Thursday, September 29, 2011

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၁၁)


တတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ဒုတိယ ၄ နှစ်) - ၅


(၃၈) စနေဓမ္မမိတ်ဆွေများ လှူဒါန်းပုံ အဆက်
            ပရဟိတလုပ်သည်ဆိုသော်လည်း လွယ်လွယ်လေးမဟုတ်ပါ။ ၀ါသနာအရလုပ်တာဖြစ်ခြင်းကြောင့်သာ တောင့်ခံနိုင် တာဖြစ်ပါသည်။ လူပင်ပန်းသည်။ စိတ်ပင်ပန်းသည်။ အချိန်ကုန်သည်။ ငွေကုန်သည်။ ကုသိုလ်လုပ်ရင်းမှ အကုသိုလ် ဖြစ်ရသည်။ သူများအမုန်းခံရသည်။ သူများအထင်လွဲတာ ခံရသည်။ ကဲ့ရဲ့သဂြိုလ် အတင်းဆိုတာ ခံရသည်။
            စင်ကာပူဘက်မှ အလှူငွေများရအောင် စုပေးရုံဆိုတော့ ဒါလောက် မပင်ပန်းလှ။ သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေများသို့ အကျိုးအကြောင်း ရှင်းပြကာ အလှူလိုက်ခံတာဖြစ်သည်။ လစဉ်လှူသည့်မိတ်ဆွေများကတော့ အလုပ်ရှုပ် သက်သာအောင် ၆ လစာ၊ တစ်နှစ်စာ လှူထားလိုက်သည်။ ထိုအထဲကမှ ကျွန်တော်တို့က လတိုင်းလှူသွား။ ကုန်သွားတော့မှ ထပ်အကြောင်းကြား။
            အချို့မိတ်ဆွေများက ဘဏ်အကောင့်မှ လွှဲပေးသည်။ သို့သော် အချို့ကျတော့ အလှူငွေဖြစ်သည့်အတွက် ဘဏ်မှလွှဲရမှာ တစ်မျိုးဖြစ်နေသည်။ ထိုအခါမျိုးတွင်မတော့ လူကိုယ်တိုင်သွားကောက်ရသည်။ ယခုတော့ တော်တော်များများ မှာ ဘဏ်မှသာလွှဲကြပါတော့သည်။ လူကိုယ်တိုင်သွားစရာမလိုတော့သည့်အတွက် အများကြီး အလုပ်ရှုပ်သက်သာသွားသည်။ အဘယ်ကြောင့် သည်အလုပ်ရှုပ်တာ ထည့်ပြောရပါသနည်းဟူမူ စင်ကာပူတွင် လူတိုင်းမိုးလင်းကမိုးချုပ် တစ်ပတ်လျှင် ၆ ရက်၊ အချို့ ၇ ရက် အလုပ်လုပ်နေကြတာ ဖြစ်သည့်အတွက် အချိန်ပိုဟူ၍ များများစားစားမရှိပါ။ အလုပ်ကပြန်လာလျှင် ည ၇ နာရီခွဲ၊ ၈နာရီလောက်မှ ပြန်ရောက်တာ ဖြစ်သည့်အတွက် နားချင်ပါသေးသည်။ တစ်နေ့လုံး အလုပ်လုပ်ထားတာ ဖြစ်ပြီး  နောက်နေ့လည်း အလုပ်ဆင်းရဦးမှာဆိုတော့ ညဘက် ၂ နာရီကျော်လောက်ကလေး ရသည့်အချိန်တွင် အနားယူရန် လိုပါသည်။
            နားရက်များတွင်လည်း အမှန်ဆိုရလျှင် အများသူငါလို လွတ်လွတ်လပ်လပ် နားချင်သည်ပေါ့။ သူငယ်ချင်းများစုကာ ကမ်းခြေတစ်ခုခုသွားမည်။ သို့မဟုတ် ပန်းခြံတစ်ခုခုအတွင်း ဘီယာစုသောက်ကြမည်။ သို့မဟုတ် သီချင်းဆိုချင်ဆိုမည်။ တီဗီ သို့မဟုတ် ဗီဒီယို ကြည့်ချင်ကြည့်မည်။ ယုတ်စွအဆုံး နေ့တိုင်းအိပ်ရေး၀၀ မအိပ်ရသည့်အတွက် အတိုးချကာ အိပ်မည်။ သို့သော် ကျွန်တော်တို့တစ်စု ဤနည်းဖြင့် အချိန်မဖြုန်းခဲ့ကြပါ။ နားရက်များတွင် ပရဟိတ လုပ်ငန်းများဖြင့် အချိန်ကုန်ကြ ပါသည်။
            ကျွန်တော်တို့အထဲမှ အဓိက အလှူငွေကောက်ခံပေးသူတစ်ဦးဖြစ်သူ ကိုမြင့်သိန်းက ပင်နင်စူလာပလာဇာရှိ ဆိုင်များသို့လိုက်ကာ ကျွန်တော်တို့အဖွဲ့၏ လက်ကမ်းစာစောင်လေးပေးရင်း ကျွန်တော်တို့လုပ်ကိုင်နေသည်များကို ရှင်းပြကာ အလှူငွေကောက်ခံပါသည်။ အစပိုင်း အလှူငွေကောက်စဉ်ကတော့ ကျွန်တော်တို့အားလုံး သွားကြတာ ဖြစ်၏။ နောက်ပိုင်း တွင်တော့ ကိုမြင့်သိန်းတစ်ယောက်ထဲပဲ အလှူငွေ လိုက်လံကောက်ခံပါတော့သည်။ သည့်အတွက် ကိုမြင့်သိန်းကို အထူး ကျေးဇူးတင်ပါကြောင်း ဤနေရာမှ ပြောလိုပါသည်။
            အဘယ်ကြောင့်ဆိုသော် အလှူခံရသည့်အလုပ်မှာ အထူးသဖြင့် ဆိုင်များသို့သွားရောက် အလှူခံရခြင်းမှာ သိပ်မလွယ် လှပါ။ သူတို့က ဈေးရောင်းနေတာ။ ကျွန်တော်တို့က ပိတ်ရက်မှ သွားအလှူခံနိုင်သည်။ သူတို့ကလည်း ပိတ်ရက်ကလေးပဲ အားကိုးရောင်းရတာ ဆိုတော့ အရမ်းသွားလို့မဖြစ်။ အရိပ်သုံးပါးကြည့်သွားရသည်။ ပိတ်ရက်များတွင် သူသူငါငါ အလုပ်ပိတ် ကြသည်မို့ ပင်နင်စူလာသို့လာကြ။ သူငယ်ချင်းတွေ တွေ့ကြဆုံကြ။ စားကြသောက်ကြ။ မြန်မာအစားအစာလေးတွေ၊ သီချင်းခွေတွေ၊ စာအုပ်တွေ ၀ယ်ကြ ခြမ်းကြ။ ကွမ်းယာထုပ်ကြ။ ဆိုတော့ ပိတ်ရက်များတွင် ပင်နင်စူလာမှ ဆိုင်များမှာ အလွန် အလုပ်ရှုပ်သည်။
ပိုက်ဆံရဘို့ အလုပ်ရှုပ်နေရသည့်အထဲ အလှူခံက လာထပ်ရှုပ်လျှင်မကောင်း။ သည်တော့ မျက်နှာပူပူနှင့် ကိုမြင့်သိန်း လစဉ်အလှူငွေ သွားကောက်ပေးနေသည်ကို ကျွန်တော်ဖြင့် အလွန်ကျေးဇူးတင်လှ၏။ နောက်ပြီး အလှူခံပါခင်ဗျ ဆိုပြီး ပိုက်ဆံသွားကောက်၊ ချက်ခြင်းပြန်လှည့်လာလို့ မကောင်းတတ်။ သည်တော့ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ စကားရောဖောရောလေးတော့ ပြောရဦးမည်။ ဆိုတော့ ဆိုင်တစ်ခုကို အလှူခံဘို့ ဈေးဝယ်သူတွေ စောင့်နေရတာ၊ သူတို့နှင့် အနည်းအကျဉ်းစကားပြောရတာ ပေါင်းလျှင် မကြာပါဘူးဆို အနည်းဆုံး ၁၅ မိနစ်၊ မိနစ် ၂၀ တော့ကြာမည်။ မကချင်သာ မကမည်။ ဆိုင်တိုင်းလိုက် အလှူခံတာ ဖြစ်သည့်အတွက် တစ်နေ့လုံးလိုလို အချိန်ပေးမှရသည်။
            စင်ကာပူဘက်တွင် ကျွန်တော်တို့ဤမျှလုပ်ပေးရသည်ကို စကားထဲ ထည့်မပြောပါနှင့်။
မြန်မာပြည်ဘက်မှ အလှူကိစ္စ ကိုယ်ထိလက်ရောက် သွားလုပ်ရသူများမှ တကယ်ပင်ပန်းတာ ဖြစ်ပါသည်။
ကျွန်တော်တို့မူအရ မည်သူ့ကိုမှ အလှူငွေမပေး။ အလှူခံလာလျှင်လည်း ထိုနေရာမှာ တကယ်လှူဘို့လိုသည့် နေရာ ဟုတ်မဟုတ် ကိုယ်တိုင်သွားရောက်စုံစမ်း။ ပြင်ဘို့၊ ဆောက်ဘို့ လိုသည်ဆိုလျှင် လက်သမားများခေါ်။ ဈေးညှိ။ ပစ္စည်းမှာ စသဖြင့် အကုန်လုပ်ရတာ ဖြစ်သည်။ နောက်ပြီး ကိုယ်တိုင်ကြပ်ကြပ်မတ်မတ်လုပ်တာ ဆိုတော့ တစ်ခေါက်နှင့်မပြီး။ မသွားပါ ဘူးဆို အနည်းဆုံး နှစ်ခေါက်တော့ သွားရသည်။ နောက်အကြောင်းတစ်ခုက မရှိဆင်းရဲတဲ့နေရာတွေ လှူပါသည် ဆိုသည့် နောက် ထိုနေရာအားလုံးလိုလိုမှာ သွားရေးလာရေး ခက်ခဲသည့်နေရာများချည်း လိုလိုဖြစ်သည်။
သည်တော့ မြန်မာပြည်ဘက်မှ လိုက်လုပ်ပေးရသူများမှာ အလွန်ပင်ပန်းလှ၏။
လူချည်းပင်ပန်းတာလားဆိုတော့ မဟုတ်ပါ။ ကျွန်တော်တို့က ရလာသော အလှူငွေကို အသားတင်လှူတာဆိုတော့ သွားရလာရသည့် ခရီးစရိတ်၊ ဖုံးဆက်လျှင် ဖုံးဆက်ခ။ စားသောက်စရိတ်။ ပစ္စည်းသယ်လျှင် ပစ္စည်းသယ်စရိတ်။ အားလုံး အိတ်စိုက်ချည်းဖြစ်၏။ နောက်တော့ သူငယ်ချင်းများတိုင်ပင်ကာ ကျွန်တော်တို့ အမာခံများက ထိုစရိတ်စကများအတွက် လစဉ် ရံပုံငွေ ၅ ကျပ်စီ စုကြသည်။ နောက်တော့လည်း ၅ ကျပ်နှင့် မလောက်တော့ ၁၀ ထိတိုးလိုက်ကြ၏။ ယခုတော့ သည်ရံပုံငွေ ထဲမှ ဆေးကျောင်းသူတစ်ဦးကိုပါ ကျောင်းစရိတ် ထောက်ပံ့ပေးနေတာဆိုတော့ ၁၀ နှင့်မလောက်၍ ၁၅ ကျပ်ထိ တိုးထည့်ကြ ပါသည်။
            သည်တော့ ကျွန်တော်တို့ဆောင်ရွက်မှု မှတ်တမ်းများကို ဖော်ပြရာတွင် မြန်မာပြည်တွင် လုပ်ကိုင်ဆောင်ရွက်ပုံများ အကြောင်း ဦးစားပေးကာ ဖော်ပြသွားပါမည်။
(၃၉) လှူဒါန်းမည့်စာသင်ခုံများကို ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင်သယ်ကာ သွားလှူကြခြင်း
            အစပိုင်းက ကျွန်တော်တို့လှူဖြစ်သည့်နေရာတော်တော်များများမှာ သာသာနာရေးမှ ဦးတင်ထွတ် သတင်းပေးသော ရန်ကုန်ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးသင် နှင့် သီလရှင်သင် ပညာရေးကျောင်းများ ဖြစ်ပါသည်။ ထိုကျောင်းများမှာ ချို့တဲ့သော၊ မိဘမဲ့သော ကလေးများကို ခေါ်ယူကာ အခမဲ့စာသင်။ အချို့ကိုလည်း ကျောင်းတွင်ပင် ကျောင်းအိပ်ကျောင်းစား ထားကာ ဆရာဆရာမများ ငှားလျှက် သင်ပေးနေသော အစိုးရမူလတန်းကျောင်းနှင့် ညီမျှသည့် ကျောင်းများ ဖြစ်ပါသည်။ သည်အတိုင်း အလွတ်ဖွင့်ထားတာမဟုတ်။ သာသနာရေးဦးစီးဌာနတွင် မှတ်ပုံတင်ရတာ ဖြစ်သည်။
            ဘုန်းကြီးများဦးစီးပြီး ဘုန်းကြီးကျောင်းတွင်ဖွင့်တာ ဆိုတော့ အလှူငွေများဖြင့် ရပ်တည်ရသော ကျောင်းများ ဖြစ်သည်။ စာသင်ကျောင်းဆောင်၊ ကလေးများအတွက် စာအုပ်စာတမ်း၊ ကျောင်းသုံးပရိဘောဂ၊ ဆရာဆရာမများအားပေးရန် လခ၊ ကလေးများကို နေ့ခင်းထမင်းလည်း ကျွေးသေးသည်ဖြစ်ရာ ထို ထမင်းအသုံးစရိတ် စသဖြင့် စရိတ်စက သေးလှသည် တော့ မဟုတ်ပါ။ သည်တော့ တခါတလေ ပြတ်တလှည့်၊ လပ်တလှည့်နှင့် ရပ်တည်ရသည်။ ဆရာဆရာမများခမျာလည်း လခ သာ ဆိုသည်၊ ဖြစ်လောက်ပျက်လောက်အောင် ရသည့်လခမဟုတ်ပါ။ အပြင်မှာရသည့်လခထက် အများကြီးနည်းပါသည်။ ကျောင်းအနေနှင့်ကလည်း သည် နည်းလှသောလခလေးကိုပင် အလျဉ်မီအောင် မနည်းကြိုးစားနေရတာ ဖြစ်ပါသည်။
            သည့်အတွက် ကျွန်တော်တို့က လှူုရာတွင် သည် ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ကျောင်းများကို ဦးစားပေးကာ လှူခြင်းဖြစ်ပါသည်။
            ကျွန်တော်တို့လှူသည်ကို လိုက်ပါကူညီသူများအနက် ကိုသန်းအောင်တို့ ဆရာတပည့်ကိုလည်း မေ့ထားလို့မရပါ။ ရန်ကုန်ပတ်ဝန်းကျင်မှ နေရာများဆိုလျှင် သူ့လိုက်ပို့ပေးပါသည်။ နေရာကို လိုက်စုံစမ်းတာ၊ ပစ္စည်းသွားဝယ်တာ၊ အလှူလုပ်ရန် သွားတာ။ အလှူကို ဦးစီးဆောင်ရွက်သူမှာ ကျွန်တော့်အစ်မကြီးဖြစ်လျှင် ကိုသန်းအောင့်ကားကို အဓိကထား သုံးရသည်။ သူကလည်း ပစ္စည်းသယ်တာကစ မငြီးမငြူလိုက်ပါဆောင်ရွက်ပေးပါသည်။
            စာသင်ခုံတွေရိုက်တာ၊ ပို့တာကျတော့ ကိုရေချမ်းညီ ကိုမိုးကျော်ဌေး နှင့် သူ့သူငယ်ချင်း ကိုဇော်မင်းတို့က သူတို့လက်သမားအဖွဲ့နှင့်သူတို့ ရိုက်ကြ၊ သယ်ကြ၊ ပို့ကြလုပ်သည်။ မမကတော့ အားလုံးပြီးလို့ ရေစက်ချတော့မှ လိုက်သွား သည်။ ထိုအကြောင်း မမက အောက်ပါအတိုင်း ပြန်ပြောပြပါသည်။
            “သာကေတက နတ်မောက်ကျောင်းအတွက် အလှူငွေရတော့ မိုးကျော်ဌေးနဲ့ ကိုဇော်မင်းတို့က ကျောင်းမှာလိုနေတဲ့ ဆရာထိုင်ခုံနဲ့ စားပွဲကို သူတို့ဟာသူတို့ သစ်တွေဝယ်ပြီး သူတို့ဟာသူတို့ရိုက်ကြတယ်။ အားလုံးပြီးတော့ စနေဓမ္မမိတ်ဆွေများ အဖွဲ့ကောင်းမှု ဆိုပြီးတော့ စာတမ်းလေးလဲ ထိုးလိုက်တာပေါ့။ စုစုပေါင်း ၅ စုံရတယ်။ အားလုံး ကျွန်းနဲ့ချည်း လုပ်တာ။ ခုံတွေ ပြီးတော့ သွားလှူဘို့လို့ မိုးကျော်ဌေးက ငါ့ဆီလှမ်းပြီးဖုံးဆက်တယ်။ စားပွဲခုံတွေရိုက်တာအပြင် ပိုက်ဆံ တစ်သောင်းခွဲပိုသေး တော့ ငွေသားချည်းလှူလိုက်တယ်။ ဆရာတော်က ဟန်ကျပြီဟေ့၊ ဆရာဆရာမတွေလခပေးဘို့ တစ်လစာတော့ မပူရတော့ ဘူးတဲ့။ ဆရာတော်နဲ့ ဆရာဆရာမတွေကလည်း ၀မ်းတွေသာလို့။
            ဘုန်းကြီးကလည်း သူ့ကလေးတွေကို ချစ်လိုက်တာ။ သွားလှူတဲ့နေ့ကျတော့ ဓါတ်ပုံရိုက်မယ်ဆိုတော့ ဟေ့ကောင်တွေ၊ လာကြလာကြနဲ့ သူ့ကလေးတွေ မပါမှာစိုးလို့ အကုန်လုံးကို အတင်းခေါ်တာပဲ။ ဆရာမကြီးကလည်း စနေဓမ္မ မိတ်ဆွေများအဖွဲ့ ဒီ့ထက်ပိုပြီး လှူနိုင်တန်းနိုင်ပါစေပေါ့၊ ဆုတွေပေး။ ဘုန်းကြီးက သူက ဒီလိုကလေးတွေကို စာသင်ပေးတာ ၀ါသနာပါလို့ကို လုပ်တာတဲ့။ ဒီလိုသင်လာတာ အတော့်ကိုကြာပြီလို့ပြောတယ်။”
             ထို့ပြင် ရွှေပြည်သာ၊ ရဲတပ်ရင်း (၆) မှ အ.မ.က (၁၀) သို့ စာသင်ခုံများလှူရာတွင်လည်းကောင်း၊ တိုင်တစ်ရာ ဘုန်းတော်ကြီးသင်ကျောင်း၊ ဓမ္မာစရိယ ဘုန်းတော်ကြီးသင်ကျောင်း၊ တေဇာရာမ ဘုန်းတော်ကြီးသင်ကျောင်းများ အတွက် စာသင်ခုံများကိုလည်း ကိုမိုးကျော်ဌေးတို့ပင် ကိုယ်တိုင်သစ်များဝယ်၊ ကိုယ်တိုင်ရိုက်၊ သူတို့ပိုင် ဘတ်စ်ကားကြီးဖြင့် သယ်ကာ သွားရောက်လှူကြခြင်း ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့လှူသည်မှာ တစ်နေရာလျှင် တစ်သိန်း ဖြစ်၏။

တေဇာရာမကျောင်းတွင် လှူဒါန်းကြစဥ

မြသိင်္ဂီကျောင်းတွင် လှူဒါန်းကြစဉ်

အနောက်အုတ်ကျင်းကျောင်းတွင် လှူဒါန်းကြစဉ်

ဓမ္မာစရိယကျောင်းတွင် လှူဒါန်းကြစဉ်

ကျွန်တော်တို့ချည်းရှာလို့ရသော အလှူနေရာများအပြင် ကျွန်တော်တို့အလှူရှင်များက တင်ပြလာသော နေရာများကို လည်း လှူကြပါသေးသည်။ များသောအားဖြင့် သူတို့ဒေသ၊ သူတို့ရွာများဖြစ်ရာ အလှူအတွက်လုပ်ကိုင်ဆောင်ရွက်ရာတွင် အထွေအထူး ခေါင်းစားစရာမလိုတော့။ သူတို့မြန်မာပြည်ပြန်သည့်အချိန်တွင် သူတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်နိုင်သည်။ အကယ်၍ သူတို့ပြန်သည့်အချိန်နှင့် မတိုက်ဆိုင်သေးလျှင်သော်မှ သူတို့၏ မိဘ၊ ညီအစ်ကိုမောင်နှမများကို လုပ်ခိုင်းတာ ဖြစ်သည့်အတွက် စိတ်မချနိုင်စရာမရှိတော့။
၂၀၀၂ ခုနှစ် ဧပြီလ၏ တစ်ခုသော စနေနေ့၊ ကျွန်တော်တို့ဆုံကြရာတွင် စနေဓမ္မမိတ်ဆွေများအဖွဲ့၏ ပင်တိုင်အလှူရှင် တစ်ဦးဖြစ်သူ ကိုအောင်အောင်က သူ နောက်လတွင် မြန်မာပြည်သို့ ခေတ္တပြန်မည်ဖြစ်သည့်အတွက် ဆောက်လက်စ သူတို့ရွာမှ ကျောင်းအတွက် အလှူခံလာပါသည်။ သူပြန်သည့်အချိန်တွင် အပြီးအစီး ဆောင်ရွက်ခဲ့မည်ဟုလည်း ပြောပါသည်။ ကျွန်တော်တို့လည်း ဘာမှကန့်ကွက်စရာမရှိသဖြင့် သဘောတူလိုက်ပါသည်။ သို့ဖြင့် ၂၀၀၂ ခုနှစ် မေလအလှူငွေကို သူတို့ရွာ (ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကမာဖရုံကျေးရွာ) သို့လှူလိုက်ပါသည်။ သူပြန်လာတော့ သူလုပ်ကိုင်ဆောင်ရွက်ခဲ့သည်များကို ဓါတ်ပုံများ၊ စာရွက်စာတမ်းများဖြင့် ပြန်လည်ရှင်းပြပါသည်။
ထိုလအတွက် အတူတွဲလှူရန် ကိုရေချမ်း ကျွန်တော်တို့ရွာဘက်သွားလှူစဉ်က ကြည့်ခဲ့သည့် ပိန္နဲကွင်းကျေးရွာ၊ မူလတန်းကျောင်းကို လှူရန်ဆုံးဖြတ်ကြပါသည်။ ထိုမူလတန်းကျောင်းကို တာဝန်ယူလုပ်ပေးမည့်သူကာ ကျွန်တော့်ဦးကြီး အရင်းဖြစ်သူ ဦးကြီးငချစ်ဖြစ်၏။ သူကထိုရွာသား။ ကျွန်တော်တို့လှူမည်ဆိုတော့ သူက ကျောင်းကဆရာဆရာမများနှင့် ရွာလူကြီးများကိုခေါ်ကာ ကဲ၊ သူတို့လှူတုံး ငါတို့တတ်နိုင်သမျှ များများလေးရအောင်လုပ်ဖို့လိုတယ်။ ဒီတော့ မင်းတို့ရွာလယ်က လဲမလိုလိုဖြစ်နေတဲ့ ကုက္ကိုပင်ကြီး လှဲဘို့ရှိတယ်မဟုတ်လား။ အဲဒီအပင်ကြီးကိုလှဲကွာ။ အဲဒီအပင်ကနေ ရသလောက် ပျဉ်ဆွဲကြမယ်။ အဲဒီရတဲ့ပျဉ်တွေနဲ့ ကျောင်းမှာလိုနေတဲ့ စာသင်ခုံတို့၊ ထိုင်ခုံတို့၊ ဘီရိုတို့၊ ကျောင်းသင်ပုန်းတို့လုပ်ကြမယ် ဟု တိုင်ပင်ပါသည်။ အားလုံးကလည်း သဘောတူ၏။ ဤကဲ့သို့ ရပ်ရွာလူထုအားနှင့် ၀ိုင်းကြ၀န်းကြသောအခါ ကျွန်တော်တို့ လှူတာ တစ်သိန်းထဲပေမင့် စာသင်စားပွဲနှင့်ထိုင်ခုံရှည် ၃၆ စုံ၊ ကျွန်ဘီရိုကြီးတစ်လုံး၊ သုံးထပ်သား ကျောင်းသင်ပုန်းကြီး ၃ ချပ် ရကြောင်း သိရသဖြင့် ကျွန်တော်တို့မှာ အားရ၀မ်းသာ ဖြစ်ရပါ၏။
ပိန္နဲကွင်းကျောင်းသို့ သွားရောက်လှူဒါန်းစဉ် အမှတ်တရ

(၄၀) လှူဒါန်းခြင်း ၆ လပြည့် အထိမ်းအမှတ် ရေစက်ချပွဲ ကျင်းပခြင်း
            စတင်လှူစဉ်က ကျွန်တော်တို့လှူသည်မှာ တစ်နေရာလျှင် တစ်သိန်း ဖြစ်ပါ၏။ တစ်လလျှင် အလှူငွေက လေးသိန်းမျှ ရသည်ဖြစ်၍ တစ်လလျှင် လေးနေရာလှူနေခြင်း ဖြစ်ပါသည်။ သည့်အတွက် ၆ လပြည့်တော့ နေရာ ၂၀ ကျော်လာပြီ။
            ၂၀၀၂ ခုနှစ် ဧပြီလ ၂၇ ရက် (၁၃၆၄ ခု၊ တန်ခူးလပြည့်နေ့) စနေနေ့ တွင် ကျွန်တော်တို့ မိတ်ဆွေတစ်စု ဆုံကြရာ ကိုသောင်းတန်က “နောက်လ ၂၆ ရက်နေ့ဆိုရင် ကဆုန်လပြည့်နေ့ဗျ။ အခု ကျွန်တော်တို့လှူလာတာလဲ ၆ လပြည့်ပြီဆိုတော့ ၆ လပြည့်အထိမ်းအမှတ်အဖြစ် တစ်ခုခုလုပ်ရင်ကောင်းမယ်” ဟု ဆိုပါသည်။ ထိုအခါ ကိုမြင့်သိန်းက “ကောင်းတာပေါ့ဗျာ၊ ကျွန်တော်တို့လှူလာတာလဲ နေရာ ၂၀ တောင်ကျော်လာပြီဆိုတော့ ဒီနေရာတွေစုပြီး ရေစက်ချပွဲလေးလုပ်ရင် မကောင်းဘူး လား။” ဟု ဖြည့်စွက်၏။ ကျွန်ုပ်က “ဟုတ်သဗျ။ ကျွန်တော်တို့က တစ်ယောက်ချင်းစီ အလှူငွေ လိုက်ကောက်နေတာဆိုတော့ တချို့ အလှူရှင်တွေဆိုတွေ့တောင် တွေ့ဖူးတာမဟုတ်ဘူး။ ဒီတော့ အလှူရှင်တွေလည်း တစ်ယောက်နဲ့တစ်ယောက် ဆုံဖြစ် အောင်၊ ရင်းရင်းနှီးနှီးလည်း ဖြစ်အောင်၊ နောက်ပြီး လုပ်သာနေတာ သူတို့က ကျွန်တော်တို့ ဘာတွေလုပ်နေတယ် ဆိုတာ သေသေချာချာ သိမှာမဟုတ်ဘူး။ ဒီတော့ ကျွန်တော်တို့လုပ်ကိုင်နေတာတွေကို ကျကျနန ရှင်းပြဘို့လိုတယ် ဆိုတော့ တစ်ချက်ခုတ်၊ သုံးချက်ပြတ်ပေါ့။ လုပ်ကြမယ်။”
            ထို့နောက် ရေစက်ချပွဲအတွက် အသေးစိတ် တိုင်ပင်ကြသည်။ ကျွန်တော်က ကျွန်တော်တို့လုပ်ကိုင် ဆောင်ရွက်ပုံ များကို အသေးစိတ်ရှင်းပြနိုင်ရန် လက်ကမ်းစာစောင် ပြင်လာမည်။ နေရာအတွက်မူ သည်တုံးက စင်ကာပူမှာ ဘုန်းကြီးကျောင်းဟူ၍ သိပ်များများစားစား မရှိသေး။ သုံးကျောင်းလားပဲ ရှိသေးသည်။ တစ်ကျောင်းမှာ ကျွန်တော် တနင်္ဂနွေညတိုင်း တရားနာ၊ တရားထိုင်သွားလုပ်လေ့ရှိသော ဆရာတော်ဦးရာဇိန္ဒ ၏ BDMS (Buddha Dhamma Mandala Society) ကျောင်းဖြစ်သည်။ တိုးပါးရိုးကျောင်းကြီးနှင့် မလှမ်းမကမ်းတွင် ရှိ၏။
ကျွန်တော်က ဆရာတော်နှင့်ရင်းနှီးသည့်အတွက် သည်ကျောင်းမှာပင်လုပ်ရန် အကြံပေးလိုက်သည်။ ကဆုန်လပြည့်နေ့ ဖြစ်သည့်အတွက် ကျောင်းကြီးမှာ လူရှုပ်မည်။ ထို့ပြင် ထိုနေ့မှာ ဆရာတော်လည်း ပင့်ဖိတ်သူတွေ၊ ဆွမ်းစားပင့်သူတွေ များနိုင်သည်။ ထို့အတွက် ယခုကတည်းက ကြိုကြိုတင်တင် လျှောက်ထားကြရန် တိုင်ပင်ကြသည်။ ဆရာတော့်ဘက်က သေချာပြီဆိုလျှင် ဖိတ်စာရိုက်ကာ တစ်ပတ်အလိုကတည်းက ဖိတ်စာဝေကြမည်။ ဖိတ်စာရိုက်ခြင်း၊ ဂုဏ်ပြုလွှာများရိုက်ခြင်းကို ကျွန်တော်ကပင် တာဝန်ယူပါသည်။
အကျွေးအမွေးကိုမူ အလုပ်ဆင်းနေရသဖြင့် မအားကြသည်က တစ်ကြောင်း၊ ကျွန်တော်တို့အဖွဲ့တွင်  မိန်းကလေးများ မပါသည့်အတွက် ချက်ပြုတ်ရေးစီမံမည့်သူ မရှိသည်က တစ်ကြောင်းတို့ကြောင့် လဖက်သုတ်နှင့် ရေနွေးကြမ်းဖြင့်သာ ဧည့်ခံဘို့ လုပ်ကြပါသည်။ သည်ကုန်ကျစရိတ်များအတွက် ကျွန်တော်တို့ အမာခံ သူငယ်ချင်းများက တစ်ဦးလျှင် ၂၀ ကျစီ ထည့်ကြဘို့ သဘောတူပါသည်။
            နောက်တစ်ပတ် စနေနေ့ အလုပ်ကအပြန် ကျွန်တော်ဘုန်းကြီးကျောင်းသွားကာ ဆရာတော်ကို ရေစက်ချပွဲအတွက် လျှောက်သည်။ သို့သော် ဆရာတော်မရှိ။ မလေးရှားသို့ကြွသွားသည်။ လက်ထောက်ကျောင်းထိုင်ဆရာတော် ဦးဥတ္တမက ထိုနေ့ ညနေ ၃ နာရီတွင် အခမ်းအနားစနိုင်ကြောင်း၊ သို့သော် ဆရာတော်မလေးရှားမှ ပြန်ကြွလာသည့်အခါ ထပ်မံ အတည်ပြု ပါရန် အမိန့်ရှိပါသည်။ ၂၀-၅-၂၀၀၂ နေ့ ဆရာတော်မလေးရှားမှ ပြန်ကြွလာသောအခါ ကျွန်တော်လည်း ဖုံးဆက်ပြီး ထပ်မံ အတည်ပြုချက် ရယူပါသည်။ အဆင်ပြေပါ၏။
ကဆုန်လပြည့်နေ့တွင် ကျွန်တော်တို့သူငယ်ချင်းတစ်သိုက် နေ့လည် ၁၂ နာရီကတည်းက ပင်နင်ဆူလာတွင် ဆုံကြ ကာ လိုအပ်သည့်ပစ္စည်း ပစ္စယများ ၀ယ်ကြသည်။ နောက် ဘုန်းကြီးကျောင်းသွားကာ ရေနွေးကြိုခြင်း၊ ဆရာတော်အား အခမ်း အနားအစီအစဉ် လျှောက်ထားခြင်း၊ အကျွေးအမွေးအတွက် ပြင်ဆင်ခြင်းများ ပြုလုပ်ကြပါသည်။ ကံကောင်းချင်တော့ နံနက် ပိုင်းက တရုတ်အလှူရှင်များလာကာ ဥပုသ်သည်များကို အုန်းနို့ခေါက်ဆွဲလှူသည်။ မုန့်အတော်များများ ကျန်နေသေးသဖြင့် ကျွန်တော်တို့လည်း လာသမျှအလှူရှင်များကို ထိုမုန့်များဖြင့် တည်ခင်း ဧည့်ခံလိုက်ပါသည်။ ဖြစ်ချင်တော့ မိုးက သည်နေ့ကျမှ အသည်းအသန်ရွာနေသဖြင့် အလှူရှင်များမှာ ဖိတ်ထားသလောက် မလာပါ။ လူစုံသလောက်ရှိသော် ရေစက်ချပွဲ စတင်ပါသည်။
ပထမဦးဆုံး ငါးပါးသီလခံယူပြီး အချို့အလှူရှင်များက ဆရာတော်အား ၀တ္ထုနှင့်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပါ သည်။ သို့သော် ဆရာတော်က နောင်မည်သည့်ပွဲပဲကျင်းပကျင်းပ၊ ဆရာတော်ကို ဤကဲ့သို့ ၀တ္ထုနှင့်သင်္ကန်းများ ဆက်ကပ်ရန် မလိုပါကြောင်း၊ အခြား ဆင်းရဲသော ကျောင်းများသို့သာ လှူရန် အမိန့်ရှိပါသည်။ ယခုလည်း သင်္ကန်းကိုသာ လက်ခံပြီး အလှူငွေကိုမူ ကျွန်တော်တို့စနေဓမ္မမိတ်ဆွေများအဖွဲ့ အလှူငွေအတွက် ပြန်စွန့်လိုက်ပါသည်။
ရေစက်မချမီ ကျွန်တော်က ဆရာတော်နှင့်တကွ ပရိသတ်အားလုံးသိစေရန် ကျွန်တော်တို့ ပြုလုပ်ခဲ့သော အလှူ အကြောင်း အကျဉ်းချုပ်ရှင်းပြပါသည်။ အဓိကအားဖြင့် အလှူလုပ်သည်ဆိုရာတွင် ကျွန်တော်တို့က ငွေသားကို ပြီးပြီးရော လှူလိုက်တာ မဟုတ်ဘဲ လိုအပ်သည့်ပစ္စည်းများကိုသာ တိုက်ရိုက်ပံ့ပိုးခြင်းဖြစ်ကြောင်း၊ သည့်အတွက် အလှူငွေ တစ်ပြားတစ်ချပ်မှ အလဟဿမဖြစ်ပဲ ပစ္စည်းလိုသည့်နေရာသည် လိုသည့်ပစ္စည်းအား ချက်ခြင်းရသွားတာဖြစ်ကြောင်း၊ အလှူနမူနာများဖြင့် ရှင်းပြခြင်း ဖြစ်ပါသည်။
ထို့နောက် ဆရာတော်က ရေစက်ချရင်း အနုမောဒနာတရားဟောရာတွင် ကျွန်တော်တို့အလှူမှာ မည်သည့် လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲမှ မပါဘဲလှူခြင်း၊ ဘာကိုမှ မကပ်ငြိဘဲ ဆင်းရဲသည့်နေရာများသို့ ပစ္စည်းကို တိုက်ရိုက်လှူခြင်း ဖြစ်သည့်အတွက် ဤအလှူမျိုးမှာ ဘုရားလောင်းတို့လှူသော အလှူမျိုးဖြစ်ကြောင်း၊ ဤအလှူမျိုးကို ဘုန်းကြီးအနေနှင့်လည်း အလွန်နှစ်သက် သဘောကျကြောင်း၊ ယခု ဘုန်းကြီးထံသို့ မလေးရှားမှ ဒါယိကာမတစ်ဦးက မြန်မာပြည်မှ ဆင်းရဲချို့တဲ့သည့် နေရာများကို လှူလိုသည်ဟု သတင်းတစ်ခုရထားကြောင်း၊ သူဆက်သွယ်လာလျှင် ကောင်းမွန်စွာ ပြန်လည်ဖြေကြားနိုင်မည့် ဖုံးနံပတ်တစ်ခု ပေးထားရန် နှင့် သူနှင့်ဆက်ပေးမည်ဖြစ်ကြောင်း၊ အလှူကိစ္စအတွက် ဘုန်းကြီးအကူအညီလိုလျှင်လည်း ကူညီရန် အသင့်ရှိပါကြောင်းများ မိန့်ကြားသွားပါသည်။
သို့အတွက် ထိုအမျိုးသမီးကြီးနှင့်ဆက်သွယ်ရန် ကျွန်တော့်ဖုံးနံပတ်ကိုပင် ဆရာတော့်ထံ ပေးခဲ့ပါသည်။ ရေစက်ချပြီး သော် ကြွရောက်လာသော အလှူရှင်များကို အကျွေးအမွေးဖြင့် ဧည့်ခံပါသည်။ ထို့နောက် လက်ကမ်းစာစောင်များ ဝေခြင်း၊ ဓါတ်ပုံ နှင့် စာရွက်စာတမ်းများပြသကာ ရှင်းလင်းပြောပြခြင်းများ လုပ်ကြပါသည်။ ပျော်ပျော်ပါးပါးစားသောက်ကြအပြီး အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကြပါသည်။
၆လပြည့် ရေစက်ချပွဲ

(၄၁) လွဲနေသေးသော ရည်မှန်းချက်များ
လုပ်ရင်းသင်ရင်း၊ သင်ရင်းလုပ်ရင်းနှင့်ပင် ဖိုက်ဘာပိုက်အကြောင်း တဖြည်းဖြည်းနားလည်ရသည်။ တကူးတက သင်ပေးမည့်သူလည်းမရှိတော့ ကိုယ့်ဟာကိုယ်ပဲ လေ့လာရသည်၊ သင်ယူရသည်။ ကျွန်တော်တို့မန်နေဂျာများကတော့ လေ့လာဘို့ကိုအားပေးပါသည်။ သို့သော် သူတို့က စာတွေ့လောက်ပဲ ညွှန်ပြနိုင်မည်။ လက်တွေ့ပိုင်းနယ်ပယ်မှာကတော့ အစောပိုင်းတွင် ကျွန်တော်တင်ပြခဲ့သလို အမှားပေါင်းများစွာမှ သင်ခန်းစာယူရတာပဲ ဖြစ်ပါသည်။
သို့သော် လုပ်နေကျသွားတော့ ပါးရည်နပ်ရည်ရှိသွားပြီ။ နောက်ပြီး ပရောဂျက်ရလာပြီဆိုလျှင် သူတို့က ကျွန်တော်တို့ ကို အပြီးအပိုင်လွှဲပေးလိုက်တာဖြစ်သည်။ ကျန်တာ ကိုယ့်ဟာကိုယ် ကြည့်ကျက်လုပ်ရတာဆိုတော့ အောက်ခြေသိမ်း အကုန် နားလည်သွား၏။ ပင်တော့ ပင်ပန်းသည်ပေါ့။ သဟာကြောင့် ရှေးလူကြီးတွေက  ပြောခဲ့တာ ဖြစ်ပါသည်။
သည်တွင်တစ်ခုကျွန်တော်ပြောချင်တာ ရှိပါသည်။ ယခုခေတ် ကျွန်တော်တွေ့ရသော လူငယ်ကလေးများနှင့် ပတ်သက်၍ ဖြစ်ပါ၏။
တစ်နေ့တွင် ကျွန်တော့်ထံ စင်ကာပူရောက်တာ နှစ်နှစ်ပင်မရှိသေးသော ကောင်လေးတစ်ဦး ဖုံးဆက်လာသည်။ ကျွန်တော်သင်တန်းပေးနေသော ပိုက်ပြင်ပိုက်ဆက် သင်တန်းကို တက်ဖူးသည်ဆို၏။ သူက ကျွန်တော့်ထံ မျှော်လင့်ချက်  ကြီးစွာနှင့် မေးလာ၏။
ဦး၊ ပိုက်ပင်အင်စပက်တာ (Piping Inspector) တစ်ယောက်ဖြစ်ဖို့ ဘာသင်တန်းတွေ တက်ရမလဲ။
နေပါဦးကွ၊ မင်းက ဘာရည်ရွယ်ချက်နဲ့မေးတာလဲ။
ဒီလိုပါဦးရဲ့၊ ကျွန်တော့်အသိတစ်ယောက်ရဲ့ အစ်ကိုက offshore မှာ piping inspector နဲ့လုပ်ရတယ်။ လခ တစ်သောင်းကျော်ရတယ်တဲ့။
သြော် - ကိုရင်ဆိုလိုတာက ကျွန်တော်လဲ သူ့လို လခ တစ်သောင်းကျော်ရတဲ့ piping inspector လုပ်ချင်ပါတယ်။ ဒီလိုမဟုတ်လား။
ဟုတ်၊ ဟုတ်ကဲ့။
နေပါဦး၊ ခု မင်းက ဘာနဲ့ လုပ်နေတာလဲ။ ဒီရောက်တာ ဘယ်လောက်ကြာပြီလဲ။
ကျွန်တော် စင်ကာပူရောက်တာ တစ်နှစ်ပြည့်ပါတော့မယ်။ Mechanical techanician အနေနဲ့လုပ်နေတာပါ။
ပိုက်အကြောင်း ဘယ်လောက်လေ့လာဖူးပြီလဲ။ လက်တွေ့ရောလုပ်ဖူးပြီလား။
ဦး သင်တန်းတော့ တက်ဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့မလုပ်ဖူးသေးဘူး။
ဒီမှာကိုယ့်လူ၊ ကိုယ်ပြောပြမယ်။ အဲဒီပုဂ္ဂိုလ် လခတစ်သောင်းကျော်ရတာ သူဘယ်လောက်လေ့လာခဲ့တယ်။ သူ ဘာတွေရင်းနှီးခဲ့ရတယ် ဆိုတာ ဘယ်သူသိသလဲ။ အဲဒီလောက်လခကို လွယ်လွယ်နဲ့ရမယ်လို့ ထင်သလား။ အလုပ်လုပ်တယ် ဆိုတာ လခချည်း ကြည့်နေလို့မဖြစ်ဘူးကွ။ လခ ၁၀၀၀ တောင်းတော့မယ်ဆိုရင် ငါ ၁၀၀၀ ဘိုးလောက် လုပ်ပေးနိုင်ရဲ့လား လို့ ကိုယ့်ကိုယ်ကိုယ် အရင်မေးရတယ်။ ကိုယ်က ဘာမှလဲမတတ်၊ ဘာအတွေ့အကြုံမှလည်းမရှိဘဲနဲ့တော့ လခ ၁၀၀၀ မပြောနဲ့ ၅၀၀ တောင်ပေးမှာမဟုတ်ဘူး။
လခကောင်းတယ်ဆိုတာ piping inspector ရယ်မှမဟုတ်ဘူး။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကျွမ်းကျွမ်းကျင်ကျင် တတ်တတ်ကျွမ်းကျွမ်းဖြစ်ရင် ကိုယ်ကြိုက်တဲ့လခ တောင်းလို့ရတာပဲ။ ဒီတော့ ကိုယ့်လူ။ ငါဘာဖြစ်ချင်သလဲလို့ ကိုယ့်ကိုယ်ကိုယ် အရင်မေးပါ။ အဲဒီဖြစ်ချင်တာကို စောက်ချလေ့လာပါ။ စာတွေ့လက်တွေ့ကျွမ်းကျင်ဘို့ အချိန်ယူပြီး လေ့လာ ရတယ်။ နတ်ရေကန်ထဲ ကန်ချလိုက်သလို နေ့ချင်းညချင်းတော့ ဖြစ်လာမှာမဟုတ်ဘူး။ 
ဒီတော့ တစ်သောင်းတန် piping inspector မှ ဖြစ်ချင်ပါတယ်ဆိုရင်တော့ အကောင်းဆုံးက လက်ရှိအလုပ်က ထွက်ပြီး piping လိုင်းကိုပြောင်း။ အောက်ခြေသိမ်းနားလည်အောင်  ကြိုးစား။ သင်တန်းတွေတက်။ စာတွေဖတ်။ supervisor, engineer, နောက်ပြီးမှ inspector ဖြည်းဖြည်းချင်း တက်ယူရမယ်။ မင်း ငါပြောတာ သေသေချာချာ သဘောပေါက်ရဲ့လား။
ကျွန်တော်ပြောတာ သူဘယ်လောက်သဘောပေါက်သည်မသိ။ နောက်ထပ် မဆက်သွယ်တော့ပါ။
ထို့အတူပင် ယခုမှရောက်လာသူ လူသစ်များလည်း ထိုနည်းအတိုင်း ဖြစ်ပါ၏။ လခနည်းလို့၊ ပင်ပန်းလို့၊ နေရတာက ဘယ်လို စသဖြင့် အလွန် ကွန်ပလိန်းများသော သူများဖြစ်ပါသည်။ စကားချိုစေ၊ သမားအိုစေ၊ မယားပျိုစေ ဟူသောစကားကို သိပင်သိသော်ငြား။ ကျွန်တော် လက်တွေ့မကျင့်သုံးတတ်ပါ။ ကျွန်တော်က အမြင်မတော်လာလျှင် စကားကို ပိသာလေးနှင့် ဘေးပိတ်ပစ်သလို ပြောတတ်သည်။ သို့အတွက် ကျွန်တော်နှင့်အလွန်ရင်းနှီးသော မိတ်ဆွေများပင်လျှင် ကွန်ပလိန်းတက်ရ မည့်ကိစ္စများတွင် ကျွန်တော့်ဆီတိုက်ရိုက်မလာ။ သူ့သွား၊ ငါ့သွားနှင့် တစ်ယောက်နှင့်တစ်ယောက် တွန်းလွှတ်နေပါသည်။
ကျွန်တော်က သူတို့ကို အသားလွတ်ဟောက်တာ မဟုတ်ပါ။ ဖြစ်နိုင် မဖြစ်နိုင်၊ အကြောင်းအကျိုးဆင်ခြင်ကာ၊ ယုတ္တိယုတ္တာကျကျ လုပ်ကြဘို့ပြောတာ ဖြစ်ပါသည်။ အမြင်မတော်လာလျှင်တော့ ဘုတောတတ်သည်။ ဟောက်သည်။
သိပ်မကြာသေးမီက ကျွန်တော်တို့ဘက်မှ ကောင်လေးတွေ စင်ကာပူရောက်လာ၏။ တောကလာသူများဖြစ်သဖြင့် ဘာလုပ်တတ်မှာနည်း။ မင်းကျော် ကျွန်တော့်ဆီလာလည်တော့ ကျွန်တော်ကမေးကြည့်သည်။
နေစမ်းပါဦးကွ၊ စိန်ပန်းတို့ ဘယ့်နဲ့လဲ။ လုပ်ရကိုင်ရ အဆင်ပြေရဲ့လား။
မပြောချင်ပါဘူး ကိုအေးငြိမ်းရယ်။ ဆိုဒ်ထဲသွားရတာ ပင်ပန်းလို့ဆိုလား။ နောက်ပြီး သူတို့ကို အမှိုက်လှည်းခိုင်းလို့ တဲ့။ မန်နေဂျာကို ကွန်ပလိန်းသွားတက်တယ် ဆိုပဲ။
အောင်မယ်လေးကွယ်။ မင်းအကောင်တွေ ဆိုဒ်ထဲမသွားချင်ရအောင် ရုံးမှာလုပ်တတ်လောက်တဲ့ အရည်အချင်း ဘာရှိသလဲလို့ မေးလိုက်စမ်းပါကွာ။ ကိုယ်ကလဲ ဘာမှသောက်သုံးမကျ။ သူများခိုင်းတာလုပ်ရတာ ပင်ပန်းမှာပေါ့ကွ။ မပင်ပန်းချင်ရင် နင်းကြမ်းမှာပဲနေပြီး သူ့အဖေလုပ်စာ ထိုင်စားနေရုံရှိတာပဲ။
အင်းပါ။ ကျွန်တော်လဲ ပြောပြပါတယ်။ ခုတော့ သူတို့ကို ဆိုဒ်ပြောင်းပေးလိုက်တယ်လို့ ပြောတယ်။
မင်းကျော်က ကြားကလူဆိုတော့ ပြောလို့မကောင်း။ သည်အကောင်များကို မျက်နှာချင်းဆိုင်ကာ ပြောလိုက်ချင်ပါဘိ။ သူတို့နှင့် ကျွန်တော်တို့က ဘာမှမတော်ပေမင့် ဆွေမျိုးအရင်းအချာများလို နေကြတာ ဖြစ်သည်။ သူတို့ အကြောင်း အတွင်းသိ၊ အစင်းသိ။
ကျွန်တော်တို့ရွာက လူများလည်း သည်အတိုင်းဖြစ်သည်။ ရန်ကုန်မှာ အလုပ်လုပ်ချင်လို့ တဲ့။ နင့်တူ ပြောပေးစမ်းပါ ဟု မမကို ပြောလာသည်။ နောက်ပြီး ပြောလိုက်သေးသည်။ လခဘယ်လောက်ရမလဲ ဟု။ သည်တော့ မမက နင်တို့ဟာ၊ အလုပ်က ဘယ်နေမှန်းမသိသေးဘူး။ လခကို အရင်စိတ်ဝင်စားရတယ်လို့။ လခမေးရအောင် နင့်သားက ဘာတွေများလုပ် တတ်သတဲ့လဲ။ ငါ့ပြောစမ်းပါအုံး။ နင်တို့က လခအကြောင်းပဲပြောတော့ ငါ မလုပ်ပေးနိုင်ဘူး။ တော်ကြာ ငါကအလုပ်သွင်းပေး လိုက်ပါပြီတဲ့။ အလုပ်တော့ကြိုးကြိုးစားစား မလုပ်ချင်ဘဲ လခနည်းလို့ဆိုပြီး ပြန်ပြေးမှာမြင်ယောင်သေးတယ်။ ဒီတော့ ငါဆီ မလာနဲ့။ တခြားသူနဲ့ပဲရှာ ဟု ပြောလွှတ်လိုက်ပါသည်။
ဤတွင် စကားစပ်မိသဖြင့် ကြားဖြတ်ပြောရပါဦးမည်။ မဆိုင်တဲ့အကြောင်းတွေပါ ထည့်ရေးတယ်ဟု အပြစ်မမြင်လိုပါ။ ကျွန်တော်တို့ဆီမှ လူများ သဘောထားလွဲမှားနေသည်ကို ထောက်ပြလို၍ ဖြစ်ပါသည်။
အစိုးရ၀န်ထမ်းများ နိုင်ငံခြားသို့ ပညာတော်သင် အဖြစ် ဖြစ်စေ၊ လေ့လာရေးခရီး ဖြစ်စေ၊ ဆွေးနွေးပွဲများ တက်ရန် ဖြစ်စေ မကြာခဏသွားရသည်ကို မိတ်ဆွေများ သိပါသည်။ ကျွန်တော်ကိုယ်နှိုက်လည်း အစိုးရ၀န်ထမ်းအဖြစ် နှစ် အတော် ကြာကြာလုပ်ဖူးပြီး ကိုယ်တိုင်လည်း သွားခဲ့ရဖူးပါသည်။ ကျွန်တော့်ပတ်ဝန်းကျင်၌ နိုင်ငံခြားမှ ပြန်လာသူ အပေါင်းအသင်း မိတ်ဆွေများ အများအပြားရှိပါသည်။
သို့သော် သူတို့နိုင်ငံခြားမှ ပြန်လာသောအခါ သို့မဟုတ် သူတို့နိုင်ငံခြားတွင် ပညာသင်နေစဉ်အခါများတွင် -
ဟဲ့၊ နင့်ယောက်ျား၊ ဂျပန်ကို ပညာတော်သင်သွားတယ်ဆို။ ဘယ်ဘာသာရပ်တွေနဲ့ သွားတာလဲ။ ဘာတွေ လေ့လာနေတာလဲဟဲ့။ သူပြန်လာရင် အဲဒီပညာတွေနဲ့ ငါတို့တိုင်းပြည်ကို ဘယ်လိုပြန် အလုပ်အကျွေးပြုနိုင်မလဲ။ ဘယ်လို အသုံးချနိုင်မလဲ -
ဟု မေးသံ ကျွန်တော့်ဘ၀တစ်လျှောက် တစ်ခါဆိုတစ်ခါတလေမှ မကြားခဲ့ရဖူးပါ။ ကျွန်တော်ကြားခဲ့ရသည်မှာကား (လေသံတိုးတိုးဖြင့်) –
ဟဲ့၊ ဘယ်သူလေ၊ အဲဒါ ဂျာမဏီသွားတာ တစ်လဘယ်လောက်စုမိတယ် ဆိုပဲ။ သူပြန်လာရင် ဘယ်လောက်ပါလာ မှာတဲ့။ ဘယ်လောက်တန်ကားလေးတော့ ၀ယ်နိုင်လိမ့်မယ်။ -
ဟဲ့၊ နင့်အမျိုးသား ဂျပန်ကပြန်လာတာ ဘယ်လောက်ပါလဲ။ ဟယ်၊ ဟုတ်လား။ နင်မညာနဲ့နော်၊ ငါကြားတာဖြင့် ဘယ်လောက်တောင် ဆိုပါလား။ -
စသဖြင့် တီးတိုးတီးတိုး သဖန်းပိုးထိုးသံများ ဖြစ်ပါသည်။ ဤသည်မှာ အငယ်တန်းဝန်ထမ်းများတင်လား ဆိုတော့ မဟုတ်ပါ။ ဆရာ့ဆရာကြီးများလည်း သည်အတိုင်း ဖြစ်ပါ၏။ နိုင်ငံခြား ဆယ်မီနာ၊ သို့မဟုတ် ကွန်ဖရင့်မှာ ဘာတွေ ဆွေးနွေးခဲ့သည်။ ဘာတွေတင်ပြခဲ့သည်။ ဒို့တိုင်းပြည်အတွက် အသုံးချနိုင်တာတွေ ဘာတွေရှိသည် ဆိုသည်ကို စိတ်ဝင်စား ဖော်မရ။ ငါ့ဘို့ ဘာပါလဲကွ ဟုသာ မေးသည်။ တပည့်များကလည်း တော်ပါသည်။ ငါတို့ပြန်ရင် ဘယ်လို အစီရင်ခံစာတွေ ရေးပြီး ဘယ်လိုပရောဂျက်တွေ တင်ရအောင် ဆိုတာ ဆွေးနွေးသူက ခပ်ရှားရှား။ အဘက ဘာကြိုက်တတ်တာကွ။ ဒါတော့ မဖြစ်မနေ ပါအောင်ဝယ်သွားရမယ် ဟု တိုင်ပင်သူသာ များပါသည်။ ဘေးက တစွန်းတစလောက် ကြားရသော ကျွန်တော့ ထက် ကာယကံရှင်များက ပိုသိပါလိမ့်မည်။   
သည်းခံပါခင်ဗျား။ ဘေးနည်းနည်းရောက်သွားသည်။ ပြန်ကောက်ပါမည်။
ကျွန်တော်ပြောချင်သည်မှာ လခများများရဘို့ဆိုတာထက် ကိုယ့်အလုပ်အပေါ်တွင် စိတ်ဝင်တစားလေ့လာ၊ တတ်မြောက်၊ ကျွမ်းကျင်ဘို့ အားထုတ်ကြရန်လိုကြောင်း ဆိုလိုရင်းဖြစ်ပါသည်။ ယခု စင်ကာပူတွင် နိုင်ငံခြားသားများကို ကြပ်လာသည်။ ယခင်ကထက် အလုပ်အကိုင်များရှားပါးလာသည်။ သို့သော် သူတို့ စစ်ထုတ်လိုက်မည့်အထဲတွင် ကျွမ်းကျင် သူများ မပါပါ။ စင်ကာပူအစိုးရကား အင်မတန်လည်သော အစိုးရဖြစ်သဖြင့် သူတို့စီးပွားရေးကို အထောက်အကူပြုမည့် ပညာရှင်များကို ပြန်ချင်ပါတယ် ဆိုလျှင်တောင် ပြန်ခွင့်ပြုမည် မဟုတ်ပါ။ နိုင်ငံသားခံဘို့ အတင်းစည်းရုံးဦးမှာ ဖြစ်ပါသည်။
သည်တော့ နိုင်ငံခြားရောက်တာ နှစ်ကြာသူများကိုတော့ ထားပါ။ သူတို့ကတော့ အထာသိသွားပြီ။ ခုမှ ရောက်လာသူ၊ လာဘို့ကြိုးစားနေသူများကို ပြောလိုသည်မှာ လခဘယ်လောက်ရမယ် ဆိုတာကို စိတ်ဝင်စားနေတာထက် ကိုယ်ဘာလိုချင်တယ်၊ ဘာလေ့လာချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာ သိအောင်လုပ်ပြီး တကယ်ဖြစ်အောင်၊ တတ်မြောက် ကျွမ်းကျင်သော ပညာရှင်များဖြစ်အောင် လေ့လာကြပါဟု တိုက်တွန်းလိုပါသည်။
ကျွန်တော်လုပ်ခဲ့ရသည်များ၊ မှားခဲ့သည်များ၊ ဒုက္ခသုက္ခရောက်ခဲ့သည်များကို သည်လောက် ခရေစေ့တွင်းကျ ရေးပြ နေတာ အလကားမဟုတ်ပါ။ ကျွန်တော် သည်ဘ၀ရောက်အောင် ဘယ်လောက်ထိ ပေးဆပ်ခဲ့ရတယ်ဆိုတာ သိစေလို၍ ဖြစ်ပါသည်။
(၄၂) ဓါတုဗေဒစက်ရုံထဲတွင် လုပ်ရခြင်း
            ကျွန်တော်တို့မှာ အလုပ်ရသည့်နေရာတွင် သွားလုပ်ရခြင်းဖြစ်ရာ Jurong Island တွင် မလုပ်ဖူးသောနေရာမရှိ သလောက်ဖြစ်၏။ တစ်ခါတော့ ဓါတုဗေဒစက်ရုံကြီးထဲ သွားလုပ်ရသည်။ ဓါတုဗေဒပစ္စည်းများ ထုတ်သည့်စက်ရုံဖြစ်၍ အန္တရာယ်များလှသည်။ သည်တော့ အလုပ်လုပ်ရတာ မတွင်ကျယ်။ အခက်အခဲပေါင်းစုံ ဖြစ်၏။
ပထမဦးဆုံး အလုပ်လုပ်ဘို့ safety သင်တန်း ဦးစွာသွားတက်ရသည်။ ဒါနှင့်မပြီးသေး။ အလုပ်လုပ်ရာတွင် ပါမစ် လျှောက်ဘို့ ကျွန်တော်တစ်ဦးတည်း သင်တန်းထပ်တက်ရပြန်သည်။ အလုပ်လုပ်ရာတွင်သုံးသော လျှပ်စစ်ပစ္စည်းအားလုံးကို လက်မှတ်ရ စစ်ဆေးသူ (LEW – Licensed Electrical Worker) ကစစ်ဆေးကာ စစ်ဆေးပြီး အလုပ်လုပ်ရန် အန္တရာယ်ကင်း ကြောင်း တံဆိပ်ကပ်ပေးလိုက်သည်။ တံဆိပ်မှာ တစ်လသက်တမ်းဖြစ်၏။ သည်တော့ အလုပ်က တစ်လနှင့်မပြီးလျှင် ထို ပုဂ္ဂိုလ်ကို လတိုင်းပင့်ဖိတ်ကာ ပစ္စည်းများ စစ်ခိုင်းရတာက အလုပ်တစ်ခု ဖြစ်၏။
အလုပ်လုပ်မည့်နေ့တွင် ပထမဦးဆုံးလုပ်ရသည်မှာ ပါမစ်လျှောက်ခြင်း ဖြစ်၏။ သည်တွင် ပါမစ်ကို အလှည့်ကျ အရာရှိက လက်မှတ်ထိုးသည်။ ထိုသူမှာ တစ်ဦးထဲမဟုတ်၊ နေ့တိုင်းပြောင်းနေသည်ဖြစ်ရာ ထိုပုဂ္ဂိုလ်မည်သူဖြစ်ကြောင်း လိုက်ရှာရသည်မှာ တစ်လုပ်ဖြစ်၏။ တစ်ခါတရံ ကိုယ်တော်က စက်ရုံဝင်းထဲလှည့်နေသည် ဆိုလျှင် သူပြန်လာသည်ထိ စောင့်ရသည်။ သည်တော့ ကျွန်တော်တို့မှာ ၈ နာရီမတိုင်ခင် ရောက်နေသည်ပင်ဖြစ်စေ၊ အစောဆုံး အလုပ်စနိုင်သည်မှာ ၉ နာရီ၊ တခါတလေ ၉နာရီခွဲ ဖြစ်၏။ သို့သော် သူတို့စက်ရုံအတွင်း ၀င်လုပ်တာဖြစ်သဖြင့် သူတို့စည်းကမ်းကို လိုက်နာရသည်။ ဘာကွန်ပလိန်းမှ လုပ်ခွင့်မရှိ။ ယုတ်စွအဆုံး။ ၆ လက်မထက်ပိုနက်သော မြေကြီးတူးစရာကိစ္စ ပေါ်လာလျှင်ပင် ပါမစ်တင်ရ သည်။ ဟိုဟာမလုပ်ရ၊ သည်ဟာမကိုင်ရ။ ဟိုဟာလုပ်ရမည်။ ဒါပါရမည် စသဖြင့် များပြားလိုက်ပါသည့် စည်းကမ်းချက်တွေ။
စိတ်ပျက်စရာကောင်းသည်မှာ ဓါတ်ငွေ့ယိုစိမ့်ခြင်း (gas leaking)၊ မီးလန့်ခြင်း (fire alarm) စသည်တို့ ဖြစ်ပါသည်။ ကျွန်တော်တို့ပိုက်က လုပ်မိပြီဆိုလျှင် ပြီးသည်ထိ လက်စသပ်အောင်လုပ်ရသည်။ တစ်ဝက်တပျက်နှင့် ရပ်ထားလို့မရ။ ပိုက်ဆက်ရန် ကော်များကို ဦးစွာရောရသည်။ ရောပြီးနောက် ကော်မခြောက်မီ သုတ်ရ၊ ဆင်ရ၊ အလိုင်းမင့်ချိန်ရ အပြီးလုပ်ရ သည်။ နောက်ပြီးမှ ပြန်လုပ်ချင်ပါတယ်ဆိုလို့မရ။ ကော်ခြောက်သွားသည်နှင့် ဘာမှဆက်လုပ်လို့မရတော့ လုပ်ပြီးသားပိုက်ကို လွှင့်ပစ်ကာ အသစ်ပြန်လုပ်ရမည်သာ ဖြစ်သည်။
သည်တော့ လုပ်နေတုံးကိုင်နေတုံး မီးလှန့်ပြီ ဆိုလျှင် ဆက်ပြီးနေပြီ ဆိုလျှင်တောင်မှ ထိုအဆက်ကို ပြန်ဖြုတ်ကာ သူတို့သတ်မှတ်ထားသော နေရာသို့ အချိန်မီအရောက်သွားကာ သတင်းပို့ရသည်။ နောက်ပြီး အားလုံးရှင်းပြီ (clear) ဥသြဆွဲ မှ လုပ်လက်စကို ပြန်ဆက်ရသည်။ သည်တွင် မလိုအပ်သော အလုပ်ပိုများစွာ လုပ်ရတော့သည်။ လုပ်လက်စ ကော်များမှာ ခြောက်သွားပြီဖြစ်သဖြင့် အကုန်ပြန် grinding တိုက်ထုတ်ရသည်။ ပြောတော့သာလွယ်သည်။ တကယ်လုပ်ရတာကျ အင်မတန် လက်ဝင်လှသည်။ ဆက်တာကိုသာ မဖြုတ်ပဲထားမိလျှင် ကောင်းကောင်းပြဿနာတက်တော့သည်။ ကော်ခြောက် သွားသောအဆက်ကို ဖြတ်ထုတ်လိုက်လျှင် ပိုက်ကတိုသွားပြီ။ သည်တော့ ဘယ့်နှယ်လုပ်မည်နည်း။ မီးခိုးကြွက်လျှောက် ရှင်းလို့မဆုံးတော့။
သည်အထဲတွင် စိတ်ပျက်စရာအကောင်းဆုံးမှာကား မှားပြီးမီးလန့်ခြင်း (fault alarm) ဖြစ်သည်။ ဘာမှ မဖြစ်ပါဘဲ လျှက် မီးလှန့်ခေါင်းလောင်းက အသားလွတ် ထမည်တာဖြစ်သည်။ ဤကဲ့သို့ဖြစ်လျှင် ကျွန်တော် အတော်ဒေါသထွက်သည်။ သို့သော် ဘာလုပ်လို့ရမည်နည်း။
ပိုဆိုးသည်မှာ GRP ပိုက်ကို lamination လုပ်နေစဉ် မီးလန့်ခြင်း ဖြစ်၏။ lamination လုပ်သည်ဆိုခြင်းမှာ ခဏလေးနှင့် ပြီးတာမဟုတ်။ ပိုက်အကြီးအသေးကိုလိုက်၍ နာရီဝက်မှ ၄၅ မိနစ်ခန့်ကြာသည်။ သည်တော့ lamination လုပ်နေစဉ် မီးမလန့်ပါစေနှင့် ဆုတောင်းရသည်။ အဘယ်ကြောင့်ဆိုသော် lamination လုပ်သည်ဆိုခြင်းမှာ ပိုက်ကို ကျောက်စက်တိုက်၊ ကော်များသုတ်၊ ဖိုက်ဘာအ၀တ်စနှင့်ပတ်၊ နောက်ပြီး ကော်ထပ်သုတ်၊ ဖိုက်ဘာစထပ်အုပ် နှင့် လိုအပ်သော အထူရသည်ထိ လုပ်ရခြင်းဖြစ်သည်။ တစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်ရလို့ကတော့ သေပြီဆရာ။
ဖိုက်ဘာစများမှာ အလွန်ယားလှသည်။ မပြီးခင်ရပ်ရလျှင် နောက်ထပ်အလုပ်ပြန်စရန် ကျောက်စက်ပြန်တိုက်ရသည်။ ဖျော်ထားသမျှ ကော်များမှာ အကုန်ခဲကုန်ပြီ။ အသစ်ကပြန်စ။ သည်လိုမျိုး မကြာခဏကြုံခဲ့ရသည်။
နောက်တစ်ခုက ဒေ၀ါမိုးမင်း ဖြစ်၏။ စင်ကာပူဆိုသည်က နွေရယ်၊ မိုးရယ်၊ ဆောင်းရယ်လို့ သတ်သတ်မှတ်မှတ် ရှိတာမဟုတ်။ နေပူနေရင်း မိုးရွာချင်ရွာလာတတ်တာမျိုးဖြစ်သည်။ ကျွန်တော်တို့ပိုက်က မိုးနှင့် ဓမ္မာသောက ဖြစ်သည်။ အနည်းငယ် မိုးဖွဲကလေးကျနေလျှင်ပင် လုပ်လို့မရ။ သည်တော့ တာလပတ်ဖျင်စများ ဆောင်ထားရသည်။ မိုးအခြေအနေ သိပ်မကောင်း ဆိုလျှင် လုပ်မည့်နေရာကို တာလပတ်စဖြင့် ကြိုမိုးထားရသည်။ မဟုတ်လို့ လုပ်နေရင်းတန်းလန်း မိုးစက်များ ကျလာပြီး အဆက်ကိုထိလို့၊ lamination နေရာကိုထိလို့ မိုးစိုပြီ ဆိုလျှင် အဆက်က မခြောက်တော့။ မခြောက်တခြောက် အဆက်ကို ကျောက်စက်တိုက်ရခြင်းကား အဆိုးဆုံးဖြစ်တော့၏။  
            ကော်ကမခြောက်သည့်အတွက် ကျောက်စက်ကောင်းကောင်းတိုက်လို့မရ။ ကော်များမှာ စေးကပ်နေသည်ဖြစ်ရကား ကျောက်စက်တိုက်လိုက်တိုင်း ကျောက်ပြားများတွင် ကော်စေးများကပ်ကာ အတော်ဒုက္ခများပါသည်။ ထို့ပြင် ထွက်လာသော အမှုန်မှာ အခြောက်မှုန့်ထက် ပိုယားသည်။ ကျွန်တော့်ကောင်လေးများ ကျောက်စက်တိုက်နေတာကြည့်ကာ သူတို့ကို အတော်သနားမိပါသည်။
            ကျွန်တော်တို့၏ ပိုက်မှာ ရေနွေးငွေ့ပိုက်များအနီးပြေးရပြီ ဆိုလျှင်လည်း တစ်ဒုက္ခ။ ရေနွေးငွေ့ပိုက်များမှာ ပူသဖြင့် ကော်များမှာ အချိန်မတိုင်မီ ခဲကုန်သည်။ သည်တော့ လုပ်ရကိုင်ရတာ အတော်ကသီလင်တနိုင်သည်။ အလိုင်းမင့်ချိန်တာက ကော်မခြောက်မီလုပ်ရတာ ဖြစ်သည်။ ပိုက်ကပူတော့ ကော်ကခြောက်၊ ချိန်လို့ကမပြီးသေး။ ဒီကြားထဲ ပူတာက တစ်မျိုး။ ပိုက်တွေက မလွတ်မယောက်နှင့်မို့ ချိန်ရတာကမလွယ်။ အတော် ဒုက္ခရောက်ပါသည်။
            သည်ကြားထဲ safety နှင့်လည်း မကြာခဏ ပြဿနာတက်သည်။ ကျွန်တော်တို့ပိုက်က အခြား ရှိနှင့်ပြီးသား ပိုက်များအကြားတွင် ပြေးရတာ ဖြစ်သည်။ သို့မဟုတ်ကလည်း ပိုက်များအားလုံး၏ အစွန်ဘက်ဆုံးတွင် ပြေးရသည်။ ထိုအခါ လုပ်ရကိုင်ရတာ မလွတ်သည်နှင့် အခြားပိုက်များပေါ် တက်ခွထိုင်သည့်အခါ ထိုင်ရသည်။ သည်အခါမျိုးတွင် ဘေးဘီကြည့် လုပ်ရ၏။ မတော် safety ရောက်လာပါက ဆဲမည်၊ ဆိုမည်၊ နင်ပဲငဆပြောမည်။ သူကလည်း ရေဗူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲ လိုချင်တယ် ဟူသည့် ကျွန်တော်တို့ဆီက စစ်တပ်ဆောင်ပုဒ်လို နင်တို့ဟာနင်တို့ ဘယ်လိုလုပ်လုပ် ငါ့ပိုက်ပေါ် မတက်ရင်ပြီးရော ဆိုသည့်ကောင်စားမျိုးများ ဖြစ်သည်။
            ထမင်းစားပြီး နေ့လည်ပိုင်းလုပ်သည့်အချိန်များဆို ယမမင်း၏ ဒယ်အိုးဖင် အပေါက်ဖာပေးရသကဲ့သို့ ဖြစ်၏။ ရေနွေး ငွေ့ပိုက်ကပူ၊ အပေါ်ကနေကပူ၊ ထို့ပြင် ဘေးပတ်ဝန်းကျင်မှာလည်း သံပိုက်ချည်းဆိုတော့ သံပိုက်တွေကပူ။ ရေနွေးပူနှင့် နေအပူရောပြီး ပိုက်ကအရမ်းပူ၊ ကော်ကပူ၊ သည်တော့ ကော်သုတ်ဆက်ဖို့ အချိန်ကနည်း။ လုပ်လို့မပြီးသေးခင် ကော်က ခြောက် နှင့်။ နေပူ၊ လေပူ၊ ရေနွေးငွေ့ပူရုံသာမက လုပ်ရအဆင်မပြေတော့ ဇောချွေးတွေကပြန် နှင့် စဉ်းစားသာ ကြည့်ပါတော့ ခင်ဗျား။ ထီးအကြီးနှင့်တော့ မိုးလုပ်ပါ၏။ သို့သော်လည်း မသက်သာလှပါ။ ပူတာကတော့ ပူတာပဲ ဖြစ်ပါ၏။
            Shut down (စက်ရုံကိုပိတ်ပြီးလုပ်ရခြင်း) လုပ်ရတာဆို ပိုဆိုးသေး။ သူက စက်ရုံကို ရပ်ထားရတာ ဆိုတော့ သတ်မှတ်ရက်အတွင်း အပြီးလုပ်ပေးရသည်။ ဂျီးဂျောင်များ နေလို့မရ။ မပြီးမှာစိုးတော့ သူတို့က နေ့တိုင်းလာကြည့်သည်။ နောက်ပြီး ကြည့်ရုံကြည့်တာမဟုတ်။ ဟိုမေး သည်မေးနှင့် အလုပ်ပျက်လှသည်။
မည်မျှ ဒုက္ခများသည်ဖြစ်စေ။ အချိန်တန်တော့လည်း ပြီးရတာပဲ ဖြစ်ပါ၏။ ပရောဂျက်တစ်ခုပြီးတော့မှ သက်မကြီး ချနိုင်သည်။ သို့သော် အလုပ်သာရှိလို့ကတော့ သည်တစ်ခုပြီးတာနှင့် နောက်တစ်ခုဆီ ပြောင်းဘို့ပြင်ထား။ ဤသည်ပင်လျှင် စင်ကာပူရောက် ကျွန်တော်တို့ ဘ၀များ ဖြစ်ပါတော့သတည်း။
ဆက်ပါဦးမည်။
အေးငြိမ်း
၂၉-၉-၂၀၁၁၊ ည ၁၁း၀၅ နာရီ
Blk 663D, Jurong West St 65
#15-233
Singapore 644663
Tel: 97303027

Sunday, September 25, 2011

စင်ကာပူမှ ရေ နှင့် ပတ်သက်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ

စင်ကာပူတွင် ရေထိန်းသိမ်းမှုဆိုင်ရာ ပြဌာန်းထားသော ဥပဒေမှာ Water Pollution Control And Drainage Act ဖြစ်၏။ သို့သော် ထိုဥပဒေကို Environmental Protection And Management Act (EPMA) ဖြင့် အစားထိုးလိုက်သည်။ ထို့ပြင်  ၎င်းနှင့် ဆက်စပ် ပတ်သက်နေသော အခြားဥပဒေများမှာ -
v  Environmental Protection And Management (Trade Effluent) Regulation
v  Sewerage and Drainage Act
v  Sewerage and Drainage  (Sanitary Works) Regulation
v  Sewerage and Drainage (Sewerage Treatment Plants) Regulation,
v  Sewerage and Drainage (Surface Water Drainage) Regulation
v  Sewerage and Drainage (Trade Effluent) Regulation
v  Code of Practice on Sewerage and Sanitary Works
v  Code of Practice on Surface Water Drainage,
v  Singapore Standard CP 48 : Code of Practice for Water Services - တို့ ဖြစ်ပါသည်။
 ဤတွင် Act ဟူသော စကားလုံးနှင့် Regulation, Code of Practice ဟူသော စကားလုံးများကို သတိပြုမိကြပါလိမ့်မည်။
သို့ဆိုလျှင် Act နှင့် Regulation ဘာကွာသနည်း။ ရိုးရိုးသားသားပြောရလျှင် ကျွန်တော်အရမ်းနားမလည်ပါ။ ဥပဒေပညာရှင် များသာ သေသေချာချာ ဂဃနဏရှင်းပြနိုင်ပါလိမ့်မည်။
ကျွန်တော် အင်တာနက်တွင် ရှာလို့ရသလောက်ကတော့ Act ကို ပါလီမန်က အတည်ပြု ပြဌာန်းပေးလိုက်သည်။ Regulation ကမူ ပါလီမန်၏ အတည်ပြုချက်မလို။ သို့သော် အသိအမှတ်ပြု အဖွဲ့အစည်းမှ အတည်ပြုပေးရမည် ဟု ဆိုသည်။ Regulation ဟူသည် Act တွင်ပြဌာန်းထားသည်များကို ပိုမိုပြီးအသေးစိတ်ကျစွာ ပံ့ပိုးပေးသည်။ Act က ဒါ လုပ်ရမည် ဆိုသည်။ သို့သော် လုပ်နည်းလုပ်ဟန်များကို ပြောပြမထား။ သည်လုပ်နည်းလုပ်ဟန်များကို Regulation က ပြဌာန်းပေးသည်။  အသေးစိတ်  အချက်အလက်များကို ကိန်းဂဏန်းများနှင့်တကွ Code of Practice က သတ်မှတ်ပေးသည်။ ဤသည်မှာ ကျွန်တော် နားလည်သမျှ ဘာသာပြန်ပေးလိုက်ခြင်း ဖြစ်ပါ၏။
ဤဥပဒေများကို မည်သည့်အတွက်ပြဌာန်းထားပါသနည်း။
အဓိကမှာ ရေထု မညစ်ညမ်းစေရေးအတွက် ဖြစ်ပါသည်။ စင်ကာပူတွင် မညစ်ညမ်းအောင် ထိမ်းသိမ်းရမည့် အဓိက ရေ သုံးမျိုးရှိ၏။
၁။ ကန်ရေ (Lake Water)
၂။ မိုးရေ (Ground Water)
၃။ ပင်လယ်ရေ (Sea Water) တို့ ဖြစ်သည်။
ထိုရေများ၏ အရည်အသွေးကို အဓိက ထိန်းသိမ်းသည်မှာ ရူပ (Physical), ဓါတု (Chemical), ဇီဝ (Biological) သုံးမျိုးဖြစ်၏။
သို့ဆိုလျှင် အဘယ်ကြောင့် သည်ရေထုကို မညစ်ညမ်းအောင် ထိန်းသိမ်းဘို့လိုပါသနည်း။ ကျွန်တော်ရေးခဲ့သော “စင်ကာပူ ရေ” ပို့စ်တွင် စင်ကာပူသည် ရေကို အလွန်အမင်းဂရုစိုက်ထိန်းသိမ်းနေရကြောင်း၊ ရေပြဿနာမရှိအောင် မည်ကဲ့သို့ လုပ်နေကြောင်းများ ရေးခဲ့သည်။ ထို့ပြင် ဘုရားသခင်ပေးသော (အဲလေ ယောင်လို့) ကောင်းကင်မှကျလာသော မိုးရေကို တစ်စက်တစ်ပေါက်ကလေးမှ အလဟဿမဖြစ်ရအောင် အထူးဂရုစိုက် ထိန်းသိမ်းနေကြောင်းရေးခဲ့သည်။ သည်ရေများသည် ရေညစ်များဖြစ်သွားလျှင် မည်ကဲ့သို့သုံးမည်နည်း။ ပြန်သန့်အောင်လုပ်နေရတာနှင့် မလိုလားအပ်သော အလုပ်ပိုတွေ လုပ်ရမည်။  ပိုက်ဆံတွေ ပိုကုန်မည်။
သည်တော့ ရေကို မညစ်အောင် တတ်နိုင်သမျှ ထိန်းနိုင်အောင် ဥပဒေချမှတ်ရသည်။ မလုပ်ချင်သူများကို ဒါဏ်ရိုက်မည်။ ထောင်ချမည်။ (သည်လိုမလုပ်လို့မရ။ ခုပဲကြည့်ပါလား။ ဥပဒေအသက်မ၀င်သော ကျွန်ုပ်တို့ချစ်လှစွာသော မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်တွင် တရုတ်တို့က သူတို့အဖေပေးသော အမွေကဲ့သို့ ကျွန်ုပ်တို့တောအုပ်များကို ခုတ်ချင်သလိုခုတ်၊ ထုတ်ချင်သလိုထုတ်၊ တောကောင်များကို သတ်ချင်သလိုသတ် လုပ်နေကြသည်။ သည်လူများကို ဘယ်ဥပဒေဘက်တော်သား များ ဂရုစိုက် အရေးယူနေပါသနည်း။ အရေးယူမည့် သူများကို အမေရိကန်ဒေါ်လာလေး နည်းနည်းပါးပါးပေးပြီး နှုတ်ပိတ် ထားသည်။ သည်တော့ အနှီ တာဝန်ရှိပုဂ္ဂိုလ်ကြီးများက ဟေ့၊ ငါ့ဟာငါ လုပ်ချင်ရာလုပ်မယ်။ ဘယ်ခွေးမှ လူမထင်ဘူးကွ ဟု မိုက်ကြေးခွဲလေသည်။ သည်းခံပါခင်ဗျား။ လူကြားထဲမျက်ရည်ကျသည့် ပြန်ကြားရေးဝန်ကြီးလို ခံစားချက်တွေ ပြင်းထန် သွားသည်။)
ရေမညစ်ညမ်းအောင် လုပ်ရသည့် ရည်ရွယ်ချက် ၄ မျိုးရှိ၏။
၁။ စင်ကာပူရေအရင်းအမြစ်ကို ကာကွယ်ထိန်းသိမ်းရန်
၂။ ရေကိုသုံးလို့ရနိုင်သည့် အရည်အသွေးရှိနေအောင် ထိန်းထားရန်
၃။ ရေကြောင့်ဖြစ်နိုင်သော ရောဂါဘယများ မပြန့်ပွားစေရန်
၎။ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရန်
အင်မတန်ပျင်းစရာကောင်းလှသည့် ဥပဒေကြီးကို ပြန်ရေးပြရန် ရည်ရွယ်ရင်းမရှိပါ။ စိတ်ဝင်စားကြလိမ့်မည်ဟုလည်း မထင်ပါ။ ဖတ်ချင်သူများတော့ http://statutes.agc.gov.sg/ တွင် ဖွင့်ဖတ်နိုင်ပါသည်။
ဤနေရာတွင် သိသင့်သိထိုက်သည့် အချက်များကိုသာ ကောက်နုတ်ဖော်ပြပေးသွားပါမည်။
၁။ စင်ကာပူနိုင်ငံအတွင်း ဖောက်လုပ်ထားသော ရေမြောင်းများကို ဘုတ်အဖွဲ့၏ ခွင့်ပြုချက်မရဘဲ မည်သူတစ်ဦးတစ်ယောက်မှ ပြင်ဆင်ခြင်း၊ ပိတ်ဆို့ခြင်း၊ လမ်းလွဲခြင်း၊ ဖောက်လုပ်ခြင်း စသည်မလုပ်ရ။ အကယ်၍ မသိလို့လုပ်မိသည် ဖြစ်အံ့။ ဘုတ်အဖွဲ့မှ ချမှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြန်လည်ပြင်ဆင်ပေးရမည်။
ဤဥပဒေကို မလိုက်နာ။ ပျက်ကွက်ခဲ့သည်ဖြစ်အံ့။ စင်းဒေါ်လာ ၂၀၀၀၀ ထက်မပိုသော ဒါဏ်ငွေ တပ်ရိုက်မည်။
၂။ ရေမြောင်းအနီး သို့မဟုတ် အပေါ် သို့မဟုတ် အတွင်းတွင် လုပ်စရာကိုင်စရာများ ပေါ်လာသည်ဖြစ်အံ့။
လုပ်ကိုင်မည့် ကန်ထရိုက်တာသည် ရေမြောင်းအတွင်း၊ အပေါ်၊ ဖြတ်လျှက် မည်သည့်အကာအရံ၊ အတားအဆီးမှ မဆောက်လုပ်ရ။ ရေစီးရေလာကို ထိခိုက်စေမည့် မည်သို့သော အရာကိုမှ ဆောက်လုပ်ခွင့်မပြု။ ရေမြောင်းခြံစည်းရိုး၊ လူဝင်ပေါက် (Manhole), ရေမြောင်းနံရံ၊ ၀ါယာလိုင်း၊ ပိုက် စသည်တို့ကို ဘုတ်အဖွဲ့၏ ခွင့်ပြုချက် တစုံတရာမရဘဲ လုံးဝ ပြင်ဆင်ခြင်း၊ ဖျက်ခြင်း၊ ဆောက်လုပ်ခြင်း မပြုရ။ 
ဤဥပဒေကို မလိုက်နာ။ ပျက်ကွက်ခဲ့သည်ဖြစ်အံ့။ စင်းဒေါ်လာ ၂၀၀၀၀ ထက်မပိုသော ဒါဏ်ငွေ တပ်ရိုက်မည်။
၃။ နေအိမ်၊ တိုက်တာ၊ အဆောက်အဦ၊ ခြံဝင်းတို့တွင် ချမှတ်ထားသော စည်းမျဉ်းများနှင့်အညီ ဖောက်လုပ်ထားသော ရေမြောင်းများ မရှိပါက ဘုတ်အဖွဲ့က ရေမြောင်းများကို မည်သည့်ရက်အတွင်း အပြီးဖောက်လုပ်ရမည် ဟု သတိပေးစာ ပို့ပါ လိမ့်မည်။ ထိုရက်အတွင်း အပြီးဖောက်ပါလေ။
၎။ ရေမြောင်းများကို ထိခိုက်စေမည့်၊ သို့မဟုတ် ရေမြောင်းအတွင်းစီးသွားမည့် ရေ၏ ရေစီးရေလာကို ထိခိုက်စေမည့် မည်သည့် အပြုအမူ၊ ဆောက်လုပ်ရေးကိုမှ ခွင့်မပြု။ အကယ်၍ မိမိလုပ်ဆောင်မှုကြောင့် ပျက်စီးခဲ့သည့်ဖြစ်အံ့။ ဘုတ်အဖွဲ့မှ ချမှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြန်လည်ပြင်ဆင်ပေးရမည်။
ဤဥပဒေကို မလိုက်နာ။ ပျက်ကွက်ခဲ့သည်ဖြစ်အံ့။ စင်းဒေါ်လာ ၂၀၀၀၀ ထက်မပိုသော ဒါဏ်ငွေ တပ်ရိုက်မည်။
၅။ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့သည် ရေမြောင်းကို ဖျက်မိသည်ဖြစ်အံ့။ စင်းဒေါ်လာ ၄၀၀၀၀ ထက်မပိုသော ဒါဏ်ငွေ၊ သို့မဟုတ် ၃ လထက်မပိုသော ထောင်ဒါဏ် သို့မဟုတ် ထောင်ဒါဏ်ငွေဒါဏ် နှစ်ရပ်လုံး တပ်ရိုက်နိုင်သည်။ ဘုတ်အဖွဲ့မှ ချမှတ် ထားသော စံနှုံးများနှင့်အညီ ရေမြောင်းကို မူလအခြေအနေရောက်သည်ထိ မိမိစရိတ်ဖြင့်မိမိ သတ်မှတ်ထားသော အချိန်အတွင်း ပြန်လည်ပြင်ဆင်ပေးရမည်။
ရေမြောင်းဆိုတိုင်း ရမ်းသမ်းဖောက်ထားတာ မထင်ပါနှင့်။ သည်ရေမြောင်းအတိုင်းအတာကို သူသူငါငါ လူတကာတွက်လို့ ရတာ မဟုတ်။ ဒါလေးများဟု အထင်မသေးလိုက်ပါနှင့်။ နှစ်ပေါင်းများစွာ စုဆောင်းတွက်ချက်၊ သုတေသနပြုကာ ရလာသော အချက်အလက်များကို မူတည်၍ QECP (Qualified Erosion Control Professional) က တွက်ထားတာဖြစ်သည်။ QECP ဟူသည် PE (Professional Engineer) ဖြစ်၏။ QECP ဖြစ်ရန် သင်တန်းထပ်တက်ရသည်။
ရေမြောင်းအရွယ်တွက်ခြင်းကို ဗဟုသုတရအောင် အနည်းငယ်ပြောပြပါမည်။
ရေမြောင်းအရွယ်အစားတွက်ချက်ရန် အောက်ပါအချက်များစုဆောင်းရ၏။
၁။ ထိုရေမြောင်းအတွင်း ၀င်ရောက်လာမည့်မိုးရေများ စီးဆင်းလာမည့်ဧရိယာ (catchment area – A)
၂။ ထိုဒေသ၏ coefficient of runoff (C)
၃။ ရေမြောင်းအတွင်း စီးဝင်လာမည့် ရေထုထည် (Q – Discharge at the point)
၎။ time of concentration - tc - ရေမြောင်းအတွင်း ရေစ၀င်လာသည်မှ ရေမြောင်းမှ ပြန်ထွက်သွားသည်ထိ ကြာချိန်
၅။ ထိုဒေသအတွက် မိုးရေချိန်လက်မ ( mm/hr) (ဒီဇိုင်းလုပ်ထားသည့်နှစ်အတွင်း)
၆။ ထိုဒေသ၏ Peak Runoff (မိုးအများဆုံးရွာချိန်တွင် စီးဝင်လာသော အများဆုံးမိုးရေပမာဏ)
၇။ အထက်ပါအချက်များပေါ် မူတည်တွက်ချက်ထားသော ရေမြောင်းအတွင်း စီးသွားမည့် ရေပမာဏ
၈။ ထိုအချက်များပေါ်မူတည်ပြီးမှ ရေမြောင်းအကျယ်အ၀န်းကို Manning’s Formula ဖြင့်တွက်ပါသည်။
(ကျွန်တော်ကလည်း တစ်ခုခုရေးလိုက်တိုင်း မြန်မာပြည်မှ ဟာသများကို သွားသွား သတိရမိပါသည်။ ဤနေရာတွင်လည်း ရန်ကုန်မြို့၊ စည်ပင်သာယာမှ ထုတ်သော ပျက်လုံးတစ်ခုကို မိတ်ဆွေများအား ဖောက်သည်ချပါအံ့။
ယမန်နှစ်က စည်ပင်မှ ဆောက်လုပ်ရေးကန်ထရိုက်များသို့ ဥပဒေတစ်ခု ထုတ်ပြန်သည်။ အသစ်ဆောက်လုပ်သော မည်သည့် တိုက်တွင်မဆို ရှေ့တွင် ၅ ပေအကျယ်၊ ၅ ပေအနက် ရေမြောင်း ဖောက်ပေးရမည်။ မဖောက်သူများကို ဆောက်လုပ်ခွင့် ပါမစ် မချပေးဟု ဆို၏။ သည်အခါ ကိုဆောက်လုပ်ရေးတို့က ဆရာတို့ရယ် ကြုပ်ကျက်လဲ လိပါဗျာ။ ကျွန်တော်တို့က သည် ၅ ပေ လောက်ကျယ်တဲ့မြောင်းကြီးဖောက်လိုက်တော့ ကျန်တဲ့သူတွေက အရမ်းဝမ်းသာမှာပေါ့ဗျာ။ ဘေးနားရှိသမျှ အိမ်တွေက ကျွန်တော်တို့ရေမြောင်းကြီးထဲ ရှိသမျှ အမှိုက်တွေလာသွန်မယ်။ အနားမှာရှိတဲ့ ရေမှန်သမျှလည်း ကျွန်တော်တို့မြောင်းထဲပဲ လာစုတော့မှာပေါ့ဗျာ။ သည်တော့ ကျွန်တော်တို့က သည်မြောင်းကြီးကို ရေကူးကန် ဒါမှမဟုတ် အမှိုက်ကျင်း လို့ ဆိုင်းဘုတ်ထောင်ထားတာ ပိုသဘာဝကျပါလိမ့်မယ် ဟု ကွန်ပလိန်း တက်လေသတည်း။ ခုတော့ ဒီဥပဒေ ဘယ်လိုနေသလဲ ဆိုတာ ကျွန်တော်မသိတော့ပါ။ သည်ဥပဒေ ထုတ်ပြန်သော လူကြီးမင်းများ၏ ခေါင်းထဲ ဦးဏှောက်အစား ဘာတွေ ရှိနေပါလိမ့်ဆိုတာ သိချင်လှပါဘိ။)
အင်ဂျင်နီယာမဟုတ်သူ စာရှုသူများကို အားနာပါသည်။ သည်းခံပါခင်ဗျာ။ ဗဟုသုတရစေရုံမျှ ရည်ရွယ်ပါသည်။
ထိုကဲ့သို့ တွက်ချက်ပြီးမှ ရေမြောင်းအကျယ်မည်မျှ၊ အနက်မည်မျှ၊ slope (ဆင်ခြေလျှော ဟု ခေါ်နိုင်ပါသည်။) မည်မျှ၊ (ဆိုလိုသည်မှာ မည်မျှ နိမ့်လျှောလုပ်ထားသည်။)၊ မည်သည့်နေရာများမှ ရေများဝင်လာမည်၊ မည်သည့်နေရာများမှ ရေများ ထွက်သွားမည်။ ရေအ၀င်အကျယ်၊ ရေထွက်ဝ အကျယ် စသည်တို့ကို PUB သို့ တင်ရသည်။ PUB က သည်အတိုင်း ဆောက်မည်၊ မဆောက် စသည် ဆုံးဖြတ်ပေးသည်။ သူတို့ဆုံးဖြတ်ချက်အတိုင်း သတ်မှတ်ထားသော စံချိန်စံညွှန်းများအရ ကန်ထရိုက်တာများက ဆောက်သည်။
အထက်တွင် သတ်မှတ်ထားသောစံချိန်စံညွှန်းများ ဆိုသည့် စကားလုံးကို သုံးလေးကြိမ်မျှ တွေ့ခဲ့ရပါလိမ့်မည်။ ဒါဆို သည် သတ်မှတ်ထားသောစံချိန်စံညွှန်းတွေကို ဘယ်မှာ သွားကြည့်မည်နည်း။ ဟို့ အစပိုင်းတွင် ဖော်ပြခဲ့သော ဥပဒေ၊ နည်းဥပဒေများထဲမှ တစ်ခုဖြစ်သော Code of Practice on Surface Water Drainage တွင် အသေးစိတ် ဖော်ပြထား ပါသည်။ ဖတ်လိုသူများ PUB website တွင် အခမဲ့ download လုပ်ယူနိုင်ပါ၏။ Download လုပ်ဖို့ရှာရမှာ ပျင်းလိုက်တာဗျာ။ ကျွန်တော့်ဆီပို့ပေးစမ်းပါဆိုလျှင်လည်း အီးမေးလေးသာ ပစ်လိုက်ပါ။ ကျွန်တော်ပို့ပေးပါမည်။
ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုကို ကန်ထရိုက်ရပြီ ဆိုပါစို့။ ပစ္စည်းစု၊ လက်နက်ကိရိယာတွေစု၊ လူစု။ စုံပြီဆိုတာနှင့် စကြမယ် ဟေ့ လုပ်လို့မရ။
အလုပ်စနိုင်ရန် လိုအပ်သော စာရွက်စာတမ်းများ ပြင်ရသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသို့ တင်ပြ အတည်ပြုချက် ရယူရသည်။ သူတို့ခွင့်ပြုထားသော စာရွက်စာတမ်းများ ပြည့်စုံမှသာ လုပ်ငန်းစလို့ရသည်။ အလီဘာဘာ လုပ် ပြီး စလို့ကတော့ ကွိသွားမည်။ ဗဟုသုတရစေရန် အနည်းငယ်မျှ ဖောက်သည်ချပါအံ့။
လုပ်ငန်းတစ်ခု စတော့မည်ဆိုပါက လုပ်ငန်းအကြီးအသေးပေါ်မူတည်ပြီး Safety Plan (SMS – Safety Management System), ECP (Environmental Control Programme) ကို သက်ဆိုင်ရာ NEA စသည်သို့ လုပ်ငန်းမစမီ ၂ ပတ်ကြို တင်ရသည်။ သူတို့က ကြိုက်ပြီ ဆိုပြီး approve လုပ်ပေးလိုက်မှ လုပ်ငန်းစလို့ရသည်။
(ကျွန်တော် ECC တွင်လုပ်စဉ်ကတော့ သည်ဟာကြီးကို slide presentation နှင့်ပြင်သွားပြီး လူကြီးမင်းများကို ရှင်းလင်း ပြသ ရသည်။ သူတို့မေးသမျှ ပြန်ဖြေရသည်။)
သည်ဟာများကိုလည်း တွေ့ရာလူ ကောက်ကက်ရေးလို့ရတာမဟုတ်။ လက်မှတ်ရ Safety Officer ၊ ECO (Environmental Control Officer) စသူတို့မှသာ ပြင်ရသည်။ လက်မှတ်မရှိသူ အကြင်သူတစ်ဦးတစ်ယောက်သည် ဤစီမံချက်ကို ရေးသည် ဖြစ်ပါအံ့။ ဒါဏ်ငွေ စင်းဒေါ်လာ ၅၀၀၀ တပ်ရိုက်နိုင်သည်။
သည် ECP ဆိုသည်ကို အနှစ်ချုပ်ရလျှင် ဆောက်လုပ်ရေးလုပ်ငန်းမှ ထွက်လာသော မြေစာ၊ အမှိုက်သရိုက်များကို မည်ကဲ့သို့ ထိန်းသိမ်းမည်၊ မည်ကဲ့သို့ စွန့်ပစ်မည်၊ ကျန်းမာရေးနှင့်ညီညွတ်အောင် မည်ကဲ့သို့ စီမံထားသည် စသည်တို့ ဖြစ်သည်။ အခြား ကိစ္စများ ဘေးဖယ်ထားလျှက် ရေနှင့်ပတ်သက်၍ စီမံရပုံလေး ကို ပိုပြီး အသေးစိတ်ရသော် အောက်ပါတို့ပါဝင်၏။
Erosion Control Measure - ဆောက်လုပ်ရေးကြောင့်ဖြစ်စေ၊ မိုးကြောင့်ဖြစ်စေ မြေကြီးများတိုက်စားခြင်းမှ မည်ကဲ့သို့ ကာကွယ်ရေး အစီအမံများ ပြုလုပ်ထားသည်။
Sediment Control Measure - ဆောက်လုပ်ရေးလုပ်ငန်းထဲမှ ထွက်လာသော ရွှံ့ရေညစ်များ ပြင်ပသို့မထွက်ရလေအောင် မည်သို့စီမံထားသည်။ ထိုရွှံ့ရေများကို ရေမြောင်းများအတွင်း စွန့်ထုတ်နိုင်လောက်သည့်ရေအရည်အသွေး ရလာအောင် မည်သို့ စီမံထားသည် စသည်တို့ ပါပါသည်။
ဆောက်လုပ်ရေးပဲကွာ ဘယ်ရွှံ့နဲ့ကင်းနိုင်ပါ့မလဲ။ သည်တော့ သည်ဆိုဒ်ထဲကထွက်လာတဲ့ကားတွေ ဘီးမှာရွှံ့ပေတာ ဘာဆန်းသလဲ ဟု ဂျစ်ကန်ကန်လုပ်လို့မရ။ နင့်ဟာနင် ဘီးတင်မကလို့ ကားတစ်စီးလုံးပဲ ပေပေ။ ငါတို့လမ်းပေါ်ရောက် လာရင်တော့ လုံးဝသန့်နေရမယ်။ ငါတို့လမ်းတွေကို ရွှံ့တစ်စက်မှ မစင်စေရဘူး ဟု LTA (Land Transport Authority) က လာပြီး ဒါဏ်ရိုက်ပါလိမ့်မည်။
LTA ဒါဏ်ရိုက်မှာကနောက်။ PUB က ဆော်ပလော်တီးမှာ အရင် ဖြစ်ပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ဖြစ်စေ၊ မိုးရေကြောင့်ဖြစ်စေ ထွက်လာသော ရွှံ့ရေများကို ရေမြောင်းများအတွင်း သည်အတိုင်း စွန့်ထုတ် ပစ်လို့မရ။ သောက်ကျိုးနည်း။ ဆောက်လုပ်ရေးလုပ်ငန်းအားလုံးသာ သည်အတိုင်းရွှံ့ရေတွေ ထုတ်နေရင် ငါတို့ရေကန်တွေ ရွှံ့ကန်တွေ ဖြစ်ကုန်တော့မှာပေါ့ ဟု PUB က ဥပဒေဖြင့်တားထားသည်။
            ဆောက်လုပ်ရေးလုပ်ငန်းများမှ ရေမြောင်းများအတွင်းသို့ စွန့်ထုတ်မည့်ရေသည် အမှုန်အမှိုက်ပါဝင်မှု အများဆုံး 50 ppm ဟု သတ်မှတ်ထားပါသည်။ လူပြိန်းနားလည်အောင်ပြောရလျှင် ထို 50ppm ဟူသည် ကျွန်တော်တို့မြစ်လယ်မှ ခပ်သောက်နေသော ရေထဲတွင် ပါနေသည့်အမှုန်ပမာဏလောက်သာ ဖြစ်ပါသည်။ မြစ်လယ်မှ ရေသည်ပင် 50ppm ထက် ပိုချင် ပိုပါလိမ့်ဦးမည်။ ပီဘိ မဖြစ်စလောက် အမှုန် အနယ်ပမာဏ ဖြစ်ပါသည်။ သည်တော့ ဆောက်လုပ်ရေးလုပ်ငန်းက ထွက်လာသည့်ရွှံ့ရေများကို မြောင်းထဲဖောက်ချလို့ရအောင် ဦးစွာ လုံးဝကြည်လင်သွားအောင် treatment လုပ်ရပါသည်။
            မလုပ်တော့ ဘာဖြစ်သလဲကွာဟု ဘုမတောပါနှင့်။ ရေထွက်ပေါက်တွင် CCTV တပ်ထားသည်။ ဟင်းဟင်း။ လုပ်ရဲ လုပ်ကြည့်ပေါ့။ အနှီ 50ppm ထက်ကျော်သည်ဆိုပါစို့။ ဒါဏ်ငွေ ၁၀၀၀ လောက်ပေးလိုက်ပါ။ နောက်တစ်ခါ ထပ်မိသည် ဆိုပါစို့။ ၂၅၀၀ ဖြစ်သွားမည်။
ရွှံ့ရေများကို ရေသန့်ဖြစ်လာအောင် လုပ်ပေးသောစက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Sewerage နှင့် Sanitary တို့အတွက်လည်း သည်အတိုင်းပြဌာန်းထားပါသည်။ လျော်ကာမယ်ကာမဟုတ်။ အလွန်တိကျစွာ ပြဌာန်းထားခြင်း ဖြစ်ပါသည်။
            သည်ဥပဒေ စည်းမျဉ်းများကို သက်ဆိုင်သူ ဆောက်လုပ်ရေးသမားများ သိထားဘို့ လိုပါသည်။ အသင်မိတ်ဆွေတို့ အတွက်မူ သြော် - ဒါတွေ ဒီလိုရှိပါလားဟု သိရုံလောက်သာ ပြောလိုရင်းဖြစ်သဖြင့် ထပ်မံလျှာမရှည်တော့ပါ။
            ကျွန်တော် မြန်မာပြည်ပြန်ရောက်လျှင်လည်း သည်လို ကျကျနနလေး လုပ်ချင်ပါသည်။ လေ့လာချင်လို့ပါ ဆိုသူများ အထက်ဖော်ပြပါစာအုပ်များကို ဖတ်ရှုလေ့လာနိုင်ပါကြောင်း။ မရှင်းတာ နားမလည်တာများရှိလျှင် Civil Engineer ကြီးများထံ ချဉ်းကပ် မေးမြန်းနိုင်ပါသည်။

ခဏလေးနေပါဦး။ အနည်းငယ် ထပ်မံလျှာရှည်ရလျှင် စင်ကာပူသည် ရေအတွက်သာမကသေး။
လေထုညစ်ညမ်းမှု (Air Pollution Control)
မြေထုညစ်ညမ်းမှု (Earth Pollution Control)
ဆူညံမှု (Noise Pollution Control)
အကောင်ပလောင်များ ထိန်းသိမ်းမှု (Vector Control) (ထိုအကောင်ပလောင်များတွင် ကြွက်၊ ခြင်၊ ယင် စသည်တို့ပါသည်။)
-       စသည်တို့ကိုလည်း ဥပဒေအသီးသီးဖြင့် ထိန်းထားပါကြောင်း။


အေးငြိမ်း
25/09/2011, 10:47 pm
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: 97303027