Thursday, November 13, 2008

Myanmar Sar

မြန်မာစာ

ကိုင်း၊ ရေးလိုက်တာ တော်တော် ကဏ္ဍစုံသွားပြီ။ သည်တစ်ခါ ကျွန်တော့်ရင်ထဲ မကျေမချမ်း ဖြစ်နေသော မြန်မာစာ အရေးအသားများနှင့် ပတ်သက်၍ ရေးချင်ပါသည်။ မြန်မာစာပေ အရေးအသားနှင့် ပတ်သက်၍ ကျောင်းများ တွင် ဘယ်ကဲ့သို့ သင်ကြားပေးနေသည်၊ ကျောင်းသားကျောင်းသူများကလည်း အဘယ်မျှ စိတ်ဝင်တစား လေ့လာသည် ကို ကျွန်တော် မသိပါ။ သို့သော် စာစောင်များ၊ မဂ္ဂဇင်းများ၊ အင်တာနက် စာမျက်နှာများတွင် တွေ့ရသည့် အရေးအသား များ နှင့်ပတ်သက်၍ ဘ၀င်မကျစရာ ကလေးများ တွေ့ရသဖြင့် အနည်းငယ် သတိပေးလို သောကြောင့် ရေးလိုက်ခြင်း ဖြစ်ပါ၏။
စင်စစ် ကျွန်တော်သည် မြန်မာစာပေ ပညာရှင်တစ်ဦး မဟုတ်သကဲ့သို့ မြန်မာစာပေ ကျွမ်းကျင်သူ တစ်ဦး၊ စာရေးဆရာ တစ်ဦးလည်း မဟုတ်ပါ။ သို့သော် မြန်မာစာပေကို အင်မတန် ၀ါသနာပါပါသည်။ မြန်မာစာပေနှင့် ပတ်သက်လျှင် မြန်မာစာနှင့် ရိုးရိုး ဘွဲ့ရထားသူတစ်ဦးထက်တော့ ပိုပြီးတီးမိ ခေါက်မိရှိသည် ဟု ကိုယ့်ကိုယ်ကိုယ် ထင်ပါသည်။ ၀ါသနာအလျှောက် မြန်မာစာပေနှင့် ပတ်သက်၍ စာအုပ်တော်တော်များများကို ဖတ်ဖူးသလို မြန်မာစာ အရေးအသား ကိုလည်း လေ့လာဖူးပါ၏။
ကျောင်းတွင် ပြဌာန်းထားသော မြန်မာစာ မှာ ပြည့်စုံ ကောင်းမွန်ပါ၏။ ကဗျာ၊ စကားပြေ၊ သဒ္ဒါ အားလုံး အဆင့် အတန်းမီစွာ ပြဌာန်းထားပါသည်။ သို့သော် စိတ်ဝင်တစား သင်ယူလိုသူ၊ သင်ကြားပေးလိုက်ပြီးနောက် လိုက်နာ ရေးသားသူ အရေအတွက်ကတော့ နည်းသေးသည် ထင်ပါ၏။ သို့မို့ကြောင့်သာ မြန်မာစာ အရေးအသား အမှားများကို နေရာတကာ တွေ့နေရခြင်း ဖြစ်ပါလိမ့်မည်။

ပထမဆုံး ပြောလိုသည်မှာ ကျွန်တော် အလွန်အင်မတန် နားကြားပြင်း ကပ်လှသော ကြွားစရာမဟုတ်တာကို ရှာကြံ ကြွားလုံးထုတ်ကြသူ ကိုပညာတတ်ကြီးများ အကြောင်းဖြစ်ပါ၏။ အဘယ်ကြောင့် ကျွန်တော် အင်မတန် နားကြားပြင်း ကပ်ရပါသနည်း။ သူရို့ကိုယ် သူရို့ ဘာများမှတ်နေသည် မသိ။ လူပုံအလယ်တွင် “ကျုပ်တို့ကတော့ဗျာ၊ ဟား ဟား တ-တလင်းချိတ် (တ-သံလင်းချိတ်) နဲ့ ထ၀င်ဘဲ(ထ၀မ်းဘဲ) တောင် မရေးတတ်တော့ဘူး” ဟု ကြွားစရာ မဟုတ်တာကို ဟန်ကြီးပန်ကြီး ကြွားလုံးထုတ် နေခြင်း ဖြစ်ပါ၏။ ဗမာဖြစ်နေပြီး ဗမာစာကို ကောင်းကောင်း မရေးတတ် ခြင်းသည် ရှက်စရာ မဟုတ်ဘဲ ဂုဏ်ယူစရာ တစ်ခု ဖြစ်ပါသလား။

(ကြားဖြတ်၍ပြောရလျှင် ယခု ကျွန်တော်ရေးနေသော စာသည် စာ အစစ် မဟုတ်ပါ။ ကိုယ် လျှာတွေ့သလို လျှောက်ရေး ထားခြင်း ဖြစ်ပါ၏။ အဘယ်ကြောင့် ဆိုသော် မိတ်ဆွေတို့ သတိထားမိမည် ဆိုပါက ကျွန်တော့်စာသည် စာတစ်ဝက်၊ စကားတစ်ဝက် ရောရေးထားကြောင်း တွေ့ရပါလိမ့်မည်။ ရိုးရိုးသားသား ၀န်ခံရမည် ဆိုပါလျှင် ကျွန်တော် အလွန်နှစ် သက်သော စာရေးဆရာကြီးများ ဖြစ်ကြသည့် သရော်စာရေးရာတွင် အလွန် လက်သံပြောင်လှသော မောင်ထင် နှင့် သခင် ဘသောင်း တို့၏ ရေးနည်းများအတိုင်း အတုခိုးကာ ရေးခြင်း ဖြစ်ပါ၏။
ဆရာကြီး သခင်ဘသောင်း ၏ အရေးအသားများကို ကျွန်တော် အလွန် စွဲလမ်းနှစ်သက် ခဲ့ပါသည်။ ထို့အတူ အရေးအသား နှင့် ပတ်သက်၍ ကျွန်တော် အနှစ်သက်ဆုံး စာ တစ်ပုဒ်ကို ပြပါဆိုလျှင် မောင်ထင်၏ ထားဝယ်လုံချည် ကို ပြရပါလိမ့်မည်။ အကယ်၍ စာရှုသူသည် မောင်ထင်၏ စာများ ကို ဖတ်ခဲ့ဖူးသူ ဖြစ်အံ့။ ကျွန်ုပ်၏ အရေးအသား များပေါ်တွင် ဆရာကြီး မောင်ထင် ၏ ဩဇာသက်ရောက်ပုံများကို ထင်ထင် ရှားရှား တွေ့ရပါလိမ့်မည်။ ကျွန်တော် အလွန်ကြိုက်သည့် တစ်ထောင့်တစ်ည ပုံပြင်များကို version နှစ်မျိုးနှင့် ဖတ်ဖူးပါ၏။ တစ်မျိုးမှာ သခင်ဘသောင်း ၏ ဘာသာပြန်ဖြစ်ပြီး နောက်တစ်မျိုးမှာ ကျော်လှိုင်ဦး ဘာသာပြန် ဖြစ်ပါ၏။ သို့သော် အမှန်ဆိုရလျှင် ကျော်လှိုင်ဦး ၏ ဘာသာပြန် လက်ရာကို သခင် ဘသောင်း လောက် လျှာမတွေ့ပါ။ သခင်ဘသောင်း၏ တစ်ထောင့်တစ်ည ကား ကျွန်တော့် စာအုပ်စင်တွင် နေရာတစ်နေရာ ယူထားပါ၏။)
(အဘယ်ကြောင့် ရှင်းချက်ထုတ်ရသနည်း ဆိုသော် “ဟင်၊ သူများတော့ တောင်ပြော၊ မြောက်ပြော၊ လျှောက်ပြော နေတယ်။ သူရေးထားတာကရော၊ ဘယ့်ကလောက်များ အဆင့်အတန်း မီလို့တုံး။ စာလိုရေးလိုက်၊ စကား လိုရေးလိုက်” ဟု အတင်းပြော ခံရမှာ စိုးသောကြောင့် ဖြစ်ပါ၏။)

စာလုံးပေါင်း နှင့် ပတ်သက်၍ ပုံပြင်လေးတစ်ပုဒ် ကြားဖူးကြပါလိမ့်မည်။
တရံရောအခါက ဘုန်းကြီးတစ်ပါးမှာ သူ့ကျောင်း ဆိုင်းဘုတ်ကို သူကိုယ်တိုင် ကျွန်းပြင်ကြီးတွင် အကျအန ရေးလိုက်၏။ “ဇေယျာသီရိကြောင်း” ဟူသတတ်။ ထိုအခါ ကျောင်းနံဘေး ဖြတ်သွားသူ လူငယ်များက “ဟင်၊ ဘုန်းကြီးကလည်း “ကျောင်း” ကို ရယစ် ကြီးနဲ့ “ကြောင်း” ထားတယ်” ဟု အော်ဟစ် ဝေဖန်ကြပါသည်။ ဤသည်ကို ကြားသော ဘုန်းတော်ကြီးက လူငယ်များအား “ဟေ့၊ ငါ့ဟာငါ၊ ရယစ် နဲ့ ကြောင်း ကြောင်း၊ ယပင့် နဲ့ ကျောင်း ကျောင်း၊ ဘယ်ကောင်က အိမ်လို့ ဖတ်မလဲကွ” ဟု မြည်တွန်တောက်တီးကာ ကြိမ်နှင့် လိုက်ရိုက်သည် ဟူသတည်း။
ကိုယ်မှားနေတာကို မှားသည် ဟု လက်မခံပဲ ခေါင်းမာနေသည်ကို ကျွန်တော်ကတော့ မနှစ်သက်ပါ။ သည်ဆောင်းပါး ဟိုး ----- အစက ကျွန်တော် ရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလာန် အလောင်း တို့၏ ဆရာကြီး မြတ်စွာ ဘုရားထံ တပည့် လိုက်မခံနိုင်တာ ပြောခဲ့ဖူးပါသည်။ ထို့ပြင် မြတ်စွာဘုရား၏ လက်ျာရံ အရှင်သာရိပုတ္တရာ သည် အလွန်ငယ်ရွယ်သေးသူ ကိုရင်လေး တစ်ပါး က သင်္ကန်းရုံရာတွင် အောက်နား မညီကြောင်း ထောက်ပြခဲ့သည်ကို စိတ်မဆိုးခဲ့ပဲ သေချာကျနစွာ ပြန်ပြင်ရုံကာ ညီပါပြီလား င့ါရှင်ဟု လေးလေးစားစား မေးခဲ့ကြောင်း အားလုံး သိပြီး ဖြစ်ပါ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ မှားနေကြောင်း လူများက ထောက်ပြသည်ကို သဘောထားကြီးကြီးနှင့် လက်ခံ နိုင်ဖို့ရာ အလွန် ခက်နေပါသေးသည်။
အမှန်မှာ မိမိမှားနေသည်ကို မှားနေကြောင်း ထောက်ပြ ပြောဆိုသူကို ကျွန်တော်တို့ အနေနှင့် ကျေးဇူးတောင် တင်ရဦးမည် ဖြစ်ပါ၏။ သူ ထောက်ပြလိုက်သည့် အမှားကို ပြင်လိုက်လျှင် ကျွန်တော်တို့အတွက် မတိုးတက်ပါလား။ သို့ သော် ဤသို့ထောက်ပြခဲ့သည့် ကျွန်တော့်သူငယ်ချင်းများကို ကျေးဇူးတင်ရမည့် အစား မင်းတို့ကရော အဲဒီလောက် တောင် လုပ်တတ်လို့လား ဟု ဒေါသတကြီး တုံ့ပြန်ခဲ့တာသာ များပါသည်။ ယခု အသက်ကလေး ရလာတော့မှ ကိုယ်မှား နေတာ ပြန်တွေ့ရပါ၏။ အမှန်က ကိုယ့်ကိုယ်ကို မဆန်းစစ်ပဲ ငါတည်း ဟူသော မာန ခံနေသောကြောင့် ဤသို့လွဲနေရ ခြင်း ဖြစ်ပါ၏။ မိတ်ဆွေများလည်း မိမိအမှားကို ပြင်ပေးသူအား ကျေးဇူးတင်တတ်ရန် ကြိုးစားကြပါဟု တိုက်တွန်းလိုပါ သည်။

ပထမ မိတ်ဆွေ တစ်ဦးထံမှရသော သီတင်းကျွတ်လပြည့် လက်ဆောင်အကြောင်း ပြောလိုပါသည်။ ရေးသူ အနေနှင့် မိတ်ဆွေများ အတွက် စေတနာနှင့် ရေးသားဖြန့်ဝေလိုက်ခြင်း ဖြစ်သည်ကို သံသယရှိစရာ မလိုပါ။ တရားဒါန ပြုခြင်း ဖြစ်ပါ၏။ သို့သော် ဆွမ်းဆန်ထဲ ကြွက်ချေးရောသွားသည်ကို နှမြောစရာကောင်းပါ၏။ မည်သို့ရောသည်ကို ကြည့်ကြရအောင်။

ကျွန်တော့်အနေနှင့် ထိုစာလုံးပေါင်း အမှားများကို ဥပေက္ခာပြုလျှက် ၎င်းပေးလိုသော တရားဓမ္မ နှင့် လူမှု ကျင့်ဝတ်များကိုသာ ယူမည်ဆိုလျှင် သည်မျှ အပင်ပန်းခံကာ ရေးစရာမလိုပါ။ ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို ချီးမြှင့်ပါ၊ ဒို့စကားကို လေးစားပါ ဟူသော နဂါးနီဆောင်ပုဒ်အရ ကျွန်ုပ်တို့ မြန်မာစာပေနှင့် စကားကို လေးစားတတ်ကြစေရန် နှင့် ချစ်ခင် မြတ်နိုး တန်ဖိုးထားတတ်ကြစေရန် ရည်သန်၍ ရေးခြင်း ဖြစ်ပါ၏။
လူတကာအမှားကို မနေနိုင် မထိုင်နိုင် အားအားလျားလျား လိုက်ထောက်နေခြင်း မဟုတ်မူ၍ စာရေးရာတွင် သတိထားပြီး ရေးကြစေလိုသော စေတနာ ရှေ့ထားကာ တိုက်တွန်းခြင်း ဖြစ်ပါ၏။ မမှားသော လူ ဟူသည် အဘယ်မှာ ရှိသနည်း။ သို့သော် ယောင်တတ်၊ မှားတတ်သော အမှားများမှ လွဲ၍ သာမန်အမှားများကိုတော့ ကင်းနိုင်သမျှ ကင်းအောင် ရေးကြစေလိုပါ၏။
ပမာပြရလျှင် ကျွန်တော်ရေးခဲ့သော အထက်ပါစာပိုဒ်မှ သဒ္ဒါ အမှားကို ပြပါမည်။
“လူတကာအမှားကို မနေနိုင် မထိုင်နိုင် အားအားလျားလျား လိုက်ထောက်နေခြင်း မဟုတ်မူ၍” ဟု ရေးရမည့် အစား “မနေနိုင် မထိုင်နိုင် အားအားလျားလျား လူတကာအမှားကို လိုက်ထောက်နေခြင်း မဟုတ်မူ၍” ဟု ရေးမှ ပိုမို မှန်ကန်ပါ မည်။ အမှန်ပြောရလျှင် ရေးပြီးသားကို တစ်ခေါက်သာ ပြန်မဖတ်ပါက ကျွန်တော်လည်း သည်အတိုင်း ထားလိုက်မိမှာ သေချာပါ၏။ သို့သော် ရေးပြီးပြန်ဖတ်ကြည့်လိုက်သော အခါမှ အမှားကိုတွေ့ရပါသည်။ ကျွန်တော် စာရေးလျှင် မိမိရေးထားသော စာပိုဒ်ကို နှစ်ခေါက်သုံးခေါက် ထပ်ကာထပ်ကာ ဖတ်ကြည့်ပြီး အမှားများကို ပြန်ပြင်လေ့ ရှိပါ၏။ (ကွန်ပြူတာနဲ့ကြောင့် သာပေါ့၊ လက်နှိပ်စက်နဲ့သာဆို ဘယ်လွယ်လိမ့်မတုံး။ သဟာကြောင့် ဆရာကြီး ပီမိုးနင်းရေးတဲ့ လက်ရေးစာမူတွေမှာ ဖျက်ရာတွေ ခြစ်ရာတွေ၊ ပြင်ရာတွေ ဒလပွနဲ့ ဖြစ်နေတာကိုး။ ကိုယ့်စာကိုယ် ပြန်ဖတ်လိုက် မကြိုက်လိုက်၊ ပြန်ပြင်လိုက် နဲ့ပေါ့။)
ဤသို့ပြောလိုက်သဖြင့် ကျွန်တော်ရေးခဲ့သော စာများမှာ ရာနှုံးပြည့်၊ စင်းလုံးချော အမှားကင်းသည် ဟု မဆိုလို ပါ။ အမှားများစွာ ပါနိုင်ပါသေးသည်။ မြန်မာစာပညာရှင်များသာ ဖတ်လိုက်လျှင် အမှားများစွာ တန်းစီ၍ ထွက်လာနိုင် ပါသည်။ ဤအမှားများမှာမူ ကျွန်တော် မသိသော စာလုံးပေါင်းအမှားနှင့် သဒ္ဒါ အမှားများ ဖြစ်ပါလိမ့်မည်။
နောက်တစ်ခု ကျွန်တော် သံသယရှိသည်မှာ ၎င်းတို့အနေနှင့် မသိ၍ရေးခြင်းမဟုတ်ပဲ အသံထွက်ကိုလိုက်ရေး သဖြင့် မှားခြင်းလား ဟု ဖြစ်ပါ၏။ အကယ်၍ ပမာဒ လေခကာ မတော်တဆ မှားခြင်းဖြစ်ပါမူ တစ်လုံးတစ်လေသာ မှားရ မည် ဖြစ်ပါ၏။ ယခုကဲ့သို့ ထပ်ကာ ထပ်ကာ မှားနေခြင်းကိုကား သံသယ ဖြစ်စရာ ရှိပါ၏။

ဤတွင်လည်း ကျွန်တော့်အနေနှင့် စာရေးသူ၏ အသံထွက်ကို သံသယ ရှိမိပါသည်။ အဘယ်ကြောင့်ဆိုသော် “စာဖတ်သူ” ကို “စာဖက်သူ” ဟု ထပ်ကာထပ်ကာ သုံးထားသည်ကို ကြည့်ခြင်းအားဖြင့် ချွတ်ချော်မှားယွင်းခြင်း မဟုတ်သည်မှာ သေချာသလောက် ဖြစ်နေပါ၏။
နောက်တစ်ခုမှာ blog တစ်ခုဖြစ်ပါ၏။ ဆရာမမေငြိမ်း ၏ blog ကို ၀င်ရောက်လည်ပတ်၊ ထိုမှ cbox တွင် အော်ထားသည်များကို ဖတ်ရှုရင်းမှ ထိုသူ၏ ရင့်သီးရိုင်းစိုင်းလှသော အရေးအသားများကိုတွေ့ရှိ၊ ဘယ်လိုလူစားပါလိမ့် ဟု စိတ်ဝင်စားပြီး သူ၏ - http://lightofmyanmar.blogspot.com/ ကို ၀င်ရောက် ဖတ်ရှုမိခြင်း ဖြစ်ပါ၏။

အမှန်က ကျွန်တော် ဤကဲ့သို့သော အောက်တန်းကျလှသည့် လူစားမျိုးကို အရေးလုပ်ပြီး ပြောနေစရာ အကြောင်းမရှိပါ။ သို့သော် တစ်ခုကောင်းသည်မှာ သူ့စာကိုဖတ်ပြီး မြန်မာစာရေးရာတွင် မည်ကဲ့သို့ မှားတတ်ကြသည်ကို ထောက်ပြနိုင်သောကြောင့် သူရေးထားသော စာများအား ရည်ညွှန်းရခြင်းကို စာဖတ်သူများအနေနှင့် နားလည်နိုင်လိမ့် မည်ဟု ယူဆပါ၏။ ဤအတွက်ပင် ထိုကိုဟိုဒင်းကို ကျေးဇူးတင်ပါ၏။ မဟုတ်ပါက ကျွန်တော် စာလုံးပေါင်း အမှားများကို တကူးတက လိုက်ရှာနေရမည်။ ခုတော့ တစ်ထိုင်ထဲနှင့် အများကြီးရလိုက်ပါ၏။ ထိုသူ မည်သူမည်ဝါဖြစ်သည်ကို ကျွန်တော်မသိပါ။ အထက်ပါ သူ့ blog ကို ၀င်ဖတ်ကြည့်ပါလေ။
ကျွန်တော် နည်းနည်းချင်း ပြောပါမည်။ သိပြီးသားများ ဖြစ်ခဲ့လျှင်လည်း ပညာရှိပီသစွာ သည်းခံ ခွင့်လွှတ် ဖတ် ရှုကြပါခင်ဗျား။

နာဂစ်ဒုက္ခသည်များအတွက် အလှူခံထားသည်ကို ကြည့်ပါ။ “တတ်စွမ်းတရွေ့ လှူဒါန်းပါ” ဟူ၏။
ထိုသူသည် ဗမာဖြစ်သည်၊ တရုတ် ဖြစ်သည်ကို သေသေချာချာ မသိပါ။ တရုတ်ကပြားများသည် “တ” နှင့် “သ” ကို ပီသအောင် အသံမထွက်တတ်၍ “တတ်စွမ်းသရွေ့” ကို တရုတ်လို “တတ်စွမ်းတရွေ့” ဟု အသံထွက်သွားခြင်း ဖြစ်နိုင်ပါသည်။ ဤကဲ့သို့သော “သ” နှင့် “တ” အမှားများကို ၎င်း၏ blog အတွင်း အမြောက်အများ တွေ့ရခြင်းဖြင့် ထိုသူသည် မတော်တဆ မှားခြင်းမဟုတ်။ ၎င်း၏ အသံထွက်အတိုင်း ရေးလိုက်၍ မှားခြင်းဖြစ်ကြောင်း သိနိုင်ပါသည်။
၎င်းရေးထားသော အောက်ပါစာများကို ဖတ်ကြည့်ပါ။


Blog များသည် မိမိတို့ ခံစားချက်များကို ရင်ဖွင့်ရာနေရာတစ်ခုဖြစ်၍ မိမိတို့ပြောလိုသော အကြောင်းအရာများ ကို လွတ်လပ်ပွင့်လင်းစွာ ရေးသားထားခြင်း ဖြစ်ရကား ၎င်းတို့၏ အမှားများကို ကျွန်တော့်အနေနှင့် အထူးမပြောလိုပါ။ blogger အားလုံးမှာ သူလိုကိုယ်လိုချည်း ဖြစ်သောကြောင့် သူ့အမှား ကိုယ့်အမှား နားလည်စွာ သူဘာပြောလိုသည်ကို သာ ဦးစားပေး ဖတ်ကြသည်ချည်း ဖြစ်၏။ မည်သူကဖြင့် မည်သို့ အရေးအသား မှားသွားသည် ဟု မည်သူကမျှ စောဒက တက်မည် မဟုတ်ပါ။ သို့အတွက်လည်း များလှစွာသော blog များတွင် များလှစွာသော အရေးအသား အမှားများကို တွေ့နေရခြင်း ဖြစ်ပါ၏။ သို့သော် အမှားအယွင်း နည်းနိုင်သမျှနည်းအောင် ကြိုးစားလျှင်တော့ ကောင်းမည်ဖြစ်ပါသည်။

Blog ကဲ့သို့သော လူဖတ်မများလှသည့် စာများကို အသာထားပါဦး။ အများပြည်သူအတွက် ရည်ရွယ်ထုတ်ဝေ သည့် စာအုပ်များ၊ မဂ္ဂဇင်းကြီးများ မှားခြင်းကတော့ သိပ် သည်းခံနိုင်စရာ မရှိပါ။ မိမိတို့စာအုပ်ကို ထောင်ပေါင်းများစွာ သော ပြည်သူများဖတ်လိမ့်မည်ဟု စိတ်ထဲစွဲထားကာ သေသေချာချာ စိစစ်ပြီးမှ ထုတ်ဝေသင့်ပါ၏။ အဓိက တာဝန်ရှိသူ မှာကား အယ်ဒီတာချုပ် ဖြစ်ပါသည်။ ပြီးမှ လက်ထောက်အယ်ဒီတာ၊ စာပြင်ဆရာ၊ စာစီဆရာ စသည်ဖြင့် အဆင့်ဆင့် တာဝန်ရှိသွားပါသည်။
ယခင်ခေတ်ကတော့ စာတစ်အုပ်ထုတ်ရန် မလွယ်။ ရေးရတာကလည်း ဗလာစာရွက် သို့မဟုတ် လျှောက်လွှာ စာရွက်ပေါ်မှာ ပင်ပင်ပန်းပန်း လက်နှင့်ရေးရတာဖြစ်ပြီး စာစီတာကလည်း တစ်လုံးချင်းကို ခဲစာလုံးဖြင့် စီရသည်ဖြစ်ရာ အတော် လက်ဝင်လှပေ၏။ ယခုခေတ်တွင်မတော့ ကွန်ပြူတာ ကီးဘုတ်ကလေးပေါ်တွင် လက်ချောင်းကလေးများကို သက်တောင့် သက်သာ ကစားရင်း၊ ပုံနှိပ်ရာတွင်လည်း ကွန်ပြူတာ ခလုတ်ကလေးများကို အသာနှိပ်လိုက်ရုံ ဖြစ်ရာ ခလုတ် အနှိပ်မတော်သည်နှင့်အမျှ အမှားများစွာကိုလည်း ကြုံတွေ့ရနိုင်သည်ဖြစ်သောကြောင့် ပိုမို ဂရုစိုက်ရန် လိုပေ သည်။ ယခုတွင် မည်ကဲ့သို့ ပုံနှိပ်နေကြသည်ကို ကျွန်တော်မသိပါ။ ယခင်ခေတ်ကတော့ စာမူကို စာစီသမားကစီ၊ ပြီးလျှင် စာပြင်ဆရာက ၎င်းစီထားသောစာကိုဖတ်၊ အမှားအယွင်း၊ အကျအပေါက်များကို ပြင်၊ နောက် စာကြမ်းထုတ်၊ အယ်ဒီတာထံ တင်ပြ၊ အယ်ဒီတာက ထပ်ဖတ်၊ အမှားအယွင်း၊ အကျအပေါက်များကိုပြင်၊ နောက်မှ စာချောထုတ် စသည်ဖြင့် အထပ်ထပ် စိစစ်ပြီးမှ ထုတ်ဝေသည်ဖြစ်ရာ အမှားဆို၍ မရှိသလောက် နည်းလှပေသည်။ ထို့ပြင် အယ်ဒီတာ ဆိုသူများမှာလည်း တကယ့် ဆရာကြီး၊ သမားကြီးများဖြစ်လေရာ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း လောက်ကတော့ အရည်ကျိုသောက် ထားကြသူချည်း။ စာစီဆရာနှင့် စာပြင်ဆရာများမှာလည်း မြန်မာစာကို နှံ့စပ်ကျွမ်းကျင်သူများ ဖြစ်လေရာ တော်ရုံအမှားများကို ရှောင်ကွင်းနိုင်ကြသည်။
ယခု ကွန်ပြူတာခေတ်တွင်မတော့ တကယ့် စာသမား ပေသမားများမှလွဲ၍ မြန်မာစာကို အထင်ကြီး လေးစား တန်ဖိုးထားရကောင်းမှန်း မသိကြလေရာ ...... ဖူး။
ကျွန်တော်တို့ မိသားစု၏ ဦးစားပေးအစီအစဉ်များတွင် အိမ်သားအားလုံး၏ ကျန်းမာရေးသည် နံပါတ် ၁ ဖြစ် သဖြင့် ကျွန်တော်တို့မောင်နှမများမှာ ကျန်းမာရေးစာစောင်များကို ၀ယ်ယူ ဖတ်ရှု ဖြစ်ကြပါ၏။ ထိုစာစောင်များထဲ၌ အာ ရောဂျံမဂ္ဂဇင်း သည်လည်း တစ်စောင်အပါအ၀င်ဖြစ်ပါသည်။ ပြီးခဲ့သည့် သုံးနှစ်ခန့်က ကျွန်တော်အိမ်ပြန်ရောက်စဉ် စားပွဲပေါ်၌ အဆင်သင့်တွေ့သည့် အာရောဂျံ မဂ္ဂဇင်း ကို ကောက်ကက် လှန်လိုက်ပါသည်။ အမှတ် ၁၄၁ ။ ဧပြီ၊ ၂၀၀၄ ထုတ် ဖြစ်ပါ၏။ မြတ်စွာ ဗုဒ္ဓေါ။ ပထမဦးဆုံး ဆောင်းပါးကို ဖတ်မိလိုက်ကတည်းက တော်တော်လေး စိတ်မချမ်းမသာ ဖြစ်သွားရပါ၏။ ဆောင်းပါးပါ အကြောင်းအရာကို မဟုတ်ပါ။ စာလုံးပေါင်းရော သဒ္ဒါပါ ရစရာမရှိအောင် မှားထားသည်ကို တွေ့ရ သောကြောင့် ဖြစ်ပါ၏။ ဆောင်းပါးခေါင်းစဉ်မှာ စွမ်းအားမြင့် ဗိုက်တာမင် စီ ပါဝင်သော ကက်စွန် F ရေဆူ ဆေးပြား ဖြစ်ပါ၏။
ယခုအခါ ထိုမဂ္ဂဇင်း ကျွန်တော့်လက်တွင်း မရှိသောကြောင့် မည်သို့မှားသည်ကို မပြောပြနိုင်ခြင်းအတွက် ခွင့်လွှတ်ကြစေလိုပါ၏။ မိမိဘာသာ ရှာဖွေဖတ်ရှုကြပါ။
အများပြည်သူဖတ် စာပေများကို အမှားအယွင်း ကင်းနိုင်သမျှ ကင်းအောင် ကြိုးစားကြဘို့အရေးမှာ စာအုပ် ထုတ်ဝေသူတိုင်း၏ တာဝန်ဖြစ်ပါ၏။ ကလေးသူငယ်ဖတ် ကာတွန်းမှ အစ၊ ကျမ်းကြီးကျမ်းခိုင်အဆုံး၊ အားလုံး ဖြစ်ပါ၏။ အထူးသဖြင့် ဘုရားတရားစာပေများ၊ ပညာပေးစာစောင်၊ စာပေများမှာ ပိုပြီးသတိထားသင့်ပေသည်။

ကျွန်တော့် ညီမအငယ်ဆုံးမှာ ယခင်က ကွန်ပြူတာ စာစီစာရိုက်ဆိုင် ဖွင့်ထားပါ၏။ သူ့ကို ကျွန်တော်က စာရိုက် ရာတွင် အမှားမပါစေရန် အတန်တန် မှာပါသည်။ သူကလည်း နားထောင်ပါ၏။ တရံခါသော် ကျွန်တော် မြန်မာပြည် ခေတ္တပြန်ရောက်ခိုက် သူ ဆယ်တန်းကျူရှင်စာအုပ်များ လက်ခံရိုက်နေသည် နှင့် တိုးပါသည်။ ကျွန်တော်လည်း မနေနိုင် သည်က တစ်ကြောင်း၊ စာအုပ်များမှာ အလျင်လိုနေသည် (အရင်လိုသည် ဟု မရေးလိုက်ပါနှင့်) ကတစ်ကြောင်း ကြောင့် သင်္ချာ စာအုပ်ကို ကူရိုက်ပေးပါသည်။
မြတ်စွာဘုရား၊ ဆယ်တန်းကျောင်းသားများအတွက် ထုတ်ထားသော စာမေးပွဲလမ်းညွှန် ကျူရှင်စာအုပ်မှာ ရာပေါင်းများစွာသော စာလုံးပေါင်းအမှား (အင်္ဂလိပ်စာလုံးပေါင်း)၊ အတွက်အချက်အမှားများ ကို တွေ့ရပါ၏။ ကျွန်တော်မှာ အင်ဂျင်နီယာကျောင်းဆင်း ဖြစ်သည်ကတစ်ကြောင်း၊ ဂဏန်းအတွက်အချက်ကို အလွန်ဝါသနာ ကြီးသူ တစ်ဦးဖြစ်သည်က တစ်ကြောင်းတို့ကြောင့် သူရို့ပေးထားသော မူရင်းစာအုပ်ပါ စာများအတိုင်း မရိုက်ပါဘဲလျှက် စာရိုက် ရင်းမှ သင်္ချာပုဒ်စာများကို တွက်ချက်ကြည့်နေမိသည်ဖြစ်ရာ အမှားတွေ့လိုက် sticker ကပ်ထားလိုက်နှင့် စာအုပ် တစ်ဝက်မကျိုးမီပင် တစ်အုပ်လုံး sticker များဖြင့် ဖွေးဖွေးလှုပ် နေတော့၏။
အနှီစာအုပ်မှာ နာမည်ကြီး ကျူရှင်တစ်ခုမှ စာအုပ် ဖြစ်လေရာ စာအုပ်ထွက်သည်နှင့် ရာပေါင်းများစွာသော ဆယ်တန်းကျောင်းသူကျောင်းသားများ ၀ယ်ယူလေ့လာမည်မှာ မုချ။ သို့ဖြစ်လျှင် ထို ကံမကောင်း အကြောင်းမလှသော မောင်ကျောင်းသား၊ မယ်ကျောင်းသူကလေးများမှာ အမေ့ ချွေးခံအင်္ကျီအိပ်ကပ်အတွင်းမှ ခဲတောင့်ခဲယဉ်းထွက်လာရ သော အလွန်နွမ်းပါးလှသည့် မရှိမဲ့ရှိမဲ့ ပိုက်ဆံကလေးဖြင့် ခြစ်ခြုပ်ကုပ်ကတ် ၀ယ်ပြီး အမှားများကို ခက်ခဲပင်ပန်းစွာ လေ့လာရမည် ကို တွေးမိတိုင်း ကျွန်ုပ်မှာ ထို တာဝန်မဲ့ ဆရာ၊ ဆရာမအား သွားရောက်ကာ ဓါး(ဒါး ဟု အရေးမမှား ပါလေနှင့်)တုံးတုံးနှင့် မွှန်းလိုက်ချင်စိတ် ပေါက်မိရပါတော့သည်။ သဟာနှင့်များတောင် ထိုကျူရှင် ဘယ့်အတွက်ကြောင့် ဤမျှ နာမည် ကြီးနေရပါသနည်း။

နည်းနည်းချင်း ကို နည်းနည်းခြင်း ဟု မမှားပါနှင့်။
တကူးတက ကို လျှာရှည်ပြီး တစ်ကူးတစ်က ဟု မရေးပါလေနှင့်။
တတ်စွမ်းသရွေ့ ကို တတ်စွမ်းသ၍ ဟု မယောင်ပါနှင့်။
ယေက်ျား ကို ယောင်္ကျား ဟု ဘယ်သောအခါမှ မမှားပါလေနှင့်။
ခဏတစ်ဖြုတ် ဟု ရေးပါ။
သင်္ချာတွက်သောအခါ ရသည့်အဖြေမှာ ရလဒ် ဖြစ်ပါသည်။ လာဘ်လာဘ နှင့် မမှားပါနှင့်။
ခ၊ ဂ၊ င၊ ဒ၊ ပ၊ ၀ များတွင်သာ မောက်ချ -ါ ကို သုံးပါသည်။ ကျန်စာလုံးများအတွက် ၀ိုက်ချ -ာ ကို သုံးရပါမည်။
အထက်ပါစာပိုဒ်တွင် ကျွန်တော် မှင်အနီနှင့် ကျင့်ဝတ်ဖေါက်ဖျက်သော ကို ၀ိုင်းထားတာ တွေ့ပါလိမ့်မည်။ ကျင့်ဝတ် ဖောက်ဖျက်သော ဖြစ်ရပါမည်။ သတိထားပါလေ။
ကျွန်တော့်ဆန္ဒအရ မြန်မာအိုင်တီ ပညာရှင်များသာ မြန်မာစာလုံးပေါင်းနှင့် သဒ္ဒါကို စစ်ပေးနိုင်မည့် software တီထွင်နိုင်မည်ဆိုပါက အလွန်ဝမ်းသာမိမည်မှာ အမှန်ဖြစ်ပါသည်။ ဉာဏ်ကြီးရှင်များ ကြိုးစားကြစေလိုပါ၏။ မဖြစ်နိုင်စရာ မရှိဟု ထင်ပါသည်။ မြန်မာစာတောင် ထွင်နိုင်သေးတာ၊ စာလုံးပေါင်း နှင့် သဒ္ဒါကိုလည်း ထွင်နိုင်ပါ လိမ့်မည်၊ မေ့လျော့နေသောကြောင့် သို့မဟုတ် idea မရသေးသောကြောင့် ဖြစ်နိုင်ပါသည်။
(Spelling and grammer tool for Myanmar language)
စာရေးလိုသူတိုင်း မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းနှင့် မြန်မာဆိုရိုးကောက်နှုတ်ချက် အဘိဓါန်ကို လက်စွဲထား ပါ ဟု မှာကြားလိုပါသည်။
မြန်မာတိုင်း မြန်မာတိုင်း မြန်မာစာ နှင့် မြန်မာစကားကို ချစ်ကာ၊ မြန်မာစာ နှင့် စကားကို လေးစားမြတ်နိုး၊ တန်ဖိုးထားသူများ ဖြစ်နိုင်ကြပါ စေသတည်း။

Tuesday, November 11, 2008

Pagoda

စေတီပုထိုး တည်ထားကိုးကွယ်ကြခြင်း အကြောင်း

ရာဇ၀တ်အိုးကို တုတ်နှင့်ထိုးသည်ဟု မမှတ်ယူကြပါလင့်။ မြန်မာဗုဒ္ဓဘာသာဝင် တစ်ဦးအနေနှင့် သိရှိ နားလည် ထားသော ရတနာသုံးပါးအပေါ် သက်ဝင်ယုံကြည်မှုနှင့် သည်စာ မှာ အံချော်နေသည် ဟု ခံစားမိသဖြင့် ရေးလိုက်ခြင်း ဖြစ်ပါ၏။ သည်စာဖတ်ပြီး ကျွန်တော် အတော် ကသိကအောက် ဖြစ်သွားမိပါသည်။ သို့အတွက် ထုံးစံအတိုင်း ပူညံ ပူညံ လုပ်လိုက်ရခြင်း ဖြစ်ပါ၏။ (အကယ်၍ ကျွန်တော်မှားလျှင် ပြင်ပေးကြပါခင်ဗျား)။

ဤတွင် ရည်ညွှန်းလိုက်သော သည်စာ ဆိုသည်မှာ စင်ကာပူနိုင်ငံ၏ အထင်ကရ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (Burmese Buddhist Temple – Topayoh) မှ ထုတ်ဝေသည့် Newsletter စာစောင် Vol. 22, No.2, May 2008, Page 3 ပါ အမေးအဖြေ လေးခု ကို ဆိုလိုပါသည်။ ထိုစာစောင်၏ အယ်ဒီတာများမှာ -
Editor – Tan Geok Koon
Assisted by: Peh King Sing
U Khin Sein
U Swe Tin
Fu Jiat Foon
Yee Yick Onn တို့ ဖြစ်ပါ၏။ မည်သို့ဆိုစေ သည်စာစောင်ကို သည်ကျောင်းမှ ဆရာတော် ကြီးများ ဖတ်ပြီးမှ ထုတ်ဝေခွင့်ပြုလိုက်ခြင်း ဖြစ်တန်ရာပါ၏။

ပထမ - မူရင်းကို အရင်ကြည့်ကြပါစို့။

Amazed and in wonder, the devotees asked several questions.
1. What is the function of a pagoda?
2. Are there things in the pagoda?
3. Why consecrate a pagoda?
4. Why do people donate valuables to be kept in a pagoda?

The following are the answers.
1. The function of a pagoda is to cover up and protect the things in it from being stolen.
2. The things in the pagoda could be relics of the Buddha, the Pacceka Buddhas, the Arahants or
the Universal Monarch.
3. A pagoda in which the relics are enshrined, has to be consecrated to make it sacred because the
relics are sacred by themselves.
4. Valuables like gold and precious stones kept in a pagoda are donations made to the Buddha.
They are like treasures to be used in the future to repair the pagoda in time of need.

သူတို့ သည်ကဲ့သို့ရေးလိုက်ခြင်းအားဖြင့် ကျွန်တော့်စိတ်ထဲတွင် စေတီပုထိုးများ၏ဂုဏ်သည် အတော်လေး မှေးမှိန် သေးသိမ်သွားပြီး ဗုဒ္ဓဘာသာဝင်များ စေတီပုထိုးများ တည်ထားကိုးကွယ်ရခြင်း၏ ရည်ရွယ်ချက်သည်လည်း အတော်လေး အောက်တန်းကျသွားသည် ဟု ခံစားလိုက်ရပါ၏။

၁။ ပထမဆုံးအချက်အနေနှင့် စေတီပုထိုးများတည်ထားကိုးကွယ်ခြင်းသည် သက်တော်ထင်ရှား မြတ်စွာ ဘုရားကို ရည်ရွယ်မှန်းထားပြီး အများပူဇော်နိုင်စေရန် ဖြစ်သည်ဆိုခြင်းကို ဘာပညာမှ မတတ်တတ်၊ ဟို့ တောက ကျွန်တော်တို့ ဘိုးဘွား မိရိုးဖလာ ဗုဒ္ဓဘာသာကြီးများကို သွားမေးလျှင်ပင် သည်အတိုင်း ဖြေမည် ဖြစ်ပါ၏။ “ဌာပနာတိုက်အတွင်းမှ ပစ္စည်းများကို လူများမခိုးနိုင်စေရန် တည်ထားသည်” ဆိုခြင်းမှာ ကျွန်တော်တို့ မြန်မာဗုဒ္ဓ ဘာသာဝင်များ အမြင်နှင့် ဆိုရပါမူ ခါးတောင်းကျိုက် တလွဲ ၊ - င်တလွဲ ဖြစ်နေပါ၏။ (နည်းနည်းရိုင်းသွားလျှင် ခွင့်လွှတ်ပါ)။ သည်ဌာပနာတိုက် အတွင်းမှ ပစ္စည်းများ လုံခြုံရုံမျှ အတွက်နှင့်တော့ သည် စေတီများ သည်မျှ တည်နေစရာတောင် မလိုပါ။ တစ်နိုင်ငံလုံးမှ စေတီများအတွင်းရှိ ဌာပနာတိုက်များ ထဲမှ ပစ္စည်းများကို ယူကာ ဘဏ်တွင် အပ်ထားလိုက်ရုံ ဖြစ်ပါ၏။ သို့မဟုတ် တစ်နေရာတွင် အဆောက်အဦ ခိုင်ခိုင်ခံ့ခံ့တည်ကာ ၂၄ နာရီ လုံခြုံရေး အပြည့်ချထားလိုက်လျှင် ပြီးပါသည်။
ပစ္စည်းထည့်ထားသည့် ဂိုဒေါင်ကြီးတစ်လုံးကို ကျွန်တော်တို့သည် မြတ်နိုးကြည်ညိုစွာ ဦးချနေမည် ဟု သင်တို့ ထင်ပါသလား။ အဘယ်ကြောင့် ကျွန်တော်တို့သည် သည် စေတီများကို ဦးခိုက်နေကြပါသနည်း။ သည်စေတီ အရိပ်ရောက်သွားသူတိုင်းသည် စေတီပရိဝုဏ်အပြင်တွင် နေသည့်စိတ်နှင့် တခြားစီဖြစ်သွားကာ အင်မတန် အေးချမ်းသည့် အရသာကို အဘယ်မှော်ဆရာတစ်ဦးတစ်ယောက်ကမှ မပြုစားလိုက် ရပါပဲလျှက် အဘယ်ကြောင့် အော်တိုမက်တစ် ခံစားလိုက်ရပါသနည်း။
ရွှေတိဂုံ ကုန်းတော်ပေါ် ရောက်သွားသူတစ်ဦးသည် မည်မျှ စိတ်အေးချမ်းမှု အရသာကို ခံစားရသည် ကို ရောက်ဖူးသူ၊ ဖူးဘူးသူမှ သိပါမည်။ သည်အရာသည် စာဖြင့် ရေးပြလို့ ရစကောင်းသော အရာမဟုတ်။
သူတို့ရေးလိုက်သလိုဖြင့် ကျွန်ုပ်တို့ ဘိုးဘွားများ တည်ထားကိုးကွယ်ထားသည့် စေတီပုထိုး အပေါင်း တို့သည် ဂိုဒေါင်စောင့်ဘ၀သို့ အလိုလို ရွေ့လျှော ကျဆင်းသွားသည်မှာ အလွန် စိတ်မကောင်းစရာ ပါတည်း။ ဌာပနာတိုက်အတွက် ဘုရားတည်ခြင်း မဟုတ်မူ၍ ဘုရားတည်သဖြင့်သာ ဌာပနာတိုက် ဖြစ်လာရသည် ဆိုခြင်း ကို ထို စာရေးသူ မသိခြင်းကား အံ့ဩစရာ မကောင်းပါလော။

သည် ပထမ တစ်ပိုဒ်ကို ဖတ်မိလိုက်ရုံမျှဖြင့် ကျွန်တော် အတော် မကျေမချမ်းဖြစ်သွားရပါ၏။ သည် အထင်ကရ ကျောင်းတော်ကြီးမှ သည် အထင်ကရ စာစောင်တွင် ဤကဲ့သို့ ရေးထားသည်ကို ကျွန်ုပ် အဘယ်ကဲ့သို့ နားလည် ရပါမည်နည်း။ မဖတ်မိလျှင် ကောင်းလေစွ။ သည်စာစောင်ကို ကျွန်ုပ်လက်ဝယ် အရောက် ဆောင်ကြဉ်း ပေးသူမှာ ကား ကျွန်ုပ်မိတ်ဆွေ ကိုကျော်မင်းစိုး ဖြစ်ပါ၏။

၂။ ဒုတိယတစ်ပိုဒ်တွင် ဌာပနာတိုက်အတွင်းမှ ပစ္စည်းများကို ရည်ညွှန်းရာ၌ Universal Monarch အား သူတို့ ဘာကို ဆိုလိုသည် ကျွန်တော် အတိအကျ နားမလည်ပါ။ ကျွန်တော်ရိပ်မိသလောက် ဘာသာပြန်ရလျှင် စကြာဝတေးမင်း ဖြစ်နိုင်ပါသည်။ ကျွန်တော့်သဘောအရ ပြောပါဆိုလျှင်တော့ ကျွန်တော် သဘောမတူပါ။ မသကာ အများသူငါက မြတ်ဗုဒ္ဓကို ရည်ရွယ်ပြီး လှူဒါန်းထားသော ပစ္စည်းများ (တန်ဖိုး နည်းသည် များသည်မဟူ) ဟု ဆိုလိုက်လျှင် ပြီးပါသည်။

၃။ တတိယအဖြေက ပို ဆိုးပါသေးသည်။ စေတီကို တည်ထားရခြင်းသည် ထိုစေတီအတွင်း ဌာပနာထား သော ဓါတ်တော်မွေတော်များ၏ မြင့်မြတ်မှုကြောင့်၊ ကိုးကွယ်သင့်၍ တည်ထားရခြင်းဖြစ်ပါသည် ဟု ဆိုလိုခြင်း ဖြစ်ပါမည်။ မယ်နှင့်မောင် သစ္စာထားခဲ့သော ရွှေပြောင်ပြောင် တောင်ပေါ်မှ ဘုရား၏ ဌာပနာတိုက်၌ တန်ခိုးကြီး ဘုရား၊ ရဟန္တာများ၏ ဓါတ်တော် မွေတော်များ ပါချင်မှ ပါပါမည်။ စေတနာ သဒ္ဓါတရား ထက်သန်သူ တို့က ၎င်းတို့ပိုင် ရွှေငွေ လက်ဝတ်လက်စားများကို ဌာပနာကာ တည်ထား ကိုးကွယ်တာရော မဖြစ်နိုင်ပါလား။ တန်ခိုးကြီး ဘုရား၊ ရဟန္တာတို့၏ ဓါတ်တော်မွေတော်များ ရှာဖွေမရသဖြင့် စေတီတည်ထားကိုးကွယ်ဘို့ မဖြစ်နိုင် ဟု ကျွန်ုပ် မထင်ပါ။ ကျွန်တော်တို့ ရွာဦးစေတီတွင် တန်ခိုးကြီး ဘုရား၊ ရဟန္တာတို့၏ ဓါတ်တော်မွေတော်များ ပါနိုင်ဘို့ အလွန် ခဲယဉ်းပါလိမ့်မည်။ ကျွန်ုပ်တို့ အဘယ်ကြောင့် စေတီကို တည်ထားကိုးကွယ် ရပါသနည်း ဆိုသည်ကို နံပါတ်(၁) တွင် ရေးခဲ့ ပြီး ဖြစ်၍ ထပ်မရှည်တော့ပါ။

၎။ နံပါတ်(၄) အဖြေသည်ကား နောက်ဆုံးပိတ်၊ အိတ်နှင့်လွယ် ဆိုသလို ဖြစ်ပါတော့သည်။ ဌာပနာတိုက် အတွင်းတွင် ဌာပနာမည့် လှူဘွယ်ပစ္စည်း အစုစုသည် တုနှိုင်းဖွယ်မရှိသော မြတ်ဗုဒ္ဓကို ရည်ရွယ်ပြီး လှူဒါန်းကြခြင်း ဖြစ်သည်ကို ဗုဒ္ဓဘာသာဝင် မြန်မာမှန်က ရှင်းပြစရာ့ကို မလိုလောက်အောင် ရှင်းလှပါ၏။ သည်စေတီပျက်လျှင် ပြင်ရအောင်ဆိုသည့် အင်မတန် သေးနုပ် သိမ်ဖျင်းလှသော ရည်ရွယ်ချက်မျှနှင့် သည်မျှ တန်ဖိုးထိုက်တန်လှသော ရွှေငွေ လက်ဝတ်တန်ဆာ၊ ကျောက်သံ ပတ္တမြား များကို လှူဒါန်းကြပါမည်လား။ ဌာပနာတိုက်အတွက် လှူသော စေတနာနှင့် စေတီကို ပြင်ရန်လှူသော စေတနာမှာ အလွန် အင်မတန့်ကို ကွာခြားလှပါသည်။
စာရှုသူ မိတ်ဆွေ အပေါင်းတို့သည်ကား မြန်မာနိုင်ငံသားများ ဖြစ်သည့်အတွက် မြန်မာပြည် တစ်နံ တစ်လျား ခရီးမထွက်ဖူးသူ ရှားပါလိမ့်မည်။ သို့ ခရီးသွားခိုက် လမ်းဘေးများတွင် ဘုရားပြင်ရန် အလှူခံ မဏ္ဍပ်များ ကို မြင်ဖူးကြမည် မုချ။ ဤသည့် ဘုရားပြင်မည့် အလှူခံ ငွေဖလားကြီးအတွင်းသို့ မိမိလည်ပင်းမှ ဆွဲကြိုးကို ချွတ်ပြီး ရက်ရောစွာ လှူဒါန်းသွားသည့် စေတနာရှင်များကို သင်တို့ တွေ့ဖူးကြပါသလော။ သို့သော် ဘုရားတည်မယ်ဟေ့ ဆိုသည်နှင့် ဌာပနာတိုက်အတွင်းသို့ မိမိ ဘိုးဘွားပိုင် ရွှေငွေ လက်ဝတ်ရတနာများကို သဒ္ဓါတရားထက်သန်စွာ လာရောက် လှူဒါန်းကြသည်ကိုတော့ မိတ်ဆွေတို့ မြင်ဖူးကြပါလိမ့်မည်။
စေတီလေးမျိုး (ဓါတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ နှင့် ပရိဘောဂ စေတီ) အကြောင်း ကျွန်တော် ရှင်းစရာ မလိုတော့ပါ။ မိတ်ဆွေတို့ သိပြီး ဖြစ်ပါသည်။

အထက်ပါ မေးခွန်းနှင့် အဖြေများကို မည်သူရေးသနည်း ကျွန်တော် မသိပါ။ အယ်ဒီတာအဖွဲ့ နှင့် စာရေးသူ သာ သိပါလိမ့်မည်။ ထိုမေးခွန်းနှင့် အဖြေများကို ခြုံကြည့်လိုက်လျှင် စေတီပုထိုးများ တည်ထားကိုးကွယ်ခြင်းသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်ရွယ်မှန်းထား တည်ခြင်း၊ တစ်နည်းအားဖြင့် မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးတော် အနန္တကို အောက်မေ့သတိရစေရန်၊ ဗုဒ္ဓ၏ ဂုဏ်တော်များကို အာရုံယူ ပူဇော်နိုင်စေရန် ဆိုသည့် အဓိက ရည်ရွယ်ချက် လုံးဝ မပါသည်ကို ထင်ရှားစွာ တွေ့နိုင်ပါသည်။

လူသိထင်ရှား ဤ အထင်ကရ ကျောင်းတော်ကြီးမှ လူပေါင်းများစွာ ဖတ်နိုင်သည့် စာစောင်တွင် ဤကဲ့သို့ ရေးသားထားသည်ကို တွေ့ရခြင်းဖြင့် (အမှန်ကိုပြောရလျှင်) ကျွန်ုပ် စိတ် မချမ်းမြေ့မိပါ။

မှားတာရှိလျှင် ခွင့်လွှတ်ပါ ခင်ဗျား။