Wednesday, April 27, 2011

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၆)

ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်) - နောက်ဆုံးပိုင်း


(၁၈) ကျွန်ုပ် သင်တန်းဆရာဖြစ်ရခြင်း

အထက်တွင်ဆိုခဲ့သည့်အတိုင်း ကျွန်တော်တို့ရောက်ပြီး မြန်မာလုပ်သားများကို လူ ၂၀ လျှင် တစ်သုတ်ကျဖြင့် ခေါ်လာလိုက်သည်မှာ ဘယ်နှသုတ်မှန်းကို မမှတ်မိတော့ပါ။ အားလုံးထဲတွင် ကျွန်တော်တို့က အစောဆုံးရောက်ပြီး လုပ်ငန်း ကိုင်ငန်း အတွေ့အကြုံရှိထားပြီဖြစ်ရာ ဤသည်ပင်လျှင် ကျွန်တော် သင်တန်းဆရာဖြစ်လာရန် အကြောင်းဖြစ်ပေတော့သည်။

နောက်လာသူများထဲတွင် ဘီအီး၊ ဂျီတီအိုင် စသည်တို့ပါလာရာ ထိုသူများကိုလည်း ကျွန်တော်ကဲ့သို့ပင် ကျူစီ လုပ်ခိုင်းပါသည်။ အသစ်ရောက်လာသူများကို ကျွန်ုပ်ထံ အပ်၏။ သူတို့ကို လုပ်နည်းကိုင်နည်း သင်ပေးရန် ဖြစ်သည်။ ပထမ ဦးဆုံးတပည့်ကတော့ အနံကြီး ကွင်းကျယ်ဖြစ်သည်။ ကျွန်တော်က သည်ကဲ့သို့သောသူမျိုးကို အလွန် အော့နှလုံးနာတတ် သည်။ ကိုယ်ကိုယ်တိုင်က ရိုးရိုးသားသားနေသလို အခြားသူများ ပပလွှားလွှားနေသည်ကိုလည်း အလိုလိုနေရင်း မေတ္တာတုံး နေတတ်သည်။ မကောင်းမှန်းသိသော်လည်း ပြင်ရခက်ပါသည်။

သည့်အတွက် သူကပင် အလွန်ရောသော်လည်း ကျွန်တော်က ခပ်တန်းတန်းပဲနေပါသည်။ နောက်တစ်ဦးမှာ ကိုဝင်းရွှေ ဖြစ်၏။ အလွန်ရိုးသည်။ သို့မို့ကြောင့်လည်း ကျွန်တော်နှင့် အစပ်တည့်၏။ ကျွန်တော့်ဆီ သူစရောက်လာတော့ ဘာမှ စမသင်မီ ကျွန်တော်က သူ့ကိုသေသေချာချာကြည့်ကာ စကားပြောသည်။

“ ဒီမှာ ကိုစိုးကျော် (သူ့နာမည်အရင်းမှာ ကိုဝင်းရွှေဖြစ်သော်လည်း ဘယ့်နှာကြောင့် စင်ကာပူကို ကိုစိုးကျော် အနေနှင့် ရောက်လာမှန်း ကျွန်တော်မသိပါ။) - ဒီပုံပြင် ခင်ဗျားသိပြီးသားဖြစ်လိမ့်မယ်။ ဒါပေမဲ့ ထပ်ပြောမယ်။ တိုင်းပြည်မှာ အမတ်တစ်နေရာ လပ်တော့ ရခိုင်ဘုရင် မင်းထီးက ထက်ထက်မြက်မြက် ကောင်လေးတစ်ယောက်ကို အမတ်ခန့်ဘို့ လုပ်တယ်။ ဒါပေမဲ့ သူ့မိဖုရားက သူ့မောင်ကို ခန့်ချင်တယ်။ ဘုရင်မင်းထီးဆိုတာ ပညာရှိဘုရင်လို့ အင်မတန် နာမည်ကြီးတာ ကလား။ သည်တော့ ဘုရင်က သူ့ကောင်လေးနဲ့ မိဖုရားမောင်ကိုခေါ်ပြီး -

မောင်မင်းတို့၊ နန်းတော်အောက်မှာ ခွေးမကြီး သားမွေးနေတယ်။ သွားကြည့်ချေကြစမ်း လို့ ခိုင်းလိုက်တယ်။ နှစ်ယောက်စလုံး ဆင်းသွားကြတယ်။ ခဏနေတော့ မိဖုရားမောင် ပြန်ရောက်လာတယ်။ ဒီတော့ ဘုရင်ကမေးတယ်။ ကဲ၊ ကိုရွှေယောက်ဖ၊ ခွေးမွေးနေတာတွေ့ခဲ့ရဲ့လား။  မှန်ပါ့၊ တွေ့ခဲ့ပါတယ် ဘုရား။ ဒါဖြင့် ဘယ်နှကောင်လဲကွဲ့။  ဟိုက်၊ ရှာလပတ်ရည်။ ခဏလေးနေပါဦးဘုရား  ဆိုပြီး ပြေးဆင်းသွားတယ်။ ခဏနေတော့ ပြန်တက်လာတယ်။ မှန်ပါ့၊ ၆ ကောင်ပါ ဘုရား။  အေး၊ အေး၊ ကောင်းသကွဲ့။ ဒါဖြင့် အထီးက ဘယ်နှကောင်၊ အမက ဘယ်နှကောင်လဲကွဲ့။  အွတ်၊ ခဏလေးပါ ဘုရား ဆိုပြီး ပြေးဆင်းသွားပြန်တယ်။ အဲဒီလိုနဲ့ အဖြူဘယ်နှကောင်၊ အမဲဘယ်နှစ်ကောင်ဆို ပြေးဆင်းကြည့်လိုက်။ ဘုရင်မေးတိုင်း ပြေးပြေးကြည့်နေရတာဘဲ။

တော်တော်ကြာတော့ ဘုရင့်လူ တက်လာတယ်။ ကဲ၊ မောင်မင်း။ လာပါဦးကွဲ့။ မင်း ခွေးမကြီးမွေးနေတာ တွေ့ခဲ့ရဲ့လား။ မှန်ပါ့။ တွေ့ခဲ့ပါတယ် ဘုရား။ ဒါဖြင့် ဘယ်နှကောင်လဲကွယ်။ ၆ ကောင်ပါဘုရား။ အထီးဘယ်နှကောင် အမ ဘယ်နှကောင်လဲကွယ်။ မှန်ပါ့။ အထီး ၂ ကောင် အမ ၄ ကောင်ပါဘုရား။ အဖြူဘယ်နှကောင် အမဲ ဘယ်နှကောင်လဲကွဲ့ စသဖြင့် ဘုရင်မေးတိုင်း ဒက်ကနဲ၊ ဒက်ကနဲ ဖြေနိုင်တယ်။

အဲဒီတော့မှ မင်းထီးက သူ့မိဖုရားကို ပြောတယ်။

ကိုင်း၊ မမ။ မြင်ရဲ့လား၊ ခင်ဗျားမောင်။ ဘယ်နှကောင်လဲဆို ပြေးကြည့်လိုက်။ အထီးဘယ်နှကောင် အမဘယ်နှကောင် လဲဆို ပြေးကြည့်လိုက်။ ခင်ဗျားမောင်လိုလူမျိုးသာ အမတ်ခန့်လို့ကတော့ ကျူပ်တို့တိုင်းပြည်ကြီး မြောင်းထဲရောက်မဲ့ကိန်းပဲ ဆိုပြီး မိဖုရားမောင်ကို ကဲ၊ ကိုယ့်လူ။ မောင်ရင် အမတ်ဖြစ်ချင်ရင် ခဏစောင့်။ ၂၁ ရာစုရောက်မှ ကြံ့ဖွတ်ထဲဝင်။ ခုတော့ ဆောရီးပဲ လို့ ပြောလိုက်သတဲ့။

ကိုယ်ပြောချင်တာက ကိုယ့်လူ အဲဒီသင်္ဘောကြီးတွေထဲ တက်ရဆင်းရတာ ဘယ်လောက် ပင်ပန်းတယ်ဆိုတာ သိတယ် မှုတ်လား။ ဒီတော့ ရှင်ဘုရင့်ယောက်ဖလို မကြာခဏ ပြေးပြေး မကြည့်ရအောင် ကြာရင်ကြာပစေ။ တစ်ခါထည်း သေသေချာချာ၊ ကျကျနန ပြည့်ပြည့်စုံစုံ မှတ်လာခဲ့။ မသိတဲ့ဟာဆိုလည်း မသိတဲ့အတိုင်းမှတ်လာခဲ့။ ဒီရောက်တော့ ကိုယ် ပြောပြမယ်။ ရော့၊ ဟောဒီမှာ မှတ်စုစာအုပ်နဲ့ဘောပင်။ အိတ်ထဲ အမြဲထည့်ထား။ ဘယ်သွားသွား ယူသွား။ ကိုဇော်ဟိန်းထွန်း လို အင်္ကျီပေါ်မှာ မှတ်လိုမှတ်။ ဘောင်းဘီပေါ်မှာ မှတ်လိုမှတ် လုပ်မလာနဲ့။ အဲဒီလိုလုပ်လာလို့ကတော့ အဆဲခံရပြီသာမှတ်။

သင်္ဘောပေါ်တက်တော့မယ်ဆိုရင် မှတ်စုစာအုပ်၊ မှင်ထွက်တဲ့ ဘောပင်၊ ခဲတံ၊ လက်နှိပ်ဓါတ်မီး၊ ပေကြိုး၊ လိုတာမှန်သမျှ စေ့စေ့စုံစုံ အကုန်ယူသွား။ ဟိုရောက်မှ ဟိုဟာမေ့ကျန်လို့၊ ဒီဟာမေ့ကျန်ခဲ့လို့ မဖြစ်စေနဲ့ - - -
စသဖြင့် ဖြစ်ပါသည်။

ကျွန်တော်နှင့်တွဲလုပ်ပြီး အတော်လေး တတ်တတ်ကျွမ်းကျွမ်းဖြစ်ပြီဟု ယူဆသောအခါ သူ့ကို အင်ဒိုနီးရှားရှိ ဘာတန်ကျွန်းသို့ လွှတ်လိုက်သည်။ သည်ကတဲက ကိုဝင်းရွှေသွားလိုက်တာ ကျွန်တော် Tellus မှ ထွက်လာသည်ထိ ပြန်မရောက်လာသေးပါ။ သိပ်မကြာသေးမီက သူ့ကို ပင်နင်စူလာတွင်တွေ့လိုက်သေးသည်။ ယခုတိုင် ဘာတန်မှာပင် ရှိသေးသည် ဆို၏။

ကိုဝင်းရွှေပြီး နောက်တစ်ယောက်မှာ ကိုမိုးလွင် ဖြစ်သည်။ ထိပ်ပြောင်ပြောင်နှင့် ကုလားကလေးဖြစ်၏။ သူလည်း ရိုးရိုးသားသားပင်ဖြစ်သည်။ သို့သော် သူ့မှာ လေးဘက်နာရှိသဖြင့် အဲယားကွန်းကို အလွန်ကြောက်သည်။ ကျွန်တော်က သူ့ကို အခန်းထဲတွင် paper work များ လုပ်ခိုင်းသောအခါ သူက တောင်းပန်သည်။ အစ်ကိုရယ်၊ ကျွန်တော့်ကို သင်္ဘောပေါ်သာ လွှတ်ပါဗျာ။ အဲယားကွန်းခန်းထဲတော့ မနေပါရစေနဲ့။ လေးဘက်နာကြောင့် အကြောအချင်တွေ ကိုက်လွန်းလို့ပါ ဟူ၏။ သူ အခန်းထဲ မနေချင်သော နောက်တစ်ကြောင်းမှာ ကျွန်တော်ထိုင်ရသော အခန်းတွင် သူဌေးလည်းရှိသောကြောင့်တည်း။

အလုပ်ကတစ်ဖက်၊ သူတို့ကို သင်ပေးရတာ တစ်ဖက်ဆိုတော့ ကျွန်တော်လည်း မစားသာပါ။ ကျွန်တော် သင်ရ ပြရတာ အင်မတန် ၀ါသနာပါပါသည်။ သို့သော် တစ်ယောက်မဟုတ်၊ နှစ်ယောက်မဟုတ်။ အမြဲလိုလို သင်တန်းပေးနေရသည် ဖြစ်ရာ နောက်တော့ သက်သာမည့်နည်းကို အကြံထုတ်ရသည်။

ကျွန်တော်တို့ ကျူစီလုပ်ငန်းမှာ ဘာထူးခြားဆန်းပြားတာမှ မပါ။ သည် procedure အတိုင်း သွားသည် ဖြစ်သဖြင့် ဤ procedure များကို ကျွန်တော်က ကျူစီလက်စွဲ ဆိုပြီး စာအုပ်ရေးသည်။ နောက်ပြီး ကော်ပီကူးကာ အသစ်ရောက်လာသူများ ကို ဤစာအုပ်ပေးကာ ဖတ်ခိုင်းသည်။ ရှင်းပြပြီး မသိတာ မေးခိုင်းတော့ အတော်လေးတာသွားသည်။ သည်တော့မှ ကျွန်တော်လည်း သက်သာရာ ရသည်။

ရောက်စက Tellus မှာ ဘာကွန်ပြူတာမှ မရှိ။ နောက်နှစ်ကျမှ 386 တစ်လုံး၊ ဘယ်ကဆွဲလာသည်မသိ။ အသစ် မဟုတ်။ နောက်တော့ ကျွန်တော့်ကို 486 တစ်လုံးပေးသည်။ သည်တုံးက Pentium 2 ပေါ်နေပြီ။ သို့သော် ကျွန်တော်တို့ ခင်မျာ ကွန်ပြူတာအသစ် ကိုင်ခွင့်မရ။ ရှိသည့်ကွန်ပြူတာလေးနှင့် ကိုယ့်ဟာကိုယ် ရိုက်ကာ စာအုပ်ထုတ်ခြင်း ဖြစ်သည်။

ကျွန်တော်သည်လိုလုပ်တာ သူတို့ သဘောကျသည်။ သို့ပင်သဘောကျသော်ငြားလည်း ချီးမွမ်းဖော်မရ။ မသိချင်ယောင် ဆောင်နေသည်။ ညနေပိုင်း လဖက်ရည်သောက်ချိန်များတွင် မလေးနှင့်တရုတ် စူပါဗိုက်ဆာများနှင့် ကျူစီလူဟောင်းများကို ကျွန်တော်က ပိုက်လုပ်ငန်းဆိုင်ရာ သင်္ချာ သင်ပေးဘို့ကြိုးစားကြည့်ပါသေးသည်။ သို့သော် သူတို့ စိတ်မ၀င်စားကြပါ။ ကျွန်တော်ခေါ်သည့် အစပိုင်းတော့ အထူးအဆန်းအနေနှင့် လာကြသေးသည်။ သို့သော် သုံးလေးရက် လောက်ကြာတော့ တစ်ယောက်မှ မပေါ်လာတော့ပါ။

သို့သော်လည်း သူတို့အထဲမှ Elias ဆိုသည့်ကုလားက လူလည်ဖြစ်သည်။ လူစွာလုပ်လွန်းသဖြင့် ကျွန်တော်က သူ့ကို ခပ်တန်းတန်းသာ ဆက်ဆံပါသည်။ ညနေပိုင်း အလုပ်အနည်းငယ်ပါးချိန်တွင် ကျွန်တော် ကွန်ပြူတာနှင့် paper work များ လုပ်နေချိန်၌ မသိမသာ အနားကပ်လာကာ မျက်နှာချိုသွေးလျှက် အဲဒါ ဘာခေါ်သလဲ။ ဒါကို ဘယ်လိုရိုက်ရသလဲ စသဖြင့် တစတစ မေးမြန်းကာ သင်ယူပါသည်။ ကျွန်တော်က သူမေးသမျှသာ ဖြေသည်။ အပိုစကားဘာမှ မပြော။

ကျွန်တော်သင်ပေးချင်သူမှာ ကျူစီဗီ ဖြစ်သည်။ သို့သော် သည်ကောင်ကျတော့ ကွန်ပြူတာကို စိတ်မ၀င်စား။ ကျွန်တော်က အတင်းခေါ်သင်ပေးလျှင် မကြာခဏ တ၀ါးဝါးနှင့်သမ်းကာ ဆောရီး၊ ဆောရီးနှင့် ပြောသည်။ နောက်တော့လည်း ကျွန်တော်လက်လျှော့လိုက်ပါသည်။

သူတို့မှာ ကျူစီပင်လုပ်နေသော်ငြားလည်း iso drawing တောင် ကောင်းကောင်းမဆွဲတတ်ကြပါ။ မြန်မာ အများစု ကတော့ သင်ပေးလျှင် ခဏနှင့်တတ်ပါသည်။ သို့သော် သည်တရုတ်နှင့် ကုလားကျူစီများမှာ ဘယ်လိုမှ သင်လို့မရပါ။ တစ်ခါက ကိုဇော်ဟိန်းထွန်းနှင့် မူးနစ်တို့ သင်္ဘောပေါ်မှ ပိုက်လိုင်းတစ်ခု သွားကူးဆွဲလာပြီး ဟိုဘက်လှည့်ရတယ်၊ ဒီဘက် လှည့်ရတယ် နှင့် အခြေအတင် ငြင်းကြခုံကြပါသည်။ ကျွန်တော်က မသိချင်ယောင်ဆောင်နေကာ တစ်ဖက်လှည့်ပြီး လုပ်စရာ ရှိတာ လုပ်နေ၏။ ခဏကြာတော့ သူတို့နှစ်ယောက် ကျွန်တော့်ဆီရောက်လာ၏။ သူတို့ဆွဲထားသောပုံများပြကာ အမှန်အမှား ဆုံးဖြတ်ပေးရန် လာခြင်းဖြစ်သည်။

ကျွန်တော် ကိုဇော်ဟိန်းထွန်းပုံကို အမှန်ပေးလိုက်ပါသည်။ သို့သော် သူတို့နှစ်ဦးစလုံး မည်သူမျှမမှန်ပါ။ ကျွန်တော် ဘာကြောင့် ကိုဇော်ဟိန်းထွန်းကို မျက်နှာသာပေးမိမှန်းလည်း ကိုယ့်ဟာကိုယ် မသိပါ။ ကိုယ့်မြန်မာလူမျိုးချင်းကြောင့် ဖြစ်ပါ လိမ့်မည်။ သည်လိုလုပ်တာ မတရားမှန်းသိလျှက်နှင့် လုပ်လိုက်မိခြင်း ဖြစ်ပါသည်။

အိမ်တွင်လည်း ပိတ်ရက်များတွင် အတူနေသူ၊ စိတ်ဝင်စားသူများအား ပိုက်နှင့်ပတ်သက်သည်များကို သင်ပေးပါ သည်။ သို့သော်လည်း များသောအားဖြင့် စိတ်မ၀င်စားကြပါ။ တစ်ဦးစ နှစ်ဦးစသာ ခဏတဖြုတ် သိချင်တာလေး မေးသဖြင့် ပြောပြရတာလောက် ရှိပါသည်။

ကျွန်တော် Tellus မှ ထွက်မလာမီ လေးငါးလခန့်အလိုတွင် ဂနေဆန် ကာနမ် (Ganansan Kanam) အမည်ရှိ ကုလားလေးတစ်ယောက် ယောက်လာပါသည်။ သူက ကျွန်တော့်ကို သူ ပိုက်အကြောင်း ကောင်းကောင်းနားလည်ကြောင်း ပြောပါသည်။ နောက်ပြီး ကျွန်တော့်ကို သူ အိန္ဒိယတွင် သင်တန်းတက်ခဲ့ စဉ်က စာအုပ်များ (NDT Test and Destructive Testing), Pipe Fitters Blue Book တို့ပေး၏။

ကျွန်တော်က သူ့ကို သင်္ဘောပေါ်ခေါ်သွားကာ ငါ ဒီနေရာကနေ ဒီနေရာကို ပိုက်လိုင်းပြေးမယ်။ ဒါကို ဘာစနစ် လို့ခေါ်တယ်။ ဘယ်နေရာတွေမှာ ပိုက်အထိုင်တွေထည့်မယ် စသဖြင့်ပြကာ သူ့ကို Iso drawing ထုတ်ခိုင်းပါသည်။ ဂနေဆန် တို့ ဘယ်လောက်တော်သလဲ ဆိုလျှင် သူတိုင်းလာသော အတိုင်းအတာများ အတိုင်း ကျွန်တော်က Iso ထုတ်ကာ ဖိုမင်များ သို့ပေးလိုက်သည်။ သူထုတ်ပေးထားသော drawing အတိုင်း ဆင်ထားသော spool များကို သင်္ဘောပေါ်တွင် ဆင်လိုက်သော အခါ ဘာမှ ပြင်စရာ၊ ဆင်စရာ၊ modify လုပ်စရာမလိုဘဲ သည်အတိုင်း ဆင်သွားလို့ရလေသည်။

ဟာနာဖီ ဆိုသော မလေးဖိုမင်မှာမူ သူဆင်သွားသော ပိုက်မှန်သမျှ မဖြတ်ရသော၊ ပြန်မပြင်ရသော spool ရယ်လို့ မရှိ။ ကျွန်တော် သည်တစ်ချက်တည်းနှင့် ဂနေဆန်ကို ပစ်ကျသွားပြီး သူ့ကို သူဌေးဆီ ခေါ်လာသည်။ သူဌေးကလည်း တော်ပါသည်။ ကျွန်တော်က အကျိုးအကြောင်း ရှင်းပြလိုက်သောအခါ ဂနေဆန်ကို ချက်ခြင်း အဖြူဝတ်ပေးလိုက်သည်။ ဂနေဆန်ကလည်း ကျွန်တော့်ကို ခင်ပါသည်။ ကျွန်တော်က စူပါဗိုက်ဆာတစ်ဦး၏ တာဝန်နှင့်ဝတ္တရားများကို ဂနေဆန်အား အခွင့်သာတိုင်း ပြောပြသည်။

(၁၉) ကျွန်ုပ်အား Keppel မှ အလုပ်ကမ်းလှမ်းခြင်း

ကျွန်တော် ရာထူးကြီးကြီးများသို့မရောက်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ ကျွန်တော်၏ နုံချာလှသော လူမှုဆက်ဆံရေး - PR (Public Relationship) နှင့် မမှန်ကန်သော စိတ်နေသဘောထား (Attitude) တို့ကြောင့် ဖြစ်သည်။ ကျွန်တော်က ကိုယ်နှင့် အလွမ်းသင့်သူများနှင့်လောက်သာ အပေါင်းအသင်းလုပ်ပြီး ကျွန်တော့်စိတ်နှင့်မတွေ့သူများကို မပေါင်း ပါ။ သူတို့စကားလာပြောလျှင်ပင် ပြန်ပြောချင်မှ ပြောပါသည်။ ပြောလျှင်လည်း တစ်ခါတစ်ခါ ဂွစကားပြောတတ်၏။ သူများတွေ ၀ိုင်းဖွဲ့ပြီး အလ္လာပ၊ သလ္လာပ ပြောသည်ကို ကျွန်တော်က အပိုဟုယူဆသည်။ ၀င်မရော။ သည်တော့ သူတို့နှင့် မရင်းနှီးတာ မဆန်းပါ။

အထက်အရာရှိတစ်ဦး ဖြစ်လိုသူသည် စိတ်ရှည်ရသည်။ သည်းခံရသည်။ ပေါင်းသင်းဆက်ဆံရေး ၀င်ဆံ့ ရသည်။ မျက်နှာချိုရသည်။ စကားကို ချိုချိုသာသာ ပြောရသည်။ ဒေါသမကြီးရ။ ကိုယ်မကြိုက်လျှင်သော်မှ ထုတ်မပြောရ။ နောက်တော့မှ သာယာညင်းပြောင်း အကျိုးအကြောင်းနှင့်တကွ ရှင်းပြရသည်။ သည်အကြောင်း ဒေးလ်ကာနက်ဂျီက How to Win Friends ဆိုပြီး စာအုပ်ရေးသည်။ ဦးနုက “လူပေါ်လူဇော်လုပ်နည်း” ဆိုပြီး ဘာသာပြန်သည်။ နောက်တော့ မိတ္တဗလ ဆရာတက်တိုး ကလည်း သောကကင်းဝေးနေနိုင်ရေး ထင်သည်။ ဘာသာပြန်ပါသည်။ အလွန်ကောင်းသော အကြံဉာဏ်နှင့် လမ်းညွှန်ချက် များဖြစ်ပါ၏။

ကျွန်တော့်တွင် အထက်ပါ အရည်အချင်းများတစ်ခုမှ မရှိပါ။ ကျွန်တော့်တွင်ရှိသည့်အရည်အချင်းများကား ထို အချက်များနှင့် ပြောင်းပြန်ဖြစ်သည်။ ထစ်ကနဲဆို ဗြစ်ကနဲ လုပ်ချင်သည်။ စိတ်တိုသည်။ သည်းမခံတတ်။ စကားကို ချိုချို သာသာ မပြောတတ်။ ဘုတောတတ်သည်။ ပညာကလေး မတောက်တစ်ခေါက် တတ်သဖြင့်သာ ခုအခြေအနေ ရောက်ရ သည်။ နို့မို့ဆို မလွယ်။ ကျွန်တော့်အကြောင်းသိသော ကျွန်တော်တို့ဒါရိုက်တာက ကျွန်တော့်ကို Public Relationship သင်တန်းများ တက်စေရန် စိုင်းပြင်းသည်။

ကျွန်တော် အဘယ်ကြောင့် ဤမျှကိုယ့်ကိုယ်ကိုယ် ချီးမွမ်းခန်းထုတ်နေရသနည်း ဆိုပါလျှင် ဤစာဖတ်မိသူ မိတ်ဆွေ အပေါင်းအား မိမိ၏တိုးတက်ရာတိုးတက်ကြောင်းအတွက် အဟန့်အတားဖြစ်စေမည့် အချက်များကို ရှောင်နိုင်ကြစေရန် ဖြစ်ပါ သည်။ သိပ်များများလုပ်စရာ မလိုပါ။ အထက်ဖော်ပြပါ အချက်အနည်းငယ်ကို သေသေချာချာ လိုက်နာနိုင်လျှင် မကြာမီ အတောအတွင်း လက်ရှိအဆင့်ထက် ပိုမြင့်သွားနိုင်ပါသည်။

ပြန်ကောက်ကြပါစို့။ နောက်လာသည့်အသုတ်များထဲတွင် ကျွန်တော့်လိုပင် ဘီအီးဘွဲ့ရပြီး တစ်နာရီ သုံးကျပ်နှင့် ရောက်လာသူ တစ်ဦးပါလာပါသည်။ သူက ကျွန်တော့်လို ယောင်တောင်ပေါင်တောင်နှင့် ရောက်လာခြင်းမဟုတ်။ သိသိကြီးနှင့် ရောက်လာခြင်းဖြစ်သည်။ သူ့နာမည်မှာ ကိုဇော်လေး ဖြစ်၏။ ကိုဇော်လေးက ပုံဆွဲအလွန်ကောင်းသည်။ ထိုစဉ်က AutoCAD ပေါ်နေပြီဖြစ်သော်လည်း ကျွန်တော်တို့မှာ အော်တိုကက်ရော၊ အော်ရှည်ကက်ရော ဘာမှသုံးခွင့်မရ။ ကိုဇော်လေးက လက်နှင့်ဆွဲသည်။ မာလာက Keppel မှ GA Drawing (General Arrangement Drawing) နှင့် P & ID (Piping and Instrument Diagram) များယူလာသည်။ ကိုဇော်လေးက Iso ပြန်ထုတ်သည်။

ကိုဇော်လေးဆွဲသောပုံများမှာ အလွန်လက်ရာကောင်းသည်။ အမှန်ကို ၀န်ခံရလျှင် ကျွန်တော် သူ့လောက်ကောင်းအောင် မဆွဲနိုင်ပါ။ ကျွန်တော့်ပုံများမှာ လက်ရာကြမ်းလှသည်။ သူ့ပုံများမှာမူ အလွန်တိကျသပ်ယပ်သည်။ အတိုင်းအတာများ တွက်ရာတွင်လည်း အလွန်တိကျသေချာသည်။

သူက စီးကရက်ကလေး အပြင်ထွက်ဖွာလိုက်၊ ပြန်ဝင်လာပြီး ပုံဆွဲလိုက်နှင့်။ သူနှင့် ကျွန်တော်က စားပွဲချင်းကပ် လျှက် ထိုင်ရသည်။ တစ်ရက်တော့ သူနှင့်ကျွန်တော် ထွေရာလေးပါး စကားများပြောကြရင်း သူက ကျွန်တော့်ကို RIT ကျောင်းဆင်းဖြစ်ပါလျှက် တစ်နာရီ သုံးကျပ်နှင့် အင်ဂျင်နီယာဈေးဖျက်သူ ဟု စွပ်စွဲပါသည်။ ကျွန်တော်လည်း ဟုတ်နေသဖြင့် ဘာမှ ပြန်မပြောသာပါ။ စင်ကာပူမလာခင် ကျွန်တော့်မှာ စင်ကာပူနှင့်ပတ်သက်၍ ဘာဗဟုသုတမှ မရှိသဖြင့် ရောက်ပြီးရော လာရကြောင်း၊ တန်သည်မတန်သည် ကိုပင် မသိကြောင်း ရိုးရိုးသားသားပင် ပြန်ပြောလိုက်ပါသည်။

ကျွန်တော်တို့ ကန်ထရိုက်တာများထဲမှ သူဌေးနှင့် မန်နေဂျာများအား အဖွဲ့ဝင်အဖြစ်ထားကာ Keppek Shipyard မှ မန်နေဂျာများဦးဆောင်လျှက် CQAT 8 ဟု ခေါ်သော အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားပါသည်။ အရှည်ကိုတော့ မေ့နေပြီ။ Contractors Quality Assurance Team ထင်ပါသည်။ ရည်ရွယ်ချက်မှာ ကုန်ထုတ်တိုးရေး၊ အရည်အသွေးမြှင့်တင်ရေး ဖြစ်၏။

သည်အဖွဲ့ စည်းဝေးပွဲများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၃ နာရီမှ ၅ နာရီထိ ကျင်းပ၏။ ပြောစရာနည်းလျှင်မူ ၄ နာရီခွဲလောက်တွင် ပြီးသည်။ အစတော့ သည် စည်းဝေးပွဲများကို သူဌေး၏တူလည်းဟုတ်၊ မန်နေဂျာလည်း ဟုတ်သူ အ,၀ီး (Ah Wee) သွားတက်သည်။ နောက်တော့ အစည်းဝေးပွဲတိုင်း အဆဲခံရသည်ထင့်။ သူမသွားတော့ဘဲ ကျွန်တော့်ကို အတင်း တွန်းလွှတ်ပါသည်။ ကျွန်တော်လည်း ယောင်နနဖြင့် ရောက်သွားသည်။

စည်းဝေးပွဲဟုပင်ဆိုသော်ငြား လက်တွေ့တွင် ကျွန်တော်တို့ဖြစ်နေသည်မှာ ထို မန်နေဂျာ၏ အဆဲခံရန် သွားသည်နှင့် တူနေပါသည်။ သူက စည်းဝေးပွဲ စပါပြီ ဆိုကတည်းက ကန်ထရိုက်တာ တစ်ယောက်စီထခိုင်းကာ သူလုပ်ခိုင်းထားသည်တို့ကို ရှင်းပြခိုင်းပါသည်။ Progress မတင်ပြနိုင်ပါက ကောင်းကောင်းဆဲပါသည်။ ကျွန်တော်တို့ ကုမ္ပဏီ(Tellus) ကို ဘာလုပ်ခိုင်း ထားသလဲ မသိပါ။ Ah Wee ကလည်း ကျွန်တော့်ကို ဘာမှရှင်းမပြဘဲ သူမသွားရပြီးရော၊ အတင်းတွန်းလွှတ်လိုက်တာ ဖြစ်ပါသည်။ တကယ်ဆို သူ့ကိုဘာခိုင်းသလဲ ဆိုတာတောင် နားလည်ချင်မှ နားလည်ပါလိမ့်မည်။ နားမလည်သည့် အတွက် လည်း အမြဲအဆဲခံနေရတာ ဖြစ်ပါလိမ့်မည်။

အစတော့ သူတို့ ဘာတွေဆွေးနွေးနေပြီး ဘာတွေပြောနေကြမှန်း ကျွန်တော် နားမလည်ပါ။ သို့သော် ထို စည်းဝေးပွဲ တွင် ကျွန်တော်တို့ရုံးခန်းနှင့်ကပ်လျှက် Alpine မှ GM (အထွေထွေမန်နေဂျာ) အိုက်ကောက် (Aik Kok) လည်း လာတက် သည်။ အိုက်ကောက်နှင့် ကျွန်တော်က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသည်။

စည်းဝေးပွဲနှစ်ခါလောက်သွားပြီးတော့ ကျွန်တော် မကျေနပ်သည်နှင့် သူတို့ ဘာလိုချင်မှန်း သေသေချာချာ သိရအောင် အိုက်ကောက်နှင့် သွားဆွေးနွေးသည်။ အိုက်ကောက်ပြောပြမှ Keppel မှာ မန်နေဂျာ လုပ်ရတာလည်း မချောင်လှ ကြောင်း သိရတော့သည်။ သူတို့ကို အထက်က ကြပ်သည်။ သူတို့က ကျွန်တော်တို့ ကန်ထရိုက်တာများကို ပြန်ကြပ်သည်။

သည်တော့မှ သူတို့လိုချင်တာ ကျွန်တော်ရိပ်မိသည်။ အိုက်ကောက်အကြံပေးမှ ကျွန်တော့်ခေါင်းထဲတွင် လက်ကနဲ အကြံပေါ်လာသည်။

ပိုက်ရှော့တွင် spool များကို ဆင်ရတာ လက်ဝင်လှသည်။ အထူးသဖြင့် သင်္ဘောအဟောင်းမှ ပိုက်များကို ဖြုတ်လာကာ အသစ်နှင့်အစားထိုးရန် လုပ်သည့်အခါများတွင် မူရင်း spool အတိုင်း တသဝေမတိမ်းရရန် Template ပုံစံချရသည်။ ထိုအခါ သံပြားပေါင်းများစွာကို ဖြတ်တောက်ရ။ တက်ကင်တွဲရ။ မလိုလား အပ်သည့် အချိန်နှင့် လုပ်အားများ ကုန်လှသည်။ သည်တော့ ကျွန်တော်က ပိုက်ဆင်သည့် ပုံစံချကိရိယာ (Pipe Fabricating Template Equipment) လုပ်ဖို့ စိတ်ကူးရသည်။

သို့နှင့် နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့မတိုင်မီ ကျွန်တော့်စိတ်ကူးကို ပုံကြမ်းထုတ်ကာ သေသေချာချာ ပြင်ဆင်ထား လိုက်ပါသည်။ စည်းဝေးပွဲနေ့ရောက်သည်နှင့် ကျွန်တော်က ထိုပုံကြမ်းကို ချပြကာ ဤကိရိယာ၏ အားသာချက်၊ အားနည်းချက်များ၊ မည်သည့်ပစ္စည်းများသုံးကာ မည်ကဲ့သို့ဆောက်ရမည် စသည်တို့ကို ရှင်းပြလိုက်သောအခါ ထို စည်းဝေးပွဲကို ဦးဆောင်ကာ အမြဲဆဲဆိုကြိမ်းမောင်းနေသော Keppel မှ မန်နေဂျာ (သူ့နာမည်တော့ မေ့နေပါပြီ) က အလွန် သဘောကျသွားသည်။

သူက ကျွန်တော့်ကို ပိုက်ရှော့မှ ဖိုမင်ဖြစ်သူ Ah Wee နှင့်တွဲပေးလိုက်သည်။ Ah Wee နှင့် ကျွန်တော်တို့ သည် ကိရိယာကို စတင်အကောင်အထည် ဖော်ကြသည်။ သို့သော် ကျွန်တော့်မှာ ကျူစီအလုပ်နှင့် လက်မလည်နိုင်သောကြောင့် သူတို့လုပ်တာ သွားမကြည့်အားပါ။ သူတို့ခေါ်မှ တစ်ခါတစ်ရံ သွားကြည့်သည်။ အနည်းအပါး အကြံပေးသည်။

များမကြာမီ ကျွန်တော့် ၀ပ်ပါမစ်လည်း သက်တမ်းစေ့သွားပြီဖြစ်သဖြင့် ကျွန်တော်စခဲ့သော ဇာတ်လမ်းကို အဆုံး မသတ်နိုင်ပဲ မြန်မာပြည်သို့ ပြန်ခဲ့ရပါတော့သည်။။ ထိုပရောဂျက် အောင်မြင်၊ မအောင်မြင်လည်း မသိရတော့ပါ။

နောက်အပတ် စည်းဝေးပွဲတွင် Keppel မန်နေဂျာက ကျွန်တော့်ကို သူတို့ဆီတွင်လာလုပ်ရန် ကမ်းလှမ်း၏။ ဇိကုတ်ပြီးနတ်ပြည်တင်တာကို ဖင်အေးတယ်ဆိုကာ ကျွန်တော် ခုန်ချလိုက်ပါသည်။ သင်္ဘောကျင်းတွင် လုပ်နေရတာ ပင်ပန်းလှသဖြင့် နောင် ဘယ်တော့မှ သင်္ဘောကျင်းကို ပြန်မလာတော့ဘူး ဟု စိတ်နာစွာ အပြတ်ဆုံးဖြတ်ထားသောကြောင့် ဖြစ်ပါသတည်း။

သည်စည်းဝေးပွဲတွင် အခြားမြန်မာတစ်ဦးဖြစ်သူ ဦးမြတ်ကျော်ကို တွေ့ခဲ့ရပါသည်။ သူက Electrical Section မှ ဖြစ်၏။ သူကတော့ ၀ါယာကြိုးဆွဲရာတွင် လွယ်ကူသက်သာစွာဆွဲနိုင်မည့် ဒလိမ့်တုံးကလေးများ ထွင်ပေးလိုက်ပါသည်။ သည့်အတွက် သူလည်း သည်စည်းဝေးပွဲများတွင် အထောင်းခံရ သက်သာ သွားပါသည်။

အခြားသူများမှာမူ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ပြနိုင်တာ မတွေ့ခဲ့ရပါ။ အဘယ်ကြောင့်ဆိုသော် လာတက်သူ များမှာ စူပါဗိုက်ဆာ အဆင့်ရှိသူများသာ ဖြစ်သောကြောင့်ပါတည်း။ အမှန်မှာ ထိုစည်းဝေးပွဲကို မန်နေဂျာ အဆင့်ရှိသူများ၊ အနည်းဆုံး အင်ဂျင်နီယာများ လာတက်ရမည်ဖြစ်သည်။ သို့သော် မန်နေဂျာဖြစ်လျှက်၊ အင်ဂျင်နီယာဖြစ်လျှက် အသုံးမကျဟု ပြောတာ မခံလို၍ တစ်ကြောင်း။ လူကြားထဲ အဆဲခံရတာ ရှက်သဖြင့်လည်းကောင်း သူတို့အစား စူပါဗိုက်ဆာများကို အဆဲခံရအောင် လွှတ်လိုက်တာ ဖြစ်ပါသည်။ လူလည်ကြီး သားသမီးများဖြစ်ပါ၏။

(၂၀) Tellus နှင့် အပြီးတိုင် လမ်းခွဲခဲ့ခြင်း
ဆိုခဲ့သည့်အတိုင်း သင်္ဘောကျင်းတွင်လုပ်ရတာ အင်မတန် ပင်ပန်းသလို အန္တရာယ်လည်း များလှပါသည်။ သင်္ဘော ဟောင်းများမှ ပိုက်များလဲရန်ရှိလျှင် ကျွန်တော်တို့က လဲမည့်ပိုက်များကို အတိုင်းအတာယူရန်၊ ဘာတွေ လဲမလဲ ဆိုတာသိရန် သင်္ဘောတွင်း ဆင်းကြည့်ရပါသည်။ သင်္ဘောဟောင်းဖြစ်သည့်အတွက် ဆီလှောင်ကန်များအတွင်း (သန့်ရှင်းရေးပင် လုပ်ထားသော်ငြားလည်း) ဆီအကြွင်းအကျန်များ၊ ဆီငွေ့များ၊ အနံ့အသက်များဖြင့် အလွန်နံစော် ညစ်ပတ်လှပါသည်။ ဆီများဖြင့် ချောနေ၍လည်း မလဲရန်၊ ပြုတ်မကျရန် သတိကြီးစွာ ထားရပါသည်။ Tank ကြီးများမှာ အလွန်ကြီးမားလှရကား ပြတ်ကျလျှင် သေနိုင်ပါသည်။


ထို့ပြင် Tank များမှာ ကာလကြာရှည်စွာ ဆီ၊ ဓါတုဆေးရည်၊ ဓါတ်ငွေ့ စသည်တို့ကို သိုလှောင်ထားရာ ထို tank အတွင်း မ၀င်မီ tank များကို လေမှုတ်ကာ သန့်ရှင်းရေးလုပ်ရပါသည်။ ထို့နောက် သက်ဆိုင်ရာ safety က မီတာဖြင့်တိုင်းကာ ထိုတိုင်ကီသည် ၀င်ရန် အန္တရာယ်ကင်းသည်ဆိုမှ ၀င်လို့ရပါသည်။ သို့မဟုတ်ပဲ ကိုယ့်သဘောနှင့်ကိုယ် ၀င်သွားပြီး အထဲတွင် အဆိပ်ရှိသော ဓါတ်ငွေ့များရှူမိလျှင် အသက်အန္တရာယ်ရှိပါသည်။ ဤကဲ့သို့ သေဖူးသော သာဓကများလည်း များစွာရှိပါသည်။

ထိုမျှသာမက။ ထိုတိုင်ကီဟောင်းများအတွင်း အလုပ်လုပ်စရာ (အထူးသဖြင့်) မီးနှင့်လုပ်ရသည့် ဖြတ်တောက်ခြင်း၊ ဂဟေဆော်ခြင်း၊ ကျောက်စက်တိုက်ခြင်း စသည်တို့ ရှိပါက အထူးသတိထားရပါသည်။ Safety ထံမှ အလုပ်လုပ်ခွင့်ပါမစ် (Permit To Work – PTW) ရမှ လုပ်ရပါမည်။ သို့မဟုတ်ပါက တိုင်ကီထဲတွင် မီးလောင်တတ်သော ဓါတ်ငွေ့ အကြွင်းအကျန် များ ရှိနေပါက မီးလောင်မှု၊ ပေါက်ကွဲမှုတို့ ဖြစ်တတ်ပါသည်။ ပြီးခဲ့သော ၂၀၀၈ ခုနှစ် ဇွန်လအတွင်းက Keppel တွင် သင်္ဘောတိုင်ကီ ပေါက်ကွဲကာ လူတစ်ဦး သေဆုံးခဲ့ဖူးပါသည်။ ၁၉၇၈ ခုနှစ် အောက်တိုဘာလက Jurong Shipyard တွင် သင်္ဘောမှ တိုင်ကီပေါက်ကွဲကာ လူ ၇၆ ဦး သေဆုံးခဲ့၏။ ၂၀၀၈ ခုနှစ် စက်တင်ဘာလကလည်း Pandan Shipyard တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့သေးသည်။

ထို့ပြင် မိမိလုပ်ရမည့်အလုပ်ကို Safety ပင်လာမစစ်သော်ငြား၊ မိမိဘာသာ စိတ်ချရမှုရှိမရှိ စစ်ဆေးကြည့်လျှင် ပို ကောင်းပါသည်။ ဆိုကြပါစို့။ ဂဟေသမားတစ်ဦးသည် ဂဟေဆော်တော့မည်ဆိုလျှင် မိမိဆော်မည့် ဂဟေစက် မြေစိုက်ကြိုး ချထားမထား၊ ၀ါယာကြိုးများကောင်းမကောင်း၊ ဂဟေလက်ကိုင်များ ကောင်းမကောင်း စသဖြင့် စစ်ဆေးသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် Safety ဖမ်းမှာက နောက်၊ ဓါတ်လိုက်လျှင် အရင်သေမှာက ကိုယ် ဖြစ်သောကြောင့်ပါတည်း။


၂၀၀၈ ခုနှစ်က နှစ်လအတွင်း လူ ၈ ဦးဓါတ်လိုက်သေဆုံးခဲ့သည်။ အားလုံး သင်္ဘောကျင်းမှချည်း ဖြစ်သည်။ Dry Dock World တွင် ဖြစ်၏။ တစ်ဦးမှာ သန့်ရှင်းရေးလုပ်နေစဉ် သေခြင်းဖြစ်သည်။ အကြောင်းရင်းကို သေချာစွာ မသိရသော်လည်း ဓါတ်လိုက်သေခြင်းဖြစ်သည်ဟု ယူဆကြပါသည်။

ကြာပြီဆိုတော့ နည်းနည်းတောင် မေ့နေပါပြီ။ Hitachi မှာလား။ Jurong Shipyard မှာလားမသိ။ Welder ကုလား ကလေးတစ်ယောက် ဓါတ်လိုက်ပြီး သေဖူးသည်။ သူဓါတ်လိုက်ပြီး သံပြားတွင် ကပ်နေတာတွေ့ရတော့ ဘာဗဟုသုတမှ မရှိသော သူ့အဖော်များက မိန်းခလုတ်ကို ပြေးချရမည့်အစား သံပြားမှ ကွာထွက်အောင် ၀ိုင်းကန်ကြရာ ထိုကုလားလေးမှာ ဓါတ်လိုက်လို့က တော်တော် ထို ကန်သောဒါဏ်ချက်များကြောင့် အသက်ထွက်ရသည် ဆိုပါသည်။ ကျွန်တော်တို့ သင်္ဘောကျင်းတွင် ဖြစ်တာမဟုတ်သောကြောင့် သေသေချာချာ မသိရပါ။

သို့အတွက် သင်္ဘောကျင်းတွင် လုပ်သူများအဖို့ အင်မတန်သတိထားကာမှ တော်ကာကျသည်။

ကျွန်တော် FPSO VI သင်္ဘောကြီးတွင် လုပ်နေစဉ်က ဖြစ်သည်။ သင်္ဘောကြီးမှာ ပြီးခါနီးပြီ။ သင်္ဘောထိပ်ရှိ ဓါတ်ငွေ့များမီးရှို့သော Flare Tower မှာ အမြင့်ကြီးဖြစ်သည်။ အနည်းဆုံးတော့ ပေ ၆၀ ခန့်မြင့်သည်။ မည်ကဲ့သို့ ခန့်မှန်းသနည်း ဆိုသော် လှေခါးထစ်များကို ရေတွက်ခြင်းဖြင့် ခန့်မှန်းပါသည်။ မီးရှို့မည့် ဓါတ်ငွေ့များကို လွှတ်သည့် ပိုက်လိုင်း ကို ကျွန်တော်တို့ဆင်ရသည်။ ပိုက်လိုင်းပြီးသွားတော့ ရေထည့်ကာ ဖိအားမြင့် (Pressure Test) ဖြင့်စမ်းသည်။ စမ်းတာက ဖိအားအလွန်မြင့်သဖြင့် လူပါးသော ညအခါတွင် စမ်းသည်။ သည်တော့ ပိုက်လိုင်းနှင့် ဖိအားပြမီတာခွက်များစစ်ဖို့ ဟို့ - ဓါတ်ငွေ့ထုတ်ရာ အမြင့်ဆုံးသို့ တက်ရသည်။

လူခြေတိတ်သော ညအခါတွင် သည်ကဲ့သို့ ဘာအတားအဆီးမှ မရှိသော အမြင့်တစ်နေနေရာရာတွင် သင် မိတ်ဆွေ နေဖူးပါသလား။ လေကလေးတဖြူးဖြူး၊ ကြယ်ကလေးများက တလက်လက် (အလွန်ကျဉ်းကြပ်လေးလံလှသော အိုဗာအောကြီး၊ ခမောက် (helmet) ကြီး၊ ဘွတ်ဖိနပ်ကြီး (Safety Shoe) စီးထားရသည်မှလွဲ၍) ပတ်ဝန်းကျင်ကို အမြင့်မှ စီးကြည့်ရသည်မှာ အလွန်သာတောင့်သာယာ ရှိလှပါပေသည်။ နှလုံးစိတ်ဝမ်း ချမ်းမြေ့ဖွယ် အလွန်ကောင်းပါပေ၏။

သို့သော် ကျွန်ုပ်၏ နှလုံးစိတ်ဝမ်းချမ်းမြေ့မှုကလေးမှာ ကြာကြာမခံပါ။ မနက်အိပ်ယာက ထကတည်းက တစ်နေ့လုံး စီးထားရသော သည် safety shoe ကြီး၏ ဒုက္ခမှာ မသေးလှပါ။ စီးဖူးသူများသာ သိပါလိမ့်မည်။ လေးကလည်း လေး။ ပူကလည်း ပူ။ သည့်အတွက် အနှီဘွတ်ဖိနပ်ကြီးကို ချွတ်ကာ ကြမ်းပြင်ပေါ်တွင် သည်အတိုင်းလျှောက်နေလိုက်ပါသည်။ ရေဘူးနှင့်ဖိနပ်မပါ နွေခါမှ သိ ဆိုသကဲ့သို့ ဘွတ်ဖိနပ်ကြီး မစီးတာ အပေါက်ကျွံမှ နောင်တရပါတော့သည်။

ကြမ်းခင်းမှာ grating များ ခင်းထားပါသည်။ Grating ကိုစာနှင့်ရေးပြလို့ သိရန်မလွယ်။ သည့်အတွက် ဓါတ်ပုံကို ပူးတွဲဖော်ပြလိုက်ပါသည်။




သည် grating ပြားများကို ဗားလက်ကိုင်များတပ်ရန်၊ ပိုက်များ ဖောက်ထွက်ရန် စသဖြင့် အကြောင်းအမျိုးမျိုးဖြင့် ဖောက်ကြပါသည်။ သို့သော် ဖောက်ပြီးသားအပြားကို ပြန်အုပ်ထားလျှင် အပေါက်မှန်း မသိသာ။ ညဘက်ဖြစ်သဖြင့်လည်း သေသေချာချာ မမြင်ရတာ ပါပါသည်။

ကျွန်တော် ဖိနပ်မပါဘဲ ခြေထောက်ချည်း လမ်းလျှောက်နေစဉ် ဖောက်ပြီး ပြန်အုပ်ထားသော grating အပြားတစ်ချပ် ၏ နှုတ်ခမ်းကိုနင်းမိကာ အပေါက်ကျွံကျပါသည်။ သက်တောင့်သက်သာမဟုတ်။ Grating ကို ဖြတ်လိုက်လျှင် ဖြတ်စနခမ်း သားများမှာ သံချွန်များဖြစ်ကျန်ခဲ့ရာ ထို သံချွန်နှုတ်ခမ်းများနှင့် ကျွန်တော့်ခြေသလုံးသားများ ပယ်ပယ်နယ်နယ် ခြစ်မိပါတော့ သည်။ သိလိုသူများ သင်္ဘောသီးကို စိန်ခလုတ်နှင့် ခြစ်ထားတာသာကြည့်ပါ။ နာလိုက်သည်မှာ ပြောစရာမရှိ။ အချိန်က မနက် လင်းအားကြီး နှစ်နာရီခွဲ သုံးနာရီခန့် အချိန်။ အားလုံး အိပ်ကုန်ကြပြီ။ ဘယ်သူမှ မရှိတော့။

နာသည်ကို အောင့်အည်းသည်းခံကာ အနာကို ဘောင်းဘီနှင့်တင်းတင်းစီးလျှက် အောက်ရောက်အောင် မနည်း ပြန်ဆင်းလာရသည်။ ရုံးခန်းရောက်သည်ထိ ထော့ကျိုးထော့ကျိုးနှင့်လျှောက်လာကာ ကုလားကလေးများကို နှိုးရသည်။ သူတို့က Keppel ရုံးခန်းသွားကာ တင်ချာများနှင့် ဂွမ်း၊ ပတ်တီးစသည်တို့ ယူလာသည်။

နောက်နေ့ကျတော့ ဘွန်လေးဆေးခန်းသွားပြသည်။ ဆရာဝန်က ကျွန်တော့်အနာများကို လှန်လှောကြည့်လျှက် လမ်းလျှောက်ခိုင်းသည်။ အနာရှိန်မှာ အလွန်တက်နေသဖြင့် ကျွန်တော့မှာ လမ်းကောင်းကောင်း မလျှောက်နိုင်။ ထော့နဲ့ ထော့နဲ့ လျှောက်ပြပါသည်။ ထိုအခါ ထို တရုတ်ဆရာဝန်က အလကား၊ မင်းညာတာ။ မင်းအနာ ဘာမှ ဖြစ်လောက်တာ မဟုတ်ဘူး။ ငါ MC မပေးနိုင်ဘူး။ Light Duty ဟု ဆိုပါသည်။ (Light Duty ဆိုသည်မှာ ရုံးခန်းတွင်နေကာ သက်တောင့် သက်သာ အလုပ်များတော့ လုပ်နိုင်သေးသည် ဟု ဆိုလိုပါသည်။)

မှန်ရာကို ဆိုပါမည်။ ဆရာဝန်လုပ်သူက သည်မျှကြီးသော အနာကြီးကို မြင်ရပါလျှက် ကျွန်တော့ကိုညာသည် ဆိုကာ MC မပေးဘဲ Light Duty ဟု ဆိုသဖြင့် ကျွန်တော် အလွန့်ကိုဝမ်းနည်းသွားပါသည်။ သူတို့တရုတ်များ ဘာမှမဖြစ်ပါဘဲလျှက် ဘာဖြစ်သည်၊ ညာဖြစ်သည်ဆိုကာ ညာတာပါတေးဖြင့် MC များယူနေကြတာ ကျွန်တော်အသိပါ။ သို့သော် ကျွန်တော် ဘာလုပ်လို့ရပါမည်နည်း။ စိတ်မကောင်းစွာဖြင့် ပြန်ခဲ့ရပါသည်။ နောက်နေ့တော့ အလုပ်သွားပါသည်။ သို့သော် ဘာမှမလုပ်ပဲ ရုံးခန်းတွင်ပင် စာရွက်စာတမ်းကိစ္စများ လုပ်နေလိုက်၏။ Keppel မှ မိတ်ဆွေများက မင်းခြေထောက် ဒါဏ်ရာကြီးနဲ့ ဘာလာလုပ်တာလဲ၊ အိမ်ပြန်နားနေပါလားကွာ ဟု ဆိုပါသည်။ သူတို့ကတော့ တကယ့်ကရုဏာနှင့် ပြောခြင်းဖြစ်ပါသည်။ သို့သော် ကျွန်တော် ဘာမှ ပြန်ရှင်းပြမနေချင်တော့ပါ။ မချိသွားဖြဲသာ လုပ်နေရပါတော့သည်။

Tellus ရှိ ကျွန်တော်တို့မြန်မာများကို မင်းက ဘယ်သွားလိုက်၊ မင်းကတော့ ဒီနေ့နားဦး။ မင်းကတော့ ငါတို့ဆီလာခဲ့ စသဖြင့် စီမံခန့်ခွဲရသော မြန်မာမန်နေကျ တစ်ယောက်ရှိပါသည်။ (မန်နေဂျာမဟုတ်၊ လူတိုင်းကို မန်နေကျဖြစ်သဖြင့် မန်နေကျ သာ ဖြစ်ပါသည်။) သူဌေးလူယုံတော်လို့ ဆိုကြပါစို့။ ကျွန်တော်တို့လူများကမူ ကိုကျားကြီး ဟု ခေါ်ပါသည်။ သူ့နာမည်မှာ ဂျပန်ခေတ်က ဂျပန်စကားပြန်များ၏ နာမည်မျိုးဖြစ်၏။ ကျွန်တော်ဖော်မပြတော့ပါ။ သိလိုသူများ Tellus မှ တစ်ဦးဦးကို မေးကြည့်ပါ။ သူ့ကို မသိသူမရှိ။

တစ်နေ့ မနက်စောစော အလုပ်မစမီ ကျွန်တော်တို့လူသိုက် ရုံးခန်းရှေ့ရှိ ပန်းပင်တန်းကလေးများရှေ့ ပလက်ဖောင်း နှုတ်ခမ်းသားကို ဖင်ခုထိုင်ကာ တောင်စဉ်ရေမရများပြောပြီး တ၀ါးဝါး ဟားတိုက်နေစဉ် ကိုကျားကြီး ရောက်လာပါသည်။ ကျွန်တော်ရှေ့တည့်တည့်တွင်ရပ်၊ ကျွန်တော့မျက်နှာကို လက်ညှိုးနှင့်တည့်တည့်ထိုးကာ ခင်ဗျားတို့ အခန်းကေ-ာက်ရမ်း ညစ်ပတ်တယ်။ သန့်ရှင်းရေးလုပ်ပါ ဟု ဆိုလျှက် ပြန်လှည့်ထွက်သွားပါသည်။

ကျွန်တော်တို့လူသိုက်မှာ ရုတ်တရက်ကြီးဖြစ်သဖြင့် ကြက်သေသေနေလျှက် ဘာမှ မတုံ့ပြန်နိုင်။ တစ်ယောက်မျက်နှာ ကို တစ်ယောက်ကြည့်ကာသာ ကြောင်တောင်တောင် ဖြစ်ကျန်ရစ်ခဲ့ကြပါသည်။

ကျွန်တော့်ဦးဆောင်မှုဖြင့် ကျွန်တော်တို့တစ်သိုက် တက်ညီလက်ညီလုပ်ကြသဖြင့် ကျွန်တော်တို့အခန်းမှာ ပြောပလောက်အောင် မညစ်ပတ်ပါ။ မျက်နှာချင်းဆိုင်မှ သူတို့အခန်းကို ကျွန်တော်ရောက်ဖူးပါသည်။

ရေချိုးခန်းမှာ သေးစော်များ နံစော်နေလျှက် ဘယ်တုံးကမှ မဆေးခဲ့သဖြင့် ညစ်ပတ်မဲသဲလျှက်ရှိသော ရေချိုးခန်း အတွင်းမှ အ၀တ်လျှော်စက် ပတ်ဝန်းကျင်၊ ထမင်းကျန်၊ ဟင်းကျန်များပေပွလျှက် ရှိသော လက်ဆေးကန်။ အထူးသဖြင့် အိမ်ရှေ့ဧည့်ခန်းရှိ စားပွဲပေါ်တွင် ထောင်လျှက်တချို့၊ လဲလျှက်တချို့ အပန်းဖြေအနားယူလျှက်ရှိသော ဘီယာပုလင်းများ၊ ထိုဘီယာပုလင်းများဘေးတွင်မူ ၎င်းတို့၏ အဖော်ဖြစ်သော ပျံ့ကျဲလျှက်ရှိသည့် တံဆိပ်မျိုးစုံလှသော စီးကရက်အတိုများ၊ မတို့တတိုများ၊ ပေပွလျှက်ရှိသော စီးကရက်ပြာများ။ ဘီယာပုလင်းများ၏ မိတ်ဆွေသင်္ဂဟများ ဖြစ်ကြကုန်သော အမြည်းပန်ကန်များအတွင်းတွင်မူ ကြက်ကြော်ကို ဖဲ့ရွဲ့ကိုက်ထားသဖြင့် အသားစများ ကုန်တာကုန်၊ မကုန်တာမကုန် ရှိသေးသည့် ကြက်ရိုးများ၊ ငရုပ်ဆီများ၊ အသားကင်မှ တုတ်ချောင်းများ။ မကုန်တတ်သေးသော အသား အစအနများ။

ခြုံ၍ပြောရလျှင် ညနေပိုင်း အရက်ဆိုင်တစ်ဆိုင်မှ စားပွဲတစ်လုံး၏ ဂိုက်အပြည့်ဖမ်းထားသော စားပွဲတစ်လုံးသည် ၎င်းတို့ဧည့်ခန်းအတွင်း ဥတုသုံးပါးလုံး တန်ဆာဆင်လျှက် ရှိ၏။

သို့စဉ်လျှက် ထိုပုဂ္ဂိုလ်ကြီးက ကျွန်တော့်မျက်နှာကို လက်ညှိုးကောက်ကောက်ထိုးကာ အဓမ္မစွပ်စွဲသွားသည်ကို ကျွန်တော့မှာ ဘာမှပြန်မပြောနိုင်ပဲ ပါးစပ်အဟောင်းသား ဖြစ်လျှက် ကျန်ခဲ့ပါတော့သည်။

ရက်ကိုလစား၊ လကိုနှစ်စားရင်း အချိန်တို့သည် ကုန်မှန်းမသိ ကုန်ခဲ့ရာ ၂၀၀၀ ပြည့်နှစ် ဧပြီလသို့ရောက်လာပါပြီ။ နောက်နှစ်လကြာလျှင် ၀ပ်ပါမစ် သက်တမ်း ကုန်တော့မှာမို့ ကျွန်တော် စတင်လှုပ်ရှားပါသည်။ သတင်းစာများဝယ်။ ကိုယ်နှင့်သင့်မည်ထင်သည့် အလုပ်များ ကို မင်နီဖြင့်ဝိုင်း။ စာတိုက်မှ စာများပို့။ (သည်တုံးက အင်တာနက်၊ အီးမေးဆိုတာ ကျွန်တော်နှင့် အတန်ငယ်အလှမ်းဝေးပါသေးသည်။) တယ်လီဖုံးဖြင့် အင်တာဗျူးခေါ်တော့ သွား။

များမကြာမီ လက်ရှိလုပ်နေသည့် Union Alloy မှ အင်တာဗျူးခေါ်ပါသည်။ သူတို့က သူတို့လုပ်ငန်းများအကြောင်း အကျဉ်းချုပ်ရှင်းပြသည်။ သူတို့က ဖိုက်ဘာဂလပ်စ်ပိုက်ဆိုတော့ Keppel တွင်လုပ်ခဲ့သည့် ဖိုက်ဘာဂလပ်စ်ပိုက်များ အကြောင်း သေသေချာချာ လေ့လာသွားသည်။ ကျွန်တော်လေ့လာသည့် Ameron မှ ဖိုက်ဘာဂလပ်စ်ပိုက်စာအုပ်ကြီးများပါ ယူသွားသည်။

ဒုတိယအကြိမ်အင်တာဗျူးခေါ်ပြီး Union Alloy မှ ကျွန်တော်တို့ကို ရွေးလိုက်ပါသည်။ (ကျွန်တော်တို့ ဟု ရေးလိုက်သည်ကို မိတ်ဆွေများ သတိထားမိပါလိမ့်မည်။ နောက်အပိုင်းတွင် ကျွန်တော်၏ ဤကြီးစွာသောမိုက်မဲမှု အကြောင်း အသေးစိတ်ရေးပြပါမည်။) ရွေးပြီဆိုတော့ စင်ကာပူမှ ကုမ္ပဏီများထုံးစံအတိုင်း သူတို့က ဒီနေ့ရွေး၊ နက်ဖြန် အလုပ်ဆင်းစေ ချင်တာ ဖြစ်သည်။ သည်တော့ ကျွန်တော်လည်း လခကလေးကလည်း ကောင်းလေတော့ သည်အလုပ်ကို လက်လွတ်သွားမှာ အင်မတန်စိုးရိမ်သည်။

ကျွန်တော်ကား အလွန်မိုက်မဲသူဖြစ်၏။ ပညာရှိမဆန်။ ဦးဏှောက်မသုံးတတ်။ ရှေ့နောက်မစဉ်းစားဘဲ ဇွတ်တရွတ် လုပ်တတ်သည်။

Union Alloy မှ ကျွန်တော်တို့ကို ရွေးလိုက်ပြီဆိုတော့ ၀မ်းသာအားရနှင့် သူဌေးဆီသွားသည်။ ငါတို့ ၀ပ်ပါမစ် သက်တမ်းဆက်မတိုးတော့ဘူး။ Cancel လုပ်ပေးပါဟု သူဌေးကို ပြောသည်။ မည်မျှ မိုက်မဲသော ကျွန်ုပ်ပါနည်း။ ထိုအခါ မျက်စိတစ်ဖက် မှိတ်မှိတ်ပြသော ကျွန်တော်တို့သူဌေး မစ္စတာ တေး မှာ ဒေါသအမျက် ချောင်းချောင်းထွက်လျှက် ဆူပူကြိမ်းမောင်းကာ ကျွန်တော်တို့ ၀ပ်ပါမစ်ကဒ်ကို တခါတည်း သိမ်းလိုက်ပါတော့၏။

မှတ်ချက်။ ။ အလုပ်သမားတစ်ဦး၏ ၀ပ်ပါမစ်ကဒ်ကို တာဝန်ရှိသူများက တောင်းသည့်အခါ ထုတ်ပြရုံမှလွဲ၍ မည်သူကမှ သိမ်းပိုင်ခွင့်မရှိပါ။ အလုပ်သမားသာလျှင် ကိုင်ထားပိုင်ခွင့်ရှိသည်။ Ref: Foreign Manpower Employment Act, Third Schedule, အပိုဒ် - ၁၃)

တောင်းတောင်းပန်ပန်နှင့် ပြန်တောင်းသည့်တိုင် ကျွန်တော်တို့နှင့် လုံးဝအတွေ့မခံတော့ပါ။ ၀ပ်ပါမစ်ကဒ် မရှိတော့သည်ဖြစ်၍ အလုပ်လုပ်ဖို့မဆိုထားနှင့်။ ဟိုနားသည်နားသွားတာတောင် အကြောက်ကြောက် အလန့်လန့်နှင့် သွားရသည့်ဘ၀သို့ နေ့ချင်းညချင်း ရောက်သွားပါတော့သည်။

ထိုနေ့ထိုအချိန်မှစကာ ကျွန်တော်တို့မှာ အငြိမ်းစားရလျှက် အိမ်တွင်းအောင်းကာ ထမင်းကလေးချက်စားလိုက်၊ တီဗီ ကလေးကြည့်လိုက်နှင့် ပြန်ပို့မည့်ရက်ကို ဆင့်ဟိုဒင်း ခွေးမျှော်သလို မျှော်နေရပေတော့သည်။ သည်ကြားထဲ Union Alloy ကလည်း မင်းတို့ မပြန်သေးဘူးလား။ ဘယ်တော့ ပြန်လာမှာလဲ ဟု ဖုံးတဒီးဒီးဆက်လေရာ သည်အလုပ်ကလေးသာ လက်လွတ်သွားလျှင် ဒုက္ခဟု ကျွန်ုပ်မှာ သူတို့ဖုံးဆက်လာလေတိုင်း ချွေးစေးများပြန်လျှက် ရင်များတဒုန်းဒုန်းခုံသော ဟူသတတ်။

မြတ်ဗုဒ္ဓကမူ အိပ်မပျော်သောသူ၊ ညတာရှည်၏ ဟု ဟောကြားခဲ့ပါသည်။ ကျွန်ုပ်အဖို့မူ အလုပ်မရှိသောသူ၊ နေ့တာ ရှည်၏ ဖြစ်နေပါသည်။ ဘာမှမလုပ်ရသော်ငြားလည်း တစ်လကျော်မျှ အချိန်ကို ပင်ပန်းကြီးစွာ ဖြတ်ကျော်ခဲ့ရသည်။ နောက်ဆုံး ဘယ်နေ့တော့ဖြင့် ပြန်ရတော့မည် ဟု သတင်းကြားသောအခါ ထောင်သားများ လွတ်ရက်ကို သိလိုက်ရသကဲ့သို့ အလွန်ပျော်ရွှင်သွားမိပါတော့၏။

ပြန်တော့မည်ဆိုတော့ ဆရာတေးက ကျွန်တော့်ကို ရုံးခဏလာပါ ဟု ခေါ်သည်။ လခ ညှိတာ ဖြစ်၏။ မင်း ဒီမှာ ဆက်လုပ်ပါ။ လခ ၁၅၀၀ ပေးမည် ဆို၏။ သို့သော် သူ့ဟာက အချုပ်နှင့်ဖြစ်သည်။ စနေတစ်နေ့လုံး နှင့် တစ်လလျှင် တနင်္ဂနွေ နှစ်ရက် (အိုဗာတိုင်မရဘဲ) ဆင်းပေးရမည် ဆို၏။ ၀မ်းနည်းပါသည်။ မလုပ်နိုင်ပါ ဟု ကျွန်တော်ငြင်းလိုက်သည်။ သူ့လို မဖြစ်ညစ်ကျယ် မပြောနှင့်။ Keppel က သူတို့ engineering section, ဒီဇိုင်းဌာနကို လာခဲ့ပါ ဆိုတာတောင် ငြင်းလာသေးတာ။ မောင်ကြေးမုံ့ သီချင်းထဲကလို တော်ပြီကွယ်၊ တန်ပြီကွယ်၊ ကြားရရုံနဲ့ ကြောက်ပါတယ် ဟုသာ ဟစ်လိုက်ချင်ပါသည်။

သို့နှင့် ၂၀၀၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့တွင် လပေါင်းများစွာက မျှော်လင့်စောင့်စားခဲ့ရသော မိသားစုထံ အပြေးပြန်ခဲ့ ပါတော့သတည်း။

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ ဒုတိယပိုင်း ပြီးပါပြီ။

- - - - - - - - - - - - - - - - - - - - - - - x x x x x x x - - - - - - - - - - - - - - - - - - - - -