Wednesday, March 31, 2010

ဘ၀ခါးခါး စာအုပ် ကြော်ငြာ

(၃၁-၃-၂၀၁၀)



ဘ၀ခါးခါးစာအုပ်သည်လည်း စာပေစိစစ်ရေးတွင် သုံးလမျှ ကြာပါ၏။ ယခုတော့ စက်တင် ပုံနှိပ်ဘို့လုပ်နေပါပြီ။ ကျွန်တော် အကုန်စာစီပေးလိုက်တာတောင် ယခုထိ ဖလင်ရိုက်လို့ မပြီးသေး။ တစ်လကျော်ကြာပြီ။ ကျွန်တော်ဘာမှ မတတ်နိုင်ပါ။ စိတ်ရှည်လက်ရှည် သည်းညည်းခံပြီး စောင့်ရုံသာ ရှိပါသည်။ သူတို့ကတော့ သင်္ကြန်ကျော်မှ ပုံနှိပ်မည် ဆို၏။ ဘယ်လောက်ကြာဦးမည် မသိ။

ဘ၀ခါးခါးသည် စင်ကာပူတွင် အလုပ်လုပ်နေသူ မြန်မာများ၏ ဘ၀အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါ၏။ ဤဘလော့တွင် ရေးထားသမျှအားလုံးကို စုစည်းထုတ်ဝေခြင်း ဖြစ်ပါသည်။ စာအုပ်ထုတ်လိုက်ရသော်လည်း ကျွန်တော် သိပ်အားမရလှပါ။ ယခင်က ၂၅ ဦးကို အင်တာဗျူးကာ ရေးမည် စိတ်ကူးထားသော်လည်း ကိုယ် လိုချင်သည့် အချက်များမရ၍ စောင့်လည်း မစောင့်ချင်တော့သည်နှင့် ရသမျှ (၁၆ ဦးနှင့်) ပင် စာအုပ်ထုတ်လိုက်ပါသည်။ သို့သော်လည်း အတော် နယ်စုံပါသည်။

Maid များအကြောင်းလည်းပါ၊ သင်္ဘောသားလောင်း အကြောင်းလည်းပါ၊ အို နှင့်နေသူလည်းပါ၊ မန်နေဂျာ အကြောင်းလည်းပါ၊ ကိုယ်ပိုင်လုပ်ငန်းသမားလည်းပါ၊ ဆောက်လုပ်ရေးလုပ်သားလည်းပါ၊ အဆင်ပြေသူလည်း ပါ၊ အဆင်မပြေသူလည်းပါ၊ ကျောင်းချည်း သီးသန့် တက်နေသူလည်းပါ၊ အလုပ်တစ်ဖက်နှင့် ကျောင်းတက်နေသူလည်းပါ - အတော်လေးစုံအောင် တင်ပြထားပါသည်။

ဖြစ်နိုင်လျှင် မလေးရှားရောက် မြန်မာများအကြောင်းလည်း ရေးချင်ပါသေးသည်။ ကျွန်တော် မလေးရှား သွားခဲ့စဉ်က ၈ ဦးကို တွေ့ဆုံ အင်တာဗျူးခဲ့ပါသည်။ အလုပ်လုပ်နေသူ ၅ ဦး၊ ကျောင်းတက်နေသူ ၃ ဦး။ သို့သော် မပြည့်စုံသေးပါ။ ထပ်မံ စုဆောင်းလိုပါသေးသည်။ သြစတေးလျား ရောက်နေသူ မိတ်ဆွေတစ်ဦး ၏ အကြောင်းမှာလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါ၏။ သူမြန်မာပြည်မှ ပြန်လာလျှင် အင်တာဗျူးရန် ကြံစည်ထားပါ သည်။

ဝိုင်းဝန်းအားဖြည့်ပေးသော မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါသည်။

Wednesday, March 24, 2010

Sunday, March 7, 2010

ပိုက်ပြင်ပိုက်ဆက် လက်စွဲ (၄)










နေ့တိုင်းကို နေမင်းကြီးကပဲ ပိုင်တယ်

(ဗီယက်နမ် ၀တ္ထုတို)
(The Day Always Belongs To The Sun by Tran Thanh Ha)

(၁)

နောက်ဆုံးတစ်နေ့မှာတော့ ရွာကနေ ၁၅ ကီလိုမီတာလောက်ဝေးတဲ့ အလယ်တန်းကျောင်းလေးတစ်ကျောင်းမှာ ကျောင်းဆရာမ အလုပ်ကို ရခဲ့တယ်။ အိမ်နဲ့ကျောင်း အကွာအဝေးဟာ ကျွန်မတို့ရွာနဲ့မြို့ အကွာအဝေးလောက် ရှိတယ်။
“ဘာ၊ နင် ဒီအလုပ်ကို လက်ခံလိုက်ပြီ။”
ဒေါ်လေးသန်းက အံ့သြတကြီးနဲ့ မေးလိုက်တယ်။

“ဒီအလုပ်ကိုမှ မလုပ်ရင် တခြားဘယ်အလုပ်ကိုများ လုပ်ရဦးမှာလဲ ဒေါ်လေးရယ်။”
ဒေါ်လေးကို ကျွန်မပြန်ဖြေလိုက်တယ်။

ကျွန်မဆုံးဖြတ်ချက်အကြောင်း ကျွန်မချစ်သူကို ပြောပြတော့ သူမအံ့သြတော့ပါဘူး။
“ကိုယ်သိပါတယ်။ ကိုယ်တို့ဘ၀ တစ်လျှောက်လုံး ဒီလိုမျိုးအိမ်မက်ကို မျှော်လင့်ခဲ့ကြရတာ မဟုတ်လား။” သူကပြောလိုက်တယ်။ ကျွန်မ စိတ်ဆိုးသွားမိပေမဲ့ သူကတော့ ပြုံးပြလိုက်တယ်။
“ကျွန်မအလုပ်လုပ်ချင်သေးတယ်။ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်ပေါ့။ ကျွန်မတို့ ကျွမ်းကျွမ်း ကျင်ကျင် လုပ်နိုင် ကိုင်နိုင်ပြီဆိုရင် လက်ထပ်ကြတာပေါ့။”
“ဘာရယ်၊ သုခမိန်တစ်ယောက်ဖြစ်ဖို့လား။”
ဒေါ်လေးက လှောင်လိုက်တယ်။
“နင်က နင့်သမားဂုဏ်တွေ ပြချင်တယ်ပေါ့၊ ဟုတ်လား။”
ဒေါ်လေး စိတ်နာမယ်ဆိုလည်း နာလောက်ပါတယ်လေ။ ဘာလို့လည်း ဆိုတော့ သူစပ်ပေးတဲ့ နိုင်ငံခြားကုမ္ပဏီက လခကောင်းတဲ့ အလုပ်ကို ကျွန်မက စွန့်လွှတ်ခဲ့သမို့လား။

“မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်မဖြစ်ချင်တာက - - - -“ ကျွန်မ စကားစရုံရှိသေး၊
“ရှိပါစေတော်၊ ရှိပါစေ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ဘ၀က စောစောစီးစီး သင်ပေးလိုက်ပါလိမ့်မယ်။ ဒါပေမဲ့ နင့်ချစ်သူကရော၊ သူ့သဘောထားက ဘယ်လိုရှိလဲ။”
“ခုချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်ခွဲနေကြရဦးမှာပဲ။ နှစ်ယောက်လုံး အိမ်ထောင်ပြုဘို့ အားလုံး အဆင့်သင့်ဖြစ်ပြီ ဆိုတော့မှ အတူနေကြရတော့မှာပဲ။”
ကျွန်မ ပြန်ဖြေလိုက်တယ်။

“တယ်လဲ ချစ်မေတ္တာတွေနဲ့ ပြည့်ဝနေလိုက်ပါလား”
ကျွန်မတို့ ရှေ့ဆက်ရင် ရန်ဖြစ်တော့မှာမို့ ဒီမှာပဲ စကားစဖြတ်လိုက်ပြီး ကျွန်မ ထွက်လာခဲ့တယ်။ ကျွန်မ ဘယ်လိုရှင်းပြ၊ ရှင်းပြ။ ဒေါ်လေး နားမ၀င်တာကိုတော့ ကျွန်မ ၀မ်းနည်းလို့ မဆုံးဘူး။

(၂)

ဒေါ်လေးသန်းက ဦးလေးဟန်ရဲ့အောက် အမေရဲ့ ညီမ အငယ်ဆုံးပါ။ အမေကချစ်ဖို့ကောင်းပြီး ဒေါ်လေးကတော့ အရမ်း လှတယ်။ ဒေါ်လေးရဲ့ နှာတံလေးတွေဟာ စင်းနေပြီး မျက်လုံးနက်နက်ကလေးတွေကလည်း မဟူရာကျောက် ကလေးတွေ အတိုင်းပဲ။ အသားလေးတွေက ဖြူနုနေပြီး နှုတ်ခမ်းလေးတွေဆို ရဲနေတာပဲ။ ဒါပေမဲ့ ဒေါ်လေးက မွေးရာပါ ခြေမသန်ခဲ့ဘူး။ အဲဒီအချက်ဟာ သူ့ရဲ့အဓိက အားနည်းချက် တစ်ရပ်ဖြစ်စေခဲ့တယ်။ ဒေါ်လေးဟာ သင်္ချာသိပ်တော်တယ် လို့ မေမေပြောပြခဲ့ ဖူးတယ်။ တိုင်းလုံးဆိုင်ရာ သင်္ချာရည်ချွန်ဆု ပြိုင်ပွဲမှာ သူပထမ ရခဲ့တယ်။ သူတို့ကျောင်းက ကလေးတွေက သူ့ကို “အချဲ့မ” လို့ လှောင်ခေါ်ကြတယ်။ သူဟာ သိပ်ဉာဏ်ကောင်းပေမဲ့ အဲဒီအချက်က သူ ခြေမသန်တာကို ဖုံးလွှမ်းမပေးနိုင်ခဲ့ဘူး။ သူ့ခမျာ မကြာခဏ နာနာကျည်းကျည်း ငိုကြွေးခဲ့ရတယ်။

“လာ၊ မြေးလေး။ နောက်ကို ဘယ်တော့မှ ကျောင်းကိုမသွားနဲ့တော့။ ဖွားဖွားနဲ့ပဲ အိမ်မှာနေ။”
အဖွားက ဒေါ်လေးကို ပြောလိုက်တယ်။
“မဟုတ်ဘူးအဖွား။ ခု ကျွန်မ ခြေမသန်ဘူး။ နောက်ထပ် စာပါမတတ်ဘူးဆိုရင် ပိုဆိုးတော့မပေါ့။ ကျွန်မတစ်ဘ၀လုံး လူတကာရဲ့ အထင်သေး၊ အမြင်သေးနဲ့ ကြည့်တာကို ခံရတော့မယ်။”
အဲဒီလိုနဲ့ ဒေါ်လေးဟာ ကျောင်းမှာ အထူးချွန်ဆုံး ဖြစ်အောင် လုပ်ခဲ့တယ်။ သူအထက်တန်းကို ဂုဏ်ထူးတွေ တစ်သီကြီးနဲ့အောင်ပြီးနောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေတော့ အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တယ်။ ဒါပေမဲ့ တက္ကသိုလ်က သူ့ကို ခြေမသန်ဘူးဆိုပြီး လက်မခံခဲ့ဘူး။
အဲဒါနဲ့ပဲ ဒေါ်လေးဟာ အိမ်မှာ အမျိုးသမီးလက်ကိုင်အိတ်တွေ၊ ပိုက်ဆံအိတ်တွေကို ရွှေခြည်၊ ငွေခြည် ထိုးတဲ့အလုပ်လုပ်ရင်း တစ်နှစ်လုံးလုံး အချိန်ကုန်ခဲ့တယ်။ ဦးလေးဟန်ဟာ မြို့မှာ သူ လက်ထပ်ဖို့အတွက် အိမ်ဆောက်တာတွေ၊ အိပ်ယာခမ်းနား ပြင်ဆင်တာတွေ အားလုံးလုပ်ပြီးတဲ့ အချိန်မှာ ဒေါ်လေးက ပြောတယ်။
“အစ်ကို၊ ငါနင်နဲ့ မြို့ကို အတူလိုက်နေပါရစေဟယ်။ ငါ နင့်ကလေးတွေကို ကြည့်ပေးပါ့မယ်။”
အစ်ကိုက သဘောတူတဲ့အတွက် ဒေါ်လေးဟာ အစ်ကိုနဲ့အတူ မြို့မှာလိုက်နေတယ်။
“သူ မြို့မှာ ပျော်မှာ မဟုတ်ဘူး။”
အဖွားက ပြောတယ်။
“သူလုပ်ချင်တာ လုပ်ပါစေ အမေရယ်” လို့ အမေက ပြောလိုက်တယ်။

(၃)

နေ့လယ်နေ့ခင်း ဇာပန်းလေးဘာလေး ထိုးတာကလွဲလို့ ဘာမှ အလုပ်မရှိတော့ မြို့မှာနေရတာကို ဒေါ်လေးအရမ်း ပျင်းလာ တယ်။ ဒါကြောင့် အနားမှာရှိတဲ့ ကုန်စုံဆိုင်ကို သွားပြီး နာရီအတော်ကြာကြာ လည်နေမိတယ်။ ဒေါ်လေးလာနေတဲ့ အချိန်မှာ ဆိုင်မှာ ၀ယ်သူတွေ သိသိသာသာကြီးကို တိုးလာခဲ့တယ်။ အဲဒီတော့ ဆိုင်ရှင်က ဒေါ်လေးကို သူ့ဆိုင်မှာ အလုပ်လုပ်ဖို့ ပြောတယ်။ ဒီလိုနဲ့ ဒေါ်လေး အရောင်းစာရေးမလေး ဖြစ်လာတာပေါ့။ ဆိုင်ရှေ့ကို ဖြတ်သွားတဲ့သူတွေဟာ အထူးသဖြင့် လူငယ် တွေပေါ့။ ဆိုင်ထဲကို မ၀င်ဘဲ မနေနိုင်ဘူး။ သူတို့ဘို့ အသုံးတည့်တည့် မတည့်တည့် တစ်ခုခု ၀င်ဝယ်သွားလေ့ရှိတယ်။
“သမီး၊ ခုချိန်ဟာ ညည်းအတွက် အိမ်ထောင်ပြုဘို့ အကောင်းဆုံး အချိန်ပဲ။”
အဖွားက ဒေါ်လေးကို ပြောတယ်။
“ဒါပေမဲ့ အဖွားရယ်။” ဒေါ်လေးက ပြန်ပြောတယ်။
“သူတို့အထဲက ၁၀ ယောက်မှာ ၉ ယောက်ဟာ၊ ကျွန်မ ခန္ဓကိုယ် အပေါ်ပိုင်းကိုသာ သဘောကျ ကြတာပါ။ အောက်ပိုင်းကို နှစ်သက်ကြတာ မဟုတ်ပါဘူး။”

နောက်ကျတော့ ဦးလေးဟန်ဟာ သူ့အိမ်ရှေ့မှာ ဒေါ်လေးအတွက် ဆိုင်လေးတစ်ဆိုင်ဖွင့်ပေးလိုက်တယ်။ သူလဲဆိုင်ဖွင့်လိုက် ရော ၀ယ်တဲ့သူတွေဟာ ဟို ဆိုင်ဟောင်းကို မသွားကြတော့ပဲ သူ့ဆိုင်ကိုပဲ စုပြုံလာကြတော့တယ်။ နှစ်တွေတစ်နှစ်ပြီး တစ်နှစ် ကုန်လာတာနဲ့အမျှ ဒေါ်လေးမှာ ဈေးရောင်းလို့ရတဲ့ အမြတ်တွေ တော်တော်လေး စုမိလာတယ်။
“ငါ့မျှော်မှန်းချက်ကတော့ သူ အိမ်ထောင် မြန်မြန်ပြုဘို့အရေးပဲ။ ဒါပေမဲ့ ဖြစ်လာဦးမှာ မဟုတ်ပါဘူးလေ။”
အဖွားက သက်ပြင်းမောကြီးကို မှုတ်ထုတ်လိုက် ရင်း ငြီးလိုက်တယ်။ ဒေါ်လေးကတော့ ပြုံးရုံကလေး ပြုံးလိုက်တယ်။ ဖောက်သည်တွေဟာလည်း သူ့ဆိုင်မှာ များသထက် များလာခဲ့တယ်။

(၄)

အဲဒီအချိန်မှာ ကျွန်မဟာ ကောလိပ်ကို စတက်နေပါပြီ။ ဒေါ်လေးဟာ သူ့အတွက် သူ့ဖာသာသူ အိမ်တစ်လုံးဆောက်တယ်။ အရမ်းကြီးမကောင်းပေမဲ့ အိမ်လေးက လှလှပပ သပ်သပ်ယပ်ယပ် ရှိပါတယ်။ အဖေနဲ့ အမေက စားအိုးကြီးတာရယ်၊ ဆင်းရဲ တာရယ်ကြောင့် ကျွန်မရဲ့ လေးနှစ်တာ ကျောင်းတက်တဲ့ ကုန်ကျစရိတ်အားလုံးလိုလိုကို ဒေါ်လေးကပဲ ထောက်ပံ့ပေးခဲ့တာပါ။ ဒေါ်လေးသန်းဟာ ငယ်ပါသေးတယ်။ ကျွန်မကတော့ အပျိုကြီးဖားဖား ဖြစ်လာခဲ့ပြီးပေါ့။ ကျွန်မဟာ အမေနဲ့စာရင် ဒေါ်လေးနဲ့ပဲ ပိုပြီး နီးနီးစပ်စပ်နေခဲ့ရပါတယ်။ ကျွန်မဟာ ဒေါ်လေးဆီကို မကြာခဏ ရောက်ဖြစ်ခဲ့တယ်။ အထူးသဖြင့် ကျောင်းပိတ်ရက်တွေ မှာပေါ့။ ကျောင်းနဲ့မြို့ကလည်း အတော်လေးလှမ်းတယ်။ ကျွန်မ ဒေါ်လေးရဲ့ရင်ခွင်ထဲ မျက်နှာအပ်ပြီး ငိုခဲ့ရတဲ့ အကြိမ်ပေါင်း လည်း မနည်းတော့ပါဘူး။
“ဒီပြဿနာအားလုံးဟာ သမီး ရည်းစားရလာပြီးမှ ဖြစ်ခဲ့တာတွေပဲ။”
ဒေါ်လေးက ပြောတယ်။
“ခံစားရသမျှ အားရအောင်သာ ငိုချလိုက်။ ဒါပေမဲ့ စိတ်တော့မပျက်ပါနဲ့ကွယ်။”

အဲန် နဲ့ ကျွန်မတွဲပြီး အပြင်ထွက်တာကို ဒေါ်လေးမတားပါဘူး။
“ခု သမီးမှာ ရည်းစားရှိလာပြီ။ အဲဒီကောင်းမွေ ဆိုးမွေကိုတော့ သမီးပဲ ခံရမှာပဲ။” လို့ပဲ မှာပါတယ်။
မေမေက ကျွန်မတို့ကို နည်းနည်းမှ သဘောတူတာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော အဲန် ဟာ သူ့မိဘများရှိတဲ့ ဒီကနေ ဟို့ ကီလိုမီတာ တစ်ထောင်လောက်ဝေးတဲ့ နေရာမှာ အလုပ်လုပ်နေရလို့ပဲ။ မေမေကတော့ သူတို့ကို လေပွဲစားတွေလို့ပဲ ထင်နေပါတယ်။ ဒေါ်လေးသန်းက ကျွန်မကို ပြောတယ်။ သူ့မှာလဲ ချစ်ရမဲ့သူ ရှိနေပြီ ဆိုပဲ။ ဒါကို ကြားလိုက်ရတော့ ကျွန်မ အရမ်းဝမ်းသာသွားတယ်။

“ဒေါ်လေးတို့ ဘယ်တော့လက်ထပ်ကြမှာလဲ။”
“ဘယ်တော့မှ လက်ထပ်ဖြစ်မှာ မဟုတ်ပါဘူးကွယ်။”
ဒေါ်လေးရဲ့ အဖြေကို ကြားရတော့ ကျွန်မ အရမ်းအံ့သြသွားတယ်။ ဒေါ်လေးကို ကျွန်မအနားကပ်ပြီး သေသေချာချာ ကြည့်မိတယ်။ အသက် ၃၀ ရှိနေပြီ ဖြစ်တာတောင် သူဟာ အရမ်းကိုလှပြီး ဆွဲဆောင်မှု အပြည့်ရှိနေသေးတယ်။ ဒီလောက်လှတဲ့ အမျိုးသမီးကို တစ်ဦး တစ်ယောက်ကမှ မချစ်ဘူး ဆိုရင် ဒီလောကကြီး ဘယ်တရားပါ့မလဲ။ တကယ်လို့သာ ကျွန်မဟာ အမေနဲ့မတူဘဲ ဒေါ်လေးနဲ့ နည်းနည်းလေးပဲ ဖြစ်ဖြစ် တူရင် အရမ်းကို ထူးခြားသွားမှာ။ ခုတော့ ကျွန်မမှာ အသားကခပ်ညိုညို၊ အဖေ့အမွေကိုရလို့ မျက်လုံးက စွေနေလိုက်သေးတယ်။

“ဒေါ်လေးရယ်။ သမီးကို ဒေါ်လေးရဲ့ချစ်သူအကြောင်း မပြောပြနိုင်ဘူးလားဟင်။”
ကျွန်မကပူဆာလိုက်တော့ ဒေါ်လေးက အသိရခက်တဲ့ အပြုံးကို လှစ်ခနဲပြုံးလိုက်ပြီး ပြောပြတယ်။
“သူဟာ အိမ်ထောင်သည် တစ်ဦးပါကွယ်။ သာမန်လူတွေလိုပဲ သူ့မိသားစုနဲ့ ကလေးတွေနဲ့ အတူနေတာပါ။” “အိမ်ထောင်သည်!!!!”
ကျွန်မ ပင့်သက်ရှိုက်ပြီး အထိတ်တလန့် ရေရွတ်လိုက်မိ တယ်။
“ငါ့ဆန္ဒကိုဆန့်ကျင်ပြီး ဘယ်သူမှ အတင်းအကျပ် နားချလို့ရမှာမဟုတ်ဘူး။”
ဒေါ်လေးက ထပ်ဖြည့်ပြောလိုက်တယ်။ ကျွန်မအဖို့တော့ ဟို အိမ်ထောင်သည်လူကြီးကိုပဲ မကောင်းမြင်မိတော့တယ်။

ကျွန်မကတော့ ကိုယ်မကျေနပ်တာကို မြုံမနေနိုင်ဘူး။
“သူက ဒေါ်လေးကိုချစ်တယ်။ ဟုတ်လား။ သူ သူ့မိန်းမကိုတော့ ဘယ်ကွာနိုင်လိမ့်မလဲ။ သေချင်းဆိုး”
ကျွန်မ မကျေမနပ်နဲ့ ရေရွတ်လိုက်တော့ ဒေါ်လေးရယ် ခေါင်းငိုက်စိုက်ချပြီး ခဏ ငြိမ်နေ တယ်။ နောက်တော့မှ
“သူ့ရဲ့ သနားစရာဘ၀က ငါ သူ့ကို ချစ်မိစေတာပဲလို့ ထင်တယ်။ တခါတလေကျတော့ ချစ်တာနဲ့ ကရုဏာဟာ သီးသန့်ဖြစ် နေပေမဲ့ တစ်ခါတစ်ခါကျတော့ တွဲလျှက် ဖြစ်နေတတ်တယ်။ ငါ့အဖို့တော့ မေတ္တာငတ်နေတာနဲ့ သူ့ကို ချစ်မိသွားတာ ထင်တယ်။”

အဲလိုကြားလိုက်ရတော့ ကျွန်မပိုဒေါသထွက် သွားတယ်။ ကျွန်မဟာ ဒေါ်လေးကို စိတ်လဲဆိုး၊ သနားလဲ သနားသွားမိတယ်။ တကယ်တော့ ဒေါ်လေးဟာ ဘယ်အရာမဆို လက်တွေ့ကျကျ စဉ်းစဉ်းစားစား လုပ်တတ်တဲ့ အမျိုးသမီးတစ်ဦးပါ။ ဒါပေမဲ့ ခုကိစ္စမှာတော့ သူ နှလုံးသားရဲ့ အလိုဆန္ဒကို မလွန်ဆန်နိုင်တော့ဘူးထင်တယ်။

(၅)

ဒီစနေမှာတော့ ကျွန်မ မြို့ထဲကို စက်ဘီးစီးပြီးထွက်ခဲ့တယ်။ ကျွန်မတို့ကိစ္စကို ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချရအောင် သူရှိရာကို ချက်ခြင်းလာဘို့ အဲန်ရဲ့စာကို မကြာသေးမီကမှ ကျွန်မရခဲ့တယ်။ သူ့ဆီကို လိုက်သွားရမလား၊ ဒါမှမဟုတ် တစ်ခုခုကို စောင့်နေ ရဦးမလား လို့ ကျွန်မ စိတ်နှစ်ခွ ဖြစ်နေခဲ့တယ်။ အချိန်က မိုးတွင်းကြီးပေမဲ့ အဲဒီနေ့မှာတော့ ရာသီဥတုက သာတောင့်သာယာ ရှိနေပါတယ်။ ကောင်းကင်ပြာကြီးက ဒီညမှာ မိုးမရွာဘူးလို့ ကြေငြာနေတယ်။

ကျွန်မမြို့ကိုရောက်တော့ ကြယ်တွေတောင် ထွက်နေပြီ။ ကျွန်မ မီးမှိန်မှိန်အောက်မှာ ဟိုဟိုဒီဒီ သွားလာနေတဲ့ ဆိုင်ကယ်တွေ၊ တန်ဘိုးကြီးစက်ဘီးတွေရဲ့ အကြားမှာ ရှောင်ကွေ့နင်းလာခဲ့တယ်။ သူတို့အားလုံးကြည့်ရတာ ပြုံးလို့ပျော်လို့။ ကျွန်မရဲ့ အထီးကျန်ပြီး ခြောက်သွေ့လွန်းလှတဲ့ ဘ၀ကို တွေးရင်း ၀မ်းနည်းလာမိတယ်။ ကျောင်းပြီးတဲ့နောက် ကျွန်မ အဲန်နဲ့ တောင်ပိုင်းကို လိုက်သွားရမလား။ ဒေါ်လေးသန်းရှာပေးတဲ့ အလုပ်ကို လက်ခံလိုက်ရမလား လို့ ရွေးစရာ ဖြစ်လာတယ်။ ကျွန်မ ဘာကိုမှ မရွေးဖြစ်ဘူး။ ကျွန်မပိုင် ပစ္စည်းလေးတွေယူပြီး ခေါင်လှတဲ့ဒေသက အလယ်တန်းကျောင်းကို ဆရာမအဖြစ်နဲ့ ကျွန်မ လာခဲ့တယ်။ ယုံကြည်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ရင်း ကျေးလက်ဒေသကို အလင်းရောင်ပေးဘို့ ရောက်လာခဲ့တယ်။

တစ်နှစ်ကျော်လာပြီးတဲ့ အချိန်မှာတော့ ကျွန်မမျှော်လင့်ထားတာတွေနဲ့ လက်တွေ့ဖြစ်ရပ်တွေဟာ ကပြောင်းပြိ ကပြောင်းပြန် တွေ ပါလားဆိုတာ သိလာခဲ့ရတယ်။ ကျွန်မရဲ့ ကျန်းမာရေးသာ ပိုဆိုးလာခဲ့တယ်။ ကျွန်မရောက်လာခြင်းအားဖြင့် ဒီဒေသဟာ အရင်ကထက်ပိုပြီး သိသိသာသာ ထူးထူးခြားခြား ပြောင်းလဲလာပါသလား။ ကျွန်မကိုယ်ကျွန်မ မေးခွန်းတွေ ထုတ်နေမိတယ်။ ကျွန်မရဲ့ ပြိုပျက်သွားတဲ့ အိပ်မက်တွေအတွက် စိတ်ပျက်ရတဲ့အပြင် နောက်တစ်ခုက ကျွန်မတို့ အချစ်တွေ မရည်ရွယ်တဲ့ဆီ ဦးတည်ချက်ပြောင်းသွားပြီလားလို့လဲ နှလုံးသားမှာ နာကျင်ခဲ့ရတယ်။

“သမီးရယ်၊ စာသင်ရတဲ့အပေါ် ဘာလို့ဒီလောက် စိတ်ကုန်နေရတာလဲ။ ဒီလာပြီး ဟောဒီဒေါ်လေးရဲ့ဆိုင်ကိုယူရင်ယူ။ ဒါမှမဟုတ် ဒီ့ထက် ပိုကောင်းတဲ့အလုပ်တစ်ခုကို ရနိုင်သားပဲ။”
ဒေါ်လေးသန်းကပြောတယ်။ အခု ကျွန်မ ဒေါ်လေးပြောတဲ့ အလုပ်ကို လက်ခံလိုက်ဖို့ အချိန်ကျလာပြီလား။
တံခါးက သော့ပိတ်ထားတယ်။ ကံကောင်းလို့ ကျွန်မမှာ ဒေါ်လေးပေးထားတဲ့ သော့အပို တစ်ချောင်းပါလာတယ်။ တံခါးဖွင့်ပြီး ၀င်လိုက်တော့ စားပွဲပေါ်မှာ ကျွန်မဘို့ စာတစ်စောင်တွေ့လိုက်ရတယ်။
“စားစရာတွေ ရေခဲသေတ္တာထဲမှာ ရှိတယ်။ ပိုက်ဆံလို ရင် ဘီရိုထဲမှာ။ ဒေါ်လေး အိမ်ပြန်နောက်ကျမယ်။”
ညစာကို ကိုယ့်ဟာကိုယ်ပဲချက်စားလိုက်တယ်။ နောက်ပြီး တီဗီကြည့်ရင်း အဲန် ရေးလိုက်တဲ့စာကို ဖတ်တယ်။
“ငါ ကိုယ့်ဟာကို အမြဲပြန်မေးမိတယ်။ ငါတို့တကယ်ချစ်ကြတယ်ဆိုရင် ဘယ်အရာကိုမဆို ရင်ဆိုင်ရဲရမှာပဲ။ သူ့အလိုလိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားသင့်တယ်။ တစ်ဖက်နဲ့တစ်ဖက်မှာ ရှိနေတဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းဘို့ ကြောက်နေလို့ မဖြစ်ဘူး။” လို့ စာထဲမှာ ရေးထားတယ်။

အပြင်ဘက်က ဆူဆူညံညံအသံတွေကြားလို့ ပြူတင်းတံခါးခန်းဆီးကို လှစ်ပြီး အပြင်ကို ကြည့်လိုက်တယ်။ ဒေါ်လေးဟာ အိမ်တံစက်မြိတ်မှာ မတ်တပ်ရပ်နေတယ်။ သူ့ဘေးမှာတော့ ဂျိုင်းထောက်ကို အားပြုရပ်နေတဲ့ အရပ်ရှည်ရှည် လူတစ်ယောက်။ အချိန်က ည ၁၁ နာရီတောင် ထိုးနေပြီ။ သူတို့တိုးတိုးပြောနေသံကို အိမ်ထဲကနေပြီး ကျွန်မ ကြားဖြစ်အောင် ကြားလိုက်သေး တယ်။
“နက်ဖြန်ဒီကို လာခဲ့နော်။ အို၊ မဟုတ်ဘူး။ သဘက်ခါဆို ပိုကောင်းတယ်။ ဒါမှမဟုတ် ကျွန်မရှင့်ကို လမ်းဆုံတွေမှာ တွေ့မယ်။” သူတို့ဟာ လရောင်အောက်မှာ တစ်ယောက်နဲ့တစ်ယောက် ဘေးချင်းယှဉ်ရပ်နေတယ်။ ဒေါ်လေးဟာ နှင်းဆီရောင် အပေါ်အင်္ကျီကို ၀တ်ထားပြီး သူ့ဆံပင်ရှည်ကြီးတွေကတော့ ပုခုံးပေါ် လျှောကျနေတယ်။

တော်တော်ကြာတော့မှ -
“ခင်၊ လမင်းကြီးကို တွေ့တယ် မဟုတ်လား။”
တိတ်ဆိတ်ခြင်းကို ဖြိုခွဲပြီး လူကြီးက မေးလိုက်တယ်။
“တွေ့တာပေါ့။”
ဒေါ်လေးက လူကြီးရဲ့ ရင်ခွင်ထဲ ခေါင်းမှီပြီး ပြောလိုက်တယ်။
“ကျွန်မကို နမ်းပါလားဟင်။”
လူကြီးက သူ့ချိုင်းထောက်ကို ချိုင်းအောက်ကို သေသေချာချာ ပြင်ပြီးထောက်တယ်။ ဒေါ်လေးကလည်း ကိုယ်ကို ဆန့်နိုင်သမျှ မတ်မတ် ဆန့်ပေးတယ်။ အို - သူတို့ အကြာကြီး နမ်းနေတာပါလား။ အဲဒီအနမ်းထဲမှာ သူတို့ရဲ့ ပျော်ရွှင်မှုတွေ၊ မျှော်လင့်စောင့်စားနေရမှု တွေ၊ သူတို့ခံစားချက်တွေ အို၊ အကုန်ပါမှာပါလေ။

သန်းခေါင်ကျော်သွားတော့ ကွန်ကရစ်ကြမ်းခင်းပေါ်ကို တစ်ဒေါက်ဒေါက် စည်းချက်ကျကျ ကျနေတဲ့အသံကို ကျယ်ရာကနေ ဟိုးအဝေးကြီး ရောက်သွားလို့ တဖြည်းဖြည်း တိုးသွားတဲ့ထိ ကျွန်မကြားရတယ်။

(၆)

ဒေါ်လေးဟာ ကျွန်မဘေးကို ၀င်အိပ်လိုက်ရင်း ကျွန်မလက်တွေကို ဆုပ်ယူပြီး သူ့ရင်ဘတ်ပေါ် တင်ထားလိုက်တယ်။ “ဒေါ်လေးမှာ ရင်သွေးလေးရတော့မယ် သမီး။”
သူ လေသံလေးနဲ့ ပြောလိုက်ပေမဲ့ ကျွန်မ အထိတ်တလန့်ဖြစ်သွားမိတယ်။
“ငါ ဘယ်တော့မှ သားသမီးရတော့မယ် မဟုတ်ဘူး ထင်ထားတာ။ ခု ရတော့မယ်။ သေချာတယ်။”
“ဒေါ်လေး အရမ်းပျော်နေတယ်မဟုတ်လား။”
“ဒါပေါ့သမီးရယ်။”
“သူ ဒေါ်လေးကိုတကယ်ချစ်တယ်လို့ ဒေါ်လေးထင်နေလား။”
“ဒါ သေချာတယ်။ အကယ်၍ ဒီလိုမဟုတ်ခဲ့ရင်တောင်မှ ဒေါ်လေးအတွက် ပိုပြီး ထူးမသွားပါဘူးကွယ်။ အရေးကြီးတာက ဒေါ်လေးနံဘေးမှာ ဒေါ်လေးချစ်တဲ့သူတစ်ယောက် ရှိနေဘို့ပဲ မဟုတ်လား။”
“ခံစားရမဲ့ ဒုက္ခ၊ သုက္ခတွေ ဒေါ်လေးမကြောက်ဖူးလား။”
“ဒါတွေကို မင်း ကြောက်နေရင် မချစ်နဲ့ပေါ့။ ဒါပဲ ရှိတာပဲ။” လို့ပြောပြီး ကျွန်မကို ကျောပေးအိပ်လိုက်တယ်။ မကြာခင်မှာပဲ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတယ်။
အဲဒီည တစ်ညလုံး ဘယ်လူးလိုက်၊ ညာလှိမ့်လိုက်နဲ့ ကျွန်မ အိပ်မပျော်ခဲ့ဘူး။ နောက်နေ့မနက် အစောကြီးထပြီး ကျွန်မ ပစ္စည်းပစ္စယတွေ ထုပ်ပိုးပြီး ခရီးရှည်ကြီးထွက်ဖို့ ပြင်နေလိုက်တယ်။ ဒေါ်လေးနိုးလာတော့ ကျွန်မ အထုပ်အပိုးတွေကို ကြည့်ပြီး တအံ့တသြဖြစ်နေတယ်။
“ကျွန်မ အဲန်တို့အိမ်ကို သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီ ဒေါ်လေး။”
ဒေါ်လေး ကျွန်မကို တင်းတင်းကျပ်ကျပ် ဖက်ပြီး ငိုတယ်။
“သမီး ဟိုမှာ အဆင်ပြေပြေနေနိုင်မယ် ထင်လားဟင်။”
“သမီးမပြောတတ်ဘူး ဒေါ်လေး။ ချစ်ခြင်းအားဖြင့် အရာရာကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ သမီးယူဆပါတယ်။”
“အေး၊ ဟုတ်တယ်။ အခက်အခဲ အကြပ်အတည်းတွေရှိရင် ဒေါ်လေးဆီ စာရေးလိုက်။ ဒါပေမဲ့ သမီးတို့ ပျော်ပျော်ရွှင်ရွှင် အတူတူ နေရလိမ့်မယ်လို့ ဒေါ်လေး ယုံကြည်ပါတယ်ကွယ်။”

အာရုဏ်ကျင်းလာပြီ။ အရှေ့ဘက်မိုးကုတ်စက်ဝိုင်းမှာ ပုစွန်ဆီရောင်သမ်းလာတာကို ကြည့်ခြင်းအားဖြင့် ကျွန်မရဲ့အနာဂါတ် ဟာ ပိုပြီးတောက်ပ ကောင်းမွန်လာမယ်ဆိုတာ ကတိပေးနေသလိုပဲ။
ဒေါ်လေးဟာ ကျွန်မလက်ကိုဆွဲပြီး အိမ်ရှေ့ဝရန်တာကို ထွက်လာတယ်။ သူက ထွက်ပြူလာစ နေမင်းကြီးကို ညွှန်ပြပြီး -

“ကြည့်စမ်းသမီး။ ဒါဘာလဲ သိလား။ နေ့တိုင်းကို နေမင်းကြီးကပဲ ပိုင်ပါတယ်ကွယ်။”

နေရောင်ခြည်ရဲ့ ရောင်ပြန်တွေနဲ့အတူ ဒေါ်လေးရဲ့ မျက်လုံးတွေဟာ တစ်ဖျပ်ဖျပ် တောက်ပလို့နေပါတော့တယ်။

----××××----

Thursday, March 4, 2010

ကျွန်ုပ် နှာခေါင်းကျည်ပွေ့တွေ့ခြင်း

(၁)

ကိုယ့်ကြောင့်မဟုတ်သော ပြဿနာသည်လည်း တစ်ခါတရံ ကိုယ့်ပြဿနာ ဖြစ်လာတတ်သည်။

(၂)

တကယ်ဆို သည် social visit pass သက်တမ်းတိုးခြင်း၊ visa လျှောက်ခြင်းတို့မှာ ကျွန်တော့်အတွက် ထမင်းစားရေသောက်မျှပင် မခဲယဉ်းပါ။ သို့နှင့်တောင် အဘယ်ကြောင့် သည်မျှ ဒုက္ခများသွားရသနည်း ဆိုသည်ကို ကျွန်တော် အတော်ပင် မစဉ်းစားတတ်အောင် ဖြစ်သွားရသလို အတော်လည်း စိတ်ဓါတ်ကျ သွားရပါသည်။ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာရေးသူအဖြစ်နှင့်မူ အတော် ရှက်စရာကောင်း သော ကိစ္စတစ်ခုပင် ဖြစ်ပါ၏။

(၃)

၂၈-၂-၂၀၁၀ နေ့က ညီမအငယ် မြန်မာပြည် ပြန်တော့ လေဆိပ်တွင် ပြဿနာ တက်၏။ Immigration က သူ့ကို overstay ဟု ဆိုကာ ၀င်ခွင့်မပေးပါ။ သည်တော့ ကျွန်တော်ဝင်လိုက် သွား၏။ သူတို့က ကျွန်တော် extend လုပ်ထားသော စာရွက်ကို ပြကာ ထိုစာရွက်မှာ e-visa သာဖြစ်သောကြောင့် stay နှင့် အကြုံးမ၀င် ပါဟု ဆို၏။ ဒါဖြင့် ငါ stay extension လျှောက်တုံးက မင်းတို့ ICA က stay ကို extension မလုပ်ပေးဘဲ ဘယ့်နှာကြောင့် သည် e-visa စာရွက်ကို ပေးလိုက်ရသလဲ ဟု မေးသောအခါ ဒါ သူတို့နှင့်မဆိုင်။ သည်စာရွက်ရလာကတည်းက ICA ကို သွားမေးဘို့ကောင်းသည် ဆို၏။ သို့နှင့် ဒါဏ်ကြေး ၁၀၀ ဆောင်လိုက်ရသည်။ ကျန်သည့်သူများကိုပါ ICA သို့ အမြန်သွားပြီး settle လုပ်ရန် ပြောလိုက်သေးသည်။


(၄)

၁၅-၀၁-၂၀၁၀ က ကျွန်တော် မြန်မာပြည်မှ ပြန်လာစဉ် အဖေ၊ အစ်မ၊ ညီမ၊ အမျိုးသမီးနှင့် သားကို ခေါ်လာ ခဲ့သည်။ စင်ကာပူတွင်း ၀င်လာတော့ ထုံးစံအတိုင်း stay တစ်လပေးသည်ပေါ့။ သည်တော့ ၁၄-၀၂-၂၀၁၀ တွင် သက်တမ်းကုန်မည်။ ၈-၀၂-၁၀ တွင် online မှ e-XTEND လုပ်သောအခါ သားတစ်ယောက်ပဲ လျှောလျှော ရှူရှူရသည်။ အဖေ၊ အစ်မနှင့် ညီမတို့ အတွက် လုပ်၍မရ။ နှစ်ခါပြန်လုပ်၊ သုံးခါပြန်လုပ် ဘယ်လိုပဲ လုပ်လုပ်၊ လုပ်၍မရပါ။ ထို့ကြောင့် ထိုကဲ့သို့ လုပ်၍မရကြောင်း၊ ဘာကြောင့်လဲ ဟု ICA သို့ e.mail လှမ်းပို့သောအခါ အကြောင်းမပြန်ပါ။



ထိုအခါ ကျွန်တော် အဖေကြီး၊ မမနှင့် ညီမတို့အတွက် Form14 နှင့် Form V391 တို့ကိုဖြည့်ကာ စာတိုက်တွင် သွားလျှောက်ပါသည်။ လျှောက်ခ တစ်ယောက်လျှင် ၄၅ ကျပ်တောင်ပေးရသည်။ သုံးယောက် ဆိုတော့ ၁၃၅ကျပ် ထွက်သွားသည်။ သားဘို့လျှောက်တုံးက တစ်ပြားမှ မပေးရပါဘဲလျှက် အဘယ်ကြောင့် သူတို့ ၄၅ ကျပ်တောင်းရကြောင်း ကျွန်တော် နားမလည်နိုင်ခဲ့။
လျှောက်လွှာတွင် visit pass ကိုသာ ကျွန်တော် ခြစ်ခဲ့ပါသည်။ အနည်းဆုံး သုံးနေရာဖြစ်ပါ၏။ တရုပ်နှစ်ကူးအပြီး စာတိုက်တွင် သွားမေးသောအခါ သုံးယောက်အတွက် e-visa ဆိုသော စာရွက်သုံးရွက် ထုတ်ပေးပါသည်။ ထိုစာရွက်ထဲတွင်မူ validity date ကို ဧပြီ ၁၆ ရက်ဟု ပြထားပါ၏။ ကျွန်တော်လည်း ဇဝေဇ၀ါဖြစ်သွားကာ သြော် အတူတူနေမှာပါဘဲလေ ဆိုကာ သည်အတိုင်းပင် ခပ်ပေါ့ပေါ့ နေလိုက်ပါသည်။

ဖြစ်ပုံများတော့ မပြောချင်ပါ။ မိသားစုနှင့်ဆိုတော့ လည်လိုက်ပတ်လိုက်၊ စားလိုက်သောက်လိုက်နှင့်၊ အရေးကြီးသော အပြန်လေယာဉ်လက်မှတ် confirm လုပ်ရမည့်ကိစ္စကို မေ့နေပါသည်။ သတိရ၍ လှမ်းဖုံးဆက်တော့ နေရာမရှိတော့ ဟု ဆို၏။ ညီမဖြစ်သူမှာ စင်ကာပူတွင် တစ်လသာနေပြီး ပြန်မည် ဖြစ်ရာ သူပြန်ရမည့်နေ့မှာ ၁၄-၀၂-၁၀ ဖြစ်၏။ သို့သော် လက်မှတ်မရ။ သည်တော့ လက်မှတ်ကို extend သွားလုပ်ရသည်။ Silk Air ရိတ်ချက်ကလည်း မပြောချင်ပါ။ သက်တမ်းတိုးခ ၂၇၀ ပေးရပါသည်။ နောက်ပြီး ဧပြီလ ၁၆ ရက်နေ့ထိ ရသည်ဟု ပြောလိုက်သေးသည်။ ကျွန်တော်က ဖေဖော်ဝါရီလကုန်ပြန်ရန် တစ်ခါထဲ confirm လုပ်ခဲ့ပါသည်။

လကုန်၍ ညီမဖြစ်သူ ပြန်သောအခါ လေဆိပ်တွင် stay ကိစ္စ အထက်ပါအတိုင်း ပြဿနာ တက်ပါ တော့သည်။ ကျွန်တော် အတော်ဒေါသထွက်သွား၏။

(၅)

သို့နှင့် ကျန်ခဲ့သည့် အဖေကြီးနှင့် မမတို့အတွက် stay extension လုပ်ရန် ၁-၃-၁၀ နေ့တွင် ICA ရုံးသို့ သွားပါသည်။ overstay ဖြစ်မှုအတွက် appeal letter ရေးခိုင်းပါသည်။ ရပါတယ်။ ဘာမှ ပြဿနာမရှိ။ ဖြစ်ကြောင်းကုန်စင် နတ်သံနှောကာ တစ်မျက်နှာခွဲမျှ ရေးလိုက်ပါသည်။ ထို့နောက် စာရွက်စာတမ်းအားလုံး တင်လိုက်ရာ အိမ်ထောင်စုစာရင်း လိုသည် ဆို၏။ ကျွန်တော်က ICA webpage တွင်ဖတ်ပြီး သေသေချာချာ အားလုံးပြင်သွားသည်ဖြစ်သော်လည်း အိမ်ထောင်စုစာရင်း မပါခဲ့ပါ။ သူတို့စာရင်းတွင် မပြထားသောကြောင့် ကျွန်တော် ယူမသွားခြင်း ဖြစ်ပါသည်။

သို့နှင့် ကျွန်ုပ်မှာ အိမ်တစ်ခေါက်ပြန်ပြီး အိမ်ထောင်စုစာရင်း ယူရပြန်ပါသည်။ ရုံးပြန်ရောက်တော့ ညနေ သုံးနာရီ ရှိပြီ။ တိုကင်နံပါတ် ၈၆၆၆၊ ၈၆၆၇။ တိုကင်ထဲတွင် လူ ၅၆ ယောက်၊ အနည်းဆုံး ၂ နာရီကျော် စောင့်ရမည် ဆို၏။ ဘာတတ်နိုင်မလဲ စောင့်ပေါ့။
သို့သော် တကယ်စောင့်ရတော့ သုံးနာရီ ဖြစ်ပါ၏။ ကျွန်တော်တို့အလှည့်ရောက်တော့ ညနေ ၆ နာရီထိုးဘို့ ၅ မိနစ်မျှသာ လိုပါတော့သည်။ စာရွက်များစစ်ပြီး အိမ်ထောင်စုစာရင်း မူရင်း(Notri) ကို ပြပါဟု ဆို၏။ ကျွန်တော့်မှာ တိုင်နှင့်ခေါင်းနှင့် ပြေးဆောင့်ချင်စိတ် ပေါက်သွားပါသည်။ ကျွန်တော်မူရင်း မယူလာခဲ့ပါ။
သို့နှင့် နောက်နေ့တစ်ခေါက် ထပ်သွားတော့မှ ပြီး၏။
(၆)

ငယ်စဉ်အခါ ရခိုင်ဘုရင် မင်းထီး၊ သူ့ယောက္ဖကို ခွေးကြည့်ခိုင်းသည့် ပုံပြင်လေး သင်ခဲ့ရပြီးကတည်းက အရွယ်ရောက်လာသောအခါ ဘယ်အရာမှ နှစ်ခါပြန် မလုပ်ရလေအောင် လုပ်ရမည့်အရာများကို ကျွန်တော် စာရွက်ပေါ် ချရေးကာ သေသေချာချာ လုပ်လေ့ရှိပါသည်။ ကိုယ်နှင့်နီးစပ်သည့်သူများကိုလည်း သည်အတိုင်း မကြာခဏ ပြောလေ့ရှိသည်။

ဒါနှင့်များတောင်မှ ခု အဖြစ်မျိုးကြုံရလေသောအခါ ကျွန်တော် စိတ်ထဲတော်တော် ကသိကအောက် ဖြစ်ရပါ သည်။

ပထမ - ကျွန်တော် မိဘ၊ မောင်နှမများ၏ stay extension အတွက် online မှလျှောက်ပါသည်။ မရ၍ စာပို့သော်လည်း အကြောင်းမပြန်သဖြင့် လိုအပ်သော ပုံစံများဖြည့်ကာ စာတိုက်မှ လျှောက်ပါသည်။ stay extension လျှောက်သည်ကို အဘယ်ကြောင့် visa ကြီးချပေးလိုက်သည်ကို ကျွန်တော် နားမလည်နိုင်ပါ။ သည်တွင် ဇဝေဇ၀ါဖြစ်ပြီး ပေါ့လေးတဆ နေလိုက်မှုက သူတို့အမှားကို ကျွန်တော့်အမှား ဖြစ်သွားစေပါ သည်။ သို့အတွက် မလိုအပ်သော ကိစ္စများ၊ ငွေကုန်ကြေးကျများ ဖြစ်ပေါ်ရတော့၏။

ဒုတိယ - မိသားစုစာရင်းလိုသည် ဆိုပါလျှင် အဘယ်ကြောင့် document requirement တွင် ဖော်ပြမထား ရပါသနည်း။ မူရင်းလိုသည် ဆိုပါလျှင်လည်း သေသေချာချာ မူရင်းပါယူလာခဲ့ပါ ဟု ဖော်ပြထားဘို့ မကောင်းပါလား။ ဒါတောင် နောက်နေ့သွားတင်တော့ ကျွန်တော့် မွေးစာရင်းတောင်းသေးသည်။ ကျွန်တော့် မှာ ပထမနေ့က အတွေ့အကြုံကြောင့် ကျွန်တော့် certificate များအားလုံးထည့်ထားသော ဖိုင်ကြီးတစ်ခုလုံး ယူသွား၍သာ ချက်ခြင်းပေးလိုက်နိုင်ခြင်း ဖြစ်သည်။ မဟုတ်က တစ်ခေါက်ပြန်ယူနေရဦးမည် ဖြစ်ပါသည်။

ပထမနေ့ က အိမ်ထောင်စုစာရင်း လိုသည်ဆိုသောအခါ ကျွန်တော်က officer ကို ဒါဖြင့် နောက်ထပ် ဘာစာရွက်တွေ လိုသေးလဲ၊ သေသေချာချာ စစ်ပြီး ပြောပါ ဟု ဆိုသောအခါ သူက အိမ်ထောင်စုစာရင်း မူရင်းသာ ယူခဲ့ပါ။ ပြည့်စုံပါပြီ ဟု ဆို၏။ (သူပြည့်စုံပါပြီ ဆိုချိန်တွင် ကျွန်တော့်စာရွက်စာတမ်းများထဲ၌ မွေးစာရင်း မပါပါ)။ ဒုတိယနေ့ နောက် officer တစ်ယောက်နှင့်တွေ့သောအခါမှ ဘာကြောင့် မွေးစာရင်းကို တောင်းရပါသနည်း။ သည်လိုဆိုလျှင် ဘာစာရွက်စာတမ်းတွေလိုသည် ဆိုတာ ဘာ standard နှင့် တိုင်းပါ သနည်း။ officer တစ်ဦးလျှင် standard တစ်မျိုးရှိပါသလား။

(၇)

သူတို့ကား အုတ်နံရံ ဖြစ်၏။ မကျေနပ်၍ ခေါင်းနှင့်တိုက်လျှင် ကျွန်တော်တို့ ခေါင်းကွဲစရာသာ ရှိပါသည်။ ကျွန်တော်ဖြစ်သလို မိတ်ဆွေများ မဖြစ်ကြစေရန် သတိပေးသောအားဖြင့် ရေးလိုက်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မြတ်စွာဘုရားက အမြဲ သတိပေးနေခြင်း ဖြစ်ပါ၏။
အပ္ပမာဒေန သမ္ပါဒေထ။

၎-၃-၁၀

Wednesday, March 3, 2010

သကြားထက် ချိုသောအရာ

ကိုသိန်းမော်ပို့လိုက်သော e.mail ကို ပြန်လည်ဖော်ပြပါသည်။ မူရင်းမှာ - http://missgreenlady.mylovecafe.net/?p=1268 - မှ ဖြစ်ပါသည်။

အသက်ရနေဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး
တစ်ခုပေါ်မှာ ထိုင်နေပါတယ်.. မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊
စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို
လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ
အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့
သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ….
ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့
သူ့ကုတ်အင်္ကျီအဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့
အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ…

ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ
ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်.. လျှောက်လာရင်းနဲ့
အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ
“ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်..
ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာ
အဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို
ဝတ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း
ဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီး
တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ…
သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့
စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲ
အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်း
နေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..

အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ…. ညီညာပြီး
ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင်
ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်… “ မဆာပါဘူး ကျုပ်က
သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း
ဒီကထွက်သွားစမ်းပါဗျာ ” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်….
အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့
အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်.. “ ဟာ ခင်ဗျား
ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ ခင်ဗျား
ဒီနေရာက ထွက်သွားပါ.. ” လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်..

ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး ပြဿနာ တစ်ခုခု
ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်..
အမျိုးသမီးက “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို
ထရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက်
ကူညီပေးပါလားရှင်.. ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “
ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ.. သူဟာ
ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး.. သူ့ကို ဘာများလုပ်မလို့ပါလဲ ”
လို့မေးလိုက်ပါတယ်..

“ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား.. ကျွန်မ သူ့ကို
အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်… ပြီးတော့လဲ
ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို
လွတ်မြောက်စေချင်တယ်.. ”

“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး ” ပြောနေရင်းမှာဘဲ
သူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်.. “
ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ..
ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန်
ငြင်းမိပါတယ်..

“ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို
မမိုက်မဲချင်စမ်းပါနဲ့” ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်..
နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို
ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက်
ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်.. အချိန်က မနက်စာ
စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက်
ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်.. ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ
စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်.. “
ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို
ဒုက္ခများပေးနေလို့လား ”
“ ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.. ”
ရဲအရာရှိရဲ့ စကားအဆုံးမှာ “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့
သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်တို့ ဆိုင်ဟာ
လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်..
ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ
တွေ့သွားရင် ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်…” လို့
ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..

“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ ..
ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်..
ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က
သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ
ပြောလိုက်ပါတယ်..

အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး
ပြုံးပြလိုက်ရင်းက “ မန်နေဂျာ.. ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီ
နှင့် အဖွဲ့ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ” လို့
မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်..
သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့
အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်..
အမျိုးသမီးက “ ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့်
ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ
ရှင်တို့ ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ်
မဟုတ်လား.. ”

“အဲဒီကိစ္စ ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက
ဒေါသထွက်လာပုံရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..

“ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”

“ဗျာ…. ” မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..

အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့
အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်..
ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ.. ”

စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “
ရဲအရာရှိကြီးကိုလည်း ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”

“တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….”

“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”

“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”

ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက

“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်..
ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ”
လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..

မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား
သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” ဟု
လှမ်းပြောလိုက်ပါတယ်..

“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ အနေနဲ့ အန်ကယ် ဂျက် ကို
ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..” ပြောရင်းက အမျိုးသမီးဟာ
ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်. အဖိုးကြီးဘက်ကို လှည့်ပြီး စကား
စတင်ပြောပါတယ်..

“ အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား.. ”

အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ
စူးစမ်းစွာကြည့်နေရင်းက “ ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကို
ရင်းရင်းနှီးနှီး သိနေပုံဘဲ”

“ဟုတ်ပါတယ် .. ကျွန်မက အရင်တုန်းကထက်စာရင် ရင့်ရော်သွားခဲ့ပါပြီ..
အခုအချိန်မှာ ဟိုအရင် အချိန်တုန်းက ထက်စာရင် ငွေကြေးဥစ္စာ အရာရာ
ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မ ငယ်စဉ်ကာလတုန်းက
ရှင် ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အချိန် ကျွန်မဟာ အေးခဲနေတဲ့
ခုလိုရာသီမျိုးမှာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး
တစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့အချိန်တွေကို ဘယ်တော့မှ
မမေ့ပါဘူးရှင်…”

“ အစ်မကြီး”

ရဲအရာရှိထံမှာ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို
ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..

အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်.. “ ကျွန်မဟာ
အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့
ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ အလုပ်တစ်ခုတစ်လေမှကို တော်တော်နဲ့
ရှာလို့မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်မခန့်ခဲ့ကြပါဘူး… နောက်ဆုံးတော့
လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က လွဲလို့ ဘာမှ မကျန်တော့တဲ့အခါ ကျွန်မ
ငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို
မောင်းထုတ်လိုက်ပါတယ်.. ဒီလိုနဲ့.. ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့
အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာ
လျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို စားစရာ တစ်ခုတစ်လေ ရလို ရငြား
ရောက်လာခဲ့ပါတယ်.. ”

အဖိုးကြီးဂျက်ဟာ ပါးစပ်ကို ဟလိုက်ပြီး “ အိုး ကျုပ်မှတ်မိပြီ… ကျုပ်ဟာ
ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက်
နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့
ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်း မဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့
အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာကျတဲ့အတွက် အလုပ်မပေးနိုင်
ကြောင်း ပြောခဲ့တယ်.. ”

“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မ တစ်သက်
မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဒ၀စ်ကြီးတစ်ခုနဲ့ ကော်ဖီ
တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့
ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့် ပြဿနာတစ်ခုခု ဖြစ်မှာကို
စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာ
သွားရှင်းနေတာ တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ
သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်.. ”

“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ” အဖိုးဂျက်က
အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..

“ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်..
အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်..
ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကို
ပြန်မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ… သူများထက် ပိုကြိုးစားရတာပေါ့
ကျွန်မရဲ့ လုံ့လ ၀ရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.. ”
အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့
လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ရင်းက

“ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း
ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်..
ကျွန်မတို့ ကုမ္ပဏီမှာ ရှင့်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ
စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင်
စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင်
ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်..
ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက်
အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”

အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက “ခင်ဗျားကို
ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ… ”

“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကို ကူညီရတာ
ဝမ်းမြောက်စရာပါ.. ရှင့်ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို
ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့
ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ
တန်ဖိုးဖြတ်လို့မရပါဘူး.. ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကို
လမ်းပြခဲ့တဲ့ သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”

စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့
ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်..
ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာ
ခေတ္တရပ်ပြီး အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..

“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”

“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင်
ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ
အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ
မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို တော်တော် ထိပါတယ်.. ခင်ဗျားရဲ့
ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”

ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ “အိုး
ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု
ယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲ ထင်တယ်.. နို့ ဖြစ်ဖြစ် သကြားဖြစ်ဖြစ်
ထပ်ယူမလား. ”

ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့
“ကျွန်တော့ အတွက် သကြားတွေ နို့တွေ မလိုတော့ ပါဘူးဗျာ.. ဒီနေ့ ခင်ဗျား
အန်ကယ် ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်..
တန်ဖိုးကြီးလှပါတယ်.. စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာ
ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လွန်း လှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ
ဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ပါဘူးဗျာ..”
လို့ ပြောလိုက်ပါတော့တယ်..

ဘယ်ဘလော့ကလဲတော့ မသိလိုက်ပါဘူးဗျာ သူငယ်ချင်းက ပို့ပေးလို့
ပြန်လည်မျှဝေလိုက်တာပါ အရမ်း ရင်ထဲထိတဲ့ ခံစားချက်ကလေးပါ
သူငယ်ချင်းများ ဒီပိုစ် ကနေ သူမတူအောင်ကြိုးစားလိုစိတ်များ
တိုးပွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် .သင်သည်လည်း ထွန်းတောက်နိုင်တဲ့
လူသားဖြစ်လာနိုင်တယ် အလင်းရောင်လည်းပေးနိုင်တယ် ဆိုတာတွေကို ဘယ်တော့မှ
မမေ့ပါနဲ့
လူ့ဘဝ စွန့်ခွါချိန်များမှာ ဘာမှ မလုပ်နိုင်ဘူးဆိုတာ မှတ်ထားပါ .
--
“လုပ်သလို မဖြစ်သေးတဲ့အချိန်မှာ
ဖြစ်သလို မလုပ်ပါနဲ့........”
“လုပ်ချင်တာ မလုပ်ရသေးခင်
လုပ်နေတာကို လုပ်ချင်နေပါစေ.......”
ဘာနေ......။

“အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း”



လပေါင်းများစွာ ကြာမြင့်ပြီးသကာလ “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ် မှာ ထွက်ရှိလာပြီ ဖြစ်ပါသည်။ ယခု စာအုပ်များကို မြန်မာပြည်တွင် စတင်ဖြန့်ဝေနေပြီ ဖြစ်ပြီး စင်ကာပူသို့ တင်ပို့ရန်လည်း ပြင်ဆင်နေပါပြီ။ နောက်အကျဆုံး နောက်တစ်ပတ်ထဲတွင် ရောက်လာလိမ့်မည် ထင်ပါသည်။ စောင့်မျှော် အားပေးကြပါ ခင်ဗျား။

စာရေးချိန်နှင့် စာအုပ်ထွက်လာချိန်မှာ တစ်နှစ်ကျော်ကွာသွားပြီ ဖြစ်သဖြင့် အချို့ အချက်အလက်များ outdated ဖြစ်သွားရခြင်းကို တောင်းပန်ပါသည်။ စာအုပ် ရောင်းချရမှု အခြေအနေပေါ်မူတည်ပြီး နောက်ထပ် revised edition ထပ် ထုတ်ချင်ပါသေးသည်။

Monday, March 1, 2010