Monday, July 20, 2009

Bitter Life I

၁။ ကိုမင်းမြတ်သူ

ဘယ်ရမလဲဗျာ။ ကျွန်တော်လည်း ကျွန်တော်ပေးထားတဲ့ အေးဂျင့်ဖီး ပြန်မရမချင်း သူတို့ရုံးခန်းရှေ့ သွားပြီး နေ့တိုင်းထိုင်စောင့်တာပဲ။ ပိုက်ဆံလေး ၁၀ သိန်းလောက် ပြန်ရဘို့ ၁၅ ရက်လောက် စောင့်ရတယ်ဗျာ ဟုပြောလာ သူမှာ ကိုမင်းမြတ်သူ ဖြစ်ပါ၏။ သူ့ဘ၀မှာ အတော်လေး စိတ်ဝင်စားဘို့ ကောင်းပါသည်။

သူလာချင်သည်မှာ စင်ကာပူ ဖြစ်၏။ သို့သော် အကြောင်းအပေါင်း မသင့်သဖြင့် စင်ကာပူသို့ တော်တော်နှင့် မရောက်နိုင်။ နိုင်ငံပေါင်းများစွာသို့ ဒုက္ခပေါင်းများစွာ ခံ သွားခဲ့ရပြီး နောက်ဆုံးတွင်မှ စင်ကာပူ ရောက်လာခြင်း ဖြစ်သည်။ သို့အတွက် သူ့အကြောင်းကို ရှေ့ဆုံးတွင်ထားကာ ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဟု သဘောပိုက်ကာ ကြုံလာသမျှအလုပ်ကို ကျရာနေရာမှ တာဝန်ကျေပွန်စွာ လုပ်ကိုင် ခဲ့သူ ဖြစ်သဖြင့် အလုပ်ရှင်များက သဘောကျသူ တစ်ဦးလည်း ဖြစ်ပါသည်။ ကိုမင်းမြတ်သူက သူ့ဘ၀အကြောင်းကို အောက်ပါအတိုင်း ပြန်ပြောင်းပြောပြပါသည်။

၁၊ ၁။ ငယ်စဉ်ဘဝ

ကျွန်တော်က ရေတာရှည်မြို့နယ်၊ ဆွာ ဇာတိပါ။ အဖေက အစိုးရ၀န်ထမ်း၊ အမေက မုံ့ဟင်းခါးရောင်းပြီး တစ်ဖက် တစ်လမ်းက ၀င်ငွေရှာပါတယ်။ ကျွန်တော်ငယ်ငယ်က အရမ်းချူချာတယ် ပြောတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ ပြတ်ရတယ်ကို မရှိဘူးတဲ့။ ငယ်ငယ်တုံးကတော့ သိပ်မဆိုးလှ ပါဘူးဗျာ။ အဖေနဲ့အမေတို့ ကြိုးစားရုန်းကန်လို့ ကျွန်တော်တို့ အစား အသောက် အ၀တ်အထည် ချို့ချို့ငဲ့ငဲ့ မရှိခဲ့ပါဘူး။
အဖေဟာ အရင်ကတည်းက ရုန်းကန်ခဲ့ရတာ ခုထိ ရုန်းကန်နေရဆဲပဲ။ ၀န်ထမ်းတစ်ဖက်နဲ့ အဖေဟာ ရေငင်ပုံး၊ ရေထမ်းပုံးတွေလုပ်ရောင်းတယ်။ စွန်လွှတ်ချိန်ရောက်လာတော့ စွန်နဲ့ ရစ်လုံးတွေ လုပ်ရောင်းတယ်။ နောက်ပြီး ရာသီ အလိုက် ပြောင်း၊ နှမ်း၊ ငရုတ် စသဖြင့်လည်း စိုက်လိုက်သေးတယ်။
ကျွန်တော်တို့မှာ နောက်ထပ် ညီမလေးတစ်ယောက် ထပ်ရလာတော့ အဖေ အလုပ်တွေ ပြောင်းလုပ်လာတယ်။ ရေနီက မိတ်ဆွေတွေက သင်ပေးလို့ ကြက်မွေးတယ်။ ပထမ အကောင် ၅၀၀ လောက်ပဲ။ နောက်တော့ အကောင် ၂၅၀၀ ကနေ သုံးထောင်ထိ နှစ်ထပ်ကြက်ခြံကြီးတွေနဲ့ မွေးလာတယ်။ အဲဒီမှာ ကျွန်တော်အမှတ်အရဆုံးက ညဘက် ကြက်ခြံကို လာပြီးသောင်းကျန်းတဲ့ ကြွက်တွေကို နှိမ်နှင်းရင်း ရလာတဲ့ ကြွက်တွေကို မီးကင်လိုကင်၊ ကြော်လိုကြော် စားခဲ့ရတာပဲ။ အဲဒီအရသာကို ခုတိ အောက်မေ့တုံးဗျာ။ မမေ့သေးဘူး။
ဒါပေမဲ့ ကြက်မွေးတာကို ပတ်ဝန်းကျင်က ၀ိုင်းပြီး ကန့်ကွက်ကြလို့ ရန်ကုန်က ဦးကြီးဆီက သင်ယူခဲ့တဲ့ ကားဘော်ဒီ ဆေးမှုတ်လုပ်ငန်း လုပ်ပြန်တယ်။ ကျွန်တော်လည်း အဖေ့အလုပ်တွေ ကူလုပ်ပေးရင်း ကားဘော်ဒီ ဆေးမှုတ် လုပ်ငန်းနဲ့ အတော် ရင်းရင်းနှီးနှီး ရှိလာတယ်။ အဲဒီ အတွေ့အကြုံဟာ ကျွန်တော် နိုင်ငံခြားထွက်တော့ အထောက်အကူ အတော်လေး ဖြစ်တယ်ဗျ။
အဲလိုနဲ့ ကျွန်တော် ၈ တန်းအောင်တော့ မော်လမြိုင်၊ ကြာအင်းရွာ စက်မှုလက်မှု အထက်တန်းကျောင်း (Technical High School – THS) ကို သွားတက်ဖြစ်တယ်။ ကျောင်းကို သူကိုယ်တိုင်ရိုက်ထားတဲ့ သေတ္တာလေး ထမ်းပြီး အဖေလိုက်ပို့တယ်။ အဖေပြန်တော့ ၀မ်းနည်းပြီး ကျန်ရစ်ခဲ့တာပေါ့ဗျာ။ အဲ ထမင်းစားချိန်ရောက်တော့ မျက်ရည်ပါ ကျရ တော့တယ်။ နေ့လည်စာတဲ့ဗျာ။ ပဲဟင်းလေး တစ်ခွက်ပဲပေးတယ်။ အဲဒီလိုနဲ့ ကျွန်တော် အဆောင်ကျောင်းသား ဖြစ်ခဲ့ရ တယ်။
ဒီကျောင်းကို တက်ခွင့်ရတာ ကျွန်တော့်အတွက် အများကြီးကောင်း သွားတယ်။ ဆရာတွေကလည်း တော်ကြပါ တယ်။ သူတို့ကိုယ်တိုင် တော်ကြသလို တပည့်တွေကိုလည်း စေတနာရှေ့ထားပြီး ဂရုတစိုက် သင်ပေးကြတယ်။ ကျွန်တော် တို့ကတော့ ရေသွားကူးလိုက်ကြ၊ ထန်းရည်သောက်လိုက်ကြ၊ ဘောလုံးကန်ကြနဲ့ အရမ်းပျော်တာပေါ့။ ရည်ရွယ်ချက် ဆိုတာလည်း ဘာမှ ကြီးကြီးမားမား ရှိကြတာ မဟုတ်ဘူး။
အဲဒီလို သောက်ရင်းစားရင်း၊ ပျော်ရင်းပါးရင်းနဲ့ပဲ THS ပြီးသွားရော။ ကျောင်းပြီးသွားတော့ ရန်ကုန်က အဖေ့ညီမ ဆီမှာ နေရင်း အလုပ်ရှာ၊ ရတဲ့အလုပ်လုပ် နဲ့ နေခဲ့တယ်။ သိပ်မကြာပါဘူး။ ဖားကန့်က ဦးလေး ရောက်လာတယ်။ သူက ငါ့တူ အသက်ငယ်သေးတယ်။ ငါနဲ့ ဖားကန့်ကို လိုက်ခဲ့၊ ကျောက်ပညာ သင်ပေးမယ် ဆိုတော့ ကျွန်တော်လည်း တော်တော် စိတ်ဝင်စား သွားတယ်။ ကျွန်တော်က အဲဒီလို စွန့်စွန့်စားစား လုပ်ရတာ အင်မတန် ၀ါသနာပါတာကိုး။
ဒါနဲ့ ဦးလေးနဲ့လိုက်သွားတယ်။ မန္တလေးရောက်တော့ ဦးလေးရဲ့ လောပန်းက လာကြိုတယ်။ အဲဒီမှာ ပါဂျဲရိုး ဆိုတဲ့ ကားကြီးကို စစီးဖူးတာပဲ။ ဒါပေမဲ့ ဖားကန့်မှာ ၂ လ ၃ လ လားပဲ ကြာပါတယ်။ မင်းဦးလေး စင်ကာပူကနေ လှမ်းခေါ်နေ တယ်။ အမြန်ပြန်လာပါ လို့ အဖေ့ဆီက စာရလို့ ရန်ကုန် ပြန်ခဲ့ရပြန်ရော။ ဖားကန့်မှာတော့ အားကျစရာတွေ အများကြီးပဲ ဗျို့။ လိုတရ နယ်မြေပဲ။
ရန်ကုန်ပြန်ရောက်တော့ စင်ကာပူသွားဘို့လို့ ပတ်စ်ပို့တွေ ဘာတွေလုပ်။ ဦးလေးခေါ်တာ စောင့်နေတုံးမှာပဲ သွားရချိန် မတန်သေးတော့ ပြောပါတယ်။ ဦးလေးက အဆင်မပြေလို့ ကျွန်တော့်ကို မခေါ်နိုင်ဘူး ဖြစ်ကရော။ အဲဒီမှာ ကျွန်တော် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ယောင်လည်လည်နဲ့ လဖက်ရည်ဆိုင် သွားထိုင်လိုက်၊ ဟိုဟို သည်သည် လျှောက်သွားလိုက်နဲ့ နှစ်တွေ အများကြီး လေခဲ့တယ်။
နောက်တော့မှ မဖြစ်သေးပါဘူး ဆိုပြီး အင်းစိန် G.T.I မှာ ညနေ ပိုင်း သင်တန်းသွားတက်လိုက်တယ်။ ညပိုင်း ကျောင်းတက်။ နေ့ခင်းပိုင်း အလုပ်လုပ်။ အုတ်ကျင်းက မြန်မာ့သစ်လုပ်ငန်းမှာ စက်ပြင်အနေနဲ့ ကျွန်တော် အလုပ်ဝင်ခဲ့ တယ်။ အဲဒီမှာ ၀င်လုပ်လိုက်တာ အတော်မှန်သွားတယ်လို့ ဆိုရမယ်။ ဘာလို့လဲ ဆိုတော့ အလုပ်လုပ်တော့ ပိုက်ဆံရ သလို စက်တွေနဲ့လည်း ရင်းနှီးပြီးသား ဖြစ်သွားရော။ အဲဒီ အတွေ့အကြုံတွေက နောက်ပိုင်း အလုပ်လုပ်တဲ့အခါ အများကြီး အထောက်အကူရတယ်။ အဲဒီ စက်ရုံမှာ ကျွန်တော် G.T.I ပြီးတဲ့ ထိ လုပ်ခဲ့တယ်။
ဘ၀မှာ အပြောင်းအလဲတွေက များပါတယ်ဗျာ။ ကျောင်းပြီးတော့ အဲဒီစက်ရုံက ထွက်လာပြီး Ruby Dragon မှာ ၀င်လုပ်ပြန်ရော။ အဲဒီက လွှတ်လို့ မိုင်းရှုးကို သွားလုပ်ရတယ်။ ကုမ္ပဏီကတော့ တော်တော်လေး ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီမှာလည်း သိပ်မကြာခဲ့ဘူး။ အမေ့ဆီပြန်လာပြီး ကုန်သည် လုပ်ရပြန်တယ်။ ကုန်သည်အတတ်ကိုတော့ အမေက သင်ပေးတယ်။ ပဲခူးနဲ့ ရန်ကုန် ထင်းအရောင်းအ၀ယ် လုပ်တယ်။ ဒါပေမဲ့ မအောင်မြင်ဘူး။ ကျွန်တော်ညံ့တာလဲ ပါမှာပေါ့။ ခေတ်ပြောင်းလာတာလဲ ပါတယ်။ ဒီလိုနဲ့ လုပ်ရင်း ရှုံးရင်း လုံးချာလည် လိုက်ပြီး ထင်းလုပ်ငန်းကို အမနဲ့ လွှဲထားခဲ့ပြီး နိုင်ငံခြားထွက်ဘို့ပဲ ဇောက်ချပြီး လုပ်ဖြစ်ခဲ့တော့တယ်။
ဒါက ကျွန်တော် ဒီကို ထွက်မလာခင် မြန်မာပြည်တုံးက ဘ၀ဇာတ်ကြောင်းလေးတွေ ပေါ့။

၁၊ ၂။ ဒုက္ခနှင့် နပန်းလုံးရခြင်း သို့မဟုတ် မအောင်မြင်ခဲ့သော မလေးရှား ခရီး

ကျွန်တော် ကုန်သည်လုပ်ရင်း အသိတစ်ယောက်တိုးလာတယ်။ အဲဒီလူကလည်း မလေးရှား သွားဘို့ ကြိုးစားနေ တဲ့သူ။ အဲဒါနဲ့ သူနဲ့ကျွန်တော်ပေါင်းပြီး မလေးရှားသွားဘို့ လှုပ်ရှားကြရအောင် လို့ ရန်ကုန်ကို တက်လာကြတယ်။ အဲဒီမှာ အေးဂျင့်တစ်ခု နဲ့တွေ့တယ်။ အေးဂျင့်က သူ့သား မလေးရှားမှာ ရှိတယ်။ သူ့သားက မလေးရှားမှာ အလုပ်ရှာ။ သူက ရန်ကုန်ကနေ လူပို့ ပေါ့။ အဲလို လုပ်နေတာ။
ကျွန်တော်ထင်တာတော့ သူတို့က အိမ်ကို ရုံးခန်း လုပ်ထားတယ် ထင်တယ်။ သူတို့သားအမိ၊ သားအဖ သုံးယောက်ပဲ ရှိတယ်။ သူတို့ရုံးက ကျောက်မြောင်းထဲမှာ။ သူတို့က လိုင်စင်နဲ့လုပ်ထားတဲ့ အေးဂျင့်မဟုတ်ဘူး။ သူ့သား အလုပ်ရှာလို့ရရင် ရသလို ဒီကနေ လူတွေ ပို့ပေးနေတာ။
သူက မင်းတို့ဘာတွေ လုပ်တတ်လဲ လို့မေးတယ်။ ကျွန်တော်တို့ကလည်း ကိုယ်လုပ်တတ်တာ လေးတွေ ပြောပြ ကြတယ်ပေါ့။ အေးဂျင့်က ကျွန်တော်တို့ပြောတာ နားထောင်ပြီး အင်း ဖြစ်နိုင်ပါတယ် ပေါ့။ ဒီတော့ ကျွန်တော်တို့ကလည်း လုပ်မယ် ပေါ့လေ။ မလေး ဆိုရင်တော့ အဆင်ပြေမလားဘဲ၊ ငါတို့ဆီမှာထက်တော့ ပိုပြီး ပိုက်ဆံရလိမ့် မယ်လို့ တွက်တာ ကိုး။ လုပ်မယ်ဆိုရင် သူက လောလောဆယ် စရံ တစ်သိန်းပေးထား လို့ပြောတယ်။ ကျွန်တော်က စုစုပေါင်း ဘယ်လောက် ကုန်မလဲ လို့မေးတော့ ဆယ်သိန်းကုန်မယ် လို့ပြောတယ်။ အဲလေ တကယ်သွားရမယ် ဆိုလည်း ပေးမယ် ပေါ့။ ကျွန်တော် ကလည်း မိသားစုထဲမှာ ယောက်ျားလေးက တစ်ယောက်ထဲ ဖြစ်နေတော့ ပေါက်ပေါက်မြောက်မြောက်လေး ဖြစ်အောင် လုပ်ပြချင်တယ်။
ဒါနဲ့ စရံတစ်သိန်းပေးရမယ် ဆိုတော့ အမေပါ ခေါ်ခဲ့မယ် ဆိုပြီး ပဲခူးပြန်။ အမေ့ကို ခေါ်ခဲ့ပြီး စရံ တစ်သိန်း ပေး၊ အလုပ်တွေ ဘာတွေ အပ်ပေါ့။ အဲလိုနဲ့ အလုပ်ခေါ်တာ စောင့် စောင့်။ တော်ကြာ အင်တာဗျူးခေါ်ပြန်ပြီ တဲ့။ ကြားတော့ ကျွန်တော်က သွားမေး။ သူက ဟာ ဟေ့ကောင်၊ မင်းအတွက်က အင်တာဗျူးစရာ မလိုဘူးကွ။ ငါ့သားက မင်းကို Technician နဲ့ခေါ်မှာတဲ့။ ဒီတော့ မင်း အင်တာဗျူးဝင်စရာမလိုဘဲ တိုက်ရိုက်ခန့်မှာ။ အဲလိုနဲ့ စောင့် စောင့်။ စောင့်ရာ ကနေ တစ်လခွဲ လောက်ကြာတော့ ကျွန်တော် သွားမေးတယ်။ ကျွန်တော်တို့ အလုပ်အကိုင် ဘယ်လိုလဲ။
သူက ဟာ မင်းတို့ calling ကျပြီကွ။ ဟောဒီမှာ ဆိုပြီး စာထုတ်ပြတယ်။ ဒါပေမဲ့ သူက မင်းကို Technician နဲ့ တင်လို့မရဘူး။ ဒီက အထွက်မှာတော့ worker နဲ့ပဲ သွားရမယ်။ ဒါပေမဲ့ မင်း ဘာမှ ပူစရာမလိုဘူး။ ဟိုကျရင် Technician နဲ့ သေချာပေါက် လုပ်ရမှာ။ လခကအစ အားလုံး ပြောင်းလဲ သွားစေ့ရမယ်။ အပြောကတော့ ချောနေတာဘဲဗျို့။ ကျွန်တော် ကလည်း မယုံရဲ၊ ယုံရဲ။ ဟာ သေချာလားပေါ့။
ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့က ကုန်သည်လုပ်နေတယ် ဆိုပေမယ်လို့ ချမ်းသာတဲ့ ကုန်သည် မဟုတ်ဘူး ဗျ။ ငွေတစ်သိန်းရင်းလို့ တစ်သောင်း မြတ်တာ မဟုတ်တော့ ကိုယ့်စုဆောင်းထားတဲ့ ပိုက်ဆံလေး ကုန်သွားမှာလဲ စိုးရသေး တယ်။
ဒီတော့ ကဲ ဟုတ်ပြီ။ ဘယ်နှယောက် သွားရမလဲ ဆိုတော့ သုံးယောက်တဲ့။ ကျွန်တော့်စာအုပ် (ပတ်စ်ပို့) က သက်တမ်း ကုန်တော့မယ်။ သူတို့ကရော စာအုပ်အဆင်သင့်ရှိရဲ့လား ဆိုတော့ ရှိတယ် လို့ ပြောတယ်။ ဒါပေမဲ့ တစ်ယောက် ကိုတော့ စောင့်ရဦးမယ် တဲ့။ သူက သင်္ချာနဲ့ ဘွဲ့ရထားတာ။ အဲဒီ တစ်ယောက်က သူ့သားရဲ့ သူငယ်ချင်း လို့ ပြောတယ်။ အဲဒီ ပုဂ္ဂိုလ်လည်း ရောက်လာရော သူ့ပတ်စ်ပို့က သက်တမ်း ကုန်နေပြီ ဖြစ်ကရော။ အဲဒီတော့ ကျွန်တော့် ပတ်စ်ပို့ကလည်း သက်တမ်းက ကုန်တော့မှာမို့ သူတို့ကို ထားခဲ့ပြီး ထိုင်းကို တစ်ယောက်ထဲ ထွက်လာခဲ့တယ်။
သူတို့က လေဆိပ်ကို လိုက်ပို့ပေးတယ်။ သူတို့ သူငယ်ချင်းက ထိုင်းလေယာဉ်ကွင်းကနေ လာကြိုနေတယ် ဆိုတော့ သွားရတာတော့ အားလုံး အဆင်ပြေပါတယ်။ အဲဒီလူက ကျွန်တော်တို့ တည်းမဲ့အိမ်က အိမ်သူကြီး။ ကျွန်တော့်လို စတေးရှောင်တဲ့လူတွေ အဲဒီ အိမ်မှာ သောင်တင်နေတာ အများကြီးတွေ့ခဲ့ရတယ်။ ဟိုတစ်ယောက်ဆို ဂျပန်ကို သွားဘို့ ဆိုပြီး မသွားဖြစ်သေးဘဲ ထိုင်းမှာ လာရှောင်နေရတာ။
အိမ်ကတော့ အများနေလို့ရအောင် လုပ်ထားတာ။ အခန်းကျယ်ကြီးပဲ။ အဲဒီအခန်းထဲမှာ ကိုယ့်မွေ့ယာလေးတွေ ကိုယ်ခင်းပြီး တန်းစီ အိပ်ကြတယ်။ ယောက်ျားတွေချည်း ဆိုတော့ ဘာပြဿနာမှ မရှိပါဘူး။ အဆင်ပြေပါတယ်။
ရောက်စ နှစ်လမှာ ဘာအလုပ်မှ မလုပ်ဘူး။ ပါလာတဲ့ ပိုက်ဆံလေးနဲ့ ၀ယ်ခြမ်း စားလိုက်၊ လျှောက်လည်လိုက်နဲ့ အလုပ်ခေါ်တာ ထိုင်စောင့်နေတယ်။ ပါသွားတာလေးနဲ့ ချွေတာ သုံးတာပေါ့။ ကျွန်တော့်မှာ ဗမာငွေနဲ့ တစ်သိန်းခွဲ နှစ်သိန်း လောက် ပါလာတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ အလုပ်လုပ်ပါတယ်။ ကားရေဆေးပေါ့။ ကားရေဆေးတဲ့ ဆိုင်ပိုင်ရှင်က လည်း ဗမာပဲ။ သူက ဒေါက်တာဘွဲ့ ရထားတဲ့သူဗျ။ ထိုင်းအမျိုးသမီးနဲ့ အိမ်ထောင်ကျနေတာ။ သူက Mall ကြီးတစ်ခုမှာ ကားရေဆေးဆိုင် ဖွင့်ထားတယ်။ တော်တော် အလုပ်ဖြစ်တယ်ဗျ။
ဘာလို့လဲ ဆိုတော့ အဲဒီ Mall ကြီးမှာ သူက နေရာ တော်တော် ကျယ်ကျယ် ယူထားတော့ ရေဆေး၊ ဆီထိုးရုံတင် မကဘူး။ ကားပါကင်ပါ ထိုးလို့ရတယ်။ ဒီတော့ Mall ကြီးကို လာတဲ့သူတွေက ပါကင်ထိုးချင်တော့ အဲဒီဆိုင်ကို လာကြ တယ်။ ပါကင်ထိုးရင်းနဲ့ ကားပါ တခါထည်း ရေဆေးသွားကြတယ်ပေါ့။ အဲဒီတော့ သူက ကားရေဆေးခရော ပါကင်ထိုးခ ရော နှစ်မျိုးတစ်ခါထည်း ရတာပေါ့။
အဲဒီမှာ အလုပ်လုပ်တော့ ပိုက်ဆံလေး ဘာလေးရတာပေါ့။ လောက်ပါတယ်။ စားတာသောက်တာနဲ့ သုံးဘို့စွဲဘို့ တော့ ကောင်းကောင်းလောက်တယ်။ ဘယ်လောက်ရသလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ တစ်နေ့ ဘတ် ၁၂၀ ထင် တယ်။ အလုပ်က မနက် ၈ နာရီကနေ ညနေ ၇ နာရီလောက်ထိ မပြတ်ဘူး။ အာ - ရေဆေးလိုက်ရတာ၊ လက်တွေကို ပေါက်ပြဲနေတာဘဲ။ ဆေးတာတော့ စက်နဲ့ ဆေးတာပဲ။ ဒါပေမဲ့ ကားကို ခြောက်အောင် အ၀တ်နဲ့သုတ်။ နောက်ပြီး ရေညှစ် ဆိုတော့ လက်တွေကို ပဲကြီးခွံ လိုက်နေတာပဲ။ အဲဒီ ရေဆေးတာနဲ့တင် လက်မောင်းတွေကို ပြုတ်ထွက်တော့ မတတ်ဘဲ။ ထိုင်းကိုရောက်တာ ၂၀၀၃ ခုနှစ်။
ဂျပန် သွားဘို့စောင့်နေတဲ့သူ တစ်ယောက်ရယ်၊ မလေးရှားသွားဘို့ တစ်ယောက်ရယ်၊ ကျွန်တော်ရယ် အားလုံး ပေါင်း သုံးယောက်ပေါ့။ ဂျပန်သွားမယ်ဆိုတဲ့ ကောင်လေးကတော့ ပြန်သွားတယ်။ သူရောက်နေတာ သုံးလ ပြည့်ပြီ ဆိုတော့ သူ အတော် စိတ်ကုန်လာတယ်။ ဟိုနေ့ သွားရနိုး။ ဒီနေ့ သွားရနိုးနဲ့။ ပါလာတဲ့ ပိုက်ဆံကလည်း ကုန်ပြီ။ ဂျပန် သွားဘို့ စောင့်နေတာ ဆိုတော့ အလုပ်လည်း မလုပ်ဖူး။ ကျန်တဲ့ ကျွန်တော်တို့ နှစ်ယောက်ကတော့ လုပ်တယ်။
အဲဒီ ဂျပန်သွားဘို့စောင့်နေတဲ့ ကောင်လေးဆို ဗမာပြည်မှာ သိန်း ၉၀ တောင် ပေးခဲ့ရတာတဲ့။ အားလုံးပေါင်း ၁၂၀ ပေးရမယ် ပြောတယ်။ သူက ဒီရောက်တာလဲ သုံးလပြည့်ပြီ။ ခုထိလဲ မသွားရသေးဘူး။ ငါပေးထားတဲ့ သိန်း ၉၀ တော့ ပြန်ရမှ ဖြစ်မယ် ဆိုပြီး ပြန်သွားရော။
ထိုင်းမှာ ကျွန်တော် စုစုပေါင်း သုံးလလောက် ကြာခဲ့တယ်။ သုံးလပြည့်ခါနီးလဲ ကျရော မလေးသွားလို့ ရပြီတဲ့။ ဗမာပြည်က ကျွန်တော်နဲ့ အတူ သွားမဲ့ နှစ်ယောက်လဲ ရန်ကုန်က ထွက်လာပြီ။ ဆိုတော့ တိုင်မင်ကိုက်ပြီး ကျွန်တော်နဲ့ လေယာဉ်ကွင်း မှာ ဆုံကြတယ်။
ဒါနဲ့ပဲ မလေးရှားလေယာဉ်ကွင်း ရောက်သွားကြရော ဆိုပါတော့။ လေယာဉ်ကွင်းရောက်တော့ ရောက်ရောက်ချင်း လာမကြိုသေးဘူး။ ကျွန်တော်တို့လည်း အတော်ကြာတဲ့ထိ ဘယ်သူမှ မပေါ်လာတော့ ဗမာပြည်ကို ဖုံးပြန်ဆက်တယ်။ ဆက်တော့ အေးဂျင့်က ဟာ- မင်းတို့ ဘာမှ စိတ်မပူနဲ့။ ငါ့သား လာခေါ်လိမ့်မယ်။ အေးအေးဆေးဆေးသာ စောင့် ဆိုတော့ ကျွန်တော်တို့လည်း ဆက်စောင့်ပေါ့။ စောင့်ရင်းနဲ့ လေယာဉ်ကွင်းထဲ ဟိုလျှောက်သွား၊ ဒီလျှောက်သွားပေါ့လေ။
စောင့်တော့ သူ့သား တစ်ကယ်လည်း ရောက်လာပါတယ်။ ရောက်လာပြီးတော့ ကျွန်တော်တို့ကို စာရွက်စာတမ်း တွေပြတယ်။ ပြပေမဲ့ သူက စာရွက်စာတမ်းတွေ မစုံသေးလို့ မင်းတို့ကို ဒီနေ့ထုတ်လို့ မရသေးဘူး။ နောက်နေ့ပြန်လာခဲ့မယ် လို့ ပြောပြီး သူ့မှာပါလာတဲ့ စာရွက်စာတမ်းတွေ အားလုံး ပေးခဲ့ပြီး ပြန်သွားတယ်။ စာရွက်စာတမ်းတွေ အားလုံးက အမှန် အကန်တွေချည်းပါဘဲ။ ကျွန်တော်တို့ သုံးယောက်စလုံးအတွက်ပေါ့။
အဲဒီနေ့ကတည်းက ကိုယ်တော်က စူဠလိပ် ရေထဲလွှတ်လိုက်တဲ့ အတိုင်းဘဲ။ ပေါ်ကို မလာတော့ဘူး။ ကျွန်တော် တို့လည်း လေယာဉ်ကွင်းထဲမှာဘဲ ကိုယ့်ပါလာတာလေးနဲ့ ၀ယ်ခြမ်းစားပေါ့။ နေရတယ်။ လေဆိပ်မှာက visitor တွေ ၀င်တဲ့ နေရာက တစ်နေရာ၊ worker တွေ ၀င်တဲ့နေရာက တစ်နေရာ။ ခွဲထားတယ်။ အဲဒီ worker တွေ ၀င်တဲ့ဘက်မှာ အေးဂျင့် တွေ လာမခေါ်သေးရင် စောင့်ဘို့ လုပ်ထားတဲ့ နေရာရှိတယ်။ ခုံလေးတွေ တန်းစီ ချထားတာပေါ့။
အစ်ကိုရေ၊ အဲဒီနေရာမှာကို ကျွန်တော်တို့လို စောင့်နေတဲ့သူတွေ အများကြီးဘဲ။ လူမျိုးကလည်း အစုံပဲ။ ဒါပေမဲ့ ကွာတာက တရုပ်တို့၊ ဗီယက်နမ်တို့က လာတဲ့သူတွေက ပိုကောင်းတယ်။ သူတို့ဆို လေယာဉ်ကွင်းထဲ ၀င်လာတာနဲ့ ချက်ခြင်း လာခေါ်သွားတယ်။ နောက်ပြီး သူတို့လာတယ် ဆိုတာကလည်း ကျွန်တော်တို့လို သုံးလေးယောက် လာတာ မဟုတ်ဘူး။ လေယာဉ်အစီးလိုက် ၀င်လာတာ။ တစ်ခါ ၀င်လာပြီဆို ဟာ - ဝေါ ဆို အစုလိုက် အပြုံလိုက် ၀င်ချလာကြတာ။
ကျွန်တော်တို့ မြန်မာတွေလည်း အများကြီးပေါ့။ တချို့ဆို အသက်ကြီးကြီး၊ ယောင်လည်လည်နဲ့။ စကားက မပြော တတ်။ ဘာဗဟုသုတမှ မရှိ။ ဟိုက ပတ်စ်ပို့ သက်တမ်းကုန်တော့မှာမို့ ရိုက်လွှတ်လိုက်တာ။ ဒီမှာ ဘာအလုပ်မှ ရှိတာ မဟုတ်ဘူး။ တချို့ဆိုလည်း ကိုယ့်နာမည် ခေါ်လို့ ခေါ်မှန်းတောင် မသိဘူး။ ကျွန်တော်တို့က သူတို့ကိုကြည့်ပြီး ဗမာနဲ့ တူတယ် ထင်တယ်လို့ သွားစကားပြောတော့ သူတို့က ဟုတ်တယ် တဲ့။ အဲဒီတော့မှ ဟိုမှာ ခင်ဗျားနာမည် ခေါ်နေပြီ။ သွား သွား မြန်မြန်သွား၊ ဘာမှ မကြောက်နဲ့လို့ အတင်း တွန်းလွှတ်ရတယ်။
တချို့ကျတော့လည်း နက်က်တိုင်နဲ့၊ ကုတ်နဲ့။ အိုး - စတိုင်ကတော့ အပြည့်။ ကျွန်တော်တို့က သွားစပ်စုတယ်။ ခင်ဗျားက ဘယ်မှာ အလုပ်ရလဲ ဆိုတော့မှ မသိပါဘူးဗျာ ရက်စ်တောရင့်(restaurant) လို့တော့ ပြောတာပဲ တဲ့။ ဟား - မှားပါတယ်ကွာ။ မင်းပုံကြည့်တော့ဖြင့် အင်ဂျင်နီယာလိုလို၊ ကျောင်းသားလိုလိုနဲ့၊ ကိုယ်ဘယ်မှာ လုပ်ရမှန်းတောင် မသိသေးဘူးလား ပေါ့။ တချို့ကျတော့လည်း ညှပ်ဖိနပ် အစုတ်ကို စီးလာတယ်။ ဟေ့ကောင်ရာ - မင်း နိုင်ငံခြားကို ဒီပုံနဲ့ လာရသလားကွာ ပေါ့။ သိပါဘူးဗျာ။ သူတို့ လာခေါ်မယ် ပြောတာဘဲ တဲ့။ အဲဒါမျိုးတွေ အများကြီးတွေ့ရတယ်။
အဲဒီ လေယာဉ်ကွင်းထဲမှာတင် ကျွန်တော်တို့ ကူညီလိုက်တာ မနည်းဘူး။ ဒီလိုပဲ ကျွန်တော်တို့ကို လာကူညီတဲ့ သူတွေနဲ့လည်း တွေ့ရသေးတယ်။ ကျွန်တော်တို့က လာခေါ်နိုး လာခေါ်နိုးနဲ့၊ ဟိုဟိုသည်သည် သွားမျှော်လိုက်၊ ဖုံးတွေ ဆက်လိုက် ဆိုတော့ သူတို့က ရိပ်မိတယ် ထင်ပါတယ်။ ကျွန်တော်တို့ကို လာမေးတယ်။ ညီလေးတို့ ဘာအခက်အခဲ ရှိလို့ လဲ။ အစ်ကိုတို့ ဘာကူညီရမလဲ ပေါ့။ သူတို့က သင်္ဘောသားတွေ။
ကျွန်တော်တို့ကလည်း ဖြစ်ကြောင်းကုန်စင် ပြောပြရတာပေါ့။ ကျွန်တော်တို့တော့ အေးဂျင့်က လိမ်လိုက်ပြီ ထင်တယ်ဗျာ။ အေးဂျင့်သားကလည်း လာခေါ်မယ် ပြောပြီး ခုထိ လာမခေါ်ဘူး လို့။ ဆိုတော့ သူတို့က အစ်ကိုတို့လည်း သုံးစရာ ချန်ထားရဦးမယ်။ မင်းတို့သုံးဘို့ တချို့တစ်ဝက်တော့ ပေးခဲ့မယ် ဆိုပြီး ပိုက်ဆံတို့၊ မုံ့တို့ ပေးသွားတယ်။
ကျွန်တော်တို့လည်း ပါလာတာလေး ဝေမျှ သုံးကြရင်း ရက်တွေကြာလာတော့ လုံးပါးပါးလာတယ်။ ကျွန်တော်တို့ မှာကလည်း သွားပွတ်တံတို့၊ မျက်နှာသုတ်ပုဝါ စသဖြင့် အသေးသုံးလေးတွေပဲ ပါတာ။ အ၀တ်အစားက အပိုပါတာ မဟုတ် ဘူး။ တစ်စုံစီ ပဲ ပါတာ။ တခါတလေကျတော့လည်း အပေါ်ထပ် Departure Room မှာ တက်အိပ်ပေါ့။ အဲဒီမှာ ရဲတွေက လာရှာ။ သူတို့က ရိုင်းတော့ မရိုင်းပါဘူး။ ဒီမှာ အိပ်လို့မရတဲ့အကြောင်း၊ ကိုယ့်နေရာကိုယ် ပြန်ပြီး အေးဂျင့်တွေ လာ အခေါ်ကို စောင့်ဘို့ အကြောင်းတွေပြောတော့ အောက်ပြန်ဆင်း။
နောက်တော့လည်း ကျွန်တော်တို့ ကြံရတယ်။ အဲဒီခေတ်က အေးဂျင့်ခေတ်ဆိုတော့ အလုပ်သမားတွေကို လေယာဉ်ကွင်းမှာ အေးဂျင့်တွေက လာပြီး ခေါ်ထုတ်ရတယ်။ ကျွန်တော်တို့လည်း လေယာဉ်ကွင်းကို အလုပ်သမား လာကြိုတဲ့ အေးဂျင့်တွေဆီ သွားပြီး ငါတို့ကို ထုတ်ပေးပါကွာ။ ဘယ်လောက်ပေးရမလဲ ဆိုတော့ သူတို့က ကျွန်တော်တို့ ဆီက စာရွက်စာတမ်းတွေ တောင်းကြည့်တယ်။ ဟာ - မင်းတို့စာရွက်စာတမ်းတွေက အမှန်အကန်တွေပဲ၊ ဘာလို့ပူနေတာ လဲ။ သူတို့လာမှာပါ။ ဆက်သာစောင့်ပါ။ မင်းတို့မှာ ဗီဇာကလည်း ကျန်သေးတာပဲ။ ကိုယ့်နိုင်ငံက အေးဂျင့်တွေဆီလည်း ပြန်ဆက်သွယ်ဦး ဆိုတော့ စောင့်ရပြန်ရော။
ကျွန်တော်တို့ကို ပေးထားတဲ့ စာရွက်စာတမ်းတွေထဲမှာ ကုမ္ပဏီနာမည်နဲ့ ဖုံးနံပါတ်တွေပါတော့ ကျွန်တော်တို့ အဲဒီ ရုံးကို ဖုံးဆက်ကြည့်တယ်။ သူတို့က ကျွန်တော်တို့နာမည်တွေ မေးကြည့်ပြီး ဟုတ်တယ်။ မင်းတို့ကို ငါတို့အတွက် ခေါ်ထား တာပဲ တဲ့။ ဒါပေမဲ့ ငါတို့အေးဂျင့်ကို အကုန်လွှဲထားတာ။ မင်းတို့ အေးဂျင့်နဲ့ ဆက်သွယ်ပါ။ ငါတို့တော့ မသိဘူး လို့ ပြောတယ်။ ကိစ္စကို ပြီးကရောပဲ။ ကျွန်တော်တို့လည်း သူ့သား ဖုံးကို အချိန်ရှိတိုင်း ဆက်နေတာပဲ။ ဒါပေမဲ့ဗျို့၊ ပထမနေ့ ကျွန်တော်တို့ဆီကနေ ပြန်သွားပြီးကတည်းက အဲဒီဖုံးက လုံးဝကို ဆက်လို့မရတော့ဘူး။ ကိုင်ကိုမကိုင်တော့တာလား၊ ဘယ်လိုလဲတော့ မသိဘူး။ ဆက်လို့ကတော့ ဘယ်လိုမှ မရတော့တာ။
ကျွန်တော်တို့လည်း ရန်ကုန်က အေးဂျင့်ကို ဖုံးတွေပြန်ဆက်။ အေးဂျင့်က ဟာ-လာနေပြီ။ မင်းတို့ ဘာတွေ ပူနေတာလဲ။ စောင့်ပါဦး နဲ့၊ အပြောကတော့ ချောနေတာဘဲ။ ဒီကကောင်တွေမှာတော့ ယက်ကလယ် လိုက်နေပြီ။ ဒါနဲ့ အိမ်ကို ဖုံးပြန်ဆက်။ အိမ်က အေးဂျင့်ဆီသွားမေးတော့ သူတို့က ဘာပြောလွှတ်သလဲ ဆိုတော့ အာ - ခင်ဗျားတို့သားတွေ မလေးရှားမှာ အလုပ်ပဲ လုပ်နေကြပြီ။ လေယာဉ်ကွင်းက မထွက်ရသေးဘူး ဆိုတာ မဖြစ်နိုင်တာ။ ရောက်တဲ့ နေ့ကတည်း က ကျွန်တော့်သား သူတို့ကို လာထုတ်သွားပြီ တဲ့။ အမေတို့က ကျွန်တော့်ကို ပြန်ပြောပြတယ်။
လေယာဉ်ပေါ်တက်ကတည်းက အေးဂျင့်ဖီးက အကြေချေခဲ့ရတာ ဆိုတော့ သူတို့က ပိုက်ဆံပြန်မပေးချင်တော့ နည်းမျိုးစုံနဲ့ လှည့်ပတ်ပြောနေတာ။ သူတို့က အမေတို့ကို အဲသလို ပြန်ပြောလိုက်တော့ အမေတို့ကလည်း စိတ်အေးလက် အေး ပြန်သွား။ ကျွန်တော်တို့မှာ ရှိစုမဲ့စု ပိုက်ဆံလေးတွေစု။ ဖုံးကဒ်တစ်ကဒ် ရအောင်ဝယ်။ အိမ်ကို ပြန်ဆက်။ ဒီတော့ အိမ်ကလည်း အေးဂျင့်ဆီသွား။ အေးဂျင့်က ခင်ဗျားသားတွေ အလကား လိမ်နေတာ။ ဟိုမှာ အလုပ်လုပ်လို့ လခတောင် ထုတ်တော့မယ်။ နောက်တစ်ပတ်နှစ်ပတ်နေ လခထုတ်တော့ ခင်ဗျားတို့ဆီ ဖုံးဆက်လိမ့်မယ် ထပ်ပြော။ အမေတို့လည်း ယောင်တောင် ပေါင်တောင်နဲ့ ပြန်လာ။ အာ အလုပ်ကို ရှုပ်နေတာပဲ။ ကျွန်တော်တို့မှာလည်း တိုင်တွေပတ်။
အဲတော့ လေယာဉ်ကွင်းထဲမှာ အသက်ဆက်ဘို့ ဘယ်လိုလုပ်ရလည်း ဆိုတော့ လေယာဉ်ကွင်းထဲကို လာရောင်း တဲ့ သူတို့အခေါ် ရိုတီလို့ခေါ်တဲ့ ပေါင်မုံ့ခြောက်တွေ လာရောင်းတယ်။ အဲဒါ တစ်ထုပ်ဝယ်။ တစ်ထုပ်ကို သုံးယောက်မျှပြီး ရေနဲ့မျှောချ။ နေ့လည်စာ ထမင်းထုပ်တွေ တစ်ကျပ်၊ နှစ်ကျပ်တန်တွေ (ရင်းဂစ်ပေါ့) လာရောင်းတယ်။ အဲဒါဝယ်။ တစ်နေ့ကို အဲဒီ ထမင်းတစ်နပ်နဲ့ ပြီးလိုက်ရတာပေါ့။
ကျွန်တော်တို့လည်း လမ်းရှိသမျှ အကုန်လိုက်ရတာပေါ့။ အေးဂျင့်တွေ အားမကိုးရတော့ immigration (လ.၀.က) ကို ၀င်မေး။ ကျွန်တော်နဲ့ အတူပါလာတဲ့ ဟိုနှစ်ယောက်က ကြောက်တယ်။ မ၀င်ရဲဘူး။ ကျွန်တော်ကတော့ အတင်း ၀င်တွေ့တာပဲ။ သူတို့က ကျွန်တော်တို့ စာရွက်စာတမ်းတွေ တောင်းကြည့်ပြီး ဟာ - မင်းတို့စာရွက်စာတမ်းတွေက အမှန် တွေပဲကွ၊ ဗီဇာကလည်း သက်တမ်းရှိသေးတာပဲ။ မပူပါနဲ့။ သူတို့ လာခေါ်မှာပေါ့ တဲ့။ ပြောတယ်။ နောက်ပြီး မင်းတို့ သုံးဘို့ ပိုက်ဆံရှိသေးလားတဲ့ မေးတော့ အာ - ရှိသေးတယ်၊ ရှိသေးတယ် လို့ ညာရတာပေါ့။ ပိုက်ဆံ မရှိဘူးဆိုရင် သူတို့က camp သွင်းတော့မှာ။
လေယာဉ်ကွင်းမှာက ဗီဇာသက်တမ်းကုန်တဲ့သူတို့၊ သံသယရှိတဲ့သူတို့၊ အရင် အို ဖြစ်ဖူးတဲ့သူတွေ ပြန်ဝင် လာတာတို့ စတဲ့သူတွေကို အဲဒီလေယာဉ်ကွင်းထဲမှာ ရှိတဲ့ camp ထဲမှာ ထားတယ်။ အဲဒါတွေ ဘယ်လိုသိရသလဲ ဆိုတော့ ကျွန်တော်တို့နဲ့ အတူတူနေတဲ့ နှစ်ကြီးသမား အို ဖြစ်နေတဲ့ သူ တစ်ယောက်ရှိတယ်။ သူ့သူဌေးက သူ့ကို ပိုက်ဆံပေးပြီး ထုတ်မှာ။ သူပြောပြတာ။
မလေးရှားမှာက ဘာရှိလည်း ဆိုတော့ ပိုက်ဆံပဲ အစ်ကိုရ။ သူတို့ ဘာကြီးဖြစ်နေဖြစ်နေ၊ ပိုက်ဆံပေးပြီး နောက် ပေါက်ကနေ ထုတ်သွားလို့ရတယ်။ immigration ဖြတ်စရာ မလိုဘူး။ ဟာ - ကျွန်တော်တို့လည်း အံ့တွေသြလို့ပေါ့။ သူတို့ အဲလို ထုတ်သွားတာ မြင်ရတော့ ကျွန်တော်တို့ အေးဂျင့်ကို ထုချင်ထောင်းချင် စိတ်တွေ ပေါက်လာတယ်။ သူတို့ တရားမ၀င် လာတဲ့သူတွေတောင် ထုတ်လို့ရသေးတာ။ ငါတို့ အမှန်အကန်လာတဲ့သူတွေ ဘာကြောင့် ဒီလောက်ကြာနေ တာလဲ ပေါ့။ နောက်ပြီး အိမ်ကိုလည်း လိမ်ထားသေးတယ်။
အဲဒီမှာတင် ၁၄ ရက်ကြာသွားတယ်။ နောက်တော့ ကျွန်တော်တို့ကို ဗမာပြည်ပြန်ပို့တယ်။ ပထမ ဗမာပြည်က လာတဲ့နှစ်ယောက် ကို အရင်ပြန်ပို့တယ်။ သူတို့က ဗမာပြည်ကလာတဲ့သူတွေ ဆိုတော့ ဗမာပြည်က လေယာဉ်ပေါ် ပြန်တင်ပေးလိုက်တယ်။ ကျွန်တော်က ထိုင်းကလာတဲ့သူဆိုတော့ ထိုင်းလေယာဉ်ပေါ် ပြန်တင်ပေးလိုက်တယ်။
ထိုင်းလဲရောက်ရော တိုင်ပတ်ပါလေရောဗျို့။ ထိုင်းလေယာဉ်ကွင်းရောက်တော့ ကျွန်တော့ကို ရဲက လာခေါ် သွား တယ်။ နောက်ပြီး officer ရုံးခန်းထဲ ရောက်တော့ မင်းမှာ လက်မှတ်ဘိုးပါလားတဲ့ မေးတယ်။ ဘာ လက်မှတ်ဖိုးလဲ လို့ ပြန်မေးတော့ သူက ဗမာပြည်ပြန်ဘို့လက်မှတ်လေကွာ။ မင်း ဗမာပြည်ပြန်ရမယ်။ အဲဒီအတွက် လေယာဉ်လက်မှတ် ၀ယ်ရ မယ် ဆိုတော့ အာ - လေယာဉ်လက်မှတ်ဘိုးနေလို့ ငါ့မှာ စားစရာပိုက်ဆံတောင် တစ်ပြားမှ ကျန်တော့တာ မဟုတ်ဘူးကွ။ မင်းတို့မယုံရင် ငါ့အထုပ်တွေ အားလုံးဖွင့်ကြည့်လို့ရတယ် လို့ ပြောလိုက်တော့ သူတို့ အတော် ဦးဏှောက်စား သွားပုံ ရတယ်။
နောက်တော့ ကျွန်တော့်ပတ်စ်ပို့တွေ လှန်လှောကြည့်ပြီး မင်းဒီမှာ အကြာကြီးနေသွားတာပဲကွ။ မင်းမိတ်ဆွေတွေ ရှိမှာပေါ့။ သူတို့ကို ဖုံးဆက် တဲ့ ပြောတော့ ကျွန်တော်က ဒါဆို ငါ ရန်ကုန်ကို ဖုံးဆက်ချင်တယ်။ ဖုံးဆက်ဖို့တော့ မင်းတို့ ကူညီရလိမ့်မယ် လို့ပြောလိုက်တယ်။ အဲဒီမှာတင် ရဲတစ်ယောက်က ကျွန်တော့်ကို တစ်နေရာ ခေါ်သွားပြီး ဖုံးဆက်ခိုင်း တယ်။ ကျွန်တော်က ရန်ကုန်အေးဂျင့်ကို ဖုံးဆက်တော့ မင်းအရင်တည်းခဲ့တဲ့ အိမ်ကို ဖုံးဆက်လိုက်။ သူတို့ လေယာဉ် လက်မှတ် ၀ယ်ပေးလိမ့်မယ်။ မင်းဘာမှ မပူနဲ့။ ပိုက်ဆံကိစ္စ ငါတို့အားလုံး စီစဉ်ပေးမယ်။ ငါတို့လည်း လေယာဉ်ကွင်းကို လာကြိုမယ်ကွာ ဘာညာနဲ့ ပြောလိုက်ရင်တော့ ချောနေတာပဲ။ သူကတော့ အဲဒီအချိန်ထိ ကောင်းတုံး။ ဒီက ကောင် ကတော့ တိုင်ပတ်နေပြီ။ အ၀တ်က တစ်စုံပဲပါတာဆိုတော့ ၁၄ ရက်လုံး အ၀တ်က တစ်ခါမှ မလဲရသေးဘူး။ ဖြစ်ချင်တော့ ဖိနပ်ချွတ်ထားတုံး အလစ်သုတ်ခံရလို့ ဖိနပ်ကပျောက်။ ပျောက်တယ် ဆိုတာ လဲသွားတာဗျ။ လဲသွားတဲ့သူက ကျွန်တော့ ရှုးဖိနပ်ကို ယူသွားပြီး သူ့ဂွင်းထိုးဖိနပ် ထားခဲ့တယ်။ အဲဒါပဲ စီးရတာပေါ့။
ဒါနဲ့ပဲ ထိုင်းမှာရှိတဲ့ အဲဒီ အေးဂျင့်ရဲ့ မိတ်ဆွေက လေယာဉ်လက်မှတ် လာပေးတော့ ဗမာပြည် ပြန်ရောက်လာ တယ်။ အာ - ဗမာပြည်ပြန်ရောက်ပြန်တော့ မင်း အလုပ်သွားလုပ်တာ ဘယ်မှာလဲ အခွန်ဆောင်ထားတဲ့စာရွက် တဲ့ မေးပြန် ရော။ အစ်ကို၊ ကျွန်တော် အလုပ်မလုပ်ခဲ့ရဘူး။ အဆင်မပြေလို့ ပြန်လာတာ ဆိုတော့ မဟုတ်ဘူးလေကွာ မင်းဟာက သုံးလ တောင်ကျော်သွားပြီ။ ဒီတော့ သူတို့ကို ရှင်းပြရတာပေါ့။ ဒီလိုဒီလိုပဲ အစ်ကို ကျွန်တော် ဒုက္ခရောက်ပြီးပြန်လာတာ။ စားစရာတောင် မရှိတော့ဘူး ဆိုတော့မှ သူတို့က ဟုတ်ပါပြီ ဟုတ်ပါပြီ ဆိုပြီး ၀င်လို့ရတော့တယ်။
တကယ်ပါပဲ။ အေးဂျင့်က လာလဲ မကြိုပါဘူးဗျာ။ အဲဒါနဲ့ တက္ကစီငှား၊ ကျွန်တော်နေခဲ့တဲ့ တောင်ဒဂုံကိုပြန်တာပေါ့။ အိမ်ရောက်မှ အိမ်ကိုနှိုးပြီး တက္ကစီခ ပေးရတယ်။ အဲဒီညကတော့ မအိပ်ပဲ တစ်ညလုံး ရင်ဖွင့်ခန်းပေါ့ဗျာ။
နောက်နေ့ကျတော့ ကျွန်တော် ဒေါနဲ့မောနဲ့ အေးဂျင့်ကို သွားတွေ့တယ်။ အေးဂျင့်ကတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ဟန့်ကို ကျလို့။ ဟာ - ဘာမှ မပူနဲ့ အားလုံးလုပ်ပေးမယ်။ ကျွန်တော့်သားနဲ့ သူဌေးနဲ့ ပြဿနာလေး နည်းနည်းရှိလို့။ အားလုံး ဖြစ်စေရမယ်။ ခင်ဗျားတို့ပိုက်ဆံတွေ အားလုံးပြန်ရရစေ့မယ်။ ဒီတော့ ကျွန်တော်လည်း စိတ်တိုတိုနဲ့ ခင်ဗျားကသာ ဘာမှ မပူနဲ့ပြောနေ။ ကျုပ်မှာ ဒုက္ခပေါင်းစုံနဲ့ ပြန်လာရပြီ။ ခင်ဗျားသိရဲ့လား ဆိုတော့ အေးပါဗျာ၊ ကျွန်တော့အမှားအတွက် တောင်းပန်ပါတယ်။ အားလုံး ပြန်ပေးမယ်၊ ခုလိုချင် ခုပြန်ပေးမယ် တဲ့။ ဒါဆိုလည်း ပေးဗျာ။ ကျွန်တော့်ပိုက်ဆံ ခုပြန်လိုချင် တယ်။
အဲတော့ ဖြစ်ပြန်ရော။ အဲလိုတော့ မလုပ်နဲ့လေဗျာ။ ကျွန်တော့်ကို အချိန်နည်းနည်းပေး။ အားလုံးပြန်ပေးမယ်။ နောက်နေ့လာခဲ့ တဲ့။ သွားရတာဗျာ။ အခေါက်ခေါက် အခါခါ။ ပိုက်ဆံလေး ဆယ်သိန်းကို။ နည်းနည်းချင်း ခွဲခွဲပေးနေလိုက် တာ။ ဘယ်လောက်ပြန်ရမှန်းတောင် မသိတော့ဘူး။ ဆယ်သိန်းတော့ အပြည့်ပြန်မရဘူး။ ကျွန်တော့်မှာ အချိန်လဲကုန်။ လူလည်းပင်ပန်း။ လမ်းစရိတ်လဲကုန်။
ကျွန်တော်ကလည်း မျက်နှာပြောင်တိုက်ပြီး မိုးလင်းကမိုးချုပ်ထိ သူတို့ရုံးခန်းရှေ့ သွားထိုင်စောင့်တာပဲ။ တစ်ခါ တလေ ဟာ ညီလေး၊ ဟိုမှာ ပိုက်ဆံလေး ရစရာရှိလို့၊ ခဏစောင့်၊ ပြန်လာရင် ပေးမယ် ပြောပြီး ထွက်သွားလိုက်တာ မိုးချုပ် လို့ ကျွန်တော်ပြန်လာတဲ့ထိ တစ်နေကုန် ပြန်မရောက်လာဘူး။ တစ်ခါတလေလည်း ကွာ - ငါ ဒီနေ့ အလုပ်နည်းနည်း ရှုပ်နေတယ်ကွာ၊ နောက်နေ့မှ လာခဲ့ နဲ့ အမျိုးမျိုး လှည့်ပတ်ပြောနေတာ။ ပိုက်ဆံလေး ဆယ်သိန်းပြန်ရဘို့ ရက်ပေါင်း အတော်ကြာကြာ့ကို သွားစောင့်ယူရတယ်။
အဲဒီရုံးခန်းရှေ့မှာ ကျွန်တော့လို ပိုက်ဆံပြန်လာတောင်းတဲ့သူတွေလည်း မနည်းဘူးဗျို့။ ကျွန်တော်နဲ့ ထိုင်းမှာတုံး က အတူနေခဲ့ရတဲ့ ဂျပန်သွားမယ် ဆိုတဲ့ကောင်လေးပါ ပြန်တွေ့ရတယ်။ သူလည်း ခုထိ ပိုက်ဆံ အကြေမရသေးလို့ နေ့တိုင်း လာနေရတာပဲ။ စဉ်းစားသာကြည့်တော့ အစ်ကိုရေ။ ဒီကောင်တွေလည်း စိတ်ကမရှည်တော့လို့ တရားတွေ ဘာတွေ စွဲသေးတယ်။ လူတွေလည်း စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ အတော်ကို ပျက်စီးသွားခဲ့တယ်။
အဲဒီမှာ အဆိုးဆုံးက ကျွန်တော့် ပညာရေးဆိုင်ရာ လက်မှတ်တွေ အကုန်ပျောက်ကုန်တာပဲ။ လူက ဗမာပြည် ကနေ ထိုင်း၊ ထိုင်းကနေ မလေးရှား။ တစ်ခါ မလေးရှားမှာတင် လေယာဉ်ကွင်းမှာ သောင်တင်ပြီး ထိုင်းကို ပြန်လာရ ဆိုတော့ ကျွန်တော့ Luggage လည်း ဘယ်မှာ ကျန်ခဲ့မှန်းကို မသိတော့ဘူး။ အ၀တ်အစား၊ စာရွက်စာတမ်း စသဖြင့် အားလုံး ပျောက်ကုန်ပြီး အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဗမာပြည် ပြန်ရောက်လာတာ။
မလေးရှားကို ထွက်သွားတာ ၂၀၀၃ ခုနှစ် ၁၁ လပိုင်း။ ဗမာပြည် ပြန်ရောက်လာတော့ ၂၀၀၄ ခုနှစ် ၁ လပိုင်း။

ကျွန်တော့မှာက မလေးရှားသွားတုံးက ဟိုလေယာဉ် ပြောင်းလိုက်၊ ဒီလေယာဉ် ပြောင်းလိုက်နဲ့ certificate တွေ အားလုံး ပျောက်ကုန်တယ်။ ဒါနဲ့ မြန်မာပြည် ပြန်ရောက်တော့ အဲဒီလက်မှတ်တွေ အသစ်ပြန်လုပ်မယ် ပေါ့။
ဆိုပြီး နတ်မောက် စက်မှု အ.ထ.က ကို သွားတယ်။ သိပ္ပံနဲ့ နည်းပညာဌာန ပေါ့။ အဲမှာဗျာ၊ နတ်မောက် စက်မှု ကျောင်းကြီး ပျောက်ပြီး ကွန်ပြူတာ တက္ကသိုလ်ကြီး ဖြစ်နေတယ်။ ကျွန်တော် သွားမေးတော့လည်း ဘယ်သူမှ ရေရေရာရာ မဖြေနိုင်ကြ ဘူး။ ဒါနဲ့ အဲဒီက နေပြည်တော် သွားစုံစမ်း ဆိုလို့ နေပြည်တော်က သိပ္ပံနဲ့ နည်းပညာဌာန သွား စုံစမ်းပြန်တော့ ဟာ၊ ဒီမှာ ဘယ်ရှိမလဲကွ။ မင်းတို့ တက်ခဲ့တဲ့ ကျောင်းသွား စုံစမ်းမှ ရမှာပေါ့ တဲ့။ ပြီးပါလေရော။ ဒါနဲ့ပဲ T.H.S Certificate ကို လက်လျှော့လိုက်ရတယ်။ ဘယ်လိုက်ရမှန်း မသိတော့ဘူး။
ဒါနဲ့ မဖြစ်သေးပါဘူး ဆိုပြီး ကိုယ်တက်ခဲ့တဲ့ အင်းစိန် G.T.I က လက်မှတ်ကလေး သွားယူမယ် ဆိုပြီး သွားတာ
အောင်မယ်လေးဗျာ။ အင်းစိန် G.T.I က ဘ၀ပြောင်းသွားပြီး စည်ပင်ရုံးကြီး ဖြစ်နေပါရော့။ ကိုင်း မှတ်ဟဲ့ လို့။ ကျွန်တော့် မှာ T.H.S Certificate ရှာတုံးက အတွေ့အကြုံ ရထားတော့ သူတို့ကို ဘာမှ မေးမနေတော့ဘူး။ အသာလေး ကုတ်ကုတ် ကလေး နောက်ဆုတ်ပြန်ခဲ့ရတယ်။ မော်လမြိုင်သွားမယ် ကြံပြန်တော့ မော်လမြိုင် စက်မှု အ.ထ.က က ဘာတဲ့ G.T.C ထင်တယ်။ ဖြစ်နေတယ်။ ဒါနဲ့ ကျွန်တော်လည်း သွားလည်း ထူးမှာ မဟုတ်မှန်း သိနေတာနဲ့ မသွားတော့ပါဘူး။ အားလုံး လက်လျှော့ လိုက်တော့တယ်။ ကျွန်တော့် ဘ၀ကြီးကတော့ ဆိုးကို ဆိုးပါတယ်ဗျာ။

၁၊ ၃။ ဘရူနိုင်းမှာ တစ်နှစ်ခွဲကြာ

အဲ နောက်ပိုင်းတော့ ကျွန်တော် ကုန်သည် ပြန်ဖြစ်သွားတယ်။ အစ်မတို့က ပဲခူးကနေ ထင်းပို့။ ကျွန်တော်က ရန်ကုန်မှာ ၀ယ်လက်ရှာပြီး ဖြန့် ပေါ့။ ရန်ကုန်နဲ့ ပဲခူး ကူးချည်သန်းချည်၊ ခေါက်တုံ့ခေါက်ပြန် သွားနေရတယ်။ တခါတလေ လဲ တောထဲဝင်ပြီး ပစ္စည်းရှာရတယ်။ ဒါပေမဲ့လည်း ကုန်သည် အစစ်လို့ မဟုတ်ပါဘူးဗျာ။ ကိုယ့်ဟာကိုယ် ဘာလုပ်လို့ လုပ်နေမှန်းတောင် မသိပါဘူး။
အဲလို ရှောက်လုပ်နေရင်း တစ်နေ့တော့ ကျွန်တော်နဲ့အတူတူ ပြည် စက်မှု အ.ထ.က မှာတက်ခဲ့တဲ့ သူငယ်ချင်းရဲ့ အမေနဲ့ မမျှော်လင့်ဘဲ သွားတွေ့တယ်။ သူတို့မိသားစုနဲ့ ကျွန်တော်နဲ့က တော်တော်ရင်းနှီးတယ်။ ဘာလို့လဲ ဆိုတော့ ကျောင်းတက်ရင်းနဲ့ သူတို့အိမ် ၀င်ထွက် သွားလာ စားခဲ့သောက်ခဲ့ကြ တာကိုး။ တွေ့တော့ သူက သားသူငယ်ချင်း ဘရူနိုင်း ရောက်နေတယ်။ လိုက်သွားမလား။ သွားမယ်ဆို ငါ မေးပေးမယ်။ သူ့ကို ဘရူနိုင်းရောက်အောင် ပို့ပေးတဲ့ ဦးလေး ရှိတယ် လို့ပြောတယ်။ ကျွန်တော်ကလည်း သွားမယ် ပေါ့။
နောက် အဲဒီ ဦးလေးနဲ့တွေ့တယ်။ သူက မင်း ဘူဒိုဇာ(Bulldozer) တို့၊ အိတ်စ်ကာ ဗေတာ(Excavator) တို့ ပြင်တတ်လား တဲ့မေးတယ်။ ကျွန်တော်ကလည်း အမှန်အတိုင်းပဲ ဟာ၊ ဘယ်ပြင်တတ်မလဲ ဦးလေး၊ ကျွန်တော်က အင်ဂျင် အသေးစားတွေပဲ ပြင်ဖူးတာ။ အဲသည် စက်ကြီးအတွေ့အကြုံတော့ မရှိဘူး ပေါ့။ ဒါပေမဲ့ အဲသည် ဦးလေးက မင်းကွာ၊ သင်ရင်တတ်ပါတယ်။ အင်ဂျင်ချင်း အတူတူပဲ။ ကျွန်တော်ကလည်း ဟုတ်ပါ့မလားဦးလေး။ အဆင်မပြေရင် ပြဿနာ တက်မယ် ဆိုတော့ သူက ဟာ၊ ဟေ့ကောင်၊ ဘာမှ မကြောက်နဲ့၊ ဖြစ်တယ် တဲ့။ အတင်းပဲ။ ကျွန်တော်ကလည်း ကိုင်း၊ ဒါဆို သွားမယ်ဗျာ ဆိုပြီး ဘရူနိုင်းသွားဘို့ လုပ်ပြန်ရော။
အဲဒီ ပုဂ္ဂိုလ်ကို အေးဂျင့်ဖီး ၆ သိန်းခွဲ၊ ၇ သိန်း ပေးရတယ်။ လေယာဉ်လက်မှတ်က ကိုယ့်ဟာကိုယ် ၀ယ်ရတယ်။ လက်မှတ်ခက သုံးသိန်းကျော် ဆိုတော့ စုစုပေါင်း ဆယ်သိန်းပါပဲ။ မထူးပါဘူး။
ဘရူနိုင်းသွားတော့ ၂၀၀၅ ဖေဖော်ဝါရီလမှာ။ တစ်ယောက်ထဲ သွားတာပဲ။ လူကသာ ဘာမှ မဟုတ်တာ။ ဒါပေမဲ့ ရန်ကုန် လေယာဉ်ကွင်းက အထွက်မှာဘဲ ဘီအီးနဲ့ ကျောင်းပြီးတဲ့ ကိုသိန်းဇော် နဲ့ တွေ့တယ်။ သူကလည်း တစ်ယောက် ထည်း။ စကားပြောကြ ဆိုကြရင်းနဲ့ အသိဖြစ်သွားတာ။ ဆိုတော့ သူ့ကို မေးကြည့်တယ်။ ကျွန်တော်တို့ ဘယ်လိုသွားရမှာ လဲ ဆိုတော့ ဘန်ကောက် ထရန်စစ်(transit) ပေါ့ကွာတဲ့။ ဟုတ်လား လို့။ သူက ဘန်ကောက်မှာ ငါတို့ ညအိပ်ရမှာကွ။ တို့နှစ်ယောက်ဆိုတော့ အဆင်ပြေတာပေါ့ကွာ။ မင်းလည်း အဖော်ရ၊ ငါလည်း အဖော်ရ။ တစ်ယောက်တစ်လှည့် အိပ်လို့ ရတယ်။ မဟုတ်ရင် အထုပ်တွေ လူခိုးမှာ စိုးရတယ် လို့ပြောတယ်။
ဒါနဲ့ တိုတိုပြောရရင် ဘရူနိုင်းရောက်သွားရော ပြောပါတော့ဗျာ။ လေယာဉ်ကွင်းက ထွက်ကတည်းက သူနဲ့ တစ်ခါ မှ ပြန်မတွေ့တော့ဘူး။
လေယာဉ်ကွင်းရောက်တော့ အဲဒီကဦးလေး လာကြိုတယ်။ သူတို့က အဲဒီကအကြိုက် လက်ဆောင်တွေ၊ ဥပမာ ကျောက်စိမ်းတို့ စသဖြင့် ၀ယ်ဝယ်ပြီး ပေးလေ့ ရှိတယ် ဆိုတော့ ဘာမှ ပြောစရာမလိုဘူး။ အားလုံး အဆင်ပြေတယ်။ ကျွန်တော်ကလည်း အတွေ့အကြုံရှိပြီးသား ဆိုတော့ အစစအရာရာ သတိနဲ့ပေါ့။
ရောက်ရောက်ချင်း ညမှာတော့ သူငယ်ချင်းနဲ့ အတူတူ သွားအိပ်တယ်။ သူတို့ကို သူဌေးက အိမ်တစ်လုံးလုံး ငှားပေးထားတာ ဆိုတော့ နေရတာ အရမ်းအဆင်ပြေကြတယ်။ နောက်နေ့ကျတော့ အဲဒီဦးကပဲ လာခေါ်ပြီး ကျွန်တော် အလုပ်လုပ်ရမဲ့ နေရာက မန်နေဂျာနဲ့ တွေ့ပေးတယ်။ မန်နေဂျာက ကျွန်တော့်ကို ခေါ်သွားပြီး နေရထိုင်ရမဲ့ နေရာ၊ အလုပ် လုပ်ရမဲ့နေရာတွေ လိုက်ပြတယ်။ လုပ်ရမှာက သစ်စက်မှာ လုပ်ရမှာ။ သစ်စက်က မြို့နဲ့ဆို ၄၅ မိနစ်လောက် မောင်းရ တယ်။
ကျွန်တော်လုပ်ရမဲ့ သစ်စက်က စွန်ကိုင်မောင်းသစ်စက်တဲ့။ အဲဒီသစ်စက်မှာ ကျွန်တော့်အရင် ရောက်နှင့်နေတဲ့ မြန်မာတစ်ယောက်လဲ ရှိသေးတယ်။ ကိုလှတိုး တဲ့။ အမှန်ကတော့ သူက စိုက်ပျိုးရေးနဲ့လာတာ။ ဒါပေမဲ့ သူက welding (ဂဟေ) ဆော်တတ်လို့ သူ့ကို သစ်စက်မှာ ခေါ်ထားလိုက်တယ်။ သူနဲ့အတူလာတဲ့သူတွေကတော့ စိုက်ပျိုးရေးကို သွားကြ ရတယ်။
နောက်နေ့ကျတော့ စူပါဗိုက်ဆာက အလုပ်ထဲလိုက်ပြပြီး ဒါတွေဒါတွေ လုပ်ဖို့ရှိတယ်။ မင်းဘာတွေ လုပ်နိုင်လဲ ပေါ့။ သစ်စက်မှာ ကတော့ သိပ်လုပ်စရာမရှိဘူး။ အဓိက က သစ်ထုတ်လုပ်ရေး ဆိုတော့ စက်တွေ ပြင်ဘို့ တောထဲကို နေ့တဒူဝ (နိစ္စဒူဝ) သွားရတယ်။ ဟိုမှာ Excavator(မြေတူးစက်), Wheel Loader(သစ်လုံးတင်စက်), Bulldozer (မြေကော်စက်) စတာတွေ ပြင်ရတယ်။ နောက်တော့ အဲဒီ ကုမ္ပဏီကပဲ နောက်သစ်စက်တစ်ခုကို ပြောင်းလုပ်ရ တယ်။ လားမိုးနင်းတဲ့။ အဲဒီသစ်စက်မှာ တော့ ကျွန်တော်ပြန်လာတဲ့ထိ လုပ်ခဲ့ရတယ်။
လုပ်ရတာ ဆိုးတော့ မဆိုးပါဘူး။ ဒါပေမဲ့ စင်ကာပူမှာဆို Safety Shoe (ဘွတ်ဖိနပ်) ထုတ်ပေးတယ်။ ဒါပေမဲ့ ဟိုမှာကတော့ ကိုယ့်ဟာကိုယ် ၀ယ်မှ ရမယ်။ ကုမ္ပဏီက မပေးဘူး။ အဲဒီမှာ ကျွန်တော်တို့ ၀ယ်စီးကြတာက ရာဘာရှုးတွေ ပေါ့။ အလုပ်လုပ်ရင် စီးတာပေါ့။ ၄ ကျပ်ခွဲ၊ ၅ ကျပ် ပေးရတယ်။ အဲဒီကောင်တွေကျတော့ ခွာပါတော့ တောတွေ တောင် တွေ တက်လို့ကောင်းတယ်။ ရေလဲသိပ်မနူးဘူး။
တောထဲ နေ့တိုင်းတက်နေရတာ ဆိုတော့ တောတက်ခါနီးရင် ထမင်းထုပ်ဝယ်၊ အအေးဝယ်၊ မုံ့ဝယ် စသဖြင့် စားစရာ သောက်စရာတွေဝယ်ပြီး နေ့တိုင်း တောတက်ရတာပဲ။ ည မိုးချုပ်တော့ပြန်လာ။ ည ၉ နာရီလောက်မှ ပြန် ရောက်တယ်။ ကျွန်တော်နဲ့ ဖဦးထုပ်(ဖိလစ်ပင်း) နဲ့ တွဲလုပ်ရတုံးကဆို ကိုယ့်မြန်မာချင်းတွေ့လို့ စကားပြောရင် မကြိုက်ဖူး။ သူက သူ့အတင်းပြောတယ်ဘဲ အောက်မေ့နေ တာ။ ကျွန်တော်တို့ စကားပြောနေပြီဆို ဟေ့ကောင်တွေ၊ အလုပ်ချိန်မှာ စကားမပြောရဘူး ဆိုပြီး အတင်းလာမောင်းထုတ် တော့တာပဲ။
တောထဲမှာ ပြဿနာ ပေါင်းစုံပါပဲ အစ်ကိုရာ။ ကိုယ်ယူသွားတဲ့ ပစ္စည်းနဲ့ ဟိုက ပျက်နေတာနဲ့ မကိုက်ရင် ပြန်လာ ယူရ။ မိုးရွာရင် ပိုဆိုးသေးတယ်။ မိုးရွာလို့ လမ်းတွေပျက်တော့ ကျွန်တော် တို့ စီးလာတဲ့ 4Wheel Drive ကားလေးဟာ ငယ်သံပါအောင့်ကို အော်ပြီး ရုန်းရတာပဲ။ အိတ်ဇောက ပူပြီး ပြတ်ထွက်။ ကားချည်းပဲ မရုန်းနိုင်ရင် လူပါ ဆင်းတွန်း။ ကားလဲ ဗွက်နစ်။ လူလဲ ဗွက်နစ်။ ကားအောက်ဝင်ပြီး ရွှံ့စေးတွေ ယက်ထုတ်ရ တာ အစ်ကိုရေ၊ လူတွေဆိုတာ လူရုပ် မပေါ်တော့ဘူး။ ဘုရားစူးရပါစေရဲ့။ ဗမာပြည်တုံးကတောင် ကျွန်တော် အဲလောက် မလုပ်ခဲ့ရဖူးဘူး။
တစ်ခါတလေ ဟဲဗီးပြင်ရတာတွေဆို အရမ်းစိတ်ညစ်ဖို့ ကောင်းတယ်။ ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး။ အထူး သဖြင့် ထရက် (track - ချိန်းကြိုး) ကြီးတွေ ပျက်လို့ပြင်ရင် အရမ်းပင်ပန်းတာပဲ။ အလုပ်သမားတွေထဲမှာ မလေး၊ ဖိလစ်ပင်း၊ အိန္ဒိယ၊ ဘင်္ဂလား စသဖြင့် လူမျိုးစုံ ရှိတယ်။ ဘရူနိုင်း နိုင်ငံသားက အုပ်ချုပ်ရေးပိုင်းနဲ့ ရုံးပိုင်းတွေမှာပဲ ရှိတယ်။ အောက်ခြေ အလုပ်ကြမ်းလုပ်ရတဲ့ နေရာတွေမှာဆို ဘရူနိုင်း နိုင်ငံသားရယ်လို့ မတွေ့ခဲ့ရဘူး။ စိုက်ပျိုးရေးနဲ့တခြား အလုပ်ကြမ်းတွေမှာ နိုင်ငံခြားသားတွေ ငှားသုံးကြတယ်။
မိုးအရမ်းများလို့ ရေတွေကြီးပြီး မပြန်နိုင်တဲ့ အခါတွေမှာဆို တောထဲက သစ်ထုတ်လုပ်ရေးဝန်ထမ်းတွေ နေတဲ့ camp တွေမှာဘဲ အိပ်ရတယ်။ အဲဒီအခါ တောဟင်းတောကျွေး၊ ကိုယ်တစ်ခါမှ မစားဘူးတဲ့ ပါကစ်တို့၊ ကလင်းကစ်တို့ စတဲ့ အသီးအရွက်တွေ။ နောက်ပြီး တောဝက်တွေလည်း ကားနဲ့ လိုက်ကြတယ်။ ရရင် အကောင်လိုက် မီးကင်စားတယ်။ ပျော်ဘို့တော့ အကောင်းသားပေါ့။ ဒါပေမဲ့ လခထုတ်တဲ့အခါ စိတ်ညစ်စရာ ကောင်းတယ် အစ်ကိုရာ။
လခက နည်းတယ်။ အစကတော့ ၆၀၀ ပေးမယ်ဆိုပြီး ခေါ်လာတာပဲ။ ဒါပေမဲ့ ကိုယ်က သူတို့စက်တွေကို နိုင်နိုင် နင်းနင်း မကိုင်နိုင်တော့ ၄၅၀ ပဲပေးတယ်။ ဟုတ်တယ်။ ဘရူနိုင်းဒေါ်လာနဲ့ စင်ကာပူဒေါ်လာ မကွာဘူး။ အတူတူပဲ။ အပို ကြေးအနေနဲ့ကတော့ သစ်လုံးတစ်တန်ထုတ်ရင် ပြား ၃၀၊ ငါးမူး စသဖြင့် ပေးတယ်။ ဒါပေမဲ့ ဘာမှ မထူးပါဘူး အစ်ကိုရာ။ (မှတ်ချက်။ ၂၀၀၇ ဇူလိုင်လ စင်ကာပူ တစ်ဒေါ်လာ ပေါက်ဈေးမှာ မြန်မာငွေ ၈၅၀ ကျပ် ဖြစ်ပါသည်။)
အိမ်ကို တစ်ခါငွေပို့မှ တစ်သိန်း၊ တစ်သိန်းခွဲလောက်ပဲ ပို့နိုင်တယ်။ ဘာမှ မဖြစ်လောက်ပါဘူး အစ်ကိုရာ။ ပို့တဲ့ငွေ ကလည်း အိမ်အသုံးစရိတ်တောင် မကာမိပါဘူး။ ကျွန်တော် ဘရူနိုင်းမှာ တစ်နှစ်နဲ့ ခုနစ်လကြာခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံ မစုမိခဲ့ဘူး။ လခကလည်း သိပ်မရ။ ပင်ပန်းလို့ ကျွန်တော်တို့ စားသောက်ကြတာနဲ့ ကုန်တာပဲ။ တနင်္ဂနွေပိတ်ရက်တွေဆို လျှောက်လည်၊ စားကြသောက်ကြ။ သုံးကြ စွဲကြပေါ့။ ဒါပေမဲ့ ဘရူနိုင်းက လည်စရာ သိပ်မရှိဘူး။ လျှောက်သွားလည်စရာ မြို့တော် တစ်ခုပဲ ရှိတာကိုး။
သူတို့က နေဘို့ထိုင်ဘို့ စီစဉ်ပေးထားတာ ဆိုတော့ နေစရိတ်တော့ မကုန်ဘူးပေါ့။ ကောင်းတာက သူတို့ဆီမှာ အရက်လုံးဝ ရောင်းခွင့်မပြုဘူး။ မလေးရှားက လာတဲ့သူတွေကိုတော့ အရက် တစ်လုံးထင်တယ်၊ ဘီယာက တစ်ကဒ် ၆ ဗူး၊ စသဖြင့် သယ်ခွင့်ပြုတယ်။ အရင်ကတော့ တစ်နေ့ကို လေးငါးခြောက်ခါ ၀င်ပြီး ၀င်တိုင်း အရက်ဝယ်လာ၊ ပြန်ရောင်း စသဖြင့် လုပ်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ အဲလိုလုပ်လို့ မရတော့ဘူး။ တစ်နေ့ကို တစ်ခါပဲ အရက်၊ ဘီယာ သယ်ခွင့် ပြုတော့တယ်။
ဘရူနိုင်းမှာ သိပ်အဆင်မပြေတော့ စင်ကာပူကို လာဘို့ ကျွန်တော် ပိုက်ဆံစုတယ်။ ၆ လလောက် စုလို့ လက်ထဲ မှာ တစ်ထောင်ကျော်လောက် ရလာတော့ သူဌေးကို သွားပြောတယ်။ ငါ ဒီမှာလုပ်ရတာ မပျော်တော့ဘူး။ အိမ်ကလည်း ပြန်ခေါ်နေပြီ။ ဒီတော့ ငါ ပြန်ချင်တယ် ပေါ့။ တစ်ခုကောင်းတာက ပတ်စ်ပို့က ကျွန်တော့ လက်ထဲမှာ။ သူတို့ ကိုယ်နှိုက်က ကျွန်တော့်ကို မေ့နေတယ်။ အနို့ တောထဲမှာပဲ အမြဲနေပြီး ရုံးနဲ့ အဆက်ပြတ်နေတာကိုး။
နောက်ပြီး စင်ကာပူဗီဇာပြေးယူထားလိုက်တယ်။ ဗီဇာလျှောက်ရတာတော့ သိပ်မခဲယဉ်းဘူးဗျ။ ပတ်စ်ပို့ မူရင်းနဲ့ ဓါတ်ပုံကပ်ပြီး တင်လိုက်တာနဲ့ ရတာပဲ။ တစ်ကြောင်းသွား Single Journey ပေါ့။ ဗီဇာရတော့မှ အလုပ်ထွက်ခွင့် သွား တောင်းတာ။ တောင်းတော့ သူတို့က ဟာ - မင်းအလုပ်ထွက်တော့မလား။ ဘယ်တော့ ထွက်မလဲ စသဖြင့် မေးတယ်။ ငါ - ဒီလကုန်ရင် ပြန်တော့မယ် လို့ ပြောလိုက်တယ်။
အဲဒီလိုနဲ့ ၂၀၀၇ ဇူလိုင်လမှာ စင်ကာပူကို ၀င်လာခဲ့တယ်။ စင်ကာပူမထွက်လာခင် စင်ကာပူမှာ အလုပ်လုပ်နေ တဲ့ GTI တက်ခဲ့တုံးက သူငယ်ချင်းနဲ့ ကြိုပြီးချိတ်ထားရတာပေါ့။ ပထမ သူ့မိန်းမ နဲ့ အဆက်အသွယ်ရတယ်။ သူ့မိန်းမက ဖုံးနံပါတ်တွေ ဘာတွေပေးလို့ သူနဲ့ အဆက်အသွယ်ရတာ။
ဘရူနိုင်းကထွက်လာတော့ နှစ်ယောက်။ နောက်တစ်ယောက်က ကျွန်တော့်ထက် ပိုဆိုးတယ်။ သူက ရည်ရွယ်ချက်ကြီးနဲ့ ထွက်လာတာ။ သူဆိုရင် ရန်ကုန်မှာ ကိုယ်ပိုင် အဲယားကွန်းပြင်ဆိုင် ဖွင့်ထားတာ။ သူက သူ့ဆိုင်ကို တိုးချဲ့ချင်တယ်။ ဟန်းဖုံးလေး ဘာလေး ကိုင်ချင်တယ်။ စီးပွားရေးလုပ်ငန်းကို အရင်းအနှီး များများနဲ့ ကြီးကြီးကျယ်ကျယ် လုပ်ချင်တယ်။ ဒီတော့ နိုင်ငံခြားထွက်ပြီး ငွေရှာမယ်ပေါ့။ သူဆိုရင်နော် အဲယားကွန်း ကောင်းကောင်းကိုင်နိုင်တယ်။ တကယ့် Technician ပဲ။ အဲဒါ ဒီရောက်တော့ General Worker တဲ့။ ပြီးရော အဲဒါ။ သူ့ခမျာ မြက်ရိတ်လို ရိတ်ရ၊ ကားရေဆေးလိုဆေးရ နဲ့ အတော် စိတ်မကောင်းစရာပါဘဲ အစ်ကိုရာ။ အဲယားကွန်းတော့ ပြင်ရပါတယ်။ ဒါပေမဲ့ အကုန် လုပ်ရတယ်။
ဒီလိုနဲ့ စင်ကာပူ ရောက်ကရောဆိုပါတော့။ လေယာဉ်က ဗမာပြည်သွားမဲ့ လေယာဉ်။ စင်ကာပူ transit။ အဲတော့ တစ်ခါ ပြဿနာတက်ပြန်ရော။ ကျွန်တော်က ခပ်တည်တည် နဲ့ ဗမာပြည်မပြန်ဘဲ စင်ကာပူထဲ ၀င်ချလာတယ်။ အတူ ပါလာတဲ့ အဲ ဟို ပုဂ္ဂိုလ်က ဗမာပြည်သွားမဲ့ လေယာဉ်စီးဘို့ ဆက်သွားတယ်ပေါ့။ အဲသည်မှာ လေဆိပ်က သူ့ကို မင်းနဲ့ အတူတူလာတဲ့ကောင် ဘယ်မလဲ။ သူမပါဘဲ ငါတို့ လေယာဉ် ထွက်လို့မရဘူး ဖြစ်ကရော။ သူကလည်း ဘာမှ မသိတော့ အာ၊ သူ ငါ့ရှေ့က ၀င်သွားတာပဲ။ ငါလဲ မသိဘူး ဆိုပြီး ဟိုရှာ၊ ဒီရှာပေါ့။ နောက်မှ immigration မှာ သွားမေးကြလို့ ကျွန်တော် စင်ကာပူထဲ ၀င်သွားတာ သိရတယ်။ အဲဒီတော့မှ လေယာဉ် ထွက်ရတော့တယ် လို့ ပြောတယ်။
ကျွန်တော့်တစ်ယောက်အတွက်နဲ့ လေယာဉ် ထွက်ချိန် တော်တော် နောက်ကျ သွားရတယ် တဲ့။ သူ ရန်ကုန် ပြန်ရောက်မှ ကျွန်တော့်ကို ပြန်ပြောပြတာ။ အနို့ ကျွန်တော် ကလည်း သိမှမသိဘဲကိုး။ နောက်ပြီး တစ်ခေါက်မှ မရောက်ဖူးသေးတဲ့ စင်ကာပူကို တစ်ယောက်ထဲ ၀င်လာရမှာ ဆိုတော့ ကြောက်နေတာလဲ ပါတာပေါ့။ ဒီတော့ သူတို့ကို ပြောဘို့သတိမရနိုင်ဘူး။

၁၊ ၄။ ရည်ရွယ်ရာ ခရီးသို့ ရောက်ရှိခြင်း

စင်ကာပူကို ၀င်လာရတာ ကျွန်တော့်အဖို့တော့ တကယ့် စွန့်စားခန်းကြီးပေါ့ အစ်ကိုရာ။ အရမ်း မ၀င်ရဲသေးဘူး။ သူများတွေ လုပ်တာကို နောက်ဘက် ခပ်လှမ်းလှမ်းကနေ အရိပ်အခြည် ကြည့်နေရတယ်။ သူတို့တွေ ဘာတွေလုပ်လို့ ဘယ်လို ၀င်သွားကြသလဲ။ ဘယ်အပေါက်က အရာရှိကတော့ သဘောကောင်းပုံ ရသလဲ။ ဘယ်ဘက်က ၀င်ရင် ပို အဆင်ပြေနိုင်မလဲ ပေါ့။ အိတ်တစ်လုံးနဲ့ ဟိုဘက်လျှောက်လိုက်၊ သည်ဘက်လျှောက်လိုက်နဲ့။ လျှောက်ရင်းလည်း င့ါကို ဘယ်လိုမေးလာရင် ဘယ်လိုဖြေလိုက်မယ် လို့ ခေါင်းထဲမှာလည်း စကားလုံးတွေ စီနေရသေးတယ်။
အဲလိုနဲ့ သမ္ဗုဒ္ဓေရွတ်ပြီး ရင်တမမနဲ့ immigration ကို ဖြတ်။ သူတို့က ပတ်စ်ပို့လှန်ကြည့်ပြီး ဟ - မင်းက ဘရူနိုင်း မှာ အလုပ်လုပ်တာလား။ ဟုတ်တယ်။ ဘာလို့ ဒီကိုလာတာလဲ။ ဟာ- ဗမာပြည်အပြန် စင်ကာပူလည်း တစ်ခေါက်မှ မရောက်ဖူးသေးလို့ ၀င်လည်တာ။ သူငယ်ချင်းတွေလည်း ရှိတယ်။ အိမ်ပြန်လက်ဆောင် ပစ္စည်းလေး ဘာလေးလည်း ၀ယ်ချင်တယ်။ ဘရူနိုင်းမှာက ၀ယ်ရခြမ်းရ အဆင်မပြေဘူး ဘာညာ နဲ့ ရွှီးရတာပေါ့ အစ်ကိုရာ။ ဒါပေမဲ့ ရှောရှောရှူရှူပါပဲ။ ဒါဖြင့် မင်းဘယ်နှစ်ရက် လိုချင်လဲ ဆိုတော့ ရက် ၃၀ ပဲပေးပါ ပေါ့။
Immigration က အဆင်ပြေပြေ ချောချောမောမော နဲ့ ထွက်လာနိုင်ခဲ့တာ ၀မ်းသာလိုက်တာ အစ်ကိုရာ။ လူကို ဆွေ့ဆွေ့ခုန်နေတာပဲ။ အဲဒီနေရာဖြတ်ရမှာ ကျွန်တော် ရင်တွေပန်းတွေ အရမ်းတုန်နေတာကိုး။ အဆင်ပြေမှ ပြေပါ့မလား လို့။ ကျွန်တော်က စင်ကာပူကို ဟိုးအရင်ကတည်းက ၉၅ ခုနှစ်လောက်ကတည်းက လာချင်နေတာ။ အခု အဆင်ပြေပြေနဲ့ ၀င်ခွင့်ရလို့ အရမ်း ပျော်သွားတယ်။
နောက်တော့ သူငယ်ချင်းအိမ်ကို လိုက်သွား။ သူငယ်ချင်းအိမ်မှာပဲ နေပေါ့။ နေရင်းနဲ့ အလုပ်လိုက်ရှာ။ ကျွန်တော် က Mechanic အလုပ်လိုက်ရှာတယ်။ ရှာတော့ ခေါ်လိုက်ရင် ဟာ - ငါတို့က အတွေ့အကြုံရိတဲ့သူ လိုချင်တာကွ။ တချို့ ကျတော့လည်း ဟာ - ငါတို့က PR မှ ခေါ်တာကွ။ သူတို့လိုချင်တာက ကရိန်းကောင်းကောင်း ပြင်နိုင်တဲ့သူ။ ကိုယ် လုပ်တတ်တာက Wheel Loader ဆိုတော့ တလွဲစီ ဖြစ်နေတယ်။ ကိုယ်လုပ်တတ်တာနဲ့ သူတို့လိုချင်တာ အံမကိုက်ဘူး။
တစ်ခါ သင်္ဘောကျင်း သွားပြန်တော့လည်း ဟိုက်ဒြောလစ် လုပ်ဖူးလား။ ဟင့်အင်း ပေါ့။ အဲလိုနဲ့ ကိုယ့်အစွမ်း တော့ ကုန်ပြီ ဆိုပြီး အေးဂျင့်တွေဆီ ပြေးကပ်ရပြန်ရော။ မြန်မာအေးဂျင့်၊ စလုံး အေးဂျင့် အစုံပဲ။ အေးဂျင့်တွေဆီသွားတော့ အလုပ်အပ်တဲ့ အနေနဲ့ ပိုက်ဆံ ၅၀၀ စ တောင်းတယ်။ သူက စလုံးအေးဂျင့်နဲ့ တွဲလုပ်တာ။ ပင်နင်ဆူလာမှာ မဟုတ်ဖူး။ သူ့ လိပ်စာကဒ်တွေ ဘာတွေပေးလို့။ သူက အလုပ်တွေ ရှိတယ်။ မင်းကို S Pass တင်ပေးမယ်။ အနည်းဆုံး လခ ၁၈၀၀ ရမယ် တဲ့။ အောင်မယ်၊ အပြောကတော့ ချောလို့ဗျို့။ အဲဒီတော့ ကျွန်တော်က ဒီမှာ ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိနေတာပဲ။ အလုပ်သာ သေချာအောင် လုပ်ပါဗျာ။ ကျွန်တော် ပိုက်ဆံပေးပါ့မယ် ဆိုတော့ ဘာပြောတယ် မှတ်လဲ။
ဟေ့ကောင်။ မင်း ဒီပုံစံနဲ့ဆို S Pass ကျဘို့သိပ်မလွယ်ဘူးကွ။ ဘွဲ့လက်မှတ်တွေ ဘာတွေ လုပ်ပါလား တဲ့။ ဒီတော့ ကျွန်တော်က အာ၊ ကျွန်တော်က ဘွဲ့မှ မရခဲ့တာ လို့ပြန်ပြောလိုက်တယ်။ ဒါပေမဲ့ သူက လွယ်ပါတယ်ကွာ။ ငါလုပ် ပေးမယ်။ မင်း၊ နိုင်ငံခြားရေး ၀န်ကြီးရုံး တံဆိပ်တုံးတွေပါ ပါရမယ်ကွာ တဲ့။ ကျွန်တော်ကလည်း မလုပ်ပါနဲ့ဗျာ။ အဲဒါတွေ ကျွန်တော် မယုံပါဘူး။ ဒုက္ခရောက်မဲ့ ကိန်းပဲ လို့ အတင်းငြင်းတယ်။ သူကလည်း အတင်းပဲ မင်းကွာ၊ ဘာမှ ပြဿနာ မရှိဘူး။ ငါ အကုန်တာဝန်ယူတယ်။ အစစ်နဲ့ လုံးဝတူစေရမယ်။ အရင်လူတွေလည်း ဒီလိုပဲ ငါလုပ်ပေးလို့ S Pass ကျသွား တဲ့လူတွေ မနည်းတော့ဘူး ဆိုပြီး အတင်းပြောတယ်။
သူက အတင်းပြော။ ကျွန်တော်ကလည်း အတင်းငြင်း။ နောက် ဘယ်လိုမှ ပြောလို့မရတော့ သူ လက်လျှော့ သွားတယ်။ နောက်နေ့ကျတော့ ဖုံးဆက်လာပြန်ရော။ ဟေ့ကောင်၊ Amokio မှာ အင်တာဗျူးရှိတယ်။ သွားရအောင် ဆိုတော့ ကျွန်တော်ကလည်း ကောင်းပြီလေ၊ သွားတာပေါ့ ဆိုပြီး လိုက်သွားတယ်။ သူက ဟေ့ကောင်၊ မင်းက deposit မပေးထားတော့ တက္ကစီခတော့ မင်းပေးရမယ် တဲ့။ ကျွန်တော်ကလည်း ရတယ် ပေါ့။ ဘယ်ဗျာ၊ သူက ဘယ်ကနေတောင် စီးလာမှန်း မသိဘူး။ မနည်းပါဘူး။ ကျွန်တော် အားလုံးရှင်းပေးလိုက်ရတယ်။ တော်တော်လယ်တဲ့ သူတွေဗျာ။
အလုပ်က Warehouse ဗျ။ သူဌေးက မေးတယ်။ ဒီမှာ Drilling Machine တို့ ဘာတို့ ပြင်ရမယ်။ မင်း electrical ရော ရလားတဲ့။ ကျွန်တော်ကလည်း အမှန် အတိုင်းပဲ။ ကျွန်တော် mechanical ပဲ ရတယ်။ ဒါပေမဲ့ ဒီ စက်ထဲ ဘာတွေ ရှိတယ် ဆိုတာ ငါပြောပြမယ်။ ရမလား ဆိုတော့ သူက ရတယ်တဲ့ ပြောတယ်။ ဒီတော့ ကျွန်တော်လည်း အရင်က လေ့လာထားဖူး တာကိုး။ Drilling Machine တစ်လုံးကို ပြပြီး အထဲမှာ ဘာတွေရှိပြီး ဘယ်လိုဆင်ထားတယ် ဆိုတာ ပြောပြလိုက်တော့ သူ အတော်သဘောကျသွားတယ်။
ဒီတော့ သူကတစ်ခါ ကောင်းပြီ၊ မင်းကို ငါ့အင်ဂျင်နီယာနဲ့ ပေးတွေ့မယ် ဆိုပြီး သူ့ Maintenance Engineer ဆီ ခေါ်သွားတယ်။ အင်ဂျင်နီယာက မင်း ဒါတွေပြင်မယ်ဆို လုပ်နိုင်ပါ့မလား တဲ့။ ကျွန်တော်ကလည်း အကင်းပါးပါတယ်။ မင်း တို့ ပြင်တယ် ဆိုတာ ဖြုတ်လဲတာ မဟုတ်လား။ ငါ ကောင်းကောင်း လုပ်တတ်ပါတယ်ကွာ။ ဒါပေမဲ့ ငါက mechanical သမား ဆိုတော့ ဒီ မော်တာကြီးကို ဖီးကွိုင်တွေလောင်သွားလို့ ပြန်ပတ်ပေးပါဆိုရင်တော့ ငါ မလုပ်တတ်ဘူး ပေါ့။ ဒါပေမဲ့ မန်နေဂျာက ဒီလောက်သိရင် ရပါပြီကွာ။ မင်းလုပ်တတ်မယ်လို့ ငါယုံပါတယ်။ ငါ သူဌေးကို ပြောလိုက်မယ် တဲ့။
တော်ကြာတော့ အေးဂျင့်က မင်းကို ၁၂၀၀ ပေးမယ် ပြောတယ်။ မင်းလုပ်နိုင်ပါ့မလား မေးတော့ တက်လမ်းရော ရှိသလား ပေါ့။ ပြန်မေးလိုက်တယ်။ အဲဒီတော့ သူတို့က မင်းလုပ်ပုံကိုင်ပုံတွေ ငါတို့ စောင့်ကြည့်ရ ဦးမယ်။ တစ်လ၊ နှစ်လ လောက် ကြည့်ပြီးမှ မင်းလခကို ပြန်ညှိပေးမယ် ပေါ့။ နောက်တော့ သူဌေးက မင်း ဘယ်မှာနေမှာလဲ လို့ မေးပြန်တယ်။ အေးဂျင့်က အာ၊ သူ့မှာ နေစရာ ရှိတယ်။ သူ့ဟာသူ နေမှာ လို့ ပြောလိုက်တော့ သူဌေးက မင်း ဘယ်နေ့ စ အလုပ်ဆင်း နိုင်မလဲ တဲ့ မေးပြန်ရော။ ဒီတော့ ကျွန်တော်က တော်တော်နဲ့ ပြန်မဖြေနိုင်ဘူး။ အေးဂျင့်က ဟေ့ကောင်၊ မင်းကို မေးနေ တယ်လေ။ ဘယ်နေ့ စလုပ် နိုင်မလဲ တဲ့ အတင်းမေးတော့မှ ဟာ၊ ကျွန်တော် ဒီကို အလုပ်လာရှာတာပဲဗျ။ ဒီနေ့ခန့်ရင် ဒီနေ့ စလုပ်မှာ ပေါ့ လို့ ပြန်ပြောလိုက်တယ်။ အေးဂျင့်က အတင်းလောနေတယ်။ ဒါနဲ့ ပြန်ခဲ့ရော ဆိုပါတော့။
နောက်နေ့ကျ ဖုံးပြန်ဆက်တယ်။ အဆင်မပြေဘူးတဲ့၊ ဘာတွေ မပြေသလဲလို့ ပြန်မေးတော့လည်း သေသေချာချာ ပြောမပြဘူး။ ညီလေးရာ၊ နောက်အလုပ်တွေက ပိုကောင်းပါတယ်ကွာ။ လခလည်း များတယ်။ ဒီအလုပ်တော့ လက်လျှော့ လိုက်ပါ တဲ့။ ကျွန်တော်ထင်တာတော့ ဒီကောင် အလုပ်ရှင်ဆီက အေးဂျင့်ဖီး သွားတောင်းတာ ဟိုက မပေးလိုက်ဖူး၊ ပေးတောင်မှ သူတောင်းတဲ့ဈေး မရဘူး ထင်တယ်။
ကျွန်တော်ကလည်း ဟေ့လူ၊ ကျွန်တော့် စတေး(stay) က သိပ်ကျန်တော့တာ မဟုတ်ဖူးနော်။ လျှောက်မလုပ်နဲ့ လို့။ ဟုတ်တယ်လေ။ တော်ကြာ ဗီဇာသက်တမ်းကုန်တဲ့ထိ အလုပ်မရသေးရင် ဒုက္ခများမှာ။ သူက အေးပါကွာ၊ ဒီတစ်ခါ မင်း ၀ပ်ရှော့မှာ ရအောင် ငါလုပ်ပေးမယ်။ လခလည်း ကောင်းတယ် တဲ့ ပြောပြန်ရော။ ကျွန်တော်ကလည်း လောနေပြီ။ ဟေ့လူ၊ သေချာအောင် လုပ်နော်ဆိုတော့ ဘာပြန်ပြောတယ် မှတ်သလဲ။ ဟေ့ကောင်၊ ဂျင်မီပါကွ။ မင်း၊ ငါ စင်ကာပူမှာ လုပ်လာတာ အံခွနေပြီ။ မင်းအလုပ်လောက်ကတော့ ပါးပါးလေးပါ တဲ့။ ဟား၊ အပြောကတော့ ရွှေမန်းပဲ ဗျို့။
အဲလိုနဲ့ နောက်တစ်ခု Amokio စက်မှုဇုံထဲက workshop တစ်ခု ရောက်သွားပြန်ရော။ အဲဒီကျ သူက သူဌေးနဲ့ ကျွန်တော့်ကို နှစ်ယောက်ထဲ ပေးတွေ့တယ်။ သူဌေးက ဒီဇယ်ကားတွေ မင်းပြင်နိုင်လား တဲ့ မေးတယ်။ ကျွန်တော်က စက်ကြီးတွေ လုပ်လာတာ ဆိုတော့ ရပါတယ် လို့၊ ကျွန်တော် လုပ်ခဲ့ရတာတွေ ပြန်ပြောပြလိုက်တယ်။ သူက ငါတို့ဆီမှာ စက်ကြီး မရှိပါဘူးကွာ။ ဒီ ကားလေးတွေပဲ ရှိတယ် တဲ့။ ကျွန်တော်လည်း လုပ်နိုင်ပါတယ်၊ မခက်ပါဘူး ပေါ့။ ဒီတော့ သူဌေး က ဟုတ်ပြီလေ၊ ဒါဆို မင်းကို ၁၅၀၀ ပေးမယ်၊ ရမလား တဲ့။
ကျွန်တော်ကလည်း အလုပ်ရဘို့ အသည်းအသန် ဖြစ်နေချိန်ဆိုတော့ ရပါတယ် ပေါ့။ သူက မင်း Amokio မှာတော့ အိမ်ရှာဘို့ လိုလိမ့်မယ်။ ဒါမှ အလုပ်ဆင်းရတာ အဆင်ပြေလိမ့်မယ် တဲ့။ အာ၊ ဒါက ကိစ္စမရှိပါဘူး ဆိုပြီး အဆင် ပြေသွားရော။ ကျွန်တော်တို့ ကိစ္စပြီးသွားတော့ သူ ဂျင်မီကို ခေါ်တယ်။
ကဲ ငါတို့တော့ ပြီးပြီ။ မင်းအပိုင်းပဲ ဆက်လုပ်ပေတော့ ဆိုတော့ ဂျင်မီက မင်းဆီမှာ S Pass တင်ဘို့ Quota ရှိရဲ့ လား တဲ့မေးတော့။ အဲဒါတော့ ငါ ဘယ်သိမလဲ ကွ တဲ့။ ပြောပြီး နေအုံး၊ ငါ ငါ့ကို လုပ်ပေးနေကျ အေးဂျင့်နဲ့ မေးကြည့်ဦး မယ် ဆိုပြီး ဖုံးလှမ်းဆက်။ ဆက်တော့ သူ့ အေးဂျင့်က အာ၊ မင်းတို့ဆီမှာ နိုင်ငံခြားသား ခန့်လို့ မရဘူး။ ထားစမ်းပါကွာ။ မင်းဘို့လို့ ငါ မလေးတွေရှာပေးမယ်။ အဲဒီကောင်တွေ ပြန်လွှတ်လိုက် တဲ့။ တစ်ခါထည်း ပြီးပါလေရော။
အဲဒီမှာ အေးဂျင့်ချင်းတွေ ဖိုက်ကုန်ရောဗျို့။ ဂျင်မီကလည်း ဘာလို့မရရမှာလဲ။ ဒီ Quota ရဘို့ ငါ့တာဝန်ထား။ ငါလုပ်ပေး မယ်။ ဟိုဘက်ကလည်း မရဘူး။ မင်းတို့ နိုင်ငံခြားသား ခန့်တာ အရမ်း ကိစ္စများတယ် ဘာညာ နဲ့။ ဂျင်မီက ကျွန်တော့်ကို အလုပ်အတင်း သွားဆင်းခိုင်းလို့ ကျွန်တော် အဲဒီမှာ အလုပ်နှစ်ရက် သွားဆင်းလိုက်သေးတယ်။ ဒါပေမဲ့ အဆင်မပြေဘူးဗျို့။ အဲဒီကနေ ပြန်ထွက်လာခဲ့ရ ပြန်ရော။ သူဌေးကတော့ ကောင်းပါတယ်။ အဲဒီ နှစ်ရက်လုပ်တာ တစ်ရက် ကို ၅၀ နဲ့ ရှင်းပေးလိုက်တယ်။ သူဌေးက ကျွန်တော့်ကို သဘောကျတယ်ဗျ။ ကျွန်တော်က ဘော်ဒီ ဆေးမှုတ်တာတို့။ welding တို့ပါ ရတာကိုး။ နောက်ပြီး အတူတူလုပ်ရတဲ့ မလေးနှစ်ယောက်ကလည်း ကျွန်တော်က မလေးလို ပြောတတ် တော့ သဘောတွေ ကျနေတယ်။
အဲဒါနဲ့လည်း အဆင်မပြေပြန်ဘူးဗျို့။ ဗီဇာကလည်း ကုန်တော့မယ်။ တစ်ပတ်လောက်ပဲ ကျန်တော့တယ်။ အဲဒီမှာ သူငယ်ချင်းရဲ့ ကောင်မလေးတွေက ဆက်ပေးလို့ စင်ကာပူအေးဂျင့်နဲ့ သွားတွေ့ရ ပြန်တယ်။ အေးဂျင့်ဆီမှာ register လုပ်ရ တယ်။ register ကြေး ၂၀ ပေးရတယ်။ သူက အင်တာဗျူးသွားရင် ၅၀၀ ယူလာရမယ်။ အင်တာဗျူးမှာ အဆင်ပြေတယ် ဆိုရင် ၅၀၀ ကို သူတို့ကို ပေးရမယ် တဲ့။ အဆင်မပြေဘူး ဆိုရင် ၄၅၀ ပြန်ပေးမယ်။ သူတို့ကို အကျိုးဆောင်ခ ၅၀ ပေးရ မယ် ပေါ့။ ကျွန်တော်ကလည်း သဘောတူတယ်။
နောက်နေ့ကျတော့ သူ ဖုံးဆက်တယ်။ မင်း ၉ နာရီလောက်ကို ရောက်အောင်လာ။ ၁၀ နာရီလောက် သူဌေးနဲ့ သွားတွေ့ရမယ် တဲ့။ ဒါနဲ့ နောက်နေ့ကျတော့ သူနဲ့အတူတူ သွားကြတယ်။ နေရာက Benoi Sector မှာ။ လက်ရှိ လုပ်နေတဲ့ ကုမ္ပဏီပေါ့ အစ်ကိုရယ်။ ရုံးထဲ ရောက်သွားတော့ ကျွန်တော့်ကို ထိုင်ပဲ ထိုင်ခိုင်းထားတယ်။ သူတို့ချင်း ပြောကြ ဆိုကြ ပေါ့။ ကျွန်တော့်ကို အင်တာဗျူးတာ မဟုတ်ပဲ အေးဂျင့်ကို အင်တာဗျူးတာ ဖြစ်နေတယ်။ သူကပဲ ကျွန်တော့် အကြောင်း အားလုံး သူဌေးကို ပြောပြပေါ့။
အဲဒီမှာ ထိုင်နေရင်း ကျွန်တော် ရုံးခန်းကို လေ့လာကြည့်တယ်။ သူက ဗုဒ္ဓဘာသာဗျ။ ဘုရား ဆင်းတုတော်နဲ့။ ထိုင်းဘုန်းတော်ကြီး ဓါတ်ပုံတွေ နဲ့။ ဘာပဲပြောပြော။ စိတ်ထဲတော့ အတော်လေး ကျေနပ်မိ သွားတယ်။
နောက် သူဌေးက မင်း အင်္ဂလိပ်လို ပြောတတ်လား တဲ့။ ရပါတယ် ပေါ့။ သူက ငါ့မှာ ထိုင်းကလာတဲ့ Blasting Machine တွေ ရှိတယ်။ မင်း ပြင်နိုင်ပါ့မလား ဆိုတော့ မသိဘူးပေါ့။ အနို့ ကျွန်တော်မှ မသိတာ။ ကြားတောင် မကြားဖူး ဘူး ဆိုတော့။ သူက ဒီလိုပါဘဲကွာ၊ မထူးပါဘူး၊ Metal Form တွေ တဲ့။ အာ၊ Metal Form ပြောခါမှ ပိုဆိုး။ ကျွန်တော်မှ မသိဘဲကိုး။ ဒါနဲ့ သူက ဓါတ်ပုံတွေ ထုတ်ပြ။ ဒါတွေပဲ၊ မင်းလုပ်နိုင်ပါ့မလား တဲ့။ ငါ တစ်ခါမှ မလုပ်ဖူးတဲ့ အတွက် လုပ်တတ်၊ မလုပ်တတ် မပြောနိုင်သေးဘူး။ သင်ပေးရင်တော့ ရပါတယ် ပေါ့။
ဒါနဲ့ သူက ကုလားလေး တစ်ယောက်ခေါ်ပြီး ကျွန်တော့်ကို လိုက်ပြခိုင်းတယ်။ လိုက်ကြည့်တော့ စက်တွေမှာ Motor တွေ၊ compressor တွေ၊ conveyor တွေ သုံးပြီး လုပ်ထားတာ တွေ့ရတယ်။ ဒီတော့ ကျွန်တော်က သူဌေးကို ဒီလောက် ဆိုရင်တော့ လုပ်နိုင်ပါတယ် လို့ ပြန်ပြောလိုက်တယ်။ မင်း welding ရော ရလား တဲ့။ ရပါတယ်၊ cutter လည်း ဖြတ်တတ်တယ် လို့။ လောလောဆယ် ကျွန်တော်က Pasir Ris မှာ နေတော့ သူက အလုပ်နဲ့ နီးတဲ့နေရာ ပြောင်းဘို့ ပြော တယ်။ ရပါတယ် ပေါ့။ အဲဒါနဲ့ အလုပ်ဖြစ်သွားရော။
သူဌေးနဲ့ အေးဂျင့်နဲ့ S Pass တင်ဘို့အကြောင်းတွေ တရုပ်လို ပြောကြတယ်။ အဲဒီမှာတင် သူဌေးက ခုနက ကုလားလေးကို ခေါ်ပြီး အေးဂျင့်ကို မေးတယ်။ သူ့ကိုရော မင်း S Pass တင်ပေးနိုင်မလား။ သူဆို ငါ့ဆီမှာ လုပ်လာတာ ၁၄ နှစ် ရှိနေပြီ တဲ့။ စေတနာနဲ့ ပါဘဲ။ အဲတော့ အေးဂျင့်က ရတယ်လေ။ င့ါကို ၅၀၀ သာပေး။ ငါလုပ်ပေးလို့ ရတယ် တဲ့။
ဒါနဲ့ သူက ကုလားလေးကို အရင်တင်ခိုင်းလိုက်ရော။ ကျွန်တော်လည်း စိတ်မချတာနဲ့ သူဌေးကို နေ့တိုင်း ဖုံးဆက်။ ဘယ်လိုလဲ၊ ငါ့အလုပ်အကိုင် အခြေအနေ။ ငါ့ဗီဇာက ကုန်တော့မယ်။ ဗီဇာကုန်ရင် ငါပြန်ရမှာ ဆိုတော့ ဟာ၊ ဘာဖြစ်လဲ။ ပြန်ပေါ့။ မင်း ဒီမှာ အလုပ်ရနေပြီဘဲ။ ငါတို့ တင်ထားလိုက်မယ်။ ကျမှ ပြန်လာပေါ့ တဲ့။ သူကတော့ ခပ်လွယ်လွယ်ပဲ။
ဆိုကြပါစို့။ ကုလားလေး S pass အလျင် ကျသွားရော။ အဲတော့မှ ကျွန်တော့်ဟာ ဆက်တင်။ ဒါပေမဲ့ ကျွန်တော့ ဗီဇာက သက်တမ်းကုန်သွားတာနဲ့ ကျွန်တော် ရန်ကုန်ပြန်လာရတယ်။ ရန်ကုန်ပြန်ရောက်ပြီး အရက် ၂၀ လောက်ကြာ တော့ သူငယ်ချင်းကနေ တစ်ဆင့် အေးဂျင့်က အကြောင်းကြားတယ်။ မင်း S Pass ကျပြီ။ ငွေလာချေပေတော့ ပေါ့။ သူငယ်ချင်းက ပိုက်ဆံ သွားပေးတယ်။ ဒါပေမဲ့ အကျေမဟုတ်သေးဘူး။
အားလုံးပေါင်း အေးဂျင့်ဖီး ၂၅၀၀ ပေးရတယ်။ ကျွန်တော် စင်ကာပူရောက်တော့မှ အကျေ သွားပေးလိုက်တယ်။
အေးဂျင့်ကပဲ လိုတာ အားလုံး လိုက်လုပ်ပေးပါတယ်။ ဒီလိုနဲ့ ခု ကုမ္ပဏီရောက်လာရော ဆိုပါတော့။
နောက်တော့ ကျွန်တော့်ကို မင်း ဒီမှာ အလုပ်သိပ်မရှိဘူး။ ကျွန်းမှာ ငါတို့ ပရောဂျက်ရထားတယ်။ သွားနိုင်မလား ဆိုတော့ သွားဘို့ လာဘို့ စီစဉ်ပေးမယ် ဆိုရင်တော့ ရပါတယ် လို့ ပြောလိုက်တယ်။ အဲဒီလိုနဲ့ ဒီ ပရောဂျက်ထဲ ရောက်လာ တာပဲ။ ဒီမှာ လုပ်ရတာတော့ အစ်ကိုတို့ အသိပဲ။ အားလုံး အဆင်ပြေပါတယ်။

သုံးသပ်ချက်။

အထက်ပါ ကိုမင်းမြတ်သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်လည် သုံးသပ်ကြည့်ကြပါစို့။ ဤတွင် အလွန် ထင်ရှားလှသည့် အချက်မှာ အေးဂျင့်လုပ်သူသည် မိမိတာဝန်ကို မယူဘဲ ပစ္စလက်ခတ် လုပ်လိုက်ကြောင်း တွေ့ရ ပါသည်။
စီးပွားရှာကြသည် ဆိုရာတွင် မိမိ ငွေရလိုမှု တစ်ခုထည်း မတွက်ပဲ တစ်ဖက်သားအတွက်ပါ ထည့်တွက်ရမည် ဖြစ်ပါသည်။ မိမိအတွက်နှင့် လူတစ်ဖက်သား ဒုက္ခရောက်ရသည် ဆိုလျှင် ဤအလုပ်သည် သမ္မာအာဇီဝအလုပ် မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်ပါ။ မိမိသည် သူတို့ထံမှ အခကြေးငွေ ယူပြီး လုပ်သည့်အတွက် မိမိတာဝန်ကို ကျေပွန်အောင် လုပ်ရ ပါမည်။

ပထမ အချက်။ ။ ပတ်စ်ပို့သက်တမ်း ကုန်ခါနီးတာနှင့် ဖြစ်ချင်ရာဖြစ် ဆိုပြီး ဘာအစီအစဉ်မှ မရှိဘဲ ထိုင်းနိုင်ငံ သို့ အတင်း တွန်းလွှတ်လိုက်ခြင်းသည် မှားယွင်းရုံသာမက အလွန် မိုက်မဲသော အပြုအမူလည်း ဖြစ်ပါသည်။ သည်သို့ လုပ်ချင်သည် ဆိုလျှင် နဂိုကတည်းက ကြိုတင် စီစဉ်ထားရပါမည်။ မိမိ လွှတ်လိုက်သူ၏ စားဝတ် နေရေး၊ အလုပ် အကိုင် အားလုံး စီစဉ်ပြီးမှ လွှတ်ရပါမည်။
ဒုတိယ အချက်။ ။ မလေးရှားသို့ မလွှတ်မီ မလေးရှားမှ အလုပ် သေချာ မသေချာ၊ သေသေချာချာ မေးမြန်း စုံစမ်းပြီး သေချာမှ လွှတ်ရပါမည်။ အကြောင်းမညီညွှတ်၍ လေယာဉ်ကွင်းရောက်မှ ပျက်ပြယ်သည့်တိုင် မိမိ အလုပ်သမား များကို လေယာဉ်ကွင်းမှ လာထုတ်ပြီး မလေးရှားနိုင်ငံအတွင်း စားဝတ်နေရေးအတွက် စီစဉ်ပေးထားကာ အလုပ် သစ်ရရန် ထပ်မံ ကြိုးစားရပါမည်။ အကယ်၍ ဗီဇာကုန်ခါနီးအထိ အလုပ်မရနိုင်သေးလျှင် ထိုသူများကိုရော ၎င်း တို့၏ မိသားစုများကိုပါ အကြိုးအကြောင်း ရှင်းပြပြီး မြန်မာပြည်သို့ ပြန်ရန် လေယာဉ်လက်မှတ်မှ အစ အားလုံး စီစဉ်ပေးရပါမည်။ ထို့ပြင် မိမိဘက်မှ ချွတ်ယွင်းချက် ဖြစ်သဖြင့် ယခင် ပေးထားသော အေးဂျင့်ကြေးကို အပြည့် အ၀ ပြန်ပေးရမည့်ပြင် ထိုက်သင့်အားလျော်သော လျော်ကြေးငွေကိုလည်း ပေးဆောင်ရမည် ဖြစ်ပါသည်။

တတိယ အချက်။ ။ ထိုသူမှာ လိုင်စင်ယူမထားသော အေးဂျင့် ဖြစ်သည် ဟု သိရပါသည်။ သို့အတွက်ကြောင့်ပင် ထိုသူ သည် မိမိထံ အလုပ်လာအပ်သူများကို ဘာတာဝန်မှ မယူပဲ လုပ်ချင်သလို လုပ်တာလည်း ဖြစ်ပါသည်။ အကယ်၍ လိုင်စင်နှင့် တရားဝင် လုပ်နေသော အေးဂျင့်ဖြစ်ပါမူ မိမိလုပ်ငန်း ထိခိုက်မည် စိုးသဖြင့် ဤသို့လုပ်လိမ့်မည် မဟုတ် ဟု ယူဆရပါသည်။ သို့အတွက် အလုပ်ရှာသူများသည် မိမိအလုပ်အပ်သည့် ကုမ္ပဏီအကြောင်း လေ့လာ ဘို့လည်း လိုပါမည်။ ဤအေးဂျင့်သည် တရားဝင် လိုင်စင်နှင့် လုပ်နေသူ ဟုတ်မဟုတ် သိထားရပါမည်။ အကယ်၍ တရားဝင် လုပ်နေသော အေးဂျင့် မဟုတ်ပါက သူတို့ထံ အလုပ်အပ်ဖို့ မသင့်ပါ။ သို့မဟုတ်ပဲ သိလျက် သားနှင့် လုပ်လျှင်မူ သူရို့ကို အပြစ်မဆိုသာ။ မိမိ အပြစ်သာ ဖြစ်ပါလိမ့်မည်။

Bitter Life Preface

ဘ၀ခါးခါး
(၁၁-၀၇-၀၉-စနေနေ့ ညနေ ၆း၃၀ နာရီ)

လမ်းခရီးတစ်ခုကို သွားသည်ဆိုရာ၌ မိမိသိပြီးသားလမ်းဆိုလျှင် အခက်အခဲမရှိ၊ လွယ်လင့်တကူ ချောချော မောမော သွားနိုင်သည်။ သို့သော် မိမိ မသိသေးသော လမ်းခရီးကို သွားရာတွင်မူ စမ်းတ၀ါးဝါး သွားကြရသည်။ မိမိ ရည်မှန်းထားသော ပန်းတိုင်သို့ ရောက်ချင်ရောက်မည်။ ရောက်ချင်မှလည်း ရောက်မည်။ ရောက်သည် ဆိုသည့်တိုင် အမှား အယွင်းပေါင်းများစွာ၊ ပြဿနာများစွာ၊ ဒုက္ခသုက္ခပေါင်းစုံနှင့် ရင်ဆိုင်ပြီးမှ လိုရာခရီးသို့ ရောက်နိုင်မည်။
ဘ၀ဟူသည်မှာ ခရီးရှည်ကြီးတစ်ခုကို ချီတက်နေရခြင်း ဖြစ်သည်။ ဤကဲ့သို့ ချီတက်ကြရာတွင် တစ်ဦးနှင့် တစ်ဦး မတူ။ နည်းမျိုးစုံဖြင့် ဘ၀ခရီးကြမ်းကို ဖြတ်သန်းကြရသည်။ သို့ ဖြတ်သန်းကြရာတွင် ယခုခေတ်၌ နိုင်ငံရပ်ခြား တိုင်းတစ်ပါး သို့ သွားရောက် စီးပွားရှာခြင်းသည်လည်း တစ်နည်းအပါအ၀င် ဖြစ်လာသည်။
နိုင်ငံခြား ဟူသည် မိမိတို့ တိုင်းပြည်နှင့်မတူ။ အစစအရာရာ ကွဲပြားခြားနားသည်။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ပြောဆိုသော ဘာသာစကား၊ ကိုးကွယ်သော ဘာသာတရား စသည်တို့ မတူ။ အစိုးရ၏ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း စသည်တို့မတူ။
ဤကဲ့သို့သော မိမိ မရောက်ဖူးသေးသည့် တိုင်းတစ်ပါးတွင် မိမိ မသိသေးသည့် သူများနှင့် ဆက်ဆံကာ မိမိ မလုပ်ဖူး သေးသော အလုပ်များကို လုပ်ရမည် ဆိုသည့်အခါ မိမိ မသိသေးသော လမ်းသို့ စမ်းတ၀ါးဝါး သွားနေရခြင်းနှင့် တူလိမ့်မည်။ မိမိကို စိတ်ကောင်းစေတနာထား၍ ဆက်ဆံမည့်သူများရှိသလို မိမိ၏ မသိနားမလည်မှု အပေါ်တွင် အခွင့် ကောင်းယူကာ မိမိအပေါ် လှီးမည့်၊ ဖဲ့မည့်သူများလည်း အဆင်သင့် စောင့်ဆိုင်းနေကြကြောင်း သတိပြုရမည် ဖြစ်သည်။

စင်ကာပူသို့ လာရောက်လုပ်ကိုင်နေကြသူ ထောင်ပေါင်းများစွာတို့အနက် အချို့မှာ အဆင်ပြေကြပြီး အချို့မှာ အဆင်မပြေကြပါ။ အများစုမှာ နိုင်ငံခြားဆိုပြီး ထင်လုံးကြီး တစ်ခွဲသားနှင့် ဖြစ်သည်။ သို့သော် စင်ကာပူတွင် ဒုက္ခရောက် နေကြသည့် အချက်ကိုမူ မည်သူမျှ ဂဃနဏ မသိ။ ဒုက္ခရောက်ခဲ့သူ ကာယကံရှင်များကိုယ်နှိုက်ကလည်း မိဘဆွေမျိုး၊ သားချင်းများ စိတ်မကောင်းမှာ စိုးမည် တစ်ကြောင်း၊ နိုင်ငံခြားရောက်ကာမှ ဒုက္ခအိုးနှင့် တိုးရသည်ကို ရှက်သဖြင့် တစ်ကြောင်း၊ အကြောင်းကြောင်းတို့ကြောင့် မပြောဖြစ်သည်က များလေရာ စင်ကာပူမှ ခါးသီးသော အတွေ့အကြုံများကို သိရန် မလွယ်လှပါ။
အချို့ဆိုလျှင် နိုင်ငံခြားသွားရန် ရင်းနှီးလာသော အရင်းပင် မကျေ။ အတိုးကိုပင် မနည်း အနိုင်နိုင်ဆပ်နေရသူများ ဒုနှင့်ဒေး ရှိပါသည်။ အတွေ့အကြုံရှိသူများက နိုင်ငံခြားထွက်ရန် တကဲကဲ ပြင်နေကြသူများအား နိုင်ငံခြား၏ ဒုက္ခ သုက္ခများ ကို ပြောပြကြသော်လည်း ဆန္ခစောနေသူများအဖို့ နားဝင်ရန် မလွယ်ပါ။ မိမိအား မနာလိုသဖြင့် နိုင်ငံခြား မသွားနိုင်စေရန် ကဖျက်ကယက် ပြောသည်ဟုပင် ထင်တတ်ကြပါသေးသည်။
အချို့မှာ အလည်အပတ် ဗီဇာနှင့်လာကာ အလုပ်ရှာကြသည်များလည်း ရှိပါသည်။ အလုပ်ရသွားပြီး အဆင်ပြေ သူများ ရှိသလို အလုပ်မရဘဲ ပြည်တော်ပြန်ဝင်ရသူများလည်း မနည်းလှပါပေ။
သည်သို့သွားလျှင် သည်သို့ဖြစ်မည်ကို ကြိုတင်သိထားလျှင် ပြင်ဆင်သင့်တာ ပြင်ဆင်ထားနိုင်သဖြင့် ဒုက္ခနှင့် တိုးသည့်တိုင် ဘာလုပ်ရမည် သိနိုင်သည်။ တစ်နည်းအားဖြင့်လည်း မိမိအား လိမ်ညာနေသည်ကို လိမ်ညာနေမှန်း သိနိုင် သည်။ သို့အတွက် စင်ကာပူအတွေ့အကြုံများကို ရေးရသော် ကောင်းလေစွ ဟု စိတ်ကူးရသည်နှင့် လက်လှမ်းမီရာ မြန်မာ ကလေးများကို တွေ့ဆုံမေးမြန်းပြီး သူတို့အတွေ့အကြုံများကို ပြန်ပြောင်း တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
ဤစာအုပ်တွင် လူငယ် ၂၅ ဦး၏ အတွေ့အကြုံ မျိုးစုံကို တင်ပြထားပါသည်။ အဆင်ပြေသူများရော၊ အဆင်မပြေ သူများကိုပါ ထည့်သွင်းထားပါသည်။ သို့မှ ကောင်းဆိုးနှစ်တန်ကို မိမိဉာဏ်ဖြင့် ဝေဖန်နိုင်မည် ဖြစ်ပါသည်။
ကာယကံရှင်များ၏ ဂုဏ်သိက္ခာကို ထောက်ထားသောအားဖြင့် နာမည်များကို ပြောင်းလဲ ဖော်ပြထားပါသည်။


အေးငြိမ်း
၁၁-၀၇-၀၉

Sunday, July 19, 2009

Working in Singapore Part XXIV (About S Pass)

အခန်း (၃)

S Pass အကြောင်း သိကောင်းစရာများ

၃၊ ၁။ မည်သူများ S Pass လျှောက်ထားနိုင်သနည်း

ပုံသေလစာ အနည်းဆုံး စင်ကာပူဒေါ်လာ ၁၈၀၀ ရသူများ S Pass လျှောက်နိုင်ပါသည်။ S Pass ချပေးခြင်းကို လျှောက်ထားသူ ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု၊ လုပ်ရမည့် အလုပ် အကိုင်၊ လုပ်ငန်းအတွေ့အကြုံ၊ လစာ စသည့် အချက်များ ပေါ်မူတည်၍ အမှတ်ပေး စနစ်ဖြင့် ချပေးပါသည်။
ဥပမာအားဖြင့် ပြောရလျှင် (နမူနာသာ ဖြစ်ပါသည်) -
Ø S Pass လျှောက်ထားသူ တစ်ဦးသည် -
Ø တစ်လျှင် လခ ၁၈၀၀ ထုတ်နေသူ ဖြစ်ပြီး
Ø ပညာအရည်အချင်းမှာလည်း ဒီပလိုမာ လက်မှတ်ရထားပြီးသူဖြစ်၍
Ø အထူးကျွမ်းကျင်သူ (Specialist) သို့မဟုတ် အတတ်ပညာရှင် (technician) အမျိုးအစား ကိုလက်ရှိ လုပ်နေလျှက်
Ø လုပ်သက်မှာလည်း ၅ နှစ်ရှိပြီး ဖြစ်ပါက S Pass ရဘို့ရာ အခွင့်အလမ်း အတော်များပါသည်။

Work Permit ကိုင်ဆောင်ထားသူများ S Pass အဖြစ် တိုးမြှင့် လျှောက်ထားလိုပါက အထက်ပါ သတ်မှတ်ချက်များ
ကိုက်ညီရန် လိုပါသည်။ မိမိသည် S Pass ရနိုင်၊ မရနိုင်ကို MOM အင်တာနက် website တွင် ၀င်ရောက် စစ်ဆေး၍ ရပါသည်။
ဤပုံစံတွင် မိမိ၏ လစာ၊ ရာထူး၊ လုပ်သက်၊ အမြင့်ဆုံး ပညာ အရည်အချင်း၊ ဘွဲ့ရခဲ့သော ကျောင်းနှင့် တိုင်းပြည်၊ ဘာသာရပ်၊ အချိန်ပြည့်၊ အချိန်ပိုင်း၊ လူမျိုး စသည် တို့ကို ဖြည့်ပြီး စစ်ဆေးပါက မိမိလျှောက်ထားမည့် S Pass ကျနိုင်၊ မကျ နိုင်ကို ချက်ခြင်း အဖြေ သိရပါလိမ့်မည်။

၃၊ ၂။ S Pass ခန့်ထားနိုင်သည့် ခွဲတမ်းနေရာ (Quota)

ကုမ္ပဏီရှိ လုပ်သား အင်အား စုစုပေါင်း၏ ၂၅ ရာခိုင်နှုံးကို S Pass ခန့်ထားနိုင် ပါသည်။ ကုန်ထုတ်လုပ်ငန်း (Manufacturing)၊ ၀န်ဆောင်မှု လုပ်ငန်း(Services)၊ ဆောက်လုပ်ရေး လုပ်ငန်း (Construction) နှင့် သင်္ဘောကျင်း လုပ်ငန်း (Marine) များတွင် ထို ခွဲတမ်းသည် ကုမ္ပဏီမှ ရရှိထားသော Work Permit Quota စုစုပေါင်း ထဲတွင် အပါအ၀င် ဖြစ်ပါသည်။

၃၊ ၃။ ဆေးအာမခံ

အလုပ်ရှင်သည် S Pass ကိုင်ဆောင်ထားသူ အလုပ်သမား တစ်ဦး အတွက် တစ်နှစ်လျှင် စင်ကာပူဒေါ်လာ ၅၀၀၀ တန် ဆေးအာမခံ ၀ယ်ယူထား ရမည်။

၃၊ ၄။ S Pass လျှောက်ခြင်း

ယခုခေတ်ကား အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီဖြစ်ရာ အလွန်ရှုပ်ထွေး များမြောင်လှသော စာရွက် စာတမ်းများကို လျှော့ချ လိုသည်တစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုလည်း အထောက်အကူ ပြုနိုင်သည် တစ်ကြောင်း တို့ကြောင့် အချို့သော အစိုးရပိုင်း ဆိုင်ရာ စာရွက်စာတမ်း ကိစ္စများကို စာရွက်များဖြင့် တင်ခြင်း (Hard copy application) ကို လက်မခံတော့ဘဲ (ဥပမာ - Safety Officer Registration လျှောက်ခြင်း) online မှ (အင်တာနက်သုံး၍) လျှောက်ခြင်းကိုသာ လက်ခံပါ တော့သည်။
ထို့အတူ S Pass နှင့် Work Permit လျှောက်ခြင်း များကိုလည်း online မှတင်ရန် နှိုးဆော် ထားပါသည်။ တစ်ခု ကောင်းသည်မှာ online မှ တင်ခြင်းသည် အချိန်မရွေး၊ နေရာမရွေး လုပ်လို့ရသလို သွားရ လာရသော ဒုက္ခ၊ လူများသဖြင့် တန်းစီ စောင့်ရသော ဒုက္ခ၊ များပြား လှစွာသော စာရွက် စာတမ်းများကို မိတ္တူ ကူးရခြင်း ဒုက္ခ၊ ပျောက်ရှမှာ စိုးရသော ဒုက္ခ စသဖြင့် ဒုက္ခများလည်း မရှိတော့ပါ။
ထို့ပြင် စာရွက်ဖြင့် လျှောက်ခြင်းသည် လုပ်ရကိုင်ရ အချိန်ပိုကြာပြီး online မှ လျှောက်လျှင် လွယ်ကူ လျှင်မြန် ပါသည်။
လေ့လာချက်များ အရ EP Online မှ လျှောက်ခြင်းများ အတွက် တင်ထားသော လျှောက်လွှာ စုစုပေါင်း၏ ၈၀ ရာခိုင်နှုံးကို တစ်ပါတ်အတွင်း ချပေး ပါသည်။ သို့သော် စာရွက်ဖြင့်တင်သော လျှောက်လွှာများ အတွက် ဆောင်ရွက်ရန် ကြာမြင့်ချိန်မျာ တစ်လခွဲ ဖြစ်ပါသည်။ သို့အတွက် မည်မျှ ကွာခြားသည်ကို အလွယ်တကူ မြင်နိုင်ပါသည်။
EP Online လျှောက်ခြင်းကို အောက်ပါ website သို့ ၀င်ပြီး ဆောင်ရွက်နိုင် ပါသည်။ လုပ်ရသည်မှာ မခဲယဉ်းပါ။
ယခုမှ စလုပ်ရသဖြင့် မလုပ်တတ် သေးသူများ အတွက်လည်း ညွှန်ပြ ပေးထားပါ သေးသည်။
ထို EP Online တွင် S Pass နှင့် Work Permit လျှောက်ခြင်းများ အတွက်သာ မကသေး။ EP, Dependant’s Pass, Long Term Visit Pass, Letter of Consent နှင့် Training Employment Pass များပါ လျှောက်နိုင်ပါ သေးသည်။ ထိုမျှမကသေး။ အထက်ပါ Pass များကို သက်တမ်းတိုးခြင်း၊ ထုတ်ပေးခြင်း၊ Cancel လုပ်ခြင်း များလည်း လုပ်နိုင်ပါသေး သည်။ မိမိ လျှောက်လွှာအား ချပေး၊ မပေးကို အကြောင်း ပြန်လာလျှင် Print out ထုတ်ထား လိုက်ရုံသာ ဖြစ်ပါသည်။

၃၊ ၅။ S Pass သက်တမ်းတိုးခြင်း

S Pass တစ်ခု သက်တမ်းမကုန်မီ နှစ်လအလိုတွင် သက်တမ်းတိုးရန် အကြောင်းကြားစာ ပို့ပေးပါ လိမ့်မည်။ ထိုအခါ အလုပ်ရှင်သည် ထို S Pass သက်တမ်း မကုန်မီ လေးပတ် အလိုတွင် သက်တမ်း တိုးရန် လိုပါသည်။ သက်တမ်းတိုးခြင်းကို လည်း အထက်တွင် ဖော်ပြခဲ့သလို EP Online မှနေပြီး တိုးနိုင်ပါသည်။ Online မှ သက်တမ်း တိုးလျှင် တစ်ပတ်မျှသာ ကြာပြီး စာရွက်များဖြင့် တင်လျှင်မူ တစ်လခွဲခန့် ကြာမြင့်ပါသည်။
S Pass ကို ထုတ်ယူရန် အောက်ပါ စာရွက်စာတမ်းများ တင်ပြရမည် ဖြစ်ပါသည်။
In-Principle Approval (IPA) Letter
ပတ်စ်ပို့
အပြည့်အစုံ ဖြည့်ထားသော Declaration Form (ရနိုင်လျှင်)
အပြည့်အစုံ ဖြည့်ထားသော ဆေးစစ်ပုံစံ (ရနိုင်လျှင်)
Immigration White Card (IMM27) (လေယာဉ်ပေါ်တွင် ဖြည့်ခဲ့ရသော ကဒ်ဖြစ်ပါသည်။) - ယခုမှ စင်ကာပူသို့ လာသူများအတွက်
Disembarkation/Embarkation Card (Laminated Card)/Long Term Pass Card/S Pass/Work Permit Card- လက်ရှိ စင်ကာပူတွင် အလုပ်လုပ် နေသူများအတွက်
In-Principle Approval စာ၌ ဖော်ပြ ထားသော အခြားသော လိုအပ်သည့် စာရွက်စာတမ်းများ
၃၊ ၆။ S Pass Holder တစ်ဦးသည် ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်နေစဉ် -

၁။ ကုမ္ပဏီသည် S Pass ကိုင်ဆောင် ထားသူ တစ်ဦးတိုင်း အတွက် levy စင်ကာပူဒေါ်လာ ၅၀ လစဉ် ပေးသွင်းရပါမည်။

၂။ ကုမ္ပဏီသည် S Pass ကိုင်ဆောင်ထားသူဝန်ထမ်းများကို လခပေး ရာတွင် အောက်ပါအတိုင်း အီလက်ထရောနစ် စံနစ်ဖြင့် သာ ပေးရပါမည်။ (သို့ရာတွင် အချိန်ပိုကြေး များကိုမူ ငွေသားဖြင့် ပေးနိုင်ပါ သည်။)
Bank GIRO (General Interbank Recurring Order)
Internet funds transfer
ATM funds transfer
Standing order
Funds transfer through bank counters
အကယ်၍ အလုပ်ရှင်သည် အထက်ပါ အတိုင်း ပေးရမည်ကို ပျက်ကွက်ခဲ့ ပါက အရေးယူခြင်း ခံရမည့်ပြင် နောင် Work Permit, S Pass လျှောက်ခြင်းများ အတွက်ပါ အခက်အခဲ တွေ့နိုင်မည် ဖြစ်ပါသည်။

၃။ S Pass ကိုင်ဆောင်ထားသူ တစ်ဦးသည် အလုပ်ရှင် ပြောင်းတိုင်း S Pass အသစ် ထပ်လျှောက်ရမည် ဖြစ်ပါသည်။ ဤသို့ ထပ်မံ လျှောက်ထားခြင်းအတွက် လက်ရှိ ကိုင်ဆောင်ထားသော S Pass ကို cancel လုပ်စရာ မလိုပါ။

၎။ S Pass ကိုင်ဆောင် ထားသူ တစ်ဦးသည် မိမိ၏ ပတ်စ်ပို့ကို သက်တမ်း တိုးလျှင်သော် လည်းကောင်း၊ အသစ်လဲလျှင် သော်လည်းကောင်း ပြောင်းလဲ သွားသော ပတ်စ်ပို့ပါ အချက်အလက် များနှင့် အညီ မိမိ ကိုင်ဆောင်ထားသော S Pass ကိုပါ ပြောင်းလဲရန် လိုပါသည်။ ဤကဲ့သို့ ကဒ်အသစ် ပြန်ထုတ်ခြင်း အတွက် S$ 60.00 ပေးဆောင်ရပါမည်။ ဤကဲ့သို့ ကဒ် အသစ် ပြောင်းလဲရန် အောက်ပါ စာရွက် စာတမ်းများကို Work Pass Services Centre, Tanjong Pagar သို့ တင်ပြရမည် ဖြစ်ပါသည်။
ကဒ်သစ် ထုတ်ပေးရန် ကုမ္ပဏီမှ လျှောက်လွှာ
လက်ရှိ S Pass Card
ပတ်စ်ပို့ အဟောင်းနှင့် အသစ် နှစ်မျိုးလုံး

၅။ S Pass ကိုင်ဆောင်ထားသူ တစ်ဦးသည် မိမိ၏ S Pass ပျောက်ဆုံးသွားပါက ကဒ်အသစ် ပြန်ထုတ်ပေးရန် လျှောက်ထား နိုင်ပါသည်။ ဤကဲ့သို့ ကဒ်အသစ် ပြန်ထုတ်ခြင်းအတွက် S$ 60.00 ပေးဆောင်ရပါမည်။ ဤကဲ့သို့ ကဒ် အသစ် ထုတ်ပေးရန် အောက်ပါ စာရွက်စာတမ်းများကို Work Pass Services Centre, Tanjong Pagar သို့ တင်ပြရမည် ဖြစ်ပါသည်။
ကဒ်သစ် ထုတ်ပေးရန် လျှောက်လွှာ (အောက်ပါ ပုံစံတွင် ဖြည့်စွက်ပါ)
ပတ်စ်ပို့
မှတ်ချက်။ ။ S Pass ကဒ်ပျောက်ဆုံးကြောင်း လိမ်လည် လျှောက်ထားလျှင် ပြင်းထန်စွာ အရေးယူခြင်း ခံရမည်။ မကြာခဏ ပျောက်ဆုံးပါက မိမိ၏ အလုပ်ရှင် ကိုပါ ခေါ်ပြီး လူကိုယ်တိုင် သွားရောက် အစစ်ဆေးခံရန် လိုပါသည်။

၃၊ ၇။ S Pass ကို cancel လုပ်ခြင်း

Contract ကုန်ဆုံးလျှင် သော်လည်းကောင်း၊ အလုပ်မှ ရပ်နားလိုက်လျှင် သော်လည်းကောင်း၊ S Pass ကိုင်ဆောင် ထားသူသည် SPR ကျသွားလျှင်သော် လည်းကောင်း၊ ထိုအလုပ်သမား ပျောက်ဆုံး သွားလျှင် သော် လည်းကောင်း S Pass ကို cancel လုပ်ရပါမည်။ ဤသို့ လုပ်ရာတွင် အလုပ်ရှင် သည် online မှသော် လည်းကောင်း၊ MOM သို့ ကိုယ်တိုင်သွား၍ သော်လည်းကောင်း လုပ်နိုင်ပါသည်။

Contract ကုန်ဆုံးလျှင် သော်လည်းကောင်း၊ အလုပ်မှ ရပ်နား လိုက်လျှင် သော်လည်းကောင်း cancel လုပ်လိုလျှင် -
Ø အလုပ်သမား၏ နောက်ဆုံး အလုပ်လုပ်ရက်ကို ဖော်ပြထား သည့် အလုပ်ရှင်ထံမှစာ၊
Ø အလုပ်သမား၏ ပတ်စ်ပို့ နှင့် S Pass card သို့မဟုတ် Letter of Notification
Ø White Card (အပိုင်း-၁ တွင် ဖော်ပြခဲ့သော လေယာဉ်ပေါ်တွင် ဖြည့်ခဲ့သည့် ကဒ် ဖြစ်ပါသည်) တို့ တင်ပြရပါမည်။
Cancel လုပ်ပြီးသည့်နောက် စင်ကာပူတွင် ယာယီ နေထိုင်နိုင်သည့် Short Term Visit Pass ထုတ်ပေးပါ လိမ့်မည်။

SPR ကျ၍ S Pass ကို cancel လုပ်လိုလျှင် SPR ကျလျှင် ကျချင်း MOM ရှိ Work Pass Division သို့သွားရောက်ကာ cancel လုပ်ရပါမည်။ ထိုအခါ အောက်ပါ စာရွက်စာတမ်းများကို တင်ပြရမည် ဖြစ်ပါ၏။
Ø SPR ကျကြောင်း ဖော်ပြထားသော အလုပ်ရှင်၏ စာ၊
Ø S Pass Card, Passport, Notification Letter

S Pass Application Form နှင့် Appeal Form များကို MOM Website မှ download လုပ်ယူနိုင်ပါ၏။

Working in Singapore Part XXIV (About Work Permit II)

၂၊ ၅။ Work permit (WP) ကိုင်ဆောင်သူ တစ်ဦး လုပ်ပိုင်ခွင့်မရှိသော အချက်များ

WP ကိုင်ဆောင်ထားသူ တစ်ဦးသည် မိမိ ကိုင်ဆောင်ထားသည့် Work permit ထဲတွင် ဖော်ပြ ထားသော လုပ်ငန်း အမျိုးအစား တစ်ခုထဲတွင်သာ လုပ်ပိုင်ခွင့် ရှိပါသည်။ Construction Industry မှ လုပ်သားတစ်ဦးသည် Marine Industry တွင် သွားလုပ်လို့ မရ။ အပြန်အလှန် သင်္ဘောကျင်း မှ အလုပ်သမား တစ်ဦးကို ဆောက်လုပ်ရေး တွင် တွေ့ရှိပါက ဖမ်းလို့ ရသည်။ သည် အချက်ကို သေသေချာချာ သိထားရန် လိုပေသည်။

WP ကိုင်ဆောင်ထားသူ တစ်ဦးသည် စီးပွားရေး လုပ်ငန်းလုပ်ပိုင်ခွင့် သို့မဟုတ် အခြား စီးပွားရေး လုပ်ငန်း လုပ်ကိုင် နေသူ တစ်ဦးဦးနှင့် ပါဝင် ပတ်သက်ပိုင်ခွင့် မရှိ။
WP ကိုင်ဆောင်ထားသူ တစ်ဦးသည် အလုပ်ရှင်က စီစဉ်ပေးသော နေရာတွင်သာ နေထိုင်ရမည်။ အကယ်၍ မိမိ ဘာသာ နေထိုင်လိုပါက ဤသို့ နေထိုင်လိုကြောင်း အလုပ်ရှင်သို့ လိပ်စာနှင့်တကွ အကြောင်းကြား ရမည်။
အကယ်၍ အလုပ်သမားသည် အိမ်ဖော် ဖြစ်ခဲ့ပါက မိမိအတွက် သတ်မှတ် ပေးထားသော အိမ်တွင်သာ လုပ်ကိုင် နိုင်ပြီး ထိုအိမ်နှင့် အိမ်ခြံဝင်း အတွင်းမှလွဲ၍ အခြားအိမ်တွင် လုပ်ခွင့်မရှိပါ။
မိမိ၏ Work Permit ကို ကိုယ်နှင့်မကွာ သွားလေရာအမြဲ ယူသွားရမည်ဖြစ်ပြီး သက်ဆိုင်ရာမှ လိုအပ်၍ တောင်းခံ လာလျှင် ထုတ်ပြနိုင်ရမည် ဖြစ်ပါသည်။
WP ကိုင်ဆောင်ထားသူ တစ်ဦးသည် စင်ကာပူ နိုင်ငံတွင် အလုပ်လုပ် နေစဉ်အတွင်း စင်ကာပူ နိုင်ငံ အတွင်းတွင် သော်လည်းကောင်း၊ စင်ကာပူ ပြင်ပတွင်သော် လည်းကောင်း စင်ကာပူ နိုင်ငံသား၊ စင်ကာပူ PR များနှင့် (လူမျိုးမရွေး၊ ဘာသာ မရွေး) မည်သည့် ပုံသဏ္ဍာန်နှင့်မျှ လက်ထပ်ပိုင်ခွင့် မရှိ။ ဤဥပဒေသည် WP သက်တမ်း ကုန်ဆုံးသွား သည့်တိုင်၊ သို့မဟုတ် cancel လုပ်ပြီး သည့်တိုင် အကြုံးဝင် ပါသည်။
အကယ်၍ လက်ထပ်လိုပါက Controller ထံသို့ ခွင့်ပြုမိန့် တောင်းခံရမည် ဖြစ်ပါသည်။ WP ကိုင်ဆောင်သူ သည် အမျိုးသမီး ဖြစ်ပါက သူမ ကိုင်ဆောင် ထားသော WP သက်တမ်း အတွင်း ကိုယ်ဝန်ဆောင်ခွင့်၊ သားဖွားခွင့် မရှိ။ သို့သော် Controller ၏ ခွင့်ပြုချက်ဖြင့် စင်ကာပူ နိုင်ငံသား၊ သို့မဟုတ် စင်ကာပူ PR များနှင့် လက်ထပ် ထားပြီး ဖြစ်သော WP ကိုင်ဆောင်ထားသူ အမျိုးသမီးများ သည် ကိုယ်ဝန်ဆောင်နိုင်၊ မီးဖွား နိုင်ပါသည်။
WP ကိုင်ဆောင်ထားသူ တစ်ဦးသည် မလိုလားအပ်သော ကိစ္စရပ်များ၊ တရားဥပဒေနှင့် မလွတ်မကင်းသော ကိစ္စရပ် စသည်တို့တွင် မည်သည့် ပုံသဏ္ဍာန်နှင့်မျှ ပါဝင် ပတ်သက်ခွင့်မရှိ။

၂၊ ၆။ အလုပ်ရှင်တစ်ဦး အနေနှင့် Work Permit အလုပ်သမားများ၏

လစာငွေထဲမှ ဖြတ်ပိုင်ခွင့်မရှိသော ငွေကြေးများ

Employment of Foreign Manpower Act (Chapter 91A) ၏ First Schedule အပိုဒ် ၂၀၊ ၂၁ နှင့် ၂၂ များတွင် အလုပ်ရှင်တစ်ဦး အနေနှင့် အလုပ်သမားများ၏ လစာငွေထဲမှ ဖြတ်ပိုင်ခွင့် မရှိသော ငွေကြေးများကို ဖော်ပြထားရာ အောက်ပါတို့ ပါဝင်ပါသည်။

အပိုဒ် (၂၀)
နိုင်ငံခြားသား တစ်ဦးကို မိမိကုမ္ပဏီတွင် အလုပ် ခန့်လိုက်ခြင်းအတွက် ဤ အလုပ်ခန့်ခြင်း ကြောင့် အခကြေးငွေ တစ်စုံ တစ်ရာ (Agent Fee) ကို အလုပ်သမား ၏ လခထဲမှ ဖြတ်ပိုင်ခွင့် မရှိ။
Work Permit သက်တမ်း တိုးပေးခြင်းအတွက် သက်တမ်းတိုးခ ဟု အကြောင်းပြကာ အခကြေးငွေ ယူပိုင်ခွင့် မရှိ။
အာမခံ ထားပေးရခြင်းကြောင့် ဟု အကြောင်းပြကာ လခထဲမှ ဖြတ်ပိုင်ခွင့်မရှိ။

အပိုဒ် (၂၁)
အောက်ဖော်ပြပါ ပေးစရာရှိသည့် ကုန်ကျစရိတ်များကို အလုပ်ရှင် ကသာ ပေးဆောင်ရမည်။ အလုပ်ရှင်သည် ထိုကုန်ကျ စရိတ်များအတွက် အလုပ်သမားများ ထံမှ တစ်စိတ်တစ်ပိုင်း ကိုသော် လည်းကောင်း၊ အားလုံးကိုသော် လည်းကောင်း၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တောင်းခံခြင်း၊ လခထဲမှ ဖြတ်တောက်ခြင်း မပြုရ။
Work Permit သို့မဟုတ် S Pass လျှောက်ခြင်း၊ ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်း စသည့် ကုန်ကျစရိတ်များ
MOM ၏ လိုအပ်ချက်ဖြစ်သည့် Security Deposit ဆိုင်ရာ ဆောင်ရွက်ခြင်း များအတွက် ကုန်ကျ စရိတ်များ
MOM ၏ လိုအပ်ချက်ဖြစ်သည့် Medical Insurance ၀ယ်ယူခြင်း၊ ထိန်းသိမ်းခြင်းများ အတွက် ကုန်ကျ စရိတ်များ
MOM ၏ လိုအပ်ချက်ဖြစ်သည့် Medical Examination (ဆေးစစ်ခြင်း) အတွက် ကုန်ကျစရိတ်များ
Levy ပေးဆောင်ခြင်း
MOM ၏ လိုအပ်ချက်အရ ပေးရသော သင်တန်း ဆိုင်ရာ ကုန်ကျစရိတ်များ
မည်သည့်အချိန်တွင် မည်သည့် အကြောင်းကြောင့် ဖြစ်စေ အလုပ်သမား တစ်ဦး နေရပ်သို့ ပြန်ရမည် ဆိုပါက ထိုသို့ ပြန်ခြင်း အတွက် ကုန်ကျစရိတ်
အထက်ဖော်ပြပါကဲ့သို့သော အလုပ်ခန့်ထားခြင်းနှင့် ပတ်သက်သည့် အခြား ကုန်ကျစရိတ်များ

အပိုဒ် (၂၂)
အလုပ်ရှင် တစ်ဦးသည် အလုပ် ရှာဖွေရေး ဆိုင်ရာ အေဂျင့်များထံမှ ဖြစ်စေ၊ အခြား တစ်ဦးဦးထံမှ ဖြစ်စေ မိမိထံတွင် နိုင်ငံခြား သား အလုပ်သမား တစ်ဦးဦးအား အလုပ်ခန့် ထားခြင်းအတွက် အခကြေးငွေ သို့မဟုတ် အကျိုးအမြတ် တစ်စုံတရာ ရယူခြင်း၊ တောင်းခံခြင်း မပြုရ။

စင်ကာပူရှိ အချို့သော ကုမ္ပဏီများသည် Agent Fee ကို အလုပ်သမားများ ၏ လခထဲမှ ဖြတ်ယူတတ် ပါသည်။ အထက်ပါ ဥပဒေအရ အလုပ်သမား တစ်ဦးသည် မိမိလခထဲမှ ဖြတ်ထားသော ထို Agent Fee အားလုံးကို ပြန်တောင်းပိုင် ခွင့် ရှိပါသည်။

အထက်ပါ ဥပဒေ Second Schedule၊ အပိုဒ် ၂၃ အရ အလုပ်ရှင် သည် အလုပ်သမား အား ပေးရန် ကျန်သေးသော အခ ကြေးငွေများကို ၎င်းအား နေရပ်ထံ ပြန်မပို့မီ အားလုံး အကျေ ပေးရမည် ဖြစ်ပါသည်။
ထိုဥပဒေ အပိုဒ် ၂၄ အရ အလုပ်သမားတစ်ဦးဦးသည် Work Permit အတွက် သတ်မှတ်ထား သော ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို မလိုက်နာ၊ ဖောက်ဖျက်ပါက အလုပ်ရှင်သည် Controller ကို အကြောင်းကြားပြီး ထို အလုပ် သမား၏ Work Permit ကို ရုပ်သိမ်း (Cancel) ရမည်။

၂၊ ၇။ Work Permit ကို သက်တမ်းတိုးခြင်း နှင့် cancel လုပ်ခြင်း

အလုပ်သမား တစ်ဦး၏ Work Permit သက်တမ်း ကုန်ရန် တစ်လခွဲမှ နှစ်လခန့် အလိုတွင် Work Permit ကို သက်တမ်း တိုးရန် အကြောင်းကြား လာပါလိမ့်မည်။ ထိုအခါ အလုပ်ရှင်သည် မိမိ အလုပ်သမား၏ Work Permit ကို သက်တမ်း မကုန်မီ အနည်းဆုံး ရက် ၃၀ ကြိုတင်ပြီး သက်တမ်း တိုးရန် လိုပါသည်။ အဆင်ပြေ လွယ်ကူစေရန် Work Permit ကို online မှ နေပြီး သက်တမ်းတိုး နိုင်ပါသည်။
Work Permit ကို သက်တမ်း တိုးရန် အောက်ပါတို့ လိုပါသည်။
၁။ အလုပ်သမား၏ ပတ်စ်ပို့သည် အနည်းဆုံး ၇ လ သက်တမ်း ကျန်ရှိရမည်။
၂။ သက်တမ်းတိုးရန် အကြောင်းကြားစာရသည်နှင့် (လိုအပ်ပါက) ဆေးစစ်ခိုင်း ထားရမည်။
၃။ Work Permit အလုပ်သမားကို သက်တမ်းတိုးရန် ကုမ္ပဏီတွင် ခွဲတမ်း (Quota) အလုံအလောက် ရှိရမည်။
၎။ e-Newal Notice ကို ဖြည့်ရမည်။
၅။ Security Deposit ၅၀၀၀ ထပ်တင်ရမည်။
၆။ ဆေးအာမခံ (Medical Insurance) ၅၀၀၀ ထပ်တင်ရမည်။

၂၊ ၈။ မည်သူများကို Skilled Worker (low levy) ဟု ခေါ်နိုင်သနည်း

ကျွန်တော်တို့ NTS များ အနေနှင့် မိမိတို့ လုပ်ငန်းနှင့်ပတ်သက်သည့် NTC-3 (Practical) Trade Certificate သို့မဟုတ် ITE’s Skills Evaluation Certificate (SEC Level 1) လက်မှတ် ရပြီးသူကို Skilled Worker (low levy) ဟု ခေါ်နိုင်ပါသည်။ ဆောက်လုပ်ရေး လုပ်ငန်းတွင် လုပ်မည့်သူ တစ်ဦးသည် ထိုလက်မှတ် ကိုင်ဆောင် ထားရန် လို၏။ ထိုလက်မှတ်သည် BCA (Building and Construction Authority) အသိအမှတ်ပြု လက်မှတ်ဖြစ်ရမည်။ SEC (K) အတွက် စာတွေ့ရော လက်တွေ့ပါ ဖြေရမည် ဖြစ်ပြီး K မှာ Knowledge ဖြစ်၏။ ပြင်ဆင်လိုက်သော ဥပဒေအရ ၂၀၀၄ ခုနှစ်မှ စကာ ဆောက်လုပ်ရေး လုပ်ငန်းများသို့ အသစ် ၀င်ရောက် လာသူများ သည် မိမိတို့ လုပ်ငန်းနှင့် ပတ်သက်နေ သည့် SEC(K) လက်မှတ် နှစ်စောင် ရမှသာ low levy အဖြစ် သတ်မှတ်မည် ဖြစ်ပါ၏။ သင်တန်းတည်နေရာမှာ -

BCA Academy
200 Braddell Road
Singapore 579700 ဖြစ်ပြီး ဖုံးနံပါတ် (၆၅) ၆၂၄၈ ၉၈၆၈ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Working in Singapore Part XXIII (About Work Permit)

အခန်း (၂)

Work Permit အကြောင်း သိကောင်းစရာများ

၂၊ ၁။ Work Permit အလုပ်သမားများ ခန့်ထားရန် ခွဲတမ်း Quota နှင့်
MYE (Man Year Entitlement)

နိုင်ငံခြားသားများကို ၀န်ထမ်း ခန့်အပ်ခြင်း အတွက် Employment of Foreign Manpower Act (Chapter 91A) ဟု စင်ကာပူ အစိုးရမှ ဥပဒေ ပြဌာန်းထား ပါသည်။ အောက်ဖော်ပြပါ အချက်အလက် တော်တော်များများမှာ ထို ဥပဒေ ထဲမှ ကောက်နှုတ် ဖော်ပြ ထားခြင်း ဖြစ်ပါသည်။ အသေးစိတ် ဖတ်ရှုလိုသူများ http://statutes.agc.gov.sg/ တွင် ၀င်ရောက် ဖတ်ရှုနိုင်ပါ၏။

စင်ကာပူနိုင်ငံတွင် Industrial Sector လုပ်ငန်း ၅ မျိုး ခွဲထားပါသည်။

1. Manufacturing Industry - ကုန်ထုတ်လုပ်ငန်း
2. Construction Industry - ဆောက်လုပ်ရေး လုပ်ငန်း
3. Marine Industry - သင်္ဘောကျင်းလုပ်ငန်း
4. Process Industry - ရေနံဓါတုကဲ့သို့ ကုန်ထုတ် လုပ်ငန်း
5. Services Industry - ၀န်ဆောင်မှု လုပ်ငန်း - စသည်တို့ဖြစ်ပါ၏။

ကုမ္ပဏီတစ်ခုတွင် Work Permit ကိုင်ဆောင်သူ အလုပ်သမားများ ခန့်ထားရန် MOM မှ ခွဲတမ်း (Quota) ချပေး ပါသည်။ ဤ ခွဲတမ်းသည် ကုမ္ပဏီတွင် ခန့်ထားသော ၀န်ထမ်းဦးရေ စုစုပေါင်း ပေါ်မူတည်ပါသည်။
ကုန်ထုတ်လုပ်ငန်း(Manufacturing Sector)များ အတွက် Work Permit ကို စုစုပေါင်း ၀န် ထမ်း ဦးရေ၏ ၂၅ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
ဝန်ဆောင်မှုလုပ်ငန်း(Service Sector)များ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်းဦးရေ ၏ ၁၀ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
ဆောက်လုပ်ရေးလုပ်ငန်း (Construction Sector)များ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်းဦးရေ ၏ ၈၇.၅ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ ၏ ၂၅ ရာခိုင်နှုံး။
ဓါတု၊ ရေနံချက်စက်ရုံ(Process Sector) များ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်း ဦးရေ၏ ၈၇.၅ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
သင်္ဘောကျင်း(Marine Sector) များ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်း ဦးရေ၏ ၈၃.၃ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
စိုက်ပျိုးရေး လုပ်ငန်းများ အတွက် Work Permit ကို စုစုပေါင်း ၀န်ထမ်း ဦးရေ၏ ၅၀ ရာခိုင်နှုံး၊ S Pass ကို စုစုပေါင်း ၀န်ထမ်းဦးရေ၏ ၂၅ ရာခိုင်နှုံး။
- ခန့်ထားနိုင်ပါသည်။ ဤတွင်ဖော်ပြ ထားသော အရေအတွက်မှာ အကြမ်းဖျဉ်း ခန့်မှန်းသိရှိနိုင်ရန်အတွက်သာ ဖြစ်ပြီး အသေးစိတ်ကိုမူ MOM Website http://www.mom.gov.sg/ တွင် လေ့လာနိုင်ပါသည်။

ဆောက်လုပ်ရေး ပရောဂျက် များအတွက် အလုပ်သမားများ ခန့်ထားရန် MYE (Man Year Entitlement) လိုပါသည်။ ၁၉၉၈ ခုနှစ်များကမူ MYE ကို သန်း ၂၀ တန် ပရောဂျက် ရလျှင် ၁ သန်းဘိုးတိုင်း အတွက် (12 MYE) ၁၂ ယောက် ခန့်ပိုင်ခွင့် ရှိသည် စသဖြင့် သတ်မှတ် ထားပါသည်။ သို့သော် ၂၀၀၇ ခုနှစ် တွင် ပြောင်းလဲ သွားပါသည်။ ရှည်လျှား ထွေပြားလှသော အတွက်အချက် များကို ချန်လှပ်ထားခဲ့လျှက် နမူနာ တစ်ခုသာ ဖော်ပြလိုက်ပါသည်။
ပရောဂျက်တန်ဘိုး ၄ သိန်း နှင့် အောက်အတွက် MYE လျှောက်လို့ မရပါ။ ပရောဂျက်တန်ဘိုး ၇ သန်း အတွက် MYE မှာ Building Project များအတွက် ၉၉ ယောက် ဖြစ်ပြီး Upgrading Project များအတွက် ၁၃၂ ယောက်၊ Civil Engineering Project များအတွက် ၄၁ ယောက် ဖြစ်ပါသည်။ ပရောဂျက် တန်ဘိုး ၁၅ သန်း အတွက် MYE မှာ Building Project များအတွက် ၁၆၆ ယောက် ဖြစ်ပြီး Upgrading Project များအတွက် ၂၄၁ ယောက်၊ Civil Engineering Project များအတွက် ၇၄ ယောက် စသဖြင့် ဖြစ်ပါသည်။
အချို့ကုမ္ပဏီများတွင် မိမိတို့ခန့်လိုသည့် အလုပ်သမားဦးရေ အတွက် လုံလောက်သော MYE မရှိသဖြင့် အခြား ကုမ္ပဏီများမှ 1 MYE လျှင် စင်ကာပူဒေါ်လာ မည်မျှ စသဖြင့် ၀ယ်ယူရသည်များလည်း ရှိပါသည်။

၂၊ ၂။ မည်သူများ Work Permit လျှောက်ထားနိုင်သနည်း

အသက် ၁၆ နှစ်မှ ၅၀ အတွင်း (မလေးရှားများကိုတော့ ချွင်းချက် အဖြစ် အသက် ၅၈ နှစ်ထိ လက်ခံသည်)၊ လခ S$၁၈၀၀ အောက် ရရှိသူများ စင်ကာပူတွင် လာရောက် အလုပ်လုပ်လိုလျှင် work permit လျှောက်ထားနိုင် သည်။ သူတို့ လာရာ နိုင်ငံအလိုက် အမျိုးအစား လေးမျိုးခွဲထားရာ ကျွန်တော်တို့ မြန်မာနိုင်ငံသားများမှာ NTS (Non-Traditional Sources) ထဲတွင် ပါဝင်ပါသည်။ ၎င်း အမျိုးအစား လေးမျိုးမှာ -
၁။ မလေးရှား
၂။ NAS (North Asian Sources) - ထိုအုပ်စုထဲတွင် ဟောင်ကောင်၊ မကာအို၊ တောင်ကိုးရီးယားနှင့် ထိုင်ဝမ် တို့
ပါဝင်ပါသည်။
၃။ NTS (Non-Traditional Sources) - ထိုအုပ်စုထဲတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊
ဖိလစ်ပိုင် နှင့် ပါကစ္စတန် တို့ ပါဝင်ပါသည်။
၎။ PRC (People’s Republic of China) - တရုပ်ပြည်
Work permit ကိုင်ဆောင်ထားသူများ အနေနှင့် ၎င်းတို့၏ ဇနီး၊ သားသမီးများ ကို ခေါ်ဆောင်ခွင့်မရှိပါ။ သို့သော် ၎င်းတို့၏ သားသမီးများ ကို စင်ကာပူတွင် ကျောင်းထား လိုပါက အရည်အချင်းစစ် စာမေးပွဲ QT (Qualifying Test) သို့မဟုတ် AEIS (Admissions Exercise for International Students) ဖြေဆိုအောင်မြင်လျှင်မူ တက်ခွင့် လျှောက်ထား နိုင်ပါသည်။
* Dependent pass ကိုင်ဆောင်ထားသူများ စင်ကာပူတွင် အလုပ်လုပ် လိုပါက Work pass division တွင် Letter of Consent လျှောက်ထားရပါမည်။

၂၊ ၃။ Work permit (WP) လျှောက်ထားခြင်း

Work permit (WP) ကို online မှ လျှောက်ထားနိုင် ပါသည်။ မြန်လည်း မြန်ပါ၏။ သည်နေ့လျှောက် နောက်နေ့ ကျ ဖြစ်ပါသည်။ လူကိုယ်တိုင် သွားစရာပင် မလိုပါ။ အင်တာနက်မှ download လုပ်ပြီး print ထုတ်လိုက်ရုံသာ ဖြစ်ပါသည်။ စာရွက် (Hard Copy) များဖြင့် ဖြည့်တင်၍လည်း ရပါ၏။ ထိုသို့ ဖြည့်တင်လျှင် စင်ကာပူရှိ မည်သည့် စာတိုက်မှ မဆို MOM သို့ ပို့နိုင်ပါသည်။ သို့သော် စာတိုက်မှ ပို့လျှင် အနည်းဆုံး တစ်ပတ်ကြာမှ ကျပါသည်။ ကျ၊ မကျ ကို စာတိုက်မှ ပင် အကြောင်းပြန်လိမ့်မည် ဖြစ်ပါသည်။
လျှောက်ထားခ စင်ကာပူ ဒေါ်လာ ၁၀ ကျသင့်ပါသည်။
Work Permit ကျပြီ ဆိုသည်နှင့် အလုပ်သမားကို ဆေးစစ်ရန် စီစဉ်ရပါမည်။ WP card ထုတ်ပေးရန် လျှောက်ထားရပါ မည်။ ဤသို့ လျှောက်ထားခြင်း ကိုလည်း WP online မှပင် လုပ်၍ ရပါသည်။ အလုပ်သမား နေထိုင်မည့် လိပ်စာကိုလည်း MOM တွင် မှတ်ပုံတင် ရပါမည်။
ကဒ်ထုတ်ပေးရန် လျှောက်ထားခြင်း အတည်ဖြစ်ပြီ ဆိုသည်နှင့် အလုပ်သမား သည် 7, Keppel Road, Work Pass Service Centre, Tanjong Pagar Complex သို့သွားကာ ဓါတ်ပုံရိုက်ခြင်း၊ လက်ဗွေ နှိပ်ခြင်း များ ပြုလုပ်ရပါသည်။ ထိုသို့ ဓါတ်ပုံရိုက် ပြီးသည်မှ နောက် ခုနစ်ရက် အတွင်း WP Card ကို ထုတ်လို့ရ ပါသည်။

၂၊ ၄။ Work permit (WP) ကိုင်ဆောင်သူ တစ်ဦး၏ လုပ်ပိုင်ခွင့်၊ ခံစားပိုင်ခွင့်များ

မြန်မာပြည်မှ work permit နှင့် အလုပ်လုပ်ရန် လာမည့် သူများသည် စင်ကာပူမှ safety များအကြောင်း တင်ကြို လေ့လာ ထားရန် လိုသည်။ စင်ကာပူသို့ အလုပ် လာလုပ်သူ မည်သူမဆို အား လုပ်ငန်းခွင်တွင် အလုပ်လုပ်စဉ် ဘေး အန္တရာယ် ကင်းရှင်းရန် လိုက်နာရမည့် အခြေခံ စည်းမျဉ်း စည်းကမ်းများ ကို အစိုးရမှ တစ်ရက် သင်တန်း (Construction Safety Orientation Course – CSOC) ပေးကာ စာမေးပွဲ ဖြေဆို စေသည်။ ယခင်ကတော့ ကိစ္စမရှိ။ တစ်ခါမအောင် နောက်တစ်ခါ ထပ်ဖြေ။ မအောင်မချင်း ဖြေ။ ယခုတော့ ကိစ္စ ရှိလာပြီ။ ၂၀၀၇ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထိုစာမေးပွဲကို သုံးခါပဲ ဖြေခွင့်ရှိ တော့သည်။ သုံးခါဖြေလို့ မှ မအောင်လျှင် တာ့တာ။ ဘိုင့်ဘိုင်။ စင်ကာပူတွင် အလုပ်လုပ်လို့ မရသေး။ ကိုယ့်တိုင်းပြည် ပြန်ကာ လေ့လာ လိုက်ဦး။ သေချာမှ ပြန်လာ။ အဲလေ၊ အေးဂျင့်ဖီးလေး တော့ ၃-၄ ထောင်လောက် ထပ်ကုန်မှာပေါ့။
စင်ကာပူမြေသို့ ခြေချမိသည်မှ နှစ်ပတ်အတွင်း ထိုသင်တန်းကို တက်ရောက် ဖြေဆိုရမည် ဖြစ်သည်။ ထို စာမေးပွဲ အောင်လျှင် SOC pass ကဒ် ထုတ်ပေးမည် ဖြစ်၏။ ထိုကဒ်ရမှသာ Work Permit ကဒ်ကို ထုတ်ယူခွင့် ရှိမည် ဖြစ်သည်။ အကယ်၍ အလုပ်သမား သည် ထို သင်တန်းကို မအောင်မြင်။ ကျရှုံးသည် ဖြစ်အံ့။ ၎င်း၏ အလုပ်ရှင်သည် နောက်ထပ် သုံးလ အတောအတွင်း နောက်ထပ် Work Permit အသစ် ထပ်မံ လျှောက်ထားခြင်းမှ တားမြစ်ခံရမည် ဖြစ်၏။ သက်တမ်း တိုးမည့် အလုပ်သမားများ အနေနှင့် မိမိတို့ သက်တမ်း တိုးမည့် ရက်ထက် CSOC ကဒ်၏ သက်တမ်းက အနည်းဆုံး တစ်လ ပိုနေရမည် ဖြစ်၏။
စင်ကာပူသို့ရောက်သည်နှင့် ပထမဆုံး လုပ်ဆောင်ရသော အလုပ်မှာ ဆေးစစ်ဆေး ခြင်း ဖြစ်ပါသည်။ Work Permit ကိုင်ဆောင်ထားသူ အလုပ်သမား တစ်ဦးအတွက် MOM မှ သတ်မှတ်ထား သော ဆေးစစ် ဆေးခြင်းကို အလုပ်ရှင်မှ ကျခံ စီစဉ် ပေးရပါသည်။ ထိုဆေးစစ်ခြင်း အောင်ပါမှ နောက်ဆက်တွဲ လုပ်ငန်းများ ဆက်လုပ်လို့ ရသည်။ ဆေးမအောင်လျှင် စင်ကာပူတွင် အလုပ်လုပ်ခွင့် မပြု။

လုပ်ငန်းရှင်များ အနေနှင့် မိမိခန့်ထားသော အလုပ်သမားများ အတွက် အစိုးရသို့ levy ပေးဆောင်ရ ပါသည်။ မိမိ လုပ်ငန်းအလိုက် levy မှာ အမျိုးမျိုးရှိ၏။ ကျွမ်းကျင်လုပ်သား လက်မှတ်ရ (low levy) များအတွက် တစ်ဦးလျှင် တစ်လ ၁၅၀ (ယခု ၅၀)၊ မကျွမ်းကျင်သူ (high levy) များအတွက် တစ်ဦးလျှင် တစ်လ ၂၄၀ မှ ၄၇၀ အထိ မိမိလုပ်ငန်း၊ ခန့်ထား သော လုပ်သား ဦးရေကို လိုက်ကာ အစားစား ပေးဆောင် ရပါသည်။ Levy အမျိုးအစား များမှာ များမြောင်လှ သည်ဖြစ်၍ ဤနေရာတွင် အသေးစိတ် မဖော်ပြတော့ပါ။ ပိုမို သိရှိလိုသူများ MOM အင်တာနက် စာမျက်နှာတွင် ၀င်ရောက် လေ့လာနိုင်ပါသည်။
high levy တစ်ဦးသည် စင်ကာပူတွင် ကြာကြာ လုပ်၍မရ။ စင်ကာပူတွင် အလုပ်လုပ်ချိန် စုစုပေါင်း ခြောက်နှစ် သာ ခွင့်ပြုသည်။ Low levy သမားဆိုလျှင်တော့ ၁၈ နှစ်ထိ(ယခင်က ၁၅ နှစ်သာ) လုပ်လို့ ရသည်။ သို့အတွက် WP တစ်ဦး အနေနှင့် Low levy ဖြစ်ရန်လည်း အရေးကြီး သေး၏။
ကျွန်တော်အသိ အချို့ WP များထဲတွင် သူတို့ အလုပ်ရှင်က သူတို့ကို levy ဆိုကာ ပိုက်ဆံ ဖြတ်သည် ဆို၏။ အမှန်မှာ levy သည် အလုပ်ရှင်က ပေးဆောင်ရ မည်သာဖြစ်ပြီး အလုပ်သမားများ ထံမှ ဖြတ်ပိုင်ခွင့်မရှိ။ ဤသို့ဖြတ်သည် ဆိုပါက MOM (Ministry of Manpower) တွင် တိုင်ကာ ပြန်တောင်းလို့ ရပါသည်။ (သို့သော် မိမိ Work permit သက်တမ်း ကုန်ပြီး ဤကုမ္ပဏီမှ ထွက်တော့မည် ဆိုမှ တိုင်တာ ကောင်းသည်ပေါ့။ မဟုတ်လျှင် တစ်ဝက် တစ်ပျက် နှင့် သူတို့က Work permit ကို cancel လုပ်လိုက်လျှင် မခက်ပါလား။ နောက်ပြီး နားလည် တတ်ကျွမ်းသည့် သူများနှင့် တိုင်ပင်ပြီးမှ လုပ်သင့် သည် ဟု အကြံပေး လိုပါသည်။)
အလုပ်ရှင်သည် WP တစ်ဦးအတွက် ဆေးကုသ စရိတ်များကို ကျခံရမည် ဖြစ်သည်။ ဤသို့ ဆေးကုသ စရိတ် ကျခံ နိုင်ရန် အလုပ်ခေါ်စဉ် ကတည်းက အလုပ်သမား တစ်ဦးလျှင် တစ်နှစ်အတွက် ကျန်းမာရေး အာမခံ S$5000.00 တင်ထားရ ပါ၏။ ၀န်ထမ်းအတွက် ဆေးကုသ စရိတ်ကို အလုပ်ရှင်က ပေးစရာမလိုပဲ အာမခံ ကုမ္ပဏီက ပေးပါသည်။ သို့အတွက် မိမိတို့ မမာမကျန်း ဖြစ်၍ ဆေးခန်းသွားသည့် စရိတ်စက အားလုံးကို ကုမ္ပဏီသို့ ပြန်တောင်းနိုင် ပါသည်။
Work permit လျှောက်ခြင်း၊ အသစ်ပြန်လုပ်ခြင်း၊ သက်တမ်းတိုးခြင်း၊ သက်တမ်းပြည့် ၍ဖြစ်စေ သက်တမ်း မပြည့်သေးမီ အကြောင်း အမျိုးမျိုး ကြောင့်ဖြစ်စေ မိမိတိုင်းပြည်သို့ ပြန်ပို့သည့် လေယာဉ်လက်မှတ်ခ၊ လုံခြုံရေး အာမခံ ကြေး၊ Safety Orientation Course, Safety Induction Course များအတွက် သင်တန်းကြေး စသည် အားလုံးကို အလုပ်ရှင်ကသာ ပေးဆောင်ရ မည် ဖြစ်ပါသည်။ ထို ကုန်ကျစရိတ်များကို အလုပ်သမား၏ လုပ်ခထဲမှ ဖြတ်၍မရပါ။ (ရည်ညွှန်း ၊ http://www.mom.gov.sg/WP_S_Pass_Conditions.pdf Second Schedule အပိုဒ် ၃၄။)
အလုပ်ရှင်သည် အလုပ်သမား တစ်ဦး ရရှိရမည့် လခကို လခထုတ်ရက်မှ ၇ ရက်အတွင်း ထုတ်ပေး ရမည် ဖြစ်ပါ သည်။ (အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၄။)
အလုပ်ရှင်သည် အလုပ်သမား တစ်ဦးကို ၎င်း ကိုင်ဆောင်ထား သော Work Permit ကဒ်ပြားပေါ်တွင် ဖော်ပြထား သည့် အလုပ် အမျိုးအစားမှ လွဲ၍ အခြား အလုပ်များ ကို လုပ်ခိုင်းပိုင်ခွင့် မရှိ။ မိမိ အလုပ်သမား ကို ၎င်းကိုယ်တိုင် ပိုင်သော စီးပွားရေး လုပ်ငန်း လုပ်ရန် ခွင့်ပြုပိုင်ခွင့် မရှိ။ အိမ်ရှင်သည် အိမ်ဖော် တစ်ဦးအား မိမိအိမ်မှလွဲ၍ အခြား မိမိ၏ မိဘ ဆွေမျိုး အိမ်များတွင် ခိုင်းပိုင်ခွင့် မရှိ။ Work Permit ပေါ်တွင် ဖော်ပြထားသော လိပ်စာတွင်သာ လုပ်ခိုင်းရမည်။
အလုပ်ရှင်သည် အလုပ်သမား၏ Work permit မူရင်းကို မည်သည့် အကြောင်းနှင့်မှ သိမ်းမထား ရပါ။ အလုပ်သမား သည်သာ Work permit မူရင်းကို ကိုင်ထားပိုင်ခွင့် ရှိပါသည်။(အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၁၃။)
အလုပ်ရှင်သည် မိမိ အလုပ်သမားများ အတွက် နေစရာ စီစဉ်ပေးရ ပါမည်။ ထို့ပြင် လုပ်ငန်းခွင် ထဲတွင် ထိခိုက် ဒါဏ်ရာ ရပါက လျော်ကြေး ရရပါမည်။ မည်သည့် ထိခိုက် ဒါဏ်ရာများ အတွက် မည်မျှ လျော်ကြေး ရထိုက်သည်ကို နောက်ပိုင်းတွင် တတ်နိုင်သမျှ ပြည့်စုံအောင် ဖော်ပြပေးပါမည်။
အလုပ်ရှင်သည် အလုပ်သမားကို ပစ်စလက်ခတ် ပစ်မထားရ။ ဥပဒေ ပြင်ပမှ လုပ်ရပ်များကို တားဆီးရမည်။ အလုပ်ရှင်သည် မိမိ အလုပ်သမား ကို အန္တရာယ်ရှိနိုင်သည့် အခြေအနေမှ ကာကွယ် ပေးရမည်။ ဥပမာ - လုံလောက်စွာ အနားယူ စေရမည်။ ထို့ပြင် အလုပ်သမား ကိုယ်တိုင်သော် လည်းကောင်း၊ သူ့ပတ်ဝန်းကျင်မှ အခြားသူများအတွက်သော် လည်းကောင်း အန္တရာယ်ကင်းစွာ အလုပ်လုပ် နိုင်စေရန် ဖန်တီး ပေးရမည်။
အကယ်၍ မိမိအလုပ်သမားသည် စင်ကာပူနိုင်ငံ အတွင်း အကြောင်း တစုံတရာကြောင့် သေဆုံးခဲ့ပါက အလုပ် သမား၏ ရုပ်အလောင်းကို သဂြိုဟ်စရိတ်၊ ရုပ်အလောင်း ကို မိသားစုထံ ပြန်ပို့စရိတ်၊ ကျန်ရစ်ခဲ့သော ပစ္စည်း၊ ငွေ စသည် တို့ကို မိသားစုထံ ပြန်ပို့ စရိတ် အားလုံးကို အလုပ်ရှင် က ကျခံရမည် ဖြစ်ပါသည်။ (အထက်ပါ ရည်ညွှန်း Third Schedule အပိုဒ် ၁၇။)

Saturday, July 18, 2009

Build Your Future VIII

အခန်း (၅)

အထွေထွေ

၅၊ ၁။ Short Term Visit Pass သက်တမ်းတိုးခြင်း

သင်သည် စင်ကာပူတွင် နှစ်လတန်သည်၊ သုံးလတန်သည် နေမည်ဆိုပါက လက်ရှိ ကိုင်ဆောင် ထားသော Short Term Visit Pass ကို သက်တမ်း တိုးရန် လိုပါလိမ့်မည်။
သို့သော် ထိုသို့ သက်တမ်း တိုးခြင်းအတွက် တစုံတရာ စိုးရိမ်စရာ မရှိပါ။ အင်တာနက်မှ တိုး၍ ရပါသည်။ ထိုကဲ့သို့ တိုးခြင်းကို e-XTEND Online ဟု ခေါ်ပါသည်။ အင်တာနက်ကို ၀င်ပြီး လိုအပ်သည် များကို ဖြည့်ကာ submit လုပ်လိုက်လျှင် ပြီးပါသည်။ ဤကဲ့သို့ ပြုလုပ်ရန် ICA Website https://www.psi.gov.sg/ သို့ ၀င်ပါ။
e-XTEND လုပ်သူများ အနေနှင့် စာအုပ်ပေါ်တွင် တံဆိပ်တုံး ထုရန် မလိုပါ။ Visit Pass သက်တမ်း မကုန်မီ အနည်းဆုံး ၂ ရက် ကြိုတင်၍ သက်တမ်း တိုးရ ပါမည်။ ထို့ပြင် နီးရာစာတိုက် တစ်ခုခုတွင် သွားရောက် extend လုပ်နိုင်ပါ သေးသည်။
သက်တမ်းတိုးခ မှာ S$40.00 ဖြစ်ပြီး အများဆုံး ရက် ၉၀ (စင်ကာပူသို့ စတင် ၀င်ရောက်သည့် နေ့မှ စ၍) ထိ တိုးနိုင် ပါသည်။

၅၊ ၂။ ဆေးစစ်ရန် လာလိုသူများ

စင်ကာပူသို့ ဆေးကုသခံယူရန် လာလိုသူများအတွက် ဤစာအုပ် တတိယပိုင်း၊ အခန်း (၉) တွင် အပြည့်အစုံ ဖော်ပြ ထားပါသည်။

၅၊ ၃။ စင်ကာပူမှ မြန်မာပြည်သို့ ပြန်ခြင်း

စင်ကာပူသို့ ခေတ္တ အလည်အပတ် လာသူများဖြစ်စေ၊ အလုပ် လာလုပ်သူများ ဖြစ်စေ၊ စင်ကာပူ နိုင်ငံသား ခံယူပြီး စင်ကာပူတွင် အပြီးအပိုင် နေထိုင်သူများပင် ဖြစ်စေ အကြောင်း အမျိုးမျိုးဖြင့် မြန်မာပြည်သို့ ပြန်ကြရဦးမည် ဖြစ်ပါသည်။ သို့အတွက် မြန်မာပြည်သို့ ပြန်ရန် ပြင်ဆင်ခြင်း သည်လည်း အရေးကြီးသော အချက်တစ်ခု ဖြစ်ပေရာ ဤနေရာတွင် တတ်နိုင် သမျှ ပြည့်စုံအောင် ဖော်ပြလိုက်ပါသည်။

ခေတ္တ အလည်လာသူများ ပြန်ခြင်း

စင်ကာပူသို့ အလည်လာပြီး မြန်မာပြည်သို့ ပြန်မည့်သူများသည် မည်သူမဆို မိမိတို့၏ အိမ်သူ အိမ်သားများ၊ ဆွေမျိုးသားချင်းများ၊ မိတ်ဆွေ အပေါင်းအသင်း များအတွက် လက်ဆောင် ပစ္စည်းများ၊ စားစရာ သောက်စရာများ ၀ယ်ယူသွား လိုပေလိမ့်မည်။ သို့ဝယ်ရာတွင် ပစ္စည်းစုံပြီး၊ ဈေးလည်း သက်သာသော နေရာဖြစ်သည့် မူစတာဖာ စင်တာ တွင် သွားရောက် ၀ယ်ယူနိုင် ပါကြောင်း ညွှန်းလိုက်ပါသည်။

Work Permit Holder များ မြန်မာပြည် ပြန်ခြင်း

ထိုသူများအဖို့ အရေးကြီးသည်မှာ အပြီးပြန်သည် ဖြစ်လျှင် မိမိတို့ ကိုင်ဆောင်ထားသော Work Permit ကို ကုမ္ပဏီမှ cancel လုပ်ပြီး မိမိ လက်ထဲတွင် Special Pass ရရှိထားရန် ဖြစ်ပါသည်။ Work Permit ကို cancel လုပ်အပြီး ၇ ရက်အတွင်း စင်ကာပူနိုင်ငံမှ ထွက်ခွာ ပေးရပါမည်။ လေဆိပ်မှ ထွက်ခွာ သောအခါ ထို special pass ကို လေဆိပ်ရှိ immigration တွင် အပ်နှံခဲ့ ရမည် ဖြစ်ပါသည်။
အကယ်၍ ခွင့်ပြန်သည် ဖြစ်ပါမူ ကုမ္ပဏီမှ ခွင့်စာ ရယူရန် လိုပါသည်။ ထိုခွင့်စာကို လေဆိပ်တွင် ပြရပါမည်။ သို့မှသာ လေဆိပ်က မိမိပတ်စ်ပို့ စာအုပ်ပေါ်တွင် ခွင့်နှင့်ပြန်လာသူ ဖြစ်ကြောင်း မှတ်ချက် ပေးလိုက်မည် ဖြစ်ပါသည်။ ခွင့်ပြန်သူများ အနေနှင့် မြန်မာပြည် တွင် တစ်လထက် ပိုမနေဘဲ စင်ကာပူ ပြန်လာပါက ဘာမှ လုပ်စရာ မလိုဘဲ သည်အတိုင်း ပြန်ထွက် လာ၍ ရသော်လည်း တစ်လထက် ပိုနေသူများ အဖို့ ပြည်ပထွက်ခွာခွင့် (D Form) ထပ်လုပ်ရပါမည်။

မည်သည့် အကြောင်းကြောင့် ပြန်သည်ဖြစ်စေ မိမိပြန်လိုသည့်ရက်တွင် ပြန်နိုင်ရန် လေယာဉ် လက်မှတ် ကို ခပ်စောစော ကတည်းက တင်ကြို booking လုပ်ထားရန် လိုပါသည်။ အထူးသဖြင့် စင်ကာပူ၏ ရုံးပိတ်ရက်ရှည် ဖြစ်သော တရုပ် နှစ်ကူး ပိတ်ရက်များ တွင် ခရီး အသွားအလာ များတတ်ရာ ထို ပိတ်ရက်များ တွင် ပြန်လိုသူတို့ အဖို့ နှစ်လ၊ သုံးလ အကြို ကတည်းက booking လုပ်ထားသင့် ပါသည်။

ချန်ဂီလေဆိပ် အတွင်းပိုင်းကို တွေ့ရစဉ်

လေယာဉ် လက်မှတ်များကို ပင်နင်စူလာ ပလာဇာရှိ မြန်မာ ဆိုင်များ၌ လွယ်ကူစွာပင် မှာယူ ရရှိနိုင်ပါသည်။ ပစ္စည်းများ ထုပ်ပိုးသော အခါတွင် မြန်မာပြည်မှ လာစဉ်က ကဲ့သို့ပင် အလေးချိန်ကို ခန့်မှန်း ထည့်သိုရန် လိုပါသည်။ သို့မဟုတ်ပါက ကီလိုပို အများကြီး ပေးဆောင်ရ ပါလိမ့်မည်။ Check-in ကိုလည်း လေယာဉ်ထွက် မည့်အချိန်ထက် နှစ်နာရီ စော၍ လုပ်ပါသည်။
လေဆိပ်သို့ ရထားဖြင့်သွားလျှင် အစိမ်းရောင် လိုင်းဖြင့်သွားပြီး Tanah Merah interchange တွင် လေယာဉ်ကွင်းသို့ သွားမည့် ရထားကို ပြောင်းစီး ပါ။
လေဆိပ်ထဲတွင် မိမိစီးရမည့် လေယာဉ် ခရီးစဉ်အမှတ်၊Check-in လုပ်ရမည့် Row နံပါတ်၊ လေယာဉ်ထွက်မည့် အချိန် စသည်တို့ကို ဖော်ပြထားသော ကွန်ပြူတာ ဖန်သားပြင်များကို တွေ့နိုင်ပါသည်။
ချန်ဂီလေဆိပ်တွင် Terminal 1, 2, 3 ဟု ရှိရာ မိမိ မည်သည့် Terminal မှ စီး ရမည် ကိုလည်း သိထားရန် လိုပါသည်။ ဤတွင် Terminal 2 သည် ဘူတာနှင့် အနီးဆုံး ဖြစ်ပါသည်။ ဘူတာမှ ထွက်ပြီး ရှည်လျှား၊ မြင့်မား လှသော စက်လှေခါးကြီး ကို စီးတက်သွားလျှင် Terminal 2 သို့ရောက်ပါသည်။
အထက်ဖော်ပြပါ ကွန်ပြူတာ ဖန်သားပြင် ကြီးတွင် မိမိစီးမည့် ခရီးစဉ် အတွက် ညွှန်ပြထားသော Row နံပါတ်တွင် Check-in လုပ်ပါ။ ကီလိုပို နေလျှင် ထို Row များ အဆုံးတွင် ကီလိုပို ပေးဆောင်ရာ ကောင်တာ ရှိပါသည်။ ထိုနေရာသို့ သွားပြီး ကျသင့်ငွေကို ပေးပါ။
Check-in လုပ်ပြီး လေဆိပ်ထဲဝင်လိုဝင်၊ စောနေသေး သဖြင့် မ၀င်လို သေးသော် မိတ်ဆွေများနှင့် လေဆိပ်ထဲရှိ စားသောက်ဆိုင် များတွင် အဆာပြေ စားသောက်လို့ ရပါသည်။ ထို့နောက် လေဆိပ်အတွင်း ပိုင်းသို့ ၀င်သွားလျှင် ပထမဆုံး ဖြတ်ရမည်မှာ လ.၀.က ဖြစ်ပါသည်။ လ.၀.က တွင် လိုအပ်သော စာရွက် စာတမ်း ကိစ္စများ ကို ရှင်းလင်းပြီး လက်မှတ်ပေါ်တွင် ရေးထား သည့် Channel သို့ သွားရပါမည်။ ထို Channel ကို မည်သို့ သွားရမည်ကိုလည်း လမ်းညွှန်များ ထားပေးထား ပါသည်။ လမ်းညွှန် အတိုင်း လိုက်သွားလျှင် မှားစရာ မရှိပါ။
မိမိ လေယာဉ် စောင့်ဆိုင်းရမည့် အခန်းငယ်သို့ အ၀င်တွင် မိမိတွင် ပါလာသော လက်ဆွဲ အထုပ်အပိုးများကို စစ်ပါသည်။ သတိပြုရ မည်မှာ ထို လက်ဆွဲ အထုပ်အပိုးများ အတွင်းသို့ ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် စသော အရည်များ ကို ထည့်သွင်း သယ်ယူခွင့် မပြုပါ။ ထိုအရည်များ သယ်လိုပါက Luggage အထုပ်များထဲ ထည့်သွင်း သယ်ဆောင်ရ ပါမည်။

၅၊ ၄။ မြန်မာပြည်အ၀င် White Card ဖြည့်ခြင်း နှင့်
အကောက်ခွန် ဖြတ်ခြင်း

လေယာဉ်စီးခြင်းမှာ အထက်တွင် ဖော်ပြ ခဲ့ပြီးဖြစ်၍ ထပ်မံ မဖော်ပြ တော့ပါ။ သို့ရာတွင် မြန်မာပြည် တွင်းဝင်ရန် White Card နှင့် အကောက်ခွန် ကြေငြာချက်ပုံစံ ဖြည့်ရန်တော့ လိုပါလိမ့်မည်။
White Card နှင့် Custom Declare ပုံစံ များကို လေယာဉ် ပေါ်မှာ ကတည်းက ဝေပေးပါ လိမ့်မည်။ မိမိ အိမ်သာ သွားနေခိုက် သို့မဟုတ် အိပ်ငိုက် နေခိုက် လာဝေသွား၍ မရလိုက်သော် လေယာဉ်မယ် ကလေးများ ထံ တောင်းယူပါ။
ထို့နောက် အောက်ပါ ပုံစံတွင် ဖော်ပြ ထားသည့် အတိုင်း White Card နှင့် Custom Declare ပုံစံ တို့ကို အဆင်သင့် ဖြည့်ထားပါ။ သို့မဟုတ်ပါက လေယာဉ်ကွင်း ရောက်မှ ဖြည့်ရ လျှင် အချိန်ကုန် ပါသည်။ မိမိကို လာကြိုနေသူ များအား မြင်နေရပါလျှက် လေယာဉ်ကွင်း အတွင်း မည်သူမျှ အချိန်ကုန် ခံလိုမည် မဟုတ်ပါ။



အကောက်ခွန် ကြေငြာချက် ပုံစံ
“လူကြီးမင်း တို့ စီးနင်းလာသော လေယာဉ်ကြီး သည် မကြာမီ အချိန်အတွင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ ဆင်းသက်တော့မည် ဖြစ်ပါသည်” ဟု ကြေငြာသံကို ကြားလိုက်ရ သည့်ခဏ လပေါင်း များစွာ ခွဲခွာ နေခဲ့ရသော မိဘ၊ ညီအစ်ကို မောင် နှမ၊ ဇနီးမယား၊ သမီးသား၊ ဆွေမျိုး သားချင်းများ
နှင့် မကြာမီ အချိန်အတွင်း ပြန်လည် ဆုံတွေ့ရတော့ မည် ဟူသော အသိဖြင့် အားလုံး၏ ရင်တွင်းတွင် ရင်ခုံ ကြည်နူးမှုကို နွေးထွေးစွာ ခံစားလိုက်ရ ပါလိမ့်မည်။

ပတ်စ်ပို့၊ ခွင့်စာ၊ အခွန် ဆောင်ထားသော ပြေစာ မိတ္တူ၊ White Card စသည် တို့ကို အဆင်သင့် ပြင်ဆင်ထားပါ။ ရန်ကုန် လေဆိပ် အတွင်း ၀င်ရောက်လာ ပြီးနောက် ပထမဦးဆုံး လုပ်ရမည့် အလုပ်မှာ မြန်မာ ပြည် ၀င်ခွင့် ပုံစံကို ဖြည့်ခြင်း ဖြစ်ပါသည်။ ထိုပုံစံကို စောစီးစွာ ယူပြီး အဆင်သင့် ဖြည့်ထားပါ။ တန်းစီရင်း ဖြည့်နိုင် ပါသည်။ ထို့နောက် မိမိ အလှည့်ရောက် သော် အဆင်သင့် ထုတ်ထားသော ပတ်စ်ပို့၊ ခွင့်စာ၊ အခွန်ပြေစာ မိတ္တူ၊ White Card၊ မြန်မာပြည် ၀င်ခွင့်ပုံစံ စသည် တို့ကို ထုတ်ပေး လိုက်ပါ။ ထို့နောက် မိမိ အထုပ်များကို Luggage ခါးပတ် ပေါ်တွင် သွားရွေးပါ။ အထုပ်များ ရွေးပြီးသော် လေယာဉ်ပေါ် တွင် ဖြည့်လာသည့် အခွန်ကြေငြာချက် ပုံစံကို အဆင်သင့် ကိုင်ထားပြီး အကောက်ခွန် ကောင်တာ တွင် ပါလာသော အထုပ်များ ကို အစစ်ဆေး ခံပါ။
ထို့နောက်တွင်မတော့ လေဆိပ်မှ ထွက်ပြီး မိမိအား လာရောက် ကြိုဆိုနေသော မိသားစုများ နှင့် ၀မ်းသာ အားရ ပြန်လည် ဆုံတွေ့နိုင်ပြီ ဖြစ်ပါသတည်း။
လေယာဉ်ပေါ်မှ တွေ့ရသည့် မြန်မာပြည် ၏ အလှ

Build Your Future VII

အခန်း (၄)

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး

အခြားတစ်နိုင်ငံ ရောက်နေသူများ သည် မိမိလက်ရှိရောက်ရှိနေရာ နိုင်ငံမှ မိမိတို့နိုင်ငံ သံရုံးနှင့် အဆက်အသွယ် ရှိနေ ရမည် ဖြစ်ပါသည်။ သံရုံးဟူသည် မိမိတို့နိုင်ငံ အစိုးရကို ကိုယ်စားပြုနေသည် ဖြစ်ရာ အကြောင်းကိစ္စ တစ်ခုခု ရှိလျှင် သံးရုံးနှင့် ဆက်သွယ် ဆောင်ရွက် နိုင်ပါသည်။

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး လိပ်စာမှာ -

Embassy of the Union of Myanmar

15 St Martin's Drive
Tel: 6735-1672
Fax: 6735-6236 - ဖြစ်ပါသည်။

သံရုံးဖွင့်ချိန်မှာ နံနက် ၉ နာရီဖြစ်ပါသည်။ သံရုံးသို့ Orchard MRT မှ သွားလျှင် အနီးဆုံး ဖြစ်ပါသည်။ Orchard MRT မှ Orchard လမ်းမကြီးဘက်သို့ ထွက်လိုက်ပါ။ ထို့နောက် လက်ဝဲဘက်သို့ Orchard လမ်းမကြီး အတိုင်း တည့်တည့် လျှောက်သွားလျှင် St Martin’s Drive ကို တွေ့ရပါလိမ့်မည်။ ထိုလမ်းကလေး အတိုင်း အထက်သို့ တက်လိုက်သွားလျှင် မြန်မာ သံရုံးသို့ ရောက်ပါသည်။
မြန်မာနိုင်ငံသားများအတွက် သံရုံးမှ အောက်ပါ ၀န်ဆောင်မှု လုပ်ငန်းများကို ပေးပါသည်။

ပတ်စ်ပို့ သက်တမ်းတိုးခြင်း
ကျောင်းသားပတ်စ်ပို့ သက်တမ်းတိုးခြင်း
ပတ်စ်ပို့ အသစ်လုပ်ခြင်း
နိုင်ငံတိုးခြင်း
သက်သေခံလက်မှတ် (Certificate of Identity - C of I ) သက်တမ်းတိုးခြင်း
သက်သေခံလက်မှတ် (Certificate of Identity - C of I ) အသစ်လုပ်ခြင်း
အခွန်ဆောင်ခြင်း
မှီခိုလျှောက်ခြင်း
အလုပ်မလုပ်ကြောင်း ထောက်ခံစာ
ကျောင်းသားထောက်ခံစာ
နာမည်ပြောင်းခြင်း

၁။ ပတ်စ်ပို့ သက်တမ်းတိုးခြင်း

ပတ်စ်ပို့ သက်တမ်းတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ သက်တမ်းတိုးလိုကြောင်း လျှောက်လွှာ*
၂။ ပတ်စ်ပို့ မူရင်းနှင့် မိတ္တူ
၃။ သက်တမ်းတိုးမည့် လအထိ အခွန်ဆောင်ထားသော ပြေစာ
၎။ သက်တမ်းတိုးခ စင်ကာပူ ဒေါ်လာ ၃၀၀ (ငွေသားဖြင့်သာ)
* လျှောက်လွှာအားလုံးကို သံရုံးတွင် အခမဲ့ ရယူနိုင်ပါသည်။
မှတ်ချက်။ ။ သက်တမ်းတိုးခြင်းကို သက်တမ်းမကုန်မီ ပြုလုပ်ရပါမည်။ သက်တမ်း ကုန်ပြီးမှ သက်တမ်းတိုး သော ပတ်စ်ပို့များအတွက် ဒါဏ်ကြေး ပေးဆောင်ရပါမည်။

၂။ ကျောင်းသားပတ်စ်ပို့ သက်တမ်းတိုးခြင်း

ကျောင်းသားပတ်စ်ပို့ သက်တမ်းတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ သက်တမ်းတိုး လိုကြောင်း လျှောက်လွှာ
၂။ ကျောင်းတက်နေကြောင်း အထောက်အထား ကျောင်းမှ စာရွက်စာတမ်း
၃။ ကျောင်းသားကဒ် သို့မဟုတ် Student Pass မိတ္တူ
၎။ ကျောင်းသားပတ်စ်ပို့ မူရင်းနှင့် မိတ္တူ (မိတ္တူတွင် တံဆိပ်တုံးထုထားသော စာမျက်နှာ အားလုံး ပါဝင်ရမည်။)
၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံတစ်ပုံ
၆။ ကိုယ်ရေးမှတ်တမ်း (C.V Form)
မှတ်ချက်။ ။ ဆောင်ရွက်ချိန် ၂ ရက်မှ ၃ ရက်ထိ ကြာပါမည်။

၃။ ပတ်စ်ပို့ အသစ်လုပ်ခြင်း

ပတ်စ်ပို့ အသစ်လုပ်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ အသစ်လုပ်လိုကြောင်း လျှောက်လွှာ
၂။ ပတ်စ်ပို့အဟောင်း မိတ္တူ (စာမျက်နှာအားလုံးကို မိတ္တူဆွဲရမည်)
၃။ ပတ်စ်ပို့ အသစ်လုပ်မည့်လအထိ အခွန်ဆောင်ထားသော ပြေစာ
၎။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံနှစ်ပုံ
၅။ ကိုယ်ရေးမှတ်တမ်း (C.V Form)
၆။ ပတ်စ်ပို့အသစ်ထုတ်ပေးခ - စင်ကာပူ ဒေါ်လာ ၆၀၀ (ငွေသားဖြင့်သာ)

မှတ်ချက်။ ။ (၁) ပတ်စ်ပို့တွင် စာမျက်နှာ အနည်းငယ်သာ ကျန်တော့သောအခါ အသစ် ထပ်လုပ်ရန် လိုပါသည်။
(၂) လျှောက်လွှာတင်ပြီးသည်မှ ၁၀ ရက်အတွင်း စာအုပ်အသစ် ထုတ်ပေးမည် ဖြစ်ပါသည်။

၎။ နိုင်ငံတိုးခြင်း

နိုင်ငံတိုးခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် နိုင်ငံတိုးလိုကြောင်း လျှောက်လွှာ
၂။ ပတ်စ်ပို့ မူရင်း
၃။ နိုင်ငံတိုးလိုသည့်လအထိ အခွန်ဆောင်ထားသော ပြေစာ
၎။ နိုင်ငံတိုးခ - စင်ကာပူ ဒေါ်လာ ၂၇၀ (ငွေသားဖြင့်သာ)

မှတ်ချက်။ ။ တစ်ခါတိုးလျှင် ၅ နိုင်ငံထိ တိုးနိုင်ပါသည်။ နိုင်ငံအားလုံး (ထိုင်ဝမ်နှင့် မြောက်ကိုးရီးယား မပါ) တိုးလိုလျှင် သီးသန့် လျှောက်ထားရပါမည်။ အဘယ်ကြောင့် ထိုနိုင်ငံများသို့ သွားလိုသည်ကို ထည့်သွင်း ဖော်ပြရပါမည်။

၅။ သက်သေခံလက်မှတ် (Certificate of Identity - C of I) သက်တမ်းတိုးခြင်း

သက်သေခံလက်မှတ် သက်တမ်းတိုးခြင်း အတွက် အောက်ပါ စာရွက် စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာသံအမတ်ကြီးထံ လိပ်မူထားသည့် သက်တမ်းတိုး လိုကြောင်း လျှောက်လွှာ (မိဘများက လျှောက်ရပါမည်)
၂။ သက်သေခံလက်မှတ် မူရင်း နှင့် မိတ္တူ
၃။ သက်တမ်းတိုးလိုသည့်လအထိ မိဘ၊ အုပ်ထိန်းသူများ၏ အခွန် ဆောင်ထားသော ပြေစာ
၎။ သက်တမ်းတိုးခ - စင်ကာပူ ဒေါ်လာ ၁၅၀ (ငွေသားဖြင့်သာ)

၆။ သက်သေခံလက်မှတ် (Certificate of Identity - C of I) အသစ်လုပ်ခြင်း

သက်သေခံလက်မှတ် အသစ်လုပ်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာသံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာ (မိဘများက လျှောက်ရပါမည်)
၂။ လျှောက်ထားသည့်လအထိ မိဘ၊ အုပ်ထိန်းသူများ၏ အခွန်ဆောင်ထားသော ပြေစာ
၃။ လက်ရှိသက်သေခံလက်မှတ် မူရင်း နှင့် မိတ္တူ (ရနိုင်လျှင်)
၎။ ကိုယ်ရေးမှတ်တမ်း (C.V Form)
၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံနှစ်ပုံ
၆။ စာအုပ် အသစ်လုပ်ခ - စင်ကာပူ ဒေါ်လာ ၃၀၀ (ငွေသားဖြင့်သာ)

၇။ အခွန်ဆောင်ခြင်း

ဝင်ငွေခွန် ထမ်းဆောင်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် အခွန်ဆောင်လိုကြောင်း လျှောက်လွှာ
၂။ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ
၃။ နောက်ဆုံးဆောင်ထားသည့် အခွန်ပြေစာ မူရင်း နှင့် မိတ္တူ
၎။ အခွန်ထမ်းဆောင်ရန် လိုအပ်သော ငွေကြေး (ငွေသားဖြင့်သာ)

အခွန်ဆောင်ရန် နှုံးထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

v ကျောင်းသား (ကျောင်းသားကဒ် နှင့် ကျောင်းထောက်ခံစာ လိုပါသည်) – S$ 20.00
v Maid (အိမ်ဖော်) – S$ 30.00
v Work Permit – S$ 40.00
v S Pass – S$ 80.00
v Permanent Resident (PR) – S$ 120.00
v EP - S$ 150.00

၈။ ပထမဆုံးအကြိမ် အခွန်ဆောင်ခြင်း

ဝင်ငွေခွန် ထမ်းဆောင်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် အခွန်ဆောင်လိုကြောင်း လျှောက်လွှာ
၂။ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ
၃။ မူရင်းလစာ ဖော်ပြထားသည့် ကုမ္ပဏီမှ စာ
၎။ EP/ S Pass / Work Permit ကဒ်များ၏ မူရင်း နှင့် မိတ္တူ
၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံတစ်ပုံ
၆။ ကိုယ်ရေးမှတ်တမ်း (C.V Form)
၇။ အခွန်ထမ်းဆောင်ရန် လိုအပ်သော ငွေကြေး (ငွေသားဖြင့်သာ)

၉။ Social Visit Pass အတွက် တစ်နှစ်သက်တမ်း ရှိသော ပတ်စ်ပို့ကို သက်တမ်းတိုးခြင်း

မြန်မာသံရုံးအနေနှင့် ထို ပတ်စ်ပို့ စာအုပ်များကို သက်တမ်းတိုးရန် အခွင့်မရှိပါ။ သို့သော် လိုအပ်ချက်များ အရ လျှောက်ထားလာသည့်အပေါ်တွင် လျှောက်လွှာ တစ်စောင်ချင်းစီကို စိစစ် ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။

၁၀။ အိမ်ဖော်၊ Maid၊ Foreign Domestic Workers

မြန်မာမိသားစုတွင် ခန့်ထားခြင်းမှ လွဲ၍ မြန်မာနိုင်ငံသား အမျိုးသမီးများ ကို နိုင်ငံခြားသားများ ထံတွင် အိမ်ဖော်အဖြစ် ခန့်ထားခြင်းကို မြန်မာသံရုံး အနေနှင့် အားလည်းမပေး၊ အသိအမှတ်လည်း မပြုပါ။ လူမှုရေး လိုအပ်ချက်များနှင့် အခြေအနေ တစ်ရပ်ရပ် အပေါ်တွင်သာ စဉ်းစားပေးမည် ဖြစ်ပါသည်။

၁၁။ ပတ်စ်ပို့ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း

ပတ်စ်ပို့ ပျောက်ဆုံး၊ ပျက်စီးလျှင် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် ပတ်စ်ပို့ ပျက်စီးကြောင်း၊ ပျောက်ဆုံးကြောင်း အသေးစိတ်
ဖော်ပြထားသော လျှောက်လွှာ
၂။ ရဲသို့ သတင်းပို့ထားသော စာ (ပျောက်ဆုံးခြင်း အတွက်သာ)
၃။ ပတ်စ်ပို့ မိတ္တူ
၎။ ကိုယ်ရေးမှတ်တမ်း (C.V Form)
၅။ လွန်ခဲ့သည့် သုံးလအတွင်းက ရိုက်ထားသော ပတ်စ်ပို့အရွယ် ဓါတ်ပုံနှစ်ပုံ
၆။ ပတ်စ်ပို့ ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် ဒါဏ်ငွေ (ငွေသားဖြင့်သာ)

၁၂။ သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ ရည်ညွှန်းရန် လိုအပ်သော ဆောင်ရွက်ချက်များ

၁။ ယခုမှ မွေးဖွားလာသော ကလေးများအတွက် မိခင်၏ ပတ်စ်ပို့အတွင်း ကလေးနာမည် ထည့်သွင်းခြင်း
၂။ အခြေအနေ ပြောင်းလဲခြင်း (အလုပ်လုပ်သူမှ မှီခိုအဖြစ်ပြောင်းခြင်း၊ မှီခိုမှ အလုပ်လုပ်သူ အဖြစ် ပြောင်းခြင်း၊ ရာထူးပြောင်းခြင်း၊ ၀င်ငွေပြောင်းခြင်း စသည်)
၃။ ကလေးကို မိခင်၏ ပတ်စ်ပို့စာအုပ်မှ ခွဲထုတ်ကာ သီးသန့် သက်သေခံ လက်မှတ် ပြုလုပ်ခြင်း
၎။ သီးသန့် သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ကလေး၏ နာမည်ကို မိခင်၏ ပတ်စ်ပို့အတွင်း ထည့်သွင်းခြင်း
၅။ သင်္ဘောသားအဖြစ်မှ ကုန်းပေါ်အလုပ် သို့မဟုတ် ကုန်းပေါ်အလုပ်မှ သင်္ဘောသား အဖြစ် ပြောင်းလဲခြင်း

အထက်ပါ ဆောင်ရွက်ချက်များအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ၀န်ကြီးဌာနများ သို့ ရည်ညွှန်းရမည် ဖြစ်ပါသဖြင့် ကြိုတင် ဆောင်ရွက် ထားရန် လိုအပ်ပါသည်။

၁၃။ ကိုယ်စားလှယ် လွှဲစာကို ထပ်ဆင့်ထောက်ခံခြင်း

ကိုယ်စားလှယ် လွှဲစာကို ထပ်ဆင့်ထောက်ခံခြင်း အတွက် -
၁။ ကိုယ်စားလှယ် လွှဲစာတွင် အခွန်တော်တံဆိပ်ခေါင်း ပါရမည်။
၂။ သက်သေ နှစ်ဦး၏ လက်မှတ် ပါရှိရမည်။
၃။ သက်သေများ၏ ပတ်စ်ပို့နံပါတ်၊ မှတ်ပုံတင်နံပါတ်၊ လိပ်စာ စသည်တို့ ပါရှိရမည်။
၎။ ကိုယ်စားလှယ်လွှဲမည့်သူသည် မြန်မာသံရုံးသို့ လူကိုယ်တိုင်လာ၍ ကောင်စစ်အရာရှိ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးရ ပါမည်။ (ဤသို့လာရာတွင် ပတ်စ်ပို့ မူရင်းပါ ယူဆောင်လာရပါမည်။)
၅။ ကိုယ်စားလှယ်လွှဲစာ မိတ္တူ ပါရမည်။

၁၄။ လက်မှတ်များကို ထပ်ဆင့်ထောက်ခံခြင်း

မွေးစာရင်း၊ လက်ထပ်စာချုပ်၊ ဘွဲ့လက်မှတ်၊ ဒီပလိုမာ အောင်လက်မှတ်၊ ယာဉ်မောင်းလိုင်စင် စသည်တို့ကို ထပ်ဆင့် ထောက်ခံပေးရန် လိုအပ်ပါက ထိုလက်မှတ် ကို မြန်မာသံရုံးသို့ မတင်ပြမီ မြန်မာပြည်ရှိ လိုင်စင်ရ နိုတြီပတ်ဗလစ် ထံတွင် နိုတြီလုပ်ပြီး ဖြစ်ရမည့် အပြင် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အသိအမှတ်ပြု ထောက်ခံချက်ပါ ရယူပြီး ဖြစ်ရန် လိုပါသည်။

၁၅။ မှီခိုလျှောက်ခြင်း

မှီခိုလျှောက်ခြင်း အတွက် အောက်ပါ စာရွက်စာတမ်းများ တင်ပြရပါမည်။
၁။ မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာ
၂။ မှီခိုလျှောက်မည့်သူ၏ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ
၃။ အမှီခိုခံမည့်သူ၏ ပတ်စ်ပို့ မူရင်း နှင့် မိတ္တူ
၃။ အမှီခိုခံမည့်သူ၏ ယခုလထိဆောင်ထားသည့် အခွန်ပြေစာ မူရင်း နှင့် မိတ္တူ
၎။ မှီခိုလျှောက်ထားခ (ငွေသားဖြင့်သာ)


၁၆။ အလုပ်မလုပ်ကြောင်း ထောက်ခံစာ

စင်ကာပူတွင် နေထိုင်ပြီး အလုပ် မလုပ်သူများအတွက် အခွန်ဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရရန် အလုပ်မလုပ်ကြောင်း ထောက်ခံစာ လိုပါမည်။ ထိုထောက်ခံစာကို မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာ ဖြင့် လျှောက်ထား ရယူ နိုင်ပါသည်။ လျှောက်လွှာကြေး S$ 8.00 ဖြစ်ပါသည်။ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာလည်း အလားတူပင် ဖြစ်ပါသည်။

၁၇။ နာမည်ပြောင်းခြင်း
နာမည်မှားယွင်းနေသဖြင့် ပြင်ဆင်လိုလျှင် မြန်မာ သံအမတ်ကြီးထံ လိပ်မူထားသည့် လျှောက်လွှာဖြင့် လျှောက်ထား နိုင်ပါသည်။ ပတ်စ်ပို့စာအုပ် မူရင်း ယူသွားရပါမည်။ ပတ်စ်ပို့စာအုပ်ထဲ တွင် နာမည်မှန်ကို ရေးထည့်ပြီး တံဆိပ်တုံး ထုပေးပါ လိမ့်မည်။ နာမည်မှန်ပြောင်းခ S$ 150 ဖြစ်ပါသည်။ မြန်မာပြည်မှ ထုတ်ပေးထားသော ပတ်စ်ပို့များအတွက် မြန်မာပြည် ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပြန်ပြီး ရည်ညွှန်းရမည် ဖြစ်သဖြင့် ဆောင်ရွက်ချိန် အနည်းဆုံး တစ်လခွဲခန့် ကြာမည် ဖြစ်ပါသည်။
အခြားမည်သည့် အကြောင်းကြောင့်ဖြစ်စေ ပြည်ပရောက် မြန်မာ နိုင်ငံသားများ အနေနှင့် အကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာသံရုံးနှင့် ဆက်သွယ် ဆောင်ရွက်သင့် ပါသည်။

Build Your Future VI

၃၊ ၅။ လေယာဉ်ကွင်း ၀င်ခြင်း နှင့် Check-in လုပ်ခြင်း

မိမိ၏ မောင်၊ သား၊ တူ စသည်တို့ နိုင်ငံခြားသို့ အလုပ်လုပ်ရအောင် သွားတော့မည် ဆိုတော့ မည်သူမဆို လေယာဉ်ကွင်းသို့ လိုက်ပါ ပို့ဆောင် လိုပါလိမ့်မည်။ သို့ ပို့ဆောင်လိုသူ များ အနေနှင့် လေယာဉ်ကွင်း သို့ အသွားတွင် မိမိတို့၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ယူဆောင် သွားရန် မမေ့ သင့်ပါ။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

လေယာဉ်လက်မှတ် ယူပြီးကတည်းက လက်မှတ်ပေါ်တွင် Check-in အချိန်ကို တပါတည်း ရေးလည်းရေး ပါးစပ်နှင့်လည်း ပြောလိုက် ပါလိမ့်မည်။ ထို အချိန်ကို မမေ့သင့်ပါ။ သို့မဟုတ် ပါကလည်း Check-in အချိန်သည် လေယာဉ် ထွက်မည့် အချိန်ထက် နှစ်နာရီ စောသည်ဟု အလွယ်မှတ် ထားလျှင်လည်း ရပါသည်။ သို့ဖြစ်လေရာ နံနက် ၁၀ နာရီ ထွက်ခွာမည့် လေယာဉ် အတွက် နံနက် ၈ နာရီတွင် Check-in လုပ်မည် ဖြစ်သည့်အတွက် အိမ်မှ အနည်းဆုံး နံနက် ၇ နာရီကျော်တွင် ထွက်ခွာသင့်ပါသည်။
ခရီး ထွက်ခွာမည့် သူသည် ပတ်စ်ပို့ နှင့် လေယာဉ် လက်မှတ်ကို အဆင်သင့် ဆောင်ထားရပါမည်။ လေယာဉ်ကွင်း အတွင်း ၀င်လျှင် ထို ပတ်စ်ပို့နှင့် လေယာဉ် လက်မှတ်ကို ပြရန်လိုပါသည်။ အားလုံး အဆင်သင့် ဖြစ်သည်နှင့် မင်္ဂလာဒုံ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာနိုင်ပါပြီ။
လိုက်ပါ ပို့ဆောင်သူများအတွက် လေဆိပ်အ၀င် လက်မှတ်ကို လေဆိပ်အ၀င်ဝ တွင်ပင် ပြုလုပ်ရ ပါသည်။ ဤတွင် လိုက်ပါ ပို့ဆောင်သူများ ၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြားနှင့် လိပ်စာ၊ ဆက်သွယ်ရန် နံပါတ် စသည်တို့ လိုပါသည်။
လေဆိပ်အတွင်း ၀င်မိသည်နှင့် ပထမဆုံး လုပ်ရမည်မှာ လေဆိပ်ခွန် ဆောင်ခြင်း ဖြစ်ပါသည်။ လေယာဉ်စီး ခရီးသည် တစ်ဦးလျှင် ဆောင်ရမည့် လေဆိပ်ခွန် (Airport Tax) မှာ ၅၀၀ ကျပ် ဖြစ်ပါသည်။ လေဆိပ်ခွန် ဆောင်ပြီးသည်နှင့် သိပ်ထွေလီကာလီ စဉ်းစား မနေတော့ဘဲ လိုက်ပါ ပို့ဆောင် သူများကို နှုတ်ဆက်ပြီး Check-in လုပ်ရပါသည်။
Check-in လုပ်သည်ဆိုခြင်းမှာ မိမိ သယ်ဆောင်လာသော အထုပ်အပိုး များကို ချိန်တွယ်ပြီး အထုပ်များ ကို နံပါတ်ကပ် ကာ မိမိကိုလည်း လက်ခံ တစ်ရွက်ပေးခြင်း၊ ပတ်စ်ပို့နှင့် လေယာဉ် လက်မှတ် ကို တိုက်ဆိုင်ကြည့်ကာ လေယာဉ် လက်မှတ်ပေါ် တွင် ထိုင်ခုံနေရာ ကပ်ပေးခြင်း စသည်တို့ကို ခေါ်ပါသည်။ Check-in လုပ်ခြင်းကို လေယာဉ် ထွက်ခွာမည့် အချိန်ထက် မိနစ် ၄၀ စော၍ ပိတ်ပါသည်။ သို့အတွက် စောစော သွား၍ Check-in လုပ်သင့်ပါသည်။ မိမိ အထုပ် အတွက် ပေးသော အထုပ်ရွေး လက်မှတ် (Baggage Claim Receipt) ကို သေသေ ချာချာ သိမ်းထားပါ။ မိမိ အထုပ်ရွေးရာ၌ အသုံးတည့် နိုင်ပါသည်။
Check-in လုပ်ပြီးသည်နှင့် လေဆိပ်ထဲ တန်းဝင်ရ ပါတော့သည်။ ဤတွင် မိမိနှင့်အတူ ပါလာသော လက်ဆွဲ အထုပ် အပိုးများကို X-Ray ဖြတ်ပြီး စစ်ဆေး ပါသည်။ အထုပ်များ စစ်ပြီး သောအခါ နောက်တစ်ဆင့် အနေနှင့် မိမိ ခန္ဓာကိုယ် ကို စစ်ဆေးပါသည်။ ဤသို့ စစ်သည့်အခါ မိမိတွင် ပါလာသော လက်ကိုင် ဖုံး၊ သော့တွဲ၊ သတ္တု ဖောင်တိန်၊ ပိုက်ဆံအိတ် စသည် တို့ကို ထုတ်ပြီး ဗန်းကလေး အတွင်း ထည့်ပေး ထားရပါသည်။
ထို့နောက် လူဝင်မှု ကြီးကြပ်ရေး (Immigration) ကို ဖြတ်ရ ပါသည်။ လူဝင်မှု ကြီးကြပ်ရေး တွင် သူတို့ ပေးသော ပုံစံကို ဖြည့်ပြီး ပြည်ပ ထွက်ခွာခွင့် (D-Form) ကို ပြရပါသည်။ ထို D-Form နှင့် အတူ D-Form လုပ်စဉ်က ဘဏ် (၃) တွင် ငွေသွင်း ထားသော ငွေသွင်းချလံ ကိုပါ ပူးတွဲ တင်ပြ ရပါသည်။ (ငွေသွင်းချလံ ကို လေဆိပ်သို့ ယူခဲ့ရန် မမေ့ပါနှင့်)။
အားလုံးပြီးလျှင် လေဆိပ် အတွင်း စောင့်ဆိုင်းခန်းမ၌ လေယာဉ် ပေါ်တက်ရမည့် အချိန်ကို နားနားနေနေ စောင့်ဆိုင်း နေရပါသည်။ အပေါ့ အလေး သွားလိုလျှင် သွားနိုင်ပါသည်။ လေယာဉ် ထွက်ခွာမည့် အချိန်ထက် တစ်နာရီ စော၍ လေယာဉ် ပေါ်တက် (Boarding) ရပါသည်။ ထို့နောက် လေယာဉ်ပေါ် တက်ရန် ကြေငြာ သောအခါ မိမိ ပတ်စ်ပို့၊ လေယာဉ် လက်မှတ် စသည်တို့ကို အဆင်သင့် ကိုင်ဆောင်ကာ လေယာဉ်ပေါ် တက်ရပါသည်။
လေယာဉ် ထွက်ခွာမည့် အချိန်ထက် မိနစ် ၂၀ စောပြီး ၀င်ပေါက်ပိတ်ရာ လေယာဉ်ပေါ်သို့ စောစီးစွာ တက်ထား လျှင် ပိုကောင်းပါသည်။ နောက်ကျမှ တက်လျှင် လေယာဉ်ပေါ်ရှိ အထုပ်များ ထားရာနေရာ (overhead apartment) ၌ အခြား သူများ၏ အထုပ်အပိုး များနှင့် ပြည့်နေသောကြောင့် မိမိထိုင်ခုံ နေရာတွင် မိမိအထုပ် ထားစရာ နေရာမရှိ ဖြစ်တတ်ပါသည်။ ထိုအခါ လေယာဉ်မယ် များက မိမိ အထုပ်ကို အခြား လွတ်သော နေရာ တစ်နေရာသို့ သွားထား ပါလိမ့်မည်။ သို့အတွက် ပြန်ဆင်းသော အခါ အထုပ် ပြန်ယူရန် အဆင်မပြေ ဖြစ်တတ်ပါသည်။
မိမိ အထုပ်အပိုးများကို ခေါင်းပေါ်ရှိ အထုပ်ထားသော စဉ်အတွင်း ထည့်ထားပါ။ မိမိ လက်ကိုင်အိတ်များကိုမူ မိမိ ကိုယ်နှင့် မကွာ ဆောင်ထား နိုင်ပါသည်။ သို့သော် ခြေချရာ နေရာတွင် မည်သည့် အထုပ်အပိုးမျှ မထားရပါ။ ထားလိုလျှင် ထိုင်ခုံ အောက်သို့ သွင်းထား ရပါမည်။ လေယာဉ်ပေါ် ရောက်ပြီး သိပ်မကြာမီ လေယာဉ် ထွက်ပါသည်။
၃၊ ၆။ လေယာဉ်စီးခြင်း

စီးနေကျ သူများအဖို့ ဘာမှ မထူးဆန်း သော်လည်း ယခုမှ လေယာဉ်စီးဖူး သူများအဖို့တော့ အတွေ့အကြုံသစ် ဖြစ်နေ ပါလိမ့်မည်။ လေယာဉ်ကြီး ပြေးလမ်းပေါ် နေရာယူပြီး ပျံတက်ရန် အားယူ ပြေးသွားချိန်၌ ရင်ထဲ လှိုက်ကနဲ ဖိုကနဲ ဖြစ်သွားကာ မိသားစုများနှင့် ခွဲခွာပြီး အမိ မြန်မာပြည်ကြီးမှ ထွက်ခွာ သွားရခြင်းအတွက် ၀မ်းပမ်း တနည်း အရသာကို ခံစားရ ပါလိမ့်မည်။ ထို အချိန်မှ စတင်ပြီး အိမ်ပြန်ရမည့် ရက်ကို ပြက္ခဒိန်ပေါ်တွင် အမှတ်များ ခြစ်ကာ စတင် မှတ်သားကြ ပါတော့သည်။
လေယာဉ်ပေါ် ရောက်သည်နှင့် အရေးပေါ် ထွက်ပေါက် ရှိရာများကို လေ့လာထားပါ။ လေယာဉ်တွင် ဦးပိုင်း၌ ဘယ်၊ ညာ ထွက်ပေါက်နှစ်ခု၊ အလယ်ပိုင်း၌ ဘယ်၊ ညာ ထွက်ပေါက် နှစ်ခု၊ ပဲ့ပိုင်း၌ ဘယ်၊ ညာ ထွက်ပေါက်နှစ်ခု စုစုပေါင်း အရေးပေါ် ထွက်ပေါက် ၆ ခု ရှိပါသည်။ ထိုထွက်ပေါက် များတွင် မီးအစိမ်းနှင့် EXIT ဟု ရေးထားပါသည်။
လေယာဉ်ကြီး မြေပြင်ပေါ်မှ လေထဲသို့ ပျံတက်ချိန်ကို Take off condition ဟု ခေါ်ပါသည်။ လေယာဉ်ကြီး ဝေဟင် မှ မြေပြင်သို့ ပြန်လည် ဆင်းသက်ခြင်းကိုမူ Landing condition ဟု ခေါ်ပါသည်။ ထို Take-off နှင့် Landing အချိန်များတွင် -

Ø ထိုင်ခုံ ခါးပတ်များ (Seat Belts) ကို ပတ်ထားပါ။
Ø Hand Phone, Radio, Cassette, CD Player, Laptop, Video Camera စသော အီလက်ထရောနစ် ပစ္စည်းများ (electronic devices) ကို ပိတ်ထားပါ။
Ø ဟိုဟို သည်သည် လျှောက်မသွားရ။ မိမိနေရာတွင်ပင် ထိုင်နေရပါမည်။
Ø ပြတင်းတံခါးများကို တင်ထားပါ။
လေယာဉ်အတွင်းပိုင်း မြင်ကွင်း
ကလေးပါလာသူများ အတွက် ထိုင်ခုံနေရာကို လေယာဉ်၏ ရှေ့ဆုံးတန်း ခုံများကို ရွေးချယ်ပေးလေ့ ရှိပါသည်။ ထိုရှေ့ဆုံး ခုံတန်းတွင် ကလေးများ အိပ်ရန် အိပ်စင် ပါပါသည်။ လေယာဉ် တက်ချိန်၊ ဆင်းချိန်များ တွင် လေထု ဖိအား ပြောင်းလဲ မှုကြောင့် နားအတွင်း နားစည်များကို မထိခိုက်စေရန် ကလေး ပါလာသူများ ကလေးငယ်များ ၏ နားကို နားကြပ် သို့မဟုတ် ဂွမ်း ဖြင့် ဆို့ထားပေး သင့်ပါသည်။
လေယာဉ်ကြီး လေထဲသို့ လုံးဝရောက်သွား ချိန်တွင် လေယာဉ်မယ် ကလေးများမှ နေ့စဉ်ထုတ် သတင်းစာများ စတင် ဝေငှပါသည်။ Silk Air လေယာဉ် များတွင် စင်ကာပူထုတ် Straits Times သတင်းစာနှင့် Todays သတင်းစာများ ဝေငှပါသည်။ အအေးကြောက် သူများ ခြုံစောင်များ တောင်းယူ နိုင်ပါသည်။ ထို့နောက် တွင် White Card များဝေငှခြင်း၊ ရေ နှင့် လိမ္မော်ရည် စသော အအေးများ ဝေငှခြင်းများ စတင် ပြုလုပ်ပါ သည်။ ပြတင်း တံခါးများကိုလည်း မ တင်ကာ ဖွင့်လှစ်နိုင်ပြီ ဖြစ်ပါသည်။ သီချင်း နားထောင် လိုသူများ နားထောင်လို့ ရပါပြီ။
နောက်အစီအစဉ် တစ်ခုမှာ အစားအသောက် ကျွေးမွေးခြင်း ဖြစ်ပါသည်။ လိမ္မော်ရည်၊ လဖက်ရည်၊ ကော်ဖီ တို့ အပြင် ထမင်း၊ ထမင်းကြော် စသည်တို့ ကျွေးပါသည်။ ယမကာ အနေနှင့် ဘီယာ ကြိုက်သူများ ဘီယာ သောက်နိုင် ပါသည်။ ၀ိုင်လည်း မှာ၍ ရပါသည်။
သို့သော် မြင်မကောင်းအောင် နင်းကန်မှာဘို့ တော့ မကောင်းပါ။ သိက္ခာ ကျပါသည်။

လေယာဉ်ပေါ်တွင် ကျွေးမွေးသော အစားအစာများ

၃၊ ၇။ White Card (Disembarkation/Embarkation Form) ဖြည့်ခြင်း

White Card သည်လည်း အရေးကြီးသော စာရွက်စာတမ်း တစ်ခုဖြစ်ပါသည်။ White Card ကို မိမိ ပတ်စ်ပို့အတွင်း ထည့်ထားပြီး မပျောက်ပျက် ရလေအောင် ဂရုတစိုက် သိမ်းဆည်းထားပါ။ Work Permit သို့မဟုတ် S Pass ထုတ်သည့် အခါတွင်သော် လည်းကောင်း၊ အလည်လာသူများ အဖို့ စင်ကာပူ နိုင်ငံမှ ပြန်လည် ထွက်ခွာချိန်တွင် လည်းကောင်း လူဝင်မှု ကြီးကြပ်ရေး သို့ ပြန်လည် အပ်နှံရန် လိုပါသည်။ အလည်လာသူများ အဖို့ လူဝင်မှု ကြီးကြပ်ရေး အရာရှိများက စစ်ဆေး လာလျှင် အချိန်မရွေး ထုတ်ပြနိုင်အောင် အမြဲ ဆောင်ထားရပါမည်။
ထို့ပြင် မိမိနှင့်အတူ စင်ကာပူဒေါ်လာ သုံးသောင်းကျော် သို့မဟုတ် ထို ပမာဏနှင့် ညီမျှသော နိုင်ငံခြားငွေ ပါလာပါ က ပုံစံ NP 727/A/B/C တွင်ဖြည့်ကာ ဖော်ပြ (declare လုပ်) ရပါမည်။
စားသောက်ပြီး လျှင် White Card ဖြည့်ရပါမည်။ ဖြည့်တတ်သူအများအဖို့ မထောင်းတာ သော်လည်း မဖြည့်တတ်သူများ ဘယ်က ဘယ်လို စကိုင်ရမှန်း မသိမဖြစ်ရလေအောင် ဤတွင် White Card ဖြည့်ပုံဖြည့်နည်း နမူနာကိုပါ ထည့်သွင်း ဖော်ပြ လိုက်ပါသည်။
စင်ကာပူသို့ ယခုမှ ပထမဆုံး စတင်လာသူများ၊ အလည် လာသူများ အနေနှင့်သာ White Card ဖြည့်ရန် လိုပြီး Work Pass တစ်ခုခု, EP Card, SPR Card, Long Term Pass စသည် ကိုင်ဆောင် ထားသူများ အနေနှင့် ဖြည့်ရန် မလိုပါ။ ကလေးများ အတွက်ပါ ဖြည့်ရန် လိုပါသည်။
White Card ဖြည့်ရာတွင် BLOCK LETTER (အင်္ဂလိပ်စာလုံး အကြီး) နှင့်သာ ဖြည့်ရပါမည်။ မှင် အနက်ဖြစ်စေ၊ အပြာ ဖြစ်စေ သုံးပြီး ဖြည့်ပါ။ မှင်အနီ မသုံးရပါ။ ပေးထားသော အကွက် တစ်ကွက်တွင် အက္ခရာ တစ်လုံးသာ ဖြည့်ရပါမည်။
White Card ၏ တစ်မျက်နှာ ထဲတွင်ပင် အပိုင်းသုံးပိုင်း ခွဲထားတာ တွေ့ရပါ လိမ့်မည်။ ဤတွင် တစ်ပိုင်းချင်း ဖြည့်ပြထား ပါသည်။


၃၊ ၈။ စင်ကာပူလေယာဉ်ကွင်းသို့ ရောက်ရှိခြင်း နှင့်
လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ဖြတ်ကျော်ခြင်း

ရန်ကုန် မှ ၃ နာရီခန့် ပျံသန်းခဲ့ပြီးနောက် စင်ကာပူ ချန်ဂီ လေဆိပ်သို့ ဆိုက်ရောက်ပါသည်။
စင်ကာပူ ချန်ဂီ လေဆိပ်

လေယာဉ်ဆင်းချိန်တွင် လည်း တက်ချိန်မှာ ကဲ့သို့ပင် လက်ကိုင်ဖုံးများ၊ ကွန်ပြူတာများ၊ စီဒီ ပလေယာ များကို ပိတ်ထားရပါမည်။ ပြတင်း တံခါးများ ကို တင်ထားကာ ခါးပတ်များကို ပတ်ထားလျှက် ဟိုဟို သည်သည် လျှောက် မသွားဘဲ မိမိနေရာ တွင်ပင် ထိုင်နေရပါမည်။ လေယာဉ် လုံးဝ ရပ်သွားပြီ ဆိုမှ မိမိ အထုပ်အပိုး များကို ခေါင်းပေါ် ထပ်ခိုးအခန်း ထဲမှ ထုတ်ယူရပါမည်။ ထို ထပ်ခိုးအဖုံးကို ဖွင့်သော အခါ အထဲမှ အထုပ်များ ထွက်ကျ လာတတ်သဖြင့် သတိနှင့် ဖွင့်ရပါမည်။
ထို့နောက်တော့ အများနှင့်အတူ မျှော့လိုဏ် ချယ်နယ် အတွင်းမှ ဖြတ်ကာ ချန်ဂီလေဆိပ် အတွင်း ၀င်ရပါသည်။ သိပ် မခဲယဉ်းပါ။ Exit ဟု ရေးထားသော လမ်းကြောင်း အတိုင်း လိုက်သွားလိုက်ရုံသာ ဖြစ်ပါသည်။ အထုပ်အပိုး များကို ရွေ့လျား ခါးပတ်ပေါ် တင်ကာ သက်တောင့်သက်သာ သွားနိုင် ပါသည်။
စင်ကာပူ ချန်ဂီလေဆိပ်သည်ကား အလွန် ခရီးသွားများသော လေဆိပ်ဖြစ်ပါသည်။ ကမ္ဘာ့ လေဆိပ်များအနက် တတိယ လိုက်သော လေဆိပ် ဖြစ်ပါသည်။ အနီးမှ စောင့်ကြည့်နေ လျှင် နံနက်ပိုင်း၌ ထွက်ခွာရန် တန်းစီ စောင့်ဆိုင်းနေသော လေယာဉ်ကြီးများ ကို အတန်းလိုက် မျက်စိတစ်ဆုံး တွေ့ရမည် ဖြစ်ပါသည်။ ချန်ဂီလေဆိပ်မှ ခရီးသွားသူ ဦးရေမှာ တစ်နှစ်လျှင် ၂၄ သန်းမျှပင် ရှိပါသည်။
ထို့ပြင် ၀န်ဆောင်မှု မှာလည်း အလွန် မြန်ပါသည်။ လေယာဉ်ပေါ်မှ ထွက်လာပြီး လေဆိပ်မှ ထွက်ခွာသည်ထိ လ.၀.က ဖြတ်ခြင်း၊ ပစ္စည်း ရွေးခြင်း၊ အကောက်ခွန် ဖြတ်ခြင်း စုစုပေါင်း နာရီဝက်ထက် ပိုမကြာပါ။
လေဆိပ်အတွင်း ရောက်သည်နှင့် ပထမဆုံး ဖြတ်ရသည်မှာ လ.၀.က (Immigration) ဖြစ်ပါသည်။ General Passport ဟု ရေးထားသော ကောင်တာတွင် တန်းစီပါ။ ပတ်စ်ပို့ နှင့် White Card, IPA Letter, Work Permit, S Pass, PR Card စသည်တို့ကို အဆင်သင့် ထုတ်ထားပါ။ မိမိအလှည့် ရောက်လျှင် ထို စာရွက်စာတမ်းများ ကို ထုတ်ပြီး လ.၀.က အရာရှိသို့ ပြပါ။ မိမိစာအုပ် အတွင်း အ၀င် တံဆိပ်တုံး ထုပေးလိုက် ပါလိမ့်မည်။
ယခုမှ အသစ် ရောက်လာသော Work Permit, S Pass စသည့်သူများ မှာ မိမိဘာသာ ၀င်လို့မရ။ အလုပ်ရှင် ဘက်မှ တစ်ဦးဦးသည် IPA Letter မူရင်း၊ Security Deposit (Banker’s Guarantee) မူရင်း စသည်များကို ကိုင်ကာ မိမိ အလုပ်သမား များကို လေယာဉ် ကွင်းတွင် လာကြိုရပါသည်။
Visit Pass နှင့်လာသူများသည် မိမိကို ဖိတ်ခေါ် ထားသော Sponsor Letter ကိုပါ ပြရန် လိုပါသည်။ ထို့ပြင် စင်ကာပူ နိုင်ငံအတွင်း ဆက်သွယ်နိုင်မည့် မိတ်ဆွေ တစ်ဦးဦး၏ တယ်လီဖုံးနံပါတ် ကိုလည်း တောင်းတတ်ပါသည်။ (အပြင်မထွက်မီ) လေယာဉ်ကွင်း အတွင်းတွင် အခမဲ့ ဆက်၍ရသော ဖုံးများရှိပါသည်။ လေယာဉ်ကွင်း ရောက်ပြီ ဖြစ်ကြောင်းမိမိ မိတ်ဆွေ၊ သူငယ်ချင်းများသို့ ဆက်သွယ် အကြောင်းကြား နိုင်ပါသည်။
လေဆိပ် အတွင်းတွင် အခွန်လွတ် (Duty Free) ဆိုင်များ ရှိပါသည်။ အပြင်ဆိုင်များ ထက် ဈေးသက်သာသည် ဟု ဆိုပါသည်။ အရက်မျိုးစုံ၊ ဆေးလိပ် နှင့် အမွှေးနံ့သာ မျိုးစုံ၊ လက်ဆောင်ပစ္စည်း၊ စာအုပ်၊ အ၀တ်အစားများ၊ အီလက်ထရောနစ် ပစ္စည်းများ ရောင်းချပေးပါသည်။ သို့သော်လည်း အကန့်အသတ်တော့ ရှိပါသည်။ အခွန်လွတ် ၀ယ်လို့ရသော အရေအတွက် မှာ အရက်ဆိုလျှင် တစ်လီတာ၊ စီးကရက်ဆိုလျှင် အလိပ် ၂၀၀၊ ဘီယာ သုံးဗူး စသဖြင့် ဖြစ်ပါသည်။ ထို အရေအတွက်ထက် ပိုလျှင်မူ အခွန်ပေးရ ပါလိမ့်မည်။
အခမဲ့သုံး၍ရသော အင်တာနက် ကဖေးများလည်း ရှိပါသည်။ မိမိသိလိုသည့် အချက်အလက်များကို ချက်ခြင်း ရှာနိုင် ပါသည်။
လမ်းတစ်လျှောက် လေယာဉ် ၀င်ချိန်ထွက်ချိန်၊ သွားရမည့်နေရာ၊ ခရီးဆောင်အိတ်များ ရွေးရမည့် ခါးပတ်ပြား နံပါတ် စသည်တို့ကို ဖော်ပြပေးနေသည့် ကွန်ပြူတာ ဖန်သားပြင်များ ကို တွေ့ရပါလိမ့်မည်။ ထို ဖန်သားပြင် များကို ကြည့်ပြီး မိမိ လာသော (Yangon) မှ လေယာဉ်စီး ခရီးသည်များ သည် မည်သည့် ခါးပတ် နံပါတ်တွင် ပစ္စည်း ရွေးရမည်ကို သိနိုင်ပါသည်။ ထိုခါးပတ်နား တွင် သွားပြီး မိမိအထုပ် ပေါ်လာသည် ထိ စောင့်ပါ။ အထုပ် အားလုံးမှာ ခပ်ဆင်ဆင် ဖြစ်သဖြင့် သူများ ပစ္စည်းနှင့် ကိုယ့်ပစ္စည်း မှားတတ်သည်။ သတိပြုပါ။ အားလုံး ပစ္စည်းများ ရွေးယူပြီး သွားသည့်တိုင် မိမိ အထုပ်ကို မတွေ့ရပါက အခြားသူ တစ်ဦးဦး မိမိ၏ အထုပ်ကို မှားယူသွားပြီ ဖြစ်ကြောင်း သိနိုင်ပါသည်။ ထိုအခါတွင် လေဆိပ်အတွင်းရှိ Lost and Found ဌာနသို့ သွားရောက်ကာ ချက်ခြင်း အကြောင်းကြားပါ။ မိမိ၏ ဆက်သွယ်ရမည့် နံပါတ်ကိုလည်း သေသေချာချာ ပေးလိုက်ပါ။
ပစ္စည်းများ ရွေးပြီးလျှင် လေဆိပ်အပြင်သို့ ထွက်လို့ ရပါပြီ။ ဤသို့ ထွက်ရာတွင် ဂိတ်ပေါက် နှစ်ခု ရှိပါသည်။ တစ်ခုမှာ အစိမ်းရောင် Green Channel ဖြစ်ပြီး နောက်တစ်ခုမှာ အနီရောင် Red Channel ဖြစ်ပါသည်။
အကောက်ခွန်သို့ ကြေငြာစရာ (Declare) ဘာပစ္စည်းမှ မပါသူများ အဖို့ အစိမ်းရောင် အပေါက်မှ ထွက်ခဲ့လို့ ရပါသည်။ သို့သော် အကောက်ခွန် ကြေငြာစရာ ကျောက်သံပတ္တမြား၊ စင်ကာပူဒေါ်လာ ၃သောင်းကျော်ပါလာသူများ အဖို့ အနီရောင် လိုင်းကိုသွားကာ အကောက်ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရ ပါမည်။
ထို့နောက်တွင် မတော့ စင်ကာပူနိုင်ငံ အတွင်းသို့ ချောမောစွာ ၀င်ရောက် လာနိုင်ပါပြီ။ လာကြိုသူ မိတ်ဆွေများ နှင့် အတူ တက္ကစီဖြင့်ဖြစ်စေ၊ ဘတ်စ်ကားဖြင့်ဖြစ်စေ၊ ရထား (MRT) နှင့်ဖြစ်စေ မိမိလိုရာသို့ ခရီးဆက်နိုင်ပြီ ဖြစ်ပါသည်။
၃၊ ၉။ စင်ကာပူနိုင်ငံအတွင်းသို့ သယ်ဆောင်လာခွင့်မရှိသော ပစ္စည်းများ

v အခွန်မဆောင်ထားသော စီးကရက် နှင့် အရက်များ (SDNP – Singapore Duty Not Paid)
v ငုံဆေး၊ ဗမာဆေး
v ပီကေ
v သေနတ်ပုံစံ ရှိသော ဆေးလိပ်မီးညှိသည့် မီးခြစ်များ
v ကန့်သတ်ထားသော ဆေးဝါးများ*
v ရှားပါးတိရိစ္ဆာန်များ နှင့် ၎င်းတို့၏ ဘေးထွက်ပစ္စည်းများ (ဥပမာ - ဆတ်ချို၊ ကျားသားရေ၊ ဆင်စွယ် စသည်)
v မီးရှုး၊ မီးပန်းများ၊ ဗျောက်အိုးများ
v ညစ်ညမ်း စာအုပ်၊ ဗီဒီယို တိပ်ခွေ၊ စီဒီ၊ ဒီဗီဒီ နှင့် software များ
v မူပိုင်ခွင့်မှတ်ပုံတင်ထားသော စာအုပ်စာတမ်း၊ စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီ မိတ္တူများ
v အစိုးရတစ်ရပ်ကို ပုန်စားပုန်ကန်ပြုရေး အားပေး အားမြှောက် ပြုထားသော စာအုပ်စာတမ်း၊ ဟောပြောချက် စသည့် ပစ္စည်းများ
v ကစားစရာ အဖြစ်ပြုလုပ် ထားသော ကစားစရာ ပိုက်ဆံ နှင့် ငွေအကြွေများ

* ဗဟုသုတ အဖြစ်ပြောရလျှင် စင်ကာပူနိုင်ငံ အတွင်းသို့ တင်သွင်းရန်၊ စင်ကာပူနိုင်ငံအတွင်း ရောင်းဝယ် ဖောက်ကားရန်၊ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ရန်၊ သုံးစွဲရန်၊ သိုလှောင်ရန် စင်ကာပူ မူးယစ် ဆေးဝါးအဖွဲ့မှ ကန့်သတ် ထားသော (အက်ဆီတုန်း၊ ဆာလဖျူရစ် အက်ဆစ်၊ ဟိုက်ဒြိုကလိုရစ် အက်ဆစ် ကဲ့သို့သော) ပစ္စည်း ၂၃ မျိုး ရှိပါသည်။ ထိုပစ္စည်းများကို သယ်ဆောင်၊ တင်သွင်း၊ တင်ပို့၊ သုံးစွဲ၊ ရောင်းဝယ်၊ သိုလှောင်ရန် အတွက် စင်ကာပူ မူးယစ် ဆေးဝါးအဖွဲ့မှ လိုင်စင် ယူရပါသည်။ ထိုပစ္စည်းများ ကို လိုင်စင်မရှိဘဲ တင်သွင်း ရောင်းဝယ်ခြင်း ပြုပါက အလွန် ကြီးလေးသော ဒါဏ်ငွေနှင့် ထောင်ဒါဏ်များ ချမှတ်နိုင်ပါသည်။
ထိုပစ္စည်းများ အကြောင်းနှင့် လိုင်စင်များ၊ ဒါဏ်ကြေးများ အကြောင်း သိလိုပါက http://www.cnb.gov.sg/ တွင် ၀င်ရောက် လေ့လာနိုင်ပါသည်။
အထက်ပါ ပစ္စည်းများ သယ်လာရန် အကြောင်း ပေါ်ပေါက်လာပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း များ၏ ကင်းလွတ်ခွင့်၊ ခွင့်ပြုမိန့် စာရွက် စာတမ်းများ ယူဆောင်လာရပါမည်။ ဥပမာ - ကြိုတင် အသံသွင်းထားသော တိပ်ခွေ၊ စီဒီ၊ ဗီစီဒီ များအတွက် သတင်းနှင့် ပြန်ကြားရေးဌာနမှ ဆင်ဆာ စစ်ဆေးပြီး ကြောင်းလက်မှတ်။