Thursday, June 28, 2012

လူသား၏ အတ္တ

 
အရူးဆိုက၊ ခံခက်လှ၏

ငါမှငါသာ၊ ကောင်းသူတည်း။



လူသာမှန်လည်း

နာမ်ဆောင်သည့်ရုပ်။ ရုပ်ဆောင်သည့်နာမ်

ဖောက်ပြန်သည့်အား၊ လှုပ်ရှားရုန်းကန်

စိတ်သည်းထန်၍၊ မျက်မာန်သင့်စဉ်

မပြုံးချင်၊ မီးလျှင်တောက်လု

ပေါက်ကွဲလု။



သည်မှတဖန်၊ မျက်မာန်မရှိ

အေးငြိမ်းဘိ၍

ပီတိရွှန်းဝေ၊ သောကပြေ၍

ကျေနပ်ကြည်နူး၊ ရှိခဲ့ဖူးသော်

ပျော်ရွှင်စိတ်ဖုံး၊ သည်နှလုံးကြောင့်

အပြုံးလည်းလွင်၊ အပြင်လည်းလှ

နှုတ်ချိုစနှင့်၊ အလှတွေချည့်

တစ်ကိုယ်တည်းဝယ်၊ ပြုံးရိပ်လွယ်၍

မိုးနှယ်မမှိုင်း၊ မရိုင်းဆိတ်ဆိတ်

သည်တစ်စိတ်တည်း၊ လူဖန်တီး၍

ပူမီးငြိမ်းရာ၊ သူ့မျက်နှာ

ကြည်သာကင်းရှင်း၊ လနှယ်လင်းခဲ့။



သြော် - ရုပ်နှင့်နာမ်တွဲ

ဆဲလ်နှင့်ဖွဲ့စည်း၊ နှလုံးသည်းစု

ခံစားမှုတွင်၊ အရိပ်ထင်ပြီး

အသွင်ကူးပြောင်း၊ အဟောင်းအသစ်

ဖြစ်တတ်သလို၊ အရူးဆိုလည်း

အတ္တစွဲရင်း၊ ကြွေးဆဲကြော်ဆဲ

ငါ မစဲသည်

တတ်ဘဲတတ်နိုင်လွန်းတကား။         



(ကဗျာဆရာနာမည်နှင့် မဂ္ဂဇင်းနာမည် မှတ်မထားမိပါ။)

Tuesday, June 26, 2012

မြန်မာပြက္ခဒိန် ဥပဒေ

 

ကျွန်တော် ယခု မြန်မာပြက္ခဒိန်အကြောင်း စာအုပ်ရေးသားရန် အချက်အလက်များ ရှာဖွေစုဆောင်းခြင်း၊ ပုံများဆွဲခြင်း၊ ဇယားများရေးဆွဲခြင်း၊ ရှေးဟောင်းကျမ်းစာများပါ အချက်အလက်များနှင့် အနောက်တိုင်းမှ ခေတ်မီ နက္ခတ်ကျမ်းပါ အချက်အလက်များကို တိုက်ဆိုင်ညှိနှိုင်းကြည့်ခြင်း၊ သေချာစွာနားလည်သဘောပေါက်ရန် လက်ထဲရှိ ပြက္ခဒိန်ဆိုင်ရာ စာအုပ် များကို သေချာစွာပြန်လည်ဖတ်ရှုခြင်း စသည်တို့ဖြင့် မအားလပ်နိုင်အောင် ရှိပါ၏။

ခွကျသည်မှာ ကျွန်တော်မရှင်းသည့်အချက်များကို မေးရန် အနီးအနား၌ ဆရာကြီးများမရှိခြင်းကတစ်ကြောင်း၊ တစ်ဖက်၌လည်း နေ့တိုင်းအလုပ်ဆင်းနေရသည်ဖြစ်ရာ တော်တော်နှင့် ခရီးမရောက်နိုင်ဖြစ်နေရပါ၏။

ဥပမာ - အမရပူရမြို့တည်နေရာကို ဖော်ပြရာတွင် ဦးအုန်းကြိုင်၏စာအုပ်၌ ၉၆ အံသာ ၁၆ လိတ္တာဟု ဖော်ပြထား၏။ ကျွန်တော့်၌ရှိသော မြန်မာတစ်နိုင်ငံလုံးရှိ မြို့များတည်နေရာပြ ဇယားတွင်မူ ၉၆ အံသာ ၄ လိတ္တာဖြစ်ပါသည်။ သို့သော် ကျွန်တော် ဂူးဂဲအာ့သ် (Google Earth) တွင်ထောက်ကြည့်သောအခါ ၉၆ အံသာ ၂ လိတ္တာ၊ အများဆုံးမှ ၃ လိတ္တာခန့်သာ ရပါသည်။ ၉၆ အံသာ ၄ လိတ္တာဆိုလျှင် အမရပူရမှကျော်လွန်ကာ မန္တလေးဘက် ရောက်သွားပါသည်။

နောက်တစ်ခုက နက္ခတ်များတည်နေရာဖြစ်၏။ သူရိယသိဒ္ဓန္တကျမ်းလာ နက္ခတ်များ၏ တည်နေရာ၊ အိန္ဒိယပြက္ခဒိန်မှ နက္ခတ်များ တည်နေရာ၊ မြန်မာဗေဒင်စာအုပ်များမှ နက္ခတ်များတည်နေရာတို့မှာ အကွဲကွဲအပြားပြား ဖြစ်နေပါသည်။ သူရိယသိဒ္ဓန္တကျမ်းတစ်စောင်ထဲမှာပင်လျှင် နက္ခတ်များ၏တည်နေရာကို နှစ်မျိုး၊ သုံးမျိုးဖော်ပြထားပါသည်။ ကျွန်တော် အနောက်တိုင်း နက္ခတ္တဗေဒ၀က်ဘ်ဆိုဒ်များမှ နက္ခတ်တည်နေရာများကို ရှာကြည့်သောအခါ သူရိယသိဒ္ဓန္တကျမ်းမှ နက္ခတ်များ၏ တည်နေရာနှင့်ကွဲလွဲနေသည်ကို တွေ့ရပါသည်။ ကွဲသမှ အတော်လေးကို လွဲနေတာဖြစ်ပါသည်။ ကျွန်တော်ကတော့ နက္ခတ်တာရာကြည့်မှန်ပြောင်းများ မပေါ်သေးခင်က ကျမ်းစာများမှ ကိန်းဂဏန်းများထက် ခေတ်သစ် နက္ခတ်ကျမ်းများ၏ ကိန်းဂဏန်းများကိုသာ (အထူးသဖြင့် NASA မှ ကိန်းဂဏန်းများ) ပိုမိုယုံကြည်စိတ်ချပါသည်။

သည်တော့ သည်လိုကွဲလွဲချက်၊ အငြင်းပွားဖွယ်ရာကိစ္စများကို ဆရာ့ဆရာကြီးများနှင့် ကျေကျေလည်လည် ဆွေးနွေးချင် ပါသည်။

မြန်မာပြက္ခဒိန်တွက်ရာတွင် မြို့များတည်နေရာနှင့် နက္ခတ်တည်နေရာများသည် အလွန်အရေးကြီးပါသည်။ သို့မဟုတ်ပါက ကျွန်တော်တို့သုံးနေသော ပြက္ခဒိန်သည် ပြက္ခဒိန်အမှားကြီး ဖြစ်နေလျှင် ဟန်မကျပါ။ ကျွန်တော်တို့ နှစ်ကူးသင်္ကြန်ပွဲ ဆင်နွှဲလိုက်သည်။ အစိုးရက ထုတ်ပြန်လိုက်သဖြင့် ထိုနေ့ကို သင်္ကြန်အကျနေ့၊ ထိုနေ့ကတော့ အတက်နေ့၊ ထိုနေ့ရက်က တော့ နှစ်ဆန်းတစ်ရက်နေ့ဟု သိရသည်။ သူတို့ကြေငြာလိုက်သော အနှီနေ့သည် နှစ်ဆန်းတစ်ရက်နေ့ အစစ်အမှန် ဟုတ်သလား၊ မဟုတ်ဘူးလား မည်သူသိပါသနည်း။ သင်္ကြန်ကျချိန်၊ တက်ချိန်များ မှန်မမှန် မည်သူ စစ်ဆေး၊ ချိန်ကိုက် တွက်ချက် ကြည့်ပါသနည်း။ ထိုနေ့သည် လက်တွေ့တွင်ရှိနေသော နှစ်ဆန်းရမည့်အချိန်နှင့် ကွဲလွဲနေပါက ကျွန်တော်တို့ Happy New Year ရေသဘင်ပွဲကြီးမှာ တပေါင်းလပြည့်နေ့၌ ထမနဲထိုးပွဲကျင်းပမိသကဲ့သို့ ဖြစ်နေပါလိမ့်မည်။

ဒါ ကျွန်တော်က အလကား စိတ်ထဲရှိတာ မဟုတ်တမ်းရားတွေ၊ ရီစရာအဖြစ် ပြောတာမဟုတ်ပါ။ သမိုင်းတွင် ဤကဲ့သို့ ကြုံခဲ့ဖူးသော သာဓကများရှိခဲ့လေပြီ။ ပြက္ခဒိန်အကြောင်း လေ့လာသူများကတော့ ကောင်းကောင်းသိပါသည်။ ဤအကြောင်းများကို ကျွန်တော် ပြက္ခဒိန်စာအုပ်တွင် ထည့်သွင်းရေးသားပါမည်။

တစ်ချက်မှာလည်း ကောင်းကင်မှ ကြယ်များ၊ နက္ခတ်များမှာ တစ်နေရာတည်းတွင်ပင် အမြဲနေတာမဟုတ်ဘဲ အစဉ်ရွေ့လျား ပြောင်းလဲနေသည်ဖြစ်ရာ လွန်ခဲ့သော နှစ်ပေါင်း လေးငါးခြောက်ရာ၊ တစ်ထောင်လောက်က (သည့်ထက်ပင် ပိုချင်ပိုပါလိမ့်ဦး မည်) ကျမ်းစာပါ ကိန်းများမှာ ထိုခေတ်အနေနှင့် မှန်ကောင်းမှန်မည်ဖြစ်သော်လည်း ယခုခေတ်တွင်မူ မှန်ချင်မှ မှန်တော့မည် ဖြစ်ပါသည်။ ထိုအပြောင်းအလဲကို မြန်မာပြက္ခဒိန်ရေးဆွဲရေးကို တာဝန်ယူထားသောအဖွဲ့မှ လက်ခံနိုင်ရမည် ဖြစ်ပါသည်။

အထက်တွင်ဖော်ပြခဲ့သကဲ့သို့ တိကျခိုင်လုံသည့် ကိန်းဂဏန်းများ မရနိုင်မှုကြောင့် မြန်မာပြက္ခဒိန်ရေးဆွဲရာတွင် သူ့ထက်သူ လူစွမ်းကောင်း ဆရာကြီးများ ငြင်းကြ၊ ခုံကြ၊ စစ်ထိုးကြသည်မှာ နှစ်ပေါင်း ရာနှင့်ချီကြာခဲ့ပါပြီ။ သို့သော် ယခုခေတ်တွင်မူ ထိုကဲ့သို့ တတ်ကျွမ်းနားလည်သော ပညာရှိကြီးများ အလွန်ရှားပါးသွားတော့သည်ဖြစ်ရာ ကျွန်တော်တို့လက်ထက်တွင် ယခင်ကကဲ့သို့ ငြင်းခုံပွဲကြီးများကို မကြားရတော့ပါ။ ဒါ သိပ်ကောင်းလှသော လက္ခဏာမဟုတ်ပါ။

ယခုခေတ်မှာ ကွန်ပြူတာခေတ်ဖြစ်လေရာ ယခင်က အလွန်တွက်ရခက်ခဲလှသော ပြက္ခဒိန်တွက်ရိုးများမှာ ယခုခေတ်အနေနှင့် ဘာမှ ခဲယဉ်းလှမှာ မဟုတ်တော့ပါ။ ယုံကြည်စိတ်ချရပြီး တိကျခိုင်လုံသော ကိန်းဂဏန်းများသာ ပေးလိုက်ပါက ပြက္ခဒိန် ပရိုဂရမ်ထုတ်ပေးမည့် ပညာရှင်လူငယ်ကလေးများ အများအပြားရှိပါသည်။ ယခုပင်လျှင် ကိုဇင်မင်း၊ ကိုရဲလင်းကျော်၊ ကိုရန်နိုင်အေး နှင့် ကိုဝဏ္ဏကို တို့ မြန်မာပြက္ခဒိန်ကို သူတို့ဟာသူတို့လေ့လာတွက်ချက်ပြီး ဖြစ်ပါ၏။

သာမန်လူများအနေနှင့်တော့ မြန်မာပြက္ခဒိန်ကို ဘယ်သူတွေကတွက်ချက်ပြီး ဘယ်လိုထုတ်ပြန်တယ်ဆိုတာ သိချင်မှ သိပါလိမ့်မည်။ မြန်မာပြက္ခဒိန်ဆိုတာ ငါတွက်တတ်တယ်ကွ ဆိုပြီး ကိုယ့်ဟာကိုယ် တွက်ချင်တိုင်းတွက်လို့ရတာမဟုတ်။  မြန်မာပြက္ခဒိန်ကို ရေးဆွဲထုတ်ပြန်ရန် ရှေးမြန်မာဘုရင်များလက်ထက်ကပင် ပြက္ခဒိန်တော်ဆက်အဖွဲ့ ထားခဲ့ပါသည်။ ယခုလည်း မြန်မာပြက္ခဒိန် အကြံပေးအဖွဲ့က ရေးဆွဲထုတ်ပြန်တာ ဖြစ်ပါသည်။ အကြံပေးအဖွဲ့ ဆိုသော်လည်း ထိုအဖွဲ့ကပင် ဆုံးဖြတ်ကာ မြန်မာပြက္ခဒိန်ကို ထုတ်ပြန်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်သာ လုပ်လို့ရမည်ဆိုလျှင် ထိုအဖွဲ့အား မြန်မာပြက္ခဒိန်အကြံပေးအဖွဲ့ ဟု ခေါ်မည့်အစား မြန်မာပြက္ခဒိန်အာဏာပိုင်အဖွဲ့ ဟုသာ အမည်ပြောင်းလိုက်ချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မည်သူ၊ မည်မျှတတ်ကျွမ်း၊ မှန်ကန်နေသည်ဖြစ်ပါစေ ထိုအဖွဲ့၏ ဆုံးဖြတ်ချက်ကိုသာ လိုက်နာရသောကြောင့် ဖြစ်၏။  

ယခုခေတ်တွင် ထိုအဖွဲ့၌ မည်သူများပါဝင်သည်ကို ကျွန်တော်မသိပါ။ ဆရာတော်၊ သမားတော်ကြီးများ ပါတယ်ဆိုတာ လောက်တော့ သိပါသည်။ တွက်ချက်သူများမှာ ဆရာ့ဆရာကြီးများဖြစ်သဖြင့် ခေတ်လူငယ်များကို အထင်ကြီးချင်မှ ကြီးပါလိမ့်မည်။ ခေတ်သစ်နက္ခတ္တဗေဒကို နှုတ်ခမ်းမဲ့ချင် မဲ့ပါလိမ့်မည်။ သူတို့နှင့်မသိကျွမ်းသောကြောင့် သူတို့သဘော ဘယ်သို့ရှိသည်ကို ကျွန်တော်မသိပါ။ သို့သော် သူတို့ချမှတ်ထားသော ပြက္ခဒိန်တွက်ချက်မှုဆိုင်ရာ စည်းကမ်းများကိုတော့ ကျွန်တော်သဘောမကျပါ။ အလုပ်မဖြစ်သော ဗျူရိုကရေစီစနစ် နှင့် အတွေးအခေါ်ဟောင်းများကို ဟန်သာရှိပြီး အဆံမရှိသော၊ အထည်ကြီးပျက် ဆိုရှယ်လစ်စနစ်ကြီးနှင့်အတူ လွှင့်ပစ်လိုက်ကာ အတွေးအခေါ်အယူအဆသစ်၊ နည်းပညာအသစ်များကို လက်ခံကျင့်သုံးစေလိုပါသည်။ တွက်ချက်ရာတွင်လည်း ခေတ်မီနက္ခတ် ကိန်းဂဏန်းများဖြင့် အစားထိုးကာ ခေတ်သင်္ချာနည်း (ကွန်ပြူတာ ပရိုဂရမ်) ဖြင့် ပြောင်းလဲတွက်ချက်ရန် အချိန်ကျနေပါပြီ။ မည်သည့်နည်းဖြင့်တွက်သည်ဖြစ်စေ အရေးကြီးသည် မှာ လက်တွေ့ ကောင်းကင်နက္ခတ် အသွားအလာများနှင့် ကိုက်ညီသည့် ကောင်းမွန်မှန်ကန်သော ပြက္ခဒိန်တစ်ခုဖြစ်ရေးပင် မဟုတ်ပါလော။

အထူးကား ပြက္ခဒိန်ုဟူသည် လူတစ်ဦးတစ်ဖွဲ့ကပိုင်သော ပစ္စည်းမဟုတ်။ ထို့ကြောင့် လူတိုင်းတွက်ချက် အရေးဆိုပိုင်ခွင့် ရှိရမည်။ သို့သော်လဲလေ ဒီမိုကရေစီဆိုပြီး (ဗိုလ်ချုပ်ထောက်ပြခဲ့သလို) တာရိုးပေါ်တက် ဆေးရိုးလှန်းတာမျိုး မဖြစ်ရ လေအောင် စည်းနဲ့ကမ်းနဲ့တော့ လုပ်ထားရမပေါ့။ သဟာဆို ဘယ်လိုစည်းကမ်းလုပ်မလဲ။

ဆရာဦးအုန်းကြိုင်က သူ၏ မြန်မာ့ပက္ခဒိန် သုတေသနကျမ်းတွင် ၀ါထပ်မည်၊ ရက်ငင်မည် ဆိုသောကိစ္စများ အငြင်းမပွားရ လေအောင် မြန်မာပြက္ခဒိန် ဥပဒေတစ်ရပ် ပြဌာန်းရန် အကြံပြုရေးသားသွားပါသည်။ သူအကြံပေးခဲ့သည်မှာ ကျွန်တော် အူဝဲ ဘ၀ ၁၉၆၄ ခုနှစ်က ဖြစ်ပါ၏။ ဆရာက အလွတ်ရေးခဲ့တာမဟုတ်။ အထောက်အထား အကိုးအကားခိုင်လုံစွာဖြင့် ကျကျနန သုတေသနပြုကာ တင်ပြသွားခြင်းဖြစ်ပါသည်။ သို့သော်လည်း ယခု ကျွန်တော် တစ်ခေါင်းလုံးဖြူသည်ထိ မြန်မာပြက္ခဒိန်ဥပဒေ ရှိသည်ဟု မကြားမိဖူးသဖြင့် မင်းဟာမင်း ပြောချင်ရာပြောပေါ့ကွာ၊ ငါတို့လုပ်ချင်မှ ဖြစ်တော့မပေါ့ ဟူသော ခေါင်းမာလှသည့် ဆရာကြီးများ ပြက္ခဒိန်ထုတ်ပြန်ရေးကို ကြီးစိုးထားသည်ဟု ကျွန်တော်ကတော့ သည်အတိုင်းထင်ပါသည်။ သို့မဟုတ် ငါတို့လုပ်ချင်တာပေါ့ကွာ၊ လုပ်လို့မရတဲ့ အကြောင်းတရားတွေရှိတယ်ကွ ဟု ဖြစ်ချင်လည်းဖြစ်နိုင်ပါသည်။

ယခုလည်း ကျွန်တော်က မြန်မာပြက္ခဒိန် ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် လေသံပျော့ကလေးဖြင့် အကြံပြုလိုပါသည်။ ကျွန်တော်ကား အညတြ၊ ပမွှားကလေးမျှဖြစ်လေရာ သည်ကိစ္စကို မတတ်စွမ်းနိုင်သည့်အတွက် လေသံပျော့ရခြင်း ဖြစ်ပါ၏။ ထို့ကြောင့် အစွမ်းရှိသူများနှင့် နီးစပ်သူများအား မြန်မာပြက္ခဒိန်ဥပဒေ ပေါ်ထွက်လာရေး တိုက်တွန်းအားပေး၊ ဆော်သြပေး၊ ဘေးတီးပေးပါရန် မေတ္တာရပ်ခံပါသည်။

မြန်မာပြက္ခဒိန် ဥပဒေ ပေါ်ထွက်လာသည့်အခါကျမှ ထိုဥပဒေကို အထောက်အကူပြုမည့် နည်းဥပဒေများ ရေးဆွဲနိုင်ပါမည်။ ထိုနည်းဥပဒေများတွင် ခိုင်မာ၊ တိကျသော ပြက္ခဒိန်တွက်ကိန်းများ၊ တွက်နည်းများ၊ ကြယ်မြေပုံများ၊ ပြောင်းလဲနေသော နက္ခတ်များအလိုက် မည်ကဲ့သို့ ပြောင်းလဲတွက်ချက်ရမည် အစရှိသည်တို့ကို ဖော်ပြလိုက်လျှင် ဘာမှ အငြင်းပွားစရာ အကြောင်းမရှိတော့ပါ။ မည်သူမဆို လွယ်လင့်တကူ တွက်ချက်နိုင်မည် ဖြစ်ပါသည်။    

အနှီသို့သော အကြောင်းများကြောင့် ထိတ်ထိတ်ကြဲ ဆရာ့ဆရာကြီးများ သက်ရှိထင်ရှားရှိနေစဉ်၊ သတိသမ္ပဇဉ်များ မချွတ်ယွင်းသေးမီ ၎င်းတို့နှင့်တိုင်ပင်ကာ မြန်မာပြက္ခဒိန်ဥပဒေ၊ နည်းဥပဒေများ ပြဌာန်း ရေးဆွဲကြပါမည့်အကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရကြောင်းပါခင်ဗျား။              

ကျွန်ုပ်လက်ရှိဖတ်မှတ် လေ့လာနေသော မြန်မာပြက္ခဒိန်ဆိုင်ရာ စာအုပ်များ












ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၆-၆-၂၀၁၂

Tuesday, June 19, 2012

နွားမေတ္တာစာ (၂)

 


မန်လည်ဆရာတော်ဘုရားကြီး ၏ နွားမေတ္တာစာ (လင်္ကာ)

ကျေးဇူးချေကာ၊ မပြုရာတည့်၊ လူသာမဟုတ်၊ အယုတ်တိရစ္ဆာန်၊ မှုဝန်ဆောင်ဘိ၊ ကျေးဇူးရှိသား၊ ဟတ္ထိအဿ၊ ဂေါဏမဟိံသာ၊ စသည်မှာလည်း၊ ပျိုခါဝေစား၊ အိုခါရှား၍၊ စွန့်ထားပယ်ကာ၊ မပြုရာဘူး၊ ပြုတုံပါက၊ မိတ္တဒုဗ္ဘီ၊ မညီဓမ္မ၊ လူ့ပါပတည်း၊ ထိုမှတစ်ပါး၊ ထိုအသားကို၊ သတ်စားဖြတ်စား၊ ပြုငြားတတ်မူ၊ ထိုသည့်သူကား၊ လူတွင်မိုက်လှ၊ လူ့ဗာလတည့်၊ ပါပတရား၊ လွန်ယုတ်မာရှင့်၊ မာတာပိတု၊ ဗန္ဓုဉာတိ၊ မရှိအလား၊ ထိုကျွဲနွားတို့၊ လုပ်စားအတူ၊ လူနှင့်တကွ၊ မကွာရဘူး၊ ကိစ္စဆောင်ရွက်၊ သက်မွေးဘက်ဖြင့်၊ ဆက်ဆက်စင်စစ်၊ မိတ်ရင်းဖြစ်၏၊ သတ်ညှစ်အသား၊ သူမိုက်များသို့၊ မစားထိုက်စွာ၊ သားသည်းချာလျှင်၊ ပညာကရု၊ မျှော်ထောက်ရှုလော့။


ဤလူ့ဘ၀၊ လူ့လောက၌၊ ဉာဏသမ္ပဇဉ်၊ ကင်းမယှဉ်ဘဲ၊ ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ ဗာလဟူ၏၊ ခွေးတူမထူး၊ ကျေးဇူးကျိုးရှိ၊ ဂုဏ်သတ္တိကို၊ မသိတတ်ကြ၊ မိုက်ခေါင်လှသား၊ မိတ္တဒုဗ္ဘ၊ ဗာလဟူသည်၊ လူမသမာ၊ ထိုများစွာတို့၊ ချမ်းသာစီးပွား၊ မတည်ကြားတည့်၊ လျော့ပါးယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျှက်၊ တန်ခိုးနေ့ည၊ ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။           

မဃဒေ၀ - ၁၉၈။

- - - x x x - - -

အလယ်တောရ အဂ္ဂမဟာပဏ္ဏိတ ဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ (လင်္ကာ)

မြန်မာပြည်နေ၊ လူတစ်တွေတို့၊ သိစေဖို့ကို၊ အမှန်ဆိုပိမ့်၊ အစ်ကိုအစ်မ၊ မိဘသဖွယ်၊ ကျေးဇူးကျယ်သည်၊ လယ်ယာကစ၊ ကိစ္စများစွာ၊ အိမ်ရာမလပ်၊ ပြုအပ်သမျှ၊ နွားကိစ္စတည့်၊ စားကြသုံးကြ၊ ထမင်းစသည်၊ ၀တ်ရုံထည်နှင့်၊ ထိုဤဌာန၊ ကိစ္စများမြောင်၊ သုံးအဆောင်ကို၊ နွားမောင်နွားမ၊ ပြုပေကြ၏။

ထိုမှတစ်ပါး၊ နွားနို့ထောပတ်၊ ပေးဝေတတ်သည့်၊ ကြီးမြတ်ကျေးဇူး၊ ဂုဏ်အထူးကို၊ နဖူးလက်တင်၊ ဆင်ခြင်မေတ္တာ၊ ကရုဏာနှင့်၊ ညှာတာသနား၊ ကျွဲနွားသားကို၊ မစားအပ်ပေ၊ ရှောင်ကြလေလော့၊ လွန်လေရှေးခါ၊ ဤလူ့ရွာမှာ၊ ဗြဟ္မာသိကြား၊ နတ်အများနှင့်၊ တရားဖြောင့်စွာ၊ အသူရာယက္ခ၊ ဟူသမျှတို့၊ စောင်မ မသွေ၊ ကြည့်ရှုပေ၏၊ လူတွေ မတရား၊ သားသတ်စားမူ၊ ရှောင်ရှား စွန့်ခွာ၊ နတ်ဗြဟ္မာတို့၊ မျက်နှာလွှဲသွေ၊ မကြည့်နေ၏။

ပုရေရှေးခါ၊ ဤလူ့ရွာမှာ၊ ရောဂါထင်ရှား၊ စားသောက်လိုချင်၊ အိုသွင်ပေါ်မှု၊ ဤသုံးခုတည့်၊ ယခုအခါ၊ သားများစွာကို၊ မညှာသတ်စား၊ များစွာအမျိုး၊ ကိုးဆယ့်ရှစ်ပါး၊ ရောဂါပွား၏၊ ဘုရားနှုတ်မှ၊ မိန့်ဖော်ပြသည့်၊ သုတ္တနိပါတ်၊ ကျမ်းမြတ်အလာ၊ ရှောင်ကြပါလော့။                  

- - - x x x - - -

ဆီးဘန်နီဆရာတော်ကြီး၏ နွားမေတ္တာစာ (လင်္ကာ)

တိရစ္ဆာန်ဟူသည်၊ လူတို့ပြည်၌၊ ကျင်လည်ခဲ့ရ၊ ဤဘ၀၀ယ်၊ စိမ်းမြညွန့်ရှင်၊ ရံဖန်တွင်လည်း၊ မြက်ပင်မတွေ့၊ ကောက်ရိုးသွေ့မျှ၊ လွေ့လွေ့ရမ်းရမ်း၊ ၀မ်းမဖြည့်ရ၊ သောက်ရေမှာလည်း၊ ဖြူစွနောက်ကျိ၊ ညစ်တစ်စိနှင့်၊ အို၏အထဲ၊ ပျစ်ချွဲပူငန်၊ နေရဟန်လည်း၊ ရွှံညွန်မလွတ်၊ တီမျှော့ကျွတ်နှင့်၊ မိုးစွတ်နေပူ၊ ဆင်းရဲဟူသည်၊ သူများတွက်တာ၊ ကျွန်တော့်မှာတည့်၊ စုလာသောနှယ်၊ ဒုက္ခကြွယ်၏၊ မိုးလယ်ခါလျှင်၊ ကျွန့်သခင်ကား၊ အားအင်မတန်၊ လှည်းပြည့်ဝန်ကို၊ ညွှန်တွင်ချနှစ်၊ ပုံတောင်းနစ်မျှ၊ ကြွေးဟစ် မောင်းမဲ၊ ကြော်ငြာဆဲလျှက်၊ ထိပ်ကွဲနံကွာ၊ တံဖျာနှင်တံ၊ သံချွန်ဆူးသွတ်၊ ရိုက်ထိုးခတ်၍၊ ရွတ်ရွတ်စေသည်၊ ဒုက္ခရည်ကို၊ လေးမည်ပရိသတ်၊ ရှုပါလတ်လော့။               

- - - x x x - - -

စံကင်းဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ (သံပေါက်)

ဤနွားခမျာ၊ ၀ဋ်ကြွေးပါ၊ ကြင်နာဆင်းရဲကင်း။

မြေပြင်အလုံး၊ ထွန်လှည်းရုန်း၊ မဆုံးလယ်ယာခင်း။

လူတို့အကြိုက်၊ လိုတိုင်းလိုက်၊ မောဟိုက်လွန်အမင်း။

ခိုင်းရာစေရာ၊ လုပ်ရရှာ၊ ခါခါရိုက်နှက်ညှဉ်း။

အိုမင်းယိမ်းယိုင်၊ မလုပ်နိုင်၊ စက်တိုင်ချိုလူသွင်း။

သူလုပ်စပါး၊ သူ့အသား၊ ပေါင်းစားလူခပင်း။

သနားညှာတာ၊ လွန်ကင်းကွာ၊ မိစ္ဆာပုံမယွင်း။

ကရုဏာသော၊ မေတ္တာသော၊ ဆိုပြောလူချင်းချင်း။

အပြောတစ်မျိုး၊ လုပ်တစ်မျိုး၊ ကျင့်ဆိုးထင်အလင်း။

မှီရာကျွဲနွား၊ မွေးမြူထား၊ သနားစိတ်ဖြောင့်စင်း။

- - - x x x - - -

ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီး၏ နွားမေတ္တာစာ (တေးထပ်)


လူဆိုလျှင် အမှန်သိထိုက်ငဲ့၊

ဉာဏ်သတိ စွဲပါ၊

လူတို့အတွက် စားအစာကို၊

သနားစရာကောင်က၊

မြက်စားလို့ လုပ်ကျွေးရှာတယ်၊

ထုတ်တွေးပါ သူ့ဂုဏ်ကြံဆ။



သူ့ကျေးဇူး အနန္တာကို၊

ဉာဏ်မပါ လှန်ချ၊

သူ့မံသာ အာဟာရရယ်လို့၊

ညှာမဆ, စားတာ၊

အရိပ်ခို အခက်မချိုးသင့်ပါဘု၊

ရက်စက်ဆိုး လူ့အကျင့်ဟာ။



ကျွဲနှင့်နွား သားအလွှာကို၊

စားအစာ မျိုမချချင်နှင့်၊

ကိုယ့်မိဘ အသားပမာ၊

ပွားရှုသင့်တာ၊

တရားပြတ်လို့ နွားသတ်ပါလျှင်၊

ချားရဟတ်ပမာ ကံဆိုးကြုံလိမ့်လေး။             

- - - x x x - - -

ထီးချိုင့်မြို့နယ်၊ အလယ်တော တိုက်သူကြီးမင်း ဦးညို၏ ကျွဲနွားငိုချင်း (၁)

နောင် ရှေးယခင် ဟိုဘ၀ရယ်က၊ မောင်လေးခင် ဆိုမပြချင်ဘူး၊ ချိုနှစ်ခွရယ်နဲ့ ဖြစ်ဖို့ရန်၊
တရားကင်းမဲ့သောကြောင့်၊ မှားယွင်းကာ အပါယ်စောင်းပါလို့၊ တိရစ္ဆာန်ရုပ်နာမ် အပေါင်းကိုကွယ်၊ ပြောင်းခဲ့ရပြန်။

အတိတ်ဟောင်းရယ်ကြောင့်၊ မကောင်းတဲ့ ပစ္စုပ္ပန်၊ ထမ်းပိုး မလပ်သည့်ပြင်၊ ကြိုးပတ်ကာ လည်မှာသိုင်းပါလို့၊ မိုးနေပူ ဘယ်ခါမဆိုင်းတယ်ကွယ်၊ ခိုင်းသမျှခံ။

တုတ်တစ်ချောင်းရယ်နဲ့၊ ကြိမ်းမောင်းကာ ဟဲ့ - အမဲရယ်လို့၊ အဆဲက ခပ်သန်သန်၊ ရိုက်ဒဏ်ရာ တုတ်ချက်ပေါင်းရယ်ကွယ်၊ ခေါင်းကမကျန်။

ပုထုဇဉ်ကျွန်အဖြစ်၊ နွံနစ်တဲ့ အစေခံ၊ သေပြန်လျှင် တို့အသားကိုလ၊ သမီးစုံသားစုံ ထားလို့ရယ်ကွယ်၊ စားသောက်ကြပြန်။

ပုထုဇဉ် တူလာကြသော်လည်း၊ လူ့ဘာဝ အသိဉာဏ်၊ ဝေဖန်ပါလို့ မျှော်သင့်ကြောင်း။

ပ ပဉ္စာ၊ ဘ၀မှာ အစဉ်ပါကြသည့်၊ ပုထုဇဉ်မှန်သမျှရယ်တို့၊ စံပြကာ အမြင်မှန်ကြဖို့၊ သင်္ခတန် ပြုပြင်တဲ့ အကြောင်းရယ်ကြောင့်၊ အတိတ်က မမှန်ပါလျှင်၊ တိရိစ္ဆာန် ရုပ်ပြန်လို့ စောင်းကြရ၊ ကျွဲနွားစုံ အဖော်အပေါင်းတို့ရယ်၊ သာသနာ့ရိပ်ခိုလို့ အောင်းရအောင်၊ လူနတ်ထံ ဘ၀ကောင်းကို၊ အိုကွယ် . . . . . . တောင်းကြဖို့ကောင်း။         

ထီးချိုင့်မြို့နယ်၊ အလယ်တော တိုက်သူကြီးမင်း ဦးညို၏ ကျွဲနွားငိုချင်း (၂)

လယ်တောင်သူတွေ ရိုးရာက စစ်ကြသော်လည်း၊ အလွယ်အချောင်မူတွေ တိုးလာတဲ့ စနစ်ကယ်ကြောင့်၊ တစ်မျိုးရတနာ ဖြစ်သည်ဟု၊ ချောင်းမြစ်ရိုး မြေကိုရှာ၊ ဆောင်းမိုးနွေ အခါရယ်လို့ အလစ်မထား၊ ကောင်းကျိုးတွေ ရှာကြပါသကွဲ့ ခေတ်အသွား။


စပါးပဲကိုလ၊ အားခဲကာ ရှာဖွေကြံကြသဖြင့်၊ နွားကျွဲမှာ တာတေလန်သည့်ပြင်၊ စားရမမှန်၊ အိပ်ရန်မရပါကလား၊ တိရစ္ဆာန် ဘ၀နော် အတူနွယ်တဲ့၊ သူရကာယ် ဆက်ပြန်တဲ့ ထုံးလိုပါ့၊ နှစ်ဖက်မူ ဒဏ်ကိုလေ၊ လက်ခံလို့ သုံးရသော်ကြောင့်၊ အသက်ရှူမမှန်အောင် ယက်ကန်ကုန်းလို့ရယ်ကွယ်၊ ရုန်းကြရပြန်။

တလင်းတက်ရင်လှ၊ ထွက်သမျှ စပါးသီးနှံ၊ ခွဲတန်းပစ်ပါလို့ ဒိုင်ကိုသွင်း၊ ကတ္တား မမှန်သတဲ့၊ ဟုတ်မှန်သတင်း။

ခံတွင်းရယ်သာ၊ ဟင်းပေါင်းစုံလင်စွာနှင့်၊ ပြုံးရွှင်ကာ စားကြပါပေ့၊ တရားရှာသူတွေပါ၊ ဘုရားသာသနာ ပ,ကြတော့မှာလား၊ တရားဓမ္မခန်အရ၊ စကားကြွယ်၍ ပြုံးကာရယ်ကာ မငြင်းကြနှင့်တော့၊ အမြဲမှန်သမျှ စားသုံးလာကြတဲ့ ထမင်းမှာဖြင့်၊
အိုကွယ် . . . . နွားကျွဲအနန္တတို့ရဲ့ ပုခုံးမှာအရင်း။            

- - - x x x - - -

Reckless Optimism ၊ Healthy Skepticism ၊ Domain Knowledge နှင့် အပ္ပမာဒတရား

ကျွန်တော် မကြာခဏစာရေးလေ့မရှိပါ။ ဤစာကိုလည်း ပထမ ရေးပြီးနောက် ပြန်သိမ်းထားခဲ့သည်။ သို့ရာတွင် ယခုအထိ မစဲနိုင်သေးသည့် အဓိပ္ပါယ်ကောက်ယူမှုများကြောင့် ပြန်လည်ဖော်ထုတ်ဖြစ်ပါသည်။ အကြောင်းမှာဤသို့ဖြစ်၏။ ဇွန်လဆန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum East Asia) သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခြင်းမှစသည်။ နိုင်ငံတကာအဆင့်အစည်းအဝေးဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ အင်္ဂလိပ်လိုပြောပါ၏။ သူ့မိန့်ခွန်းတွင် ပြောင်မြောက်သော စကားလုံးများ၊ ၀ိသေသ ပြုထားသော စကားလုံးများ ပါဝင်သည်ဖြစ်ရာ ပုံမှန်ကြားနေကျမဟုတ်သော ဝေါဟာရအချို့ကို ကြားလာရပါသည်။ ယင်းတို့မှာ အင်္ဂလိပ်ဘာသာစကားအရ ရှင်းလင်းတိကျသော အဓိပ္ပါယ်ကိုဆောင်သော်လည်း ရလာသည့်စကားလုံးတစ်ခုကို အမျိုးမျိုးလှည့်ပတ်ကာ စိတ်ဝင်စားစရာသတင်းအဖြစ်ဖန်တီးရသည့် မီဒီယာတို့အဖို့မှာမူ ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်နေပါတော့သည်။ ထိုမိန့်ခွန်းအပြီး နှစ်ပတ်ကျော်ကြာသည်အထိ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမီဒီယာများမှ မေးမြန်းကြသည်များတွင် What do you mean by reckless optimism? ဆိုသော မေးခွန်းများ ပါဝင်နေဆဲဖြစ်သည်။ ထိုမိန့်ခွန်းများကို မြန်မာပြည်တွင်းမှပြည်သူများသိရှိကြစေရန်ဆိုကာ သတင်းစာ၊ ဂျာနယ် အချို့တွင် ဘာသာပြန်ဆိုဆွေးနွေးကြရာ၌လည်း ကွဲလွဲမှုအချို့ကို တွေ့လာရပါသည်။




သတင်းစာ၊ စာစောင်အချို့တွင် Reckless Optimism ကို “အလွန်အကျွံအကောင်းမြင်ခြင်း” ဟူ၍လည်းကောင်း၊ Healthy Skepticism ကို “ခိုင်ခိုင်မာမာအဆိုးမြင်ခြင်း” ဟူ၍လည်းကောင်း ဖော်ပြကြသည့်အပြင် ယင်းသို့သောပြန်ဆိုချက်ကိုအခြေခံ၍ ထပ်ဆင့်ရှင်းလင်းခြင်းများပြုလာကြသည့်အခါ  အချို့အဓိပ္ပါယ်ဖွင့်ချက်များမှာ လိုရင်းကိုမထင်ဟပ်သည့်ပြင် ဆန့်ကျင်ဘက်သဘောပင် သက်ရောက်စေပါတော့သည်။ မြန်မာပြည်၏ နိုင်ငံရေးအင်အားစုများအကြား ယုံကြည်မှုတိုးမြှင့်တည်ဆောက်ကာ တိုင်းပြည်ပြန်လည်ထူထောင်ရေးလမ်းကြောင်းပေါ် ဦးတည်နေသည့်ကာလတွင်  ထိုသို့သော လွဲမှား ကောက်ယူမှုများကြောင့် ခေါင်းဆောင်များ၏စိတ်အားထက်သန်မှုကို ထိခိုက်စေမည်မဟုတ်သော်လည်း ယင်းသို့ တစ်ဆင့်ပြန်ပေးသည့်သတင်းအချက်အလက်များကိုသာ အားကိုးနေရသည့် လက်အောက်ငယ်သားအများအတွက်မူ ထင်ယောင်ထင်မှားဖြစ်စေမည်မှာ စိုးရိမ်စရာဖြစ်ပါ၏။ ဤဆောင်းပါးတိုလေး၏ရည်ရွယ်ချက်မှာ ထိုသို့သော အဓိပ္ပါယ်ကွဲလွဲကောက်ယူချက်များကိုထောက်ပြရင်း မူလဆိုလိုရင်းနှင့်နီးစပ်မည့်ဘာသာပြန်ကိုတင်ပြကာ သံသယများ တတ်နိုင်သမျှလျော့ပါးကြစေရန် ဖြစ်ပါသည်။



အင်္ဂလိပ်ဝေါဟာရ Reckless ကို မြန်မာလို ကမူးရှုးထိုး၊ အရမ်းကာရော ဟုပြန်ဆိုလျှင် သင့်တော်မည်ထင်ပါသည်။ ဝေဖန်ပိုင်းခြားဆင်ခြင်သည့်သဘောမပါပဲ သတိလက်လွတ်ဆောင်ရွက်တတ်ခြင်းကို ဆိုလိုခြင်းဖြစ်မည် ထင်ပါ၏။ သို့ဖြစ်ရာ Reckless Optimism ကို “ကမူးရှုးထိုးအကောင်းမြင်ခြင်း” ဟုပြန်ဆိုပါက မူရင်းသဘောပါသည့် အဓိပ္ပါယ်ကိုရမည်ထင်ပါသည်။ ယနေ့ကြုံနေရသော ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုများအား တုံ့ပြန်ရာတွင် အရမ်းကာရောမဖြစ်စေပဲ သတိနှင့်ယှဉ်၍အကောင်းမြင်ရန် ဆိုလိုရင်းဖြစ်ဟန်တူပါ၏။ ဤသည်မှာလည်း မြန်မာလူမျိုးများအကြား ရေပန်းစားသည့်စကားတစ်ခုဖြစ်သော “ကောက်ရိုးမီးစိတ်ဓာတ်” ဆိုသည်နှင့် ဆက်စပ်သည်ထင်ပါ၏။ အချင်းအရာအသစ်တစ်ခုကို အသေအချာလေ့လာစုံစမ်းခြင်းမပြုပဲ ခြေစုံပစ်ဆင်နွဲသည့်အလေ့၊ ဟုန်းကနဲထတောက်ကာ တစ်မုဟုတ်ချင်းပြန်လည်ကျဆင်းသွားတတ်သည့် အဖြစ်အပျက်များ စာရေးသူတို့အတွေ့အကြုံရှိခဲ့ဖူးပြီ။ ယနေ့ဖြစ်ပေါ်နေသောပြုပြင်ပြောင်းလဲရေးများ ရေရှည်ဆက်လက်ဖြစ်ထွန်းသွားရန်၊ “ကောက်ရိုးမီးတောက်သကဲ့သို့” မဖြစ်ရန် အရေကြီးလှ၏။ တစ်ဘက်တွင်မူ ကမူးရှုးထိုးအကောင်းမြင်ခြင်းများသည် စီးပွားရေးပူဖောင်းများကို ဖန်တီးနိုင်ကြောင်း အထူးပြောစရာမလိုတော့ပြီ။ မြန်မာ့စီးပွားရေးပွင့်လင်းလာတော့မည်ဆိုကာ မဟားဒရားမျှော်လင့်ချက်များဖြင့် ကောလာဟလများဖန်တီးကာ အိမ်ခြံမြေဈေးနှုန်းများဆွဲတင်ခဲ့ကြသည့်အတွက် ပူဖောင်းပေါက်ကွဲခဲ့သည်မှာမကြာသေး။ ရန်ကုန်မြို့တွင် မြေအောက်ရထားလမ်းများ၊ မိုးပျံတံတားများစွာ အချိန်တိုအတွင်းဆောက်လုပ်တိုးတက်လာတော့မည်ဆိုသည့် အိပ်မက်များအငွေ့ပျံပျောက်ကွယ်ကာ ဖယောင်းတိုင်များဖြင်အစားထိုးဖြေသိမ့်လာရသည်မှာလည့်း နဖူးတွေ့ဒူးတွေ့ဖြစ်၏။ “သတိဆို ပိုသည်မရှိ” ဟူသည့်စကားသည် ဤနေရာ၌ဆီလျော်လေတော့သည်။



အခြားတစ်ဘက်၌မူ အလွန်အကျွံအကောင်းမြင်ခြင်း ဟု ပြန်ဆိုခြင်းသည် သည် Reckless Optimism နှင့် မဆန့်ကျင်သော်လည်း ယင်းနှင့်ပိုမိုနီးစပ်သည့်အင်္ဂလိပ်ဘာသာပြန်မှာ Overly Optimistic သို့မဟုတ် Excessive Optimism စသည်တို့ဖြစ်နိုင်ကြောင်း ထောက်ပြလိုပါသည်။ ဤကား အထအနကောက်ခြင်းမဟုတ်။ စကားလုံးများ၏အစေခံဖြစ်လိုခြင်းမဟုတ်။ “ကောင်းတာဖြစ်တဲ့ကိစ္စကို အကောင်းမြင်တာဘာဖြစ်လဲ။” “နည်းနည်းပါးပါးလွန်ကျွံသွားတော့လည်း ဘာဖြစ်လဲ။”  ဆိုသည့် စကားနာထိုးခြင်းများကို အားမပေးလိုသောကြောင့်ဖြစ်ပါသည်။



တစ်ဆက်တည်းတင်ပြလိုသည်မှာ ဘာသာပြန်သူများ၏ Domain Knowledge ခေါ် ဆိုင်ရာနယ်ပယ်နှင့် ပတ်သက်သည့်ဗဟုသုတ (ဆိုင်ရာဗဟုသုတ) ပင်ဖြစ်ပါသည်။ စာနယ်ဇင်းသမားများ၊ ဘာသာပြန်သူများ အနေဖြင့် သတိပြုရမည့်အချက်ဖြစ်ပါ၏။ စာရေးသူသည် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ရန်ကုန်မြို့တွင် တိုင်းမ်၊ နယူးစ်ဝိခ် မဂ္ဂဇင်းများကို BBS ဦးအုံးခိုင်မှ ဖတ်ပြဆွေးနွေးသည့် သင်တန်းတစ်ခုကို တက်ဖူးပါ၏။ ထိုသင်တန်းများ၏ အနှစ်သာရမှာ အင်္ဂလိပ်စာဝေါဟာရတိုးပွားရန်သာမက Domain Knowledge အတွက် အမြင်ဖလှယ်ရေးနှင့်ပါ သက်ဆိုင်ကြောင်း ထင်မြင်မိပါသည်။ နာမည်ကြီးစာရေးဆရာတစ်ဦး၏ ဘာသာပြန်စာအုပ်တွင် တရုတ်ပြည်မှ Middle Kingdom အား အလယ်ခေတ်ဘုရင့်နိုင်ငံတော်ဟု ပြန်ဆိုထားသည်ကို တွေ့ဖူးပါ၏။ မူလဆိုလိုရင်းအဓိပ္ပါယ်မှာ တရုတ်ဧကရာဇ်၏အင်ပါယာကို စကြ၀ဠာ၏အလယ်ဗဟိုမှနိုင်ငံတော် (၀ါ) ဇမ္ဗူဒီပါ၏အလယ်ဗဟိုနိုင်ငံတော် ဟု တင်စားခေါ်ဝေါ်ခြင်းဖြစ်ပေရာ “အလယ်ခေတ်ဘုရင့်နိုင်ငံတော်” ဆိုသည်မှာ လိုရင်းသို့မရောက်ဖြစ်နေတော့သည်။ ယင်းကား ဆိုင်ရာဗဟုသုတအားနည်းခြင်းနှင့်ပတ်သက်သည့် ဥပမာပင်တည်း။



Healthy Skepticism အား “ခိုင်ခိုင်မာမာအဆိုးမြင်ခြင်း” ဟု ပြန်ဆိုလိုက်ခြင်းမှာမူ မူရင်းအဓိပ္ပါယ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်စေပါ၏။ အကောင်းမြင်ခြင်း (Optimism) ၏ ဆန့်ကျင်ဘက်မှာ အဆိုးမြင်ခြင်း (Pessimism) ဟူ၍ဖြစ်ပါသည်။ ခိုင်ခိုင်မာမာအဆိုးမြင်ဝါဒ ဆိုသည်မှာ “Strong Pessimism” ပင်ဖြစ်ပါတော့သည်။ စင်စစ် Skepticism ဆိုသည်မှာ အဆိုးမြင်ခြင်းမဟုတ်ပါ။ ယင်းကို သံသယထားခြင်း၊ ယတိပြတ်ဆုံးဖြတ်၍မရနိုင်သေးခြင်း၊ စောင့်ကြည့်လိုခြင်း ဟု အဓိပ္ပါယ်ဖွင့်နိုင်မည်ထင်ပါသည်။ ဤနေရာ၌လည်း ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာ Skepticism တစ်လုံးတည်းမဟုတ်ပါ။ တစ်လုံးတည်းဆိုပါက သံသယဖြင့် စောင့်ကြည့်နေရမည် ဟု ဆိုလိုရာရောက်သည့်အတွက် အပြုသဘောမဆောင်ဟုပင် အငြင်းပွားဖွယ်ရာ ရှိပါသည်။ အရေးကြီးသည့်နေရာမှ ၀င်လာသည်မှာ Healthy ဟူသည့် အထူးပြုစကားပင် ဖြစ်ပါ၏။ Healthy နှင့်ပတ်သက်၍ စာရေးသူတို့ယဉ်ပါးသည့်အသုံးအနှုန်းများမှာ Healthy Diet “ကျန်းမာရေးကို အထောက်အကူ ဖြစ်စေသည့် အစားအသောက်” (၀ါ) “အမှိုက်နည်းသောအစားအသောက်” ၊ Healthy Growth “ဘေးထွက်ဆိုးကျိုးနည်းသည့်ဖွံ့ဖြိုးမှု” (၀ါ) “လူ့ဘောင်အတွက်မျှတသည့်ဖွံ့ဖြိုးမှု” ဆိုသည်များပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ Healthy Skepticism ကို အဓိပ္ပါယ်ဖွင့်ပါက “အမှိုက်သရိုက်များနည်းပါးသည့်သံသယ” (၀ါ) “စေတနာကောင်းဖြင့်စောင့်ကြည့်နေရေး”  ဟု အနီးစပ်ဆုံးဆိုနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ နေ့စဉ်ထုတ်သတင်းစာတစ်စောင်မှ ဆောင်ပါးရှင်တစ်ဦး၏ “ခိုင်ခိုင်မာမာအဆိုးမြင်ခြင်း” ဟုပြန်ဆိုချက်မှာ တက်တက်စင်အောင်လွဲသည့်အပြင် မကောင်းသည့်ဘက်သို့ပင်ရောက်နေပါတော့သည်။ ယနေ့အချိန် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအင်အားစုများနှင့် တပ်မတော်တို့အကြား ယုံကြည်မှုတည်ဆောက်နေသည့်အခါဖြစ်ပေရာ “ခိုင်ခိုင်မာမာအဆိုးမြင်ခြင်း” ဆိုသည်ကို ဖတ်ရှုရသည့် တပ်မတော်သားတို့စိတ်ဝယ် မည်သို့အထင်ရောက်မည်နည်း။



ဤနေရာ၌ အခန့်သင့်၍ ကိုးကားလိုသည်မှာ တစ်ချိန်ကနာမည်ကြီးခဲ့သည့် တောတွင်းပြန်ရဲဘော်များပြုစုသော “သခင်သန်းထွန်း၏နောက်ဆုံးနေ့များ” စာအုပ်မှ အခန်းတစ်ခန်းဖြစ်ပါ၏။ ထိုစာအုပ်တွင် ရေးသားထားသည်မှာ ၁၉၆၀ ပြည့်နှစ်များနောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း ဘ၀ဟစ်တိုင်လှုပ်ရှားမှုများ (တရုတ်ပြည်မှ ယဉ်ကျေးမှုတော်လှန်ရေး၏ဂယက်) ခေတ်စားခဲ့စဉ်အခါက တပ်နီရဲမေအချို့အနေဖြင့် ၎င်းတို့၏မကျေနပ်မှု၊ ဖိနှပ်ခံရမှုများကို ဖွင့်ဟထုတ်ကြရင်း စိတ်အားပြင်းထန်လွန်းသည့်အတွက် အချို့မှာ သတိလစ်မေ့မျောသွားကာ နှာနှပ်ယူရသည်အထိ ပေါက်ကွဲကြသည်ဟူသတတ်။ ဆက်လက်၍ရေးသားထားသည်မှာ ယင်းအဖြစ်ကို မြင်တွေ့ရသည့် ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲဘော်ဘတင် (ဂိုရှယ်) မှ “ကလေးမကလေးတွေ ဟစ်တီးရီးယား (Hysteria) ဖြစ်ကုန်ကြတယ်ထင်တယ်” ဟု အင်္ဂလိပ်ဘာသာဖြင့် မှတ်ချက်ပေးခဲ့ရာ ရဲဘော်ဘတင်အား ဖယ်ရှားလိုသည့် ပါတီခေါင်းဆောင် သခင်သန်းထွန်းက အခွင့်ကောင်းယူပြီး Hysteria ကို လင်ထရူးခြင်းဟု ဘာသာပြန်ပေးလိုက်သည့်အတွက် ရဲနီမေတို့ဒေါသူပုန်ထကာ နောက်ဆုံးတွင် ရဲဘော်ဘတင်ကို အပြစ်ပေး သတ်ဖြတ်ပစ်ကြသည့်အခြေသို့ ရောက်ခဲ့ရသည့်အကြောင်းပင်ဖြစ်၏။



အဆုံးသတ်အနေဖြင့် တင်ပြလိုသည့်ဝေါဟာရတစ်ခုမှာ ဗုဒ္ဓဘာသာဝင်တို့နှင့် လွန်စွာအကျွမ်းဝင်သည့် အပ္ပမာဒ (၀ါ) မမေ့မလျော့မပေါ့မတန် ဟူသည့် စကားပင်ဖြစ်ပါ၏။ ရှည်ရှည်ဝေးဝေးဆိုရန်ကား မရှိပါချေ။ စာရေးသူ၏ ပုဂ္ဂလိကအမြင်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ Reckless Optimism နှင့် Healthy Skepticism တို့၏အနက်ကို အနှစ်ချုပ်ဘာသာပြန်ရလျှင် အပ္ပမာဒ နှင့်သဘောဆင်တူသည်ဟု ဆိုချင်ပါကြောင်း။


[ဌေးနိုင် တင်ပြသည်]

Monday, June 18, 2012

ခရစ္စတိုဖာပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၂၀)

 

စတုတ္ထပိုင်း (စတုတ္ထ ၂ နှစ် - ၁)





 (၇၇) မြန်မာပြည်တွင် ဆေးကုသပြီး အနားယူခြင်း



            မဟာမြိုင်ဆေးရုံတွင် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဗစ်တာ နှင့် ပြရသည်။ သူက စင်ကာပူဆေးရုံမှ ဆေးစစ်မှတ်တမ်းကို ကြည့်ကာ ခွဲဘို့ရက်ချိန်းပေးလိုက်ပါသည်။ ရေမုတ်ဆိုတာ ဆရာဝန်များအဖို့ အသေးအဖွဲကိစ္စကလေးမျှသာ ဖြစ်၏။ မဟာမြိုင်ဆေးရုံတွင် ကျွန်တော် ဆေးရုံတက်တာ ၂၀၀၅ ခုနှစ် မေလ ၂၁ ရက်နေ့။ ဆေးရုံတက်ချိန် စုစုပေါင်း တစ်ပတ်သာ ကြာသည်။ မေလ ၂၇ ရက်နေ့တွင် ဆေးရုံမှ ပြန်ဆင်းလာ၏။ ခွဲစိတ်ခ၊ ဆေးရုံတက်ခ ကုန်ကျစရိတ် စုစုပေါင်း ၂ သိန်း ၁ သောင်း ၅ ထောင်ဖြစ်၏။ ခွဲစိတ်ခမှာ ဆရာဝန်ကြီး အတွက် ၅ သောင်းခွဲ၊ လက်ထောက်များအတွက် ၁ သောင်း၊ ခွဲစိတ်ခန်းသုံးခ ၄၅၀၀၊ ခွဲစိတ်ခန်းသုံး ပစ္စည်းကိရိယာများသုံးခ ၃ သောင်းခွဲ စသဖြင့် ဖြစ်၏။ ဆရာဝန်ကြီး တစ်ခေါက်လာကြည့်လျှင် တစ်ခါတလေ ၂၀၀၀၊ တစ်ခါတလေ ၃၀၀၀၊ တစ်ခါတလေ ၄၀၀၀။

အားလုံးပေါင်းလိုက်တော့ ၂ သိန်းကျော် ဖြစ်၏။ ထိုအချိန်၌ စင်ကာပူတစ်ဒေါ်လာ ပေါက်ဈေးမှာ ၅၆၀ ကျပ်ခန့်မျှဖြစ်ရာ ဆေးရုံတက်ခ ကုန်ကျစရိတ် အစုစုမှာ စင်းဒေါ်လာ ၃၈၀ ခန့်မျှသာဖြစ်သောကြောင့် ကျွန်တော်တို့လို စင်ကာပူတွင် အလုပ်လုပ်နေသူများ အတွက် မထောင်းတာလှသည့် အလွန်သင့်တော်သောဈေး ဖြစ်ပါသည်။   

ဆေးရုံမှ ဆင်းလာပြီးနောက် အိမ်တွင်ပင် သက်တောင့်သက်သာ နားနေရပါသည်။ ခွဲထားသော ဒဏ်ရာကြီးနှင့်ဆိုတော့ ဟိုဟို သည်သည် အရမ်းလျှောက်သွားလို့မရ။ ထို့ပြင် ယခုထွက်လာခဲ့သော ပေါက်တတ်ကရကုမ္ပဏီမှာ လုပ်လိုက်တာ ဘတ်ဂျက်တော်တော် ခိုက်သွားသည်။ သူက ကျွန်တော့်ကို အင်တာဗျူးတုံးက လစာမပေးဘဲ တစ်နာရီ ၇ ကျပ်နှင့် ရှင်းပေးပါသည်။ သူ့လက်ခုပ်ထဲကရေဆိုတော့ ကျွန်တော်ဘာမှ ဆင်ခြေမကန်တော့ဘဲ အလုပ်သစ်ကိုသာ အပူတပြင်းရှာပါသည်။ ထို့ကြောင့် ယခုတစ်ခေါက်ပြန်လာစဉ် လက်ထဲ၌ ရေသိပ် မလျှံ။ သည်တော့ လှူသည့်တန်းသည့်၊ ဟိုသွားဒီသွားလုပ်သည့်ကိစ္စများကို တတ်နိုင်သမျှ လျှော့ချထားရသည်။ စနေဓမ္မမိတ်ဆွေများ အလှူကိစ္စကိုတော့ အိမ်မှနေကာ ဟိုလူ့လှမ်းဆက်သွယ်၊ ဒီလူ့ကို ဒါလုပ်ပေးပါဦး နှင့် အကူအညီတောင်းကာ လုပ်ရသည်။



(၇၈) ကျွန်ုပ် ပညာအလှူလုပ်ခြင်း



            ပထမသော် ဤအကြောင်းထည့်မရေးဟု စဉ်းစားထားသော်လည်း ယခုတော့ ထည့်ရေးလိုက်၍ အများသူငါ သိသွားလျှင် အားကျကာ သူတို့လည်း အတုယူပြီးလုပ်ပေးပါက တစ်စုံတစ်ယောက်အတွက် အကျိုးများပေလိမ့်မည် ဟု တွက်ဆကာ မည်သူ့မှမပြောဘဲ ဖုံးထားသော ကိစ္စအား ဖော်ပြပါအံ့။ ကာယကံရှင်၏ ဂုဏ်သိက္ခာကို ထောက်ထားသောအားဖြင့် နာမည်၊ နေရပ် စသည်တို့ကို မဖော်ပြ နိုင်ခြင်းအတွက် ၀မ်းနည်းပါသည်။

            စနေဓမ္မမိတ်ဆွေများအဖွဲ့က ကျောင်းများ၊ ဆေးရုံများ၊ ရေတွင်းရေကန်များကို လှူနေသည်ဆိုတော့ အချို့ဆင်းရဲနွမ်းပါးသူများ ကလည်း ကျောင်းစရိတ်ထောက်ပံ့ပေးရန် အကူအညီတောင်းခံလာကြ၏။ ထိုအထဲတွင် မြေလတ်ဘက်မှ စာတော်သော ကျောင်းသူလေး တစ်ဦးလည်းပါ၏။ ၎င်းမှာ ဆယ်တန်းအောင်ပြီး ဆေးတက္ကသိုလ် တက်ခွင့်ရသည်။ သို့သော် မိဘများမှာ ကျောင်းစရိတ်မတတ်နိုင်သဖြင့် တက္ကသိုလ် ဆက်တက်ဘို့ရာ အခက်အခဲဖြစ်နေသည်။ သို့အတွက် ကျောင်းစရိတ်ထောက်ပံ့ပေးပါမည့်အကြောင်း အကူအညီ တောင်းခံ လာပါ၏။ သို့သော် ကျွန်တော်တို့အဖွဲ့မှာ အများနှင့်သက်ဆိုင်သော နေရာဌာနများသို့သာ လှူဒါန်းနေသည်ဖြစ်ရာ ပုဂ္ဂလိကတစ်ဦးချင်းကို လှူမည်ဆိုလျှင် ကျွန်တော်တို့ လှူချင်လျှင်သော်မှ အလှူရှင်များ၏ မျက်နှာက ရှိသေးသည် မဟုတ်ပါလား။

            သည်အလှူငွေများမှာ တစ်ဦးထဲ၊ တစ်ယောက်တည်း၏ အလှူငွေများမဟုတ်ဘဲ အလှူရှင် ၁၀၀ နီးပါး ထည့်ဝင်လှူဒါန်းထားတာ ဆိုတော့ အလှူရှင်များ သဘောတူ၊ မတူဆိုတာ ရှိသေးသည်။ ထို့ကြောင့် ကျွန်တော်က စနေဓမ္မမိတ်ဆွေများအဖွဲ့ အလှူငွေထဲမှ လှူဘို့ကို သဘောမတူပါ။ သို့သော် တစ်ဖက်တွင်လည်း ထောက်ပံ့ပေးမည့်သူမရှိလျှင် ကျောင်းဆက်မတက်ရတော့မည်ကဲ့သို့ ဖြစ်နေလေရာ ကိုသောင်းတန်ကို တိုးတိုးတိတ်တိတ်ပြောလျှက် အဲဒီကောင်မလေးကို ကျွန်တော်ဘဲ ကျောင်းစရိတ်ထောက်ပံ့မယ်ဗျာ။ ဒါပေမဲ့ ခင်ဗျား၊ ဘယ်သူ့ကိုမှ လျှောက်မပြောရဘူး ဟု နှုတ်ပိတ်လျှက် ကိုသောင်းတန်ကို ကြားမှဆက်သွယ်ခိုင်းကာ ကျောင်းစရိတ် ထောက်ပံ့ပေးပါသည်။

            ကျွန်တော်မည်သူဖြစ်သည်၊ မည်သည့်နေရာတွင်နေသည်၊ မည်သည့်အလုပ်လုပ်သည် စသဖြင့် ကျွန်တော်နှင့်ပတ်သက်သမျှ အားလုံး ဖုံးဖိထားရန်၊ သည်မိန်းကလေးအား ကျွန်တော် ပညာသင်စရိတ်ထောက်ပံ့ပေးနေကြောင်း မည်သူ့အားမျှ အသိမပေးရန် ကိုသောင်းတန်ကို နှုတ်ပိတ်ထားပါသည်။ ကျွန်တော်လည်း ထိုမိန်းကလေးကို မဆက်သွယ်၊ ကျွန်တော့်ဆက်သွယ်ရမည့် ဖုံးနံပါတ်၊ အီးမေး စသည်တို့ကိုလည်း မပေးရန် ပြောထားပါသည်။ ကိုသောင်းတန်ကလည်း စိတ်ချရပါသည်။ သည်အကြောင်း မည်သူ့အားမျှ မပြောပါ။ 

            ဗူးပေါက် တစ်ရာကိုသာ ပိတ်လို့လွယ်သည်။ လူတစ်ယောက် ပါးစပ်ပေါက်ကို ပိတ်လို့မလွယ်ဟူသော ဆိုရိုးစကားရှိသဖြင့် ကျွန်တော် ထိုမိန်းကလေးကို ကျောင်းစရိတ်ထောက်ပံ့ပေးနေတာ သိလျှင် လူများထုံးစံအတိုင်း ပေါက်တတ်ကရများ လျှောက်ပြောမည် စိုးသဖြင့် ပိတ်ထားခြင်း ဖြစ်ပါသည်။ ကျွန်တော့်မှာ သည်းညည်းခံတတ်မှု အလွန်နည်းသူဖြစ်ရာ ကိုယ်မဟုတ်ပါဘဲလျှက် အတင်းအဖျင်းများ ပြောလာလျှင် ငြိမ်နေလိမ့်မည် မဟုတ်သောကြောင့် မည်သူ့အားမျှ အသိမပေးခြင်း ဖြစ်ပါသည်။

            ထို့ပြင်တ၀ တစ်ဖက်မှလည်း မိန်းကလေးဖြစ်နေသောကြောင့် သူ့ကိုထောက်ပံ့ပေးနေသူမှာ အရွယ်ကောင်း၊ လူပျိုဖြစ်သည် ဆိုသည်ကို သိသွားပါက ဘာဖြစ်လို့ ထောက်ပံ့သည်၊ ညာဖြစ်လို့ ထောက်ပံ့သည် ဆိုသည်ကို အထင်လွဲမခံနိုင်၊ ကျွန်တော့် စေတနာကို အစော်ကားမခံနိုင်သောကြောင့် ကာယကံရှင်ကို ကျွန်တော့်အကြောင်း ဘာမှမပြောဘို့ရန် ပိတ်ထားခြင်း ဖြစ်၏။ အချိန်တန်လျှင် ကျွန်တော်ကိုယ်တိုင် ဖွင့်ပြောမည်ဖြစ်ပါသည်။

             သူ့ကျောင်းစရိတ်မှာ မများပါ။ ကျွန်တော့်အဘို့ ဘာမှမထောင်းတာသော ပမာဏဖြစ်ပါ၏။ တစ်လမှ သုံးသောင်းသာ ဖြစ်သည်။ ကျွန်တော်က သုံးလပေါင်းလျှက် တစ်သိန်းစီ ပို့သည်။ သို့သော် နောက်ပိုင်းတော့ ငွေဈေးကလည်းကျလာ၊ ကုန်ဈေးနှုံးတွေကလည်း တက်လာတာနှင့် တစ်လ ငါးသောင်းပို့ရပါသည်။ သို့တိုင် ကျွန်တော် မငြီးမငြူထောက်ပံ့နိုင်ပါသည်။

            ကျွန်တော် စ,ထောက်ပံ့တော့ သူ ပထမနှစ် တက်နေပြီ။ ထိုမှစကာ သူ့အိမ်အား အနည်းငယ်မှ မပင်ပန်းစေဘဲလျှက် လိုသမျှ (နားကြပ်၊ ကွန်ပြူတာ စသော သင်ကြားမှု အထောက်အကူပစ္စည်းများပါ) ထောက်ပံ့ပေးခဲ့ပါသည်။ ကျောင်းပြီးသွားသည့်နောက် house surgeon ဆင်းသည့်တိုင် အဆက်မပြတ် ထောက်ပံ့ပေးခဲ့၏။ ထိုမျှသာမက ၂၀၀၇ စက်တင်ဘာလတွင် သူဘွဲ့ယူမည်ဆိုတော့ ငွေသုံးသိန်း ထပ်ပို့လိုက်ပါသေးသည်။ ကျွန်တော်သူ့ကို ထောက်ပံ့ပေးတာ ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၆ ခုနှစ် နိုဝင်ဘာလထိ ဖြစ်ပါသည်။

            ထောက်ပံ့ပြီး တစ်နှစ်ကျော် အကြာတွင် သူနှင့် စတင်ဖုံးဆက်ဖြစ်ပါသည်။ အထွေအထူးမဟုတ်ပါ။ ပိုက်ဆံ ဘယ်နေ့က ပို့လိုက်တာ ရောက်သလား စသဖြင့် ဖြစ်ပါ၏။ သူစတုတ္ထနှစ်၌ ကျွန်တော် သူတို့တက္ကသိုလ်ရှိရာမြို့သို့သွားပြီး သူ့အတွက် စာအုပ်များကို လူကြုံပေးသလိုလိုနှင့် သွားပေးပါသည်။ စာအုပ်များကိုမူ မိတ်ဆွေတစ်ယောက်ကို ပေးခိုင်းပြီး ကျွန်တော်က မလှမ်းမကမ်းမှသာ နေပါသည်။   နောက်ဆုံးနှစ်ရောက်သော် ကျွန်တော် သူ့ဆီသွားတွေ့ပါသည်။ ထိုအခါကျမှ တစ်ယောက်နှင့်တစ်ယောက် လူချင်းတွေ့၊ စကားပြောဖူးခြင်း ဖြစ်ပါသည်။ သံသယကင်းစေရန် နောက်ဆုံးနှစ်ကျမှ သွားခြင်းဖြစ်၏။ သူ့မိဘများနှင့်မူ တစ်ခါမှ မတွေ့ခဲ့ဖူးပါ။

            သူ့ကိုထောက်ပံ့သည့် စာရင်းများအားလုံးမှာ ပျက်သွားသော လက်ပ်တော့ပ်ကလေးထဲ ပါသွားသဖြင့် ထောက်ပံ့ငွေမည်မျှ ဆိုသည်ကို စာရင်းအတိအကျမသိရတော့ပါ။ ထိုလက်ပ်တော့ထဲတွင် ၂၀၀၅ မေလမှ ၂၀၀၇ ခုနှစ် ဇူလိုင်လထိ စာရင်းများ အားလုံး ပါသွားပါသည်။ ဆိုင်သွားပြီး back up ပြန်လုပ်ခိုင်းသည့်တိုင် မရတော့ပါ။ စုဆောင်းထားသော အီလက်ထရောနစ် စာအုပ်များပါ ပါသွားသဖြင့် ကျွန်တော့်မှာ အလွန်နှမြောမိပါသည်။  

            ကျွန်တော်ကား ကျောင်းစရိတ်ထောက်ပံ့ခြင်းနှင့် အကျိုးပေးလှ၏။ စင်ကာပူသို့ ကျောင်းလာတက်သူ မိန်းကလေးတစ်ဦး အားလည်း ကျောင်းစရိတ် ထောက်ပံ့လိုက်ရပါသေး၏။ သို့သော် အထက်တွင် ဖော်ပြခဲ့သော မိန်းကလေးကဲ့သို့ တရားဝင် ပြတ်ပြတ် သားသား ထောက်ပံ့ရခြင်း မဟုတ်ပါ။ ပထမတော့ ကျောင်းလခပေးစရာ ပိုက်ဆံမရှိသဖြင့် ချေးတာဖြစ်ပါ၏။ သူချေးတာကလည်း ၃၀၀ မျှသာ ဖြစ်သဖြင့် ကျွန်တော်ကလည်း မဆပ်နိုင်ရင် ဆပ်မနေနဲ့တော့ ဟု အပြတ်ပြောကာ ပေးလိုက်ခြင်းဖြစ်ပါသည်။

            သို့သော် ဇာတ်လမ်းက သည်တွင်ရပ်မသွား။ နောက်ထပ် ၁၀၀ လောက်လုပ်ပါဦး၊ တော်ကြာ ၅၀၀ လောက်လုပ်ပါဦး။ ကျောင်းပြီး သွားတော့လည်း ဘဏ်ကြွေးဆပ်ရမှာမို့ ၃၀၀၀ လောက်ခဏချေးပါဦး။ အလုပ်ရလျှင် ပြန်ဆပ်ပါ့မည် နှင့် တဖြည်းဖြည်းစုလာလိုက်တာ တစ်သောင်းကျော်ပါသည်။ ထိုအချိန်တွင် ကျွန်တော် အိမ်ထောင်ကျနေပြီ။ သည်ကိစ္စ အမျိုးသမီးကို ပြောလို့မဖြစ်ပါ။ တော်ကြာ ကျွန်တော် က ဘာဖြစ်လို့ ပေးနေတာဆိုပြီး လင်မယားပြဿနာ တက်နိုင်သည်။ စချေးတုံးက ၂၀၀၇ ခုနှစ် အစပိုင်း ဖြစ်၏။ ၂၀၀၉ ခုနှစ်ကုန်ခါနီးတွင် အလုပ်အဆင်မပြေသဖြင့် သူပြန်သွားသည်။ အောင်မယ်၊ အရင်ကချေးထားတာတွေ ပြန်ဆပ်ဖို့ဝေးလို့ ပြန်တော့တောင် လေယာဉ်စရိတ် မရှိသည့်အတွက် နောက်ဆုံးဘိတ် ၃၀၀ ချေးလိုက် အဲလေ ပေးလိုက်ရပါသေး။ သူချေးသွားတာ အဲလေ ချေးတာလား၊ ယူတာလားတောင် ကျွန်တော် သေသေချာချာမသိပါ၊ စုစုပေါင်း စင်းဒေါ်လာ ၁၃၁၀၀ ဖြစ်ပါ၏။ ပျမ်းမျှခြင်းအားဖြင့် မြန်မာငွေ သိန်း ၉၀ ခန့် ဖြစ်ပါသည်။  

            ခုတော့ ကျွန်တော်လည်း သည်ကိစ္စ ခေါင်းထဲမထည့်တော့ပါ။ အနို့ မြန်မာပြည်တွင် အလုပ်လုပ်နေခြင်းအားဖြင့် အဘယ်မှာ သိန်း ၉၀ ပြန်ဆပ်စရာ ရနိုင်ပါမည်နည်း။ ထိုအချိန်မှစကာ သူလည်း ကျွန်တော့်ကို လုံးဝ အဆက်ဖြတ်သွားပါတော့သည်။ အဟောဝတ၊ ကောင်းလေစွ။ အဆက်အသွယ်ရနေလျှင် တောင်းနေမိဦးမည်။ တောင်းလျှက်နှင့် ပြန်မဆပ်လျှင် အကုသိုလ် ပွားနေရဦးမည်။ အခုလို မဆက်သွယ်တာ ကျွန်ုပ်အတွက် ပိုကောင်းပါ၏။ ဤကောင်းမှုကြောင့် ငါသည်လည်း ဤလှိုင်းတံပိုးကြီးများကဲ့သို့ ဉာဏ်ပညာကြီးမားသူ ဖြစ်ရပါလို၏ ဟုသာ အရှင်နာဂသေန လောင်းလျာလို ဆုတောင်းရပါတော့မည်။

            ထို့ပြင် ယခုတိုင် ဟို ဆယ်တန်းတက်နေတဲ့ ကောင်လေး ကျောင်းစရိတ်မတတ်နိုင်လို့၊ နင့်တူမတော့ ကျူရှင်ခ မတတ်နိုင်လို့တဲ့ စသဖြင့် အဆက်မပြတ် ထောက်ပံ့နေရပါသည်။ ဤအကြောင်းများကို သက်ဆိုင်ရာအခန်းများတွင် ထည့်သွင်း ရေးသားသွားပါမည်။



(၇၉) ဇာတိရပ်ရွာသို့ အလည်တစ်ခေါက် ပြန်ခြင်း



            နောက်အလုပ်က သေချာပြီးသားမို့ ဘာမှ ပူစရာမလို။ ထို့ကြောင့် သည်တစ်ခေါက်တွင်လည်း နှစ်လလောက် ပျော်ပျော်ကြီး နေပစ် လိုက်သည်။ ထိုအတောအတွင်း မရောက်တာကြာပြီဖြစ်သော မွေးရပ်မြေ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါးတောကွင်းကျေးရွာ) သို့ တစ်ခေါက်ပြန်သည်။

            နှစ်တွေလတွေပင် မည်သို့ပြောင်းလဲသွားသော်လည်း ကျွန်တော့်မွေးရပ်မှာတော့ သည်အတိုင်း မပြောင်းမလဲပင် ရှိနေသည်ဟု ထင်ရပါသည်။ သို့သော်လည်း ပြောင်းတော့ပြောင်းပါသည်။ ကောင်းသော ပြောင်းခြင်းတော့မဟုတ်။ ကျွန်တော်တို့ငယ်စဉ်က ရွာကြီးမှာ သစ်ပင်ကြီးတွေနှင့် သွပ်မိုး၊ ပျဉ်ထောင် ၁၆ လုံးအိမ်ကြီးတွေနှင့်။ ခြံစည်းရိုးတွေနှင့်။ စည်စည်ကားကား လှလှပပ ရှိပါသည်။ ရွာသူရွာသား တို့၏ စီးပွားရေးမှာလည်း အချမ်းသာကြီးမဟုတ်တောင် ဆင်းတောင့်ဆင်းရဲမဟုတ်။ သူ့ဟာနှင့်သူ အားလုံးအဆင်ပြေပြေ နေနိုင်ကြသည်။

            ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၂၆၀ ရှိသော ရွာကြီးဖြစ်သည်။ မူလက ရွာဟောင်းမှာ ခတ္တူချောင်းဖျား ကမ်းပါးတစ်လျှောက် တည်ထားသော ရွာတန်းရှည်ကြီးဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ် ၁၉၆၅ ခုနှစ်ခန့်တွင် အနောက်ရိုးမ၌ ခိုအောင်းနေသော ရောင်စုံ သူပုန်များကို အပြတ်ချေမှုန်းရန် အစိုးရက ဆင်မင်းစစ်ဆင်ရေး လုပ်ပါသည်။ ထိုစစ်ဆင်ရေးအတွက် ရိုးမတောင်ခြေတွင် ကပ်လျှက်ရှိသော ကျွန်တော်တို့ရွာကို ခြေကုပ်ယူပါသည်။ သို့သော် ရွာအနေအထားမှာ စစ်ဆင်ရေးအတွက် မကောင်းလှ။ ထို့ကြောင့် ရွာကို အသစ်ပြန်တည် ရန် စစ်ကြောင်းမှူးဗိုလ်မှူးကြီး ရဲထွန်း၊ မြေစာရင်းမှူး ဦးစံကြိုင် နှင့် ရွာလူကြီးများဖြစ်သော ဦးအေး၊ ဦးအောင်သင် နှင့် ဦးသိန်း တို့ ဆွေးနွေး တိုင်ပင်ကာ ရွာသစ်ပုံစံရေးဆွဲပြီး အထက်သို့တင်ပြ၊ ခွင့်ပြုမိန့်ကျလာသောအခါ ယခုလက်ရှိရွာသစ်ကို ပြောင်းရွှေ့ တည်ဆောက်ခဲ့ကြ ပါသည်။

            ထို့ကြောင့် တောဟုပင်ဆိုသော်လည်း ကျွန်တော်တို့ရွာပုံစံမှာ အလွန်ကျန၊ လှပပါသည်။ ပေ ၄၀၊ ပေ ၆၀ အကျယ်၊ အိမ်ယာကွက် ပေါင်း ၂၆၀၊ အရှေ့အနောက်တန်းလျှက် ပေ ၃၀ ကျယ်သော အလျားလိုက် လမ်းမကြီး ၃ သွယ်၊  ၁၂ ပေကျယ်သော လမ်းသွယ် ၂ ခု ကျလျှင် ပေ ၃၀ ကျယ်သော လမ်းမကြီး တစ်ခုကျဖြင့် တောင်မြောက်သွယ်တန်းလျှက်ရှိသော လမ်းမကြီး ၃ လမ်း၊ လမ်းသွယ် ၁၀ ခု ။ ထို့ပြင် ဘုန်းတော်ကြီးကျောင်း၊ အစိုးရမူလတန်းကျောင်း၊ ဆေးပေးခန်း၊ စစ်တပ်တည်နေရာ၊ သမ၀ါယမဆိုင်၊ ဘောလုံးကွင်း စသဖြင့် စနစ်တကျ တည်ထားပါသည်။

            ရွာလမ်းများကိုလည်း နာမည်များပေးထား၏။ ရွာလယ်လမ်းမကြီးကို ဆင်မင်းစစ်ဆင်ရေးအား ဂုဏ်ပြုသောအားဖြင့် ဆင်မင်း လမ်းမကြီး ဟုလည်းကောင်း၊ အခြားလမ်းများကို နီလာလမ်း၊ ပတ္တမြားလမ်း၊ ရွှေလမ်း၊ ငွေလမ်း၊ သံလမ်း၊ ကျောက်မီးသွေးလမ်း စသဖြင့်  နာမည်အသီးသီးပေးထားပါသည်။ အိမ်တိုင်းတွင်လည်း အိမ်နံပါတ်ရှိ၏။ ကျွန်တော်တို့ အိမ်နံပါတ်မှာအလွန်ကောင်းလှ၏။ ၁၁၁ ဖြစ်ပါသည်။ ရွာတွင် ရပ်ကွက် ၄ ခု ရှိ၏။ (၁) ရပ်ကွက်၊ (၂) ရပ်ကွက်၊ (၃) ရပ်ကွက် နှင့် (၄) ရပ်ကွက်တို့ ဖြစ်သည်။ အနည်းငယ် တောင့်တင်းသော သူများမှာ (၂) ရပ်ကွက်နှင့် (၃) ရပ်ကွက်များတွင် နေထိုင်ကြသည်။

            ရွာလူကြီးများမှာလည်း တည်တည်တံ့တံ့နှင့် ရွာအပေါ်သြဇာညောင်းသူများ ဖြစ်ပါသည်။ ခေတ်ပညာပင်မတတ်သော်လည်း ရွာကို မည်သို့အုပ်ချုပ်ရမည်ကို ကောင်းစွာနားလည်ကြသည်။ ကျွန်တော်တို့ ငယ်စဉ်က သူကြီးမှာ ဦးအေး ဖြစ်သည်။ ဦးအေးမှာ ထောင်ထောင် မောင်းမောင်း ခန့်ခန့်ငြားငြား ဖြစ်၏။ ပစ္စည်းဥစ္စာပင် မတောင့်တင်းလှသော်လည်း သူ့ဟာနှင့်သူ ဣနြေ္ဒရရ နေနိုင်စားနိုင်ထဲကဖြစ်သည်။ သူတို့ ရွာအပေါ် သြဇာညောင်းသည်မှာ မဟုတ်တာ မလုပ်သောကြောင့်၊ ရွာ့အရေးကိစ္စများကို အသိဉာဏ်နှင့်ယှဉ်ကာ နှိုင်းနှိုင်းချိန်ချိန် သမာသမတ်ကျကျ ဆုံးဖြတ်ကြသောကြောင့် ဖြစ်သည်။

            ရွာသားများအပေါ် သြဇာညောင်းသည် ဆိုခြင်းမှာ သူ့တွင်ရှိသော အာဏာကို ကြောက်သောကြောင့်မဟုတ်။ ရွာကို  အကြောက် တရားနှင့် အုပ်ချုပ်တာမဟုတ်။ သြဇာညောင်းတာနှင့် ကြောက်တာ တခြားစီဖြစ်သည်။ ရွာသားများက သူတို့ရွာသူကြီးကို ချစ်သည်၊ ရိုသေ လေးစားသည်၊ နေရာပေးသည်။ လူကြီးကလည်း လူကြီးနေရာနေသည်။ သည်တော့ ရွာတွင် ကြီးကြီးမားမား အမှုအခင်းရယ်လို့ သိပ်မရှိလှ။ ရွာအနီးတွင် သူပုန်များပင် ရှိနေလင့်ကစား အေးအေးချမ်းချမ်း ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် သူပုန်ဆိုသူများမှာလည်း အခြားသူများ မဟုတ်။ သည်ရွာနှင့် အနီးပတ်ဝန်းကျင် ရွာသားတွေပင်ဖြစ်သည်။ ယုံကြည်ချက်ကြောင့် တောတွင်းရောက်နေရသော်လည်း မဟုတ်တာ လုပ်သူများမဟုတ်။ ခိုးဆိုးတိုက်ခိုက်နေသော ဓါးပြများမဟုတ်။ ကိုယ့်ရွာကိုယ် မည်သူပြန်ဓါးပြတိုက်ပါမည်နည်း။

            အဖေကြီးတို့ပြန်ပြောပြသည်မှာ ထိုသူများမှာ များသောအားဖြင့် ဗ.က.ပ (ဗမာပြည် ကွန်မြူနုစ်ပါတီဝင်) များဖြစ်သည်။ သူတို့က ပစ္စည်းမဲ့လူတန်းစားများ ဘက်မှဖြစ်သည်။ အရင်းရှင်နှင့် ဗျူရိုကရက်များကို အလွန်ရွံမုန်းသောသူများ ဖြစ်၏။ ထို့ကြောင့်လည်း ဆိုရှယ်လစ် အစိုးရကိုဖြုတ်ချရန် တိုက်ခိုက်နေသူများ ဖြစ်သည်။ ရွာတွင် သူခိုး၊ ဒါးပြများ သောင်းကျန်းလာလျှင် သူတို့ကို သွား သတင်းပေးလို့ရသည်။ ထိုအခါ သူတို့က ထို သူခိုး၊ ဒါးပြများကို သူတို့ထံ ဘယ်နှရက်အတွင်း အရောက်လာပါဟု ဆင့်ဆို၏။ သူခိုး၊ ဒါးပြများမှာ ဗ.က.ပ များကို တုန်နေအောင် ကြောက်ကြရသည်။ သူတို့က လာခဲ့ဆိုလျှင် သွားကိုသွားမှ။ သူတို့က လာပါဆိုလျှက်နှင့်မှ ပုန်းနေမည်၊ ဂျစ်ကန်ကန် လုပ်နေမည်ဆိုလျှင် တစ်သက်စာမက၊ သုံးသက်စာလောက်နောင်တရသွားအောင် ဆုံးမတာ ခံရလိမ့်မည်။

အကြင်သူ တစ်ဦးတစ်ယောက်သည် မုဒိန်းကျင့်၊ လူသတ်သည်ဖြစ်အံ့။ ဗ.က.ပ တို့က ထိုသူအား ပေါက်တူးထမ်းလျှက် လာခဲ့ရန် ဆင့်ဆိုလိမ့်မည်။ သူတို့ရှိရာရောက်လျှင် ထိုသူအား ကိုယ့်မသာတွင်း ကိုယ့်ဟာကိုယ် တူးခိုင်းသည်။ ထို့နောက် တွင်းဝတွင် ထိုင်ခိုင်းလျှက် ပေါက်တူးနှောင့်နှင့် ခေါင်းကိုထုကာ သတ်ပြီးမြှုပ်ပစ်သည်။ ဈေးကြီးသော ကျည်ဆံကို အလကားမဖြုံးတီး။ သည်တော့ သည်လိုအမှုအခင်း မျိုး ကျွန်တော်တို့ဘက်တွင် မကြားစဖူး။ အလွန်ဆုံးရှိလှမှ ကြက်ခိုးမှုလောက် ဖြစ်သည်။ ကြက်ခိုးတာလောက်ကတော့ သူကြီးက ခြောက်ပေါက်ထဲချကာ ဟဲ့ကောင်လေး၊ နောက်မလုပ်နဲ့ ဆိုကာ ပြီးသောကိစ္စဖြစ်၏။

            ထို့ကြောင့် သူပုန်များပင်ရှိလင့်ကစား ကျွန်တော်တို့ရွာဘက်မှာ ငြိမ်းငြိမ်းချမ်းချမ်းရှိသည်ဟု ဆိုခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀က လသာသော ညအခါများတွင် ရွာလမ်းမကြီးပေါ်၌ စိမ်ပြေးတမ်း၊ ထုပ်ဆီးတိုးတမ်း ကစားကြသည်များမှာ လွမ်းမောဘွယ်ရာ ဖြစ်ပါသည်။ ယခု သည်လိုမရှိတော့။ ခေတ်တွေပြောင်းကုန်ပြီ။



            ယခုတစ်ခေါက် ကျွန်တော်ရွာပြန်တော့ ရွာတွင်းဝင်လိုက်ကတည်းက ရွာမှာ ခြောက်သယောင်းထနေသည်။ ယခင်က အိမ်ယာတစ်ကွက်တွင် အိမ်ကြီးတစ်လုံး ရှိနေရာမှ ယခု အိမ်တစ်ကွက်တွင် အိမ်ပေါက်ကလေး ၂ လုံး သုံးလုံး စသဖြင့် ဖြစ်နေ၏။ ယခင် လက်ကျန် အိမ်ကြီးအနည်းငယ်မှာလည်း သွပ်မိုးများမှာ ပြောင်ပြောင်ယောင်ယောင် မရှိတော့။ ရေနံချေးနှင့်ဝေးနေပြီ ဖြစ်သော ပျဉ်ထောင်နံရံများမှာ ဖြူဆွတ်လျှက်။ ခြံစည်းရိုးများမှာလည်း အပျက်ပျက် အစီးစီး။ ကျွန်တော်တို့ငယ်စဉ်က ခြုံပင်ပေါင်းပင်များ မရှိခဲ့သော ဖြောင့်ဖြူးလျှက် သာသာယာယာရှိသော ရွာလယ်လမ်းမကြီးမှာ အချို့နေရာများတွင် ရွံ့ဗွက်များနှင့်။ အချို့နေရာများတွင် ခြုံနွယ်ပိတ်ပေါင်း များနှင့်။ လမ်းလျှောက်ချုင်စရာပင် မကောင်းပါ။ ရွာအခြေအနေကိုကြည့်ပြီး ကျွန်တော် အတော်စိတ်ပျက်မိ၏။




ရွာ၌ ကျွန်တော်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ တင်ဦးတို့အိမ်တွင် တည်းပါသည်။ ထို့နောက် ရွာအရေးကိစ္စများတွင် ပါဝင် ဦးဆောင် လှုပ်ရှားလေ့ရှိသော လူပျိုကြီး ကိုဖိုးအောင်နှင့် ဦးလေးဝင်းမြင့်တို့အိမ်သွားကာ ရွာအခြေအနေများ မေးမြန်း ဆွေးနွေးပါသည်။ ရွာလူကြီးမှာ ကျွန်တော့်အစ်ကိုဝမ်းကွဲတော်စပ်သူ ကိုမြင့်အောင် ဖြစ်၏။  
            ကျွန်တော်က သူတို့ကို ရွာအခြေအနေအား အလွန်အားမလို အားမရဖြစ်မိကြောင်းနှင့် ရွာသားများ၏ စီးပွားရေးအခြေအနေ၊ စားဝတ်နေရေးများ မေးမြန်းကြည့်သည်။ သူတို့ပြန်လည် ဖြေကြားချက်များမှာ အားရစရာမရှိပါ။ ကျွန်တော်က သူတို့သာ စိတ်ဝင်တစား လုပ်ကြမည်ဆိုလျှင် ရွာ၌ လုပ်စရာအများကြီးရှိကြောင်း၊ ရွာကို စိတ်ဝင်တစား ဦးစီးဦးဆောင်လုပ်ပေးမည့်သူ လိုနေကြောင်း၊ ရွာသူရွာသား များအားလည်း အလုပ်ကို ကြိုးစားပမ်းစားလုပ်ကြစေလိုကြောင်း စသည်တို့ ပြောပြပါသည်။
            ကျွန်တော်က ရွာလူကြီးဖြစ်သူ ကိုမြင့်အောင် ကို လူစုပေးပါ။ ရွာသားများအား စကားပြောချင်သည် ဟု ဆိုသောအခါ ကိုမြင့်အောင်က အသံချဲ့စက်နှင့် မနက်ဖြန် နေ့လည် ၃ နာရီ မူလတန်းကျောင်းသို့ တစ်အိမ်တစ်ယောက် မလာမနေရ လာကြရမည်ဟု ဆင့်ဆိုလိုက်၏။ ကျွန်တော်က သူတို့ကို ဘာတွေပြောမည်၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့က ဘာတွေလုပ်ပေးရမည် စသဖြင့် အစီအစဉ်ကို ပြောပြ လိုက်၏။
            ထိုညနေတွင် ကျွန်တော်တည်းသည့် တင်ဦး၏ အိမ်သို့ ကျွန်တော့်ငယ်သူငယ်ချင်းများ၊ ဆွေမျိုးများ၊ လူငယ်များ စသည်တို့ လာကြ သည်။ ကျွန်တော်က စင်ကာပူတွင် ဘယ်လိုအလုပ်လုပ်ကြသည် ဆိုသည့်အကြောင်း။ သူတို့အစိုးရက သူတို့တိုင်းသူပြည်သားများအတွက် ဘာတွေ ဘယ်လိုပံ့ပိုးပေးသည် ဆိုသည့်အကြောင်း၊ ပညာမတတ်လျှင် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများ၌ ရပ်တည်ရေးမှာ အလွန်ခက်ခဲသည့် အကြောင်း စသဖြင့် ပြောပြပါသည်။ ထို့ပြင် ကျွန်တော်တို့ရနေသော လခမှာလည်း လွယ်လွယ်လေး ရနေတာမဟုတ်ကြောင်း၊ မည်မျှရင်းနှီး ပေးဆပ်ရသည် ဆိုသည့်အကြောင်းများပါ သူတို့နားလည်အောင် သေသေချာချာ ပြောပြပါသည်။
            လာသူများထဲမှ ကိုခင်စိုး က သူ့သားမှာ ယခု ဆယ်တန်းစာမေးပွဲ ဖြေထားကြောင်း၊ သူ့သားရှေ့ရေးမည်သို့ လုပ်ရင်ကောင်းမည် နည်း၊ ကျွန်ုပ်ကဲ့သို့ပင် နိုင်ငံခြားသို့စေလွှတ်ကာ အလုပ်လုပ်စေချင်ကြောင်း စသဖြင့် မေးလည်းမေး၊ အကြံဉာဏ်လည်း တောင်းလှာပါ၏။ ထိုအခါကျွန်ုပ်လည်း ပြောရန်လမ်းစရသည်နှင့် တင်ဦး၏သားကို သူ့သူငယ်ချင်း လူငယ်လေးများအား လိုက်ခေါ်ခိုင်းကာ ပညာ၏တန်ဖိုးကို ပြောပြပါသည်။





ယခုခေတ်လူငယ်များမှာ ပညာကို စနစ်တကျမသင်ယူခဲ့ရသဖြင့် ပညာ၏တန်ဘိုးကိုသော်လည်းကောင်း၊ ပညာ၏ အသုံးဝင်ပုံကို သော်လည်းကောင်း၊ လူ့လောကနေထိုင်ရေးတွင် ပညာကိုမည်ကဲ့သို့ အသုံးချရမည်ကိုလည်းကောင်း မသိသဖြင့် မြန်မာ့လူ့ဘောင်တွင် အသုံးဝင် အဖိုးတန်သော လူအရင်းအမြစ်များ တစ်နေ့တခြား ဆုတ်ယုတ်လာနေကြောင်း၊ လက်တွေ့ပြရလျှင် လက်ရှိ ၀ါးတောကွင်းကျေးရွာ ဖြစ်ပျက်နေပုံကို လက်ညှိုးထိုးပြရမည်ဖြစ်ကြောင်း။

            ကျွန်ုပ်တို့ငယ်စဉ်က ၀ါးတောကွင်းကျေးရွာ စည်ပင်ဝပြောပုံ၊ ခေတ်ပညာပင် မတတ်သော်လည်း အရည်အချင်းပြည့်သော ရပ်ရွာခေါင်းဆောင်များ ရခဲ့ပုံ၊ ယခုလူငယ်များမှာမူ ခေတ်ပညာကိုပင် သင်ခဲ့ရသော်လည်း ရပ်ရွာမှ အားကိုးရသော၊ ရပ်ရွာကို စနစ်တကျ အုပ်ချုပ်နိုင်သော အရည်အချင်းများ ချို့တဲ့နေပုံ၊ ထို့ကြောင့်လည်း ရွာကြီးမှာ ဤကဲ့သို့ ဆုတ်ယုတ်ပျက်စီးနေရပုံ၊ ယခု ၀ါးတောကွင်းရွာတွင် ဆယ်တန်းအောင်နှင့် ဘွဲ့ရအတော်များများရှိကြောင်း၊ သို့သော် ကျွန်တော့်အနေနှင့် ရွာကိုအုပ်ချုပ်နိုင်သည့် အရည်အချင်းရှိသူ တစ်ဦး တစ်ယောက်ကိုမှ မမြင်မိကြောင်း။

            ပညာရေးစနစ်၏ ချို့ယွင်းမှုကြောင့် ခေတ်လူငယ်အများစုမှာ ကျောင်းတက်ပြီး စာမေးပွဲများပင် အောင်လာခဲ့၊ ဘွဲ့များပင်ရလာခဲ့ သော်ငြားလည်း လက်တွေ့လောက၌ ပညာကို မည်ကဲ့သို့ ဆက်စပ်အသုံးချရမည်ကို မသိကြကြောင်း။ ကျွန်တော်တို့ စင်ကာပူတွင် အလုပ်လုပ်၊ လခကောင်းကောင်းရနေတာသာ အားကျနေကြပြီး ကျွန်ုပ်တို့ ဤအဆင့်ရောက်အောင် မည်ကဲ့သို့ကြိုးစားခဲ့၊ ရင်းနှီးပေးဆပ်ခဲ့ရ သည်များကို လေ့လာရန် မည်သူတစ်ဦးတစ်ယောက်မှ စိတ်မ၀င်စားကြောင်း။ အမှန်ဖြစ်ရမည်မှာ နောက်ဆုံးးရလဒ်ကိုချည်း ကြည့်မနေဘဲ သူဘယ်လိုလေ့လာဆည်းပူးခဲ့၊ ကြိုးစားခဲ့သည်များကို စူးစမ်းကာ သူ့လိုဖြစ်အောင် ငါလည်းလုပ်မယ် ဟူသော စိတ်ထားကို မွေးရမည် ဖြစ်ကြောင်း၊ တကယ်လည်းလုပ်ကြရန် တိုက်တွန်းကြောင်း၊ အဆုံးပိတ်တွင် ဒါ ၀ါတောကွင်းတစ်ရွာတည်း ဖြစ်နေတာမဟုတ်ဘူး။ ဗမာတစ်ပြည်လုံး ဒီအတိုင်းချည်းပဲ၊ ဗလချီးနမ်းလူတွေ စုနေတဲ့ရွာဟာ ဗလချီးနမ်းရွာ ဖြစ်မှာပဲ။ ဗလချီးနမ်းရွာတွေ စုနေတဲ့တိုင်းပြည် ဟာလည်း ဗလချီးနမ်းတိုင်းပြည် ဖြစ်မှာပဲ။ အဲဒီတော့ ဗလချီးနမ်းတိုင်းပြည်မှာ မနေချင်ရင် မင်းတို့ကိုယ်တိုင်က စပြီး ကြိုးစားကြရမယ် ဟု  စသဖြင့် အရှည်ကြီး ပြောပြလိုက်ပါသည်။ သူတို့မည်မျှ သဘောပေါက်မည်၊ နားလည်သည်၊ ကျွန်တော်ပြောသည်များကို မည်မျှလိုက်နာ ကျင့်သုံးကြမည် ဆိုသည်များကိုမူ ကျွန်တော်မသိပါ။

           



(၈၀) ၀ါးတောကွင်းရွာ ဟောပြောပွဲ



            နောက်နေ့ နေ့လည်ပိုင်းတွင် ဆင့်ဆိုထားသည့်အတိုင်း ရွာသားများလာကြပါ၏။ သိတော်မူကြသည့်အတိုင်း စည်းဝေးပွဲဆိုလျှင် ရွာလူကြီးအမိန့်ကိုကြောက်သဖြင့် မဖြစ်နိုင်လို့သာ လာကြရသည်။ တကယ်ဆွေးနွေးနိုင်၊ ဆုံးဖြတ်နိုင်မည့် ယောက်ျားဘသားများ၊ အိမ်ထောင်ဦးစီးများ တက်တက်ကြွကြွနှင့် စိတ်ဝင်တစား လာကြလိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ မည်သည့်အခါမှ လာလိမ့်မည်မဟုတ်။ ယခုလည်း လာသူများမှာ ကလေးတို့လို့ တွဲလောင်းနှင့် အမျိုးသမီးများ၊ အချို့ကတော့ သူများပြောတာ နားလည်နိုင်မည် မဟုတ်သည့် ကလေးငယ်များကို ပြီးပြီးရော လွှတ်လိုက်တာဖြစ်သည်။

            ယောက်ျားဘသားဆို၍ ဤဟောပြောပွဲကို ဦးဆောင်လုပ်ပေးသည့် ရွာလူကြီးအနည်းငယ်နှင့် ကျွန်တော့်မိတ်ဆွေများသာရှိသည်။ သို့သော်လည်း အရိုးများသော၊ ချေးခါးသော ရွေးမနေနိုင်။ သည်လောက်လာတာ ကျေးဇူးတင်ပါဦးဟု ကျွန်တော့်မှာ အားပင်မရှိသော်ငြား လည်း သူတို့ကို တတ်နိုင်သမျှ နားလည်အောင် ပြောပြရပါသည်။

            မနေ့ညက ကျွန်တော်ပြောထားသော အရှိန်နှင့် ရွာလူကြီး ဦးမြင့်အောင်မှာ သူ့ရွာသားများအား ဖိဟောက်နေပါသည်။ မိမိအိမ်ခေါင်းရင်းမှ ရွှံဗွက်များကို ကျောက်ဖို့ဘို့၊ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းဘို့၊ မရှင်းသူများကို မည်သို့အရေးယူမည် စသဖြင့် ဖြစ်ပါ၏။ သူ့ပြောတာ နားထောင်ရတာ ကျွန်တော် ကြက်သီးပင် ထမိပါ၏။ ထို့နောက် ကျွန်တော် ပြောသည်။

            ကျွန်တော်က လက်ရှိရွာအခြေအနေကို စိတ်ပျက်မိကြောင်း၊ ကျွန်တော်တို့ငယ်စဉ်က ရွာအခြေအနေနှင့် ယခုရွာအခြေအနေကို ယှဉ်ကြည့်နိုင်ပါကြောင်း။ ရွာသားများ၏ စီးပွားရေးအခြေအနေမှာလည်း ယခင်ကာလများကထက် များစွာ ဆုတ်ယုတ်ကျဆင်းလျှက် ရှိကြောင်း။ မိမိအလုပ်ကို မိမိလုပ်ကြရာဝယ် မဖြစ်နိုင်လို့ လုပ်နေရတာထက် စေတနာပါပါနှင့် ကြိုးစားပမ်းစား လုပ်ကြစေလိုကြောင်း။ ကျွန်တော်တို့ စင်ကာပူမှာလုပ်ရတာ တစ်ရက်လျှင် အနည်းဆုံး ဆယ်နာရီရှိကြောင်း၊ မနက် ၇ နာရီခွဲလျှင် အလုပ်ထဲ ရောက်နေရကြောင်း၊ ည ၇ နာရီခွဲမှ အလုပ်ပြီးကြောင်း။ ကျွန်တော်တို့ရွာသားများအနေနှင့် ယခုလုပ်နေသည်ထက် တစ်နေ့လျှင် တစ်နာရီမျှ ပိုလုပ်ကြစေလို ကြောင်း၊ သေသေချာချာသာ လုပ်မည်ဆိုပါက ဤတစ်နာရီသည်လည်း အများကြီးတာသွားပါကြောင်း၊ (ဤတွင် အနား၌ထိုင်နေသူ တင်ဦးက မင်းယောက္ဖ ဖိုးသောင်းဆို တစ်နာရီပိုလုပ်ဖို့ မပြောနဲ့။ တစ်နေ့ တစ်နာရီပြည့်အောင်တောင် အလုပ်လုပ်တဲ့ကောင် မဟုတ်ဘူး ဟု မကြားတကြား လှမ်းခနဲ့ပါသည်။)

            အိမ်ခြံဝင်းများထဲတွင် ငှက်ပျောပင်စိုက်ထားက ငှက်ပျောသီးစားရမည်။ သင်္ဘောပင် စိုက်ထားက သင်္ဘောသီးစားရမည်၊ ဘူးပင် စိုက်ထားလျှင် ဘူးသီး၊ ဘူးရွက်များ စားရမည်ဖြစ်ပါလျှက်၊ အိမ်ခြံဝင်းများ၌ နေရာလပ်များလည်း ရှိပါလျှက်၊ ဘာပင်မှစိုက်မထားသောအခါ ယခု ကျွန်တော်တို့ရွာတွင် သင်္ဘောသီးစားချင်လျှင်ပင် မြို့ဈေးများမှ ၀ယ်ယူစားသုံးရကြောင်း။ ယုတ်စွအဆုံး ဘောင်ပြင်ကာ ငရုပ်ပင်များ စိုက်ထားလျှင် ငရုပ်သီးအလျှံပယ်စားရရုံမျှမက အနီးပတ်ဝန်းကျင် ရွာများသို့ပင် သွားရောက် ရောင်းချနိုင်ကြောင်း။

            ယခု ကျွန်တော်တို့ရွာ၌ ဖြစ်နေသည်မှာ ဧည့်သည်လာလို့ ထမင်းကျွေးလိုလျှင်ပင် ကြက်ဥကို ကွင်းကောက်ဈေးမှ မှာယူချက်ပြုတ် ရကြောင်း။ ဤသည်မှာ တွေးတတ်လျှင် အလွန်ရှက်ဖွယ်ကိစ္စဖြစ်ကြောင်း။ ကျွန်တော်တို့ ငယ်စဉ်က ကြက်သား၊ ၀က်သားဟူသည် ရှားပါး ပစ္စည်းမဟုတ်။ မကြာခဏ စားရတတ်သော်လည်း ယခုအခါ တစ်လနေလို့ အသားဟင်းတစ်ခွက်မစားရဟု ဦးလေးဝင်းမြင့်က ပြောသည်ကို သိရသောအခါ အလွန်အံ့သြမိကြောင်း။ အဘယ်ကြောင့် မိမိအိမ်တွင် ကြက်၊ ဘဲများမမွေးကြသည်ကို နားမလည်နိုင်ကြောင်း။ အကယ်၍သာ ကြက်များမွေးထားပါက မိမိလည်းကြက်ဥလှိုင်လှိုင်စားရမည့်အပြင် ဆိုင်တည်ကာပင် ရောင်းချနိုင်ကြောင်း။

            စိုက်စရာ မွေးစရာ နေရာပင်မရှိသော်လည်း စင်ကာပူတွင် ကြက်သား၊ ကြက်ကြော်ဆိုသည်ကို မုန်းအောင်စားရကြောင်း၊ ကျွန်တော်တို့မှာ ထမင်းစားပြီးလျှင် ပန်းသီး၊ သစ်တော်သီး၊ ဖရဲသီး၊ စပျစ်သီး စသည် တစ်မျိုးမျိုးကို စားလေ့ရှိကြောင်း။ အာဟာရ ပြည့်ဝသည့်အခါ လူလည်းကျန်းမာကြောင်း။ မကျန်းမာသည့်အခါ ကုန်ကျရမည့် ဆေးဘိုးသည် ကျန်းမာရေးအတွက် စားလိုက်သည့် အစားအသောက်ဖိုးထက် အဆမတန် ပိုမိုများပြားပါကြောင်း။ ထို့ကြောင့် စားသင့်စားထိုက်သည်များကို စားနိုင်အောင် မိမိဘာသာ ကြိုးစားကြရမည်ဖြစ်ကြောင်း။ 

            ခုန ရွာလူကြီး ဦးမြင့်အောင်ပြောသွားသည့် ရွာလမ်းမကြီးမှ ရွှံ့ဗွက်များကိစ္စတွင် လူကြီးက ခြိမ်းခြောက်ပြောရသည်မှာ အင်မတန် ရှက်စရာကောင်းကြောင်း၊ ရပ်ရွာအရေးမှာ လူကြီးက အာဏာနှင့်ပြောမှ လုပ်ရမည့်ကိစ္စမဟုတ်ဘဲ မိမိအသိနှင့် မိမိလုပ်ရမည့် ကိစ္စများ ဖြစ်ကြောင်း။ ညနေဘက် ချောင်းထဲတွင် ရေချိုးပြီး ပြန်အလာ ကျောက်စရစ်တစ်ခြင်းစာလောက် လူတိုင်းဆွဲလာဘို့ရာ မည်မျှပင်ပန်းသည့် ကိစ္စမဟုတ်ကြောင်း၊ လူတိုင်းသာ မိမိအိမ်ခေါင်းရင်းလမ်းကို ဤသို့ကျောက်ခဲဖို့မည်ဆိုပါက ရွာလမ်းမကြီးမှာ ဖြူးနေမည်ဖြစ်ကြောင်း၊ ထို့ပြင် ရွာအတွင်း ပေါင်းမြက်များ သုတ်သင်ရှင်းလင်းရေးမှာလည်း ရွာရှိလူငယ်များ စုပေါင်းလျှက် တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါလောက် ရှင်းလင်း ပေးလျှင် တစ်ရွာလုံး သန့်ရှင်းသပ်ယပ်နေမည်ဖြစ်ကြောင်း။

            ကျွန်တော်တို့ငယ်စဉ်က အိမ်များမှာ ၀င်းနှင့်ခြံနှင့်ရှိသော်လည်း ယခုအိမ်ခြံဝင်းများမှာ ပျက်စီးယိုယွင်းနေသည်ကို မည်သူမှ ဂရုစိုက် ပြန်လည်ပြင်ဆင်ခြင်းမရှိသဖြင့် ရွာကြီးမှာ စုတ်ဖရာဇာကြီး ဖြစ်နေကြောင်း။ မိမိတို့သာ နေချင်သလို နေနေကြသည်မဟုတ်ဘဲ မိမိတို့ ကလေးသူငယ်များကိုလည်း လိမ္မာယဉ်ကျေးလာအောင် သွန်သင်ဆုံးမပေးဘို့ အားနည်းနေကြောင်း၊ ဘုန်းတော်ကြီးကျောင်းကလည်း ကလေးများအတွက် နွေရာသီကျောင်းပိတ်ရက်များတွင် ဗုဒ္ဓဘာသာဆိုင်ရာသင်တန်းများ ပေးသင့်ပါလျှက် ဘာမှ မလုပ်ပေးကြောင်း၊ ယုတ်စွအဆုံး နှစ်ကျိပ်ရှစ်ဆူဆိုတာတောင် ဘာမှန်းမသိကြောင်း။ ကျွန်ုပ်ကိုသာ နှစ်ကျိပ်ရှစ်ဆူဘုရားများထဲမှ ဆယ်ဆူပြည့်အောင် ရေပြနိုင်သူရှိပါက ဤရှေ့တွင်ချထားသည့် ခုနစ်သိန်းလောက်တန်သော ကင်မရာကို ဆုချမည်ဖြစ်ကြောင်း။ ရေတွက်ပြနိုင်သူများရှိပါက ယခု ချက်ခြင်းထပြီး ရေတွက်ပြလို့ရကြောင်း၊ ဤသို့ရေတွက်ပြနိုင်သူများအား ဤကင်မရာကို ချက်ချင်းပေးလိုက်မည်ဖြစ်ကြောင်း၊  ကိုယ်ကိုးကွယ်သည့် ဘာသာ၊ ဘာလဲဆိုတာ ကျကျနနသိအောင် လေ့လာကြစေလိုကြောင်း။

            ရွာမှလူများမှာ ဟေးလားဝါးလားနှင့် အချိန်များဖြုန်းတီးနေကြကြောင်း၊ အချိန်ဆိုသည်မှာ ဘာမှမလုပ်လည်း ကုန်သွားမည်သာ ဖြစ်ကြောင်း၊ အမြဲလေ့လာကြိုးစားနေသူနှင့် ဘာမှမလုပ်သူ အလွန်ကွာကြောင်း။ ထို့ကြောင့် အချိန်ကို တန်ဖိုးရှိစွာအသုံးချကြရန်၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထားကာ အားကြိုးမာန်တက် လုပ်ကြပါရန် - - -

            ကျွန်တော်ပြောတာ တစ်နာရီကျော်ကျော် ကြာပါသည်။ သူတို့တော့ ဘယ်လောက်နားလည်သည်မသိ။ တစ်ခါတစ်ခါ တစ်ထောင့် မှ ကလေးငိုသံ ဗြဲကနဲထွက်လာကာ ဟဲ့ကောင်လေး၊ တိတ်တိတ်နေစမ်း၊ ဟိုမှာ နင့်အဖေပြောလို့မပြီးသေးဘူး ဟု ငေါက်သံလည်း ကြားရပါသေး၏။ ကျွန်တော်လေရှည်နေသည်ကို စိတ်တိုနေသူ သားသည်အမေမှာ ထပြန်လို့ကလည်း မရသဖြင့် သူ့ဒေါသများကို သားဖြစ်သူထံ စုချလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော့်မှာ အလိုလိုနေရင်း ခေါင်းကြိမ်းရပါသေး၏။

            ကျွန်တော်ပြောတာ သူတို့မည်မျှ နားဖာပေါက်သနည်းဆိုလျှင် ယခု ၂၀၁၂ ထိတိုင် ရွာမှာ တိုးတက်မလာသည့်ပြင် ပိုပို ဆိုးလာတာသာ မျက်မြင်ကိုယ်တွေ့ တွေ့ရပါလေ၏။



(၈၁) စင်ကာပူတစ်ခေါက် ရောက်ရပြန်ခြင်း



            အိမ်တွင် အေးအေးဆေးဆေးနေသည် ဆိုသော်ငြား စင်ကာပူအလုပ်သတင်းလည်း နားထောင်ရသေးသည်။ သူတို့ဘက်မှ မဆက်သွယ်တော့ ကိုယ်ဘဲ ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ လှမ်းဆက်ရသည်။ ဟိုက်ရှားဘား၊ ကြိုက်တဲ့အချိန် လာလို့ရသည် ဆိုပါလား။ ရုံးမှ ကုလားမကြီးက ပြန်ပြောသည်။ သည်တော့ ကျွန်တော်လည်း အချိန်မဆွဲတော့ဘဲ ရောက်တာလည်း ၂ လ ပြည့်တော့မည်မို့ စင်ကာပူ ပြန်ထွက်ရန် ပြင်ဆင်ရပြန်သည်။ မမတို့ကတော့ ထုံးစံအတိုင်း ငါးပိကြော်ကြော်ခြင်း၊ ငါးခြောက်၊ ၀က်သားခြောက်များလုပ်ခြင်း၊ လဖက်ပဲခြမ်းများဝယ်ခြင်း စသည်တို့နှင့် အလွန်အလုပ်ရှုပ် နေပါတော့သတည်း။ သူတို့လုပ်ကိုင်နေတာကြည့်ရင်း ကျွန်တော့်မှာ သက်ပြင်းမောကြီးကို ၀ှူးကနဲမှုတ်ထုတ်လျှက် အင်း၊ အိမ်ပြန်လာလိုက်။ သူများတိုင်းပြည်သွား အလုပ်လုပ်လိုက်။ ဒီသံသရာက ဘယ်တော့များမှ လွတ်မှာပါလိမ့်ဟု မသက်မသာ တွေးနေမိပါသည်။

            ကျွန်တော်ဗေဒင်ပညာ လေ့လာလိုက်စားစဉ်က ၁၂ တန့်ဘာဝတွင် ရပ်တည်သော တနင်္လာဂြိုဟ်သည် ဇာတာရှင်အား နိုင်ငံရပ်ခြား သို့မဟုတ် မိမိမွေးရပ်မြေနှင့် ဝေးရာအရပ်သို့ ပို့ပေးလိမ့်မည် ဟု မှတ်သားရပါသည်။ သို့သော်လည်း ကျွန်တော့်မှာ မိမိဘယ်နေ့မွေးသည်ကို အတိအကျမသိရကား ကိုယ့်ဇာတာကိုယ် မဖွဲ့နိုင်သည့်ဘ၀ ဖြစ်ရချေသည်။ သို့သော် ကျွန်တော့်ဇာတာတွင် တနင်္လာဂြိုဟ်သည် ၁၂ တန့် ရပ်မည်မှာ သေချာလှပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့်မှာ လူမှန်းသိတတ်စကတည်းက မွေးရပ်မြေနှင့်လည်းကောင်း၊ မိသားစုနှင့်လည်းကောင်း ကြာရှည်စွာ အတူနေရသည်ဟူ၍ မရှိဘဲ မိသားစုနှင့် ခွဲနေရသည့်အချိန်သာ များနေသောကြောင့် ဖြစ်ပါသည်။ ယခုပင် စင်ကာပူရောက်တာ ၇ နှစ်ပြည့်တော့မည်။ သည်ခုနစ်နှစ်အတွင်း မိသားစုဆီပြန်နေရတာ ၇ လ ပင် မပြည့်တတ်သေးပါ။

            ခုခေတ်ရောက်မှသာ အတွေးအခေါ်အယူအဆတွေ ကပြောင်းပြိ ကပြောင်းပြန်ဖြစ်လျှက် နိုင်ငံရပ်ခြားသွားရခြင်းကို ကံကောင်းသည်ဟု မှတ်ယူကြခြင်း ဖြစ်သည်။ ရှေးခေတ်လူကြီးများကမူ မိသားစုနှင့်ခွဲကာ အဝေး၌နေရခြင်းကို ကံဆိုးမိုးမှောင်ကျခြင်းဟု ယူဆပါသည်။ သို့မို့ကြောင့်သာ တနင်္လာ (စန်း) ဂြိုလ် - ၁၂ တန့်ရပ်ခြင်းကို နိုင်ငံခြားခရီးဟု သတ်မှတ်တာ ဖြစ်ပါသည်။ ၁၂ တန့်ဟူသည် ဗျာယဘာဝ ဖြစ်၏။ ဗျာယ ဟူသည် မြန်မာလို ပူဆွေးသောကရောက်ခြင်း ဟု အဓိပ္ပါယ်ရသည်။ တနင်္လာဂြိုလ်ဟူသည် မိမိကို တစ်နည်းအား ဖြင့် မိမိ၏ ကံကြမ္မာကို ကိုယ်စားပြုသည်။

            ထိုအခါ မိမိ၏ ကံကြမ္မာဂြိုဟ် ပူဆွေးသောက ရောက်နေရသည် ဆိုကတည်းက ကောင်းနိုင်ပါတော့မည်လော။ နိုင်ငံရပ်ခြားတွင် ရောက်ရှိနေထိုင် အလုပ်လုပ်နေရသော ကျွန်ုပ်တို့သည်လည်း မိမိ မိသားစုကို အချိန်နှင့်အမျှ သတိရ တမ်းတနေကြသူချည်းသာ ဖြစ်ပါ သည်။ သို့တိုင် မြန်မာပြည်မှ အဆီအနှစ်များကို စားကာ ချမ်းသာနေကြသဖြင့် မြန်မာပြည်ကြီးကို ချစ်လှချည်ရဲ့ဟု အော်ဟစ်နေသူများ က  မိသားစု စားဝတ်နေရေးအတွက် နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်နေရသူ ကျွန်တော်တို့ကို ကျုပ်တို့ကတော့ ခင်ဗျားတို့ကို ကိုယ့်တိုင်းပြည်မချစ်လို့ သွားကြတဲ့သူတွေလို့ ဒီလိုပဲ မြင်တယ် ဟု ဆိုကြပါသေးသည်။ ကျွန်တော် ပုံပြင်ပြောတာ မဟုတ်ပါခင်ဗျား။ ကျွန်တော်နှင့် အလွန်ရင်းနှီးသည့် ကျိကျိတက် ချမ်းသာသူ သူဌေးကြီးတစ်ဦးက ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်လျှက်ပြောတာ ခံရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ခံစားနေရသော ဝေဒနာကို ကိုယ်ချင်းမစာ၊ သည်ကဲ့သို့ပြောရက်သူများအား ကျွန်တော် အလွန် စိတ်ကုန်မိပါသည်။

           

            သည်လိုနှင့်ပင် ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ ဟူသောစကားကို နှလုံးမူကာ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် စင်ကာပူတစ်ခေါက် ပြန်ရောက်ရပြန်ပါတော့သည်။

            စင်ကာပူပြန်ရောက်တော့ ကျွန်တော့်မှာ အခန်းမငှားရသေးသဖြင့် ကိုနွယ်ဝင်းကို အကူအညီတောင်းကာ သူ့ထံကပ်နေရသည်။ သူတို့နေသည်မှာ သူအလုပ်လုပ်သော သင်္ဘောကျင်းထဲတွင်ပင် ဖြစ်၏။ သင်္ဘောကျင်းက သေးသေးလေးဆိုတော့ စည်းမျဉ်းစည်းကမ်းတွေ သိပ်မတင်းကျပ်။ နောက်ပြီးသူတို့က သည်မှာ လုပ်တာကြာပြီဆိုတော့ သူဌေးက သူတို့ကို သင်္ဘောကျင်းတစ်ခုလုံး ယုံကြည်စွာ လွှဲအပ်ထား တာဖြစ်သည်။ သည့်အတွက် သူ့ဆီ ကျွန်တော်ခေတ္တလာရောက် တည်းခိုနေထိုင်ရေးမှာ ဘာမှ ပြဿနာမရှိ။

            ပြဿနာရှိသည်က ယခင်လုပ်ခဲ့သော ကုမ္ပဏီတွင် နေသည့်အိမ်၌ ပစ္စည်းများထားခဲ့မိတာ ဖြစ်သည်။ ထိုအိမ်သို့ ကျွန်တော်သွား တော့ ဘေးနားအိမ်က ကုလားလေးက လာပြောသည်။ ဟေး၊ မင်းပြန်လာပြီလား။ မင်းနဲ့အတူနေတဲ့ တရုတ်တော့ မရှိတော့ဘူး။ အိမ်ရှင်က နှင်ချလိုက်ပြီ။ ငါလည်းသူတို့ ဘယ်ပြောင်းသွားသလဲဆိုတာ မသိဘူး။ မင်းသူ့ဆီသာ ဖုံးဆက်ပေတော့ ဟု ဆို၏။

            ကျွန်တော့်တွင်ချမ်းသာသမျှ ပစ္စည်းအားလုံးကို သည်တွင်ထားခဲ့သည်ဖြစ်ရာ ကျွန်တော့်မှာ ခေါင်းနားပန်းများ ကြီးသွားရပါလေ၏။ သို့နှင့် ကျွန်တော်လည်း ကျွန်တော်နှင့်အတူနေခဲ့သူ အ,ဟို ထံဖုံးဆက်ရသည်။ တော်ပါသေး၏။ ဖုံးက လွယ်လွယ်ကူကူခေါ်လို့ရသည်။ အ,ဟိုနှင့် ဖုံးအဆက်အသွယ်ရတော့ သူက ဆဲသည်။ ကာနီနာ၊ မင်းပြန်ခါနီး ဖုံးတွေ မဟားတရား ဆက်သွားတယ်မဟုတ်လား။ ငါ ဖုံးဘိုးတွေ အများကြီးပေးလိုက်ရတယ်။ ပြန်လျော်ပေး ဟု ဆို၏။ ထိုအခါမှ ကျွန်ုပ်မှာ ၀မ်းသာအားရနှင့် မပူပါနဲ့ကွာ၊ ငါဖုံးရုံး သွားမေးပြီးပါပြီ။ ငါမင်းကို ဖုံး ဘီလ်ပြပြီး ငါဆက်ထားသမျှ အကုန်ပြန်ပေးပါ့မယ်။ မင်းသာ င့ါပစ္စည်းတွေ ဘယ်မှာထားတယ်ဆိုတာ ပြောပါ ဟု အပေးအယူ လုပ်ရသည်။ သူက ဖုံးနံပါတ်တစ်ခုပေးကာ မင်းအဲဒီမှာ သွားယူချေ ဟု ဆိုသည်။

            သူပေးသောဖုံးနံပါတ်သို့ဆက်ရာ သူတို့က လိပ်စာပေးပြီး ဒီမှာလာယူဟု ဆို၏။ ထိုသူတို့မှာ စင်ကာပူမှ အိမ်ထောင်စုများ တစ်အိမ်မှ တစ်အိမ်ပြောင်းရာတွင် ပစ္စည်းရွှေ့ပြောင်းပေးသူ Home Mover များ ဖြစ်၏။ အ,ဟိုမှာ ဟိုအိမ်က နှင်ထုတ်လိုက်တော့ သူ့သူငယ်ချင်းအိမ် သွားနေသည်။ သို့သော် အတန်များပြားလှသော ကျွန်တော့်ပစ္စည်းများ ယူသွားလို့မဖြစ်။ ထို့ကြောင့် home mover များ ခေါ်ကာ သူတို့ထံအပ်ထားခြင်း ဖြစ်သည်။

            ကျွန်တော်လည်း လိပ်စာအတိုင်းသွားယူတော့ ကျွန်တော့်ပစ္စည်းများမှာ မဏ္ဍပ်ထဲတွင် ဟိုတချို့၊ သည်တစ်ဝက် အပြန့်သား တွေ့ရပါလေ၏။ အားလုံးစုံပါသည်။ သို့သော် ပရင်တာမတွေ့။ အ,ဟိုကို ဖုံးဆက်တော့ သူက ပရင်တာကို သူယူထားသည်။ သူ့ဆီလာယူပါ ဆို၏။ ကျွန်တော်လည်း သူ့ထံ ဖုံးဘိုးများပေးရင်း၊ ပရင်တာလည်း ယူရင်း သွားပါသည်။ အားလုံးချောချောမောမောပင် ဖြစ်၏။ ကျွန်တော့် ပစ္စည်းအားလုံးကို ခေတ္တတည်းခိုနေရာ ကိုနွယ်ဝင်းထံ သယ်လာခဲ့သည်။ အလွန်ထူထဲလေးလံလှသော မွေ့ရာ၊ ခေါင်းအုံးနှင့် စောင်များကို တော့ မင်းတို့ဘဲယူလိုက်တော့ဟု ထားပစ်ခဲ့သည်။

            ကိုနွယ်ဝင်းတို့က ကွန်တိန်နာနှင့်နေတာ ဖြစ်သည်။ အလွန်လွတ်လပ်လှ၏။ သူတို့တစ်သိုက်မှာ ဟင်းချက်ကောင်းသူများ ဖြစ်ရကား ကျွန်တော့်မှာ အလကားလည်းနေရသေး။ ထမင်းကိုလည်း ဟင်းကောင်းကောင်းနှင့် စားရသေး ဖြစ်ရာ ကိုနွယ်ဝင်းနှင့် အပေါင်းအပါ သူငယ်ချင်းတစ်သိုက်ကို အလွန်ကျေးဇူးတင်ရပါသည်။

            အေးဂျင့်နှင့်အိမ်ရှာရာ တစ်ပတ်၊ ဆယ်ရက်ခန့်ကြာသော် အိမ်ငှားလို့ရပါသည်။ အိမ်ငှားရတာလည်း တစ်ဒုက္ခဖြစ်၏။ ပထမ လိုက်ကြည့်သော အိမ်များမှာ ကုလားအိမ်၊ မလေးအိမ် စသည်တို့ဖြစ်သည်။ သူရို့အိမ်ခန်းများမှာ အတန် ညစ်ပတ် မှောင်မဲလှသည်ဖြစ်ရာ ကျွန်တော်မကြိုက်။ သန့်သော တရုတ်အိမ်တွေ့တော့လည်း မင်းက မလေးလား၊ ဆိတ်သားစားသလား။ ထမင်းချက်စားတတ်သလား။ အလုပ်ကို ဘယ်အချိန်သွားသလဲ။ အိမ်ကို ဘယ်အချိန် ပြန်လာသလဲ။ စနေတနင်္ဂနွေပိတ်ရက်တွေ အိမ်မှာဘဲ အမြဲနေသလား၊ အပြင်ထွက်တတ်သလား၊ ည အိမ်ပြန်ချိန် နောက်ကျတတ်သလား စသဖြင့် မေးခွန်းပေါင်းစုံ မေးလေရာ ကျွန်ုပ်မှာ သည်းမခံနိုင်။ ၀မ်းနည်းပါ၏၊ ဤမျှ ချေးများသောအိမ်တွင် ငါမနေလိုပါ ဟု ပြန်လာခဲ့သည်။ အေးဂျင့်က သူတို့က ခုမှ လင်မယား ညားခါစကွ။ ဒါကြောင့် သူ့မယားကို စိတ်မချလို့ မေးနေတာ ဟု ဆိုပါသည်။

            နောက်တော့ ရှာရွန်ဆိုသူ တရုတ်အေးဂျင့် အဖွားကြီးက မင်း၊ မပူနဲ့ ဒီအိမ်ဟာ မင်းနဲ့ အသင့်တော်ဆုံးဘဲ ဆိုကာ ဘွန်လေးဘူတာ အနီးရှိ အိမ်တစ်အိမ်သို့ လိုက်ပြသည်။ မြန်မာအိမ်ဖြစ်ပါသည်။ အိမ်ရှာရတာ စိတ်ကုန်လှပြီဖြစ်သော ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ တစ်ခါတည်း စာချုပ်ခဲ့သည်။ အိမ်ရှင်များမှာ ဦးသိန်းအောင် နှင့် အန်တီကြူး ဖြစ်သတည်း။ Blk 663D, ၁၆ ထပ်တွင် ဖြစ်၏။ သူတို့က ခုမှ အိမ်ဝယ်ပြီး ပြောင်းလာခါစ ဖြစ်သည်။ အိမ်ရသည်နှင့် ကျွန်တော်လည်း ကိုနွယ်ဝင်းတို့ကို ကျေးဇူးစကားဆိုကာ ပြောင်းလာခဲ့ပါသည်။ 





ဆက်ပါဦးမည်။



အေးငြိမ်း

၁၈-၆-၂၀၁၂၊ သန်းခေါင်ကျော် ၀၀း၁၉ နာရီ

Blk 663D, Jurong West St 65

#15-233

Singapore 644663


Tel: 97303027
http://shwenyein.blogspot.com