisors Safety Course) သင်တန်းတက်ပြီးသား ဖြစ်ပါလိမ့်မည်။ သို့သော် အနှီသကောင့်သားများလည်း Working At Height Safety Course for Supervisor ထပ်တက် ရမည် ဖြစ်ပါ၏။ ထိုသင်တန်းမအောင်ပါက ၎င်းတို့ကိုင်ဆောင်ထားသော ၀ပ်ပါမစ်ထပ်မံသက်တမ်းတိုးလို့ ရတော့မည် မဟုတ်ပါ။
            သင်တန်းကို BCA (Building Construction Authority) မှ အသိအမှတ်ပြုထားသော ပြည်တွင်းပြည်ပ သင်တန်း ကျောင်းများတွင် သင်ကြားပေးပါလိမ့်မည်။ ပြည်ပတွင်ပို့ချသောသင်တန်းများမှာလည်း စင်ကာပူ၌ပို့ချသောသင်တန်းများနှင့် သင်ရိုးအတူတူပင်ဖြစ်ပါ၏။

            လက်ရှိ CSOC လက်မှတ်နှင့်အလုပ်လုပ်နေသူများ ထိုလက်မှတ်သက်တမ်းမကုန်သေးသ၍ ထိုလက်မှတ်နှင့်ပင် ဆက်လက်လုပ်နိုင်ပါသေး၏။ ထိုလက်မှတ် သက်တမ်းကုန်သွားသည့်အခါ ယခု ၂ ရက်သင်တန်းကို သင်တန်းမတက်ဘဲ စာမေးပွဲဖြေခွင့် ရှိပါသည်။ သို့သော် စာမေးပွဲမအောင်လျှင်တော့ ၂ ရက်သင်တန်း တက်ရပါမည်။ သင်တန်းတက်လို့မှ စာမေးပွဲ မအောင်သေးလျှင် ရှိပြီးသား ၀ပ်ပါမစ်ကိုသိမ်းကာ ပြည်တော်ပြန်လွှတ်ပါလိမ့်မည်။ (သေဟဲ့နန္ဒိယ)
            ဤလိုအပ်ချက်ကို ဂရုမစိုက်သော ကုမ္ပဏီများအား WSH Act ပါ ပြစ်ဒဏ်များအတိုင်း ဒဏ်ရိုက်ပါလိမ့်မည်။ ထိုမျှသာ မကသေး။ ဘော့စ်တစ်ဦးသည် ထိုစာမေးပွဲမအောင်သေးသော အလုပ်သမားအား အလုပ်ခွင်သို့စေလွှတ်ကာ အလုပ်လုပ်ခိုင်း သည်ဖြစ်အံ့။ ၎င်းသည် WSH Act ပါ ပြစ်ဒဏ်အတိုင်း ဒဏ်ရိုက်ခံရပါလိမ့်မည်။
            ခွင့်ရက်ရှည်ပြန်သွားသည့် ၀ပ်ပါမစ်သမားများလည်း စင်ကာပူသို့ ပြန်လာသည့်အခါ အထက်ဖော်ပြပါ စာမေးပွဲ ဖြေရ ပါလိမ့်မည်။ စာမေးပွဲမအောင်လျှင် ၂ ရက်သင်တန်းတက်ရပါမည်။
            ထို ၂ ရက်သင်တန်းစာမေးပွဲကို အောင်မြင်သည့် ၀ပ်ပါမစ်သမားတစ်ဦးသည် ထိုလက်မှတ်သက်တမ်းရှိနေသေးလျှင် အခြားကုမ္ပဏီသို့ကူးပြောင်းသွားသည့်အခါ သင်တန်းထပ်တက်စရာမလိုတော့ပဲ ထိုလက်မှတ်နှင့်ပင် အလုပ်လုပ်နိုင်၏။
သို့သော်လည်းပေါ့လေ။ စိတ်မပူပါနှင့်ခင်ဗျား။ ဖြေသာစရာတစ်ချက် ရှိပါသည်။ အခြားမဟုတ်။ ထိုသင်တန်းကို ဘာသာ ၈ မျိုးဖြင့် ပို့ချပေးပါမည်။ ၎င်းတို့မှာ အင်္ဂလိပ်၊ တရုတ်၊ မလေး၊ တမီ၊ ဘင်္ဂါလီ၊ ထိုင်း၊ ဟင်ဒီ နှင့် မြန်မာ တို့ဖြစ်ပါ၏။ (ဖူး၊ တော်ပါသေးရဲ့။)
ဧပြီလဆန်းတွင် သင်တန်းများ စပေးပါလိမ့်မည်။ လူမကြပ်ခင် အမြန်ဆုံးသွားတက်ထားကြပါခင်ဗျား။

စင်ကာပူရောက်လာ၊ တို့မြန်မာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
အစိုးရ ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

အေးငြိမ်း
၂၂ - ၃ - ၂၀၁၃။ ည ၁၀း ၂၃ နာရီ

OHSAS 18001 (အိုရှား အိတ်တီးန်သောင်ဇင်ဝမ်း) ၁


၁။ သည်အကြောင်းကို အဘယ်ကြောင့် ရေးရကြောင်း

အမှန်က သည်အကြောင်းကို ကျွန်တော်အခုရေးဘို့မဟုတ်ပါ။ သို့သော် မနေ့ညအိပ်စဉ် သည်အကြောင်းက အိပ်ခြင်းကို အနှောက်အယှက်ပြုနေသဖြင့် နောက်ညများတွင် ဆက်အိပ်ရေးမပျက်ရလေအောင် ချက်ချင်းရေးရခြင်းဖြစ်ပါ၏။
အကြောင်းကား ကျွန်တော် လက်ပံတောင်းတောင် အစီရင်ခံစာကို အနည်းငယ်မျှ ဝေဖန်ပြသည့်အခါ ဖေ့စ်ဘွတ် မိတ်ဆွေအတော်များများက ပြန်လည်ရှယ်တာ တွေ့ရ၏။ ထိုအထဲတွင်မှ ISO 9001, ISO 14001 နှင့် OHSAS 18001 အကြောင်းကို ပိုမိုစိတ်ဝင်စားကြတာ တွေ့ရပါသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုတွင် လုပ်ကိုင်နေသည့် စာဖတ်သူတစ်ယောက်က အောက်ပါအတိုင်း ပြန်မေးလာ၏။
ကျွန်တော်ရေးထားသည့်အထဲတွင် “ISO 14001, ISO 9001 တို့ကိုမူ နားလည်ချင် လည်ပါလိမ့်မည်။ သို့သော် လက်တွေ့ဗဟုသုတမရှိဘဲနှင့် OHSAS 18001 ကို နားလည်ပါမည်လား ဟု ရေးထားသည်။ စာရွက်စာတမ်းများအရမူ ISO 9001, ISO14001 နှင့် OHSAS18001 တို့မှာ အတူတူသာဖြစ်သောကြောင့် ISO 14001 နှင့် ISO 9001 တို့ကို နားလည်သူ တစ်ဦးသည် အဘယ်ကြောင့် OHSAS 18001 ကို နားမလည်ရပါမည့်အကြောင်း”  ရှင်းလင်းပြောပြပေးပါ ဟု ဖြစ်၏။
ထို့ကြောင့် အခြားသူများလည်း သူကဲ့သို့ပင် ဇဝေဇ၀ါဖြစ်မည့်သူများ၊ သို့မဟုတ် သည် ISO standards များကို လုံးဝ မသိသေးသူများ အများအပြားရှိနိုင်သဖြင့် ကျွန်တော့်မိတ်ဆွေများအား သည်အကြောင်းမှ မရှင်းပြရလျှင် ကျွန်တော် အိပ်ပျော်မည်မဟုတ်သောကြောင့် အခြားအကြောင်းအရာများကို ဘေးချိတ်လျှက် ယခု ချက်ချင်းလက်ငင်း ကောက်ကက် ရေးလိုက်ရခြင်းဖြစ်ပါသတည်း။

၂။ အကဲဖြတ်ရေးတွင် ကျွမ်းကျင်တတ်မြောက်သူလိုအပ်ကြောင်း

“အပိုဒ် ၆၃ တွင် အစီရင်ခံစာက ထိုစီမံကိန်းသည် ISO 14001, ISO 9001 နှင့် OHSAS 18001 တို့ကို ရရှိ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည် ဟု ဖော်ပြထားသည်ကိုမူ (သည်လက်ပံတောင်းတောင်သို့ ကျွန်တော် တစ်ခေါက်မှ မရောက်ခဲ့ဖူး စေကာမူ) ငါးသလောက်ပြုံး ပြုံးလိုက်ချင်ပါသည်။ ထိုစီမံကိန်းမှ ပုဂ္ဂိုလ်များသည် OSHAS 18001 အတိုင်း လုပ်နေပါသည်ဟု ဆိုခြင်းမှာ မြောက်ကိုးရီးယားနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အပြည့်အ၀ ကျင့်သုံးနေပါသည် ဟု ပြောသကဲ့သို့ ဖြစ်နေ၏။”
- ဟု ကျွန်တော်ရေးခဲ့ပါသည်။ သည်ကဲ့သို့ရေးခြင်းမှာ စုံစမ်းရေး ကော်မတီအဖွဲ့ဝင်များကို သရော်လိုသောကြောင့် လည်းကောင်း၊ တရုတ်ပြည်ကို အထင်သေးသောကြောင့်လည်းကောင်း၊ ကိုယ်လည်းဘာမှ မလုပ်နိုင်ပါဘဲလျှက် သူများ လုပ်တာကို နှာခေါင်းရှုံ့လိုသောကြောင့်လည်းကောင်း မဟုတ်ရပါခင်ဗျား။
OHSAS 18001 ဆိုတာ ဘာ ဆိုတာကို ကျွန်တော် (အဲလေ ကျွန်တော်တင်မဟုတ်ပါ။ စင်ကာပူတွင် Safety Officer အဖြစ်အလုပ်လုပ်နေသော မြန်မာ ၄၀ ကျော်) ကောင်းကောင်းသိပါသည်။ သိသောကြောင့်သာ ငါးသလောက်ပြုံး ပြုံးချင်ရခြင်း ဖြစ်ပါသည်။ OHSAS 18001 ကိုလက်တွေ့အကောင်အထည်ဖော်ဘို့ဆိုတာ မြန်မာနိုင်ငံအနေနှင့် အတော့်ကို မလွယ်သော ကိစ္စဖြစ်ပါ၏။ ထိုစနစ်ကို အကောင်အထည်ဖော်ရန် လိုအပ်သော စူပါစထရပ်ချာ၊ အင်ဖရာစထရပ်ချာ (သည်းခံပါခင်ဗျား။ အပေါ်ထပ်အဆောက်အအုံ ဟု ဘာသာပြန်လိုက်လျှင် မသိသူများအတွက် မလိုလားအပ်သောအတွေးလွဲများ ဖြစ်သွားမည် စိုးသောကြောင့် အင်္ဂလိပ်စကားလုံးကို အသံလှယ်သုံးလိုက်ခြင်းဖြစ်ပါသည်။ ဤကား စကားချပ်။) ပြည့်စုံရသည်။ သည်အရာများမရှိဘဲ မည်သည့်နည်းနှင့်မှ အကောင်အထည် မဖော်နိုင်ပါ။
ကျွန်တော်တို့ မြန်မာပြည်မှာ Safety နှင့်ပတ်သက်သည့် စူပါစထရပ်ချာ၊ အင်ဖရာစထရပ်ချာ ဘာတစ်ခုမှမရှိပါ။ သို့ဆိုလျှင် သည်အရာများမရှိပါဘဲလျှက် မည်သည့်နည်းနှင့် OHSAS 18001 ကို အကောင်အထည်ဖော်ပါမည်နည်း။
(အဲလေ၊ မြန်မာ့နည်းမြန်မာ့ဟန်နှင့်တော့ အကောင်အထည်ဖော်လို့ ရချင်ရပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယခု စင်ကာပူသို့ အလည်ရောက်နေသည့် ကျွန်တော့်မိတ်ဆွေပြောပြသည်မှာ သွားလေသူဝန်ကြီးတစ်ပါးလက်ထက်တွင် ၀န်ကြီးက အပင်များစိမ်းနေမှ သဘောကျသည်ဆိုသဖြင့် သူလာမည့်နေ့ကို တစ်ရက်ကြိုကာ ၀ါတာကာလာ (ရေဆေး) အစိမ်းများ ရေဖျော်ပြီး အပင်များကို ပိုးသတ်ဆေးဖြန်းပုံးဖြင့် ဖြန်းလျှက် စိမ်းလန်းစိုပြည်ရေး လုပ်ခဲ့ရဖူးသည်ဆိုသောကြောင့် ဖြစ်၏။ ကမ္ဘာမှာ မြန်မာလောက် ဉာဏ်နီဉာဏ်နက်များတာ ဘာလူမျိုးရှိပါသေးသနည်း။ သို့မို့ကြောင့် မြန်မာ့နည်း၊ မြန်မာ့ဟန်နှင့် သည် ISO ဆိုတာကြီးကို အကောင်အထည်ဖော်ပြလိုက်လျှင်တော့လည်း မပြောတတ်ပါဟု ဆိုရခြင်းဖြစ်၏။ ဒါတောင် ကျွန်တော့်မိတ်ဆွေက ကျုပ်တို့မှာဗျာ၊ ၀န်ကြီးလာနေတုံး မိုးရွာမချလိုက်ပါစေနဲ့ ဆုတောင်းလိုက်ရတာ အမော။ လူတွေ့ကို ရင်တထိတ်ထိတ်နဲ့ ဟု ပြောလိုက်ပါသေး၏။)
သို့ဆိုလျှင် သည် OHSAS 18001 ဆိုတာ ဘာလဲဆိုတာ မိတ်ဆွေများကို အရိပ်အမြွက် ရှင်းလင်းပြပါမည်။ သို့မှသာ မိတ်ဆွေများအနေနှင့် သည်ဟာကြီးကို အကောင်အထည်ဖော်ဘို့ ဘာတွေလိုတယ်ဆိုတာ ရိပ်မိမည်ဖြစ်ပါ၏။ သို့သော်လည်း ယခု အရိပ်အမြွက်အဖြစ် အနည်းငယ်မျှသာ ပြောပြမှာဖြစ်ပါသည်။ နောက်နှစ်လောက်ကျမှ စာတစ်အုပ်လုံး အပြည့်အစုံ၊ အထောက်အကူ၊ နမူနာများနှင့် ဘာသာပြန်ဆို ထုတ်ဝေမည်ဖြစ်ပါကြောင်း။
သို့သော် တစ်ခုတော့ရှိပါသည်။ မြန်မာပြည်သို့ လာရောက်လုပ်ကိုင်နေသော Total ကဲ့သို့၊ DNV ကဲ့သို့ ဥရောပနှင့် အနောက်နိုင်ငံများမှ ကုမ္ပဏီကြီးများကတော့ သူတို့စနစ်နှင့်သူတို့ ဘောင်ဝင်အောင်လုပ်ပါလိမ့်မည်။ သူတို့ကတော့ နိုင်ငံခြားမှ အောဒစ် (Safety Audit - လုပ်ငန်းစစ်) များခေါ်ကာ စစ်သည်ဆို၏။ ထိုအောဒစ်များထဲတွင် စင်ကာပူအောဒစ်များလည်း ပါသည်ဆို၏။ သူတို့ဘယ်လိုလုပ်တယ်ဆိုတာ ကျွန်တော်မသိပါ။ သို့သော်လည်း ၀မ်ပေါင်ကိုတော့ ကျွန်တော်မထင်ပါ။
မြန်မာပြည်မှ ၀မ်ပေါင်ကို မဆိုထားပါနှင့်။ စင်ကာပူတွင် လက်ရှိကျွန်တော်ကိုင်နေသည့် Kallang Bahru Complex Project မှ တရုတ်ကုမ္ပဏီသည်ပင်လျှင် ကိုင်ရတွယ်ရ အလွန်ခက်ပါသည်။ SubCon ၁၆ ခုရှိသည့်အနက် ကျွန်တော့်ကို ဒုက္ခ အပေးဆုံးမှာ Chan Rong Fen ဟုခေါ်သော ထိုတရုတ်ကုမ္ပဏီ ဖြစ်၏။ ဤကဲ့သို့လုပ်မှုကြောင့်လည်း လွန်ခဲ့သည့် လေးလခန့် က ကုလားတစ်ယောက် သုံးထပ်မှ ပြုတ်ကျသေခဲ့သေးသည်။

၃။ ISO 14001 နှင့် OHSAS18001 တို့ ဘာကွာသလဲ

အပေါ်မှာ ကျွန်တော့်ကိုမေးသည့်ပုဂ္ဂိုလ်လေး ပြောသကဲ့သို့ ISO (International Organization for Standardization) Standard အရ လိုအပ်သည့်စာရွက်စာတမ်းများမှာ အတူတူပင်ဖြစ်ပါသည်။ သူနားလည်စေရန် ကျွန်တော်က စာရွက်စာတမ်းလိုအပ်ချက်ပင် တူသော်လည်း တစ်ခုနှင့်တစ်ခု မတူကြောင်းကို ခပ်လွယ်လွယ် အောက်ပါ အတိုင်းရှင်းပြလိုက်၏။
ငါးတန်းတွင်လည်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ပါသည်။ ဆယ်တန်းတွင်လည်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ သင်ရသည်။ ဘာသာရပ်အားဖြင့်တော့ အတူတူပင်ဖြစ်၏။ သို့သော် ငါးတန်းတွင်ပြဌာန်းထားသော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ နှင့် ဆယ်တန်းတွင် ပြဌာန်းထားသော မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာတို့မတူသလိုပင် ISO 14001 နှင့် OHSAS 18001 တို့ မာတိကာပင်တူသော်လည်း အထဲတွင်ပါသော စာများမတူပါ ဟု ရှင်းပြလိုက်ပါသည်။ အမှန်က ဤဥပမာသည်လည်း သိပ်တော့မဟန်လှပါ။ တန်းတူချင်းကို နှိုင်းယှဉ်ပြမှ ပိုသဘာဝကျလိမ့်မည်။
ဥပမာတစ်ခုထပ်ပြရလျှင် လူတွင်လည်း ခေါင်း၊ လက်၊ ခြေ တို့ရှိသည်။ ခွေးတွင်လည်း ခေါင်း၊ လက်၊ ခြေ တို့ရှိသည်။ ဆင်တွင်လည်း ခေါင်း၊ လက်၊ ခြေတို့ရှိသည်။ သို့သော် လူတွင်ရှိသော ခေါင်း၊ လက်၊ ခြေ။ ခွေးတွင်ရှိသော ခေါင်း၊ လက်၊ ခြေ။ ဆင်တစ်ကောင်တွင်ရှိသော ခေါင်း၊ လက်၊ ခြေတို့ တူနိုင်ပါမည်လော။ ISO 14001 နှင့် OHSAS 18001တို့ မတူပုံမှာလည်း ဤနည်းအတိုင်း ဖြစ်၏။
ISO 14001 နှင့် OHSAS18001 တို့၏ စာရွက်စာတမ်းလိုအပ်ချက် နှိုင်းယှဉ်ချက်ကို မူရင်းအတိုင်း အောက်တွင် ပြန်လည်ဖောက်သည်ချလိုက်ပါသည်။
            ထိုဇယားတွင်ကြည့်လျှင် ၎င်းstandardသုံးခုလုံး၏ စာရွက်စာတမ်းလိုအပ်ချက်မှာ အတူတူပင်ဖြစ်ကြောင်း တွေ့ပါ လိမ့်မည်။ ဤသည်ကိုပင်လျှင် အင်တာနေရှင်နယ် စတင်းဒတ်ဟု ခေါ်သတည်း။ (ထုပ်လျောက်ဒိုင်းမြားတွေတိုင်းတော့ ပေ၊ လက်မနဲ့တိုင်းပြီး ကွန်ကရစ်မှာတော့ မီတာကျူနဲ့မှာသည့် စတင်းဒတ်သမားများ အတုယူစရာကောင်းပါသည်။)
            အထက်တွင် ပြောခဲ့သည့်အတိုင်း ISO 14001 မှာလည်း ပေါ်လစီပါသည်။ OHSAS 18001 မှာလည်း ပေါ်လစီ ပါ သည်။ သို့သော် ပေါ်လစီချင်းမတူပါ။ အဘယ်ကြောင့်ဆိုသော် ISO 14001 က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း ဖြစ်ပြီး၊ OHSAS 18001 က ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အကြောင်းဖြစ်သောကြောင့်တည်း။
            OHSAS 18001 စာအုပ် မရေးရသေးခင် သိချင်အရင်လိုသူများ ကျွန်တော့်ထံ လက်တို့လိုက်ပါ။ သည်စာအုပ်နှင့် သဘောသွားခြင်းတူသော စာအုပ်တစ်အုပ် ကျွန်တော်ဘာသာပြန်ထားတာ ရှိပါသည်။ ASEAN OSHMS for SME စာအုပ် ဖြစ်၏။ သို့သော်လည်း တခြားရေးစရာ အများအပြားရှိသဖြင့် စာအုပ်ကိုပဲဘာသာပြန်ပြီး နောက်ဆက်တွဲဇယားများကိုတော့ ဘာသာမပြန်ရသေးပါ။ ဤစာအုပ်ကို ဖတ်လိုက်လျှင် Safety Management System အကြောင်း အတော်သဘောပေါက် သွားပါလိမ့်မည်။


ယခု OHSAS 18001 အကြောင်း အကျဉ်းမျှရှင်းပြပါမည်။

၎။ OHSAS 18001 ဟူသည် အဘယ်နည်း

OHSAS 18000 ဟူသည် အပြည်ပြည်ဆိုင်ရာ လုပ်ငန်းခွင်ကျန်းမာရေး နှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ် (International Occupational Health and Safety Management System) ဖြစ်၏။ ၎င်းတွင် OHSAS 18001 နှင့် OHSAS 18002 ဟု အပိုင်းနှစ်ပိုင်းပါသည်။ ထို့ပြင် သူနှင့်ပတ်သက်ဆက်နွယ်နေသော အခြားစာစောင် အများအပြားလည်း ရှိပါသေးသည်။
OHSAS18001 ဟူသည် Occupational Health and Safety Management Systems – Requirements ဖြစ်သည်။ OHSAS 18001 က လုပ်ငန်းခွင်ကျန်းမာရေး နှင့် အန္တရာယ်ကင်းရေး စီမံခန့်ခွဲမှုစနစ်၏ လိုအပ်ချက်များကို ဖော်ပြသည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းခြင်းဖြင့် မိမိတို့အဖွဲ့အစည်းသည် လုပ်ငန်းခွင်ကျန်းမာရေး နှင့် အန္တရာယ် ကင်းရေး စီမံခန့်ခွဲမှုစနစ်ကို မည်ကဲ့သို့ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း အစစ်ဆေးခံနိုင်သည်။
ထိုစနစ်၏ အဓိကရည်မှန်းချက်မှာ လုပ်ငန်းခွင်အတွင်းရှိ လုပ်သားများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကို ခြိမ်းခြောက်နေသည့် အရာများကို တတ်နိုင်သမျှ လျှော့ချရန် ဖြစ်ပါသည်။ ယခုခေတ်ကြီးတွင် နာမည်တစ်လုံးသည် အလွန် အရေးကြီးပေရာ ပရောဂျက်ကြီးများ ရနိုင်ရေးအတွက် မိမိတို့ကုမ္ပဏီသည် လုပ်သားများ၏ ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး ကို မည်မျှအလေးထားကြောင်း ပြသရန်အတွက် ကုမ္ပဏီများသည် OHSAS 18001 လက်မှတ်ကို ရယူထားကြသည်။

၅။ OHSAS 18002 ဟူသည် အဘယ်နည်း

            OHSAS 18002 ဟူသည် OHSAS 18001 က ညွှန်ပြထားသော လိုအပ်ချက်များကို အကောင်အထည်ဖော်ရန် လမ်းညွှန်ချက်များ ဖြစ်၏။ ၎င်းက OHSAS 18001 ကို မည်ကဲ့သို့အကောင်အထည်ဖော်ရမည် ဆိုသည်ကို ရှင်းပြပေးသည်။

၆။ မည်သူများက သည်စနစ်ကို တီထွင်ခဲ့ပါသနည်း

            သည်စနစ်ကို တီထွင်တာ တစ်ဦးကောင်းတစ်ယောက်ကောင်း မဟုတ်ပါ။ ကမ္ဘာ့ထိပ်တန်း၊ ဒိတ်ဒိတ်ကြဲ ရှေ့ဆောင် အမျိုးသားစံနှုန်းပြုရေးအဖွဲ့များ၊ လက်မှတ်ပေးသောအဖွဲ့များ၊ အထူးအကြံပေးအဖွဲ့များ စုပေါင်းတီထွင်ခြင်းဖြစ်၏။ ထိုအဖွဲ့များမှာ -

* National Standards Authority of Ireland
* Standards Australia
* South African Bureau of Standards
* British Standards Institution
* Bureau Veritas Quality International
* Det Norske Veritas
* Lloyds Register Quality Assurance
* National Quality Assurance
* SFS Certification
* SGS Yarsley International Certification Services
* Asociaci?spa? de Normalizaci? Certificaci?r
* International Safety Management Organisation Ltd
* Standards and Industry Research Institute of Malaysia
* International Certification Services

- တို့ဖြစ်၏။

၇။ လိုက်နာကျင့်သုံးသော ကုမ္ပဏီများအား သည်စနစ်က မည်ကဲ့သို့ကူညီနိုင်သနည်း

            ဤစနစ်ကို အောက်ပါ မည်သည့်အဖွဲ့အစည်းမဆို လိုက်နာကျင့်သုံးနိုင်သည်။

v  မိမိတို့ကုမ္ပဏီမှ ၀န်ထမ်းများ၊ မိမိတို့လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသူများ၏ လုပ်ငန်းခွင်ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရေးအတွက် ကြုံတွေ့ရမည့် အန္တရာယ်များကို ဖျောက်ပစ်ရန် သို့မဟုတ် အနည်းဆုံး ဖြစ်အောင်လျှော့ချလိုသော ကုမ္ပဏီများ
v  မိမိတို့အဖွဲ့အစည်းမှ ချမှတ်ထားသော လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးမူဝါဒများကို ချမှတ်ထားသော ဥပဒေ များနှင့် အညီ အကောင်အထည်ဖော်လိုသော အဖွဲ့အစည်းများ
v  မိမိတို့ ဤကဲ့သို့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေခြင်းကို ပြသလိုသည့် အဖွဲ့အစည်းများ
v  မိမိတို့အဖွဲ့အစည်းအတွင်း လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးစီမံခန့်ခွဲမှုစနစ်ကို လက်တွေ့ကျင့်သုံးခြင်း၊ ထိန်းသိမ်း ထားခြင်းနှင့် ပိုမိုတိုးတက်လာအောင် ဆောင်ရွက်လိုသည့် အဖွဲ့အစည်းများ
v  မိမိတို့အဖွဲ့အစည်း၏ လုပ်ငန်းခွင်ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေးအတွက် ပြင်ပအဖွဲ့အစည်းများမှ မှတ်ပုံတင်များ၊ လက်မှတ်များ ရယူလိုသော အဖွဲ့အစည်းများ

q ဆက်ပါဦးမည်။

အေးငြိမ်း
၁၁၈ မတ်၊ ၂၀၁၃