Friday, January 14, 2011

ပိုက်ပြင်ပိုက်ဆက်လက်စွဲ (၂၈)

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၃)

ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်) - အပိုင်း (၂)


(၉) သင်္ဘောကျင်း အလုပ်သမားဘဝ

စင်ကာပူမှ လူနေမှုဘ၀ကား တကယ့်ကို struggle ဖြစ်သည်။ “ဘ၀ဟူသည်တိုက်ပွဲ” ဟူသော စကားမှာ စင်ကာပူမှလူတို့အဘို့ ပိုမှန်ပါလိမ့်မည်။ ကလေးဘ၀ကတည်းက ကျောင်းကို အစောကြီးသွားကြရသည်။ အလုပ်စလုပ်ပါပြီဆိုကတည်းက ပင်စင်ယူပြီးသည်၏ ဟိုမှာဘက်အထိ အလုပ်လုပ်ကြရသည်။ အလုပ်၊ အလုပ်၊ အလုပ်နှင့် နေ့ရှိသရွေ့ အလုပ်လုပ်ကြရသည်။ တစ်ပတ်လျှင် ၅ ရက်၊ တချို့လည်း ၆ ရက် လုပ်ကြရ၏။ တစ်နှစ်လျှင်တစ်ခါ ခွင့်ရက်ရှည်ယူကာ နားကြသည်။ များသောအားဖြင့် တရုတ်များဆိုလျှင် တရုတ်နှစ်ကူးမှာ ခွင့်ရက်ရှည် ယူကြသည်။ မလေးတို့မှာ Hari Raya Puasa (ဟာရီရာယာပွာစာ) သို့မဟုတ် Hari Raya Haji မှာ ခွင့်ရက်ရှည်ယူသည်။ များသောအားဖြင့် ခွင့်ရက်ရှည်ယူကြသည်မှာ မလေးဖြစ်စေ၊ ကုလားဖြစ်စေ၊ တရုတ်ဖြစ်စေ၊ မိမိတို့လူမျိုး၏နှစ်ကူးမှာ ယူကြတာများသည်။ မြန်မာပြည်တွင် သင်္ကြန်တွင်း ရုံးရက်ရှည် ပိတ်သကဲ့သို့တည်း။

အလုပ်မလုပ်လို့ကလည်း မရ။ မလုပ်လျှင် ပိုက်ဆံမရ။ ပိုက်ဆံမရှိလျှင် မည်ကဲ့သို့နေမည်နည်း။ မြို့ပြလူနေမှုစနစ်သည်ကား ပိုက်ဆံပေါ် ဖင်ခုထိုင်ထားရသည်ဖြစ်ရာ ပိုက်ဆံမရှိလျှင် အသက်ရှင်ရပ်တည်နိုင်ဘို့မလွယ်။ သည်တော့ ကျောင်းကထွက်လာပြီ ဆိုကတည်း က အလုပ်စလုပ်ကြရတော့သည်။ ယခင်က အသက် ၆၀ ပင်စင်ပေးသော်လည်း ယခုအခါ ပင်စင်စားများ နေရေးစားရေးခက်သည့်အတွက် ပင်စင်ယူပြီးနောက်ပိုင်း အလုပ်ပြန်ခန့်ရန် လှုံ့ဆော်လာသည်။ သက်သက်သာသာ လုပ်ရသည့် (သန့်ရှင်းရေး၊ အစောင့် စသည်) အလုပ်များ တွင် အသက်ကြီးသူများအား သူတို့သုံးရေးစွဲရေး ချောင်လည်စေရန် အလုပ်ပြန်ခန့်ထားရန် ဖြစ်သည်။

စင်ကာပူတွင် Marine, Construction, Manufacturing, Process, Service ဟု industrial sector ၅ မျိုးရှိသည့်အနက် Marine (သင်္ဘောကျင်း) နှင့် Construction (ဆောက်လုပ်ရေး) မှာ ပူလည်ဆူလည် အများဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်ငန်းနှင့် ၀န်ဆောင်မှုလုပ်ငန်း များမှာ အေးအေးဆေးဆေးပုံမှန်လုပ်ရသော်လည်း သင်္ဘောကျုင်းနှင့် ဆောက်လုပ်ရေးမှာမူ project basic ဖြစ်သဖြင့် နောက်က လူလိုက် လာသလို လုပ်ရသည်။ ကျွန်တော် keppel shipyard တွင်လုပ်ရစဉ်ကလည်း overnight ဆင်းရလိုဆင်းရ၊ ည ဆယ်နာရီထိ ဆင်းရလို ဆင်းရ။ တစ်ခါတလေ နာရီပြန်နှစ်ချက်တီးလောက်မှပြီး၍ ရုံးတွင်ပင် ဖြစ်သလို ညအိပ်လိုက်ရသည့်အခါများလည်း ရှိသည်။ အခြားသူများ အဖို့ ဆန်းချင်ဆန်းနေမည်ဖြစ်သော်လည်း သင်္ဘောကျင်းသမားများအဖို့တော့ ရိုးနေပြီ။

ကျွန်တော်တို့နေသော ရီရွှန်းမှ Keppel Shipyard သို့ သွားရာတွင် PIE Expressway မှ သွားရသည်။ အချိန်မှာ နံနက် ၆ နာရီခွဲ မှ ၇ နာရီကျော်အကြား။ ရုံးပြင်ကန္နားများမှလွဲ၍ ကျန် ဆောက်လုပ်ရေး၊ သင်္ဘောကျင်း၊ ၀ပ်ရှော့ စသည်တို့မှာ နံနက် ၈ နာရီဆိုလျှင် အလုပ် စသည်ဖြစ်ရာအလုပ်ချိန်မီရန် ၇ နာရီအချိန်ဆို လူတိုင်းလမ်းပေါ်ရောက်နေကြပြီ။ လမ်းကြီးလမ်းငယ် အသွယ်သွယ်တွင် ကားကြီး၊ ကားငယ် အသီးသီးတို့ ဥဒဟိုပြေးနေကြပြီ။ ထူးဆန်းသည်မှာ ကျွန်တော်တို့ကို သယ်ဆောင်လာသော လော်ရီ PIE လမ်းမကြီးပေါ် တက်လိုက်သည် နှင့် ၆ လမ်းသွား၊ ၈ လမ်းသွား လမ်းမကြီးနှင့်အပြည့် မော်တော်ဆိုင်ကယ်များ သူ့ထက်ငါ အလုအယက် အပြိုင်အဆိုင် မောင်းနှင်နေကြ သည်ကို တွေ့ရခြင်းပင် ဖြစ်ပါသည်။

ပထမသော် စင်ကာပူကလူတွေ ဆိုင်ကယ်စီး၊ စီးနိုင်လှချည့်။ ဘယ်တွေများ သွားအလုပ်ဆင်းကြမလို့ပါလိမ့်။ ဘယ်တွေမှာနေ လို့များ ဒီလောက်စုပြုံများနေတာပါလိမ့် စသဖြင့် မေးခွန်းပေါင်းများစွာ ကျွန်တော့်ခေါင်းထဲ ရှုပ်နေခဲ့ပါသည်။ နောက်တော့မှ အဖြေတွေ့သည်။

ထိုဆိုင်ကယ်များမှာ စင်ကာပူသားက နည်းနည်း။ စင်ကာပူနှင့်ကပ်လျှက် မလေးရှားနိုင်ငံ၊ ဂျိုဟိုးမှ လာကာ အလုပ်ဆင်းသော မလေးလူမျိုးများဖြစ်ပါသည်။ မလေးရှားနှင့်စာလျှင် စင်ကာပူတွင် နေစရိတ် စားစရိတ်ကြီးသည်။ သို့အတွက် မလေးလူမျိုးများက စင်ကာပူ တွင် မနေ။ စင်ကာပူနှင့် မြစ်သာခြားသော ဂျိုဟိုးတွင်နေကာ စင်ကာပူသို့ မနက်သွား ညပြန် အလုပ်လာဆင်းကြခြင်းဖြစ်ပါသည်။

သူတို့ဒုက္ခမှာလည်း မသေးလှပါ။ ထောင်နှင့်ချီသောလူများ စင်ကာပူသို့ တစ်ချိန်တည်း တစ်ပြိုင်ထည်း ၀င်၊ ထွက်ကြသည်ဖြစ်ရာ မလေးရှားနှင့် စင်ကာပူအ၀င်၊ အထွက် လူဝင်မှုကြီးကြပ်ရေးဂိတ်တွင် တစ်နာရီခန့် တန်းစီကြရသည်။ စင်ကာပူသို့ မနက် ၈နာရီ အလုပ်ချိန် မီရန် ၄ နာရီခွဲခန့်တွင် အိပ်ယာမှ ထကြရသည်။ ညပြန်ရောက်တော့ ၉ နာရီခွဲ၊ ၁၀ နာရီ။ ဂျိုဟိုးတွင်တော့ ပီဘိ၊ အိပ်သည်ဆိုရုံကလေးမျှသာ။ (သူများသာပြောတာ၊ ကျုပ်တို့လည်းမထူးပါဘူးဗျာ။ မနက် ၆ နာရီ အိပ်ယာထ၊ ပြန်ရောက်တော့ ၈ နာရီခွဲ။ အိမ်ဆိုတာ အိပ်တယ်ဆိုရုံပါဘဲ။)

စင်ကာပူနှင့် မလေးရှားကူးသော check point နှစ်ခုရှိရာ Tuas Check Point နှင့် Woodland Check Point ဖြစ်၏။ သို့သော် အများစုမှာ Wood land check point မှဝင်လာကြသည့်ဖြစ်ရာ မနက်မနက် ကျွန်တော်တို့လော်ရီနှင့် ဆုံဆည်းရသော မော်တော်ဆိုင်ကယ် များမှာ အနှီ မောင်မင်းကြီးသားများ ဖြစ်ပါသည်။

အထက်တွင်ပြောခဲ့သလို ကျွန်တော်က QC အနေနှင့် လုပ်ရသည်။ Piping QC ဖြစ်၏။ သင်္ဘောကိုပင်လျှင် ယခုမှ ကျကျနန မြင်ဖူးသော ကျွန်တော့်အဖို့ အရာရာကို အောက်ခြေသိမ်းကစ သင်ရသည်။ အနို့ လုပ်မှမလုပ်ခဲ့ဖူးပဲ။ ဘာမှမသိတာ မဆန်းပါ။ ထို့ထက် သူတို့ပြောသော စင်းဂလစ်ရှ် (Singlish) ကိုလည်း မနည်းနားလည်အောင် နားထောင်ရသေးသည်။ ရောက်စတုံးက ကောင်းကောင်း နားမလည်။ Ah Wee က ကျွန်တော့်ကို ဖိုင်ယူခိုင်းသည်။ ဖိုင်ယူခိုင်းတာ ကျွန်တော့်နားထဲတွင်တော့ ဖာ ဟုသာကြားသည်။ ဘာယူခိုင်းမှန်း မသိ။ အနီးရှိတစ်ယောက်က ယူပေးလိုက်မှ သူပြောသည့် ဖာ သည် ဖိုင်ကိုဆိုလိုမှန်း သဘောပေါက်ရသည်။

တစ်နေ့ကလည်း နေ့ခင်း လဖက်ရည်ချိန်တွင် (နေ့လည် ၃ နာရီ) သူတို့က ကျွန်တော့်အတွက်ပါ လဖက်ရည် တစ်ထုပ်ဝယ်လာ သည်။ သူတို့က ကော်ဖီ၊ လဖက်ရည်များကို ပါကင်ဆိုလျှင် ပလတ်စတစ်နှင့်ထုပ်ကာ အပေါ်မှ ကြိုးဖြင့်ချည်ပြီး ဆွဲကြသည်။ လမ်းလျှောက် သောက်သူများကမူ ကြိုးကိုမချည်ဘဲ အိတ်အတွင်း ပိုက်ထည့်ကာ ပူနေသေးသော လဖက်ရည်ကို တစ်ဘူးဘူးနှင့်မှုတ်ထုတ်ကာ သောက်ကြ ၏။ ကျွန်တော့်မှာ ရလာသော လဖက်ရည်ထုပ်ကို ဘယ်လိုကြိုးဖျည်ရမှန်းမသိ။ သူတို့က လဖက်ရည်များသောက်လို့ ကုန်ပင်ကုန်တော့မည်။ ကျွန်တော်လည်း လူမသိအောင် စားပွဲအောက်အသာလက်လျှိုလျှက် ကြိုးကို ကြိုးစားဖြည်ကြည့်သည်။ သည်တော့မှ ပိုဆိုး၏။ ခိုးကြောင် ခိုးဝှက် ဖြည်လိုက်သော ကြိုးသည်အကုန်ပွင့်လျှက် ကြမ်းပေါ်သို့ လဖက်ရည်များ ဖိတ်ကုန်တော့၏။ အားလုံးဝိုင်းဟားတာ ခံလိုက်ရသည်။ အတော်လည်း ရှက်သွားမိ၏။

သူဌေးက ကျွန်တော့်ကို ပထမ မင်း၊ သူ့နောက်လိုက်၊ သူလုပ်တာလေ့လာ ဟု မာလာ့နောက်ကို လိုက်ခိုင်းပါသည်။ မာလာ ဘာတွေလုပ်နေမှန်း ကျွန်တော်နားမလည်။ တော်ကြာ Hitachi သွားကာ timesheet များယူပုံ ပြလိုက်။ တော်ကြာ FELS သွားကာ အဲဒီမှာလုပ်နေတာတွေ ဖိုမင်တွေကို မေးလိုက်။ တော်ကြာ အိုဗာတိုင်ဆင်းမည့် request form များ တင်ခိုင်းလိုက်။ ဘာအလုပ်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိ။ သည်လိုနှင့် နှစ်ပတ်လောက်ကြာတော့မှ မာလာက မင်း သူ့ကို ၀ိုင်းကူလိုက်ဟု ဆိုကာ QCV နှင့် တွဲပေးလိုက်ပါ သည်။

ကျွန်တော် ကံကောင်းပါသည်။ QCV က အလွန်စိတ်ထားကောင်းသည်။ အတန်းပညာမတတ်ရှာသော်လည်း လုပ်ငန်းသဘာဝကို ကောင်းကောင်းနားလည်သည်။ ကျွန်တော့်ကို သေသေချာချာ ရှင်းပြ၊ သင်ပေးပါသည်။ အမှန်က ကျွန်တော်တစ်ယောက်ထဲ မဟုတ်ပါ။ ကိုဇော်ဟိန်းထွန်းနှင့် အတူတူ ဖြစ်၏။ မင်းက catch up လုပ်တာ အရမ်းမြန်တယ် (အတတ်မြန်တယ်) ဟု သူက ဆိုပါသည်။ မမြန်ရအောင် ဘာများခက်ပါသနည်း။ ဆယ်တန်းမအောင်သည့် သူများကို သင်ပေးလျှင်သော်မှ လုပ်တတ်သည်။ အဆင်သင့်ရှိပြီးသား ပုံစံစာရွက်တွေယူ။ လိုတာဖြည့်။ စာရွက်စာတမ်း တင်ရမည့်နေရာ သွားတင်။ ယူရမည့် certificate များ သွားယူ။ ပညာသားပါတာဆို၍ ဘာမှမရှိ။ သည်အစီအစဉ်အတိုင်း အသာမျှောလုပ်သွားရုံ ဖြစ်ပါသည်။ ဒါတောင် ကျွန်တော်ရောက်စက Keppel Piping Section မှ အန်း (Ng) ဆိုသူ က ဒီကောင် အလုပ်လုပ်တာ အရမ်းနှေးတယ် ဟု complain လုပ်ပါသည်။ ထိုအခါ သူဌေးက QCV ကိုခေါ်ကာ Keppel က ဒီကောင် အလုပ်လုပ်တာ အရမ်းနှေးတယ်လို့ ငါ့ကို complain လာလုပ်ပါလား ဟု မေးပါသည်။ QCV က He is still under training. ဟု ပြန်ဖြေတာ ကျွန်တော် ကောင်းကောင်းမှတ်မိနေပါသည်။

စင်ကာပူသည်ကား အရာရာကို စံချိန်စံညွှန်းအပြည့်နှင့် ဥပဒေဘောင်အတွင်းမှ စနစ်တကျ၊ မှန်မှန်ကန်ကန် လုပ်နေသော တိုင်းပြည်ဖြစ်ပါသည် ဆိုလျှင် ငြင်းလို့မရပါ။ သို့သော်လည်းလေ၊ သူတို့လည်း လူတွေပေကပဲ။ အနည်းအပါးတော့လည်း အကြံအဖန်လေး၊ ဘာလေးရှိပေမပေါ့။ သည်အကြံအဖန်များထဲတွင် ကျွန်တော်တို့ low levy ဖြေတာ တစ်ခုအပါအ၀င်ဖြစ်ပါသည်။

စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမားများခန့်ထားခြင်းအတွက် ကုမ္ပဏီမှ အစိုးရသို့ levy ပေးရပါသည်။ ကျွမ်းကျင်လုပ်သား ဟု သတ်မှတ်ထားသော လက်မှတ်ကိုင်ဆောင်ထားသူများကို low levy၊ ထိုလက်မှတ်မရှိသူများကို high levy ဟု ခေါ်ပါသည်။ low levy နှင့် high levy ပေးဆောင်ရတာချင်း အလွန်ကွာပါသည်။ အနည်းဆုံးတော့ ၂၀၀ ခန့်ကွာပါသည်။ တစ်လလျှင် လူတစ်ဦး ၂၀၀ ပဲထားပါဦး။ လူ ၂၀ ဆိုလျှင် တစ်လ ၄၀၀၀၊ တစ်နှစ်ဆိုလျှင် လေးသောင်း။ အားပါး၊ နည်းသည့်ပိုက်ဆံမဟုတ်ပါ။

သည့်အတွက် ကျွန်တော်တို့ရောက်ပြီး များမကြာမီပင် ကုမ္ပဏီက ကျွန်တော်တို့ low levy စာမေးပွဲဖြေဘို့အရေး ကြိုးပမ်းပါတော့ ၏။ ပထမ ကျွန်တော်တို့ကို work shop သွားပြီး welder ကြီးများထံအပ်ကာ ဂဟေဆော်လေ့ကျင့်ခိုင်းပါသည်။ ညနေ ၄ နာရီ လောက်ဆို လျှင် ကျွန်တော်တို့လူသိုက် ၀ပ်ရှော့သွားကာ ဂဟေချောင်းကြီးများကို ဟုတ်တိပတ်တိကိုင်လျှက် ဂဟေဆော်လေ့ကျင့်ကြပါသည်။ တစ်ပတ်လောက်ကြာတော့ low levy ဖြေရတော့မည် ဆို၏။

တစ်သက်လုံးက မြင်တောင်မှ မမြင်ဖူးခဲ့သော သည် ဂဟေဆော်တာကို တစ်နေ့နှစ်နာရီ၊ တစ်ပတ်လောက် လက်ပူတိုက်ရုံမျှနှင့် ဖြေရမည်ဆိုလျှင် (ကျွန်တော်တို့ ငယ်ငယ်က အရီးတို့ ပုံခိုင်းသလို) ရှေ့သွားနှစ်ချောင်း - င် ပြောင်းပေါက်တောင် အောင်မှာမဟုတ်ပါ။ သို့သော် ကျွန်တော်တို့အားလုံး အောင်ခဲ့ကြပါသည်။ ဘယ်ပုံအောင်ခဲ့ကြပါသနည်း။

ဖြေရသည်မှာ PEC (Plant Engineering Construction) တွင် ဖြစ်ပါသည်။ Welding စာမေးပွဲဖြေဘို့ ဂဟေဆော်သည့် ခုံများ၊ စက်များ၊ ဂဟေချောင်းများ၊ နေရာများ ကျကျနန လုပ်ထားပါသည်။ ဂဟေဆော်သည့်နေရာကို တစ်ဦးချင်းသီးသန့် လုပ်ပေးထားပါ၏။ ဂဟေ မီးများမထွက်စေရန် ၀င်သည့်ဘက်မှလွဲ၍ ကျန်သုံးဘက်ကို အကာများကာပေးထားပါသည်။ အပြင်လူ သိပ်မမြင်ရပါ။ ဤအကာအရံများ သည်ပင် ကျွန်တော်တို့အတွက် အကွက် ဖြစ်ပါ၏။

ပထမဦးဆုံး နာမည်ခေါ်ကာ ဂဟေဆော်ရမည့် သံပြားများ ထုတ်ပေးပါသည်။ မိမိသံပြားပေါ်တွင် မိမိဘာသာ နံပါတ်များရိုက်ရ၏။ ထို့နောက်တော့ ဘယ်လိုဆော်ရမည် ရှင်းပြကာ မိမိအတွက်သတ်မှတ်ပေးထားသော နေရာသို့သွားကာ စတင်ဆော်ရပါ၏။ စက်များတွင် ဗို့အားနှင့် အမ်ပီယာကို ချိန်ပြီးသားဖြစ်ရာ ဤအတွက် ပူစရာမလို။ ကျွန်တော်တို့လူစုလည်း ခပ်တည်တည်နှင့် စတင်ဆော်ကြ၏။ များမကြာ မီ ကျွန်တော်တို့ ဂဟေဆော်ခြင်းကို စစ်ဆေးသော အရာရှိရောက်လာပါ၏။ Surveyor ဟု ခေါ်ပါသည်။ သူက လာမေး၏။ မင်း ဂဟေဆော် တတ်သလား။ ဟုတ်၊ သိပ်တတ်။ တကယ်တတ်။ ဘုရားစူးရပါစေ့တတ်။

များမကြာမီပင် ထို surveyor ပြန်ထွက်သွားသည်။ ထိုအခါကျမှ ကျွန်တော်တို့နှင့်အတူ ခိုးကြောင်ခိုးဝှက် လိုက်ပါလာသော ဘန်ဂလား welding ဖိုမင် ဆာရီကူး ပြာပြာပြာပြာနှင့် ရောက်လာပါသည်။ သူရောက်လာတော့ သူက ဂဟေဆော်၊ ကျွန်တော်က အပေါက်ဝ နားသွားကာ အရိပ်အခြည်ကြည့်။ ဂဟေဆော်ရမည့်သံပြားမှာ လေးလက်မမျှသာ ရှိရကား သူဆော်လိုက်တာ ဘာမျှမကြာ။ ခဏနှင့်ပြီးသွား ၏။ ကျွန်တော်ပြီးတော့ နောက်တစ်ဦးဆီ ဆက်။ သူဆော်ပေးသွားသော သံပြားကို ကျွန်တော်က ဟန်နှင့်ပန်နှင့် ချော်များခေါက်ထုတ် နေလိုက်ပါသည်။

အတော်ကြာတော့ စစ်ဆေးသူများရောက်လာကာ ပြီးပြီလားဟေ့ ဟု အော်ကျယ်အော်ကျယ်နှင့် မေး၏။ ကျွန်တော်တို့လည်း ခပ်တည်တည်နှင့် Yes, already finished. ဟု ခပ်ကြွားကြွားဖြေကာ ဆာရီကူးဆော်ပေးသွားသော သံပြားကို ညှပ်နှင့်ကိုင်လျှက် သွားပေး လိုက်ကြ၏။ သည်သံပြားများကို ဓါတ်ခွဲခန်းပို့ကာ X-Ray ရိုက်ကြည့်မည်။ အပြစ်အနာအဆာကင်းမှ အောင်လက်မှတ် ထုတ်ပေးမည်။ ထို အောင်လက်မှတ်ရလျှင် low levy ဖြစ်မည်။ ကျွန်တော်တို့အားလုံးလိုလို အောင်ကြပါ၏။ တစ်ယောက်တော့ ကျသည်။ ကျမှာပေါ့။ လူ လေးငါးဆယ်ယောက်လောက်ကို အချိန်ပိုင်းအတွင်း ဆာရီကူးတစ်ယောက်တည်း အပြေးအလွှား ခိုးကြောင်ခိုးဝှက် ဆော်ပေးရသည်ပဲ။ သည်လောက်အောင်တာပဲ ကျေးဇူးတင်ပါဦး။

ကိုင်း၊ မှတ်ပလား။ ဒါ စင်ကာပူ standard ကို ကျွန်တော်တို့သူဌေးက အကြံအဖန်လုပ်ကာ ကျော်လွှားချခြင်း ဖြစ်ပါသည်။ ဒါ သူတစ်ဦးထဲမဟုတ်။ စင်ကာပူတစ်နိုင်ငံလုံး သည်အတိုင်းချည်း ဖြစ်၏။

S Pass မှန်လျှင် အနည်းဆုံး လခ စင်ကာပူဒေါ်လာ ၁၈၀၀ ပေးရမည်။ နောက်ပြီး ငွေသားနှင့်ပေးလို့မရ။ အထောက်အထားရ အောင် Bank Transfer ဖြင့် ပေးရမည်။ သည်ကဲ့သို့မပေးလျှင် သို့မဟုတ် မပေးဘဲ ပေးသည်ဟု လိမ်ညာလျှင် ဒါဏ်ငွေ ဘယ်လောက်၊ ထောင်ဒါဏ်ဘယ်လောက် ဟု ဥပဒေဖြင့် ပြဌာန်းထားသည်။ ဒါလေးများ။ ပေးတာပေါ့။ ဘာဖြစ်လဲ။ အလုပ်သမား၏ account အတွင်းသို့ ၁၈၀၀ အပြည့်ထည့် ပေးလိုက်သည်။ နောက်ပြီးတော့မှ ၉၀၀ ပြန်တောင်းသည်။ လွယ်ပါ့။ နင်တို့ ဥပဒေလောက်ကတော့။

Employment of Foreign Manpower Act (Chapter 91A) ၏ First Schedule အပိုဒ် ၂၀၊ ၂၁ နှင့် ၂၂ များတွင် အလုပ်ရှင် တစ်ဦး အနေနှင့် အလုပ်သမားများ၏ လစာငွေထဲမှ ဖြတ်ပိုင်ခွင့်မရှိသော ငွေကြေးများကို ဖော်ပြထားရာ ဤအထဲတွင် အေးဂျင့်ဖီးလည်း အပါအ၀င်ဖြစ်ပါသည်။

သို့သော် ဥပဒေကမည်သို့ပင်ပြဌာန်းထားသည်ဖြစ်စေ၊ အချို့အလုပ်ရှင်များက အလုပ်သမားများထံမှ အေးဂျင့်ဖီးယူပါသည်။ (ကျုပ်တို့က သူတို့မိသားစု အဆင်ပြေပါစေ ဆိုပြီး သူ့ကို အလုပ်ခန့်လိုက်လို့ သူတို့က ကျုပ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကန်တော့တာပါဗျာ။ ကျုပ်က အေးဂျင့်ဖီးတောင်းတာမဟုတ်ပါဘူး။ ဟုတ်တယ်မို့လား၊ ဟေ့ကောင်တွေ။)

ကျွန်တော့်အလုပ်မှာ ပိုက်ရှော့ပြေးလိုက်၊ Keppel ရုံးများပြေးလိုက်၊ စတို ပြေးလိုက်၊ သင်္ဘောပေါ်တက်လိုက် ဆိုတော့ သွားရေးလာရေး အဆင်းပြေစေရန် မာလာက စက်ဘီးတစ်စီး ပေးပါသည်။ လိမ္မော်ရောင်ကလေးဖြစ်၏။ သွားရလာရတာ အတော် အဆင် ပြေသွားသည်။ မဟုတ်လျှင် ဝေးပင်မဝေးလှသော်လည်း တစ်နေကုန် တောက်တောက် တောက်တောက်နှင့် လျှောက်သွားနေရတာ မသက်သာလှပါ။ သို့ ပေးပင်ပေးသော်ငြားလည်း ကြာကြာမခံလိုက်။ နှစ်ပတ်လောက်စီးပြီး စက်ဘီးကို လူခိုးခံလိုက်ရပါသည်။

ကျွန်တော်တို့စက်ဘီးများမှာ အိမ်ပြန်ချိန်တွင် ရုံးရှေ့၌ သည်အတိုင်း သော့ခတ်ထားခဲ့ရသည်ဖြစ်ရာ ညပိုင်း လူရှင်းချိန် လာမ, သွားခြင်းဖြစ်ပါ၏။ QCV က မင်းသော့လေးက သေးတာကိုးကွ ဟု ဆို၏။ သိပ်မကြာလိုက်ပါ။ သော့ကြီးကြီးခတ်ထားသော သူ့စက်ဘီး လှလှ ကလေးမှာလည်း အခိုးခံလိုက်ရတော့သည်။

အကြောင်းတိုက်ဆိုင်လာ၍ စင်ကာပူမှ စက်ဘီးသူခိုးများအကြောင်း ဖောက်သည်ချချင်ပါသေးသည်။ ကျွန်တော် စင်ကာပူ ရောက်စက ဓါတ်တိုင်များ၊ လမ်းဘေး သံခြံစည်းရိုးများတွင် ရှေ့ဘီးချည်း သော့ခတ်ထားသော စက်ဘီးခွေများကိုလည်းကောင်း၊ သော့ခတ် လျှက်သား စက်ဘီးဘော်ဒီများကိုသော်လည်းကောင်း တွေ့ရ၏။ ကျွန်တော့်စိတ်တွင် ဒီလူတွေ ဘာ့ကြောင့်များ တစ်ဘီးထဲ၊ ဒါမှမဟုတ် စက်ဘီးဘော်ဒီချည်း သော့ခတ်ထားရပါလိမ့်။ အတော်အူတဲ့ လူတွေပဲ ဟု တွေးမိပါသည်။ နောက်မှ သော့ခတ်ထားသော ဘီး၊ သို့မဟုတ် ဘော်ဒီကိုထားခဲ့ကာ ကျန်သည့်အစိတ်အပိုင်းများကို ဖြုတ်ခိုးသွားမှန်း သိရပါ၏။ ၎င်းတို့ကို စက်ဘီးပြင်ဆိုင်များသို့ သွားရောင်းသည်။

အချို့ကျတော့ လော်ရီပေါ်တွင် ၀ါယာဖြတ်သည့်ပလိုင်ယာ အကြီးကြီးကို အဆင်သင့် တင်ထားပါသည်။ ထိုပလိုင်ယာကြီးများမှာ အားကောင်းလှသဖြင့် တော်ရုံတန်ရုံသံချောင်းများကို အသာလေး ဖြတ်နိုင်ပါသည်။ ဒရိုင်ဘာက ကားမောင်းနေရင်း ကျီးကန်းတောင်းမှောက် ဟိုကြည့်သည်ကြည့် ပတ်ဝန်းကျင်ကို လေ့လာသည်။ လူလစ်သည့်တစ်နေရာရာတွင် စက်ဘီး သော့ခတ်ထားသည် တွေ့ရပါက ကားကို လမ်းဘေး အသာထိုးရပ်ကာ ထိုသံဖြတ်ပလိုင်ယာကြီးနှင့် သော့ခတ်ထားသော သံကြိုးကို ဖြတ်ကာ စက်ဘီးကို လော်ရီပေါ်မ, တင်သွား ပါသည်။ နောက်ပြီး ဆေးပြန်မှုတ်ကာ တစ်စီးလျှင် ၃၀ ဖြင့် သင်္ဘောကျင်းများတွင် လိုက်ရောင်း၏။ ကျွန်တော် ပထမစက်ဘီး ပျောက်သွား တော့ ဤကဲ့သို့စက်ဘီးတစ်စီးကို ၃၀ ပေးကာ ၀ယ်စီးရသည်။ ဤသို့ခိုးသူများထဲတွင် Tellus မှ Ah Low (အာ့လောင်း ဟု ခေါ်၏။) ဆိုသူ ဒရိုင်ဘာ တရုတ်အဖိုးကြီးလည်း အပါအ၀င် ဖြစ်၏။

ကျွန်တော်က QC ဆိုတော့ သင်္ဘောပေါ် အချိန်ပြည့်သွားနေစရာမလို။ သို့တိုင် သူတို့လုပ်ထားသော ပိုက်လိုင်းများ ကြည့်ရန် မကြာခဏဆိုသလို သင်္ဘောပေါ်တက်ရ၏။ သည်သို့တက်သည့်အချိန်များတွင် မိမိဘာသာ အချိန်ကို တိုင်မင်ကိုက်ထားရသည်။ သင်္ဘော ပေါ်မှ ဆင်းချိန်ကို ကန့်သတ်ထား၏။ နေ့လည် ထမင်းစားချိန်မတိုင်မီ ၁၁း၃၀ မှ ၁၂း၀၀ ထိ တစ်ချိန်၊ ညနေ အလုပ်ဆင်းချိန် ၄း၀၀ မှ ၄း၃၀ ထိ တစ်ချိန်၊ သင်္ဘောပေါ်မှ ဆင်းလာသူများကို သင်္ဘောပေါ် အတက်အဆင်းလုပ်သည့် gang way (ကုန်းဘောင်) များမှ စောင့်ဖမ်းကာ ဒါဏ်ငွေ ၅၀ ရိုက်ပါသည်။ ထမင်းစားချိန် နှင့် အလုပ်ပြန်ချိန်များတွင် စောဆင်းမလာစေရန် ကန့်သတ်ထားခြင်း ဖြစ်၏။

သို့အတွက် ထမင်းစားဆင်းတော့မည်ဆိုလျှင် ၁၂နာရီမတ်တင်းလောက်တွင် သင်္ဘောပေါ်မှ ဆင်းကြရန် gang way အပေါက်ဝ၌ ရာနှင့်ချီသောလူများ တန်းစီနေသည်ကို တမျှော်တခေါ်ကြီး တွေ့နိုင်ပါသည်။ သင်္ဘောပေါ် အတက်အဆင်းလုပ်သည့် gang way မှာ ရှေ့ဘက်တွင် တစ်ပေါက်၊ နောက်ပိုင်းတွင် တစ်ပေါက်။ စုစုပေါင်းမှ နှစ်ပေါက်မျှသာရှိရာ ရာဂဏန်းမျှရှိသော သင်္ဘောပေါ်တွင် အလုပ်လုပ် နေသူများမှာ ထိုအပေါက်တွင် သူ့ထက်ငါ အတင်းလုယက် တန်းစီကြပါသည်။ မစီလို့ကလည်း မဖြစ်။ ထမင်းစားချိန်မှာ စုစုပေါင်းမှ ၁၂ နာရီမှ ၁ နာရီ ထိ တစ်နာရီမျှသာ ရသည်ဖြစ်ရာ ထိုတစ်နာရီအတွင်း သင်္ဘောပေါ်မှ ဆင်းချိန်၊ ကန်တင်းသို့လမ်းလျှောက်ချိန်၊ ကန်တင်းတွင် ထမင်းဝယ်ရန် တန်းစီချိန်၊ ထမင်းစားချိန်။ ကန်တင်းမှ သင်္ဘောပေါ်ပြန်တက်ချိန် စုစုပေါင်းကို နှုတ်လိုက်လျှင် နားချိန်မှာ နာရီဝက်ပင်မကျန်။ သို့အတွက် ကန်တင်းသို့ အလျင်ရောက်ကာ ထမင်းအလျင်တန်းစီနိုင်ရေးအတွက် gang way တွင် အပြေးအလွား တန်းစီကြခြင်း ဖြစ်ပါသည်။

အလုပ်လုပ်ရင်း ပြန်ဆင်းချိန်နောက်ကျ၍ ဤကဲ့သို့သော အခါများနှင့်ကြုံရလျှင် ကျွန်တော်ကတော့ အေးအေးဆေးဆေးပင် သူတို့နောက်မှ တန်းမစီဘဲ ဆင်းလိုက်လေ့ရှိပါသည်။ သူတို့လို ၁ နာရီတီးသည်နှင့် သင်္ဘောပေါ် ပြန်တက်စရာ မလိုသောကြောင့်ဖြစ်၏။ Gang way တွင်မူ တန်းစီသူများကို ထိန်းရန် Keppel မှ supervisor များ၊ Safety များ စောင့်ကြပ်နေပါ၏။ သူတို့မှာမူ အားလုံးဆင်းပြီး သွား၍ သင်္ဘောပေါ်တွင် လူမကျန်တော့မှ ဆင်းလာကြရသည်။

နေ့ခင်း ထမင်းစားချိန်အပြီး ၁ နာရီတွင် အလုပ်ပြန်စပါသည်။ ထမင်းစားဆင်းချိန်၊ အလုပ်ပြန်စချိန်များတွင် သင်္ဘောကျင်းမှ ဥသြ မှုတ်ကာ အချက်ပေး၏။ ထိုအချက်ပေးသံကြားလျှင် သင်္ဘောပေါ် အတက်အဆင်း လုပ်ကြရသည်။ ၁ နာရီ ဥသြဆွဲ၍ အလုပ်ပြန်စချိန်တိုင် မထသေးပဲ ဇိမ်နှင့် ဆက်နှပ်နေသူများကို keppel မှ supervisor များ မိသွားပါက ပေးလိုက်ဦး၊ ဒါဏ်ငွေ ၅၀။

ကျွန်တော်သည်ပင် တစ်ခါက ဒါဏ်ငွေဆောင်ရပေါက် တိုးမိသေး၏။ မာလာပေးသည့် စက်ဘီးကလေးရလာတော့ ဟိုသည် သွားရတာ အဆင်ပြေသွားသည်။ သည်တွင် သွားရင်းလာရင်းမှ Keppel Pipe shop ထဲ စက်ဘီးစီးဝင်သွားမိသည်။ ရောက်စဆိုတော့ အထာမနပ်သေး။ သည်တွင် အထက်တွင် ဖော်ပြခဲ့သော ကျွန်တော့်ကို အလုပ်နှေးသည်ဟု complain လုပ်သည့် Ng ဆိုသူက တားကာ ဒါဏ်ရိုက်ပါသည်။ သူက ဖြတ်ပိုင်းကလေးထုတ်ကာ လက်မှတ်ထိုးပေးလိုက်၏။ သည်လက်မှတ်နှင့် ဒါဏ်ငွေသွားဆောင်ရန် ဖြစ်သည်။ တစ်နေ့လုံးလုပ်မှ ၂၄ ကျပ်ရတာ။ ဒါဏ်ငွေက ၅၀ ဆိုတော့ အတော်လေးမျက်လုံးပြူးသွားသဖြင့် မာလာ့ထံ အမြန်ပြေးကာ ငါမသိလို့ပါကွာ ဟု အကျိုးအကြောင်းကို တောင်းတောင်းပန်ပန် ပြောရ၏။ မာလာလည်း ထိုစလစ်ကလေးယူလျှက် ၀ပ်ရှော့သို့လိုက်သွားကာ ထိုသည့် မစ္စတာအန်းကို ပြောပြတောင်းပန်လိုက်မှ ဒါဏ်ငွေဆောင်ရမည့်ဘေးမှ လွတ်ကင်းလေသတည်း။ ကျွန်တော် မာလာ့ကို အတော် ကျေးဇူးတင်သွားပါသည်။

Keppel တွင် ဒါဏ်ငွေဆောင်ကြရသည့် ကိစ္စမှာ သိပ်အထူးအဆန်းမဟုတ်ပါ။ သင်္ဘောပေါ်တွင် ခိုးပြီး ရှုရှုပေါက်မိသဖြင့် လည်းကောင်း၊ သင်္ဘောပေါ်မှ အဆင်းတွင် ပျင်းသဖြင့် သတ်မှတ်ထားသော gang way များမှမဆင်းဘဲ ပြင်ဆင်ရန် သင်္ဘောကိုယ်ထည်ကို ဖောက်ထားသည့်အပေါက်နှင့် ကုန်းပေါ်သို့ဆက်ထားသည့် အခင်းပြားမှ ခိုးဆင်းမိသဖြင့်လည်းကောင်း တစ်ကြောင်းမဟုတ် တစ်ကြောင်းနှင့် ဒါဏ်ငွေတပ်ခံရတတ်ပါသည်။

တစ်ခါကမူ ကျွန်တော့လက်အောက်မှ ကုလားကလေးမှာ အလုပ်ကလည်းပင်ပန်း၊ နေကလည်းပူ၊ ဆောင်းထားရသော ခမောက် (Helmet) ကြီးကလည်းလေး ဆိုတော့ ပိုက်ပေါ်ထိုင်ကာ ခမောက်ကို ခဏချွတ်မိပါသည်။ ဘယ်တုံးကတည်းက ချောင်းနေသည်မသိ။ သူ ခမောက်ချွတ်လိုက်သည့် ခဏတွင်ပင် အင်မတန် အပေါက်ဆိုးလှသော မျက်နှာတွင်ကျောက်ပေါက်မာများနှင့် တရုတ် safety တစ်ကောင် ချက်ခြင်းပေါက်ချလာကာ ကုလားကလေးကို ဖမ်းပါတော့သည်။ တစ်နေ့မှ ၁၆ ကျပ်ရသော ကုလားကလေးခမျာ ဒါဏ်ငွေ ၅၀ ဆောင်ရမည် ဆိုတော့ ငိုမဲ့မဲ့ ဖြစ်သွား၏။ ကျွန်တော်လည်း သူ့ထံသွားကာ သူ ငါ့အလုပ်သမားကလေးပါကွာ။ ငါကောင်းကောင်းသိပါတယ်။ အိုက်လွန်းလို့ ခု ခဏချွတ်မိတာပါ။ ငါသိရင် ဒီလိုမဖြစ်ရပါဘူး ဟု သွားတောင်းပန်ကာမှ ကိုယ်တော်က သဟောက်သဟာနှင့် ဟင်၊ မင်းက ဘာကောင်မို့လို့ ငါ့ကိုလာပြောရတာလဲ။ မင်းက သူ့ supervisor ဆိုရင် မင်းကိုပါ ဖမ်းလို့ရတယ်။ မင်းနားလည်လား ဟု အော်ဟစ် ငေါက်ငမ်းပါသည်။ လူအများရှေ့မှာမို့ ကျွန်တော် တော်တော်ရှက်မိပါသည်။ သို့သော် ဘာမှ ပြောမနေတော့ပဲ အသာ နောက်ဆုတ်လိုက်ပါသည်။ သူတို့က အထက်က၊ ကိုယ်ကအောက်က။

(၁၀) သူတို့ဆီက ယဉ်ကျေးမှု

ကျွန်တော် စင်ကာပူရောက်စက သူတို့တွေ ပြောဆိုဆက်ဆံတာကို နည်းနည်းမှ သဘောမကျ။ ကျွန်တော်တို့ မြန်မာယဉ်ကျေးမှု နှင့် အကွာကြီးကွာလှသည်။ သည့်အတွက် အလွန်နာသာခံခက် ဖြစ်မိသည်။ သူတို့ယဉ်ကျေးမှုကို ကျွန်တော် နားမလည်နိုင်။ နောက်ပြီး ကျွန်တော်ရောက်သွားသည့် ပတ်ဝန်းကျင်ကလည်း နိုင်ငံမျိုးစုံက လူမျိုးစုံ၊ စရိုက်မျိုးစုံ၊ အလွှာမျိုးစုံ၊ ဘာသာမျိုးစုံ၊ စကားမျိုးစုံ။ နောက်ပြီး ယဉ်ကျေးမှု မျိုးစုံ။

မြန်မာပြည်တွင် ကျွန်တော်ကျင်လည်ခဲ့ရသည့် ပတ်ဝန်းကျင်က တက္ကသိုလ်ဆိုတော့ ဆက်ဆံရသူများမှာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား၊ ဆရာဆရာမ အများစုဖြစ်သဖြင့် အေးအေးချမ်းချမ်း၊ သိမ်သိမ်မွေ့မွေ့၊ ယဉ်ယဉ်ကျေးကျေး ရှိသည်။ ယခုလို ဗြုန်းစားကြီး သည် ပတ်ဝန်းကျင်နှင့် ထိတွေ့လိုက်ရတော့ ကျွန်တော့်မှာ တော်တော်နှင့် အထာမကျနိုင်။

ကျွန်တော်တို့မြန်မာတွေမှာ ဘာပဲပြောပြော ဗုဒ္ဓဘာသာ တရားတော်၏ အဆုံးအမအောက်တွင် ကြီးပြင်းလာကြသည်ဖြစ်ရာ အင်မတန်ရိုင်းလှသော သူတွေတောင် သူတို့လောက်မဆိုးဟု ဆိုရမည်။ ကျွန်တော်တို့ ယဉ်ကျေးမှုတွင် “ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနား” ဆိုတာရှိသည်။ ဆရာသမားဆိုလျှင်၊ ကိုယ့်အထက်လူကြီးဆိုလျှင်၊ ကိုယ့်ထက် အသက်ကြီးသူများကိုဆိုလျှင် အရိုအသေပေးကြရမည်မှန်း တကူးတကသင်ပေးနေစရာကို မလို။ နောက်ပြီး တစ်ဦးနှင့်တစ်ဦး ဆက်ဆံလျှင် အပြန်အလှန် ရိုသေလေးစား စွာ ဆက်ဆံကြသည်။ စကားပြောလျှင် တိုးတိုးသက်သာ၊ အေးအေးဆေးဆေးပြောသည်။ အရက်ဝိုင်း နှင့် ရန်ဖြစ်ကြသည့်အခါများမှလွဲ၍ တစ်ဦးနှင့်တစ်ဦး ဆဲလားဆိုလားပြောတာ၊ နင်ပဲငဆပြောတာ ရှာမှရှားထဲကဖြစ်သည်။

ကျွန်တော်တို့မြန်မာပြည်တွင် အရာရှိဆိုလျှင် မိမိအဆင့်နှင့်လျော်ညီစွာ နေထိုင်ပြုမူ ပြောဆိုဆက်ဆံသည်။ ဆဲကာဆိုကာ ပြောသော အရာရှိကို ကျွန်တော့်တစ်သက် မကြုံခဲ့ရစဖူး။ အဲလေ၊ ကျွန်တော်ကျင်လည်ခဲ့ရတာက တက္ကသိုလ် အသိုင်းအ၀ိုင်းကြောင့်လား မပြောတတ်ပါ။ သို့သော် အခြား မြန်မာအရာရှိလူကြီးများလည်း လူလည်ခေါင်တွင် ဆဲဆိုပြောတာ ရှိမည်မဟုတ်ဟု ကျွန်တော်ယုံကြည် ပါသည်။

Keppel သင်္ဘောကျင်းရောက်သွားတော့ ပထမဦးဆုံးကြုံရသည်မှာ ခြေထောက်နှင့်ပြခြင်း ဖြစ်ပါသည်။ သူတို့ကတော့ ရိုးနေပြီ။ ကျွန်တော်က ရောက်စဆိုတော့ မသိ။ ဒါ ငါ့ကို သက်သက်စော်ကားတာ ဟု ထင်မိသည်။ မြေကြီးပေါ်ရှိ ပစ္စည်းတစ်ခုခုကိုပြချင်လျှင် ခြေ ထောက်နှင့် ထိုးပြသည်။ အစတော့ ကျွန်တော် သည်လို ခြေထောက်နှင့်ပြတာကို ကန့်ကွက်သေးသည်။ သူတို့နှင့် စကားများသည်။ နောက်တော့မှ ဒါ သူတို့ယဉ်ကျေးမှုပေဘဲ ဟု နားလည်ရသည်။

နောက်ပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ရိုသေလေးစားမှုမရှိ။ အဆဲမပါဘဲ စကားမပြောတတ်။ မနက်မိုးလင်း ကတဲက ဆဲလိုက်ကြသည်မှာ မိုးမွှန်နေသည်။ F x x king ဆိုသည်ကို သူတို့က ထမင်းစားရေသောက် ပြောနေကြသည်။ ယောက်ျားပစ္စည်း၊ မိန်းမပစ္စည်း အစုံဆဲသည်။ လူကြီးကလည်း လူငယ်ကိုဆဲသည်။ လူငယ်ကလည်း လူကြီးကိုမခန့်၊ ပြန်ဆဲသည်။ သို့သော် သူတို့စိတ်ထဲမတော့ ဘယ်လိုမှ ခံစားရပုံမပေါ်ပါ။ ပြောရိုးပြောစဉ်၊ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ ဆဲတာကလည်း အစုံဖြစ်သည်။ အင်္ဂလိပ်ပျက်နှင့် ဆဲသည်။ တရုတ်လိုဆဲသည်။ မလေးလိုဆဲသည်။ ကုလားလိုတောင် ဆဲလိုက်သေး။

ဒါ အလုပ်သမားတွေအကြားမှာတင် မဟုတ်ပါ။ သူတို့လူကြီး၊ အရာရှိများလုပ်သော အစည်းအဝေးတွင်လည်း မထူးပါ။ လက်အောက်ငယ်သားများအနေနှင့်လည်း ကိုယ့်အထက်အရာရှိမို့ အရိုအသေပေး၊ လေးလေးစားစား ဆက်ဆံတာ မတွေ့ရပါ။ ကျွန်တော်တို့ သူဌေးမှာလည်း အတူတူပင်ဖြစ်ပါသည်။ သူကအော်လိုက်၊ သူ့အလုပ်သမားတွေက ပြန်အော်လိုက်။ သူတို့ဟာနှင့် သူတို့တော့ ဟုတ်လို့။

သူဌေးမှာ ညနေပိုင်း ပြန်ခါနီးလျှင် ၀တ်ထားသော အိုဗာဟောကြီးကို ချွတ်ကာ အရပ်ဝတ်၊ အရပ်စားများနှင့် ပြန်လဲပါသည်။ လဲသည်ဆိုရာတွင် ကွယ်ရာထောင့်ရာတွင် လဲသည်မဟုတ်။ ကျွန်တော်တို့ ရုံးခန်းအတွင်းတွင်ပင် ကျွန်တော်တို့ရှေ့၌ under wear (အတွင်းခံဘောင်းဘီ) ကလေးမျှချန်ကာ အကုန်ချွတ်ချလိုက်လျှက် လဲခြင်းဖြစ်ပါသည်။ ဒါ သူတစ်ဦးတည်း မဟုတ်။ Ah Wee လည်း သည်အတိုင်း ဖြစ်သည်။ သူတို့ကတော့ ရိုးလို့။ မြန်မာပြည်တွင် အောက်ခံဘောင်းဘီသာချန်လျှက် အ၀တ်အားလုံးကို လူကြားသူကြားထဲ ချွတ်ချမည့် အရာရှိဖြစ်စေ။ အခြား ယောက်ျားတစ်ဦးဦးဖြစ်စေ ရှိမည်မထင်ပါ။

သူတို့ သန့်မလိုလိုနှင့် ညစ်ပတ်တာက တစ်မျိုး၊ မြန်မာပြည်တွင် သန့်မလိုလိုနှင့် ညစ်ပတ်တာက တစ်မျိုး။ သူ့ဓလေ့နှင့်သူ။ ကျွန်တော်တို့မြန်မာပြည်တွင် ထမင်းဆိုင်များတွင် ထမင်းစားလိုလျှင် နောက်ဖေး ချက်သည့်ပြုတ်သည့်နေရာ၊ ပန်းကန်ခွက်ယောက်များ ဆေးသည့်နေရာများကို ယောင်လို့မှ သွားမကြည့်ပါလေနှင့်။ စားထားသမျှ အကုန်ပြန်အန်ထွက်လိမ့်မည်။ သိလျှင်သော်မှ မသိယောင် ဆောင်ထားပါ။ သည်တော့မှ ထမင်းစားလို့ဖြစ်မည်။

စင်ကာပူမှာကျ တစ်မျိုး။ ချက်သည့်ပြုတ်သည့်နေရာ၊ ဆေးကြောသည့်နေရာများတွင် သန့်ပါသည်။ သူတို့က ရေကို အပေါသုံးကာ သန့်ရှင်းရေးလုပ်သည်။ မလုပ်လို့လည်းမရ။ ထိုဆိုင်များကို NEA (National Environment Agency) က အမြဲစစ်သည်။ သူတို့သတ်မှတ် ထားသော ကျန်းမာရေးစံနှုံးများနှင့် မညီညွတ်လျှင် ရောင်းချခွင့်လိုင်စင်ကို သိမ်းလို့ရသည်။ လိုင်စင်အသိမ်းခံရပြီး သည်အတိုင်း ဆိုင်ပြန်ဖွင့်လို့ မရ။ စားသောက်ဆိုင်ဖွင့်နည်းသင်တန်း ပြန်တက်။ သင်တန်းဆင်းလက်မှတ် ရပြီဆိုမှ လိုင်စင်ပြန်လျှောက်။ သို့သော် စားသည့်သောက်သည့်နေရာတွင်မတော့ အင်မတန် ပက်စက်လှသည်။

ဝက်မွေးဖူးသူများ သို့မဟုတ် ၀က်မွေးသည်ကို လေ့လာဖူးသူများ၊ သို့မဟုတ် ၀က်ခြံသို့ရောက်ဖူးသူများ ၀က်စာကျင်းတွင် ၀က်များစားနေသည်ကို မြင်ဖူးကြပါလိမ့်မည်။ ၀က်စာခွက်ထဲမှ အစာများကို နှုတ်သီးနှင့်ကော်ပြီး တပျပ်ပျပ်နှင့်စားကာ ၀က်စာကျင်းဘေး နားတွင် အစာများဖိတ်စဉ် ပေပွ၊ ညစ်ပတ်နေပါသည်။

သူများစားတာကို ၀က်စားတာနှင့် မနှိုင်းကောင်းပါ။ သို့သော် သူတို့စားသည်မှာ သည်အတိုင်းပင်ဖြစ်ပါသည်။ ဟင်းကို စားလို့ရတာ ရွေးချယ်မစားဘဲ အကုန်ပါးစပ်ထဲထည့်လိုက်သည်။ နောက်ပြီးမှ စားမရတာများကို တစ်ဖြီးဖြီးနှင့် ထွေးထုတ်လိုက်ကြသည်။ ဥပမာ - သူတို့က ကြက်သွန်ဖြူဥကို မြန်မာများလို ဟင်းထဲသို့ အခွံနွှာ၊ ထုထောင်းထည့်တာမဟုတ်ဘဲ အခွံများနှင့် ဥလိုက်ထည့်ပါသည်။ စားသည့်အခါတွင် ထို ကြက်သွန်ဖြူဥကို အလုံးလိုက်ပင် ပါးစပ်ထဲထည့်ဝါး၏။ နောက်မှ ဖွီးဖွီးနှင့် အခွံများကို စားပွဲပေါ် ထွေးထုတ်ပါသည်။ ပုဇွန်စားရာတွင်လည်း သည်အတိုင်းပင်။ ပုဇွန်ခွံများကို ပါးစပ်မှစားပွဲပေါ်သို့ တဖွီးဖွီးနှင့် ထွေးထုတ်ပါသည်။ သို့အတွက် သူတို့ထမင်းစား သော နေရာသို့ သွားကြည့်လိုက်ပါက ထမင်းလုံးများ၊ ဟင်းစဟင်းနများ၊ ငါးရိုးများ၊ ပုဇွန်ခွံများ၊ ကြက်သွန်ဖြူခွံများ စသည်တို့ ရှုပ်ပွညစ်ပတ် နေတာ တွေ့ရပါလိမ့်မည်။ သို့သော် စားပြီးသားထမင်းပန်းကန်များ လိုက်သိမ်းသော အဖိုးကြီး၊ အဖွားကြီးများက မပြတ်လိုက်သိမ်း၊ သိမ်းရင်းလည်း စားပွဲကိုလည်း အ၀တ်ရေစိုနှင့် သန့်ရှင်းရေး မပြတ်လုပ်နေသဖြင့်သာ စားပွဲများမှာ သန့်ရှင်းနေရခြင်း ဖြစ်ပါသည်။

ကုလားများ စားတာကျ တစ်မျိုး။ သူတို့က ထမင်းကို လက်နှင့်စားသည်။ ကျွန်တော်တို့မြန်မာများလည်း လက်နှင့်စားတာပါဘဲ။ သို့သော် စားပုံချင်းကွာသည်။ သူတို့က ထမင်းပေါ်သို့ ဒါးလ် (Dahl) ခေါ် ဟင်းရည်များ လောင်းချကာ လက်နှင့်ပယ်ပယ်နယ်နယ် နယ်သည်။ နယ်ရာတွင် လက်ဖ၀ါးပြင်တစ်ခုလုံးနှင့် နယ်ခြင်းဖြစ်၏။ ပထမ လက်ဖ၀ါးပြင်နှင့် ဖိကာဆွဲသည်။ ထို့နောက် လက်ချောင်းများ နှင့် ဖွသည်။ သည့်အတွက် လက်ကောက်ဝတ်အောက် လက်ဝါးပြင်တစ်ခုလုံးမှာ လက်ဖ၀ါးရော လက်ဖမိုးမှာပါ ထမင်းလုံးများ၊ ဟင်းရည်များနှင့် ပေကျံကုန်ပါသည်။ ဤဟင်းရည်များပေကျံနေသော လက်ကို လျှာကြီးတန်းလန်းထုတ်လျှက် အားရပါးရ လျက်လိုက်ပါသေးသည်။ ထို့နောက်တော့ ခုန နယ်ဖတ်ထားသော ထမင်းကို လက်နှင့်ကြုံးလျှက် လျှာကြီးကို အသားကုန်ထုတ်ကာ စားပါသည်။ သူတို့က ထမင်းကို ပန်းကန်နှင့်မစား။ ပန်းကန်ထဲ စက္ကူ သို့မဟုတ် ငှက်ပျောဖက်ခင်းကာ စားသည်။


သည်တွင် ကြားဖြတ်ပြောလိုသည်မှာ သူတို့ ဟင်းချက်ပုံဖြစ်ပါ၏။ ကျွန်တော်တို့က မြန်မာဆိုတော့ မြန်မာလိုချက်တာသာ ကြိုက်ပါသည်။ တရုတ်က တရုတ်လိုချက်တာကြိုက်မည်။ မလေးက မလေးလိုချက်တာ ကြိုက်မည်။ ကုလားက ကုလားလိုချက်တာ ကြိုက်မည်။ ခက်သည်မှာ သူတို့တိုင်းပြည်တွင် ကုလားစာ၊ မလေးစာ၊ တရုတ်စာများကို ကန်တင်းတိုင်းရနိုင်သော်လည်း မြန်မာစာမှာ ရဘို့ မလွယ်သဖြင့် ကျွန်တော်တို့မှာ ဤအစားအစာသုံးမျိုးထဲက တစ်မျိုးမျိုးကို ရွေးရသည်။


တရုတ်ဟင်းများမှာ ပဲငံပြာရည်များ နင်းကန်ထည့်၏။ အသီးအရွက်ကျတော့ ရေလုံပြုတ်၊ သို့မဟုတ်ပါက ပဲငံပြာရည်နှင့် ကြော်သည်။ ၀က်သားကိုလည်း ပဲငံပြာရည်နှင့် ချက်သည်။ အကယ်စင်စစ်၊ ချက်သည်ဟုပင် မဆိုနိုင်ပါ။ ပဲငံပြာရည်နှင့် ပြုတ်ထားတာမျိုး ဖြစ်ပါသည်။ ထမင်းစားသောအခါ ထို ၀က်သားပြုတ်ထားသော ပဲငံပြာရည်နှင့် ဆန်းစားကြသည်။ ဤပဲငံပြာရည်ကြီးကို ကျွန်တော်အလွန် မုန်းပါသည်။ ရောက်စက အောင့်အည်းကာ ဖြစ်ညှစ်စားနိုင်သေးသည်။ ခုတော့ မစားနိုင်တော့ပါ။ အခြား ပဲငံပြာရည် မပါသောဟင်းကိုသာ ရွေးပါသည်။ သို့တိုင် ကိုယ်တော် တို့က စေတနာတွေပိုကာ လက်မြန်ခြေမြန်နှင့် ထမင်းကို ပဲငံပြာရည်များ ဆမ်း ဆမ်း လွှတ်လိုက်တတ်ကြ ပါသေးသည်။ သူတို့ကို မျက်ခြေမပြတ် ကြည့်နေပြီး ပဲငံပြာရည်မဆမ်းဘို့ အလျှင်အမြန်တားရသည်။

မလေးဟင်းများမှာတော့ သူတို့အခေါ် ကာရီပေါင်ဒါ (curry powder) ခေါ်သည့် ဟင်းခတ်အမှုံ့များ (မြန်မာပြည်တွင်သုံးသည့် နနွင်းမှုံ့ကဲ့သို့ - သို့သော် သူတို့ကာရီပေါင်ဒါက အစုံစပ်ထားခြင်း ဖြစ်ပါသည်) နင်းကန်ထည့်ပါသည်။ စပ်သလိုလို၊ ချိုသလိုလို။ နောက်ပြီး အုန်းနို့များလည်း ထည့်ချက်ပါသေး၏။ မလေးအစားအစာများအနက် ကျွန်တော်မနှစ်သက်ဆုံးမှာ ငြုပ်ဆီများနီရဲနေအောင် ထည့်ကြော် ထားသည့် မလေးခေါက်ဆွဲကြော် ဖြစ်ပါသည်။ တစ်ခါစားဖူးပြီးကတည်းက တပ်လန်သွားပါသည်။ ထူးဆန်းသည်ကို ပြောရလျှင် ကျွန်တော်တို့မြန်မာပြည်မှာလည်း မလေးရှားခေါက်ဆွဲကြော်၊ ပသျှုးထမင်းကြော်များ စားဖူးပါသည်။ ကောင်းလည်းကောင်းသလို ကျွန်တော် ကြိုက်လည်း ကြိုက်ပါသည်။ မလေးများကိုယ်တိုင်ကြော်သော မလေးခေါက်ဆွဲကြော်ကျတော့ ကျွန်တော်ဘယ်လိုမှ စားလို့မရပါ။

ကုလားစာမှာတော့ မြန်မာပြည်မှ ကုလားစာနှင့် အတန်ငယ် ဆင်ပါသည်။ သို့သော် မြန်မာပြည်မှ ကုလားစာများမှာ ကျွန်တော်တို့ ပါးစပ်နှင့်အကိုက် ချက်ထားသဖြင့် စားလို့ရသည်။ ကောင်းလည်းကောင်းပါသည်။ သို့သော် စင်ကာပူကန်တင်းများမှ ကုလားစာများကိုမူ ကျွန်တော် မကြိုက်ပါ။ ကုလားစာမှန်လျှင် နံမည်၊ စပ်မည်၊ ပူမည်။ ဒန်ပေါက်ချင်း အတူတူ သူရို့ဒံပေါက်က မြန်မာပြည်မှ ဒံပေါက်လို စားလို့ မကောင်းပါ။ ဈေးမှာလည်း ရိုးရိုးထမင်းနှင့် အတူတူပင်ဖြစ်ပါသည်။ သို့သော်လည်း ဈေးကြီးသော (restaurant) ကုလားဆိုင်များမှ အစားအသောက်များမှာမူ ကောင်းပါသည်။ မဆာလာ ဒိုဆေ၊ ချာပါတီများကို ကျွန်တော် မကြာခဏ စားဖြစ်ပါသည်။

စားသောက်ပြီးကြလျှင် နေ့လည်နေ့ခင်း တစ်ရေးတစ်မော အိပ်ကြပါသည်။ အိပ်ပြီဆိုလျှင်လည်း တွေ့သည့်နေရာတွင် ကြုံသလို လှဲအိပ်လိုက်ကြခြင်းဖြစ်၏။ အိမ်သာရှေ့တွင်လည်းကောင်း၊ ကန်တင်းကြမ်းပြင်ပေါ်တွင်လည်းကောင်း၊ လှေခါးအောက်များတွင် သော်လည်းကောင်း၊ လမ်းဘေး ပလက်ဖောင်းများတွင်သော်လည်းကောင်း နေရာလပ်ရှိလျှင် သူတို့အတွက် အိပ်လို့ဖြစ်ပြီ။ အိပ်သည်ဆိုရာ၌ ခေါင်းအုံး အထွေအထူးရှာနေစရာမလို။ စီးထားသော ဖိနပ် (safety shoe) ကို ချွတ်ကာ ခေါင်းအုံးအိပ်ကြသည်။ အင်မတန်ထူးဆန်းသော လူမျိုးများဖြစ်ပါ၏။


နောက်ပြီး သူတို့မှာ ဘုန်းတို့ကံတို့ဆိုတာလည်း ရှိပုံမရ။ မြန်မာများကတော့ ကြိုးတန်းအောက်ဝင်လျှင် ဘုန်းကံနိမ့်တတ်သည် ဟု အယူရှိသည်။ မိန်းမ အသုံးအဆောင်များနှင့် ယောက်ျားအ၀တ်အစားများ အတူရောထားလေ့မရှိ။ အမျိုးသမီးလုံချည်များကို အမြင့် (ခေါင်း အထက်) တွင် လှမ်းရိုးထုံးစံမရှိ။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အတွင်းခံ ဘောင်းဘီများကို လူမြင်ကွင်းတွင် မလှမ်း။ ကွယ်ရာထောင့်ရာ တွင် လှမ်းကြသည်။ ဒါ ကျွန်တော်အင်မတန်ချစ်သော ကျွန်တော်တို့လူမျိုး၏ ဓလေ့ထုံးစံဖြစ်ပါသည်။


သူတို့ကတော့ အာ၊ အ၀တ်ပဲ၊ ဘာကွာတာလိုက်လို့ ဟု သဘောထားပုံရပါသည်။ ခြေအိတ်များ၊ မိန်းမဘောင်းဘီများ၊ ဘရာစီယာ များ၊ အောက်ခံဘောင်းဘီများကို ယောက်ျားအင်္ကျီများ၊ မျက်နှာသုတ်ပုဝါများ၊ ခေါင်းအုံးစွပ်များ နှင့် အတူရောလျှော်၊ အတူရောလှန်းပါသည်။ လှန်းသည်ဆိုရာတွင် နိမ့်သည်ဖြစ်စေ၊ ခေါင်းပေါ်ကတန်းဖြစ်စေ၊ ဧည့်ခန်းတွင်ဖြစ်စေ လှန်းပါသည်။

ကျွန်တော်တို့ရုံးမှ တရုတ်မကလေးက စရင်းနောက်ရင်း သူ့ထက်ကြီးသော တရုတ်ကြီးကို ခြေထောက်နှင့်လှမ်းကန်လိုက်တာ တွေ့ဖူးပါသည်။ ကျွန်တော်တို့ယဉ်ကျေးမှုအရ အလွန်ရိုင်းသော လုပ်ရပ်ဖြစ်သော်လည်း သူတို့အဖို့တော့ သာမန် သမားရိုးကျ အပြုအမူတစ်ခု သာ ဖြစ်ပါသည်။ စင်ကာပူရောက်စကသာ သည်အပြုအမူ၊ အပြောအဆို၊ နေပုံထိုင်ပုံများကို အထူးအဆန်းဖြစ်နေသော်လည်း ခုတော့ မဆန်းတော့ပါ။ ဒါ သူတို့ယဉ်ကျေးမှုပဲ။ ကိုယ်နှင့်မဆိုင် ဟု သဘောထားလိုက်ပါသည်။

တဆက်တည်းပြောချင်သည်မှာ မြင်နေကျ၊ တွေ့နေကျဖြစ်၍ အထူးအဆန်းဟု သဘောမထားတော့သော ဘတ်စ်ကားပေါ်၊ ရထား ပေါ်များတွင် တွေ့ရသည့် ယောက်ျားနှင့်မိန်းမ ပလူးနေသည့် မြင်ကွင်းဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ရင်ချင်းအပ်၊ အတင်းအကျပ်ဖက်ထား ကာ လူကြားထဲတွင် ဟိုပွတ်သည်ပွတ်၊ နှုတ်ခမ်းချင်းတေ့ကာ တပြွတ်ပြွတ်လုပ်နေကြသည့် မြင်ကွင်းများဖြစ်ပါသည်။ ဒါလား ယဉ်ကျေးမှု။ သိပ်မကြာခင် တလောက ရထားပေါ်တွင် သည်ကဲ့သို့ ပွတ်နေသော အတွဲတစ်တွဲကို တွေ့ရ၏။ သည်ကဲ့သို့အတွဲများနှင့် ရင်ဆိုင်တိုးရလျှင် ကျွန်တော်က နောက်ခိုင်းနေလေ့ရှိပါသည်။ သို့သော် သူတို့ပြောနေသော စကားသံကြားလိုက်မှ မျက်လုံးပြူးသွားပါ၏။ မြတ်စွာဘုရား။ မြန်မာကောင်လေးနှင့် ကောင်မလေး ဖြစ်ပါသည်။ အတုခိုးတာကလည်း မြန် မြန်လှချည့်။ ကောင်းတာသာ အတုမခိုးချင်နေရမယ်။ ဒါမျိုးတော့ သင်ပေးစရာမလိုပါ။

စင်ကာပူပေါက် သို့မဟုတ် စင်ကာပူတွင် ငယ်စဉ်ကတည်းက ကြီးပြင်းလာသည့် ကလေးများမှာ သည်အတိုင်း ဖြစ်ကိုဖြစ်ရမည်။ အတုမြင် အတတ်သင်ကိုး။ ဘယ်လိုမှတားလို့ရမည် မဟုတ်။ ယခုပင်လျှင် စင်ကာပူရောက် မြန်မာလူငယ်များ ၀တ်စားထားသည်မှာ စကားသာမပြောလျှင် မြန်မာဟုပင် မထင်ရပါ။ ကျွန်တော်တို့မှာ old model, out dated ကြီးများ ဖြစ်သွားပါပြီ။

- - - - - - - - - - - - x x x - - - - - - - - - - - - -





Tuesday, January 4, 2011

ခရစ္စတိုဖာ ပေါက်ကျိုင်း ၏ အတ္ထုပ္ပတ္တိ (၂)

ဒုတိယပိုင်း (စင်ကာပူအတွေ့အကြုံ - ပထမ ၂ နှစ်)

(၅) စင်ကာပူသို့ ရောက်ရှိခြင်း

လေယာဉ်ကြီး လေပေါ်ပျံတက်ရန် ပြေးလမ်းပေါ်တွင်အရှိန်ယူကာ တအားစ’ ပြေးလိုက်သည်နှင့် ရင်ထဲတွင်လှပ်ကနဲ ဖြစ်သွားကာ မဖော်ပြနိုင်သော ဝေဒနာတစ်ရပ်ကို ခံစားလိုက်ရပါသည်။ သည်ဝေဒနာမျိုးကို မိသားစုနှင့်ခွဲခွာကာ နိုင်ငံခြားသို့ ယခုမှစတင်ထွက်ခွာလာသူ တိုင်း ခံစားရလိမ့်မည် ထင်ပါသည်။ တဖြည်းဖြည်း ဝေးကျန်ရစ်ခဲ့သော ရန်ကုန်မြို့ကြီးကို လေယာဉ်ပေါ်မှစီးကြည့်ရင်း ၀မ်းနည်းသလိုလို ခံစားမိပါသည်။ ထိုနေ့ထိုရက်မှစကာ ငါတို့မိသားစုနဲ့ ပြန်တွေ့ဘို့ ဘယ်နှရက်လိုသေးတယ် ဆိုသည်ကို နေ့တိုင်းတွက်မိပါတော့၏။

သင်္ဘောကျင်းတွင် အလုပ်လုပ်နေရင်းလည်း ကောင်းကင်တွင် ဖြတ်ပျံသွားသော လေယာဉ်တစ်စီးတလေကို မြင်ရတိုင်း မြန်မာပြည်ကို လွမ်းဆွတ်စိတ်များ ပေါ်မိပါသည်။ နက်ဖြန် အိမ်ပြန်ရမဲ့နေ့ဆို ဒီနေ့ဘယ်လောက် ပျော်ဘို့ကောင်းလိုက်မလဲ ဟုလည်း မကြာခဏ တွေးမိ၏။ သို့သော် ဤသည်မှာ စင်ကာပူရောက်ခါစ နှစ်များသာဖြစ်ပြီး ယခုတော့လည်း ရိုးသွားသဖြင့် သိပ်အထွေအထူး မခံစားမိတော့ပါ။ မြန်မာပြည်မှ မိသားစုထံပြန်ရသည်ကို ခဏအလည်သွားသကဲ့သို့ လည်းကောင်း၊ မြန်မာပြည်မှ စင်ကာပူသို့ပြန်လာမှ မိမိနေရပ်သို့ ပြန်လာရသကဲ့သို့လည်းကောင်း ကပြောင်းပြိ၊ ကပြောင်းပြန် ခံစားရပါသည်။

လူ့စိတ်များ ထူးဆန်းပါပေ့။

ခုမှသာ အနေကြာလို့ရိုးသွားရမည်။ ရောက်စကတော့ စင်ကာပူဆိုတာ အလွန်ထူးဆန်းသော၊ ခမ်းနားသော၊ လှပသောမြို့ကြီး ဖြစ်သည်။ လမ်းကြီးတွေကလည်း ကောင်း၊ ကားတွေကလည်း အသစ်၊ လူတွေကြည့်လိုက်လျှင်လည်း ကိုယ့်တိုင်းပြည်ကလူတွေလို ခပ်စုတ် စုတ်ကလေးတွေ မဟုတ်။ တောက်လို့ပြောင်လို့။ သစ်သစ်လွင်လွင်၊ ကြော့ကြော့မော့မော့။ ဘယ်ကြည့်လိုက်ကြည့်လိုက်။ အရာရာ အထူး အဆန်းတွေချည်း ဖြစ်သည်။

ကျွန်တော်တို့ အယောက် (၂၀) ပါ လူစုကို လေဆိပ်တွင် ကုမ္ပဏီမှ လာကြိုနေသည်။ လာကြိုသောလော်ရီကားဖြင့်ပင် သူတို့ခေါ် ရာ လိုက်ခဲ့ကြသည်။ ပထမဆုံးနေရသည်မှာ Yishun တွင် ဖြစ်၏။ Sembawang Road ပေါ်က နှစ်ထပ်အိမ်ကလေးတစ်လုံး၏ အပေါ်ထပ် တွင်ဖြစ်သည်။ အောက်ထပ်တွင် စားသောက်ဆိုင်ရှိသည်။ ကုန်စုံဆိုင်ကလေးလည်း ရှိသဖြင့် စားရေးသောက်ရေး အဆင်ပြေပါသည်။

လော်ရီပေါ်က ဆင်းကြတော့ အသက်ခပ်ကြီးကြီး လူကြီးနှစ်ဦးမှာ ကျွန်တော့် luggage ကို အတင်းထမ်းပြေးပါသည်။ ကျွန်တော် လည်း ဘုမသိ၊ ဘမသိနှင့် သူတို့နောက် ရောယောင်လိုက်ခဲ့၏။ အိမ်ခန်းမှာ အိပ်ခန်းသုံးခန်း ပါသည်။ အခန်းများမှာ အတော်ကျဉ်းပါသည်။ ကုတင်သုံးလုံးကို နံရံသုံးဘက်တွင် ကပ်ထားပါသည်။ အခန်းအလယ်တွင် ကွက်လပ်တစ်ခုရှိရာ ထိုကွက်လပ်သည်ကား ကျွန်တော်တို့၏ ထမင်းစားရာ၊ အပန်းဖြေရာ၊ ခေတ္တခဏထိုင်လိုကထိုင်ရာ မျိုးစုံသုံးနေရာပင် ဖြစ်ပါတော့သည်။

တစ်ခန်းကို နှစ်ထပ်ကုတင်သုံးလုံး ဆိုတော့ သုံးခန်းတွင် ၁၈ ယောက်။ ကျန်သည့် နှစ်ယောက်ကိုတော့ အိမ်သာအနီးရှိ စတိုခန်း တွင် နှစ်ထပ်ကုတင်တစ်လုံးနှင့် နေရာချပေးပါသည်။ တစ်ခန်းကို ၆ ယောက်နေရမည်ဆိုတော့ ကိုယ်နှင့်စရိုက်ချင်း တူရာတူရာ နေချင်ကြ သည်ပေါ့။ သည်တွင် အတွေ့အကြုံရှိပြီးသား သူတို့မှာ ကိုယ်နှင့်စရိုက်တူမည်ထင်သည့် သူများရှိရာ အခန်းများတွင် နေရာယူကြပါသည်။ ကျွန်တော်ကတော့ အခြေအနေကို အသာအကဲခတ်နေပါသည်။ ကျွန်တော် ကိုယ့်နေရာကိုယ် ဦးစရာမလို။ ခုနင်က ကျွန်တော့်သေတ္တာကို ထမ်းပြေးသွားသူ လူကြီးနှစ်ဦးက ကျွန်တော့်ကို နေရာချပေးပါသည်။

နောက်မှသိရသည်မှာ ထိုသူနှစ်ဦးမှာ ဦးဘကျော်နှင့် ဦးမြင့်လွင် ဖြစ်၏။ ယခုလာသော အသုတ်ထဲမှ လူတချို့ကို သူတို့သိသည်။ ထိုသူတို့နှင့် တစ်ခန်းထည်းကျမှာ အလွန်ကြောက်သည်။ မင်္ဂလာဒုံလေဆိပ်တွင် လေယာဉ်စောင့်နေကြစဉ်က ကျွန်တော်သူတို့ကို အကဲ ခတ်နေသလို ကျွန်တော့်ကိုလည်း ထိုသူနှစ်ဦးမှ တစေ့တစောင်းအကဲခတ် နေပါသည်။ ဒီလူ့ကြည့်ရတာ ခပ်အေးအေးနေမဲ့ပုံဘဲ၊ ငါတို့ သူနဲ့ အတူနေရအောင် ဟု ရန်ကုန်ကတည်းက တိုင်ပင်လာကာ စင်ကာပူလည်းရောက်ရော ကျွန်တော့်ကို သူတို့နေမည့် အခန်းတွင်း အတင်း ဆွဲသွင်းကြခြင်း ဖြစ်ပါ၏။

ရောက်ပြီး ပစ္စည်းပစ္စယများ နေရာချအပြီး အောက်ဆင်းလျှက် ထမင်းစားကြပါသည်။ ကျွန်တော်က မမှာတတ်။ ယခင်က စင်ကာပူတွင် အလုပ်လုပ်ခဲ့ဖူးသူ ကိုထိန်လင်းက မလေးလိုလည်းပြောတတ်သည်နှင့် မှာပေးပါသည်။ သို့သော် ထမင်းကို အကုန်မစား လိုက်ရ။ ထမင်းစားနေရင်းတန်းလန်း၊ ရေသောက်ချင်လာသည်နှင့် ထပြီးရေဗူးသွားဝယ်နေတုံး ထမင်းပန်းကန်ကို လာသိမ်းသွား၏။ တစ်ဝက်တပျက်နှင့် ၀ လိုက်ရသည်။ ထမင်းတစ်ပွဲ ၂ ကျပ်ခွဲ ဆိုတော့ အင်း၊ မဆိုးဘူးဟ ဟု တွေးမိသည်။

ရောက်ပြီးများမကြာမီပင် အိုဗာဟောကြီးဝတ်လျှက် သူဌေးရောက်လာပါသည်။ သုံးစွဲဘို့ တစ်ဦးလျှင် ၅၀ စီ ထုတ်ပေး၏။ လခထုတ်တော့ ပြန်ဖြတ်မည်ပေါ့။ ဘာတွေလိုသလဲ ၀ိုင်းဝန်းပြောကြဆိုကြရင်း ကျွန်တော့်မှာ အလိုလိုနေရင်း ထန်းတက်လက်မှတ် ရလာ ပါသည်။ ဟိုလူက ကျွန်တော့် ကုတင်မှာ ဘာဖြစ်နေလို့ ပြောပေးပါဦး ဆို သွားပြောလိုက်။ မီးဖိုချောင်ကလည်း ဘာလဲမရှိဘူး၊ ပြောပေးပါဦး ဆို သွားပြောလိုက်။ သုံးလေးဦးကို ပြောပေးအပြီး ကျွန်တော့်မှာ သူဌေး၏ အဟောက်ကိုခံရပါတော့သည်။ ထိုအခါမှ အင်း၊ ဟောက်တာ တောင် နည်းသေးဟု ကိုယ့်ကိုယ်ကိုယ် သတိပြုမိပါတော့၏။

ကျွန်တော်တို့ ဤအိမ်တွင်နေစဉ် အိမ်အောက်ထပ် ကုန်စုံဆိုင်မှ အဘွားကြီးက ကျွန်တော်တို့စားဘို့ ပဲပင်ပေါက်များ၊ ခရုများ၊ ဂုံးများ၊ ပိန္နဲသီးများ၊ ဟင်းနုနွယ်များ စသည်ဖြင့် မကြာခဏ လာ လာပေးပါသည်။ အမေကြီးကို အလွန်ကျေးဇူးတင်ပါသည်။

သူတို့ပြောလို့ သိရသည်မှာ Keppel Shipyard တွင် လုပ်ရမည် ဆို၏။ အဆင်မပြေစရာတော့ ဘာမှမရှိပါ။ မနက် ၅ နာရီခွဲ အိပ်ယာမှထ။ မနက်စာစားစရာရှိလျှင် စား။ နေ့လည်စာဘို့ ထမင်းထုပ်။ အ၀တ်အစားလဲ။ လိုတာယူ။ ၆ နာရီခွဲသည်နှင့် အောက်မှာလာ စောင့်နေသော လော်ရီကားကလေးမှာ စထွက်ပါသည်။ မထွက်လို့လည်းမဖြစ်။ ကျွန်တော်တို့နေသော Yishun နှင့် Keppel Shipyard မှာ နာရီဝက်ခန့် မောင်းရသည်။ ၇ နာရီခွဲ ဒေါင်ကနဲထိုးသည်နှင့် ဂိတ်ပိတ်ပါသည်။ တစ်မိနစ်မှ စွန်းလို့မရ။ အလုပ်လာကြသူ ရာပေါင်းများစွာမှာ ဂိတ်ပေါက်တစ်ခုထဲ တိုးဝှေ့ဝင်နေကြရာ နောက်ကျလျှင် ၀င်လို့ရတော့မည် မဟုတ်။

(၆) Safety သင်တန်းများ တက်ရခြင်း

စင်ကာပူရောက်ရောက်ချင်း အလုပ်လုပ်လို့မရသေး။ SOC (Safety Orientation Course ) ဆိုတာ တက်ရသည်။ စင်ကာပူ ရောက်လာသူမှန်သမျှ လုပ်ငန်းခွင်မ၀င်မီ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် SOC တက်ရသည်။ သင်္ဘောကျင်း တွင် လုပ်မည့်သူများက Marine, ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်မည့်သူများက Construction, ဓါတုဗေဒစက်ရုံများ တွင် လုပ်မည့်သူများက Oil and Petrochemical, ကုန်ထုတ်လုပ်ငန်းများ၊ စက်ရုံများတွင်လုပ်မည့်သူများက Manufacturing စသဖြင့် ဆိုင်ရာဆိုင်ရာ သင်တန်းများ တက်ရသည်။

သင်တန်းကတော့ တစ်ရက်မျှသာ ဖြစ်ပါ၏။ နံနက် ၈ နာရီခန့်တွင် သင်တန်းစသည်။ Slide presentation များ၊ ဗီဒီယိုများဖြင့် ရှင်းလင်းပြသကာ ညနေ ၄ နာရီလောက်တွင် စာမေးပွဲ ဖြေရပါသည်။ အမှန်ဆိုရလျှင် မေးခွန်းများမှာ ဘာမှ မခက်ပါ။ မှားမှန်ရောထွေး၊ အမှန်ရွေး (MCQ – Multiple Choice Question) ဖြစ်၏။ သို့သော် ပြဿနာက အင်္ဂလိပ်စာ ဖြစ်၏။ အင်္ဂလိပ်စာတတ်သူများအဖို့ မထောင်းတာလှ။ မှန်မှန်ကန်ကန်ဖြေကာ အောင်မည်။ သို့သော် အင်္ဂလိပ်လိုမတတ်လျှင်မူ အောင်ဘို့ခဲယဉ်းမည်။ တစ်ခါဖြေလို့ မအောင် လျှင် နောက်တစ်ခါထပ်ဖြေ။ သုံးခါဖြေလို့မှ မအောင်လျှင် work permit ထုတ်မပေး။ နေရပ်သို့ ပြန်လွှတ်မည်။ SOC မအောင်သဖြင့် မြန်မာ ပြည် ပြန်သွားရသူများ ရှိပါသည်။ ဤကဲ့သို့ ပြန်ရလျှင် အလုပ်ရှင်ရော၊ အလုပ်သမားပါ နစ်နာပါသည်။ မိမိအလုပ်သမားတစ်ဦး SOC ကျကာ ပြန်အလွှတ်ခံရလျှင် ထိုအလုပ်ရှင်အဖို့ နောက်ထပ် ၆ လအတွင်း အလုပ်သမားထပ်ခေါ်ခွင့် မရှိပါ။ သို့အတွက် စင်ကာပူလာပြီး အလုပ် လုပ်ချင်သူများအဖို့ အင်္ဂလိပ်စာကို အတတ်ကြီးမဟုတ်သည့်တိုင်၊ သေစာရှင်စာလောက်တော့ တတ်ထားရမည် ဖြစ်သည်။ မဟုတ်ပါက နွားရောင်းလိုရောင်း၊ ရွှေပေါင်လိုပေါင်ဖြင့် ရင်းလာခဲ့သော အေးဂျင့်ဖီးအားလုံး ဆုံးမည်။

SOC တက်ရုံမျှနှင့် မပြီးသေး။ ထိုသင်တန်းတက်ပြီးသူများအား Keppel Shipyard တွင် အလုပ်လုပ်နိုင်ရန် SIC (Safety Induction Course) တက်ရပြန်ပါသေးသည်။ SOC နှင့် SIC ဘာကွာသနည်း ဆိုသော် SOC က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်လျှင် ဒါတွေ ဒါတွေ လိုက်နာရမည်။ ဒါတွေဒါတွေ မလုပ်ရ။ ဒါတွေ ၀တ်ရ၊ ဆင်ရမည် စသည်တို့ကို ရှင်းလင်းပြောပြသည်။ Shipyard SOC တွင် သင်ပေးသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများမှာ စင်ကာပူတစ်နိုင်ငံလုံးရှိ သင်္ဘောကျင်းများအတွက် အတူတူပင်ဖြစ်သည်။ SOC ကို MOM (Ministry of Manpower) ကပေးသည်။

SIC ကတော့ သင်္ဘောကျင်းတွင် အလုပ်လုပ်သည့်အခါ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဖြစ်သည်။ SIC ကိုမူ သက်ဆိုင်ရာ သင်္ဘောကျင်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံစသည်တို့က သင်တန်းပေးသည်။ သင်္ဘောကျင်းတစ်ခုနှင့်တစ်ခု လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများမှာ မတူသဖြင့် သင်္ဘောကျင်းတစ်ခုသို့သွားတိုင်း ထိုသင်္ဘောကျင်းကပေးသော SIC ကိုတက်ရသည်။ Safety ဌာနက SIC တက်ပြီးသူများစာရင်းကို Security ဂိတ်သို့ပေးလိုက်သည်။ လုံခြုံရေးဂိတ်ဝက စစ်ဆေးပြီး ထိုစာရင်း တွင်ပါသူများကိုသာ သင်္ဘောကျင်း အတွင်း အလုပ်လုပ်ရန် ၀င်ခွင့်ပေး သည်။ ထိုသင်တန်းမတက်ထားသူတို့အဖို့ သင်္ဘောကျင်းအတွင်း ၀င်ခွင့် ရချင်တော့ရမည်။ သို့သော် အလုပ်လုပ်လို့မရ။ အထူးသဖြင့် သင်္ဘောပေါ်တက်လို့မရ။

ဤနေရာတွင် အကြောင်းတိုက်ဆိုင်လာသဖြင့် SIC တွင် မေးတတ်သည့်မေးခွန်းအချို့ကို ဖော်ကောင်လုပ်ချင်ပါသည်။ လေ့လာလို သူများ လေ့လာလို့ရအောင် ဖြစ်ပါ၏။ သို့သော် သည်မေးခွန်းကို သည်အတိုင်းမေးလာမည်ဟုတော့ တရားသေမှတ်မထားပါလေနှင့်။

1. When is fall protection needed? Give some example.
2. Beside provision of scaffolding, what are the other method/system of guarding against fall from height?
3. Guardrails must be provided at working platform of more than ____ m in height.

0 2m
0 3m
0 4m
0 5m

4. What PPE must you wear for full protection at height?
5. Which of these hazards are associated with gas welding and cutting?
0 Fires and explosions
0 Burns and heat stress
0 Sprains and backache
0 Eye damage

6. Which of the following hazard is not associated with welding?
0 Poisoning from toxic gases and fumes
0 Radiation
0 Electrocution
0 Sprains and cuts

7. What do you do if you have a load that is too heavy to lift on your own?
0 Leave it for someone else
0 Break up the load, if possible
0 Get someone to help you
0 Use a mechanical aid

8. Forklift must be operated by competent forklift operator
0 True
0 False

9. Which of the following is false?
0 Install a PUB approved Earth leakage Circuit Breaker (ELCB) and test it only after use.
0 Always engage a licensed electrical contractor to do your wiring
0 Do not overload a socket outlet by connecting several appliances using multi ways adaptors
0 Send any damaged or defective electrical equipment or appliance to the authorized agent or competent repairer for repair.

10. Noise can be controlled by the method of:
0 Engineering controls
0 Administration controls
0 Personal protective equipment
0 All of the above

11. The acceptable noise level under TWA is
0 85db(A) for 8 hours continuous.
0 90 dB(A) for 8 hours continuous
0 120 dB(A) for 8 hours continuous
0 180 dB(A) for 8 hours continuous

12. Which of the following are you allowed to wear at work as eye protection?
0 Safety glasses with sideguards
0 Goggles
0 Face shields
0 Sunglasses
0 Prescription safety glasses

13. Which of the glove should be worn when handling hazardous substances?
0 Impervious Rubber Gloves
0 Cotton Gloves
0 Surgeon Gloves
0 Leather Gloves

သင်္ဘောကျင်းအတွင်း ၀င်သူတိုင်း ဂိတ်ဝတွင် pass လဲရသည်။ မိမိ၏ work permit card ကို ဂိတ်သို့ပေးလိုက်ရပြီး သူတို့က ၀င်ခွင့်ကဒ်ပြားများ ပြန်ထုတ်ပေးလိုက်သည်။ သင်္ဘောကျင်းမှ ပြန်အထွက်တွင် ထိုကဒ်ကို မိမိ၏ work permit card နှင့်ပြန်လဲယူရသည်။ ပြဿနာမှာ လူအနည်းအကျဉ်းဆို ကိစ္စမရှိ။ သင်္ဘောကျင်းသို့ အလုပ်လုပ်ရန်လာသူ။ အလုပ်ပြီး၍ သင်္ဘောကျင်းမှ ပြန်ထွက်သူများမှာ တစ်ချိန်ထဲတွင် စုပြုံလာကြသည်ဖြစ်ရာ ထောင်နှင့်ချီသော လူများတန်းစီတိုးဝှေ့နေကြသဖြင့် ထိုလူအုပ်ကြီးကို ရှင်းထုတ်ရန် လုံခြုံရေး အစောင့်များမှာ ကဒ်များကို စက်သေနတ်ပစ်သလို လဲပေးနေရ၏။

ထိုအခါ တစ်ခါတစ်ရံ ကဒ်များမှားပေးတတ်သည်။ ကဒ်လက်ထဲရောက်လာသည်နှင့် ထိုကဒ်မှာ မိမိကဒ် ဟုတ်မဟုတ် သေသေချာချာကြည့်ရန် လိုပါသည်။ သို့မှ ကဒ်မှားလာလျှင် ချက်ခြင်း ပြန်ပြောလို့ရမည်။ နောက်နေ့သို့ရွေ့သွားလျှင် ရှာရမလွယ်။ ရွာများ လယ်ပါသည်။

သင်္ဘောကျင်းဟူသည် နေရာကျဉ်းကျဉ်း၌ လူအများစုပြုံလုပ်နေကြသည်ဖြစ်ရာ အန္တရာယ်များပါသည်။ သတိထားနိုင်မှ တော်ရုံကျ မည်။ ဖြစ်လာလျှင် ကိုယ့်ဟာကိုယ် ခံရမည်။ သူတို့က ဘာမှလုပ်ပေးမည် မဟုတ်။ အာမခံတွေဘာတွေ ကနောက်။ ကိုယ်ခံရမှာက အရင်။ ဒါ အလကားပြောနေတာ မဟုတ်ပါ။ သင်္ဘောကျင်းတွင် မကြာခဏ လူသေတတ်သောကြောင့် ဖြစ်ပါသည်။ အမြင့်မှ ပြုတ်ကျသဖြင့် သေသည်။ ဓါတ်လိုက်လို့သေသည်။ မီးလောင်ပေါက်ကွဲပြီး သေသည်။ အလုံပိတ်အခန်းအတွင်း ဓါတ်ငွေ့များ ရှုမိသဖြင့် သေသည်။ အကြောင်းမျိုးစုံဖြင့် သေဘို့လမ်းနီးသည်။ သတိထားပါ။

(၇) Keppel Shipyard တွင် အလုပ်လုပ်ရခြင်း

Keppel Shipyard သည် 51 Pioneer Sector 1 ၌ရှိ၏။ Tuas, Benoi နှင့် Gul သင်္ဘောကျင်းသုံးခုကိုပေါင်းကာ Repair (သင်္ဘော အငယ်စား၊ အကြီးစားပြင်ဆင်ခြင်း)၊ Modification (သင်္ဘောသက်တမ်းတိုးခြင်း၊ အလျားဆန့်ထုတ်ခြင်း၊ ကိုယ်ထည်ကို ပြင်ဆင် ခြင်း စသည်)၊ Conversion (သာမန်ရေနံတင် Tanker သင်္ဘောကြီးများကို ရေနံထုတ်၊ သိုလှောင်၊ ပို့ဆောင်သော FPSO – Floating Production Storage and Offloading သင်္ဘောကြီးများအဖြစ်ပြောင်းပေးခြင်း၊ FSO, FSRU သင်္ဘောများအဖြစ် ပြောင်းပေးခြင်း စသည်) တို့လုပ်သည်။

သင်္ဘောကျင်းအကျယ် ၁၀၆ ဧက ရှိ၏။ အရှည် မီတာ ၃၅၀ (၃၈၂ကိုက်)၊ အကျယ် ၆၆ မီတာ (၇၂ ကိုက်) ရှိ Tuas dock, အရှည် ၃၅၅ မီတာ (၃၈၈ကိုက်)၊ အကျယ် ၆၀ မီတာ (၆၅ ကိုက်) ရှိ Raffles dock, အရှည် မီတာ ၃၀၁ (၃၂၉ ကိုက်)၊ အကျယ် ၅၂ မီတာ (၅၆ ကိုက်) ရှိ Temasek dock ဟု Dry Dock သုံးခုရှိသည်။ Keppel inhouse contractor များ၏ ရုံးခန်းများမှာ Raffles dock အနီးတွင် ရှိရာ ကျွန်တော်တို့ ရုံးခန်းမှာ ထို dock ကြီး၏ ရှေ့တည့်တည့်တွင် ရှိပါသည်။

သင်္ဘောများပြင်ဆင်ရန်အတွက် ဆိုက်ကပ်ရပ်နားနိုင်သော Berthing Space ၈ ခုရှိသည်။ ထိုနေရာများတွင် ပြင်ဆင်ရန် ဆိုက်ကပ်ထားလျှင် နေ့အလိုက်ဆိုက်ကပ်ကြေးပေးရရာ ထိုကြေးမှာလည်း မသေးလှပါပေ။ ထို့အတွက် သင်္ဘော owner ဘက်မှ သင်္ဘော ပြင်မည့်လုပ်ငန်းများကို သင်္ဘောကျင်းနှင့် ချုပ်ဆိုထားသော စာချုပ်ပါ ရက်အကန့်အသတ်အတွင်း ပြီးစီးနိုင်ရန် အတင်းတွန်းအားပေးတတ် ပါသည်။ သို့အတွက် ကျွန်တော်တို့မှာ ရက်စေ့ခါနီးလာလေ၊ အလုပ်များပူလာလေ ဖြစ်တတ်ရာ နောက်မှ ကျားလိုက်လာသလို လုပ်ကြရ တတ်ပါသည်။ ဤသည်မှာ သင်္ဘောကျင်းများအဖို့တော့ မဆန်းတော့ပါ။

စင်ကာပူတွင် ကျွန်တော်နှင့် ပထမဦးဆုံး ဖူးစာဆုံရသော ကုမ္ပဏီမှာ Tellus Marine Engineering ဖြစ်ပါသည်။ သူဌေးမှာ တရုတ်ဖြစ်ပြီး Mr. Tay Huat Him ဟု ခေါ်ပါသည်။ (စာလုံးပေါင်းတော့ မှန်ချင်မှမှန်ပါလိမ့်မည်။) သူ့ကို Mr. Tay ဟု ခေါ်လိုခေါ်၊ Ah Huat ဟု ခေါ်လိုခေါ်၊ ခေါ်ကြပါသည်။ သည်တုံးက ရုံးဝန်ထမ်းအင်အားလည်း သိပ်မများလှသေး။ ရှိသည့်သူများမှာလည်း သူဌေး၏ ဆွေမျိုးများ သာ ဖြစ်ပါသည်။ ဥပမာ - သူဌေး၏ လက်ထောက်ဖြစ်သူမှာ သူ့တူ Ah Wee ဖြစ်၏။ စာရင်းကိုင်မှာ Ah Wee ၏ မိန်းမဖြစ်ပါသည်။ နောက် စာရင်းကိုင်တစ်ဦး ဖြစ်သူတစ်ဦးမှာ မိန်းမလျာလိုလို၊ ဘာလိုလို။ သို့သော် သူ့တွင် မိန်းမနှင့် ကလေးနှင့်။ သူက ကျွန်တော့်ကို အလွန်ခင်ပါ သည်။ ကျွန်တော်က ကျောင်းဆရာလူထွက်ဆိုတော့ လေးလေးစားစားလည်း ဆက်ဆံပါသည်။ သူ့နာမည်မှာ ကျီကယောင်း ဖြစ်ပါသည်။ ဘယ်လိုစာလုံးပေါင်း သလဲတော့ မပြောတတ်ပါ။

ကျွန်တော်တို့ရောက်သည့် ၁၉၉၈ ခုနှစ်တွင် ကုမ္ပဏီမှာသိပ်မကြီးသေး။ ဘယ်လောက်ရှိမလဲ။ အလွန်ဆုံး ၀န်ထမ်းအင်အား စုစုပေါင်း ၁၀၀ ထက် မပိုပါ။ ၇၀ - ၈၀ လောက်သာ ရှိပါလိမ့်မည်။ မြန်မာများအနေနှင့်မူ ကျွန်တော်တို့မှာ ပထမဆုံးအသုတ်ဖြစ်ပါသည်။ ကျွန်တော်တို့ရောက်ပြီးနောက်ပိုင်း မြန်မာများကို အယောက် ၂၀ လျှင် တစ်သုတ်ကျ ခေါ်ယူရာနောက်ပိုင်း မြန်မာ လေးငါးရာထိ ဖြစ်လာ ပါသည်။ ကုမ္ပဏီဝန်ထမ်းအင်အားလည်း ၁၀၀၀ နီးပါးထိ တိုးတက်လာပါသည်။

အလုပ်သမားများ၏ စာရင်းကိုကိုင်ရသူ (time keeper) မှာ လော်ဂန် ဆိုသူ အိန္ဒိယကုလားကလေး ဖြစ်ပါသည်။ မန်နေဂျာ ဆိုသူမှာလည်း ကုလားပင် ဖြစ်ပါသည်။ မာလာ ဟု ခေါ်၏။ အင်မတန်လည်သော ကုလားဖြစ်ပါသည်။ ဖိုမင်များအနေနှင့် Zol, Shanker, Hanafi, ပွေကျား (Gho Seng Lai) စသည့် လေးငါးဦးမျှသာ ရှိ၏။

Tellus Marine Engineering က ပိုက်လုပ်ငန်း (piping) လုပ်သည်။ သို့အတွက် ယခင်က နာမည်ဟောင်းမှာ Tellus Marine Piping ဖြစ်၏။ ယခုတိုင် အချို့သောပစ္စည်းများတွင် TMP ဟု စာတမ်းများထိုးထားတာ တွေ့ရပါသေးသည်။ ယခုမှ Tellus Marine Engineering ဟု နာမည်ပြောင်းလိုက်ခြင်းဖြစ်၏။ ထို့ပြင် သူတို့နှင့် ညီအစ်ကိုတော်ကုမ္ပဏီ Tellus Engineering Construction ဆိုတာလည်း ရုံးခန်းချင်း ကပ်လျှက်တွင် ရှိပါသေးသည်။ ယခင်က အတူတူ။ ယခုမှ ခွဲထွက်သွားတာဟု သိရပါသည်။ သူတို့ကတော့ Steel Work (သင်္ဘောကိုယ်ထည်ပိုင်းဆိုင်ရာ) လုပ်၏။ ထိုကုမ္ပဏီတွင်လည်း ရွှေမြန်မာများ ရှိပါသည်။

ကျွန်တော့်ရာထူးမှာ ဘာတဲ့ သူတို့ပြောတာ Story Writer ဆိုလား။ သို့သော် QC ဖြစ်ပါသည်။ Paper Work များ လုပ်ရ၏။ သြော်မေ့လို့။ ရန်ကုန်တုံးက အေးဂျင့်က IPA စာရွက်ထုတ်ပေးတော့ ကျွန်တော့် position ကို welder ဟု ဖော်ပြထားပါသည်။ ဟိုက်၊ အဲဒါမှ ဒုက္ခ ဟု ဒေါ်အိုင်းရစ်ကို သွားမေးရသည်။ လုပ်ပါဦးဗျာ။ အင်တာဗျူးတုံးက ကျွန်တော် welder နဲ့ ဗျူးတာလည်း မဟုတ်ရပါလား။ နောက်ပြီး ကျွန်တော် welding လည်း မဆော်တတ်ဘူးနော် ဆိုတော့ ဒေါ်အိုင်းရစ်က သြော် - ဦးအေးငြိမ်းနှယ်၊ အင်ဂျင်နီယာကို work permit နဲ့ တင်လို့မရဘူး။ အဲဒါကြောင့် welder လုပ်လိုက်ရတာ။ welding လည်းမဆော်ရပါဘူး။ စိတ်ချပါ ဟု ပြောမှ စိတ်အေးရသည်။ ကျွန်တော် တုံးပုံ ပြောပါတယ်။ အဲသည်အချိန်တုံးက work permit ဆိုတာဘာ၊ EP ဆိုတာဘာ။ ကျွန်တော် ဘာမှ မသိပါ။

သည်တုံးက Tellus တွင် QC သိပ်များများစားစားမရှိ။ ကျွန်တော်မှတ်မိသလောက် QCV (သူ့နာမည်မှာ Wee Ching Tuan ဖြစ်သော်လည်း အများကမူ QCV ဟုခေါ်ပါသည်။) ဆိုသော တရုတ်ကလေး၊ နောက်တစ်ဦးမှာ Elias ဆိုသော ကုလားကလေး, နောက် Munic ဆိုသည့် ကုလားကြီး ဖြစ်ပါသည်။ သူတို့မှာ အတန်းပညာ သိပ်မတတ်ကြပါ။ သည်လိုပဲ လုပ်ရင်းကိုင်ရင်း ဖြစ်လာကြသူများ ဖြစ်၏။ Elias က လူလည်။ ဟိုစပ်စပ်၊ သည်စပ်စပ်၊ အကုန်ပါသည်။ သည်တော့ သူဌေးက သိပ်သဘောကျသည်။ တယ်တော်တဲ့ကောင် ဟု မကြာခဏ ချီးမွမ်းသံကြားရ၏။ ကျွန်တော်တို့အသုတ်ထဲမှ QC လုပ်ရသူမှာ ကျွန်တော်နှင့် ကိုဇော်ဟိန်းထွန်း ဖြစ်ပါသည်။

သင်္ဘောဆိုတာ ကျွန်တော်မြင်ဖူးသည်မှာ ဟင်္သာတမှ သာရဝေါသို့ကူးသော နှစ်ထပ်သင်္ဘော၊ ပုသိမ်မှ ရန်ကုန်သို့သွားသော ဗန္ဓုလ၊ ဗန္ဓက သင်္ဘောကြီးများနှင့် နောက်ဆုံး ပင်လယ်ကူးသင်္ဘောဆို၍ ကြယ်ငါးပွင့်သင်္ဘောများကို အကြီးဆုံးထား မြင်ဖူးခြင်းဖြစ်ပါသည်။ သို့တိုင် အဝေးမှသာ မြင်ဖူးခြင်းဖြစ်ပြီး သင်္ဘောဝမ်းများအတွင်း တစ်ခါမှ ၀င်ဖူးခြင်းမရှိ။ ရန်ကုန်သို့ အသွားအပြန် ဟင်္သာတ - သာရဝေါ မြစ်ကူး သင်္ဘောများကို စီးဖူးသည်။ အစ်ကိုကြီး ၀ါးခယ်မတွင် တာဝန်ကျစဉ် သူ့ဆီအလည်သွားတော့ ပုသိမ်သင်္ဘောများကို စီးဖူးသည်။ သင်္ဘောဗဟုသုတဆို၍ သည်မျှသာရှိသည်။ သည့်ထက်မပို။

စင်ကာပူရောက်၍ Keppel သင်္ဘောကျင်းတွင် ဧရာမသင်္ဘောကြီးများကိုတွေ့လိုက်ရတော့ အလွန်အံ့သြတမော ဖြစ်ရသည်။ ကျွန်တော် အကြီးဆုံးထားမြင်ဖူးခဲ့သည့် ကြယ်ငါးပွင့်သင်္ဘောများမှာ ထို FPSO သင်္ဘောကြီးများဘေးတွင် ယှဉ်ရပ်လိုက်တော့ ဆင်ကြီးများ ဘေးတွင် ယှဉ်ရပ်နေသည့် ဆိတ်ကလေးများပမာ ဖြစ်သွားတော့သည်။ ထိုသင်္ဘောကြီးများမှ Tank များအတွင်း တစ်နေ့လျှင် သုံးလေးခါ အတက်အဆင်းလုပ်လိုက်ရလျှင်ပင် မြန်မာပြည်တွင် ကျောင်းဆရာလုပ်ခဲ့သည်၏ တစ်နှစ်စာမျှ ပင်ပန်းသွားတော့သည်။ မှတ်မိသရွေ့ ပြောရလျှင် စင်ကာပူတွင် လုပ်ခဲ့ရသမျှ ၁၂ နှစ်တာကာလများအနက် အပင်ပန်းဆုံးကာလများပင် ဖြစ်ပါတော့သည်။

(၈) စင်ကာပူရောက်စ ဘ၀ အတွေ့အကြုံများ

စင်ကာပူသို့စရောက်ပါပြီဆိုကတည်းက ကျွန်တော်နားရက်မရှိပဲ တစ်ပတ်လျှင် ခုနစ်ရက်လုံး အလုပ်လုပ်ခဲ့သည်မှာ ခြောက်လ ကျော်ပါသည်။ အလုပ်ချိန်မှာ တနင်္လာမှ သောကြာထိ ရုံးဖွင့်ရက်များတွင် ပုံမှန်အလုပ်ချိန် နံနက် ၇ နာရီခွဲမှ ညနေ ၄နာရီခွဲ၊ သို့သော် ကျွန်တော်တို့မှာ နေ့တိုင်း အိုဗာတိုင်ဆင်းရသဖြင့် ညနေ ၆ နာရီခွဲထိ၊ အလုပ်များလျှင် ည ၁၀ နာရီထိ။ စနေနေ့တွင် များသောအားဖြင့် နံနက် ၇ နာရီခွဲမှ ညနေ လေးနာရီခွဲထိ။ တနင်္ဂနွေ လုပ်ချိန်မှာလည်း စနေနေ့နှင့်အတူတူပင် ဖြစ်ပါသည်။ ကျွန်တော်က အေးဂျင့်ဖီးကို ၆ ကျပ်တိုးနှင့်ယူလာတာဆိုတော့ သည်အကြွေးများကျေသွားဘို့ အရေးကြီးသည်။ သည်တော့ ဆင်းလို့ရသမျှ အကုန်ဆင်းသည်။ Sunday သော Public Holiday သော ဘာမှမရှောင်။ Sunday နှင့် Public holiday ဆင်းရတာကတော့ အတော့်ကို တန်သည်။ နှစ်ဆရသည်ကိုး။

ကြွေးဟု ဆိုရာတွင် အေးဂျင့်ဖီးတင်သာမက ရေဆင်းတွင်နေစဉ်က တင်ခဲ့သော ကြွေးများ၊ စင်ကာပူလာခါနီး တိုလီမုတ်စ၀ယ်ရန် နှင့် အိမ်အသုံးစရိတ်အတွက် သူငယ်ချင်းများထံမှ ချေးထားသည့် ကြွေးများ စသည်တို့ ပါပါသည်။ အေးဂျင့်ဖီးကျေရန် ၆ လမျှ ဆပ်လိုက် ရသည်။ ရသည့်လခကလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အသုံးစရိတ်ကို အနည်းဆုံးသို့လျှော့ချလျှက် ကျန်ပိုက်ဆံအားလုံး အိမ်သို့ ပို့ရ၏။ သည်ပိုက်ဆံနှင့် အိမ်အသုံးစရိတ်ထဲလည်းထည့်၊ အိမ်လခလည်းပေး၊ အတိုးလည်းဆပ်၊ ပိုသည့်ပိုက်ဆံကို အရင်းကိုပါ ဖဲ့ဆပ် စသဖြင့် လုပ်ရသည်။

ကြွေးအားလုံးကိုမူ တစ်နှစ်ကျော်မျှ ဆပ်လိုက်ရပါသည်။ ကျွန်တော်တွက်ကြည့်ရာ ဆပ်လိုက်ရသော ကြွေး တိုးရင်းပေါင်း ၁၃ သိန်းခွဲ ဖြစ်ပါသည်။ ထိုစဉ်က ပိုက်ဆံဈေးမှာ စင်ကာပူ တစ်ဒေါ်လာလျှင် ၁၉၅ ကျပ်ဈေးမျှ ရှိသေးရာ သည်ခေတ်နှင့်တွက်မည်ဆိုပါက သိန်း ၅၀ နီးပါးမျှဖြစ်ပါသည်။ သိပ်မနည်းလှပါ။ ကျွန်တော်က အတိုးနှင့်ချေးလာသော ပိုက်ဆံကိုသာမက၊ သူငယ်ချင်းများထံမှ ချေးလာသော ပိုက်ဆံများ၊ ရေဆင်းတွင် ကျန်ခဲ့သောကြွေးများကိုပါ အတိုးနှင့်ပြန်ဆပ်ရန် မမကို မှာလိုက်ပါသည်။ သို့သော် သူငယ်ချင်းများက အတိုးကို လက်မခံပါ။ အရင်းကိုသာ ယူပါသည်။

ရသောလခမှာ တစ်နာရီလျှင် သုံးကျပ် ဖြစ်ပါ၏။ (တစ်နေ့လျှင် ၂၄ ကျပ်)။ လခကို ၁၅ ရက်လျှင် တစ်ကြိမ်ထုတ်ပေးပါသည်။ ကျွန်တော့်စာရင်းများအရ လခတစ်ခါထုတ်လျှင် (အိုဗာတိုင်နည်းလျှင်) ၃၉၀ မှ (အိုဗာတိုင်ကောင်းလျှင်) ၅၃၀ ထိ ထုတ်ရပါသည်။ တစ်လလျှင် ပျမ်းမျှ ၁၀၀၀ ၀န်းကျင်ရပါသည်။ မဆိုးလှ ဟု ဆိုနိုင်ပါ၏။ သည်တုံးက ကျွန်တော့်တစ်လ အသုံးစရိတ်မှာ ၇၀ မှ ၉၀။ တစ်ခါတစ်လေ ၁၂၀ မှ ၁၅၀။ အများဆုံး ကုန်ဖူးတာဆို၍ ၂၀၀ မျှသာ ဖြစ်ပါသည်။ ဤ ၂၀၀ သည်ပင် အိမ်အတွက် ပစ္စည်းများဝယ်တာ ဖြစ်ပါသည်။ ကျွန်တော့် ကိုယ်တိုင်အသုံးစရိတ်မှာ ၁၂၀ ထက် မပိုပါ။ ၂ နှစ်စာ လုပ်အားခထဲမှ အများဆုံး သုံးလိုက်ရတာ ဆို၍ မြန်မာသံရုံး သို့ ဆောင်လိုက်ရသော income tax စင်ကာပူဒေါ်လာ ၉၀၀ နှင့် ပတ်စ်ပို့စာအုပ် သက်တမ်းတိုးခ ၃၀၈ ကျပ် ဖြစ်ပါသည်။ နှစ်နှစ်လုပ်ခ ရသောပိုက်ဆံစုစုပေါင်းမှာ စင်ကာပူဒေါ်လာ နှစ်သောင်း တစ်ထောင်ခုနစ်ရာ ဖြစ်ပါသည်။

တစ်လကို ၇၀ လောက်နဲ့ ဘယ်လိုများ သုံးလိုက်ပါလိမ့် ဟု မအံ့သြပါနှင့်။ အထက်တွင် ပြောခဲ့သလို ကျွန်တော့်မှာ နေ့တိုင်းအလုပ် ဆင်းနေသည်ဖြစ်ရာ အပြင်ထွက်လည်လို့မရ။ ကားခ၊ ရထားခ မကုန်။ အပိုသုံးစရာ ဘာမှမရှိ။ ထမင်းကလည်း ချက်စားသည်ဖြစ်ရာ သိပ် မကုန်လှ။ အခန်းခကို ကုမ္ပဏီမှပေးသည်။ ရေဘိုး၊ မီးဘိုးလည်း ရောက်စ ၂ လတွင် ပေးစရာမလို။ အလုပ်သွား အလုပ်ပြန်ကလည်း ကုမ္ပဏီမှ လော်ရီနှင့် ကြိုပို့တာဆိုတော့ ဘာဆိုဘာမှ မကုန်။ သို့အတွက် ထမင်းစရိတ်နှင့် သွားတိုက်ဆေး၊ ဆပ်ပြာဘိုးတို့လောက်သာ ကုန်သည်။ သည်တုံးက အိမ်တွင် ဖုံးမရှိ။ အနီးအနားတွင်လည်း မရှိ။ အိမ်သို့ဆက်သွယ်စရာ စာတိုက်ကနေ စာပို့လို့ပဲရသည်။ သည်တော့ တံဆိပ်ခေါင်းဖိုး ၆၅ ပြားပဲကုန်သည်။ တစ်လမှ တစ်ခါလောက် စာထည့်တာဆိုတော့ ပြောပလောက်စရာမဟုတ်။ သည်တော့ တစ်လ ၁၀၀ ဆိုလျှင်ပင် တိန်တိန်မြည်အောင် သုံးနိုင်သည်။ နောက်ပြီး ခုလို ဈေးများကလည်း သိပ်မကြီးလှသေး။ Keppel Shipyard မှ ကန်တင်းတွင် ထမင်းဝယ်စားလျှင်ပင် ဟင်းသုံးမျိုးနှင့်မှ ၂ ကျပ်ပဲ ဖြစ်ပါ၏။ တန်မှတန်။

ပထမလအတွင်း ဘတ်စ်ကား၊ ရထားများပင် မစီးဖူးပါ။ တစ်လကျော်လာတော့ ယခင်က စင်ကာပူတွင် နှစ်နှစ်လုပ်ဖူးသူ ဦးဘကျော် နှင့် ကိုမြင့်လွင်က ကျွန်တော်တို့ ခင်ဗျားကို ဘုန်းကြီးကျောင်းလိုက်ပို့မယ် ဟု ဆိုပါသည်။ သည်တုံးက စင်ကာပူတွင် ဘုန်းကြီးကျောင်းမှာလည်း များများစားစားမရှိ။ ကျွန်တော်မှတ်မိသရွေ့ဆိုလျှင် တိုပါးရိုးကျောင်းကြီးတစ်ကျောင်းထဲသာ ဖြစ်ပါသည်။ ပထမ တက္ကစီငှားကာ Raffel City သို့ သွားပါသည်။ သည်အထိ ချောချောမွေ့မွေ့။ ပင်နင်စူလာတွင်လည်း မြန်မာဆိုင် သိပ်များများစားစား မရှိ။ သုံးထပ်တွင်သာ ဆိုင်အချို့ ရှိပါသည်။ ပင်နင်စူလာတွင် လျှောက်ကြည့်ကြပြီးနောက် ဘုန်းကြီးကျောင်းသို့ ခရီးဆက်ခဲ့ကြပါသည်။

ပထမ MRT နှင့် တိုပါးရိုးဘူတာ လာကာ ထိုမှတစ်ဆင့် ဘတ်စ်အင်တာချိန်း သို့လာပါသည်။ သည်တုံးက ဘတ်စ်အင်တာချိန်းမှာ ယခု ပန်းခြံလုပ်ထားသောနေရာတွင် ဖြစ်၏။ ဘတ်စ်အင်တာချိန်းမှ ဘုန်းကြီးကျောင်းကို လှမ်းမြင်နေရပါသည်။ သို့အတွက် မြင်နေရသော ကျောင်းရှိရာ တည့်တည့်ဘက်သို့ ဘတ်စ်အင်တာချိန်းကိုကျော်ကာ ပန်းခြုံများကို တိုးဝှေ့ထွက်လိုက်တော့ ကားပေါင်း မြောက်များစွာ ပြေးနေသော လမ်းမကြီး အကြီးကြီးကို ဘွားကနဲတွေ့လိုက်ရပါသည်။ ကားလမ်းမကြီးဘေးတွင် ရေမြောင်းကြီးရှိကာ ထိုရေမြောင်းကြီးနှင့် ကားလမ်းမကြီးကို သံဘားတန်းကြီးများဖြင့် စည်းခြားထားပါသည်။ ကိုယ်တော်တို့က ပန်းရုံများကို အတင်းတိုးရုံမက ရေမြောင်းကြီးကိုလည်း ခုန်ကျော်။ နောက် သံဘားတန်းကြီးကို မရမက ခွကျော်ကာ ကားများဥဒဟိုပြေးနေသော ကားလမ်းမကြီးကို အတင်းဖြတ်ကျော်ရန် ကြိုးစားကြပါတော့သည်။ ကျွန်တော်လည်း ဘုမသိ ဘမသိ သူတို့နောက်က ဘိုသီဘတ်သီနှင့် ဒရောသောပါး လိုက်ခဲ့ရ၏။

ကားများမှာ အလွန်များပြားလှရကား သည်ကားလမ်းမကြီးကို ဘယ်လိုများဖြတ်မှာပါလိမ့် ဟု ကျွန်တော့်မှာ မစဉ်းစားတတ်အောင် ပင် ဖြစ်နေပါသည်။ တော်တော်ကြာတော့ ကံအားလျော်စွာ ထိုကားလမ်းမကြီးအတိုင်း ဘေးမှလျှောက်လာသော မြန်မာတစ်သိုက်နှင့် တွေ့ပါ သည်။ ကျွန်တော့်ဆရာကြီးများ ကားလမ်းကို အတင်းရော၊ အဓမ္မပါ ကူးမည်လုပ်နေတာတွေ့ရတော့ ထိုသူတို့က ဟေ့လူတွေ၊ အဲဒီက မကူးနဲ့၊ သေကုန်လိမ့်မယ်။ ဟိုမှာ လူကူးတံတားရှိတယ် ဆိုမှ သူတို့နောက် လိုက်သွားရပါတော့သည်။ ထိုအခါမှ ကျွန်ုပ်လည်း သက်ပြင်းချနိုင်ပါတော့၏။ ကျွန်တော်တို့လူသိုက် ဖြတ်ကူးရန် ကြိုးစားခဲ့သော ထိုလမ်းမကြီးကား PIE Expressway ဖြစ်ပါသည်။ ဟိုက်ဝေးလမ်းမကြီးများဟူသည် မီးပွိုင့်မရှိ၊ ဘာမရှိပဲ ကားများမှာ တစ်နာရီလျှင် ကီလို ၉၀ - ၁၀၀ မောင်းနေကြသည်ဖြစ်ရာ ကျေးဇူးရှင် ကိုရွှေမြန်မာအုပ်စုနှင့်သာ မတိုးခဲ့ပါက ယခုလောက်ရှိ ကျွန်တော်တို့မှာ တာဝတိံသာနတ်ပြည်တွင် နတ်သမီးကလေးများနှင့် စံမြန်းနေရ လောက်ပြီ ထင်ပါသည်။

တစ်နေ့သောအခါတွင်မူ အိမ်မှ register လုပ်ထားသော စာတစ်စောင် ရောက်လာပါသည်။ မှတ်ပုံတင်စာတို့မည်သည် လူကိုယ်တိုင်မတွေ့လျှင် စာတိုက်သို့သွားရွေးရရာ ကျွန်တော့်မှာ စာတိုက်ကို မနည်းလိုက်ရှာရပါသည်။ စာတိုက်မှာ Yishun ဘူတာဟိုးဘက် တိုက်တန်းလျားလေးများတွင်ရှိရာ ရှာရင်းလျှောက်ရင်း၊ လျှောက်ရင်းရှာရင်းနှင့်ပင် စာတိုက်သို့ရောက်သွားပါသည်။ စာတိုက်တံဆိပ် တွေ့သည်နှင့် စာတိုက်ရုံးမှန်းတော့ သိပြီ။ သို့သော် ဂွကျသည်မှာ တံခါးများပိတ်ထား၏။ အတွင်းကိုချောင်းကြည့်တော့ လူများ ရှုပ်ရှက်ခပ် နေသဖြင့် စာတိုက်ဖွင့်တာ သေချာသည်။ လုံခြုံရေးအတွက် တံခါးများ ပိတ်ထားတာထင်ပြီး ကျွန်တော် တံခါးကို ခေါက်လိုက်၏။ ပထမ သုံးလေးချက်တွင် သူတို့မကြား။ နောက် ခပ်ပြင်းပြင်းကလေးခေါက်လိုက်မှ တစ်ယောက်ရောက်လာပြီး နောက်ဘက်မှ ပတ်လာရန် လက်ဖြင့် ပြသည်။ လားလား စာတိုက်ကို ကျွန်တော် နောက်ဘက်မှ ရောက်သွားတာဖြစ်နေပါတော့သည်။ ကြုံရပုံများတော့ မပြောချင်ပါ။

ဤအိမ်တွင် သိပ်မကြာလိုက်။ နှစ်လလောက်နေတော့ အလုပ်ဆင်းရမည့် Keppel Shipyard နှင့်ပိုနီးသော Jurong West ရှိ Jurong View Apartment သို့ ပြောင်းခဲ့ရပါတော့သတည်း။